← Chapters

အခန်း (၁၆၅၁-၁၆၅၅)

Vol. 67 Ch. 1651-1655

အခန်း (၁၆၅၁-၁၆၅၅)

Vol. 67 Ch. 1651-1655

အပိုင်း (၁၆၅၁)

“တစ်ယောက်ယောက်ကို ခေါ်ဖို့။ နင်ဘယ်သူ့ကို ခေါ်ချင်တာလဲ” လော့လီက မျက်မှောင်ကြုတ်လျက် “ငါတို့ ရေခဲနှလုံးသား တောင်ကြားမှာ နင်လိုချင်တဲ့လူ ဘယ်သူရှိလို့လဲ ချီဟွော့”

“နင်တို့ဂိုဏ်းမှာ ငါလိုနေတဲ့လူ တစ်ယောက်မှ မရှိဘူး။ ဒါပေမယ့်…” ချီဟွော့က လက်ဝှေ့ရမ်း၍ အော်ပြောလိုက်လေသည် “ခွေးကောင်လေး၊ မတ်တပ်ရပ်ပြီး မင်းကိုယ်တိုင်လာပြော။ ဒါမင်းကိစ္စ”

ဝေဖုန်းသည် အပြုံးကြီးပြုံးလျက် ချီဟွော့နောက်မှ ထွက်လာခဲ့၏။ လော့ဟိုင်ကို ပထမဆုံး ဦးညွှတ်လိုက်ပြီး လော့လီနှင့် အခြားသူများကို ဆက်၍ ဦးညွှတ်ပြီးနောက်တွင် ခါင်းကိုဆန့်၍ တစ်ခုခု ပြောတော့မည်အပြု အေးစက်စက် မျက်ဝန်းအစုံသည် သူ့အား စိုက်ကြည့်နေမှန်း ရုတ်တရက် သတိပြုမိလိုက်သည်။

ထိုအကြည့်ကြောင့် ဝေဖုန်းမျက်နှာ ဖြူလျော်သွားပြီး ပြောရန် ပြင်နေသည့် စကားများကို ချက်ချင်း ပြန်မျိုချလိုက်လေသည်။

အေးစက်စက် အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ လော့လီမှ သူ့အား‌ အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရလေသည်။ လော့လီသည် မည်သည့် စွမ်းအားကိုမှ အသုံးမပြုနေသည့်တိုင် သူမ၏ အကြည့်သက်သက်နှင့်ပင် ဝေဖုန်းမှာ ခဲသေသွားတော့မတတ် ဖြစ်နေခဲ့သည်။

ဝေဖုန်း၏ ခြေထောက်မှား ပျော့ခွေချင်သလို ဖြစ်လာပြီး ကြောက်ရွံ့မှုတို့ကလည်း မျက်လုံးထဲ အတိုင်းသား ပြည့်နှက်လာခဲ့လေသည်။

ပင်းလုန်နှင့် အခြားအကြီးအကဲများသည် ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး စုယန်အား လှမ်းကြည့်မိလိုက်သည်။

ဝေဖုန်း ရှေ့ထွက်လာကတည်းက ချီဟွော့ ဘာကြံနေမှန်း သူတို့ အားလုံး နားလည်လိုက်ကြသည်။

မီးတောက်ဂိုဏ်းချုပ်၏ သားသည် စုယန်ကို လိုချင်နေခြင်း ဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ဖြစ်ပွားခဲ့သော တိုက်ပွဲမှာလည်း မီးတောက်ဂိုဏ်းမှ စုယန်အား သူတို့ လက်ထဲသို့ ထည့်ပေးရန် တောင်းဆိုခဲ့သောကြောင့် ဖြစ်ပေသည်။

ဝေဖုန်း မည်ကဲ့သို့သော လူမျိုးမှန်း သူတို့အားလုံး သိကြသည်။

ဝေဖုန်းသည် မီးတောက်ဂိုဏ်းတွင် မွေးမလာခဲ့ဘဲ ဝေချင်း၏ သားသာ ဖြစ်မနေခဲ့လျှင် သူ့အနေဖြင့် ဒီတစ်သက် သူတော်စင် ဘုရင်အဆင့်သို့ပင် ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ချေ။

လက်ရှိ အခြေအနေသည် အကောင်းဆုံး ဥပမာ ဖြစ်သည်။ မရေမတွက်နိုင်သော ဆေးလုံးများကို သောက်သုံးပြီးသည့်တိုင် တန်ခိုးရှင်အဆင့်သို့သာ ချိုးဖျက်နိုင်ခဲ့ပြီး ရှီကိုမူ မဖွဲ့စည်းနိုင်သေးချေ။

သူသည် တန်ခိုးရှင်အဆင့် ဖြစ်လျက်နှင့် ရှီကို ပိုင်ဆိုင်ခြင်း မရှိသည့် ကြယ်စီရင်စုကြီး၏ တစ်ဦးတည်းသော တန်ခိုးရှင်အဆင့် ပညာရှင်တစ်ဦး ဖြစ်ပေလိမ့်မည်။

သူ့အရည်အချင်းသည် စုယန်နှင့် ယှဉ်လိုက်သော် မိုးနှင့်မြေမက ကွားခြားလှပေသည်။ စုယန် အပြင်သို့ထွက်၍ အတွေ့အကြုံ ရှာထွက်စဉ်က ဝေဖုန်းနှင့် သွားတိုးခဲ့သည်။ ထိုစဉ်ကတည်းက ဝေဖုန်းသည် စုယန်၏ အလှထဲ နစ်မြောသွားခဲ့လေသည်။

မီးတောက်ဂိုဏ်းသည်လည်း ထိုအရာကို အခွင့်ကောင်းယူ၍ ရေခဲနှလုံးသားတောင်ကြားကို အရှက်ခွဲရန် ကြိုးစားတော့သည်။

ဝေဖုန်း၏ ကိုယ်ကျင့်သိက္ခာမှာ ကုန်းကောက်စရာ မရှိအောင်ကို စုတ်ပြတ်နေပြီ ဖြစ်သလို အရည်အချင်းမှာလည်း သမိုင်း၏ နံပါတ်တစ် အညံ့ဖျင်းဆုံး ဖြစ်သော်ငြား ဝေချင်း၏ သားဖြစ်နေသည့် အတွက် သူ့အဆင့်အတန်းသည် မီးတောက်ဂိုဏ်း၌ အတော်လေး မြင့်မာသည်ဟု ပြော၍ရသည်။ မီးတောက်ဂိုဏ်းသားများ ထင်နေကြသည်မှာ ဝေဖုန်းကဲ့သို့ လူတစ်ဦးအား လက်ထပ်ခွင့်ရခြင်းသည် စုယန်အတွက် ကံကောင်းမှု ဖြစ်သည်ဟူ၍ပင်။

ထို့ကြောင့် ချီဟွော့ ဝေဖုန်းအား ရေခဲနှလုံးသားတောင်ကြားထဲသို့ ခေါ်လာစဉ်ကတည်း သူဘာလုပ်ချင်နေလဲ ဆိုသည်ကို အကုန်လုံး ရေးတေးတေးလေး ခန့်မှန်းမိလိုက်ကြသည်။

သို့သော်လည်း ထိုသနားစရာ ကောင်လေးသည် လော့လီ၏ အကြည့်တစ်ချက်နှင့် ကြောက်လန့်တုန်လှုပ်သွားပြီး စကားပင် ဆက်မပြောရဲတော့ပေ။

ဝေဖုန်း၏ပုံစံကိုကြည့်ရင်း ချီဟွော့မျက်နှာ အရုပ်ဆိုးသွားခဲ့၏။ သူ့ရင်ထဲ ဒေါသထွက်လွန်းသဖြင့် ထိုကောင်အား ပြေးကန်ပစ်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာခဲ့လေသည်။

“အသုံးမကျတဲ့ကောင်၊ ငါရှိနေတာကို မင်းဘာကြောက်နေသေးတာလဲ။ မင်းပြောတာကို ပြောပြီး မင်းကိုယ်မင်း ယောကျာ်းမှန်း သက်သေပြလိုက်စမ်းကွာ”

ချီဟွော့က အော်ပြောလိုက်လေသည်။

ချီဟွော့၏ စကားကို ကြားပြီးနောက် အသက်အာမခံ ရသွားသည့် အလား ဝေဖုန်း အနည်းငယ် သတ္တိရှိလာခဲ့သည်။ ထို့နောက် အံကြိတ်၍ စုယန်အား လက်ညိုးထိုး၍ “ကျုပ်လိုနေတာ စုယန်ဆိုတဲ့ အမျိုးသမီးပဲ”

ရေခဲနှလုံးသားတောင်ကြား၏ အကြီးအကဲအားလုံး ဒေါသထွက်သွားခဲ့လေသည်။

ရန်ယွင်ထင်လည်း မျက်စိပျက်မျက်နှာ ဖြစ်သွားလေသည်။

ရန်ကိုင် မျက်နှာထက်ရှိ အပြုံး ပျောက်ကွယ်သွားပြီး ဝေဖုန်းအား ရေခဲတမျှ အေးစက်သည့် အကြည့်ဖြင့် စိုက်ကြည့်ရင်း လှောင်ပြုံး ယဲ့ယဲ့လေး ပြုံးလိုက်၏။

ရေခဲနန်းတော်သို့ ဝင်လာကတည်းက ထိုသနားစရာကောင်လေး စုယန်အား တောက်လျှောက် စိုက်ကြည့်နေသည်ကို သူသတိပြုမိ၏။ သို့သော် စိတ်ထဲ မထားခဲ့ချေ။ စုယန်ကဲ့သို့ အလွန် ချောမောလှပသည့် မိန်းမလှလေး တစ်ဦးကို အခြား ယောကျာ်းများ စိတ်ဝင်စားသည်မှာ သဘာဝသာ ဖြစ်သည်။ ယခု ဝေဖုန်း ပြောလာသည်ကို ကြားသော် ထိုကောင်သည် စုယန်အား ကြည့်ရရုံနှင့်ပင် အားမရတော့ဘဲ အပိုင်ပါ လိုချင်နေမှန်း ရန်ကိုင် နားလည်လိုက်လေသည်။

ဝေဖုန်းကိုကြည့်ရင်း ရန်ကိုင်ရင်ထဲ သတ်ဖြတ်လိုစိတ်တို့ တဖွားဖွား ထွက်ပေါ်လာခဲ့လေသည်။ သူ့အကြည့်သည် လူတစ်ယောက်အား ကြည့်နေသည့် အကြည့်မျိုး မဟုတ်တော့ဘဲ လူသေတစ်ဦးအား ကြည့်နေသည့် အကြည့်မျိုး ဖြစ်နေခဲ့လေပြီ။

စုယန်သည်လည်း မျက်မှောင်ကြုတ်ရင်း ဝေဖုန်းအား မယုံသင်္ကာဖြင့် စိုက်ကြည့်လိုက်သည်။

တစ်ချိန်လုံး ရန်ကိုင်ကိုသာ အာရုံစိုက်နေသဖြင့် ခန်းမထဲတွင် ထိုကောင်လေး ရှိနေသည်ကို သတိ မပြုမိခဲ့ချေ။

“နင်ပဲလား” စုယန်သည် ဝေဖုန်းအား မှတ်မိသွားခဲ့သည် “ဘာလဲ၊ ငါနင့်ကို ပေးခဲ့တဲ့ သင်ခန်းစာ မလောက်သေးလို့ ငါ့ကို နောက်တစ်ကြိမ် ထပ်လာရှာတာလား”

စုယန်မှ ထိုကဲ့သို့ ပြောလိုက်ရုံရှိသေး၊ ဝေဖုန်းမှာ ကြောက်လန့်သွားသည့် ယုန်တစ်ကောင်နှယ် ချီဟွော့ဆီသို့ အလျင်အမြန် ပြန်ပြေးတော့လေသည်။

ဝေဖုန်း၏ လုပ်ရပ်ကြောင့် သူမျက်နှာ ဘယ်ထားလို့ ထားရတော့မှန်း မသိသဖြင့် ချီဟွော့မျက်နှာ သံပုရာသီး ကိုက်လိုက်ရသည့်နှယ် ရှုံ့မဲ့ အရုပ်ဆိုးသွားခဲ့လေသည်။

ဘေးမှ ထိုင်ကြည့်နေသည့် လော့ဟိုင်ပင်လျှင် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်လေသည်။

“နင်သူ့ကို သိတာလား” ရန်ကိုင်က မေးလိုက်သည်။

စုယန်က ခေါင်းခါလိုက်ပြီး “မသိဘူး။ အရင်တစ်ခါ အပြင်ထွက်တုန်းက သူနဲ့ တွေ့တာ၊ အဲ့မှာ ငါ့ကို မဟုတ်တရုတ် စကားတွေ လာပြောလို့ သူ့နံရိုးနည်းနည်း ချိုးပေးလိုက်တယ်။ နောက်တော့မှပဲ သူက မီးတောက်ဂိုဏ်းကမှန်း သိတာ”

ပြောပြီးသည်နှင့် သက်ပြင်းချလျက် “ဒီလို ဖြစ်မယ်မှန်းသာ သိခဲ့ရင် အစကတည်းက သူ့ကို တစ်ခါတည်း သတ်ပစ်လိုက်တယ်”

“ဟုတ်တယ်။ နောက်ဆို အဲ့လို လူမျိုးတွေနဲ့ တွေ့ရင် ညှာမနေနဲ့” ရန်ကိုင်က စုယန်၏လက်ကို ပုတ်ပေး၍ ပြောလိုက်သည်။

စုယန်ကလည်း ပြုံး၍ ခေါင်းညိတ်လိုက်လေသည်။

“နင်… နင်… နင်ဘယ်လို လုပ်ရဲတာလဲ” ဝေဖုန်းသည် အလွန်ကိုမှ ကြောက်တတ်သော်လည်း သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း ဒေါသထွက်မိလာခဲ့သည်။ သူ့မှာ စုယန်အား မေ့မရနိုင် ဖြစ်နေခဲ့သော်လည်း စုယန်မှာမူ သူဘယ်သူမှန်းပင် မသိချေ။

ထို့အပြင် ထိုအမျိုးသမီး ပြောသွားသည့်ပုံအရ သူ့နောက်ခံပင် မဟုတ်၊ သူ့နာမည်ကိုပါ မသိခြင်းဖြစ်သည်။

သူအလွန် လိုချင်နေသည့် အမျိုးသမီးတစ်ဦးသည် သူ့အား မသိကျေးကျွံပြုလျက် အခြား အမျိုးသားတစ်ဦးနှင့် ချစ်ကြည်နူးနေသည်ကို ကြည့်ရင်း ဝေဖုန်း အလွန်အမင်း ဒေါသထွက်မိသွားသလို ရှက်လည်း ရှက်သွားမိသည်။

“နင်ငါ့မိန်းမ ဖြစ်လာတော့မှ ငါဘယ်လောက်ကောင်းတယ်ဆိုတာ နင့်ကို ကောင်းကောင်း ပြပေးမယ်” ဝေဖုန်းက အော်ပြောလိုက်၏။

“မင်းသေချင်နေတာလား” ရန်ကိုင်၏ မျက်ဝန်းထဲ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး ဝေဖုန်းဆီသို့ သူ့လက်ကို ဝှေ့ရမ်းလိုက်လေသည်။

သူတော်စင်ချီနှင့် ဖွဲ့စည်းထားသော လက်ဝါးတစ်ခု ထွက်ပေါ်လာပြီး ဝေဖုန်းဆီသို့ တိုးဝင်သွားခဲ့လေသည်။

ဝေဖုန်းမှာ ထိုလက်ဝါးချက်ကို မြင်ပြီးနောက် ထိတ်လန့်တကြား ဖြစ်သွားပြီး ကြောက်လန့်တကြား အကူအညီ တောင်းတော့၏ “မဟာအကြီးအကဲ၊ ကျုပ်ကို ကယ်ပါဦး”

“ကောင်လေး၊ ငါ့ရှေ့မှာတောင် ငါ့လူကို မင်းတိုက်ခိုက်ရဲတယ်လား” ချီဟွော့က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် ထိုသူတော်စင်ချီဖြင့် ဖန်တီးထားသည့် လက်ဝါးကို ကြားဖြတ် ဟန့်တားလိုက်လေသည်။

