အခန်း (၁၆၃၁-၁၆၃၅)
Vol. 66 Ch. 1631-1635
အပိုင်း (၁၆၃၁)
“နင်သာ ငါပြောတဲ့တိုင်းလုပ်ရင် အကုန်လုံး အဆင်ပြေသွားလိမ့်မယ်” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ငါနင့်ကို ကြိုပြီး သတိပေးထားလိုက်မယ်။ ဒီသင်္ဘောမှာ ရှိနေတဲ့ လူတွေအကုန်လုံးကို ငါအသာလေး သတ်ပစ်လိုက်လို့ရတယ်။ အခု သင်္ဘောပေါ်မှာ ရှိနေတဲ့ သက်ကြားအိုကြီးတောင် တန်ခိုးရှင် ပထမအဆင့်ပဲ ရောက်သေးတယ်။ ဒါပေမယ့် အလကားသက်သက် သူများ အသက်လိုက်သတ်နေရတာမျိုး ငါမလုပ်ချင်ဘူး။ ဒါကြောင့် နင့်မိသားစုနဲ့ နင့်မိတ်ဆွေတွေရဲ့ အသက်ကို ဂရုစိုက်တယ်ဆိုရင် ငြိမ်ငြိမ်နေလိုက်တာ အကောင်းဆုံးပဲ”
မိန်းမငယ်လေးသည် တုန်တုန်ရီရီဖြင့် ခေါင်းညိတ်လိုက်လေသည်။
ရန်ကိုင်သည် သင်္ဘောပေါ်တွင် ပါလာသည့် ခေါင်းဆောင်ဖြစ်သော လူအိုကြီးဝမ်၏ ကျင့်ကြံခြင်းအဆင့်ကို တန်းပြောနိုင်လေသဖြင့် သာမန် ကျင့်ကြံသူတစ်ယောက် မဟုတ်နိုင်ဟု မိန်းကလေး ထင်သွားခဲ့ခြင်း ဖြစ်သည်။
ခဏအကြာတွင် ရန်ကိုင်လည်း သူမအား ပြန်လွှတ်ပေးလိုက်၏။ မိန်းမငယ်လေးသည် အော်ရန် မကြိုးစားတော့ဘဲ သူ့ကိုသာ စိုက်ကြည့်နေခဲ့လေ၏။
“ဘာမှ ကြောက်နေစရာမလိုဘူး။ ငါက လူကောင်းတစ်ယောက် မဟုတ်ပေမယ့် လူဆိုးတစ်ယောက်လည်း မဟုတ်ဘူး။ နင်သာ ငါပြောတဲ့အတိုင်း လုပ်မယ်ဆိုရင် နင့်အတွက် အကျိုးတောင် ရှိဦးမယ်” ရန်ကိုင်က နှစ်သိမ့်ပေးလိုက်သည်။
မိန်းငယ်လေးသည် အလွန်အမင်း ကြောက်တတ်သူတစ်ဦး မဟုတ်ချေ။ ကြောက်လန့်တုန်လှုပ်နေရာမှ အသိ ပြန်ဝင်လာပြီး ရန်ကိုင်မျက်နှာထက်ရှိ ဖော်ရွေ့သည့် အပြုံးကို မြင်ပြီးနောက် ယခင်ကဲ့သို့ ကြောက်ရွံ့နေခြင်း မရှိတော့သော်ငြား စိတ်ရှိတိုင်းတော့ စကား မပြောရဲသေးချေ။
ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ သူဘာကြောင့် ဤနေရာသို့ ရောက်နေသလဲ ဆိုသည်ကို စဉ်းစားအဖြေထုတ်နေခဲ့၏။ နောက်ဆုံး စဉ်းစားမရသည့်အဆုံး မသေမျိုးတတိယအဆင့်သာ ရောက်သေးသော သူ့ရှေ့ရှိ မိန်းကလေးကို မေးလိုက်လေသည်။
“ဒါဘယ်နေရာလဲ၊ နင်ကကော ဘယ်သူလဲ”
မိန်းကလေသည် တံတွေးတစ်လုတ် မျိုချလိုက်ပြီး ရဲဆေးတင်၍ တုန်တုန်ရီရီလေသံဖြင့် ပြန်ဖြေလိုက်လေသည် “ဒီနေရာက ဆူးရေကန်ပါ စီနီယာ။ ကျွန်မတို့က ဝမ်မိသားစုကါပ”
ဆူးရေကန်၊ ဝမ်မိသားစု ထိုနေရာနှစ်ခုစလုံးအကြောင်း ရန်ကိုင် တစ်ခါမှ မကြားဖူးချေ။ ထိုနေရာနှစ်ခုသည် လှိုင်းနီကြယ်ပေါ်ရှိ နေရာများသာ ဖြစ်ကြပေလိမ့်မည်။
သို့သော်လည်း ထိုနေရာများ ဘာဖြစ်ဖြစ် အရေးမပါ။ သူသိချင်နေသည်မှာ လော့ဟိုင် လှိုင်းနီကြယ်ပေါ်တွင် ရှိနေသေးသလား ဆိုသည့်အချက်ပင် ဖြစ်သည်။
သူဤနေရာတွင် ရှိနေသည်မှာ တစ်နှစ်လောက် ရှိနေပြီ ဖြစ်သော်ငြား လော့ဟိုင်ကမူ သူ့အား အလွယ်တကူ လက်လျှော့လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် အပြင်သို့ ရောက်လာသည်နှင့် သတိထား လှုပ်ရှားနေရခြင်း ဖြစ်သည်။
လော့ဟိုင်ကို ဤမိန်းကလေး မသိသည်မှာ ဖြစ်နိုင်သော်ငြား လော့ဟိုင်ကဲ့သို့ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး လှိုင်းနီကြယ်ပေါ်သို့ ရောက်လာသည့်အကြောင်း ကောလဟာလများတော့ ကြားဖူးလောက်ပေသည်။
“ဒါဘာကြယ်လဲ” ရန်ကိုင်က ထပ်မေးလိုက်သည်။
“လှိုင်းနီကြယ်ပါ” မိန်းကလေးသည် ရန်ကိုင်အား အံ့ဩတကြီး ကြည့်ရင်း ပြန်ဖြေလိုက်သည်။
“လှိုင်းနီကြယ်” ထိုနာမည် ကြားလိုက်သည့်နှင့် နာမည်များစွာကို သူပြန်ရုတ်တရက် သတိရလိုက်သည်။ မီးတောက်ဂိုဏ်းနှင့် ရေခဲနှလုံးသားတောင်ကြားကို ထည့်မပြောလျှင်ပင်၊ သွေးအကျဉ်းထောင်ထဲတွင် သူတွေ့ခဲ့သော ရှုတင်းယန်သည်လည်း လှိုင်းနီကြယ်မှ ဖြစ်ပေသည်။
ရှုတင်းယန် မသေခင်က သူ့အား ငှက်မွှေးပြာဂိုဏ်းသို့ သွားပြီး သူသေသွားပြီဆိုသည့်အကြောင်း အကြောင်းကြားပေရန် တောင်းဆိုခဲ့သည်။
ရန်ကိုင်သည် တိုက်ဆိုင်စွာဖြင့် သူပြောသည့် လှိုင်းနီကြယ်ကိုမှ ရောက်လာခဲ့သည်။
“ဒီလှိုင်းနီကြယ်မှာ မီးတောက်ဂိုဏ်းနဲ့ ရေခဲနှလုံးသား တောင်ကြားဆိုတဲ့ ဂိုဏ်းတွေ ရှိတယ်မလား”
“ရှိပါတယ်” မိန်းကလေးက ခေါင်းညိတ်၍ “မီးတောက်ဂိုဏ်းနဲ့ ရေခဲနှလုံးသားတောင်ကြားက လှိုင်းနီကြယ်ရဲ့ အားအကောင်းဆုံး ဂိုဏ်းနှစ်ဂိုဏ်းပါ။ နှစ်ဂိုဏ်းစလုံးမှာ သူတို့ကို ကာကွယ်ပေးနေတဲ့ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတွေ ရှိပါတယ်”
မေးခွန်းများစွာ ဖြေပြီးနောက်တွင် မိန်းကလေးသည် ရန်ကိုင်အား ယခင်ကကဲ့သို့ ကြောက်ရွံ့နေခြင်း မရှိတော့ဘဲ ရန်ကိုင်အတွက်ပင် လက်ဖက်ရည် စတင် ငှဲ့ပေးလေသည်။
“နှစ်ဂိုဏ်းစလုံး တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတွေ ရှိတာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။ ထိုဂိုဏ်းနှစ်ဂိုဏ်းအကြောင်း သူမသိသော်ငြား ထိုနှစ်ဂိုဏ်းမှ သူတွေ့ဖူးသည့် လူများ၏ ခွန်အားအရ သူတို့တွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ ရှိနေသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။
“ဒီမှာ ငှက်မွှေးပြာဂိုဏ်းလို့ ခေါ်တဲ့ ဂိုဏ်းကော ရှိလား” ရန်ကိုင်က ထပ်မေးလိုက်သည်။
မိန်းကလေး၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး “စီနီယာက ငှက်မွှေးပြာဂိုဏ်းနဲ့ ရင်းနှီးတာလား”
“ငါမေးတာကိုသာ ဖြေ”
မိန်းကလေး၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားပြီး ခေါင်းညိတ်၍ အလျင်အမြန် ပြန်ပြောလိုက်၏ “ကျွန်မတို့ ဝမ်မိသားစုက ငှက်မွှေးပြာဂိုဏ်းရဲ့ လက်အောက်ကပါ”
“အို” ရန်ကိုင် မျက်ခုံးပင့်သွားပြီး “” နင်တကယ် ပြောနေတာလား
“ဂျူနီယာ စီနီယာကို မလိမ်ရဲပါဘူး” မိန်းကလေးက သူ၏ နှုတ်ခမ်းကိုကိုက်၍ ပြန်ပြောလိုက်သည်။
“အဲ့ဒါဆို ငှက်မွှေးပြာဂိုဏ်းရဲ့ ဂိုဏ်းချုပ်နာမည်က ဘယ်သူလဲ”
“ဂိုဏ်းချုပ် ရှုတင်းယန်ပါ”
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ မိန်းကလေးကို ကြည့်ရသည်မှာ သူ့အား လိမ်နေသည့်ပုံ မပေါ်ချေ။ တစ်ဖက်လူ သူ့အား လိမ်မနေမှန်း သေချာသွားသည့်နောက်တွင် ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ လက်စွပ်တစ်ကွင်းကို ထုတ်၍ သူမအား ပေးလိုက်၏ “စီနီယာ၊ ဒါက…”
“နင်တို့ ငှက်မွှေးပြာဂိုဏ်းရဲ့ ဂိုဏ်းချုပ် သွေးအကျဉ်းထောင်ထဲမှာ သေသွားပြီ။ ဒါက သူ့သိုလှောင်လက်စွပ်၊ ငါလှိုင်းနီကြယ်ဆီ ရောက်လာဖြစ်ခဲ့ရင် ငှက်မွှေးပြာဂိုဏ်းဆီသွားပြီး သူသေသွားပြီ ဆိုတဲ့အကြောင်း ပြောပေးပါလို့ သူမသေခင် တောင်းဆိုသွားလို့ ငါပြောပြပေးတာ။ အခု နင်နဲ့တွေ့တော့ တစ်ခါတည်း ကွက်တိ ဖြစ်သွားပြီ။ သူပေးခဲ့တဲ့တာဝန်ကို နင့်ဆီ ပေးလိုက်မယ်။ ဒီသိုလှောင်လက်စွပ်ကို ငှက်မွှေးပြာဂိုဏ်းဆီ ယူသွားလိုက်၊ အဲ့ဒါကိုမြင်ရင် သူတို့ သိလိမ့်မယ်”
“ဂိုဏ်းချုပ် သေသွားပြီ” မိန်းကလေး တုန်လှုပ်သွားခဲ့သည်။
“နင့်နာမည် ဘယ်လိုခေါ်လဲ”
“ဂျူနီယာနာမည်က ဝမ်ယင်ပါ စီနီယာ”
“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “ဝမ်ယင်၊ အခုတလော လှိုင်းနီကြယ်ပေါ်မှာ အရေးကြီးကိစ္စတွေ ဘာတွေ ဖြစ်သွားတာ ရှိလား။ ဥပမာ အားကောင်းတဲ့ ပညာရှင်တွေ လှိုင်းနီကြယ်ကို ရောက်လာတာမျိုးပေါ့”
“အားကောင်းတဲ့ ပညာရှင်” ဝမ်ယင်က ခေါင်းခါ၍ “ဂျူနီယာ မသိဘူး။ ဒါပေမယ့် အရေးကြီးကိစ္စတွေ ဘာတွေတော့ ဖြစ်သွားတာ ရှိတယ်”
“ဘာတွေ ဖြစ်သွားတာလဲ”
ဝမ်ယင်သည် မီးတောက်ဂိုဏ်းနှင့် ရေခဲနှလုံးသားတောင်ကြားတို့ တစ်စုံတစ်ဦးအား ရှာနေသည့်အကြောင်း ရှင်းပြလိုက်လေသည်။
ရေခဲနှလုံးသားတောင်ကြားနှင့် မီးတောက်ဂိုဏ်းတို့ မည်သူ့အား ရှာနေသလဲ ဆိုသည်ကို ဝမ်ယင် မသိသော်ငြား သူတို့ ရှာနေသည့် လူမှာ အသက်နှစ်ဆယ်၊ သုံးဆယ်လောက်သာ ရှိသေးသော လူငယ်လေးတစ်ဦး ဖြစ်သည်ဟုတော့ သူမ ကြားခဲ့ပေသည်။
ထိုစကားကို ကြားသည့်အခါ အခြေအနေ မဟန်တော့မှန်း ရန်ကိုင် နားလည်လိုက်လေသည်။
သူတို့ ငါ့ကိုများ ရှာနေတာလား။ အချိန်က ငါလှိုင်းနီကြယ်ကို ရောက်လာတဲ့အချိန်နဲ့ အရမ်း တိုက်ဆိုင်လွန်းနေတယ်
မီးတောက်ဂိုဏ်း သူ့အား ရှာနေသည်ကို နားလည်သော်ငြား ရေခဲနှလုံးသားတောင်ကြားကပါ ဘာကြောင့် သူ့အား ရှာနေရသလဲ ဆိုသည်ကိုတော့ နားမလည်နိုင်ချေ။ မီးတောက်ဂိုဏ်း၏ မဟာအကြီးအကဲသည် လော့ဟိုင်နှင့် ရင်းနှီးသည့်အတွက် သူတို့ လော့ဟိုင်ကို ကူညီပေးသည်မှာ အထူးအဆန်းတော့ မဟုတ်။ သို့သော် ရေခဲနှလုံးသားတောင်ကြားကပါ ဘာကြောင့် ဝင်ကူညီပေးနေရသနည်း။
ဧကရာဇ်မှော်ရတနာနှင့် မူလအဆီအနှစ်ကျောက်တုံးကြောင့် သူ့အား ရှာနေသည်မှာလည်း လုံးဝ မဖြစ်နိုင်ချေ။ လော့ဟိုင် ထိုအကြောင်းကို မည်သူ့ကိုမှ ဖွင့်ပြောလိုက်လိမ့်မည် မဟုတ်။
မည်သို့ပင် စဉ်းစားစေကာမူ ရန်ကိုင် လုံးဝ စဉ်းစားမရခဲ့ပေ။
“စီနီယာ…” ရန်ကိုင် ဘာမှ ထပ်မေးတော့သည်ကို မြင်သော် ဝမ်ယင် ရန်ကိုင်အား လှမ်းခေါ်မိလိုက်သည်။
“ကောင်းပြီ။ ရော့ဒီမှာ နင့်အတွက်” ရန်ကိုင်သည် အနားရှိ စားပွဲခုံပေါ်တွင် အိတ်လေးတစ်လုံး တင်ထားခဲ့ပေးခဲ့ပြီးနောက် အခန်းထဲမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။
သူမည်သို့ လှဒပ်ရှားသလိုက်သလဲဆိုသည်ကို ဝမ်ယင် မမြင်ခဲ့ပေ။
တစ်ခဏတာ မှင်သက်နေပြီးနောက် သူမရင်ထဲမှ အလုံးကြီး ကျသွားသည့်နှယ် ဝမ်ယင် သက်ပြင်းအမောကြီး ချလိုက်လေသည်။
ထို့နောက် စားပွဲဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ပြီး ရန်ကိုင် ထားခဲ့သည့် အထုပ်ကို ဖွင့်ကြည့်လိုက်သည်။ အထဲရှိ ပစ္စည်းများကို မြင်ပြီးနောက် သူမ၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့လေသည်။
