လူသားတွေထက် အများကြီး ပိုလူသားဆန်တယ်
Vol. 110 Ch. 1680
ကမ္ဗည်းကျောက်တိုင်များက တုန်ခါရုံသာ တုန်ခါသွားကြသည်။
သို့သော်လည်း ကြယ်အစုအဝေးတစ်ရာထဲတွင် မည်သည့်အလင်းရောင်မှ မရှိပေ။
ကြည့်ရသည်မှာ ရွှီချင်း၏ စကားက အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးကို ပဲ့တင်ပြန်စေနိုင်သည်အထိ သက်ရောက်မှုမရှိသည့်အလားပင်။
တစ်ချိန်တည်းမှာ နတ်ဘုရားစိတ်အာရုံအမျှင်တန်းများက တုန်ခါနေသော ကမ္ဗည်းကျောက်တိုင်များထဲမှ မြှောက်တတ်လာကြပြီး ကြယ်အစုအဝေးများကြားထဲမှာ ပျံ့နှံ့သွားကြသည်။ ထို့အတူ တိုးညင်းသော စကားသံများက ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။
“ ရိုင်းစိုင်းလိုက်တာ ”
“ နတ်ဘုရားတွေက နတ်ဘုရားတွေပဲ ”
“ ဘယ်လိုလုပ် နတ်ဘုရားတွေထဲမှာ လူသားတွေရှိမှာလဲ… မွေးရာပါနတ်ဘုရားတွေဖြစ်ဖြစ် ဒါမှမဟုတ် နောက်ပိုင်းမှ နတ်ဘုရားဖြစ်လာတဲ့ လူတွေဖြစ်ဖြစ် သူတို့အားလုံးက နတ်ဘုရားလမ်းစဉ်ကို လျှောက်လှမ်းလိုက်တာနဲ့ လူသားသဘာဝအားလုံးကို ဆုံးရှုံးသွားကြတယ် ”
“ မင်းမြင်နေ ခံစားနေရတာတွေက အတုအယောင်ပဲ… အဲ့ဒါက နတ်ဘုရားတွေ နောက်တစ်ဆင့်ကို တတ်လှမ်းဖို့အတွက် သူတို့ဖန်တီးထားတဲ့ အတုအယောင်မြင်ကွင်းတစ်ခုပဲ ”
“ မင်းက နတ်ဘုရားတွေရဲ့ လှည့်စားခံခဲ့ရတဲ့ ပထမဆုံးလူ မဟုတ်သလို နောက်ဆုံးတစ်ယောက်လည်း မဟုတ်ဘူး ”
“ ဂျူနီယာ… ငါမင်းကို အကြံတစ်ခုပေးမယ်… နတ်ဘုရားတွေရဲ့ လှည့်စားတာကို မခံရစေနဲ့ ”
“ ရှေးခေတ်ကာလကတည်းက နတ်ဘုရားတွေနဲ့ မိတ်ဆွေဖြစ်ခဲ့ကြတဲ့ လူတိုင်းက နောက်ဆုံးမှာ အဲ့ဒါကို နောင်တရခဲ့ကြတယ် ”
“ ဒီတော့ ကောင်လေး… မင်းရဲ့ စကားကို ပြန်ရုပ်သိမ်းမယ်ဆိုရင် မင်းကို ငါ့ရဲ့ အမွေအနှစ်ပေးမယ် ”
နတ်ဘုရားစိတ်အာရုံအများအပြားက စကားသံများအဖြစ် ပြောင်းလဲသွားပြီး ကြယ်နယ်မြေတစ်ခုလုံးမှာ ပဲ့တင်ထပ်သွားသည်။ ယင်းက ရွှီချင်း၏ အသိစိတ်ထဲသို့လည်း ဝင်ရောက်လာသည်။
ရွှီချင်းက နှုတ်ဆိတ်သွားသည်။
အတိတ်ကို လွမ်းဆွေးသော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူက ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်သုံးသပ်လိုက်ပြီး သူ၏ အတွေးများကို ချင့်ချိန်လိုက်သည်။
ဤနေရာမှာ မြှုပ်နှံခံထားရသော တိုက်ပွဲမှာ ကျဆုံးသွားခဲ့ကြသည့် ထိုအင်မော်တယ်များသည် ဝိညာဉ်များ မဟုတ်ကြချေ။ အမှန်မှာ သူတို့ထံမှ ထုတ်လွှတ်လိုက်သော အရာများကို နတ်ဘုရားစိတ်အာရုံဟုပင် မခေါ်ဆိုနိုင်ပေ။
ယင်းတို့က ကြွေလွင့်သွားကြသော အင်မော်တယ်များ၏ မကျေမချမ်းစိတ်များသာ ဖြစ်သည်။