သို့သော်ငြား သူတော်စင်ချီလက်ဝါး ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် ထိုစွမ်းအင်သည် တစ်မျိုးတစ်မည် ပြောင်းလဲကာ ဓါးသွားတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဝေဖုန်းဆီသို့ ထပ်မံ တိုးဝင်သွားခဲ့လေသည်။ ချီဟွော့သည်လည်း ထိုရုတ်တရက် ပြောင်းလဲမှုကြောင့် အလစ်အငိုက် မိသွားခဲ့ရလေသည်။ သူအသိပြန်ဝင်လာချိန်တွင် ဓါးသွားမှာ ဝေဖုန်း၏ ဘယ်ဘက်ပါးမှ တစ်ဆင့် ညာဘက်ပါးကို ဖောက်ထွက်သွားခဲ့လေပြီ။

ချီဟွော့မျက်နှာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။

လော့ဟိုင်သည်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း မျက်ခုံး ပင့်လိုက်သည်။

လော့လီသည်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့သည်။

ရန်ကိုင်သည် သူတော်စင်ချီလက်ဝါးထဲ တစ်ခုခု ထည့်ထားခြင်း မဟုတ်မှန်း မဟုတ်မှန်း သုံးယောက်စလုံး သတိပြုမိသည်။ ထို့အစား သူတော်စင်ချီလက်ဝါး ပျက်စီးသွားချိန် ရန်ကိုင်သည် ထိုသူတော်စင်ချီကို ဆရာကျကျ ပြန်လည်စုစည်း၍ ဓါးသွား တစ်ချောင်းအသွင် ဖန်တီးကာ ဝေဖုန်းအား ဆက်၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် အသစ်ဖန်တီးထားသည့် ဓါး၏ စွမ်းအားမှာ ဝေဖုန်းပင် အလွယ်တကူ ခုခံနိုင်သည်အထိကို အားနည်းသွားခဲ့သည်။

သို့သော်လည်း ဝေဖုန်းသည် သူ့ဆီသို့ ထိုတိုက်ခိုက်မှု တိုးဝင်လာနေသည်ကိုပင် သတိမပြုမိခဲ့ချေ။

သူ့ပါးစပ်မှ သွေးများ ဖြာထွက်လာပြီး ပါးနှစ်ဖက် အလွန် နာကျင်လာသည့်နောက်မှသာ သူတိုက်ခိုက်ခံလိုက်ရပြီမှန်း နားလည်လိုက်လေသည်။ နာကျင်မှုကို မခံစားနိုင်တော့သည့် အဆုံး ပါးနှစ်ဖက်ကို လက်ဖြင့်အုပ်၍ မျက်ရညည်ရွဲလွဲဖြင့် အော်ဟစ်ငိုကြွေးတော့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲအားလုံး ခေါင်းတရမ်းရမ်း ဖြစ်သွားခဲ့ကြသည်။

ထိုကဲ့သို့သော လူတစ်ယောက်ကများ စုယန်ကို လိုချင်နေသေးသည်။ သူနှင့် ယှဉ်လိုက်သော် ရန်ကိုင်သည်သာ စုယန်နှင့် တကယ် လိုက်ဖက်သည့်လူတစ်ဦး ဖြစ်ပေသည်။

ချီဟွော့မျက်နှာ ပြာရာမှ ဖြူဖွေးသွားခဲ့ပြီး ရန်ကိုင်အား စိုက်ကြည့်ရင်း အော်ပြောလိုက်လေသည် “ကောင်လေး၊ မင်းသေပေတော့”

သူရှိနေလျက်နှင့် ဝေဖုန်း ဒဏ်ရာရသွားခြင်းမှာ သူ့ပါး ဖြတ်ရိုက်ခံလိုက်ရခြင်းနှင့် တူပေသည်။ ချီဟွော့ကဲ့သို့ လူတစ်ယောက် ထိုကဲ့သို့ ရန်စမှုမျိုးကို မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။

ခြောက်ခြားဖွယ်ရာ အရှိန်အဝါတို့ ချီဟွော့၏ ခန္ဓာကိုယ်မှ ဖြာထွက်လာခဲ့ရာ ရေခဲနှလုံးသားတောင်ကြားတွင် ရှိနေသော ကျင့်ကြံသူအားလုံး ဖြူလျော်သွားခဲ့ကြလေသည်။

ရန်ကိုင်ကမူ ကြောက်လန့်သွားခြင်း မရှိသည့်အပြင်ကိုမှ ချီဟွော့ကိုပင် လှောင်ပြုံးပြုံးလျက် ပြန်ကြည့်နေလိုက်သေး၏။

“ချီဟွော့” လော့ဟိုင်က ဝင်အော်ပြောတော့လေသည် “မင်းကိစ္စကို ပြီးအောင်လုပ်”

ရန်ကိုင်အား ချီဟွော့မှ သတ်လိုက်မည်ကို သူမည်ကဲ့သို့ လက်ခံနိုင်မည်နည်း။ ချီဟွော့မှ သူ့အကူအညီကိုသုံး၍ ရေခဲနှလုံးသားတောင်ကြားအား ဖိနှိပ်လိုသည်ကို သူလက်ခံနိုင်သေးသည်။ သို့သော်ငြား ရန်ကိုင်၏ လျှို့ဝှက်ချက်များ ပေါ်သွားမည့် ကိစ္စကိုမူ လုံးဝ လက်မခံနိုင်ချေ။

သူလိုချင်သည့် အရာမှန်သမျှကို မရသေးသည့် အချိန်ထိ ရန်ကိုင်ကို မည်သူမှ ထိ၍ မရချေ။

လော့ဟိုင်၏ အော်သံကို ကြားသည့်အခါ ချီဟွော့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော တဟုန်းဟုန်း တောက်လောင်နေသည့် အရှိန်အဝါသည် ရေအေးဖြင့် လောင်းချခံလိုက်ရသည့်အလား ချက်ချင်း ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

“မဟာအကြီးအကဲ၊ အဲ့ကောင်ကို သတ်ပေးပါ၊ ကျေးဇူးပြုပြီး အဲ့ကောင်ကို သတ်ပေးပါနော် မဟာအကြီးအကဲ” ဝေဖုန်းသည် ဘာတွေဖြစ်နေလဲ ဆိုသည်ကို မသိဘဲ သူပြောချင်သည်ကိုသာ မပီကလာပီကလာ လေသံဖြင့် အော်ပြောနေခဲ့လေသည်။

ထိုအော်ဟစ်သံများကို ကြားသည့်အခါ ချီဟွော့ ပို၍ ဒေါသထွက်သွားခဲ့သည်။ ဤကဲ့သို့ အမှိုက်ကောင်ကို ရေခဲနှလုံးသားတောင်ကြားသို့ သူဘာကြောင့် ခေါ်လာခဲ့ရသနည်း။

သူ့စိတ်ထဲ ဝေဖုန်းအား မသေမချင်း ပါးရိုက်သတ်ချင်စိတ်များ တဖွားဖွား ဖြစ်လာရတော့သည်။

ယခုတစ်ကြိမ်ခရီးပြီး၍ မီးတောက်ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် ဝေဖုန်းအား တောက်လျှောက် အကျဉ်းချထားတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ထိုကဲ့သို့သော ကောင်မျိုးကိုသာ အပြင် လွှတ်ပေးလိုက်လျှင် သူ့မီးတောက်ဂိုဏ်းတစ်ခုလုံးကို ဖျက်စီးပစ်ပေလိမ့်မည်။

“မင်းပါးစပ်ပိတ်ထားစမ်း” ချီဟွော့က ဒေါသတကြီး အော်ပြောလိုက်၏။

မဟာအကြီးအကဲကို အလွန်ကြောက်သဖြင့် ချီဟွော့မှ အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် ဝေဖုန်း ချက်ချင်း အသံ တိတ်သွားခဲ့သည်။ သို့သော် ပါးနှစ်ဖက်မှ နာကျင်မှုကြောင့် သူ့မျက်နှာမှာ တရှုံ့ရှုံ့တမဲ့မဲ့ ဖြစ်နေခဲ့လေသည်။

“ကောင်လေး၊ မင်းက့ကောင်းသွားတယ်မှတ်။ အစ်ကိုလော့ဟိုင် ဝင်ပြောပေးလို့ ဒီတစ်ကြိမ် မင်းကို လွှတ်ပေးလိုက်မယ်။ မင်းကျေးဇူးတင်ချင်တယ်ဆိုရင် အစ်ကိုလော့ဟိုင်ကို ကျေးဇူးတင်လိုက်” ချီဟွော့သည် မျက်နှာကြီးမဲ့လျက် ပြောလိုက်ပြီးနောက် လော့လီဘက်သို့ လှည့်၍ အော်ပြောလိုက်လေသည် “ငါဘာလို့ ဒီကိုလာလဲ နင်သိလောက်ပြီပေါ့။ ငါ့ရဲ့ ဆန်ကုန်မြေလေး ဂျူနီယာက ဒီမိန်းကလေးကို ကြိုက်နေတယ်။ ဒါကြောင့် ငါသူ့ကို မီးတောက်ဂိုဏ်းကို ခေါ်သွားချင်တယ်”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၅၂)

ထိုစကားကို ပြောလိုက်ချိန် ချီဟွော့ မျက်နှာ အနည်းငယ် မဲ့သွားခဲ့သည်။ သူပင်လျှင် ဝေဖုန်းကဲ့သို့ လူမျိုးသည် စုယန်၏ ဖိနပ်ကို ကိုင်ရန်ပင် အဆင့်မရှိဟု ထင်မိသည်။

သို့သော်လည်း ဤအဖြစ်အပျက်သည် ရေခဲနှလုံးသား တောင်ကြားကို ပြင်းပြင်းထန်ထန် ထိုးနှက်နိုင်မည့် အခွင့်အရေး တစ်ရပ်ဖြစ်သည်။ ရေခဲနှလုံးသားတောင်ကြားကိုသာ သဘောတူအောင် လုပ်နိုင်လျှင် သူတို့၏ စိတ်ဓါတ်ပိုင်းဆိုင်ရာ ထိခိုက်သွားအောင် လုပ်နိုင်မည်ဖြစ်ကာ အနာဂတ်တွင် ဖြစ်လာမည့် တိုက်ပွဲများတွင်လည်း သူတို့ဘက်က အသာရလာပေလိမ့်မည်။

အရေးအကြီးဆုံး အချက်သည်ကား ဤအခွင့်အရေးကို အသုံးချ၍ လော့လီအား စိတ်ဓါတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် လုပ်နိုင်ခြင်းပင်။ လက်ရှိ အဖြစ်အပျက်သည် လော့လီ၏စိတ်ထဲ အရိပ်မည်းကြီး တစ်ခုနှယ် ဖြစ်သွားစေလိမ့်မည် ဖြစ်သလို သူမစိတ်ထဲ ကိုယ်တွင်း နတ်ဆိုးကိုလည်း ဖြစ်ပေါ်လာစေနိုင်ပေသည်။

ကိုယ်တွင်းနတ်ဆိုး ဖြစ်ပေါ်လာသည်နှင့် လော့လီ၏ ကျင့်ကြံခြင်းသည် ဤအဆင့်တွင်သာ ရပ်တန့်နေတော့ပေမည်။

ထိုသို့ဖြစ်လာပြီးနောက် သူကျင့်ကြံခြင်းကိုသာ အဆင့် မြှင့်တင်နိုင်မည်ဆိုလျှင် မီးတောက်ဂိုဏ်းသည် လှိုင်းနီကြယ် တစ်ခုလုံးတွင် အားအကောင်းဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာပေလိမ့်မည်။

ချီဟွော့အသံ ဆုံးသွားသည်နှင့် ရန်ယွင်ထင်က ရှေ့တက်၍ အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည် “အိမ်မက်မက်နေလိုက်။ စုယန်လို ငါတို့ ရေခဲနှလုံးသား တောင်ကြားရဲ့ အဓိက တပည့်တစ်ယောက်ကို နင်တို့လို အပြင်လူတွေဆီ ဘာလို့ ထည့်ပေးရမှာလဲ”

ချီဟွော့က လှောင်ပြုံးပြုံးလျက် “ငါထင်ထာတာ မမှားရင်၊ နင့်တပည့်က ရေခဲကျောက်စိမ်းကျင့်စဉ်ကို ကျင့်ကြံထားတာမလား”

“အဲ့တော့ ဘာဖြစ်လဲ”

“နင့်တပည့် စိတ်ခံစားချက်တွေ မတည်မငြိမ် ဖြစ်နေတာ ငါမြင်တယ်။ ရေခဲကျောက်စိမ်းကျင့်စဉ်ကို ကျင့်ကြံထားတဲ့ ဘယ်သူမှ စိတ်ခံစားချက်ရှိလို့ မဖြစ်ဘူး။ မဟုတ်ရင် ဘေးထွက်ဆိုးကျိုး အကြီးကြီး ခံစားရမှာ။ အခု နင့်တပည့်… ခံစားနေရတဲ့ပုံအရတော့ နောက်တစ်နှစ်၊ နှစ်နှစ်လောက်ပဲ၊ အဲ့ကျရင် သူ့ကျင့်ကြံခြင်း လုံးဝ ပျက်စီးသွားလိမ့်မယ်။ ကျင့်ကြံခြင်း မရှိတော့တဲ့ သာမန် သေမျိုး တစ်ယောက်က နင်တို့ ရေခဲနှလုံးသားတောင်ကြားအတွက် ဘာအသုံးဝင်ဦးမှာ မို့လို့လဲ”

ရန်ယွင်ထင်၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။

စုယန်၏ ကိစ္စကို သေသေချာချာ ဖုံးဖိထားသည့်အတွက် ထိုအကြောင်းကို စုယန်နှင့် သူမဆရာသာ သိပေသည်။ သို့သော်ငြား ချီဟွော့သည် စုယန်ကို မြင်လိုက်ရုံဖြင့် စုယန်၏ အခြေအနေကို နားလည်သွားခဲ့သည်။

ရန်ယွင်ထင်စိတ်ထဲ အတော်လေးကိုမှ စိတ်ဓါတ်ကျသွားပြီး စုယန်အား စိတ်ပျက်စွာ လှမ်းကြည့်လိုက်လေသည်။

သို့သော်လည်း စုယန်ကမူ ပြောင်းလဲခြင်းမရှိသည့် အမူအရာဖြင့် ပြုံးလျက်သာ ရန်ကိုင်၏ လက်မောင်းကို ဖက်တွယ်ထားလေသည်။ သူမ၏ ကျင့်ကြံခြင်းကို ဆုံးရှုံးမည့် အရေးနှင့် ရင်ဆိုင်ရနေသည့်တိုင် နည်းနည်းလေးမှ စိုးရိမ်ပူပန်ခြင်းမရှိ။ ရန်ကိုင်နှင့်သာ အတူရှိနေရသရွေ့ သေရလျှင်ပင် ကိစ္စရှိသည့်ပုံမပေါ်။

ထိုအခြင်းအရာကို ကြည့်ရင်း ရန်ယွင်ထင် ပို၍ စိတ်ပျက်သွားလေသည်။

“စုယန်…” ရန်ကိုင်သည်လည်း ကြောင်သွားခဲ့ပြီး သူ့ဘေးတွင် ရပ်နေသော မိန်းမလှလေးကို စိုးရိမ်တကြီး လှည့်ကြည့်လိုက်၏။

သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်အခိုက် စုယန်၏ ခန္ဓာကိုယ်နှင့် ပက်သက်၍ တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်သည်။

ချီဟွော့ ပြောသကဲ့သို့ပင် စုယန်၏ ကျင့်စဉ်မှ ဘေးထွက်ဆိုးကျိုး ခံစားထားရသည့်အလား သူမ၏ အရှိန်အဝါမှာ မတည်မငြိမ် ဖြစ်နေခဲ့သည်။ လက်ရှိ အခြေအနေသည် ကိုင်တွယ်၍ ရသေးသော်ငြား ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ဆေးမမှီတော့သည့် အခြေအနေသို့ ရောက်သွားပေလိမ့်မည်။

“ဘာမှမဖြစ်ဘူး” စုယန်က ပြုံးလျက် ပြန်ပြောလိုက်သည်။ ဘေးလူများမှာ စိုးရိမ်နေသော်ငြား ကာကယကံရှင်ဖြစ်သော သူမမမှာမူ အကြွင်းမဲ့ တည်ငြိမ်နေခဲ့လေသည်။

“ငါနည်းလမ်းတစ်ခုခုရှာပြီး ကုပေးမယ်” ရန်ကိုင်က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် ပြောလိုက်သည်။

“နင့်ကိုယ်နင် သက်သေလိုက်။ အဲ့ဒါဆို အားလုံး ပြီးသွားလိမ့်မယ်” ရန်ယွင်ထင်က ဒေါသတကြီး လှမ်းအော်ပြောလိုက်သည်။

