အခန်း (၁၆၆၁-၁၆၆၅)
Vol. 67 Ch. 1661-1665
အပိုင်း (၁၆၆၁)
“ကောင်းချီးပေးရေခဲကန်ကို စုစုပေါင်း ဆယ့်နှစ်ဆင့် ခွဲထားတယ်။ အောက်ကို ရောက်လေ၊ ရှေ့ဆက်သွားဖို့က ပိုပြီး ခက်ခဲလာလေပဲ။ ဒါပေမယ့် ပိုနက်နက်ကို သွားနိုင်မယ်ဆိုရင်တော့ အကျိုးအမြတ် ပိုရလိမ့်မယ်” လော့လီက ရန်ကိုင်အား ရှင်းပြလိုက်သည်။
“အို၊ ဒါဆို စီနီယာ ဘယ်အနက်ထိ ဆင်းဖူးလဲ” ရန်ကိုင်က စိတ်ဝင်တစား မေးကြည့်လိုက်သည်။
“ရှစ်လွှာအထိပဲ အနက်ဆုံး ရောက်ဖူးထဲ” လော့လီက အနည်းငယ် ရှက်ရှက်ဖြင့် ပြန်ပြောလိုက်သည်။
“စုယန်က အထဲမှာလား”
“ဟုတ်တယ်။ သူ့အရည်အချင်းက ထိပ်တန်းပဲ။ ပြီးတော့ သူ့မှာ ရေခဲကျောက်စိမ်း ခန္ဓာကိုယ်လည်း ရှိသေးတယ်။ အစကတော့ သူအားကောင်းလာတဲ့အထိ စောင့်ပြီးမှပဲ ဝင်ခိုင်းမလို့။ ဒါပေမယ့် တန်ခိုးရှင်တတိယအဆင့်ကို သူဒီလောက်မြန်မြန် ရောက်လာမယ်လို့ မထင်ထားဘူး။ စုယန်က ငါတို့ ရေခဲနှလုံးသား တောင်ကြားရဲ့ တပည့်တစ်ယောက် မဟုတ်တော့ပေမယ့် ဒါကို ဒီဘုရင်မရဲ့ နှုတ်ဆက်လက်ဆောင်လို့ပဲ သဘောထားလိုက်ပေါ့”
“အဲ့လိုဆိုမှတော့ စုယန်ကိုယ်စား စီနီယာကို ကျေးဇူးတင်ပါတယ်”
လော့လီ ဤသို့ လုပ်ရခြင်းမှာ ရေခဲနှလုံးသားတောင်ကြားနှင့် သူ့ကြားရှိ ဆက်ဆံရေး တင်းမာမှုကို လျော့ပါးသွားစေချင်သည့် အတွက်ကြောင့်မှန်း ရန်ကိုင် သိသည်။
လော့လီက ယဲ့ယဲ့လေးပြုံးလျက် “ငါတို့ ရေခဲနှလုံးသားတောင်ကြားက သူ့အပေါ် အကြွေးတင်ထားတာပဲ။ သခင်လေးရန် ယဉ်ကျေးနေစရာ မလိုပါဘူး။ သူ ထွက်လာဖို့ သိပ်မကြာလောက်ဘူး။ သူဘယ်လောက်ရောက်မလဲ မသိဘူး”
ခဏအကြာတွင် ရေကန်မျက်နှာပြင်ထက် ဝဲကတော့လေးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုဝဲကတော့ထဲမှ ပုံရိပ်တစ်ခု အပြင်သို့ ပျံသန်းထွက်လာခဲ့လေသည်။
စုယန် ပေါ်လာသည့်အချိန်တွင် အေးစက်စက် အလင်းတစ်ချက် လက်သွားခဲ့သည်။ ထိုအလင်းတန်း လက်သွားချိန် သူ့အရေပြားအား အပ်သေးသေးများနှင့် ထိုးဆွခံလိုက်ရသလို ရန်ကိုင် ခံစားလိုက်ရ၏။
ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားပြီး ထိုအေးစက်စက် အလင်းတန်း ရှိရာဆီသို့ လှမ်းကြည့်လိုက်လေသည်။
