မိုးသောက်ကောင်းကင်ဘုံအလွန်
Vol. 110 Ch. 1685
ယင်းက အဆိပ်ရှိသော အင်မော်တယ်သစ်သီးဖြစ်သည်။
ရွှီချင်းက ခေါင်းမော့လိုက်ပြီး အဆိပ်ဘုရင်ကို ကြည့်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူက ဦးညွတ်လိုက်သည်။
“ ကျွန်တော် လက်ခံပါတယ် ”
သူက ထိုအဆိပ်သစ်သီးကို လိုချင်သည်။
အဆိပ်ဘုရင်က မအံ့ဩပေ။
သူ၏ အမြင်တွင် ရွှီချင်းက သူနှင့်အကျင့်စရိုက် တူညီသည်။
သူတို့က ပိုပြီးသန်မာလာရန်၊ ပိုပြီးမြင့်မားသော အဆင့်သို့ တတ်လှမ်းနိုင်ရန် ကျားထံမှ ကျားသားရေကို တောင်းဝံ့ကြသည်။
ရွှီချင်းအတွက်တော့ အဆိပ်ဘုရင်က ကျားဖြစ်သည်။
သို့သော်လည်း အဆိပ်ဘုရင်၏ အမြင်တွင် ရွှီချင်းမှာလည်း ကိုယ်ပိုင်ကျားသားရေ ရှိသည်။ မည်သို့ဖြစ်ပါစေ ရွှီချင်းက အင်မော်တယ်ဘုရင်သည်ပင် ဝင်မစွက်ဖက်ဝံ့သော ကမ္မပိုင်ရှင်ဖြစ်သည်။
‘ ဒါပေမဲ့ အဲ့ဒါကမှ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာ ’
အဆိပ်ဘုရင်က ပြုံးလိုက်ပြီး သူ၏ အင်္ကျီလက်ကို လှုပ်ခါလိုက်သည်။ ထို့နောက် သူက အရှေ့သို့ ဆက်လျှောက်သွားသည်။
နောက်အခိုက်အတန့်မှာ သူ၏ ပုံရိပ်က တဖြည်းဖြည်း ဝေဝါးလာသည်။ ဤသည်မှာ သူက လောကနှင့် ပေါင်းစပ်သွားသည့်အလားပင်။ နောက်ဆုံးမှာတော့ သူက ပျောက်ကွယ်သွားသည်။
သူ၏ အသံသည်သာ လောကထဲတွင် ပဲ့တင်ထပ်သွားသည်။
“ ရွှီချင်း… အကောင်းဆုံး လုပ်ဆောင်ပါ ”
သူထွက်သွားသည်နှင့် လောကက ပုံမှန်ပြန်ဖြစ်သွားသည်။ ထို့နောက် ရွှေရောင်ကြယ်အလင်းတန်းတစ်ခုက ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသည်။ ယင်းက ရွှီချင်း၏ ခန္ဓာကိုယ်ကို လေပေါ်သို့ မြှောက်တင်ပေးလိုက်သည်။
သူက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားပြီး ရိက္ခာထိန်းသိမ်းသူဌာနတည်ရှိသော ကြယ်ဂြိုလ်ထံမှ အပြင်သို့ ပို့ဆောင်ခံလိုက်ရသည်။
ရွှီချင်းက ယင်းကို မငြင်းဆန်ဘဲ ကြယ်အလင်းတန်းကို သူ့အား လမ်းပြစေသည်။ အပေါ်သို့ သူမြှောက်တတ်သွားသည်နှင့် ကြယ်ဂြိုလ်က သူ၏ မျက်လုံးထဲမှာ ပိုပြီးသေးသထက် သေးငယ်လာသည်။ တစ်ချိန်တည်းမှာ သူ၏ အတွေးများက ကျယ်ပြောသထက် ပိုပြီးကျယ်ပြောလာသည်။
အင်မော်တယ်သစ်သီးက အဆိပ်ရှိသော်လည်း အလွန်အမင်း အရသာရှိသည်။
အရှုံးအမြတ်က အလွန်ထင်ရှားသည်။
ထို့ပြင် အကယ်၍ ထိုအင်မော်တယ်သစ်သီးကို သူမစားလျှင်ပင် တစ်ဖက်လူက သူ၏ မကောင်းကြံမှုကို စွန့်လွှတ်လိမ့်မည်ဟု ရွှီချင်း မထင်ပေ။
ထိုမကောင်းကြံမှုက အဆိပ်ဘုရင်၏ အဆင့်တတ်မှုနှင့် နက်ရှိုင်းစွာ ဆက်စပ်နေလေရာ တစ်ဖက်လူက သေချာပေါက် လက်လျော့လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် အဆိပ်ဘုရင်က လက်လျော့လိမ့်မည် မဟုတ်ကြောင်း သူသေချာနေမှတော့ အခြေအနေကို သူ့ဘာသာ လက်ဦးမှုယူနိုင်ရန် ကြိုးစားရလိမ့်မည်။
