စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ အမွေအနှစ်
Vol. 110 Ch. 1690
ဖရိုဖရဲကောင်းကင်စကြာဝဠာသည် ဖရိုဖရဲကောင်းကင်မိသားစု၏ နေအိမ်ဖြစ်သည်။
ထိုမိသားစုက သာလွန်ထူးခြားသော သဘာဝလွန်လက်ဆောင်ကို ပိုင်ဆိုင်ထားကြသည်။ မိသားစုဝင်တိုင်းက တစ်ဝက်နီညိုရောင်နှင့် တစ်ဝက်အပြာရောင်ဖြစ်ကြသည်။ ထို့ပြင် ၎င်းတို့ဆီမှာ အရှေ့၊ အနောက်၊ တောင်နှင့် မြောက်သို့ မျက်နှာမူထားကြသော ဦးခေါင်းလေးလုံး ရှိကြသည်။
၎င်းတို့၏ ခန္ဓာကိုယ်က အလွန်ကြီးမားသည်။ မွေးကင်းစကလေးငယ်များသည်ပင် ပေတစ်ထောင် မြင့်မားကြသည်။ အရွယ်ရောက်ရှိပြီးသူများသည်တော့ ပေတစ်သောင်း မြင့်မားကြပြီး ပါရမီရှင်များသည်တော့ ပေတစ်သိန်းမြင့်မားကြသည်။
နောက်ထပ် အံ့ဖွယ်ကောင်းသော အချက်တစ်ချက်မှာ ၎င်းတို့၏ လူဦးရေက တခြားမျိုးနွယ်စုများနှင့်လည်း နှိုင်းယှဉ်နိုင်သည်။
၎င်းတို့၏ ကျင့်ကြံခြင်းက ပြင်ပအတတ်ပညာများ သို့မဟုတ် ပြင်ပနည်းလမ်းများကို မလိုအပ်ပေ။ ၎င်းတို့၏ သွေးမျိုးဆက်နှင့် ဝိညာဉ်ထဲမှာ တံဆိပ်ရိုက်ခတ်ထားသော ဘိုးဘေးအမွေအနှစ်ကိုသာ မှီခိုအားထားနိုင်သည်။ ထို့ပြင် ၎င်းတို့၏ ထူးခြားသော ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် ၎င်းတို့က အဆင့်မြင့်ကြယ်တာရာစက်ဝန်းထဲမှ မူလအနှစ်သာရကို အလိုအလျောက် စုပ်ယူနိုင်ကြသည်။
အဘယ့်ကြောင့်ဆိုသော် ၎င်းတို့မျိုးနွယ်စုက အစစ်အမှန်နတ်ဘုရားတစ်ပါးထံမှ ဆင်းသက်လာသောကြောင့် ဖြစ်သည်။
သို့ဖြစ်၍ အတိတ်မှာ ထိုမိသားစုက ဖရိုဖရဲကောင်းကင်စကြာဝဠာကို စည်းလုံးညီညွတ်စေခဲ့သည်။ ထို့ပြင် ၎င်းတို့က အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ရှေးခေတ်နတ်ဘုရားအမွေခံ မျိုးနွယ်စုများအနက် တစ်ခုအဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်။
သို့သော်လည်း အင်မော်တယ်များနှင့် နတ်ဘုရားများ၏ စစ်ပွဲပြီးနောက် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အရှင်သခင်များက ပြောင်းလဲသွားသည့်အခါ နတ်ဘုရားအမျိုးအနွယ်များက ဖိနှိပ်ချုပ်ချယ်ခံလိုက်ရပြီး အင်မော်တယ်များက တစ်ဟုန်ထိုး မြင့်တတ်လာကြသည်။
သို့ဖြစ်၍ ဖရိုဖရဲကောင်းကင်မိသားစု ပိုင်ဆိုင်ခဲ့သော ဂုဏ်ကျက်သရေများက အတိတ်အဖြစ်သာ ပြီးဆုံးသွားခဲ့သည်။
၎င်းတို့၏ ဘိုးဘေးဖြစ်သော အစစ်အမှန်နတ်ဘုရားက ဖိနှိပ်ခံလိုက်ရသည်။
အသေခံရန် ဆန္ဒမရှိသောကြောင့် စောစီးစွာ အညံ့ခံခဲ့ကြသော မိသားစုဝင်များသာလျှင် စစ်ပွဲပြီးနောက် အသက်ဆက်ရှင်နိုင်ခဲ့ကြသည်။
ဆုလာဘ်အနေဖြင့် ၎င်းတို့က ဖရိုဖရဲကောင်းကင်စကြာဝဠာ၏ အုပ်ချုပ်ခွင့်အာဏာကို ရရှိခဲ့ကြပြီး ဖရိုဖရဲကောင်းကင်တော်ဝင်မိသားစုဟူသော ဘွဲ့ကို ချီးမြှောက်ခံခဲ့ရသည်။ ယင်းက ဂုဏ်ကျက်သရေ၏ ပြယုဂ်ဖြစ်သည်။
