← Chapters

ရိက္ခာထိန်းသိမ်းသူ

Vol. 110 Ch. 1678

ရိက္ခာထိန်းသိမ်းသူ

Vol. 110 Ch. 1678

ဤသံတုတ်သည် ဝမ်ကူးကုန်းမြေထဲတွင် ရွှီချင်းထားရစ်ခဲ့သော အရာနှင့် ကွဲပြားခြားနားသည်။

ပထမဆုံးအနေနှင့် သံတုတ်၏ ပုံသဏ္ဍာန်ဖြစ်သည်။

ဝမ်ကူးကုန်းမြေမှာ သူချန်ထားခဲ့သော သံတုတ်က မိစ္ဆာနှင်တုတ်နှင့် ဆင်တူသည်။

ယင်းက မူလသံတုတ်နှင့် အတော်လေး ပုံသဏ္ဍာန်ကွဲပြားသည်။

ဤသံတုတ်သည်တော့ အတိတ်မှာ သူအသုံးပြုခဲ့သော သံတုတ်နှင့် တစ်ပုံစံတည်း ဆင်တူသည်။

ယင်း၏ ကိုယ်ထည်က သေးသွယ်ပြီး ထိပ်ဖျားက အလွန်အမင်း ချွန်ထက်သည်။

စွမ်းအားအရတွင် မည်သည့်သံတုတ်က ပိုသန်မာကြောင်း ပြောရန် ခဲယဉ်းပေသည်။ မည်သို့ဖြစ်ပါစေ ယခင်သံတုတ်က သန့်စင်ခြင်းကို အကြိမ်ပေါင်းများစွာ ဖြတ်ကျော်ခဲ့သော အဆင့်မြင့်ဓမ္မရတနာတစ်ခု မဟုတ်ပါလော။ အထူးသဖြင့် အတိတ်မှာ ယင်းကို သတ္တမသခင်ကြီးကိုယ်တိုင် သန့်စင်ပေးခဲ့ပြီး လက်နက်ဝိညာဉ်ကိုလည်း ထည့်သွင်းပေးခဲ့သေးသည်။

ထိုသံတုတ်မှာ စွမ်းရည်အများကြီး ရှိသည်။ သို့သော်လည်း အတိတ်မှာ ရွှီချင်း၏ ကျင့်ကြံခြင်းအဆင့်က မလုံလောက်သောကြောင့် သံတုတ်၏ အစစ်အမှန်စွမ်းအားကို သူမထုတ်ဖော်နိုင်ခဲ့ပေ။

သို့သော်လည်း သင့်တော်မှုအရဆိုလျှင် သူ့အရှေ့မှ သံတုတ်က ရွှီချင်းနှင့် အသင့်တော်ဆုံးဖြစ်သည်မှာ သံသယရှိရန် မလိုပေ။ မည်သို့ဖြစ်ပါစေ ယင်းကို သူ၏ အာဏာစက်နှင့် လိုက်ဖက်ညီအောင် ဖန်တီးထားခြင်းမဟုတ်ပါလော။

လက်ရှိ ရွှီချင်း၏ အဓိကအားသာချက်က သူ၏ အာဏာစက်ဖြစ်သည်။ ထို့ကြောင့် သူ၏ အာဏာစက်နှင့် ပေါင်းစပ်ထားသော ဤသံတုတ်က သူ့အတွက် အသင့်တော်ဆုံး အာဏာစက်ဓမ္မရတနာဖြစ်သည်။

သံတုတ်က သူ၏ ဥပဒေသများနောက်ကို လိုက်၍ အပြိုင်စကြာဝဠာများနှင့် မရေမတွက်နိုင်သော အချိန်လေဟာနယ်များထဲသို့ ဝင်ရောက်နိုင်သည်။ ယင်းက သူနှင့် အပြည့်အဝ သဟဇာတဖြစ်သည်။

အရေးကြီးဆုံးမှာ သူ့အာဏာစက်၏ ပဲ့တင်ပြန်မှုအောက်တွင် သံတုတ်၏ အစွမ်းက အဆပေါင်းများစွာ မြင့်တတ်သွားလိမ့်မည်။ ထိုမျှသာ မကသေးပေ။ သူ၏ အာဏာစက်မှတဆင့် ဤသံတုတ်က အမျိုးမျိုးသော စွမ်းရည်များကိုလည်း ထုတ်ဖော်နိုင်သည်။