အထူးသဖြင့် ယခုအချိန်မှာ သူ့အတွက် အရေးကြီးဆုံးက အချိန်နှင့် ကျင့်ကြံခြင်းအရင်းအမြစ်များဖြစ်ကြောင်း ရှင်းလင်းစွာ သိထားသည်။
ဤအခွင့်အရေးကို သူအသုံးချပြီး သူ၏ ကျင့်ကြံခြင်းကို မြှင့်တင်နိုင်မည်။
အကယ်၍ သူက ဤတစ်ကြိမ်တွင် ယင်းကို ရှောင်ရှားလိုက်သော် အနာဂတ်မှာ အဆိပ်၏ သက်ရောက်မှုအလားအလာက ပိုပြီးကြီးထွားလာနိုင်ခြေ ရှိသည်။ ထိုသို့ဆိုမှတော့ အဆိပ်မကြီးထွားခင် ယင်းကို သူစားသုံးပြီး သူ့ကိုယ်သူ ပိုပြီးသန်မာစေရန် ဆောင်ရွက်ရလိမ့်မည်။
ယင်းက အတိတ်၌ ပြိုင်ဘက်ကင်းမြို့တော်ထဲမှာ နတ်ဘုရားမျက်နှာပျက်ကြီး မျက်လုံးဖွင့်လှစ်ခဲ့စဉ်က ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ သူလျှောက်လှမ်းမည်ဟု စိတ်ဆုံးဖြတ်ခဲ့စဉ်ကနှင့် တူညီသည်။ ကျင့်ကြံခြင်းက ဒြပ်နှောစုဝေးခြင်းကို ပိုပြီးမြန်ဆန်စေနိုင်ကြောင်း သူသိသော်လည်း ကျင့်ကြံရန် စိတ်ဓာတ်ပြတ်သားစွာ ရွေးချယ်ခဲ့ဆဲပင်။
သူ၏ စိတ်အခြေအနေက ထိုအတိုင်း ဖြစ်သည်။
အတိုင်းအတာတစ်ခုထိဆိုရလျှင် အဆိပ်ဘုရင်၏ ရွှီချင်းအပေါ် အကဲဖြတ်မှုက မမှားပေ။
ထိုအပိုင်းနှင့်ပတ်သက်လျှင် ရွှီချင်းနှင့် သူက တစ်မျိုးတစ်စားတည်း ဖြစ်ကြသည်။
“ အဆိပ်ကတော့… အဲ့ဒါက လုံးဝမဖြေနိုင်တဲ့အရာ မဟုတ်ဘူး… ”
ရွှီချင်းက မျက်မှောင်ကြုတ်လိုက်လေရာ သူ၏ မျက်လုံးထဲမှ ကြယ်ဂြိုလ်ပုံရိပ်က ပိုပြီးသေးငယ်သွားသည်။ ဧည့်ကြိုစကြာဝဠာ၏ ကျယ်ပြောမှုက သူ၏ အကြည့်အောက်မှာ တဖြည်းဖြည်း ကျုံ့သွားပြီး ထင်သာမြင်သာလာသည်။ နောက်ဆုံးမှာတော့ ဧည့်ကြိုစကြာဝဠာတစ်ခုလုံး၏ အသွင်သဏ္ဍာန်က သူ၏ မျက်လုံးထဲမှာ အပြည့်အဝ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာ သူက လမ်းပြကြယ်အလင်းတန်း၏ အဝေးသို့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရသည်။
သူပြန်ပေါ်လာသည့်အခါ ဧည့်ကြိုစကြာဝဠာ၏ အပြင်ဘက်မှ ကြယ်တာရာကောင်းကင်ဆီသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် သူက ကြယ်တာရာစက်ဝန်းနှင့် တခြားတတ်လှမ်းသူများကို မြင်တွေ့သွားသည်။
သူတို့က စောင့်ဆိုင်းနေကြသည်။
ရွှီချင်း၏ ပုံရိပ်ကို မြင်လိုက်သည်နှင့်ချက်ချင်း အကြည့်အားလုံးက သူ့အပေါ်မှာ စုဝေးသွားကြသည်။ ရွှီချင်းက ကြယ်တာရာကောင်းကင်ပေါ်မှာ ရပ်လိုက်သည်။
ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်ပြီး အဆိပ်ဘုရင် သူ့အား ပေးခဲ့သော သိုလှောင်လက်စွပ်ကို ဖွင့်လိုက်သည်။ ရိက္ခာထိန်းသိမ်းသူဌာန၏ သရုပ်တုံကင်များက တစ်ယောက်ပြီးတစ်ယောက်ထံသို့ ပျံသန်းသွားကြသည်။