ထိုသို့တော်ဝင်မိသားစုများက အမှတ်ငါးကြယ်တာရာစက်ဝန်းထဲတွင် အများအပြားရှိပြီး မိသားစုတစ်ခုစီက ၎င်းတို့၏ သရုပ်အဆင့်အတန်းပေါ်မူတည်၍ အကျိုးခံစားခွင့်များ ရရှိကြသည်။
သို့သော်လည်း အမှတ်ငါးကြယ်တာရာစက်ဝန်းက ၎င်းတို့၏ သွေးမျိုးဆက်ထဲမှာလည်း အကန့်အသတ်တချို့ကို ထည့်သွင်းခဲ့သည်။
ရလဒ်အနေဖြင့် ဖရိုဖရဲကောင်းကင်တော်ဝင်မိသားစု၏ မူလနှစ်ရောင်စပ်က တစ်ရောင်တည်းအဖြစ် ပြောင်းလဲသွားသည်။ ထို့အတူ ၎င်းတို့၏ ဦးခေါင်းများသည်လည်း နှစ်လုံးအထိ လျော့ချခံလိုက်ရပြီး ရုပ်ခန္ဓာကိုယ်က အမြင့်ဆုံး ကန့်သတ်ချက်အနေဖြင့် ပေတစ်ထောင်မျှသာ ကြီးထွားနိုင်တော့သည်။
၎င်းတို့၏ ကျင့်ကြံခြင်းအခြေခံသည်လည်း တူညီစွာ ကန့်သတ်ခံလိုက်ရသည်။
ထိုကန့်သတ်မှုက ၎င်းတို့၏ သွေးမျိုးဆက်ထဲမှ မွေးရာပါစွမ်းရည်နှင့် ဘိုးဘေးအမွေအနှစ်ကို ဖိနှိပ်လိုက်သည်။ သို့ဖြစ်၍ ၎င်းတို့က နတ်ဘုရားလမ်းစဉ်ကို စွန့်လွှတ်ပြီး အင်မော်တယ်လမ်းစဉ်ဆီသို့ မဖြစ်မနေ ကူးပြောင်းခဲ့ရသည်။
သို့တိုင် ၎င်းတို့က အင်မော်တယ်အဆင့်သို့ မချိုးဖြတ်နိုင်ရန် ကန့်သတ်ခံထားရသည်။ တစ်နည်းဆိုရသော် ၎င်းတို့က နတ်ဘုရားမဖြစ်နိုင်ရန် ကန့်သတ်ခံထားရသလို အင်မော်တယ်လည်း မဖြစ်လာနိုင်ကြချေ။
မျိုးဆက်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ဦးခေါင်းနှစ်လုံးအသွင်သဏ္ဍာန်က တဖြည်းဖြည်း ပျောက်ကွယ်လာသည်။ ထို့အတူ မွေးဖွားခြင်းလုပ်ငန်းစဉ်မှာလည်း ပြဿနာရှိလာသည်။ ရလဒ်အနေဖြင့် ၎င်းတို့မျိုးနွယ်၏ လူဦးရေက တဖြည်းဖြည်း လျော့နည်းလာသည်။
နောက်ဆုံးမှာတော့ ဖရိုဖရဲကောင်းကင်တော်ဝင်မိသားစုထဲတွင် အများစုက ဦးခေါင်းတစ်လုံးသာရှိကြပြီး ပေတစ်ရာခန့်သာ မြင့်မားကြသည်။
ယင်းက မိုးသောက်အင်မော်တယ်နန်းတော် မမှေးမှိန်သွားခင်အထိ ကြာမြင့်ခဲ့သည်။
မိုးသောက်ကောင်းကင်ဘုံအလွန်၌ အရှင်သခင်မရှိတော့သည့်အခါ ဖရိုဖရဲကောင်းကင်တော်ဝင်မိသားစုက မျှော်လင့်ချက်အရိပ်အယောင် တစ်စွန်းတစ်စကို ပြန်မြင်လာသည်။ သို့ဖြစ်၍ မိသားစုဝင်များက မျိုးဆက်သွေးလက္ခဏာများကို ပြန်ဖော်ထုတ်ရန် ကြိုးစားလိုက်ကြပြီး ဦးခေါင်းနှစ်လုံးကို ပြန်ရရှိသွားကြသည်။
ဤအခိုက်အတန့်မှာ ဖရိုဖရဲကောင်းကင်စကြာဝဠာ၏ အနက်ပိုင်းထဲရှိ ဖရိုဖရဲကောင်းကင်နန်းတော်၏ အပြင်ဘက်တွင် ကြယ်တာရာစက်ဝန်းက ကြယ်တာရာဟင်းလင်းပြင်ထဲမှာ မတ်တတ်ရပ်နေပြီး အဝေးမှ ခမ်းနားထည်ဝါသော နန်းတော်ဆီသို့ စိုက်ကြည့်နေသည်။ သူ၏ ဘေးပတ်ပတ်လည်၌ မရေမတွက်နိုင်သော အမိန့်သံကြိုးများက သူ၏ ခန္ဓာကိုယ်ကို လှည့်ပတ်နေကြသည်။
သူ၏ အမူအရာက အေးစက်နေပြီး သူ၏ အကြည့်က စူးရှသည်။