ထို့ပြင် ဤသံတုတ်ထဲမှာ ကောင်းကင်ဘုံဥပဒေသမြူမှုန်လည်း ပါဝင်သေးသည်။ သို့ဖြစ်၍ သံတုတ်က အလွန်အဆင့်အတန်းမြင့်ရုံသာမက ‘ အလေးချိန် ’ကိုလည်း ပိုင်ဆိုင်ထားသည်။

ထိုအလေးချိန်က ခြေလှမ်းဝက်အင်မော်တယ်များ ကြောက်ရွံ့ရိုသေရသောအရာ ဖြစ်သည်။

သို့ဖြစ်၍ ဤသံတုတ်ကို လက်ရှိ ရွှီချင်းပိုင်ဆိုင်ထားသော အစွမ်းထက်ဆုံး အာဏာစက်ဓမ္မရတနာဖြစ်သည်ဟုဆိုလျှင် မမှားပေ။

ထို့ပြင် ယင်းကို တခြားလူများက အသက်မသွင်းနိုင်ပေ။

အမှန်မှာ အကယ်၍ တခြားတစ်ယောက်က ယင်းကို ထိတွေ့လိုက်မည်ဆိုလျှင် ပြစ်ချက်မဲ့လောကထဲမှာ ပိတ်မိသွားလိမ့်မည်။

သို့ဖြစ်၍ တစ်စုံတစ်ယောက်မှာ အဆင့်နိမ့်အင်မော်တယ်တစ်ပါး၏ စွမ်းအားမရှိလျှင် ယင်းကို အတင်းအဓမ္မ ဖိနှိပ်နိုင်လိမ့်မည် မဟုတ်ချေ။

“ ဒီရတနာက မဆိုးဘူး ”

“ အနည်းဆုံးတော့… အဲ့ဒါက မင်းရဲ့ တိုက်ပွဲစွမ်းအားကို အကြိမ်ရေအနည်းငယ် တိုးမြှင့်ပေးနိုင်တယ် ”

မီးတွင်း၏ အပေါ်တွင် ဝတ်စုံနီနှင့် အဖိုးအိုက သူသန့်စင်ထားသော သံတုတ်ကို ကြည့်လိုက်သည်။ သူ၏ နှလုံးသားထဲတွင် စိတ်ကျေနပ်မှုဖြင့် ပြည့်နှက်သွားသည်နှင့် သူက ချီးကျူးလိုက်သည်။

သူလက်ဝှေ့ယမ်းလိုက်သည့်အခါ သံတုတ်က ဟိန်းသံတစ်သံကို ထုတ်လွှတ်လိုက်ပြီး မီးပင်လယ်ထဲမှ ပျံသန်းထွက်သွားကာ ရွှီချင်းဆီသို့ ဦးတည်သွားသည်။

သံတုတ်က ရွှီချင်း၏ အရှေ့တွင် လှုပ်ရှားမှုကင်းမဲ့စွာ မျောလွင့်နေသည်။

ရွှီချင်း၏ စိတ်ခံစားချက်များက ပရမ်းပတာ လှုပ်ခတ်သွားသည်။ သူက လက်မြှောက်လိုက်ပြီး သံတုတ်ကို ဖမ်းဆုပ်လိုက်သည်။

အတိတ်တွင် သံတုတ်ကို ကိုင်ဆောင်ထားခဲ့သော ရင်းနှီးကျွမ်းဝင်သည့် ခံစားမှုက သူ၏ လက်ဖဝါးမှ တဖန်ထွက်ပေါ်လာသည်။ တစ်ဆက်တည်းမှာ ထိုခံစားမှုက သူ၏ စိတ်နှင့် ဝိညာဉ်ထဲသို့ ပျံ့နှံ့သွားသည်။

သံတုတ်သည်တော့ ရောင်စုံမှန်ပြောင်းနှင့်ဆင်တူသော အချိန်လေဟာနယ်များကို ထုတ်ဖော်ပြီးနောက် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။

ယင်းက ရွှီချင်း၏ လက်ဖဝါးထဲသို့ ပေါင်းစပ်သွားပြီး သူ၏ အချိန်လေဟာနယ်အာဏာစက်ထဲမှာ ပုန်းအောင်းလိုက်သည်။ ယင်းက အမြဲတမ်း သူ၏ အာဏာစက်ကို ပဲ့တင်ပြန်နေပြီး တစ်ချိန်လုံး အာဟာရဖြည့်ပေးခြင်းခံနေရလိမ့်မည်။

သူ၏ စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် ရွှီချင်းက အလွန်စိတ်ကျေနပ်သွားသည်။ ထို့နောက် သူက ဝတ်စုံနီနှင့် အဖိုးအိုကို အရိုအသေပေးလိုက်သည်။

