ကြယ်မြစ်ဆီသို့ လမ်းညွှန်ပေးခြင်း
Vol. 110 Ch. 1682
တတ်လှမ်းသူအသစ်အားလုံးသည် ကောင်းကင်ဘုံအလွန်ဆီသို့ ဝင်ရောက်ပြီးနောက် သက်ဆိုင်ရာစကြာဝဠာများထဲတွင် နေထိုင်ကြရလိမ့်မည်။ သူတို့မှာ အနားယူရန်နှင့် လိုက်လျောညီထွေနေနိုင်ရန် အချိန်တစ်နှစ်ရလိမ့်မည်။
ထိုတစ်နှစ်အတွင်းမှာ တတ်လှမ်းသူအသစ်များက ကောင်းကင်ဘုံအလွန်နှင့် သူတို့နေထိုင်သော စကြာဝဠာနှင့် ရင်းနှီးကျွမ်းဝင်ရန် ဆောင်ရွက်ကြရလိမ့်မည်။ ထို့ပြင် သူတို့ရရှိထားသော ဆုလာဘ်များဖြင့်လည်း ရင်းနှီးကျွမ်းဝင်ရန် ဆောင်ရွက်ကြရလိမ့်မည်။
ထိုအနားယူသောကာလ ပြီးဆုံးသွားသည်နှင့် သူတို့က ကမ်းစပ်ကိုးခုကောင်းကင်ဘုံထဲမှ ဧည့်ကြိုစကြာဝဠာဆီသို့ ဆင့်ခေါ်ခံကြရလိမ့်မည်။
သူတို့ကို စောင့်ဆိုင်းနေသည်မှာ အနာဂတ်တာဝန်များ ဖြစ်သည်။
တစ်ချိန်တည်းမှာ ထိုသတင်းအချက်အလက်ကို ရရှိပြီးနောက် ရွှီချင်းက မင်ယန်စကြာဝဠာထဲမှ အင်မော်တယ်နန်းတော်ဆီသို့ ပြန်သွားသည်။
သူက အင်မော်တယ်နန်းတော်၏ အလယ်မှ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ပေါ်မှာ ရပ်နေရင်း တည်နေရာပြောင်းရွှေ့ရန် တုံ့ဆိုင်းမနေပေ။
ရွှံ့မြေခွေးသည်တော့ သူက အမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရွှီချင်း၏ လက်မောင်းပေါ်မှာ တံဆိပ်ခတ်လိုက်သည်။
မကြာမီ အင်မော်တယ်နန်းတော်က စတင်တုန်ခါသွားပြီး အံ့ဖွယ်ကောင်းသော စွမ်းအားက အရပ်ရှစ်မျက်နှာဆီသို့ ပျံ့နှံ့သွားသည်။
ဝုန်းခနဲ မြည်သံများကြားတွင် တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားက အပြည့်အဝ ပေါ်လျှိုးလာသည်။
ဤတစ်ကြိမ် တည်နေရာပြောင်းရွှေ့ခြင်းက ရွှီချင်း၏ ယခင်အတွေ့အကြုံများထက် အများကြီး ပိုကြာသည်။ ရှင်းလင်းစွာပင် ဧည့်ကြိုစကြာဝဠာက မင်ယန်စကြာဝဠာနှင့် အတော်လေး ဝေးကွာသည်။
အမည်မသိ အချိန်ကာလတစ်ခုကြာပြီးနောက် ရွှီချင်းက ရောင်စုံအိမ်မက်တစ်ခုထဲသို့ ရောက်ရှိသွားသည့်အလား ခံစားမိသွားသည်။
အိမ်မက်ထဲတွင် အရာအားလုံးက ဝေဝါးနေသည်။ မရေမတွက်နိုင်သော အရောင်များက ကစဉ့်ကလျားအလင်းအဖြစ် ယှက်ထွေနေကြသည်။
ယင်းက အလင်းရောင်လွင့်ပြယ်သွားပြီး သူ၏ အမြင်အာရုံ ပြန်ကြည်လင်လာသည်အထိ ကြာမြင့်ခဲ့သည်။
အလွန်ကျယ်ပြောသော ရွှေရောင်မြစ်က ရွှီချင်း၏ မျက်လုံးထဲမှာ ပုံရိပ်ပြန်လာသည်။