တုံကင်များက မီးခိုးရောင်ကျောက်စိမ်းပြားများ ဖြစ်ကြသည်။
ကျင့်ကြံသူတစ်ယောက်စီက တုံကင်ကို ယူပြီးသည်နှင့် သူတို့၏ နတ်ဘုရားစိတ်အာရုံကို အထဲသို့ ပို့လွှတ်လိုက်ကြသည်။ ထိုအခါ တောက်ပသော အလင်းတန်းက သူတို့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ စက္ကန့်ပိုင်းအတွင်းမှာ သူတို့၏ အဝတ်အစားများက အိတ်ကပ်တစ်ရာပါရှိသော မီးခိုးရောင်ဝတ်စုံအဖြစ် ပြောင်းလဲသွားသည်။
ရွှီချင်း၏ ပုံရိပ်သည်လည်း အလင်းတန်းဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ အလင်းတန်း ပျောက်ကွယ်သွားသည့်အခါ သူ၏ ဝတ်စုံက အိတ်ကပ်တစ်ရာပါရှိသော မီးခိုးရောင်ဝတ်စုံအဖြစ် ပြောင်းလဲသွားသည်။
အဝေးမှကြည့်လျှင် မီးခိုးရောင်ဝတ်စုံကို တူညီစွာ ဝတ်ဆင်ထားကြသော ကျင့်ကြံသူ(၈၉)ယောက်က ကြယ်တာရာကောင်းကင်ထဲမှာ စုဝေးရှိနေကြကြောင်း မြင်ရလိမ့်မည်။ သူတို့အားလုံးက ရိုးရှင်းစွာ ရပ်နေကြသော်လည်း ဖော်မပြနိုင်သော ဩဇာအရှိန်အဝါကို ထုတ်လွှတ်နေကြသည်။
ကျိုးကျန်းလီ၏ အမူအရာက တည်ကြည်လေးနက်သွားသည်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီးနောက် ရွှီချင်းကို အရိုအသေပေးလိုက်ပြီး သူ၏ နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်လိုက်သည်။
“ အဖွဲ့ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ် ”
သူတို့၏ စိတ်ထဲမှာ မည်သည့်အတွေးများရှိနေပါစေ ဤအခိုက်အတန့်မှာ တခြားတတ်လှမ်းသူများသည်လည်း ဦးညွတ်လိုက်ကြသည်။
ယွင်ရှန်းစုသည်လည်း ဦးညွတ်လိုက်သည်။ ချမ်ကျွင်းနှင့် ပိုင်ရီသည်တော့ တစ်ခဏတုံ့ဆိုင်းသွားပြီးနောက် အရိုအသေပေးရန် ပြင်လိုက်ကြသည်။ သို့သော်လည်း ကြယ်တာရာစက်ဝန်းက တုပ်တုပ်မလှုပ်ကြောင်း သူတို့မြင်သွားသောအခါ ထိုညီအကိုနှစ်ယောက်က အနည်းငယ် မောက်မာသွားကြသည်။
ရွှီချင်းက သူ့အဖွဲ့သားများကို ဝေ့ဝိုက်ကြည့်လိုက်သည်။ သူက ဝတ်စုံကို သိပ်အာရုံမထားဘဲ တာဝန်ကျောက်စိမ်းပြားကို အာရုံစူးစိုက်လိုက်သည်။
ထိုထဲမှာ ရိက္ခာထိန်းသိမ်းသူများအနေဖြင့် ပထမဆုံး သူတို့ဆောင်ရွက်ရမည့် တာဝန်ပါရှိသည်။ သူတို့သွားရောက်ရမည့် နေရာကို ဖရိုဖရဲကောင်းကင်စကြာဝဠာဟု ခေါ်သည်။
သူတို့က ထိုနေရာမှာ အရင်းအမြစ်များ စုဆောင်းရလိမ့်မည်။
သို့သော်လည်း ထိုဖရိုဖရဲကောင်းကင်စကြာဝဠာက အနည်းငယ် ထူးခြားသည်။
ယင်းက ကမ်းစပ်ကိုးခုကောင်းကင်ဘုံထဲမှာ မဟုတ်ပေ။
ယင်း၏ တည်နေရာက အတိတ်မှာ တည်ရှိခဲ့သော တခြားကောင်းကင်ဘုံအလွန်မှာ ဖြစ်သည်။