“ ကျေးဇူးတင်ပါတယ် စီနီယာ… စီနီယာရဲ့ ကြင်နာမှုကို ဒီဂျူနီယာ မှတ်သားနိုင်ဖို့အတွက် စီနီယာရဲ့ ကြီးမြတ်တဲ့ နာမည်ကို သိခွင့်ရှိမလား ”

ဤအဆင့်နိမ့်အင်မော်တယ်အဖိုးအိုကို ရွှီချင်းက သူ၏ နှလုံးသားထဲမှ ကျေးဇူးတင်မိသည်။ တစ်ဖက်လူက သူ့အပေါ် ချွင်းချက်ထားပြီး ကောင်းကင်ဘုံသူတော်စင်စေတီကို ပြုပြင်ပေးခဲ့သည့်အပြင် သူ့အတွက် အထွတ်အမြတ်ဓမ္မရတနာတစ်ခုကိုလည်း သန့်စင်ပေးခဲ့သည်။

ထို့ပြင် သန့်စင်နေသည့်အတောအတွင်း အဖိုးအိုက သူ့ကိုယ်ပိုင်ပစ္စည်းကိုပင် ထပ်ပေါင်းထည့်ပေးခဲ့သေးသည်။

ယင်းတို့အားလုံးက မျက်နှာသာပေးမှုဖြစ်ကြောင်း ရွှီချင်း နားလည်သည်။

“ အဲ့လို ယဉ်ကျေးမှုတွေ လုပ်နေစရာ မလိုပါဘူး… အဲ့ဒါက မင်းရသင့်တဲ့ အခွင့်အရေးပါ… မင်းငါ့ကို အတွေးကိုးခုအစစ်အမှန်ဦးသျှောင်လို့ ခေါ်နိုင်တယ် ”

ထိုသို့ပြောပြီးနောက် ဝတ်စုံနီနှင့် အဖိုးအိုက ပြုံးလိုက်ပြီး ထပ်မံ ပြောသည်။

“ ငါက လင်းရှန်းရဲ့ ဒုတိယစီနီယာအကိုပါ ”

ရွှီချင်းက တဒင်္ဂ မင်သက်သွားပြီးနောက် နားလည်သဘောပေါက်သွားသည်။

အဆင့်နိမ့်အင်မော်တယ်များကို ဦးသျှောင်များဟု ခေါ်ကြသည်။

အစစ်အမှန်ဦးသျှောင်သည်တော့ ပိုပြီးကြီးကျယ်မြင့်မြတ်သည်။ အင်မော်တယ်အရှင်သခင်များ၏ တပည့်များကိုသာ အစစ်အမှန်ဦးသျှောင်များဟု ခေါ်ကြသည်။

သို့ဖြစ်၍ ရွှီချင်းက သူ့အရှေ့မှ ပုဂ္ဂိုလ်၏ နောက်ခံကို နားလည်သွားသည်။

ကျိုးလင်းရှန်းက ဝိညာဉ်ဖီးနစ်နတ်သမီး၏ နာမည်ဖြစ်သည်။

“ ဂျူနီယာညီမလေးက မင်းကို ဂရုစိုက်ပေးဖို့ ငါတို့စီနီယာအကိုတွေကို သတင်းစကား ပို့ထားတယ် ”

“ ဒါကြောင့် အနာဂတ်မှာ မင်းတစ်ခုခု လိုအပ်တာရှိရင် ဒီမှာ ငါ့ကို လာရှာနိုင်တယ် ”

“ အခု မင်းပြန်နိုင်ပြီ ”

အတွေးကိုးခုအစစ်အမှန်ဦးသျှောင်က သိမ်မွေ့စွာ ပြောသည်။ ထို့နောက် သူက ညင်သာစွာ လက်ဝှေ့ယမ်းလိုက်သည့်အခါ ဘေးပတ်ဝန်းကျင်က ဝေဝါးသွားသည်။ ရွှီချင်း၏ အမြင်အာရုံက တဖန် ပြန်ကြည်လင်သွားသည့်အခါ သူက တာအိုသန့်စင်ခြင်းမီးဖိုထဲမှာ ဆက်မရှိတော့ကြောင်း ရှာတွေ့သွားသည်။ ယင်းအစား သူက ဖဲကြိုးပေါ်မှာ ထွက်ပေါ်လာသည်။

