← Chapters

လူတွေဘယ်ရောက်ကုန်တာလဲ (၃)

Vol. 3 Ch. 136

လူတွေဘယ်ရောက်ကုန်တာလဲ (၃)

Vol. 3 Ch. 136

နက်ဆန်က စားပွဲခုံမှာ မှောက်အိပ်နေမိရာကနေ ရုတ်တရက် ခေါင်းထထောင်လိုက်တယ်။ အစောပိုင်းကအထိ တခြားသူတွေနဲ့ စကားပြောနေခဲ့ကြောင်း သူသတိရခဲ့ပေမဲ့ အခုအချိန်မှာတော့ ဘယ်သူ့ကိုမှ သူမတွေ့ရတော့ပါဘူး။

“ဘာဖြစ်သွားတာလဲ။” သူခေါင်းကို နာကျင်စွာနဲ့ ဆုပ်ကိုင် ထားလိုက်မိတယ်။ အဲဒီနောက် စားသောက်ဆိုင်ထဲကို ဝေ့ပြီး ကြည့်မိပေမဲ့ လူရယ်လို့တစ်ယောက်ကိုမှ မတွေ့ရပါဘူး။

“အစောပိုင်းက ဒီမှာလူတွေအပြည့် ရှိနေတာမဟုတ်ဘူးလား။”

နက်ဆန်က တွေးလိုက်ပြီးတော့ တခြားစားပွဲတွေကိုလိုက်လံ ကြည့်ရှုပါတယ်။ စားပွဲတွေပေါ်မှာ စားလက်စစားစရာတွေကို တွေ့နေရပေမဲ့ ထူးခြားစွာနဲ့ လူတွေရှိမနေခဲ့ပါဘူး။ အဲဒီနောက် ဆိုင်ရဲ့နံရံမှာချိတ်ထားတဲ့ မှန်တစ်ချပ်စီသူ့ကြည့်မိပြီးနောက် စိတ်ထဲ ရှုပ်ထွေးနေတဲ့ပုံစံနဲ့ သူ့မှန်ထဲကပုံရိပ်ကိုသူ လက်နဲ့ထိဖို့ ကြိုးစားကြည့်လိုက်တယ်။

“ဘယ်သူလဲ... ဒါကငါလား။ ဘာလို့ငါက ငါ့ရုပ်ကိုယ်ငါ မမှတ်မိရတာလဲ။”

သူ့အနေနဲ့ နိုးထမလာခင်ကအကြောင်းတွေကို စဥ်းစားကြည့်ဖို့ ကြိုးစားခဲ့ပေမဲ့ ဘာမှကိုစဥ်းစားမရ​ပါဘူး။ သူ့နာမည်သူတောင် အစဖော်လို့မရဘူး။

ကျွီ....

အဲဒီအချိန်မှာပဲ မီးဖိုချောင်တံခါးက ပွင့်သွားတဲ့အတွက်ကြောင့် သူလှည့်ကြည့်လိုက်မိတယ်။ ဒါပေမဲ့ အဲဒီမှာဘယ်သူမှ ရှိမနေဘူး။ သူမမြင်လိုက်တာများဖြစ်နေမလားဆိုပြီး မီးဖိုချောင်ထဲကို လိုက်ပြီးဝင်ကြည့်တော့လည်း ဘယ်သူမှရှိမနေပါဘူး။ ဒါပေမဲ့ ချက်လက်စ ဟင်းပွဲတွေကိုတော့သူမြင်ရပြီး အကုန်လုံးက တူးတော့မလိုမျိုးဖြစ်နေတယ်။

ချောက်....

အဲဒီနောက်တော့ မီးဖိုမီးတွေအားလုံးကို တစ်စုံတစ်ယောက်က ပိတ်လိုက်သလိုမျိုး တစ်ခါတည်းပိတ်သွားတယ်။ ဒီတစ်ခါတော့ နက်ဆန်ဟာ ပုံမှန်မဟုတ်ဘဲ တစ်ခုခုဖြစ်နေပြီမှန်း သတိထားမိ နေပါပြီ။ သူက ပါးစပ်ကိုဟလိုက်ပြီး...

