နတ်ဘုရားဆိုတာ ဘာလဲ
Vol. 110 Ch. 1679
ပန်းပဲတာအိုစကြာဝဠာမှ ပြန်လာသော ခရီးစဉ်တွင် ရွှီချင်းမြင်ခဲ့ရသော အဖြစ်အပျက်က သူ့အတွက် သေးငယ်သော ကိစ္စရပ်တစ်ခုမျှသာ ဖြစ်၏။
ကြယ်တာရာစက်ဝန်းက အရှေ့ထွက်ခဲ့မှတော့ ရွှီချင်းက သူ့ကိုယ်သူ မထုတ်ဖော်တော့ချေ။
ချမ်ကျွင်းနှင့် ပိုင်ရီဖြစ်စေ သို့မဟုတ် ကြယ်တာရာစက်ဝန်းဖြစ်စေ သူတို့က ရွှီချင်း၏ အမြင်တွင် ဖြတ်သန်းသွားလာသူများနှင့် မခြားပေ။
အများဆုံးအနေနှင့် အချိန်ကျလာသည့်အခါ သူက ထိုအင်မော်တယ်ဓားနှစ်လက်ကို သိမ်းယူလိမ့်မည်။
ချမ်ကျွမ်းနှင့် ပိုင်ရီအပေါ် မကောင်းကြံချင်သော ကျင့်ကြံသုံးယောက်သည်တော့ သူတို့က ရွှီချင်း၏ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့ကြသည်။
သူတို့ထဲတွင် နှစ်ယောက်က အထွတ်အထိပ် အုပ်ချုပ်သူများဖြစ်ကြပြီး တစ်ယောက်က ခြေလှမ်းဝက်အင်မော်တယ် ဖြစ်သည်။
သူတို့၏ စကားများနှင့် လုပ်ရပ်များက သူတို့၏ လောဘနှင့် မောက်မာထောင်လွှားမှုကို အထင်အရှား ဖော်ပြနေသည်။
ကျင့်ကြံခြင်းအဆင့် မြင့်မားသူများက မြင့်မြတ်သော အကျင့်စရိုက် ရှိသူများဖြစ်သည်ဟု မည်သည့်အခါကမှ ရွှီချင်း မယုံကြည်ခဲ့ပေ။ ဤကျယ်ပြောလှသော လောကထဲတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် အစွမ်းထက်ပုဂ္ဂိုလ်များ ရှိကြသည်။ ထိုလူများ၏ အကျင့်စရိုက်များက တစ်ယောက်နှင့်တစ်ယောက် မတူညီနိုင်ကြပေ။
လူတိုင်း၏ အမူအကျင့်များနှင့် လုပ်ရပ်များက ၎င်းတို့၏ စိတ်နေသဘောထားအတိုင်း ဖြစ်လိမ့်မည်။
သို့ဖြစ်၍ စိတ်ထားမကောင်းသော ယုတ်ညံ့သူများ ရှိကြသလို ၎င်းတို့နှင့်ဆန့်ကျင်ဘက် စိတ်ထားမွန်မြတ်သော သူတော်ကောင်းများလည်း ရှိကြသည်။ တချို့က ဓားကိုင်ဧကရာဇ်ကဲ့သို့ စိတ်ထားမြင့်မြတ်ကြသည်။ မှန်ပေသည်။ လောဘကြီးပြီး ရက်စက်ကြမ်းကြုတ်သော လူများလည်း ရှိကြသည်။
ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ ရောက်ရှိနေသူများသည်ပင် ချွင်းချက်မဟုတ်ပေ။
မည်သို့ဖြစ်ပါစေ သူတို့အားလုံးက လူသားများ ဖြစ်ကြသည်။ လူသားသဘာဝတွင် စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုး ရှိသည်။
