← Chapters

အခန်း (၁၆၂၁-၁၆၂၅)

Vol. 65 Ch. 1621-1625

အခန်း (၁၆၂၁-၁၆၂၅)

Vol. 65 Ch. 1621-1625

အပိုင်း (၁၆၂၁)

“စီနီယာလော့ဟိုင်ပါလား” ရန်ကိုင်က လော့ဟိုင်အားကြည့်၍ မျက်မှောင်ကြုတ်လျက် “စီနီယာလော့ဟိုင် ဘာလုပ်ချင်လို့လဲ”

လော့ဟိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်မဖြေဘဲ ပြန်၍သာ မေးလိုက်လေသည် “မင်းတို့ နှစ်ယောက် ဘယ်တွေများ သွားစရာရှိလို့ ဒီလောက် အလျင်လိုနေကြတာလဲ”

“အရိပ်ကြယ်ဆီ ပြန်ကြမလို့လေ။ စီနီယာ ဘာများပြောချင်လို့လဲ”

“ငါကတော့ ဘာမှ မပြောချင်ပါဘူး” လော့ဟိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလျက် “ဒါပေမယ့် လူအိုကြီးကျို၊ ညီမလဲ့နဲ့ အခြားသူတွေ မင်းမိတ်ဆွေကို စောင့်နေကြတယ်လေ။ အခုလို ဘာမှ အကြောင်းမကြား မပြောမဆိုဘဲ ထွက်သွားတာက သိပ်မသင့်တော်ဘူးလို့ မင်းတို့ မထင်ဘူးလား”

“မသင့်တော်တာတော့ ဟုတ်တယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လျက် “ဒါပေမယ့် ကျုပ်တို့ အရိပ်ကြယ်ကို မြန်မြန် ပြန်မှဖြစ်မှာ။ ဒီလို လုပ်ပေးပါလား၊ စီနီယာကပဲ ကျုပ်တို့ကိုယ်စား အဲ့စီနီယာတွေကို တောင်းပန်စကား ပြောပေးလို့ရမလား”

“အဲ့လိုမဖြစ်ဘူး” လော့ဟိုင်က ခေါင်းခါ၍ “သူတို့တွေ မင်းတို့ကို စောင့်နေတာ အတော်လေး ကြာနေပြီ။ မင်းတို့ ဒီဘုရင်နဲ့ ပြန်လိုက်ခဲ့ရမယ်”

“လူကြီးမင်းလော့ဟိုင် စကားက နည်းနည်းတော့ မတရာဘူးလားလို့” ချင်းတုန်က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်း၍ ဝင်ပြောလိုက်လေသည် “သွားမသွားက ကျုပ်တို့ ဆုံးဖြတ်ရမယ့်ကိစ္စလေ။ လူကြီးမင်းလော့ဟိုင်က ဘာလို့ အတင်း ဖိအားပေးနေရတာလဲ”

လော့ဟိုင်သည် သူတို့အား အစကတည်းက မျက်ခြေမပြတ် စောင့်ကြည့်နေမှန်း ရန်ကိုင်ဆီမှ ချင်းတုန် သိပြီးသွားလေပြီ။ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ပြီးထားသဖြင့် ချင်းတုန် အတော်လေး စိတ်အားတက်ကြွနေခဲ့သည်။ ထို့ကြောင့် တန်ခိုးရှင်ဘုရင်အဆင့် ရောက်နေသော လော့ဟိုင်နှင့် ရင်ဆိုင်နေရသည့် နည်းနည်းလေးမှ ကြောက်ရွံ့နေခြင်း မရှိချေ။

လော့ဟိုင်သည် ချင်းတုန်အား တစ်ချက် လှမ်းကြည့်လိုက်၏။

ချက်ချင်းဆိုသလို ချင်းတုန်တစ်ကိုယ်လုံး လျှပ်စီးပစ်ခံလိုက်ရသည့် အလား တဆတ်ဆတ် တုန်ရီလာခဲ့သည်။ သူ့မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားပြီး မျက်လုံးများလည်း ပြူးကျယ်လာခဲ့၏။ ယခုမှပဲ သူနှင့်လော့ဟိုင် မည်မျှ ကွာခြားကြောင်း ချင်းတုန် နားလည်သွားတော့သည်။

ချင်းတုန်အား သင်ခန်းစား ပါးပါးလေး ပေးပြီးနောက်တွင် လော့ဟိုင်က ပြုံးလျက် “ဒီဘုရင်ကို ပြန်မပြောခင် မင်းသေချာ စဉ်းစားသင့်တယ်။ ငါမင်းကို အသက်ဆယ်ရှိုက်စာ အချိန် ပေးမယ်”

လော့ဟိုင်ကတော့ လုံးဝ ယတိပြတ်ပင်။ ရန်ကိုင်မျက်နှာကြီး မှုန်ကုတ်သွားခဲ့သည်။ သူ့တစ်သက် ဤမျှ အရှက်မရှိသည့် ပညာရှင်မျိုး တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ရန်ကိုင်နှင့် ချင်းတုန်တို့ နှစ်ဦးသား အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ နှစ်ယောက်စလုံး ကူကယ်ရာမဲ့နေကြလေပြီ။ လော့ဟိုင်ကဲ့သို့ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သို့‌ ရောက်နေသော ကြယ်သခင်တစ်ဦးကို တန်ခိုးရှင်ဘုရင် တတိယအဆင့်တစ်ဦးပင် ဤနေရာတွင် အနိုင်ယူနိုင်လိမ့်မည် မဟုတ်လေရာ ရန်ကိုင်နှင့် ချင်းတုန်တို့ ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

အသက်ဆယ်ရှိုက်စာသည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ အချိန် ပြည့်သွားသည်နှင့် လော့ဟိုင်က မေးလာခဲ့၏ “မင်းတို့ ဆုံးဖြတ်ပြီးသွားပြီလား”

ထိုသို့ မေးပြီးသည်နှင့် တစ်ပြိုင်နက် ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်သည် ပို၍ အေးခဲတောင့်တင်းလာခဲ့လေရာ ရန်ကိုင်နှင့် ချင်းတုန်တို့ မွန်းကြပ်သလို ဖြစ်လာခဲ့ကြလေ၏။

ချင်းတုန်သည် ရန်ကိုင်အား သူလုပ်သည့်အတိုင်း လိုက်လုပ်မည်ဟု လှမ်းအချက်ပြလိုက်၏။

ရန်ကိုင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည် “ကျုပ်ဆုံးဖြတ်ပြီးသွားပြီ”

“ဒီတော့ မင်းအဖြေက ဘာလဲ”

“ခင်ဗျား ပြောတဲ့အတိုင်း လုပ်ဖို့”

လော့ဟိုင် ကျေနပ်စွာ ပြုံးလိုက်လေသည်။

“လုံးဝ မဖြစ်နိုင်ဘူးလို့” ရန်ကိုင်က အော်ပြောလိုက်သည်။

သူ့အသံ ဆုံးသွားသည်နှင့် ချင်းတုန်ဆီမှ အားနည်းသည့် နယ်ပယ်စွမ်းအားတစ်ရပ် ဖြာထွက်လာခဲ့သည်။ တစ်ချိန်တည်း၌ ချင်းတုန်သည် လျှာကိုကိုက်၍ သွေးတစ်ပွက်‌ ထွေးထုတ်လိုက်၏။

ချင်းတုန်၏ သွေးအဆီအနှစ်သည် သွေးမြူခိုးထုထဲ ဖုံးကွယ်ရင်း မြှားတစ်ချောင်းအသွင်သို့ ပြောင်းလျက် လော့ဟိုင်ဆီသို့ လျှပ်စီးတမျှ မြန်ဆန်သော အမြန်နှုန်းဖြင့် တိုးဝင်သွားလေသည်။

“သွေးနားထင်ရောက်နေတဲ့ကောင်တွေ” လော့ဟိုင် ဒေါသပုန် ထသွားခဲ့သည်။ တောင်စိမ်းကြယ်၏ ကြယ်သခင် ဖြစ်လာချိန်မှ စ၍ မည်သူမှသူ့အား စိန်မခေါ်ရဲခဲ့ချေ။ ချင်းတုန်နှင့် ရန်ကိုင်သည် ပထမဆုံး ဖြစ်ကြသည်။

မှုန်ကုတ်ကုတ် အမူအရာဖြင့် သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ သူ့ဆီ တိုးဝင်လာနေသော သွေးမြှား ပျောက်ကွယ်သွားပြီး ချင်းတုန်လည်း လွင့်ထွက်သွားလေသည်။ သူ့ရင်ဘတ်တစ်ခုလုံး ချိုင့်ဝင်သွားပြီး အဆက်မပြတ် သွေးပွက်ပွက်အန်ကာ မျက်နှာတစ်ပြင်လုံးလည်း သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။

“သေလိုက်တော့” လော့ဟိုင်၏ မျက်လုံးထဲ အေးစက်စက် အရိပ်ယောင်တို့ ဖြတ်ပြေးသွားခဲ့၏။

စလိုက်ပြီ ဖြစ်သဖြင့် လော့ဟိုင်သည် ချင်းတုန်အား လုံးဝ ညှာတာမနေတော့ချေ။ သူ့ပစ်မှတ်သည် ရန်ကိုင် ဖြစ်သည့် အတွက် ချင်းတုန် သေသေရှင်ရှင် ကိစ္စမရှိပါချေ။

လော့ဟိုင်သည် လက်ကို ဆန့်ထုတ်၍ လက်ချောင်းထိပ်တွင် အလင်းစွမ်းအင်လုံးတစ်လုံးကို စုစည်းပြီး ချင်းတုန်ဆီသို့ လှမ်းပစ်လိုက်လေသည်။

ဘုန်း…

ထိုစဉ် နားပင်းမတတ် ကျယ်လောင်သော မိုးကြိုးလျှပ်စီး ချိန်းသံများ လော့ဟိုင်၏ ခေါင်းထက် ထွက်ပေါ်လာပြီး လော့ဟိုင်ပင်လျှင် ဖြူဖတ်ဖြူလျော် ဖြစ်သွားလောက်အောင် ချောက်ခြားဖွယ်ကောင်းသော ဖိအားတစ်ရပ် ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

လော့ဟိုင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ကြောက်လန့်တကြား အပေါ်သို့ မော့ကြည့်လိုက်၏။

သူ့ခေါင်းထက်တွင် ဘယ်အချိန်ကတည်းကမှန်းမသိ အနက်ရောင် တိမ်တိုက်တစ်ခု ထွက်ပေါ်လာနေပြီး မရေမတွက်နိုင်သော လျှပ်စီးတန်းလေးများသည် ထိုတိမ်တိုက်နက်များထဲ လူးလွန့် သွားလာနေခဲ့လေသည်။

ထိုလျှပ်စီးတန်းလေးများသာ သေးသာသေးသော်ငြား ၎င်းတို့ထဲ၌ ကိန်းအောင်းနေသော အဖျက်စွမ်းအား သည်းထိတ်ဖွယ် ကောင်းလောက်အောင် ပြင်းထန်လွန်းလှပေသည်။

လော့ဟိုင်ပင်လျှင် အလွန်ကိုမှ ထိတ်လန့်သွားခဲ့ရသည်။

ရုတ်တရက် တစ်ခုခုကို နားလည်သွားပြီး ရန်ကိုင်အား လှမ်း၍ ကြည့်လိုက်ရာ ရန်ကိုင်သည် အနက်ရောင် အလုံးလေးတစ်လုံးကို ကိုင်လျက် ထိုထဲသို့ သူတော်စင်ချီများ အဆက်မပြတ် ဖြည့်သွင်းနေသည်ကို တွေ့လိုက်ရ၏။ ထိုအလုံးလေး၏ မျက်နှာပြင်ထက်တွင် သူ့ခေါင်းထက် ရှိနေသော လျှပ်စီးတန်းလေးများနှင့် ဆင်တူသော လျှပ်စီးတန်းလေးများ ရှိနေခဲ့သည်။

ထိုကောင်လေး ဘာတွေများ ကြံနေသနည်း။ ထိုထူးဆန်းသော အလုံးကကော ဘာအလုံးနည်း။

ထိုအလုံး ဘာအလုံးမှန်း မစဉ်းစားနိုင်သေးခင်မှာဘဲ သူ့ခေါင်းထက်ရှိ လျှပ်စီးတန်းများသည် မိုးသီးမိုးပေါက်များနှယ် သူ့ပေါ်သို့ ကျဆင်းလာခဲ့လေသည်။

ဂျုန်း… ဂျုန်း… ဂျုန်း…

လော့ဟိုင်၏ ဒေါသတကြီး အော်သစ်သံသည် အာကာယာ ကောင်းကင်တစ်လျှောက် ပျံ့ထွက်သွားခဲ့လေသည်။

တောင်စိမ်းကြယ်တစ်ခုလုံးလည်း ကြယ်သခင်၏ ဒေါသအတိုင်း စတင် လှုပ်ခါလာခဲ့လေသည်။ အကျိုးဆက် အနေဖြင့် ငလျင်များနှင့် ဆူနာမနီလှိုင်းများ စတင် ဖြစ်ပေါ်လာတော့၏။

ထိုအဖြစ်အပျက်ကြောင့် တောင်စိမ်းကြယ်ပေါ်တွင် မှီတင်း နေထိုင်ကြသော သက်ရှိအားလုံး ကြောက်လန့်တုန်လှုပ်ကုန်ကြ၏။

လူအိုကြီးကျိုနှင့် အခြားသူများသည်လည်း ထိုင်ရာမှ အလန့်တကြား ထရပ်ကုန်ကြလေသည်။

“လူကြီးမင်းလော့ဟိုင်ပဲ” အဘွားကြီးလဲ့၏ မျက်နှာထက် ထိတ်လန့်တုန်လှုပ်ရိပ်တို့ ထွက်ပေါ်လာခဲ့သည်။

“ဘယ်သူ သူ့ကို ဒေါသထွက်အောင် လုပ်လိုက်တာလဲ”

“ဘယ်သူကများ သူ့ကို ဒေါသထွက်အောင် လုပ်နိုင်တာလဲ”

အကုန်လုံး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြသည်။ သူတို့၏ အကြည့်သည် အကာအရံအားလုံးကို ဖြတ်ကျော်သွားသည့်အလား တစ်ခုခုကို အကုန်လုံး အာရုံခံမိလိုက်ကြလေသည်။

“ဧကရာဇ်ဖိအား” လီဝမ်နင်က မျက်နှာတစ်ပြင်လုံး ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့လေသည်။

အခြားသူအားလုံးလည်း တုန်ရီသွားခဲ့ကြသည်။

သူတို့အားလုံးသည် သက်ရှိအားလုံးကို အထက်စီးမှ ငုံကြည့်နိုင်သော တန်ခိုးရှင်ဘုရင်များ ဖြစ်ကြသော်လည်း ဒဏ္ဏာရီလာ ကြယ်တာရာကောင်းကင် မဟာဧကရာဇ် ရှေ့မှောက်တွင်တော့ သေးနုပ်သော ပုရွက်ဆိတ်များနှင့် မခြား ဖြစ်ကုန်ကြလေသည်။ ဧကရာဇ်ဖိအားကို ခံစားမိလိုက်သည့် အခိုက် အကုန်လုံး အံ့အားသင့်ကုန်ကြသည်။

သို့သော်လည်း ဤတောင်စိမ်းကြယ်ပေါ်တွင် ဧကရာဇ်ဖိအား ဘာကြောင့် ရုတ်တရက် ထွက်ပေါ်လာရသနည်း။ ထို့အပြင် ထိုဧကရာဇ်ဖိအားထဲ ဘာကြောင့်များ သတ်ဖြတ်လိုစိတ်တို့ ကိန်းအောင်းပါဝင်နေရသနည်း။

လော့ဟိုင် ဘာဖြစ်သွားလေသနည်း။

အကုန်လုံး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အနီးကပ် ကြည့်လိုက်ချင်မိကြသော်ငြား ထိုသို့ မလုပ်ရဲကြချေ။ ဧကရာဇ်ဖိအားကို မခုခံနိုင်ဘူးဟူသော အချက်ကို လျစ်လျုရှုထားလျှင်ပင် လော့ဟိုင် မသိစေချင်သည့် အကြောင်းအရာ တစ်ခုခုကို သွားသိမိလိုက်ပါက သူတို့ ကျိန်းသေ ဒုက္ခရောက်ကုန်ကြပေလိမ့်မည်။

ထို့ကြောင့် ရပ်နေမြဲနေရာတွင်သာ ရပ်လျက် ပတ်ဝန်းကျင်ရှိ ပြောင်းလဲမှုများကို တိတ်တဆိတ် လေ့လာနေကြလေသည်။

တောင်စိမ်းကြယ်နှင့် ကြယ်တာရာကောင်းကင်ကြား နယ်စပ် တစ်နေရာရှိ မိုင်တစ်သောင်းပတ်လည် နယ်မြေတစ်ခုလုံး မရေမတွက်နိုင်သော လျှပ်စီးတန်းများဖြင့် ပြည့်နေခဲ့လေသည်။