“ဘယ်သူလဲ၊ ခင်ဗျားဒီမှာရှိနေတာ သိတယ်နော်။”လို့ ပြောပေမဲ့ ဘာမှပြန်ထူးသံ မကြားရပါဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်က သူ့အနားကနေ ဖြတ်သွားတယ်လို့ ခံစားလိုက်ရပြီး ရင်းနှီးနေတဲ့ ရနံသင်းသင်းကို ရလိုက်တယ်။ ဒါကြောင့် သူ့လက်ကိုဆန့်ပြီး တစ်စုံတစ်ခုကို ဖမ်းဆုပ်ဖို့ကြိုးစားလိုက်ပေမဲ့ လေကိုသာ ထိမိသွားတယ်။

“ငါစိတ်ထင်နေတာများလား။”

ဒါပေမဲ့နောက်တော့ တည်းခိုခန်းလှေကားပေါ် ပြေးတက်သွားတဲ့ အသံကြားရတဲ့အတွက် သူလည်းနောက်ကနေ တိတ်တဆိတ် လိုက်လာခဲ့တယ်။ အပေါ်ထပ်ကိုရောက်တော့ သူမမြင်ရတဲ့ အရာတစ်ခုက အခန်းတံခါးတွေကို လိုက်ဖွင့်နေတာမြင်ရပြီး သာမန်လုံးဝမဟုတ်ဘဲ သိပ်ကိုကြောက်စရာကောင်းတဲ့ မြင်ကွင်းပါ။

“လူတွေအားလုံးပျောက်ကုန်တာ... အဲဒီတစ်ခုခုကို လိုက်ရှာနေတဲ့ မမြင်ရတဲ့အရာနဲ့တော့ မဆိုင်လောက်ပါဘူးနော်။”

နက်ဆန်က တွေးလိုက်မိပြီး သူ့အရိပ်ကိုငုံကြည့်ကာ လက်ကိုဖြန့် လိုက်ပါတယ်။ စိတ်ထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကူညီနိုင်မယ့် အရာတစ်ခု ရှိနေတယ်လို့ခံစားရပြီး လုပ်နေကျပုံစံအတိုင်းပဲ အရိပ်ထဲက ဆွဲထုတ်ဖို့ကြိုးစားပေမဲ့ ဘာမှဖြစ်မလာဘူး။

အဲဒီအစား သူ့ကိုယ်သူတောင် ဘာလို့ဒီလိုလုပ်မိမှန်း နားမလည် ဖြစ်နေခဲ့တယ်။

“အဓိပ္ပါယ်မရှိလိုက်တာ၊ ငါလည်း လူတွေပျောက်ကုန်လို့ ရူးကြောင်ကြောင်ဖြစ်နေပြီလား။”

နောက်တော့ နက်ဆန်လည်း အဲဒီဘာမှန်းမသိတဲ့အရာနောက်ကို ခပ်ခွာခွာကနေ လိုက်နေခဲ့တယ်။ ပထမကတော့ အဲဒီအရာက သူ့ကိုရှာတွေ့သွားပြီး တစ်ခုခုလုပ်မှာစိုးရိမ်နေခဲ့ပေမဲ့ တစ်ဖက်က သူတည်ရှိနေတာကို လုံးဝသတိထားမိတဲ့ပုံမပေါ်ပါ။

နက်ဆန်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ဆန်းကြယ်မှုတွေရဲ့ အဖြေဟာ ဒီအမည်မသိတဲ့အရာဖြစ်မယ်လို့ တွက်ဆထားပြီး နောက်ကနေဆက်လိုက်ခဲ့ပေမဲ့ မမြင်ရတဲ့အရာ တည်းခိုခန်း အပြင်ကိုထွက်သွားပြီးတဲ့နောက် သူမျက်ခြေပြတ်သွားတယ်။

