← Chapters

အခန်း (၁၆၃၆-၁၆၄၀)

Vol. 66 Ch. 1636-1640

အခန်း (၁၆၃၆-၁၆၄၀)

Vol. 66 Ch. 1636-1640

အပိုင်း (၁၆၃၆)

“ပြီးပြည့်စုံခြင်းအဆင့်နား ရောက်နေတဲ့ရှီပဲ” ရန်ကိုင် မျက်ခုံး ပင့်လိုက်သည်။ သူ့အား ရေခဲနှလုံးသားတောင်ကြားမှ မိန်းကလေးများ ဘာကြောင့် ဒီလောက် ကြောက်နေရသလဲ ဆိုသည်ကိုလည်း နားလည်သွားခဲ့သည်။ ဤရှီဖြင့်ဆိုပါက သူ့တွင် အနာဂတ်၌ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်သည့် အခွင့်အရေး ရှိပေသည်။

မကြာမီ ရန်ကိုင်ဆီမှလည်း အားကောင်းသော ရှီစွမ်းအင်တစ်ရပ် ထွက်ပေါ်လာခဲ့သည်။

ထိပ်တိုက်တွေ့ဆုံမှုသည် တိတ်ဆိတ်ပြီး မမြင်နိုင်သော်ငြား ကျန်းရှိအတွက်မူ မိုးကြိုးတစ်စင်း သူ့ခေါင်းပေါ် ပစ်ချလိုက်သလိုပင်။

သူအရမ်း ဂုဏ်ယူရသောရှီသည် ကြက်ဥမှ ကျောက်ဆောင်ကို သွားတိုက်မိသည့်နှယ် တစ်စစီ ပျက်စီးသွားလေသည်။ မျက်တောင်တစ်ခတ်အတွင်း ကျန်းရှီ တစ်ကိုယ်လုံးကို အလွန်အမင်း အားကောင်းသော စွမ်းအားတစ်ရပ်က လွှမ်းခြုံသွားခဲ့သည်။

ရန်ကိုင့် ရှီစွမ်းအင်၏ လွှမ်းခြုံခြင်း ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ကျန်းရှီ မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားခဲ့သည်။ ယခုမှပဲ ရန်ကိုင်သည် ထင်ရသလောက် မရိုးရှင်းကြောင်း ကျန်းရှီ နားလည်သွားတော့သည်။ ထိုကောင်လေး၏ ကျင့်ကြံခြင်းသည် တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးသော်လည်း ရှီစွမ်းအင်အပေါ် သူ၏ နားလည်သဘောပေါက်မှုသည် သူ့ထက် အများကြီး ပိုမြင့်မားနေခဲ့သည်။

သူတော်စင်ချီကို အရူးအမူး လှည့်ပတ်၍ သူ့ခန္ဓာကိုယ်အား ရောင်စုံအဆိပ်ငွေ့များဖြင့် လွှမ်းခြုံကာ ကာကွယ်လိုက်၏။ တစ်ချိန်တည်းတွင်း ရန်ကိုင်ဆီသို့လည်း‌ ရောင်စုံအဆိပ်ငွေ့များ ပစ်လွှတ်လိုက်လေသည်။

ရှီစွမ်းအင်ချင်း မယှဉ်နိုင်လျှင်ပင် ကျန်းရှီအနေဖြင့် ဤအတိုင်းတော့ လက်မြှောက်ပြီး အရှုံးပေးမည် မဟုတ်ပေ။

ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏။ ခဏမျှ စဉ်းစားပြီးနောက် မီးငှက်ကို ဆင့်ခေါ်လိုက်သည်။ စူးရှသော ငှက်အော်သံနှင့်အတူ မီတာပေါင်း များစွာ ရှည်လျားသော မီးငှက်တစ်ကောင် ရန်ကိုင်ခေါင်းထက် ထွက်ပေါ်လာပြီး ကျန်းရှီဆီသို့ မီးဘောလုံးများ မှုတ်ထုတ်လိုက်၏။

ကျန်းရှီသည်လည်း ရုတ်တရက် ပေါ်လာသည့် မီးငှက်ကြောင့် အလစ်အငိုက် မိသွားခဲ့လေသည်။ မီးငှက်၏ မီးဘောလုံးများကို သူ့အဆိပ်ငွေ့များ လုံးဝ မယှဉ်နိုင်ခဲ့ပေ။ သူ့အဆိပ်ငွေ့များသည် မီးဘောလုံးများ၏ တောက်လျှောက် လောင်ကျွမ်းခြင်း ခံနေရ၏။

မီးငှက်၏ မီးဘောလုံးများအောက်တွင် ကျန်းရှီ လုံးဝ အလူးအလဲ ခံနေရသည်။ ကျန်းရှီသည် သူတော်စင်ချီကို အရူးအမူး လှည့်ပတ်၍ အငွေ့ပျံပျောက်ကွယ်နေသော အဆိပ်မြူခိုးထုကြီးကို အလျင်အမြန် ပြန်လည် ဖြည့်တင်းနေရသည်။ သို့တိုင်ပင် အငွေ့ပျံသွားသော အဆိပ်မြူခိုးများကို အလျင်မှီအောင် ပြန်လည် မဖြည့်တင်းနိုင်သည့်အတွက် မကြာမီ အဆိပ်မြူခိုးထုကြီး တစ်ခုလုံး အငွေ့ပျံ့ ပျောက်ကွယ်သွားခဲ့ရတော့လေသည်။

ရန်ကိုင်သည် ကျန်းရှီအား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်၍ လှောင်ပြောင်လိုက်လေသည် “ခင်ဗျား အရမ်း အားနည်းတာပဲ ဖားအိုကြီး”

ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီးအားလုံး ထိုမြင်ကွင်းကို ကြောင်ကြည့်နေမိကြသည်။

ထူးဆန်းသော မီးငှက်နှင့် ရန်ကိုင်၏ ရှီစွမ်းအင်မှ အဆက်မပြတ် ဖိနှိပ်နေသည့်အတွက် ကျန်းရှီ လုံးဝ ခေါင်းမထောင်နိုင်ခဲ့။ အခွင့်အရေးကောင်း တစ်ခုခုနှင့်သာ ကြုံရလျှင် ကျန်းရှီ ဤနေရာတွင် တစ်ခါတည်း အသတ်ခံရနိုင်ပေသည်။

သူတို့ ဘာတွေကို မြင်နေရသလဲ တကယ်ကို နားမလည်နိုင်တော့။

မီးတောက်ဂိုဏ်းနှင့် ကျန်းရှီတို့ကို မြင်လိုက်ကတည်းက သူတို့ ဒုက္ခရောက်မည်မှန်း သိထားခဲ့သည်။ သေရန် အတွက်လည်း ကြိုတင် ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း သူတို့ ကာကွယ်ရမည့်လူသည် သူတို့အား ရုတ်တရက် ပြန်ကာကွယ်ပြီး ဤကပ်ဘေးကြီးကို ဖြေရှင်းပေးသွားခဲ့သည်။

မီးငှက်တစ်ကောင်တည်းနှင့် ကျန်းရှီ ခွေးနေရာမရ ဘဝ ရောက်နေရပြီး ရေခဲနှလုံးသားတောင်ကြားမှ မိန်းကလေး တပည့်များဘက်သို့ လှည့်ရန် နည်းနည်းလေးမှ အချိန်မရှိခဲ့ပေ။

မီးငှက်သည် ကျန်းရှီအား ပါးစပ်သီးသန့်ဖြင့်သာ တိုက်ခိုက်မနေတော့ဘဲ တောင်ပံများကို သုံး၍ပါ တိုက်ခိုက်နေခဲ့လေပြီ။ အဆိပ်မြူခိုး အကာအကွယ်လည်း မရှိတော့သည့်အတွက် ကျန်းရှီ၏ ခန္ဓာကိုယ်ထက် မီးလောင်ဒဏ်ရာများစွာ ထွက်ပေါ်လာခဲ့ရတော့သည်။

ကျန်းရှီ၏ အမူအရာ ရုတ်တရက် ခက်ထန်သွားပြီး မှော်ရတနာ တစ်ခုကိုထုတ်ကာ ထိုပေါ်သို့ အဆိပ်မြူများ မှုတ်ထုတ်လိုက်၏။

မှော်ရတနာသည် အဆိပ်မြူများကို စုပ်ယူ၍ ငါးရောင်ခြယ် မြွေပွေးတစ်ကောင်သို့ အသွင်ပြောင်းလဲသွားခဲ့လေသည်။

မြွေကြီးသည် ၎င်း၏ ခန္ဓာကိုယ်ကို တွန့်လိမ်လျက် မီးငှက်ဆီသို့ ပျံတက်သွားလေသည်။

ကျန်းရှီသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ရန်ကိုင်ရှီ၏ ဖိနှိပ်မှုအောက်မှ ရုန်းထွက်ကာ သူ့ဆီသို့ တိုးဝင်သွားလေသည်။

ဤအခိုက်အတန့်ကိုသုံး၍ ရန်ကိုင်ကို သတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ ရန်ကိုင်သာ သေသွားသည်နှင့် သူရင်ဆိုင်နေရသည့် ပြဿနာအားလုံး အဆုံးသတ်သွားပေလိမ့်မည်။

မီးတောက်ဂိုဏ်းမှ ယန်ချီလဲ့ ပြောသည်ကိုလည်း သူဂရုမစိုက်တော့။ သူ့ကိုယ်သူပင် အနိုင်နိုင် ကာကွယ်နေရရာ ရန်ကိုင်အား မသတ်မိမည်ကို မည်ကဲ့သို့များ ဂရုစိုက်နေနိုင်တော့မည်နည်း။

မျက်တောင်တစ်ခတ်အတွင်းတွင် ကျန်းရှီသည် ရန်ကိုင်နှင့် ဆယ်မီတာအကွာသို့ ရောက်လာခဲ့ပြီး အဆိပ်မြူခိုးများစွာကို ရန်ကိုင်ဆီသို့ ပစ်လွှတ်လိုက်လေသည်။

ထိုအခါမှပဲ ရေခဲနှလုံးသားတောင်ကြားမှ မိန်းကလေးများ အသိပြန်ဝင်လာကြပြီး ခေါင်းဆောင် မိန်းကလေးက လှမ်းအော်ပြောလိုက်သည် “သူ့ကို မြန်မြန် ကူပေးလိုက်”

ပြောပြီးသည်နှင့် ရေခဲစူးချွန်များကို ဖန်တီးလျက် ကျန်းရှီဆီသို့ လှမ်းပစ်လိုက်လေသည်။

အခြား မိန်းကလေးများသည်လည်း သူတို့၏ အားအကောင်းဆုံး ပညာရပ်များကို အသုံးပြု၍ ကျန်းရှီအား တိုက်ခိုက်လိုက်ကြသည်။

ရွှေရောင်အလင်းတစ်ချက်နှင့်အတူ ရွှေရောင်သွေးမျှင်တစ်မျှင် ရန်ကိုင်ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။ ထို့နောက် ရုတ်တရက် ပြန်ပျောက်ကွယ်သွားခဲ့လေသည်။

တစ်ချိန်တည်းတွင် ကျန်းရှီစိတ်ထဲ အချက်ပေး ခေါင်းလောင်းသံတို့ မြည်ဟည်းသွားခဲ့သည်။ ယခုနေ သူမထွက်ပြေးလျှင် လုံးဝ ထွက်ပြေးနိုင်တော့မည် မဟုတ်မှန်း သူ့မသိစိတ်က ပြောနေသည်။ ထို့ကြောင့် အံကြိတ်၍ ဘေးဘက်သို့ တိမ်းရှောင်လိုက်သည်။

သူရှောင်လိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ရွှေရောင်သွေးမျှင်သည် ကျန်းရှီ၏ ပုံရိပ်ယောင်ကို ထိုးဖောက်ဝင်သွားခဲ့သည်။

ကျန်းရှီ တစ်ကိုယ်လုံး ချွေးအေးများဖြင့် စိုရွှဲသွားသည်။ သူအသိပြန်မဝင်နိုင်သေးခင်မှာပဲ ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီးများ၏ တိုက်ခိုက်မှုအားလုံး သူ့ဆီသို့ ရောက်ရှိလာခဲ့သည်။ သူရှိနေသည့် နေရာတစ်ခုလုံး ရေခဲစူးချွန်များဖြင့် တစ်မုဟုတ်ချည်း ပြည့်နှက်သွားခဲ့၏။

ပရမ်းပတာ စွမ်းအင်လှိုင်းတို့နှင့်အတူ ကျန်းရှီ၏ ဗလုံးဗထွေး အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့လေသည်။ ကျန်းရှီ ဒဏ်ရာရသွားခဲ့လေပြီ။

ရေခဲနှလုံးသားတောင်ကြားမှ တပည့်များသည် ပုံမှန်အားဖြင့် ကျန်းရှီ၏ ပြိုင်ဘက် မဖြစ်နိုင်သော်လည်း သူတို့အားလုံးပေါင်း၏ တိုက်ခိုက်မှုသည် ကျန်းရှီ အနေဖြင့် မည်သည့် အကာအကွယ်ကိုမှ အသုံးမပြုဘဲ ခုခံနိုင်သည့် အရာမျိုးတော့ မဟုတ်ပေ။

ဖုန်များ ငြိမ်သက်သွားချိန် အားလုံးရှေ့ရှိ မြင်ကွင်း ပြန်လည် ရှင်းလင်းသွားခဲ့သည်။

ရေခဲနှလုံးသားတောင်ကြားမှ မိန်းကလေး အဖွဲ့ခေါင်းဆောင်က ကျန်ရှီ ရှိနေသည့် နေရာကို ရင်တဒိတ်ဒိတ်ဖြင့် ကြည့်နေခဲ့၏။

“သူသေသွားလား” တစ်ယောက်ယောက် မေးလိုက်သည်။

ထိုမိန်းကလေး၏အသံ ဆုံးသွားသည့် တစ်ချိန်တည်းမှာပင် ကျန်းရှီ၏ အသံ အတေးတစ်နေရာမှ ထွက်ပေါ်လာခဲ့လေသည် “ရေခဲနှလုံးသားတောင်ကြားက မိန်းမပျက်တွေ ဒီလူအိုကြီး ဒီနေ့အကြွေးကို မမေ့ဘူး။ နင်တို့ ရေခဲသန့်စင်ကျွန်းကို အနှေးနဲ့အမြန် ဒီလူအိုကြီး ဖျက်စီးပစ်မယ်”

မိန်းကလေးခေါင်းဆောင်၏ မျက်နှာ ဖြူလျော်သွားပြီး ကျန်းရှီ၏ အသံ ထွက်ပေါ်လာသည့်ဘက်သို့ လှမ်းကြည့်လိုက်ရာ ရောင်စုံအလင်းတန်းတစ်ခု အလွန်လျင်အမြန်သော အရှိန်ဖြင့် ထွက်ပြေးနေသည်ကို တွေ့ရှိလိုက်ရလေသည်။

ထို့နောက် ရန်ကိုင်များ ကျန်းရှီအား လိုက်ဖမ်းမလားဟူသော မျှော်လင့်ချက်ဖြင့် ရန်ကိုင်ရှိသည့်နေရာသို့ လှမ်းကြည့်လိုက်၏။

သို့သော်လည်း ရန်ကိုင် ရှိမနေတော့ချေ။ ရန်ကိုင်သည် ဘယ်အချိန်ကတည်းကမှန်းမသိ မရှိတော့လေပြီ။

လိုက်ပတ်ရှာကြည့်လိုက်တော့မှ ထွက်ပြေးနေသည့် ကျန်းရှီ၏ ရှေ့တွင် ပုံရိပ်တစ်ခု ရပ်နေသည်ကို တွေ့ရှိလိုက်ရသည်။