အထုပ်လေးထဲတွင် အဖိုးတန်ဆေးလုံးများဖြင့် ပြည့်နေသော ဆေးပုလင်း ပုလင်းနှစ်ဆယ်လောက် ရှိနေခဲ့သည်။
ရန်ကိုင် ပေါ်လာပြီး ပျောက်သွားသည်ကို သင်္ဘောပေါ်တွင် ရှိနေသည့် မည်သူမှ သတိမပြုမိလိုက်ကြပေ။ အပြင်သို့ ထွက်လာပြီးနောက်တွင် ရန်ကိုင်သည် လမ်းကြောင်းတစ်ခုရှာ၍ ပျံသန်းထွက်သွားလေသည်။
လော့ဟိုင်သည် ဤနေရာရှိ အားအကောင်းဆုံး ဂိုဏ်းနှစ်ဂိုဏ်း၏ အကူအညီဖြင့် သူ့အား လိုက်ရှာနေသည့်အတွက် ဤနေရာသည် သူ့အတွက် လုံခြုံသည့်နေရာတစ်ခု မဟုတ်တော့ချေ။ ရန်ကိုင် အနေဖြင့် ဤနေရာမှ မြန်နိုင်သမျှ မြန်မြန် ထွက်သွားရပေမည်။ ထိုသို့မဟုတ်ဘဲ လော့ဟိုင်သာ သူ့အား ခြေရာခံမိသွားလျှင် ပြဿနာ တက်ပေလိမ့်မည်။
လေဟာနယ်စွမ်းအားအပေါ် ထိုးထွင်နားလည်မှု သိသိသာသာ မြင့်တက်လာသည့်အတွက် လော့ဟိုင်လက်၌ သေမည်ကို စိုးရိမ်စရာ မလိုတော့သော်ငြား ထိုကဲ့သို့ ပညာရှင်တစ်ဦး၏ လိုက်ဖမ်းခြင်း ခံရသည်မှာ တကယ်ကို စိတ်မသက်မသာ ဖြစ်စရာကောင်းလှ၏။
လက်ရှိ ပြဿနာမှာ ဤနေရာမှ မည်ကဲ့သို့ လုံလုံခြုံခြုံ ထွက်သွားရမလဲ ဆိုသည်ပင်။
တန်ခိုးရှင်ဘုရင်အဆင့် ကောင်းကင်စိတ်အာရုံသည် အလွန်ကိုမှ ကျယ်ပြန့်လွန်းလှသည်။ လှိုင်းနီကြယ်မှ ထွက်သွားနေသည့် ပညာရှင်များကို လော့ဟိုင် အာရုံစိုက်နေသလား မည်သူမှ မပြောတတ်။ တစ်ယောက်ယောက်သာ သူ့အား သတိပြုမိသွားခဲ့လျှင် ယခင် အခြေအနေသို့ ပြန်ရောက်သွားပေလိမ့်မည်။ ထို့ကြောင့် လောလောဆယ် အနေဖြင့် သူ့အဖို့ လှိုင်းနီကြယ်တွင် ပုန်းနေသည်မှာ အကောင်းဆုံး ဖြစ်ပေသည်။
လှိုင်းနီကြယ်ပေါ်ရှိ အခြေအနေမှာလည်း အတော်လေး ပြင်းထန်နေသည်။ မီးတောက်ဂိုဏ်းနှင့် ရေခဲနှလုံးသား တောင်ကြားသည် ယခင်က အချင်းချင်း မတည်ကြသော်ငြား ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ခြင်းမျိုး မလုပ်ခဲ့ကြပေ။
ယခုဆိုလျှင် ထိုနှစ်ဂိုဏ်းနှစ်ဂိုဏ်း၏ လက်အောက်ခံ မိသားစုများပါ ပါဝင်လာခြင်း ဖြစ်သည်။ လှိုင်းနီကြယ်အနှံ့ တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေခဲ့ပြီး ကျင့်ကြံသူပေါင်းများစွာ နေ့တိုင် သေကြေနေကြသည်။
သူသွားရာ လမ်းတစ်လျှောက်တွင် အချင်းချင်း တိုက်ခိုက်နေကြသော မီးတောက်ဂိုဏ်းနှင့် လှိုင်းနီကြယ်မှ ကျင့်ကြံသူများကို ရန်ကိုင် တွေ့ခဲ့ရသည်။
မိုင်ပေါင်းများစွာကြာအောင် ပျံသန်းလာပြီးနောက်တွင် နောက်ထပ် တိုက်ပွဲတစ်ပွဲကို ထပ်တွေ့ရပြန်လေသည်။ သို့သော် ယခုတိုက်ပွဲမှာ အတော်လေး လူအရေအတွက် နည်းလှ၏။
အမျိုးသားနှစ်ဦးသည် အမျိုးသမီးတစ်ဦးကို ဝိုင်းထားသည်။ အမျိုးသမီးသည် သူတော်စင်ဘုရင် ဒုတိယအဆင့်သာ ရှိသေးပြီး အမျိုးသားနှစ်ဦးမှာလည်း ထိုအတိုင်းပင်။
နှစ်ယောက်တစ်ယောက် ယှဉ်တိုက်နေရသည့်အတွက် အမျိုးသမီးမှာ အောက်စည်းသို့ ရောက်နေခဲ့သည်။ သူမ မည်သို့ပင် ကြိုးစားနေစေကာမူ ထိုနှစ်ယောက်လက်မှ မလွတ်နိုင်ခဲ့ချေ။ ထိုတိုက်ပွဲပေါ်မှ ဖြတ်သွားချိန် ရန်ကိုင် မျက်မှောင်ကြုတ်ပြီး အောက်သို့ ငုံ့ကြည့်မိလိုက်သည်။
ထိုအမျိုးသမီးကြည့်ရင်း ရန်ကိုင် မျက်လုံးမှေးစဉ်းလာခဲ့၏။ ခဏအကြာတွင် မယုံကြည်နိုင်စရာ တစ်ခုခုကို ရှာတွေ့လိုက်သည့်အလား ရန်ကိုင် မှင်သက်သွားခဲ့လေသည်။
“တကယ်ကြီး သူပဲ” ရန်ကိုင်၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့လေသည်။
ဤအမျိုးသမီးကို လှိုင်းနီကြယ်ပေါ်တွင် လာတွေ့လိမ့်မည်ဟု ရန်ကိုင် လုံးဝ မထင်ထားခဲ့ချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၃၂)
“မိန်းကလေး၊ မင်းဒီလျူ ပြောတဲ့အတိုင်း လက်လျှော့လိုက်ရင် ကောင်းလိမ့်မယ်။ မဟုတ်ရင် မင်းဒုက္ခရောက်ရလိမ့်မယ်။ ငါမင်းကို ဒုက္ခရောက်အောင် မလုပ်ချင်ဘူး” တိုက်ခိုက်နေရင်းဖြင့် အသက် ပိုကြီးသည့်လူက အမျိုးသမီးအား လက်လျှော့ရန် ပြောလိုက်၏။
ငယ်ရွယ်သည့် ပုံစံရသည့် လူငယ်လေးကလည်း အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့၍ “စီနီယာအစ်ကို ဘာလို့ သူနဲ့ စကားအပိုတွေ ပြောနေတာလဲ။ ဒီအမျိုးသမီးက တော်တော်လေး ကြည့်ကောင်းတာဗျ။ ကျုပ်တို့သာ သူ့ကို အသက်ရှင်လျက် ဖမ်းမိရင် သူတောင်းပန်လာတဲ့အထိ ပျော်ပါးပစ်လို့ရတယ်”
မီးတောက်ဂိုဏ်းမှ ကျင့်ကြံသူများသည် မီးဓါတ်ကျင့်စဉ်များကိုသာ ကျင့်ကြံကြသော်ငြား သူတို့တွင် ရေခဲနှလုံးသားတောင်ကြားမှ ကျင့်ကြံသူများ၏ သူတော်စင်ချီကို စုပ်ယူခြင်းဖြင့် ကျင့်ကြံခြင်းကို လျင်မြန်အောင် လုပ်နိုင်သော ကျင့်စဉ်များ ပိုင်ဆိုင်ထားကြသည်။
ဂိုဏ်းနှစ်ဂိုဏ်းသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ရန်သူများ ဖြစ်လာကြသည့်အပြင် လွန်ခဲ့သော နှစ်များအတွင်း ရေခဲနှလုံးသား တောင်ကြားမှ ကျင့်ကြံသူများစွာ ပျောက်ဆုံးသွားခဲ့ကြသည်။ ထိုပျောက်ဆုံးသွားသည့် ကျင့်ကြံသူအားလုံးသည် မီးတောက်ဂိုဏ်းမှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက်ပိုင်း ထိုအမျိုးသမီးများ ဘာဆက်ဖြစ်သွားမလဲ ဆိုသည်ကိုတော့ ပြောနေစရာပင် မလိုတော့ချေ။
သူတို့သုံးသည့် ကျင့်စဉ်သည် သူတို့အတွက်ပင် အတော်လေး အန္တရာယ်များသော်လည်း မီးတောက်ဂိုဏ်းမှ သေချာမစဉ်းစား မတွေးတောတတ်သည့် တပည့်များစွာတို့သည့် ရေခဲနှလုံးသား တောင်ကြားမှ တပည့်များအား နှိပ်စက်ပြီး သူတို့၏ ကျင့်ကြံခြင်းအား ဖျက်စီးပစ်ရသည်ကို အလွန် နှစ်ခြိုက်ကြ၏။
မီးတောက်ဂိုဏ်း၏ ခေါင်းဆောင်များသည် တပည့်များ၏ လုပ်ရပ်ကို မတားဆီးရုံတင်မက အားပေး၍ပင် ထောက်ခံနေသေးသည်။
မီးတောက်ဂိုဏ်းမှ တပည့်နှစ်ဦးသည် ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီး တိုက်ခိုက်ရာတွင် အာရုံပျက်ပြားအောင် နှောင့်ယှတ် ပြောဆိုနေကြခြင်း ဖြစ်သည်။
“အရှက်မရှိတဲ့ကောင်တွေ” အမျိုးသမီးသည် အံကြိတ်၍ သူတော်စင်ချီကို ပို၍ ပြင်းပြင်းထန်ထန် လှည့်ပတ်ကာ ရေခဲငှက်များကို ဖန်တီးကာ သူမအား တိုက်ခိုက်နေသည့် ကျင့်ကြံသူနှစ်ဦးသည် ပစ်ထည့်လိုက်လေသည်။
“သူထွက်ပြေးဖို့ကြံနေပြီ” အသက်ငယ်သည့် မီးတောက်ဂိုဏ်းသား တပည့်က အလျင်အမြန် အော်ဟစ်သတိပေးလိုက်ပြီး သူတော်စင်ချီကို လှည့်ပတ်၍ မီးဘောလုံးအသွင်ပြောင်းကာ ရေခဲငှက်များဆီ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။
ထိုမီးတောက်များနှင့် ထိမိသည်နှင့် ရေခဲငှက်များအားလုံး အငွေ့ပျံကုန်ကြလေသည်။
လျိုရှန်းသည် သူ့အဖော် ဖန်တီးပေးသည့် လမ်းပေါက်မှတစ်ဆင့် ထွက်ပြေးနေသော အမျိုးသမီးဆီသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်၏။
ကျားဟိန်းသံနှင့်အတူ ဧရာမမီးတောက်ကျားကြီးတစ်ကောင် ထွက်ပေါ်လာပြီး ထွက်ပြေးသည့် အမျိုးသမီးဆီသို့ ပြေးလိုက်သွားလေသည်။
ဘယ်ရော၊ ညာရောမှပါ တိုက်ခိုက်ခံရသဖြင့် အမျိုးသမီး ချက်ချင်းကို ဖိနှိပ်ခံလိုက်ရသည်။ တတ်ထားသမျှ နည်းမျိုးစုံ ထုတ်သုံး၍ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း မီးတောက်ကျား၏ တိုက်ခိုက်ခြင်း ခံလိုက်ရသေးသည်။ မီးတောက်ကျားကြောင့် ပခုံးဘက်တွင် ဒဏ်ရာရသွားပြီး ပြေးနေရင်း ရှေ့သို့ ဒယီးဒယိုင် ယိမ်းထိုးသွားခဲ့လေသည်။
ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ မီးတောက်ဂိုဏ်းမှ နှစ်ဦးသည် အမျိုးသမီး သူ့အား လိုက်မှီသွားခဲ့လေသည်။
အမျိုးသမီး၏ မျက်ဝန်းထဲ နောင်တ၊ လွမ်းဆွတ်ရိပ်တို့ ထွက်ပေါ်လာခဲ့ပြီးနောက်တွင် သူမ၏ အကြည့်သည် တစ်ခုခုကို စိတ်ပိုင်းဖြတ်လိုက်သည့်နှယ် ခက်ထန်ပြတ်သားလာ၏။
ထိုလူများလက်ထဲ လုံးဝ အရောက်ခံ၍ မဖြစ်မှန်း အမျိုးသမီး သိထားသည်။ ထိုလူများ လက်ထဲသို့ ရောက်သွားခဲ့လျှင် သေသည်ထက်ပင် ပိုဆိုးရွားသည့် အဖြစ်နှင့် ကြုံရပေလိမ့်မည်။
အကြီးအကဲများကလည်း မီးတောက်ဂိုဏ်းသားများ လက်ထဲတွင် အဖမ်းခံမည့်အစား တိုက်ခိုက်ရင်း သေလိုက်ခြင်းသည်သာ ပိုကောင်းကြောင်း သိတိပေးထားခဲ့သည်။
“သူလွယ်လွယ်နဲ့ မသေလောက်ဘူးလို့ ထင်သားပဲ” လျိုရှန်းသည် ညစ်ကျယ်ကျယ်ပြုံးလျက် မီးတောက်ကြိုးတစ်ချောင်းကို ထုတ်ပြီး အမျိုးသမီးဆီ လှမ်းပစ်လိုက်ကာ သူမအား ချုပ်နှောင်လိုက်၏။
ကြိုးဖြင့် ချုပ်နှောင်ခြင်းခံလိုက်ရသည်နှင့် တစ်ပြိုင်နက် သူမ၏ သူတော်စင်ချီကို လုံးဝ လှည့်ပတ်၍ မရတော့ကြောင်း အမျိုးသမီး တွေ့ရှိလိုက်ရသည်။
“ဟားဟား၊ ဒီလျိုရဲ့ ချီချုပ်နှောင်ကြိုးက နင်တို့ ရေခဲနှလုံးသား တောင်ကြားက အမျိုးသမီးတွေအတွက်ကို သီးသန့် ဖန်တီးထားတာ။ ဒီကြိုးနဲ့ ချုပ်နှောင်ခံလိုက်ရပြီ ဆိုတာနဲ့ သူတော်စင်ချီ ဖောက်ခွဲပြီး ကိုယ့်ကိုယ်ကို သက်သေချင်ရင်တောင် သက်သေလို့ ရတော့မှာ မဟုတ်ဘူး”
“ငါ့ကိုသတ်လိုက်” အမျိုးသမီးသည် အသည်းအသန် ရုန်းကန်နေသော်ငြား သူမ မည်သို့ပင် ရုန်းကန်နေစေကာမူ သူမ၏ သူတော်စင်ချီကို မည်သို့မှ လှည့်ပတ်၍ မရခဲ့ပေ။
လျိုရှန်း နောက်နေခြင်းမဟုတ်။ ထိုမှော်ရတနာသည် ရေခဲနှလုံးသား တောင်ကြားမှ ကျင့်ကြံသူများအတွက် သီးသန့် ဖန်တီးထားခြင်း ဖြစ်သည်။
“ငါဘယ်လိုလုပ်ပြီး နင့်ကို သတ်ရက်မှာလဲ” လျူရှန်းက ညစ်ကျယ်ကျယ်ပြုံးလျက် “ရေခဲနှလုံးသားတောင်ကြားက မိန်းကလေးတစ်ယောက်ကို အသက်ရှင်လျက် ဖမ်းမိဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ ပြီးတော့ နင်က မိန်းမချောလေး တစ်ယောက်လေ။ ဒီလျို နင့်ကို ဘယ်လိုလုပ်ပြီး သတ်ရက်မှာလဲ။ ပြောနေရင်းနဲ့တောင် ငါနင့်ကို မြည်းကြည့်ချင်လာပြီ”
