← Chapters

ပွင့်လင်းမြင်သာသော အစီအစဉ်… လျှို့ဝှက်ကြံစည်မှု

Vol. 110 Ch. 1684

ပွင့်လင်းမြင်သာသော အစီအစဉ်… လျှို့ဝှက်ကြံစည်မှု

Vol. 110 Ch. 1684

အဆိပ်ဘုရင်၏ စကားသံက ပဲ့တင်ထပ်သွားသည်နှင့် သူ၏ အသံက ရောင်စုံလိပ်ပြာများအဖြစ် အသွင်ပြောင်းလဲသွားသည်။ ထိုမျိုးကွဲသက်ရှိများက အရပ်ရှစ်မျက်နှာဆီသို့ ပြန့်ကျဲသွားပြီးနောက် ရွှီချင်းနှင့် တခြားတတ်လှမ်းသူအသစ်များ၏ အရှေ့တွင် ကျောက်စိမ်းပြားများအဖြစ် ပြောင်းလဲသွားကြသည်။

ယင်းတို့က တမူထူးခြားသော လိပ်ပြာကျောက်စိမ်းပြားများ ဖြစ်ကြသည်။

အတောင်ပံတဖျပ်ဖျပ်ခတ်နေစဉ် ရိက္ခာထိန်းသိမ်းသူဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များက သူတို့အားလုံး၏ စိတ်ထဲသို့ ဝင်ရောက်သွားကြသည်။

ရိက္ခာထိန်းသိမ်းသူဌာနသည် ဧည့်ကြိုစကြာဝဠာအတွင်းရှိ ဌာန(၃၂၄)ခုအနက် တစ်ခုဖြစ်သည်။

ယင်း၏ အဓိကတာဝန်က စစ်ပွဲအတွက် အထူးလိုအပ်သော အရင်းအမြစ်များကို လိုက်လံစုဆောင်းရခြင်းနှင့် ပြင်ဆင်ပေးရခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ သူတို့က ပစ္စည်းများ စုဆောင်းရန် သတ်မှတ်ထားသော ဒေသကြီးများဆီသို့ စွန့်စားသွားလာကြရလိမ့်မည်။

ပစ္စည်းများကို စုဆောင်းပြီးသည်နှင့် သူတို့က ယင်းတို့ကို ဌာနဆီသို့ ပြန်သယ်ဆောင်လာရလိမ့်မည်။ ထို့နောက် ပစ္စည်းများကို ပို့ဆောင်ရေးဌာနဆီသို့ လွှဲပြောင်းပေးပြီး ရှေ့တန်းဆီသို့ စေလွှတ်နိုင်ရန် သေချာစေမည်။

ယခုက စစ်ပွဲဖြစ်နေသောကြောင့် ရိက္ခာထိန်းသိမ်းသူဌာနသည် အရင်းအမြစ်များ လိုက်လံစုဆောင်းခြင်းကို အဓိကဦးစားပေးတာဝန်အဖြစ် ဆောင်ရွက်သည်။

သူတို့စုဆောင်းသည့် တစ်ခုတည်းသော အရင်းအမြစ်မှာ မူလအနှစ်သာရမှလွဲ၍ တခြားမဟုတ်ပေ။ မည်သို့ဖြစ်ပါစေ မူလအနှစ်သာရက အုပ်ချုပ်သူအဆင့်နှင့် အထက်အဆင့် ကျင့်ကြံသူအားလုံးအတွက် အဖိုးမဖြတ်နိုင်သော အရင်းအမြစ် ဖြစ်သည်။

အထူးသဖြင့် စစ်မြေပြင်တွင် မူလအနှစ်သာရ၏ လိုအပ်ချက်က ဖော်မပြနိုင်အောင် ကြီးမားသည်။

ထို့ကြောင့် ရိက္ခာထိန်းသိမ်းသူဌာန၏ မူလအနှစ်သာရ စုဆောင်းသော နည်းလမ်းများသည် မင်ယန်စကြာဝဠာတွင် ရွှီချင်း အသုံးပြုခဲ့သော ငါးမျှားခြင်းထက် အများကြီး သာလွန်သည်။

ရိက္ခာထိန်းသိမ်းသူဌာနက အမှတ်ငါးကြယ်တာရာစက်ဝန်းထဲတွင် ပြန့်ကျဲနေကြသော မျိုးနွယ်ခြားများပေါ်မှာ အဓိကအာရုံထားသည်။

