← Chapters

မမျှော်လင့်ထားသောလူ

Vol. 110 Ch. 1683

မမျှော်လင့်ထားသောလူ

Vol. 110 Ch. 1683

ချမ်ကျွင်းနှင့် ပိုင်ရီ၏ အမူအရာက သိသာစွာ ပျက်ယွင်းသွားကြသည်။

ကြယ်တာရာစက်ဝန်းက မျက်မှောင်ကြုတ်လိုက်သည်။ သူက သူ့အရှေ့မှ လူကို အေးစက်စက် ကြည့်လိုက်ပြီး ပြောသည်။

“ ထွက်သွားစမ်း ”

သူ၏ စကားဆုံးသည်နှင့်ချက်ချင်း အေးစက်စက်လေက တိုက်ခတ်လာသည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။

မောက်မာထောင်လွှားမှုနှင့် အေးစက်မှုက သူ၏ ဝိညာဉ်ထဲမှာ တံဆိပ်ရိုက်ခတ်ထားပြီးသား ဖြစ်သည်။

သူက ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးဖြင့် ရင်ဆိုင်နေရသည့်တိုင်၊ တစ်ဖက်အုပ်စုက လူအရေအတွက်ပိုများသည့်တိုင်၊ တစ်ဖက်အုပ်စုထဲမှာ အထွတ်အထိပ်အဆင့် ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး ရှိနေသည့်တိုင် သူကျင့်ကြံသော အမိန့်အာဏာစက်က ဦးညွတ်လိမ့်မည် မဟုတ်ချေ။

ကြယ်တာရာစက်ဝန်း၏ တုံ့ပြန်မှုကို ကြားသောအခါ သက်လတ်ပိုင်းကျင့်ကြံသူက ပြုံးလိုက်သည်။

“ မင်းက အတော် ခေါင်းမာတာပဲ ”

အနက်ရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်နှင့် သူက အနောက်လှည့်လိုက်ပြီး အဖွဲ့ခေါင်းဆောင်အဖိုးအိုကို ဦးညွတ်လိုက်သည်။

အဖိုးအိုက မျက်မှောင်ကြုတ်လိုက်သော်လည်း နောက်ဆုံးမှာတော့ ခေါင်းညိတ်လိုက်ဆဲပင်။

သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ သက်လတ်ပိုင်းကျင့်ကြံသူ၏ အရှိန်အဝါက တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာသည်။

ဤသည်မှာ သူက ခွန်အားငှားယူလိုက်သည့်အလားပင်။

သက်လတ်ပိုင်းကျင့်ကြံသူက လက်မြှောက်လိုက်ပြီး အောက်သို့ ဖိချလိုက်သည်။ ထိုအခါ အနက်ရောင်ပင်လယ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ ပင်လယ်ပြင်ပေါ်တွင် မရေမတွက်နိုင်သော အနက်ရောင်ပိုးကောင်များက အပေါ်သို့ ပျံသန်းထွက်လာကြသည်။

၎င်းတို့၏ အသွင်သဏ္ဍာန်က ရုပ်ဆိုးအကျည်းတန်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်က ဒြပ်ထည်မဲ့ဟန် ရသည်။

၎င်းတို့၏ အရေအတွက်သည်လည်း အံ့မခန်း များပြားသည်။ ချက်ချင်းဆိုသလို ပင်လယ်ပြင်တစ်ခုလုံးက အနက်ရောင်ပိုးကောင်များဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ ထို့နောက် ၎င်းတို့က ကြယ်တာရာစက်ဝန်းဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားကြသည်။

အေးစက်စက်အလင်းက ကြယ်တာရာစက်ဝန်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ မရေမတွက်နိုင်သော သံကြိုးများက သူ၏ ဘေးပတ်ပတ်လည်မှာ ဒြပ်ထည်ဖွဲ့စည်းသွားကြပြီး တချွင်ချွင်မြည်သံကို ထုတ်လွှတ်လိုက်ကြသည်။ တစ်ဆက်တည်းမှာ သံကြိုးများက တုန်ယင်သွားကြပြီး ဝဲကတော့တစ်ခုအဖြစ် လှည့်ပတ်သွားကြသည်။