အမျိုးသမီး၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။
“လျှာကို ကိုက်ပြီး သက်သေချင်နေတာလား။ အိမ်မက်မက်နေလိုက်” လူငယ်လေးက နှာခေါင်းရှုံ့၍ အမျိုးသမီးအား သူတော်စင်ချီလှိုင်းဖြင့် လှမ်းပစ်လိုက်ရာ အမျိုးသမီးတစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ရပြီး စကားပင် မပြောနိုင်တော့ချေ။
“ဒီနေရာကနေ အရင်ထွက်သွားရအောင်” လျိုရှန်းသည် သူတို့နှင့် မိုင်ပေါင်းများစွာ ဝေးကွာသော တိုက်ပွဲကွင်းကိုပြည့်ရင်း ပြောလိုက်သည်။ သို့သော် သွားကူရန်တော့ မစဉ်းစားထားချေ။ ရန်သူတစ်ယောက်ကို အသက်ရှင်လျက် ဖမ်းမိသည်နှင့်ပင် လုံလောက်ပေပြီ။
“ဂျူနီယာညီလေးလည်း လိုက်ခဲ့ရတာပေါ့” အသက်ငယ်သည့် လူက အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။
“စိတ်မပူနဲ့။ မင်းဝေစုကို ငါလုမယူပါဘူးကွ” လျိုရှန်းသည် သူ့ဂျူနီယာညီလေး ဘာပြောချင်နေလည်း ဆိုသည်ကို သိသည့် အလား ပြန်ပြောလိုက်လေသည်။ ထို့နောက် အဖမ်းခံရထားသည့် အမျိုးသမီးကို တစ်နေရာရာသို့ ခေါ်သွားရန် လုပ်လိုက်သည်။
သို့သော်လည်း သူခြေလှမ်း သုံးလှမ်းပဲ လှမ်းရသေးသည့် အချိန်တွင် ထူးဆန်းသည့် အရိပ်တစ်ခု သူနှင့် အမျိုးသမီးကြား ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
လျိုရှန်းသည် ကြောက်လန့်တကြား မသိစိတ်ရ နောက်သို့ ခုန်ဆုတ်မိလိုက်သည်။ အသစ်ပေါ်လာသည့် သတိထားကြည့်ရင်း လေသံတိုးတိုးဖြင့် မေးလိုက်လေသည် “ရောင်းရင်း ဘာလုပ်ချင်လို့လဲ”
သို့သော်လည်း တစ်ဖက်လူသည် သူမေးသည့် မေးခွန်းကို ပြန်မဖြေဘဲ အေးစက်စက် အကြည့်ဖြင့်သာ ပြန်စိုက်ကြည့်လာ၏။
“စီနီယာအစ်ကို…” ဂျူနီယာညီလေး ဆိုသူလည်း တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်သည်။ ရုတ်တရက် ပေါ်လာသော လူငယ်လေးသည် သူတို့အား ကြည်ဖြူသည့်ပုံမပေါ်။ သူတို့အား ကြည့်နေသည့်အကြည့်များ လူသတ်လိုသည့် အကြည့်မျိုး ဖြစ်သည်။
လျိုရှန်းသည် မျက်မှောင်ကြုတ်၍ ထိုလူငယ်လေးအား ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် ရုတ်တရက် မျက်လုံးပြူးလျက် အံ့ဩတကြီးဖြင့် “မင်းပဲ”
ရုတ်တရက်ကြီး ပေါ်လာသည့်လူ မည်သူလဲ သူသိသွားလေပြီ။
အော်ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ခြေကုတ်သုတ် ထွက်ပြေးတော့သည်။
ရုတ်တရက်ကြီး ပေါ်လာသည့်လူမှာ သူလုံးဝ မယှဉ်နိုင်သည့် တန်ခိုးရှင်အဆင့် ပညာရှင်တစ်ဦး ဖြစ်သည်။ ခက်ခက်ခဲခဲ ကြိုးစားပြီးမှ ဖမ်းဆီးမိသည့် အမျိုးသမီးကို လက်မလျှော့ချင်သော်ငြား သူ့အသက်သည် ထိုအမျိုးသမီးထက် ပို၍ အရေးကြီးသည်။
စီနီယာနှင့် ဂျူနီယာနှစ်ဦးစလုံး ထိုလူ မည်သူမှန်း ချက်ချင်း သိလိုက်ကြသည်။ ထိုလူမှာ လွန်ခဲ့သည့် နှစ်များအတွင်း သူတို့ ရှာနေခဲ့သည့် လူဖြစ်ပေသည်။ လက်ရှိ သူတို့၏ အရေးအကြီးဆုံး တာဝန်မှာ ဤအကြောင်းကို အထက်လူကြီးများဆီ မြန်နိုင်သမျှ မြန်မြန် ပြန်သတင်းပို့ရန် ဖြစ်သည်။
နှစ်ယောက်စလုံးသည် အတော်လေးကိုမှ အပြေးမြန်လှ၏။ မျက်တောင်တစ်ခတ်လောက်သာ ကြာသေးသော်ငြား မီတာ တစ်ထောင်အကွာလောက်သို့ ရောက်နေခဲ့လေပြီ။
လူငယ်လေးကမူ ဂရုစိုက်သည့်ပုံမပေါ်။ သို့သော် ထိုလူနှစ်ယောက် သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားခါနီး ဖြစ်သည့်အခါ သူ့လက်ကို ဆန့်ထုတ်၍ ကုတ်ဆွဲသည့်ပုံစံ လုပ်လိုက်သည်။
တစ်ခုခု အက်ကွဲသွားသံနှင့်အတူ အော်သံနှစ်သံ ထွက်လာခဲ့သည်။ မီးတောက်ဂိုဏ်းသား နှစ်ယောက်စလုံးသည် မိုးကြိုးဖြင့် ပစ်ချခြင်း ခံလိုက်ရသည့်အလား ရုတ်တရက် တောင့်တောင့်ကြီး ဖြစ်ကုန်ပြီး မြေကြီးပေါ်သို့ လဲကျသွားလေသည်။
အဖမ်းခံရသော အမျိုးသမီးမှာမူ ရုတ်တရက် ပေါ်လာသည့် လူငယ်လေး၏ ကျောပြင်ကိုကြည့်ရင်း ငေးငိုင်နေခဲ့လေသည်။ ထိုလူကို သူမစိတ်ထဲ အတော်လေးကိုမှ ကျေးဇူးတင်နေမိ၏။
ယခုကဲ့သို့ အချိန်မျိုးတွင် ပညာရှင်တစ်ယောက် ရောက်လာပြီး သူမအား ကယ်တင်လိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ချေ။
ရေခဲနှလုံးသားတောင်ကြားတွင် အမျိုးသားကျင့်ကြံသူ တစ်ဦးမှ မရှိချေ။ ထို့ကြောင့် ယခုပေါ်လာသည့်လူသည် ရေခဲနှလုံးသား တောင်ကြားဂိုဏ်း၏ လက်အောက်ခံဂိုဏ်းမှ ကျင့်ကြံသူ တစ်ဦးဦး ဖြစ်လောက်သည်။
ပါးစပ်ဟ၍ ကျေးဇူးတင်စကား ပြောချင်မိသော်လည်း မီးတောက်ဂိုဏ်းမှ ကျင့်ကြံသူ ခတ်သွားသည့် စည်းကြောင့် စကားပြောလို့ရမနေခဲ့ပေ။
သို့သော်… သူမစိတ်ထဲ ထိုလူ၏ ကျောပြင်ကို ရင်းနှီးနေသလို ခံစားနေရသည်။ ကြည့်လေကြည့်လေ ထိုလူ၏ ကျောပြင်ကို တစ်နေရာရာတွင် မြင်ဖူးနေသည်ဟု ခံစားလာရလေပင်။
အမျိုးသမီး ဇဝေဇဝါ ဖြစ်နေခဲ့သည်။
မီးတောက်ဂိုဏ်းမှ ကျင့်ကြံသူနှစ်ဦးကို သတ်ပြီးနောက်တွင် ထိုလူဆီမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုစိတ်တို့ အလျင်အမြန် ပျောက်ကွယ်သွားခဲ့ပြီး ရှုပ်ထွေးသည့် အကြည့်ဖြင့် နောက်သို့ လှည့်ကြည့်လာခဲ့သည်။
ထိုလူ၏ မျက်နှာကို မြင်လိုက်သည့်အခိုက် အမျိုးသမီး လုံးဝကို မှင်သက်သွားခဲ့လေသည်။
သူမ မျက်လုံးကိုပင် သူမ မယုံနိုင်တော့။
ရန်ကိုင်က သက်ပြင်းချ၍ အရင်စပြောလိုက်သည် “စီနီယာချင်းယ၊ မတွေ့ရတာတောင် ကြာသွားပြီနော်”
ပြောပြီးနောက်တွင် သူ့လက်ကို ဝှေ့ရမ်း၍ သူမအား ချုပ်နှောင်ထားသည့် ကြိုးစား ဖြတ်ပစ်လိုက်သည်။ ကြိုးမရှိတော့သည့်နောက် သူမ၏ သူတော်စင်ချီကို လှည့်ပတ်၍ ရလာသဖြင့် သူမပေါ်တွင် ခတ်ထားသည့် စည်းလည်း အလိုလို ပျက်ပြယ်သွားရလေသည်။ သို့ရာတွင် ယခင်အတိုင်း ပြန်ဖြစ်သွားသည့်တိုင် အမျိုးသမီးသည် ရန်ကိုင်ကိုသာ ထိတ်လန့်တကြား ကြောင်ကြည့်နေခဲ့လေသည်။
သူမအား လာကယ်သည့်လူမှာ ရန်ကိုင် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ရန်ကိုင်သည် ယခင်တစ်လောလုံး လှိုင်းနီကြယ်အား လူများအား မွှေချင်သလို မွှေပြီး တစ်ခါမှ မျက်နှာပင် ထွက်မပြသည့် လူတစ်ဦး ဖြစ်သည်။
ထို့အပြင် ရန်ကိုင်၏ ကျင့်ကြံခြင်းကိုလည်း သူမ မမြင်ရ။ ထို့ကြောင့် သူ့ကျင့်ကြံခြင်းသည် အနည်းဆုံး သူမထက် အဆင့်ကြီး တစ်ဆင့်တော့ မြင့်ရပေလိမ့်မည်။
မည်ကဲ့သို့များ သူဤမျှမြန်မြန် အားကောင်းလာနိုင်ရသနည်း။
စုယန်၏ တိုးတက်နှုန်းမှာ ကြောက်မက်ဖွယ်ကောင်းသည်ဟု ချင်းယ ထင်နေခြင်းဖြစ်သည်။ တကယ်တော့ ထုန်းရွှမ်လောကကြီးမှ ထွက်လာစဉ်က စုယန်၏ ကျင့်ကြံခြင်းသည် သူမထက်ပင် နိမ့်ကျနေခဲ့သည် မဟုတ်လော။ သို့သော်လည်း ကြယ်စီရင်စုထဲသို့ ဝင်လာပြီးနောက်တွင် စုယန်၏ ကျင့်ကြံခြင်းသည် တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး မကြာသေးခင် အချိန်အတွင်းမှာပင် တန်ခိုးရှင်အဆင့်သို့ ရောက်လာခဲ့လေသည်။
သို့သော်လည်း ရန်ကိုင်၏ ကျင့်ကြံခြင်းအဆင့်မှာမူ စုယန်ထက်ပင် ပိုမြင့်နေသေးသည်။
ဒီနှစ်တွေ သူဘယ်ရောက်နေတာလဲ။ သူဘယ်လိုတောင် ကျင့်ကြံလိုက်လို့ ဒီလောက်တောင် အားကောင်းနေရတာလဲ
ချင်းယ လုံးဝကို နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။
အချိန်အတော်ကြာသွားမှသာ ချင်းယ စိတ်ငြိမ်သွားခဲ့ပြီး တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်လေသည် “ရန်ကိုင်၊ တကယ်ကြီး နင်လား”
“ကျုပ်မဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲ” ရန်ကိုင် ခေါင်းညိတ်လိုက်၏။
ရန်ကိုင် ကိုယ်တိုင်လည်း သူ့အနေဖြင့် ယခင် ရေခဲဂိုဏ်းချုပ်ကို လှိုင်းနီကြယ်တွင် လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ချင်းယကို မြင်လိုက်စဉ်က သူများ အမြင်မှားနေသလားဟုပင် ထင်မိသွားခဲ့သေးသည်။
ချင်းယနှင့် စုယန်သည် အတူတူ ရှိနေရမည့်လူများ ဖြစ်သည်။ ချင်းယ ဤနေရာတွင် ရှိနေခဲ့လျှင် စုယန်ကကော။ သူမလည်း ဤနေရာတွင်ပဲလား။ ရန်ကိုင်၏ အတွေးများ စတင် မတည်မငြိမ် ဖြစ်လာခဲ့ပြီး သူ့ရင်ထဲရှိ စိတ်လှုပ်ရှားမှုကို မနည်း ထိန်းချုပ်လိုက်ရ၏။
“စီနီယာချင်း၊ စုယန်…” ရန်ကိုင်သည် အသက်ပြင်းပြင်း ရှူသွင်းလျက် ကတုန်ကရင် လေသံဖြင့် မေးလိုက်၏။
“စုယန် အဆင်ပြေတယ်၊ ဘာမှစိုးရိမ်နေစရာ မလိုဘူး” ချင်းယ စကားကို ကြားလိုက်မှပဲ ရန်ကိုင်ရင်ထဲရှိ အလုံးကြီး ကျသွားတော့သည်။
သူနှင့် စုယန် နောက်ဆုံးတွေ့ခဲ့သည်မှာ နှစ်သုံးဆယ်ကျော် ကြာနေခဲ့လေပြီ။ စုယန်နှင့် ခွဲခွာခဲ့ရသည့်ပုံစံမှာ သူ့စီနီယာ မမလေးနှင့် ခွဲခွာခဲ့ရသည့် ပုံစံနှင့် သိပ်မတူချေ။ အနည်းဆုံး သူ့စီနီယာမမလေးသည် ထုန်းရွှမ်လောကကြီးတွင် အဆင်ပြေပြေနှင့် ရှိနေကြောင်း သိနေပေသေးသည်။
သို့သော် စုယန်ကမူ ထိုသို့မဟုတ်။ နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် သူမ မည်သည့်နေရာတွင် ရှိနေသလဲ၊ မည်ကဲ့သို့ နေထိုင်နေရသလဲ၊ သူမ အဆင်ပြေသလား ဆိုသည်ကို မသိခဲ့ရပေ။
ထိုအကြောင်းကို သူအမြဲ တွေးပူနေခဲ့ရခြင်း ဖြစ်သည်။
ချင်းယ၏ စကားကို ကြားလိုက်တော့မှာပဲ သူ့ရင်ထဲ နှစ်ပေါင်းများစွာ တွေးပူနေခဲ့ရသော အပူလုံးကြီး ကျသွားခဲ့ရ၏။
“စီနိယာချင်းယတို့ အတူတူ ရောက်လာခဲ့တာလား” ရန်ကိုင်က ထပ်မေးလိုက်သည် “သူအခု ဘယ်မှာလဲ”
“သူအခု ဒီမှာမရှိဘူး။ ရေခဲနှလုံးသားတောင်ကြားမှာ”
“ရေခဲနှလုံးသားတောင်ကြား။ ခင်ဗျားတို့ ရေခဲနှလုံးသား တောင်ကြားထဲ ဝင်လိုက်ကြတာလား” ရန်ကိုင် ကြောင်သွားခဲ့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၃၃)
စုယန်နှင့် ချင်းယသည် တကယ်ကြီး ရေခဲနှလုံးသား တောင်ကြားသို့ ဝင်သွားခဲ့သည်။