အပြင်ဘက်လောကက ကျယ်ပါတယ်။ တည်းခိုခန်းထဲမှာ တစ်ဖက်က ဆူဆူညံညံလုပ်ခဲ့လို့ တည်နေရာကို သူခန့်မှန်း နိုင်ခဲ့တယ်ဆိုပေမဲ့ အပြင်ဘက်နေရောင်အောက်မှာကတော့ ထင်သလောက်မလွယ်တော့ပါဘူး။

မျက်ခြေပြတ်သွားပြီးနောက်မှာတော့ နက်ဆန်က ပတ်ဝန်းကျင်နဲ့ သူ့ကိုယ်သူအပေါ် ပိုပြီးသတိထားမိလာတယ်။ ကားလမ်းပေါ်မှာ ကားတွေရပ်ထားပေမဲ့ လူတွေရှိမနေဘူး။ မိုးကောင်းကင်မှာ နေရောင်ရှိနေပေမဲ့ တိမ်တွေက လှုပ်ရှားမနေဘူး။ လေလည်း တိုက်မနေဘူး။ မြို့ထဲကနာရီစင်က နာရီလက်တံတွေ ရပ်နေတာ သူသတိထားမိပြီး ငှက်တွေရဲ့တေးဆိုသံကိုတောင် သူမကြားရ ခဲ့ပါဘူး။

“ဒီနေရာက လူ့ဘုံရောဟုတ်ရဲ့လား။” နက်ဆန်က ပိုပြီးတော့ စိတ်ရှုပ်ထွေးလာတယ်။

အဝတ်ဆိုင်တစ်ဆိုင်ရှေ့ကိုရောက်တော့ ဆိုင်ရဲ့မှန်တံခါးရှေ့မှာ ရပ်ပြီးတော့ တစ်ဝက်တစ်ပြတ်ထွင်းဖောက်မြင်နေရတဲ့ သူ့ပုံသူ ပြန်ကြည့်တယ်။

“အနက်ရောင်ဂျာကင်နဲ့သာမန်အဝတ်အစားတွေလား။ ဒီလိုပုံစံနဲ့ ငါ့ကိုယ်သူ ဘယ်သူလဲ ဘယ်လိုလုပ်ပြီးသိမှာလဲ။”

နက်ဆန်က မျက်မှောင်ကြုတ်လိုက်တယ်။ အကယ်၍သူသာ ယူနီဖောင်းတစ်မျိုးမျိုးကိုဝတ်ဆင်ထားခဲ့ရင် အနည်းဆုံးတော့ သူဘယ်သူဆိုတာသိနိုင်ဖို့ သဲလွန်စတစ်ခုရှိနိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ အဲဒီလိုအခွင့်အရေးမျိုးမရှိတော့ဘူး။

ပါလာတဲ့ပစ္စည်းတွေကို ထုတ်ကြည့်ပြီး စစ်ဆေးကြည့်တော့လည်း ပိုစဥ်းစားရ ကြပ်လာတာသာ အဖက်တင်ပါတယ်။

“တုတ်ချောင်းတစ်ချောင်း၊ ဓားမြှောင်၊ ရွှေခွက်နဲ့ ဒင်္ဂါးတစ်ပြား ထည့်ထားတဲ့ ထူးထူးဆန်းဆန်းသေတ္တာလား။ ငါက ဘယ်လို လူမျိုးပါလိမ့်။”

နက်ဆန်က လူသူကင်းမဲ့တဲ့ ကတ္တရာလမ်းမပေါ်မှာထိုင်နေရင်းနဲ့ သူ့ကိုယ်သူပြန်မေးလိုက်တယ်။ မှော်သေတ္တာက လောလောဆယ် မှတ်ဉာဏ်တွေအပိတ်ခံထားရတဲ့ နက်ဆန်အတွက် အဖြေရှာမရတဲ့ ပုစ္ဆာတစ်ပုဒ်သာ ဖြစ်လာခဲ့ပါတယ်။