မူလအနှစ်သာရများကို ၎င်းတို့၏ သွေးမျိုးဆက်နှင့် အသက်စွမ်းအင်မှ တိုက်ရိုက် ဆွဲထုတ်ပြီး သန့်စင်နိုင်သည်။

ထို့ပြင် ဤဌာနက ကောင်းကင်ဘုံအလွန်အားလုံးထဲရှိ မရေမတွက်နိုင်သော နတ်ဘုရားအကျဉ်းထောင်များတွင်လည်း တာဝန်ထမ်းဆောင်ကြသေးသည်။

ထိုအကျဉ်းထောင်များက သဘာဝအားဖြင့် ကွာခြားကြသည်။ တချို့ကို ၎င်းတို့၏ သက်ဆိုင်ရာစကြာဝဠာများက ပိုင်ဆိုင်ပြီး တချို့ကိုတော့ ကောင်းကင်ဘုံအလွန်များက ပိုင်ဆိုင်ကြသည်။ ထို့ပြင် အရေအတွက်အနည်းငယ်ကို ကောင်းကင်ဘုံအလွန်များထဲမှ လွှမ်းမိုးနိုင်စွမ်းရှိသော မိသားစုများနှင့် ကလန်များက ပိုင်ဆိုင်ကြသည်။

အကျဉ်းထောင်များထဲ၌ ဖိနှိပ်ခံထားရသော နတ်ဘုရားများက မူလအနှစ်သာရသန့်စင်ခြင်း၏ ဇစ်မြစ်ဖြစ်သည်။

ထိုသတင်းအချက်အလက်က ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်နှင့် သူက မျက်လုံးမှေးကျဉ်းလိုက်သည်။ အစောနက သူမြင်တွေ့ခဲ့သော ရိက္ခာထိန်းသိမ်းသူများထံမှာ မည်သို့ကြောင့် သေခြင်းအရှိန်အဝါဖြင့် ပြည့်နှက်နေရကြောင်း နောက်ဆုံးမှာတော့ သူနားလည်သွားသည်။

အဘယ့်ကြောင့်ဆိုသော် သတ်ဖြတ်ခြင်းနှင့် သန့်စင်ခြင်းကြောင့် ဖြစ်သည်။

ထို့ပြင် ၎င်းတို့၏ လွှမ်းမိုးဖိနှိပ်သော အလုပ်တာဝန်နှင့် ရက်စက်ကြမ်းကြုတ်သော သန့်စင်ခြင်းနည်းလမ်းများကြောင့် ၎င်းတို့၏ အမူအကျင့်ထဲမှာ ဆိုးယုတ်မှုဖြင့် ပြည့်နှက်နေလေသည်။

ထိုသတင်းအချက်အလက်ထဲတွင် အဆိပ်ဘုရင်၏ သရုပ်လည်း ပါဝင်သည်။

အဆိပ်ဘုရင်သည် သူ၏ အစောပိုင်းနှစ်များတွင် ကြီးမားသော အကျိုးဆောင်မှုများကို ပြုလုပ်ခဲ့သည်။ ထို့ကြောင့် သူက အနောက်ပိုင်းကြယ်စင်စုမှ အင်မော်တယ်တာအိုဂိုဏ်း၏ ကောင်းကင်စောင့်ရှောက်သူသာမကဘဲ ရိက္ခာထိန်းသိမ်းသူဌာန၏ အကြီးအကဲအဖြစ်လည်း ရာထူးခန့်အပ်ခံခဲ့ရသည်။

လိပ်ပြာများထံမှ သတင်းအချက်အလက်များဖြင့် ပေါင်းစည်းပြီးနောက် လူတိုင်းက ရိက္ခာထိန်းသိမ်းသူဌာနအကြောင်းကို အတိုင်းအတာတစ်ခုထိ နားလည်သွားကြသည်။ ထိုစဉ် လေထဲမှာ ရပ်နေသော အဆိပ်ဘုရင်က ရွှီချင်းတို့အဖွဲ့နှင့် ပဋိပက္ခဖြစ်ခဲ့သော အဖွဲ့ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ မင်းတို့အားလုံး သွားလို့ရပြီ ”

ယင်းကို အထွတ်အထိပ်အဆင့် ခြေလှမ်းဝက်အင်မော်တယ်အဖိုးအို ကြားသောအခါ သူနှင့် သူ့အဖွဲ့သားများက တစ်ပြိုင်နက် ဦးညွတ်လိုက်ကြသည်။ ထို့နောက် သူတို့က လေထဲသို့ ပျံတတ်သွားကြပြီး ဤနေရာမှ ထွက်သွားကြသည်။