ဤနေရာတွင် ကျင့်ကြံသူအများအပြား ရှိသော်လည်း ဤဖဲကြိုးက ယခင်ဖဲကြိုးများနှင့် ခြားနားသည်။ ဤဖဲကြိုးပေါ်မှ လူများသည် လက်နက်သန့်စင်ခြင်းကို ဆောင်ရွက်ပြီးနောက် ပြန်ထွက်သွားနေကြခြင်း ဖြစ်သည်။

ထိုနေရာမှာ ရပ်နေရင်း ရွှီချင်းက ခေါင်းလှည့်လိုက်ပြီး အဝေးမှ တာအိုသန့်စင်ခြင်းမီးဖိုကို ကြည့်လိုက်သည်။

သူက နောက်တစ်ကြိမ် အရိုအသေပေးလိုက်သည်။

ထို့နောက် သူက စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်လေသည်။

မိုးသောက်အင်မော်တယ်နန်းတော်ဆီသို့ ခရီးစဉ်တွင် သူက မိုးသောက်သခင်လေးနှင့် ဝိညာဉ်ဖီးနစ်နတ်သမီး၏ အထမမြောက်ခဲ့သော မင်္ဂလာပွဲကို ပြီးမြောက်စေခဲ့သည်။ သူတို့နှစ်ယောက်၏ ပြန်ပေါင်းစည်းမှုက ယခု ကမ်းစပ်ကိုးခုကောင်းကင်ဘုံတစ်ခုလုံးမှာ ပျံ့နှံ့သွားလောက်ပြီ ဖြစ်သည်။

“ သူတို့တွေ အခုဘာလုပ်နေမလဲ ငါသိချင်မိတယ်… ”

မိုးသောက်အင်မော်တယ်နန်းတော်ထဲမှ အဖြစ်အပျက်များက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူက ထိုဇနီးမောင်နှံကို စိတ်ထဲမှာ ကောင်းချီးပေးလိုက်ပြီး ဖဲကြိုးပေါ်မှာ လမ်းလျှောက်လိုက်သည်။

အစတွင် ဤခရီးစဉ်က အချိန်ကြာမြင့်လိမ့်မည်ဟု ရွှီချင်း တွေးထားခဲ့သည်။ သို့သော်လည်း ယင်းက သူမျှော်လင့်ထားသည်ထက် ပိုပြီးအဆင်ချောမွေ့စွာ ပြီးဆုံးသွားသောကြောင့် အချိန်အများကြီး သက်သာသွားသည်။

“ နောက်ထပ်ခရီးစဉ်အနေနဲ့ အင်မော်တယ်သူရဲကောင်းသုသာန်ဆီ ငါသွားရမယ် ”

ရွှီချင်းက စိတ်ဆုံးဖြတ်လိုက်သည်။ အင်မော်တယ်သူရဲကောင်းသုသာန်ဆီသို့ တည်နေရာပြောင်းရွှေ့နိုင်စေမည့် တုံကင်ကို သူထုတ်ယူလိုက်စဉ် ရင်းနှီးကျွမ်းဝင်သော အသံက အဝေးမှ ပျံ့လွင့်လာသည်။

ယင်းကို ရွှီချင်းကြားသောအခါ သူက မျက်ခုံးပင့်တင်လိုက်ပြီး ချက်ချင်း တည်နေရာမပြောင်းရွှေ့တော့ပေ။ ယင်းအစား သူက အသံလာရာဇစ်မြစ်ဆီသို့ ပျံသန်းသွားသည်။

ထိုအသံများက ဆက်လက် ထွက်ပေါ်လာပြီး ပိုပြီးကျယ်လောင်လာသည်။

“ ဒါတော့ အရမ်းများသွားပြီ… ငါတို့ကို ရွှံ့နဲ့လုပ်ထားတာလို့ မင်းထင်နေတာလား ”

“ ဟုတ်တယ်… ငါတို့နှစ်ယောက်ကို စော်ကားတာက ဒီတစ်ခေါက် တတ်လှမ်းသူအားလုံးကို စော်ကားလိုက်တာပဲ… အဲ့ဒါက ငါတို့ရဲ့ ဆရာ စိမ်းပြာဓားအင်မော်တယ်သခင်နဲ့ ငါတို့ရဲ့ ဓားဂိုဏ်းတစ်ခုလုံးကို စော်ကားလိုက်တာပဲ ”

ယခု စကားပြောလိုက်သူများက ဓားကျင့်ကြံသူများဖြစ်ကြသော ချမ်ကျွင်းနှင့် ပိုင်ရီမှလွဲ၍ တခြားမဟုတ်ကြချေ။

“ ဓားရှိနေသေးသရွေ့ ငါတို့အသက်ရှင်နေမယ် ”