“ဆရာ၊ အဲ့လိုမပြောနဲ့” စုယန်မျက်နှာထက်ရှိ အပြုံး ပျောက်ကွယ်သွားပြီး မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်၏ “ဂျူနီယာမောင်လေး သေသွားရင်၊ တပည့်ပါ လိုက်သေမှာ”

ရန်ယွင်ထင်သည် ပါးစပ်ဟ၍ တစ်ခုခုပြောရန် လုပ်လိုက်သော်ငြား ဘာမှမပြောနိုင်ခဲ့ဘဲ စုယန်ကိုသာ အံ့ဩတကြီးဖြင့် ကြောင်ကြည့်နေမိလေသည်။

စုယန် ယခုကဲ့သို့ လေသံမျိုးဖြင့် သူမအား ပြန်ပြောသည်ကို ပထမဆုံး ကြုံဖူးခြင်းဖြစ်သည်။ ယခင်ဆိုလျှင် စုယန်သည် သူ့စကားကို အမြဲနာခံသည်။ သူမ ဘာအမိန့်ပေးပေး သူ့တပည့်သည် သူမပေးသည့် အမိန့်တိုင်းကို ကျေပွန်စွာ ဆောင်ရွက်ပေးသဖြင့် ရန်ယွင်ထင်မှာ စုယန်နှင့် ပက်သက်၍ အလွန်ကိုမှ ကျေနပ်ခဲ့ရသည်။

သို့သော်လည်း ယနေ့တွင် စုယန်အပေါ် သူမ၏ အထင်အမြင် စတင် ယိမ်းယိုင်လာခဲ့ရလေသည်။ ‘ဆရာဆိုတဲ့ငါက သူ့အတွက် ဒီကောင်လေးလောက်တောင် အသုံးမဝင်ပါလား’ဟု ရန်ယွင်ထင် စတင် တွေးတောမိလာခဲ့သည်။

ရန်ယွင်ထင်သည် အေးစက်စက် မှုန်ကုတ်ကုတ် အမူအရာဖြင့် ရန်ကိုင်အား စိုက်ကြည့်၍ အော်ပြောလိုက်လေသည် “ကောင်လေး၊ စုယန်နဲ့ အနာဂတ် နင့်ကြောင့် ပျက်စီးသွားပြီ။ နင်သေရင်တောင် အဲ့အပြစ်ကြွေးတွေ ကြေမှာမဟုတ်ဘူး”

ပြောပြီးသည်နှင့် နောက်ပြန်ဆုတ်သွားပြီး မျက်လုံးကို ပိတ်၍သာ ရပ်နေလိုက်တော့သည်။

“စီနီယာအစ်မရဲ့ အနာဂတ်ကို ဖျက်စီးတာ ဟုတ်လား။ အဲ့ဒါ ခင်ဗျား ပြောရမှာမဟုတ်ဘူး။ ခင်ဗျားက ဘာမို့လို့ ဝင်ပြောချင်နေတာလဲ” ရန်ကိုင်ကလည်း ပြန်အော်ပြောလေသည်။

“မင်းတို့ ငြင်းခုံနေတာတွေ ဒီမှာတင် ရပ်လိုက်တော့” ချီဟွောပ မတ်တပ်ရပ်လျက် မီးတောက်မတတ် အကြည့်ဖြင့် လောလီအား စိုက်ကြည့်လိုက်ရင်း “ငါပြောပြီးသွားပြီ လော့လီ၊ အခု နင်ရွေးပေးတော့။ နင်သဘောတူမယ်ဆိုရင် ငါပြန်ဆုတ်သွားမယ်။ မဟုတ်ဘူး ဆိုရင်တော့…”

ရေခဲနှလုံးသားတောင်ကြား၏ အကြီးအကဲများ စတင် စိုးရိမ်ပူပန်လာခဲ့ကြသည်။

လော့လီသည် ချီဟွော့အား တစ်ချက် ကြည့်လိုက်ပြီးနောက် လော့ဟိုင်ဘက်သို့ လှည့်၍ မေးလိုက်လေသည် “လူကြီးမင်း လော့ဟိုင်ကလည်း အဲ့လိုပဲ ထင်တာလား”

ချီဟွော့ ရေခဲသန့်စင်ကျွန်းဆီသို့ လာပြီး သူတို့ တပည့်ကို လာတောင်းရမ်းရဲခြင်းမှာ လော့ဟိုင်ကြောင့်မှန်း လော့လီ သိသည်။ လော့ဟိုင်သာ မရှိလျှင် ချီဟွောသည် ရေခဲသန့်စင်ကျွန်း၏ မိုင်တစ်ထောင်ပတ်လည်အတွင်းသို့ပင် ခြေချရဲလိမ့်မည် မဟုတ်ချေ။

လော့ဟိုင်က ပြုံးလျက် “ဂျူနီယာညီမလော့လီ ပြောတာ နည်းနည်းတော့ သိပ်မဟုတ်သလိုပဲ။ ဒီဘုရင်က ကြားနေပဲ နေတာလေ။ ဘယ်သူ့ဘက်ကိုမှ ပါတာ မဟုတ်တာ”

ထို့နောက် ဆက်၍ ပြောလိုက်၏ “ဒါပေမယ့် ဒီဘုရင် မြင်သလောက်တော့ ချီဟွော့ပြောတာလည်း မှားတော့ မမှားဘူး။ စုယန်ဆိုတဲ့ တပည့်က ပါရမီကောင်းပေးမယ့် သူအခု ကြုံနေရတဲ့ ပြဿနာကို စဉ်းစားကြည့်လိုက်မယ်ဆိုရင် ကျင့်ကြံသူ တစ်ယောက်အဖြစ် သူနေရတော့မှာ တစ်နှစ်၊ နှစ်နှစ်တောင် မရှိတတ်တော့ဘူး။ ရေခဲနှလုံးသားတောင်ကြားမှာ သူဆက်နေလို့လည်း ဘာမှမထူးမယ့်အတူတူ သူ့ကို ဝေဖုန်းနဲ့ လက်ထပ်ပေးပြီး ဂိုဏ်းနှစ်ဂိုဏ်းကြားက ရန်ငြိုးတွေကို ကြေအေးလိုက်ကြတာ ပိုမကောင်းဘူးလား”

ထိုစကားကို ကြားသော် လော့လီမျက်နှာ မည်းမှောင်သွားခဲ့သည်။

သူတို့ ဂိုဏ်းနှစ်ဂိုဏ်းကြားက ရန်ငြိုးများကို ကြေအေးဖို့လား… စိတ်ကူးယဉ် အိမ်မက်သက်သက်သာ ဖြစ်ပေလိမ့်မည်။

“ကျွန်မ နားလည်ပြီ” လော့လီက ခေါင်းအသာညိတ်၍ မျက်လုံး ပိတ်လိုက်၏။ မည်သူမှ သူမအား သွားမနှောင့်ယှတ်သော်ငြား ရေခဲနှလုံးသားတောင်ကြား၏ အကြည့်အားလုံးသည် သူမ အပေါ်တွင်သာ ရောက်ရှိနေခဲ့လေသည်။

လော့ဟိုင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ လက်ဖက်ရည် တစ်ငုံ သောက်လိုက်၏။ ချီဟွော့ကမူ နောက်ဘာဖြစ်မလဲ ဆိုသည်ကို ကြိုသိနေသည့်အလား အပြုံးကြီး ပြုံးဖြီးနေခဲ့သည်။

လော့လီ ငြင်းဆိုမည်ကို သူမကြောက်ချေ။ ယခုတစ်ကြိမ် လော့ဟိုင်၏ ဂုဏ်သတင်းအပေါ် အခွင့်ကောင်းယူ၍ ရေခဲနှလုံးသား တောင်ကြား၏ စိတ်ဓါတ်ပိုင်းဆိုင်ရာကို နင်ခြေပစ်ရန် ရောက်လာခဲ့ခြင်းသာ။ စုယန်ဆိုသည့် မိန်းကလေးကမူ သူ၏ ကစားကွက်ထဲ စတေးခံလိုက်ရသည့် ပွန်းရုပ်သက်သက်သာ ဖြစ်ပေသည်။

စုယန် မရှိလျှင်လည်း ကျန်းယန်၊ ဝမ်ယန်… စသော အခြား မိန်းကလေးတပည့် များစွာ ရှိနေသေးလေရာ သူကြိုက်သည့် တပည့်တစ်ယောက်ကို ကောက်ရွေးလိုက်ရုံပင်။

ဝေဖုန်းသည်လည်း ဆက်အော်မနေတော့ချေ။ ငါးနှံ့ရသည့် ကြောင်တစ်ကောင်နှယ် စုယန်ကိုသာ စိတ်လှုပ်ရှားစွာဖြင့် လှမ်းကြည့်နေခဲ့သည်။ ပါးနှစ်ဖက်စလုံးမှာ နာကျင်သော်ငြား စုယန်အား တဏှာမြူခိုး ဝေနေသည့် အကြည့်ဖြင့် စိုက်ကြည့်နေဆဲ။

ရန်ကိုင်နှင့် စုယန်ကမူ အေးအေးဆေးဆေးသာ ရပ်နေခဲ့သည်။ အကုန်လုံးသည် သူတို့အား မရှိသလို သဘောထားနေကြသည်။

မည်သူမှ သူတို့၏ အထင်အမြင်၊ သဘေားထားကို မမေးကြ။ စုယန်၏ မျက်ဝန်းထဲရှိ ပျော်ရွှင်မှုတို့ နေရာတွင် ဝမ်းနည်းမှုတို့က အစားထို ဝင်ရောက်လာခဲ့သည်။ ရန်ကိုင်အား ကိုင်ထားသည့် သူလက်မှာလည်း ပို၍ တင်းကြပ်လာခဲ့လေသည်။

ရန်ကိုင်ကမူ လော့လီအား အေးစက်စက် အမူအရာဖြင့်သာ စိုက်ကြည့်နေခဲ့လေသည်။

ခဏအကြာတွင် ရန်ကိုင်က သက်ပြင်းတစ်ချက်ချလျက် စုယန် နားနားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်သည် “စီနီယာအစ်မ၊ ငါ့ကိုယုံလား”

စုယန်သည် တုန့်ဆိုင်းခြင်းမရှိ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ” ရန်ကိုင်က နွေးထွေးစွာပြုံးလျက် “ဒီနေ့ စီနီယာအစ်ကို ဘယ်သူမှ ခေါ်သွားလို့ မရစေရဘူးလို့ ငါအာမခံတယ်။ သူတို့ ခေါ်ချင်တယ်ဆိုရင် သူတို့ အကုန်လုံးကို ငါသတ်ပစ်မယ်”

“အဲ့ဒါဆို စီနီယာအစ်မ စောင့်ကြည့်နေမယ်နော်” စုယန်က ရန်ကိုင်အား မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

စုယန်၏ ပြောင်ချော်ချော် အမူအရာကို မြင်ပြီး ရန်ကိုင် မှင်သက်သွားခဲ့လေသည်။ စုယန်တွင် ဤကဲ့သို့ တစ်ဖက်ခြမ်း ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ စုယန် ဤကဲ့သို့ ပြုမူသည်ကို သူတစ်ခါမှ မမြင်ခဲ့ဖူးပေ။ သူတို့ ကြုံနေရသည့် ပြဿနာကြီးကြောင့် စုယန် ဤကဲ့သို့ အပြုအမူများကိုပင် လုပ်ရဲခြင်း ဖြစ်လောက်၏။

နှစ်ယောက်စလုံးသည် တိုးတိုးတိုးတိုးဖြင့် ပြောနေသော်ငြား ချီဟွော့နှင့် လော့ဟိုင်တို့ကတော့ သူတို့ ပြောနေသည်ကို ကြားပေသည်။

ရန်ကိုင် ပြောသည်ကို ကြားသည့်အခါ ချီဟွော့နှင့် လော့ဟိုင် နှစ်ဦးစလုံး ရန်ကိုင်အား အထင်တသေး အကြည့်များဖြင့် စိုက်ကြည့်လာခဲ့သည်။

“လော့လီ၊ မြန်မြန် ဆုံးဖြတ်တော့” လော့ဟိုင်က စိတ်မရှည်ဟန်ဖြင့် တွန်အားပေးလိုက်သည်။

ရန်ကိုင်အား တောင်စိမ်းကြယ်သို့ ပြန်ခေါ်သွားပြီး သူ့လျှို့ဝှက်ချက် အားလုံးကို ဆွဲထုတ်ချင်ပြီ ဖြစ်သည့်အတွက် ဤနေရာတွင် ဆက်ပြီး အချိန်ကုန်မနေချင်တော့ချေ။

လော့လီလည်း မျက်လုံးဖွင့်လာခဲ့သည်။

လော့လီသည် စုယန်အား အပြစ်မကင်းသည့် အမူအရာဖြင့် တစ်ချက် ကြည့်လိုက်သည်။

“နင်တို့ သူ့ကို ခေါ်သွားလို့ရပြီ။ သူ့ကို ကောင်းကောင်းတော့ ဆက်ဆံပေးနော်” လောလီ့၏ အမူအရာသည် လေလျှော့ခံလိုက်ရသည့် ပူပေါင်းတစ်လုံးနှယ် ထိုးကျသွားခဲ့၏။ အနည်းငယ် ဖြူဖတ်ဖြူလျော် ဖြစ်နေသော သူမ၏ မျက်နှာမှာလည်း ပို၍ ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့လေသည်။

“မဟာအကြီးအကဲ…” ရန်ယွင်ထင်က လှမ်းခေါ်လိုက်သည်။

ဤကဲ့သို့ ဖြစ်မည်မှန်း ကြိုသိထားသော်လည်း တကယ်တမ်း ဖြစ်လာချိန် အမှန်တရားကို လက်ခံရန် ခဲယဉ်းနေခဲ့သည်။ မဟာအကြီးအကဲအား အလိုလို လှမ်းအော်ခေါ်လိုက်မိပြီးနောက် ဘာမှ ဆက်မပြောတော့ဘဲ စုယန်အား နောင်တရနေသည့် အမူအရာဖြင့်သာ ကြည့်၍ သက်ပြင်းချလိုက်လေသည် “ဒါနင်ရွေးတဲ့ ဆုံးဖြတ်ချက်ပဲ၊ နောက်မှ နောင်တမရနဲ့တော့”

စုယန်ကို စွန့်လွှတ်လိုက်ရန် ရန်ယွင်ထင် ဆုံးဖြတ်လိုက်လေပြီ။

စုယန် ရင်ဆိုင်နေရသည့် ဘေးထွက်ဆိုးကျိုးကို ဖြေရှင်းနိုင်မည့် နည်းလမ်း သူမတွင် မရှိချေ။ ထို့ကြောင့် ယနေ့ စုယန်ကို ခေါ်ထားနိုင်လျှင်ပင် စုယန်၏ ကျင့်ကြံခြင်းသည် ဤနေရာ ဤအဆင့်တွင်သာ ရပ်တန့်နေတော့မည် ဖြစ်သည်။ အနာဂတ် မရှိတော့သည့် တပည့်တစ်ဦးအတွက် ရေခဲနှလုံးသားတောင်ကြား အနေဖြင့် အန္တရာယ်တွင်းထဲသို့ မည်သို့မှ ခုန်ဆင်းမည် မဟုတ်ပေ။ ထို့အပြင် လော့လီ ကိုယ်တိုင်၏ အမိန့်ဖြစ်သဖြင့် သူမလည်း ငြင်းဆန်၍ မရပေ။

ထို့ကြောင့် စုယန်နှင့် အကြည့်ချင်း မဆုံမိအောင် မျက်လုံးသာ ပိတ်နေလိုက်တော့သည်။

“ကောင်းတယ်” ချီဟွော့ အော်ရယ်မောလိုက်လေသည်။

နှစ်ပေါင်းများစွာကြာပြီး နောက်ဆုံးတွင် လော့လီအား ဖိနှိပ်နိုင်ခဲ့လေပြီ။ ထိုကဲ့သို့ လုပ်နိုင်ခြင်းမှာ လော့ဟိုင်ကြောင့်ဟု ပြော၍ရသော်လည်း သူလိုချင်နေသည့် ရလဒ်ကို ရလိုက်သဖြင့် ချီဟွော့ အလွန်အမင်း ကျေနပ်ပီတိ ဖြစ်နေခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၅၃)

ချီဟွော့ အလွန် ပျော်မြူးနေခဲ့သည်။ စိတ်အားတက်ကြွစွာဖြင့် စုယန်ကို လက်ညိုးထိုးလျက် ဝေဖုန်းကို ပြောလိုက်လေသည် “ကောင်စုတ်လေး၊ အခုအချိန်ကစပြီး ဒီမိန်းကလေးက မင်းအပိုင် ဖြစ်သွားပြီ။ မင်းသူ့ကို နှိပ်စက်စက်၊ သတ်သတ် မင်းလုပ်ချင်တာ လုပ်လို့ရတယ်”