တဲရော့ကတ်ထုတ်ကိုဖွင့်မိတော့ သူ့စိတ်ထဲက သံသယက ပိုကြီးလာရော။ “မဟုတ်မှလွဲရော ငါက လိုင်းပေါ်မှာ ဗေဒင်ဟောစားပြီး နာမည်ကြီးနေတဲ့ကောင်တို့ဘာတို့ မဟုတ်ပါဘူးနော်။”

နက်ဆန်က အလိုလိုနေရင်းအဲဒီလိုအလုပ်မျိုးကို မုန်းတီးစရာ ကောင်းတဲ့အလုပ်လို့မြင်နေပြီး အင်တာနက်ဗေဒင်ဆရာတွေကို နာမည်ခံပြီးလိမ်စားနေတဲ့သူတွေလို့ မြင်နေမိတယ်။

“ သူတို့လုပ်ပြသမျှ ယတြာအစီအရင်တွေက အမှားတွေချည်းပဲ။ ဘာမှော်စွမ်းအားမှ ထွက်လာတာမဟုတ်ဘူး။”

သူ့ကိုယ်သူဘာလို့ ယုံကြည်ချက်ပြင်းထန်နေတာလဲဆိုပြီး စဥ်းစားကြည့်ပြန်တော့လည်း စဥ်းစားမရ။

မြို့ထဲမှာဦးတည်ရာမဲ့ လျှောက်သွားနေရင်းနဲ့ နာရီအတော်ကြာပြီ ထင်မိပေမဲ့ ဖုန်းနာရီရော တိုက်ကပ်နာရီပါမပြောင်းလဲတာကို သတိထားမိလာပြီ။ လူတော့မတွေ့ရပေမဲ့ သူမမြင်ရတဲ့တည်ရှိမှု ရှိနေသေးတာကိုတော့ သူသတိထားမိပါတယ်။ တချို့ အဆောက်အဦးတွေ တံခါးပွင့်သွားတိုင်းမှာ အဲဒီအရာက လှုပ်ရှားနေသေးမှန်း သူသတိထားမိပြီး အထီးကျန်ဆန်တဲ့ ခံစားချက်ကို အလိုလိုနေရင်းနဲ့ ပြေလျော့စေပါတယ်။

“သူလည်း ငါ့လိုပဲ တစ်ယောက်တည်းဖြစ်နေပြီး တခြားသူ တစ်ယောက်ကိုလိုက်ရှာနေတာများ ဖြစ်နိုင်မလား။”

သူဒီလိုတွေးမိပြီး အဲဒီတည်ရှိမှု သူ့ကိုသတိထားမိစေဖို့အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ပါ။ ဒါကြောင့်မလို့ တစ်ခုခုများ ထူးခြားလေမလားဆိုတဲ့စိတ်နဲ့ နောက်ကနေပြီး တောက်လျှောက်လိုက်လာခဲ့ပါတယ်။

အဲဒီနောက်တော့ ရဲစခန်းတစ်ခုဆီကိုသူတို့ရောက်လာတယ်။ အမည်မသိအရာက ရဲစခန်းထဲကိုအတော်ကြာကြာ ဝင်မွှေပြီးတဲ့ အခါမှသာ ပြန်ထွက်လာတယ်။ နောက်တော့ စခန်းအပြင်ဘက် ရောက်လာပြီး ဘာသံမှမထွက်တော့တဲ့အတွက် တည်ငြိမ်စွာ ရပ်နေတာဖြစ်မယ်လို့ နက်ဆန်တွေးမိလိုက်တယ်။