ဤတိုက်ပွဲသည် သူမ နားလည်နိုင်သည့် အကန့်အသတ်ကို ကျော်လွန်နေလေပြီ။ ထိုနှစ်ယောက်စလုံး မည်သည့် အချိန် ကတည်းက လှုပ်ရှားလို့ လှုပ်ရှားသွားမှန်း သူမ လုံးဝ မသိလိုက်။

ကျန်းရှီသည် အကုန်လုံး သူ့အား မမြင်နိုင် ဖြစ်နေသည်ကို အခွင့်ကောင်းယူ၍ လျှို့ဝှက်ပညာရပ်တစ်ခုကို ထုတ်သုံးကာ တိတ်တဆိတ် ထွက်ပြေးခဲ့သည်။ သို့သော် လူငယ်လေးမှာလည်း ကျန်ရှီ ဘာကြံနေလဲ ဆိုသည်ကို ကြိုသိထားသည့်အလား ကျန်းရှီ ပြေးမည့်လမ်းကို ကြိုပိတ်ထားခဲ့လေသည်။

ရန်ကိုင် သူ့လမ်းအား ပိတ်နေသည်ကို မြင်သည့်အခါ ကျန်းရှီ စိတ်ထဲ အလွန်ကိုမှ တုန်လှုပ်ချောက်ခြားမိသွားသည်။ သို့သော် ရန်ကိုင်ကို မဖြတ်ကျော်ဘဲနှင့် ထွက်ပြေးနိုင်မည် မဟုတ်မှန်း နားလည်လိုက်သော် လက်သီးတင်းတင်းဆုပ်၍ သွေးအဆီအနှစ်ကို လောင်ကျွမ်းချလိုက်သည်။ သူ့အရှိန်အဝါ ရုတ်ချည်း မြင့်တက်သွားခဲ့ပြီး အနီရောင် အရောင်အဝါတစ်ရပ် သူ့ဆီမှ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ရန်ကိုင်ဆီသို့ အကြောက်အရွံ့မဲ့စွာ တိုးဝင်သွားလေသည်။

ရန်ကိုင်ကမူ အေးစက်စက် အမူအရာဖြင့်သာ “သေချင်နေတာပဲ”

ရန်ကိုင်ကလည်း ရှောင်တိမ်းနေရန် မကြိုးစားဘဲ လက်သီးကို တင်းတင်းဆုပ်၍ ဒြပ်ကြီးငါးပါးအကြွင်းမဲ့ချီထဲရှိ သတ္တုချီဖြင့် သူ့လက်သီးကို လွှမ်းခြုံလိုက်သည်။ ရန်ကိုင်၏ လက်သီး တစ်ခုလုံး မရေမတွက်နိုင်သော ဓါးသွားလေးများဖြင့် ချက်ချင်း ပြည့်နှက်သွားခဲ့လေသည်။

ရန်ကိုင် လက်သီးထက်ရှိ ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားကို ခံစားမိသော် ကျန်းရှီသည် သူ့ခန္ဓာကိုယ်ပတ်လည်အား အဆိပ် မြူခိုးထုကြီးဖြင့် နောက်တစ်ကြိမ် လွှမ်းခြုံလိုက်သည်။

ရန်ကိုင်၏ လက်သီးချက်သည် ကျန်းရှီ တည့်တည့်သို့ တိုးဝင်သွားလေသည်။ လက်သီးချက်အောက်ဝယ်၊ ကျန်းရှီ ပတ်လည်ရှိ အဆိပ်မြူခိုးထုကြီး တစ်ခုလုံး ပျက်စီးသွား၏။ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရှိနေသော အနီရောင် အရောင်အဝါလည်း တစ်စစီ ဖြစ်သွားခဲ့သည်။

အရိုးကျိုးသံနှင့်အတူ ကျန်းရှီတစ်ကိုယ်လုံး နောက်ဘက်သို့ သွေးအပွက်ပွက် အန်ထွက်ရင်း လွင့်ပျံထွက်သွားခဲ့လေသည်။

ကြောက်ကြောက်လန့်လန့်ဖြင့် ခန္ဓာကိုယ်ကို ရပ်သွားအောင် ထိန်းရန် ကြိုးစားလိုက်သော်ငြား ခြေငြိမ်အောင်ပင် မကြိုးစားနိုင်သေးခင်မှာပဲ ရန်ကိုင်၏ ရွှေရောင်သွေးမျှင်သည် သူ့အား လိုက်မှီလာပြီး သူ့တစ်ကိုယ်လုံးကို ရစ်ပတ်လိုက်၏။

ရွှေရောင်အလင်းတန်း ပျောက်ကွယ်သွားချိန်တွင် ကျန်းရှီ တစ်ကိုယ်လုံး အပိုင်းပိုင်အစစဖြစ်ကာ ကောင်းကင်ပေါ်မှ အောက်သို့ ပြုတ်ကျလာခဲ့သည်။

လှိုင်းနီကြယ်၏ နာမည်ကျော် ကျန်းရှီသည် ဤနည်းဖြင့် သေဆုံးသွားခဲ့ရလေပြီ။

ထိုမြင်ကွင်းကိုကြည့်ရင်း ရေခဲနှလုံးသားတောင်ကြားမှ မိန်ကလေးများ အတော်လေး ဝမ်းသာသွားခဲ့သည်။

ယုချင်ရွှယ်နှင့် တိုက်ခိုက်နေသော ယန်ချီလဲ့သည် ထိုမြင်ကွင်းကို မြင်ပြီးနောက် ခြေမကိုက်မိ လက်မကိုင်မိ ဖြစ်ကုန်လေသည်။

ယုချင်ရွှယ်သည် ရေခဲနှလုံးသားတောင်ကြား၏ ဆယ့်သုံးယောက်မြောက် အကြီးအကဲ အကြောင်းအရင်း မရှိဘဲ ဖြစ်လာသည့်လူမဟုတ်။ သူမ၏ အဆင့်သည် နိမ့်ကျသော်ငြား ခွန်အားမှာ ပြောစရာမလိုအောင်ကို မြင့်မားသည်။

ယန်ချီလဲ့မှ တစ်ချက် သတိလက်လွတ် ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် ယုချင်ရွှယ်မှ တန်ပြန် ဖိတိုက်လေရာ ယန်ချီလဲ့ ချက်ချင်း အောက်စည်းရောက်သွားလေသည်။

ယုချင်ရွှယ် ကိုယ်တိုင်သည်လည်း ရန်ကိုင် ပြသသွားသည့် ခွန်အားအပေါ် အတော်လေးကို မှင်သက်နေမိသည်။ ရန်ကိုင် ကျန်းရှီအား သတ်နိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။

ကျန်းရှီ အဆိပ်ပညာရပ်များသည် အလွန်ကိုမှ ကိုင်တွယ်ရ ခက်လှသည့်အတွက် သူမပင်လျှင် ကျန်းရှီအား ထိပ်တိုက် မရင်ဆိုင်နိုင်ချေ။ သို့သော်လည်း ရန်ကိုင်သည် ကျန်းရှီအား အသက်သုံးဆယ်ရှိုက်စာအတွင်း သတ်ပြသွားခဲ့သည်။

ရေခဲနှလုံးသားတောင်ကြားတွင် ထိုကဲ့သို့ လုပ်နိုင်သူဆို၍ အကြီးအကဲချုပ် တစ်ယောက်လောက်သာ ရှိလောက်သည်။

ထိုကောင်လေး၏ ရေခဲနှလုံးသားတောင်ကြား၏ အကြီးအကဲချုပ်နှင့် ယှဉ်နိုင်နေပြီလား။

“စီနီယာအစ်ကို၊ ကျေးဇူးပြုပြီး ဆယ့်သုံးယောက်မြောက် အကြီးအကဲကို ကူညီပေးပါဦး” ရေခဲနှလုံးသားတောင်ကြားမှ အဖွဲ့ခေါင်းဆောင် မိန်းမငယ်လေးက ရန်ကိုင်အား လှမ်း၍ တောင်းဆိုလိုက်လေသည်။

“ရတာပေါ့” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ယန်ချီလဲ့ တည့်တည့်သို့ လက်ညိုးညွှန်လျက် ပြောလိုက်၏ “သူ့ကိုသတ်”

မီးငှက်သည် ချက်ချင်းပဲ ယန်ချီလဲ့ဆီသို့ ပျံသန်းသွားလေသည်။

ယန်ချီလဲ့နှင့် ယုချင်ရွှယ်သည် အစပိုင်းတွင် လက်ရည် ညီနေခဲ့သော်ငြား မီးငှက်ပါလာသည့်နောက်တွင် တိုက်ပွဲ မျှခြေမှာ တစ်မုဟုတ်ချည်း ကျိုးပျက်သွားပြီး ယန်ချီလဲ့ သူ့ကိုယ်သူ အသည်းအသန် ကာကွယ်ရတော့လေသည်။

“ကောင်လေး၊ ငါက မီးတောက်ဂိုဏ်းရဲ့ အကြီးအကဲပဲ။ မင်းငါ့ကို သတ်ရဲရင် မင်းရေဆုံးမြေဆုံး ထွက်ပြေးရင်တောင် မီးတောက်ဂိုဏ်းက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး” ယန်ချီလဲ့သည် ရန်ကိုင်အား ပြန်ဆုတ်သွားအောင် ဒေါသတကြီး လှမ်းအော်ဟစ် ခြိမ်းခြောက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၃၇)

ရန်ကိုင်သာ ယုရွှယ်ချင်ကို ဝင်မကူသရွေ့ သူ့ဘာသာ လွတ်အောင် ထွက်ပြေးနိုင်ပေသည်။ ထို့ကြောင့် သူအသက်ရှင်မရှင်သည် ရန်ကိုင်အပေါ် မူတည်နေပေသည်။

ယုရွှယ်ချင် မျက်မှောင်ကြုတ်သွားပြီး အလျင်စလို လှမ်း၍ အော်ပြောလိုက်လေသည် “မောင်လေး၊ သူ့ကို ကြောက်နေစရာ မလိုဘူး။ မီးတောက်ဂိုဏ်းက အားကောင်းတယ် ဆိုပေမယ့် ငါတို့ ရေခဲနှလုံးသားတောင်ကြားကလည်း အားမနည်းဘူး။ နင်သာ သူ့ကို ကူသတ်ပေးမယ်ဆိုရင် ငါတို့ ရေခဲနှလုံးသားတောင်ကြားက နင့်ကို ကာကွယ်ပေးမယ်”

ယန်ချီလဲ့ ခြိမ်းခြောက်သည်ကို လန့်ပြီး ရန်ကိုင် လက်လျှော့သွားမည်ကို သူမ စိုးရိမ်နေခြင်း ဖြစ်သည်။

ယန်ချီလဲ့သည် ကျန်းရှီနှင့်မှ မတူဘဲ။ ကျန်းရှီမှာ အားကောင်းသော်ငြား သူသည် လေလွင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူအသတ်ခံလိုက်၍ မည်သူမှ သူ့အတွက် လက်စားလိုက်ချေပေးလိမ့်မည် မဟုတ်ပေ။ သို့သော် ယန်ချီလဲ့ကမူ မီးတောက်ဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်သည်။ သူ့တွင် နောက်ခံအကြီးကြီး ရှိနေပေသည်။

“ကူသတ်ပေးရမှာပေါ့” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ဒီအခြေအနေ ရောက်နေတာတောင် ကျုပ်ကို လာပြီး ခြိမ်းခြောက်ချင်နေသေးတယ်။ ခင်ဗျားတို့ မီးတောက်ဂိုဏ်းက ကောင်တွေ တကယ် တုံးတာပဲ”

ယန်ချီလဲ့ မျက်နှာ ဖြူလျော်သွားခဲ့သည်။

“ဒါနဲ့ ကျုပ်ခင်ဗျားကို ပြောဖို့ မေ့သွားတယ်။ အခုမှ မီးတောက်ဂိုဏ်းက လူတွေကို ကျုပ်သတ်ဖူးတာ မဟုတ်ဘူး။ အရင်ကလည်း သတ်ဖူးတယ်။ ဧကရာဇ်ဥယျာဉ်ထဲမှာတုန်းက ချင်ဝမ်တုန်ဆိုတဲ့ တစ်ယောက်ကို ကျုပ်သတ်ဖူးတယ်။ သွေးအကျဉ်းထောင်မှာတုန်းကလည်း ကျန်ချင်တို့ အဖွဲ့ကိုလည်း သတ်ဖူးသေးတယ်။ သူတို့တွေ အကုန်လုံး ခင်ဗျားတို့ မီးတောက်ဂိုဏ်းကပဲ မဟုတ်ဘူးလား”

ယခုတစ်ကြိမ် ယန်ချီလဲ့ လုံးဝ ထိတ်လန့်သွားရလေပြီ။

ရန်ကိုင်နှင့် မီးတောက်ဂိုဏ်းကြားတွင် ဤကဲ့သို့ ရန်ငြိုး ကြီးကြီးမားမား ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ခုန်ဝမ်တုန် ဖြစ်စေ၊ ကျန်းချင်ဖြစ်စေ နှစ်ယောက်စလုံးသည် သူ့ထက် အဆင့် ပိုမြင့်သည့် မီးတောက်ဂိုဏ်း၏ နာမည်ကျော် အကြီးအကဲများ ဖြစ်ကြသည်။

ခုန်ဝမ်သည် ဧကရာဇ်ဥယျာဉ်မှ ပြန်မလာနိုင်ခဲ့သလို ကျန်းချင်သည်လည်း သွေးအကျဉ်းထောင်ထဲမှ ပြန်မရောက်သေးပေ။

“ကျုပ် အစကတည်းက ခင်ဗျားတို့ မီးတောက်ဂိုဏ်းကို ကြည့်မရတာ… ဒီတော့ သေလိုက်ပေတော့” ရန်ကိုင်၏ အမူအရာ ရုတ်ချည်း အေးစက်သွားပြီး အားကောင်းသော စိတ်စွမ်းအင်လှိုင်း တစ်ရပ် ယန်ချီလဲ့ဆီသို့ တိုးဝင်သွားလေသည်။

ရန်ကိုင်၏ စိတ်စွမ်းအင်လှိုင်းသည် ယန်ချီလဲ့၏ စိတ်စွမ်းအင် အတားအဆီးများကို အလွယ်တကူ ချိုးဖျက်ပြီး သူ့အသိစိတ် ပင်လယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

သူ့ဝိဥာဉ် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး ယန်ချီလဲ့ မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားပြီး စူးစူးဝါးဝါး ထအော်ဟစ်လေသည်။

ယုရွှယ်ချင်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ သူတော်စင်ချီကို အကန့်အသတ်ထိ လှည့်ပတ်ကာ ယန်ချီလဲ့ကို တိုက်ခိုက်လိုက်၏။ ယုချင်ရွှယ်ကို ဗဟိုပြု၍ ပတ်ပတ်လည် မီတာသုံးရာ ပတ်လည်လုံး ရုတ်ချည်း အေးခဲသွားခဲ့သည်။

အအေးဓါတ်များ သူ့ကိုယ်ထဲသို့ စတင် ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ယန်ချီလဲ့၏ ခန္ဓာကိုယ် စတင် အေးခဲလာခဲ့၏။

မီးငှက်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ယန်ချီလဲ့ပေါ်သို့ ခုန်အုပ်ကာ မျိုချလိုက်လေသည်။

မီးငှက်၏ ဝမ်းဗိုက်သည် တစ်မုဟုတ်ချည်း ဖောင်းကားလာခဲ့သော်ငြား မီးတောက်များ အလျင်အမြန် ဖိနှိပ်ခြင်း ခံလိုက်ရလေ၏။