“ဒါက…” လော့လီသည်လည်း ကောင်းကင်ပေါ်သို့ အထိတ်တလန့်ဖြင့် မော့ကြည့်လိုက်သည်။
စုယန်သည် တစ်မီတာရှည်လျားပြီး အရိုးကွဲမတတ် အေးစက်လှသော အရှိန်အဝါအား ထုတ်လွှတ်နေသော ဓါးတစ်ချောင်းကို ကိုင်လျက် လေထဲတွင် ဝဲနေခဲ့သည်။
ရန်ကိုင် ခံစားလိုက်ရသော အေးစက်စက် အလင်းတန်းသည် ထိုဓါးဆီမှ ဖြာထွက်နေခြင်း ဖြစ်သည်။
ရန်ကိုင်နှင့် လော့လီတို့ နှစ်ဦးစလုံး ထိုဓါးဆီး ချက်ချင်းဆိုသလို အကြည့်ရောက်သွားသည်။ ရန်ကိုင်၏ မျက်နှာထက် တောက်ပသည့် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့ပြီး လော့လီကမူ ထိတ်လန့်မှုကြောင့် တုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။
စုယန် ကိုင်ထားသည့်ဓါးသည် သာမန် ဓါးတစ်ချောင်းထက် ပိုပြီး သေးသွယ်သော်ငြား ၎င်းဆီမှ ထွက်ပေါ်နေသော စူးရှသည့် အရှိန်အဝါသည် အလွန်ကိုမှ ပြင်းထန်လွန်းပေသည်။
ဓါးဆီမှ ထိန်းမရသိမ်းမရ ထွက်ပေါ်နေသော အေးစက်စက် အလင်းတန်းသည် စုယန်အား နည်းနည်းလေးမှ ထိခိုက်စေခြင်း မရှိခဲ့ပေ။
ဓါးဆီမှ ရုတ်တရက် တဝှီဝှီ မြည်သံတို့ ထွက်ပေါ်လာခဲ့ပြီး အေးစက်စက် အလင်းတန်းသည် ကြောက်မက်ဖွယ်ရာ အအေး စက်ကွင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ယခင်ကတည်းက အလွန်အမင်း အေးစက်နေသည့် ရေခဲသန့်စင်တောင်၏ အပူချိန်သည် နောက်တစ်ကြိမ် ထပ်မံ ထိုးကျသွားပြန်လေသည်။ တဲအိမ်အပြင်ဘက်တွင် ကာရံထားသော အကာအရံသည် ရေခဲစက်ကွင်း၏ ဖိအားကို မခံနိုင်တော့သဖြင့် ပြိုကျတော့မည့်အလား တကျွီကျွီ မြည်သံများ မြည်လာလေသည်။
“နှင်းခဲလား” လော့လီသည် စုယန် ကိုင်ထားသည့် ဓါးကို ကြည့်ရင်း အလွန်ကိုမှ မယုံကြည်နိုင်ဟန်ဖြင့် ထိုင်ရာမှ ထရပ်လိုက်၏။
လော့လီ၏ အမူအရာကို ကြည့်ရင်း အလွန် အဖိုးတန်သည့် ရတနာ တစ်ခုကို စုယန် ရလိုက်မှန်း ရန်ကိုင် နားလည်သွားခဲ့ပြီး သည်းလှိက်အူလှိုက် ရယ်မောမိလိုက်လေသည်။
စုယန်သည်လည်း ယခုမှသာ အသိပြန်ဝင်လာခဲ့ပုံရ၏။ နွေးထွေးစွာ ပြုံးရင်း တဲအိမ်ဆီသို့ ချက်ချင်း ဆင်းလာပြီး မေးလိုက်လေသည် “ဂျူနီယာမောင်လေး၊ နင်ဘာလို့ ဒီကို ရောက်နေတာလဲ” ဓါးဆီမှ ထွက်ပေါ်နေသည့် အေးစက်စက် အရှိန်အဝါသည်လည်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။