ထိုမြစ်ထဲမှာ မရေမတွက်နိုင်သော ကြယ်စင်စုများ၊ ကြယ်ဝဲကတော့များနှင့် ကြယ်ဂြိုလ်များ ရှိကြသည်။
ကြယ်ဂြိုလ်တစ်ခုစီက တမူထူးခြားသော ရွှေရောင်အလင်းကို ထုတ်လွှတ်နေကြသည်။
ရွှေရောင်မြစ်ထဲမှ ကြယ်ဂြိုလ်များက မရွေ့လျားဘဲ တည်ရှိနေကြသော်လည်း ယင်းတို့ထံမှ ထုတ်လွှတ်နေသော ရွှေရောင်က မြစ်ရေသဖွယ် စီးဆင်းနေသည်။
ဤသည်မှာ ရွှီချင်းက ထိုမျှအံ့ဖွယ်ကောင်းသော ကြယ်တာရာမြစ်တစ်စင်းကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ဤနေရာက ဧည့်ကြိုစကြာဝဠာ ဖြစ်သည်။
ကမ်းစပ်ကိုးခုကောင်းကင်ဘုံထဲတွင် အုပ်ချုပ်ရေးအာဏာကို ပိုင်ဆိုင်ထားသော ဌာန(၇၂)ခု ရှိကြသည်။ ဧည့်ကြိုစကြာဝဠာက ထိုဌာနများထဲမှ တစ်ခုဖြစ်ပြီး အင်မော်တယ်နန်းတော်ပြီးနောက် ဒုတိယဩဇာအရှိဆုံး ဖြစ်သည်။
ယင်းက ကမ်းစပ်ကိုးခုကောင်းကင်ဘုံ၏ လုပ်ငန်းဆိုင်ရာ ကိစ္စအရပ်ရပ်ကို စီမံဆောင်ရွက်သောနေရာ ဖြစ်သည်။ ထို့ပြင် ယင်းက ကမ်းစပ်ကိုးခုခေတ်အတွင်း ကောင်းကင်ဘုံအလွန်(၁၁)ခုလုံးထံမှ ဧည့်ကြိုစနစ်နှင့်သက်ဆိုင်သော အရာမှန်သမျှကို ဌာနချုပ်အနေဖြင့် ဆောင်ရွက်ပေးလိမ့်မည်။
ယင်းက တတ်လှမ်းသူအသစ်များကို တာဝန်များ အပ်နှင်းပေးသော နေရာလည်း ဖြစ်သည်။ ထိုမျှသာ မဟုတ်သေးပေ။ ယင်းက အမှတ်ငါးကြယ်တာရာစက်ဝန်း၏ လက်အောက်မှ ကမ္ဘာငယ်များနှင့် စကြာဝဠာများထဲမှ မျိုးနွယ်ခြားများအပေါ် ကြီးကြပ်ကွပ်ကဲလိမ့်မည်။
တစ်နည်းဆိုရသော် ယင်းက တတ်လှမ်းသူအသစ်များနှင့် အုပ်ချုပ်ရေးအရာရှိများ၏ စစ်စခန်းဖြစ်သည်။
ထုံးစံအားဖြင့် ဤနေရာကို အုပ်ချုပ်နေသူများက အဆင့်နိမ့်အင်မော်တယ်များ ဖြစ်ကြသည်။ ထို့ပြင် ၎င်းတို့၏ အရေအတွက်က မနည်းပေ။
ရွှေရောင်မြစ်၏ ကြီးကျယ်ခမ်းနားမှုနှင့် ဧည့်ကြိုစကြာဝဠာ၏ ဖွဲ့စည်းပုံကို မြင်ပြီးနောက် ရွှီချင်း၏ စိတ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ ထိုစဉ် ကြယ်အလင်းအမျှင်တန်းတစ်ခုက အံ့ဖွယ်ကောင်းသော ရွှေရောင်မြစ်ထဲမှ ခွဲထွက်လာပြီး ရွှီချင်းထံသို့ တန်းမတ်စွာ ပျံသန်းလာသည်။
ရွှေရောင်မြစ်တစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင် ထိုအမျှင်တန်းက အလွန်အမင်း သေးနုတ်သည်။ သို့သော်လည်း ရွှီချင်း၏ အမြင်ထဲတွင် ထိုရွှေရောင်ကြယ်အမျှင်တန်းက ဖော်မပြနိုင်အောင် ကျယ်ပြောသည်။
အမျှင်တန်းက သူ့ကို မြန်ဆန်စွာ လွှမ်းခြုံသွားပြီး ဆွဲငင်အားတစ်ခုကို ထုတ်ဖော်လိုက်သည်။