တစ်ချိန်တည်းမှာပဲ အဲဒီအရာရှိနေလောက်မယ့်နေရာကို ကြည့်နေရင်းကနေ နွေးထွေးတဲ့ခံစားချက်ကို ရလာတယ်။ နောက်တော့ သူက ပလက်ဖောင်းပေါ်မရွံမရှာထိုင်ချလိုက်ရင်း အဲဒီအမည်မသိအရာကို စ​ကားတွေစပြောတယ်။ ပြန်ဖြေသံ မကြားရသလို၊ တစ်ဖက်လူကိုလည်း သူမမြင်ရဘူးဆိုပေမဲ့ အရူးတစ်ယောက်လိုမျိုး ပြောနေခဲ့တာ။

“ဟေး၊ မင်းလည်း ငါ့ကိုမမြင်ရဘူးမဟုတ်လား။ အေး၊ ငါလည်း မင်းကိုမမမြင်ရဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ငါတို့တွေအတူတူ ရှိနေကြသေးတယ်မဟုတ်လား။”

နက်ဆန်ဟာ အမှန်တကယ် ရူးသွပ်သွားသလိုပဲ။ တစ်ဖက်က သူ့ကိုဘာမှပြန်မပြောပေမဲ့ တစ်ဖက်ကသူ့ကိုပြန်ဖြေသလိုမျိုး သူ့မေးခွန်းတွေကို သူ့ဘာသာအဖြေပြန်ပေးကာ နောက်ထပ် စကားပေါင်းများစွာကို ပြောနေခဲ့ပါတယ်။

နောက်တော့ ရုတ်တရက်ဆိုသလိုပဲ ကောင်းကင်ပေါ်ကနေပြီး နေလုံးကြီးဆင်းသွားတယ်။ အနီရောင်လထွက်လာတဲ့အခါမှာ နက်ဆန်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်ပါတော့တယ်။

“အန္တရာယ်အငွေ့အသက်တွေတော့ ရနေပြီ။”

တစ်ပြိုင်နက်တည်းဆိုသလိုမှာပဲ နွယ်အရိုးမွန်းစတားတွေကို သူမြင်လိုက်ရပြီး တစ်ကောင်ကတော့ သူနဲ့တော်တော်နီးနီးမှာ ရှိနေခဲ့တာ။ အဲဒီနောက်တော့ ဘာမှန်းမသိတဲ့အရာဆီက အော်သံလို့ထင်ရတဲ့ အလွန်ဝေးကွာပြီးပဲ့တင်သံတွေထွက်နေတဲ့ အော်သံကို သူကြားလိုက်ရတော့တယ်။

“နက်ဆန်....”

...

နက်ဆန်ဟာ သူ့ခေါင်းထဲကသွေးတွေ ဆူပွက်လာသလိုမျိုး ခံစားလိုက်ရတယ်။ အရင်က သူမမှတ်မိခဲ့တဲ့ အကြောင်းအရာ အားလုံးက ရုတ်တရက်ခေါင်းထဲမှာ ပြန်ပေါ်လာတယ်။ ဒါပေမဲ့ အကြောင်းအရာတွေက များပြားလွန်းတဲ့အတွက် တစ်ခုနဲ့တစ်ခု ထပ်နေခဲ့ပြီး နားလည်ဖို့ မလွယ်ကူခဲ့ပါဘူး။ အဲဒီအစား သူ့ခေါင်းတွေ ပေါက်ကွဲလုမတတ်တောင် ဖြစ်လာတယ်။

“မကြောက်နဲ့....”

ဘုန်း....

နက်ဆန်က သူ့ညာလက်သီးကိုဆုပ်လိုက်တော့ သူ့အရိပ်ကြီးက အကောင်အထည်ဖြစ်တည်လာပြီး လက်မှာချပ်ဝတ်တစ်ခုလို လာဖွဲ့စည်းတယ်။ အဲဒီနောက်တော့ သူက သူ့ရှေ့မှာရှိနေတဲ့ နွယ်ပင်တွေနဲ့လှုပ်ရှားနေတဲ့ အရိုးစုကြီးကို ထိုးချပစ်လိုက်တယ်။

ဘုန်း....