သူ၏ ဘေးပတ်ပတ်လည်တွင် မရေမတွက်နိုင်သော ဖရိုဖရဲကောင်းကင်မိသားစုဝင်များက ရပ်နေကြသည်။ ၎င်းတို့အားလုံးက ပေပေါင်းတစ်ရာရှည်လျားကြပြီး ထူထဲသော အနက်ရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားကြသည်။ ၎င်းတို့က အေးတိအေးစက် အကြည့်ဖြင့် ကြယ်တာရာစက်ဝန်းကို စိုက်ကြည့်နေကြပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်နေကြသည်။
ကြယ်တာရာစက်ဝန်း၏ အရှေ့နှင့် နန်းတော်ကြားတွင်တော့ ပုံရိပ်သုံးခု ရပ်နေကြသည်။
ထိုသုံးယောက်က ပေခုနစ်ရာမှ ရှစ်ရာအထိ ရှည်လျားကြသည်။ တစ်ယောက်က လှံတစ်ချောင်းကို ကိုင်ထားစဉ် တခြားတစ်ယောက်က စေတီတစ်ခုကို ဆုပ်ကိုင်ထားသည်။ နောက်ဆုံးတစ်ယောက်သည်တော့ တဖျပ်ဖျပ်လွင့်မျောနေသော ဧရာမအလံတိုင်ကို ကိုင်ထားသည်။
၎င်းတို့အားလုံးထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက ခြေလှမ်းဝက်အင်မော်တယ်အဆင့် ဖြစ်သည်။
ယင်းက တခြားကောင်းကင်ဘုံအလွန်များထဲတွင် မဖြစ်နိုင်သောအရာ ဖြစ်သည်။
မည်သည့်မျိုးနွယ်ခြားကိုမှ အင်မော်တယ်ဖြစ်လာခွင့် မပြုချေ။ ခြေလှမ်းဝက်အင်မော်တယ်အဆင့်ဆိုလျှင်ပင် ခွင့်မပြုနိုင်ပေ။
၎င်းတို့သုံးယောက်က ခြေလှမ်းဝက်အင်မော်တယ်အဆင့်၏ အရှိန်အဝါကို ထုတ်လွှတ်နေသည့်အပြင် ၎င်းတို့၏ ခန္ဓာကိုယ်ထဲမှာလည်း နတ်ဘုရားစွမ်းအင်အတတ်အကျတချို့ ကိန်းအောင်းနေသည်။ ဤသည်မှာ ၎င်းတို့က အင်မော်တယ်လမ်းစဉ်နှင့် နတ်ဘုရားလမ်းစဉ် နှစ်ခုစလုံးကို ကျင့်ကြံကြသည့်အလားပင်။
ဤအခိုက်အတန့်မှာ ၎င်းတို့သုံးယောက်၏ အကြည့်က ကြယ်တာရာစက်ဝန်း၏ အကြည့်နှင့် တွေ့ဆုံသွားသည်။ ၎င်းတို့သုံးယောက်ထဲတွင် ဧရာမအလံတိုင်ကို ကိုင်ဆောင်ထားသော ဖရိုဖရဲကောင်းကင်မိသားစုဝင်က အက်ရှရှအသံဖြင့် ပြောသည်။
" မင်း ငါတို့သုံးယောက်နဲ့ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီးပြီ… အကြိမ်တိုင်း သရေကျခဲ့တယ်… အဲ့ဒါကို ဘာလို့ ဆက်တိုက်ခိုက်ချင်ရတာလဲ "
" ပြီးတော့ ဒီစကြာဝဠာထဲမှာ လုံလောက်တဲ့ မူလအနှစ်သာရကို မင်းစုဆောင်းထားပြီးပြီ… အခု ငါတို့တော်ဝင်မိသားစုဆီမှာ လွတ်ငြိမ်းခွင့်တုံကင်ရှိတာကို မင်းသိပြီးတာတောင် ရှေ့ဆက်တိုးချင်သေးတယ်… အဲ့ဒါက အရမ်းစည်းကျော်သွားပြီလို့ မင်းမထင်ဘူးလား ”
" ငါ့ရဲ့ ဖရိုဖရဲကောင်းကင်တော်ဝင်မိသားစုမှာ နောက်ဆုံးစည်းရှိတယ်… ဒီတော့ မင်း… ကပ်ဘေးကို ကိုယ့်ဘာသာ မဖိတ်ခေါ်ဖို့ ငါသတိပေးချင်တယ် ”
ကြယ်တာရာစက်ဝန်းက မထူးမခြားနား အမူအရာဖြင့် ဆက်ရှိနေဆဲပင်။ သူက ဤနေရာသို့ ရောက်ရှိနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ လမ်းတစ်လျှောက်တွင် သူက အတားအဆီးမှန်သမျှကို ဖြတ်ကျော်နိုင်ခဲ့သော်လည်း ဤနေရာမှာ ရပ်တန့်သွားခဲ့သည်။