ထိုနေရာ တစ်ခုလုံးသည် လျှပ်စီးမိုးကြိုးကမ္ဘာကြီးနှင့်ပင် တူနေပေသည်။

လော့ဟိုင်သည် တစ်ခုသောဘက်အား သုန်မှုန်နေသည့် အမူအရာဖြင့် စိုက်ကြည့်နေရင်း အံကြိတ်၍ အော်ပြောလိုက်၏ “ဧကရာဇ်မှော်ရတနာ။ မင်းမှာ တကယ်ကြီး ဧကရာဇ်မှော်ရတနာ ရှိနေတာပဲ။ ကောင်လေး၊ မင်းငါ့ကို တွန်းအားပေးလိုက်တာပဲ။ မင်းမသေချင်ဘူးဆိုရင်တောင် သေရမယ်ကွ”

ရန်ကိုင်တွင် ဧကရာဇ်မှော်ရတနာတစ်ခု ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ဧကရာဇ်မှော်ရတနာသာ ရန်ကိုင်နှင့် ချင်းတုန်တို့အား သူပိတ်လှောင်ထားခဲ့သည့် အချုပ်အနှောင်များကို ဖျက်စီးပစ်နိုင်ပေလိမ့်မည်။

လော့ဟိုင်လည်း ဧကရာဇ်မှော်ရတနာများအကြောင်း ကြားဖူးပေသည်။

ထိုမှော်ရတနာများသည် မဟာဧကရာဇ် အသုံးပြုသွားခဲ့သည့် မှော်ရတနာများ ဖြစ်ကြသည့်အတွက် ထိုမှော်ရတနာများတွင် မဟာဧကရာဇ်၏ အရှိန်အဝါ စွန်းထင်းကပ်ညိနေခဲ့သည်။ ထို့ကြောင့် ထိုရတနာများကို ဧကရာဇ်မှော်ရတနာဟု ခေါ်ခြင်း ဖြစ်သည်။

ကြယ်စီရင်စု တစ်လျှောက်လုံးတွင်းပင် ကျင့်ကြံသူများသည် ဧကရာဇ်မှော်ရတနာများအကြောင်း ကြားဖူးသော်ငြား မည်သူမှ ကိုယ်တွေ့ မမြင်ဖူးခဲ့ပေ။ ဧကရာဇ်မှော်ရတနာများ မည်ကဲ့သို့ ပုံစံရှိသလဲ၊ ဘယ်လောက် အားကောင်းသလဲ ဆိုသည်ကို မည်သူမှ မသိကြချေ။

သူ့တစ်သက်၊ ဧကရာဇ်မှော်ရတနာတစ်ခု၏ စွမ်းအားကို လော့ဟိုင် ပထမဆုံးအကြိမ် ခံစားဖူးလိုက်ခြင်း ဖြစ်သည်။

ရန်ကိုင်၏ ကျင့်ကြံခြင်း နိမ့်နေသည့် အတွက်ကြောင့် ဖြစ်သလို တောင်စိမ်းကြယ်ပေါ်တွင် ရှိနေသည့် အတွက်ကြောင့်သာ ဧကရာဇ်မှော်ရတနာကြောင့် လော့ဟိုင် ဒဏ်ရာရမသွားခဲ့ခြင်း ဖြစ်သည်။ မဟုတ်ရင် ထိုမှော်ရတနာ လက်ချက်ကြောင့် လော့ဟိုင် ဒဏ်ရာရသွားနေလောက်ပေပြီ။

တန်ခိုးရှင်ဒုတိယအဆင့်သို့သာ‌ ရောက်သေးသော ကောင်လေး တစ်ယောက်မှ ဒုတိယအဆင့် တန်ခိုးရှင်ဘုရင်တစ်ဦးကို ထိခိုက်အောင် လုပ်နိုင်ခြင်းသည် စိတ်ကူးယဉ်အိမ်မက်ထဲတွင်သာ ရှိနိုင်သည့် အရာတစ်ခုဖြစ်သော်ငြား ရန်ကိုင်သည် ယနေ့တွင် ထိုစိတ်ကူးယဉ်အိမ်မက်သက်သက်သာ ဖြစ်နိုင်သည့် အရာတစ်ခုကို အကောင်အထည် ဖော်နိုင်လုနီးပါး ဖြစ်သွားခဲ့သည်။

သူ့ခေါင်းထဲ ထိုအလုံးလေးနှင့် ဆင်တူမည့် အရာကို ပြန်စဉ်းစားကြည့်လိုက်သည့်နောက်၊ ခဏအကြာတွင် လော့ဟိုင်၏ ခေါင်းထဲ မှော်ရတနာပုံစံ တစ်ခု ပေါ်လာခဲ့လေသည် “သုတ်သင်ခြင်း မိုးကြိုးဓါတ်လုံး၊ အဲ့ဒါ ဒဏ္ဏာရီလာ သုတ်သင်ခြင်း မိုးကြိုးဓါတ်လုံးပဲ”

ဒဏ္ဏာရီလာ မဟာဧကရာဇ် အသုံးပြုသွားခဲ့သည် မှော်ရတနာတိုင်းသည် အလွန်ကိုမှ ကျော်ကြားပေသည်။ သာမန် ကျင့်ကြံသူများ အနေဖြင့် ထိုမှော်ရတနာများကို ကြားဖူးလောက်မည် မဟုတ်သော်ငြား ကြယ်သခင်တစ်ဦး ဖြစ်သလို ဒုတိယအဆင့် တန်ခိုးရှင်ဘုရင်တစ်ဦးလည်း ဖြစ်သော လော့ဟိုင်ကတော့ သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးအကြောင်း ကြားဖူးပေသည်။

လော့ဟိုင် ပြုံးဖြီးဖြီး ဖြစ်သွားပြီး သည်းလှိုက်အူလှိုက် ရယ်မောတော့လေသည်။

သူသာ ထိုသုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးကို ရလိုက်လျှင် ထိုဓါတ်လုံး၏ စွမ်းအား အများစုကီု ထုတ်သုံးနိုင်ပေလိမ့်မည်။ ထိုအခါ တတိယအဆင့် တန်ခိုးရှင်ဘုရင်တစ်ဦးကို ရင်ဆိုင်ရလျှင်ပင် ကြောက်စရာ လိုတော့လိမ့်မည် မဟုတ်ချေ။

သူ… လော့ဟိုင်သည် ကြယ်စီရင်စုထဲတွင် အားအကောင်းဆုံး ပညာရှင်တစ်ဦး ဖြစ်လာပေလိမ့်မည်။

လျှပ်စီးတန်းများသည် တဖြည်းဖြည်း အားနည်းလာပြီးနောက် ပျောက်ကွယ်သွားခဲ့လေသည်။

ကြယ်စီရင်စုကြီးသည်လည်း တစ်ဖန်ပြန်လည် တည်ငြိမ်သွားခဲ့၏။

“မင်းပြေးချင်တာလား” လော့ဟိုင်သည် လက်နောက်ပစ်လျက် အေးအေးဆေးဆေး လမ်းလျှောက်သည့်နှယ် ခြေတစ်လှမ်း လှမ်းလိုက်လေသည်။ ထိုသို့ လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် လော့ဟိုင်သည် မူလနေရာမှ ပျောက်ကွယ်သွားပြီး မိုင်တစ်ရာ အကွာတွင် ပြန်ပေါ်လာခဲ့လေသည်။

မူလအဆီအနှစ်ကျောက်တုံးကို ထည့်မတွက်လျှင်ပင် သုတ်သင်ခြင်း မိုးကြိုးဓါတ်လုံးသက်သက်နှင့်ပင် လော့ဟိုင် ရန်ကိုင်အား လုံးဝ အလွတ်ပေးတော့လိမ့်မည် မဟုတ်ချေ။

သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးကိုကော၊ မူလအဆီအနှစ် ကျောက်တုံးကိုကော သူလိုချင်ပေသည်။

သူအံ့အားသင့်သွားရသည့် အချက်မှာ အစောပိုင်းက ရန်ကိုင်နှင့် ချင်းတုန်တို့ အတူ ရှိနေသော်လည်း ယခုမူ ရန်ကိုင်၏ အရှိန်အဝါကိုသာ ခံစားမိတော့ပြီး ချင်းတုန်၏ အရှိန်အဝါကိုမူ လုံးဝ မခံစားမိနိုင်တော့ခြင်းပင်။

ထို့အပြင် ရန်ကိုင်သည်လည်း တဒင်္ဂမျှ လုံးဝ ပျောက်ကွယ်သွားသလို ပျောက်ကွယ်သွားခဲ့သေး၏။ ရန်ကိုင် မည်ကဲ့သို့ လှုပ်ရှားသွားလိုက်သလဲ ဆိုသည်ကို လော့ဟိုင် လုံးဝ အာရုံခံမရခဲ့ပေ။

လော့ဟိုင်နှင့် မိုင်တစ်သောင်းအကွာတွင် ရန်ကိုင်သည် သူတော်စင်ချီကို မီးကုန်ယမ်းကုန် လှည့်ပတ်ရင်း လော့ဟိုင်လက်မှ အသည်းအသန် ထွက်ပြေးနေခဲ့သည်။

လော့ဟိုင်လက်မှ သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံး အကူအညီဖြင့် ထွက်ပြေးလာနိုင်ခဲ့သော်ငြား လော့ဟိုင်သည် ဒုတိယအဆင့် တန်ခိုးရှင်ဘုရင်တစ်ဦး ဖြစ်နေဆဲ။

လော့ဟိုင်လက်မှ လုံးဝ ထွက်ပြေးရန် မလွယ်ပါချေ။

ထို့အပြင် သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးကို သုံးလိုက်စဉ်က သူ့ကိုယ်ထဲရှိ သူတော်စင်ချီအားလုံး ကုန်ခါနီး ဖြစ်သွားသည့် အတွက် ရွှေရောင်သွေးတစ်စက်ကို ဖောက်ခွဲလိုက်ရ၏။

သူတော်စင်ချီ ပိုများများသုံးနိုင်လေ၊ သုတ်သင်ခြင်းမိုးကြိုး ဓါတ်လုံး၏ စွမ်းအားကို ပိုထုတ်သုံးနိုင်လေပင်။ တန်ခိုးရှင်ဘုရင် တတိယအဆင့် ပညာရှင်တစ်ဦးမှ လာအသုံးပြုမည်ဆိုလျှင် သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံး၏ စွမ်းအားအပြည့်ကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်၏ လက်ရှိ ကျင့်ကြံခြင်းအရ သူတတ်စွမ်းသမျှ သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးကို အသက်သွင်းမည် ဆိုလျှင်ပင် ဓါတ်လုံး၏ စွမ်းအား ဆယ်ရာခိုင်းနှုန်းလောက် ခန့်ကိုသာ ထုတ်ဖော်နိုင်ပေလိမ့်မည်။

စိတ်စွမ်းအင် အသုံးများသွားသည့်အတွက် သူ့ခေါင်း တဆစ်ဆစ် ကိုက်နေခဲ့သလို အသိစိတ်ပင်လယ်မှာလည်း ခြောက်သွေ့၊ အက်ကွဲ နေကုန်ခဲ့လေသည်။

ဤဒဏ်ရာမျိုးသည် သိပ်မပြင်းထန်လှသည့်အတွက် သာမန် အခြေအနေမျိုးတွင်ဆိုလျှင် ရန်ကိုင် သိပ်ပြီး ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ ဤသို့သော ဒဏ်ရာမျိုးသည် ရက်နည်းနည်းလောက် နားလိုက်ရုံဖြင့် ဝိဥာဉ်ကြာပန်း၏ အကူအညီဖြင့် ပျောက်ကင်းနိုင်သော ဒဏ်ရာမျိုး ဖြစ်သည်ကိုး။

သို့သော်လည်း လက်ရှိ အခြေအနေမျိုးတွင် သူမည်သို့များ နား၍ ဒဏ်ရာပြန်ကုသနိုင်မည်နည်း။

ပါးစပ်ထဲသို့ ဆေးလုံးများစွာ ပစ်ထည့်လိုက်ပြီး စိတ်စွမ်းအင်ကို အတတ်နိုင်ဆုံး အမြန် ပြန်ဖြည့်နေခဲ့ရသည်။ ထိုသို့လုပ်မှပဲ လော့ဟိုင်လက်မှ လွတ်နိုင်ချေ ရှိပေလိမ့်မည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၂၂)

ကံကောင်းစွာဖြင့် ထိုဆေးလုံးများသည် ရန်ကိုင်ကိုယ်တိုင် ဖော်စပ်ထားသည့် ဆေးလုံးများ ဖြစ်နေသည့်အတွက် အရည်အသွေးလည်း မြင့်မားသလို အဆင့်လည်း မြင့်နေ၏။ ထို့ကြောင့် ကုန်ဆုံးသွားသော စိတ်စွမ်းအင်နှင့် သူတော်စင်ချီကို ပို၍ လျင်လျင်မြန်မြန် ဖြည့်တင်းနိုင်လေသည်။

ချင်းတုန်သည် လော့ဟိုင်လက်စာ မိသွားသဖြင့် သူ့အား ကမ္ဘာငယ်လေးထဲသို့ ခေါ်သွားထားခဲ့၏။ ချင်းတုန် ရလိုက်သည့် ဒဏ်ရာမှာ အရမ်းကြီး ပြင်းထန်ခြင်း မရှိသော်လည်း လက်ရှိ အခြေအနေအရ သူ့အနေဖြင့် ကမ္ဘာငယ်လေးထဲ၌ နေခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

လော့ဟိုင်၏ လက်ချက်ကြောင့် ဒဏ်ရာရထားသည်ကိုမှ ဆက်၍ သူ့သူတော်စင်ချီကို အဆက်မပြတ် အသုံးပြုနေရဦးမည်ဆိုလျှင် ကံမကောင်းအကြောင်းမသင့်ပါက ချင်းတုန်၏ ကျင့်ကြံခြင်း ပြန်လည် လျော့ကျသွားနိုင်ပေသည်။

သူသည် မကြာသေးခင်မှ အဆင့်ချိုးဖျက်ပြီး သတိ ပြန်လည်လာခြင်းဖြစ်ကာ သတိ ပြန်လည်လာချင်းချင်းမှာပင် လော့ဟိုင်၏ တိုက်ခိုက်မှုကို ခံလိုက်ရခြင်း ဖြစ်သည်။ အဆင့်ချိုးဖျက်ထားသည်မှာ မကြာသေးသည့် အတွက် သူ့ကျင့်ကြံခြင်းအဆင့်သည် တည်ငြိမ်ခြင်း မရှိသေးပေ။

ကျင့်ကြံခြင်းအဆင့်တွင် ရန်ကိုင်သည် ချင်းတုန်ထက် နိမ့်လျှင် နိမ့်လိမ့်မည် ဖြစ်သော်လည်း ထွက်ပြေးသည့် နေရာတွင်မူ လက်ရှိ ရန်ကိုင်တို့ အဖွဲ့ထဲမှ မည်သူမှ ရန်ကိုင်ကို မယှဉ်နိုင်ချေ။

ယခင်ကတည်းက အလွန် လျင်မြန်နေပြီးသား အရှိန်ကို လေမိုးကြိုးတောင်ပံကိုပါ ထပ်မံ အသုံးပြုလိုက်သည့်အတွက် ရန်ကိုင်၏ အမြန်နှုန်းသည် ကျားကို အတောင်ပံ တပ်ပေးလိုက်သလို ဖြစ်သွားလေသည်။

သို့သော်လည်း တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ရောက်နေသော လော့ဟိုင်ကို သွားလျော့တွက်မိလျှင် မှားသွားပေလိမ့်မည်။ လော့ဟိုင်သည် ရန်ကိုင်ထက်ပင် ပိုမြန်နေပေသေးသည်။ ထို့ကြောင့် ရန်ကိုင်သည် ဦးစွာ ထွက်ပြေးခဲ့သော်လည်း လော့ဟိုင်သည် သူ့အား တဖြည်းဖြည်း မှီလာခဲ့လေသည်။

သူ့နောက်ဘက်မှ တဖြည်းဖြည်း နီးကပ်လာနေသော ဖိအားကို ခံစားမိလိုက်သည့်နောက်တွင် လော့ဟိုင် သူနှင့် တဖြည်းဖြည်း နီးလာနေပြီမှန်း ရန်ကိုင် နားလည်လိုက်သည်။

“ကောင်လေး။ ဒီဘုရင် ပြောတဲ့အတိုင်းလုပ်လိုက်၊ အဲ့ဒါဆို ဒီဘုရင် မင်းအသက်ကို ချမ်းသာပေးနိုင်တယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင်တော့ ဒီဘုရင်ကို ရက်စက်လို့ဆိုပြီး လာအပြစ်မတင်နဲ့” လော့ဟိုင်က ရန်ကိုင်အား လိုက်ဖမ်းနေရင်း ခြိမ်းခြောက်လိုက်၏။

ရန်ကိုင်ကမူ လော့ဟိုင် ဘာပြောပြော လျစ်လျုရှုထားပြီးတော့သာ ဆက်ပြေးနေခဲ့သည်။ လော့ဟိုင်ကဲ့သို့ ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရရာတွင် သွားယှဉ်တိုက်နိုင်နေလျှင် သူ့လောက် ရူးသည့် လူရှိတော့လိမ့်မည် မဟုတ်ချေ။ ဤမျှ အဆင့်ချင်း ကွာနေသည့် ပညာရှင် တစ်ယောက်နှင့် ရင်ဆိုင်ရာတွင် ယှဉ်တိုက်သည်ထက် ထွက်ပြေးခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်။