ထို့ကြောင့် လူများသည် မွေးရာပါဗီဇကြောင့်ဖြစ်စေ သို့မဟုတ် ပတ်ဝန်းကျင်ကြောင့်ဖြစ်စေ အကျင့်စရိုက် ကွဲပြားခြားနားကြသည်။
အမှတ်ငါးကြယ်တာရာစက်ဝန်းထဲတွင် မတူကွဲပြားသော အခြေအနေများနှင့် ပတ်ဝန်းကျင်များကြောင့် ခြေလှမ်းဝက်အင်မော်တယ်များက အရေအတွက် အလွန်များပြားသည်။
ယင်းက အုပ်ချုပ်သူများ ထွက်ပေါ်လာရန် အလွန်ခဲယဉ်းသော ဝမ်ကူးကုန်းမြေနှင့် ကွာခြားသည်။ ခြေလှမ်းဝက်အင်မော်တယ်များကိုတော့ ပြောနေစရာပင် မလိုချေ။
တစ်စုံတစ်ယောက်က ပိုပြီးမြင့်သော အမြင့်သို့ ရောက်ရှိသွားလေ တောင်ထွတ်များကို ပိုပြီးမြင်တွေ့နိုင်လေ ဖြစ်သည်။
တစ်စုံတစ်ယောက်က အဝေးသို့ လျှောက်သွားလေ ပိုပြီးကျယ်ပြောသော ကုန်းမြေများကို မြင်တွေ့လာလေ ဖြစ်သည်။
ယင်းက သဘာဝတရား ဖြစ်သည်။
နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်၏ ကိုယ်ကျင့်တရားနှင့် စရိုက်လက္ခဏာက ၎င်းဖြတ်သန်းခဲ့ရသော အချိန်နှင့် အတွေ့အကြုံပေါ်မှာသာ မူတည်ပေသည်။
နှစ်ထောင်သောင်းချီ အသက်ရှင်နေထိုင်ခဲ့သော ပုဂ္ဂိုလ်များ သို့မဟုတ် လောကီရေးရာကို ကြိမ်ဖန်များစွာ ဖြတ်ကျော်ခဲ့သော ပုဂ္ဂိုလ်များသာလျှင် အရာအားလုံး၏ အနှစ်သာရကို ထွင်းဖောက်မြင်နိုင်ကြသည်။ ထိုသို့လူများသာလျှင် လူသားသဘာဝ၏ ဖုံးလွှမ်းမှုမှ ရုန်းထွက်နိုင်ကြသည်။
ထို့ပြင် တချို့ကိစ္စများကို အပေါ်ယံ အမြင်သက်သက်ဖြင့် မဆုံးဖြတ်နိုင်ပေ။
ထို့ကြောင့် ထိုသုံးယောက်က အဆင့်မြင့် ကျင့်ကြံသူများဖြစ်သော်လည်း လူအများရှေ့တွင် ထိုသို့ယုတ်ညံ့သော ကိစ္စအား ဆောင်ရွက်ခြင်းအပေါ် ရွှီချင်း မအံ့ဩပေ။
သူ့ကို တကယ်အံ့ဩစေသည်မှာ ထိုသုံးယောက်၏ သရုပ်များ ဖြစ်သည်။
“ ရိက္ခာထိန်းသိမ်းသူ… စစ်ပွဲ… ”
ဖဲကြိုးမှ ထွက်ခွာလာသော ရွှီချင်းက နက်နဲစွာ စဉ်းစားလိုက်သည်။
သူ၏ အဓိကစိတ်အာရုံက စစ်ပွဲပေါ်မှာ ဖြစ်သည်။
“ စစ်ပွဲအတွက် အထောက်အပံ့တွေ ပြင်ဆင်တယ်… ဆိုလိုတာက အမှတ်ငါးကြယ်တာရာစက်ဝန်းက စစ်ဖြစ်နေတာလား ”
“ တခြားကြယ်တာရာစက်ဝန်းတွေနဲ့လား ”
ရွှီချင်းက အတွေးနက်သွားသည်။
တချို့ကိစ္စများကို အဆင့်တစ်ခုထိ မရောက်ရှိသေးလျှင် အပြည့်အဝ မမြင်နိုင်သလို အပြည့်အဝ နားလည်နိုင်လိမ့်မည် မဟုတ်ချေ။ ဤအခြေအနေက ထိုအတွက် အသင့်တော်ဆုံး ဥပမာဖြစ်သည်။