ညီအကိုနှစ်ယောက်က တစ်ပြိုင်နက်တည်း အော်ပြောလိုက်ကြသည်။

သူတို့၏ အမူအရာမှာ ဒေါသဖြင့် ပြည့်နှက်နေပြီး သူတို့၏ အသံက တည်ကြည်ပြတ်သားသည်။ သူတို့က သူတို့၏ အရှေ့တွင် လမ်းပိတ်ရပ်ထားသော လူသုံးယောက်ကို ရင်ဆိုင်လျက် သူတို့သိထားသော အဆက်အသွယ်အားလုံးကို ဆွဲခေါ်လိုက်သည်။

ထိုသုံးယောက်သည်တော့ မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားကြသည်။ ထူးခြားချက်အနေဖြင့် သူတို့၏ ဝတ်စုံပေါ်တွင် ချုပ်လုပ်ထားသော အိတ်ကပ်တစ်ရာကျော် ရှိကြသည်။ ယင်းက မြင်ရသူတိုင်းကို ထူးခြားသော ခံစားမှုအား ပေးသည်။

“ အိတ်ကပ်တစ်ရာ ”ကို သူတို့၏ ဝတ်စုံပေါ်တွင် ချုပ်လုပ်ထားစဉ် အိတ်ကပ်တစ်ခုစီမှာ အသေးစား စကြာဝဠာငယ်တစ်ခု ရှိနေသည့်အလား ယင်းတို့က ထူးခြားသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။

တစ်ချိန်တည်းမှာ သေခြင်းအရှိန်အဝါက သူတို့၏ ဘေးပတ်ပတ်လည်တွင် ရစ်ဝဲနေသည်။ ယင်းက သူတို့၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေခြင်း မဟုတ်ပေ။ ယင်းအစား ပြင်ပအင်အားတချို့၏ အကြွင်းအကျန်တစ်ခုက သူတို့၏ ကိုယ်ပေါ်မှာ ကပ်တွယ်နေဟန် ရသည်။

သူတို့၏ အသွင်သဏ္ဍာန်က တစ်ယောက်နှင့်တစ်ယောက် မတူကွဲပြားသော်လည်း တူညီသော အချက်တစ်ချက်အနေနှင့် သူတို့အားလုံးက လေလွင့်ခွေးများနှင့် ဆင်တူကြသည်။ လောဘ၊ အကြင်နာမဲ့ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းက သူတို့၏ အသွေးအသားထဲမှာ ကိန်းအောင်းနေဟန် ရသည်။

သူတို့က လူကောင်းများမဟုတ်ကြောင်း မည်သူမဆို အကြည့်တစ်ချက်ဖြင့် ပြောနိုင်ပေသည်။

သူတို့သုံးယောက်ထဲတွင် နှစ်ယောက်က အုပ်ချုပ်သူအဆင့်၏ အထွတ်အထိပ်မှာဖြစ်ပြီး အလယ်မှ တစ်ယောက်က ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး ဖြစ်သည်။

ချမ်ကျွမ်းနှင့် ပိုင်ရီ၏ တင်းမာသော လေသံဖြင့် ရင်ဆိုင်ရသော်လည်း သူတို့သုံးယောက်က သဘောကျစွာ ပြုံးလိုက်ကြသည်။ သူတို့က တစ်ဖက်လူ၏ အဆက်အသွယ်များကို လုံးဝ ဂရုမစိုက်ချေ။

ခြေလှမ်းဝက်အင်မော်တယ်က လက်သန်းဖြင့် နားကလော်လိုက်ပြီး နဖာချေးကို ချမ်ကျွမ်းနှင့် ပိုင်ရီ၏ အရှေ့သို့ မှုတ်ထုတ်လိုက်သည်။ ထို့နောက် သူက ရယ်မောလိုက်ပြီး ပြောသည်။

“ ဒါပေါ့… မင်းတို့က ဒီတစ်သုတ်ရဲ့ တတ်လှမ်းသူတွေဆိုတာ ငါသိတယ်… ဒါပေမဲ့ ဒီနေရာမှာရှိတဲ့ လူတွေထဲမှာ ဘယ်သူက တတ်လှမ်းသူမဟုတ်လို့လဲ… ငါတို့လည်းပဲ အရင်အသုတ်တွေတုန်းက တတ်လှမ်းသူတွေပဲ ”

“ ဒါ့အပြင် အင်မော်တယ်မြို့တော်ထဲက အဖွဲ့အစည်းအားလုံးမှာ ကိုယ်ပိုင်အဆက်အသွယ်တွေ ရှိကြတယ်… မင်းတို့မှာပဲ အဆက်အသွယ်ရှိတယ်လို့ ထင်နေတာလား ”