အမိန့်စွမ်းအားက အရာအားလုံးကို ဖိနှိပ်လိုက်ပြီး ညီမျှခြင်းတာအိုက အရာအားလုံးကို ငြိမ်းသတ်လိုက်သည်။

ချမ်ကျွင်းနှင့် ပိုင်ရီသည်လည်း တိုက်ပွဲမှာ ဝင်ရောက်လိုက်ကြပြီး သူတို့၏ ဓားစွမ်းအင်ကို ထုတ်လွှတ်လိုက်ကြသည်။

သူတို့သုံးယောက်၏ နတ်ဘုရားစွမ်းအင်များ ဖြတ်သန်းသွားသည့်နေရာတိုင်း အနက်ရောင်ပိုးကောင်များက မြန်ဆန်စွာ ပျက်စီးသွားကြသည်။ အထူးသဖြင့် အမိန့်သံကြိုးများဖြင့် ဖွဲ့စည်းထားသော ကြယ်တာရာစက်ဝန်း၏ ဝဲကတော့က ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်နေသည်။ ထိုစွမ်းအားအောက်မှာ မရေမတွက်နိုင်သော ပိုးကောင်များက ပြိုကွဲပျက်စီးသွားကြသည်။

ပိုးကောင်များက အဆက်မပြတ် ပြိုကွဲပျက်စီးနေကြသည်။

သို့သော်လည်း ပြိုကွဲပျက်စီးသွားသော ပိုးကောင်များက လုံးဝ မပျောက်ကွယ်သွားချေ။ ယင်းအစား ၎င်းတို့က မရေမတွက်နိုင်သော အနက်ရောင်အမှုန်များကို ချန်ထားခဲ့ကြသည်။

ထိုအမှုန်များက ပမာဏအလွန်များပြားလာသည့်အခါ မြူခိုးအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့နှံ့သွားသည်။

ထိုအခိုက်အတန့်မှာ သက်လတ်ပိုင်းကျင့်ကြံသူက ချိပ်တံဆိပ်လက်ဟန်များကို ပြောင်းလဲထုတ်ဖော်လိုက်သည်။ ထိုအခါ အနက်ရောင်မြူခိုးက အကြမ်းပတမ်း လှုပ်ခတ်သွားသည်။ နောက်အခိုက်အတန့်မှာ မြူခိုးက ဒီရေသဖွယ် သူ၏ တစ်ကိုယ်လုံးကို အထပ်ထပ် လွှမ်းခြုံသွားသည်။ စက္ကန့်ပိုင်းအတွင်းမှာ သူ၏ တစ်ကိုယ်လုံးက မည်းနက်သွားသည်။

သူ၏ မျက်နှာသည်လည်း ထို့အတူပင်။

ဤသည်မှာ သူ၏ ခန္ဓာကိုယ်ကို အပေါ်ယံမှတဆင့် ပြန်ဖွဲ့စည်းလိုက်သည့်အလားပင်။

မျက်စိတစ်မှိတ်အတွင်းမှာ သက်လတ်ပိုင်းကျင့်ကြံသူ၏ မျက်နှာက ပျောက်ကွယ်သွားသည်။ သူက မျက်နှာမဲ့ အနက်ရောင်လူသားအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် သူ၏ မျက်နှာတစ်ပြင်လုံးက ဝေဝါးသွားပြီး နောက်အခိုက်အတန့်မှာ သူ၏ မျက်နှာအစိတ်အပိုင်းများက ပြန်ပေါ်လာကြသည်။ သို့သော်လည်း သူ၏ အသွင်သဏ္ဍာန်က လုံးဝ ပြောင်းလဲသွားသည်။