သူတို့၏ တစ်ဘဝလုံးတွင် နတ်ဘုရားများဖြင့် တိုက်ခိုက်ခဲ့ရသည်။ သူတို့၏ ဘဝအဆုံးသတ်မှာပင် နတ်ဘုရားများဖြင့် တိုက်ခိုက်ခဲ့ကြသည်။
သို့ဖြစ်၍ နတ်ဘုရားများအပေါ် သူတို့၏ မုန်းတီးမှုက မယိမ်းယိုင်နိုင်သော ကျောက်တောင်တစ်ခုနှင့် ဆင်တူသည်။ သူတို့အတွက်တော့ နတ်ဘုရားများက ထာဝရ ရန်သူတော်များ ဖြစ်ကြသည်။
ရွှီချင်းသည်လည်း အတိတ်မှာ သူတို့နည်းတူ တွေးမိခဲ့သည်။
ယင်းက ဧကရီ၏ နတ်ဘုရားအဖြစ် တတ်လှမ်းခြင်းကို သူမမြင်ရခင်အထိ ဖြစ်သည်။
ထိုအဖြစ်အပျက်က သူ၏ လောကအမြင်ကို ပြောင်းလဲပစ်ခဲ့သည်။
သို့ဖြစ်၍ ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
“ စီနီယာများခင်ဗျာ… ကျွန်တော့်ရဲ့ ဇာတိမြေမှာ နတ်ဘုရားတွေနဲ့ သူတော်စင်ကုန်းမြေတွေက ကြီးနိုင်ငယ်ညှဉ်း လုပ်ကြပါတယ်… ကျွန်တော့်ရဲ့ မိသားစုနဲ့ ငယ်ဘဝက နတ်ဘုရားတွေရဲ့ ဒြပ်နှောကြောင့် ပျက်စီးပြိုကွဲခဲ့ရပါတယ်… သူတော်စင်ကုန်းမြေတွေက အကြင်နာမဲ့ပြီး ဝမ်ကူးကုန်းမြေကနေ ထွက်ပြေးသွားခဲ့ကြပါတယ်… သူတို့က လူသားမျိုးနွယ်ကို စွန့်လွှတ်ခဲ့ကြပါတယ် ”
“ သူတို့က ကောင်းကင်အလွန်မှာ မြင့်မြတ်ထည်ဝါစွာ ရှိနေကြပြီး လူသားမျိုးနွယ်ရဲ့ သေခြင်းရှင်ခြင်းကို မမြင်ချင်ယောင် ဆောင်ခဲ့ကြပါတယ်… သူတို့က အရိပ်ထဲကနေ ဆက်လက် စူးစမ်းလေ့လာပြီး တစ်လောကလုံးကို ကြိုးကိုင်ခြယ်လှယ်ခဲ့ကြပါတယ် ”
“ တစ်ဖက်မှာတော့ လူသားမျိုးနွယ်က တဖြည်းဖြည်း ဆုတ်ယုတ်လာပါတယ်… လူသားဧကရာဇ်တွေက သူတို့ရဲ့ နှလုံးသွေးနဲ့ ဝိညာဉ်ကို စတေးပြီး လူသားမျိုးနွယ်ရဲ့ မီးတောက်ကို တဖန်ထွန်းညှိဖို့ ကြိုးစားခဲ့ကြပါတယ်… လူသားမျိုးနွယ်ရဲ့ ဓားကိုင်ဧကရာဇ်က သူ့အသက်ကို စတေးပြီး မျိုးနွယ်ကို ဆက်လက် ကာကွယ်ပေးခဲ့ပါတယ် ”
“ ဒါပေမဲ့ လူသားမျိုးနွယ်က ပြန်ဦးမမော့နိုင်ခဲ့ပါဘူး ”
“ မရေမတွက်နိုင်တဲ့ လူသားတွေက မျိုးနွယ်ခြားတွေရဲ့ ကျေးကျွန်တွေ ဖြစ်လာကြပြီး ဒုက္ခမျိုးစုံကို ခံစားခဲ့ကြရပါတယ်… မျှော်လင့်ချက်မရှိတော့တဲ့ အခြေအနေမျိုးမှာ မိဘတွေက သူတို့ကလေးတွေကို ပြန်စားတာထက် ပိုပြီးဆိုးဝါးတာတွေကို ကျွန်တော် မျက်မြင်တွေ့ခဲ့ရပါတယ် ”
“ မျိုးနွယ်တစ်ခုလုံးက အမှောင်ထဲမှာ ရုန်းကန်နေရပါတယ်… ကိုယ့်အမျိုးအနွယ်က ဘာလဲဆိုတာ မမှတ်မိတော့တဲ့အထိ စုတ်ပြတ်ခဲ့ပါတယ်… မျိုးနွယ်တစ်ခုလုံး မျိုးတုန်းသတ်ဖြတ်ခံရဖို့ လက်တစ်ကမ်းသာ ကွာဝေးပါတော့တယ် ”
“ အဲ့ဒီအချိန်မှာ အမှောင်ထုနဲ့ ကပ်ဘေးဒုက္ခတွေကြားထဲမှာ လူတစ်ယောက်က အရှေ့ထွက်လာခဲ့ပါတယ် ”
“ သူက ကျွန်တော့်ဇာတိမြေက လူသားမျိုးနွယ်ရဲ့ ဧကရီပါ ”