“ ပြီးတော့ ငါတို့က မင်းတို့ရဲ့ ဓားတွေကို ဝယ်ချင်လို့ ဆွေးနွေးနေရုံပဲ မဟုတ်ဘူးလား… တကယ်လို့ မင်းတို့က မရောင်းချင်ဘူးဆိုရင်လည်း ကိစ္စမရှိဘူး… ငါတို့က မင်းတို့ကို ဖိအားမပေးဘူး ”

“ ဒါပေမဲ့ ငါတို့ရဲ့ တာဝန်အရ အမှုထမ်းဆင့်ခေါ်နိုင်တဲ့ အခွင့်အာဏာကို ငါတို့အသုံးပြုနိုင်တယ် ”

“ တကယ်လို့ ငါတို့က မင်းတို့ကို အမှုထမ်းဖို့ ဆင့်ခေါ်တဲ့အခါ မင်းတို့က ငြင်းဆန်မယ်ဆိုရင်… အဲ့ဒီအခါကျရင် ငါတို့မလုပ်နိုင်တဲ့အရာ ဘာမှမရှိတော့ဘူး ”

သက်လတ်ပိုင်းအရွယ် ခြေလှမ်းဝက်အင်မော်တယ်က ခေါင်းခါလိုက်သည်။

ချမ်ကျွင်းနှင့် ပိုင်ရီ၏ အမူအရာက ပိုပြီးအရုပ်ဆိုးသွားသည်။

ထုံးစံအားဖြင့် ဤနေရာကို အာရုံစိုက်နေကြသော ကျင့်ကြံသူများက အများကြီး ရှိသည်။ ဤအခိုက်အတန့်မှာ သူတို့က အချင်းချင်း တီးတိုးဆွေးနွေးနေကြသည်။

“ အဲ့ဒီသုံးယောက်ရဲ့ အဝတ်အစားကို ကြည့်ရတာ သူတို့က လောဘကြီးတဲ့ ရိက္ခာထိန်းသိမ်းသူတွေ ဖြစ်မယ် ”

“ ရိက္ခာထိန်းသိမ်းသူတွေက လေလွင့်ခွေးအုပ်စုထက် မပိုပါဘူး… သူတို့က စစ်မြေပြင်အတွက် လိုအပ်တဲ့ အထောက်အပံ့တွေပေးဖို့ စကြာဝဠာတွေဆီ လှည့်ပတ်သွားလာနေကြရုံပါပဲ… သူတို့နဲ့ တွေ့ဆုံတဲ့ လူတိုင်းက သူတို့ကို အထင်သေးရှုံ့ချတယ် ”

“ အထူးသဖြင့် လောဘကြီးတဲ့ ရိက္ခာထိန်းသိမ်းသူတွေပဲ… အသင်းအဖွဲ့တစ်ခုစီမှာ လူဒါဇင်ခန့် ဒါမှမဟုတ် လူတစ်ရာခန့် ရှိကြတယ်… သူတို့အားလုံးက အနိုင်ကျင့်တဲ့နေရာမှာတော့ စည်းလုံးညီညွတ်ကြတယ်… သာမန်လူတွေက သူတို့တွေကို ရန်မစရဲကြဘူး ”

“ အခုဖြစ်တဲ့ ကိစ္စကိုပဲ ကြည့်လေ… အဲ့ဒီလေလွင့်ခွေးသုံးကောင်က ညီအကိုနှစ်ယောက်ရဲ့ ဓားတွေကို မျက်စိကျသွားကြတယ်… အဲ့ဒီညီအကိုနှစ်ယောက်က တတ်လှမ်းသူအသစ်တွေမှန်း သူတို့သိတော့ သူတို့ရဲ့ အခွင့်အာဏာကို အသုံးပြုပြီး အနိုင်ကျင့်တော့တာပဲ ”

“ တကယ်လို့ သူတို့နှစ်ယောက်သာ ရိက္ခာထိန်းသိမ်းသူအဖွဲ့ထဲ ဆွဲသွင်းခံရမယ်ဆိုရင် သူတို့ရဲ့ အသက်က တိုက်ရိုက် ပစ်မှတ်ထားမခံရရင်တောင် သူတို့ရဲ့ အင်မော်တယ်ဓားတွေကို သေချာပေါက် ဆုံးရှုံးသွားလိမ့်မယ် ”

ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးက တီးတိုးဆွေးနွေးနေကြသည်။ သို့သော်လည်း သူတို့က ရိက္ခာထိန်းသိမ်းသူများ၏ ကိစ္စတွင် ဝင်မစွက်ဖက်ချင်ကြောင်း ထင်ရှားပေသည်။

ချမ်ကျွင်းနှင့် ပိုင်ရီသည်လည်း စိုးရိမ်ကြောင့်ကြနေသည်။ သူတို့က ဤနေရာသို့ မကြာသေးခင်ကမှ ရောက်ရှိလာလေရာ ယခင်အသုတ်များတွင် တတ်လှမ်းခဲ့ကြသော သူတို့၏ ဂိုဏ်းသားများကို ရှာဖွေရန် အချိန်မရှိသေးပေ။

ထို့ပြင် ကမ်းစပ်ကိုးခုကောင်းကင်ဘုံထဲမှ ထွက်သွားခြင်းက မြစ်ထဲမှ ပင်လယ်ထဲသို့ လျှောက်သွားခြင်းနှင့် တူညီကြောင်း သူတို့နားလည်ကြသည်။

အမှတ်ငါးကြယ်တာရာစက်ဝန်းတွင် ယှဉ်ပြိုင်ခြင်းကို အမြဲတမ်း ခွင့်ပြုပေးထားသည်။ ယင်းက ထုတ်ပြန်မကြေညာထားသော စည်းမျဉ်းတစ်ခု ဖြစ်သည်။

သို့ဖြစ်၍ တောတွင်းဥပဒေသအရ အကယ်၍ သူတို့ဆီမှာ ခွန်အားမရှိလျှင် သူတို့၏ အင်မော်တယ်ဓားများက တခြားလူများ၏ လုယက်ခံရလိမ့်မည်။

သို့ဖြစ်၍ စိုးရိမ်ကြောင့်ကြမှုက ပိုပြီးပြင်းထန်လာသည်။

နှစ်ဖက်စလုံးက အချေအတင်ဖြစ်နေပြီး တိုက်ပွဲဖြစ်တော့မည့်အချိန် လူအုပ်ကြားထဲမှာ ရပ်နေသော ရွှီချင်းက အခြေအနေကို သုံးသပ်လိုက်ပြီး ဝင်ပါသင့် မပါသင့် စဉ်းစားလိုက်သည်။

မည်သို့ဖြစ်ပါစေ ထိုဓားနှစ်လက်က အတိတ်မှာ သူ၏ ပိုင်ဆိုင်မှုဖြစ်ခဲ့သည်။ သို့သော်လည်း ရွှီချင်း မစဉ်းစားနိုင်မီ သက်တံ့တစ်ခုက လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါနှင့်အတူ အဝေးမှ ပျံသန်းလာသည်။

သက်တံ့ထဲမှ ပုံရိပ်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မှာ အနက်ရောင်ဆံပင် ရှိသည်။ သူ၏ အမူအရာက အေးစက်နေစဉ် သူ၏ တစ်ကိုယ်လုံးမှ ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး၏ အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ထို့ပြင် အမိန့်သံကြိုးများ၏ တချွင်ချွင်မြည်သံက သူ၏ ဘေးပတ်ပတ်လည်မှာ ပဲ့တင်ထပ်နေသည်။

သူဖြတ်သန်းသွားသည့်နေရာတိုင်း မရေမတွက်နိုင်သော အကြည့်များကို ဆွဲဆောင်သွားသည်။

ထိုသူက ကြယ်တာရာစက်ဝန်းမှလွဲ၍ တခြားမဟုတ်ပေ။

သူ၏ ဦးတည်ရာက ဤနေရာမဟုတ်သလို သူက လူကယ်တင်ရန် ရောက်လာခြင်းလည်း မဟုတ်ပေ။ သူက သူ့ကိုယ်ပိုင် ဓမ္မရတနာကို သန့်စင်ရန် ဤနေရာသို့ ရောက်လာခြင်းသာ ဖြစ်သည်။

သို့သော်လည်း သူချဉ်းကပ်လာသည့်အခိုက် သူ၏ မဖုံးကွယ်ထားသော အရှိန်အဝါနှင့် လွှမ်းမိုးဖိနှိပ်သော အမူအကျင့်ကြောင့် ချမ်ကျွင်းနှင့် ပိုင်ရီက ချက်ချင်း မျက်လုံးဝင်းလက်သွားကြသည်။ သူတို့က လုံးဝ တုံ့ဆိုင်းမနေဘဲ အပေါ်သို့ ပျံတတ်သွားကြပြီး အမြန်အော်ပြောလိုက်ကြသည်။

