← Chapters

နတ်ဘုရားအစာ

Vol. 110 Ch. 1686

နတ်ဘုရားအစာ

Vol. 110 Ch. 1686

ကျယ်ပြောလှသော ကြယ်တာရာကောင်းကင်ထဲတွင် ရွှီချင်းက ကြယ်ပျံတစ်စင်းပမာ အရှေ့သို့ ဖြောင့်တန်းစွာ ရွေ့လျားနေသည်။

သူဖြတ်သန်းသွားသည့်နေရာတိုင်း ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က လှိုင်းအတွန့်တွန့်ထသွားပြီး ကြယ်အလင်းရောင်က ပုံပျက်တွန့်လိမ်သွားသည်။

ယင်းက မြင့်မားသော ကျင့်ကြံခြင်းအခြေခံ၏ သဘာဝအလျောက် တုံ့ပြန်မှုဖြစ်သလို အင်မော်တယ်သန္ဓေသားလောင်း၏ စွမ်းအားကြောင့်လည်း ဖြစ်၏။

အတိုင်းအတာတစ်ခုထိဆိုရလျှင် ယင်းက နတ်ဘုရားများနှင့် အလားသဏ္ဍာန်တူသည်။

ယင်းက မြင့်မားသော ကျင့်ကြံခြင်းအဆင့်တွင် မရှောင်လွှဲနိုင်သောအရာ ဖြစ်သည်။

အားနည်းချက်က ပုံသဏ္ဍာန်မျိုးစုံဖြင့် ရှိနေနိုင်သော်လည်း အနန္တစွမ်းအား၏ ပြယုဂ်က အမြဲတမ်း တစ်ခုတည်း ဖြစ်သည်။ ယင်းက အကြွင်းမဲ့ပေါင်းစည်းမှု ဖြစ်သည်။

ဤအခိုက်အတန့်မှာ ရွှီချင်းက ဦးတည်ရာကို သတ်မှတ်ပြီးနောက် သူ၏ အလျင်ကို အမြင့်ဆုံးထိ ထုတ်လွှတ်လိုက်သည်။

သူက သူ၏ အင်မော်တယ်သန္ဓေသားလောင်းကို အာရုံခံနေစဉ် ဤစကြာဝဠာနှင့် ဤကောင်းကင်ဘုံအလွန်ကိုလည်း အာရုံခံလိုက်သည်။

“ အင်မော်တယ်ကျဆုံးလွင်ပြင်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးက ကြေးမုံသမိုင်းပုံရိပ်တစ်ခုပဲ ဖြစ်တယ်… ဒါပေမဲ့… ”

“ ချမ်ကျွင်းနဲ့ ပိုင်ရီရဲ့ သခင်အသိအမှတ်ပြုမှုက မူလလောကအထိ ဆက်ရှိနေတယ်… လီမုန့်တုရဲ့ အဆိပ်အာဏာစက်မှာလည်း အရင်းအမြစ်တချို့ ရှိတယ်… ပြီးတော့ ရွှံ့မြေခွေးက မင်ရည်ကန်ရဲ့ အပြင်ဘက်မှာ ပန်းပေါင်းတစ်ရာကို ဖန်တီးနိုင်ခဲ့တယ် ”

“ အဲ့ဒါတွေအားလုံးက ကြေးမုံသမိုင်းပုံရိပ်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အတွေ့အကြုံတွေဟာ အကျိုးဆက်မရှိတဲ့အရာ မဟုတ်ဘူးလို့ ဖော်ပြနေတယ်… အဲ့ဒါတွေက ပစ္စုပ္ပန်မှာ သဲလွန်စတချို့ကို ကျန်ရစ်စေတယ်… အဲ့ဒါက မထင်ရှားသလို သိပ်မလေးနက်ပေမဲ့ တကယ်တည်ရှိနေတုန်းပဲ ”

“ ဒါပေမဲ့ ကြေးမုံသမိုင်းပုံရိပ်ထဲမှာ ငါက မိုးသောက်အင်မော်တယ်နန်းတော်ရဲ့ အခွင့်အာဏာကို ရရှိခဲ့တယ် ”