တစ်ဖက်လူအား ဖိနှိပ်နိုင်သည်ကိုပင် မကျေနပ်နိုင်သေးဘဲ ရေခဲနှလုံးသားတောင်ကြားမှ ခေါင်းဆောင်ကို ပို၍ ဒေါသထွက်အောင်ပင် လုပ်လိုက်သေးသည်။

သို့သော်လည်း ရေခဲနှလုံသားတောင်ကြားမှ လူအားလုံးသည် ဘာမှပြန်မပြောကြဘဲ တိတ်တိတ်လေးသာ နေနေကြသည်။

ထို့ကြောင့် ချီဟွော့ အနည်းငယ် စိတ်ပျက်သွားမိသလို အနည်းငယ်လည်း အထင်သေးသွားသည်။

ရေခဲနှလုံးသားတောင်ကြားသည် ရေရှည်အကျိုးအတွက် ယခုကဲ့သို့ လုပ်ရခြင်းဖြစ်မှန်း သူသိသော်ငြား ယခု အဖြစ်အပျက်နောက်ပိုင်း၌ သူတို့၏ စိတ်ဓါတ်ပိုင်းမှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်။ နောက်ပိုင်းတွင် ရေခဲနှလုံးသားတောင်ကြားကို သူတို့ မီးတောက်ဂိုဏ်း လုံးဝ ကြောက်နေစရာ လိုတော့လိမ့်မည် မဟုတ်ချေ။

ဝေဖုန်းသည် မိစ္ဆာဆန်ဆန်ပြုံးလျက် “တပည့် သူ့ကို ဘယ်လိုလုပ်ပြီး နှိပ်စက်နိုင်မှာလဲ။ သတ်ဖို့ဆို ဝေလာဝေးသေး။ အခုလို ကူညီပေးတဲ့အတွက် မဟာအကြီးအကဲကို တပည့် ကျေးဇူးအများကြီး တင်ပါတယ်။ မဟာအကြီးအကဲရဲ့ စွမ်းအားက တကယ်ကို ပြိုင်ဘက်ကင်းပါပဲ”

ဝေဖုန်းသည် ကြောက်တတ်ပြီး အားနည်းသော်လည်း တစ်ဖက်လူကို မည်ကဲ့သို့ ဖားယားရမှန်းတော့ ကောင်းကောင်း သိပေသည်။ အစကတည်းက မာန်ကြွနေသော ချီဟွော့သည် သူ့စကားကြောင့် ပို၍ပင် ဖင်တကြွကြွ ဖြစ်သွားခဲ့လေသည်။

“ကောင်းပြီ” လော့ဟိုင်က လက်ခုပ်တီးလျက် ယဲ့ယဲ့လေး ပြုံးလျက် “ဒီဘုရင် မင်းတို့အားလုံးအတွက် ဂုဏ်ယူပါတယ်။ အခု အခွင့်အရေးကို သုံးပြီး မင်းတို့ဂိုဏ်းနှစ်ဂိုဏ်း ဆက်ပြီး မတိုက်ခိုက်ကြတော့ဖို့လည်း ဒီဘုရင် မျှော်လင့်တယ်။ တကယ်တော့ မင်းတို့ ဂိုဏ်းနှစ်ဂိုဏ်း တိုက်နေလို့လည်း ဘာအကျိုးမှ ရှိတာမှ မဟုတ်တာ”

“အစ်ကိုလော့ဟိုင်၊ မင်းမှာ အခြားအရေးကြီး ကိစ္စတွေ မရှိသေးရင် မီးတောက်ဂိုဏ်းမှာ ရက်နည်းနည်းလောက် ထပ်နေသွားပါလား” ချီဟွော့က လော့ဟိုင်ကို ဖိတ်ခေါ်လိုက်လေသည်။

လော့ဟိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလျက် “မနေတော့ဘူး။ ဒီဘုရင် တောင်စိမ်းကြယ်ကနေ ထွက်လာတာ တော်တော်လေး ကြာနေပြီ။ အခု ပြန်မှဖြစ်တော့မယ်”

ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများသည် ချီဟွော့ ကြွားဝါနေသည်ကို မြင်သော်လည်း မည်သူမှ ဘာမှ မပြောရဲကြပေ။ လော့လီပင်လျှင် မသိကျေးကျွံ ပြုထားရာ သူတို့က ဘာပြောနိုင်မည်နည်း။

“ရန်ကိုင်၊ ငါနဲ့လိုက်ပေတော့” လော့ဟိုင်သည် ရန်ကိုင်ကို ကြည့်ရင်း အမိန့်ပေးလိုက်သည်။

ရန်ကိုင်သည် လော့ဟိုင်ကိုပင် မကြည့်ဘဲ လှောင်ပြုံးပြုံးလျက် ရေခဲနှလုံးသားတောင်ကြားမှ လူအားလုံးကို ဝေ့ကြည့်လိုက်၏။ သို့သော် အကုန်လုံးမှာ သူ့အကြည့်ကို ရှောင်သွားခဲ့ကြသည်။

ရန်ယွင်ထင်ပင်လျှင် သူ့အကြည့်ကို ရှောင်သွားသော်လည်း မကြာမီ သူ့ဘက်သို့ ပြန်လှည့်၍ “အခုလိုဖြစ်အောင် နင်ကိုယ်တိုင်ပဲ လုပ်တာ။ ဘယ်သူ့ကိုမှ လာအပြစ်တင်မနေနဲ့”

ရန်ကိုင်ကမူ လှောင်ပြုံးသာ ပြုံးနေဆဲ။

ထို့နောက် စုယန်လက်ကို ပုတ်၍ ပြောလိုက်လေသည် “စီနီယာအစ်မ၊ သူတို့တွေကို နောက်ဆုံးအကြိမ်အဖြစ် သွားပြီး ဦးညွှတ်လိုက်၊ အခုကနေစပြီး စီနီယာအစ်မ သူတို့နဲ့ ဘာမှ မသက်ဆိုင်တော့ဘူး”

“ကောင်းပြီ” စုယန်က ခေါင်းညိတ်လိုက်ပြီးနောက် ရှေ့သို့ တက်သွား၍ ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများကို ဦးညွှတ်လိုက်သည်။ အကုန်လုံးကို လေးလေးစားစား ဦးညွှတ်လိုက်ပြီးနောက် ရန်ယွင်ထင်ဘက်သို့ လှည့်၍ ပြောလိုက်လေသည် “ဒါနောက်ဆုံးအကြိမ် တပည့် ဆရာ့ကို ဆရာလို့ ခေါ်တာပဲ။ တပည့်ကို သင်ကြားပေးခဲ့တာတွေအတွက် ဆရာ့ကို ကျေးဇူးအများကြီး တင်ပါတယ်။ အနာဂတ်မှာလည်း ဂရုစိုက်ပါ ဆရာ”

ရန်ယွင်ထင်သည် ပါးစပ်ဟ၍ တစ်ခုခုပြောရန် လုပ်လိုက်သော်ငြား နောက်ဆုံးတွင် ပြောမထွက်ခဲ့ဘဲ အကြည့်သာ လွှဲလိုက်လေသည်။

စုယန်သည်လည်း လုပ်စရာရှိသည်များကို လုပ်ပြီးနောက် ရန်ကိုင် ဘေးနားသို့ ပြန်လာခဲ့လေသည်။

“ကောင်လေး၊ ခေါင်းမာမနေနဲ့။ အစ်ကိုလော့ဟိုင် နောက်ကိုသာ နာနာခံခံနဲ့ လိုက်သွားလိုက်။ မင်းဘေးနားက မိန်းကလေးက အခုအချိန်ကစပြီး ငါတို့ မီးတောက်ဂိုဏ်းအပိုင် ဖြစ်သွားပြီ” ချီဟွော့က အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။

ရန်ကိုင်နှင့် စုယန်တို့နှစ်ဦး တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။

“ကျုပ်စီနီယာအစ်မကို ခေါ်သွားချင်ရင် ကျုပ်အလောင်းကို ဖြတ်သွားမှပဲ ရလိမ့်မယ်” ရန်ကိုင်က ရုတ်တရက် ပြောလိုက်၏။

တစ်ချိန်တည်းတွင် စုယန်ကလည်း ပြောလိုက်လေသည် “ငါလည်း ဂျူနီယာမောင်လေးနဲ့ သေအတူရှင်မကွာ ရှိနေမှာ”

နှစ်ဦးစလုံးဆီမှ ထွက်ပေါ်နေသော အရှိန်အဝါ ရုတ်ချည်း မြင့်တက်လာခဲ့ပြီး သူတော်စင်ချီတို့ ပေါက်ကွဲထွက်လာခဲ့သည်။

တစ်မျိုးသည် အလွန်ကိုမှ ပူပြင်းပြီး တစ်မျိုးသည် အလွန်ကိုမှ အေးစက်နေသည်။ ထိုဆန့်ကျင်ဘက် စွမ်းအင်နှစ်မျိုးသည် ပိုမို အားကောင်းသော စွမ်းအင်တစ်မျိုး အဖြစ်သို့ ပဥ္စလက်ဆန်ဆန် ပေါင်းစပ်သွားခဲ့လေသည်။

ထိုရုတ်တရက် အဖြစ်အပျက်ကြောင့် လူငယ်လေးနှင့် မိန်းကလေးကို ကြည့်နေကြသည့် လူအားလုံး အံ့အားသင့်ကုန်ကြ၏။

လော့ဟိုင်သည်လည်း အလွန်ထူးခြားသည့် အရာတစ်ခုခုကို ရှာတွေ့သွားသည့်အလား အလွန်ကိုမှ အံ့ဩသွားသည်။ မျက်လုံးပိတ်နေသည့် လောလီ့ပင်လျှင် ထိတ်လန့်နေသည့် အမူအရာဖြင့် မျက်လုံး ပြန်ဖွင့်လာခဲ့လေသည်။ ချီဟွော့သည်လည်း အတူတူပင်။

အပြင်လူအမြင်တွင် ရန်ကိုင်နှင့် စုယန်သည် လူနှစ်ဦး မဟုတ်တော့ဘဲ တစ်ဦးတည်းအဖြစ်သို့ ပေါင်းစပ်သွားသလို ထင်မှတ်ရသည်။ တန်ခိုးရှင်ဒုတိယအဆင့်နှင့် ပထမအဆင့် ကျင့်ကြံခြင်းနှစ်မျိုးသည် တစ်ခုပေါ်တစ်ခု အားပြုရင်းမှ တန်ခိုးရှင်တတိယအဆင့် အထွဋ်အထိပ်နှင့် ယှဉ်နိုင်သော အရှိန်အဝါအထိသို့ ထိုးတက်သွားခဲ့သည်။

“စိတ်ဝင်စားစရာပဲ၊ ဒါနှစ်မွှာကျင့်ကြံခြင်းမလား” လော့ဟိုင်က မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်သည်။ သူ့မြင်သလောက် ရန်ကိုင်နှင့် စုယန်ကြားရှိ ဆက်ဆံရေးသည် အလွန်ကိုမှ နက်နဲသည့် အဆင့်တစ်ခုအထိသို့ ရောက်နေခဲ့လေပြီ။ မဟုတ်လျှင် ဆန့်ကျင်ဘက် ဖြစ်နေသော သူတို့၏ သူတော်စင်ချီ နှစ်မျိုးသည် လုံးဝ ပြီးပြည့်စုံစွာ ပေါင်းစပ်သွားနိုင်လိမ့်မည် မဟုတ်ပေ။

“ခွေးကောင်လေး” ချီဟွော့ ထအော်ဆဲတော့သည်။

သူ့အမြင်တွင် စုယန်သည် ဝေဖုန်း၏ အမျိုးသမီး ဖြစ်နေလေပြီ။ သို့သော်လည်း ထိုအမျိုးသမီးသည် ရန်ကိုင်နှင့်အတူ ကာမ ယှတ်စပ်ပြီးသည့် အမျိုးသမီး တစ်ဦးဖြစ်နေခဲ့သည်။ လက်ရှိ အဖြစ်အပျက်သည် သူတို့ မီးတောက်ဂိုဏ်း၏ပါးကို ဖြတ်ရိုက်လိုက်သလိုပင်။

ရေခဲကျောက်စိမ်းကျင့်စဉ်ကို ကျင့်ကြံရန်အတွက် အပျိုစင် ဖြစ်ရမည်ဟူသော လိုအပ်ချက်သည် မည်သည့် နေရာသို့ ရောက်သွားခဲ့လေသနည်း။

ချီဟွော့၏အသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် နားပင်းမတတ် ကျယ်လောင်သော ဟိန်းသံတစ်သံ ရေခဲနန်းတော်ထဲ ထွက်ပေါ်လာခဲ့သည်။ ထိုအလွန်ကိုမှ ကျယ်လောင်ပြီး တော်ဝင် အရှိန်အဝါတို့ ပြည့်နှက်နေသော ဟိန်းဟောက်သံသည် ကြားလိုက်သည့် လူတိုင်း၏ဝိဥာဉ်ကို လှုပ်ခါသွားစေနိုင်၏။ တန်ခိုးရှင်ဘုရင်အဆင့် သုံးဦးပင် ထိုဟိန်းသံကို ကြားလိုက်သည့် အခိုက် ရင်တုန်သွားခဲ့ကြသည်။

ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲအားလုံး၏ အမူအရာမှာလည်း အပြောင်းလဲကြီး ပြောင်းလဲကုန်ကြလေသည်။

“ဒါက…” လော့ဟိုင်သည် သူ့ရှေ့ရှိ မြင်ကွင်းကိုကြည့်ရင်း တုန်တုန်ရီရီ ဖြစ်လာခဲ့သည်။

ရန်ကိုင်၏ ခန္ဓာကိုယ်မှ ရွှေရောင်အရှိန်အဝါတစ်ရပ် ပျံသန်းထွက်လာပြီး ဧရာမရွှေရောင်ပုံရိပ်ကြီး တစ်ခုအဖြစ်သို့ အလျင်အမြန် ပြောင်းလဲသွားခဲ့လေသည်။

ထိုပုံရိပ်သည် မီတာတစ်ရာကျော် ရှည်လျားပြီး တစ်ကိုယ်လုံး‌ ရွှေရောင်တလက်လက် တောက်ပနေခဲ့သည်။ အကြေးခွံများမှာ ကမ္ဘာပေါ်ရှိ မည်သည့် တိုက်ခိုက်မှုကိုမဆို ခုခံနိုင်သော အားအကောင်းဆုံး အကာအကွယ်တစ်ခုအလား တလက်လက် တောက်ပနေပြန်သေး၏။

အိမ်ငယ်လေး တစ်လုံးစားမျှ ကြီးမားသော မျက်လုံးနှစ်လုံးသည် သက်ရှိအားလုံးကို အထင်တသေး စီးမိုးငုံ့ကြည့်နေခဲ့သည်။

ထိုသက်ရှိကို မြင်လိုက်သည့်အခိုက် ရေခဲနန်းတော်ထဲတွင် ရှိနေသူအားလုံး သူတို့ကိုယ်သူတို့ နိမ့်ကျသလို ခံစားလိုက်ရ၏။

“ရွှေနဂါးလား” လော့ဟိုင် ရုတ်တရက် အော်ပြောမိလိုက်သည်။

ချီဟွော့သည်လည်း ဘာတွေးနေမှန်း မသိရသော အကြည့်ဖြင့် ရွှေနဂါးကို စိုက်ကြည့်နေခဲ့လေသည်။

ရန်ကိုင်၏ ခန္ဓာကိုယ်ထဲတွင် ဤကဲ့သို့သော အရာမျိုး ရှိနေလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။

ဒါကြောင့် လော့ဟိုင် သူ့နောက်ကို လိုက်လာတာလား။ မဟုတ်သေးဘူး။ လော့ဟိုင်လည်း အခုမှ ဒီအကြောင်း သိသွားတဲ့ပုံပဲ၊ မဟုတ်ရင် သူဒီလောက် အံ့ဩနေမှာ မဟုတ်ဘူး။ ဒီကောင်လေးမှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်တောင် ရှိနေတာလဲ

ချီဟွော့အတွေး မဆုံးသေးခင်မှာပဲ နောက်ထပ် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြန်သည်။