“မင်းတကယ် သေချင်နေတာပဲ” ရန်ကိုင် သူ့အား မသိကျေးကျွံ ပြုထားသည်ကို မြင်သော် လော့ဟိုင် ဒေါသပုန် ထသွားခဲ့သည်။ ရန်ကိုင်နှင့်သူ့ကြား မိုင်တစ်ထောင်လောက်ပဲ ဝေးတော့သည်ကို မြင်သော် လော့ဟိုင်သည် သူ့လက်ချောင်းထိပ်တွင် စွမ်းအင်လုံး တစ်လုံးကို စုစည်းစေလျက် ရန်ကိုင်ဆီသို့ ပစ်ထည့်လိုက်၏။

လျင်မြန်စွာ ချဉ်းကပ်လာနေသည့် သတ်ဖြတ်လိုသည့် အရှိန်အဝါကို အာရုံခံမိလိုက်သည့် အမြန် ပြေးမှ ရတော့မည်မှန်း နားလည်လိုက်၏။ ထို့ကြောင့် အံကြိတ်၍ သူ့ရှေ့တည့်တည့်ရှိ လေဟာနယ်ကို ဆုတ်ဖြဲ၍ ထိုထဲသို့ ခုန်ဝင်သွားလေသည်။

ရန်ကိုင်သည် မူလ ရှိနေသည့် နေရာမှ ရုတ်တရက်ကြီး ပျောက်ကွယ်သွားသည့်အတွက် လော့ဟိုင် ပစ်လိုက်သည့် စွမ်းအင်လုံးသည် ရန်ကိုင်၏ ပုံရိပ်ယောင်ကိုသာ သွားရောက် ထိမှန်လေသည်။

“ဟင်းလင်းပြင် အက်ကွဲကြောင်းလား” လော့ဟိုင် အတော်လေး အံ့အားသင့်သွားခဲ့သည်။ တစ်ခဏအတွင်း ရန်ကိုင် ပျောက်ကွယ်သွားသည့် နေရာဆီသို့ သူရောက်လာခဲ့သည်။ ရန်ကိုင် ဝင်ရောက်သွားသည့် ဟင်းလင်းပြင် အက်ကွဲကြောင်းထဲ လိုက်ဝင်သွားချင်မိသော်လည်း ရန်ကိုင်က ဟင်းလင်းပြင် အက်ကွဲကြောင်းကို ပြန်ပိတ်ချသွားသဖြင့် လော့ဟိုင် လမ်းစ ပျောက်သွားခဲ့ရလေသည်။

တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်လာပြီးနောက် သူ့အား အံ့အားသင့်အောင် လုပ်နိုင်သည့်အရာ အတော်လေး ရှားသွား၏။

သို့သော် ရန်ကိုင်နှင့် တွေ့ပြီး မကြာခင်မှာပဲ ထပ်တလဲလဲကို အံ့အားသင့်နေခဲ့ရသည်။

ပထမတစ်ကြိမ်တွင် ထိုကောင်လေးသည် သူ့တစ်သက် တစ်ခါမှ မမြင်ဖူးခဲ့သော ဧကရာဇ်မှော်ရတနာကို ထုတ်သုံးပြခဲ့သည်။ ဒုတိယတစ်ကြိမ်တွင်လည်း အလွန်ကိုမှ မြင်ရခဲလှသော လေဟာနယ်စွမ်းအားကို ထုတ်သုံးပြသွားပြန်သည်။

ဧကရာဇ်မှော်ရတနာကို ပိုင်ဆိုင်ထားသည့် အချက်နှင့်ပင် ရန်ကိုင်၏ ကံသည် အလွန်ကောင်းသည်ဟု ပြော၍ရနေလေပြီ။ ထိုသို့ပင် မဟုတ်သေးဘဲ ရန်ကိုင်သည် လေဟာနယ်စွမ်အားကိုပါ ထပ်မံ တတ်ကျွမ်းထားပြန်သည်။

ဤကြယ်စီရင်စုကြီးထဲ လေဟာနယ်စွမ်းအားကို တတ်ကျွမ်းထားသည့် ကျင့်ကြံသူများ ဘယ်လောက်များ ရှိလို့နည်း။ တတ်ကျွမ်းထားသည့် လူအနည်းငယ် ရှိသည့်တိုင် ထိုလူများသည် တာတို တည်နေရာ ခုန်ကူးခြင်း၊ ဟင်းလင်းပြင်အား အေးခဲခြင်း၊ ထိခိုက်အောင် လုပ်ခြင်းတို့ကိုသာ တတ်ကျွမ်းထားသူများ ဖြစ်ကြသည်။ လော့ဟိုင်သိသည့် လေဟာနယ်စွမ်းအားကို ကျင့်ကြံထားသူများထဲတွင် ဟင်းလင်းပြင်ကို ဆုတ်ဖြဲနိုင်သည့် လူတစ်ယောက်မှ မရှိချေ။

“ဒါသူ့ရဲ့ ဝှက်ဖဲလား။ ဒီကောင် ဒီဘုရင်ကို မကြောက်တာ ဒါကြောင့်ကိုး” လော့ဟိုင်က မှုန်ကုတ်ကုတ် အမူအရာဖြင့် ပြောလိုက်ပြီးနောက် ရုတ်တရက် ရယ်မောလျက် “ဒါပေမယ့် ဒီလောက်လေးနဲ့ ဒီဘုရင်လက်က လွတ်မယ်ထင်ရင်တော့ မင်းဒီဘုရင်ကို အရမ်း အထင်သေးလွန်းနေပြီ ကောင်လေး”

ပြောပြီးသည်နှင့် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်၏။

အသက်သုံးရှိုက်စာ ကြာပြီးနောက်တွင် လော့ဟိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့ပြီး တစ်ဖက်သို့ ကြည့်၍ ရေရွတ်လိုက်၏ “တော်တော် မြန်တဲ့ကောင်ပါလား။ ခဏလေးပဲ ရှိသေးတာတောင် မိုင်ငါးထောင်ကို ရောက်နေပြီ”

အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် လော့ဟိုင်သည် ဥက္ကာခဲတစ်စင်းနှယ် အလွန် မြန်ဆန်သော အရှိန်ဖြင့် ရန်ကိုင် ထွက်ပြေးသွားသည့်ဘက်သို့ တစ်ဟုန်ထိုး ပြေးလိုက်သွားလေ၏။

ရန်ကိုင်သည် မိုင်ငါးထောင်လောက် အကွာသို့ ထွက်ပြေးလာအပြီး အသက်ပင် ကောင်းကောင်း မရှူနိုင်သေးခင်မှာပဲ အားကောင်းသော ကောင်းကင်စိတ်အာရုံတစ်ခု သူ့အပေါ် သက်ရောက်လာသည်ကို ရုတ်တရက် ခံစားမိလိုက်၏။

ပြန်လှည့်ကြည့်လိုက်သည့်အခိုက် အလင်းတန်းတစ်စင်းသည် သူ့ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရ၏။

ထို့ကြောင့် ရန်ကိုင်လည်း အံကြိတ်ပြီး ဟင်းလင်းပြင်ကို နောက်တစ်ကြိမ် ထပ်မံ ဆုတ်ဖြဲပြီး ထွက်ပြေးရပြန်လေ၏။

ခဏအကြာတွင် လော့ဟိုင်သည် အစောပိုင်းက ရန်ကိုင် ရှိနေခဲ့သည့် နေရာသို့ ရောက်လာခဲ့သည်။ ကောင်းကင်စိတ်အာရုံဖြင့် ရန်ကိုင်၏ တည်နေရာကို ပြန်အာရုံခံပြီးနောက်တွင် ရန်ကိုင်နောက်သို့ ထပ်မံ ပြေးလိုက်ပြန်သည်။

ဤသို့ဖြင့် တစ်ယောက်က ပြေးလိုက်၊ တစ်ယောက်က လိုက်လိုက်ဖြင့် သံသရာကို လည်နေတော့လေသည်။ လော့ဟိုင်နှင့် ရန်ကိုင်ကြားရှိ အကွာအဝေးသည်လည်း ကျဉ်းသွားလိုက်၊ ကျယ်သွားလိုက်ကို ဖြစ်နေလေသည်။

သူ့အနေဖြင့် လော့ဟိုင်လက်ထဲ လုံးဝ အဖမ်းခံ မဖြစ်မှန်း ရန်ကိုင် ကောင်းကောင်း နားလည်ထားသည်။ ဤသို့ဖြင့် ပြေးလိုက်၊ ဖမ်းလိုက် လုပ်နေကြလေရာ မျက်တောင်တစ်ခတ်အတွင်း လဝက် ကုန်ဆုံးသွားခဲ့လေသည်။

ယခင်က အောင်မြင်မှု သရဖူ သူ့လက်ထဲ ရောက်နေသော တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ဖြစ်နေသော လော့ဟိုင်သည် လောလောဆယ်တွင် လုံးဝကို တည်တည်ငြိမ်ငြိမ် ရှိမနေတော့ဘဲ အလွန်ကိုမှ ဒေါပွနေတော့လေသည်။

ရန်ကိုင်သည် လေဟာနယ်တာအိုကို တတ်ကျွမ်းထားလျှင်ပင် သူ့လက်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ဟု ထင်ခဲ့သည်။

လေဟာနယ်တာအိုသည် အလွန်ကိုမှ နက်နဲဆန်းကြယ်ပြီး ထိုတာအိုကို တတ်ကျွမ်းထားသည့် လူများမှာ အမှန်တကယ်ကို သတ်ရခက်၊ ဖမ်းရခက်သော်ငြား ရန်ကိုင်၏ ကျင့်ကြံခြင်းသည် လော့ဟိုင်နှင့် ယှဉ်လိုက်လျှင် အလွန်ကိုမှ နိမ့်ကျနေခဲ့သည်။

ဟင်းလင်းပြင်ကို တစ်ခါဆုတ်ဖြဲရန် သူတော်စင်ချီနှင့် စိတ်စွမ်းအင် မည်မျှ လိုအပ်သလဲ ဆိုသည်ကို သူမသိသော်ငြား နည်းမည်မဟုတ်မှန်းတော့ လော့ဟိုင်သိသည်။ သူ့အနေဖြင့် ရန်ကိုင်နောက်သို့ တောက်လျှောက် လိုက်နေရုံပင်။ ရန်ကိုင်သာ သူတော်စင်ချီ ကုန်သွားသည်နှင့် သူ့လက်ခုပ်ထဲရှိရေ ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ရန်ကိုင် လေဟာနယ်စွမ်အားကို ကျွမ်းကျင်ထားသည်ကို မြင်သည့်တိုင် နည်းနည်းလေးမှ စိတ်မပူခြင်း ဖြစ်သည်။

သို့သော်လည်း သူ့အထင်နှင့် လက်တွေ့သည် တက်တက်စင်အောင် လွဲချော်နေခဲ့သည်။ ရန်ကိုင်သည် သူတော်စင်ချီ လုံးဝ ကုန်ခမ်းသွားခြင်း မရှိရုံမက ဖိအားအောက်အတွင်း ဟင်းလင်းပြင်ကို အလျင်အမြန် ဆုတ်ဖြဲနေရသည့်အတွက် လေဟာနယ်တာအိုကို ပို၍ပင် ကျွမ်းကျင်သွားခဲ့သေးသည်။ လွန်ခဲ့သည့် လဝက်တွင်း ရန်ကိုင်သည် ဟင်းလင်းပြင်အား အကြိမ် နှစ်ရာမက ဆုတ်ဖြဲခဲ့သည်။ အစပိုင်းတွင် လေဟာနယ်ကို ဆုတ်ဖြဲပြီး မိုင်နှစ်ထောင်လောက်ကို သွားနိုင်ခဲ့သော်ငြား နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် လေဟာနယ်ကို တစ်ခါ ဆုတ်ဖြဲပြီးတိုင်း မိုင်သုံးထောင်လောက်သို့ သွားနိုင်လာခဲ့၏။

ပိုဆိုသည်ကား ထိုကောင်လေးသည် နည်းနည်းလေးမှ မောလာသည့် အရိပ်အယောင် မပြခြင်းပင်။

ထိုကောင်လေး၏ ခန္ဓာကိုယ်ထဲ သူတော်စင်ချီ မည်မျှပင် ရှိလို့နေသနည်း။ ထိုမကုန်နိုင် မခမ်းနိုင်လောက်သော စိတ်စွမ်းအင်များသည် မည်သည့်နေရာမှ ရောက်လာခဲ့သနည်း။

လော့ဟိုင် လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့သည်။

သို့သော် သူမည်သို့ပင် နားမလည်ဖြစ်နေပါစေ၊ ရန်ကိုင်ကိုတော့ လုံးဝ အလွတ်မပေးနိုင်ချေ။ရန်ကိုင်ကိုယ်ထဲတွင် အလွန်များပြားသော သူတော်စင်ချီ စိတ်စွမ်းအင်များ ရှိနေလျှင်ပင် အားကုန်ပြီး ကျိန်းသေ ရပ်ရမည့် အချိန်တော့ ရှိလာပေလိမ့်မည်။

လော့ဟိုင် အထင် မမှားချေ။ နှစ်လတိုင်တိုင် ဟင်းလင်းပြင်ကို အဆက်မပြတ် ဆုတ်ဖြဲလာခဲ့ရသည့်နောက် ရန်ကိုင်သည် မီးစာ ကုန်တော့မည် မီးခွက်တစ်လုံးကဲ့သို့ ဖြစ်နေခဲ့လေပြီ။

ကံကောင်းစွာဖြင့် သူ့တွင် သူတော်စင်ချီ အလုံအလောက် ရှိနေခဲ့၏။ သူတော်စင်ချီ ကုန်သွားလျှင် ရွှေရောင်သွေးစက် တစ်စက်ကို ဖောက်ခွဲလိုက်ရုံပင်။

စိတ်စွမ်းအင်ကမူ ထိုကဲ့သို့ မဟုတ်ပေ။ ရန်ကိုင် စိတ်စွမ်းအင်ကို သုံးစွဲသည့်နှုန်းသည် ပြန်ဖြည့်နိုင်သည့်နှုန်းထက် အများကြီး ပိုမြန်နေခဲ့သည်။ ခုနှစ်ရောင်ခြယ်ကြာပန်းကြောင့်သာ မဟုတ်လျှင် ရန်ကိုင် လုံးဝကို လှုပ်နိုင်တော့လိမ့်မည် မဟုတ်ချေ။

သို့ပင်လျှင် လက်ရှိသူသည် ခရီးဆုံးရောက်တော့မည့် မြှားတစ်စင်းနှယ် ဖြစ်နေခဲ့လေပြီ။

စိတ်စွမ်းအင် ပြန်ဖြည့်ဆေးများကို အဆက်မပြတ် ထုတ်သောက်နေခဲ့ရသဖြင့် သူနှင့်အတူ ပါလာသည့် စိတ်စွမ်းအင်ကို ပြန်လည် ဖြည့်တင်းပေးနိုင်သော ဆေးလုံး အားလုံး အကုန်ကုန်သွားခဲ့လေပြီ။

နောက်ဆုံး ရွေးစရာမရှိတော့သည့်အဆုံး ဆေးပင်များကို အစိမ်းလိုက် ဝါးစားရတော့သည်။

ထိုကဲ့သို့ ဆေးပင်များကို အစိမ်းလိုက် ဝါးစားခြင်းသည် အဖိုးတန် ရတနာများကို ဖြုန်တီးခြင်း ဖြစ်သော်လည်း အခြေအနေက အခွင့်အရေးမှ ပေးမနေခဲ့ဘဲ။ သေရေးရှင်ရေး အခြေအနေမျိုးတွင် ထိုဆေးပင်များကို ဘယ်လောက် အဖိုးတန်ပါသည် ဆိုသော အချက်ကို သူမည်ကဲ့သို့ ဂရုစိုက်နေနိုင်တော့မည်နည်း။ ထိုဆေးပင်များ အလွန်အဖိုးတန်လျှင်ပင် သူ့အသက်ထက်တော့ အဖိုးတန်နိုင်မည်လား။

ထိုကဲ့သို့ စိတ်စွမ်းအင်ကို အလွန်အကျွံ ဖိအားပေး သုံးစွဲခဲ့သည့် အတွက် ရန်ကိုင်၏ အသိစိတ်ပင်လယ်လည်း ထိခိုက်ရသည်။ သို့သော်ငြား ခုနှစ်ရောင်ခြယ်ကြာပန်း ရှိနေသည့်အတွက် မည်သည့် ဘေးထွက်ဆိုးကျိုးမှ ရှိမနေခဲ့ဘဲ အမြတ်ပင် ထွက်သွားခဲ့သေးသည်။ ထိခိုက်လိုက်၊ ပြန်ကောင်းသွားလိုက် ဟူသော သံသရာစက်ကွင်းအောက်တွင်း ရန်ကိုင်၏ အသိစိတ် ပင်လယ်သည် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ယခင်ထက်လည်း ပို၍ အားကောင်းလာခဲ့လေသည်။

ဟင်းလင်းပြင်ကို အဆက်မပြတ် ဆုတ်ဖြဲပြီး လေဟာနယ် စွမ်းအင်ကို တောက်လျှောက် အသုံးပြုနေရသည့်အတွက်လည်း လေဟာနယ်တာအိုအပေါ် သူ့နားလည်သဘောပေါက်မှုသည် ပိုမို၍ မြင့်မားလာခဲ့ရလေသည်။

သို့သော်လည်း လော့ဟိုင်လက်မှ လွတ်မြောက်ရေးတွင်သာ လုံးလုံး အာရုံစိုက်ထားသဖြင့် ထိုအချက်များကို ရန်ကိုင် သတိမပြုမိခဲ့ချေ။

အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက်တွင် သူ့တွင် ရွေးစရာ တစ်ခုသာ ရှိတော့မှန်း ရန်ကိုင် သိလိုက်သည်။

ကမ္ဘာငယ်လေးထဲတွင် ဝင်ပုန်းရတော့ပေမည်။ သို့သော် ထိုသို့ ဝင်ပုန်ခြင်းသည် အလွန်ကိုမှ အန္တရာယ်များလှသည်။ လော့ဟိုင်သာ သူပုန်းနေသည့် နေရာကို ရှာတွေ့သွားလျှင် ရန်ကိုင် ဘဝသည် အခွံမာထဲ ပုန်းအောင်းနေရသည့် လိပ်တစ်ကောင်နှယ်၊ တစ်ဖက်လူ ပြုသမျှကို ခံရမည့် ဘဝသို့ ရောက်သွားပေလိမ့်မည်။

ထို့ကြောင့် ကမ္ဘာငယ်လေးထဲသို့ မဆင်မခြင် ဝင်မပုန်းရဲသေးခြင်း ဖြစ်သည်။

ဤသို့ဖြင့် နောက်ထပ်ငါးရက် ထပ်ကြာသွားခဲ့သည်။

လော့ဟိုင်လက်မှ လွတ်မိလွတ်ရာ ထွက်ပြေးလာခဲ့လိုက်ရာ ယခုဆိုလျှင် ရန်ကိုင်သည် ကြယ်စီရင်စု၏ ဘယ်နေရာမှန်း မသိရသော နေရာတစ်ခုသို့ပင် ရောက်နေခဲ့လေပြီ။ လော့ဟိုင် ကလည်း နည်းနည်းလေးမှ လက်မလျှော့ဘဲ ရန်ကိုင်နောက်မှ ထပ်ကြပ်မခွာ လိုက်နေခဲ့သည်။

တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များသည် တကယ်ကို အထင်သေး၍ မရသည့် ပညာရှင်များ ဖြစ်ကြသည်။

အသိစိတ်ပင်လယ်တစ်ခုလုံး ခမ်းခြောက်လုမတတ် ဖြစ်နေပြီ ဖြစ်သဖြင့် ဆေးလုံးများ စာနေသည့်တိုင် သူ့စိတ်စွမ်းအင်ကို အလျင်အမြန် ပြန်လည် မဖြည့်တင်းနိုင်တော့ချေ။ သူ့အနေဖြင့် အလွန်ဆုံး နောက်ထပ် သုံးကြိမ်လောက်သာ ဟင်းလင်းပြင်ကို ထပ်မံ ဆုတ်ဖြဲနိုင်တော့ပေမည်။

အံကြိတ်၍ ရန်ကိုင်သည် သူ့ရှေ့ရှိ ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး ထိုထဲသို့ ခုန်ဝင်လိုက်သည်။ ထို့နောက်တွင် မီတာတစ်ထောင် အကွာ၌ ပြန်ပေါ်လာခဲ့၏။

ပြန်ပေါ်လာပြီးသည်နှင့် မရပ်နားဘဲ ဟင်းလင်ပြင်ကို နောက်တစ်ကြိမ် ဆုတ်ဖြဲလိုက်သည်။

ထို့နောက် နောက်တစ်ကြိမ် ထပ်၍ ဆုတ်ဖြဲလိုက်ပြန်၏။

တစ်ခဏအတွင်း ရန်ကိုင်သည် သုံးကြိမ်တိုင်တိုင် တည်နေရာ ခုန်ကူးသွားလိုက်သဖြင့် လော့ဟိုင်အား မိုင်တစ်သောင်း အကွာခန့်တွင် နောက်ကောက်ချနိုင်ခဲ့လေသည်။

ရန်ကိုင် မျက်နှာသည် စက္ကူဖြူတစ်ရွက်နှယ် ဖြူလျော်နေလေပြီ။ လှည့်ပတ်ကြည့်လိုက်ပြီးနောက် ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်ဆီ အကြည့် ရောက်သွားခဲ့သည်။

ချက်ချင်းပဲ ထိုဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်ကြီးဆီ ပြေးသွားပြီး ပုန်းလို့ကောင်းသည့် နေရာတစ်ခုရှာကာ ကမ္ဘာငယ်လေးကို ထုတ်၍ ချောင်ပေါက်တစ်ခုထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ကမ္ဘာငယ်လေးထဲသို့ ခုန်ဝင်သွားခဲ့လေသည်။

ကမ္ဘာငယ်လေးထဲတွင်၊ သူခေါ်လာခဲ့သည့် မန်ဝူရ၊ ချူလင်းရှောင်၊ လင်းတိုင်ရှု၊ နတ်ဆိုးဗိုလ်ချုပ်ကြီး ကျန်းယွမ်နှင့် မွန်းစတား မျိုးနွယ်စုမှ အခြားစီနီယာကြီးအားလုံး.. သူတော်စင် တတိယအဆင့်မှ သူတော်စင်ဘုရင်အဆင့်သို့ အောင်အောင်မြင်မြင် အဆင့် ချိုးဖျက်သွားနိုင်ကုန်လေပြီ။

ကမ္ဘာငယ်လေးထဲရှိ လောကနိယာမများသည် ပြီးပြည့်စုံခြင်း မရှိသော်လည်း ထိုလူများ အဆင့်ချိုးဖျက်ရန်အတွက်တော့ လုံလောက်ပေသည်။

ရန်ကိုင် ရောက်လာသည့် အချိန်တွင် ကမ္ဘာငယ်လေးတစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။ သူရောက်လာသည်ကို မည်သူမှ သတိမထားမိပေ။

ရှနင်းချန်သည် မျက်နှာကာကို တပ်ဆင်လျက် သူမဘာသာ အေးအေးဆေးဆေး ဆေးဖော်စပ်နေခဲ့သည်။

ရန်ကိုင် ရုတ်တရက် ပေါ်လာသည့်အတွက် ရှနင်းချန် အတော်လေး အံ့အားသင့်သွားခဲ့သည်။ သို့သော် ရန်ကိုင်၏ သွေမရှိတော့သည့်နှယ် ဖြူဖတ်ဖြူလျော် ဖြစ်နေသော မျက်နှာကို မြင်ပြီးနောက် ရှနင်းချန် ပျာသလဲလဲ ဖြစ်သွားပြီး သူ့ဆီသို့ အလျင်စလို ပြေးလာကာ ထမပေးလျက် စိုးရိမ်တကြီး မေးလိုက်လေသည် “ဂျူနီယာမောင်လေး၊ နင်ဘာဖြစ်လာတာလဲ”

“ဘာမှမဖြစ်ဘူး။ အားကောင်းတဲ့ ရန်သူတစ်ယောက် ကျွန်တော့်ကို လိုက်ဖမ်းနေလို့ ထွက်ပြေးနေတာ” ရန်ကိုင်သည် ရှနင်းချန် စိတ်မပူအောင် ရယ်မောပြလိုက်ချင်သော်လည်း ရယ်ဖို့ရာပင် အလွန်ကိုမှ အားနည်းလွန်းနေခဲ့သည်။

ရှနင်းချန်၏ အမူအရာလည်း အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့၏။ သို့သော် ဘာမှတော့ မေးမနေခဲ့ချေ။ ရန်ကိုင်အား ဤအခြေအနေထိ ရောက်အောင် လုပ်နိုင်သည့်လူဆို၍ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များသာ ရှိပေသည်။

ရန်ကိုင်၏ ခွန်အားအကြောင်း သူမ ကောင်းကောင်း နားလည်၏။ ချီယွဲ့နန်းတော်တွင် ရှိစဉ်က ရွှယ့်လျန်ကဲ့သို့ လူတစ်ယောက်ပင် အားကုန်ထုတ်မသုံးသေးသော ရန်ကိုင်လက်၌ လူးလှိမ့်အောင် ခံခဲ့ရသည်။ ထိုကဲ့သို့ လူတစ်ယောက်ကို ယခုကဲ့သို့ ဖိုးသိုးဖတ်သတ် အခြေအနေထိရောက်အောင် တွန်းပို့နိုင်သည်ဆိုမှတော့ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူမှလွဲ၍ မည်သူ ဖြစ်နိုင်ဦးမည်နည်း။

ရန်ကိုင်၏ အခြေအနေကို မြင်သော် ရှနင်းချန်၏ နှလုံးသားလေး အလွန်ကိုမှ နာကျင်သွားခဲ့ရလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၂၃)

“ခဏလောက် နားလိုက်ရင် အဆင်ပြေသွားလိမ့်မယ်” ရှနင်းချန် ငိုတော့မည်ကို မြင်သော် ရန်ကိုင် သူမအား အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။

ရှနင်ချန်းက ငိုတော့မည့်ပုံစံဖြင့် ခေါင်းညိတ်လိုက်၏။

“စီနီယာမမလေးမှာ စိတ်စွမ်းအင် အားဖြည့်ဆေးတွေ ရှိလား” ရန်ကိုင်က သူမအား လှမ်းမေးလိုက်သည်။

ရှနင်းချန်သည် သူမ၏ သိုလှောင်လက်စွပ်ကို အလျင်အမြန် မွှေနှောက်ရှာလိုက်ပြီး ကျောက်စိမ်းဆေးပုလင်းများစွာကို ထုတ်ယူလိုက်လေသည်။

သူမသည် ကမ္ဘာငယ်လေးထဲတွင် ရှိနေစဉ် အချိန်အတောအတွင်း တစ်ချိန်လုံးလိုလို ဆေးဖော်စပ်နေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူမတွင် အခြား ဆေးဖော်စပ်စရာ ပစ္စည်းများလည်း မရှားပါးပေ။ ထိုကျောက်စိမ်းပုလင်းထဲတွင် သူတော်စင်ဘုရင်အဆင့်မှ နေ၍ တန်ခိုးရှင်ဘုရင် အထွဋ်အထိပ်အထိ အဆင့်အမျိုးမျိုးရှိသော ဆေးလုံးများ ရှိပေသည်။

“စိတ်ကြည်ဆေးက ငါဖော်စပ်ထားတဲ့အထဲမှာ အကောင်းဆုံး ဆေးလုံးပဲ။ ဆေးသွေးကြောပါတဲ့ ဆေးလုံးတွေလည်း ပါတယ်။ အဲ့ဒါတွေကို အရင် သောက်လိုက်” ရှနင်းချန်သည် ဆေးပုလင်း တစ်ပုလင်းကို အဖုံးဖွင့်၍ ရန်ကိုင် လက်ထဲသို့ ဆေးလုံးများ သွန်ချပေးလိုက်သည်။

ရန်ကိုင်လည်း ထိုဆေးလုံးများကို ကမန်းကတန်း သောက်ချလိုက်လေသည်။ ထို့နောက် ကျန်ဆေးပုလင်းများကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်ပြီးနောက် တင်ပလင်ခွေ ထိုင်ချလိုက်သည်။

ရှနင်းချန်သည် ရန်ကိုင်အား မနှောင့်ယှတ်မိစေရန်အတွက် ရန်ကိုင်နှင့် ခပ်ဝေးဝေးသို့ ဆုတ်နေပေးလိုက်သည်။

ရန်ကိုင်၏ အသားအရေသည် တဖြည်းဖြည်း သွေးရောင် ပြန်သမ်းလာခဲ့လေသည်။ ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲတွင် အားပြန်ဖြည့်နေသော်ငြား အပြင်လောကကြီးကိုလည်း ကောင်းကင်စိတ်အာရုံဖြင့် မျက်ခြေမပြတ် စောင့်ကြည့်နေသေး၏။

လော့ဟိုင်လက်မှ ဤနည်းလမ်းဖြင့် လွတ်မြောက်နိုင်မလား ဆိုသည်နှင့် ပက်သက်၍ ရန်ကိုင် မသေချာချေ။ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သည် သူရင်ဆိုင်ဖူးသည့် ရန်သူများအနက်တွင် အားအကောင်းဆုံး ရန်သူတစ်ဦး ဖြစ်သည်။

လော့ဟိုင်သည် ကမ္ဘာငယ်လေးအကြောင်း သိသွားခဲ့လျှင် ရန်ကိုင် တကယ်ကို ဒုက္ခရောက်ရပေလိမ့်မည်။

ပုံရိပ်တစ်ခုသည် ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်ကို ဖြတ်ကျော်ပြီး မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

လော့ဟိုင်သည် ကမ္ဘာငယ်လေးအား ရှာမတွေ့သွားခဲ့ဘဲ ရန်ကိုင် ထွက်ပြေးသွားသည့် ဘက်သို့သာ လိုက်သွားခဲ့သည်။

သို့သော်လည်း ရန်ကိုင် စိတ်ဒုံးဒုံး လွှတ်မချရဲသေးချေ။ ဆေးအာနိသင်ကို အလျင်အမြန် သန့်စင်နေရင်း အပြင် လောကကြီးကိုလည်း အဆက်မပြတ် အာရုံစိုက်နေသေး၏။

ခဏအကြာတွင် လော့ဟိုင် ပြန်ရောက်လာပြီး ဂြိုလ်သိမ်ဂြိုလ်မွှား ဆီမှ မိုင်ငါးဆယ်အကွာခန့်တွင် ရပ်တန့်လိုက်သည်။ ချက်ချင်းဆိုသလို တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်၏ ကြောက်မက်ဖွယ်ကောင်းလှသော ကောင်းကင်စိတ်အာရုံသည် ဒီရေလှိုင်းတစ်ခုနှယ် အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေသည်။

ရုတ်တရက် လော့ဟိုင်၏ အကြည့်သည် ကမ္ဘာငယ်လေးရှိရာ ဂြိုလ်သိမ်ကြီးဆီသို့ ဆိုက်ရောက်လာခဲ့သည်။

ရန်ကိုင် ရင်တဒိန်းဒိန်း ခုန်သွားခဲ့လေသည်။

ကံကောင်းစွာဖြင့် လော့ဟိုင်သည် တစ်ချက်သာ ကြည့်လိုက်ခြင်း ဖြစ်ပြီး ဘာကိုမှ ရှာမတွေ့သည့်အလား အခြားနေရာကို လိုက်လံ ပတ်ရှာတော့သည်။

သို့သော်လည်း သူသည် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေဆဲ။ ရန်ကိုင် သူ့ကောင်းကင်စိတ်အာရုံ စက်ကွင်းမှ ရုတ်တရက်ကြီး ပျောက်သွားသည်မှာ လုံးဝ ယုတ္တိမရှိချေ။ ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံ စက်ကွင်းမှ ချက်ချင်း ထွက်ပြေးနိုင်သည်ဆိုလျှင် ဘာကြောင့် အစောကြီးကတည်းက ထွက်မပြေးခဲ့သနည်း။ ထို့ကြောင့် ရန်ကိုင်အနေဖြင့် သူနှင့် အဝေးကြီးသို့ ထွက်ပြေးသွားခြင်း မဟုတ်ဘဲ ဤအနီးအနားရှိ တစ်နေရာရာတွင် ပုန်းအောင်းနေခြင်းသာ ဖြစ်ပေလိမ့်မည်။ ရန်ကိုင် ပုန်းနေသည့် နည်းလမ်းကိုသာ သူမသိခြင်းပင်။

“စိတ်ဝင်စားစရာပဲ” ခေါက်တု့န်ခေါက်ပြန် သွားလာရှာဖွေနေရင်း လော့ဟိုင်က ရေရွတ်လိုက်သည် “ကောင်လေး။ မင်းဒီမှာ ပုန်းနေမှန်း ဒီဘုရင်သိတယ်။ ဒါပေမယ့် ဒီလောက်လေးနဲ့ ဒီဘုရင်လက်က လွတ်မယ်ထင်နေလား။ လိမ်လိမ်မာမာနဲ့ ထွက်လာလိုက်၊ အဲ့ဒါဆို ဒီဘုရင် မင်းအသက်ကို ချမ်းသာပေးမယ်။ မဟုတ်ဘူးဆိုရင်တော့…”

ရန်ကိုင်ကမူ လော့ဟိုင်၏ ခြိမ်းခြောက်စကားများကို လုံးဝ လျစ်လျူရှုထားခဲ့လေသည်။

သူ့တွင် လော့ဟိုင်လိုချင်နေသည့် ရတနာများစွာရှိသလို လော့ဟိုင်အား ဤမျှ ဒေါသထွက်အောင် လုပ်ထားပြီးနေလေရာ လော့ဟိုင် အနေဖြင့် သူ့အား မည်ကဲ့သို့ အလွတ်ပေးမည်နည်း။ ဧကရာဇ်မှော်ရတနာနှင့် မူလအဆီအနှစ်ကျောက်တုံး ဟူသော ရတနာနှစ်ခုသည် အလွန်ကိုမှ အဖိုးတန်လွန်းသည်။ ထိုအကြောင်းသာ သတင်း ပေါက်ကြားသွားခဲ့လျှင် လော့ဟိုင်သည် တန်ခိုးရှင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသည့်တိုင်း ကျိန်းသေ ဒုက္ခရောက်ပေလိမ့်မည်။

သူသာ ထိုရတနာနှစ်ခုကို ရပြီးသွားသည်နှင့် လော့ဟိုင်သည် ရန်ကိုင်ကို ကျိန်းသေ သတ်ပစ်ပေလိမ့်မည်။