ရွှီချင်း၏ သံတုတ်ဖြင့် ထိုးစိုက်ခံရရန် လက်မလေးတင် ရှောင်ရှားနိုင်ခဲ့သော သက်လတ်ပိုင်းကျင့်ကြံသူသည်တော့ မထွက်သွားခင် အနောက်လှည့်လိုက်ပြီး ရွှီချင်းကို စိုက်ကြည့်လိုက်သည်။

သူ၏ အကြည့်ထဲတွင် ကြောက်ရွံ့မှုတစ်စွန်းတစ်စနှင့် မကျေနပ်မှုအရိပ်အယောင် ရှိသည်။

ယင်းကို ရွှီချင်းသည်လည်း သတိထားမိသည်။ ထို့ကြောင့် သူက တစ်ဖက်လူ၏ မျက်နှာကို သူ၏ မှတ်ဉာဏ်ထဲမှာ မှတ်သားလိုက်သည်။

သူတို့ထွက်သွားပြီးနောက် အနက်ရောင်ဂျယ်လီပင်လယ်ထဲတွင် ရွှီချင်းနှင့် တတ်လှမ်းသူအသစ်များသာ ကျန်ရှိကြတော့သည်။ ထို့ပြင် သူတို့အားလုံးက ရိက္ခာထိန်းသိမ်းသူဌာန၏ လုပ်ဆောင်ပုံများကို နားလည်သွားပြီးနောက် မျက်နှာတည်ကြည်သွားကြသည်။

ရွှီချင်းက သတိထားနေပြီး လီမုန့်တုက စိုးရိမ်ကြောင့်ကြနေစဉ် တခြားလူများက အဆိပ်ဘုရင်နှင့် တစ်ခါမှ မတွေ့ဆုံခဲ့ဖူးကြပေ။ သို့ဖြစ်၍ သူတို့၏ အမြင်မှာ အဆိပ်ဘုရင်က အင်မော်တယ်တစ်ပါးဖြစ်ပြီး သူတို့၏ အနာဂတ်အကြီးအကဲ ဖြစ်သည်။

ကျင့်ကြံခြင်းအဆင့်ကြောင့်ဖြစ်စေ သို့မဟုတ် အဆင့်အတန်းကြောင့်ဖြစ်စေ သူတို့အားလုံးက ထိုအဖိုးအိုကို ရိုသေလေးစားစွာ ဆက်ဆံကြရလိမ့်မည်။

မည်သို့ဖြစ်ပါစေ အမှတ်ငါးကြယ်တာရာစက်ဝန်းထဲတွင် အင်မော်တယ်များကို မလေးစားခြင်းက ကြီးမားသော ပြစ်မှုတစ်ခု ဖြစ်သည်။

“ အခုကစပြီး… ”

အဆိပ်ဘုရင်က ဖြည်းညင်းစွာ ပြောသည်။ သူက ထိုသို့ပြောပြီးနောက် ဆက်မပြောဘဲ ရပ်လိုက်သည်။

သူ၏ အကြည့်က ကြီးမားသော ဖိအားနှင့်အတူ သူ့အောက်မှ လူတိုင်းထံသို့ ဖြတ်သန်းသွားသည်။

သူက သူ့တပည့်ဖြစ်သော လီမုန့်တုကို ပိုမကြည့်သလို ရွှီချင်းကိုလည်း အာရုံမစိုက်ပေ။

ဤသည်မှာ သူက အတိတ်မှာ ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ဂရုမစိုက်သည့်အလားပင်။

အစောနက သူစီစဉ်ခဲ့သော ပဋိပက္ခသည်ပင် သာမန်ကိစ္စရပ်တစ်ခုဖြစ်ပုံရ၏။

သူ၏ အကြည့်အောက်မှာ လူတိုင်းက အလိုအလျောက် ခေါင်းငုံ့လိုက်ကြရသည်။

အချိန်တစ်ခဏကြာပြီးနောက် အဆိပ်ဘုရင်၏ အက်ရှရှအသံက ထပ်မံ ပဲ့တင်ထပ်လာသည်။

“ မင်းတို့တတ်လှမ်းသူအသစ်တွေက စစ်ပွဲအတွက် အရင်းအမြစ်စုဆောင်းဖို့ တာဝန်ရှိတယ်… မင်းတို့က အသုတ်တစ်ခုတည်းဖြစ်တာကြောင့် မင်းတို့ဘာသာ ရိက္ခာထိန်းသိမ်းသူအဖွဲ့ကို ဖွဲ့နိုင်တယ်”