သူ့အရှေ့မှ မျိုးနွယ်ခြားသုံးယောက်ထဲတွင် အကယ်၍ တစ်ယောက်ချင်းစီသာ သူရင်ဆိုင်ရမည်ဆိုလျှင် ၎င်းတို့၏ အသက်ကို နုတ်ယူနိုင်လိမ့်မည်ဟု ကြယ်တာရာစက်ဝန်းက ယုံကြည်ချက်ရှိသည်။
အကယ်၍ နှစ်ယောက်တစ်ယောက်ဆိုလျှင်ပင် သူက စတေးမှုတချို့ ပြုလုပ်ပြီးနောက် ၎င်းတို့ကို သတ်ပစ်နိုင်ဦးလိမ့်မည်။
သို့သော်လည်း ၎င်းတို့သုံးယောက်၏ ပူးပေါင်းဆောင်ရွက်မှုက ပြီးပြည့်စုံလေရာ သူ့အား အရှေ့ဆက်မတိုးနိုင်အောင် တားဆီးထားသည်။
သူက အေးစက်စွာ ပြန်ပြောသည်။
" မူလအနှစ်သာရအလုံအလောက် စုဆောင်းပြီးတာ မပြီးတာက ငါနဲ့ဘာမှမသက်ဆိုင်ဘူး ”
" မင်းတို့မိသားစုရဲ့ နောက်ဆုံးစည်းကို ချိုးဖြတ်တာက ငါနဲ့ဘာမှမသက်ဆိုင်ဘူး… မင်းတို့ဘာသာ အင်မော်တယ်ဖြစ်လာတာပဲဖြစ်ဖြစ် နတ်ဘုရားဖြစ်လာတာပဲဖြစ်ဖြစ် ငါ့ကိစ္စမဟုတ်ဘူး… မင်းတို့ရဲ့ နောက်ခံက ဘာပဲဖြစ်ဖြစ် မင်းတို့ကို အရိပ်ထဲကနေ ဘယ်သူက ကာကွယ်ပေးနေတာပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး… လွတ်ငြိမ်းခွင့်တုံကင်လည်း အတူတူပဲ ”
" ငါလိုချင်တာက… မင်းတို့ရဲ့ အင်ပါယာနန်းတော်ထဲမှာ ကိုးကွယ်ပူဇော်ထားတဲ့ ရွှံ့တုံးပဲ ”
ကြယ်တာရာစက်ဝန်းက အဝေးမှ နန်းတော်ကို လက်ညှိုးညွှန်လိုက်သည်။
သူလက်ညှိုးညွှန်လိုက်သည်နှင့်ချက်ချင်း အင်ပါယာနန်းတော်က ထွန်းလင်းတောက်ပလာပြီး အဝါရောင်ရွှံ့တုံးက အပြင်သို့ ပျံသန်းထွက်လာကာ ကြယ်တာရာဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားသည်။ ရွှံ့တုံးက အလွန်အားကောင်းသော ကောင်းကင်ဘုံဥပဒေသအရှိန်အဝါကို ထုတ်လွှတ်နေသည်။
" မင်းက ဒီဟာကို လိုချင်တာလား "
သရော်လှောင်ပြောင်သော အရိပ်အမြွက်ပါသည့် နက်ရှိုင်းသော အသံက နန်းတော်ထဲမှ ပဲ့တင်ထပ်လာသည်။
အင်ပါယာနန်းတော်ထဲတွင် ပေတစ်ထောင်ရှည်လျားသော ဖရိုဖရဲကောင်းကင်ဧကရာဇ်က သာလွန်မြင့်မြတ်စွာ မတ်တတ်ရပ်နေသည်။ ၎င်း၏ တစ်ကိုယ်လုံးက နီညိုရောင်ဖြစ်ပြီး ၎င်းမှာ ဦးခေါင်းနှစ်လုံး ရှိသည်။ ဦးခေါင်းတစ်လုံးက အရှေ့သို့ မျက်နှာမူထားစဉ် တခြားဦးခေါင်းက အနောက်သို့ မျက်နှာမူထားသည်။ ဤအခိုက်အတန့်မှာ ဦးခေါင်းနှစ်လုံးက ရယ်မောလိုက်ကြသည်။
“ ငါမင်းကို စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ရဲ့ အမွေအနှစ် မပေးနိုင်ဘူး ”
စကားဆုံးသည်နှင့် ဖရိုဖရဲကောင်းကင်ဧကရာဇ်က လက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ကောင်းကင်ဘုံဥပဒေသစွမ်းအားကို ထုတ်လွှတ်နေသော အဝါရောင်ရွှံ့တုံးက အင်ပါယာနန်းတော်ဆီသို့ ပြန်ရောက်လာသည်။
ထို့နောက် ၎င်း၏ အေးစက်စက်အသံက နန်းတော်အပြင်ဘက်မှာ ပဲ့တင်ထပ်သွားသည်။
" သူ့ကို အဝေးမောင်းထုတ်ပစ်လိုက် ”
ထိုစကားသံ ပဲ့တင်ထပ်သွားသည်နှင့်တစ်ပြိုင်နက် ကြယ်တာရာစက်ဝန်း၏ အရှေ့မှ မျိုးနွယ်ခြားသုံးယောက်က ၎င်းတို့၏ အရှိန်အဝါကို တစ်ဟုန်ထိုး ထုတ်လွှတ်လိုက်ကြသည်။ ဤတစ်ကြိမ်တွင် ၎င်းတို့က အင်မော်တယ်ကျင့်ကြံခြင်းကိုသာမက ပိုမိုအားကောင်းသော နတ်ဘုရားစိတ်ဆန္ဒကိုလည်း ထုတ်ဖော်လိုက်ကြသည်။