အချိန်ကြာလာသည်နှင့် မီးငှက်၏ဗိုက် တဖြည်းဖြည်း ပြန်ပိန်လာခဲ့ပြီး နောက်ဆုံးတွင် နဂိုအတိုင်း ပြန်ဖြစ်သွား၏။

ယန်ချီလဲ့သည်လည်း အာကာယံမိုးကြိုးမီးတောက် ကျင့်စဉ်ကို ကျင့်ကြံထားသည့်အတွက် မီးငှက်သည် သူ့အား ဝါးမြိုပြီး သူ့ကိုယ်သူ ပိုအားကောင်းအောင် လုပ်လိုက်ခြင်း ဖြစ်သည်။

ထို့နောက်တွင် မီးငှက်သည် အလင်းတန်းအသွင်သို့ ပြောင်း၍ ရန်ကိုင်ကိုယ်ထဲသို့ ပြန်ဝင်သွားလေသည်။

ဤသို့ဖြင့် ရေခဲနှလုံးသားတောင်ကြားမှ မိန်းကလေးများ ရင်ဆိုင်ရသည့် ကပ်ဘေးကြီးသည့် မည်သူမှ ထင်မှတ်မထားသည့် အဆုံးသတ်နှင့် ပြီးဆုံးသွားခဲ့လေသည်။

ယုရွှယ်ချင်သည် ရန်ကိုင်နား နားမလည်နိုင်သည့် မျက်ဝန်းအစုံဖြင့် ကြောင်ကြည့်နေသည်။

ရေခဲနှလုံးသားတောင်ကြားမှ အခြား အမျိုးသမီးများသည်လည်း ထိတ်လန့်တုန်လှုပ်နေကြ၏။ ချင်းယ တစ်ယောက်သည်သာ ပြုံးနေခြင်း ဖြစ်သည်။

အချိန်အတော်ကြာပြီး နောက်မှသာ ယုရွှယ်ချင်က ရန်ကိုင်အား ခေါင်းညိတ်ပြ၍ “ကျေးဇူးပဲ”

ယခုတစ်ကြိမ်ကိစ္စတွင် ရန်ကိုင်ကြောင့်သာ မဟုတ်လျှင် ရေခဲနှလုံးသားတောင်ကြားမှ တပည့် နှစ်ယောက်၊ သုံးယောက် လွတ်ခဲ့လျှင်ပင် အဆန်းတကြယ် ဖြစ်နေခဲ့လေပြီ။ ရန်ကိုင် ဝင်ကူပေးလိုက်သည့်အတွက် ရေခဲနှလုံးသားတောင်ကြားမှ တပည့်အများစု အသက်ရှင်နိုင်ခဲ့ရုံမက မီးတောက်ဂိုဏ်းမှ တပည့်များစွာနှင့် အကြီးအကဲတစ်ယောက်လည်း သတ်နိုင်ခဲ့သည်။

“ကျေးဇူးတင်နေစရာ မလိုပါဘူး။ ကျုပ်ကိုကျုပ် ကာကွယ်ရုံပဲ။ အခု ကျုပ်တို့ သွားလို့ရပြီလား” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်သည်။

ယုရွှယ်ချင်က ခေါင်းညိတ်လိုက်ပြီး သူ့တပည့်များကို တိုက်ပွဲကွင်းပြင်အား ရှင်းလင်းရန် အမိန့်ပေးလိုက်ပြီးနောက် သန်စင်ရေခဲကျွန်းဆီသို့ စထွက်ခွာလေသည်။

ယခုတစ်ကြိမ်တွင်တော့ မည်သူမှ ရန်ကိုင်အား ရန်လိုသည့် အကြည့်ဖြင့် ကြည့်မနေကြတော့။

ရန်ကိုင်ကိုလည်း ယခင်ကကဲ့သို့ ဝိုင်းရံမထားတော။ သူတို့ အနေဖြင့် ရန်ကိုင်ကိုမှ ကာကွယ်ပေးစရာ မလိုတော့ဘဲ။ ကာကွယ်ပေးစရာ မလိုရုံမက ရန်ကိုင်သည် သူတို့ အဖွဲ့ထဲတွင် အားအကောင်းဆုံးလူပင် ဖြစ်နေသေးသည်။

“ဆယ်သုံးယောက်မြောက်အကြီးအကဲ၊ ကျွန်မတို့ဘာလို့ သူ့ကို တစ်ချိန်လုံး ရှာနေရတာလဲ” ချင်းယက ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ယုချင်ရွှယ်အား မေးကြည့်လိုက်သည်။

အခြားတပည့်များ၏ အကြည့်သည်လည်း ယုရွှယ်ချင်ဆီသို့ စုပြုံ ရောက်ရှိလာခဲ့လေသည်။

ယုရွှယ်ချင်က မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် ရှက်ကိုးရှက်ကန်း အမူအရာဖြင့် “ငါလည်း သေချာတော့ မသိဘူး။ မီးတောက်ဂိုဏ်းက သူ့ကို လိုက်ရှာနေတော့ သူတို့ကို မအောင်မြင်စေချင်လို့ ငါတို့လည်း လိုက်ရှာလိုက်တာ။ အဓိက အကြောင်းအရင်းကိုတော့… သူပဲ သိလောက်တယ်”

ပြောပြီးသည့်နောက် ရန်ကိုင်အား လှမ်းကြည့်လိုက်လေသည်။

ရန်ကိုင်ကမူ အခြားသူများ သူ့အား ကြည့်နေသည်ကို သတိမပြုမိသည့်အလား ထူးမခြားနားဟန်ဖြင့်သာ ရှိနေသည်။

“နင်တို့ စိုးရိမ်နေစရာ မလိုဘူး။ ဂိုဏ်းချုပ်နဲ့ အကြီးအကဲ ကောင်စီက အခုလို ဆုံးဖြတ်ရတာ သူတို့မှာ အကြောင်းအရင်း ရှိလို့ပဲ”

“ဟုတ်ကဲ့” တပည့်များအားလုံး ခေါင်းညိတ်လိုက်ကြသည်။

ပထမတစ်ကြိမ် ချောင်းတိုက်ခံရပြီးသည့်နောက်တွင် အခြား မည်သည့် တိုက်ခိုက်မှုနှင့်မှ ထပ်မကြုံရတော့ချေ။ လဝက်ခန့် မရပ်မနား ခရီးနှင်လာပြီးနောက် ပင်လယ်ကမ်းခြေ မြို့တစ်မြို့သို့ ရောက်လာခဲ့သည်။

ဤမြိုသည် ရေခဲနှလုံးသားတောင်ကြား၏ စီမံကွပ်ကဲမှုအောက်၌ ရှိနေသော မြို့တစ်မြို့ ဖြစ်သည်။ ထိုမြို့သို့ ရောက်ပြီးနောက်တွင် မြို့ထဲရှိ ဟင်းလင်းပြင်အစီအရင်ကိုသုံး၍ ဆက်သွားလေသည်။

ရေခဲသန့်စင်ကျွန်း၏ အပြင်ပိုင်းသို့ ရောက်လာပြီးနောက် သူ့ကိုယ်ထဲရှိ ပြောင်းလဲမှုတစ်ခုအား ရန်ကိုင် သတိပြုမိလိုက်၏။ စိတ်လှုပ်ရှားစွာဖြင့် တစ်ခုသော အရပ်ဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။

တစ်ချိန်တည်းတွင် ရေခဲခန်းတစ်ခုထဲတွင် အကျယ်ချုပ် ကျနေသော စုယန် စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးဖွင့်လာခဲ့သည်။

နှစ်ယောက်စလုံး တစ်ယောက်၏ တည်ရှိမှုကို တစ်ယောက် အာရုံခံမိလိုက်ကြသည်။ စုယန် ရန်ကိုင်၏ တည်ရှိမှုကို ခံစားမိလိုက်သလို ရန်ကိုင်သည်လည်း စုယန်၏ တည်ရှိမှုကို ခံစားမိလိုက်သည်။

စုယန်သည် ထိုင်ရာမှ အလျင်စလိုထ၍ ဝင်ပေါက်ဆီသို့ ပြေးဝင်သွားလေသည်။

သို့သော်လည်း ဝင်ပေါက်မှ ထွက်ရန် ပြင်လိုက်သည်နှင့် အမျိုးသမီးနှစ်ဦးက သူ့အား တားလိုက်လေသည်။

“ဂျူနီယာညီမစု၊ နင်ဘယ်သွားဖို့ လုပ်နေတာလဲ” မျိုးရိုးနာမည်ကျိုးနှင့် အမျိုးသမီးက စုယန်ရှေ့တွင် ပိတ်ရပ်၍ အေးစက်စက်‌ လေသံဖြင့် မေးခွန်းထုတ်လိုက်သည်။

“စီနီယာအစ်မကျိုး၊ ငါအပြင်သွားချင်လို့၊ သွားခွင့်ပေးပါနော်” စုယန်က တောင်းဆိုလိုက်သည်။

“မရဘူး” မျိုးရိုးနာမည်ကျိုးနှင့် အမျိုးသမီးက ယတိပြတ် ငြင်းချလိုက်သည် “အကြီးအကဲချုပ်က နင့်ကို အခန်းကနေ အပြင်ကို ခြေတစ်လှမ်းတောင် မလှမ်းဖို့ ပြောထားတာ။ နင်တို့ စီနီယာအစ်မတွေကို ခက်ခဲအောင် မလုပ်ပါနဲ့လား စုယန်”

“ဟုတ်တယ် ဂျူနီယာညီမစု၊ အကြီးအကဲချုပ်က နင့်ကို စောင်ကြည့်ဖို့ ငါတို့ နှစ်ယောက်ကို တာဝန်ပေးထားလို့ ငါတို့ ဘယ်ကိုမှတောင် သွားလို့မရဘူး။ ဘာလဲ၊ အကြီးအကဲချုပ်ရဲ့ တပည့်ဖြစ်တယ်ဆိုပြီး ဘယ်သူ့ကိုမှ မျက်လုံးထဲ မထည့်တာလား။ ကျေးဇူးပြုပြီး အထဲပြန်ဝင်သွားလိုက်တော့” အခြား အမျိုးသမီးကလည်း စုယန်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

စုယန်အား စောင့်ကြည့်နေရသည့်အတွက် သူတို့ အနေဖြင့် ကျင့်ကြံရာတွင် ကောင်းကောင်း မကျင့်ကြံနိုင်တော့ချေ။ ထို့အပြင် အကြီးအကဲချုပ်မှ စုယန်အား ဖူးဖူးမှုတ်ထားသည်ကိုလည်း သူတို့ ကြည့်မရ။ ထို့ကြောင့် စုယန်အား ယဉ်ယဉ်ကျေးကျေးပင် စကား ပြောမနေတော့ပေ။

“စီနီယာအစ်မတို့ကို ဂျူနီယာညီမ ခက်ခဲအောင် လုပ်နေတာ မဟုတ်ပါဘူး။ ဂျူနီယာညီမ သွားကို သွားရမှာမို့လို့ပါ။ နေ့ဝက် အတွင်း ပြန်လာမယ်လို့ ဂျူနီယာညီမ ကတိပေးတယ်” စုယန်က နှုတ်ခမ်းကိုက်လျက် တောင်းဆိုလိုက်ပြန်သည်။

“ဂျူနီယာညီမက စီနီယာအစ်မတို့ကို တကယ် ဂရုမစိုက်တာပဲ” မျိုးရိုးနာမည်ကျိုးနှင့် အမျိုးသမီးက “ဂျူနီယာညီမ အပြင် ထွက်သွားတဲ့ အကြောင်းကိုသာ အကြီးအကဲချုပ် သိသွားခဲ့ရင် ဘာဆက်ဖြစ်မလဲ ဂျူနီယာညီမ တွေးဖူးလား။ ဂျူနီယာညီမကတော့ ဘာမှဖြစ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီက စီနီယာအစ်မနှစ်ယောက် အပြစ်ပေးခံရမှာ။ ဂျူနီယာညီမ ဘာကြောင့် အပြင်ထွက်ချင်နေလဲတော့ မသိဘူး။ ဒါပေမယ့် စီနီယာအစ်မကတော့ လုံးဝ ပေးမထွက်နိုင်ဘူး”

“ဂျူနီယာညီမက အကြီးအကဲချုပ်ရဲ့ အချစ်ဆုံး တပည့်ဆိုတော့ အပြစ်ပေးခံရမယ်ဆိုရင်တော့ ခပ်သေးသေး အပြစ်ပဲ ပေးခံရမှာ။ ဒါပေမယ့် စီနီယာအစ်မတို့ကတော့ မတူဘူးလေ။ ဂျူနီယာညီမ စီနီယာအစ်မတို့ကို သေအောင် လုပ်ချင်နေတာလား။ ဂျူနီယာညီမက ပန်းပွင့်လေးလို့ လှပေမယ့် စိတ်ဓါတ်က အရမ်း ညစ်ပတ်တာပဲနော်”

စုယန် သူ့ပါစပ်ကို ဟလိုက်သော်ငြား မည်သည့် စကားလုံးမှ ထွက်မလာခဲ့ချေ။

ထိုနှစ်ယောက် သူမအား မကျေမနပ်စိတ်ဖြင့် ချဲ့ကားပြီး ပြောနေသော်ငြား သူမသာ အပြင်ထွက်သွားလျှင် ထိုနှစ်ယောက် အပြစ်ပေးခံရမည်မှာတော့ သေချာသည့် အမှန်တရား ဖြစ်သည်။

ထို့ကြောင့် စုယန်လည်း ဝမ်းနည်းနည်းဖြင့်သာ ပြန်ပြောလိုက်၏ “ဂျူနီယာညီမ သေချာ မတွေးလိုက်မိဘူး”

သူမ ချစ်ရသည့်လူ သူမအနီးသို့ ရောက်လာခဲ့သော်ငြား သူမမှာတော့ သူ့အား သွားမတွေ့နိုင်ခဲ့ပေ။ ဤနီးလျက်နှင့်ဝေး ဟူသော ခံစားချက်သည် သူမရင်အား ဓါးတစ်ချောင်းဖြင့် ထိုးစိုက်နေသလို ခံစားရစေသည်။

“နားလည်ရင် ပြန်ဝင်သွားလိုက်တော့” မျိုးရိုးနာမည်ကျိုးနှင့် အမျိုးသမီးက ပြောလိုက်သည်။

စုယန်လည်း ကူကယ်ရာမဲ့စွာ ခေါင်းညိတ်ရင်း အထဲသို့ ပြန်ဝင်သွားလေသည်။

ရေခဲခန်းတံခါး ပိတ်သွားသည်ကို မြင်သော် အမျိုးသမီးနှစ်ဦး လှောင်ပြုံးပြုံးလိုက်သည်။

မျိုးရိုးနာမည်ကျိုးနှင့် အမျိုးသမီးက လှောင်ပြောင်ပြောဆိုလိုက်၏ “နောက်ဆုံးတော့ သူ့ကို လက်စားချေခွင့် ရခဲ့ပြီ။ အကြီးအကဲချုပ်ရဲ့ တပည့် ဖြစ်လာလိုက်တာနဲ့ သူလုပ်ချင်တာ လုပ်လို့ ရနေပြီ ထင်နေလားမသိဘူး”

“ဒီတော့ စီနီယာအစ်မတွေဖြစ်တဲ့ ငါတို့ကပဲ သူ့ကို ဘယ်လို ပြုမူရမလဲ သင်ပေးရတာပေါ့”

“ဒါနဲ့ ငါတို့ ဒီကိစ္စကို အကြီးအကဲချုပ်ကို အသိပေးသင့်လား”