“ ကောင်းကင်ဘုံအလွန်ထဲမှာ အင်မော်တယ်နန်းတော်က အလယ်ဗဟိုမှာ တည်ရှိပြီး အထွတ်အမြတ်တည်ရှိမှု ဖြစ်တယ်… အင်မော်တယ်ကျဆုံးလွင်ပြင်ထဲမှာ ထွက်ပေါ်လာတာက ဝိညာဉ်ဒီရေစီးဆင်းမှုကနေ ဖြစ်ပေါ်လာတဲ့ ပုံရိပ်ပြန်မှုတစ်ခုပဲ… အင်မော်တယ်နန်းတော်ရဲ့ တကယ့်တည်နေရာက ဒီကောင်းကင်ဘုံအလွန်ရဲ့ အလယ်မှာ ရှိလောက်တယ် ”

“ ဒီတော့ ငါရရှိထားတဲ့ အင်မော်တယ်နန်းတော်ရဲ့ အခွင့်အာဏာနဲ့ဆိုရင် ဒီကောင်းကင်ဘုံအလွန်ထဲမှာ… ”

ထူးဆန်းသော အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ယင်းက ယခုအချိန်မှာ သူစိတ်ဝင်စားဆုံးအရာ ဖြစ်သည်။

သို့ဖြစ်၍ သူက လမ်းတစ်လျှောက်တွင် သူ၏ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်ရန် ကြိုးစားခဲ့သည်။

သို့သော်လည်း ယင်းက အချည်းနှီးသာဖြစ်သည်။ ဖြစ်နိုင်သည်မှာ အချိန်အများကြီး ကုန်ဆုံးသွားခြင်းကြောင့်လော သို့မဟုတ် အင်မော်တယ်နန်းတော်က တိတ်ဆိတ်နေခြင်းကြောင့်လော ရွှီချင်းက ဘာမှမရရှိခဲ့ပေ။

အချိန်အတော်ကြာပြီးနောက် သူက စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး ယင်းကို လက်လျော့လိုက်သည်။

ယခု သူက အကျဉ်းထောင်(က၂၉)ကိုသာ အာရုံစိုက်လိုက်သည်။

ယင်းက ဖရိုဖရဲကောင်းကင်စကြာဝဠာထဲတွင် အကြီးမားဆုံး အကျဉ်းထောင်ဖြစ်သည်။ တစ်ချိန်တည်းမှာ ယင်းက မူလအနှစ်သာရ အများဆုံး ထုတ်ယူနိုင်သော သတ္ထုတွင်းလည်း ဖြစ်သည်။

သူက အဖွဲ့ခေါင်းဆောင်အနေနှင့် အရသာအရှိဆုံး ကိတ်ကို ဦးဆုံးစားခြင်းက ဖြစ်သင့်ပေသည်။

သူ၏ လက်အောက်ငယ်သားများကိုတော့ ရွှီချင်းက ဂရုမစိုက်ချေ။

သူတို့က ဖရိုဖရဲကောင်းကင်စကြာဝဠာထဲမှာ မူလအနှစ်သာရများအား မည်သို့စုဆောင်းမည်ကို ရွှီချင်း မသိချင်ပေ။ အကယ်၍ သူတို့က တခြားမျိုးနွယ်ခြားများထံမှ လုယက်မည်ဆိုလျှင်ပင် သူဂရုမစိုက်ပေ။

အကယ်၍ သူတို့က ရိတ်သိမ်းနေစဉ်အတွင်း အနှောင့်အယှက်တစ်စုံတစ်ရာကို တွေ့ကြုံမည်ဆိုလျှင် သို့မဟုတ် ဤနေရာမှ မျိုးနွယ်ခြားများနှင့် ပဋိပက္ခဖြစ်မည်ဆိုလျှင်ပင် မူလအနှစ်သာရ ပိုလိုချင်ကြသော တခြားလူများက ဝင်ရောက်ကူညီပေးကြလိမ့်မည်။

အကယ်၍ သူတို့က အလွန်ဆိုးဝါးသော အခြေအနေမျိုးဖြင့် တွေ့ကြုံနေရခြင်းမဟုတ်လျှင် ရွှီချင်းက ကြားဝင်စွက်ဖက်လိမ့်မည် မဟုတ်ချေ။