ကံကြမ္မာသည် တကယ်ကို ခန့်မှန်းရ ခက်ပါလေတကား။
လွန်ခဲ့သော နှစ်များစွာခန့်က ရန်ကိုင်သည် ဧကရာဇ်ဥယျာဉ် အတွင်း ရေခဲနှလုံးသားတောင်ကြားမှ ကျင့်ကြံသူများနှင့်အတူ ပူးပေါင်း အလုပ်လုပ်ကိုင်ခဲ့သည်။ ယခု လှိုင်းနီကြယ်သို့ ရောက်လာပြီးနောက် ရေခဲနှလုံးသားတောင်ကြား မည်မျှ အားကောင်းကြောင်း သိခဲ့ရသည်။
သို့သော်လည်း သူထင်မထားသည်ကား စုယန်နှင့် ချင်းယသည်လည်း ရေခဲနှလုံးသားတောင်ကြား အဖွဲ့ဝင် ဖြစ်နေသည် ဆိုသောအချက်ကိုပင်။
သိသာသိခဲ့လျှင် အစောကြီးကတည်း လှိုင်းနီကြယ်သို့ လာပြိး စုယန်ကို လာရှာခဲ့ပါသည်။
သို့သော်လည်း ရေခဲနှလုံးသားတောင်ကြားသည် မိန်းကလေး တပည့်များကိုသာ လက်ခံပြီး ရေခဲဓါတ်ကျင့်စဉ်၊ သိုင်းပညာရပ် များနှင့် ပက်သက်၍ နာမည်ကျော်ကြားသည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် ရေခဲနှလုံးသား တောင်ကြားသည် စုယန်နှင့် ချင်းယတို့အတွက် အမှန်တကယ် သင့်လျော်သော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပေသည်။ သူတို့ နှစ်ဦးစလုံး ယခင်က ရေခဲဓါတ်ကျင့်စဉ်များကိုသာ ကျင့်ကြံခဲ့သည့် မဟုတ်ပေလော။
“စုယန်က နင့်ကို အရမ်းလွမ်းနေတာ။ ဒါပေမယ့် ပြန်သွားလို့ မရသေးတော့ ဘာမှ မလုပ်နိုင်ဘူး ဖြစ်နေတယ်။ သူသာ ကြယ်စီရင်စုထဲ သွားနိုင်တဲ့ တစ်နေ့ကျရင် နင့်ကို သွားပြန်ရှာမယ်လို့တောင် ငါ့ကို တတွတ်တွတ် ပြောနေသေးတယ်” ချင်းယက ရန်ကိုင်ကို ငေးကြောင်ကြည့်နေရင်း ပြောလိုက်၏။
“ကျုပ်သိတယ်။ ကျုပ်လည်း သူ့ကို တောက်လျှောက် ရှာနေတာ” ရန်ကိုင်က ပြုံးလိုက်သည်။ သို့သော်လည်း စုယန်အကြောင်း ထပ်မေးတော့မည်အပြု ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်လေသည် “ဒီနေရာက နေလို့မကောင်းဘူး။ အခြား တစ်နေရာ သွားကြရအောင်”
ပြောပြီးသည်နှင့် ချင်းယကို သူတော်စင်ချီဖြင့် ရစ်ပတ်၍ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။
အသက်ဆယ်ရှိုက်စာ ကြာပြီးနောက်တွင် ရန်ကိုင်နှင့် ချင်းယတို့ ရှိနေသည့် နေရာသို့ ကျင့်ကြံသူ ခုနှစ်ယောက်၊ ရှစ်ယောက်ခန့် ရှိမည်ထင်ရသော အဖွဲ့တစ်ဖွဲ့ ရောက်လာခဲ့သည်။ အဖွဲ့ခေါင်းဆောင် ဖြစ်ဟန်တူသူက မျက်မှောင်ကြုတ်လျက် “ဒီမှာ ခုဏတုန်းက တစ်ယောက်ယောက် ရှိနေပါတယ်။ ဘယ်လိုလုပ်ပြီး ရုတ်တရက် ပျောက်သွားတာလဲ”
“ကျုပ်တို့ လာနေမှန်းသိလို့ ထွက်ပြေးသွားတာ နေလိမ့်မယ်” အဖွဲ့ထဲမှ တစ်ယောက်ယောက်က ဝင်ပြောလိုက်သည်။
“အင်း၊ ထားလိုက်တော့။ ငါတို့ တာဝန်က တိုက်ပွဲကို ကူပေးဖို့ပဲ” ပြောပြီးသည်နှင့် ကျန်လူများကို ဦးဆောင်၍ တိုက်ပွဲဆီသို့ ပြေးဝင်သွားလေသည်။
တိုက်ပွဲကွင်းနှင့် မိုင်သောင်းဂဏန်းအကွာရှိ မြို့ငယ်လေး တစ်မြို့ထဲတွင်၊ ရန်ကိုင်နှင့် ချင်းယသည် တည်းခိုခန်းတစ်ခန်း ငှားပြီး နေနေခဲ့သည်။
အခန်းထဲတွင် ရန်ကိုင်သည် လွန်ခဲ့သော နှစ်များတွင် စုယန် ကြုံခဲ့သည့် အကြောင်းအရာများအကြောင်း ချင်းယအား မေးမြန်းနေခဲ့လေသည်။
စုယန်သည် အဆင်ပြေပြေ ရှိနေပြီး ရေခဲနှလုံးသားတောင်ကြား ထဲသို့ ဝင်နိုင်ခဲ့ရုံသာမက အကြီးအကဲချုပ် ရန်ယွင်ထင်၏ တပည့်ပါ ဖြစ်လာကြောင်း သိလိုက်ရသည့်အခါ ရန်ကိုင် အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။
ရေခဲနှလုံးသားတောင်ကြားသည် တန်ခိုးရှင်ဘုရင်အဆင့်တစ်ဦးမှ စောင့်ကြည့်ကာကွယ်ပေးနေသည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည့် အတွက် သူတို့၏ အကြီးအကဲချုပ်မှာလည်း အားနည်းသည့် ကျင့်ကြံသူတစ်ဦး မဖြစ်နိုင်ပါချေ။ ထိုကဲ့သို့သော လူတစ်ယောက်၏ တပည့် ဖြစ်လာခြင်းမှာ စုယန်အတွက် ကံကောင်းမှု ဖြစ်ပေသည်။
အကြီးအကဲချုပ် ရန်ယွင်ထင် ဆိုသူကိုပင် ရန်ကိုင် ကျေးဇူးတင်မိသွားသည်။
သူ့ကြောင့်သာ မဟုတ်လျှင် စုယန်အနေဖြင့် ဤမျှ အချိန်တိုအတွင်း တန်ခိုးရှင်အဆင့်သို့ ရောက်လာနိုင်လိမ့်မည် မဟုတ်ချေ။
ရှနင်းချန်သည် ထုန်းရွှမ်လောကကြီး၏ ကြယ်အမြူတေကို သန့်စင်ပြီး လက်ရှိ ကျင့်ကြံခြင်းအဆင့်ကို ရောက်ခဲ့သည်။ ထို့ကြောင့် ကိုယ့်ဘာသာ ကြိုးစားအားထုတ်၍ ရှနင်းချန်နှင့် အဆင့်တူသို့ ရောက်နိုင်ခဲ့သည်ကို ကြည့်လျှင် စုယန်၏ ပါရမီ မည်မျှ မြင့်မားကြောင်း မြင်တွေ့နိုင်ပေသည်။
စုယန်သည် တန်ခိုးရှင် ဒုတိယအဆင့်သို့ ချိုးဖျက်ရန် ပြင်ဆင်နေကြောင်းကိုလည်း ရန်ကိုင်အား ပြောပြခဲ့သေး၏။
စုယန် တိုးတက်အဆင်ပြေနေသည်ကို ကြားသော် ရန်ကိုင် ရင်ထဲ လှိုက်လှိုက်လှဲလှဲ ဝမ်းသာမိသည်။
သူတို့နှစ်ဦး ဘာကြောင့် ရေခဲနှလုံးသားတောင်ကြားထဲ ဝင်ခဲ့သလဲဟု မေးလာလျှင်တော့ ကံကြောင့်ဟုသာ ပြောရပေလိမ့်မည်။
ချင်းယပြောပုံအရ၊ ချန်ယွဲ့နှင့် လမ်းကွဲသွားပြီးနောက်တွင် သူနှင့် စုယန်သည် တောင်စိမ်းကြယ်သို့ ရောက်ခဲ့၏။ ထိုနေရာတွင် ချင်းယ၊ စုယန်နှင့် ချင်ဟောင်တို့သည့် အချိန်အတော်ကြာအောင် နေထိုင်ခဲ့လေသည်။ သို့သော်လည်း သူတို့၏ခွန်အား နိမ့်ကျသဖြင့် သူတော်စင်သလင်းကျောက် ရှာဖွေဖို့ရာ အတော်လေး ခက်ခဲခဲ့ရသည်။
သို့သော်လည်း အဖြစ်အပျက်အားလုံးသည် အကြီးအကဲချုပ် ရန်ယွင်ထင်နှင့် တွေ့သည့်အချိန်တွင် ပဥ္စလက်ဆန်ဆန် ပြောင်းလဲခဲ့ရလေသည်။
ထိုစဉ်က ရန်ယွင်ထင်သည် တောင်စိမ်းကြယ်သို့ ဘာကြောင့်မှန်း မသိရသော အကြောင်းအရင်းတစ်ခုကြောင့် ရောက်လာခဲ့ခြင်း ဖြစ်သည်။ စုယန်တို့ အတွဲကို မြင်ပြီးနောက် စုယန်၏ ပါရမီကို အလွန်အမင်း သဘောကျသွားပြီး သူမအား ရေခဲနှလုံးသား တောင်ကြားထဲသို့ ဝင်မည်လားဟု ဖိတ်ခေါ်ခဲ့သည်။
သူတို့ သုံးယောက်လည်း မည်ကဲ့သို့ ငြင်းရက်နိုင်မည်နည်း။
ရေခဲနှလုံးသားတောင်ကြားအကြောင်း သေချာ မေးမြန်းပြီးနောက် ထိုဂိုဏ်းထဲသို့ဝင်ရန် ဆုံးဖြတ်လိုက်ကြလေသည်။ ချင်ဟောင်ကမူ ယောကျာ်လေးတစ်ဦး ဖြစ်နေသည့်အတွက် ရေခဲနှလုံးသား တောင်ကြားထဲသို့ ဝင်မရခဲ့ပေ။
သို့သော်လည်း ရန်ယွင်ထင်သည် သူ့အား ရေခဲနှလုံးသား တောင်ကြား၏ လက်အောက်ခံ ဂိုဏ်းတစ်ဂိုဏ်းထဲသို့ ဝင်နိုင်အောင် စီစဉ်ပေးခဲ့ပြီး လက်ရှိတွင် ချန်ဟောင်သည် သူတော်စင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့လေပြီ။
ချင်းယ ပြောသည်ကို ကြားပြီးနောက် ရန်ကိုင်၏ အမူအရာ ထူးဆန်းသွားခဲ့လေသည်။
“ဒီတော့ ခင်ဗျားတို့ တောင်စိမ်းကြယ်ပေါ်မှာ အချိန်အကြာကြီး ရှိနေခဲ့တာပေါ့” ရန်ကိုင်က ခါးသက်စွာ ပြုံးလိုက်သည်။
ချင်းယွဲ့သည် တောင်စိမ်းကြယ်တွင် အတော်ကြာအောင် နေထိုင်ပြီး စုယန်တို့အကြောင်း မေးမြန်စုံစမ်းခဲ့သော်လည်း သူတို့နှင့် ပက်သက်သည့် ဘာသတင်းအစအနေမှ မရခဲ့ပေ။ သူတို့ နောက်ကျသွားခဲ့ခြင်း ဖြစ်လောက်သည်။
ရန်ကိုင်သာ တောင်စိမ်းကြယ်သို့ နှစ်နှစ်ဆယ်၊ သုံးဆယ်လောက်သာ စောရောက်ခဲ့မည်ဆိုလျှင် စုယန်တို့နှင့် တွေ့နိုင်ချေ ရှိပေသေးသည်။ သို့သော်လည်း ချင်းယွဲ့မှ စုယန်တို့အကြောင်း သတင်းစုံစမ်းနေသည့် အချိန်တွင် ချင်းယတို့မှာတော့ တောင်စိမ်းကြယ်မှ ထွက်သွားခဲ့ကြလေပြီ။
“ဟုတ်သားပဲ။ ချင်းယွဲ့တို့လည်း ခင်ဗျားတို့ကို အရမ်း လွမ်းနေတာ”
“နင် ချင်းယွဲ့နဲ့ တွေ့ခဲ့တယ်ပေါ့။ သူအဆင်ပြေလား” ချင်းယ လုံးဝကို အံ့အားသင့်သွားခဲ့သည်။ နှစ်ပေါင်းများစွာကြာအောင် လမ်းကွဲသွားပြီးနောက်ပိုင်း ချင်းယ အဆင်များ ပြေပါ့မလားဟု တွေးရင် သူမ ရင်မောခဲ့ရသည့် နေ့များမှာ မနည်းတော့။ ယခု ရန်ကိုင်၏စကားကို ကြားပြီးနောက် ချင်းယ အလွန်ကိုမှ ပျော်သွားခဲ့သည်။
“သူလား၊ ပြေတာပေါ့။ ခင်ဗျားကိုယ်တိုင် ကြည့်ကြည့်လိုက်တာ ပိုကောင်းလိမ့်မယ်” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။
“ငါကိုယ်တိုင် ကြည့်ရဖို့” ချင်းယ မျက်မှောင်ကြုတ်သွားခဲ့၏။ ရန်ကိုင် ဘာကို ပြောချင်နေမှန်း သူမ နားမလည်။
ရန်ကိုင်သည် မျက်လုံးပိတ်၍ ကမ္ဘာငယ်လေးထဲရှိ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ ချင်းယွဲ့ တံခါးပိတ်ကျင့်စဉ် ဝင်မနေကြောင်း သိလိုက်ရပြီးနောက်တွင် သူမအား လှမ်းခေါ်၍ ကမ္ဘာငယ်လေးထဲမှ အပြင်သို့ ခေါ်ထုတ်လာခဲ့၏။
“ဘာကိစ္စလဲ” ချင်းယွဲ့က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“ငါဘယ်သူ့တွေ့ထားလဲ ကြည့်ကြည့်” ရန်ကိုင်က သူမနောက်ကို မျက်စပစ်ပြလိုက်သည်။
ချင်းယွဲလည်း သူမနောက်သို့ လှည့်ကြည့်လိုက်ရာ ချက်ချင်းကို မျက်ရည်ဝဲသွားခဲ့ရလေသည်။ ထို့နောက် တုန်တုန်ရီရီ လေသံဖြင့် “ဂိုဏ်းချုပ်”
“ချင်းယွဲ့…” ချင်းယသည်လည်း အတော်လေး စိတ်လှုပ်ရှားနေ၏။
ကြယ်စီရင်စုကြီးသည် အံ့ဩစရာများဖြင့် ပြည့်နေသော်လည်း သူတို့ ဘယ်သောအခါမှ တစ်ယောက်ကိုတစ်ယောက် မေ့ခဲ့သည် ဟူ၍ မရှိပေ။ ထုန်းရွှမ်လောကကြီးတွင် ရှိစဉ်က သူတို့ နှစ်ဦးသည် ညီမရင်းအစ်မရင်းများသဖွယ် ခင်မင်ခဲ့ကြသည်။ ယခု နှစ်ပေါင်းများစွာ ကြာပြီးနောက်မှ နောက်တစ်ကြိမ် ပြန်တွေ့ရသည့်အခါ နှစ်ဦးစလုံး သူတို့၏ ခံစားချက်များကို မထိန်းချုပ်နိုင်ကြတော့ချေ။
နှစ်ဦးစလုံး၏ မျက်ဝန်းထက်ဝယ် မျက်ရည်စများ ပြည့်လာခဲ့သည်။
တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ပြီးနောက် အချင်းချင်း ပျော်ရွှင်စွာ ဆက်စကားပြောကြ၏။
“ရန်ကိုင်၊ နင်တကယ်ကြီး ဂိုဏ်းချုပ်ကို ရှာတွေ့ခဲ့တာပဲ” ချင်းယွဲ့သည် ရန်ကိုင်အား ကျေးဇူးတင်တကြီး ကြည့်လိုက်သည်။ ရန်ကိုင်သည် ချင်းယွဲ့၏ အသက်ကို ကယ်တင်ခဲ့ရုံမက သူမကိုလည်း စောင့်ရှောက်ပေးခဲ့သည်။ ယခု ချင်းယွဲ့၏ ပန်းတိုင်ဖြစ်သော သူမ၏ ယခင်ဂိုဏ်းချုပ်ကိုလည်း ပြန်လည် ရှာတွေ့နိုင်အောင် ကူညီပေးခဲ့သည်။