၎င်းတို့က ကြယ်တာရာစက်ဝန်းဆီသို့ ရွေ့လျားသွားကြသည်။ တစ်ချိန်တည်းမှာ ဘေးပတ်ဝန်းကျင်မှ ၎င်းတို့၏ အဖွဲ့သားများသည်လည်း အလွန်သိပ်သည်းသော အန္တရာယ်အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြသည်။ ၎င်းတို့၏ အရှိန်အဝါက ပေါင်းစည်းသွားသည့်အခါ ဧရာမခေါင်းဖြတ်ဓားကို ကိုင်ဆောင်ထားကြသော ဧရာမရုပ်တုဆယ့်ရှစ်ခုက ကြယ်တာရာကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။ တစ်ဆက်တည်းမှာ ရုပ်တုများက ကြယ်တာရာစက်ဝန်းကို ဝန်းရံလိုက်ကြသည်။
ရုပ်တုတစ်ခုစီက ပေတစ်သိန်းရှည်လျားကြပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်နေကြသည်။ ထို့နောက် ၎င်းတို့က ခေါင်းဖြတ်ဓားကို ကြယ်တာရာစက်ဝန်းထံသို့ ခုတ်ချလိုက်ကြသည်။ ထိုအခါ တောင်တန်းများကို ပြိုကျပျက်စီးစေနိုင်ပြီး ပင်လယ်ကို မှောက်လှန်ပစ်နိုင်သော အံ့ဖွယ်စွမ်းအားက ပေါ်လျှိုးလာသည်။
နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံက ပဲ့တင်ထပ်သွားသည်။
ထိုသို့ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများဖြင့် ရင်ဆိုင်ရသောအခါ ကြယ်တာရာစက်ဝန်း၏ မျက်လုံးထဲတွင် ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပေါ်လျှိုးလာသည်။ သို့တိုင် သူ၏ ခန္ဓာကိုယ်က အနည်းငယ် အနောက်ဆုတ်သွားရသည်။
သို့သော်လည်း သူ၏ ဘဝတစ်လျှောက်တွင် တစ်ကြိမ်သာ ရှုံးနိမ့်ခဲ့ဖူးသည်။ ယခု သူက အစွမ်းထက်ရန်သူများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းဖြင့် ရင်ဆိုင်နေရသော်လည်း သူ၏ တိုက်ပွဲစိတ်ဆန္ဒက မလျော့ကျသွားပေ။
သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်မှ အမိန့်သံကြိုးများက ချက်ချင်း အပြင်ဘက်သို့ ဆန့်တန်းသွားကြပြီး မရပ်တန့်နိုင်သော စွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။ ထို့နောက် ညီမျှခြင်းအာဏာစက်က ထွက်ပေါ်လာပြီး ယင်း၏ ကြီးမားသော စွမ်းအားက တိုက်ပွဲနယ်မြေတစ်လျှောက် ဖြန့်ကြက်သွားသည်။
ညီမျှခြင်းအာဏာစက်၏ အထောက်အပံ့အောက်မှာ သူတစ်ယောက်တည်း၏ တိုက်ပွဲစွမ်းအားက ရန်သူအများအပြား၏ စုပေါင်းအင်အားဖြင့် ညီမျှသွားသည်။
ဧရာမရုပ်တုဆယ့်ရှစ်ခုနှင့် ခြေလှမ်းဝက်အင်မော်တယ်သုံးပါးက ကြယ်တာရာစက်ဝန်းကို မဖိနှိပ်နိုင်ကြပေ။
ယင်းက ကြယ်တာရာစက်ဝန်း၏ စွမ်းအားဖြစ်သည်။