ဤမတိုင်ခင်အထိ အမှတ်ငါးကြယ်တာရာစက်ဝန်းက စစ်ဖြစ်နေကြောင်း ရွှီချင်း လုံးဝ မသိထားပေ။
ယခု သူ၏ ဘေးပတ်ဝန်းကျင်မှ ဆွေးနွေးမှုများကို ကြားပြီးနောက် ရွှီချင်းက အကြမ်းဖျဉ်း ခန့်မှန်းနိုင်သွားသည်။
“ ဧည့်ကြိုစကြာဝဠာဆီ ဆင့်ခေါ်ခံရတဲ့အခါ အရာအားလုံး ရှင်းလင်းသွားလိမ့်မယ် ”
ထိုသို့တွေးမိသောအခါ ရွှီချင်းက အင်မော်တယ်သူရဲကောင်းသုသာန်ဆီသို့ တည်နေရာပြောင်းရွှေ့နိုင်သော အင်မော်တယ်တုံကင်ကို ချေမွလိုက်သည်။ နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က ဝေဝါးသွားပြီး ပျောက်ကွယ်သွားသည်။
ရွှီချင်း၏ စိတ်အာရုံထဲတွင် ကြယ်တာရာကောင်းကင်က မှုန်ဝါးလာသည်။
…..
အင်မော်တယ်သူရဲကောင်းသုသာန်…
ယင်းက ကမ်းစပ်ကိုးခုကောင်းကင်ဘုံတစ်ခုတည်းမှာရှိခြင်း မဟုတ်ပေ။
အမှန်မှာ အင်မော်တယ်အရှင်သခင်ဆယ့်တစ်ပါး၏ ကောင်းကင်ဘုံအလွန်များထဲတွင် အင်မော်တယ်သူရဲကောင်းသုသာန်တစ်ခုစီ ရှိကြသည်။
သုသာန်သည် ၎င်းတို့၏ သက်ဆိုင်ရာကောင်းကင်ဘုံအလွန်များ၏ သမိုင်းတစ်လျှောက်၌ တိုက်ပွဲမှာ ကျဆုံးသွားခဲ့ကြသော အင်မော်တယ်များကို မြှုပ်နှံထားသောနေရာ ဖြစ်သည်။
တချို့က အလောင်းတစ်ခုလုံးဖြင့် မြှုပ်နှံခံထားကြရစဉ် အများစုကတော့ အစိတ်အပိုင်းတချို့ကိုသာ မြှုပ်နှံထားနိုင်ကြသည်။
တချို့ကိုတော့ ၎င်းတို့၏ နောင်သားမျိုးဆက်များက ဘိုးဘေးကမ္ဗည်းကျောက်တိုင်များကိုသာ စိုက်ထူပေးနိုင်ကြသည်။
ကမ်းစပ်ကိုးခုကောင်းကင်ဘုံ၏ အင်မော်တယ်သူရဲကောင်းသုသာန်သည် အင်မော်တယ်လွမ်းချင်းစကြာဝဠာထဲမှ အင်မော်တယ်သူရဲကောင်းကြယ်နယ်မြေအတွင်းမှာ တည်ရှိသည်။
ထိုနေရာက ပြင်ပလောကနှင့် လုံးဝသီးခြားတည်ရှိသည်။ သုသာန်ဆီသို့ ကြေးဂိတ်တံခါးတစ်ခုတည်းမှသာ ဝင်ရောက်နိုင်သည်။
ကြေးဂိတ်တံခါး၏ အပြင်ဘက်တွင် ခြောက်သွေ့နေသော ကျောက်တုံးစင်မြင့်တစ်ခု ရှိသည်။
စင်မြင့်ပေါ်တွင် ဝတ်စုံနက်နှင့် အဖိုးအိုတစ်ယောက်က ထိုင်နေသည်။
သူ၏ အသွင်သဏ္ဍာန်က သာမန်သာဖြစ်ပြီး သူ၏ အရှိန်အဝါက အာရုံမခံနိုင်လုနီးပါး မှေးမှိန်သည်။
ရွှီချင်း၏ ပုံရိပ်က ဧရာမဂိတ်တံခါး၏ အပြင်ဘက်၊ ကျောက်တုံးစင်မြင့်၏ အောက်၌ ဟင်းလင်းပြင်လှိုင်းအတွန့်များနှင့်တကွ ထွက်ပေါ်လာသည်။