“စီနီယာလော့က လာခိုင်းတာလေ” ရန်ကိုင်က ပြုံးလျက် ရှင်းပြလိုက်သည်။
စုယန်၏ အရှိန်အဝါသည် သူ့ဆီမှ မထွက်သွားစဉ်ကနှင့် ယှဉ်လိုက်လျှင် အလွန်ကိုမှ အားကောင်းလာပြီး ရှေးဟောင်း ကန်ရေပြင်တစ်ခုနှယ် တည်ငြိမ်နေ၏။
ရန်ကိုင်၏ အကြည့်သည့် စုယန်ကိုင်ထားသည့် ဓါးဆီသို့ နောက်တစ်ကြိမ် ထပ်မံ ရောက်ရှိသွားပြန်သည်။ ဓါးအား နောက်တစ်ကြိမ် သေချာစစ်ဆေးကြည့်ပြီးသည့်နောက်တွင် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာများကို မြင်တွေ့ဖူးသူ တစ်ဦးဖြစ်သည့်တိုင် ရန်ကိုင် ထိတ်လန့်သွားမိလေသည်။
ထိုဓါးသွယ်သွယ်လေးသည် ဓါးတစ်ချောင်းလုံးကို အေးစက်စက် စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့်နှယ် မမြင်နိုင်သော အေးစက် ထက်ရှသည့် အရှိန်အဝါတစ်မျိုးကို တောက်လျှောက် ထုတ်လွှတ်နေခဲ့သည်။
“စုယန်၊ အဲ့ဓါး ငါ့ကို တစ်ချက်လောက် ပြလို့ရမလား” လော့လီက မေးလိုက်သည်။
“ရပါတယ်” စုယန်သည် ဓါးအား မဟာအကြီးအကဲ လက်ထဲသို့ လေးလေးစားစား ထည့်ပေးလိုက်၏။
လော့လီလည်း ဓါးအား လှမ်းယူလိုက်လေသည်။
သို့သော် ဓါးအား လှမ်းကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ဓါးဆီမှ မယုံကြည်နိုင်ဖွယ်အောင် အေးစက်လှသော အအေးဓါတ်တစ်မျိုး ထွက်ပေါ်လာပြီး လော့လီသို့ တိုးဝင်သွားခဲ့လေသည်။
ဓါးအား ကိုင်ထားသည့် လော့လီလက်သည်လည်း အလွန်ကိုမှ မြန်ဆန်သော အမြန်နှုန်းဖြင့် တဖြည်းဖြည်း အေးခဲလာတော့၏။
သို့သော်ငြား လော့လီသည် ထိုကဲ့သို့ ဖြစ်မည်မှန်း ကြိုသိထားသည့် အလား သူ့လက်ကို လှုပ်ခါ၍ ရေခဲများကို ဖျက်စီးပစ်လိုက်သည်။
ထိုအခြင်းအရာကို မြင်သည့်နောက် ရန်ကိုင် အံ့အားသင့်သွားခဲ့၏။ ဓါးအား ထိန်းချုပ်သူ ရှိမနေသည့်တိုင် ဓါးသည့် လော့လီကဲ့သို့ ပညာရှင်တစ်ဦး၏ လက်ကိုပင် အေးခဲအောင် လုပ်နိုင်၏။ တစ်ယောက်ယောက်ကသာ ထိန်းချုပ်နေခဲ့လျှင် ထိုဓါး မည်မျှပင် အားကောင်းလိုက်မည်နည်း။