မျိုးရိုးနာမည်ကျိုးနှင့် အမျိုးသမီးက ခေါင်းခါ၍ “မပေးနဲ့။ သူမှ အပြင်မသွားတာ။ ငါတို့ သွားတင်ပြလည်း သူဘာမှ အပြစ်ပေးခံရမှာ မဟုတ်ဘူး။ သူအမှားတစ်ခုခု လုပ်တော့မှပဲ အကြီးအကဲချုပ်ကို သတိပေးလည်း နောက်မကျသေးဘူး”

“စီနီယာအစ်ပြောတာ မှန်တယ်”

“မောင်လေး” ယုရွှယ်ချင်၏ ခေါ်သံကြောင့် ရန်ကိုင် နောက်ဆုံး ပြန်အသိဝင်လာခဲ့သည်။

ရေခဲနှလုံးသားတောင်ကြား ဆယ့်သုံးယောက်မြောက် အကြီးအကဲက အနည်းငယ် ထူးဆန်းသည့် အမူအရာဖြင့် ချောင်းဟန့်၍ “ရေခဲသန့်စင်ကျွန်းရဲ့ အတွင်းပိုင်းက အဲ့ဘက်မှာပါ။ ယောကျာ်းတစ်ယောက် ဖြစ်တဲ့အတွက် အဲ့ကိုတော့ သွားခွင့် ရမှာမဟုတ်ဘူး။ ဒီတစ်ကြိမ် ကိစ္စကြောင့်သာ မဟုတ်ရင် အပြင်ပိုင်းကိုတောင် မောင်လေး ဝင်ခွင့်ရမှာ မဟုတ်ဘူး”

“အပြင်ပိုင်းကို ဝင်ခွင့်ရတာနဲ့တင် ဒီဂျူနီယာအတွက် ဂုဏ်ယူစရာ ဖြစ်နေပါပြီ”

စုယန်၏ အရှိန်အဝါကို အာရုံခံမိလိုက်သည့်အတွက် ရန်ကိုင် အတော်လေး ပျော်နေသည်။

ဘာကြောင့်မှန်းမသိ ရန်ကိုင် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသလို ယုရွှယ်ချင် ခံစားလိုက်ရသည်။ သို့သော် ဘာမှ မေးမနေဘဲ ခေါင်းညိတ်၍သာ ပြောလိုက်သည် “အခုလောလောဆယ်တော့ ဒီမှာ နေဦးပေါ့။ နောက်ဘာဆက်လုပ်ရမလဲ ဆိုတာကိုတော့… တောင်ကြားသခင်နဲ့ အခြား အကြီးအကဲတွေကို အသိ ပေးပြီးသွားရင် ပြန်ပြောပေးမယ်”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၃၈)

ပင်လယ်နှင့် နီးကပ်လျက်ရှိသော အပြင်ပိုင်းကျွန်းပေါ်ရှိ ဧည့်ကြိုအိမ်လေး တစ်လုံးထဲတွင် ရန်ကိုင် နေထိုင်နေသည်။

ယုရွှယ်ချင်သည် ရန်ကိုင်အား နေစရာ စီစဉ်ပေးပြီးနောက်တွင် သူ့လက်အောက်ငယ်သားများကို ခေါ်ကာ ထွက်သွားလေသည်။ ရန်ကိုင်၏ နေ့စဉ် ဝေယျာဝစ္စကိစ္စများကို ဆောင်ရွက်ရန် အဆင့်နိမ့် တပည့် တစ်ဦးကိုသာ ချန်ထားရစ်ခဲ့သည်။

မထွက်သွားခင် သူ့အား စိတ်ငြိမ်ငြိမ်ထားရန် ချင်းယမှ တိတ်တဆိတ် ပြောသွားခဲ့သည်။

ရေခဲသန့်စင်ကျွန်း၏ အပြင်ပိုင်းကျွန်းသို့ ရောက်လာပြီးနောက် စုယန်နှင့်သူ့ကြား မိုင်တစ်ရာလောက်သာ ဝေးကွာတော့မှန်း သိလိုက်ရသည့်နောက်တွင် စုယန်အား သွားပြေးတွေ့ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာခဲ့သည်။ သို့သော်ငြား ရေခဲနှလုံးသား တောင်ကြားသည် သာမန် နေရာတစ်ခု မဟုတ်သည့်အတွက် သူ့အနေဖြင် မည်သည့်အလုပ်ကိုမဆို သေချာ သတိထားပြီးမှ လုပ်သင့်ပေသည်။

ရန်ကိုင်သည် စုယန်၏ ရေခဲဝိဥာဉ်လုံးကို ကိုင်ရင်း တင်ပလင်ခွေ ထိုင်နေခဲ့သည်။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ခြင်း မပြုသော်လည်း သူနှင့် နီးကပ်စွာ ချည်နှောင်ထားသည့် အရှိန်အဝါတစ်ခု သူထိုင်နေရာမှ မိုင်တစ်ရာခန့် အကွာတွင် ရှိနေသည်ကို ရန်ကိုင် အသေအချာ ခံစားမိနေသည်။

တစ်ခုသောအချိန်တွင် နှစ်ယောက်စလုံး တစ်ပြိုင်တည်း ပြုံးလိုက်ကြ၏။ သူတို့၏ ခန္ဓာကိုယ် အသီးသီးဆီမှ အံ့ဩဖွယ်ရာ စွမ်းအားတစ်ရပ် ပေါက်ကွဲထွက်လာပြီး ဟင်းလင်းပြင် အတားအဆီးကို ဖြတ်ကျော်ကာ ရေခဲသန့်စင်ကျွန်း အလယ်၌ သွားရောက် တွေ့ဆုံလေသည်။

စုယန် သူ့ရှေ့တွင် ရပ်နေသလို ရန်ကိုင် ခံစားလိုက်ရသည်။ စုယန်၏ ပုံစံသည် လွန်ခဲ့သော နှစ်သုံးဆယ်ကအတိုင်း မပြောင်းမလဲ ရှိနေသေးဆဲ။

စုယန် သူ့အား လာထိသည်ကိုပင် ခံစားမိနေသည်။

သူတို့၏ အရှိန်အဝါများ စတင် ပေါင်းစပ်လာသည်နှင့် နှစ်ဦးသားကြား စိတ်စွမ်းအင်ပဲ့တင်မှုသည် ပိုပို၍ ပြင်းထန်လာခဲ့သည်။

စကားမပြောဘဲနှင့်ပင် တစ်ယောက်၏ ခံစားချက်များကို တစ်ယောက် သဘောပေါက်နေခဲ့လေပြီ။

ရေခဲသန့်စင်ကျွန်း အတွင်းပိုင်းထဲရှိ အခန်းတစ်ခန်းထဲတွင်၊ တင်ပလင်ခွေထိုင်နေသော ရန်ယွင်ထင်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး ကောင်းကင်ပေါ်သို့ သင်္ကာမကင်း အမူအရာဖြင့် မော့ကြည့်လိုက်သည်။

ထို့နောက် သူမဘေးရှိ ဆက်သွယ်ရေး မှော်ရတနာဆီသို့ သတင်းစကားတစ်ခု ဝင်လာခဲ့လေသည်။ ဆက်သွယ်ရေး မှော်ရတနာကို ကောက်ယူပြီး စစ်ဆေးကြည့်လိုက်သည့်နောက် ရန်ယွင်ထင် မျက်နှာပျက်သွားခဲ့လေသည် “ဂျူနီယာညီမယု ဟိုကောင်လေးကို ပြန်တွေ့ပြီး ရေခဲသန့်စင်ကျွန်းကို ခေါ်လာပြီ။ ဟန်…အို၊ လတ်စသတ်တော့ အဲ့လိုကိုး။ စုယန်စိတ်ကို နှောင့်ယှတ်နေတာ အဲ့ခွေးကောင်လေးပေါ့”

“ခွေးကောင်လေးက သေချင်နေတာပဲ”

ရန်ယွင်ထင်၏ မျက်ဝန်းအစုံ ဒေါသရောင်တို့ဖြင့် တလက်လက် တောက်ပလာပြီး အားကောင်းလှသော စိတ်စွမ်းအင်တစ်ရပ်သည် သူမ၏ နဖူးထက်မှနေ၍ ကောင်းကင်ထက်ရှိ တစ်နေရာအား ပြေးဝင်တိုက်ခိုက်လေသည်။

စုယန်နှင့် တိတ်တဆိတ် ချောင်းမြောင်းတွေ့ဆုံနေသော ရန်ကိုင်လည်း တစ်ယောက်ယောက်မှ သူ့အား တိုက်ခိုက်လာမည်ဟု မထင်ထားခဲ့ချေ။

စိတ်ချင်း ပဲ့တင်ထပ်ခြင်းသည် ကောင်းကင်စိတ်အာရုံသုံး၍ ဆက်သွယ်ခြင်းနှင့် မတူချေ။ ကောင်းကင်စိတ်အာရုံသုံး၍ ဆက်သွယ်မည်ဆိုပါက သူ့အား တိုက်ခိုက်လာသူကို ပြန်၍ တိုက်ခိုက်၍ရသလို ခုခံ၍လည်း ရပေသည်။ သို့သော် စိတ်ချင်း ပဲ့တင်ထပ်သည့် အခါတွင်တော့ ဘာမှ လုပ်၍ မရပေ။

ရန်ယွင်ထင်မှ သူမ၏ ကောင်းကင်စိတ်အာရုံကို သုံးလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်နှင့် စုယန်ကြား ဆက်သွယ်မှု ပြတ်တောက်သွားခဲ့လေသည်။ ထို့အပြင် သူ့စိတ် ထိတ်လန့် တုန်လှုပ်သွားခဲ့ရမှုကြောင့် သူ့မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားပြီး သွေးအန်လုမတတ် ဖြစ်သွားခဲ့ရသည်။

“ဘယ်သူလုပ်တာလဲကွ” ရန်ကိုင် ဒေါသထွက်ထွက်နှင့် မျက်လုံး ပြန်ဖွင့်လာခဲ့သည်။

သူနှင့် စုယန်ကြား ဆက်သွယ်မှုကို ဖြတ်တောက်ရန် ကြိုးစားလာသည့် စိတ်စွမ်းအင်လှိုင်းထဲတွင် သတ်ဖြတ်လိုစိတ်တို့ ပါဝင်နေသည်ကို ရန်ကိုင် ခံစားမိသည်။ ရန်ကိုင်သာ ထူးထူးခြားခြား သန်မာနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုတိုက်ခိုက်မှုကြောင့် အနည်းနှင့်အများတော့ ခံစားသွားရပေလိမ့်မည်။

ဝိဥာဉ်သာ ဒဏ်ရာရသွားခဲ့လျှင် အလွယ်တကူ ပြန်ကောင်းလိမ့်မည် မဟုတ်ချေ။ ရန်ကိုင် အတော်လေး ဒေါသထွက်မိသွားသော်လည်း ကူကယ်ရာမဲ့စွာသာ ခေါင်းခါမိလိုက်သည်။

ယခုတစ်ကြိမ်သည် သူ့အပြစ်ဟုသာ ပြော၍ရသည်။ သူသည် နှစ်ထောင်ပေါင်းများစွာအတွင်း ရေခဲသန့်စင်ကျွန်းပေါ်သို့ ပထမဆုံး ခြေချဖူးသည့် ယောကျာ်းတစ်ဦးဖြစ်ပြီး ဤနေရာသည် ရေခဲနှလုံးသားတောင်ကြား၏ ဠာနချုပ်လည်း ဖြစ်သည်။ ဤနေရာသို့ ရောက်ရောက်ချင်းမှာပင် အလျင်စလို လှုပ်ရှားလိုက်ခြင်းသည် သိပ်ပြီး သင့်လျော်သည့် လုပ်ရပ် တစ်ခုတော့ မဟုတ်ချေ။

သေချာစဉ်းစားပြီးနောက်တွင် ရန်ကိုင်၏စိတ် တစ်ဖန်ပြန်လည် တည်ငြိမ်သွားပြီး ထိုအကြောင်းကို ဆက်၍ တွေးမနေတော့ပေ။

သို့သော်ငြား သူ့အား တိုက်ခိုက်သွားသည့် စိတ်စွမ်းအင်၏ စွမ်းအားအရ ထိုစွမ်းအားသည် ရေခဲနှလုံးသားတောင်ကြား၏ ထိပ်ဆုံး အကြီးအကဲ ငါးယောက်ထဲမှ လာခြင်းသာ ဖြစ်လောက်သည်။

တစ်ကြိမ် ခံလိုက်ရပြီးနောက်တွင် ရန်ကိုင် နောက်ထပ် မဆင်မခြင် ထပ်မလှုပ်ရှားရဲတော့ချေ။ မည်သို့ပင် ဖြစ်စေကာမူ အနှေးနှင့် အမြန်ဆိုသလို စုယန်နှင့် ပြန်တွေ့ရလိမ့်မည်ကို ဘာကြောင့်များ လောနေရဦးမည်နည်း။ စုယန် အဆင်ပြေမပြေနှင့် ပက်သက်၍မူ စုယန်သည် အကြီးအကဲချုပ်၏ တပည့် ဖြစ်သည့်အတွက် မည်သည့် အကြီးအကဲ သူ့အား တိုက်ခိုက်သွားသည် ဖြစ်ပါစေ စုယန်ကိုတော့ တိုက်ခိုက်လိမ့်မည် မဟုတ်လောက်ချေ။

စုယန် ရုတ်တရက် မျက်ခုံးပြန်ပွင့်လာပြီး ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် အော်ခေါ်လိုက်လေသည် “ဆရာ”

“ကိုယ့်အမှားကိုယ် ဆင်ခြင်နေ။ နောက်တစ်ကြိမ် ဒါမျိုး ထပ်လုပ်မယ်ဆို အဲ့ကောင်လေးရဲ့ခေါင်းကို ငါဖြတ်ပစ်မယ်” ရန်ယွင်ထင်၏ အေးစက်စက်အသံ စုယန်နားထဲ ပဲ့တင်ထပ်သွားခဲ့သည်။

စုယန်မျက်နှာ ပို၍ပင် ဖြူတ်လျော်သွားခဲ့လေသည်။ တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း မည်သည့် စကားလုံးမှ ထွက်မလာနိုင်ခဲ့ချေ။

ရန်ယွင်ထင်သည် စုယန်နှင့် ပက်သက်၍ အတော်လေး စိတ်ပျက်သွားသည့်အလား ထိုအေးစက်စက် စကားအနည်းငယ် ပြောပြီးနောက်တွင် မည်သည့် စကားမှ ထပ်မပြောတော့ချေ။

ရေခဲနှလုံးသားတောင်ကြား၏ အကြီးအကဲခန်းမထဲတွင် ထိပ်တန်း ရာထူးကြီး ပုဂ္ဂိုလ်များ စုဝေးနေခဲ့ကြသည်။

“တောင်ကြားသခင်၊ ဘာအရေးကြီးကိစ္စမို့လို့ ကျွန်မတို့ကို ထပ်ခေါ်ရပြန်တာတုန်း” အကြီးအကဲတစ်ဦးက မေးလိုက်သည်။

ပင်းလုန်က ပြုံးလျက် ပြန်ပြောလိုက်သည် “အရေးကြီးကိစ္စတစ်ခု ရှိလို့။ ပျော်စရာကိစ္စလို့ပြောရင် ပိုမှန်လိမ့်မယ်”

“အို၊ ဘယ်လိုကိစ္စမျိုးလဲ” အကုန်လုံး စိတ်ဝင်စားသွားသည်။

“အကြီးအကဲယုက ငါတို့ ရှာနေတဲ့ လူငယ်လေးကို ရေခဲသန့်စင်ကျွန်းဆီ ခေါ်လာပြီဆိုတဲ့ အကြောင်းပဲ” ပင်းလုန်က ပြုံးလျက် ပြောလိုက်သည်။

“သူ့ကို ရှာတွေ့ပြီလား”

“ဂျူနီယာညီမယုက တကယ် တော်တာပဲ”