သောက်ရှက်မရှိသည့်ကောင်ဟုလည်း ရန်ကိုင်သည် လော့ဟိုင်အား စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲနေခဲ့လေသည်။

တောင်စိမ်းကြယ်တွင် ရှိစဉ်က သူ့ကိုယ်သူ လူကြီးလူကောင်း တစ်ယောက်နှယ် ပြုမူခဲ့သည်။ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည့်နှယ် မောက်မာခြင်းအလျင်း မရှိ။ သို့သော်ငြား လူသူတစ်ဦးတစ်ယောက်မှ မရှိတော့သည့် အချိန်တွင်မူ သူ၏ မြေခွေးမျက်နှာအစစ် ထွက်ပေါ်လာခဲ့လေ၏။

ဤသို့ဖြင့် တစ်ရက် ကုန်သွားခဲ့သည်။ လော့ဟိုင်သည် မိုင်တစ်သောင်းပတ်ပတ်လည်အတွင်း လိုက်ပတ်ရှာနေသော်ငြား ဘာကိုမှ ရှာမတွေ့သဖြင့် တဖြည်းဖြည်း စိတ်ညစ်လာခဲ့သည်။

ဤနေရာတွင် ရန်ကိုင် တကယ်ကော ပုန်းနေရဲ့လားဟုပင် သူ့စိတ်ထဲ စတင် သံသယဝင်လာခဲ့သည်။

ရုတ်တရက် ရပ်လိုက်ပြီးနောက်တွင် လော့ဟိုင်သည် ဆုံးဖြတ်ချက် တစ်ခုခုကို ချလိုက်သည့်အလား အံကြိတ်၍ အော်ပြောလိုက်၏ “ကောင်လေး၊ မင်း ဒီဘုရင်ကို တွန်းအားပေးလိုက်တာပဲ။ နောင်ဘဝ ရောက်မှပဲ နောင်တရပေတော့”

ပြောပြီးသည်နှင့် သူ့လက်နှစ်ဖက်ကို ရုတ်တရက် ပူးကပ်လိုက်၏။ သူ့ကိုယ်ထဲရှိ သူတော်စင်ချီသည် ထွက်ပေါက် ရှာတွေ့သွားသည့်နှယ် လော့ဟိုင်လက်တွင် စတင် စုဝေးလာခဲ့ကြ၏။

မျက်တောင်တစ်ခတ်အတဝွင်း လက်သီးဆုပ်အရွယ် အလင်းလုံး တစ်လုံး‌ လော့ဟိုင်လက်တွင် သိပ်သည်းလာခဲ့သည်။

ထိုအလင်းလုံးသည် သိပ်မကြီးသော်ငြား အလွန်ကိုတော့ ကြောက်မက်ဖွယ်ကောင်းပေသည်။

ထိုထဲသို့ သူတော်စင်ချီများ ဆက်လက် ထည့်သွင်းနေသည်နှင့် အမျှ အလင်းလုံးသည် တဖြည်းဖြည်း ပို၍ ကြီးမားလာခဲ့သည်။

ကမ္ဘာငယ်လေးထဲတွင် ရှိနေသော ရန်ကိုင်သည်လည်း လော့ဟိုင် လုပ်နေသည့်အရာကို သတိပြုမိလိုက်သည်။ လော့ဟိုင် ဘာလုပ်ရန် ကြံနေသလဲ ဆိုသည်ကို သိလိုက်သည့်နောက် ရန်ကိုင် ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ဖြစ်သွားခဲ့၏။ သို့သော် ထွက်ပြေး၍လည်း မဖြစ်သဖြင့် လော့ဟိုင် လုပ်နေသည့် အရာကိုသာ ရပ်၍ ကြည့်နေရလေ၏။

အသက် ဆယ်ရှိုက်စာ ကြာပြီးနောက်တွင် လော့ဟိုင် လက်ထဲရှိ အဖြူရောင် အလင်းလုံးသည် လက်ဆေးဇလုံအရွယ် တစ်လုံး အဖြစ်သို့ ရောက်ရှိလာခဲ့လေသည်။

ထို့အခါ လော့ဟိုင်သည် သူ့လက်ကို ရှေ့သို့ တွန်းထုတ်လိုက်၏။

အလင်းလုံးသည် ရှေ့တည့်တည့်သို့ ပျံဝဲသွားပြီး တစ်ခဏသော အချိန်တွင်း မိုင်တစ်ရာအကွာသို့ ရောက်ရှိသွားခဲ့သည်။

ထို့နောက်တွင် အလင်းလုံး ထပေါက်ကွဲသွားခဲ့သည်။ အလင်းလုံး ပေါက်ကွဲသွားသည်နှင့် တစ်ပြိုင်နက် ပတ်ပတ်လည် မိုင်တစ်သောင်း အကျယ်အဝန်း တစ်ခုလုံး တလက်လက် တောက်ပနေသော အဖြူရောင် အလင်းတန်းများနှင့် လွှမ်းခြုံသွားခဲ့၏။ အလင်းလုံး၏ စွမ်းအားအောက်ဝယ် မိုင်တစ်သောင်း ပတ်လည်အတွင်း ရှိနေသော အရာမှန်သမျှ ပြာအတိဖြစ်ကုန်ကြလေသည်။

မရေမတွက်နိုင်သော ဂြိုလ်သိမ်ဂြိုလ်မွှားများအာလုံး အငွေ့ပျံ့ ပျောက်ကွယ်ကုန်ကြပြီး ကြယ်သေလေးများဆိုလျှင်ပင် အက်ကွဲ ပျက်စီးသွားကုန်ကြသည်။

လော့ဟိုင်သည် မလှုပ်ရှားသေးဘဲ သူ့ကောင်းကင်စိတ်အာရုံကိုသာ အပြည့်အဝ ဖြန့်ကျက်ထားပြီး ထွက်ပေါ်လာနိုင်သည့် လှုပ်ရှားမှု မှန်သမျှကို စောင့်ကြည့်နေခဲ့သည်။

ရန်ကိုင် ဤအနားတွင် ပုန်းနေသည်သာ မှန်လျှင် ကျိန်းသေ သေရပေလိမ့်မည်။

သူ့အစွမ်းကုန် တိုက်ခိုက်မှုကို ထိုကောင်လေး မည်ကဲ့သို့ ခုခံနိုင်မည်နည်း။

မူလအဆီအနှစ်ကျောက်တုံးနှင့် ဧကရာဇ်မှော်ရတနာများကမူ သာမန် မှော်ရတနာများ မဟုတ်သည့်အတွက် ထိုမျှလောက်ဖြင့် ပျက်စီးသွားဖို့ရာ မဖြစ်နိုင်ချေ။

လော့ဟိုင် အနေဖြင့် ရန်ကိုင်အား အသက်ရှင်လျက် ဖမ်းမိစရာ မလိုပေ။ သူလိုချင်နေသည်မှာ ထိုရတနာနှစ်ခုသာ ဖြစ်ပြီး ရန်ကိုင်ကိုမူ မျက်မြင်သက်သေ မကျန်ရစ်အောင် နှုတ်ပိတ်ပစ်လိုခြင်းသာ။

မိုင်တစ်သောင်း ပတ်လည်အတွင်းရှိ အရာအားလုံး ပျောက်ကွယ်သွားချိန် ဗလာကျင်းနေသော ဟင်းလင်းပြင်ကြီးသာ ကျန်ရစ်ခဲ့သည်။ သို့သော်လည်း ရန်ကိုင်၏ အရိပ်ယောင်ကိုပင် မတွေ့ရသဖြင့် လော့ဟိုင် အံ့အားသင့်သွားခဲ့ရလေသည်။

“ဒီကောင် တကယ် လွတ်သွားတာလား” လော့ဟိုင် မျက်နှာ သုန်မှုန်သွားခဲ့လေ၏။

ရုတ်တရက် တစ်ဘက်ကို သူလှည့်ကြည့်လိုက်သည်။

ထိုအရပ်တွင် တစ်စုံတစ်ခုသည် ပြင်းထန်သော စွမ်းအင်လှိုင်းကြောင့် အဆက်မပြတ် လွင့်ထွက်နေခဲ့လေသည်။

လော့ဟိုင် မျက်မှောင်ကြုတ်သွားပြီး မယုံသင်္ကာလည်း ဖြစ်သွားခဲ့သည်။

အစောပိုင်းက သူ့တိုက်ခိုက်မှုသည် မိုင်တစ်သောင်း ပတ်လည် အတွင်းရှိ အရာမှန်သမျှကို ဖျက်စီးနိုင်သည့် စွမ်းရည် ရှိလေရာ ထိုအရာ ဘာကြောင့်များ မပျက်စီးသွားရသနည်း။

လော့ဟိုင်လည်း ထိုအရာအား သွားစစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်၏။

လော့ဟိုင် ကမ္ဘာငယ်လေးဆီ အကြည့်ဆိုက်လာသည့်အချိန် အခြေအနေ မကောင်းတော့မှန်း ရန်ကိုင် ချက်ချင်း နားလည်လိုက်၏။

ထို့ကြောင့် ရှနင်းချန်အား အလော့တကြီး သတိပေးလျက် ဆေးလုံးတစ်ဆုပ်ကို ပါးစပ်ထဲသို့ ပစ်ထည့်ပြီး ကမ္ဘာငယ်လေးထဲမှ အလျင်စလို ထွက်လာလိုက်လေသည်။

ချက်ချင်းဆိုသလို ကြယ်စီရင်စုထဲ ရန်ကိုင် ပြန်ပေါ်လာခဲ့၏။ ကမ္ဘာငယ်လေးကို သိမ်းပြီးသည်နှင့် ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ထိုထဲသို့ ခုန်ဝင်သွားလေသည်။

“မင်းမသေသေးဘူးပဲ” လော့ဟိုင် နှာခေါင်းရှုံ့လိုက်ပြီး ရန်ကိုင် နောက်သို့ ပြေးလိုက်လေ၏။

ယခုတစ်ကြိမ် ရန်ကိုင်၏ အရှိန်အဝါကို ပြန်အာရုံခံမိလိုက်သည့် အချိန်၌ ရန်ကိုင်သည် မိုင်ငါးထောင်အကွာသို့ ရောက်နေကြောင်း တွေ့ရှိလိုက်ရသည်။

“ဒီကောင့် လေဟာနယ်စွမ်းအား ထပ်ပြီး တိုးတက်သွားပြန်တာလား” လော့ဟိုင် မှင်သက်နေခဲ့သည်။

သို့သော်လည်း ထိုအကြောင်း ထိုင်တွေးနေချိန် မရှိသဖြင့် ရန်ကိုင်နောက်သို့သာ ဆက်လိုက်သွားလေသည်။

ရန်ကိုင်သည်လည်း ထိုအချက်ကို အလျင်အမြန် တွေ့ရှိသွားခဲ့၏။

မိုင်ငါးထောင်လောက် အကွာကို ခုန်ကျော်လိုက်သော်ငြား သူ့အတွက် ပင်ပန်းသွားခြင်း မရှိခဲ့ချေ။ တစ်နည်းဆိုရသော် မိုင်ငါးထောင်ဟူသော အကွာအဝေးသည် သူ့အကန့်အသတ် မဟုတ်သေးပေ။

လေဟာနယ်စွမ်းအားကို အဆက်မပြတ် အသက်သွင်းလျက် ရန်ကိုင်သည် ဟင်းလင်းပြင်ကို နောက်တစ်ကြိမ် ဆုတ်ဖြဲလိုက်ပြန်၏။

ယခုတစ်ကြိမ် ပြန်ပေါ်လာသည့် အခါမှတွင်မူ မူလနေရာမှ မိုင်ငါးထောင်ငါးရာ အကွာလောက် ရောက်နေကြောင်း တွေ့ရှိလိုက်ရသည်။ ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့ပြီး ဝမ်းသာတကြီး ထရယ်တော့လေသည်။

လော့ဟိုင် လိုက်ဖမ်းနေသည့်လက်မှ ထွက်ပြေးရသည်မှာ တိုက်ဆိုင်စွာနှင့် သူ့အတွက် အခွင့်အရေးတစ်ရပ် ဖြစ်လာကြောင်း တွေ့ရှိလိုက်ရာသည်။

နောက်တစ်ကြိမ်တွင် မိုင်ခြောက်ထောင်…

နောက်တစ်ကြိမ်တွင် ခြောက်ထောင်ငါးရာ…

နောက်တစ်ကြိမ်ကျပြန်သည့် အခါကျ မိုင်ခုနှစ်ထောင် ဖြစ်သွားခဲ့လေသည်။

……

“ဒီခွေးကောင်ကတော့ကွာ” လော့ဟိုင် အလွန်ကိုမှ ဒေါသပုန် ထနေတော့လေသည်။ သူမည်သို့သော ပုဂ္ဂိုလ်များ ဖြစ်သနည်း။ သူ့တန်ခိုးရှင်ဘုရင်အဆင့် ရောက်ပြီးနောက်ပိုင်း တစ်ခါမှ ဤကဲ့သို့ အရှက်ခွဲမခံခဲ့ရဖူးချေ။ ယခုမူ တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးသော လူငယ်လေး တစ်ယောက်၏ လေ့ကျင့်ရေး ပစ္စည်းအဖြစ် အသုံးချခြင်း ခံနေခဲ့ရသည်။

ရှက်ဖွယ်ကောင်းလိုက်လေခြင်း…

လေဟာနယ်စွမ်းအားကို တတ်ကျွမ်းသည့် လူများကို သတ်ရ ခက်သော်ငြား ရန်ကိုင်မဟုတ်ဘဲ အခြား တန်ခိုးရှင်ဒုတိယအဆင့် တစ်ယောက်သာဆိုလျှင် အသတ်ခံရသည်မှာ ကြာနေလေပြီ။

သို့သော်ငြား ရန်ကိုင်သည် လော့ဟိုင်နှင့် ကြောင်နှင့်ကြွက် စိန်ပြေးတမ်း ကစားသလို ကစားနေခဲ့သည်။

အရှက်ခွဲခံနေရသလို ခံစားရသည့်အတွက် လော့ဟိုင်မျက်နှာကြီး ပြာနှမ်းလာပြီး လက်သီးကိုလည်း တင်းတင်း ဆုပ်မိလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၂၄)

ရန်ကိုင် နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြန်သည်ကို မြင်သော် လော့ဟိုင် ရပ်တန့်လိုက်၏။ သူ့မျက်နှာသည် ယခင်နှင့်မတူစွာ ထူးထူးခြားခြားကို တည်ငြိမ်လွန်းနေခဲ့သည်။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရန်ကိုင် ရှိနေသည့် နေရာကို အာရုံခံလိုက်ပြီးနောက် သူ့ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်ကို စူးရဲစွာ စိုက်ကြည့်ရင်း အော်ပြောလိုက်လေ၏ “တောင်စိမ်းကြယ်၊ ဒီကြယ်သခင်ဆီ မင်းရဲ့ စွမ်းအားကို ပို့လွှတ်ပေးစမ်း”

သူ့စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် မိုင်ပေါင်း ကုဋေကုဠာ ဝေးကွာသော နေရာတွင် တည်ရှိနေသည့် တောင်စိမ်းကြယ် တစ်ခုလုံး လှုပ်ခါလာပြီး ကြယ်ဆီမှ ထူးခြားသော စွမ်းအင်အလင်းတန်း တစ်ခု ထွက်ပေါ်လာကာ လော့ဟိုင် ရှိနေသည့် ကြယ်တာရာကောင်းကင် အရပ်ဆီသို့ တည်နေရာခုန်ကူး ပျောက်ကွယ်သွားခဲ့လေသည်။

ယခင်ကတည်းက အလွန် အားကောင်းနေသည်ဆိုပါမှ ထိုစွမ်းအင် အလင်းတန်း၏ အထောက်အပံ့ကို ထပ်ရလိုက်သည့် အတွက်ကြောင့် လော့ဟိုင်၏ အရှိန်အဝါသည် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်ခါနီးထိ မြင့်တက်သွားခဲ့လေ၏။

တစ်ချိန်တည်းတွင် တောင်စိမ်းကြယ်ရှိ မြို့တစ်မြို့၏ မြို့သခင် စံအိမ်တွင် ထိုင်နေကြသော လူအိုကြီးကျိုနှင့် အခြား တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်အားလုံး ရုတ်တရက် အလန့်တကြား ထရပ်လိုက်ကြသည်။

“ကြယ်စွမ်းအင်အထောက်အပံ့ကို လူကြီးမင်းလော့ဟိုင် သုံးလိုက်တာလား” မျိုးရိုးနာမည်လဲ့နှင့် အဘွားကြီးက တုန်တုန်ရီရီဖြင့် ရေရွတ်လိုက်သည်။

“လူကြီးမင်းလော့ဟိုင် တကယ်ကြီး ကြယ်စွမ်းအင် အထောက်အပံ့ကို သုံးလိုက်တာပဲ”

“ကြယ်သခင် တစ်ယောက် ဖြစ်သွားပြီ ဆိုတာနဲ့ ဘယ်ကိုပဲ ရောက်ရောက်၊ ကြယ်စီရင်ထဲမှာ ရှိနေသေးသရွေ့ ကြယ်ရဲ့ စွမ်းအားကို ဆင့်ခေါ်လို့ရတယ်။ အစ်ကိုလော့ဟိုင် ဘာတွေ ကြုံနေလို့ ကြယ်စွမ်းအားကိုတောင် ဆင့်ခေါ်ရတာလဲ”