“ ဒါပေမဲ့လည်း သူ့ရဲ့ မျှော်လင့်ချက်တွေက ဖျက်ဆီးခံလိုက်ရပြီး သူ၏ လမ်းကြောင်းက တားဆီးခံလိုက်ရပါတယ်… သူ့အရှေ့မှာ ရွေးချယ်စရာနှစ်ခုပဲ ရှိပါတယ် ”
“ မျိုးနွယ်တစ်ခုလုံး မျိုးတုန်းသတ်ဖြတ်ခံမလား… ”
“ ဒါမှမဟုတ် နတ်ဘုရားဖြစ်လာမလား ”
“ နောက်ဆုံးမှာတော့ သူက နတ်ဘုရားဖြစ်လာဖို့ ရွေးချယ်ခဲ့ပါတယ် ”
“ သူက ရှေးခေတ်ဘိုးဘေးတွေရဲ့ ဆုံးမသင်ကြားမှုတွေနဲ့ ထုံးတမ်းအစဉ်အလာတွေကို လျစ်လျူရှုတဲ့အတွက် ဖြစ်လာမယ့် အကျိုးဆက်တွေကို တစ်ယောက်လည်း ခံယူခဲ့ပါတယ် ”
“ သူတော်စင်ကုန်းမြေတွေက လူသားမျိုးနွယ်ကို ဂရုမစိုက်ရင် သူဂရုစိုက်ပေးမယ်လို့ ကြေညာခဲ့တယ်… ဝမ်ကူးကုန်းမြေမှာ လူသားမျိုးနွယ် ဆက်လက် အသက်ရှင်နိုင်ရေးအတွက် သူ့လက်နဲ့ ဖန်တီးပေးမယ်လို့ ကတိပေးခဲ့တယ် ”
“ ကောင်းကင်နဲ့မြေပြင်က လူသားမျိုးနွယ်ကို ကောင်းချီးမပေးတော့ရင် သူပေးမယ်လို့ ကြေညာခဲ့တယ်… သူက ဝမ်ကူးကုန်းမြေက လူသားမျိုးနွယ် သာယာငြိမ်းချမ်းနိုင်စေဖို့ သူ့ကိုယ်သူ စတေးခဲ့တယ် ”
“ ဝမ်ကူးကုန်းမြေမှာ လူသားမျိုးနွယ် ပြန်ဦးမော့လာနိုင်ပြီး အတိတ်တုန်းကလို ဂုဏ်ကျက်သရေထွန်းတောက်နိုင်ဖို့ သူကျိန်ဆိုခဲ့တယ်… လူသားမျိုးနွယ်က နောင်မျိုးဆက်အစဉ်အဆက်တိုင်အောင် ဆက်လက် တိုးတတ်ကြီးပွားဖို့ သူဦးဆောင်ပေးမယ်လို့ ကြေညာခဲ့တယ် ”
“ သူတစ်ယောက်တည်း နတ်ဘုရားအဖြစ် တတ်လှမ်းမှာမဟုတ်ဘဲ အတိတ်တုန်းက လူသားဧကရာဇ်အားလုံးကိုလည်း နတ်ဘုရားလမ်းစဉ်ဆီ ဦးဆောင်ခေါ်သွားပေးမယ်လို့ ကြေညာခဲ့တယ်… အခုချိန်ကစပြီး အရင်လူသားဧကရာဇ်ငါးပါးက အလောင်းကောင်နတ်ဘုရားတွေ ဖြစ်လာကြလိမ့်မယ်… သူတို့မှာ စိတ်ဝိညာဉ်နဲ့ အသိဉာဏ်မရှိပေမဲ့ သူတို့မှာ လူသားမျိုးနွယ်ရဲ့ စိတ်ဆန္ဒရှိတယ်… သူတို့က လူသားမျိုးနွယ်ရဲ့ စိတ်ဆန္ဒအတိုင်း လိုက်နာကြလိမ့်မယ်… လူသားမျိုးနွယ်ရဲ့ အခြေခံအုတ်မြစ်နဲ့ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေတဲ့ လူတိုင်းက သူတို့ရဲ့ ရန်သူတွေ ဖြစ်တယ် ”
“ ဧကရီက သူ့ကိုယ်သူ လူသားနတ်ဘုရားတစ်ပါးအဖြစ် ကြေညာခဲ့ပြီး လူသားမျိုးနွယ်ကို နောင်မျိုးဆက်ပေါင်းများစွာအထိ ကာကွယ်စောင့်ရှောက်ပေးမယ်လို့ ကတိပေးခဲ့တယ် ”
“ နောက်ဆုံးမှာတော့ ဧကရီက သူ့လုပ်ရပ်အားလုံးရဲ့ ကမ္မအားလုံးနဲ့ ကပ်ဘေးဒုက္ခအားလုံးကို တစ်ယောက်တည်း ခံယူခဲ့တယ် ”
ရွှီချင်း၏ အသံက ကြယ်နယ်မြေထဲမှာ ပဲ့တင်ထပ်သွားသည်။
သူ၏ စကားတိုင်းမှာ သူ၏ မှတ်ဉာဏ်များနှင့် စိတ်ခံစားမှုများ ပါဝင်နေသည်။
ရွှီချင်းက ထိုစကားများနှင့် သူ၏ အသံကို အသုံးပြု၍ ဧကရီ နတ်ဘုရားဖြစ်လာသော ပုံရိပ်ကို သူရဲကောင်းဝိညာဉ်အားလုံး မြင်နိုင်အောင် ဖော်ပြလိုက်သည်။