လေထုကိုယ်တိုင်က တွန့်လိမ်သွားပြီး လှိုင်းဂယက်တွေထလာ ခဲ့ပါတယ်။ နက်ဆန့်လက်သီးက အရိုးစုနဲ့ထိမိတာနဲ့အရိုးစုဟာ ချက်ချင်းပဲ အစိတ်အပိုင်းပေါင်းများစွာအဖြစ်ကို ကြေမွသွား ပါတော့တယ်။

“ဘယ်သူမှန်းမသိတဲ့သူ....” နက်ဆန်က ပြောလိုက်ပြန်တယ်။ တစ်ချိန်တည်းမှာပဲ သူ့အတွေးတွေက ပိုမိုရှင်းလင်းလာတယ်။ ပြီးတော့ သူပြောတဲ့စကားတွေကို တစ်ဖက်သူကလည်း ကြားနေတဲ့ ပုံပါပဲ။

“နက်ဆန်၊ ရှင်ဘယ်မှာလဲ... ကျွန်မရှင့်ကို မမြင်ရဘူး။” တစ်ဖက်က လေသံက တုန်ယင်နေတယ်။ ဒါပေမဲ့ တစ်ယောက်တည်းမဟုတ်တော့ဘူး ဆိုတဲ့အသိကြောင့် နက်ဆန်ရဲ့ခွန်အားတွေက တိုးတက်လာနေ ပါတယ်။ ပြီးတော့သူက တစ်ချက်ရယ်မောလိုက်​သေးတယ်။

“နက်ဆန်တဲ့လား... အဲဒါငါ့နာမည်လား.... နားလည်ပြီ။ ဒီတော့ မင်းက ဆယ်ဗီပဲဖြစ်ရမယ်။”

နက်ဆန်က ဒီစကားနဲ့အတူ ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ နွယ်အရိုးမွန်းစတားကြီး တစ်ဒါဇင်လောက်က သူ့ဆီကိုပြေးဝင် လာနေကြဆဲပဲ။ နက်ဆန်ကတော့ လုံးဝမကြောက်ဘဲ အရိပ်ဆီ လက်ကိုဆန့်တန်းလိုက်တယ်။

“ထွက်လာခဲ့....” သူ့စကားဆုံးတာနဲ့ အရိပ်ထဲက လူတစ်ရပ်နီးပါး အရွယ်ရှိတဲ့ တံစဥ်ကြီးတစ်လက် ထွက်ပေါ်လာတယ်။ နောက်တော့ နက်ဆန်ဟာ သေမင်းတမန်တစ်ယောက်လိုမျိုး တံစဥ်ကိုယမ်းပြီး နွယ်အရိုးစုတွေကို ရင်ဆိုင်လိုက်ပါတော့တယ်။

ထန်း....

တံစဥ်တစ်ချက်ဝေ့ယမ်းရုံနဲ့တင် နွယ်အရိုးသုံးလေးကောင် ထက်ပိုင်းပြတ်ထွက်သွားတယ်။ တံစဥ်ခုတ်ချက်ရဲ့အရှိန်ကြောင့် လေထုကပိုပျက်ယွင်းလာပြီး မိန်းကလေးတစ်ယောက်ရဲ့ပုံရိပ်ကို ခပ်ဝါးဝါးမြင်လာရချိန်မှာတော့ နက်ဆန်ကပိုအားစိုက်လိုက်ပြီး တံစဥ်နဲ့လေထုကို ပိုင်းချလိုက်ပါတော့တယ်။

ခလွမ်း....