“သူဘယ်သူနဲ့ တိုက်ခိုက်နေတာလဲ”

တန်ခိုးရှင်ဘုရင်အဆင့် ခုနှစ်ဦး အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ မည်သို့သော အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် အတွက်ကြောင့်များ လော့ဟိုင်အနေဖြင့် ကြယ်၏ စွမ်းအားကိုပင် ဆင့်ခေါ်အသုံးပြုရသလဲ ဆိုသည်ကို အကုန်လုံး နားမလည်နိုင် ဖြစ်နေခဲ့ကြသည်။ မည်သူကများ သူ့အား ဤအခြေအနေသို့ရောက်အောင် တွန်းအားပေးခဲ့သနည်း။

ကြယ်သခင်ဖြစ်တိုင်း ကြယ်စွမ်းအင်ကို သုံးချင်တိုင်းသုံး၍ ရသည်ဟု ထင်လျှင် မှားသွားပေမည်။ ကြယ်သခင် ဖြစ်လျှင်ပင် ကြယ်စွမ်းအင်ကို လက်လွတ်စပယ်သုံး၍ မဖြစ်ပေ။

ကြယ်သခင်နှင့် ကျင့်ကြံရေးကြယ် နှစ်ခုသည် နှစ်စိတ်တစ်ကိုယ် ဖြစ်သည်။ ကြယ်စွမ်းအား တစ်စိတ်တစ်ပိုင်းကို သုံးလိုက်ရပြီ ဆိုသည်နှင့် ထိုစွမ်းအင်ကို အချိန်တိုအတွင်း မည်သို့မှ ပြန်လည် ဖြည့်တင်းနိုင်လိမ့်မည် မဟုတ်ချေ။ ကြယ်စွမ်းအင် တစ်စိတ်တစ်ပိုင်း ဆုံးရှုံးလိုက်ရခြင်းသည် ကြယ်သခင်ကိုယ်တိုင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခြင်းထက်ပင် ပို၍ ဆိုးရွား၏။ ထို့ကြောင့် လော့ဟိုင် အနေဖြင့် သူတိုက်ခိုက်နေရသည့် တိုက်ပွဲကို နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ သူသည် တန်ခိုးရှင်ဘုရင် တတိယ အဆင့်သို့ မချိုးဖျက်သွားနိုင်သရွေ့ လက်ရှိ တောင်စိမ်းကြယ်မှ ဆုံးရှုံးသွားသော ကြယ်စွမ်းအားကို နှစ်တစ်ထောင်အတွင်း မည်သို့မှ ပြန်လည် ဖြည့်တင်းပေးနိုင်လိမ့်မည် မဟုတ်ချေ။

လော့ဟိုင်သာ ကျဉ်းထဲကြပ်ထဲ ရောက်မနေခဲ့လျှင် ကြယ်စွမ်းအားကို လုံးဝ ထုတ်သုံးလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း မည်သူကများ သူ့အား ကြယ်စွမ်းအားကို သုံးရသည်အထိ တွန်းအားပေးနိုင်လို့နည်း။

လျှို့ဝှက်နေထိုင်သည့် ပညာရှင်ကြီး တစ်ဦးကိုများ သူသွားရန်စမိလိုက်ခြင်းလား။

လူအိုကြီးကျိုနှင့် အခြားသူအားလုံး၏ အမူအရာ သွေးဆုတ် ဖြူလျော်သွားခဲ့သည်။

သူတို့အားလုံးသည် တန်ခိုးရှင်ဘုရင်အဆင့်များ ဖြစ်ကြသော်ငြား အကုန်လုံးသည် ပထမအဆင့်များသာ ဖြစ်ကြပြီး ဒုတိယအဆင့်သည် သူတို့နှင့် လုံးဝ အလှမ်းကွာနေသေးသည်။ တတိယအဆင့် ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။

လော့ဟိုင် ကြယ်စွမ်းအင်ကို ဆင့်ခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် တောင်စိမ်းကြယ်၏ မိုးမြေစွမ်းအင် အရှိန်အဝါ အားနည်းသွားခဲ့၏။ အရမ်းကြီး မသိသာသော်ငြား အားနည်းသွားသည်မှာတော့ အမှန် ဖြစ်သည်။

ဤသည်မှာ ကြယ်စွမ်းအင်ကို အသုံးပြုခြင်း၏ အကျိုးဆက် ဖြစ်သည်။

ရှေးခေတ်အခါက ကြယ်စွမ်းအင်ကို သုံးချင်တိုင်းသုံးပြီး တိုက်ခိုက်ခဲ့သည့် ကြယ်သခင်နှစ်ဦး ရှိခဲ့ဖူးသည်ဟု ဆိုကြသည်။ အကျိုးဆက် အနေဖြင့် နှစ်ဦးစလုံး သေသွားခဲ့ပြီး သူတို့၏ ကြယ်အသီးသီးမှာလည်း နေချင်စဖွယ် ကောင်းလှသော မိုးမြေစွမ်းအင် သိပ်သည်းလှသည့် သုခဘုံကြီးမှ ကျင့်ကြံသူများ နေထိုင်ရန် မသင့်လျော်သော အရိုင်းဆန်သည့် ကြယ်သေကြီးများ ဖြစ်သွားကြသည်ဟု ကောလဟာလများ ရှိခဲ့ဖူးသည်။

ကြယ်စွမ်းအင်၏ အထောက်အပံ့ကို ရပြီးသည်နှင့် လော့ဟိုင်သည် သူ့ပါးစပ်ရှေ့တွင် စွမ်းအင်အလင်းတန်း တစ်ခုကို စုစည်းလျက် ရန်ကိုင် ထွက်ပြေးနေသည့် ဘက်ဆီသို့ ထွေးထုတ်လိုက်၏။

တစ်ချိန်တည်းတွင် မိုင်တစ်သောင်းအကွာ၌ ရှိနေသာ ရန်ကိုင်၏ ခေါင်းထဲ မရဏ အချက်ပေး ခေါင်းလောင်သံများ အဆက်မပြတ် ဆူညံသွားခဲ့သည်။

လော့ဟိုင် ဘာဖြစ်သွားလဲ သူမသိသော်ငြား လော့ဟိုင် တကယ် ဒေါသထွက်နေပြီမှန်းတော့ သူသိသည်။ ထို့ကြောင့် နည်းနည်းလေးမှ တုန့်ဆိုင်းမနေရဲဘဲ ဟင်းလင်းပြင်ကို အလျင်အမြန် ဆုတ်ဖြဲလိုက်၏။

ယခင်က ဟင်းလင်းပြင်ကို ဆုတ်ဖြဲသည့် အချိန်တိုင်း ချောချောမွေ့မွေ့ ရှိခဲ့သော်ငြား ယခုတစ်ကြိမ်တွင်တော့ ထိုကဲ့သို့ မဟုတ်တော့ချေ။ သူ့ရှေ့ရှိ ဟင်းလင်းပြင်သည် တစ်စုံတစ်ခု၏ ချိတ်ပိတ်ထားခြင်း ခံလိုက်ရသည်အလား၊ ရန်ကိုင် မည်သို့ပင် ကြိုးစားပါစေ မီတာဝက်သာရှိသော အက်ကွဲကြောင်းကိုသာ ဖန်တီးနိုင်ခဲ့လေသည်။

ရွှစ်… ရွှစ်.. ရွှစ်…

တရွှစ်ရွှစ် မြည်သံများနှင့်အတူ အဖြူရောင် အလင်းတန်းတစ်ခု ပေါ်လာသည်ကို ရန်ကိုင် မြင်လိုက်ရသည်။ အလင်းတန်း သူ့နား မရောက်သေးသည့်တိုင် သူ့တစ်ကိုယ်လုံး အလွန်ပြင်းထန်သော သိပ်သည်းလှသည့် သတ်ဖြတ်စိတ်တို့ ရစ်သိုင်းနေသာ နှင်းမုန်တိုင်း တစ်ခုထဲသို့ ရောက်သွားသလို ခံစားလိုက်ရသည်။ အလွန် ထက်ရှသော လေဓါးသွားများသည် သူ့အရေပြားကို တတိတိ ဖြတ်တောက်နေသလိုလည်း ခံစားလိုက်ရ၏။

မကောင်းတော့ဘူး အလင်းတန်း နီးကပ်လာသည်ကို မြင်သော် ရန်ကိုင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့၏။ ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ မရတော့သဖြင့် သူတော်စင်ချီကို အသည်းအသန်ကို လှည့်ပတ်၍သာ ထွက်ပြေးရတော့၏။

သူလှုပ်ရှားလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် အဖြူရောင် အလင်းတန်းသည် ရန်ကိုင် ရှိနေသည့် နေရာကို ဖြတ်တောက်သွားခဲ့ပြီး ဟင်းလင်းပြင် အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

လော့ဟိုင်သည် လေဟာနယ်တာအိုနှင့် ပက်သက်၍ ဘာမှ နားမလည်သော်ငြား သူ့တိုက်ခိုက်မှုသည် အားကောင်းလွန်းသဖြင့် ဟင်းလင်းပြင်ပင် အက်ကွဲသွားခဲ့ရ၏။ ရန်ကိုင်မှာ အချိန်မှီ ထွက်ပြေးလိုက်နိုင်သဖြင့် ကပ်သီသီလေး လွတ်သွားခဲ့ရသည်။ သို့သော်လည်း အလင်းတန်း ပေါက်ကွဲရာမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းအချို့၏ ထိမှန်ခြင်း ခံလိုက်ရပေသေးသည်။

နောက်ဆက်တွဲ စွမ်းအားလှိုင်းအချို့သာ ဖြစ်သော်လည်း ထိုစွမ်းအားလှိုင်းကြောင့် ရန်ကိုင် တစ်ကိုယ်လုံး အပေါက်ငယ်လေးများဖြင့် ပြည့်နှက်သွားပြီး သူ့တစ်ကိုယ်လုံး ရွှေရောင်သွေးများဖြင့် ရွှဲရွှဲစိုသွားရသည်။

နောက်ဆက်တွဲ စွမ်းအားလှိုင်းပင် သူ့အား ဤသို့ဖြစ်အောင် လုပ်နိုင်လျှင် အလင်းတန်းသာ သူ့တည့်တည့်သို့ လာမှန်ပါက သူတစ်ကိုယ်လုံး တစ်ခါတည်း အငွေ့ပျံသွားပေလိမ့်မည်။

ထိုအကြောင်းကို တွေးလိုက်မိသည့်အခိုက် ရန်ကိုင် မျက်နှာ ဖြူတ်လျော်သွားခဲ့လေသည်။ သို့သော်လည်း အန္တရာယ်ကြီးသည် သူ့နောက်တွင် ရှိနေသေးသဖြင့် ဒဏ်ရာမျာကို စစ်ဆေးနေချိန် မရှိဘဲ သူတော်စင်ချီဖြင့် ဒဏ်ရာများကို ဖိနှိပ်ထားပြီးတော့သာ ဟင်းလင်းပြင်ကို ထပ်မံ ဆုတ်ဖြဲလိုက်ရသည်။

ရန်ကိုင် ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး ထိုထဲသို့ ဝင်သွားပြီးပြီးချင်းမှာပဲ လော့ဟိုင် ရောက်လာခဲ့သည်။

“ဒီတစ်ကြိမ် မင်းဘယ်လိုပြေးမလဲ ကြည့်ရသေးတာပေါ့” လော့ဟိုင် အလွန်ကိုမှ ဒေါသထွက်စိတ်ညစ်နေသော်ငြား ကြယ်စွမ်းအားကို သုံးပြီးသည့်တိုင် ရန်ကိုင်ကို မသတ်နိုင်သေးသဖြင့် အနည်းငယ်တော့ အံ့အားသင့်နေမိ၏။ ထို့ကြောင့် ယခင်ထက်လည်း ပို၍ ဒေါသထွက်လာခဲ့ရတော့သည်။

ဤသို့ဖြင့် တစ်ယောက်မှ ပြေး၊ တစ်ယောက်မှ လိုက်ဟူသော သံသရာစက်ကွင်း တစ်ပတ် ပြန်လည်လာပြန်လေ၏။ သို့သော် ယခင်နှင့် မတူသည်ကား ယခုတစ်ကြိမ်တွင် ရန်ကိုင်သည့် သူ့စွမ်းအားကုန်ထုတ်သုံး၍ ထွက်ပြေးနေခြင်း ဖြစ်သည်။

လော့ဟိုင် အလွန် ဒေါသထွက်နေသည်ကို မြင်သော် အစောပိုင်းက လော့ဟိုင် အသုံးပြုလိုက်သော စွမ်းအားသော ဒဏ္ဏာရီလာ ကြယ်စွမ်းအင် ဖြစ်လိမ့်မည်ဟု ရန်ကိုင် ခန့်မှန်းမိသွား၏။

ငါ့ကို သတ်ဖို့ ကြယ်စွမ်းအင်ကိုတောင် ထုတ်သုံးနေတာပဲ။ ဒီခွေးအိုကြီးတော့ကွာ… ကြယ်စွမ်းအားကို အသုံးပြုလျှင် ကြုံတွေ့ရမည့် အကျိုးဆက်များကို သိလျက်နှင့်ပင် သူ့အား သတ်ရန်အတွက်လေးနှင့် ကြယ်စွမ်အားကို ထုတ်သုံးသော လော့ဟိုင်၏ အပြုအမူကိုကြည့်ရင်း ရန်ကိုင်စိတ်ထဲ ကြိတ်၍ ကျိန်ဆဲနေလိုက်လေသည်။

သူအပြေးမြန်သွားခဲ့လို့သာပေါ့… မဟုတ်သာ မဟုတ်လျှင်တော့…

ကြယ်စွမ်းအင်၏ အထောက်အပံ့ ရထားသော လော့ဟိုင်သည် အစောပိုင်းက လော့ဟိုင်ထက် အများကြီး ပိုအားကောင်းနေလေပြီ။ သူသာ စိတ်စွမ်းအင် ကုန်သွားသည်နှင့် လုံးဝကို သေတွင်းထဲ ရောက်သွားပေလိမ့်မည်။

ကမ္ဘာငယ်လေး အကြောင်းကိုလည်း တစ်ဖက်လူ သိနေပြီ ဖြစ်နေသဖြင့် ထိုနည်းလမ်းဖြင့် လော့ဟိုင်ကို နောက်တစ်ကြိမ် ထပ်လှည့်စား၍ မရလောက်တော့။

ယခု သူ့တွင် ရွေးစရာတစ်ခုသာ ရှိတော့သည်။

ကျင့်ကြံရေးကြယ်တစ်လုံး အမြန်ရှာရန်ပင်။

ကျင့်ကြံရေးကြယ်ဆိုလျှင် ထိုကြယ်ပေါ်တွင် မရေမတွက်နိုင်သော သက်ရှိများစွာ ရှိနေသည့်အတွက် လော့ဟိုင်အနေဖြင့် ကြယ်သခင် တစ်ဦးဖြစ်လျှင်ပင် သူလုပ်ချင်တိုင်း လုပ်လို့ ရလိမ့်မည် မဟုတ်ချေ။ ကျင့်ကြံရေးကြယ်တစ်လုံးပေါ်သို့ ရောက်မှသာ ကမ္ဘာငယ်လေးထဲ ထပ်ဝင်ပုန်းနိုင်ပေလိမ့်မည်။

ထို့ကြောင့် ထွက်ပြေးနေရင်း သူ့အသိစိတ်ကို အသိစိတ် ပင်လယ်ထဲသို့ ပို့လွှတ်လိုက်၏။ ထို့နောက် ကြယ်မြေပုံကို ကြည့်၍ သူနှင့် အနီးဆုံး ကျင့်ကြံရေးကြယ်ကို လိုက်ရှာတော့၏။

ခဏအကြာတွင် ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး အသိစိတ်ပင်လယ်ထဲမှ ပြန်ထွက်၍ ချက်ချင်းပဲ လမ်းကြောင်းပြောင်းကာ ထွက်ပြေးတော့၏။

သူ့ရှေ့တွင် အာကာသမုန်တိုင်းတစ်ခု ရှိနေခဲ့သည်။ သို့သော်လည်း လက်ရှိသူ့စွမ်းအားအရ ထိုမျှလောက်သော အရာကို ဘာကြောင့် ကြောက်နေရမည်နည်း။ ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီကို အသက်သွင်းလျက် အာကာသမုန်တိုင်းကို တိုက်ရိုက် ဖြတ်ကျော်သွားလေသည်။

တန်ခိုးရှင်ဘုရင်အဆင့်ဖြစ်သော လော့ဟိုင်သည်လည်း ထိုမျှလောက်သော အာကာသမုန်တိုင်းကို မှုမနေခဲ့ချေ။ ပါးစပ်ရှေ့တွင် အဖြူရောင်အလင်းတန်း တစ်ခုကို စုဝေး၍ မုန်တိုင်းထဲသို့ ပစ်ထည့်လိုက်ရာ မုန်တိုင်းတစ်ခုလုံး ပရမ်းပတာ ဖြစ်ကာ အလိုလို နှစ်ခြမ်းကွဲထွက်သွားခဲ့လေသည်။ ဤသို့ဖြင့် လော့ဟိုင်သည် အဖြူရောင်အလင်းတန်းများကို တောက်လျှောက် ပစ်လွှတ်ရင်း အာကာသမုန်တိုင်းကို ဖြတ်ကျော်လေ၏။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်တွင် အာကာသမုန်တိုင်းထဲမှ လော့ဟိုင် ပြန်ထွက်လာခဲ့သည်။