သူက ကြယ်တာရာစက်ဝန်းနှင့် တူညီသွားသည်။

သူ၏ မျက်နှာသော်လည်းကောင်း သို့မဟုတ် အမူအရာသော်လည်းကောင်း၊ သူ၏ အရှိန်အဝါနှင့် ဝိညာဉ်သည်ပင် တစ်ပုံစံတည်း တူညီကြသည်။

အနက်ရောင်အမှုန်များက သူ၏ ဦးခေါင်းပေါ်မှာ နှစ်ပုံ ဆက်လက်စုပုံသွားပြီး အပိုဦးခေါင်းနှစ်လုံးကို ချက်ချင်း ဖွဲ့စည်းသွားသည်။

ထိုဦးခေါင်းနှစ်လုံးက ချမ်ကျွင်း၊ ပိုင်ရီနှင့် ဆင်တူကြသည်။

ထိုမြင်ကွင်းက တတ်လှမ်းသူအသစ်များကို နှလုံးတုန်သွားစေသည်။

ခေါင်းသုံးလုံးနှင့် ခန္ဓာကိုယ်တစ်ခုအသွင် ပြောင်းလဲသွားသော သက်လတ်ပိုင်းကျင့်ကြံသူက ကြယ်တာရာစက်ဝန်းနှင့် တခြားနှစ်ယောက်ကို ကြည့်လိုက်ပြီး ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်သည်။ ထို့နောက် သူက ကြယ်တာရာစက်ဝန်းနှင့် တခြားနှစ်ယောက်ကို လျစ်လျူရှုလိုက်ပြီး သူ၏ ရဲဘော်ရဲဘက်များဆီသို့ လျှောက်သွားသည်။

ထိုအဖြစ်အပျက်ကို သူ၏ ရဲဘော်ရဲဘက်များက မအံ့ဩကြပေ။ ရှင်းလင်းစွာပင် သူတို့က ယင်းကို ကျင့်သားရနေကြပြီ ဖြစ်သည်။ အဖွဲ့ခေါင်းဆောင်အဖိုးအိုသည်တော့ တစ်ချက်ပင် လှည့်မကြည့်ဘဲ အဝေးသို့ လျှောက်သွားသည်။

သူတို့အဖွဲ့က ထိုအတိုင်း ထွက်သွားကြသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ထူးဆန်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

သက်လတ်ပိုင်းကျင့်ကြံသူ၏ လမ်းလျှောက်မှုက ကြယ်တာရာစက်ဝန်း၊ ချမ်ကျွင်းနှင့် ပိုင်ရီကို ဆွဲခေါ်သွားသည်။

သူတို့သုံးယောက်က ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့သည့်အလား တစ်ပြိုင်နက်တည်း အရှေ့သို့ လျှောက်သွားကြသည်။

ချမ်ကျွမ်းနှင့် ပိုင်ရီ၏ အမူအရာက မိန်းမောတွေဝေနေသည်။ ဤသည်မှာ သူတို့၏ ဝိညာဉ်များက လုယက်ခံလိုက်ရသည့်အလားပင်။

ကြယ်တာရာစက်ဝန်းသည်တော့ အရှေ့သို့ ရွေ့လျားနေစဉ် သူ၏ မျက်လုံးက စူးရှသော အလင်းကို ထုတ်လွှတ်နေသည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း အက်ကွဲသံများက သူ၏ ခန္ဓာကိုယ်ထဲမှာ ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ သူက ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းချုပ်နိုင်ရန် အတင်းအဓမ္မ ကြိုးစားနေသည့်အလားပင်။

ထိုမြင်ကွင်းက သက်လတ်ပိုင်းကျင့်ကြံသူကို အံ့ဩသွားစေသည်။ ခေါင်းဆောင်အဖိုးအိုသည်တော့ အနောက်သို့ လှည့်လိုက်ပြီး ကြယ်တာရာစက်ဝန်းကို ကြည့်လိုက်လေရာ အတွေးနက်သွားသည်။

“ မဆိုးဘူး… သူ့ကို အဝေးခေါ်သွားလိုက် ”