နောက်ဆုံးမှာတော့ ရွှီချင်းက ခေါင်းမော့လိုက်ပြီး ကမ္ဗည်းကျောက်တိုင်များကို ကြည့်လိုက်သည်။
သူက လေးနက်သော အသံဖြင့် ပြောသည်။
“ ကျွန်တော့်အမြင်မှာတော့ အဲ့လိုနတ်ဘုရားတစ်ပါးက လူသားအများကြီးထက် ပိုပြီးလူသားဆန်ပါတယ် ”
“ နတ်ဘုရားအားလုံးက အဲ့လိုမဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ် ”
“ လူသားတွေထဲမှာလည်း လူကောင်းနဲ့ လူယုတ်မာဆိုပြီး ခွဲခြားထားတယ် မဟုတ်ပါဘူးလား ”
“ အဲ့ဒီလိုပါပဲ နတ်ဘုရားတွေထဲမှာ ဧကရီလို ကောင်းမွန်တဲ့ နတ်ဘုရားတွေရှိပါတယ်… အဲ့လိုနတ်ဘုရားတွေက ရှားပါးရင်တောင်မှ သူတို့တွေ ရှိနေတုန်းပါပဲ ”
“ ဒါကြောင့် ကျွန်တော့် စကားကို ပြန်မပြောင်းလဲနိုင်ပါဘူး ”
ရွှီချင်းက ခေါင်းငုံ့လိုက်ပြီး ဦးညွတ်လိုက်သည်။
ထိုဦးညွတ်မှုအောက်မှာ ကြယ်နယ်မြေတစ်ခုလုံးရှိ ကြယ်အစုအဝေးအားလုံးက အေးစက်မှုကို ထုတ်လွှတ်လိုက်ကြသည်။ ကမ္ဗည်းကျောက်တိုင်အားလုံး၏ တုန်ခါမှုက ရပ်တန့်သွားပြီး ယင်းတို့ပေါ်မှ စာများက ဖုံးကွယ်ခံလိုက်ကြရသည်။
အမွေအနှစ်များက ပျံသန်းမထွက်လာကြချေ။
သူတို့က ရွှီချင်း၏ စကားကို လက်မခံကြပေ။ ထို့ကြောင့် သူတို့က ဆက်လက် မဆက်သွယ်ကြတော့ချေ။
အချိန်အတော်ကြာပြီးနောက် ရွှီချင်းက တိတ်တဆိတ် အနောက်လှည့်လိုက်သည်။
ဤတစ်ကြိမ်တွင် သူက ဘာမှမရရှိခဲ့ပေ။ သို့သော်လည်း ရွှီချင်းက ဆုံးရှုံးသွားသည်ဟု မခံစားရချေ။
ဘဝဟူသည် တစ်ကိုယ်တည်း လျှောက်လှမ်းရမည့် ခရီးစဉ်ဖြစ်သည်။ အရာအားလုံးကို ကိုယ်တိုင် တွေ့ကြုံခံစားကြည့်ရန် လိုအပ်သည်။ အရှေ့သို့ ဆက်လက် လျှောက်သွားနေစဉ် လောကီရေးရာကိစ္စများကို ပိုပြီးမြင်တွေ့လာနိုင်လိမ့်မည်။ သို့မှသာ တစ်စုံတစ်ယောက်က ဘဝအကြောင်း ပိုပြီးကောင်းမွန်စွာ နားလည်လာပြီး လောကကြီးအကြောင်း ပိုပြီးသိလာလိမ့်မည်။
နောက်ဆုံးမှာတော့ အတွေ့အကြုံများနှင့် အသိအမြင်များက ပေါင်းစည်းသွားသည့်အခါ တွေးတောစဉ်းစားနိုင်သော ကိုယ်ပိုင်အသိဉာဏ်ကို ရရှိသွားလိမ့်မည်။
ယင်းက လူသားတစ်ယောက်၏ ကိုယ်ပိုင်အသိဉာဏ် ဖြစ်သည်။
ရွှီချင်းက အနာဂတ်မှာ နတ်ဘုရားများကို သွေးအေးအေးဖြင့် ဆက်လက် သတ်ဖြတ်လိမ့်မည်။ သို့သော်လည်း ဧကရီကဲ့သို့ နတ်ဘုရားများအတွက်ဆိုလျှင် ၎င်းတို့အတွက် သူတိုက်ခိုက်ပေးလိမ့်မည်။
သူ၏ နှလုံးသားထဲတွင် ဧကရီက နတ်ဘုရားမဟုတ်ပေ။
ဧကရီက လူသားတစ်ယောက် ဖြစ်သည်။
သူက လူအများကြီးထက် ပိုပြီးလူသားဆန်သည်။
ထိုသို့တွေးမိသောအခါ ရွှီချင်းက နောင်တမရတော့ပေ။ သူက ဧရာမဂိတ်တံခါးဆီသို့ တည်ငြိမ်စွာ လျှောက်သွားသည်။