လောလောဆယ်တွင် ချင်းယွဲ့၏ အတောင့်တဆုံး ဆန္ဒကို ပြောပါဆိုလျှင် ချင်းယတို့နှင့် ပြန်တွေ့နိုင်ရန်သာ ဖြစ်သည်။
ရန်ကိုင်သည် သူမ အဖြစ်ချင်နေဆုံး ဆန္ဒကို ဖြည့်ဆည်းပေးသွားသည်ဟု ပြော၍ရသည်။
“ငါ့အစ်ကိုနဲ့ စုယန်တို့ရော၊ သူတို့ရော အဆင်ပြေကြလား” ချင်းယွဲ့က စိုးရိမ်တကြီး မေးလိုက်သည်။
“စိတ်ပူမနေနဲ့။ နင့်အစ်ကိုရော၊ စုယန်ကော နှစ်ယောက်စလုံး အဆင်ပြေတယ်။ သူဝင်သွားတဲ့ဂိုဏ်းက ပုံရိပ်ယောင်ဝိဥာဉ် ဂိုဏ်းတဲ့” ချင်းယက နှစ်သိမ့်ပေးလိုက်၏။
“သူအဆင်ပြေနေရင် ပြီးတာပဲ” ငိုကြွေးမှုကြောင့် ချင်းယွဲ့၏ မျက်ဝန်းလေးများ မို့အစ်နေခဲ့သည်။
“လာ၊ ငါတို့နဲ့ လမ်းကွဲသွားတဲ့နောက်ပိုင်း နင်ဘာတွေ့ ကြုံတွေ့ခဲ့လဲ ငါ့ကို ပြန်ပြောပြ။ ငါတို့အကြောင်းကိုတော့ ရန်ကိုင်ကို ပြောပြထားတယ်” ချင်းယသည် ချင်းယွဲ့လက်ကို ကိုင်လျက် သူမအား ထိုင်ခုံပေါ်တွင် ထိုင်စေလိုက်သည်။
ချင်းယွဲ့သည်လည်း သူမကြုံတွေ့ခဲ့ရသမျှ အကြောင်းအရာများကို ပြန်ရှင်းပြတော့လေသည်။
ချင်းယွဲ့ ဆောင်ကြာမြိုင်တွင် ပြည့်တန်တာဆာတစ်ဦး ဖြစ်ခါနီး ဖြစ်သွားသည့်အကြောင်း ကြားလိုက်ရသည့်အခါ ချင်ယ၏ အမူအရာ အေးစက်သွားခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်ကို ကျေးဇူးတင်တကြီး ကြည့်လိုက်မိသည်။
ရန်ကိုင်သည် ကျင့်ကြံရေးကြယ်ကြီး တစ်ခုလုံးအား အောင်အောင်မြင်မြင် ပေါင်းစည်းနိုင်ခါနီးဖြစ်အောင် လုပ်နိုင်ခဲ့သည့် အကြောင်း ကြားလိုက်သည့်အခိုက် ချင်းယ လုံးဝကို ထိတ်လန့် တုန်လှုပ်သွားခဲ့လေသည်။
ထို့နေရာတွင် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင် မရှိလျှင်ပင် ကျင့်ကြံရေးကြယ်တစ်လုံးကို ပေါင်းစည်းဖို့ဆိုသည်မှာ လွယ်ကူသည့် ကိစ္စတစ်ရပ် မဟုတ်ချေ။ ထိုသို့ လုပ်နိုင်ရန်အတွက် အကုန်လုံးအား လွှမ်းမိုးနိုင်သော ခွန်အားတစ်ရပ်ကို ပိုင်ဆိုင်ထားရရုံမက မိမိ၏ ဩဇာအရှိန်အဝါဟာလည်း အများအပေါ် သက်ရောက်နိုင်ရန် လိုအပ်ပေသည်။
မိန်းကလေးနှစ်ဦး ရှေးဟောင်းနှောင်းဖြစ်များ ပြန်ပြောကြရင်း အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့သည်။ သို့သော်လည်း သူတို့မှာတော့ ပြောစရာစကား ဘာမှ ရှားမနေသည့်ပုံပင်။ ခေါင်းစဉ် တစ်ခုပြီးသွားတိုင်း ပြီးသွားတိုင် သူတို့ ပါးစပ်ထဲမှ နောက်ထပ် ခေါင်းစဉ်တစ်မျိုး အလိုလို ထပ်ထွက်လာခဲ့သည်။
ရန်ကိုင်သည် သူတို့ ပြောနေသည်ကို ဝင်မရှုပ်ဘဲ ဘေးကနေ၍သာ ထိုင်နားထောင်နေခဲ့သည်။
ညနေရောက်တော့မှပဲ အမျိုးသမီးနှစ်ဦး အသိပြန်ဝင်လာခဲ့ကြပြီး ရန်ကိုင်အား တောင်းပန်လိုက်ကြလေသည် “ငါတို့ စကားပြောတာ ဒီလောက် အချိန်ကုန်မြန်မှန်း မသိလိုက်ဘူး”
“စီနီယာချင်းတို့ ဆက်ပြောချင်ရင် ပြောလို့ရတယ်၊ ကိစ္စမရှိဘူး။ စီနီယာချင်းတို့ ခံစားချက်ကို ကျုပ်နားလည်တယ်”
သူသာ စုယန်နှင့် တွေ့ခဲ့လျှင်လည်း ယခုလိုမျိုး ဖြစ်မည်သာ။
“နင့်ကျင့်ကြံခြင်းက ငါ့ထက် အများကြီး မြင့်နေပြီပဲကို။ စီနီယာလို့ ထပ်မခေါ်စမ်းပါတော့နဲ့လား” ချင်းယက ပြုံးလျက် “ပြီးတော့ နင်က အခု ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေပြီ။ အဆင့်အတန်းကော၊ ခွန်အားကော ငါ့ထက် အများကြီး သာနေပြီပဲဟာကို၊ နင်စီနီယာလို့ ခေါ်နေတာကို ကြားရတာ ငါ့စိတ်ထဲ တစ်မျိုးကြီးပဲ”
“စီနီယာမို့လို့ စီနိယာလို့ ခေါ်တာ၊ ဘာဖြစ်လို့လဲ” ရန်ကိုင်က ခေါင်းခါလိုက်သည်။ သူ့ခွန်အား မြင့်မားလာသည့်အတွက် သူ့အကြီးအကဲများကို အထင်တသေး လုပ်ရမည်ဟု သူ့စိတ်ထဲ မည်သည့်အခါမှ မှတ်ယူထားခြင်း မရှိခဲ့ပေ။
“စီနီယာလို့ မခေါ်တော့ရင်၊ အဆင်ပြေရင် အစ်မလို့သာခေါ်” ချင်းယကပြုံးလျက် “အခု ငါက စုယန်ရဲ့ စီနီယာအစ်မပဲ။ ဒီနေရာက ကြယ်စီရင်စု၊ ထုန်းရွှမ်လောကကြီး မဟုတ်တော့ဘူး။ ငါတို့ အတိတ်ကို အမြဲတမ်း ဖက်တွယ်ထားစရာ မလိုဘူး”
ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည် “အဲ့လိုဆိုရင် စုယန်ကိုခေါ်သလို စီနီယာအစ်မလို့ပဲ ခေါ်ရမှာပေါ့”
“ကောင်းတယ်” ချင်းယ ခေါင်းညိတ်လိုက်သည်။ ထို့နောက် စုယန်အကြောင်း တွေးရင်း ပြောလိုက်၏ “စုယန်လည်း အခု နင့်အကြောင်း သိနေလောက်ပြီ။ သူက ဂိုဏ်းထဲမှာပဲ တစ်ချိန်လုံး နေနေတာဆိုပေမယ့် ငါနဲ့ တစ်လ တစ်ကြိမ်လောက်တော့ တွေ့ဖြစ်တယ်။ အခု ငါထွက်မလာခင် စာရေးခဲ့တာဆိုတော့ အခုဆို ငါ့စာကို ဖတ်ပြီးသွားပြီး နင်လှိုင်းနီကြယ်ပေါ်မှာ ရှိနေတယ် ဆိုတာကို သိနေပြီးလောက်ပြီ”
“ကျုပ်ကော ရေခဲနှလုံးသားတောင်ကြားထဲ ဝင်လို့ရလား” ရန်ကိုင်က မျှော်လင့်တကြီး မေးလိုက်သည်။
“နင်သွားချင်တာလား” ချင်းယ မျက်မှောင်ကြုတ်သွားလေသည် “ရေခဲနှလုံးသားတောင်ကြားက စုယန်နဲ့ငါ့ကို ကောင်းကောင်း ဆက်ဆံတယ်ဆိုပေမယ့် ဒီတစ်ကြိမ် ရေခဲနှလုံးသာတောင်ကြားက နင့်ကို အသည်းအသန် ရှာနေတာ။ သူတို့ဘာလို့ နင်ကို ရှာနေလဲ ဆိုတာတော့ ငါလည်း မသိဘူး။ နင်သာ လူလုံးထွက်ပြရင် မတော်တဆ တစ်ခုခု ဖြစ်သွားမှာ ငါစိုးရိမ်တာ”
“အဲ့ဒါဆိုရင် စုယန်ကို ရေခဲနှလုံးသားတောင်ကြား အပြင်ဘက်ကို ထွက်လာခိုင်းလို့ မရဘူးလား” ရန်ကိုင်က ထပ်မေးလိုက်သည်။
ချင်းယက ခေါင်းခါ၍ “အကြီးအကဲချုပ်က စုယန်ကို အရမ်း မျှော်လင့်ထားတာ။ ပြီးတော့ အခု စုယန်က တန်ခိုးရှင်ဒုတိယ အဆင့်ကို ပြင်နေတာဆိုတော့ ဘာအမှားအယွင်းမှ ဖြစ်လို့မရဘူး။ အခုလက်ရှိ လှိုင်းနီကြယ်ရဲ့ အခြေအနေရတော့ အကြီးအကဲချုပ် သူ့ကို လုံးဝ အပြင်ပေးထွက်လောက်မှာ မဟုတ်ဘူး”
“အဲ့ဒါဆို ကျုပ်သူ့ကို သွားတွေ့မယ်” ရန်ကိုင်က ပြောလိုက်သည်။
“နင်…” ချင်းယသည် တစ်ခုခုပြောရန် လုပ်လိုက်သော်လည်း ရန်ကိုင်၏ ပြတ်သားသော အကြည့်ကိုမြင်သော် သူမ ဘာပြောပြော ဘာမှထူးမည် မဟုတ်မှန်း သိလိုက်လေသည်။ ထို့ကြောင့် သက်ပြင်းချ၍ “ခဏ၊ ငါနည်းလမ်း တစ်ခုလောက် စဉ်းစားကြည့်လိုက်ဦးမယ်”
ရန်ကိုင် ခေါင်းညိတ်ပြလိုက်၏။
အချိန်အတော်ကြာပြီးနောက်တွင် ချင်းယက သက်ပြင်းချ၍ “နင်ရေခဲနှလုံးသားတောင်ကြားကို ဝင်ချင်တယ်ဆိုရင် နင့်ကိုယ်နင် လူလုံးထွက်ပြပြီး ငါတို့ ရေခဲနှလုံးသားတောင်ကြား တပည့်တွေကို နင့်ကို ခေါ်သွားခိုင်းမှ ရလိမ့်မယ်။ အခြားနည်းလမ်း မရှိဘူး။ ရေခဲနှလုံးသားတောင်ကြားကို စတည်ထောင်ကတည်းက ဘယ်ယောကျ်ားလေးကိုမှ အထဲဝင်ခွင့်ပေးခဲ့တာ မဟုတ်ဘူး။ ဘယ်တုန်းကမှလည်း ချွင်းချက် မရှိခဲ့ဘူး”
“ကျုပ်သာ လူလုံးထွက်ပြလိုက်ရင် သူတို့ ကျုပ်ကို ခေါ်သွားမှာပေါ့၊ ဟုတ်လား” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။
“သေတော့ မသေချာဘူး။ ဒါပေမယ့် အကြီးအကဲတွေက နင့်ကို အပူတပြင်း လိုက်ရှာနေတာဆိုတော့ နင့်ကိုသာတွေ့ရင် ရေခဲနှလုံးသားတောင်ကြားထဲ ခေါ်သွားလောက်တယ်”
“အဲ့ဒါဆိုရင် လူလုံး ထွက်ပြပေးရတာပေါ့” ရန်ကိုင်က စပ်ဖြဲဖြဲ ပြုံးလျက် “စီနီယာအစ်မ ချင်းယကိုပဲ အားကိုးတော့မယ်နော်”
“ကိစ္စမရှိဘူး။ ဒီလောက်က ငါ့အတွက် ဘာမှ မခက်ဘူး။ အကြီးအကဲတွေကို သွားတင်ပြလိုက်ရုံပဲ။ သူတို့ နင့်ကိုခေါ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်လိမ့်မယ်” ချင်းယက အလေးအနက် အမူအရာဖြင့် ပြောလိုက်သည် “ဒါပေမယ့် နင်ဒါကို လုပ်မယ်ဆိုတာ သေချာပြီလား။ နင်သာ ရေခဲနှလုံးသား တောင်ကြားထဲ ဝင်သွားခဲ့ရင် နောက်ဘာဆက်ဖြစ်မယ်ဆိုတာ ဘယ်သူမှ ပြောနိုင်တာ မဟုတ်ဘူးနော်”
“ဘာမှမဖြစ်ဘူး။ စုယန်ကို တွေ့ချင်ရုံပဲ” ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ။ အဲ့လိုဆိုရင် ငါသူတို့ကို ဆက်သွယ်လိုက်တော့မယ်” ချင်းယက ခေါင်းညိတ်လိုက်ပြီး ဆက်သွယ်ရေး မှော်ရတနာကို အသက်သွင်းလိုက်၏။
ခဏအကြာတွင် ဆက်သွယ်ရေးမှော်ရတနာကို ပြန်သိမ်းလိုက်ပြီး ရန်ကိုင်ဘက်သို့လှည့်၍ “ဆယ်သုံးယောက်မြောက် အကြီးအကဲ ဒီအနားမှာရှိတယ်။ သူကိုယ်တိုင် နင့်ကို လာခေါ်လိမ့်မယ်”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၃၄)
တည်းခိုခန်းရှေ့တွင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေပြီးနောက် ခေါင်းညိတ်၍ ပြန်ပြောလိုက်သည် “ဟုတ်တယ်။ သူပဲ။ ချင်းယ၊ နင်တော်တယ်။ အခုကိစ္စကို တောင်ကြားသခင်နဲ့ အကြီးအကဲကောင်စီဆီ ငါပြန်တင်ပြပေးမယ်။ သူတို့ နင့်ကို ဆုကောင်းကောင်းချမှာ သေချာတယ်”
ချင်းယ သတင်းပို့ပြီး နှစ်နာရီခန့် အကြာတွင် တတိယအကြီးအကဲ ရောက်လာခဲ့လေသည်။
တောင်ကြားသခင်၏ အမိန့်အတိုင်း ရန်ကိုင်ကို ရှာနေသည်မှာ တစ်နှစ်လောက် ရှိနေပြီ ဖြစ်သဖြင့် အကုန်လုံးသည် ရန်ကိုင်၏ မျက်နှာကို အတော်လေး ရင်းနှီးနေကြသည်။ ရန်ကိုင်အား ရှာတွေ့လိုက်နိုင်သည့် အပေါ် တတိယအကြီးအကဲ အတော့်ကိုမှ ကျေနပ်မိနေသည်။
“အကြီးအကဲကို ကျေးဇူးအများကြီးတင်ပါတယ်” ချင်းယသည် အရမ်းကြီး ပျော်သွားဟန်မပြဘဲ အနည်းငယ် စိုးရိမ်နေသည့် အမူအရာဖြင့်ပင် ပြန်မေးလိုက်လေသည် “အကြီးအကဲ၊ ရေခဲနှလုံးသားတောင်ကြား ဘာလို့ သူ့ကို ရှာနေလဲ တပည့် သိလို့ရမလား”
တတိယ်မြောက် အကြီးအကဲက ချင်းယဘက်သို့ လှည့်၍ အေးစက်စက် အမူအရာဖြင့် မေးလိုက်လေသည် “နင်သူ့ကို စိတ်ပူနေတာလား”
ချင်းယက ပြောင်းလဲခြင်း မရှိသည့် အမူအရာဖြင့် ပြောလိုက်၏ “သူက ကျွန်မကို မီးတောက်ဂိုဏ်းက တပည့်တွေလက်ကနေ ကယ်ပေးခဲ့တာ။ ဒီတော့ သူက ကျွန်မရဲ့ အသက်သခင် ကျေးဇူးရှင်လို့ ပြောလို့ရတယ်။ ဒါကြောင့်…”