သူ၏ ရည်ရွယ်ချက်က အလွန်ရှင်းလင်းသည်။

“ မူလအနှစ်သာရကို စုပ်ယူပြီး အင်မော်တယ်သန္ဓေသားလောင်းကို ကြီးထွားစေမယ် ”

ရွှီချင်း၏ မျက်လုံးက ဝင်းလက်သွားသည်။ သူ၏ အတွေးများက ပိုပြီးရှင်းလင်းလာသည်နှင့် သူက ထပ်မံ အရှိန်မြှင့်တင်လိုက်သည်။ ဤအတောအတွင်းမှာ သူက ဤစကြာဝဠာထဲမှ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များကိုလည်း ငှားယူအသုံးပြုခဲ့သည်။

ဆယ်ရက်ကြာပြီးနောက် သူက ဖရိုဖရဲကောင်းကင်စကြာဝဠာ၏ ထက်ဝက်ကို ဖြတ်ကျော်သွားပြီး သူ့ပန်းတိုင်ဆီသို့ ရောက်ရှိသွားသည်။

ထိုနေရာက အနီရောင်ကြယ်တာရာကောင်းကင် ဖြစ်သည်။

အနီရောင်က ကြယ်အလင်းရောင်မှ ထွက်ပေါ်နေခြင်း မဟုတ်ပေ။ ယင်းအစား ဖော်မပြနိုင်အောင် အရွယ်အစားကြီးမားသော ပင်လယ်ရေမှော်ထံမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။ ပင်လယ်ရေမှော်က အလွန်ကျယ်ပြောလေရာ ၎င်းကို အကန့်အသတ်မဲ့သည်ဟုဆိုလျှင် ချဲ့ကားလွန်းရာမကျပေ။

ပင်လယ်ရေမှော်တွင် အရွက်ဆယ့်ကိုးရွက် ရှိသည်။

အရွက်တစ်ရွက်စီက အလွန်ရှည်လျားလေရာ ကြယ်ဂြိုလ်တစ်ခုလုံးကို ရစ်ပတ်နိုင်စွမ်း ရှိသည်။

အရွက်ဆယ့်ကိုးရွက်၏ ဆုံမှတ်နေရာတွင် ပင်လယ်ရော်မှော်၏ မရေမတွက်နိုင်သော အမြစ်များက အောက်ဘက်သို့ ဆန့်တန်းနေကြသည်။

ထိုအမြစ်များက အရွယ်အစားကြီးမားသော ဧရာမနေတစ်စင်းကိုလည်း ရစ်ပတ်ချုပ်နှောင်ထားသည်။ ထို့ပြင် အမြစ်လက်တံများက နေလုံး၏ မျက်နှာပြင်ကို ထိုးဖောက်ပြီး အတွင်းဘက်ထဲထိ ဆန့်တန်းနေကြသည်။ ယင်းတို့က နေလုံး၏ စွမ်းအင်နှင့် အာဟာရဓာတ်များကို အဆက်မပြတ် စုပ်ယူနေပြီး ပင်လယ်ရေမှော်၏ တည်ရှိမှုကို ဆက်လက် ထိန်းသိမ်းပေးထားသည်။

သူ့အရှေ့မှ ပင်လယ်ရေမှော်ကို ကြည့်နေရင်း ရွှီချင်းက မျက်လုံးဝင်းလက်သွားသည်။

“ စကြာဝဠာအပင်ဆိုတာ ဒီလိုမျိုးလား… ငါ့ရဲ့ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ကရော အနာဂတ်မှာ အဲ့ဒီအဆင့်ထိ ကြီးထွားလာနိုင်မလားဆိုတာ သိချင်မိတယ် ”

ရွှီချင်းက သူ၏ စေတီကို အာရုံခံလိုက်သည်။ သူတော်စင်နွယ်ပင်က စေတီနှင့် ပေါင်းစပ်ပြီးနောက် အိပ်မောကျနေသည်။ သို့သော်လည်း ၎င်း၏ အရှိန်အဝါအရ ၎င်းနိုးထလာရန် သိပ်မလိုတော့ချေ။

ရွှီချင်းက ထိုအတွေးကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ၏ အရှေ့မှ ပင်လယ်ရေမှော်ကို ကြည့်လိုက်သည်။