သူက ခေါင်းမော့လိုက်ပြီး ကြေးဂိတ်တံခါးကို ကြည့်လိုက်သည်။ ထို့နောက် သူက အဖိုးအိုထံသို့ အကြည့်ရွှေ့ပြောင်းလိုက်သည်။
ထိုအဖိုးအိုထံမှ အလွန်အားကောင်းသော သေခြင်းအငွေ့အသက်က ထွက်ပေါ်နေသည်။ ထို့အတူ အထီးကျန်မှုနှင့် စိတ်အားငယ်မှုသည်လည်း ထွက်ပေါ်နေသည်။
ရွှီချင်းက အဖိုးအိုကို လှမ်းကြည့်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်ထဲမှ အာဏာစက်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ ဤသည်မှာ အာဏာစက်က လမ်းညွှန်ခံလိုက်ရသည့်အလား သူ့အား ပိုမိုများပြားသော သတင်းအချက်အလက်များကို ရှာတွေ့စေသည်။
ထူးဆန်းသော စိတ်ခံစားမှုက ရွှီချင်း၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူ၏ အမြင်ထဲတွင် ထိုအဖိုးအိုက ဆက်ပြီး မတည်ရှိတော့ပေ။ သို့သော်လည်း ၎င်းက ထာဝရ တည်ရှိနေသည်ဟူသော ခံစားချက်မျိုး ပေးသည်။
ထိုခံစားမှုက ဝေဝါးပြီး တဒင်္ဂမျှသာ ထွက်ပေါ်လာသည်။ ယင်းက ပေါ်လာသည်နှင့်ချက်ချင်း ပြန်ပျောက်သွားသည်။
ရွှီချင်းက နှလုံးတုန်သွားသည်။ သူက ခေါင်းငုံ့လိုက်ပြီး အရိုအသေပေးလိုက်သည်။
ထို့နောက် သူက ကျောက်တုံးစင်မြင့်ကို ဖြတ်လျှောက်သွားပြီး ဧရာမဂိတ်တံခါးထဲသို့ ဝင်ရောက်သွားသည်။
ရွှီချင်း၏ ပုံရိပ် လုံးလုံး ပျောက်ကွယ်သွားသည့်အခါမှ အဖိုးအိုက ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။
“ ဒီကို တစ်ယောက်ယောက် ရောက်မလာတာ အတော်ကြာသွားပြီ ”
“ အဲ့ဒါလည်း ကောင်းပါတယ်… ဒီကို ဂါရဝပြုဖို့ ရောက်လာတဲ့ လူတွေ နည်းသွားပေမဲ့ အလည်ရောက်လာတဲ့လူ မရှိသေးဘူးဆိုတာက အသစ်သေဆုံးသွားတဲ့လူ မရှိဘူးလို့ အဓိပ္ပာယ်ရတယ်… ”
“ ကောင်းတယ်… လူတိုင်းက ကောင်းကောင်းမွန်မွန် အသက်ရှင်နေကြတယ် ”
အဖိုးအိုက သေရည်အိုးကို ပါးစပ်မှာ တေ့လိုက်ပြီး တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး ဧရာမဂိတ်တံခါးကို ကြည့်လိုက်သည်။ သူက အက်ရှရှအသံဖြင့် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
“ မင်းတို့အားလုံးက ဘာအနှောင်အဖွဲ့မှ မထားခဲ့ဘဲ ထွက်သွားကြတယ်… ငါကျတော့ ဒီနေရာမှာ သုသာန်စောင့် လုပ်နေရတယ်… ”