“ကောင်းတယ်၊ ကောင်းတယ်။ သူ့ကို မြန်မြန် ရှာတွေ့တာ ကောင်းတယ်။ တပည့်တွေရှာပြီး သူ့ကို ရှာခိုင်းရတာ အကျအဆုံး တော်တော် များသွားတယ်။ အခု တပည့်တွေကို ပြန်ခေါ်ပြီး နားခိုင်းရမယ့်အချိန်ပဲ”

“ဒါပေမယ့် မီးတောက်ဂိုဏ်း ဘာလို့ သူ့ကို ရှာနေလဲ ဆိုတာကိုကော တောင်ကြားသခင် သိခဲ့လား”

“အဲ့ဒါကိုတော့… ဒီဘုရင်မလည်း မသိဘူး။ အကြီးအကဲယု၊ ရှင်သူ့ကို ပြန်ခေါ်လာတာဆိုတော့ မီးတောက်ဂိုဏ်း ဘာလို့ သူ့ကို ရှာနေလဲ သိခဲ့လား” ပင်းလုန်က ယုရွှယ်ချင်ကို ကြည့်၍ မေးလိုက်သည်။

ယုရွှယ်ချင်က ဖြည်းဖြည်းချင်း ခေါင်းခါ၍ “လမ်းမှာတုန်းက မေးကြည့်လိုက်သေးပေမယ့် သူက ဘာမှ ပြန်မပြောဘူး။ ဒါပေမယ့် ကျွန်မ သိရသလောက်တော့ သူက လုံးဝ သာမန် မဟုတ်ဘူး”

“ဘာလို့ အကြီးအကဲယု အဲ့လိုပြောတာလဲ”

“အဲ့ကောင်လေးက… ပါရမီရှင်တွေထဲမှာတောင် ပါရမီရှင်ပဲ။ မီးတောက်ဂိုဏ်းက ယန်ချီလဲ့တောင် သူ့လက်ထဲမှာ သေသွားသေးတယ်”

“ဘယ်လို၊ သူယန်ချီလဲ့ကို သတ်လိုက်တယ်ဟုတ်လား” ပင်းလုန် မျက်မှောင်ကြုတ်သွားခဲ့သည် “အဲ့ကောင်လေးက တန်ခိုးရှင်ဒုတိယ အဆင့်ပဲ ရှိသေးတယ်လို့ အကြီးအကဲယုပဲ ပြောခဲ့တာ မဟုတ်ဘူးလား”

“ဟုတ်တယ်လေ။ သူ့ကျင့်ကြံခြင်းက တန်ခိုးရှင်ဒုတိယအဆင့်ပဲ။ ဒါပေမယ့် သူ့ခွန်အားက တန်ခိုးရှင်ဒုတိယအဆင့်ထက် အများကြီး ပိုမြင့်တယ်။ အဲ့ဒါကြောင့်ပဲ သူ့ကို ပါရမီရှင်တွေထဲမှာတောင် ပါရမီရှင်လို့ ပြောတာ”

“အထင်ကြီးစရာဲ” ပင်းလုန် ခေါင်းညိတ်လိုက်သည်။

“ကျန်းရှီတောင် သူနဲ့တွေ့တာ ဘယ်လောက်မှ မခံလိုက်ဘူး။ အသက်နှစ်ဆယ်ရှိုက်စာပဲ ခံလိုက်တယ်။ ပြီးတာ့ အသတ်ခံရရော”

“ကျန်းရှီ၊ ဟိုကျန်းရှီကို ပြောတာလား” ငါးယောက်မြောက် အကြီးအကဲ မျက်လုံးမှေးစဉ်းသွားခဲ့သည်။

“ဟုတ်တယ်။ အဲ့ကျန်းရှီပဲ”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

“ကျန်းရှီက လေလွင့်ကျင့်ကြံသူ ဆိုပေမယ့် သူ့ခွန်အားက လုံးဝ သာမန်မဟုတ်ဘူး။ သူ့ကျင့်ကြံခြင်းကတင် တန်ခိုးရှင်တတိယ အဆင့် အထွဋ်အထိပ်ကို ရောက်နေတာ မဟုတ်ဘူး။ သူ့ရှီကလည်း ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ခါနီးနေပြီ”

“ကျန်းရှီက တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်ခြေ အရှိဆုံး လူတွေထဲက တစ်ယောက်နော်။ သူ့လို လူတစ်ယောက်က ဘယ်လိုလုပ်ပြီး တန်ခိုးရှင်ဒုတိယအဆင့် တစ်ယောက် သတ်တာ ခံလိုက်ရတာလဲ။ ဂျူနီယာညီမယု၊ နင်နောက်နေတာတော့ မဟုတ်ပါဘူးနော်”

“ဘယ်လိုလုပ်ပြီး နောက်ရမှာလဲ။ သူတိုက်ခိုက်တာကို ဂျူနီယာညီမ ကိုယ်တိုင် တွေ့ခဲ့တာ။ ဂျူနီယာညီမတင် မဟုတ်ဘူး။ အခြားတပည့်တွေလည်း ရှိသေးတယ်။ မယုံရင် သူတို့ သွားမေးကြည့်လိုက်” ယုရွှယ်ချင်က ပြောလိုက်သည်။

ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲအားလုံး အံ့ဩ မှင်သက်နေကြလေသည်။ မကြာမီ အကုန်လုံး၏ အကြည့်သည် ငါးယောက်မြောက် အကြီးအကဲဆီသို့ ရောက်ရှိလာခဲ့သည်။

ငါးယောက်မြောက် အကြီးအကဲသည် ခဏမျှ စဉ်းစားပြီးနောက် “အရင်တစ်ခါ ကျန်းရှီနဲ့ တိုက်ခိုက်တုန်းက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကပဲ။ အဲ့တုန်းက သူ့ကို ဒဏ်ရာရအောင် လုပ်ဖို့ တစ်ရက်လုံးလုံး အချိန်ယူလိုက်ရတယ်။ အခုသာဆိုရင် ငါသူ့ပြိုင်ဘက် မဟုတ်လောက်တော့ဘူး။ ရေခဲနှလုံးသား တောင်ကြားမှာ သူ့ကို ဒဏ်ရာရအောင်လုပ်နိုင်တဲ့ အကြီးအကဲဆိုလို့ ငါးယောက်ထက် မပိုဘူး”

သက်ပြင်းရှိုက်သံများ ခန်းမအတွင်း ထွက်ပေါ်လာခဲ့လေသည်။

ငါးယောက်မြောက် အကြီးအကဲသည် ချဲ့ကားပြောနေခြင်း မဟုတ်။ အမှန်ကို ပြောနေခြင်း ဖြစ်သည်။

“ဒီတော့ အဲ့ကောင်လေးက ထိပ်တန်းအကြီးအကဲ သုံးယောက်လို အားကောင်းတယ်ပေါ့”

“သူက တန်ခိုးရှင်ဒုတိယအဆင့်ပဲ ရှိသေးတာနော်။ သူသာ တန်ခိုးရှင် တတိယအဆင့်ကို ချိုးဖျက်သွားခဲ့ရင်…”

“အဲ့ဒါထက်ပိုတယ်။ တိုက်ခိုက်တာနဲ့ သတ်တာက ဘာမှမဆိုင်ဘူး။ ကျန်းရှီကို အသက်နှစ်ဆယ်ရှိုက်စာအတွင်း သတ်နိုင်တယ် ဆိုတာက သူ့ခွန်အားက အကြီးအကဲချုပ်နဲ့ ယှဉ်နိုင်နေပြီလို့ ပြောလိုက်တာနဲ့ အတူတူပဲ”

အကြီးအကဲအားလုံး၏ အမူအရာ ညိုးကျသွားခဲ့လေသည်။ ပြောသာ ပြောရသော်ငြား အကြီးအကဲချုပ်ကိုယ်တိုင် လှုပ်ရှားလျှင်ပင် ကျန်းရှီအား အသက်နှစ်ဆယ်ရှိုက်စာ အတွင်း သတ်နိုင်လိမ့်မည် မဟုတ်ချေ။

သူတို့ ရင်ထဲလည်း အလွန်ကိုမှ ထိတ်လန့်မိသွားသည်။

“သူမိန်းကလေး မဟုတ်တာ ဆိုးတာပဲ” ပင်းလုန်က နဖူးကိုပွတ်ရင်း ခါးသက်စွာ ပြုံးလိုက်သည်။

ရန်ကိုင်သာ မိန်းကလေး ဖြစ်နေခဲ့လျှင် ပင်းလုန် သူ့အား ရေခဲနှလုံးသားတောင်ကြားထဲသို့ မရရအောင် ခေါ်မိပေလိမ့်မည်။ ထိုကဲ့သို့သော ပါရမီရှင်တစ်ဦး၏ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ချေသည် သာမန် တန်ခိုးရှင်အဆင့် တစ်ဦးမှ တန်ခိုးရှင် အဆင့်သို့ ချိုးဖျက်နိုင်ချေထက် အများကြီး ပိုများပေသည်။

“သူမိန်းမ မဟုတ်လည်း ဘာဖြစ်လဲ။ ငါတို့ ရေခဲနှလုံးသား တောင်ကြားက တပည့်တစ်ယောက်နဲ့ ပေးစားလိုက်ရင် ပြီးနေပြီပဲကို”

“မဆိုဘူး။ ဒါပေမယ့် သူသဘောတူလောက်မှာ မဟုတ်ဘူး” အခြားအကြီးအကဲတစ်ဦးက ဖြည်းဖြည်းချင်း ခေါင်းခါလျက် “သူ့ခွန်အားနဲ့ ပါရမီက ဘာမှ မေးခွန်းထုတ်စရာ မလိုဘူး။ ပြီးတော့ သူ့ကြည့်ရတာ ငယ်ငယ်လေးပဲ ရှိသေးတယ်။ သူ့လို လူတစ်ယောက်မှ ဘယ်လိုလုပ်ပြီး မိန်းမ ရှားမှာလဲ။ သူ့ကို လိုချင်လို့ တန်းစီနေတဲ့ မိန်းကလေးတွေ ပေါသောနေမှာ ပြောနေစရာတောင် မလိုဘူး”

“အဲ့မိန်းမတွေနဲ့ ငါတို့ ရေခဲနှလုံးသားတောင်ကြားကို လက်ရွေးစင်တွေကို ဘယ်လိုလုပ်ပြီး လာယှဉ်နေတာလဲ။ ငါတို့ ရေခဲနှလုံးသားတောင်ကြားထဲ လက်ထပ်ပြီး ဝင်ခွင့်ရတာကိုတောင် သူဝမ်းသာနေသင့်ပြီ”

“တော်လောက်ပြီ”

အကြီးအကဲများ စတင် ငြင်းခုံကြတော့လေသည်။

ပင်းလုန်က အသာအယာ ချောင်းဟန့်၍ ကိုးယိုးကားယား အမူအရာဖြင့် “မီးတောက်ဂိုဏ်းက သူကို ရှာနေတာကို နင်တို့ မေ့နေတာလား။ မီးတောက်ဂိုဏ်းက ကြောက်စရာ မလိုပေမယ့် အခုကိစ္စမှာ လူကြီးမင်းလော့ဟိုင်ပါ ပါနေတယ်… ငါတို့သာ လူကြီးမင်း လော့ဟိုင်ကို စိတ်ပျက်မိအောင် လုပ်မိသွားရင် ရေခဲနှလုံးသားတောင်ကြားက သူ့ဒေါသဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူးနော်”

ထိုစကားကို ကြားလိုက်သည့်အခိုက် အကြီးအကဲအားလုံး၏ အမူအရာ မှုန်ကုတ်သွားခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၃၉)

“နင်ပြောတာ မှန်တယ်။ လူကြီးမင်းလော့ဟိုင် လှိုင်းနီကြယ်ကို ရောက်လာတာ သူနဲ့ဆိုင်မဆိုင် သွားမေးကြည့်ရမယ်။ သူနဲ့ ဘာမှ မဆိုင်ဘူးဆိုရင် သူ့ကို ဂိုဏ်းထဲခေါ်ဖို့ ကြိုးစားကြည့်တာပေါ့။ ဒါပေမယ့် လူကြီးမင်းလော့ဟိုင်သာ သူ့ကြောင့် ရောက်လာတာ ဆိုရင်တော့…” ပင်းလုန်က သက်ပြင်းချလျက် “ရေခဲနှလုံးသား တောင်ကြားရဲ့ လုံခြုံရေးအတွက် သူကိုပဲ လဲပေးရတာပေါ့”

“တောင်ကြားသခင် ပြောတာ ဟုတ်တယ်” အကြီးအကဲအားလုံး သဘောတူလိုက်ကြသည်။

ရန်ကိုင်၏ အရည်အချင်းနှင့် ပါရမီသည် အလွန်ကိုမှ ကောင်းမွန်ပြီး အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်ကာ တန်ခိုးရှုင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ချေ ရှိသည်ဆိုလျှင် ထိုအရာသည် အနာဂတ်တွင် ဖြစ်နိုင်ချေကိုသာ ပြောခြင်းဖြစ်ပြီး လက်ရှိတွင် သူသည် တန်ခိုးရှင် ဒုတိယအဆင့်သာ ရှိပေသေးသည်။

တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်၏ အမျက်ဒေါသနှင့် အနာဂတ် ဘာမှန်းမသိရသေးသော လူငယ်လေးတစ်ယောက်၊ မည်သည့် အရာက ပိုအရေးကြီးလဲ ဆိုသည်ကို အကုန်လုံး သိကြသည်။

“တောင်ကြားသခင် သူနဲ့တွေ့ရင် ဒီအကြီးအကဲပါ လိုက်ခဲ့မယ်” ရန်ယွင်ထင်၏ အသံ ခန်းမထဲ ရုတ်တရက် ပျံ့လွင့်လာခဲ့သည်။

အကုန်လုံး လှည့်ကြည့်လိုက်ရာ အကြီးအကဲချုပ် ခန်းမထဲသို့ လမ်းလျှောက်ဝင်လာသည်ကို တွေ့ရှိလိုက်ရလေသည်။

“အို၊ အကြီးအကဲချုပ်လည်း သူ့အကြောင်း စိတ်ဝင်စားတာလား” ပင်းလုန် အံ့အားသင့်သွားခဲ့သည်။

ရန်ယွင်ထင်သည် သူမလောက် အားမကောင်းသော်ငြား သူတို့ကြား၏ ခွန်အားကွာခြားချက်မှာ လုံးဝကို မပြောပလောက်ပေ။ ရန်ယွင်ထင်သည် စုယန်ကို ရေခဲသန့်စင်ကျွန်းဆီသို့ ခေါ်လာပြီးသည့် အချိန်မှစ၍ အခြား ကိစ္စများကို စိတ်ဝင်မစားတော့ဘဲ သူ့တပည့်အား အားစိုက်၍သာ ပြုစုပျိုးထောင်နေခဲ့လေသည်။

ယခု သူလည်း ရန်ကိုင်အား လိုက်တွေ့ချင်သည်ဟု ပြောလာသည့် အတွက် ပင်းလုန် အံ့အားသင့်သွားခဲ့ရခြင်း ဖြစ်သည်။

“စိတ်ဝင်စားတာပေါ့။ သူလို့ ပါရမီရှင်မျိုးကို ဘယ်သူက စိတ်မဝင်စားဘဲ နေမှာလဲ” ရန်ယွင်ထင်က ယဲ့ယဲ့လေး ပြုံးလိုက်သည်။

ဘာကြောင့်မှန်းမသိ ထိုအပြုံးကို မြင်လိုက်ချိန် ခန်းမထဲတွင် ရှိနေသူအားလုံး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ကြသည်။