ဧရာမပင်လယ်ရေမှော်၏ အရွက်ဆယ့်ကိုးရွက်ပေါ်တွင် အရွယ်အစားမတူညီသော အစက်အပြောက်အများကြီးရှိကြောင်း ရှင်းလင်းစွာ သူမြင်နိုင်သည်။

“ အစက်အပြောက်တစ်ခုစီက ကမ္ဘာငယ်တစ်ခုဖြစ်ပြီး အကျဉ်းထောင်တစ်ခုဆိုလည်း ဟုတ်တယ် ”

“ အကြီးမားဆုံး အကျဉ်းထောင်ကတော့ အဲ့ဒီနေလုံးပဲ ”

ရွှီချင်းက စူးစမ်းလေ့လာလိုက်သည်နှင့်ချက်ချင်း ပင်လယ်ရေမှော်ပေါ်မှ အနီရောင်အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစိတ်အာရုံက ပင်လယ်ရေမှော်ထံမှ ပျံသန်းထွက်လာသည်။

၎င်းက ရွှီချင်းကို ပစ်မှတ်ထားလိုက်သည်။

ထိုကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစိတ်အာရုံက ရွှီချင်းအား အင်မော်တယ်တစ်ပါးနှင့် သူရင်ဆိုင်နေရသည်ဟု ခံစားမိစေသည်။

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ ဤပင်လယ်ရေမှော်က အကျဉ်းထောင်တစ်ခုဖြစ်သည့်အပြင် ၎င်းမှာ ဖိနှိပ်ရန်တာဝန်လည်းရှိကြောင်း သူသိသည်။

ထို့ကြောင့် သူက ရိက္ခာထိန်းသိမ်းသူသရုပ်တုံကင်နှင် တာဝန်ကျောက်စိမ်းပြားကို ထုတ်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ ကျွန်တော်က မူလအနှစ်သာရ စုဆောင်းဖို့ ကမ်းစပ်ကိုးခုကောင်းကင်ဘုံရဲ့ အမိန့်အရ ရောက်လာတာပါ ”

ပင်လယ်ရေမှော်၏ နတ်ဘုရားစိတ်အာရုံက ရွှီချင်းထုတ်လိုက်သော သရုပ်တုံကင်နှင့် တာဝန်ကျောက်စိမ်းပြားကို ချက်ချင်း လွှမ်းခြုံသွားသည်။

တစ်ခဏကြာပြီးနောက် ၎င်းက တစ်စုံတစ်ခုကို အတည်ပြုနိုင်သွားသည့်အလား ပင်လယ်ရေမှော်၏ နတ်ဘုရားစိတ်အာရုံက ပျင်းရိစွာ ပြန်ဆုတ်သွားသည်။ တစ်ချိန်တည်းမှာ ၎င်းက အရွက်တစ်ရွက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး ရွှီချင်း၏ အရှေ့သို့ ချပေးလိုက်သည်။

ရွှီချင်းက ထိုအရွက်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ပင်လယ်ရေမှော်၏ အမြစ်များဖြင့် ဖုံးလွှမ်းခံထားရသော နေလုံးကို ကြည့်လိုက်သည်။ တစ်ခဏစဉ်းစားပြီးနောက် သူက အရွက်ပေါ်သို့ ခြေချလိုက်သည်။

ထို့နောက် သူက အရွက်ပေါ်မှ အစက်တစ်စက်ကို ပစ်မှတ်ထားလိုက်ပြီး ယင်းထံသို့ မြန်ဆန်စွာ ချဉ်းကပ်သွားသည်။

ရွှီချင်း၏ မျက်လုံးထဲတွင် အစက်က ကြီးသထက် ပိုကြီးလာပြီး နောက်ဆုံးမှာတော့ ကမ္ဘာတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားသည်။ သူက ဟင်းလင်းပြင်ကို ထိုးဖောက်ပြီး ကမ္ဘာ၏ အကာအကွယ်အလွှာများကို ချိုးဖြတ်သွားသည်။

နောက်အခိုက်အတန့်မှာ သူက ကျယ်လောင်သော မြည်သံနှင့်အတူ ကမ္ဘာပေါ်သို့ ဆင်းသက်သွားသည်။