အဖိုးအိုက နူးညံ့စွာ သက်ပြင်းချလိုက်သည်။ အတိတ်ကို လွမ်းဆွေးသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဧရာမဂိတ်တံခါးထဲတွင် ရွှီချင်း၏ အရှေ့မှ ကြယ်တာရာကောင်းကင်က ဝေဝါးနေခြင်းမှ ပြန်ကြည်လင်သွားသည်။ ထိုအခါ သူက ကြယ်အစုအဝေးတချို့ကို မြင်တွေ့သွားသည်။
ယင်းတို့အားလုံးက အုတ်ဂူများ ဖြစ်ကြသည်။
အင်မော်တယ်သူရဲကောင်းကြယ်နယ်မြေထဲမှ ကြယ်အစုအဝေးတစ်ခုစီက သင်္ချိုင်းများ ဖြစ်ကြသည်။
သင်္ချိုင်းတစ်ခုစီတွင် အရွယ်အစား ကြီးမားသော ကမ္ဗည်းကျောက်တိုင်တစ်ခုကို စိုက်ထူထားသည်။ ထို့ပြင် ကမ္ဗည်းပေါ်မှာ သေဆုံးသူနှင့်ပတ်သက်သော အကြောင်းအရာများကို ရေးထွင်းထားသည်။ တချို့ကမ္ဗည်းကျောက်တိုင်များတွင် အသေးစိတ် ရေးထွင်းထားပြီး တချို့တွင်တော့ အကြမ်းဖျဉ်းမျှသာ ရေးထွင်းထားသည်။
ထိုသင်္ချိုင်းစာများထဲတွင် သေဆုံးသူ၏ နောက်ဆုံးခံစားချက်များနှင့် အတွေးများ ပါရှိတတ်၏။
သင်္ချိုင်းအရေအတွက်သည်တော့ သိပ်မများပေ။ တစ်ရာခန့်သာ ရှိကြသည်။
သို့သော်လည်း ဤနေရာက အင်မော်တယ်များ၏ ထာဝရ အိပ်စက်ရာနေရာ ဖြစ်သည်။
ယင်းက ရှေးခေတ်ကာလမှစတင်၍ ကမ်းစပ်ကိုးခုကောင်းကင်ဘုံထဲတွင် သေဆုံးသွားခဲ့ကြသော အင်မော်တယ်တစ်ရာကို ဤနေရာမှာ မြှုပ်နှံထားသည်ဟု ဆိုလိုသည်။
၎င်း၏ သမိုင်းအရှည်က နှစ်ပေါင်းမရေမတွက်နိုင်သည်အထိ ရောက်ရှိနိုင်သည်။ သို့တိုင် ရွှီချင်းက ဧရာမဂိတ်တံခါးထဲသို့ ဝင်ရောက်သွားပြီး ထိုကြယ်အစုအဝေးများနှင့် မျှော်စင်သဖွယ် ကြီးမားသော ကမ္ဗည်းကျောက်တိုင်များကို မြင်လိုက်ရသောအခါအံ့ဩထိတ်လန့်သွားဆဲပင်။
သူက ကြယ်တာရာကောင်းကင်ထံမှ သက်ပြင်းချသံကိုပင် မသဲမကွဲ ကြားနေရ၏။
ဤသည်မှာ အာဇာနည်များ၏ ဟစ်ကြွေးသံများက ကြယ်အစုအဝေးများနားမှာ ရစ်ဝဲနေသည့်အလားပင်။
ယင်းက ရှေးခေတ်ကောင်းချီးပေးသံ သို့မဟုတ် အင်မော်တယ်လွမ်းချင်းတေးသံနှင့် ဆင်တူသည်။
သူတို့က အမိမြေကို ကာကွယ်ပေးခဲ့ကြသည်။
သူတို့က နောင်သားမျိုးဆက်များကို ကာကွယ်ပေးခဲ့ကြသည်။
သူတို့က ကြယ်တာရာစက်ဝန်းအတွက်နှင့် လူသားမျိုးနွယ်အတွက် ရဲဝံ့စွာ တိုက်ခိုက်ခဲ့ကြသည်။
သူတို့က အသက်စွန့်ရန် တုံ့ဆိုင်းမနေဘဲ အများအကျိုးအတွက် ကိုယ့်ကိုယ်ကိုယ် စတေးခဲ့ကြသည်။