ယခုအော်သံသည် နဂါးဟိန်းသံကဲ့သို့ ကျယ်လောင်ခြင်း မရှိသော်ငြား ဘုံကိုးဆင့်ကို ထိုးဖောက်သွားနိုင်သည့်နှယ် အလွန်ကိုမှ စူးရှပေသည်။

ထိုစူးရှသော မြည်ကြွေးသံနှင့်အတူ ရန်ကိုင်၏ ခန္ဓာကိုယ်ထဲမှ နောက်ထပ် အလင်းတစ်ခု ထွက်ပေါ်လာပြီး စုယန်၏ ခေါင်းထက်သို့ ပျံဝဲသွားကာ နှင်းဖြူရောင် ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

ထိုပုံရိပ်မှ ၎င်း၏ မီတာတစ်ရာကျော်မှ ကျယ်ပြန့်သော တောင်ပံနှစ်ဖက်ကို ဖြန့်ကားလိုက်သည့်အခိုက် အေးစက်စက် အရှိန်အဝါတစ်ခု ရေခဲနန်းတော်ထဲ ပျံ့နှံ့လာခဲ့လေသည်။ ထိုစဉ် အနီးအနားတစ်ဝိုက်တွင် ရှိနေသော အလွန်ကိုမှ သန့်စင်သည့် စွမ်းအင်များသည် စုယန်ကိုယ်ထဲသို့ စတင် စီးဝင်လာခဲ့၏။

စုယန်ခေါင်းထက်ရှိ ပုံရိပ်ကို ကြည့်ရင်း လော့လီ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားလေတော့သည် “ရေခဲဖီးနစ်လား”

“ဘယ်လို” ယခုတစ်ကြိမ်တွင်တော့ လော့ဟိုင်မှာ အလွန်ကိုမှ ထိတ်လန့်သွားခဲ့ရလေရာ တန်ခိုးရှင်ဘုရင်အဆင့် တစ်ဦး၏ တည်ငြိမ်သော ဟန်ပန်ကိုပင် ထိန်းသိမ်းမထားနိုင်တော့ချေ။

ဤကြယ်စီရင်စုထဲမှ မျိုးတုန်းပျောက်ကွယ်သွားခဲ့ပြီ ထင်ရသော ရွှေနဂါးနှင့် ရေခဲဖီးနစ်ကဲ့သို့သော ဒဏ္ဏာရီလာ တည်ရှိမှုနှစ်မျိုးကို ရန်ကိုင်ဆီတွင် အတူတူ လာတွေ့နေရသည်။

ထိုရွှေနဂါးနှင့် ရေခဲဖီးနစ်သည် အသက်ရှင်နေသေးသော သက်ရှိများ မဟုတ်ကြတော့သော်ငြား ၎င်းတို့ဆီမှ ထွက်ပေါ်နေသော အရှိန်အဝါသည် အတု မဟုတ်ကြောင်း ပြောပြနေခဲ့သည်။

တစ်နည်းဆိုရသော် ထိုပုံရိပ်နှစ်ခုသည် သေဆုံးသွားသော ရွှေနဂါးနှင့် ရေခဲဖီးနစ်တို့၏ စွမ်းအင် တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားပေသည်။

ထိုကောင်လေးကိုယ်ထဲသို့ မည်မျှ များပြားသော ဆန်းကြယ်မှုများ ရှိနေလိုက်သနည်း။ ရန်ကိုင်အား ကြည့်နေသည့် လော့ဟိုင်၏ အကြည့်ထဲ လောဘမီးတောက်တို့ တောင်လောင်လာခဲ့သည်။

ရွှေရောင်အလင်းတန်းနှင့် အဖြူရောင် အလင်းတန်းတို့သည် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး အထက်ကောင်းကင်ယံကို ထိုးဖောက်သွားသည့် ဓါးနှစ်ချောင်းနှယ် ကောင်းကင်ထက် ဝဲအုံ့နေသော တိမ်တိုက်များကို နှစ်ပိုင်းပိုင်းချလိုက်၏။

ထိုမြင်ကွင်းကို ရုတ်တရက် မြင်လိုက်ရသည့် ရေခဲနှလုံးသား တောင်ကြားမှ ဂိုဏ်းသားအားလုံးမှာမူ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြလေသည်။

ထိုစွမ်းအင်နှစ်မျိုး ပေါက်ကွဲထွက်လာသည်နှင့် တစ်ပြိုင်နက် ရေခဲနန်းတော်တစ်ခုလုံး အပျက်စီးပုံကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားရလေတော့သည်။ နန်းတော်တစ်ဝိုက်တွင် ခင်းကျင်းထားသော အကာအရံနှင့် အစီအရင်များမှာလည်း ထိုဆန့်ကျင်ဘက် စွမ်းအင်နှစ်မျိုး၏အောက်တွင် တစ်စစီ ပျက်စီးကုန်ကြလေတော့သည်။

ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများသည်လည်း သူတို့၏ ကျင့်စဉ်အသီးသီးကို လှည့်ပတ်၍ ချစ်ချစ်တောက် ပူပြင်းလှသော အပူဓါတ်နှင့် အရိုးကွဲမတတ် အေးစိမ့်လှသော အအေးဓါတ်ကို ခုခံနေကြရသည်။

ဝေဖုန်းကမူ အသက်ရှင်နိုင်ရန်အတွက် ချီဟွော့ကိုသာ အားကိုးနေရလေသည်။

အားလုံးအနက် တန်ခိုးရှင်ဘုရင်အဆင့် သုံးယောက်သည်သာ ထိုချောက်ခြားဖွယ်ရာ အရှိန်အဝါကို အခက်အခဲမရှိ ခုခံနိုင်ကြခြင်း ဖြစ်သည်။

စုယန်ကို ကြည့်နေရင်း ရန်ယွင်ထင်၏ ရင်ထဲ နောင်တတရားတို့ ထိန်းမရသိမ်းမရအောင် ထွက်ပေါ်လာခဲ့လေသည်။

စုယန်သည် အကိုင်းမှ ပျံသန်းပြီး တစ်နေ့တွင် ဖီးနစ်တစ်ကောင် ဖြစ်လာမည့်လူ၊ သူလက်လှမ်းမမှီသည့် လူတစ်ဦး ဖြစ်သည်ဟု ရန်ယွင်ထင်မှ ရန်ကိုင်အား ပြောခဲ့သည်။

သို့သော်လည်း စုယန်သည် သူမပြောသည့်အတိုင်းကို လုပ်ပြသွားခဲ့လေပြီ။ ရေခဲဖီးနစ်၏ စွမ်းအားကို ပိုင်ဆိုင်ထားပြီ ဖြစ်လေရာ စုယန် အနေဖြင့် အဆင့်မြင့် ပညာရှင်တစ်ဦး ဖြစ်လာဖို့ရာ အချိန်သာ လိုတော့ပေသည်။ သို့သော်လည်း ထိုရေခဲဖီးနစ်ကို ရန်ကိုင်မှ ပေးခဲ့ခြင်း ဖြစ်သည်။ ရေခဲဖီးနစ်သည် ရန်ကိုင်၏ ခန္ဓာကိုယ်ထဲမှ ထွက်လာပြီးမှသာ စုယန်ဆီသို့ သွားခဲ့ခြင်း ဖြစ်သည်ကို သူမ ထင်ထင်ရှားရှား မြင်ခဲ့ရသည်။

ဤလောကကြီးတွင် ဖီးနစ်များနှင့် ရင်ဘောင်တန်း ရပ်တည်နိုင်သည့် သက်ရှိဆို၍ နဂါးများသာ ရှိကြသည်။

ရန်ကိုင် ခေါင်းထက်တွင် ဝဲခိုနေသော ရွှေနဂါးကြီးကို ကြည့်ရင်း ရန်ယွင်ထင် ခါးသက်စွာ ပြုံးလိုက်လေသည်။ သူမပင် နောင်တ ရနေခြင်းမဟုတ်ဘဲ ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများနှင့် လော့လီတို့လည်း နောင်တရနေကြသည်။

အခြေအနေသည် ယခုကဲ့သို့ ပဥ္စလက်ဆန်ဆန် ပြောင်းလဲသွားလိမ့်မည်ဟု လော့လီလည်း မထင်ထားခဲ့ပေ။ သိသာသိခဲ့လျှင် ချီဟွော့၏ တောင်းဆိုချက်ကို မည်သို့မှ လက်ခံမည်မဟုတ်ဘဲ သူမအသက်ကို စတေးရမည် ဆိုလျှင်ပင် စုယန်အား အတတ်နိုင်ဆုံး ကာကွယ်ပေးခဲ့ပါသည်။

ရေခဲဖီးနစ်ကို ပိုင်ဆိုင်ထားနိုင်သည်ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ ထိုအရာနှင့်သာဆိုပါက စုယန် ရင်ဆိုင်နေရသည့် ဘေးထွက်ဆိုးကျိုး ပြဿနာသည် သူမအတွက် ပြဿနာတစ်ခု လုံးဝ မဟုတ်တော့ချေ။ ရေခဲဖီးနစ်၏ အကူအညီပါ ရှိနေသည့် အတွက် စုယန်သည် ရေခဲနှလုံးသားတောင်ကြားအား တစ်ခါ တစ်ခါမှ မရောက်ရှိခဲ့ဖူးသော အမြင့်တစ်နေရာဆီသို့ ကျိန်းသေ ခေါ်ဆောင်ပေးနိုင်ပေလိမ့်မည်။

ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးအတွက် တစ်ဂိုဏ်းလုံး စတေးခံရမည် ဆိုလျှင်ပင် ကာကွယ်ပေးရန် ထိုက်တန်ပေသည်။

သို့သော်လည်း ကံမကောင်းစွာဖြင့် ထိုကောင်းကင်မှ ပေးအပ်လာသည့် အခွင့်အရေးကို ပုတ်ထုတ်ပစ်ခဲ့မိသည်။ သူမရင်ထဲ နောင်တရလွန်းသဖြင့် လောလီ သွေးပင် အန်မိသွားလေသည်။

သူမတစ်ဘဝလုံး လုပ်ခဲ့ဖူးသည့် အမှားများအနက် ယခုတစ်ကြိမ် အမှားသည် အကြီးမားဆုံး အမှား ဖြစ်ပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၅၄)

“ဒါငါ့ဟာလား” စုယန်သည် သူမခေါင်းထက်တွင် ဝဲနေသော ရေခဲဖီးနစ်ပုံရိပ်ကို မော့ကြည့်လိုက်သည်။ သူမ၏ အကြည့်ကို သတိပြုမိသည့်အလား၊ ပုံရိပ်တစ်ခုပင် ဖြစ်သော ရေခဲဖီးနစ်သည် ခေါင်းငုံ့၍ စုယန်အား ပြန်ငုံ့ကြည့်လာခဲ့သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း အကုန်လုံး မှင်သက်ကုန်ကြ၏။

ရေခဲဖီးနစ်၏ စွမ်းအား သူမကိုယ်ထဲသို့ ပေါင်းစပ်လာသည့်အခါ အလွန်ကိုမှ သက်သောင့်သက်သာ ရှိသွားသလို စုယန် ခံစားလိုက်ရသည်။ ရေခဲကျောက်စိမ်းကျင့်စဉ်ကြောင့် ခံစားနေရသော ဘေးထွက်ဆိုးကျိုးသည်လည်း ယူပစ်လိုက်သလို ပျောက်ကွယ်သွားခဲ့လေသည်။

ခေါင်းထက်တွသ် ဝဲနေသော ပုံရိပ်သည် သူမ၏ကိုယ်ပိုင် အသွေးအသားနှယ် စုယန် ၏ ခန္ဓာကိုယ်နှင့် အပြည့်အဝ ပေါင်းစပ်သွားခဲ့သည်။

ချက်ချင်းဆိုသလို သူမ၏ အသားအရေးမှာ ပေါ်လစ် တိုက်ထားသော ကျောက်စိမ်းဖြူနှယ် ချောမွတ်လာပြီး လည်တိုင် ကျော့ကျော့လေးမှာလည်း ကျောက်စိမ်းဖြူရောင် တလက်လက် တောက်ပလာခဲ့သည်။

“ဟုတ်တယ်။ ထုန်းရွှမ်လောကကြီးကနေ ယူလာခဲ့တာ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

စီနီယာအစ်မနှင့် ဂျူနီယာမောင်လေးတို့ အတွဲသည် သူတို့ နှစ်ယောက်တည်း ရှိနေသလို စကားပြောနေကြပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို မေ့လျော့ထားခဲ့ကြသည်။

“အရမ်းကို နေလို့ကောင်းသွားတာပဲ” စုယန်သည် အသက်တစ်ချက် ရှူသွင်းလျက် မျက်လုံးလေးပိတ်ကာ သူမကိုယ်ထဲသို့ ပေါင်းစပ်နေသော ဖီးနစ်ပုံရိပ်၏ စွမ်းအားကို အပြည့်အဝ ခံစားနေခဲ့သည်။ ဖီးနစ်ငှက်မှ ပျော်ရွှင်စွာ မြည်ကြွေးလိုက်သည့် အခိုက် ရေခဲသန့်စင်ကျွန်းပေါ်တွင် ရှိနေသော အအေး စွမ်းအင်များ တုန်ခါသွားခဲ့လေသည်။ မကြာမီ မိုင်တစ်ထောင် အတွင်းတွင် ရှိနေသော အအေးစွမ်းအင်များသည် စုယန်၏ ခန္ဓာကိုယ်ထဲသို့ အဆီးအတားမရှိ စတင် စီးဝင်လာခဲ့ကြလေသည်။

စုယန်၏ အရှိန်အဝါသည်လည်း ကြောက်လန့်ဖွယ်ရာ အမြန်နှုန်းဖြင့် မြင့်တက်လာခဲ့လေသည်။

အစက တန်ခိုးရှင်ပထမအဆင့်၏ အထွဋ်အထိပ်တွင် ရှိနေခဲ့သော်ငြား ရေခဲကျောက်စိမ်းကျင့်စဉ်မှ ဘေးထွက်ဆိုးကျိုးကြောင့် သူမ၏ ကျင့်ကြံခြင်းမှာ အနည်းငယ် နိမ့်ကျသွားခဲ့ရသည်။

သို့သော်ငြား ယခုအချိန်တွင် သူမ၏ ကျင့်ကြံခြင်းသည် တစ်ဖန် ပြန်လည် မြင့်တက်လို့ လာခဲ့လေပြီ။

တန်ခိုးရှင်ပထမအဆင့်၏ အထွဋ်အထိပ်၊ ဒုတိယအဆင့်…

စုယန်သည် အဆင့်နှစ်ခုကြား အတားအဆီးကို ဘာမှ မရှိသလို ဖြတ်ကျော်ပြသွားခဲ့ပြီး တန်ခိုးရှင်ဒုတိယအဆင့်၏ အထွဋ်အထိပ်သို့ အလွယ်တကူ ချိုးဖျက် တက်ရောက်သွားခဲ့သည်။

သူမ၏ ကျင့်ကြံခြင်းသည် တရစပ် ထိုးတက်သွားခဲ့ရာ တန်ခိုးရှင် ဒုတိယအဆင့်၏ အထွဋ်အထိပ်သို့ ရောက်မှသာ ရပ်တန့်သွားခဲ့လေသည်။ ထိုကဲ့သို့ ရပ်တန့်သွားရခြင်းမှာလည်း ရန်ကိုင်ကြောင့် ဖြစ်သည်ဟု ပြောရမည်။

ရန်ကိုင်၏ ကျင့်ကြံခြင်းသည် တန်ခိုးရှင်ဒုတိယအဆင့်၏ အထွဋ်အထိပ်သို့သာ ရောက်သေးသည့်အတွက် စုယန်သည်လည်း တန်ခိုးရှင်ဒုတိယအဆင့်ထက်ကို ကျော်မတက်နိုင်ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူတို့ နှစ်ဦးကြားရှိ သူတော်စင်ချီ မျှချေ ကျိုးပြတ်သွားပေလိမ့်မည်။

သို့သော်လည်း စုယန်တွင် လက်ကျန်စွမ်းအင် အများကြီး ရှိနေသေးမှန်း မြင်သူတိုင်း ပြောနိုင်သည်။ ရန်ကိုင်ကြောင့်သာ မဟုတ်လျှင် တန်ခိုးရှင်တတိယအဆင့်သို့ပင် တစ်ခါတည်း ချိုးဖျက်သွားနိုင်ပေလိမ့်မည်။

ကျင့်ကြံခြင်းအဆင့်များကို မည်သည့် ဘေးထွက်ဆိုးကျိုးမှ မကြုံရဘဲ ယခုကဲ့သို့ အလွယ်တကူ ချိုးဖျက်နိုင်သည့်အကြောင်း တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မကြားဖူးသဖြင့် အကုန်လုံး မှင်သက်နေကုန်ကြလေသည်။