သူက အနက်ရောင်ကုန်းမြေတစ်ခုပေါ်သို့ ရောက်ရှိသွားသည်။

ထိုနေရာမှာ ယိုယွင်းပျက်စီးမှုနှင့် သေခြင်းအငွေ့အသက်ဖြင့် ပြည့်နှက်နေသည်။

ဘေးပတ်ဝန်းကျင်တွင် လေမရှိသလို မည်သည့်ဝိညာဉ်စွမ်းအင်မှ မရှိပေ။ ဒြပ်နှောသည်လည်း ထို့အတူပင်။ ဤသည်မှာ ယင်းက စွန့်ပစ်ခံထားရသော သေခြင်းကုန်းမြေဖြစ်သည့်အလားပင်။

ရွှီချင်းက ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် မြေကြီးကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူက ခြေထောက်မြှောက်လိုက်ပြီး မြေကြီးပေါ်သို့ အကြမ်းပတမ်း ဆောင့်ချလိုက်သည်။ တစ်ဆက်တည်းမှာ သူ၏ ပါးစပ်မှ အော်ပြောလိုက်သည်။

“ နိုးလာစမ်း ”

ရွှီချင်း၏ ခြေဖဝါးက မြေပြင်ကို ထိသွားသည်နှင့်ချက်ချင်း ဝုန်းခနဲ မြည်သံက ကမ္ဘာတစ်ခွင်လုံး ပဲ့တင်ထပ်သွားသည်။ ထိုအခါ လေကြမ်းများ တိုက်ခတ်လာပြီး ဝိညာဉ်စွမ်းအင်က ပေါ်လျှိုးလာသည်။ ဒြပ်နှောများသည်လည်း အပေါ်သို့ မြှောက်တတ်လာပြီး မုန်တိုင်းတစ်ခုကို အစပျိုးလိုက်သည်။

လေပြင်းမုန်တိုင်းက မြေကြီးထဲမှ မြှောက်တတ်လာပြီး အရပ်ရှစ်မျက်နှာကို ရိုက်ခတ်သွားသည်။ အနက်ရောင်ကုန်းမြေက အပေါ်သို့ မြန်ဆန်စွာ မြှောက်တတ်လာပြီး ကောင်းကင်တစ်လျှောက် ပြန့်ကျဲသွားသည်။

အကယ်၍ တစ်စုံတစ်ယောက်က ကောင်းကင်ပေါ်မှ ငုံ့ကြည့်မည်ဆိုလျှင် အောက်ဘက်မှ ကမ္ဘာမြေပေါ်မှာ အလွန်အမင်း နက်ရှိုင်းသော အမှတ်အသားတစ်ခု ထွက်ပေါ်လာကြောင်း မြင်ရလိမ့်မည်။ ထိုအမှတ်အသားမှစတင်၍ မြေကြီးက သမုဒ္ဒရာလှိုင်းလုံးများသဖွယ် ပေါ်လျှိုးလာပြီး အပေါ်သို့ တလိပ်လိပ် မြှောက်တတ်သွားနေသည်။

ထို့နောက် အရွယ်အစား အလွန်ကြီးမားသော သွေးမျက်လုံးတစ်လုံးက ကမ္ဘာမြေ၏ အနက်ပိုင်းထဲမှ ထွက်ပေါ်လာသည်။

၎င်းက မျက်လုံးဖွင့်လှစ်လိုက်သည်။

အနက်ရောင်ကုန်းမြေအောက်တွင် အိပ်ပျော်နေသော ဧရာမမျက်လုံးတစ်လုံးကို မြှုပ်နှံထားခြင်း ဖြစ်သည်။ သို့သော်လည်း ရွှီချင်း၏ ရောက်ရှိလာမှုက ထိုမျက်လုံးကို အတင်းအဓမ္မ ပြန်နိုးလာစေသည်။

သို့ဖြစ်၍ လေပြင်းမုန်တိုင်း ထွက်ပေါ်လာစဉ် ရွှီချင်းက လှုပ်ရှားမှုကင်းမဲ့စွာ ဆက်ရှိနေသည်။ သူရပ်နေသော နေရာက ဧရာမမျက်လုံး၏ သူငယ်အိမ်ပေါ်မှာ ဖြစ်သည်။

မျက်လုံးက ရွှီချင်းကို စိုက်ကြည့်လိုက်ပြီး အေးစက်မှုကို ထုတ်လွှတ်လိုက်သည်။ ၎င်း၏ အကြည့်ထဲမှာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု မရှိပေ။