သို့သော် ရန်ကိုင်ကိုတော့ အစအနပင် မတွေ့ရတော့ချေ။

“ဒီခွေးကောင်တော့ကွာ” လော့ဟိုင် အလွန်ကိုမှ ဒေါသပုန်ထနေခဲ့သည်။ ထို့နောက် သူရှိနေရာမှ မိုင်သိန်းဂဏန်း အကွာခန့်တွင် ကြယ်တစ်လုံး ရှိနေသည်ကို သတိပြုမိလိုက်၏။ မျက်လုံးမှေးစဉ်းလျက် “ဒီတော့ မင်းက အဲ့မှာ ပုန်းချင်နေတာပေါ့။ မင်းဘယ်လောက် ပုန်းနိုင်မလဲ ဒီဘုရင် ကြည့်ရသေးတာပေါ့”

ကျင့်ကြံရေးကြယ်ကို မြင်လိုက်သည်နှင့် ရန်ကိုင် ဘာလုပ်ချင်နေလဲ လော့ဟိုင် ချက်ချင်း ခန့်မှန်းမိသွားသည်။ ရန်ကိုင်သာ ထိုကြယ်တွင် ပုန်းနေလျှင် လော့ဟိုင် အနေဖြင့် ရန်ကိုင်အား အလွယ်တကူ ရှာနိုင်တော့လိမ့်မည် မဟုတ်ပေ။

ကျင့်ကြံရေးကြယ်များသည် ကြယ်သေများနှင့် မတူချေ။ ကြယ်သေများကို ကိုယ်ဖျက်စီးချင်သလို ဖျက်စီး၍ ရသော်ငြား ကျင့်ကြံရေးကြယ်ကိုတော့ ထိုကဲ့သို့ သွားလုပ်၍ မရချေ။ ကျင့်ကြံရေးကြယ်တစ်လုံးကိုသာ သွားဖျက်စီးလိုက်လျှင် ကြယ်စီရင်စုတစ်ခုလုံး၏ ဘုံရန်သူ ဖြစ်လာပေလိမ့်မည်။ လော့ဟိုင်သာ ကျင့်ကြံရေးကြယ်တစ်လုံးကို သွားဖျက်စီးလိုက်ပါက သူသည် တောင်စိမ်းကြယ်၏ ကြယ်သခင် ဖြစ်နေလျှင်ပင် မုချ သေရပေလိမ့်မည်။

ကျင့်ကြံရေးကို မဖျက်စီးပစ်ပြန်လျှင်လည်း ရန်ကိုင်ကို ရှာဖို့သည် ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလို ဖြစ်နေပေလိမ့်မည်။ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်ဖြစ်သည့် လော့ဟိုင်ပင်လျှင် ထိုကိစ္စနှင့် ပက်သက်၍ ဘာမှမတတ်နိုင်ချေ။ ရန်ကိုင် ပုန်းနေသည့် ကြယ်သည် တောင်စိမ်းကြယ် မဟုတ်သည့်အတွက် သူ့အနေဖြင့် ကြယ်စွမ်းအားကိုသုံး၍ ကြယ်တစ်ခုလုံးကို မစစ်ဆေးနိုင်ပေ။

“ဒါလှိုင်းနီကြယ်လား” ကျင့်ကြံကြယ်နှင့် မိုင်တစ်သိန်း အကွာခန့်သို့ ရောက်လာပြီး ကြယ်တစ်လုံးလုံးကို စစ်ဆေး ကြည့်ရှုလိုက်ပြီးနောက် လော့ဟိုင်က ရေရွတ်လိုက်၏။ ထို့နောက် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “ဒီရောက်မှတော့ ဟိုတစ္ဆေအိုကြီး ချီဟွော့ကိုပါ တစ်ခါတည်း သွားတွေ့ရတာပေါ့”

ပြောပြီးသည်နှင့် တစ်ခုသောဘက်သို့ ပျံသန်းသွားလေသည်။

လွင်တီးခေါင်ပြင် တောင်တစ်လုံး၏ အောက်ခြေတွင် မြောက်မှ တောင်သို့ စီးဆင်းနေသော မြစ်တစ်စင်း ရှိနေခဲ့သည်။ ထိုမြစ်၏ အောက်ခြေတွင် ကမ္ဘာငယ်လေး တည်ရှိနေခဲ့သည်။

ထိုတောင်ကို တောင်ပြာဟုခေါ်ပြီး မြစ်ကို မြစ်ပြာဟု ခေါ်ကြ၏။

အာကာသမုန်တိုင်းကို ဖြတ်ကျော်လာပြီးနောက်တွင် ရန်ကိုင် အနေဖြင့် လော့ဟိုင်၏ ကောင်းကင်စိတ်အာရုံ စက်ကွင်းမှ တစ်ခဏတာ လွတ်မြောက်နိုင်ခဲ့သည်။ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူလျက် ရန်ကိုင်သည် ဤကျင့်ကြံရေးကြယ်ဆီသို့ အမြန် ပြေးလာပြီး နည်းနည်းခေါင်သည့် နေရာတစ်ခုရှာကာ ကမ္ဘာငယ်လေးကို ထုတ်ပြီး ထိုထဲသို့ ဝင်ပုန်းနေလိုက်၏။

ဤကျင့်ကြံရေးကြယ်ပေါ်တွင် လော့ဟိုင် သူစိတ်တိုင်းကျ မလှုပ်ရှားရဲလောက်ဟု ရန်ကိုင် ထင်သည်။

ကမ္ဘာငယ်လေးထဲရှိ၊ အိမ်တစ်လုံး၏ ဒုတိယထပ်တွင်၊ ရန်ကိုင်၏ အခြေအနေ ပထမတစ်ခေါက်ထပ် ပိုဆိုးရွားလာသည်ကို မြင်သည့်နောက် ရှနင်းချန်၏ မျက်ဝန်းလေးများဆီမှ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျဆင်းလာတော့သည်။

ပထမတစ်ကြိမ်နှင့်စာလျှင် ယခုတစ်ကြိမ်သည် အများကြီး ပိုဆိုးပေသည်။ ပထမတစ်ကြိမ်က စိတ်စွမ်းအင် ကုန်သွားခြင်းသာ ဖြစ်သော်ငြား ယခုတစ်ကြိမ်တွင်မူ သူ့တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်လာခဲ့၏။ ထို့အပြင် စွမ်အင်တစ်မျိုးသည် ထိုဒဏ်ရာများမှတစ်ဆင့် ရန်ကိုင်၏ ခန္ဓာကိုယ်ကို ဖျက်စီးရန် ကြိုးစားနေသည်ကိုလည်း သူမ သတိပြုမိလိုက်၏။

ရန်ကိုင် မျက်နှာသည်လည်း စက္ကူဖြူတစ်ရွက်နှယ် ဖြူလျော်နေခဲ့လေပြီ။

“စိတ်မပူနဲ့။ ကျွန်တော် ခဏလောက် နားလိုက်ရင် ပြန်ကောင်းသွားလိမ့်မယ်” ရှနင်းချန် ငိုနေသည်ကို မြင်သော် ရန်ကိုင်လည်း နှစ်သိမ့်ပေးရတော့လေသည်။ သို့သော် သူ့တွင် အချိန်အများကြီး ရှိမနေသဖြင့် အလျင်အမြန် ထိုင်၍ ဒဏ်ရာများကို ကုစားတော့လေသည်။

ရှနင်းချန်သည် အလိုက်သိစွာ ရန်ကိုင်နားမှ ထွက်သွားပေးလိုက်၏။

အစက ရန်ကိုင်ကို ရပ်စောင့်ပေးရန် လုပ်သော်ငြား ထိုသို့ မလုပ်တော့ဘဲ ဆေးပင်များကို ထုတ်၍သာ စတင် ဆေးဖော်စပ်တော့လေသည်။

သူမစိတ်ထဲ ‘ငါဘာလို့ ဒီလောက်တောင် အားနည်းရတာလဲ။ ငါသာ ပိုအားကောင်းခဲ့ရင် ဂျူနီယာမောင်လေးကို ကူညီနိုင်မှာ’ ဟူသည့် အတွေးများ တောက်လျှောက် ထွက်ပေါ်လာခဲ့သည်။ ဂျူနီယာ မောင်လေးကို မကူညီနိုင်သည့် သူမကိုယ်သူမပင် မုန်းမိလာသည်။

ထုန်းရွှမ်လောကကြီးတွင် ရှိစဉ် အရာရာကို သူမ၏ စွမ်းအားဖြင့် ဖိနှိပ်နိုင်သည့်အတွက် ဘာမှပြဿနာ မရှိခဲ့ချေ။

သို့သော်လည်း ရန်ကိုင်မှ သူမအား ဤကျယ်ပြောလှသည့် လောကကြီးထဲသို့ ခေါ်ထုတ်လာခဲ့သည့် အချိန်မှစ၍ သူမကိုယ်သူမ မည်မျှ အားနည်းကြောင်း နားလည်သွားခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၂၅)

ကမ္ဘာငယ်လေးထဲတွင် ရှိနေသည့် ကျင့်ကြံသူအများစုသည် တံခါးပိတ်ကျင့်ကြံနေကြသဖြင့် ရန်ကိုင် ရောက်လာသည်ကို မည်သူမှ သေချာမသိလိုက်ကြပေ။

ရန်ကိုင်သည် တင်ပလင်ခွေထိုင်လျက် ဆေးလုံးများကို မော့သောက်လိုက်ပြီး သူတော်စင်ချီကို လှည့်ပတ်၍ သူ့ခန္ဓာကိုယ်အား တိုက်စားနေသည့် ချီများကို စတင် တိုက်ထုတ်တော့သည်။

ထိုချီစွမ်းအင်ထဲတွင် လော့ဟိုင်၏ နယ်ပယ်စွမ်းအားများ ပါဝင်နေခဲ့ပေသည်။ ရန်ကိုင်၏ ခန္ဓာကိုယ် ပုံမှန်ထက် ပိုပြီး အားကောင်းနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုချီများကြောင့် သူ့ခန္ဓာကိုယ် တစ်စစီ ဖြစ်နေလောက်ပေပြီ။

သို့သော်လည်း မကြာမီ ရန်ကိုင် စိတ်ညစ်သွားခဲ့ရလေသည်။

ပုံမှန်အားဖြင့် သူ့သူတော်စင်ချီသည် အဆင့်တူ ကျင့်ကြံသူများ၏ သူတော်စင်ချီထက်ကို အပြတ်အသတ် သာလွန်သော်လည်း ထိုချီစွမ်းအင်များနှင့် အတွေ့နှင့် လုံးဝ ကူကယ်ရာမဲ့နေခဲ့ရသည်။ သူ့သူတော်စင်ချီကို လှည့်ပတ်၍ ထိုချီများကို တိုက်ထုတ်ရန် ကြိုးစားလိုက်သော်ငြား သူ့သူတော်စင်ချီသာ ထိုချီစွမ်းအင်များ၏ ဖျက်စီးခြင်း ခံလိုက်ရ၏။

သို့သော်ငြား ရန်ကိုင်သည် စိတ်ဓါတ်ကျသွားခြင်း မရှိဘဲ ထိုချီစွမ်းအင်များကို တဖြည်းဖြည်း အားနည်းသွားအောင် စတင် ကြိုးစားတော့သည်။

ဤသို့ဖြင့် မျက်တောင်တစ်ခတ်အတွင်း ဆယ်ရက် ကုန်သွားခဲ့၏။

သို့သော်လည်း ထိုဆယ်ရက်အတွင်း ဘာမှ အကျိုးမထူးခဲ့ချေ။ သူ့ကိုယ်ထဲတွင် ကိန်းအောင်းနေသော လော့ဟိုင်၏ချီများကို မတိုက်ထုတ်နိုင်ခဲ့ရုံမက သူ့သူတော်စင်ချီများစွာပင် အဆစ် ဆုံးရှုံးလိုက်ရသေး၏။

အဆင့်ကြီးတစ်ဆင့် ခြားနေလေသဖြင့် ရန်ကိုင်၏ သူတော်စင်ချီသည် နယ်ပယ်စွမ်းအားတို့ ကိန်းအောင်းနေသော လော့ဟိုင်၏ သူတော်စင်ချီကို မည်သို့မှ မယှဉ်နိုင်ခဲ့ပေ။

အလုပ်မဖြစ်သည့် အဆုံးတွင် ရန်ကိုင်လည်း ထိုအကျိုးမရှိသည့် နည်းလမ်းအတိုင်း ဆက်သွားမနေတော့ဘဲ အခြားနည်းလမ်း တစ်မျိုး ပြောင်းစဉ်းစားတော့လေသည်။

ထိုချီစွမ်းအင်အပေါ် သူတော်စင်ချီနှင့် အလုပ်မဖြစ်လျှင် အခြားသော စွမ်းအင်များနှင့် ဆိုလျှင်ကော။

လက်ရှိတွင် ရန်ကိုင်သည် လေဟာနယ်စွမ်းအားနှင့် ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီကို ကျွမ်းကျင်ထား၏။ ပထမဆုံး လေဟာနယ်စွမ်းအားနှင့် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ရန်ကိုင်သည် လေဟာနယ်စွမ်အားကို သိပ်သည်းစေလျက် ထိုချီစွမ်းအင်များကို ရစ်ပတ်ရန် ကြိုးစားလိုက်သည်။ ရန်ကိုင့် လေဟာနယ်စွမ်းအား၏ အန္တရာယ်ကို သတိပြုမိလိုက်သည်နှင့် ထိုချီစွမ်းအင်များသည် ချက်ချင်း တန်ပြန်တိုက်ခိုက်တော့သည်။ အဆုံးတွင် လေဟာနယ်စွမ်းအင် ပျက်စီးသွားခဲ့ရလေသည်။ သို့သော်ငြား လေဟာနယ်စွမ်းအင်ကို ဖျက်စီးနိုင်ရန်အတွက် ထိုချီစွမ်းအင်များ ယူခဲ့ရသည့် အချိန်သည် သူတော်စင်ချီကို ဖျက်စီးနိုင်ရန်အတွက် ယူခဲ့ရသည့်အချိန်ထက် အများကြီး ပိုကြာာကြောင်း ရန်ကိုင် သတိပြုမိလိုက်သည်။

အလုပ်ဖြစ်တယ် ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားပြီး လေဟာနယ်စွမ်းအင်ကို သေချာသတိထား ထုတ်လွှတ်လိုက်၏။

ခဏအကြာတွင် သူ့လေဟာနယ်စွမ်းအင်ဖြင့် သူ့ကိုယ်ထဲသို့ ရောက်နေသော ပြင်ပချီစွမ်းအင် တစ်မျှင်ကို ရစ်ပတ်လိုက်နိုင်၏။ ယခုတစ်ကြိမ်တွင်တော့ ထိုချီစွမ်းအင်အမျှင်တန်း မည်သို့ပင် ရုန်းကန်တန်ပြန် တိုက်ခိုက်နေစေကာမူ လေဟာနယ်စွမ်းအင်ကို မဖျက်စီးနိုင်ခဲ့ပေ။ ရစ်ပတ်ပြီးသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် လေဟာနယ်စွမ်းအားမှတစ်ဆင့် ထိုချီစွမ်းအင် အမျှင်တန်းကို သူ့ခန္ဓာကိုယ် အပြင်ဘက်သို့‌ ရွှေ့ပြောင်းလိုက်၏။

အပြင်ဘက်သို့ ရောက်သည်နှင့် လေဟာနယ်စွမ်းအား ပျောက်ကွယ်သွားပြီး ချီစွမ်းအင်သည်လည်း လူးလွန့်လျက် အပေါ်သို့ ပျံတက်သွားခဲ့လေသည်။ အကျိုးဆက်အနေဖြင့် ချီစွမ်းအင်၏ တိုက်စားမှုကြောင့် ခေါင်းမိုပေါ်တွင် အပေါက် တစ်ပေါက် ဖြစ်ပေါ်လာခဲ့ရ၏။

ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် သက်ပြင်းတစ်ချက် ချလိုက်၏။ ကံမကောင်းစွာဖြင့် လေဟာနယ်စွမ်းအားမှာ အလုပ် ဖြစ်သွားခဲ့သော်ငြား ဤနည်းလမ်းသည် လက်ရှိ သူ့ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်များကို ထုတ်ပစ်ရန် သုံးလို့ကောင်းသည့် နည်းလမ်း တစ်ခု ဟုတ်မနေခဲ့ချေ။

သူ့ကိုယ်ထဲတွင် ချီစွမ်းအင် အမျှင်တန်းလေးများ သောင်းနှင့်ချီအောင် ရှိနေလေရာ လေဟာနယ်စွမ်းအားဖြင့်သာ တစ်မျှင်ချင်း ထိုင်ထုတ်ပစ်နေရမည် ဆိုပါက သုံးနှစ်သုံးမိုး ကြာသွားပေလိမ့်မည်။

လေဟာနယ်စွမ်းအား သုံး၍ မဖြစ်နိုင်သေးသဖြင့် ရန်ကိုင်သည် ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီဘက်သို့ လှည့်လိုက်၏။