ရွှီချင်းက အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ဒေသခံကျင့်ကြံသူတစ်ယောက်မဟုတ်သော်လည်း ဤနေရာမှာ သူရပ်နေစဉ် သူ၏ စိတ်ခံစားချက်များက လေးလံလာသည်။
သူက ဤနေရာမှ သူရဲကောင်းများအပေါ် လေးနက်စွာ ရိုသေလေးစားသည်။
သူ၏ အရှေ့မှ ကမ္ဗည်းကျောက်တိုင်များက သူ၏ နှလုံးသားထဲတွင် ကြီးမြတ်သော သူရဲကောင်းအမှတ်သင်္ကေတများအဖြစ် ပြောင်းလဲသွားသည်။
တစ်ခဏကြာပြီးနောက် ရွှီချင်းက အရှေ့သို့ တိတ်တဆိတ် ရွေ့လျားသွားသည်။ သူက ကြယ်အစုအဝေးတစ်ခုပြီးတစ်ခုကို ဖြတ်ကျော်သွားပြီး ကမ္ဗည်းကျောက်တိုင်များကို ကြည့်လိုက်သည်။
“ ငါက မဟာအင်မော်တယ်တောင်ကနေ ဆင်းသက်လာပြီး နှစ်ပေါင်းကိုးထောင် ကျင့်ကြံခဲ့တယ်… ငါက ထာဝရကျင့်စဉ်ကို ကျင့်ကြံခဲ့ပြီး အင်မော်တယ်တစ်ပါး ဖြစ်လာခဲ့တယ်… ငါက အင်မော်တယ်သခင်အဖြစ် ချီးမြှောက်ခံခဲ့ရပြီး ငါ့ဘဝမှာ အစစ်အမှန်နတ်ဘုရားခုနစ်ပါးကို သတ်ဖြတ်နိုင်ခဲ့တယ်… ဘယ်လောက် ပျော်စရာကောင်းလိုက်လဲ ”
“ ငါက လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်တယ်… ငါက မဆုတ်မနစ် ကြိုးစားပြီးတဲ့နောက် အင်မော်တယ်တစ်ပါး ဖြစ်လာခဲ့တယ်… ကြယ်တာရာစက်ဝန်းစစ်ပွဲအတွင်းမှာ ငါက နတ်ဘုရားအရှင်သခင်တစ်ပါးကို ဝိုင်းဝန်းတိုက်ခိုက်ရာမှာ ပါဝင်ခဲ့တယ်… ငါသေဆုံးသွားခဲ့ပေမဲ့ အဲ့ဒီအတွက် နောင်တမရဘူး ”
“ စိတ်ဝိညာဉ်တွေက နတ်ဘုရားတွေ ဖြစ်လာကြတယ်… သားရဲတွေက အသိဉာဏ်ရှိလာကြတယ်… တစ္ဆေတွေက စက်ဆုပ်ရွံရှာစရာကောင်းတယ်… ဒါပေမဲ့ အင်မော်တယ်တစ်ပါးကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုမလဲ… လူသားတွေအတွက်၊ ကိုယ့်အမျိုးအနွယ်အတွက် တောင်ကြီးတစ်တောင်လို ရှေ့ကနေ မားမားမတ်မတ် ကာကွယ်ပေးတယ်… လူသားဖြစ်ရတာက အင်မော်တယ်ဖြစ်ရတာပဲ ”
“ ငါက သက်တမ်းအရှည်ကြီး နေခဲ့ပြီးပြီ… ငါ့ရဲ့ လူသားသဘာဝကိုတောင် မေ့လုနီးပါးဖြစ်ခဲ့တယ်… အစစ်အမှန်နတ်ဘုရားတွေကို ငါမသတ်နိုင်ဘူး… ဒါပေမဲ့ ငါ့ရဲ့ တည်ရှိမှုကို သမိုင်းထဲမှာ ကျန်ရစ်စေချင်တယ်… ငါ့ရဲ့ တာဝန်က အမဲလိုက်ခြင်းပဲ… ငါက နတ်ဘုရားမျိုးနွယ်ထဲက မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေကို သတ်ဖြတ်ခဲ့ပြီး နတ်ဘုရားမျိုးဆက်ကို ဖြတ်တောက်ခဲ့တယ် ”