ထို့ပြင် ထိုကောင်းကင်ဘုံအလွန်၏ ပိုင်ရှင်က အင်မော်တယ်အရှင်သခင်ဆယ့်တစ်ပါးထဲမှာ မပါဝင်ပေ။
အတိအကျဆိုရသော် ထိုကောင်းကင်ဘုံအလွန်၏ အင်မော်တယ်အရှင်သခင် သေဆုံးသွားပြီးနောက် ယင်းက ပိုင်ရှင်မဲ့နယ်မြေတစ်ခု ဖြစ်သွားသည်။
ထိုကောင်းကင်ဘုံအလွန်၏ နာမည်သည်လည်း ဖယ်ရှားခံခဲ့ရသည်။
တာဝန်ကျောက်စိမ်းပြားထဲမှ ထိုအချက်အလက်များကို မြင်တွေ့သွားသောအခါ ရွှီချင်းက နှလုံးတုန်သွားသည်။
သူတစ်ယောက်တည်း မဟုတ်ပေ။ တစ်လှမ်းသူအသစ်များထဲတွင် ကြယ်တာရာစက်ဝန်း၏ အမူအရာသည်လည်း ပြောင်းလဲသွားသည်။
အဘယ့်ကြောင့်ဆိုသော် အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးတွင် ထိုအချက်အလက်အားလုံးနှင့် ကိုက်ညီသည့်နေရာက တစ်ခုတည်း ရှိသည်။
ယင်းက ယခင်မိုးသောက်ကောင်းကင်ဘုံအလွန် ဖြစ်သည်။
သို့ဖြစ်၍ လီမုန့်တုနှင့် ကျိုးကျန်းလီက ရွှီချင်းကို ကြည့်လိုက်ကြသည်။ ချမ်ကျွင်း၊ ပိုင်ရီ၊ ယွင်ရှန်းစုနှင့် ကြယ်တာရာစက်ဝန်းသည်ပင် ရွှီချင်းကို မကြည့်ဘဲ မနေနိုင်ကြပေ။
မိုးသောက်အင်မော်တယ်နန်းတော်ထဲတွင် သူတို့တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များအရ ရွှီချင်း၏ သရုပ်က မိုးသောက်သခင်လေး ဖြစ်သည်။
ယင်းက သူတို့အပေါ် လေးနက်သောအမြင် ကျန်ရစ်စေခဲ့သည်။
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး တာဝန်ကျောက်စိမ်းပြားကို ဆက်လက် စစ်ဆေးကြည့်လိုက်သည်။
ထိုကျောက်စိမ်းပြားထဲတွင် ဖရိုဖရဲကောင်းကင်စကြာဝဠာဆီသို့ ခရီးသွားရန်အလို့ငှာ သတ်မှတ်ထားသော တည်နေရာပြောင်းရွှေ့ခြင်းနေရာဆီသို့ ကူးပြောင်းရန် တာဝန်ကျောက်စိမ်းပြားကို လိုအပ်ကြောင်း အသေးစိတ် ဖော်ပြထားသည်။
ထိုအင်မော်တယ်အရှင်သခင် သေဆုံးသွားပြီးနောက် ထိုကောင်းကင်ဘုံအလွန်က စွန့်ပစ်နယ်မြေတစ်ခုဖြစ်လာသည်ဟု ကျောက်စိမ်းပြားထဲမှာ ရှင်းပြထားသည်။ ရလဒ်အနေဖြင့် ယင်းက အင်အားမျှယူခြင်းနှင့် နယ်မြေလုခြင်းကို ဖြစ်ပေါ်စေသည်။
ထို့ပြင် ထိုကောင်းကင်ဘုံအလွန်ထဲမှ ဒေသခံမျိုးနွယ်ခြားများက ပမာမခန့်ပြုလာကြသည်။
မည်သို့ဖြစ်ပါစေ သူတို့ကို အုပ်ချုပ်မည့်လူ မရှိပေ။
ထို့ပြင် အချိန်ကြာလာသည်နှင့်အမျှ တခြားကောင်းကင်ဘုံအလွန်များမှ အင်အားစုများက ဤနယ်မြေဆီသို့ ကျူးကျော်ဝင်ရောက်လာကြသည်။ ယင်းက ထိုကောင်းကင်ဘုံအလွန်ကို တစ်ကွဲတစ်ပြားဖြစ်စေပြီး ကျောထောက်နောက်ခံအသီးသီးရှိသော ဂိုဏ်းများကို ပေါ်ထွန်းလာစေသည်။
အဓိကအားဖြင့် တခြားကောင်းကင်ဘုံအလွန်များနှင့် နှိုင်းယှဉ်လျှင် ဖရိုဖရဲကောင်းကင်စကြာဝဠာက ဖရိုဖရဲဖြစ်နေသော နယ်စပ်နှင့် ဆင်တူသည်။ ယင်းက ဥပဒေမဲ့ဇုန်တစ်ခု ဖြစ်သည်။ ထိုနေရာတွင် နက်ရှိုင်းသော ချောက်နက်များနှင့် ပုန်းကွယ်နေသော အန္တရာယ်များ အများကြီး ရှိသည်။