သူ၏ အမိန့်အာဏာစက်က နယ်နိမိတ်များကို ဖွဲ့စည်းနိုင်ပြီး သူ့ကိုယ်သူရော သူ၏ ရန်သူကိုရော စည်းမျဉ်းဥပဒေများ ပြဌာန်းနိုင်သည်။ ထိုစဉ် သူ၏ ညီမျှခြင်းအာဏာစက်က ပိုပြီးအံ့ဖွယ်ကောင်းပြီး အားသာချက်နှင့် အားနည်းချက်ကြားမှ ကွာခြားချက်များကို အတင်းအဓမ္မ ညီမျှစေလိမ့်မည်။ ရန်သူက သူ့ထက် ပိုပြီးသန်မာလေ သူ၏ ညီမျှခြင်းအာဏာစက်က သူ၏ တိုက်ပွဲစွမ်းအားကို ပိုပြီးတိုးမြှင့်ပေးနိုင်လေ ဖြစ်သည်။
အတိတ်မှာ ရွှီချင်းက ထိုညီမျှခြင်းအာဏာစက်ဖြင့် ရင်ဆိုင်ရသည့်အခါ အပြိုင်စကြာဝဠာများထဲမှ မူကွဲရွှီချင်းများကို ပစ္စုပ္ပန်ဆီသို့ တစ်ပြိုင်နက် စေလွှတ်ခြင်းဖြင့် ကြယ်တာရာစက်ဝန်း၏ ညီမျှမှုကို ပျက်စီးစေခဲ့သည်။
ယင်းကို ကြည့်ခြင်းဖြင့် ကြယ်တာရာစက်ဝန်းက မည်မျှသန်မာကြောင်း မြင်နိုင်ပေသည်။
ချီးမွမ်းသော အာမေဋိတ်သံက နန်းတော်ထဲမှ ထွက်ပေါ်လာသည်။
“ မင်းက ဒီကို ရောက်လာတဲ့ ရိက္ခာထိန်းသိမ်းသူအဖွဲ့ထဲမှာ အသန်မာဆုံး ဖြစ်လောက်တယ်… ဒီလောက်ငယ်ငယ်လေးနဲ့ ဒီလိုတိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားတယ်ဆိုတော့ မင်းက တကယ်ပဲ ကောင်းကင်အရွေးချယ်ခံပဲ… တကယ်လို့ အနာဂတ်မှာ မင်းက အင်မော်တယ်တစ်ပါးဖြစ်လာမယ်ဆိုရင် အစွမ်းထက်အင်မော်တယ်တစ်ပါး သေချာပေါက် ဖြစ်လိမ့်မယ် ”
“ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ရဲ့ အမွေအနှစ်ကို မင်းလိုချင်တာ မထူးဆန်းတော့ပါဘူး… မင်းရဲ့ အာဏာစက်က တကယ်ပဲ သူနဲ့ လိုက်ဖက်တယ်… ဒါပေမဲ့ ညီမျှခြင်းဆိုတာက မတည်မြဲတဲ့အရာဖြစ်ပြီး အချိန်ကြာကြာ ထိန်းသိမ်းဖို့ မလွယ်ကူဘူး "
" ဒီတော့ မင်းလိုလူအတွက် ညီမျှခြင်းကို ချေးငှားပြီး အထွတ်အထိပ်တိုက်ပွဲစွမ်းအားကို ထုတ်လွှတ်တာက မင်းရဲ့ ကိုယ်ပိုင်တိုက်ခိုက်ရေးနည်းစနစ်ပဲ ”
“ ဒါပေမဲ့ စိတ်မကောင်းစရာက မင်းရဲ့ အထွတ်အထိပ်တိုက်ပွဲစွမ်းအားမှာ အခြေခံအုတ်မြစ်တစ်ခု လိုအပ်နေတယ်… ဒီကောင်းကင်ဘုံဥပဒေသကိုသာ မင်းကို ငါလွှဲပြောင်းပေးလိုက်မယ်ဆိုရင် အဲ့ဒါက မင်းရဲ့ အခြေခံအုတ်မြစ်ရဲ့ အဲ့ဒီပြစ်ချက်ကို ပြီးပြည့်စုံစွာ ဖာထေးပေးနိုင်လိမ့်မယ်လို့ ငါထင်တယ် ”
ကြယ်တာရာစက်ဝန်းက မည်သည့်စကားမှ မပြောပေ။
သို့သော်လည်း နန်းတော်ထဲမှ အသံက ဆက်လက် ပဲ့တင်ထပ်နေဆဲပင်။
" အဲ့ဒါကို မင်းကိုပေးဖို့က မဖြစ်နိုင်တဲ့အရာတော့ မဟုတ်ဘူး… တကယ်လို့ မင်းက ငါ့ရဲ့ ဖရိုဖရဲကောင်းကင်မိသားစုနဲ့ မဟာမိတ်ဖွဲ့ပြီး ဧည့်သည်အကြီးအကဲဖြစ်လာမယ်… ပြီးတော့ ငါ့မိသားစုကို သုံးကြိမ် အကူအညီပေးမယ်ဆိုရင် ဒီစတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ရဲ့ အမွေအနှစ်က မင်းဟာပဲ "
ယင်းကို ကြယ်တာရာစက်ဝန်း ကြားသောအခါ သူက နန်းတော်ဆီသို့ အေးစက်စက် စိုက်ကြည့်လိုက်သည်။ ထိုအကြည့်က ပုရွက်ဆိတ်တစ်ကောင်ကို သူကြည့်နေသည့်အလားပင်။
" ယုတ်ညံ့တဲ့ သွေးမျိုးဆက်နဲ့ မျိုးနွယ်ခြားကများ ငါနဲ့ မဟာမိတ်ဖွဲ့ဖို့ စကားဆိုရဲတယ်လား "