တတိယမြောက် အကြီးအကဲက ခေါင်းညိတ်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်လေသည် “ငါတို့ သူ့ကို ရှာနေရတာ အကြောင်းရှိတယ်။ ဘာလို့လဲဆိုတာကိုတော့ နင်သိစရာ မလိုဘူး။ ဒါပေမယ့် သူက အသက်သခင် ကျေးဇူးရှင်ဆိုမှတော့ ငါတို့ ရေခဲနှလုံးသား တောင်ကြားက သူ့ကို ဆိုးဆိုးရွားရွား မဆက်ဆံဘူးလို့တော့ အာမခံနိုင်တယ်”
တတိယမြောက် အကြီးအကဲက ရန်ကိုင်ဘက်သို့လှည့်၍ ခေါင်းညတိ်၍ “နင့်ခွန်အားက မဆိုးဘူး။ နင့်နာမည် ဘယ်လိုခေါ်လဲ”
“ရန်ကိုင်”
“နင်လှိုင်းနီကြယ်က မဟုတ်ဘူးလား” တတိယမြောက် အကြီးအကဲသည် ရန်ကိုင်အား သတိထားနေသည့်ပုံပင်။
“မဟုတ်ဘူး။ ကျုပ်က တောင်စိမ်းကြယ်ကလာတာ”
“တောင်စိမ်းကြယ်” တတိယမြောက် အကြီးအကဲ မျက်လုံး မှေးစဉ်းသွားခဲ့သည်။ သူမစိတ်ထဲ တစ်ခုခုကို တွေးလိုက်မိပြီး ထပ်မေးလိုက်လေသည် “မီးတောက်ဂိုဏ်းနဲ့ ရေခဲနှလုံးသား တောင်ကြားက နင့်ကို ရှာနေတာ နင်သိတယ်မလား။ အဲ့ဒါဆို ဘာလို့ ငါတို့ ရေခဲနှလုံးသားတောင်ဆီ လာခဲ့တာလဲ”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ကျုပ်နဲ့ မီးတောက်ဂိုဏ်းကြားမှ ရန်ငြိုးအချို့ရှိတယ်။ မီးတောက်ဂိုဏ်းက လူတော်တော်များများကို ကျုပ်သတ်ထားတာ။ ဒီတော့ ဘာလို့ သူတို့ဆီ သွားတော့မှာလဲ”
ပြောပြီးသည့်နောက်တွင် ရန်ကိုင်က ပြန်မေးလိုက်လေသည် “စီနီယာ ကျုပ်ကို သင်္ကာမကင်း ဖြစ်နေတာလား”
“လူတစ်ယောက်ကို အမြင်နဲ့ ဆုံးဖြတ်လို့မရဘူးလေ” တတိယမြောက် အကြီးအကဲက ပြန်ပြောလိုက်၏ “ဒါပေမယ့် နင်ရွေးတာ မှန်တယ်။ အခု ငါတို့ ရေခဲနှလုံးသားတောင်ကြားပဲ နင့်ကို ကာကွယ်ပေးနိုင်တော့မှာ။ အင်း၊ အားလုံး ပြင်ဆင်ပြီးတဲ့ အထိ ဒီမှာ တစ်ရက်လောက် နေကြတာပေါ့။ မနက်ဖြန်ကျရင် ဒီအကြီးအကဲကိုယ်တိုင် နင့်ကို ရေခဲနှလုံးသားတောင်ကြားဆီ ပြန်လိုက်ပို့မယ်”
“ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်သည် သူ့ခံစားချက်များကို ဖုံးကွယ်ရင်း ကျေးဇူးတင်စကား ဆိုလိုက်၏။
နောက်ဆုံးတော့ ငါစုယန်ကို တွေ့နိုင်တော့မယ် ရန်ကိုင်မှာ အလွန် စိတ်လှုပ်ရှားလွန်းနေသဖြင့် သူ့စိတ်လှုပ်ရှားချက်ကိုပင် မနည်း ထိန်းချုပ်နေရသည်။ လက်ရှိတွင် စုယန် ဘာလုပ်နေသလဲ ဆိုသည်ကို သူ့ကိုယ်ပိုင် မျက်လုံးအစုံဖြင့် မြင်တွေ့ချင်နေလေပြီ။
ရန်ကိုင်သည် စိတ်လှုပ်ရှားစွာဖြင့် တည်းခိုခန်းထဲ ထိုင်စောင့်နေခဲ့သည်။
တတိယအကြီးအကဲကမူ ပြင်ဆင်စရာ ရှိသည်များကို တိတ်တဆိတ် ပြင်ဆင်နေလေသည်။
ထိုညတွင် ရေခဲနှလုံးသားတောင်ကြားမှ တပည့်များနှင့် ရေခဲနှလုံးသားတောင်ကြား၏ လက်အောက်ခံ အင်အားစုများမှ တပည့်များသည် မီးတောက်ဂိုဏ်းမှ တပည့်များကို တစ်ပြိုင်နက် ဝန်းရံတိုက်ခိုက်ကြလေသည်။
ညမှောင်နေစဉ် တတိယအကြီးအကဲ ပြန်ရောက်လာပြီး ရန်ကိုင်နှင့် ချင်းယကို မြို့ပြင်သို့ ခေါ်ထုတ်သွားလေသည်။
မြို့ပြင်မှ မိုင်သုံးဆယ်ခန့်အကွာတွင် အမျိုးသမီးတစ်ဖွဲ့သည် ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။
တတိယအကြီးအကဲ ရောက်လာသည်ကို မြင်သော် အကုန်လုံး ဦးညွှတ်လိုက်ကြသည်။
“သွားကြမယ်” တတိယအကြီးအကဲသည် ဘာအပိုစကားမှ ပြောမနေဘဲ လက်ဝှေ့ရမ်း၍ ရှေ့ဆုံးမှ ဦးဆောင်သွားလေသည်။
အမျိုးသမီးများသည် ချက်ချင်းဆိုသလို ရန်ကိုင်ကို ဝန်ရံလိုက်ကြပြီး သန့်စင်ရေခဲကျွန်းဆီသို့ ဦးတည်သွားလေသည်။
သင်းရနံ့ပေါင်းစုံ သူ့နှာခေါင်းအား အဘက်ဘက်မှ လာရောက် ပွတ်သပ်ကြည်စယ်နေသည့် အခါမှပဲ သူ့အား မိန်းမလှလေး တစ်အုပ်က ဝန်းရံထားကြောင်း ရန်ကိုင် သတိထားမိသွားသည်။
လမ်းတစ်လျှောက်တွင် အမျိုးသမီးများသည် ရန်ကိုင်အား မကြာမကြာ ထူးဆန်းသည့် အမူအရာများဖြင့် လှည့်လှည့်ကြည့်ကြ၏။
သူတို့ တစ်နှစ်လောက် လိုက်ပတ်ရှာနေခဲ့ရသည့်လူ မည်သို့ ရှိမလဲဆိုသည်ကို စိတ်ဝင်တစား ကြည့်နေကြခြင်း ဖြစ်သည်။
အကုန်လုံးသည် ရန်ကိုင်နှင့် ပက်သက်၍ ဘာများ ထူးခြားနေ၍များ လှိုင်းနီကြယ်၏ အင်အားစုကြီးနှစ်ခုစလုံး သူ့အား အပူတပြင်း ရှာဖွေနေရလဲ ဆိုသည်ကို သိချင်နေမိကြသည်။
ဤလူကို ရှာဖို့အတွက်နှင့် သူတို့ အပေါင်းအပါများစွာ သေသွားခဲ့ရပြီး အချို့မှာတော့ ဘာမှန်းမသိရသော ကံကြမ္မာနှင့် ကြုံတွေ့ခဲ့ရလေသည်။
ထို့ကြောင့် အတော်တော်များများ ရန်ကိုင်အား ရန်လိုနေကြ၏။
တတိယအကြီးအကဲမှ အမိန့်ပေးထားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုအမျိုးသမီးသည် အတူပူးပေါင်းပြီး သူ့အား တိုက်ခိုက်နေလောက်ပေပြီ။
ရန်ကိုင်လည်း သူ့အား မကျေမနပ်ဖြင့် စိုက်ကြည့်နေသော အမျိုးသမီးများ၏ အကြည့်ကို သတိပြုမိပေသည်။ သို့သော် ထိုလူများ ဘာကြောင့် သူ့အား မကျေမနပ် ဖြစ်နေရသလဲ ဆိုသည်ကိုတော့ နားမလည်နိုင် ဖြစ်နေခဲ့လေသည်။
“စီနီယာအစ်မချင်းယ၊ ဒီလူတွေကို ကြည့်ရတာ ကျုပ်ကို ကြည့်မရတဲ့ပုံပဲ” ရန်ကိုင်က ချင်းယကို တိုးတိုးလေး ပြောလိုက်သည်။
ချင်းယဲ့က မဲ့ပြုံးပြုံးလျက် ရှင်းပြလိုက်လေသည် “စိတ်ထဲထားမနေနဲ့။ ရေခဲနှလုံးသားတောင်ကြားက အမျိုးသမီးတွေ အမျိုးသားတွေကို ကြည့်မရတာ သဘာဝပဲ”
“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။
ဤသို့ဖြင့် တတိယအကြီးအကဲတို့ အဖွဲ့သည် အလွန် လျင်မြန်သော နှုန်းဖြင့် ရေခဲနှလုံးသားတောင်ကြားဆီသို့ ဦးတည်သွားနေကြလေသည်။
သုံးရက်ကြာပြီးနောက်တွင် တောင်ကြားတစ်ခုဆီသို့ သူတို့ ရောက်လာခဲ့သည်။ ရုတ်တရက် ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားပြီး တစ်ဖက်သို့ လှည့်ကြည့်လိုက်လေသည်။
တတိယအကြီးအကဲသည်လည်း တစ်ခုခုကို သတိပြုမိသွားပြီး အလန့်တကြား အော်ဟစ်သတိပေးလိုက်လေသည် “ရန်သူ တိုက်ခိုက်နေပြီ”
သူမ၏အသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် အားကောင်းသော သူတော်စင်ချီစွမ်းအင်လှိုင်းတို့ ပေါက်ကွဲထွက်လာခဲ့သည်။ မီးတောက်နဂါးများစွာတို့သည် ရေခဲနှလုံးသားတောင်ကြားမှ ကျင့်ကြံသူများဆီသို့ မာန်ဖီဟိန်းဟောက်လျက် တိုးဝင်လာခဲ့၏။
မီးတောက်နဂါး ရှစ်ကောင်ရှိပြီး တစ်ကောင်ချင်းစီတိုင်းတွင် အားကောင်းလှသော သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နေခဲ့သည်။
ရန်သူ၏ တိုက်ခိုက်ချိန်သည် လုံးဝကို ကွက်တိဖြစ်သည်။ တတိယအကြီးအကဲမှ သတိပေးလိုက်သည့်တိုင် ရေခဲနှလုံးသား တောင်ကြားမှ အမျိုးသမီးများ အချိန်မှီ မတုန့်ပြန်နိုင်ခဲ့ပေ။
ထိတ်လန့်တကြား အော်ဟစ်သံများနှင့်အတူ မီးတောက်နဂါး၏ ထိမှန်ခြင်း ခံလိုက်ရသူအားလုံး ပျောက်ကွယ်သွားကုန်ကြသည်။ အခြားသူများမှာမူ အချိန်မှီ အလျင်စလို ရှောင်တိမ်းလိုက်နိုင်၏။
ရန်ကိုင်သည် ချင်းယကိုကာကွယ်ပေးရင်း တောင်ကြားထဲသို့ လှမ်းကြည့်လိုက်သည်။
တောင်ကြားအောက်ခြေမှ လူပေါင်းများစွာ ပျံဝဲလာခဲ့သည်။ သူတို့၏ တိုက်ခိုက်လိုက်သည့် အဖွဲ့အရေအတွက်မှာ ရေခဲနှလုံးသားတောင်ကြားမှ အဖွဲ့ထက် ပိုနည်းသော်ငြား ထိုလူ တစ်ယောက်ချင်းစီတိုင်းသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး သူတို့အား ဦးဆောင်လာသည့် လူနှစ်ဦးဆိုလျှင် တတိယအကြီးအကဲနှင့်ပင် ယှဉ်နိုင်သေည်။
ထိုလူများကို မြင်ပြီးနောက် တတိယအကြီးအကဲ မျက်စိပျက် မျက်နှာပျက် ဖြစ်သွားခဲ့သည်။
အတတ်နိုင်ဆုံး တိုးတိုးတိတ်တိတ် လှုပ်ရှားသည့်တိုင် သူမအား ရှာတွေ့သွားလိမ့်ဦးမည်ဟု မထင်ထားခဲ့ချေ။
မထွက်ခွာခင်က တတ်နိုင်သမျှ ခြေရာဖျောက်ခဲ့သည်။ ရန်ကိုင်အား တွေ့ထားသည့်အကြောင်း သတင်း မပြန့်စေရန်အတွက်လည်း သစ္စာရှိ တပည့်များကိုသာ ရွေးချယ်အသိပေးခဲ့သည်။ ယခုတစ်ကြိမ် ရန်ကိုင်အား လိုက်ပါစောင့်ရှောက်သည့် လူများသည် မီးတောက်ဂိုဏ်းနှင့် ရန်ငြိုးရန်စ ရှိသူများ ဖြစ်ကြသည့် အတွက် ရန်ကိုင်အား မိထားသည့်အကြောင်းကို မီးတောက်ဂိုဏ်းဆီ သတင်းပြန်ဖြန့်သည်မှာ မဖြစ်နိုင်လောက်ပေ။
တိုက်ဆိုက်မှုများလား။ တိုက်ဆိုင်မှုဆိုလျှင်လည်း အလွန်ကိုမှ တိုက်ဆိုက်လွန်းနေသည်။
ချက်ချင်းပဲ တတိယအကြီးအကဲသည် ရန်ကိုင်ဆီသို့ လှမ်း၍ ကြည့်လိုက်၏။ ရန်ကိုင် အကောင်းအတိုင်း ရှိနေသေးမှန်း တွေ့လိုက်ရမှပဲ စိတ်သက်သာရာ ရသွားခဲ့၏။
“ယုရွှယ်ချင်၊ ဒီလူအိုကြီး ဒီမှာ စောင့်နေလိမ့်မယ်လို့ နင်မထင်ထားဘူးမလား” ရယ်မောသံနှင့်အတူ ဖြူလျော်လျော် သက်လတ်ပိုင်းလူကြီးတစ်ဦး ထွက်ပေါ်လာခဲ့သည်။
“ယန်ချီလဲ့” ယုရွှယ်ချင်သည် အံကြိတ်၍ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။
တစ်ဖက်လူ၏ အလစ်အငိုက်ချောင်း တိုက်ခိုက်မှုကြောင့် ရေခဲနှလုံးသားတောင်ကြားမှ တပည့်နှစ်ဦး သေသွားခဲ့ရသဖြင့် တတိယအကြီးအကဲ အတော်လေး ဒေါသထွက်နေခဲ့သည်။
“ဒီယန်ပဲ” သက်လတ်ပိုင်းလူကြီးက ရှေ့တစ်လှမ်းတိုး၍ “လွန်ခဲ့တဲ့ သုံးရက်က တိုက်ပွဲက နင့်လက်ချက်မှန်း ငါသိတယ်။ အခု မေးချင်တာတွေ နင်ဘာတွေ ခိုးကြောင်ခိုးဝှက် လုပ်နေလဲဆိုတာပဲ”
“အကြီးအကဲယန်၊ အပိုစကားတွေ ပြောမနေနဲ့တော့။ မြန်မြန် တိုက်ခိုက်ပြီး အဆုံးသတ်လိုက်ကြရအောင်” ယန်ချီလဲ့ ဘေးနားတွင် ရှိနေသော ခပ်ပုပု လူအိုကြီးက နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
ထိုအသံကို ကြားလိုက်သည့်အခိုက် ယုရွှယ်ချင် မျက်လုံး မှေးစဉ်းသွားပြီး ထိုလူအိုကြီးကို ကြည့်ကာ ရေရွတ်လိုက်၏ “ကျန်းရှီ”
“ဟဲဟဲ၊ ရေခဲနှလုံးသားတောင်ကြားရဲ့ တတိယအကြီးအကဲတောင် ဒီလူအိုကြီး နာမည်ကို သိနေလိမ့်မယ်လို့ မထင်ထားဘူး။ ဒီလူအိုကြီး ကိုယ့်ကိုယ်ကိုတောင် ဂုဏ်ယူမိချင်သွားပြီ” ခပ်ပုပု လူအိုကြီးက လှောင်ပြုံးပြုံးလျက် ပြောလိုက်လေသည်။