တစ်ခုခုကျိုးကြေသွားသလိုမျိုးအသံနဲ့အတူ နက်ဆန့်မြင်ကွင်းက ပြောင်းလဲသွားတယ်။ ကြောက်ရွံနေတဲ့ ပန်းနုရောင်သူနာပြု ဝတ်စုံလေးနဲ့ဆယ်ဗီက ကတ္တရာလမ်းမပေါ်မှာကွေးကွေးလေး ဖြစ်နေပြီး သူ့ဒူးသူဖက်ထားတယ်။ နက်ဆန်ကတော့ လက်ထဲမှာ တံစဥ်ကြီးနဲ့....

“ကျ... ကျွန်မက သေတော့မယ်ထင်နေတာ။”

ဆယ်ဗီက အခုလိုပြောလိုက်တော့ နက်ဆန်က အလိုလိုပြုံးလိုက် မိတယ်။ အဲဒီနောက် သူ့လက်ကိုကမ်းပေးလိုက်ပြီး...

“မင်းက ငါမြင်ဖူးသမျှထဲမှာ အူတူတူအတတအနိုင်ဆုံး နတ်ဘုရားမလေးပဲ။”

ဆယ်ဗီက ကြောက်လန့်နေသေးပေမဲ့ နက်ဆန်ရဲ့နွေးထွေးတဲ့ ကမ်းလက်ကိုဆုပ်ကိုင်ပြီး ထရပ်လိုက်တယ်။ သူတို့နှစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကို ဖိနှိပ်ထားတဲ့အတားအဆီး မရှိတော့ပါဘူး။ နှစ်ယောက်ပေါင်းစုံမိသွားပေမဲ့ နွယ်အရိုးကောင်တွေကတော့ လာနေဆဲပါ။

ဆယ်ဗီက သိချင်စိတ်နဲ့ မေးလိုက်တယ်။ “နက်ဆန်၊ ကျွန်မတို့ အခုဘာတွေဖြစ်နေတာလဲ။”

နက်ဆန်က အလွန်လေးနက်နဲ့ပုံစံနဲ့ ပြောလိုက်ပါပြီ။ “ လောကတည်ရှိမှုကိုချုပ်ကိုင်ပြီး အစစ်အမှန်နဲ့ပုံရိပ်ယောင် နှစ်ခုကြားက အဓိပ္ပါယ်ဖွင့်ဆိုချက်ကို လှည့်ဖျားနိုင်စွမ်းရှိတဲ့သူ၊ တစ်နည်းအားဖြင့် လောကဖြစ်တည်ခြင်းကို ပြောင်းလဲနိုင်စွမ်း ရှိတဲ့သူ (Reality Wraper)နဲ့ ရင်ဆိုင်နေရတာပဲ။”

နက်ဆန်ရဲ့အကြည့်တွေက လေးနက်သွားပြီး အနားကပ်လာတဲ့ နွယ်အရိုးစုတွေကို ထပ်ပြီးဖျက်ဆီးပစ်လိုက်ပြန်တယ်။ “ဒါပေမဲ့ ဒီလိုအစွမ်းမျိုးဆိုတာက တော်တော်ရှားပါးပြီး လောကဖြစ်တည်ဖို့ အခြေခံဖြစ်တဲ့ ပျက်စီးခြင်းမြစ်ရေကို ထိန်းချုပ်နိုင်ဖို့လိုတယ်။ နတ်ဘုရားတွေထဲမှာတောင် ဒီလိုတည်ရှိမှုမျိုးက သိပ်ရှေးကျပြီး ရှားတယ်။ ကံကောင်းတာက ဒီတစ်ယောက်က လောကတည်ရှိမှုကို ပြင်ဖို့စွမ်းအားမရှိဘဲ လောကအစိတ်အပိုင်းတစ်ခုကို ပုံစံယူပြီး အတုအယောင်ဒိုင်မေးရှင်းအဖြစ်သာ ဖန်တီးနိုင်စွမ်းရှိတဲ့ နတ်တစ်ပိုင်း လူတစ်ပိုင်းဖြစ်နေတာပဲ။”

“ပြောရရင် ရှားပါးတဲ့အစွမ်းဆိုပေမဲ့ ထင်သလောက် စွမ်းအားမကြီးဘူးပေါ့။”