ထိုစကား ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ ဖရိုဖရဲကောင်းကင်အဖွဲ့သားများ၏ မျက်လုံးထဲ၌ ပြင်းထန်သော ဒေါသက ထွက်ပေါ်လာသည်။ ၎င်းတို့၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပိုပြီးအားကောင်းလာသည်။
နန်းတော်ထဲတွင် ဖရိုဖရဲကောင်းကင်ဧကရာဇ်က တဟားဟား ရယ်မောလိုက်သည်။
“ ငါက မထိုက်တန်ဘူးလား "
၎င်းက ညာလက်ကို မြှောက်လိုက်ပြီး ညင်သာစွာ လက်ညှိုးညွှန်လိုက်သည်။
၎င်း၏ လက်ညှိုးညွှန်မှုကြောင့် နန်းတော်အပြင်ဘက်မှ ကြယ်တာရာကောင်းကင်က ချက်ချင်း ပုံပျက်တွန့်လိမ်သွားပြီး အရာအားလုံးက ဝေဝါးသွားသည်။ ထို့ပြင် အရောင်အားလုံးက ဤအခိုက်အတန့်မှာ အတင်းအဓမ္မ ဖယ်ရှားခံလိုက်ရလေရာ အဖြူနှင့်အနက်သာလျှင် ကျန်ရှိတော့သည်။
အဖြူနှင့်အနက်ကြားတွင် ဧရာမမင်ရည်လက်ချောင်းတစ်ချောင်းက လေထဲမှာ ထွက်ပေါ်လာပြီး ကြယ်တာရာစက်ဝန်းဆီသို့ အံ့ဖွယ်ခွန်အားနှင့်အတူ ဖိချလိုက်သည်။ လက်ချောင်းဖြတ်သန်းသွားသည့်နေရာတိုင်း ဟင်းလင်းပြင်က အက်ကွဲသွားပြီး ကြယ်တာရာကောင်းကင်က မှေးမှိန်သွားသည်။
ကြယ်တာရာစက်ဝန်း၏ အမူအရာက တည်ကြည်သွားပြီး သူက အမြန်အနောက်ဆုတ်သွားသည်။ တစ်ချိန်တည်းမှာ သူက လက်နှစ်ဖက်စလုံးဖြင့် ချိပ်တံဆိပ်လက်ဟန်များကို ဆက်တိုက် ဖွဲ့စည်းလိုက်ပြီး အစွမ်းကုန် ထုတ်လွှတ်ရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ရင်းနှီးကျွမ်းဝင်သော အသံက ကြယ်တာရာကောင်းကင်ထဲမှာ ပဲ့တင်ထပ်သွားသည်။
“ သူပြောတာ မှန်တယ်… မင်းက မထိုက်တန်ဘူး ”
ထိုအသံ ထွက်ပေါ်လာသည်နှင့် အနီရောင်အလင်းက ကြယ်တာရာကောင်းကင်ထဲမှာ ပေါ်လျှိုးလာသည်။ အဆုံးမဲ့သော အနီရောင်အလင်းက ဗလာနတ္ထိထဲမှ ပေါ်လျှိုးလာပြီး အဖြူနှင့်အနက်ကို ထိုးဖောက်သွားသည်။ တစ်ဆက်တည်းမှာ အနီရောင်က ဤနေရာမှ ကြယ်တာရာကောင်းကင်၏ အရောင်အားလုံးကို ဖယ်ရှားပစ်လိုက်သည်။
သို့ဖြစ်၍ အနီရောင်က ဤနေရာ၏ တစ်ခုတည်းသောအရောင် ဖြစ်လာသည်။
ထိုအနီရောင်အရွက်များက ပင်လယ်ရေမှော်၏ အရွက်များမှလွဲ၍ တခြားမဟုတ်ပေ။
အနီရောင်အရွက်(၂၀)က မြန်ဆန်စွာ ပေါင်းစည်းသွားကြပြီး ကြာပွတ်သဖွယ် အသွင်ပြောင်းလဲသွားကာ ဧရာမမင်ရည်လက်ချောင်းကို အကြမ်းပတမ်း ရိုက်ချလိုက်သည်။
ဖောင်း…
ကျယ်လောင်သော မြည်သံနှင့်အတူ အဖျက်စွမ်းအားက ပေါ်လျှိုးလာသည်။ ဟင်းလင်းပြင်က ပြိုကွဲပျက်စီးသွားပြီး ကြယ်တာရာကောင်းကင်ထဲမှာ အက်ကွဲကြောင်းများ ထွက်ပေါ်လာကြသည်။ လက်ချောင်းက အစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက်စီးသွားပြီး ပျောက်ကွယ်သွားသည်။
ပြင်းထန်သော အားလှိုင်းရိုက်ခတ်မှုကြောင့် ဘေးပတ်ဝန်းကျင်မှ ရုပ်တုဆယ့်ရှစ်ခုသည်လည်း တုန်ယင်သွားပြီး အပိုင်းပိုင်းအစစ ကွဲထွက်သွားကြသည်။