သူက အင်မော်တယ်သူရဲကောင်းသုသာန်မှ ထွက်သွားပြီး မင်ယန်စကြာဝဠာဆီသို့ ပြန်ရန် ပြင်လိုက်သည်။
သို့သော်လည်း ဧရာမဂိတ်တံခါးဆီသို့ သူချဉ်းကပ်သွားတော့မည့်အချိန် ရုတ်တရက် ဧရာမဂိတ်တံခါးက ဝုန်းခနဲ မြည်ဟိန်းသွားပြီး အပြင်းအထန် တုန်လှုပ်သွားသည်။
အလွန်ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဂိတ်တံခါး၏ အပြင်ဘက်မှ ပျံ့လွင့်လာသည်။
ရွှီချင်းက သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။ အပြင်သို့ သူလှမ်းကြည့်လိုက်သည့်အခါ သူ၏ သူငယ်အိမ်များက ရုတ်တရက် ကျဉ်းမြောင်းသွားကြသည်။
တစ်စုံတစ်ယောက်က ဧရာမဂိတ်တံခါး၏ အပြင်ဘက်မှ လျှောက်လာနေသည်။
လူတစ်ယောက်တည်း မဟုတ်ပေ။ စုစုပေါင်း အယောက်တစ်ရာရှိကြသည်။
သူတို့တစ်ယောက်စီက ထင်သာသော စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားကြစဉ် သွေးက သူတို့၏ တစ်ကိုယ်လုံးမှာ ပေကျံစွန်းထင်နေသည်။ တချို့က သူတို့၏ သွေးဖြစ်ပြီး တချို့က နတ်ဘုရားများထံမှ သွေးဖြစ်သည်။
ပင်ပန်းနွမ်းနယ်မှုက သူတို့အားလုံးထံမှ ထွက်ပေါ်နေသော်လည်း ယင်းက အလွန်နက်ရှိုင်းသော ဝမ်းနည်းကြေကွဲမှုအောက်မှာ ဖုံးကွယ်ခံထားရလေသည်။
သူတို့က တိတ်တဆိတ် လျှောက်လှမ်းလာနေကြသည်။
ထိုလူအုပ်ကြီး၏ အလယ်တွင် ဧရာမခေါင်းတလားတစ်လုံးကို ကျင့်ကြံသူဆယ်ယောက်ကျော်က သယ်ဆောင်လာကြသည်။
ခေါင်းတလား၏ အဖုံးအပေါ်တွင် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အလံက တဖျပ်ဖျပ်လှုပ်ခတ်နေသည်။
ရွှီချင်းက ထိုမြင်ကွင်းကို မြင်သွားသောအခါ ဘေးသို့ တိတ်တဆိတ် ရွှေ့ပေးလိုက်ပြီး ထိုလူအုပ်ကို သူ့အား ဖြတ်ကျော်သွားစေသည်။
လူအုပ်ကြီးက ရွှီချင်းကို ဂရုမစိုက်နိုင်ပေ။ သူတို့က ဝမ်းနည်းကြေကွဲသော လေထုနှင့်အတူ အဝေးသို့ လျှောက်သွားကြသည်။
သူတို့၏ နောက်ကျောကို ကြည့်နေစဉ် သူတို့ကြားမှ ဝမ်းနည်းကြေကွဲသော လေထုထဲမှာ အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အလိုအလျောက် ဖြစ်ပေါ်နေကြောင်း ရွှီချင်း ရှင်းလင်းစွာ အာရုံခံနိုင်ပေသည်။
ယင်းက ကျင့်ကြံသူအချင်းချင်း တိုက်ခိုက်ကြသော တိုက်ပွဲများထံမှ ဆင်းသက်လာသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒ မဟုတ်ပေ။ ယင်းကို ရွှီချင်း မှတ်မိသည်။
ယင်းက စစ်မြေပြင်တွင် မရေမတွက်နိုင်သော တိုက်ပွဲပေါင်းများစွာကို ဖြတ်ကျော်ခဲ့သော စစ်သည်တော်တစ်ဦး၏ ဖိနှိပ်ထားသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ဖြစ်သည်။
ထိုလူများက စစ်မြေပြင်မှ ရောက်ရှိလာကြခြင်း ဖြစ်သည်။
ခေါင်းတလားထဲမှ တည်ရှိမှုကိုတော့ ရွှီချင်း ခန့်မှန်းထားပြီးသား ဖြစ်သည်။