အဖိုးအိုက တည်ငြိမ်စွာ ပြောသည်။ သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း သူ့အဖွဲ့ထဲမှ အဖွဲ့သားသုံးယောက်က အပြင်သို့ ချက်ချင်း ထွက်လျှောက်လာကြပြီး ကြယ်တာရာစက်ဝန်းဆီသို့ ပျံသန်းသွားကြသည်။

ယင်းကို မြင်သောအခါ ကျိုးကျန်းလီက နက်နဲစွာ တွေးတောလိုက်သည်။ ရှဲလင်းဇီက နှုတ်ခမ်းသပ်လိုက်ပြီး ယွင်ရှင်းစုက မျက်မှောင်ကြုတ်လိုက်သည်။ တခြားတတ်လှမ်းသူများတွင်တော့ အများစုက နှုတ်ဆိတ်နေကြသော်လည်း စူးရှသော အလင်းက သူတို့၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

သူတို့က ဤနေရာသို့ ရောက်လာရန် မရေမတွက်နိုင်သော သတ်ဖြတ်ခြင်းများကို ဖြတ်ကျော်ခဲ့ကြရသည်။ သို့ဖြစ်၍ သူတို့ဆီမှာ ကိုယ်ပိုင်မာန ရှိကြသည်။

ယခု သူတို့၏ ရဲဘော်ရဲဘက်များက ယခုကဲ့သို့ ဆွဲခေါ်ခံသွားရကြောင်း မြင်လိုက်ရသောအခါ သူတို့ကြားတွင် နက်ရှိုင်းသော ဆက်ဆံရေးမရှိသည့်တိုင် စိတ်မသက်မသာဖြစ်သွားကြသည်။

သို့သော်လည်း တစ်ဖက်အုပ်စုက အလွန်သန်မာသည်။ ထို့ပြင် သူတို့ဆီမှာ ခြေလှမ်းဝက်အင်မော်တယ်အများအပြားနှင့် ကြောက်မက်ဖွယ်ကောင်းသော အဖိုးအိုလည်း ရှိသေးသည်။

အင်အားကွာခြားမှုက အလွန်ကြီးမားသည်။

သို့ဖြစ်၍ သူတို့၏ နှလုံးသားထဲမှာ လှိုင်းထသွားသော်လည်း မည်သူမှ အရှေ့မထွက်ကြချေ။

ရွှီချင်းသည်လည်း စိတ်မသက်မသာ ခံစားမိသွားသည်။

ထိုဓားနှစ်လက်က သူ့အပိုင် ဖြစ်သည်။

ကြယ်တာရာစက်ဝန်းသည်တော့…

ရွှီချင်းက ယင်းကို စဉ်းစားကြည့်ပြီးနောက် တစ်စုံတစ်ခုလွဲမှားနေကြောင်း ခံစားမိသွားသည်။

အကယ်၍ အပြင်လောကမှာသာဆိုလျှင် ယင်းက ပြဿနာမရှိပေ။ သို့သော်လည်း ဤနေရာက ဧည့်ကြိုစကြာဝဠာမဟုတ်ပါလော။

သူတို့က ဤနေရာမှာ တာဝန်ပေးအပ်ခံရရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

အကယ်၍ သူတို့ကို ထိုအတိုင်း ခေါ်ဆောင်သွားနိုင်မည်ဆိုလျှင် ယင်းက အဓိပ္ပာယ်မရှိတော့ပေ။

‘ တစ်ခုခုမူမမှန်ဘူး ’

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

သူခြေချလိုက်သည့်အခိုက် သူ၏ အရှိန်အဝါက ပေါက်ကွဲထွက်လာသည်။ သူ၏ အချိန်လေဟာနယ်အာဏာစက်က လောကတစ်ခွင် ဖုံးလွှမ်းသွားစဉ် ခေါင်းလောင်းတစ်ခုက သူ၏ နဖူးထဲမှ ပျံသန်းထွက်လာသည်။