ယင်းက ရွှီချင်းကို အစောနက သူခွဲထွက်လာခဲ့သော ရွှေရောင်မြစ်ဆီသို့ ခေါ်ဆောင်သွားသည်။ ယင်း၏ ဇစ်မြစ်သည်တော့ ကြယ်စင်စုတစ်ခုထဲရှိ ကြယ်ဝဲကတော့ထဲမှ ကြယ်ဂြိုလ်တစ်ခု ဖြစ်သည်။
ထိုကြယ်အလင်းရောင်က ဤဧည့်ကြိုစကြာဝဠာတစ်ခုလုံး၏ ဘုံအလင်းရောင် ဖြစ်သည်။
ဤနေရာသို့ တည်နေရာပြောင်းရွှေ့လာသော ကျင့်ကြံသူတိုင်းက ထိုသို့လုပ်ငန်းစဉ်ကို တွေ့ကြုံကြရလိမ့်မည်။
သူတို့ရောက်ရှိလာသော ရည်ရွယ်ချက်ပေါ်မူတည်၍ ကြယ်အလင်းရောင်က သူတို့ကို မတူညီသော နေရာများဆီသို့ ခေါ်ဆောင်သွားလိမ့်မည်။
နောက်အခိုက်အတန့်မှာ ရွှေအလင်းရောင်၏ လမ်းညွှန်မှုအောက်၌ ရွှီချင်း၏ ခန္ဓာကိုယ်က သက်ဆိုင်ရာကြယ်ဂြိုလ်ဆီသို့ မြန်ဆန်စွာ ဆွဲခေါ်ခံသွားရသည်။
ကြယ်အလင်းရောင်၏ အင်အားက အလွန်ကြီးမားလေရာ ယင်းက သူ့ကို ဥက္ကာပျံတစ်စင်းပမာ တရွတ်တိုက် ဆွဲခေါ်သွားသည်။ ချက်ချင်းဆိုသလို သူက အရောင်အမျိုးမျိုးထုတ်လွှတ်နေသော တမူထူးခြားသည့် ကြယ်ဂြိုလ်တစ်ခုဆီသို့ ရောက်ရှိသွားသည်။
ထို့နောက် သူ၏ အရှေ့မှ အရာအားလုံးက မြန်ဆန်စွာ ပြောင်းလဲသွားသည်။
ယင်းက ဝုန်းခနဲ မြည်သံ ပဲ့တင်ထပ်သွားသည်အထိ ကြာမြင့်ခဲ့သည်။
ရွှီချင်း၏ ခန္ဓာကိုယ်က ထိုကြယ်ဂြိုလ်၏ ပင်လယ်ထဲသို့ ကျဆင်းသွားသည်။
ယင်းက ဂျယ်လီသဖွယ် ချွဲပျစ်သော အနက်ရောင်ပင်လယ် ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်က ပြင်းထန်သော အရှိန်အဟုန်ကြောင့် ပင်လယ်ကြမ်းပြင်အောက်သို့ ဆွဲချခံလိုက်ရသည်။
ကံကောင်းစွာဖြင့် ရွှီချင်း၏ ကျင့်ကြံခြင်းအဆင့်က သန်မာသောကြောင့် ယင်းကို သူတောင့်ခံနိုင်ပေသည်။
အကယ်၍ သူ့နေရာမှာ အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်သာဆိုလျှင် သူတို့၏ ဝိညာဉ်က သေချာပေါက် အပေါ်ပျံတတ်သွားလိမ့်မည်။ သူတို့က အောက်သို့ ကျဆင်းသွားသည်နှင့် သူတို့၏ ရုပ်ခန္ဓာကိုယ်က ဖျက်ဆီးခံရလိမ့်မည်။
သို့သော်လည်း ရွှီချင်း၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားသည့်တိုင် သူ၏ ခန္ဓာကိုယ်က အောက်သို့ ဆွဲချခံလိုက်ရသည့်အခါ ကြီးမားသော သက်ရောက်မှုကြောင့် ပင်လယ်ပြင်ပေါ်တွင် ဧရာမတွင်းနက်တစ်ခု ဖြစ်ပေါ်လာသည်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်းက သူဖန်တီးထားသော တွင်းနက်ထဲမှ အပေါ်သို့ ပျံတတ်သွားသည်။ ဤကြယ်ဂြိုလ်တွင် ကောင်းကင်က ရွှေရောင်ဖြစ်ပြီး ကုန်းမြေက အဆုံးမဲ့သော အနက်ရောင်ဂျယ်လီပင်လယ် ဖြစ်သည်။