“ အနာဂတ်ကျင့်ကြံသူတွေ… ဒီကို ဂါရဝလာပြုမယ်ဆိုရင် လက်ဗလာနဲ့ မလာကြနဲ့… ငါက နတ်ဘုရားသွေးကို သိပ်ကြိုက်တာ… ဒီတော့ ငါ့ကို ဂါရဝလာပြုရင် နတ်ဘုရားသွေးတွေ ယူလာခဲ့ကြပါ ”
ရွှီချင်း၏ အကြည့်က ကမ္ဗည်းကျောက်တိုင်များပေါ်သို့ ကျရောက်သွားသည်နှင့် ယင်းတို့ပေါ်မှ စာများက သူ၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာကြသည်။
ထိုစာများထဲမှာ ရယ်သံများ၊ ငိုကြွေးသံများ၊ ရူးသွပ်မှုများနှင့် လေးနက်မှုက ကြွင်းကျန်ရှိနေသည်။ ရွှီချင်း၏ မျက်လုံးထဲတွင် ထိုသူရဲကောင်းများ၏ ပုံရိပ်များက ကွက်ကွက်ကွင်းကွင်း ထွက်ပေါ်လာဟန် ရ၏။ ထို့ပြင် ၎င်းတို့၏ မကျေမချမ်းစိတ်က အချိန်မြစ်ထဲမှာ ထာဝရ တည်တံ့နေဟန် ရ၏။
ဤသုသာန်၊ ကမ္ဗည်းကျောက်တိုင်များနှင့် သင်္ချိုင်းစာများက အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ထဲမှာ ရောထွေးနေကြသည်။ ထို့ပြင် ယင်းတို့က ကျဆုံးသွားကြသော အာဇာနည်များ၏ ထာဝရ အမွေအနှစ်အမှတ်အသားများကိုလည်း ဖန်တီးပေးနေသည်။
ဤနေရာသို့ ရောက်ရှိလာသူတိုင်းက ယင်းကို အာရုံခံနိုင်ကြလိမ့်မည်။
အစိမ်းရောင်တောင်ကုန်းထဲမှာ သစ္စာရှိအရိုးစုများကို မြှုပ်နှံထားစဉ် သမိုင်းက ၎င်းတို့၏ ရဲစွမ်းသတ္တိကို မှတ်တမ်းတင်ပေးလိမ့်မည်။
သူရဲကောင်းဝိညာဉ်များက ကောင်းကင်နှင့် မြေပြင်ကြားမှာ အမြဲတမ်း ဆက်ရှိနေပြီး ၎င်းတို့၏ ဂုဏ်သိက္ခာကြီးမြတ်သော နာမည်များက ထာဝရတိုင်အောင် အသိအမှတ်ပြုခံကြရလိမ့်မည်။
အချိန်တစ်ခဏကြာပြီးနောက် ရွှီချင်းက ကမ္ဗည်းကျောက်တိုင်အားလုံးကို ဖတ်ရှုပြီးသွားသည်။ ထို့နောက် သူက သူရဲကောင်းသုသာန်၏ အလယ်ဗဟိုမှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏ ဘေးပတ်ဝန်းကျင်မှ ကမ္ဗည်းကျောက်တိုင်များကို ကြည့်လိုက်သည်။ သူက တည်ငြိမ်စွာ ပြောသည်။
“ စီနီယာများခင်ဗျာ… ဒီဂျူနီယာရဲ့ နာမည်က ရွှီချင်းပါ… ကျွန်တော်က အမှတ်ငါးကြယ်တာရာစက်ဝန်းက ဒေသခံကျင့်ကြံသူတစ်ယောက် မဟုတ်ပါဘူး… ဒါပေမဲ့ စီနီယာတို့ စတေးပေးခဲ့တဲ့ အရာတွေကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ပေးမယ်လို့ ကျွန်တော် ကတိပေးပါတယ် ”