ယုရွှယ်ချင်၏ အမူအရာ ပို၍ အရုပ်ဆိုးသွားခဲ့လေသည်။ ရေခဲနှလုံးသားတောင်ကြားမှ တပည့်များကို ပြင်ဆင်ထားရန် တိတ်တဆိတ် အချက်ပြလိုက်ပြီးနောက် အလေးအနက် အမူအရာဖြင့် မေးလိုက်လေ၏ “ကျန်းရှီ၊ ငါတို့ ရေခဲနှလုံးသား တောင်ကြားက နင်နဲ့ ဘာရန်ငြိုးမှလည်း ရှိတာ မဟုတ်ဘဲနဲ့ ဘာလို့ ငါတို့ကို တိုက်ခိုက်ရတာလဲ”
“ဘာရန်ငြိုးမှ မရှိဘူးဟုတ်လား” ကျန်းရှီက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လျက် “ဆယ့်သုံးယောက်မြောက် အကြီးအကဲ၊ ခင်ဗျား လာနောက်နေတာတော့ မဟုတ်ပါဘူးနော်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက ရခဲ့တဲ့ အရှက်တရားကို ဒီကျန်း အခုထိ မမေ့သေးဘူး။ ကျုပ်နဲ့ ခင်ဗျားတို့ ရေခဲနှလုံးသားတောင်ကြားမှာ ရန်ငြိုးရှိမရှိ သိချင်ရင် ခင်ဗျားတို့ရဲ့ ငါးယောက်မြောက် အကြီးအကဲကို သွားပြန်မေးကြည့်လိုက်”
“အဲ့ဒါက တကယ်ကြီး ဖြစ်နေတာလား” ယုရွှယ်ချင် အံ့အားသင့်သွားခဲ့သည်။ ကောလဟာလများသည် ကောလဟာလများ သက်သက်ဖြစ်သည်ဟုသာ သူမ ထင်နေခဲ့ခြင်း ဖြစ်သည်။
ထိုကောလဟာလများသာ အမှန်ဖြစ်နေမည်ဆိုလျှင် ကျန်းရှီ ယန်ချီလဲ့နှင့်ပေါင်းပြီး သူမအား တိုက်ခိုက်သည်မှာ အထူးအဆန်းတော့ မဟုတ်တော့ချေ။
တစ်ယောက်ချင်းဆိုလျှင် ယန်ချီလဲ့ကို သူမ မကြောက်ပေ။ သို့သော် ကျန်းရှီသည် ယန်ချီလဲ့ထက်ပင် ပို၍ ရင်ဆိုင်ရခက်၏။ ကျန်းရှီ၏ အဆိပ်တိုက်ကွက်များသည် အလွန်ကိုမှ ရင်ဆိုင်ရ ခက်လှသည့်အပြင် သူမ ခေါ်လာသည့် တပည့်များကလည်း ကျန်းရှီ၏ ပြိုင်ဘက် ဟုတ်မနေခဲ့။ ပို၍ ဆိုးသည်ကား သူမ တစ်ယောက်တည်း ယန်ချီလဲ့နှင့် ကျန်းရှီကိုပါ ရင်ဆိုင်နေရခြင်းပင်။
“ကောလဟာလတွေက အမှန်ဖြစ်နေတာကိုး…” ချင်းယသည် ထိုပုပုကွကွ လူအိုကြီးကိုကြည့်ရင်း ရေရွတ်လိုက်လေသည်။
“ဘာကောလာဟာလလဲ” ရန်ကိုင်က မေးကြည့်လိုက်သည်။
“ပြောကြတာကတော့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက ရေခဲနှလုံးသားတောင်ကြားက ငါးယောက်မြောက် အကြီးအကဲကို အဲ့လူအိုကြီး သွားလက်ထပ်ခွင့် တောင်းတယ်တဲ့။ ဒါပေမယ့် ငါးယောက်မြောက် အကြီးအကဲက သူ့ကို ငြင်းရုံတင် မဟုတ်ဘဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် တိုက်ခိုက်လိုက်တယ်တဲ့။ အစတုန်းက အဲ့ဒါတွေကို ကောလဟာလ သက်သက်လို့ပဲ ငါထင်နေတာ။ တကယ် ဖြစ်နေမယ်လို့ မထင်ထားဘူး”
“ဟန်” ရန်ကိုင်မျက်နှာ မဲ့သွားခဲ့လေသည်။
ထို့နောက် ကျန်းရှီအောက် အထောက်အောက် အစုံအဆန် သေချာ စစ်ဆေးကြည့်လိုက်သည်။ ထိုကျန်းရှီရုပ်သည် တစ်စက်မှ ကြည့်ရက်ချင်စရာ မရှိချေ။
ပုကွကွ ဖြစ်နေရုံမက ဝကလည်းဝ၊ နှာခေါင်းကလည်း ကြီးကောက် ဖြစ်နေသေးသည်။ မျက်လုံးကလည်းပြူး၊ နှုတ်ခမ်းကလည်းထူ၊ နားရွက်လည်းကရှည်၊ အသားကလည်း ဝါကြင့်ကြင့် ဖြစ်နေပြီး လည်ပင်းကလည်း ဗျိုင်းလည်ပင်း ဖြစ်သေး၏။
ရေခဲနှလုံးသားတောင်ကြားမှ ငါးယောက်မြောက် အကြီးအကဲကို သူတစ်ခါမှ မတွေ့ဖူးသော်လည်း သူ့အား လိုက်စောင့်ရှောက်နေသည့် ရေခဲနှလုံးသားတောင်ကြားမှ တပည့်များ၏ ရုပ်ရည်အရ ခန့်မှန်းကြည့်မည်ဆိုလျှင် ငါးယောက်မြောက် အကြီးအကဲသည် ရုပ်ဆိုးသည့် လူတစ်ဦး လုံးဝ မဖြစ်နိုင်ပေ။
ကျန်းရှီမှ ငါးယောက်မြောက်အကြီးအကဲကို လက်ထပ်ချင်သည်ဟု ကြားလိုက်ချိန် ရန်ကိုင်စိတ်ထဲ စကားတစ်ခွန်းသာ ထွက်လာခဲ့သည်။
“ငန်းသားစားချင်နေသည့် ဖားပြုပ်ပဲ”
သူတို့တစ်ဖွဲ့လုံး ကျဉ်းထဲကြပ်ထဲ ရောက်နေသော်လည်း ချင်းယကမူ ဝါးလုံးကွဲ ထရယ်လေသည်။
ကျန်းရှီသည် နားပင်းနေသူတစ်ဦး မဟုတ်သဖြင့် ရန်ကိုင် ပြောလိုက်သည်ကို ကြားလိုက်ပေသည်။ ရန်ကိုင် ပြောသည်ကို ကြားသည်နှင့် ချက်ချင်း ရန်ကိုင်ဘက်သို့ လှည့်လာပြီး အေးစက်စက် လေသံဖြင့် “ကောင်လေး၊ မင်းဘာပြောလိုက်တာလဲ”
ကျန်းရှီ၏ အရုပ်ဆိုးဆိုး အမူအရာသည် သူ့စိတ်ကိုပါ ပျက်စီး အရုပ်ဆိုးသွားစေခဲ့သည်။ ကျန်းရှီ အမုန်းဆုံးမှာ အခြားသူများ သူ့ရုပ်ရည်ကို လာစော်ကားခြင်းပင်။
ရန်ကိုင်သည် ကျန်းရှီ ဆတ်ဆတ် အထိမခံနိုင်သည့် အရာကို သွားထိလိုက်ခြင်း ဖြစ်သည်။
ယန်ချီလဲ့သည်လည်း ရန်ကိုင်အား ကြည့်လာခဲ့သည်။ ရုတ်တရက် အံ့အားသင့်သွားခဲ့ပြီး လေသံတိုးတိုးဖြင့် အော်ပြောလိုက်လေ၏ “ဒီတော့ မင်းပေါ့”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၃၅)
သူတို့ဘဝမှာ ကိုယ်စီးထားသည့် ဖိနပ်သည်ကို လိုက်ရှာနေသည့် အဖြစ်နှင့်ပင် တူနေသေးသည်။ ရန်ကိုင်ကို ရှာတွေ့ရန်အတွက် သူတို့ ဘာမှ သိပ်ပြီး မကြိုးစားလိုက်ရပေ။ သူတို့ တစ်နှစ်လုံးလုံး ကြိုးစားပမ်းစား လိုက်ရှာနေရသည့်လူကို ရုတ်တရက်ကြီး ရှာတွေ့လိုက်သဖြင့် ယန်ချီလဲ့ အတော်လေး ပျော်နေမိသည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့် ယုရွှယ်ချင်မှ သူတို့ မီးတောက်ဂိုဏ်းသားများအား ဘာကြောင့် ဝိုင်းတိုက်ခိုက်ခဲ့ရသလဲ ဆိုသည်ကို ယန်ချီလဲ့ နားလည်သွားခဲ့လေပြီ။
ထိုဆယ်သုံးယောက်မြောက် အကြီးအကဲသည် တစ်ဖက်လှည့် နည်းလမ်းသုံး၍ သူတို့အား အာရုံပြောင်းလိုနေခြင်းပင် ဖြစ်သည်။
ထို့အပြင် သူတို့ သွားနေသည့် လမ်းကြောင်းမှာ သန့်စင်ရေခဲကျွန်းဆီသို့ ဦးတည်နေသည့် လမ်းကြောင်း ဖြစ်၏။
“လတ်စသတ်တော့ အဲ့လိုကိုး” ယန်ချီလဲ့က ခေါင်းတညိတ်ညိတ်ဖြင့် ယုရွှယ်ချင်ကို ကြည့်၍ “ဒါပေမယ့် ဒီယန်နဲ့ လာတွေ့မှတော့ နင်ဖြစ်ချင်တဲ့အတိုင်း ဖြစ်ဖို့ မမျှော်လင့်နဲ့တော့”
ယုရွှယ်ချင်သည် မပြောသင့်သည့် အခြေအနေတွင် စကား ဝင်ပြောသော ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်ရင်း ဤအခြေအနေမှ မည်ကဲ့သို့ လွတ်မြောက်အောင် လုပ်လျှင် ကောင်းမလဲ အတတ်နိုင်ဆုံး ကြိုးစား စဉ်းစားနေလေသည်။ တစ်ချိန်တည်းတွင် သူမအ၏ အဖွဲ့သားများအား လှမ်း၍ အော်ပြောလိုက်သည် “နင်တို့ ဘာတွေကြောင်နေတာလဲ။ မြန်မြန် ထွက်ပြေးကြတော့လေ။ ဘာပဲဖြစ်ဖြစ်၊ ဒီကောင်လေးကို ရေခဲသန့်စင်ကျွန်းဆီ ခေါ်ကို ခေါ်သွားရမယ်”
သူမ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ယုရွှယ်ချင်ဆီမှ အားကောင်းသော အအေးဓါတ်စွမ်းအင်တို့ ဖြာထွက်လာခဲ့၏။ ချက်ချင်းဆိုသလို ပတ်ဝန်းကျင် မြေပြင်တစ်ခုလုံး ထူထည်းလှသော ရေခဲလွှာများဖြင့် ဖုံးအုပ်သွားလေသည်။
ထက်ရှသည့် အရောင်တလက်လက် တောက်ပနေသော ရေခဲစူးချွန်များစွာ ယုရွှယ်ချင်နောက်တွင် ပေါ်လာခဲ့သည်။ သူမ လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်၍ ယုရွှယ်ချင်သည် ထိုရေခဲစူးချွန်များအားကို မီးတောက်ဂိုဏ်းသားများဆီသို့ ပစ်လွှတ်လိုက်လေသည်။
“ဆယ်သုံးယောက်မြောက် အကြီးအကဲရဲ့ စွမ်းအားကို ကြားဖူးတာ ကြာခဲ့ပြီ။ တစ်ခါမှ မစမ်းကြည့်ခဲ့ရဖူးဘူး။ ဒီနေ့ ဒီယန်ကိုယ်တိုင် စမ်းကြည့်ရတာပေါ့” ယန်ချီလဲ့သည့် အကြောက်အရွံ့ကင်းမဲ့စွာဖြင့် တိုးဝင်လာနေသော ရေခဲစူးချွန်များဆီသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်၏။
ချစ်ချစ်တောက် ပူလောင်သည့် အရှိန်အဝါနှင့်အတူ မီးတောက် လက်သီးကြီးတစ်လုံး ထွက်ပေါ်လာပြီး ရေခဲစူးချွန်များကို ကြားဖြတ် ဟန့်တားလိုက်လေသည်။
ဘုန်း… ဘုန်း… ဘုန်း…
ရေခဲစူးချွန်များ တောက်လျှောက် ပျက်စီးသွားကုန်သလို မီးတောက်လက်သီးကြီးမှာလည်း တဖြည်းဖြည်း သေးငယ် ပျောက်ကွယ်သွားခဲ့လေသည်။
“အစ်ကိုကျန်း၊ အဲ့မိန်းကလေးတွေကို အစ်ကို လုပ်ချင်သလိုလုပ်။ ဒါပေမယ့် အဲ့ကောင်လေးကိုတော့ အသက်ရှင်လျက် ဖမ်းရမယ်” ယန်ချီလဲ့က တစ်ဆယ့်သုံးယောက်မြောက် အကြီးအကဲ၏ တိုက်ခိုက်မှုကို ပျက်ပျယ်စေပြီးနောက်တွင် ကျန်းရှီဘက်သို့ လှည့်၍ ပြောလိုက်၏။
“ဟဲဟဲဟဲ… အဲ့လိုဆိုမှတော့ ဒီလူအိုကြီးကလည်း လုပ်ရတာပေါ့” ကျန်းရှီသည် စပ်ဖြဲဖြဲပြုံးဖြီးလျက် သူ့အဆိပ်ပညာရပ်ကို အသက်သွင်းလိုက်လေသည်။
ချက်ချင်းဆိုသလို ဆယ်မိုင်ပတ်လည်ကို ရောင်စုံ အဆိပ်ငွေ့များက လွှမ်းခြုံသွားခဲ့လေသည်။ ထိုအဆိပ်ငွေ့များကို ရှူရှိုက်မိလိုက်သည့် အခိုက်တွင် ရေခဲနှလုံးသားတောင်ကြားမှ တပည့်များ မူးဝေလာပြီး သူတော်စင်ချီကို ကောင်းကောင်း မလှည့်ပတ်နိုင် ဖြစ်လာကြသည်။
“မကောင်းတော့ဘူး” ရေခဲနှလုံးသားတောင်ကြားမှ တပည့် တစ်ဦးက ထအော်သည်။
“ဘာပဲဖြစ်ဖြစ်၊ ဒီကောင်လေးကို အရင် ပြန်ပို့ရမယ်” ရေခဲနှလုံးသားတောင်ကြားမှ တပည့်တစ်ယောက် ပြန်ပြောလိုက်၏။
ထိုအော်သံကို ကြားမှပဲ ရေခဲနှလုံးသားတောင်ကြားမှ တပည့်များ အသိပြန်ဝင်လာကြလေသည်။
“ငါတို့နဲ့ လိုက်ခဲ့” မိန်းမငယ်လေး တစ်ယောက်က ရန်ကိုင်ကို လှမ်းအော်ပြောသည်။
ယုရွှယ်ချင်သည် ယန်ချီလဲ့နှင့် အလုပ်ရှုပ်နေသဖြင့် ဤအမျိုးသမီးကသာ ဦးဆောင်ရတော့သည်။
“ထွက်သွားဖို့” ရန်ကိုင်က သူမအားကြည့်၍ ဖြည်းဖြည်းချင်း ခေါင်းခါလျက် “အဲ့ဖားအိုကြီးက နင့်တို့ထက် အများကြီး သန်မာတယ်။ ဒီမြူခိုးတွေကလည်း ရိုးရှင်တာ မဟုတ်ဘူး။ နင်တို့ ပြေးဖို့ကြိုးစားရင် သေတဲ့အထိ နှိပ်စက်ခံရလိမ့်မယ်”
“အပိုတွေ ပြောမနေနဲ့။ ငါသွားဆို သွားလိုက်တော့” အမျိုးသမီးက အံကြိတ်၍ အော်ဟစ်လိုက်သည် “ဒီလူအိုကြီးက အရမ်း သန်မာလွန်းတယ်။ ငါတို့သူ့ကို ဘာမှ မလုပ်နိုင်ဘူး”
“အရမ်းသန်မာတယ်။ ဘယ်လောက် သန်မာတာမို့လို့လဲ” ရန်ကိုင်ကတော့ အေးအေးဆေးဆေးပင်။
“သူ့ခွန်အားက တန်ခိုးရှင်အထွဋ်အထိပ်အဆင့်ကို ရောက်နေပြီ။ တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်ချေ အရှိဆုံး လူတွေထဲမှာ သူလည်းပါတယ်။ ရေခဲနှလုံးသားတောင်ကြားက ထိပ်ဆုံး အကြီးအကဲငါးယောက်ပဲ သူကို ယှဉ်နိုင်တာ။ ငါတို့ ဘာမှ မလုပ်နိုင်ဘူး။ ဒီအတိုင်း ရပ်စောင့်နေရင် သေဖို့ စောင့်နေသလို ဖြစ်သွားလိမ့်မယ်”