အရာအားလုံးသည် သူထင်ထားသလို ဖြစ်လာသည့်အလား ရန်ကိုင်သည် ယဲ့ယဲ့လေးသာ ပြုံးနေခဲ့သည်။

နဂါးဟိန်းသံနှင့် ဖီးနစ်မြည်ကြွေးသံတို့ နောက်တစ်ကြိမ် ထွက်ပေါ်လာပြီးနောက်တွင် ရွှေနဂါးနှင့် ဖီးနစ်ပုံရိပ်တို့သည် ရုတ်တရက် တွန့်လိမ်လာပြီး အလင်းတန်းများအဖြစ်သို့ ပြောင်းလဲ၍ ရန်ကိုင်နှင့် စုယန်၏ ကိုယ်ထဲသို့ စီးဝင်သွားလေသည်။

ရန်ကိုင်နှင့် စုယန်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ထူးဆန်းသော အရှိန်အဝါတစ်မျိုး စတင် ရစ်သိုင်းလာခဲ့သည်။

ထိုအရှိန်အဝါသည် ရွှေရောင်တစ်ဝက်၊ အဖြူတစ်ဝက် ဖြစ်နေပြီး တစ်ခုနှင့်တစ်ခု ပြီးပြည့်စုံစွာ ပေါင်းစပ်နေခဲ့သည်။ အရှိန်အဝါ၏ စွမ်းအားမှာ တန်ခိုးရှင်အဆင့်ထက်ကို ကျော်လွန်နေခဲ့ပေသည်။

“ဒါမင်းရဲ့ ဝှက်ဖဲလား” လော့ဟိုင်က မျက်လုံးမှေးစဉ်းလျက် ရန်ကိုင်အား စိုက်ကြည့်ရင်း ရှေ့သို့ တစ်လှမ်းတိုးကာ မေးလိုက်သည်။

သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း အကုန်လုံး ရင်တဒုန်းဒုန်း ခုန်သွားရသလို ရေခဲသန့်စင်ကျွန်းလည်း လှုပ်ခါသွားခဲ့သည်။

ထို့အပြင် ခြေတစ်လှမ်းစီနှင့်တကွ လော့ဟိုင်၏ အရှိန်အဝါမှာလည်း တဖြည်းဖြည်း အားကောင်းလာခဲ့လေသည်။

ရန်ကိုင်နှင့် စုယန်တို့၏ ရွှေရောင်နှင့် အဖြူရောင် အရှိန်အဝါသည် လော့ဟိုင်ကို လုံးဝ မဖိနှိပ်နိုင်ခဲ့ချေ။ လော့ဟိုင် သူ့ဆီ တဖြည်းဖြည်း တိုးလာနေသည်ကို မြင်သော်လည်း ရန်ကိုင်သည် အပြုံးမပျက် ရှိနေသေးဆဲ။

“ဒါမင်းရဲ့ ဝှက်ဖဲဆိုရင် လက်သာလျှော့လိုက်တော့။ မင်းခွန်အားက တန်ခိုးရှင်ဘုရင်အဆင့်အောက်မှာ ပြိုင်ဘက်ကင်းရင် ကင်းလိမ့်မယ်။ သာမန် တန်ခိုးရှင်ပထမအဆင့်တွေနဲ့တောင် ယှဉ်လို့ ရရင်ရလိမ့်မယ်။ ဒါပေမယ့် ငါကိုယှဉ်ဖို့တော့ မလုံလောက်သေးဘူး”

သူ့စကားသံ ဆုံးသွားသည်နှင့် ချီဟွော့နှင့် လောလီတို့ နှစ်ဦးစလုံး မျက်မှောင်ကြုတ်သွားခဲ့သည်။

သူတို့ နှစ်ဦးစလုံး ဝန်မခံချင်သော်ငြား လော့ဟိုင် ပြောသွားသည်မှာ အမှန်တရား ဖြစ်သည်။ ရန်ကိုင်နှင့် စုယန်တို့၏ ပေါင်းစပ်စွမ်းအားကို မြင်ပြီးနောက် သူတို့ နှစ်ဦးစလုံး ဖိအား ခံစားလိုက်ကြရသည်။ သူတို့သာ ရန်ကိုင်၊ စုယန်အတွှဲနှင့် တိုက်ခိုက်ရမည်ဆိုပါက အဆုံးတွင် အနိုင်ရမည်ဆိုလျှင်ပင် တန်ဖိုး ကြီးကြီးမားမားတစ်ခုတော့ ပြန်ပေးဆပ်ရပေလိမ့်မည်။

တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များသည် ဤလောကကြီး၏ အထွဋ်အထိပ် တည်ရှိမှုများ ဖြစ်ကြပြီး တန်ခိုးရှင်အဆင့် ပညာရှင် မည်မျှများပြားပါစေ၊ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တစ်ဦးကို သွားယှဉ်ပြိုင်၍ မရချေ။

ထို့ကြောင့် တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးသော ကျင့်ကြံခြင်းဖြင့် သာမန် တန်ခိုးရှင်ဘုရင် ပထမအဆင့် တစ်ဦးကို ယှဉ်ပြိုင်နိုင်သည့် ရန်ကိုင်နှင့်စုယန်တို့၏ ပေါင်းစပ် စွမ်းအားမှာ အလွန်ကိုမှ အံ့အားသင့်ဖွယ် ကောင်းနေခြင်း ဖြစ်သည်။

“ကောင်လေး၊ ဒီဘုရင်နောက်ကို အေးအေးဆေးဆေး လိုက်ခဲ့လိုက်။ ငါမင်းကို မသတ်ဘူးလို့ ကတိပေးတယ်” လော့ဟိုင်သည် ရန်ကိုင်အား ခက်ထန်စွာ စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

“ခင်ဗျားက အခေါင်း မမြင်ရသေးသရွေ့ နောင်တရမယ့်လူ မဟုတ်ဘူးပဲ။ ကျုပ်နဲ့ ခင်ဗျားကြားမှာ ဘာရန်ငြိုးမှ မရှိတာတောင် ကျုပ်ကို မရရအောင် အသည်းအသန် လိုက်ဖမ်းတယ်။ ကောင်းပြီလေ၊ အဲ့လိုဆိုမှတော့ ဒီနေ့ ဒီမှာပဲ ခင်ဗျားကို အပြတ် ရှင်းပစ်ရတော့တာပေါ့။ ဒါမှ နောင်ရေးအေးမှာ” ရန်ကိုင်က အော်ပြောလိုက်သည်။

“ငါ့ကို သတ်ဖို့” လော့ဟိုင်သည် ရယ်စရာအကောင်းဆုံး ပြက်လုံး တစ်ခုကို ကြားလိုက်သည့်အလား အကျယ်ကြီး အော်ရယ်လျက် “ကောင်လေး၊ မင်းက တကယ်ကို သွေးနားထောင်ရောက်နေတဲ့ ကောင်ပါလားကွ။ မင်းရဲ့ စွမ်းအားလေးနဲ့ ငါ့ကို သတ်နိုင်မယ် ထင်နေတယ်ပေါ့။ ကောင်းပြီလေ။ တန်ခိုးရှင်ဘုရင်အဆင့်ဆိုတာ ဘာလဲ ဒီဘုရင် မင်းကို ပြပေးရသေးတာပေါ့”

ပြောပြီဂသည်နှင့် ထူးခြားသော စွမ်းအင်တစ်ရပ်သည် လော့ဟိုင်ကို ဗဟိုပြု၍ ရန်ကိုင်နှင့်စုယန်တို့ဆီသို့ ပျံ့နှံ့သွားခဲ့လေသည်။

နယ်ပယ်ပင်…

ကြယ်သခင်တစ်ဦး၏ နယ်ပယ်ပင်…

လော့ဟိုင်၏ နယ်ပယ်စွမ်းအားဒဏ်ကို မခံနိုင်သည့်အလား မြေပြင်တစ်ခုလုံး စတင် အက်ကွဲလာခဲ့သည်။

“အစ်ကိုလော့ဟိုင်၊ ငါလည်း ကူညီပေးမယ်” ချီဟွော့ကလည်း အော်ပြောရင်း တစ်ချိန်တည်းတွင် ရန်ကိုင်နှင့် စုယန်ဆီသို့ သူ့နယ်ပယ်ကို ဖြန့်ကျက်ချလိုက်သည်။

လော့ဟိုင်သည် ချီဟွော့ကို တစ်ချက်သာ ကြည့်လိုက်ပြီး ဘာမှတော့ မပြောခဲ့ချေ။ ချီဟွော့ ဘာလုပ်ချင်နေလဲ သူသိပေသည်။

ချီဟွော့သည် ရန်ကိုင်တွင် ရှိနေသော အကျိုးအမြတ် အားလုံးကို သူတစ်ယောက်တည်း မောင်ပိုင်စီးသွားမည်ကို မလိုလားသည့် အတွက် ဝေစုနည်းနည်းလောက်ရရန် ဝင်ကူပေးခြင်း ဖြစ်သည်။

လော့ဟိုင်ကလည်း ထိုကိစ္စနှင့် ပက်သက်၍ စိတ်ရှုပ်ခံမနေပေ။ သူလိုချင်သည်မှာ ရန်ကိုင်ဆီမှ ရတနာများသာ ဖြစ်ပြီး စုယန် ဆိုသော မိန်းကလေး၏ ရေခဲဖီးနစ်ကိုမူကား… ထိုအရာသည် အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ပါး ဖြစ်သော်လည်း သူကျင့်ကြံသည့် ကျင့်စဉ်နှင့် ကိုက်ညီမှု မရှိသည့်အတွက် သူ့အတွက် အသုံးမဝင်ချေ။

တန်ခိုးရှင်ဘုရင်အဆင့် နှစ်ဦးမှ သူတို့၏ နယ်ပယ်ကို ဖြန့်ကျက်လိုက်သည်နှင့် တစ်ပြိုင်နက် ရေခဲနှလုံးသား တောင်ကြားမှ အကြီးအကဲများ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။

လော့လီသည် သူမ၏ နယ်ပယ်ကို ဖြန့်ကျက်၍ ထိုနှစ်ဦးကို နယ်ပယ်စွမ်းအားကို ကြားဖြတ်ဟန့်တားလိုက်ပြီး အော်ပြောလိုက်လေသည် “ပြန်ဆုတ်ကြ”

သူတို့သာ ချက်ချင်း ပြန်မဆုတ်လျှင် ထိုအကြီးအကဲအားလုံး ဒဏ်ရာရကုန်ကြပေလိမ့်မည်။

ပင်းလုန်၊ ရန်ယွင်ထင်နှင့် အခြားသူအားလုံးသည် နည်းနည်းလေးပင် နှောင့်နှေးမနေခဲ့ဘဲ လှုပ်ရှားမှုပညာရပ် အသီးသီးကို အသက်သွင်း၍ အလျင်အမြန် ပြန်ဆုတ်သွားကြ၏။ ပြန်ဆုတ်သွားပြီးနောက် တိုက်ပွဲ ဖြစ်နေရာဆီသို့ အလန့်တကြား လှမ်းကြည့်လိုက်ကြသည်။ တိုက်ပွဲကွင်းပြင် အနီးတွင် လော့လီ တစ်ဦးသာ ကျန်ရစ်တော့ပေသည်။ လော့လီသည် ရန်ကိုင်နှင့် စုယန်တို့ကို စိုက်ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

“စီနီယာအစ်မ အဆင်သင့် ဖြစ်ပြီလား” တန်ခိုးရှင်ဘုရင်အဆင့် နှစ်ဦး၏ နယ်ပယ်စွမ်းအားနှင့် ရင်ဆိုင်နေရသည့်တိုင် ရန်ကိုင်သည် တည်တည်ငြိမ်ငြိမ်သာ ရှိနေခဲ့သည်။ နည်းနည်းလေးမှ ကြောက်လန့် ပျာယာခတ်သွားခြင်း မရှိ။

သွေးအကျဉ်းထောင်ထဲသို့ ရောက်ပြီးနောက်ပိုင်း နယ်ပယ် စွမ်းအားများအပေါ် ရန်ကိုင် ပို၍ ရင်းနှီးလာခဲ့သည်။ ထိုကဲ့သို့သော နယ်ပယ်စွမ်းအင်တစ်ခုတည်းဖြင့် သူ့အား အနိုင်ယူလိုလျှင် အိမ်မက်နေရုံသာ တတ်နိုင်ပေလိမ့်မည်။ ထို့အပြင် လက်ရှိ သူအသုံးပြုထားသည့် စွမ်းအားသည် သူတစ်ဦးတည်း၏ စွမ်းအား မဟုတ်ဘဲ စုယန်နှင့် ပေါင်းစပ်ထားသော ပေါင်းစပ်စွမ်းအား ဖြစ်သည်။

“အဆင့်သင့်ပဲ” စုယန် ခေါင်းညိတ်လိုက်သည်။

“အဲ့ဒါဆို စကြတာပေါ့” ရန်ကိုင်က ပြုံးဖြီးလိုက်ပြီး လော့ဟိုင်ဘက်သို့ လှည့်၍ အေးစက်စက် လေသံဖြင့် “လော့ဟိုင်၊ ခင်ဗျား သေဖို့ ပြင်ထားပေတော့”

သူ့စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ထူးဆန်းသော တံဆိပ်ပြားတစ်ခု ရန်ကိုင်လက်ထဲ၌ ပေါ်လာခဲ့လေသည်။

တံဆိပ်ပြားသည် ကိုယ်ထည်တစ်ခုလုံး မည်းနက်နေသည့် အတွက် သိပ်ပြီး ထင်ရှားပေါ်လွင်ခြင်း မရှိချေ။

သို့သော်လည်း ထိုတံဆိပ်ပြားကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် တစ္ဆေသရဲကို မြင်လိုက်ရသည့်အလား လော့ဟိုင်၏ မျက်နှာထက် ကြောက်ရွံ့မှုတို့ အတိုင်းသား ထွက်ပေါ်လာခဲ့လေသည်။

“အဲ့ဒါက…” လော့ဟိုင်သည် တံဆိပ်ပြားကို မရေရာ မသေချာသည့် အကြည့်ဖြင့် စိုက်ကြည့်နေပြီး ခဏအကြာတွင် အော်ပြောလိုက်၏ “ဧကရာဇ်ဖိအားဆိုတော့ ကြယ်ဧကရာဇ်တံဆိပ်ပြားပဲ”

ထိုတံဆိပ်ပြားဆီမှ မှိန်ဖျော့ဖျော့ အရှိန်အဝါလေးတစ်ရပ် ဖြာထွက်နေသည်ကို လော့ဟိုင် ခံစားမိသည်။ အရှိန်အဝါမှာ ဖျောတော့တော့လေးသာ ဖြစ်သော်လည်း ထိုအရှိန်အဝါကို ခံစားမိလိုက်သည်နှင့် တစ်ပြိုင်နက် လော့ဟိုင်မျက်နှာ ကြောက်လန့်မှုကြောင့် ဖြူလျော်သွားရလေသည်။

ထို့အပြင် တံဆိပ်ပြားပေါ်တွင် “ဧကရာဇ်” ဟူ၍ ထိုးထွင်းထားလေရာ ထိုအရာဘာမှန်း လော့ဟိုင် မသိဘဲ ဘယ်နေတော့မည်နည်း။ ရန်ကိုင်၏ နောက်ဆုံး ဝှက်ဖဲ ဘာဖြစ်သလဲ ဆိုသည်ကို နောက်ဆုံးတွင် လော့ဟိုင် နားလည်သွားခဲ့လေပြီ။

ရန်ကိုင်တွင် အသုံးမပြုရသေးသော် ကြယ်ဧကရာဇ် တံဆိပ်ပြား တစ်ခု ရှိနေခဲ့လေသည်။

ကြယ်တာရာကောင်းကင် မဟာဧကရာဇ် ကြယ်စီရင်စုကြီးကို အုပ်ချုပ်ခဲ့စဉ်က တံဆိပ်ပြားကိုးခု ဖန်တီးခဲ့ပြီး တံဆိပ်ပြား တစ်ခုချင်းစီထဲတွင် သူ၏ တိုက်ကွက်တစ်ကွက်ကို ထည့်သွင်း ချိတ်ပိတ်ထားခဲ့သည်။ ထိုတိုက်ကွက် တစ်ကွက်ချင်းစီသည် မည်သည့် တန်ခိုးရှင်ဘုရင်အဆင့်ကိုမဆို အလွယ်တကူ သတ်ဖြတ်နိုင်သည်အထိ အားကောင်းပေသည်။