ထိုနေရာမှာ မျိုးနွယ်ခြားအများအပြားနှင့် ရှုပ်ထွေးနက်နဲသော အင်အားစုများ ရှိကြသည်။ တစ်ချိန်တည်းမှာ ယင်းက ကောင်းကင်ဘုံအလွန်အားလုံးထဲတွင် နတ်ဘုရားအကျဉ်းထောင်အများဆုံး တည်ရှိသောနေရာလည်း ဖြစ်သည်။
မည်သို့ဖြစ်ပါစေ အတိတ်မှာ မိုးသောက်အင်မော်တယ်အရှင်သခင်၏ တိုက်ပွဲစွမ်းအားက အင်မော်တယ်အရှင်သခင်အားလုံးထဲတွင် ထိပ်ဆုံးဖြစ်သည်ဟု ဆိုနိုင်သည်။ ဖရိုဖရဲကောင်းကင်စကြာဝဠာဆီသို့ ခရီးစဉ်ကိုလည်း ကျောက်စိမ်းပြားထဲမှာ ဖော်ပြထားသည်။ ထိုစကြာဝဠာက ကောင်းကင်ဘုံအလွန်၏ အစွန်အဖျားမှာ တည်ရှိသည်။ စကြာဝဠာကို ဖရိုဖရဲကောင်းကင်တော်ဝင်မိသားစုက ထိန်းချုပ်ထားပြီး ထိုနေရာမှာ နတ်ဘုရားအကျဉ်းထောင်(၃၁)ခု ရှိသည်။
ထိုအကျဉ်းထောင်(၃၁)ခုထဲတွင် အကြီးမားဆုံး အကျဉ်းထောင်က (က၂၉)ဖြစ်ပြီး ထိုနေရာမှာ နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားများကို ချုပ်နှောင်ထားသည်။
ကျောက်စိမ်းပြားထဲမှ သတင်းအချက်အလက်များကို အပြည့်အဝ စုပ်ယူပြီးနောက် ရွှီချင်းက ယင်းကို ပြန်သိမ်းဆည်းလိုက်သည်။ သူ၏ စူးရှသော အကြည့်က သူ့အရှေ့မှ လူအုပ်ကြီးထံသို့ ကျရောက်သွားပြီး သူတို့၏ တုံ့ပြန်မှုများကို လေ့လာလိုက်သည်။
သူက မည်သည့်စကားမှ မပြောဘဲ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ သူက ကျောက်စိမ်းပြား၏ လမ်းညွှန်မှုအတိုင်း အနီးဆုံးမှာရှိသော တည်နေရာပြောင်းရွှေ့ခြင်းနေရာဆီသို့ မြန်ဆန်စွာ ပျံသန်းသွားသည်။
ကျိုးကျန်းလီနှင့် လီမုန့်တုက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အနောက်မှ ချက်ချင်း လိုက်သွားကြသည်။
တခြားတတ်လှမ်းသူများသည်လည်း ထူးဆန်းသော အကြည့်များနှင့်အတူ အတူတကွ ရွေ့လျားသွားကြသည်။
ထိုသို့ဖြင့် သူတို့အုပ်စုက သက်တံ့(၈၉)ခုအဖြစ် ပြောင်းလဲသွားကြပြီး ကြယ်တာရာကောင်းကင်ထဲမှာ မြန်ဆန်စွာ ရွေ့လျားနေကြသည်။
သူတို့၏ အလျင်က အလွန်မြန်ဆန်လေရာ အနီးနားဝန်းကျင်မှ ကျင့်ကြံသူများက သူတို့အုပ်စုကို မြင်သွားသောအခါ မျက်မှောင်ကြုတ်သွားကြသည်။ သူတို့က ချက်ချင်း ဘေးဖယ်ပေးလိုက်ကြသည်။
ရိက္ခာထိန်းသိမ်းသူဌာနက နာမည်ဆိုးဖြင့် ကျော်ကြားကြောင်း ထင်ရှားပေသည်။ သူတို့က သားရဲများနှင့် ဆင်တူကြသည်။ သို့ဖြစ်၍ မည်သူကမှ သူတို့နှင့် အဆက်အဆံ မပြုလုပ်ချင်ကြပေ။
ထိုသို့ဖြင့် လဝက် ကုန်ဆုံးသွားသည်။