လေထဲတွင် ရွှေရောင်ကြယ်အမျှင်တန်းများ၏ လမ်းညွှန်ပေးမှုနှင့်အတူ ကျင့်ကြံသူအများအပြားက ဤနေရာသို့ ရောက်ရှိလာကြသည်။
သို့ဖြစ်၍ ပင်လယ်ထဲတွင် ဝုန်းခနဲ မြည်သံများက ဆက်တိုက် ပဲ့တင်ထပ်သွားသည်။
ပင်လယ်မျက်နှာပြင်ပေါ်တွင် တွင်းနက်ဒါဇင်ကျော် ထွက်ပေါ်လာကြသည်။
ကျင့်ကြံသူတချို့က တွင်းနက်များထဲမှ ချက်ချင်း ပျံသန်းထွက်လာနိုင်ကြသည်။ အများစုသည်တော့ ဖရိုဖရဲအခြေအနေမှာ ရှိကြသည်။
လူတချို့ဆိုလျှင် သွေးစီးကြောင်းက သူတို့၏ ပါးစပ်ထောင့်မှာ ရှိကြသည်။ သူတို့၏ အမူအရာမှာ ထိတ်လန့်ချောက်ချားမှုဖြင့် ပြည့်နှက်နေကြသည်။
လူအုပ်ကြားထဲတွင် ရွှီချင်းက ကျိုးကျန်းလီ၊ ရှဲလင်းဇီ၊ လီမုန့်တု၊ ယွင်ရှန်းစု၊ ချမ်ကျွင်းနှင့် ပိုင်ရီကို မြင်တွေ့သွားသည်။
ထိုလူများသည် ရွှီချင်းကဲ့သို့ တတ်လှမ်းသူများ ဖြစ်ကြသည်။
ဤအခိုက်အတန့်မှာ သူတို့အားလုံးက ဤနေရာဆီသို့ လမ်းညွှန်ခံလိုက်ကြရသည်။
ကြယ်တာရာစက်ဝန်းသည်လည်း သူတို့ထဲမှာ ပါဝင်သည်။
သို့သော်လည်း တခြားလူများ၏ ဆိုးဝါးသော အခြေအနေများထက်စာလျှင် ကြယ်တာရာစက်ဝန်းက အများကြီး ပိုအေးဆေးသည်။ ရွှီချင်း၏ အကြည့်က သူ့အပေါ်သို့ ကျရောက်သွားသည့်အခါ ကြယ်တာရာစက်ဝန်းက ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
သူတို့နှစ်ယောက်က အပြန်အလှန် ကြည့်လိုက်ကြပြီး တစ်ခဏအကြာမှာ အကြည့်ပြန်ရုပ်လိုက်ကြသည်။
အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ တစ်ယောက်ပြီးတစ်ယောက် ဆက်လက် ရောက်ရှိလာကြသည်။ တချို့က တစ်ကိုယ်တည်း ရောက်ရှိလာကြစဉ် တချို့က အုပ်စုလိုက် ရောက်ရှိလာကြသည်။
တဖြည်းဖြည်း သူတို့က ယခင်အဆက်အသွယ်များနှင့် ဤတစ်နှစ်အတွင်း သူတို့၏ ဆက်ဆံရေးများအပေါ် အခြေခံ၍ စတင်အဖွဲ့ဖွဲ့လိုက်ကြသည်။
ရှဲလင်းဇီသည်တော့ ယခင်အတိုင်း တစ်ယောက်တည်း ဆက်ရှိနေသည်။
ယွင်ရှန်းစုသည်လည်း အုပ်စုဖွဲ့ခြင်းကို သဘောမကျကြောင်း ထင်ရှားသည်။ သူက တစ်ယောက်တည်းနေရန် ဆန္ဒရှိသော်လည်း ဤအသုတ်ထဲမှ အမျိုးသမီးတတ်လှမ်းသူတချို့က သူ့ထံသို့ ချဉ်းကပ်သွားနေကြသည်။
ချမ်ကျွင်းနှင့် ပိုင်ရီသည်တော့ တခြားကျင့်ကြံသူဒါဇင်ခန့်နှင့်အတူ ကြယ်တာရာစက်ဝန်း၏ ဘေးမှာ ရပ်နေကြသည်။