ထိုဓါးဖြင့်သာဆိုလျှင် စုယန်၏ တိုက်ပွဲစွမ်းအားမှာ အလွန်ကိုမှ ကြောက်မက်ဖွယ် ကောင်းလာပေလိမ့်မည်။
ထိုဓါးသည် တန်ခိုးရှင်ဘုရင် အထွဋ်အထိပ်အဆင့် ဓါးတစ်ချောင်း ဖြစ်လောက်သည်။
“တကယ်ပဲ နှင်းခဲပါလား” လော့လီသည် ဓါးအား သေချာ လေ့လာကြည့်ပြီးနောက်တွင် ခေါင်းညိတ်၍ စိတ်ခံစားချက်တို့ ရောပွမ်းနေသည့် အမူအရာဖြင့် “ဒီနှင်းခဲကို နောက်တစ်ကြိမ် ပြန်မြင်ရလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး”
ရန်ကိုင်လည်း မနေနိုင်ဘဲ မေးမိလိုက်လေသည် “ဒီဓါးက ဘယ်သူရဲ့ ဓါးမို့လို့လဲ”
လော့လီက၏ လေးစားမှုတို့ ရောယှတ်နေသည့် အမူအရာဖြင့် “ဒီဓါးက ငါတို့ ရေခဲနှလုံးသားတောင်ကြားကို တည်ထောင်ခဲ့တဲ့ တည်ထောင်သူဘိုးဘေး ပင်းယွင်ရဲ့ လက်စွဲတော်ဓါးပဲ”
ရန်ကိုင်နှင့် စုယန်တို့ နှစ်ဦးစလုံး ထိတ်လန့်သွားခဲ့လေသည်။
ရေခဲနှလုံးသားတောင်ကြား တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပြီဖြစ်ပြီး ၎င်း၏ တည်ထောင်သူမှာ တန်ခိုးရှင်ဘုရင် တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည်ဟု ကောလဟာလများ ရှိကြသည်။ သူမ၏ အမွေအနှစ်ကို ထားရစ်ပေးခဲ့သည့်တိုင်း ရေခဲနှလုံးသားတောင်ကြားသည် တစ်ခေတ်တစ်ခါက ရောက်ရှိခဲ့သည့် အမြင်ကို ဘယ်တော့မှ ပြန်လည် မရောက်ရှိခဲ့ပေ။ ပင်းယွင်နောက်ပိုင်း ထွက်ပေါ်လာခဲ့သည့် အားအကောင်းဆုံး ပညာရှင်သည်ပင် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သို့သာ ရောက်ခဲ့၏။
လက်ရှိ မျိုးဆက်တွင် လော့လီသည်သာ တစ်ဦးတည်းသော တန်းခိုရှင်ဘုရင်အဆင့် ပညာရှင်ဖြစ်ရုံမက သူမကိုယ်တိုင်သည်လည်း တန်ခိုးရှင်ဘုရင် ပထမအဆင့်သို့သာ ရောက်သေးသည်။
“ဘိုးဘေးတည်ထောင်သူရဲ့ ဓါးလား” စုယန်လည်း မှင်သက်နေခဲ့၏။ ခဏအကြာမှ အသိပြန်ဝင်လာခဲ့ပြီး “ဘိုးဘေးတည်ထောင်သူရဲ့ ဓါးဆိုရင်တော့ မဟာအကြီးအကဲပဲ သိမ်းထားလိုက်တော့။ ဒီဓါးက ရေခဲနှလုံးသားတောင်ကြားအတွက် ဒီလောက် အရေးကြီးမယ်မှန်း တပည့် မသိခဲ့ဘူး။ ဓါးကို မြင်လိုက်တုန်းက အရမ်း အဖိုးတန်မယ် ထင်လို့ပဲ ယူလာခဲ့လိုက်တာ”