ကမ်းစပ်ကိုးခုကောင်းကင်ဘုံထဲမှ တည်နေရာပြောင်းရွှေ့ခြင်းစင်မြင့်တစ်ခုကို ရှေးခေတ်ကြယ်ဂြိုလ်တစ်ခုပေါ်မှာ တည်ဆောက်ထားသည်။ ရွှီချင်းနှင့် တခြားလူများက ထိုကြယ်ဂြိုလ်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်သွားကြသည်။ ရွှီချင်းက တာဝန်ကျောက်စိမ်းပြားကို ထုတ်လိုက်သည်နှင့် တည်နေရာပြောင်းရွှေ့ခြင်းစင်မြင့်က တုန်ခါသွားသည်။
နောက်အခိုက်အတန့်မှာ တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားက ပေါ်လျှိုးလာပြီး အရပ်ရှစ်မျက်နှာဆီသို့ ပျံ့နှံ့သွားမည့် အလင်းစက်ကွင်းများကို ထုတ်လွှတ်လိုက်သည်။
ထို့နောက် ရွှီချင်းအပါအဝင် လူတိုင်းက တည်နေရာပြောင်းရွှေ့ခြင်းစင်မြင့်ပေါ်မှ ပျောက်ကွယ်သွားကြသည်။
ထိုတည်နေရာပြောင်းရွှေ့ခြင်းက အဆုံးသတ်ရန် ငါးရက်ကြာမြင့်ခဲ့သည်။
သူတို့ပြန်ပေါ်လာသည့်အခါ မရင်းနှီးသော ကြယ်တာရာကောင်းကင်ပေါ်မှ အနီရောင်ကျောက်တုံးစင်မြင့်တစ်ခုပေါ်သို့ ရောက်ရှိသွားနှင့်ကြသည်။ ကျောက်တုံးစင်မြင့်ပေါ်မှာ အက်ကွဲရာများဖြင့် ပြည့်နှက်နေပြီး ယင်းက ရှေးဟောင်းအငွေ့အသက်ကို ထုတ်လွှတ်နေသည်။
ထိုကျောက်တုံးစင်မြင့်က အလွန်မြင့်မားသော အပူချိန်ကိုလည်း ထုတ်လွှတ်နေသည်။
ကောင်းကင်ဘုံအလွန်များကြားမှ တည်နေရာပြောင်းရွှေ့ခြင်းက တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များကို အလွန်အမင်း စွမ်းအင်ကုန်ဆုံးစေကြောင်း ထင်ရှားပေသည်။
ထိုသို့တည်နေရာပြောင်းရွှေ့ခြင်းတွင် ကျင့်ကြံသူများသည်လည်း မြင့်မားသော ကျင့်ကြံခြင်းအခြေခံရှိရန် လိုအပ်သည်။ အကယ်၍ သူတို့၏ ကျင့်ကြံခြင်းက အလုံအလောက် မသန်မာလျှင် သူတို့က တည်နေရာပြောင်းရွှေ့နေစဉ်အတွင်း ဖျက်ဆီးခံရနိုင်သည်။ ထို့ပြင် သူတို့၏ စိတ်ထဲမှာ မည်သည့်ပြစ်ချက်မှမရှိရန်လည်း လိုအပ်သည်။ သို့မဟုတ်လျှင် သူတို့က တည်နေရာပြောင်းရွှေ့နေစဉ်အတွင်း ဝိညာဉ်ဆုံးရှုံးသွားနိုင်သည်။
ဤအခိုက်အတန့်မှာ သူတို့ထွက်ပေါ်လာသည်နှင့် သူတို့ထဲမှ ကျင့်ကြံသူဒါဇင်ခန့်က သွေးအန်လိုက်ရပြီး ပြန်လည်ကုသရန် ချက်ချင်း တင်ပျဉ်ခွေထိုင်လိုက်ကြသည်။
ဝိညာဉ်ဖရိုဖရဲဖြစ်နေသောကြောင့် မိန်းမောတွေဝေနေကြသော ကျင့်ကြံသူတချို့လည်း ရှိကြသည်။
ရွှီချင်းနှင့် ကြယ်တာရာစက်ဝန်းသည်ပင် စိတ်မသက်မသာ ခံစားမိကြသည်။
ကံကောင်းစွာဖြင့် ဤတတ်လှမ်းသူအားလုံးသည် ခက်ခဲကြမ်းတမ်းမှုများကို ရင်ဆိုင်ဖြတ်ကျော်လာခဲ့သူများ ဖြစ်ကြသည်။ အပြင်လောက၌ သူတို့၏ ကျင့်ကြံခြင်းနှင့် အသိစိတ်က ရွယ်တူများထဲတွင် ထိပ်ဆုံးအဆင့်မှာ ရှိကြသည်။
သို့ဖြစ်၍ တည်နေရာပြောင်းရွှေ့ခြင်း၏ အကျိုးဆက်က ပြင်းထန်သော်လည်း သူတို့က တဖြည်းဖြည်း ပြန်သက်သာလာကြသည်။ ထို့နောက် သူတို့တစ်ယောက်စီက သူတို့၏ နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ကြသည်။