“ အဖွဲ့ခေါင်းဆောင်ကတော့… ”

အဆိပ်ဘုရင်က ရွှီချင်းကို ကြည့်လိုက်သည်။ ထို့နောက် သူက ကြယ်တာရာစက်ဝန်း၊ ယွင်ရှန်းစုနှင့် ကျိုးကျန်းလီကို ကြည့်လိုက်သည်။

သူတို့လေးယောက်ထဲတွင် နှစ်ယောက်က ခြေလှမ်းဝက်အင်မော်တယ်များဖြစ်ကြပြီး တစ်ယောက်က ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး၏ တိုက်ပွဲစွမ်းအားရှိသည်။ ကျိုးကျန်းလီသည်တော့…

အဆိပ်ဘုရင်၏ အကြည့်က ကျိုးကျန်းလီပေါ်သို့ ကျရောက်လာသည့်အခါ ကျိုးကျန်းလီ၏ မျက်နှာပေါ်မှာ စိုးရိမ်မှုဖြင့် ချက်ချင်း ပြည့်နှက်သွားသည်။ သူက အမြန်အနောက်ဆုတ်သွားပြီး သူ့မှာ အဖွဲ့ခေါင်းဆောင်ရာထူးအတွက် ရည်ရွယ်ချက်မရှိကြောင်း ဖော်ပြလိုက်သည်။

ကြယ်တာရာစက်ဝန်းသည်တော့ အေးဆေးတည်ငြိမ်သည်။ သူက ထိုအခြေအနေ၏ ပုန်းကွယ်နေသော ရည်ရွယ်ချက်ကို မြင်ထားပြီးပြီ ဖြစ်သည်။ အစောနက အဖြစ်အပျက်က စမ်းသပ်မှုတစ်ခုဖြစ်ဟန် ရ၏။ သို့သော်လည်း နက်နဲစွာ စဉ်းစားမည်ဆိုလျှင် ယင်းက လူစုခွဲရန် ကြိုးစားမှုဖြစ်ကြောင်း မြင်တွေ့လိမ့်မည်။

သို့သော် ရွှီချင်း၏ ကြားဝင်နှောင့်ယှက်မှုကြောင့် လူစုခွဲခြင်းက မအောင်မြင်သွားခဲ့ပေ။

အကယ်၍ ထိုလူစုခွဲမှုသာ အောင်မြင်သွားမည်ဆိုလျှင် သူတို့အားလုံးက တစ်ဖွဲ့တည်းကျရောက်တော့မည် မဟုတ်ကြောင်း မည်သူမဆို တွေးကြည့်နိုင်သည်။

သူတို့က အဖွဲ့နှစ်ဖွဲ့ သို့မဟုတ် ပိုမိုများပြားသော အဖွဲ့များအဖြစ် ခွဲထွက်သွားကြလိမ့်မည်။

ရွှီချင်း၏ ကူညီပေးမှုက ကြယ်တာရာစက်ဝန်း မမျှော်လင့်ထားသောအရာ ဖြစ်သည်။ သို့ဖြစ်၍ တစ်ခဏ တိတ်ဆိတ်နေပြီးနောက် သူက တည်ငြိမ်စွာ ပြောသည်။

“ ကျွန်တော် အဖွဲ့ခေါင်းဆောင်ရာထူးကို စိတ်မဝင်စားပါဘူး ”

ကြယ်တာရာစက်ဝန်းက စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် ယွင်ရှန်းစုက တိတ်တဆိတ် အနောက်ဆုတ်သွားသည်။

သူ၏ ယခု အပြုအမူက အတိတ်တုန်းကနှင့် ကွာခြားသည်။ မည်သို့ဖြစ်ပါစေ မိုးသောက်အင်မော်တယ်နန်းတော်ထဲမှ အဖြစ်အပျက်များပြီးနောက် သူက ရွှီချင်းအပေါ် အလိုအလျောက် ကြောက်ရွံ့ရိုသေလာသည်။

သူက အတိတ်၌ ရွှီချင်း၏ လုပ်ပုံကိုင်ပုံများကို မြင်တွေ့ခဲ့သည့်အပြင် စတုတ္ထအလွှာထဲမှာ နောက်ဆုံးအချိန်ထိ ကျန်ရှိနေခဲ့သောကြောင့် တခြားလူများထက် ပိုမိုများပြားသော သတင်းအချက်လက်များကို ရရှိခဲ့သည်။