ဒြပ်ကြီငါးပါး အကြွင်းမဲ့ဓါးချီထဲမှ တိုက်ခိုက်ရေးဘက် ရောက်သော ချီနှစ်မျိုးဖြစ်သည့် သတ္တုချီနှင့် မီးချီကို အသက်သွင်းလျက် ရန်ကိုင်သည် လော့ဟိုင်၏ ချီစွမ်းအင်ကို စတင် ဖျက်စီးတော့၏။

ရွှေရောင်နှင့် အနီရောင် ချီစွမ်းအင်များသည် ရန်ကိုင်၏ ဒဏ်ရာများ တစ်လျှောက် လူးလွန့်သွားလာနေရင်း လော့ဟိုင်၏ ချီစွမ်းအင်များကို တိုက်ခိုက်နေခဲ့သည်။

လော့ဟိုင်၏ချီတွင် အသိစိတ်မရှိသော်ငြား အန္တရာယ်နှင့် ကြုံလာရသည့်အခါ သူ့အလိုလို တန်ပြန်တိုက်ခိုက်ကြလေ၏။

လေဟာနယ်စွမ်းအင်ပင် မနည်းချုပ်နှောင်ခဲ့ရသော လော့ဟိုင်၏ ချီစွမ်းအင်အမျှင်များသည် သတ္တုနှင့် မီးချီနှင့် အတွေ့တွင် အသက် သုံးရှိုက်စာသာ တောင်ခံနိုင်ပြီး ပျက်စီးသွားခဲ့ရလေသည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် ဝမ်းသာသွားခဲ့သည်။

ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီသည် လော့ဟိုင်၏ ချီစွမ်းအင်ကို ဖျက်စီးရာတွင် အလွန် ထိရောက်မှုရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထိုသို့ဖြစ်ရသည်မှာလည်း သူ့အကြောင်းနှင့်သူတော့ ရှိပေ၏။ လေဟာနယ်စွမ်းအားသည် ကျယ်ပြန့်ပြီး နက်နဲသော်ငြား လော့ဟိုင်၏ ချီစွမ်းအင်သည် အသွင်ပြောင်းဓါးချီတစ်မျိုး ဖြစ်၏။ ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီသည်လည်း ဓါးချီတစ်မျိုးသာ ဖြစ်သည့်အတွက် လော့ဟိုင်၏ ချီစွမ်းအင်ကို လေဟာနယ် စွမ်းအင်ထက် ပို၍ မြန်မြန် ဖျက်စီးနိုင်သည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။

မျှော်လင့်ချက် ရောင်ခြည်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီကို သုံး၍ လော့ဟိုင်၏ ချီစွမ်းအင်ကို စတင် ဖျက်စီးပစ်တော့သည်။ သို့သော် ယခု တစ်ကြိမ်တွင်မူ သတ္တုနှင့် မီးချီကိုသာ မဟုတ်ဘဲ ရေချီ၊ သစ်သားချီနှင့် မြေဓါတ်ချီတို့ကိုပါ ထည့်သွင်း အသုံးပြုလေ၏။ အကျိုးဆက်အနေဖြင့် နှစ်မျိုးတည်း အသုံးပြုခြင်းထက် ငါးမျိုး အသုံးပြုခြင်းသည် ပို၍ ထိရောက်မှုရှိသည်ကို ထပ်မံ တွေ့ရှိလိုက်ရလေသည်။

ထိုအခါ ရန်ကိုင်သည် ဘာမှ ဆက်စဉ်းစားမနေတော့ဘဲ ဒြပ်ကြီးငါးပါး ရတနာများကိုထုတ်၍ သူ့ပတ်ပတ်လည် အစီအစဉ်တကျ နေရာချကာ အစီအရင်တစ်ခု ခင်းကျင်း၍ လော့ဟိုင်၏ ချီစွမ်းအင်ကို ဖျက်စီးရင်း ဒြပ်ကြီးငါးပါး အကြွင်းမဲ့ ဓါးခန္ဓာကျင့်စဉ်ကို စတင် ကျင့်ကြံတော့လေသည်။

အချိန်သည် ဤသို့ဖြင့် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့ရာ မျက်တောင်တစ်ခတ်အတွင်း သုံးလ ကုန်ဆုံးသွားခဲ့သည်။

နောက်ဆုံးတွင် သူ့ကိုယ်ထဲ၌ ရှိနေသော လော့ဟိုင်၏ ချီစွမ်းအင်များကို ဖျက်စီးပစ်လိုက်နိုင်သလို ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီမှာ သိသိသာသာ တိုးတက်လာသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။

သူ့ရတနာများလည်း အတော်လေး ကုန်ခမ်းသွားခဲ့ရသည်။ နေမီးလျှံအမြူတေကတော့ ပြဿနာ မရှိသေးချေ။ တောက်လျှောက် သုံးထားသည့်တိုင် နေမီးလျှံ အမြူတေ၏ အရွယ်အစားများ ဘာမှ သိပ်မပြောင်းသွား။

ယင်နေကြာရေစင်နှင့် ဒြပ်ပြယ်သဲတို့မှာတော့ တစ်ဝက်လောက်သာ ကျန်တော့ပြီး ဆန်းယင်ရွှေဆိုလျှင် ကလေးလက်ဝါး အရွယ်လောက်သာ ကျန်နေတော့၏။ မိုးကြိုးသားသစ်သား ဆိုလျှင်တော့ ဘယ်လောက်မှ သိပ်ခံတော့မည့်ပုံမပေါ်။

သူနောက်ထပ် ရတနာများ ထပ်ရှာရတော့မည်ပုံပင်။ နေမီးလျှံ အမြူတေမှလွဲ၍ ကျန်ရတနာများအတွက် အစားထိုး ရတနာများ ရှာရပေတော့မည်။ မဟုတ်လျှင် ထိုရတနာလေးခုသာ ကုန်သွားသည်နှင့် တစ်ပြိုင်နက် ဒြပ်ကြီးငါးပါး အကြွင်းမဲ့ ဓါးခန္ဓာကျင့်စဉ်ကို သူဆက်ကျင့်ကြံလို့ ရတော့မည် မဟုတ်ပေ။

ထိုကဲ့သို့ စဉ်းစားမိသည့်နောက် ရန်ကိုင်သည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို သေချာ စစ်ဆေးကြည့်လိုက်၏။

လော့ဟိုင်၏ ချီစွမ်းအင်ကို လုံးဝ ရှင်းထုတ်လိုက်ပြီ ဖြစ်သလို သူ့ဒဏ်ရာအားလုံးမှာလည်း အကြမ်းဖျင်းအားဖြင့် ပျောက်ကင်းသွားပြီဟု ပြော၍ရသည်။ ထို့အပြင် သေရေးရှင်ရေး အခြေအနေနှင့် ကြုံတွေ့ရပြီးနောက် သူ့ကျင့်ကြံခြင်းမှာလည်း တိုးတက်လာခဲ့ရာ ယခုဆိုလျှင် တန်ခိုးရှင်တတိယအဆင့်သို့ ချိုးဖျက်ဖို့အရေးနှင့် သိပ်ပင် မဝေးတော့ပေ။

အမှန်တကယ်ပြောရလျှင် သူသာ အဆင့်ချိုးဖျက်ချင်လျှင် သွေးအကျဉ်းထောင်ထဲတွင် ရှိနေစဉ်ကတည်းက တန်ခိုးရှင် တတိယအဆင့်သို့ ချိုးဖျက်လိုက်၍ ရပေသည်။ တန်ခိုးရှင် ဒုတိယအဆင့်သို့ အဆင့်တက်ထားသည်မှာ မကြာသေးသည့် အတွက် သူ့ကျင့်ကြံခြင်း မတည်မငြိမ် ဖြစ်မှာ စိုးသည့် အတွက်ကြောင့်သာ နောက်တစ်ဆင့်သို့ ထပ်မတက်သေးခြင်း ဖြစ်သည်။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သော် ဆေးဖော်စပ်နေသော ရှနင်းချန်ကို တွေ့လိုက်ရသည်။ တောက်လျှောက် မနားဘဲ ဆေးချည်းပဲ ဖော်စပ်နေသည့် အတွက်ကြောင့်လားမသိ၊ ရှနင်းချန်၏ မျက်လုံးများသည် အနည်းငယ်ပင် သွေးရောင် သန်းနေခဲ့လေသည်။

ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် သက်ပြင်းချမိလိုက်ပြီး သူပြန်ကောင်းသွားပြီ ဖြစ်ကြောင်း သူမအား ကောင်းကင် စိတ်အာရုံမှတစ်ဆင့် အသိပေးလိုက်၏။ ရှနင်းချန်၏ တည်ကြည့်နေသော မျက်နှာလေးထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေသည်။

သို့သော်လည်း ရန်ကိုင်သည် အပြင်မထွက်သေးဘဲ အိမ်ထဲတွင်သာ ဆက်နေသေး၏။

လော့ဟိုင်လက်မှ ထွက်ပြေးစဉ်က လေဟာနယ်စွမ်းအင်ကို အဆက်မပြတ် အသုံးပြုခဲ့ရသည့်အတွက် လေဟာနယ်တာအို အပေါ် သူ့ထိုးထွင်းသိမြင်မှုများသည် ဆထက်ထမ်းပိုး တိုးတက်ခဲ့ရသည်။

သို့သော် ထိုစဉ်က သေရေးရှင်ရေး အခြေအနေထဲ ရောက်နေသည့် အတွက် ထိုဥာဏ်အလင်းများကို စစ်ဆေးချိန် မရခဲ့ပေ။

ယခု အနည်းငယ် အားလပ်ချိန် ရှိနေပြီ ဖြစ်သဖြင့် သေရေးရှင်ရေး အခြေအနေမှ ရလာသည့် ဥာဏ်အလင်းများကို သေချာပြန်လည် သုံးသပ်ရပေတော့မည်။ ဤသို့ဖြင့် ရန်ကိုင်သည် အိမ်လေးထဲတွင် နေ၍ ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးခန္ဓာကိုယ်ကို ကျင့်ကြံရင်း ဟင်းလင်းပြင်တာအိုနှင့် ပက်သက်၍ အသစ် ရရှိထားသော ဥာဏ်အလင်းများကို သေချာ ဆင်ခြင်သုံးသပ်နေတော့လေသည်။

…..

သန့်စင်ရေခဲကျွန်းသည် လှိုင်းနီကြယ်တွင် ကျော်ကြားသော နေရာတစ်ခု ဖြစ်သည်။

ဤနေရာသည် လှိုင်းနီကြယ်၏ အားအကောင်းဆုံး အင်အားစုများအနက် တစ်ခုဖြစ်သော ရေခဲနှလုံးသားတောင်ကြား၏ ဠာနချုပ် တည်ရှိရာနေရာ ဖြစ်ပေသည်။

သန့်စင်ရေခဲကျွန်းကို အဘက်ဘက်မှ ပင်လယ်များဖြင့် ဝိုင်းရံထားပြီး အလွန်နိမ့်ကျသော အပူချိန်ကြောင့် ဘယ်တော့မှ အေးခဲသွားခြင်း မရှိသည့် ရေခဲမြစ်များလည်း သန့်စင်ရေခဲကျွန်းတွင် ရှိနေပေသည်။ ရေခဲနှလုံးသား တောင်ကြားသည် ရေခဲဓါတ်ကို ကျင့်ကြံသော အင်အားစု တစ်ခု ဖြစ်ပေသည်။

ရေခဲနှလုံးသားတောင်ကြားသည် လှိုင်းနီကြယ်ပေါ်ရှိ အားအကောင်းဆုံး ဂိုဏ်းနှစ်ဂိုဏ်းအနက် တစ်ဂိုဏ်း ဖြစ်နေရခြင်းမှာ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေသော ၎င်းတို့၏ မဟာအကြီးအကဲကြောင့် ဖြစ်ပေသည်။

ထို့အပြင် ရေခဲနှလုံးသားဂိုဏ်းချုပ်နှင့် အခြားသော အကြီးအကဲများစွာတို့သည်လည်း တန်ခိုးရှင်ဘုရင်အဆင့်နှင့် ခြေတစ်လှမ်းသာ ဝေးတော့သော တန်ခိုးရှင်တတိယ အဆင့်များ ဖြစ်ကြပေ၏။

တန်ခိုးရှင်တတိယအဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူ အရေအတွက်ကို တွက်ကြည့်လိုက်မည်ဆိုလျှင် စုစုပေါင်း အယောက်တစ်ရာကျော် ရှိပေသည်။

ထိုပမာဏသည် တကယ်ကို ကြောက်မခန်းလိလိ ပမာဏ ဖြစ်သည်။ အရိပ်ကြယ်ပေါ်ရှိ မည်သည့်အင်အားစုမဆို ထိုအင်အားစုနှင့် လုံးဝ မယှဉ်နိုင်ချေ။ ယခင်က အရိပ်ကြယ်၏ အားအကောင်းဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ခဲ့သော ကြယ်ဧကရာဇ် တောင်တွင်ပင်လျှင် တန်ခိုးရှင်တတိယအဆင့်သို့ ရောက်နေသူ အယောက် သုံးဆယ်ကျော်လောက်သာ ရှိပေသည်။

ရေခဲနှလုံးသားတောင်ကြားဂိုဏ်း နည်းတူ ကျော်ကြားသည်ကား မီးတောက်ဂိုဏ်း ဖြစ်သည်။

ထိုဂိုဏ်းနှစ်ဂိုဏ်းသည် လှိုင်းနီကြယ်၏ အားအကောင်းဆုံး ဟူသော ခေါင်းစဉ်ကို နှစ်ပေါင်းများစွာကြာအောင် ကြီးစိုးလာခဲ့သူများ ဖြစ်ကြသည်။ သို့သော်လည်း ဂူတစ်ဂူထဲတွင် ကျားနှစ်ကောင် အတူမအောင်း ဆိုသည့် ဆောင်ပုဒ်အတိုင်း ထိုအင်အားစုနှစ်ခုသည် မည်သည့်အခါမှ မတည့်ကြပေ။

လက်ရှိတွင် သန့်စင်ရေခဲကျွန်း၏ အလယ်ဗဟိုရှိ ကြီးကျယ်ခမ်းနားသော ရေခဲနန်းတော်တစ်ခုထဲတွင် ကိုယ်စီ အလှတရား အသီးသီးနှင့် လှပနေကြသော အမျိုးသမီးတို့သည် နှစ်တန်းခွဲ၍ မျက်နှာချင်းဆိုင်ကာ ထိုင်နေကြသည်။

ခန်းမထိပ်ပိုင်းတွင်မူ အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ရှိနေခဲ့သည်။ ထိုအမျိုးသမီးမှာ ရှီစွမ်းအင် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ထားသော တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ပညာရှင်တစ်ဦးဖြစ်သည့် ရေခဲနှလုံးသား တောင်ကြား၏ ဂိုဏ်းချုပ် ပင်းလုန် ဖြစ်ပေသည်။ သူသည် ရေခဲနှလုံးသားတောင်ကြားတွင် မဟာအကြီးအကဲပြီးလျှင် အားအကောင်းဆုံး ဖြစ်သည်။

ရေခဲနှလုံးသားတောင်ကြားသည် အမျိုးသမီးများကိုသာ လက်ခံသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မည်သည့်အခါမှ အမျိုးသားများကို တပည့်အဖြစ် လက်ခံလေ့မရှိပေ။

လက်ရှိတွင် ရေခဲနှလုံးသားတောင်ကြား၏ ဂိုဏ်းချုပ်သည် အခြား အကြီးအကဲများနှင့် ကိစ္စတစ်ခုအကြောင်း ဆွေးနွေးနေခဲ့သည်။

“ဂိုဏ်းချုပ်၊ မီးတောက်ဂိုဏ်း အခုနောက်ပိုင်း နည်းနည်း ထူးဆန်းနေတယ်။ ကျွန်မတို့ကိုကို အရင်လို သိပ်ပြီး ပြဿနာ လာမရှာတော့ဘူး။ လူတစ်ယောက်ကိုပဲ မည်းသည်းပြီးတော့ လိုက်ရှာနေတယ်” ဘယ်ဘက်အတန်းရှိ ပထမဆုံး ခုံတွင် ထိုင်နေသာ အသက်သုံးဆယ်အရွယ် အမျိုးသမီးက ပြောလိုက်၏။

သူမသည် ရေခဲနှလုံးသားတောင်ကြား၏ အကြီးအကဲချုပ် ရန်ယွင်ထင် ဖြစ်ပြီး ရေခဲနှလုံးသားတောင်ကြား၏ ဂိုဏ်းချုပ်ကဲ့သို့ တန်ခိုးရှင်တတိယအဆင့်သို့ ရောက်နေသူတစ်ဦး ဖြစ်သည်။

“တစ်ယောက်ယောက်ကို ရှာနေတာ ဟုတ်လား။ ဘယ်သူ့ကို ရှာနေတာလဲ” ရေခဲနှလုံးသားတောင်ကြား၏ ဂိုဏ်းချုပ် ပင်းလုန်က မျက်ခုံးပင့်လျက် မေးလိုက်၏။

ရန်ယွင်ထင်က ခေါင်းခါ၍ “မီးတောက်ဂိုဏ်းက တပည့်တွေ ကိုယ်တိုင်လည်း သိတဲ့ပုံမပေါ်ဘူး။ ပုံပြပြီးတော့ပဲ လိုက်ရှာနေကြတာ။ ဒီမှာဂိုဏ်းချုပ်၊ ဒါ သူတို့ရှာနေတဲ့လူရဲ့ပုံပဲ”

All Chapters