“ စီနီယာအကိုကို နှုတ်ဆက်ပါတယ် ”

“ စီနီယာအကို… ငါတို့ကို ကယ်ပါဦး ”

သူတို့အားလုံးက ဤအသုတ်၏ တတ်လှမ်းသူများ ဖြစ်ကြသည်။ သို့ဖြစ်၍ သူတို့က ကြယ်တာရာစက်ဝန်းကို စီနီယာအကိုဟု ခေါ်ခြင်းက သာမန်သာ ဖြစ်သည်။

ထို့ပြင် ချမ်ကျွင်းနှင့် ပိုင်ရီက စိုးရိမ်ကြောင့်ကြနေသောကြောင့် ကြယ်တာရာစက်ဝန်းကို လေးနက်စွာ အရိုအသေပေးလိုက်ကြသည်။

ယင်းက ကြယ်တာရာစက်ဝန်းကို ရပ်တန့်သွားစေသည်။

သူက မျက်မှောင်ကြုတ်လိုက်သည်။

သူက ဤနေရာမှ အခြေအနေကို ဂရုမစိုက်သော်လည်း ယင်းကို တစ်ချက်ကြည့်ပြီးနောက် အကြမ်းဖျဉ်း နားလည်သွားသည်။ သူက ဤကိစ္စတွင် ဝင်ပါရန် ဆန္ဒမရှိသော်လည်း ယခု ချမ်ကျွင်းနှင့် ပိုင်ရီက သူ၏ အနောက်မှာ ပုန်းအောင်းလိုက်ကြသည်။

အကယ်၍ သူက ဤအတိုင်း ထွက်သွားမည်ဆိုလျှင် သူရဲဘောကြောင်သူဟု သတ်မှတ်ခံရလိမ့်မည်။

သို့ဖြစ်၍ ကြယ်တာရာစက်ဝန်းက စိတ်မရှည်သော်လည်း သူ၏ အကြည့်က အေးစက်သွားသည်။ သူက ချမ်ကျွင်းနှင့် ပိုင်ရီနောက်သို့ လိုက်ဖမ်းနေကြသော ကျင့်ကြံသူသုံးယောက်ကို စိုက်ကြည့်လိုက်ပြီး ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

ယင်းက ကျင့်ကြံသူသုံးယောက်၏ ခြေလှမ်းများကို ရပ်တန့်သွားစေသည်။ အထွတ်အထိပ်အဆင့် အုပ်ချုပ်သူနှစ်ပါးက မျက်နှာပျက်ယွင်းသွားကြစဉ် သက်လတ်ပိုင်းအရွယ် ခြေလှမ်းဝက်အင်မော်တယ်က မျက်လုံးမှေးကျဉ်းလိုက်သည်။

သူတို့က အရှေ့သို့ ဆက်မသွားဝံ့ကြချေ။

ယင်းကို မြင်သောအခါ ကြယ်တာရာစက်ဝန်းက အကြည့်ပြန်ရုပ်လိုက်ပြီး အရှေ့သို့ ပျံသန်းသွားသည်။

ချမ်ကျွင်းနှင့် ပိုင်ရီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြပြီး ကြယ်တာရာစက်ဝန်း၏ အနောက်သို့ အမြန်လိုက်သွားကြသည်။

ထိုသို့ဖြင့် သူတို့သုံးယောက်က တဖြည်းဖြည်း ထွက်သွားကြသည်။

ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏ အကြည့်ထဲတွင် ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာသည်။

ရိက္ခာထိန်းသိမ်းသူသုံးယောက်သည်တော့ သူတို့က ကြယ်တာရာစက်ဝန်းတို့ သုံးယောက်အဖွဲ့ ထွက်ခွာသွားသော နေရာဆီသို့ စိုက်ကြည့်နေကြသည်။ ထို့နောက် သူတို့ထဲမှ ခြေလှမ်းဝက်အင်မော်တယ်က ရုတ်တရက် ပြောသည်။

“ အဲ့ဒီလူက ဒီတစ်ခေါက် တတ်လှမ်းသူတွေထဲမှာ အဆင့်တစ်ဖြစ်လောက်တယ် ”

“ ကြည့်ရတာ… ဒီတစ်ခေါက်အသုတ်ကို ငါတို့လျော့တွက်မိပြီ ထင်တယ်… အဲ့ဒီလူက သေချာပေါက် သာမန်မဖြစ်နိုင်ဘူး… သူဘယ်သူလဲဆိုတာ သွားပြီး စုံစမ်းပါ ”

All Chapters