ဤနေရာမှ ကြယ်တာရာကောင်းကင်တွင် အလင်းရောင်မရှိပေ။
ကြယ်အလင်းရောင်က မှေးမှိန်နေသည်။
ထို့ပြင် ဝိညာဉ်စွမ်းအင်က အများကြီး ပိုပါးလွှာသည်။
ဤနေရာက စွန့်ပစ်ကုန်းမြေ ဖြစ်သည်။
“ ဒီနေရာက ဖရိုဖရဲကောင်းကင်စကြာဝဠာပဲ ”
ရွှီချင်းက ကျောက်တုံးစင်မြင့်ပေါ်မှာ မတ်တတ်ရပ်နေလျက် အဝေးသို့ ကြည့်လိုက်သည်။ ထို့နောက် သူက ကျိုးကျန်းလီကို ကြည့်လိုက်သည်။
ကျိုးကျန်းလီက ချက်ချင်း နားလည်သွားသည်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး စကားမပြောခင် ရွှီချင်းကို အရိုအသေပေးလိုက်သည်။
“ သခင်လေး… ဒီတစ်ခေါက် တာဝန်နဲ့ လိုအပ်တဲ့ မူလအနှစ်သာရပမာဏကို လူတိုင်းက ရှင်းရှင်းလင်းလင်း နားလည်ထားပြီးကြပါပြီ ”
“ ကျွန်တော်တို့တွေ လူစုခွဲပြီး တာဝန်ထမ်းဆောင်တာက ပိုကောင်းမယ်လို့ ထင်ပါတယ် ”
“ ဘယ်လိုနည်းလမ်းကိုပဲ အသုံးပြုပါစေ နောက်ဆုံးမှာ ကျွန်တော်တို့က သက်ဆိုင်ရာဝေစုတွေနဲ့ ပြန်ရောက်လာကြမယ် ”
“ တကယ်လို့ ခရီးလမ်းမှာ အနှောင့်အယှက်တစ်ခုခုနဲ့ တွေ့ကြုံမယ်ဆိုရင် အနီးနားက အဖွဲ့သားတွေကို မူလအနှစ်သာရတချို့ ပေးပြီးတော့ အကူအညီတောင်းနိုင်မယ် ”
“ ဒါပေါ့… တကယ်လို့ အခြေအနေက ကျွန်တော်တို့ဘာသာ မဖြေရှင်းနိုင်တဲ့အရာဆိုရင် သခင်လေးကိုပဲ ဒုက္ခပေးရပါလိမ့်မယ်… ဒါပေမဲ့ အဲ့ဒီအခြေအနေကို ဖြေရှင်းပြီးတဲ့အခါကျရင် သခင်လေးရဲ့ ကူညီပေးမှုအတွက် လုံလောက်တဲ့ မူလအနှစ်သာရပမာဏကို ဘာမှမပြောဘဲ ပေးရမယ် ”
“ သခင်လေး… ဒီဟာကို ဘယ်လိုထင်ပါသလဲ ”
သူ၏ စကားဆုံးသည်နှင့် ကျိုးကျန်းလီက ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး ငြင်းဆန်သော အရိပ်အယောင်မပြချေ။ သူက အုပ်စုဖွဲ့ခြင်းကို စိတ်မဝင်စားပေ။ လူတိုင်းဆီမှာ အရင်းအမြစ်လိုအပ်ချက်နှင့် ရည်ရွယ်ချက်ကိုယ်စီရှိကြောင်း သူနားလည်သည်။
ထိုသို့ဆိုမှတော့ အရင်းအမြစ်များကို ကိုယ့်ဘာသာရှာဖွေပြီး ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စုဆောင်းခြင်းက ပိုပြီးကောင်းပေသည်။
“ ငါက အကျဉ်းထောင်(က၂၉)ကို သွားမယ်… မင်းတို့က အချင်းချင်း ဆွေးနွေးတိုင်ပင်ပြီး တခြားအကျဉ်းထောင်တွေဆီ ကိုယ့်ဘာသာ သွားကြပါ ”
ရွှီချင်းက စကားဆုံးသည်နှင့် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး အဝေးမှ ကြယ်တာရာကောင်းကင်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
အကျဉ်းထောင်(က၂၉)က ဖရိုဖရဲကောင်းကင်စကြာဝဠာထဲမှာ အကြီးမားဆုံး နတ်ဘုရားအကျဉ်းထောင် ဖြစ်သည်။