ဖရိုဖရဲကောင်းကင်မိသားစုထဲမှ ပညာရှင်ကျင့်ကြံသူသုံးယောက်က အမူအရာပျက်ယွင်းသွားကြပြီး ချက်ချင်း အနောက်ဆုတ်သွားကြသည်။ သို့သော်လည်း ၎င်းတို့က အားလှိုင်းဖြင့် အဖျားရိုက်ခတ်ခံလိုက်ရပြီး သွေးအန်လိုက်ကြရဆဲပင်။
နန်းတော်ထဲတွင် မူလက အေးဆေးတည်ငြိမ်နေသော ဖရိုဖရဲကောင်းကင်ဧကရာဇ်၏ အမူအရာက အေးခဲသွားသည်။ ၎င်း၏ နတ်ဘုရားစိတ်အာရုံက ဝုန်းခနဲ မြည်ဟိန်းသွားပြီး နန်းတော်အပြင်ဘက်တွင် ဧရာမမျက်နှာတစ်ခုအဖြစ် စုဝေးသွားသည်။ ဧရာမမျက်နှာက ကြယ်တာရာကောင်းကင်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသော ဧရာမပင်လယ်ရေမှော်ကို စိုက်ကြည့်လိုက်သည်။
ထို့နောက် ၎င်းက ပင်လယ်ရေမှော်ပေါ်တွင် မတ်တတ်ရပ်နေသော အနက်ရောင်ဝတ်စုံနှင့် လူငယ်ကို မြင်တွေ့သွားသည်။ လူငယ်က လက်နောက်ပစ်ထားလျက် တည်ငြိမ်စွာ ရပ်နေသည်။ သူ၏ မျက်လုံးများသည်တော့ ကြယ်များပမာ ဝင်းလက်တောက်ပသည်။
ဖရိုဖရဲကောင်းကင်ဧကရာဇ်သည် ထုံးစံအားဖြင့် ပင်လယ်ရေမှော်ကို သိသည်။ သို့သော်လည်း ထိုသို့သိထားမှုက ဤအခိုက်အတန့်မှာ ၎င်းကို အကြီးအကျယ် နှလုံးတုန်ယင်သွားစေသည်။
" (က၂၉)က ဒီလူနောက်ကို တကယ်ကြီး လိုက်လာတယ် "
" ဒါ့အပြင် ဒီလူရဲ့ အရှိန်အဝါက အမိန့်အာဏာစက်ကို သုံးတဲ့ ဟိုကျင့်ကြံသူထက် ပိုပြီးသန်မာတယ်… သူက ဒီရိက္ခာထိန်းသိမ်းသူတွေရဲ့ အဖွဲ့ခေါင်းဆောင်လား ”
ကောင်းကင်ဘုံအလွန်တစ်ခုနှင့်တစ်ခုက အလွန်အမင်း ဝေးကွာသောကြောင့် ဤဖရိုဖရဲကောင်းကင်ဧကရာဇ်က ကမ်းစပ်ကိုးခုကောင်းကင်ဘုံအလွန်ထဲမှ အဖြစ်အပျက်များကို မသိထားပေ။
ဖရိုဖရဲကောင်းကင်ဧကရာဇ်၏ အကြည့်က ရွှီချင်းထံသို့ ကျရောက်သွားစဉ် ကြယ်တာရာစက်ဝန်း၏ နှလုံးက မငြိမ်သက်သွားသေးပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ နှလုံးက ပိုပြီးတုန်လှုပ်လာသည်။
အဘယ့်ကြောင့်ဆိုသော် ရွှီချင်းက ယခင်ကထက် အများကြီး ပိုသန်မာလာကြောင်း သူပြောနိုင်သည်။
အမှန်တကယ်ပင် ရွှီချင်းက ယခင်ကထက် ပိုပြီးသန်မာလာသည်။
ဤနေရာသို့လာရာ လမ်းတစ်လျှောက်တွင် သူက တခြားအချိန်လေဟာနယ်များထဲမှာ သိုလှောင်ထားသော မူလအနှစ်သာရများကို စုပ်ယူခဲ့သည်။ သို့ဖြစ်၍ လက်ရှိ သူက အစစ်အမှန်၏ ပုံရိပ်ယောင်နှင့် မဖျက်ဆီးနိုင်ခြင်းကို အတူတကွ ပေါင်းစည်းနိုင်ရန် ခြေလှမ်းဝက်မျှသာ ဝေးကွာတော့သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်က မြင့်တတ်သွားပြီး သူ၏ အင်မော်တယ်သန္ဓေသားလောင်းက ပိုပြီးအားကောင်းလာသည့်အခါ ရွှီချင်း၏ အာဏာစက်က အလိုအလျောက် ပိုပြီးအစွမ်းထက်လာသည်။
ဤအခိုက်အတန့်မှာ သူက ပင်လယ်ရေမှော်ပေါ်မှာ မတ်တတ်ရပ်နေလျက် ဖရိုဖရဲကောင်းကင်ဧကရာဇ် ဖန်တီးထားသော ဧရာမမျက်နှာကို စိုက်ကြည့်လိုက်သည်။
“ အဲ့ဒါကို ထုတ်လိုက်စမ်း ”