ထို့ကြောင့် သူက အကြမ်းဖျဉ်း ခန့်မှန်းနိုင်ခဲ့သည်။

ဥပမာ မိုးသောက်သခင်လေးက မသေဆုံးသေးပေ။ ထို့အတူ သူသိမ်းပိုက်ခဲ့သော သရုပ်သည်လည်း ယခုထိ အသက်ရှင်နေသေးသည်။

ယင်းက သူ့အား မိုးသောက်အင်မော်တယ်နန်းတော်ထဲမှ ပြန်ထွက်လာပြီးနောက် အတွေးများစွာ စဉ်းစားမိစေခဲ့သည်။

ယခုအချိန်မှာ သူက အဖွဲ့ခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်ရန် တကယ်ဆန္ဒမရှိပေ။

အဆိပ်ဘုရင်က ရွှီချင်းကို အမူအရာကင်းမဲ့စွာ ကြည့်လိုက်သည်။

“ ရွှီချင်း ”

ရွှီချင်း၏ အမူအရာက တည်ကြည်လေးနက်နေသည်။ သူက ခေါင်းမော့လိုက်ပြီး အဆိပ်ဘုရင်ကို အရိုအသေပေးလိုက်သည်။

တစ်ဖက်လူ၏ မကောင်းစိတ်ကို သူပိုပြီးနားလည်လေ ပိုပြီးသတိထားလာလေ ဖြစ်သည်။ သို့ဖြစ်၍ သူက မည်သည့်အမှားတစ်ခုကိုမှ မပြုလုပ်နိုင်ပေ။ ဥပမာ အင်မော်တယ်ကို မလေးစားသော အပြုအမူများ ဖြစ်သည်။

“ ငါမင်းကို ဒီအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်တယ်… သတ်မှတ်ထားတဲ့ ဦးတည်ရာဆီ ချက်ချင်း သွားပြီး လိုအပ်တဲ့ အရင်းအမြစ်တွေ စုဆောင်းပါ… မင်းရဲ့ တာဝန်ကို အချိန်ငါးလပေးမယ် ”

ထိုသို့ပြောပြီးနောက် အဆိပ်ဘုရင်က လက်မြှောက်လိုက်လေရာ သိုလှောင်လက်စွပ်တစ်ကွင်းက ရွှီချင်း၏ အရှေ့သို့ ပျံသန်းသွားသည်။

“ ဒီလက်စွပ်ထဲမှာ ရိက္ခာထိန်းသိမ်းသူဌာနရဲ့ ဝတ်စုံတွေ၊ သရုပ်တုံကင်တွေနဲ့ ဆောင်ရွက်ရမယ့် တာဝန်အကြောင်း အသေးစိတ် ပါဝင်တယ် ”

“ အခု တခြားလူတွေက ဧည့်ကြိုစကြာဝဠာရဲ့ အပြင်ဘက်မှာ စောင့်နေကြမယ်… ရွှီချင်းတစ်ယောက်ပဲ ဒီမှာ ကျန်နေခဲ့မယ် ”

အဆိပ်ဘုရင်က စကားဆုံးသည်နှင့် သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ လောကက ချက်ချင်း ဝုန်းခနဲ မြည်သွားသည်။ အရာအားလုံးက ဝေဝါးသွားလေရာ လောကတစ်ခုလုံး ပြောင်းလဲသွားဟန် ရသည်။ ချက်ချင်းဆိုသလို ရွှီချင်းမှလွဲ၍ ဤနေရာမှ လူတိုင်းက ပျောက်ကွယ်သွားကြသည်။

သူတို့က အင်မော်တယ်တစ်ပါး၏ စွမ်းအားအောက်မှာ ဤကြယ်ဂြိုလ်ထံမှ တိုက်ရိုက် တည်နေရာပြောင်းရွှေ့ခံလိုက်ကြရသည်။

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သော်လည်း သူ၏ အမူအရာက တည်ငြိမ်နေဆဲပင်။ သူက နေရာမှာ ရိုသေလေးစားစွာ ဆက်ရှိနေသည်။

သူနှင့် အဆိပ်ဘုရင်တွင် တစ်ယောက်က ပင်လယ်ပြင်ပေါ်မှာရှိနေပြီး အခြားတစ်ယောက်က ကောင်းကင်ပေါ်မှာ ရှိနေသည်။