“ တကယ်လို့ စီနီယာတွေဆီမှာ ကျွန်တော့်ကို တစ်စုံတစ်ခု အမွေအနှစ်ပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ကျွန်တော့်ရဲ့ ခံယူချက်အတိုင်း စီနီယာရဲ့ အမွေအနှစ်ကို မပျောက်ပျက်အောင် ဆက်လက် ထိန်းသိမ်းပေးပါမယ် ”
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။
ဘေးပတ်ဝန်းကျင်က လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားသည်။ မည်သည့်လှုပ်ရှားမှုမှ မထွက်ပေါ်လာချေ။
ရွှီချင်းက မျက်လုံးမှိတ်လိုက်ပြီး သူ၏ အသက်ရှူသံကို တည်ငြိမ်စေကာ ယင်းကို ဆင်ခြင်နားလည်နိုင်ရန် ကြိုးစားလိုက်သည်။
အချိန်အတော်ကြာသွားသော်လည်း သူက ဘာမှမရရှိပေ။
ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ တစ်ခဏတွေးတောပြီးနောက် ဆက်ပြီး ဆင်ခြင်နားမလည်တော့ရန် သူဆုံးဖြတ်လိုက်သည်။ ယင်းအစား သူ၏ အတွေးများကို ဖြန့်ထုတ်လိုက်ပြီး သူ၏ အတိတ်အကြောင်းကို ပြန်ဆင်ခြင်လိုက်သည်။
ငယ်ဘဝတုန်းက ခက်ခဲကြမ်းတမ်းမှုများက သူ၏ နှလုံးသားထဲမှာ တဖြည်းဖြည်း ပုံရိပ်ပြန်လာသည်။
သူအရွယ်ရောက်လာသည်နှင့်အမျှ သွေးစွန်းခြင်းနှင့် သတ်ဖြတ်ခြင်းက ပိုပြီးများပြားလာသည်။
နတ်ဘုရားတစ်ပါးနှင့် ပထမဆုံးအကြိမ် သူတွေ့ဆုံခဲ့စဉ်က စက်ဆုပ်ရွံရှာမှုကို ခံစားမိခဲ့သည်။
နောက်ထပ် နတ်ဘုရားတစ်ပါးနှင့် သူရင်ဆိုင်ရသည့်အခါ ဒေါသထွက်ခဲ့သည်။
နောက်ဆုံးမှာတော့ ဧကရီ၏ နတ်ဘုရားအဖြစ် တတ်လှမ်းခြင်းကို သူတွေ့ကြုံလိုက်ရသည့်အခါ နတ်ဘုရားများအပေါ်ထားသော သူ၏ စိတ်ခံစားချက်များက ရှုပ်ထွေးသွားသည်။
ဤအခိုက်အတန့်မှာ သူက နှလုံးသားစစ်ဆေးခြင်းဆီသို့ ပြန်ရောက်သွားဟန် ရသည်။
အသံတစ်သံက မေးသည်။
နတ်ဘုရားက ဘာလဲ…
အတိတ်တွင် ရွှီချင်းက စာကြောင်းတစ်ခုကို ပြန်ဖြေခဲ့သည်။
ယခု သူက ထိုအဖြေကို ပြန်စဉ်းစားလိုက်သည့်အခါ နှုတ်ဆိတ်သွားသည်။ သူက ဧကရီကို စဉ်းစားပြီးနောက် အချိန်တစ်ခဏကြာပြီးမှ တည်ငြိမ်စွာ ဖြေလိုက်သည်။
“ နတ်ဘုရားအများစုက ခွေးမသားတွေ ”
“ ဒါပေမဲ့ နတ်ဘုရားတွေထဲမှာ လူသားတချို့ ရှိနေသေးတယ် ”
ထိုအခိုက်အတန့်မှာ ကမ္ဗည်းကျောက်တိုင်အားလုံးက တစ်ပြိုင်နက်တည်း တုန်ယင်သွားကြသည်။