၎င်းက အင်မော်တယ်တစ်ပါး၏ အကြွင်းအကျန်များ ဖြစ်ရမည်။
စစ်ပွဲအတွင်းမှာ သေဆုံးသွားကြသော အင်မော်တယ်များက အင်မော်တယ်သူရဲကောင်းသုသာန်ထဲ၌ မြှုပ်နှံခံရလိမ့်မည်။
ရွှီချင်းက တည်ကြည်လေးနက်သွားသည်။
အဝေးသို့ လျှောက်သွားကြသော ထိုလူများကို သူကြည့်လိုက်သည်။ သူတို့က မြေကွက်လပ်တစ်ခုတွင် ရပ်တန့်လိုက်ကြပြီး ခေါင်းတလားကို မြှုပ်နှံလိုက်ကြသည်။ ထို့နောက် သူတို့အားလုံးက ဒူးထောက်လိုက်ကြပြီး ဝမ်းနည်းသော လေသံဖြင့် ရှေးဟောင်းတရားစာများကို သံပြိုင်ရွတ်ဖတ်လိုက်ကြသည်။
တရားစာရွတ်ဖတ်သံက ပဲ့တင်ထပ်သွားပြီး ဝိညာဉ်ကို လမ်းပြပေးလိုက်သည်။ ထို့နောက် စကြာဝဠာ၏ ဂုဏ်ပြုချီးမြှောက်သံက ထွက်ပေါ်လာသည်။
ထိုအသံနှင့်အတူ ကြယ်များက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာကြပြီး သဲမှုန်များသဖွယ် အရေအတွက် တိုးပွားသွားကြသည်။ ထို့နောက် ကြယ်များက မြေဆီလွှာသဖွယ် စုဝေးသွားကြပြီး ခေါင်းတလားကို ဖုံးအုပ်လိုက်သည်။
တဖြည်းဖြည်း ခေါင်းတလားက ကြယ်အလင်းရောင်နှင့် မရေမတွက်နိုင်သော ကြယ်များကြားထဲမှာ နစ်မြုပ်သွားပြီး နောက်ဆုံးမှာတော့ ကြယ်အစုအဝေးအသစ်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ တစ်ချိန်တည်းမှာ ကမ္ဗည်းကျောက်တိုင်က အုတ်ဂူပေါ်မှာ ထွက်ပေါ်လာသည်။
ကျင့်ကြံသူအုပ်စုက ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ကြသည်။ အရှေ့ဆုံးမှ ဦးဆောင်သူက လက်တစ်ဖက်မြှောက်လိုက်သည်နှင့် သူတို့အားလုံးက ပြိုင်တူအော်လိုက်ကြသည်။
“ အင်မော်တယ်သခင်… ကျွန်တော်တို့ရဲ့ ဂါရဝပေးမှုကို ခံယူပါ ”
သူတို့၏ အသံများက ဖော်မပြနိုင်သော ကြည်ညိုရိုသေမှုနှင့် မဆုတ်မနစ်သော စိတ်ဝိညာဉ်ကို သယ်ဆောင်လျက် ကြယ်အစုအဝေးထဲမှာ ပဲ့တင်ထပ်သွားသည်။
နောက်ဆုံးမှာတော့ ထိုစစ်သည်တော်များက အနောက်လှည့်ပြီး ပြန်ထွက်ခွာသွားကြသည်။ သူတို့၏ ခြေလှမ်းများထဲမှာ စိတ်ဓာတ်ပြတ်သားမှုက တိတ်တဆိတ် ကိန်းဝပ်နေသည်။
ယင်းကို မြင်လိုက်ရပြီးနောက် ရွှီချင်းက ချက်ချင်း ပြန်မထွက်သွားတော့ချေ။ ယင်းအစား အသစ်ရောက်ရှိလာသော သူရဲကောင်းအုတ်ဂူဆီသို့ လျှောက်သွားပြီး ဦးညွတ်လိုက်သည်။ ထို့နောက် သူက ကမ္ဗည်းကျောက်တိုင်ကို ကြည့်လိုက်သည်။
“ ဘဝက အိမ်မက်… အချိန်က သီချင်းဖြစ်ပြီး ကြယ်တွေ ပင်လယ်တွေက… တဒင်္ဂအိမ်မက်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်တယ် ”
“ ငါက ဝိညာဉ်ကျောက်တုံးအင်မော်တယ်သခင်ဖြစ်တယ်… အစစ်အမှန်နတ်ဘုရားတစ်ပါးကို ငါသတ်ခဲ့ပြီး သူ့ရဲ့ သွေးကို သောက်သုံးခဲ့တယ်… ငါ့ရဲ့ အမှတ်အသားကို သူ့ဆီမှာ ချန်ထားခဲ့တယ်… တကယ်လို့ အနာဂတ်မှာ သူပြန်ရောက်လာတဲ့အခါ အဲ့ဒီလူက သူဖြစ်နေမလား ဒါမှမဟုတ် ငါဖြစ်နေမလား မသိနိုင်ဘူး ”