ရွှီချင်းထွက်သွားပြီးနောက် လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အချင်းချင်း နတ်ဘုရားစိတ်အာရုံဖြင့် ဆက်သွယ်လိုက်ကြသည်။ တချို့က တစ်ကိုယ်တည်း လှုပ်ရှားရန် ရွေးချယ်ကြပြီး တချို့သည်တော့ သုံးယောက်မှ ငါးယောက်အထိ အုပ်စုဖွဲ့ကြသည်။
မကြာမီ သူတို့က ကျိုင်းကောင်များသဖွယ် မတူညီသော အရပ်ဒေသအသီးသီးဆီသို့ ပျံသန်းသွားကြသည်။
တစ်ချိန်တည်းမှာ ဖရိုဖရဲကောင်းကင်စကြာဝဠာ၏ အနက်ပိုင်းထဲရှိ ကြယ်အဖွဲ့အစည်းတစ်ခုထဲတွင် ဖော်မပြနိုင်အောင် ခမ်းနားထည်ဝါသော ဧရာမနန်းတော်တစ်ခုက လေထဲမှာ မျောလွင့်နေသည်။
သီချင်းသံများနှင့် ကခုန်ခြင်းက နန်းတော်ထဲမှာ ပြည့်နှက်နေသည်။
နန်းတော်၏ အလယ်ဗဟိုမှ မြင့်မြတ်ထည်ဝါသော ရာဇပလ္လင်ပေါ်တွင် ဧရာမပုံရိပ်တစ်ခုက ထိုင်နေသည်။ ၎င်း၏ တစ်ကိုယ်လုံးက အနီရောင်ဖြစ်ပြီး ၎င်းမှာ မျက်နှာနှစ်ခုရှိသည်။ မျက်နှာတစ်ခုက အရှေ့ဘက်မှာရှိနေစဉ် တခြားမျက်နှာက အနောက်ဘက်မှာ ရှိနေသည်။ ထိုလူ့ဘီလူးက လက်တစ်ဖက်ကို ၎င်း၏ နဖူးပေါ်မှာ တင်ထားလေရာ အတွေးနက်နေဟန် ရ၏။
ရုတ်တရက် ကျောက်စိမ်းပြားတစ်ခုက နန်းတော်အပြင်ဘက်မှ ဟင်းလင်းပြင်ကို ဖြတ်သန်း၍ လူ့ဘီလူးဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။ ထို့နောက် ကျောက်စိမ်းပြားက လူ့ဘီလူး၏ အရှေ့တွင် အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။
နောက်အခိုက်အတန့်မှာ တစ္ဆေပုံရိပ်တစ်ခုက အက်ကွဲသွားသော ကျောက်စိမ်းပြားအပိုင်းအစများထဲမှ ပေါ်လျှိုးလာပြီး မျက်နှာနှစ်ခုလူ့ဘီလူးကို အရိုအသေပေးလိုက်သည်။
“ အရှင်မင်းကြီး… ကမ်းစပ်ကိုးခုကောင်းကင်ဘုံအလွန်က အဖွဲ့တစ်ဖွဲ့က ကျုပ်တို့ရဲ့ ဖရိုဖရဲကောင်းကင်စကြာဝဠာဆီ ဝင်ရောက်လာပါတယ် ”
မျက်နှာနှစ်ခုလူ့ဘီလူးက မထူးမခြားနား အမူအရာဖြင့် ၎င်းအောက်မှ ကချေသည်မိန်းကလေးများကို ကြည့်လိုက်သည်။ ဤသည်မှာ ၎င်းအတွက်တော့ ၎င်း၏ လက်အောက်ငယ်သား သယ်ဆောင်လာသော သတင်းထက် ကချေသည်မိန်းကလေးများက ပိုပြီးစိတ်ဝင်စားစရာကောင်းသည့်အလားပင်။ အချိန်အတော်ကြာပြီးနောက် ၎င်းက ဖော်မပြနိုင်သော ဩဇာအာဏာနှင့်အတူ နက်ရှိုင်းစွာ ပြောသည်။
“ ခါတိုင်းလိုပဲ သူတို့အတွက် မူလအနှစ်သာရ နည်းနည်းလောက် စီစဉ်ပေးလိုက်ပါ… တကယ်လို့ ဒီလေလွင့်ခွေးအုပ်စုက သူတို့နေရာသူတို့သိမယ်ဆိုရင်တော့ အရိုးကိုက်ပြီး မြန်မြန်ထွက်သွားကြလိမ့်မယ် ”
“ အဲ့လိုမှမဟုတ်ဘဲ ကစားပွဲရဲ့ အရှင်သခင်တွေကို မသိချင်ယောင်ဆောင်နေမယ်ဆိုရင်တော့ ဒီဖရိုဖရဲကောင်းကင်စကြာဝဠာမှာ ဘယ်သူက အရှင်သခင်တွေလဲဆိုတာ သူတို့သိအောင် သတိပေးလိုက်မယ် ”