ကြယ်ဧကရာဇ် တံဆိပ်ပြားများသည် သာမန် ကျင့်ကြံသူများ အတွက် ဒဏ္ဏာရီသက်သက်သာ ဖြစ်သော်လည်း လော့ဟိုင်ကဲ့သို့ ပုဂ္ဂိုလ်များကမူ ထိုတံဆိပ်ပြားများ အမှန်တကယ် ရှိကြောင်း သိထားကြသည်။ လော့ဟုန် ကုန်သွယ်ရေး အဖွဲ့အစည်းတွင်လည်း ကြယ်ဧကရာဇ်တံဆိပ်ပြား တစ်ခုရှိပေသည်။ သို့သော် ထိုတံဆိပ်ပြားမှား အသုံးပြုပြီးသားကြီး ဖြစ်သည်။

ကြယ်ဧကရာဇ်တံဆိပ်ပြားများသည် အသုံးပြုပြီးသွားသည့်တိုင် အသုံးဝင်နေရခြင်းမှာ ထိုတံဆိပ်ပြားများမှ ဖြာထွက်နေသည့် ဧကရာဇ်ဖိအားကြောင့် ဖြစ်သည်။ ဧကရာဇ်ဖိအားကို နေ့စဉ်နှင့်အမျှ ထိတွေ့နေပါက ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် ပို၍ နက်နက်ရှိုင်းရှိုင်း နားလည် သဘောပေါက်လာနိုင်ပေသည်။

“မကောင်းတော့ဘူး” လော့ဟိုင် အလန့်တကြား ထအော်လေသည် “အစ်ကိုချီဟွော့၊ သူတို့ကို မြန်မြန်သတ်။ အဲ့ကြယ်ဧကရာဇ် တံဆိပ်ပြားကို အသုံးမပြုစေနဲ့”

ချီဟွော့လည်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ချက်ချင်း လျှာကိုကိုက်၍ သွေးတစ်ပွက် အန်ထုတ်လိုက်လေသည်။ ထိုသွေးအဆီအနှစ်သည် မီးမြှားတစ်ချောင်း အဖြစ်သို့ ပြောင်းလဲသွားပြီး ရန်ကိုင်နှင့် စုယန်ဆီသို့ တိုးဝင်သွားခဲ့၏။

ချီဟွော့သည် ပြတ်သားသည့် လူတစ်ဦး ဖြစ်သည်။ သူသာ တုန့်ဆိုင်းနေလျှင် ချောက်ခြားဖွယ်ရာ အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်မှန်း သိထားသည်။ ထို့ကြောင့် သူ့သွေးအဆီအနှစ်ကို တုန့်ဆိုင်းခြင်းမရှိ ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။ ရန်ကိုင်နှင့် စုယန်တို့ နှစ်ဦးကို မြန်မြန် သတ်ပစ်ရပေမည်။ ထိုသို့မဟုတ်ဘဲ ကြယ်ဧကရာဇ် တံဆိပ်ပြားကိုသာ စည်းဖွင့်ခွင့် ပေးလိုက်ပါက သေရမည့်လူမှာ သူတို့သာ ပြန်ဖြစ်သွားရပေလိမ့်မည်။

မဟာဧကရာဇ်၏ စွမ်းအားသည် မည်သူ တစ်ဦးတစ်ယောက်မှ စိန်ခေါ်နိုင်သည့် စွမ်းအားမျိုးမဟုတ်။

ချီဟွော့ လှုပ်ရှားလိုက်ချိန်၊ လော့ဟိုင်သည်လည်း ချက်ချင်း လှုပ်ရှားခဲ့ပေသည်။ တန်ခိုးရှင်ဘုရင်အဆင့် သူ့ဓါးကို ထုတ်ပြီး ထိုထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်ရာ ဓါးတစ်ချောင်းလုံး စတင် တုန်ခါလာခဲ့လေသည်။

ရုတ်တရက် လော့ဟိုင် ရပ်နေရာမှ ပျောက်ကွယ်သွားပြီး ခဏအကြာတွင် ရန်ကိုင်ရှေ့၌ ပြန်ပေါ်လာခဲ့သည်။ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ့ဓါးကို ရန်ကိုင်၏ ရင်ဘတ် တည့်တည့်သို့ ထိုးချလိုက်လေသည်။

ရန်ကိုင်သည် သေခြင်းတရား သူ့ဆီသို့ ချဉ်းကပ်လာနေသည်ကို သတိမမူသည့်အလား လှောင်ပြုံးပြုံးလျက်သာ ရပ်မဲ ရပ်နေခဲ့သည်။

ရုတ်တရက် ဖန်တီးရှင်နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့် အလား ချောက်ခြားဖွယ်ရာ အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာခဲ့ပြီး လောကကြီးတစ်ခုလုံး စတင် တုန်ခါလာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၅၅)

ဤအချိန်ဝယ်၊ လှိုင်းနီကြယ်၏ ကောင်းကင်ထက်တွင် ဝဲပျံနေသော ငှက်များအားလုံး မြေပြင်ပေါ်သို့ ပြုတ်ကျကုန်ပြီး မြေပြင်ပေါ်တွင် ရှိနေသော သားရဲအားလုံးလည်း ဝပ်စင်းကုန်ကြသည်။

မြို့ကြီး၊မြို့ငယ်၊ နေရာအသီးသီးတွင် ရှိနေသော ကုဋေကုဋာမက များပြားလှသော လူအားလုံး ကြောက်မက်ဖွယ်ရာဖိအားတစ်ရပ် သူတို့အပေါ်သို့ ဖိနှိပ်လာသည်ကို ခံစားမိလိုက်ကြသည်။

ထိုဖိအားအောက်ဝယ် သူတို့ကိုယ်သူတို့ လှိုင်းထန်နေသော ပင်လယ်ပြင်ထဲ အချိန်မရွေး နစ်မြုပ်သွားနိုင်သော လှေငယ်လေး တစ်စင်းကဲ့သို့ ခံစားလိုက်ကြရသည်။

လှိုင်းနီကြယ်ပေါ်တွင် ရှိနေသော လူကြီးလူငယ်၊ အိုကြီးအိုမ အားလုံး ခြေခိုင်ခိုင်ပင် မရပ်နိုင်ကြတော့ဘဲ ချွေးသီးချွေးပေါက် တရွှဲရွှဲဖြင့် မြေကြီးပေါ်သို့ ပြိုလဲကြကုန်လေသည်။

ကံကောင်းစွာဖြင့် ထိုကြောက်မက်ဖွယ်ရာ ဖိအားသည် တစ်ခဏသာ ထွက်ပေါ်လာခဲ့ပြီးနောက် ပြန်လည် ပျောက်ကွယ်သွားခဲ့လေသည်။

မဟုတ်လျှင် လှိုင်းနီကြယ်သည် ကုဋေကုဋာနှင့်ချီသော အသက်ပေါင်းများစွာ ဆုံးရှုံးသွားရပေလိမ့်မည်။

တစ်ချိန်က ရေခဲနန်းတော် တည်ရှိခဲ့သော ရေခဲသန့်စင်ကျွန်းပေါ်ရှိ တောင်တစ်လုံးပေါ်ထက် ရပ်နေကြသော ရန်ကိုင်နှင့် စုယန်၏ နောက်တွင် ဧရာမ ပုံရိပ်ယောင်မျက်ဝန်းတစ်စုံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

တစ်ချိန်တည်းတွင် ရန်ကိုင်နှင့် စုယန်တို့အား ကောင်းကင်စိတ်အာရုံဖြင့် ထောက်လှမ်း၍ မရသော စွမ်းအား တစ်မျိုးမှ လွှမ်းခြုံသွားခဲ့လေသည်။

သွေးအဆီအနှစ်ကို လောင်ကျွမ်း၍ အားဖြည့်ထားသော ချီဟွော့၏ တိုက်ခိုက်မှုနှင့် လော့ဟိုင်၏ ဓါးတို့သည် ထိုစွမ်းအားနှင့် အတွေ့တင် စက်ရပ်သွားသည့် ကားတစ်စင်းနှယ် ရုတ်ချည်း ထိုးရပ်သွားကုန်ကြလေသည်။

“မဖြစ်နိုင်ဘူး” လော့ဟိုင် ကြောက်လန့်တကြား ထအော်လေသည်။

ပုံရိပ်ယောင်မျက်ဝန်းလေးတစ်စုံ ပေါ်လာသည့်အတွက်ကြောင့် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သို့ ရောက်နေသော သူ၏ စွမ်းအားကုန်သုံး၍ တိုက်ခိုက်မှုသည် ရန်ကိုင်အား ခြစ်ရာ ထင်အောင်ပင် မလုပ်နိုင်အောင် ဖြစ်သွားခဲ့ရသည် ။

လော့ဟိုင်သည် လက်ရှိ အမှန်တရားကို လက်မခံနိုင် ဖြစ်နေခဲ့သည်။

မဟာဧကရာဇ်သည် သာမန်လူများအတွက် ဒဏ္ဏာရီသက်သက်သာ ဖြစ်သော်ငြား လော့ဟိုင်ကဲ့သို့သော ပညာရှင်များအတွက်မူ အစစ်အမှန် ဖြစ်တည်မှုတစ်ခု ဖြစ်ပေသည်။ မဟာဧကရာဇ်၏ အမွေအနှစ် တစ်ခုခုလောက်ကို ရှာဖွေရင်း မဟာဧကရာဇ် ရောက်ခဲ့ဖူးသည့် အဆင့်သို့ ရောက်ရန် ကြိုးစားနေကြသည့် ကျင့်ကြံသူများစွာ ရှိကြသလို မဟာဧကရာဇ်အား ကျော်တက်ရမည်ဟု ရည်မှန်းချက်ထားလျက် ကြိုးစားနေကြသော ကျင့်ကြံသူများစွာလည်း ရှိကြပေသည်။

သူတို့ ထင်နေသည်ကား မဟာဧကရာဇ်သည် သူတို့ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်သည့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်ပြီး ပြိုင်ဘက်ကင်းသည့် တည်ရှိမှုတစ်ခု မဟုတ်ဟူ၍ပင်။

လော့ဟိုင်လည်း ထိုကဲ့သို့ တွေးနေသူများအနက် တစ်ဦးအပါအဝင် ဖြစ်သည်။ မဟာဧကရာဇ်သည် တန်ခိုးရှင်ဘုရင် တတိယအဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိနေသူတစ်ဦးဖြစ်ပြီး သူသည် တစ်နေ့တွင် မဟာဧကရာဇ်အား ကျော်တက်နိုင်လိမ့်မည်ဟု ယုံကြည်နေခဲ့သည်။

သို့သော်လည်း ယနေ့မှပဲ မဟာဧကရာဇ်သည် တန်ခိုးရှင်ဘုရင် အဆင့်သို့ ဖြတ်ကျော်ပြီး ကြောက်မက်ဖွယ်ကောင်းလွန်းလှသော အဆင့်တစ်ခုသို့ ရောက်နေပြီဖြစ်ကြောင်းကို လုံးဝဥဿုံ နားလည်သွားခဲ့ရတော့လေသည်။

ပိတ်နေသော မျက်ဝန်းသည် ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။

လော့လီသည်လည်း တိုက်ပွဲအနားတွင် ဆက်မနေရဲတော့ဘဲ ကြောက်လန့်သွားသော ယုန်လေးတစ်ကောင်နှယ် မီတာ ထောင်ပေါင်းများစွာ အကွာသို့ ချက်ချင်း ခုန်ပြေးတော့လေ၏။

မကြာမီ ပိတ်နေသော မျက်ဝန်းသည် အပြည့်အဝ ပွင့်လာခဲ့လေသည်။ သို့သော်ငြား ထိုမျက်ဝန်းကို မြင်လိုက်သည့် အခိုက် လော့ဟိုင်နှင့် ချီဟွော့တို့ နှစ်ဦးစလုံး အလွန်ကိုမှ အံ့အားသင့်သွားခဲ့ကြလေသည်။

ဒဏ္ဏာရီလာ ကြယ်တာရာကောင်းကင် မဟာဧကရာဇ်က အမျိုးသမီး တစ်ယောက်လား

လက်ရှိ မြင်နေရသည်ကို တန်ခိုးရှင်ဘုရင်အဆင့် နှစ်ဦးစလုံး မယုံကြည်နိုင် ဖြစ်နေကြလေသည်။

ထိုမျက်ဝန်းများသည် လော့ဟိုင်နှင့် ချီယွဲ့တို့အား ခံစားချက် ကင်းမဲ့စွာ စိုက်ကြည့်လာခဲ့သည်။

ထို့နောက်တွင်၊ ချီဟွော့သည် နာကျင်စွာ အော်ဟစ်ရင်း သွေးအပွက်ပွက် အန်ထွတ်လျက် နောက်သို့ လွင့်ပျံထွက်သွား၏။ သူ့နယ်ပယ်လည်း တစ်မုဟုတ်ချည်း ပျက်စီးသွားခဲ့လေသည်။

ချီဟွော့၏ နယ်ပယ်စက်ကွင်း အကာအကွယ်အောက်တွင် ရှိနေသော ဝေဖုန်းသည်လည်း ချက်ချင်းဆိုသလို အသားပြား ဘဝအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။

အက်သံများ စတင် ထွက်ပေါ်စပြုလာသည်။ လော့ဟိုင်၏ နယ်ပယ်သည်လည်း ပျက်စီးတော့မည့် အရိပ်အယောင်များ ပြနေလေပြီ။

အကြည့်တစ်ချက်နှင့်ပင် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်နှစ်ဦး ကူကယ်ရာမဲ့ကုန်ကြရသည်။

လော့ဟိုင်မျက်နှာ ဖြူလျော်သွားပြီး သူ့ပါးစပ်မှ သွေးများ စီးကျလာခဲ့ကာ တစ်ကိုယ်လုံး ယိုင်တိယိုင်တိုင် ဖြစ်သွားခဲ့သည်။ သို့သော်လည်း မြင့်မားသော သူ့ကျင့်ကြံခြင်းကြောင့် ချီဟွော့ကဲ့သို့ လွင့်ထွက်မသွားခဲ့ပေ။

ထိုမျက်ဝန်းသည် လော့ဟိုင်တို့အား တစ်ချက်သာ ကြည့်ပြီးနောက် ဘယ်သောအခါမှ ပေါ်မလာခဲ့သည့်အလား ပြန်လည် ပျောက်ကွယ်သွားခဲ့လေသည်။

တစ်ချိန်တည်းတွင်…

ထိတ်လန့်ဖွယ်ရာ ဧကရာဇ်ဖိအားတို့သည် ရန်ကိုင်နှင့် စုယန်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့လေသည်။ ထိုစွမ်းအားသည် သက်ရှိ အားလုံးကို ဦးညွှတ်သွားအောင် လုပ်နိုင်သည့် စွမ်းအားမျိုး ဖြစ်ကာ ဤလောကတွင် ရှိသည့် စွမ်းအားမျိုးလည်း မဟုတ်ချေ။

ဤစွမ်းအားမှာ မဟာဧကရာဇ်တစ်ပါး၏ စွမ်းအားသာ ဖြစ်ပေသည်။

အံ့ဩမှင်သက်ဖွယ်ရာ စွမ်းအားကို ခံစားမိပြီးနောက်တွင် ရန်ကိုင်သည် ဝါးလုံးကွဲအော်ဟစ်ရယ်မောလိုက်ရာ သူ့ရယ်သံကြောင့် လော့ဟိုင်၏ အသိစိတ်ပင်လယ် မတည်မငြိမ် ဖြစ်သွားခဲ့ရလေသည်။

ချီဟွော့မှာ မတ်တပ်ပြန်ရပ်ပြီးရုံတင်ရှိသေး၊ ရယ်သံကို ကြားလိုက်သည့်အခိုက် သူ့မျက်နှာ ပို၍ ဖြူလျော်သွားခဲ့ရ၏။

နဂါဟိန်းသံ၊ ဖီးနစ်မြည်ကြွေးသံတို့နှင့်အတူ ရွှေရောင်နှင့် အဖြူရောင်တို့ ရောစပ်နေသော စွမ်းအင်တစ်မျိုးသည် ရန်ကိုင်နှင့် စုယန်တို့ကို ရစ်ပတ်ထားကြသည်။