ချက်ချင်းဆိုသလို ခေါင်းလောင်းသံက ပဲ့တင်ထပ်သွားသည်။

သိမ်မွေ့နူးညံ့သော ခေါင်းလောင်းသံက ဤလောကထဲမှာသာမက ဤနေရာမှ သက်ရှိအားလုံး၏ အသိစိတ်ထဲမှာလည်း ပဲ့တင်ထပ်သွားသည်။

လူတိုင်း၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။

ရွှီချင်း၏ အဖွဲ့သားများသော်လည်းကောင်း သို့မဟုတ် တခြားကျင့်ကြံသူအုပ်စုများသော်လည်းကောင်း သူတို့အားလုံးက အမူအရာ ပြောင်းလဲသွားကြသည်။

ခေါင်းလောင်းသံက သူတို့၏ နားထဲမှာ မိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်သွားသည်နှင့် သူတို့၏ ဝိညာဉ်က လှုပ်ခါသွားကြသည်။ ယင်းက သူတို့၏ ကျင့်ကြံခြင်းကို ကစဉ့်ကလျားဖြစ်စေပြီး သူတို့၏ မန္တန်များကို ပျက်ပြယ်စေသည်။

နောက်အခိုက်အတန့်မှာ လူအများစုက ကောင်းကင်ပေါ်မှ ပြုတ်ကျလာကြသည်။

ကြယ်တာရာစက်ဝန်းဆီသို့ ပျံသန်းသွားနေကြသော ကျင့်ကြံသူသုံးယောက်သည်လည်း တုန်ယင်သွားကြသည်။ ချောက်ချားမှုက သူတို့၏ မျက်လုံးထဲမှာ ပြည့်နှက်သွားပြီး သူတို့က အရှေ့သို့ ဆက်မသွားနိုင်ကြတော့ချေ။

ချမ်ကျွမ်းနှင့် ပိုင်ရီက ဤအခိုက်အတန့်မှာ တုန်ယင်သွားကြသည်။ ခေါင်းလောင်းသံကို ကြားလိုက်သည့်အခိုက် သူတို့က အသိပြန်ဝင်လာကြသည်။

အတင်းအဓမ္မ ရုန်းကန်နေသော ကြယ်တာရာစက်ဝန်းသည်တော့ ယခု သူက ခေါင်းလောင်းသံကြောင့် ချက်ချင်း ရုန်းထွက်နိုင်သွားသည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ဖော်မပြနိုင်အောင် သိပ်သည်းသွားသည်။

သူတို့နှင့် နှိုင်းယှဉ်လျှင် အဓိက သက်ရောက်ခံလိုက်ရသူမှာ သက်လတ်ပိုင်းကျင့်ကြံသူ ဖြစ်သည်။

သူ၏ ဦးခေါင်းသုံးလုံးက ချက်ချင်း ပြိုကွဲပျက်စီးသွားကြသည်။ အနက်ရောင်အမှုန်များမှ ဖွဲ့စည်းသွားသော သူ၏ ခန္ဓာကိုယ်သည်လည်း အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။ မရေမတွက်နိုင်သော အမှုန်များက အရပ်ရှစ်မျက်နှာဆီသို့ ပြန့်ကျဲသွားသည်နှင့် သူ၏ မူလခန္ဓာကိုယ်က ပြန်ထွက်ပေါ်လာသည်။

မူလခန္ဓာကိုယ်က မျက်မှောင်ကြုတ်လိုက်ပြီး ရွှီချင်းကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ အမူအရာက အလွန်အမင်း တည်ကြည်လေးနက်နေသည်။ ဤသည်မှာ သူက မဟာရန်သူတော်ဖြင့် ရင်ဆိုင်နေရသည့်အလားပင်။

တစ်ချိန်တည်းမှာ သူက အစောနက သေဘေးမှ ကပ်သီးလေး လွတ်မြောက်လာခဲ့သောကြောင့် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။

အဘယ့်ကြောင့်ဆိုသော် သံတုတ်တစ်ချောင်းက သူ၏ အရှေ့မှာ မည်သည့်အချိန်ကမှန်းမသိ ရှိနေသောကြောင့် ဖြစ်သည်။