“ တကယ်လို့ ပြန်ရောက်လာတာက သူဆိုရင် ငါ့ရဲ့ အမှတ်အသားက ရွှေရောင်အလင်းအဖြစ် ပြန့်ကျဲသွားစေ… အနာဂတ်မျိုးဆက်သစ်တွေက ရွှေရောင်အလင်းကို ရှာဖွေပြီး နတ်ဘုရားရဲ့ အကြွင်းအကျန်ကို ဖျက်ဆီးပစ်နိုင်တယ်… တကယ်လို့ ပြန်ရောက်လာတာက ငါဆိုရင် ငွေရောင်အလင်းက ထိန်ထိန်လင်းသွားမယ်… အဲ့ဒီအခါကျရင် နတ်ဘုရားတွေကို နောက်တစ်ကြိမ် ငါသတ်ပစ်နိုင်မယ် ”
ဤအင်မော်တယ်က အတိတ်မှာ ရွှီချင်းတွေ့ခဲ့သော အင်မော်တယ်များနှင့် အတော်လေး ကွာခြားသည်။
ထိုလူက အစစ်အမှန်နတ်ဘုရား၏ ဖျက်ဆီးမခံရနိုင်သော စွမ်းရည်ကို ငှားယူပြီး နတ်ဘုရားနှင့်အတူ ပြန်ရောက်လာချင်သည်။
ထူးဆန်းသော အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အနီးကပ် သူသေချာကြည့်တော့မည့်အချိန် တိုးညင်းသော သက်ပြင်းချသံက သူ၏ အနောက်မှ ပဲ့တင်ထပ်လာသည်။
ယင်းကို ရွှီချင်းကြားသောအခါ သူက အနောက်လှည့်လိုက်သည်။ ခါးကုန်းအဖိုးအိုတစ်ယောက်က ကြယ်တာရာကောင်းကင်ထံမှ ဤနေရာဆီသို့ လျှောက်လှမ်းလာနေသည်။
ထိုအဖိုးအိုက ဂိတ်တံခါး၏ အပြင်ဘက်တွင် သူမြင်တွေ့ခဲ့သော သုသာန်စောင့်ဖြစ်သည်။
အဖိုးအိုက တစ်လှမ်းချင်း လျှောက်လှမ်းလာပြီး ကမ္ဗည်းကျောက်တိုင်၏ အရှေ့မှာ ရပ်လိုက်သည်။
“ စစ်ပွဲက နောက်တစ်ဆင့်ကို ရောက်သွားပြီ ”
“ ဒီနေရာမှာ သူရဲကောင်းဝိညာဉ်တွေက ထပ်တိုးလာပြန်ပြီ… ဒီတစ်ယောက်… သူ့နာမည်ကို ငါကြားဖူးတယ်… သူက သူ့ဘဝတစ်လျှောက်လုံးမှာ အစစ်အမှန်နတ်ဘုရားတွေရဲ့ ဖျက်ဆီးမခံရနိုင်တဲ့ စွမ်းရည်ကို သုတေသနပြုလုပ်ခဲ့တယ် ”
အဖိုးအိုက ထပ်မံ သက်ပြင်းချလိုက်သည်။
ရွှီချင်းက အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ သူက အဖိုးအို၏ စကားကို ကြာပြီးနောက် တစ်ခဏ တွေးတောလိုက်သည်။ ထို့နောက် သူက အဖိုးအိုကို မမေးခင် အရင်ဦးညွတ်လိုက်သည်။
“ စီနီယာ… အဲ့ဒီစစ်ပွဲက ဘာပါလဲ ”
အဖိုးအိုက ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ လောကမုန်တိုင်းက သက်ရှိအားလုံးအပေါ်ကို သာတူညီစွာ ကျရောက်နေတယ်… တကယ်လို့ တစ်ယောက်ယောက်က အဲ့ဒါကို မခံစားမိဘူးဆိုရင် တစ်စုံတစ်ယောက်က အဲ့ဒီမုန်တိုင်းကို အရှေ့ကနေ တားဆီးပေးထားလို့ပဲ ”
“ အဲ့ဒီလူက အင်မော်တယ်အရှင်သခင်ကျန်းလူပဲ… အရှင်က ရှေ့တန်းမှာ ထိုင်နေပြီး အမှတ်လေးကြယ်တာရာစက်ဝန်းရဲ့ ကျူးကျော်ဝင်ရောက်မှုကို ခုခံကာကွယ်ပေးနေတယ်… အဲ့ဒါက ကြယ်တာရာစက်ဝန်းစစ်ပွဲပဲ… အဲ့ဒါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကြားက စစ်ပွဲပဲ ”