လေထုက သုသာန်တစပြင်အလား တိတ်ဆိတ်ငြိမ်သက်သွားသည်။

နှစ်ဖက်စလုံးက နှုတ်ဆိတ်နေကြသည်။

အချိန်အတော်ကြာပြီးနောက် အဆိပ်ဘုရင်က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ၏ ပုံရိပ်က ဝေဝါးသွားပြီး ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။

အင်မော်တယ်တစ်ပါး သူ့အပေါ် မကောင်းကြံနေခြင်းက ရွှီချင်းအပေါ် ကြီးမားသော ဖိအားကို ဖြစ်ပေါ်စေသည်။

အထူးသဖြင့် သူ၏ အရှေ့မှ အင်မော်တယ်က သေချာပေါက် သာမန်မဟုတ်ချေ။ သူက အဆင့်နိမ့်အင်မော်တယ်များထဲမှာပင် ထိပ်ဆုံးနေရာမှာ ရှိသည်။

ထိုသို့တည်ရှိမှုက သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အတွေးတစ်ချက်ဖြင့် ဖျက်ဆီးပစ်နိုင်သည်။

ကံကောင်းစွာဖြင့် ဤနေရာက အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကမ်းစပ်ကိုးခုကောင်းကင်ဘုံထဲမှ ဧည့်ကြိုစကြာဝဠာဖြစ်သည်။ အကယ်၍ ရွှီချင်းသာ မည်သည့်အမှားမှ မလုပ်လျှင် သူ့ကိုယ်သူ ကာကွယ်နိုင်လိမ့်မည်။

သို့ဖြစ်၍ ရွှီချင်းက တစ်ဖက်လူ၏ မကောင်းစိတ်ကို သိထားသည့်တိုင် ရိုသေလေးစားစွာ ဆက်ဆံနေဆဲပင်။

“ မင်းက အရမ်းသတိကြီးပြီး စိတ်မသက်မသာဖြစ်နေတယ်… ဒါပေမဲ့ အဲ့ဒါကို မင်းက လုံးဝ မဖော်ပြဘူး… ”

“ ရွှီချင်း… ဒီဟာက မင်းကို ပထမဆုံးအကြိမ် ငါမြင်ဖူးတာဖြစ်ပေမဲ့ မင်းက ငါ့ကို တကယ်ပဲ အံ့ဩမိစေတယ် ”

အဆိပ်ဘုရင်က ဖြည်းညင်းစွာ ပြောသည်။

“ အင်မော်တယ်ရဲ့ အသိအမှတ်ပြုမှုအတွက် ကျေးဇူးတင်ပါတယ်… အရှင့်ရဲ့ ချီးကျူးမှုကို ရရှိတာက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ ”

ရွှီချင်းက ရိုသေစွာ ပြောသည်။

ယင်းကို အဆိပ်ဘုရင်ကြားသောအခါ သူ၏ အကြည့်ထဲတွင် လေးနက်သော အဓိပ္ပာယ်ဖြင့် ပြည့်နှက်သွားသည်။ ထို့နောက် သူက အရှေ့သို့ လျှောက်သွားသည်။

ရွှီချင်းက တိတ်တဆိတ် အနောက်မှ လိုက်သွားသည်။

လေပြေတိုက်ခတ်လာသည့်အခါ ပင်လယ်မျက်နှာပြင်က နိမ့်ချည်မြင့်ချည် လှုပ်ခတ်သွားသည်။

အချိန်အတော်ကြာပြီးနောက် အဆိပ်ဘုရင်၏ အသံက ပဲ့တင်ထပ်သွားသည်။

“ ရွှီချင်း… အတိတ်မှာ ငါက အင်မော်တယ်အဆင့်ကို ချိုးဖြတ်ပြီး အင်မော်တယ်အရှင်သခင်အဆင့်ဆီ တတ်လှမ်းဖို့အတွက် မင်းရဲ့ တာအိုကို ချေးငှားဖို့ ကြိုးစားခဲ့တယ် ”

ရွှီချင်းက နှုတ်ဆိတ်နေသည်။

“ မိုးသောက်အင်မော်တယ်အရှင်သခင် သေဆုံးပြီးကတည်းက အင်မော်တယ်အရှင်သခင်အသစ်တစ်ပါး မထွက်ပေါ်လာခဲ့ဘူး ”