“အေး၊ ဒါပေမဲ့ အန္တရယ်ရှိတဲ့သူ ဖြစ်နေတုန်းပဲ။”

သူတို့နှစ်ယောက် စကားလုံးတချို့ကိုဖလှယ်ပြီးတဲ့အချိန်မှာပဲ ဖန်တီးထားတဲ့လောကထဲမှာ မိန်းကလေးတစ်ယောက်ရဲ့ အတက်အကျမရှိတဲ့လေသံ ထွက်ပေါ်လာခဲ့တယ်။

“ပစ်မှတ်က အမှိုက်သိမ်းသမားတွေကို အလွယ်တကူ ရင်ဆိုင်နိုင်စွမ်းရှိ။ ဒိုင်မေးရှင်းအတွင်းမှ လွတ်မြောက်နိုင်ခြေ ၄၂ ရာခိုင်နှုန်းရှိ။ ပျက်စီးခြင်းမြစ်ရေကိုအသုံးပြုပြီး တည်ရှိမှုကို ဖျောက်ဖျက်ရန် ခွင့်ပြုချက်တောင်းခံပါသည်။ ခွင့်ပြုချက်ရရှိ၊ လုပ်ဆောင်မှုစတင်။”

သိပ်မကြာခင်မှာပဲ ​သူတို့ရှိနေတဲ့မြို့ရဲ့ရေနှုတ်မြောင်းတွေထဲကနေ အောက်ခြေကိုမြင်ဖို့မဖြစ်နိုင်တဲ့ ပုံသဏ္ဍာန်မဲ့အသွင်သဏ္ဍာန်မဲ့ အနက်ရောင်ရေတွေစတင် တက်လာခဲ့တယ်။ ရေနဲ့ထိတွေ့မိသမျှအရာအားလုံးက ခဲဖျက်နဲ့ အဖျက်ခံလိုက်ရတဲ့ ပုံတွေလိုမျိုးပဲ လုံးဝပျောက်ကွယ်သွားတယ်။

“အမြင့်တစ်နေရာကို တက်ကြစို့။” နက်ဆန်က ဆယ်ဗီကိုခါးကနေ ပွေ့ဖက်လိုက်ပြီး အရိပ်တောင်ပံတွေကိုဖွင့်ကာ ကောင်းကင်ပေါ် ခုန်တက်လိုက်တော့တယ်။

[စာရေးသူ၏မှတ်စု: ပျက်စီးခြင်းမြစ်ရေ (Nu)ဟာ အီဂျစ်နဲ့ မက်ဆိုပိုတေးမီးယားဒဏ္ဍာရီတွေမှာ အလွန်အရေးပါပါတယ်။ အီဂျစ်ဒဏ္ဍာရီအရ ပျက်စီးခြင်းမြစ်ရေလို့ခေါ်တဲ့ အတားအဆီးမဲ့၊ အထိန်းအကွပ်မဲ့ ပုံသဏ္ဍာန်မဲ့အနက်ရောင်ရေအတွင်းကနေပြီး ဖန်ဆင်းမှုအားလုံးဖြစ်တည်လာတယ်လို့ဆိုပါတယ်။ မက်ဆိုပိုတေးမီးယားမှာတော့ Nanmaလို့တဲ့ ပျက်စီးခြင်း ပင်လယ်ကြီးရှိပြီး အဲဒီပင်လယ်ထဲကနေ ကမ္ဘာမြေကြီး(kI)နဲ့ ကောင်းကင် (An)တို့ မွေးဖွားလာခဲ့တာပါ။ နတ်ဘုရားတွေက အဲဒီရေတွေရှိရာချောက်ကြီးက ရွံနွံတွေကိုယူပြီး လူသားတွေကို ပုံသွင်းဖန်တီးစေခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီလည်းရှိပါတယ်။]

All Chapters