ရေခဲသန့်စင်ကျွန်းမှ သန်းပေါင်းများစွာအကွာတွင် မီးတောက်ဂိုဏ်း တည်ရှိပေသည်။

မီးတောက်ဂိုဏ်း၏ တောင်ဘက်တွင် ဝါးတောလေးတစ်တော ရှိပြီး ထိုတောထဲတွင် တဲအိမ်လေးများစွာ ရှိပါသည်။ တဲအိမ်လေးများသည် ရိုးရိုး သာမန် တဲအိမ်လေးများသာ ဖြစ်ကြသည်။

လက်ရှိတွင် စားပွဲကျောက်တုံး တစ်ခု၌ ယောကျာ်းနှစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကြသည်။ နှစ်ယောက်စလုံးသည် စစ်တုရင် ကစားနေကြခြင်း ဖြစ်သည်။

ဘယ်ဘက်တွင် အနီရောင်ဆံပင် ရုပ်နုသော သက်လတ်ပိုင်းလူကြီးတစ်ဦး ထိုင်နေခဲ့သည်။ သူ့ရှေ့တွင်မူကား ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်လျက် ရွှေရောင်သရဖူအား ဆင်မြန်ထားသော သက်လတ်ပိုင်းလူကြီးတစ်ဦး ရှိနေသည်။

ထိုနှစ်ယောက်နှင့် မီတာတစ်ရာအဝေးတွင် သက်လတ်ပိုင်းလူကြီး တစ်ဦးသည် ကျောက်ရုပ်ထုတစ်ရုပ်နှယ် မလှုပ်မယှတ် ရပ်နေ၏။

လက်ရှိ စစ်တုရင် ကစားနေရာတွင် အနီရောင် ဆံပင်နှင့် လူကြီးဘက်က အသာရနေခဲ့သည်။ အနီရောင် ဆံပင်နှင့် လူကြီး၏ စစ်တုရင် အရုပ်များသည် ရွှေရောင်သရဖူဆောင်း လူကြီး၏ အဖြူရောင် တပ်သားများကို ဝိုင်ထားလေသည်။

အချိန်ကြာလာသည်နှင့် ရွှေရောင်ဝတ်ရုံဝတ် လူကြီးမှာ တစ်လှည့် တစ်လှည့် လှုပ်ရှားရန် ပိုပိုကြာလာခဲ့သည်။

တစ်ခုသော အခိုက်အတန့်သို့ ရောက်သည့်အချိန်တွင် ရွှေရောင်သရဖူဆောင်း လူကြီးက ရုတ်တရက် ပြုံးလျက် တစ်ကွက် ရွှေ့လိုက်သည်။ သို့သော်လည်း ထိုတစ်ကွက်နှင့်ပင် စစ်တုရင် ကစားပွဲမှာ လုံးဝ ပြီးပြတ်သွားခဲ့လေသည်။

အနီရောင်ဆံပင်နှင့် လူအိုကြီး မျက်လုံးပြူးကာ အံ့အားသင့်သွား၏။

အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလျက် ခါးသက်စွာပြုံးရင်း “အစ်ကိုလော့ဟိုင်ရဲ့ စစ်တုရင် အရည်အချင်းက အကြီးအကျယ် တိုးတက်လာတာပဲ။ ဒီလူအိုကြီး အစ်ကိုလော့ဟိုင်ကို ဘယ်လိုမှ မနိုင်တော့ဘူး”

ရွှေရောင်သရဖူဆောင် လူကြီးက “ချီဟွော့၊ ငါ့စစ်တုရင် အရည်အချင်း တိုးတက်လာတာ မဟုတ်ဘူး။ မင်းကိုယ်ကကို စိတ်မရှည် ဖြစ်နေတာ။ မင်းဘာလုပ်ချင်နေလဲ ဆိုတာကို စစ်တုရင် ခုံပေါ်မှာ အတိုင်းသား မြင်နေရတာကို ငါမနိုင်ဘဲ နေတော့မလား”

“ဘဝကြီးက တိုတောင်းတယ်လေ။ ကိုယ်လုပ်လိုက်လို့ ဘာဖြစ်သွားမယ်၊ ညာဖြစ်သွားမယ်ဆိုပြီး တွေးနေဖို့ အချိန်မှ မရှိတာကိုး အစ်ကိုလော့ဟိုင်ရဲ့။ ဘာပဲဖြစ်ဖြစ် ဒီပွဲကို ကျုပ်ရှုံးတယ်”

“အင်း၊ ပွဲကတော့ မဆိုးပါဘူး”

ထို့နောက်တွင် ဆံပင်အနီနှင့် လူအိုကြီးသည် ဘေးဘက်သို့ လှည့်၍ ကျောက်ရုပ်တစ်ရုပ်နှယ် ရပ်နေသောလူကို လှမ်းခေါ်လိုက်သည်။

ထိုလူသည် လူကြီးနှစ်ယောက် ထိုင်နေရာဆီသို့ ချက်ချင်း လမ်းလျှောက်လာပြီး လေးလေးစားစား ဦးညွှတ်၍ “ဝေ့ချင် မဟာအကြီးအကဲနဲ့ စီနိယာလော့ဟိုင်ကို နှုတ်ဆက်ပါတယ်”

လော့ဟိုင်က ခေါင်းညိတ်ပြလိုက်၏။ ထိုဝေ့ချင်ဆိုသောလူမှာ မီးတောက်ဂိုဏ်း၏ ဂိုဏ်းချုပ်မှလွဲ၍ အခြားမဟုတ်ချေ။

“မင်းဘာလို့ ရောက်လာတာလဲ” ချီဟွော့က ခေါင်းမော့၍ မေးလိုက်သည်။

ဝေ့ချင်က လေးလေးစားစား ပြန်ပြောလိုက်လေသည် “စီနီယာ လော့ဟိုင် တောင်းဆိုထားတဲ့ ကိစ္စနဲ့ ပက်သက်တဲ့ သတင်း ရလို့ပါ”

လော့ဟိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သော်ငြား ချက်ချင်း ပြန်ဖုံးလိုက်လေသည်။

ချီဟွော့က ပြောလိုက်သည် “ဆက်ပြော”

“လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက ရေခဲနှလုံးသားတောင်ကြားရဲ့ ဆယ့်သုံးယောက်မြောက် အကြီးအကဲ ယုရွှယ်ချင်က လူငယ်လေးတစ်ယောက်ကို ဟင်းလင်းပြင် အစီအရင်ကနေတစ်ဆင့် ရေခဲသန့်စင်ကျွန်းဆီ ခေါ်သွားတယ်လို့ ကျုပ် သူလျှိုတစ်ယောက်က သတင်းပေးလာတယ်။ ရေခဲသန့်စင်ကျွန်းက အစောင့်တင်းကြပ်တော့ ကျုပ်ထည့်ထားတဲ့ သူလျှိုလည်း အဲ့လူမျက်နှာကို သေချာ မမြင်လိုက်ရဘူး။ ဒါပေမယ့် အဲ့လူက စီနီယာလော့ဟိုင် ရှာနေတဲ့လူ ဖြစ်နိုင်ချေ တော်တော် များတယ်”

ပြောပြီးသည်နှင့် ဝေ့ချင်သည် နောက်တစ်လှမ်း ပြန်ဆုတ်၍ လေးလေးစားစား ရပ်နေလိုက်လေသည်။

“အစ်ကိုလော့ဟိုင်၊ မင်းဘယ်လိုထင်လဲ” ချီဟွော့က လော့ဟိုင်ဘက်သို့ လှည့်၍ မေးလိုက်သည်။

“ဒီနှစ်တစ်ထောင်အတွင်းမှာ ရေခဲသန့်စင်ကျွန်းရဲ့ ဠာနချုပ်ထဲကို ဘယ်ယောကျာ်းမှ ခြေမချဖူးဘူး။ အခုလို လူငယ်လေး တစ်ယောက်ကို ခေါ်လာတယ်ဆိုတော့ အဲ့လူငယ်လေးကို သူတို့ တော်တော် တန်ဖိုးထားလို့ ဖြစ်ရမယ်။ အဲ့လူက ငါရှာနေတဲ့လူ ဖြစ်ရင် ဖြစ်နိုင်လောက်တယ်။ သူတို့ အဲ့လူငယ်လေးကို သုံးပြီး ငါတို့ကို အကြပ်ကိုင်ဖို့ ကြိုးစားနေတာပဲ”

“ဟုတ်တယ်။ အစ်ကိုလော့ဟိုင်ကို ကျုပ်တို့ ဂိုဏ်းနှစ်ဂိုဏ်းကြား ဝင်ပြီး ဖျန်ဖြေပေးစေချင်နေတာ ဖြစ်လောက်တယ်”

လော့ဟိုင်သည် ရယ်သာရယ်ပြီး ဘာမှ ပြန်မပြောခဲ့ပေ။

“ဒါနဲ့ အစ်ကိုလော့ဟိုင်၊ အဲ့ကောင်လေးကို ဘာလို့ ရှာနေလဲ ဆိုတာ ဒီလူအိုကြီးကို ပြောပြသင့်ပြီလို့ မထင်ဘူးလား။ အစ်ကိုလော့ဟိုင်လို လူတစ်ယောက်ကို ဒီအထိ လိုက်လာအောင် လုပ်ရအောင် သူက ဘယ်သူမို့လို့လဲ” ချီဟွော့က သင်္ကာမကင်း အမူအရာဖြင့် မေးလိုက်သည်။ သူ ထိုမေးခွန်းကို အချိန် အတော်ကြာအောင် စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ သို့သော် တစ်ခါမှ စဉ်းစားမရခဲ့ပေ။

လော့ဟိုင်ကဲ့သို့သော ပညာရှင်တစ်ယောက် စိတ်ဝင်စားသည့် အရာကို ပြောပါဆိုလျှင် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ချိုးဖျက်ရေးနှင့် တန်ခိုးရှင် အဆင့်မြင့် မှော်ရတနာများသာ ဖြစ်သည်။ ထိုနှစ်ခုမှလွဲ၍ လော့ဟိုင် အခြား ဘာကိုမှ သိပ်ပြီး စိတ်မဝင်စားလောက်ချေ။

လော့ဟိုင် လိုချင်သည့် ရတနာတစ်ခု ရှိနေပြီ ဆိုလျှင် ထိုရတနာသည် လုံးဝ ပုံမှန်မဟုတ်နိုင်ပေ။ သို့သော်လည်း လော့ဟိုင်ကို ထိုအကြောင်း မေးလိုက်တိုင်း လော့ဟိုင်သည် တစ်ခါမှ သေချာ ပြန်မဖြေခဲ့ပေ။

“ဒီဘုရင် မင်းကို ပြောတယ်လေ။ အဲ့ကောင်လေးက တန်ခိုးရှင် ဒုတိယအဆင့်လေးနဲ့ သွေးအကျဉ်းထောင်ကနေ ထွက်လာခဲ့တာ။ သူ့အရည်အချင်းကလည်း တော်တော့်ကို မြင်လို့ ဒီဘုရင်မှာ ဘာဆက်ခံသူမှ မရှိတာနဲ့ သူ့ကို တပည့်အဖြစ် လက်ခံချင်လို့ဆို” လော့ဟိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။

“အဲ့လိုကိုး၊ အဲ့ဒါဆို အဲ့ကောင်လေးကံက တော်တော် ကောင်းတာပဲ” လော့ဟိုင်သည် ရယ်မောပြီး ခေါင်းညိတ်လိုက်သော်ငြး စိတ်ထဲတွင်မူ ကြိတ်၍ နှာခေါင်းရှံ့နေခဲ့သည်။ လော့ဟိုင် ပြောတိုင်း ယုံရအောင် သူသည် သုံးနှစ်သားကလေးတစ်ဦး မဟုတ်ပေ။

လော့ဟိုင်သည် ကြယ်အမြူတေကို သန့်စင်ထားသည့် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် လော့ဟိုင်သည် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ချိုးဖျက်နိုင်ချေ တော်တော်များသည်ဟု ပြော၍ရသည်။

လော့ဟိုင်သာ တပည့် လက်ခံချင်သည်ဆိုလျှင် ဤနေရာထိ လာစရာပင် မလိုချေ။ သူတပည့် လက်ခံလိုကြောင်း ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် သူ့တပည့် ဖြစ်ချင်ကြသည့် မရေမတွက်နိုင်သော ပညာရှင်များ စုပြုံ ရောက်လာပေလိမ့်မည်။ ထိုထဲမှ သူ့စိတ်ကြိုက် တပည့်တစ်ယောက် ကောက်ရွေးရုံပင်။

ထိုကောင်လေး မည်မျှပင် တော်နေပါစေ လော့ဟိုင် အနေဖြင့် ထိုကောင်လေးကို တပည့်အဖြစ် လက်ခံချင်ရုံ သက်သက်ဖြင့် တောင်စိမ်းကြယ်မှ ဤနေရာထိ လာစရာအကြောင်း မရှိပေ။

လော့ဟိုင် ဖုံးကွယ်ထားသည့် အကြောင်းအရာများ ရှိကို ရှိရပေဦးမည်။

“ရေခဲနှလုံးသားတောင်ကြားက အဲ့ကောင်လေးကို တွေ့သွားပြီ ဆိုတော့ ဒီဘုရင်လည်း သူတို့ဆီ သွားလည်ရတာပေါ့” လော့ဟိုင် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

“ဒီလူအိုကြီးလည်း လိုက်ခဲ့မယ်” ချီဟွော့က အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။

လော့ဟိုင်က ချီဟွော့အား တွေးတွေးဆဆဖြင့် ခဏမျှ ကြည့်နေလိုက်ပြီးနောက် ခေါင်းညိတ်၍ “ရေခဲနှလုံးသား တောင်ကြားရဲ့ အစီအရင်က တော်တော်လေး အားကောင်းတယ်လို့ သတင်းတွေ ကြာထားတာ။ ရောင်းရင်း ချီဟွော့ပါ လိုက်မယ် ဆိုတော့ ပိုအဆင်ပြေသွားတာပေါ့”

“ဒါနဲ့၊ ဝေ့ချင်၊ မင်းရဲ့ ဟိုခွေးကောင်လေးကို ငါနဲ့ လိုက်ခဲ့ဖို့ သွားခေါ်လိုက်” ချီဟွော့က ဝေ့ချင်ကို လှမ်း၍ အော်ပြောလိုက်သည်။

“မဟာအကြီးအကဲ ဝေဖုန်းကို ရေခဲသန့်စင်ကျွန်းဆီ ခေါ်သွားချင်တာလား” ဝေ့ချင် ထိတ်လန့်သွားခဲ့ပြီး အနည်းငယ် တုန်လှုပ်နေသည့် လေသံဖြင့် “ဒါပေမယ့် အဲ့ကောင်လေးက…”

သူ့သားစရိုက်အကြောင်း မည်သူ့ထက်မဆို သူပိုသိသည်။

ဂိုဏ်းချုပ်တစ်ယောက်၏သား ဖြစ်သော်လည်း ဝေ့ဖုန်းမှာ တကယ်ကို ဘာမှ အသုံးမကျသည့် လူတစ်ယောက် ဖြစ်သည်။ နှစ်ပေါင်းများစွာကြာအောင် မရေမတွက်နိုင်သော ဆေးလုံးများနှင့် အဖိုးတန်ရတနာများကို အသုံးပြုလာခဲ့သော်ငြား ယခုမှ တန်ခိုးရှင်ပထမအဆင့်သို့ ခြေချရုံလေးသာ ရျိသေးသည်။

တန်ခိုးရှင်အဆင့်သို့ ရောက်လာသော်လည်း ယခုအချိန်ထိ ရှီအား လုံးဝ မသိပ်သည်းနိုင်သေးချေ။