ရွှီချင်းသည်တော့ ထုံးစံအားဖြင့် အင်အားအတောင့်တင်းဆုံး ဖြစ်သည်။
အဆင့်တစ်ဟူသော သရုပ်တစ်ခုတည်းကပင် လူအများကြီးကို သူ့ဘက်သို့ ရောက်ရှိစေသည်။
ထိုလူများထဲတွင် ကျိုးကျန်းလီနှင့် လီမုန့်တုလည်း ပါဝင်ကြသည်။ သူတို့နှစ်ယောက်က ရွှီချင်း၏ ဘေးမှာ ရပ်နေကြသည်။
တစ်ယောက်က ရိုသေကျိုးနွံစွာ ပြုံးထားစဉ် တခြားတစ်ယောက်က တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောသည်။
“ အကိုရွှီ… ဒီတစ်သုတ်ရဲ့ အရေအတွက်က ဆယ့်တစ်ယောက် လျော့နေတယ် ”
“ စောစောက ငါရေတွက်ကြည့်ခဲ့တယ်… ဒီကို ရှစ်ဆယ့်ကိုးယောက်ပဲ ရောက်လာကြတယ် ”
ရွှီချင်းက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ဘေးမှ ကျိုးကျန်းလီက ပြုံးလိုက်ပြီး ပြောသည်။
“ သူတို့တွေက သေသွားကြပြီ ”
“ တစ်နှစ်ဆိုတဲ့ အချိန်ကာလက အနားယူဖို့အတွက်ဟုတ်သလို လိုက်လျောညီထွေဖြစ်စေဖို့ အချိန်ဆိုလည်း ဟုတ်တယ်… ရှေးခေတ်ကာလကတည်းက ငါတို့ရဲ့ ကြယ်တာရာစက်ဝန်းက ဂူကောင်ပျိုးထောင်ခြင်းနည်းလမ်းကို ကျင့်သုံးခဲ့တယ် ”
“ အဲ့ဒါကြောင့်… ”
ကျိုးကျန်းလီက ရွှီချင်းကို ကြည့်လိုက်သည်။ ဤတစ်နှစ်အတွင်းမှာ သူက ကမ်းစပ်ကိုးခုကောင်းကင်ဘုံအကြောင်း သတင်းစုံစမ်းခဲ့လေရာ ယင်းက သူ့ကို အနာဂတ်မှာ ပိုပြီးသတိထားစေသည်။
ထိုသို့သတိထားမှုက သူ့အား ရွှီချင်းနှင့် ဆက်ဆံရေးကောင်းကို ဆက်ပြီး ထိန်းထားရန် ပိုပြီးသေချာစေသည်။
သို့ဖြစ်၍ သူက ဆက်ပြောသည်။
“ ကြယ်စင်စုလေးခုမှာပဲ မဟုတ်ဘူး… ကောင်းကင်ဘုံအလွန်မှာရော ယှဉ်ပြိုင်မှုက အရမ်းပြင်းထန်တယ်… ဒါ့အပြင် ဒီနေရာက ပိုပြီးရက်စက်ကြမ်းတမ်းတယ် ”
“ အာဏာရှိလူတွေအတွက်တော့ သူတို့က ခြေလှမ်းဝက်အင်မော်တယ်တွေကိုပဲ အဓိက အာရုံစိုက်ကြတယ်… ဒီတစ်ခေါက် အသုတ်ထဲမှာဆိုရင် သခင်လေးရယ်၊ ကြယ်တာရာစက်ဝန်းနဲ့ ယွင်ရှန်းစုရယ်ပဲ သူတို့ရဲ့ အာရုံစိုက်မှုကို ရရှိကြတယ် ”
“ သူတို့က အုပ်ချုပ်သူတွေကို ဂရုမစိုက်ကြဘူး ”
“ ဒါကြောင့် တစ်ယောက်ယောက်မှာ နက်ရှိုင်းတဲ့ အဆက်အသွယ်မရှိရင်… တကယ်လို့ မင်းက အဆင်ပြေချောမွေ့စွာ အဆင့်တတ်ချင်ပြီး အရင်းအမြစ်အများကြီး ရရှိချင်တယ်ဆိုရင် ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးနဲ့ မဟာမိတ်ဖွဲ့တာက အကောင်းဆုံးပဲ ”
ကျိုးကျန်းလီက နောက်ဆုံးစကားကို ပြောရာတွင် သူ၏ လေသံကို မနှိမ့်ထားပေ။