“ အဆင့်နိမ့်မျိုးနွယ်… ကျွန်ကောင် ”

ရွှီချင်း၏ အမူအရာက အေးဆေးတည်ငြိမ်နေဆဲပင်။

၎င်းက ပြစ်ချက်မဲ့နတ်ဘုရားတစ်ပါး၏ မျက်လုံးဖြစ်သည်။

“ တကယ်တော့ ပြစ်ချက်မဲ့ဆိုတာက စကားလုံးတစ်ခုထက် မပိုပါဘူး ”

ရွှီချင်းက သူ၏ ခြေဖဝါးအောက်မှ နတ်ဘုရားမျက်လုံးကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

မကြာသေးခင်က ရွှီချင်းသည် ဝမ်ကူးကုန်းမြေထဲတွင် ထိုသို့တူညီသော နတ်ဘုရားမျက်လုံးများကို မြင်တွေ့ခဲ့ဖူးသည်။

နတ်ဘုရားအကြည့်က သူ့အပေါ်သို့ ကျရောက်လာသည့်အခါတိုင်း သူ၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားပြီး သူ၏ အသိစိတ်က ဝုန်းခနဲ ပဲ့တင်ထပ်သွားလိမ့်မည်။ ထို့ပြင် အလွန်သိပ်သည်းသော ဒြပ်နှောအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှာ ထွက်ပေါ်လာဦးလိမ့်မည်။ နတ်ဘုရားများ၏ အကြည့်အောက်တွင် သူ၏ ခန္ဓာကိုယ်ထဲမှ အစိတ်အပိုင်းများက ကိုယ်ပိုင်အသိစိတ်ရှိလာသည့်အလား သူ၏ ခန္ဓာကိုယ်ထဲမှ ခွဲထွက်ရန် ကြိုးစားကြလိမ့်မည်။

ယင်းက ဘဝအဆင့်အတန်း ကွာခြားမှုကြောင့် ဖြစ်သည်။

သို့သော်လည်း ယခု သူက နတ်ဘုရားမျက်လုံး၏ အရှေ့တည့်တည့်မှာ ရပ်နေသော်လည်း မည်သည့်သက်ရောက်မှုကိုမှ မခံစားရချေ။

နတ်ဘုရားမျက်လုံးက တဖြည်းဖြည်း ပုံပျက်တွန့်လိမ်လာပြီး ဝေဝါးလာသည်။ ၎င်း၏ မျက်နှာပြင်ပေါ်မှာ ပိုမိုများပြားသော သွေးကြောများက ထွက်ပေါ်လာကြသည်။

သို့သော်လည်း ၎င်းက ပြစ်ချက်မဲ့အဆင့် နတ်ဘုရားတစ်ပါး၏ မျက်လုံးတစ်လုံးမျှသာဖြစ်လေရာ ရွှီချင်းအပေါ် မည်သို့သက်ရောက်နိုင်မည်နည်း။ အကယ်၍ ၎င်းက အထွတ်အထိပ်အခြေအနေမှာ ရှိနေမည်ဆိုလျှင်ပင် ရွှီချင်းကို ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ရွှီချင်းက ညာလက်ကို မြှောက်လိုက်ပြီး သူ၏ ရိက္ခာထိန်းသိမ်းသူသရုပ်တုံကင်ကို ထုတ်လိုက်သည်။

ထိုတုံကင်က သူ၏ သရုပ်ကို သက်သေပြုပေးနိုင်သည့်အပြင် မူလအနှစ်သာရများကို စုဆောင်းပေးနိုင်သော အထူးစ္စည်းတစ်ခုလည်း ဖြစ်သည်။

ရွှီချင်းက တုံကင်ကို ထုတ်လိုက်ပြီးနောက် ယင်းကို လေထဲမှာ ဖိချလိုက်သည်။

ထိုအခါ နတ်ဘုရားမျက်လုံး၏ ပုံပျက်တွန့်လိမ်မှုက ပိုပြီးပြင်းထန်လာသည်။ နတ်ဘုရားထံမှ တိုးညင်းသော အော်သံသည်ပင် မိုးကောင်းကင်အထိ ပျံတတ်သွားဟန် ရ၏။