ထိုသို့ပြောပြီးနောက် အဖိုးအိုက အကြည့်ပြန်ရုပ်လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။
ထို့နောက် သူက လက်မြှောက်လိုက်ပြီး ခေါင်းလောင်းဆန်မရှိတော့သော ကြေးခေါင်းလောင်းတစ်လုံးကို ထုတ်လိုက်သည်။
ခေါင်းလောင်းက ပထမအကြိမ်ကြည့်လျှင် ရိုးရှင်းပုံပေါ်သည်။ သို့သော်လည်း ခေါင်းလောင်းထွက်ပေါ်လာသည့်အခိုက် လှိုင်းဂယက်များက ကြယ်တာရာကောင်းကင်တစ်လျှောက် ပျံ့လွင့်သွားကြသည်။ အလင်းရောင်အမျိုးမျိုးက ထိုလှိုင်းဂယက်များကြားထဲမှာ ဝေဝေဝါးဝါး စီးဆင်းနေဟန် ရသည်။
“ အတိတ်မှာ ငါ့ရဲ့ မိတ်ဆွေကောင်းတစ်ဦးက အမှတ်လေးကြယ်တာရာစက်ဝန်းရဲ့ နတ်ဘုရားအရှင်သခင်တစ်ပါးရဲ့ လက်ထဲမှာ သေဆုံးသွားခဲ့တယ်… ဒါပေမဲ့ သူ့ရဲ့ ဓမ္မရတနာက ပျက်စီးသွားမယ့်အစား အရည်ပျော်သွားပြီး ဒီပုံသဏ္ဍာန် ဖြစ်လာခဲ့တယ် ”
“ ဒီခေါင်းလောင်းထဲမှာ နတ်ဘုရားအရှင်သခင်ရဲ့ စွမ်းအင်တစ်စွန်းတစ်စ ရှိတယ်… ငါ့မိတ်ဆွေက သူမသေဆုံးခင်မှာ ဒီဟာကို ရေစက်ရှိတဲ့ လူတစ်ယောက်ဆီ လက်ဆင့်ကမ်းပေးဖို့ ငါ့ကို မှာသွားခဲ့တယ် ”
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး အဖိုးအိုကို ကြည့်လိုက်သည်။
အဖိုးအိုက လက်ဝှေ့ယမ်းလိုက်သည့်အခါ ခေါင်းလောင်းက ရွှီချင်းထံသို့ လွင့်မျောသွားသည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး အဝေးသို့ လျှောက်သွားသည်။
သို့သော်လည်း သူ၏ အသံက ကြယ်တာရာကောင်းကင်ထဲမှာ ပဲ့တင်ထပ်သွားသည်။
“ မင်းပြောခဲ့တဲ့ စကားတွေကို ငါကြားတယ် ”
“ အဲ့ဒီဧကရီကို ငါလေးစားတယ် ”
“ ဒီလောကကြီးက လူသားသဘာဝလိုပဲ ရှုပ်ထွေးတယ်… ဒီတော့ တခြားလူတွေရဲ့ အမြင်ကို မင်းဂရုစိုက်နေစရာ မလိုဘူး ”
“ ငါ့ရဲ့ မိတ်ဆွေဟောင်းတွေသာ အသက်ရှင်နေဦးမယ်ဆိုရင် သူတို့ရဲ့ အသိဉာဏ်အရ မင်းပြောချင်တာကို သူတို့နားလည်လိမ့်မယ်လို့ ငါယုံကြည်တယ် ”
“ ဒါပေမဲ့ အခု သူတို့အားလုံးက သေဆုံးသွားကြပြီ… ကျန်နေခဲ့တာက နတ်ဘုရားတွေပေါ်ထားတဲ့ သူတို့ရဲ့ မကျေမချမ်းစိတ်နဲ့ မုန်းတီးမှုပဲ ”
“ မင်းက ထူးချွန်ထက်မြက်တဲ့ လူငယ်ပါ… ဒီကနေ လက်ဗလာနဲ့ မင်းပြန်မသွားသင့်ဘူး ”
“ အဲ့ဒီခေါင်းလောင်းက မင်းရဲ့ ပစ္စည်းပါ ”
အဖိုးအိုက ဝေးသထက် အဝေးသို့ လျှောက်သွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူ၏ နောက်ဆုံးစကားသံသည်သာ ကြယ်တာရာကောင်းကင်ထဲတွင် တည်ငြိမ်စွာ ပဲ့တင်ထပ်သွားသည်။
“ အတိတ်မှာ အဲ့လိုနတ်ဘုရားတစ်ပါးကို ငါတွေ့ဆုံခဲ့ဖူးတယ်… သူက လူသားတွေထက် အများကြီး ပိုလူသားဆန်တယ် ”