သို့ဖြစ်၍ ရွှီချင်း၏ ဘေးပတ်ပတ်လည်မှ တတ်လှမ်းသူအားလုံးက ယင်းကို ရှင်းလင်းစွာ ကြားနိုင်ကြသည်။
သူတို့အားလုံးက လေးနက်စွာ တွေးတောလိုက်ကြသည်။
ရွှီချင်းက ကျိုးကျန်းလီကို ကြည့်လိုက်သည်။
ကျိုးကျန်းလီက ရိုသေကျိုးနွံစွာ ပြုံးလိုက်သည်။
ရွှီချင်းက အကြည့်ပြန်ရုပ်လိုက်သည်။ လွန်ခဲ့သော တစ်နှစ်က ကျိုးကျန်းလီပြောခဲ့သော စကားက သူ၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။
‘ အားလုံးအတူတူ တာဝန်ပေးခြင်းခံရမယ်လို့ အစောကြီးကတည်းက သူခန့်မှန်းထားခဲ့တယ်… ’
ရွှီချင်းက လေးနက်စွာ တွေးတောလိုက်သည်။
လူတိုင်းက ဖြည်းညင်းစွာ စောင့်ဆိုင်းနေကြစဉ် အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
သူတို့အုပ်စုမှလွဲ၍ အလွန်ကျယ်ပြောသော ပင်လယ်ထဲတွင် တခြားမည်သူမှ မရှိပေ။
မည်သည့်လမ်းညွှန်သူမှ မထွက်ပေါ်လာပေ။
သူတို့က သာမန်လူများ မဟုတ်ကြချေ။ သို့ဖြစ်၍ ထိုသို့စောင့်ဆိုင်းရခြင်းအပေါ် သူတို့က စိတ်မရှည်မဖြစ်ကြချေ။ တစ်ခဏကြာပြီးနောက် သူတို့တစ်ယောက်စီက တင်ပျဉ်ခွေထိုင်လိုက်ကြသည်။
နောက်ထပ် နှစ်နာရီ ကုန်ဆုံးသွားသည်။
လေတဟူးဟူး တိုက်ခတ်လာစဉ် ရွှီချင်းနှင့် ကြယ်တာရာစက်ဝန်းက တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား ခေါင်းမော့လိုက်ကြသည်။
ယွင်ရှန်းစုက တတိယမြောက် ခေါင်းမော့လိုက်သူ ဖြစ်သည်။
တခြားလူများသည်လည်း တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား အပေါ်သို့ မော့ကြည့်လိုက်ကြသည်။
ကောင်းကင်က ပရမ်းပတာ လှုပ်ခတ်သွားစဉ် ရွှေရောင်အလင်းက ရုတ်တရက် တောက်ပလာသည်။
ထိုရွှေရောင်အလင်းတန်းများသည်လည်း လမ်းညွှန်ခြင်းအလင်းရောင်များ ဖြစ်ကြသည်။ ၎င်းတို့က စုစုပေါင်း ခုနစ်ဆယ်ရှစ်ဆယ်ခန့် ရှိကြသည်။ လူတချို့က အရှေ့မှ ဦးဆောင်လာနေစဉ် ကျန်လူများက အနောက်မှ ဆင်းသက်လာကြသည်။
နောက်အခိုက်အတန့်မှာ လောကတစ်ခုလုံး တုန်ယင်သွားသည်။
ထိုရွှေရောင်အလင်းတန်းများထဲတွင် ခန္ဓာကိုယ်တချို့သည်သာ ပင်လယ်ပြင်ပေါ်သို့ ကျဆင်းသွားကြပြီး တွင်းနက်များကို ဖြစ်ပေါ်စေသည်။ လူအများစုသည်တော့ သူတို့ဆင်းသက်လာသည်နှင့် ပင်လယ်ပြင်ပေါ်မှာ တည်ငြိမ်စွာ ရပ်လိုက်ကြသည်။
ဤသည်မှာ သူတို့က ဤနေရာသို့ မကြာခဏ ဆင်းသက်ဖူးသည့်အလား ကျဆင်းခြင်းနည်းလမ်းကို ကျွမ်းကျင်နေကြဟန် ရသည်။