ရွှေရောင်မူလအနှစ်သာရလှိုင်းများက မျက်လုံးထံမှ ထွက်ပေါ်လာသည်။

လှိုင်းတစ်ခု စုပ်ယူခံလိုက်ရသည့်အခါတိုင်း နတ်ဘုရားမျက်လုံးက ဖော်မပြနိုင်အောင် နာကျင်သွားသည်။

အချိန်အတော်ကြာပြီးနောက် သန့်စင်သော ချည်မျှင်(၄၉)မျှင် ဆွဲထုတ်ခံလိုက်ရသည့်အခါ နတ်ဘုရားမျက်လုံးက မီးခိုးရောင်အဖြစ် ပြောင်းလဲသွားသည်။ ဤသည်မှာ ၎င်းက အကန့်အသတ်သို့ ရောက်ရှိသွားသည့်အလားပင်။

နောက်အခိုက်အတန့်မှာ ၎င်းက မျက်လုံးပြန်မှိတ်သွားပြီး နက်ရှိုင်းစွာ အိပ်မောကျသွားသည်။

သို့သော်လည်း ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။

“ အရမ်းနည်းတယ် ”

သူ၏ အရှေ့မှ မူလအနှစ်သာရက ကလေးလက်သီးဆုပ်၏ အရွယ်အစားသာ ရှိ၏။

ထို့ပြင် သန့်စင်မှုအရ ယင်းက မင်ရည်ကန်မှ သူရယူနိုင်ခဲ့သော မူလအနှစ်သာရထက် အများကြီး နိမ့်ကျသည်။ သို့ဖြစ်၍ ယင်းကို အများကြီး သူလိုအပ်သည်။

အေးစက်စက်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက သရုပ်တုံကင်ကို ပြန်မသိမ်းလိုက်ပေ။ ယင်းအစား သူက အိပ်မောကျသွားခဲ့သော နတ်ဘုရားမျက်လုံးထံသို့ နောက်တစ်ကြိမ် အကြမ်းပတမ်း ဖိချလိုက်သည်။

တုံကင်က မျက်လုံးကို ထိတွေ့သွားသည်။

နောက်အခိုက်အတန့်မှာ နတ်ဘုရားမျက်လုံးက မျက်လုံးပြူးကျယ်သွားသည်။ ပထမဆုံးအကြိမ် ၎င်း၏ အမူအရာထဲမှာ စိတ်ခံစားချက်အရိပ်အယောင် ထွက်ပေါ်လာသည်။

ယင်းက သေခြင်းရှင်ခြင်းကပ်ဘေးမှ ထွက်ပေါ်လာသော ကြောက်ရွံ့စိတ် ဖြစ်သည်။

သို့သော်လည်း ထိုကြောက်ရွံ့မှုက အချိန်သိပ်မကြာမြင့်ခဲ့ပေ။ ရွှီချင်းက ပိုမိုများပြားသော မူလအနှစ်သာရများကို ဆွဲထုတ်ရန် မည်သည့်အရာကိုမှ ဂရုမစိုက်တော့ပေ။ သို့ဖြစ်၍ ပိုမိုများပြားသော ရွှေရောင်ချည်မျှင်များက မျက်လုံးထံမှ ထွက်ပေါ်လာသည်။

ယင်းက မူလအနှစ်သာရကို ဆွဲထုတ်ခြင်း မဟုတ်တော့ပေ။ ယင်းက ၎င်း၏ အသက်ဓာတ်ကို ထုတ်ယူနေခြင်း ဖြစ်သည်။

သို့ဖြစ်၍ ၎င်း၏ အော်သံက ညည်းညူသံအဖြစ် ပြောင်းလဲသွားသည်။ သိပ်မကြာမီ ၎င်း၏ ညည်းညူသံက ရုတ်တရက် ရပ်တန့်သွားသည်။ မျက်လုံးက ပြာမှုန်အဖြစ် ပြောင်းလဲသွားပြီး ၎င်း၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ဖျက်ဆီးခံလိုက်ရသည်။

၎င်း၏ သေဆုံးမှုက ရွှီချင်းအတွက် ပိုမိုများပြားသော မူလအနှစ်သာရများကို ထောက်ပံ့ပေးနိုင်ခဲ့သည်။