“ ပြီးတော့ စစ်ပွဲက တစ်စတစ်စ အရှိန်မြင့်လာနေပြီး နောက်ဆုံး အဆုံးအဖြတ်ဆီ ရောက်ဖို့ သိပ်မလိုတော့ဘူး ”

အဆိပ်ဘုရင်၏ အသံက ပင်လယ်ပြင်ပေါ်မှာ လွင့်မျောသွားသည်။ ထိုထဲမှာ အကူအညီမဲ့မှုနှင့် သက်ပြင်းချမှု တစ်စွန်းတစ်စ ပါရှိသည်။

“ အဓိကသော့ချက်က အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှာ မကြာသေးခင်က နတ်ဘုရားအရှင်သခင်အသစ်တစ်ပါး ထွက်ပေါ်လာခဲ့တယ် ”

“ အခု သူတို့ရဲ့ အလုံးစုံအင်အားက ကြယ်တာရာစက်ဝန်းနှစ်ခုကြားက သေခြင်းရှင်ခြင်းတိုက်ပွဲဆီ ခေါ်ဆောင်သွားဖို့ လုံလောက်နေပြီ ”

“ ဒီတော့ ရွှီချင်း… မင်းနားလည်မယ်လို့ ငါထင်တယ်… တကယ်လို့ အမှတ်ငါးကြယ်တာရာစက်ဝန်းမှာသာ နောက်ထပ် အင်မော်တယ်အရှင်သခင်တစ်ပါး ထွက်ပေါ်လာမယ်ဆိုရင် ဒီစစ်ပွဲမှာ ငါတို့ဘက်က အသာစီးရဖို့ ပိုပြီးအခွင့်အရေးများလိမ့်မယ် ”

“ ပြီးတော့ ငါက… ”

အဆိပ်ဘုရင်က သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။

“ အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးမှာ အင်မော်တယ်အဆင့်ကို ချိုးဖြတ်ပြီး အင်မော်တယ်အရှင်သခင်အဆင့်ဆီ တတ်လှမ်းဖို့ အခွင့်အရေးအမြင့်မားဆုံး လူပဲ ”

ရွှီချင်း၏ အမူအရာက တည်ကြည်လေးနက်သွားပြီး ထပ်မံ အရိုအသေပေးလိုက်သည်။

“ အရှင် အင်မော်တယ်အရှင်သခင်အဆင့်ဆီ စောစီးစွာ တတ်လှမ်းနိုင်ဖို့ ကျွန်တော် ဆုတောင်းပေးပါတယ် ”

အဆိပ်ဘုရင်က အနောက်လှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်း၏ အမူအရာမှာ ရိုးသားမှုဖြင့် ပြည့်နှက်နေသည်။

အချိန်အတော်ကြာပြီးနောက် အဆိပ်ဘုရင်က ခေါင်းခါလိုက်ပြီး ထပ်မံ ပြုံးသည်။

“ အဲ့ဒါကို ငါမချေးငှားနိုင်ခဲ့ဘူးဆိုပေမဲ့ မင်းနဲ့ငါက ကံစပ်တယ်လို့ ဆိုနိုင်တယ်… ”

“ ဒီနေ့ မင်းတစ်ယောက်တည်းကို အထူးတာဝန်တစ်ခု ငါပေးအပ်မယ် ”

“ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်က နတ်ဘုရားအရှင်သခင်ရဲ့ နတ်ဘုရားမီးတောက်ကို ငြိမ်းသတ်နိုင်တဲ့ ကိုးရောင်ခြယ်ရွှမ်ရေခဲအပိုင်းအစကို ရှာဖွေဖို့ ရိက္ခာထိန်းသိမ်းသူဌာနကို တာဝန်ပေးအပ်ခဲ့တယ်… အဲ့ဒီတာဝန်က အမြဲတမ်း ငါ့လက်အောက်မှာရှိနေပြီး ဘယ်သူ့ကိုမှ လွှဲပြောင်းမပေးခဲ့ဖူးဘူး ”

“ ဒီနေ့ အဲ့ဒီတာဝန်ကို ငါမင်းကို ပေးမယ်… မင်း အဲ့ဒါကို ရှာဖွေဖို့ ဆန္ဒရှိလား ”

အဆိပ်ဘုရင်က တည်ငြိမ်စွာ ပြောပြီး ရွှီချင်း၏ မျက်လုံးကို ကြည့်လိုက်သည်။

ရွှီချင်းက သူ့စကား၏ အဓိပ္ပာယ်ကို နားလည်နိုင်သလော သူသိချင်သည်။

ယင်းကို ရွှီချင်းကြားသောအခါ ထူးဆန်းသော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက သူ့အရှေ့မှ အဆိပ်ဘုရင်ကို ကြည့်လိုက်လေရာ အတွေးများစွာက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သူနားလည်သည်။