သူတို့အားလုံးက အိတ်ကပ်တစ်ရာပါသော မီးခိုးရောင်ဝတ်စုံကို တူညီစွာ ဝတ်ဆင်ထားကြသည်။ ယင်းက ပန်းပဲတာအိုစကြာဝဠာထဲ၌ ရွှီချင်းမြင်ခဲ့ဖူးသော အဝတ်အစား ဖြစ်သည်။
ယင်းက ရိက္ခာထိန်းသိမ်းသူများ၏ တမူထူးခြားသော ဝတ်စုံဖြစ်သည်။
သူတို့ထဲတွင် ခုနစ်ယောက် ရှစ်ယောက်က ခြေလှမ်းဝက်အင်မော်တယ်များဖြစ်ကြပြီး အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြပုံပေါ်သည်။
သူတို့ဆင်းသက်လာသည်နှင့် ရွှီချင်းက ခါတိုင်းကဲ့သို့ တည်ငြိမ်နေသော်လည်း တတ်လှမ်းသူအသစ်အများအပြားက တည်ကြည်လေးနက်သွားကြသည်။
ရိက္ခာထိန်းသိမ်းသူများကလည်း သူတို့ကို ပြန်စိုက်ကြည့်လိုက်ကြသည်။ သူတို့၏ အကြည့်က ရွှီချင်းနှင့် တခြားလူများပေါ်သို့ ဖြတ်သန်းသွားသည်။
သူတို့၏ မျက်လုံးက စူးရှပြီး အေးစက်သည်။ ဤသည်မှာ ဝံပုလွေများက သားကောင်ကို ချောင်းမြောင်းနေသည့်အလားပင်။ ယင်းတို့ထဲမှာ သနားညှာတာမှု နည်းနည်းမှ မရှိပေ။
မည်သည့်စကားမှ မပြောဘဲ သူတို့ထဲမှ ခေါင်းဆောင်က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထို့နောက် သူတို့အုပ်စုက အဝေးတစ်နေရာဆီသို့ မြန်ဆန်စွာ ပျံသန်းသွားကြသည်။
“ သခင်လေး… သူတို့က ရိက္ခာထိန်းသိမ်းသူတွေပါ… ကြည့်ရတာ ငါတို့ရောက်နေတဲ့ ဒီကြယ်ဂြိုလ်က ပစ္စည်းစုဆောင်းတာနဲ့ ပတ်သက်နေတဲ့ပုံပါပဲ ”
ကျိုးကျန်းလီက တိုးညင်းစွာ ပြောသည်။
ရွှီချင်းက ခေါင်းညိတ်လိုက်သည်။
ဆင်းသက်မှုက မပြီးဆုံးသေးပေ။
ဆယ်ငါးမိနစ်ကြာပြီးနောက် ရွှေရောင်အလင်းက ကောင်းကင်ပေါ်မှာ ထပ်မံ ထွက်ပေါ်လာသည်။
ဤတစ်ကြိမ်တွင် အရေအတွက် ဒါဇင်ခန့်ရှိပြီး သူတို့အားလုံးက အိတ်ကပ်တစ်ရာဝတ်စုံကို ဝတ်ဆင်ထားကြသည်။ သူတို့က ဆင်းသက်လာပြီးနောက် အဝေးဆီသို့ ပျံသန်းသွားကြသည်။
ထိုသို့ဖြင့် အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ ရိက္ခာထိန်းသိမ်းသူအဖွဲ့များက တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာကြသည်။
အများစုက ရွှီချင်းနှင့် လူသစ်များကို လျစ်လျူရှုထားကြသည်။
ရွှီချင်းက သူတို့၏ အရှိန်အဝါများကို ကြိမ်ဖန်များစွာ မြင်တွေ့ပြီးနောက် အေးစက်မှုနှင့် လောဘကို ခံစားမိသွားသည်။ ထို့ပြင် သူတို့က ပိုပြီးသန်မာလေ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အလောင်းအရှိန်အဝါနှင့် သေခြင်းအငွေ့အသက်က ပိုပြီးသိပ်သည်းလေ ဖြစ်သည်။