ယခင်နှင့် မတူတော့သည်ကား၊ အစောပိုင်းက ရန်ကိုင်နှင့် စုယန်တို့ ပေါင်းစပ်ထုတ်ဖော်ခဲ့သော ရွှေရောင်နှင့် အဖြူရောင် စွမ်းအားသည် သာမန်တန်ခိုးရှင်ဘုရင် ပထမအဆင့်များကိုသာ ယှဉ်ပြိုင်နိုင်အီ့ူ လက်ရှိ ရွှေရောင်နှင့်အဖြူရောင် ရောစပ်နေသော စွမ်းအားမှာမူ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သို့ ရောက်ပြီး ကြယ်သခင်တစ်ဦး ဖြစ်နေသော လော့ဟိုင်ကဲ့သို့ လူမျိုးကိုပင် ကြောက်လန့်သွားအောင် လုပ်နိုင်ပေသည်။

ရုတ်တရက် ထိုရွှေရောင်နှင့် အဖြူရောင် စွမ်းအင်နှစ်မျိုးသည် အပြည့်အဝ ပေါင်းစပ်သွားခဲ့လေသည်။ ရန်ကိုင်နှင့် စုယန်တို့ ရှိနေသည့် နေရာတွင်လည်း အဖြူရောင် အလင်းလုံးတစ်လုံးသာ ကျန်ရစ်တော့သည်။

“ချီဟွော့၊ ခင်ဗျား အရင် သေလိုက်ပေတော့” ထိုအလင်းလုံးဆီမှ ရန်ကိုင်၏ အသံ ထွက်ပေါ်လာပြီးနောက်တွင် အလင်းလုံးသည် ချီဟွော့ဆီသို့ ရုတ်ချည်း တိုးဝင်သွားလေသည်။

ချီဟွော့ မျက်နှာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ကြောက်လန့်တကြား ထအော်တော့လေသည် “အစ်ကိုလော့ဟိုင်၊ ကျုပ်ကို ကယ်ပါဦး”

တစ်ချိန်တည်းတွင် လက်ကွက်ဖန်တီး၍ သူ့ပတ်လည်၌ အကာအကွယ် အရံအတားတစ်ခု ဖန်တီးလိုက်လေသည်။

အရံအတားတစ်ခု ဖန်တီးပြီးရုံနှင့်ပင် မကျေနပ်သေးဘဲ ချီဟွော့သည် မီးလျှံများ တောက်လောင်နေသော တန်ခိုးရှင် ဘုရင်အဆင့် အကာအကွယ် မှော်ရတနာတစ်ခုကိုပါ ထုတ်ယူလိုက်သည်။

သို့သော်လည်း အကြွင်းမဲ့စွမ်းအားအောက်တယ် သူ့ကြိုးစားအားထုတ်မှုအားလုံး အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

အလင်းလုံးသည် သူ၏ တန်ခိုးရှင်ဘုရင်အဆင့် အကာအကွယ် မှော်ရတနာအား စက္ကူဖြူတစ်ရွက်နှယ် ထိုးဖောက်သွားခဲ့သည်။ ထို့နောက် အရံအတားကို ဆက်လက် ထိုးဖောက်၍ အဆုံးတွင် ချီဟွော့ကိုပါ ဖြတ်သန်းသွားလေသည်။ အလင်းလုံးထဲတွင်မူကား ဖီးနစ်နှင့် ရွှေနဂါးပုံရိပ်တို့ ကူးခတ်သွားလာနေကြသည်။

အလင်းလုံး ဖြတ်သန်းပြီးသွားသည့်နောက်တွင် ချီဟွော့သည် မလှုပ်မယှတ် အမူအရာဖြင့် ရပ်လျက် သူ့ရှေ့ရှိ ဟင်းလင်းပြင်ကို ကြောက်လန့်မှု အတိုင်းသားဖြင့် ကြောင်ကြည့်နေ၏။

“ဒီလူအိုကြီး တကယ်… နောင်တ…”

ချီဟွော့မှာ စကားပင် ဆုံးအောင် မပြောနိုင်သေးခင်မှာပဲ သူ့တစ်ကိုယ်လုံး တလက်လက် တောက်ပလာပြီးနောက် တစ်စစီ ပေါက်ကွဲထွက်သွားခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများ အကြီးအကျယ် ထိတ်လန့်ကုန်ကြ၏။

တန်ခိုးရှင်ဘုရင် ပထမအဆင့်သို့ ရောက်နေသော ချီဟွော့သည် ကြယ်ဧကရာဇ်တံဆိပ်ပြား၏ စွမ်းအားကို ထုတ်ဖော်ထားသည့် ရန်ကိုင်နှင့် စုယန်တို့၏ ပေါင်းစပ်တိုက်ခိုက်မှုကို တစ်ချက်ပင် မခုခံနိုင်ခဲ့ချေ။

ဤကြယ်စီရင်စုကြီး၏ အားအကောင်းဆုံးသော တန်ခိုးရှင်ဘုရင် တတိယအဆင့် ပညာရှင်ပင် ထိုကဲ့သို့ မလုပ်နိုင်ချေ။

ထိုမြင်ကွင်းကိုကြည့်ရင်း လော့လီတစ်ကိုယ်လုံး တုန်ရီမိသွားခဲ့၏။ သူမတစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မမြင်ဖူးသော ထိုမျှ ကြီးကျယ်ခမ်းနားသည့် စွမ်အားကို မြင်တွေ့လိုက်ရသည့်အတွက် စိတ်လှုပ်ရှားမိသလို နောင်တလည်း ရမိသည်။

ချီဟွော့ မသေခင် ဘာကိုတွေးပြီး နောင်တရနေလဲ သူမ ပြောနိုင်သည်။ သူမကော နောင်တမရဘဲ နေမည်လား။

ချီဟွော့ နောင်တရသလို သူမလည်း နောင်တရပေသည်။

ယခုကဲ့သို့ ဖြစ်မည်မှန်းသာ ကြိုသိခဲ့လျှင် ဘာကြောင့်များ ရန်ကိုင်နှင့် စုယန်တို့ကို လက်လွှတ်လိုက်မည်နည်း။ သူမ သေလျှင် သေရပါစေ၊ ရန်ကိုင်နှင့် စုယန်တို့အား အတတ်နိုင်ဆုံး ကာကွယ်ပေးခဲ့ပါသည်။

သို့သော်လည်း နောင်တအတွက် ဆေးရှိမနေခဲ့ချေ။

လော့လီ သက်ပြင်းသာ ချလိုက်မိသည်။

ကောင်းကင်သည် ရေခဲနှလုံးသားတောင်ကြား တိုးတက်နိုင်ရန် အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးခဲ့သော်လည်း လော့လီသည် ထိုအခွင့်အရေးကို မျက်ကွယ်ပြုကာ တွန်းထုတ်ခဲ့သည်။ လုပ်ပြီးမှတော့ ယခုမှ နောင်တရနေလို့ကော ဘာထူးဦးမည်နည်း။

ယခု စုယန်သည် တစ်ချိန်က ရေခဲနှလုံးသားတောင်ကြား၏ တပည့် ဖြစ်ခဲ့ဖူးသည် ဆိုသောအချက်ကို ထောက်ထား၍ ထိုလူငယ်လေးမှ သူမတို့ ရေခဲနှလုံးသားတောင်ကြားကို ဘာမှမလုပ်ဘဲ လွှတ်ပေးရန်ကိုသာ လော့လီ မျှော်လင့်နေရတော့သည်။ သူသာ ဒေါသထွက်ထွက်နှင့် သူမတို့အား လာပြဿနာရှာလျှင် ရေခဲနှလုံးသားတောင်ကြား တစ်ခုလုံး ဤနေ့ ဤနေရာတွင် လုံးဝ အဆုံးသတ်သွားရပေလိမ့်မည်။

“ဟားဟားဟားဟား” အရူးအမူး ရယ်မောသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည့်အတွက် လော့ဟိုင် မျက်မှောင်ကြုတ်သွားပြီး အသံထွက်ပေါ်ရာဆီသို့ လှမ်းကြည့်လိုက်ရာ ရန်ယွင်ထင် ဖြစ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။

ရန်ယွင်ထင်သည် ရယ်မောနေသော်လည်း သူမ၏ မျက်နှာထက် အဆုံးမဲ့နောင်တတို့ကို အထင်းသား မြင်တွေ့နေရသည်။

စုယန်ကို စွန့်လွှတ်လိုက်ပြီး စုယန်မှ သူမအား ဆရာဟု နောက်ဆုံးအကြိမ်အဖြစ် ခေါ်လိုက်ပြီးသည့် အချိန်မှစ၍ သူမ လက်ကျန် တစ်ဘဝလုံးကို နောင်တများဖြင့်သာ ဖြတ်သန်းသွားရပေတော့မည်။

“လော့ဟိုင်၊ ခင်ဗျားအလှည့်ပဲ”

အလင်းလုံးထဲမှ ရန်ကိုင်၏ အသံ နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာခဲ့လေသည်။

လော့ဟိုင်မျက်နှာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ချီဟွော့ တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်ကို မြင်မှပဲ ကြယ်ဧကရာဇ်တံဆိပ်ပြားကို သူအထင်သေးမိနေသေးမှန်း လော့ဟိုင် နားလည်လိုက်သည်။

ချီဟွော့ပင်လျှင် တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရရာ သူကကော တောင့်ခံနိုင်မည်နည်း။

“ကြယ်စွမ်းအား၊ လာစမ်း” လော့ဟိုင်သည် တုန့်ဆိုင်းမနေတော့ဘဲ ကြယ်စွမ်အားကို ဆင့်ခေါ်လိုက်သည်။

ရန်ကိုင်နှင့် ညှိနှိုင်းနေ၍လည်း ဘာမှထူးမည် မဟုတ်မှန်း သူသိသည်။ ထိုကောင်လေး၏ လျှို့ဝှက်ချက်များစွာကို သူသိထားခဲ့ရာ တစ်ဖက်လူသည် သူ့အား လုံးဝ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရန်ကိုင်သည် သူ၏ အဖိုးတန်သော ကြယ်ဧကရာဇ်တံဆိပ်ပြားကိုင် ထုတ်သုံးခဲ့ရရာ သူ့အား လုံးဝ အလွတ်ပေးမည် မဟုတ်သည်မှာ သေချာသလောက် ရှိသည်။

ကြယ်စီရင်စုကြီးထဲရှိ တစ်နေရာရာတွင် ရှိနေသော တောင်စိမ်းကြယ်၏ ကြယ်အရင်းအမြစ်ဆီမှ စွမ်အားတစ်ရပ် ပေါက်ကွဲထွက်လာပြီး ဟင်းလင်းပြင် အတားအဆီးကိုများကို ခုန်ကူးဖြတ်ကျော်လျက် လှိုင်းနီကြယ် ရှိနေသည့် နေရာဆီသို့ ရောက်လာပြီး လော့ဟိုင်၏ကိုယ်ထဲသို့ စီးဝင်သွားလေသည်။

လော့ဟိုင်၏ အရှိန်အဝါ ရုတ်ချည်း မြင့်တက်လာပြီး သူ့ကျင့်ကြံခြင်းသည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်မှ တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်ခါနီး ဖြစ်သွားခဲ့သည်။

ကြယ်စွမ်းအားကို သံးပြီးသည်နှင့် နောက်သို့ပင် လှည့်မကြည့်တော့ဘဲ ချက်ချင်း ထွက်ပြေးတော့လေသည်။

လော့ဟိုင်သည် ကြယ်စွမ်းအားကို ရန်ကိုင်နှင့် ပြန်တိုက်ခိုက်ရန် အတွက် မဟုတ်ဘဲ ထွက်ပြေးရန်အတွက် သုံးခဲ့ခြင်း ဖြစ်သည်။

“ပြေးချင်တာလား” ထွက်ပြေးသွားသော လော့ဟိုင်ကို ကြည့်ရင်း ရန်ကိုင် လှောင်ပြောင်ရယ်မောလိုက်သည်။ အလင်းလုံးဆီမှ ဟင်းလင်းပြင်စွမ်းအားတို့ ထွက်ပေါ်လာပြီး ရန်ကိုင်သည် ချက်ျခင်း လော့ဟိုင်ကို ကျော်တက်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် လော့ဟိုင်ဆီသို့ ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအင်တို့ ကိန်းအောင်းနေသော အလင်းတန်းတစ်ခုဖြင့် ထိုးချလိုက်သည်။

လော့ဟိုင် ထိတ်လန့်တုန်လှုပ်သွားပြီး ချက်ချင်းပဲ တိုးဝင်လာနေသော အလင်းတန်းအား သူ့လက်ထဲရှိ တန်ခိုးရှင်ဘုရင် အဆင့် မှော်ရတနာဖြင့် ပြန်ခုတ်ချလိုက်သည်။

စွမ်းအားနှစ်မျိုးသည် မည်သည့်အသံမှ မထွက်ဘဲ ထိပ်တိုက် တွေ့သွားခဲ့သည်။ သို့သော် ရုတ်တရက် အားကောင်းလှသည့် အဖျက်စွမ်းအားတို့ ထွက်ပေါ်လာပြီး ဟင်းလင်းပြင် တစ်ခုလုံး အက်ကွဲကုန်တော့သည်။ လော့ဟိုင် ပစ်လွှတ်လိုက်သည့် ဓါးလှိုင်းမှာလည်း သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ပြီး လက်ကျန်း အလင်းတန်း၏ စွမ်းအားသည် လော့ဟိုင်ဆီသို့ ဆက်လက် တိုးဝင်လာခဲ့ရာ လော့ဟိုင် တစ်ကိုယ်လုံး မီတာ ထောင်ပေါင်းများစွာသို့ လွင့်စင်ထွက်သွားခဲ့ရလေသည်။ သူ့မျက်နှာသည်လည်း ဖြူဖတ်ဖြူလျော် ဖြစ်သွားရ၏။

ခြေခိုင်အောင် ပြန်ရပ်ပြီးသည်နှင့် ချက်ချင်း ထွက်ပြေးပြန်သည်။

ရန်ကိုင်နှင့် စုယန်တို့ ရှိနေသည့် အလင်းလုံးသည် လက်ခနဲ ပျောက်ကွယ်သွားပြီး လော့ဟိုင်ရှေ့တွင်း ထူးခြားဆန်းပြားစွာ ပြန်လည် ထွက်ပေါ်လာခဲ့လေသည်။

“ကောင်လေး၊ မင်းသိပ်မလွန်လာနဲ့” လော့ဟိုင်မှာ ဒေါသထွက်လွန်းသဖြင့် သွေးပင် အန်လုမတတ် ဖြစ်သွားခဲ့သည်။ ရန်ကိုင်သည် လေဟာနယ်စွမ်းအားကို ကျင့်ကြံထားမှန်း သူသိသည်။ သူ့ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးသည် ရန်ကိုင်ကဲ့သို့ ကောင်လေးတစ်ဦး၏ ယခုကဲ့သို့ ဆော့ကစားခြင်း ခံရလိမ့်မည်ဟု တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ စိတ်မကူးဖူးခဲ့။

လေဟာနယ်စွမ်းအားကို ကျင့်ကြံထားသည့် လူများသည် ထွက်ပြေးရာတွင်ဖြစ်စေ၊ အခြားသူများအား လိုက်ဖမ်းရာတွင် ဖြစ်စေ၊ ဆရာကြီးများ ဖြစ်ကြသည်။

ထို့ကြောင့်သာ မဟုတ်လျှင် လော့ဟိုင်သည် လှိုင်းနီကြယ်သို့ပင် ရောက်လာစရာမလိုဘဲ လွန်ခဲ့သော တစ်နှစ်ခန့်ကတည်းက ရန်ကိုင်ကို ဖမ်းမိပြီးနေလောက်ပေပြီ။

“အခုကျမှ မလွန်နဲ့ဟုတ်လား။ ကျုပ်ကို လိုက်ဖမ်းနေတုန်းက ခင်ဗျား ဘာလို့ အဲ့စကား မပြောတာလဲ။ အခုမှ ပြောနေလို့လည်း အပိုပဲ။ သေလိုက်ပေတော့”

ရှေးဟောင်းသားရဲတစ်ကောင်၏ ပါးစပ်တစ်ခုအလား ကြီးမားလှသော ဧရာမ ဟင်းလင်းပြင် အက်ကွဲကြောင်းကြီး တစ်ခု ထွက်ပေါ်လာပြီး လော့ဟိုင်ဆီသို့ တိုးဝင်သွားလေသည်။

လော့ဟိုင်မှာ ထိုတိုက်ခိုက်မှုကို ထိပ်တိုက် မရင်ဆိုင်ရဲသဖြင့် ထွက်ပြေးနိုင်မည့် လမ်းကြောင်းများကို ရှာဖွေရင်း ကမန်းကတန်း ရှောင်တိမ်းလိုက်လေသည်။

All Chapters