သူ့အရှေ့မှ မူလအနှစ်သာရကို ကြည့်နေရင်း သူ၏ လက်မောင်းပေါ်မှ ရွှံ့မြေခွေးအမှတ်အသားက တုန်ယင်လာကြောင်း ရွှီချင်း ခံစားမိသွားသည်။

သို့ဖြစ်၍ ရွှီချင်းက မူလအနှစ်သာရအမျှင်တချို့ကို ဆွဲထုတ်လိုက်ပြီး အမှတ်အသားဆီသို့ ပို့လွှတ်လိုက်သည်။

“ မင်းလိုချင်လား ”

ရွှံ့မြေခွေး၏ တုန်ယင်မှုက ရပ်တန့်သွားသည်။ နောက်အခိုက်အတန့်မှာ အမှတ်အသားက စုပ်ယူအားကို ထုတ်လွှတ်လိုက်လေရာ မူလအနှစ်သာရက အမှတ်အသားဖြင့် ချက်ချင်း ပေါင်းစပ်သွားသည်။ ထို့နောက် သိမ်မွေ့နူးညံ့သော အသံက ရွှီချင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ ကျေးဇူးတင်ပါတယ် သခင်လေး… သခင်လေးက အကောင်းဆုံးပဲ ”

ရွှီချင်းက တည်ငြိမ်သော အမူအရာဖြင့် သူ၏ အရှေ့မှ မူလအနှစ်သာရကို စတင်စုပ်ယူလိုက်သည်။

မူလအနှစ်သာရက သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်နှင့် သူ၏ အင်မော်တယ်သန္ဓေသားလောင်းက ချက်ချင်း ထွန်းလင်းတောက်ပလာပြီး သူ၏ အရှိန်အဝါက ဆက်လက် မြင့်တတ်သွားသည်။

တစ်ခဏကြာပြီးနောက် ရွှီချင်းက နှုတ်ခမ်းသပ်လိုက်လေရာ သူ၏ မျက်လုံးထဲတွင် စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

“ အရမ်းနည်းတယ်… ငါအများကြီး လိုအပ်တယ်… ”

သူက စကားဆုံးသည်နှင့် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး နတ်ဘုရားများကို ချုပ်နှောင်ထားသော တခြားကမ္ဘာများဆီသို့ ဦးတည်သွားသည်။

ထိုသို့ဖြင့် အချိန်က နှေးကွေးစွာ ကုန်ဆုံးသွားသည်။

ရွှီချင်း၏ ပုံရိပ်က အရွက်ပေါ်မှ ကမ္ဘာငယ်များထဲမှာ ထွက်ပေါ်လာသည်။ ကမ္ဘာငယ်များထဲတွင် အကျဉ်းချခံထားရသော နတ်ဘုရားများက မူလအနှစ်သာရအတွက် စတေးခံလိုက်ရကြသည်။

ယင်းက ရွှီချင်း၏ အင်မော်တယ်သန္ဓေသားလောင်းကို အများကြီး ပိုထွန်းလင်းတောက်ပလာစေသည်။

ရွှီချင်းအတွက်တော့ ထိုနတ်ဘုရားများကို အသက်ဆက်ရှင်ခွင့်ပေးခြင်းက ကောင်းမွန်သော ရွေးချယ်မှုမဟုတ်ပေ။

တာဝန်ကျောက်စိမ်းပြားထဲတွင် နတ်ဘုရားများကို မဖြစ်မနေ အသက်ဆက်ရှင်ခွင့်ပေးရမည်ဟု မပြဌာန်းထားပေ။

သို့ဖြစ်၍ သူ၏ ရိတ်သိမ်းမှုက ပိုပြီးတိုးပွားလာသည်။

တစ်ချိန်တည်းမှာ တခြားတတ်လှမ်းသူများသည်လည်း သူတို့၏ ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြု၍ မတူညီသော တခြားနေရာများမှာ မူလအနှစ်သာရများကို စုဆောင်းနေကြသည်။

မှန်ပေ၏။ တာဝန်က တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ပြီး အများစုက သူတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းအတွက် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

မတူညီသော အမြင်များမှကြည့်လျှင် သူတို့က လေလွင့်ခွေးများနှင့် မခြားပေ။

All Chapters