သွေးနံသည်လည်း ထို့အတူပင်။
ကြည့်ရသည်မှာ သူတို့က အလောင်းများနှင့် သေခြင်းကို တစ်နှစ်ပတ်လုံး ထိတွေ့နေရသည့်အလားပင်။
ညအချိန်ကျရောက်လာပြီး ကောင်းကင်ပေါ်မှ အလင်းရောင်က မှေးမှိန်သွားနေစဉ် ရွှေရောင်အလင်းတန်းဒါဇင်ခန့်က အပြေးအလွှား ဆင်းသက်လာကြသည်။ နောက်အခိုက်အတန့်မှာ သူတို့က ပင်လယ်ပြင်ပေါ်တွင် ရပ်တန့်လိုက်ကြသည်။
သူတို့ထဲတွင် တစ်ယောက်က အလွန်ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ယင်းက လင်းတနှင့်ဆင်တူသော အဖိုးအိုတစ်ယောက်ဖြစ်ပြီး သူ၏ အင်မော်တယ်သန္ဓေသားလောင်းက ပြီးပြည့်စုံရန် ခြေတစ်လှမ်းမျှသာ ကွာဝေးတော့သည်။
အကယ်၍ သူက ထိုခြေတစ်လှမ်းကို ကျော်လွှားနိုင်မည်ဆိုလျှင် အင်မော်တယ်တစ်ပါး ဖြစ်လာလိမ့်မည်။
သူက ဆင်းသက်လာပြီးနောက် ထွက်သွားရန် ပြင်လိုက်သည်။
သို့သော်လည်း အဖိုးအို၏ အနောက်မှ သက်လတ်ပိုင်းကျင့်ကြံသူတစ်ယောက်က သူ၏ ခြေလှမ်းကို ရုတ်တရက် ရပ်တန့်လိုက်သည်။ သူက ခေါင်းလှည့်လိုက်ပြီး ရွှီချင်းနှင့် တခြားလူများကို ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူက ကြယ်တာရာစက်ဝန်း၊ ချမ်ကျွင်းနှင့် ပိုင်ရီကို ကြည့်လိုက်သည်။
ထိုလူက ပြုံးလိုက်သည်။
ထိုလူကို ယခင်က ရွှီချင်းမြင်ဖူးသည်။ သူက အတိတ်၌ ပန်းပဲတာအိုစကြာဝဠာထဲမှာ ချမ်ကျွမ်းနှင့် ပိုင်ရီထံမှ အင်မော်တယ်ဓားများကို လုယက်ရန် ကြိုးစားခဲ့သော သက်လတ်ပိုင်းအရွယ် ခြေလှမ်းဝက်အင်မော်တယ်မှလွဲ၍ တခြားမဟုတ်ပေ။
ဤအခိုက်အတန့်မှာ သူက ကြယ်တာရာစက်ဝန်းကို အာရုံစိုက်လိုက်သည်။ သူ၏ ရပ်တန့်မှုက သူ့ဘေးမှ ရဲဘော်ရဲဘက်များကိုလည်း တစ်ယောက်ပြီးတစ်ယောက် ရပ်တန့်သွားစေသည်။
ထို့နောက် သူက အရှေ့သို့ မြန်မြန်လျှောက်သွားပြီး အဖိုးအို၏ ဘေးမှာ ရပ်လိုက်သည်။ သူက အဖိုးအို၏ နားထဲသို့ တိုးတိုးလေး ပြောလိုက်သည်။
အဖိုးအိုက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း နောက်ဆုံးမှာ သူက ခေါင်းညိတ်လိုက်ဆဲပင်။
အဖိုးအို၏ သဘောတူညီမှုကို ရရှိပြီးနောက် သက်လတ်ပိုင်းကျင့်ကြံသူက ပြုံးလိုက်ပြီး ကြယ်တာရာစက်ဝန်းဆီသို့ လျှောက်သွားသည်။
“ ငါ့အဖွဲ့က ဒီတစ်ခေါက် တိုက်ပွဲမှာ လူအတော်များများ ကျရှုံးခဲ့တယ်… လူအသစ်ထပ်ဖြည့်ဖို့ ငါတို့လိုအပ်တယ်… မင်းတို့သုံးယောက် ငါတို့အဖွဲ့ထဲ ဝင်ရောက်ဖို့ အခုပဲ ငါစာရင်းသွင်းလိုက်ပြီ ”