သံတုတ်၏ ထိပ်ဖျားက အလွန်အမင်း ချွန်ထက်ပြီး သက်လတ်ပိုင်းကျင့်ကြံသူအား အရိုးခိုက်ခိုက်တုန်စေမည့် အအေးဓာတ်ကို ထုတ်လွှတ်နေသည်။

ထိုသံတုတ်က မည်သို့မည်ပုံ ထွက်ပေါ်လာကြောင်း သူမသိပေ။ သို့သော်လည်း သူ၏ နဖူးက သံတုတ်ဖြင့် ထိုးစိုက်ခံရရန် ခြေတစ်လှမ်းမျှသာ ကွာဝေးတော့သည်။

သို့သော်လည်း ယခု လက်နှစ်ချောင်းက ထိုသံတုတ်ကို ပြုတ်တူသဖွယ် ညှပ်ထားပြီး ၎င်း၏ ချွန်ထက်မှုကို တားဆီးလိုက်သည်။

သံတုတ်ကို ညှပ်ထားသည့်လူက အထွတ်အထိပ်အဆင့် ခြေလှမ်းဝက်အင်မော်တယ်ဖြစ်သော အဖွဲ့ခေါင်းဆောင်အဖိုးအိုမှလွဲ၍ တခြားမဟုတ်ပေ။

အဖိုးအိုက ဖြည်းညင်းစွာ ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းက သူ့ကို တည်ငြိမ်စွာ ပြန်ကြည့်လိုက်ပြီး ပြောသည်။

“ သူတို့က ငါ့ရဲ့ ဓားတွေနဲ့ ငါ့ရဲ့ လူတွေ ”

အဖိုးအို၏ မျက်လုံးထဲတွင် လေးနက်သော အဓိပ္ပာယ်တစ်ခု ရှိသည်။ ထို့နောက် သူက အကြည့်ပြန်ရုပ်လိုက်ပြီး ကောင်းကင်ကို အရိုအသေပေးလိုက်သည်။

“ အင်မော်တယ်ခင်ဗျာ… ကျွန်တော့်အဖွဲ့က အရှင်ပေးထားတဲ့ အပိုတာဝန်ကို ထမ်းဆောင်ပြီးပါပြီ… အခု ကျွန်တော်တို့ ထွက်သွားနိုင်ပြီလား ”

သူစကားပြောလိုက်သည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ လူတိုင်းက နှလုံးတုန်သွားကြပြီး ခေါင်းမော့လိုက်ကြသည်။

ရွှီချင်းသည်လည်း ကောင်းကင်ကို ကြည့်လိုက်သည်။

ဤအခိုက်အတန့်မှာ တည်ငြိမ်သော ကောင်းကင်က လှိုင်းထသွားသည်။ မူလက မှောင်ရီနေသော ကောင်းကင်က တဖန်ထွန်းလင်းလာသည်။

ကောင်းကင်၏ အလင်းရောင်က ဖော်မပြနိုင်အောင် ထွန်းလင်းတောက်ပလာသည်။ ထို့နောက် ရောင်စုံအလင်းတန်းများက နေရာအနှံ့သို့ ပြန့်ကျဲသွားကြသည်။

ရောင်စုံအလင်းတန်းများကြားတွင် ပုံရိပ်တစ်ခုက တဖြည်းဖြည်း ထွက်ပေါ်လာသည်။

၎င်းက သာမန်အဖိုးအိုတစ်ယောက် ဖြစ်သည်။

သူက ရွှံ့ဖြင့် ပေကျံနေသော မိုးကာဖျင်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားသည်။ သူက လယ်သမားအဖိုးအိုတစ်ယောက်နှင့် ဆင်တူပြီး သူ၏ လက်ထဲတွင် တောင်ဝှေးတစ်ချောင်းကို ကိုင်ဆောင်ထားသည်။