ဤတစ်သက်တွင် သူ့သားသည် တန်ခိုးရှင်ပထမအဆင့်သို့ ဘယ်သောအခါမှ ရောက်လိမ့်မည် မဟုတ်သလို တန်ခိုးရှင်အဆင့် ပိုင်ဆိုင်သင့်သည့် စွမ်းအားကိုလည်း ဘယ်သောအခါမှ ပိုင်ဆိုင်လိမ့်မည် မဟုတ်ချေ။

တစ်နည်းဆိုရသော် ဝေ့ဖုန်းသည် သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးထက် နည်းနည်းလေးသာ ပိုသန်မာခြင်း ဖြစ်သည်။ ရှီအား ဖွဲ့စည်းပြီးသည့် မည်သည့် တန်ခိုးရှင်မဆို သူ့အား အလွယ်တကူ အနိုင်ယူနိုင်ပေသည်။

ဝေ့ဖုန်းသည် ဂိုဏ်းအတွက် မျက်နှာဖြစ်သည်ဟု ယူဆသည့် အတွက် မဟာအကြီးအကဲသည် ဝေ့ဖုန်းအား နည်းနည်းလေးမှ ကြည့်မရခဲ့ဘဲ ဒဏ်ရာရအောင်ပင် တိုက်ခိုက်ခဲ့ဖူးသည်။

“အပိုတွေ ပြောမနေနဲ့။ ငါပြောရင် ပြောတဲ့အတိုင်း လုပ်လိုက်၊ ငါသူ့ကို သတ်ဖို့ လုပ်နေတာလည်း မဟုတ်ဘူး” ဝေ့ချင် တုန့်ဆိုင်းနေသည်ကို မြင်သော် ချီဟွော့က ဒေါသတကြီး အော်ပြောလိုက်လေသည်။

“ဟုတ်ကဲ့” ဝေ့ချင်လည်း ချီဟွော့၏ အမိန့်ကို မလွန်ဆန်ရဲသည့် အတွက် အလျင်အမြန် သူ့သားကို သွားခေါ်လေသည်။

ချီဟွော့ ဘာလုပ်ချင်နေမှန်း မသိသဖြင့် လော့ဟိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

ရေခဲသန့်စင်ကျွန်းသည် သာမန်နေရာတစ်ခု မဟုတ်ချေ။ ထို့ကြောင့် လော့ဟိုင်သည် တန်ခိုးရှင်ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်လျှင်ပင် ရေခဲသန့်စင်ကျွန်း၏ အစီအရင်ကို သတိထားနေရသေးသည်။ သူနှင့် ချီဟွော့ နှစ်ယောက်တည်း သွားသည်မှာ အကောင်းဆုံး ဖြစ်လေရာ ဘာကြောင့် ဂျူနီယာ တစ်ဦးကိုပါ ခေါ်ချင်နေရသနည်း။

ထို့အပြင် ချီဟွော့သည် သူအမြင်ကတ်သည့် ဂျူနီယာကို ခေါ်ခိုင်းနေခြင်း ဖြစ်သည်။

ခဏမျှ စဉ်းစားကြည့်လိုက်ပြီးနောက်တွင် ချီဟွော့ ဘာကြံနေလဲ ဆိုသည်ကို နားလည်သွားခဲ့ပြီး မဲ့ပြုံးပြုံး၍သာ ခေါင်းခါလိုက်၏။

ချီဟွော့က ရယ်မော၍ “အစ်ကိုလော့ဟိုင်၊ ဒီတစ်ကြိမ်တော့ အစ်ကိုလော့ဟိုင်ရဲ့ အရှိန်အဝါကို နည်းနည်း ယူသုံးမယ်နော်”

“ဒီတစ်ကြိမ်ပဲနော်။ ဒါပေမယ့် သိပ်အရမ်း အလွန်ကြီး မလုပ်နဲ့။ လော့လီက အားနည်းတဲ့လူတစ်ယောက် မဟုတ်ဘူး။ သူ့ကို အရမ်း သွားတွန်းအားပေးလို့ အစီအရင်စွမ်းအားကို ထုတ်သုံးနေမှ မင်းရောငါရော ဒုက္ခရောက်မယ်”

“ဒီလူအိုကြီး နားလည်တယ်။ အစ်ကိုလော့ဟိုင် စိတ်မပူနဲ့”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၄၀)

မကြာမီတွင် ဝေချင်းသည် လူငယ်လေးတစ်ဦးနှင့် ပြန်လည် ရောက်ရှိလာခဲ့သည်။

လူငယ်လေးမှာ ကြည့်ကောင်းဟန် ပေါက်သော်လည်း ညိုမည်းနေသော မျက်ကွင်းနှစ်စုံနှင့် ဖြူဖတ်ဖြူလျော် ဖြစ်နေသော သူ့အသားအရည်ကြောင့် သူ့ရုပ်ရည်မှာ အရမ်းကြီး ကြည့်ကောင်းမနေတော့ပေ။

ဤနေရာသို့ ရောက်လာသည့်အချိန်တွင် လူငယ်လေး တစ်ကိုယ်လုံး တုန်ရီနေပြီး မျက်နှာမှာလည်း သွေးမရှိတော့သလို ဖြူဖတ်ဖြူလျော် ဖြစ်နေခဲ့သည်။ ချီဟွော့ကိုလည်း နည်းနည်းလေးမှပင် မော့မကြည့်ရဲခဲ့ပေ။

တန်ခိုးရှင်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေသော်လည်း သာမန် သေမျိုးတစ်ယောက်ကဲ့သို့ အလွန်ကိုမှ ကြောက်ကြောက်လန့်လန့် ပြုမူနေသည်မှာ ရှက်စရာ ကောင်းလှပေသည်။

ချီဟွော့သည် ထိုလူငယ်လေးအား အထင်တသေး အကြည့်ဖြင့် ကြည့်လျက် နှာခေါင်းရှုံ့လိုက်လေသည်။

“မဟာအကြီးအကဲ၊ ဖုန်းအာကို ခေါ်လာခဲ့ပါပြီ” ဝေချင်းက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

ဝေချင်းသည် တစ်ခုခု ဆက်ပြောရန် လုပ်လိုက်သော်လည်း သူ့ပါးစပ်မှ မည်သည့် စကားလုံးမှ ထွက်မလာနိုင်ခဲ့သဖြင့် အဆုံးတွင် တိတ်တိတ်နေရန်သာ ရွေးချယ်လိုက်လေသည်။ ထို့နောက် သူ့သားအား တစ်ချက် ပြန်ကြည့်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းခါလျက် အလျင်အမြန် ထွက်ခွာသွားလေသည်။

သူ့အဖေ မရှိတော့သည်ကို မြင်သည်နှင့် ဝေဖုန်း တုန်လှုပ်ချောက်ခြားသွားခဲ့ပြီး သူ့အဖေ ထွက်သွားသည့် ဘက်သို့ လှည့်၍ လှမ်းအော်ခေါ်လိုက်လေသည် “အဖေ…”

“မင်းပါးစပ် ပိတ်ထားစမ်း” ချီဟွော့က အော်ပြောလိုက်ရာ ဝေဖုန်း သေးထွက်လုမတတ် ကြောက်လန့်သွားပြီး မြေကြီးပေါ် ဖင်ထိုင်လျက် လဲကျသွားခဲ့လေသည်။ ထို့နောက် ချီဟွော့အား ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်လှည့်ကြည့်လိုက်သည်။

မဟာအကြီးအကဲ ဘာကြောင့် သူ့အား ခေါ်လိုက်မှန်း မသိ။ အခြားနေရာမျိုးတွင် သူ့အဖေအားကိုးဖြင့် မိုက်ချင်တိုင်း မိုက်နေသော်ငြား မဟာအကြီးအကဲကိုတော့ သူအလွန် ကြောက်၏။

မဟာအကြီးအကဲသာ သူ့အား သတ်မည်ဆိုလျှင် သူ့အဖေပင်လျှင် ဘာမှ တတ်နိုင်လိမ့်မည် မဟုတ်ချေ။

“မ..မ…မဟာ…အ… အကြီးအကဲ… တ… တပည့်… လွန်ခဲ့တဲ့ရက်… ရက်ပိုင်းလုံးလုံး… တ… တံခါးပိတ်ကျင့်စဉ်ပဲ… ဝင်… ဝင်နေတာပါ၊ တ… တပည့်… ဘာ… ဘာအမှားမှ မ… မလုပ်ထားပါဘူး… ကျေး… ကျေးဇူးပြုပြီး နား… နားလည်ပေးပါ… မ.. မဟာ.. အကြီးအကဲ… တ… တပည့်ကို ကျေး… ကျေးဇူးပြုပြီး … မ.. မသတ်ပါ.. ပါနဲ့” ဝေဖုန်းမှာ ကြောက်လွန်းသဖြင့် စကားများပင် အထစ်ထစ် အငေါ့ငေါ့ ဖြစ်ကုန်သည်။ ပြောပြီးသည်နှင့် ချက်ချင်း မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး ဦးညွှတ် တောင်းပန်တော့လေသည်။

ဝေဖုန်း၏ လုပ်ရပ်ကို ကြည့်ရင်း ချီဟွော့ ပိုပို၍ အထင်သေးလာခဲ့လေသည်။

ဘေးနားတွင် ရပ်နေသော လော့ဟိုင်ကလည်း ဖြည်းဖြည်းချင်း ခေါင်းခါရင်း မျက်မှောင်ကြုတ်၍ “ဝေ့ချင်က မီးတောက်ဂိုဏ်းရဲ့ အနာဂတ်ထောက်တိုင် ဖြစ်လာဖို့ ထိုက်တန်ပေမယ့် သူ့သားက ဘာလို့ ဒီလောက် အခြေအနေ ဆိုးနေရတာလဲ”

“သူ့အမေကကို အလိုလိုက်လွန်းနေတာလေ” ချီဟွော့က အေးစက်စက် လေသံဖြင့် ပြောလိုက်ပြီး ဝေဖုန်းအား ဒေါသတကြီး လှမ်းအော်လေသည် “မင်းမတ်တပ်ရပ်လိုက်စမ်း”

ဝေဖုန်း အလန့်တကြား ထအော်မိလိုက်သော်လည်း မဟာအကြီးအကဲ၏ အမိန့်ကို မလွန်ဆန်ရဲသည့်အတွက် အလျင်အမြန် ထရပ်လိုက်လေသည်။ သို့သော်လည်း ခြေထောက်နှစ်ဖက်စလုံးမှာ ကတုန်ကရင် ဖြစ်နေပြီး မျက်ရည်များမှာလည်း ပိုးပိုးပေါက်ပေါက် ကျနေခဲ့သည်။

“ဖြောင့်ဖြောင့်လေးတောင် မရပ်နိုင်ဘူးလား ဆန်ကုန်မြေလေးကောင်ရဲ့” ဒေါသထွက်လွန်းသဖြင့် ချီ‌ဟွော့သည် ဝေဖုန်းအား ပါးနှစ်ချက် ပြေးချလိုက်သည်။

ထိုနှစ်ချက်တည်းနှင့်ပင် ဝေဖုန်း မျက်နှာတစ်ပြင်လုံး ဖူးရောင်ကိုင်းတက်သွားခဲ့လေသည်။

ချီဟွော့သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ဝေဖုန်းကဲ့သို့ တန်ခိုးရှင်အဆင့် ပညာရှင်ဖြစ်ရန် အရည်အချင်း မပြည့်မှီသူတစ်ဦးအား တစ်ချက်တည်းဖြင့် ရိုက်သတ်နိုင်၏။ ဝေ့ဖုန်းသည် ဝေ့ချင်၏ သားဖြစ်နေသည်မှာ ကံကောင်းသွားခဲ့သည်။

ဝေ့ဖုန်းအား လည်တိုင်မှ ဆွဲမြှောက်လျက် အေးစက်စက် လေသံဖြင့် ပြောလိုက်သည် “ကောင်လေး၊ ဒီနေ့ မင်းကံကောင်းတဲ့ နေ့ပဲ။ ရေခဲနှလုံးသားတောင်ကြားက ကောင်မလေး တစ်ယောက်ကို မင်းကြိုက်နေတာမလား။ ဒီနေ့ ဒီလူအိုကြီး မင်းနဲ့လိုက်ပြီး အဲ့ကောင်မလေးကို သွားတောင်းပေးမယ်”

“ဟန်” ဝေ့ဖုန်းသည် ချီဟွာ့အား ကြောင့်ကြည့်လာခဲ့သည်။

ခဏကြာ တိတ်ဆိတ်နေပြီးနောက် အလွန် ဝမ်းသာသွားသည့် အမူအရာဖြင့် ဝေ့ဖုန်းက ပြန်ပြောလိုက်လေသည် “မဟာအကြီးအကဲ တကယ် ပြောတာလား”

စုယန်၏ မျက်နှာအကြောင်း ပြန်စဉ်းစားလိုက်သည်နှင့် တစ်ပြိုင်နက် ဝေ့ဖုန်း တစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ရီလာခဲ့လေသည်။

“ငါ့လို မဟာအကြီးအကဲက တစ်ယောက်ကို မင်းလိုလူကို လာနောက်နေမယ်ထင်လား” ချီဟွော့က မျက်နှာမဲ့လျက် ပြန်မေးလိုက်သည်။

“ဒါပေမယ့်… ဒါပေမယ့် ရေခဲနှလုံးသားတောင်ကြားက သဘောမတူရင်ရော” ဝေ့ဖုန်းက မေးလိုက်သည်။

“သူတို့ သဘောမတူချင်လည်း တူရမှာပဲ။ ဘာပဲဖြစ်ဖြစ်၊ မင်းက မီးတောက်ဂိုဏ်းချုပ်ရဲ့ သားတစ်ယောက်ပဲ။ မင်းလို လူတစ်ယောက်ကို လက်ထပ်ခွင့်ရတာတောင် အဲ့ရေခဲနှလုံးသား တောင်ကြားက မိန်းကလေး ပျော်သင့်နေပြီ။ သူတို့ ငြင်းချင်ရင်တောင် ငြင်းခွင့်မရှိဘူး”

“ဟုတ်တယ်။ ဟုတ်တယ်…” ဝေ့ဖုန်း အလွန်အမင်းကို စိတ်လှုပ်ရှားသွားခဲ့သည်။ စိတ်လှုပ်ရှားလွန်းသဖြင့် ချီဟွော့ကို ကြောက်လန့်သည့် စိတ်တို့ပင် ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားခဲ့လေသည်။ စုယန်အား ရပြီးနောက်တွင် သူလုပ်ချင်သည့် စိတ်ကူးယဉ်အကြောင်းအရာများကို တွေးရင်း ဝေ့ဖုန်း၏ မျက်နှာထက် ညစ်ကျယ်ကျယ် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း လော့ဟိုင် ခေါင်းသာ ခါလိုက်သည်။

ချီဟွော့ဘာကြောင့် ဤကဲ့သို့ လုပ်နေရလဲ လော့ဟိုင် သိပေသည်။ ချီဟွော့ လုပ်ချင်သည်မှာ ရေခဲနှလုံးသားတောင်ကြားကို အခြား နည်းတစ်နည်းသုံး၍ အရှက်ခွဲဖိနှိပ်လိုခြင်း ဖြစ်သည်။

သို့သော်လည်း ချီဟွော့ ဘာလုပ်ချင်ချင် သူဂရုမစိုက်ပေ။ လှိုင်းနီကြယ်ပေါ်က ကိစ္စများသည် သူနှင့် ဘာမှ မဆိုင်ချေ။ သူဤနေရာသို့ ရောက်လာသည် ရန်ကိုင်ကြောင့်သာ ဖြစ်၏။ ချီဟွော့သည် သူ့စွမ်းအား အနည်းအကျဉ်းလောက်ကိုသာ ငှားရမ်းလိုခြင်း ဖြစ်သည့်အတွက် လော့ဟိုင် မကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