ယင်းက သူ့ကို အကျိုးအမြတ်ပေးခြင်း ဖြစ်သည်။

ယင်းက မူလအနှစ်သာရများ စုဆောင်းနိုင်ရန် သွယ်ဝိုက်စွာ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။ ရိက္ခာထိန်းသိမ်းသူဌာန၏ လိုအပ်သော ပမာဏထက် ကျော်လွန်နေသော အပိုအလျှံများကို ကိုယ့်ကျိုးအတွက် အသုံးပြုနိုင်သည်။ တစ်စုံတစ်ယောက်က ဉာဏ်ရှိစွာ လုပ်ဆောင်ပြီး လောဘကြီးစွာ အလွန်အကြူး မလုပ်လျှင် မည်သည့်ပြဿနာမှ မရှိနိုင်ပေ။

ထို့ပြင် ယင်းက မျက်မှောက်ခေတ်ကို အုပ်ချုပ်နေသော ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်ထံမှ အမိန့်တာဝန်ဖြစ်သည်။ သို့ဖြစ်၍ ထိုတာဝန်က မည်သည့်ပြဿနာကိုမဆို တရားမျှတမှုဖြစ်အောင် ပြောင်းလဲစေနိုင်မည့် အမှတ်အသားတစ်ခု ဖြစ်သည်။

ထိုတာဝန်အောက်မှာ သူ၏ ရိက္ခာထိန်းသိမ်းသူသရုပ်ဖြင့်ဆိုလျှင် သီအိုရီအရ မည်သည့်အရာကိုမဆို သူလုပ်ဆောင်နိုင်ပြီး မည်သည့်ပစ္စည်းကိုမဆို သူ့စိတ်ကြိုက် လုယက်နိုင်သည်။

ထို့ပြင် ဖြစ်လာမည့် ပြဿနာတိုင်းအတွက် သူက စကားတစ်ခွန်းဖြင့် တရားမျှတစေလိမ့်မည်။

သာဓကအားဖြင့် ဤနေရာမှာ အင်မော်တယ်အရှင်သခင်လိုအပ်သော ကိုးရောင်ခြယ်ရေခဲရှိသည်ဟု သူပြောလိုက်ရုံသာ လိုအပ်ပေသည်။

ယင်းက အရာရာကို ဖြေရှင်းချက်ပေးနိုင်သည်။

ရိက္ခာထိန်းသိမ်းသူဌာန၏ လိုအပ်ချက်ထက် ကျော်လွန်သော မူလအနှစ်သာရများကိုတော့ သူ၏ ကျင့်ကြံခြင်းမှာ အသုံးပြုနိုင်ပေသည်။

သို့သော်လည်း တစ်ချိန်တည်းမှာ ယင်းက အသွားနှစ်ခုရှိသော ဓားဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ထိုတာဝန်၏ ဆိုးကျိုးများကလည်း အလွန်ထင်ရှားသည်။

ယင်းမှာ သူက ထိန်းချုပ်ခံရလိမ့်မည်။

ကိုးရောင်ခြယ်ရေခဲကို သူမရှာနိုင်သည့်အတွက် အဆိပ်ဘုရင်က သူ့ကို အချိန်မရွေး နေရာမရွေး အပြစ်ပေးနိုင်သည်။

သို့ဖြစ်၍ ထိုတာဝန်ကို သူလက်ခံလိုက်သည်နှင့် သူက တခြားလူ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားလိမ့်မည်။

ယင်းက ပွင့်လင်းမြင်သာသော အစီအစဉ်ဖြစ်သလို လျှို့ဝှက်ကြံစည်မှုလည်း ဖြစ်သည်။

အကယ်၍ သူက ယင်းကို နားလည်မည်ဆိုလျှင် ယင်းက ပွင့်လင်းမြင်သာသော အစီအစဉ်တစ်ခု ဖြစ်လိမ့်မည်။

အကယ်၍ သူက ယင်းကို နားမလည်လျှင် ယင်းက လျှို့ဝှက်ကြံစည်မှုတစ်ခု ဖြစ်လိမ့်မည်။

ရွှီချင်းက နှုတ်ဆိတ်သွားသည်။

All Chapters