“အင်း၊ အတော် သန်မာတာပဲ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
“နင်…” ရန်ကိုင်၏ အလေးမထားသည့် အမူအရာအပေါ် မိန်းမငယ်လေး အတော်လေး မကျေမနပ် ဖြစ်သွားခဲ့သည်။ သူတို့ အခြေအနေ မည်မျှ ဆိုးရွားကြောင်း ရှင်းပြနေသော်လည်း ထိုကောင်းလေးကတော့ လုံးဝ ဂရုစိုက်သည့်ပုံမပေါ်။ သူနှင့်အတူ သူတို့အားလုံးကိုပါ သေတွင်းထဲသို့ ဆွဲခေါ်သွားချင်နေခြင်းလား။
“ထွက်ပြေးဖို့ အကောင်းဆုံး အခွင့်အရေး လွတ်သွားပြီ” သူမဘေးတွင် ရှိနေသော အမျိုးသမီးက ဝမ်းနည်းစွာ ပြောလိုက်၏။
ထိုစကားကို ကြားသည့်အခါ မိန်းမငယ်လေး သက်ပြင်းချလိုက်၏။
သူတို့သာ ဆယ့်သုံးယောက်မြောက် အကြီးအကဲ သတိပေးပေးချင်း လှုပ်ရှားလိုက်လျှင် လွတ်နေိုင်ချေ ရှိသေးသော်လည်း ယခုကဲ့သို့ နှောင့်နှေးနေပြီးမှတော့ မည်ကဲ့သို့ လွတ်နိုင်တော့မည်နည်း။
ကျန်းရှီသည် ရေခဲနှလုံးသားတောင်ကြားကို ခါးခါးသီးသီး မုန်းတီးနေသည့်လူ ဖြစ်သည်။ သူတို့အား လုံးဝ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။
ထိုကဲ့သို့ စဉ်းစားလိုက်သည့်နောက် မိန်းမငယ်လေးသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်ပြီး အံကြိတ်၍ “ငါတို့အားလုံး ဒီမှာသေသွားရင် နင့်အပြစ်ပဲ။ နောက်ဘဝ ရောက်သွားရင်တောင် ငါတို့ နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး”
“ဘာတွေ ဒီလောက် ဖြစ်နေတာလဲ” ရန်ကိုင်ကတော့ သူမ ပြောသည်ကို အရေးမစိုက်ဟန်ဖြင့် “သူ့ကို သတ်လိုက်ရင် ပြီးနေပြီပဲဟာကို”
ထိုစကားကို ကြားသည့်အခိုက် မိန်းမငယ်လေး မှင်သက်သွားပြီး ရန်ကိုင်အား အရူးတစ်ယောက်နှယ် ကြောင်ကြည့်နေတော့သည်။ အကုန်လုံးသည်လည်း ယောကျ်ားများသည် ဦးနှောက်မရှိသည့် လူများပါလားဟု တွေးတောကုန်ကြလေသည်။ သူနှင့် ကျန်ရှီကြား ခွန်အားကွာခြားချက်ကို ဤကောင်လေး နားမလည်လေသလော။
ထိုအခိုက်တွင် ရောင်စုံမြူခိုးထုကြီးသည် တဖြည်းဖြည်း ပို၍ သိပ်သည်းလာခဲ့ပြီးနောက် အဆုံးတွင် လူအိုကြီး၏ ရယ်သံသာ ထွက်ပေါ်လာခဲ့လေ၏။
“ဟျောင့်တွေ၊ ဒီလူအိုကြီးကို လာကူညီပေးဦး။ ဒါပေမယ့် တစ်ယောက်ကိုမှ မသတ်နဲ့နော်။ အဲ့ရေခဲနှလုံးသားတောင်ကြားက မိန်းမတွေအကုန်လုံး အခုကနေစပြီး ဒီလူအိုကြီးကို အလုပ်အကျွေး ပြုရမယ်။ ယောကျာ်းတစ်ယောက်က ရုပ်ရည်သက်သက်ပဲ အရေးကြီးတာ မဟုတ်ဘူးဆိုတာကို သူတို့အားလုံး သိအောင် လုပ်ပေးရမယ်”
ထိုစကားကို ကြားလိုက်သည့်အခိုက် မီးတောက်ဂိုဏ်းမှ ကျင့်ကြံသူအားလုံး လူအိုကြီးကို မျက်စောင်းထိုးလိုက်ကြ၏။ သို့သော် သူတို့ကြားရှိ ခွန်အား ကွာခြားချက်ကို နားလည်လိုက်သော် ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့လေသည်။ ကျန်းရှီမှ အော်ပြောပြီးသည်နှင့် တစ်ပြိုင်နက် ပူပြင်းလှသော မီးဓါတ်စွမ်းအင်များ ရေခဲနှလုံးသာတောင်ကြား အဖွဲ့သားများဆီသို့ တိုးဝင်လာခဲ့လေသည်။
“လာစမ်းပါ။ နင်တို့မီးတောက်ကောင်တွေ ဘယ်လောက် အားကောင်းလဲ ကြည့်ရသေးတာပေါ့။ အကုန်လုံး အရင်ဆုံး ကာကွယ်ဖို့လုပ်၊ ငါတို့ဘက်မှာ လူပိုများတယ်။ ကျန်းရှီရဲ့ အဆိပ်ငွေ့တွေကိုလည်း သတိထားဦး” မိန်းမငယ်လေးက ရေခဲနှလုံးသားတောင်ကြားမှ တပည့်များကို လှမ်း၍ အော်ဟစ် သတိပေးလိုက်သည်။
ထို့နောက် ရန်ကိုင်ဘက်သို့လှည့်၍ “နင်နောက်မှာ သွားပုန်းနေ… ဟဲ့၊ နင်ဘာတွေ လုပ်နေတာလဲ”
သူမက နောက်ဆုတ်ရန် ပြောလိုက်သော်ငြား ထိုကောင်သည် ရှေ့တက်သွားခဲ့သည်။ သူ့အသက်ကို ဂရုမစိုက်လေသလော။
“ပြန်လာခဲ့” အမျိုးသမီး ထိတ်လန့်သွားခဲ့သည်။
ယုရွှယ်ချင်လည်း အမျိုးသမီး၏ အော်သံကို ကြားသည့်အခိုက် ဘာများဖြစ်နေသလဲ နောက်သို့ လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူမ မျက်နှာ ဖြူလျော်သွားခဲ့ရလေသည်။
ယုရွှယ်ချင် သတိလက်လွတ် ဖြစ်သွားသည်ကို အခွင့်ကောင်းယူ၍ ယန်ချီလဲ့သည့် အပေါ်စီးမှ ဖိတိုက်တော့လေသည်။ ယုရွှယ်ချင်လည်း ချက်ချင်း အောက်စည်းသို့ ရောက်သွားရသဖြင့် အနေအထိုင် မတတ်သော ရန်ကိုင်အား စိတ်ထဲမှလည်း ကြိတ်၍ ကျိန်ဆဲနေတော့၏။
အားလုံး ပြီးသွားပြီမှန်း သူမ သိလိုက်သည်။
ရန်ကိုင်ကို ရေခဲသန့်စင်ကျွန်းဆီသို့ ပြန်ခေါ်သွားနိုင်တော့မည် မဟုတ်သလို သူမ ခေါ်လာသည့် တပည့်အားလုံးလည်း သေရတော့ပေမည်။ သူမကိုယ်တိုင်ပင်လျှင် လွတ်ဖို့ သိပ်မသေချာ။ သူမစိတ်ထဲ အလွန်ကိုမှ စိုးရိမ်နေသော်လည်း သူမ လုပ်နိုင်သည့် အရာ ဘာမှမရှိချေ။
“ဒီကောင်က စိတ်ဝင်စားစရာတော့ ကောင်းသား။ ဒီကောင့်ကို အသက်ရှင်လျက် ဖမ်းဖို့က နည်းနည်းတော့ ခက်မယ်ထင်တယ်” ကျန်းရှီဿည် သူ့ဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေသော ရန်ကိုင်ကို ကြည့်၍ လက်သီးထိပ်တွင် အဆိပ်မြူများကို စုးစည်းစေလျက် ရှေ့သို့ ထိုးချလိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း ထိုမြူခိုးထုကြီးသည် ကြိုးတစ်ချောင်း အသွင်သို့ ပြောင်းလဲသွးပြီး ရန်ကိုင်ဆီသို့ တိုးဝင်သွားလေ၏။
“ပြီးသွားပြီ” ထိုအခြင်းအရာကို မြင်လိုက်သည့်အခိုက် ရန်ကိုင်၏ နောက်တွင် ရှိနေသော အမျိုးသမီးအားလုံး စိတ်ဓါတ်ကျသွားခဲ့သည်။
ရန်ကိုင် အချိန်ဖြုန်းပြီး ရူးကြောင်ကြောင် မေးခွန်များ မေးနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူတို့ လွတ်နိုင်ချေ ရှိပေသည်။
အဆိပ်ကြိုးသည် အဆိပ်ရှိသည့်အလား ရန်ကိုင်၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားလိုက်၏။
“မင်းတို့ကောင်တွေ ဒီကောင့်ကို လိုချင်နေတာမလား၊ အဲ့မှာ ယူလိုက်ပေတော့” ကျန်းရှီသည် ရန်ကိုင်ကို အရေးမစိုက်တော့ဘဲ ရေခဲနှလုံးသားတောင်ကြားမှ မိန်းကလေးများဆီသို့သာ ပျံသန်းသွားလေသည်။
မီးတောက်ဂိုဏ်းသားများသည် အကြည့်ချင်း ဖလှယ်လျက် ရန်ကိုင်ဆီသို့ ပြေးဝင်သွား၏။
မီးတောက်ဂိုဏ်းသား ရှစ်ယောက်သည် ချက်ချင်း ရန်ကိုင်ကို ဝိုင်းလိုက်ကြသည်။
ရုတ်တရက် ရွှေရောင်အလင်းတစ်ချက် လက်သွားခဲ့သည်။
ခြေပြတ်၊ လက်ပြတ်များနှင့်အတူ သွေးစိမ်းရှင်ရှင် ဖြာထွက်လာခဲ့သည်။
အသားစများ၊ အရိုးပြတ်များသည် မိုးသီးမိုးပေါက်များနှယ် မြေပြင်ပေါ်သို့ တဖွဲဖွဲ ပြုတ်ကျလာခဲ့သည်။
နောက်ဘက်တွင် ဘာတွေဖြစ်နေသဖြင့် ယခုကဲ့သို့ စွမ်းအင်လှိုင်းမျိုး ထွက်ပေါ်လာရသလဲဟု လှည့်ကြည့်မိလိုက်သည့်အခိုက် ကျန်းရှီ ချက်ချင်းကို မျက်လုံးပြူးသွားခဲ့ရလေသည်။
ထိုကောင်လေးကို ချုပ်နှောင်ရန် သူသုံးခဲ့သော အဆိပ်ကြိုးသည် ဘယ်အချိန်ကတည်းမှန်းမသိ ပျောက်လို့ ပျောက်နေခဲ့လေပြီ။ သူ့နောက်တွင် ရှိနေသော မီးတောက်ဂိုဏ်းသား အားလုံးမှာလည်း အသက်ပျောက်နေကုန်ကြလေပြီ။
မည်သည့် တိုက်ပွဲဖြစ်သံမှ မကြားရသလို မည်သည့် အော်သံမှလည်း ထွက်ပေါ်လာခြင်း မရှိခဲ့။ စွမ်းအင်လှိုင်း တစ်ချက်လောက်သာ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သို့သော် ထိုတစ်ခဏသော အခိုက်အတန့်အတွင်းမှာပင် တန်ခိုးရှင်အဆင့် ခုနှစ်ယောက် သေသွားခဲ့လေသည်။
အခြေအနေသည် သူထင်ထားသလို လွယ်ကူမနေမှန်း ကျန်းရှီ ရုတ်တရက် နားလည်သွားလိုက်သည့်အခိုက် ကျန်းရှီ ရင်ထဲ အနည်းငယ် အေးစက်စက် ဖြစ်သွားခဲ့ရလေသည်။
“ဘာတွေဖြစ်သွားတာလဲ” ရေခဲနှလုံးသားတောင်ကြားမှ မိန်းကလေးများမှာလည်း မှင်သက်နေခဲ့ကြလေသည်။ ချင်းယကမူ တစ်ခုခုကို နားလည်သွားဟန်ဖြင့် ခေါင်းတညိတ်ညိတ် လုပ်နေ၏။
ရန်ကိုင်သည် သူတို့ ထွက်မပြေးရန်ကိုသာ ပြောနေပြီး ရန်သူနှင့်ပင် ထိပ်တိုက် သွားရင်ဆိုင်ခဲ့သည်။ သူ့ခွန်အားအပေါ် ယုံကြည်ချက် ရှိသည့် အတွက်ကြောင့်သာ ယခုကဲ့သို့ လုပ်ခြင်း ဖြစ်ရပေလိမ့်မည်။
ရန်ကိုင်အကြောင်း သိပ်မသိသော်ငြား စုယန်ဆီမှ ကြားခဲ့ရသလောက်တော့ ရန်ကိုင်သည် မှော်ဆန်ဆန် ဖြစ်ရပ်များကို ဖန်တီးတတ်ပြီး အဆင့်ကျော်ကာ တိုက်ခိုက်နိုင်သည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။
မီးတောက်ဂိုဏ်းသားများသည် တန်ခိုးရှင်ပထမအဆင့်များ ဖြစ်ကြသော်လည်း ရန်ကိုင်၏ တိုက်ကွက်တစ်ကွက်ကိုပင် မခုခံနိုင်ခဲ့သည်မှာ အကောင်းဆုံး ဥပမာ ဖြစ်သည်။
“ဘယ်လိုဖြစ်သွားတာလဲ” ရေခဲနှလုံးသားတောင်ကြားမှ မိန်းမငယ်လေးသည် ရန်ကိုင်အား ကြောင်ကြည့်နေခဲ့၏။ လက်ရှိတွင် ရန်ကိုင်ရှေ့၌ ရွှေရောင်အမျှင်တန်းလေး တစ်မျှင် လွင့်မျောနေ၏။ ထိုအမျှင်တန်းလေးမှာ သေးသာ သေးသော်ငြား ၎င်းဆီမှ ထွက်ပေါ်နေသော အရှိန်အဝါအရ လုံးဝ အထင်သေးသင့်သည့် အရာတစ်ခု မဟုတ်ကြောင်း သိနိုင်သည်။
ရန်ကိုင်သည် လှောင်ပြုံးယဲ့ယဲ့လေး ပြုံးလျက် ကျန်းရှီဘက်သို့ လှည့်ကြည့်လာခဲ့သည်။
ထိုအပြုံးကို မြင်လိုက်သည့်အခိုက် ကျန်းရှီ ကြက်သီးမွှေးညင်း ထသွားခဲ့သည်။ တန်ခိုးရှင်ဒုတိယအဆင့် တစ်ဦးကို ရင်ဆိုင်နေသည်ဟု မခံစားရတော့ဘဲ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်နေရသည်ဟုသာ ခံစားလာရတော့သည်။
သို့သော်လည်း ထိုအတွေးများကို မတွေးမိအောင် အတတ်နိုင်ဆုံး သူ့စိတ်ကို ထိန်းချုပ်လျက် ကျန်းရှီက အော်ပြောလိုက်သည် “ကောင်လေး၊ မင်းကျားသား စားချင်လို့ ဝက်ယောင် ဆောင်နေတာလား”
“ခင်ဗျားတို့ပဲ ကျုပ်ကို အရင် အထင်လာသေးတာလေ” ရန်ကိုင်သည် နည်းနည်းလေးမှ ကြောက်လန့်သွားဟန် မပြဘဲ လှောင်ပြုံးပြုံး၍သာ “ဖားအိုကြီး၊ ခင်ဗျားသေဖို့ အဆင်သင့် ဖြစ်ပြီလား”
“ဒီလောက်လေးနဲ့လား” ထိုသို့ အော်ပြောလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ကျန်းရှီသည် သူ့ရှီကို ဖြန့်ကျက်၍ ရန်ကိုင်အား ဖိနှိပ်ရန် ကြိုးစားလိုက်လေသည်။