တောင်ဝှေးက အက်ကွဲရာများနှင့် ပြည့်နှက်နေလေရာ သူ၏ မျက်နှာပေါ်မှ အရေးအကြောင်းများနှင့် အတော်လေး ဆင်တူသည်။

သူထွက်ပေါ်လာသည့်အခိုက် အထွတ်အထိပ်အဆင့် ခြေလှမ်းဝက်အင်မော်တယ်က ချက်ချင်း ဦးညွတ်လိုက်သည်။ ထို့အတူ သူ၏ တစ်ဖွဲ့လုံးက ဦးညွတ်လိုက်ကြသည်။

လယ်သမားအဖိုးအို ထွက်ပေါ်လာသည်နှင့်ချက်ချင်း လီမုန့်တု၏ မျက်နှာက သိသာစွာ ပြောင်းလဲသွားသည်။ သူ၏ မျက်လုံးက ရုတ်တရက် ပြူးကျယ်သွားပြီး မယုံကြည်နိုင်မှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက မသိစိတ်မှ လွှတ်ခနဲ ပြောလိုက်သည်။

“ ဆရာ ”

ရွှီချင်းက နှလုံးတုန်သွားသည်။

ထိုအဖိုးအိုထံမှ ရင်းနှီးကျွမ်းဝင်သော အငွေ့အသက်ကို သူခံစားမိသည်။

ယင်းက အတိတ်မှာ သူလက်လျော့ခဲ့သော အာဏာစက်ထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။

ယခုရောက်ရှိလာသူသည် လီမုန့်တု၏ ဆရာဖြစ်ပြီး အနောက်ပိုင်းကြယ်စင်စုမှ အင်မော်တယ်တာအိုဂိုဏ်း၏ အင်မော်တယ်ဖြစ်သည်။

သူ့ကို လူအများက အဆိပ်ဘုရင်ဟု ခေါ်ကြသည်။

ဤအခိုက်အတန့်မှာ ရွှီချင်း၏ နှလုံးသားထဲမှ သတိထားမှုက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

တစ်ဖက်လူက လူကောင်းမဟုတ်ကြောင်း ရှင်းလင်းစွာ သူနားလည်သည်။ အတိတ်မှာ တစ်ဖက်လူက အဆိပ်အာဏာစက်ကို ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် သူ့အား ပေးခဲ့ခြင်း မဟုတ်ပေ။ ထိုအာဏာစက်ထဲမှာ ချေးငှားခြင်းနှင့် ပြန်ဆပ်ခြင်းကမ္မ ရှိသည်။

အကယ်၍ အတိတ်မှာ သူသာ အချိန်လေဟာနယ်အာဏာစက်ကို ဆင်ခြင်နားမလည်ခဲ့လျှင် ယင်းက သူ့အား အဆုံးမဲ့သော ပြဿနာများကို ဖြစ်ပေါ်စေလိမ့်မည်။

သူ၏ တာအိုသည်ပင် ချေးငှားခံရလိမ့်မည်။

ထို့ကြောင့် အတိတ်မှာ သူက ယင်းကို စိတ်ဓာတ်ပြတ်သားစွာ လက်လျော့ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း တစ်ဖက်လူက ဤနေရာမှာ ထွက်ပေါ်လာလိမ့်မည်ဟု ရွှီချင်း လုံးဝ မမျှော်လင့်ထားချေ။

ထို့ပြင် ဤအဆိပ်ဘုရင်၏ သရုပ်က အင်မော်တယ်တာအိုဂိုဏ်း၏ ကောင်းကင်စောင့်ရှောက်သူမျှသာ မဟုတ်နိုင်ပေ။ သူ့မှာ တခြားရာထူးများ ရှိနိုင်သည်။

“ ငါက ရိက္ခာထိန်းသိမ်းသူဌာနရဲ့ အကြီးအကဲပဲ ”

အဆိပ်ဘုရင်က လူအုပ်ကြီးကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး အက်ရှရှအသံဖြင့် ပြောသည်။

All Chapters