ချီဟွော့သည် သူရန်ကိုင်အား ဘာကြောင့် လာရှာရသလဲ ဆိုသည့် အဓိက အကြောင်းအရင်းကို လိုက်မစုံစမ်းသရွေ့ လော့ဟိုင်လည်း သူဘာလုပ်လုပ် ဂရုစိုက်နေမည် မဟုတ်ချေ။

“အစ်ကိုလော့ဟိုင်၊ သွားကြရအောင်” ချီဟွော့သည် ဝေ့ဖုန်းကို ကိုင်ထားရင်း လော့ဟိုင်ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။

လော့ဟိုင်လည်း ခေါင်းညိတ်လိုက်ပြီးနောက် နှစ်ဦးစလုံး အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် ရေခဲသန့်စင်ကျွန်း ရှိရာဘက်ဆီသို့ ဦးတည် ပျံသန်းထွက်ခွာသွားကြလေသည်။

……

ရန်ကိုင်သည် သူ့အား နေရာချပေးထားသည့် အခန်းထဲတွင် ထိုင်ရင်း စုယန်နှင့် တွေ့နိုင်မည့် နည်းလမ်းတစ်ခုကို စဉ်းစားတွေးတောနေခဲ့သည်။

သူ့အနေဖြင့် အတွင်းကျွန်းဆီသို့ သွား၍ မရသည့်အတွက် စုယန်နှင့် တွေ့ချင်သည်ဆိုပါက စုယန်ကိုယ်တိုင် အပြင်ကျွန်းဆီသို့ ထွက်လာမှ ရပေလိမ့်မည်။

သို့သော်လည်း စုယန်သည် အပြင်သို့ ထွက်လာမည့် အရိပ်အယောင် မပြချေ။ သူမ၏ အရှိန်အဝါသည် အတွင်းကျွန်းရှိ တစ်နေရာတွင်သာ ငြိမ်သက်စွာ တည်ရှိနေခဲ့သည်။

ကျင့်ကြံခြင်းမှာ အရေးကြီးတဲ့ အခိုက်အတန့် ရောက်နေလို့ ထွက်လာလို့ မရတာများလား ရန်ကိုင် ဇဝေဇဝါ ဖြစ်နေခဲ့သည်။

သို့သော်လည် စုယန်သည် ကျင့်ကြံခြင်းတွင် အရေးကြီးသည့် အခိုက်အတန့်သို့ ရောက်နေခြင်း မဟုတ်ဘဲ အိမ်အကျယ်ချုပ် ကျခံနေရခြင်းသာ ဖြစ်သည်ကိုတော့ ရန်ကိုင် မသိခဲ့ပေ။

ရေခဲသန့်စင်ကျွန်းသို့ ရောက်နေပြီ ဖြစ်သလို စုယန်နှင့်လည်း သိပ်မဝေးသည့်အတွက် နောက်ကျလျှင်လည်း သူတို့ ပြန်တွေ့ခွင့်ရမှာပဲဟု တွေးလျက် ဘာမှ မဆင်မခြင် မလုပ်တော့ဘဲ ငြိမ်ငြိမ်လေးသာ နေလိုက်လေသည်။

နောက်တစ်နေ့ တင်ပလင်ခွေ ထိုင်နေစဉ် မျက်လုံး ပွင့်လာပြီး အော်ပြောလိုက်လေသည် “အခု ရောက်လာတာ ဘယ်စီနီယာများလဲ၊ ဂျူနီယာ သိလို့ရမလားမသိဘူး”

အပြင်ဘက်မှ အသံ ပြန်ထွက်လာခဲ့သည် “ဒီဘုရင်မက ရေခဲနှလုံးသားတောင်ကြားရဲ့ တောင်ကြားသခင်ပဲ”

ရန်ကိုင် မျက်လုံးထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။ သိပ်မကြာခင်တွင် ရေခဲနှလုံးသားတောင်ကြားမှ အဆင့်မြင့် အကြီးအကဲတစ်ဦး သူ့အား လာတွေ့လိမ့်မည်မှန်း ရန်ကိုင် သိနေခဲ့သော်ငြား လာတွေ့သည့်လူမှာ တောင်ကြားသခင် ကိုယ်တိုင် ဖြစ်နေလိမ့်မည်ဟုပဲ မထင်ထားခဲ့ပေ။

ရေခဲနှလုံးသားတောင်ကြားတွင် ပင်းလုန်သည် မဟာအကြီးအကဲ လော့လီပြီးနောက် အားအကောင်းဆုံး ကျင့်ကြံသူတစ်ဦး ဖြစ်သည်ဟု ချင်းယဆီမှ ကြားသိထားခဲ့သည်။

ရေခဲနှလုံးသားတောင်ကြားသည် သူ့အား ဤမျှ အလေးထားနေသည်လား။

ရန်ကိုင်လည်း ထိုင်ရာမှ ထလိုက်ပြီး အခန်းတံခါးကို ဖွင့်၍ လာရောက်သော ဧည့်သည်ကို သွားတွေ့ဆုံလေသည်။

အခန်းအပြင်ဘက်တွင် အမျိုးသမီးနှစ်ဦး စောင့်နေခဲ့သည်. တစ်ယောက်သည် ယဲ့ယဲ့လေး ပြုံးနေခဲ့သော်လည်း နောက်တစ်ဦးကမူ သူ့အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။ ဒုတိယတစ်ယောက်သည် သူ့အား အနည်းငယ် ရန်လိုနေသည်ကို ရန်ကိုင် ခံစားမိလိုက်သည်။

ဘာကြောင့်များ ထိုအမျိုးသမီး သူ့အား ရန်လိုနေမှန်း နားမလည်နိုင်သဖြင့် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏။

ပင်းလုန်သည် ရန်ကိုင်နှင့် ဆယ်မီတာအကွာတွင် ရပ်လိုက်ပြီး ရန်ကိုင်အား တစ်ချက် စစ်ဆေးကြည့်လိုက်ပြီးနောက် မေးလိုက်လေသည် “နင်က ရန်ကိုင်လား”

“ဂျူနီယာရန်ကိုင် စီနီယာပင်းလုန်ကို နှုတ်ဆက်ပါတယ်” ရန်ကိုင်က လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။

ပင်းလုန်က ခေါင်းညိတ်၍ “တကယ့် လူတွေကြားက နဂါးတစ်ကောင် ဆိုတဲ့အတိုင်းပါပဲလား။ အရှိန်အဝါက လုံးဝ အတက်မကျမရှိဘူး။ တည်ငြိမ်ပြီး နက်နဲသိမ်မွေ့တယ်။ ကျန်းရှီနဲ့ ယန်ချီလဲ့ နင်အလွယ်လေး သတ်နိုင်ခဲ့တာ အထူးအဆန်း မဟုတ်တော့ပါဘူး။ ဒါနဲ့၊ ဂျူနီယာညီမယုကို ကယ်ပေးခဲ့တဲ့ အတွက် ဒီဘုရင်မက သူ့ကိုယ်စား ကျေးဇူးတင်ပါတယ်”

ရန်ကိုင်က ခေါင်းခါ၍ ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်လေသည် “ဂျူနီယာက ကိုယ့်ကိုယ်ကို ကာကွယ်ရုံပါပဲ။ တောင်ကြားသခင် ယဉ်ကျေးနေစရာ မလိုပါဘူး”

ပြောပြီးသည်နှင့် ရန်ကိုင်သည် ပင်းလုန်နောက်တွင် ရှိနေသော အမျိုးသမီးအားကြည့်၍ မေးလိုက်လေသည် “ဒါက…”

“သူက ငါတို့ ရေခဲနှလုံးသားတောင်ကြားရဲ့ အကြီးအကဲချုပ်” ပင်းလုန်က မိတ်ဆက်လိုက်သည်။

ထိုအခါ ထိုအမျိုးသမီးသည် စုယန်၏ ဆရာဖြစ်မှန်း ရန်ကိုင် ချက်ချင်း သိလိုက်သည်။ ထို့အပြင် သူမဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါအရ သူနှင့် စုယန်နှင့် တွေနေသည်ကို ကြားဖြတ် နှောင့်ယှတ်ခဲ့သူမှာ သူမဖြစ်မှန်း ရန်ကိုင် ပြောနိုင်ပေသည်။

သူ့ကြည့်ရတာ ငါ့ကို ခါးခါးသီးသီး မုန်းနေသလိုပဲ… ငါဘယ်တုန်းကများ သူ့ကို သွားရန်စမိလိုက်လို့လဲ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

ထိုသို့ တွေးလိုက်ပြီးနောက် လက်သီးဆုပ်၍ ပြောလိုက်လေသည် “ဒီတော့ အကြီးအကဲချုပ်ပေါ့၊ ဂျူနီယာ မလေးမစားသလို ဖြစ်သွားလို့ တောင်းပန်ပါတယ်”

ရန်ယွင်ထင်သည် နှာခေါင်းသာရှုံ့လိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပေ။

ထိုအခြင်းအရာကို မြင်သည့်အခါ ပင်းလုန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ အကြီးအကဲချုပ် ဤနေရာသို့ ဘာလုပ်ဖို့များ လိုက်လာခဲ့သလဲ ဆိုသည်နှင့် ပက်သက်၍လည်း နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။ သို့သော်လည်း ထိုအကြောင်းကို ဆက်တွေးမနေခဲ့ဘဲ အလျင်အမြန်ပဲ စကားဝိုင်းကို ပြန်ထိန်းချုပ်လိုက်လေသည် “အကြီးအကဲချုပ်နဲ့ ဒီဘုရင်မက ဘာမှအကြောင်းမကြားဘဲ ရောက်လာလို့ အဆင်မပြေ ဖြစ်သွားတာမျိုး မရှိဘူးလား”

“တောင်ကြားသခင်က နောက်တတ်တာပဲ။ ဒီဂျူနီယာက ဧည့်သည်တစ်ယောက်လေ။ ပိုင်ရှင်က လာချင်မှတော့ ဧည့်သည်ကို ဘာလို့ ကြိုအကြောင်းစရာ လိုဦးမှာလဲ။ ဂျူနီယာကသာ တောင်ကြားသခင်တို့ကို လာမနှုတ်ဆက်မိလို့ တောင်းပန်သင့်တာ”

ရန်ကိုင်ပြောသည်ကို ကြားသည့်နောက် ပင်းလုန် အကြည့်ထဲ ချီးကျူးရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။ မဟာပါရမီရှင်တစ်ဦး ဖြစ်သော်လည်း မောက်မာခြင်း အရှင်းမရှိဘဲ နှိမ့်ချပြီး ယဉ်ကျေးတတ်သည်မှာ အခြားသော လူငယ်မျိုးဆက် ပါရမီရှင်များနှင့် လုံးဝကို ကွာခြားနေခဲ့သည်။

ထိုလူငယ်ပါရမီရှင် အများစုသည် မျက်လုံး ခေါင်းပေါ် တက်ပေါက်နေကြသူများ ဖြစ်ကြပြီး အချိန်တိုင်း သူတို့၏ ခွန်အားကို အခြားသူများသိအောင် ထုတ်ကြွားချင်နေကြသည်။

ပင်းလုန်နှင့် ရန်ယွင်ထင်သည် ရန်ကိုင်နှင့်အတူ ရေခဲစားပွဲလေး တစ်လုံးတွင် ထိုင်လိုက်ကြသည်။

ထိုနှစ်ယောက် ဘာကြောင့်ရောက်လာမှန်း မသိသော်ငြား သူ့ဘက်မှ အရင် သွားမမေးသေးဘဲ ထိုနှစ်ယောက် ပြောလာမည့် အချိန်ကိုသာ စိတ်ရှည်ရှည်လေး ထိုင်စောင့်နေလိုက်သည်။

ရန်ယွင်ထင်ကမူ ထိုင်ခုံပေါ် ထိုင်ပြီးသည်နှင့် ရန်ကိုင်ကိုသာ အမဲဖျက်တော့မည့် အကြည့်ဖြင့် တောက်လျှောက် စိုက်ကြည့်နေ၏။

ကံကောင်းစွာဖြင့် ပင်းလုန် ရှိနေသည်မှာ ကံကောင်းသွားခဲ့၏။ ပင်းလုန်သည် ရောက်တတ်ရာရာ မေးခွန်းများ လျှောက်မေးရင်း ရန်ကိုင်မှ ရန်ယွင်ထင်ကို သေချာအာရုံမစိုက်မိအောင် လုပ်ထားခဲ့၏။

လက်ဖက်ရည် တစ်ခွက်စာ ကြာပြီးနောက်တွင် ပင်းလုန်က ရုတ်တရက် မေးလိုက်လေသည် “မောင်လေးက လှိုင်းနီကြယ်က ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးမလား”

ပင်းလုန် ဘာကိုသိရန် ကြိုးစားနေလဲ ထိုမေးခွန်းမှတစ်ဆင့် ရန်ကိုင် နားလည်လိုက်သည်။ သို့သော် ဖုံးကွယ်ရန် မကြိုးစားဘဲ ခေါင်းညိတ်၍သာ ပြန်ပြောလိုက်သည် “မဟုတ်ဘူး”

“ဒါဆို မောင်လေးရန် ဘယ်ကလာတာလဲ”

“ထုန်းရွှမ်လောကကြီးက”

“ထုန်းရွှမ်လောကကြီး” ပင်းလုန် မျက်မှောင်ကြုတ်သွားခဲ့သည်။

ရန်ယွင်ထင်ကမူ ထိုနာမည်ကို ကြားလိုက်သည့်အခိုက် မျက်လုံး မှေးစဉ်းသွားခဲ့သည်။

ထုန်းရွှမ်လောကကြီးအကြောင်း ပင်းလုန် မကြားဖူးသော်လည်း သူကတော့ ကြားဖူးပေသည်။ စုယန်သည်လည်း ထုန်းရွှမ် လောကကြီးမှ လာသည် မဟုတ်ပေလော။

ဒီတော့ စုယန်ရဲ့ အပျိုစင်ကို ယူသွားတာ တကယ်ကြီး ဒီကောင်ပေါ့။ ဒီခွေးသူတောင်းစားလေးကြောင့် စုယန် ကောင်းကောင်း မကျင့်ကြံနိုင်တာ

ထိုအကြောင်း တွေးလိုက်သည်နှင့် ရန်ယွင်ထင်ဆီမှ ပါးလျသော သတ်ဖြတ်လိုစိတ်တို့ ထွက်ပေါ်လာခဲ့သည်။ ထွက်ပေါ်လာသည့် သတ်ဖြတ်လိုစိတ်မှာ သိပ်မသိသာသော်လည်း ပင်းလုန်ကတော့ သေချာ သတိပြုမိလိုက်ပေသည်။ ရန်ယွင်ထင်အား မယုံသင်္ကာ အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ရန်ကိုင်လည်း ထိုအချက်ကို သတိမပြုမိလိုက်သဖြင့် ထိုသတ်ဖြတ်လိုစိတ် အကြောင်း ခေါင်းစဉ် လုပ်ပြောမနေတော့ဘဲ ယဲ့ယဲ့လေး ပြုံး၍သာ “ဒီဘုရင်မ အဲ့လိုကြယ်အကြောင်း တစ်ခါမှ မကြားဖူးဘူး”

“စီနီယာ မကြာဖူးတာ ဘာမှမထူးဆန်းဘူး။ ကျုပ်လာတဲ့ မွေးရပ်မြေက အရမ်းကို ခေါင်တယ်။ ကြယ်စီရင်စုကြီးနဲ့လည်း ဘာအဆက်အသွယ်မှ မရှိဘူး။ အဲ့ဒါကြောင့် စီနီယာ မသိတာ”

All Chapters