လော့လီက ဖြည်းဖြည်းချင်း ခေါင်းခါလျက် “ငါတို့ မဟာအကြီးအကဲလို့ ခေါ်သေးတာနဲ့တင် ငါအရမ်းကို ကျေနပ်နေပြီ။ ဓါးကို သိမ်းထားဖို့ကတော့… နင်ပဲ သိမ်းထားလိုက်တော့”
ပြောပြီးသည်နှင့် လက်ကိုလှုပ်ခါ၍ သူမလက်အား ဖုံးလွှမ်းနေသော ရေခဲလွှာကို ဖျက်စီးပစ်လိုက်လေသည်။ ထိုသို့ မလုပ်လျှင် ရေခဲလွှာသည် သူမ၏ ရင်ဘတ်ထိတိုင် ရောက်ရှိလာပေလိမ့်မည်။
လော့လီသည် ထိုဓါးကို ဆက်မကိုင်ထားရဲတော့သည့်အတွက် စုယန်ဆီသို့ ပြန်ပေးလိုက်ပြီး ပြောလိုက်၏ “နင်ရလာတာဆိုတော့ နင်ပဲ သိမ်းထားလိုက်တော့။ နင့်အရည်အချင်းကြောင့် ရလာတာကို ငါယူလိုက်ရင် မတရားရာ ကျနေလိမ့်မယ်။ ပြီးတော့ နှင်းခဲက သူ့ပိုင်ရှင်ကို သူ့ဘာသာ ရွေးချယ်လိမ့်မည်လို့ ဘိုးဘေးက ပြောထားသေးတယ်”
“ဒါပေမယ့်…” စုယန်က တစ်ခုခု ပြောချင်နေဟန်ဖြင့် ပါးစပ် ဟလိုက်၏။
“နင်ရလာတာဆိုတော့ နင်နဲ့ ရေစက်ပါလို့ပဲပေါ့။ နှင်းခဲရဲ့ ဆုံးဖြတ်ချက်က ဘိုးဘေးရဲ့ ဆုံးဖြတ်ချက်နဲ့ အတူတူပဲ” လော့လီက သက်ြင်းချလိုက်သည်။
စုယန်သာ ရေခဲနှလုံးသားတောင်ကြား တပည့်တစ်ဦး ဖြစ်နေသေးခဲ့လျှင် နှင်းခဲအား သူမ ရလိုက်သည့်အပေါ် လော့လီ အလွန် ပျော်မိမည် ဖြစ်သော်လည်း စုယန်သည် ရေခဲနှလုံးသား တောင်ကြား၏ တပည့်တစ်ဦး မဟုတ်တော့သည့်အတွက် သူမအား နှင်းခဲမှ အသိအမှတ်ပြုလိုက်ခြင်းသည် ရေခဲနှလုံးသားတောင်ကြား အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်လာခဲ့လေသည်။
သို့သော်လည်း ဘိုးဘေး ချမှတ်ထားသည့် စည်းကမ်းများကို သူမ လိုက်နာရပေလိမ့်မည်။
“စီနီယာလော့လီက ပြောနေမှတော့ ယူထားလိုက်တာ အကောင်းဆုံးပဲ စုယန်။ စီနီယာအစ်မရဲ့ စိတ်ထဲမှာ ရေခဲနှလုံးသား တောင်ကြားဆိုတာ ရှိနေသေးရင် ရေခဲနှလုံးသားတောင်ကြားရဲ့ တပည့် ဟုတ်တာ မဟုတ်တာက ဘာမှ အရေးမကြီးတော့ဘူး” ရန်ကိုင်က ဝင်ပြောလိုက်သည်။
လော့လီသည် ရန်ကိုင်အား တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
ရန်ကိုင် ဘာပြောချင်နေလဲ လော့လီ နားလည်ပေသည်။ စုယန်နှင့် ရေခဲနှလုံးသားတောင်ကြားရှိ ဆက်ဆံရေးမှာ ပြတ်တောက်သွားပြီ ဖြစ်သော်လည်း နှင်းခဲဓါးကို ကိုင်ဆောင်ထားသည့်အတွက် ရေခဲနှလုံးသားတောင်ကြားသာ အန္တရာယ်တစ်ခုခုနှင့် ကြုံရလျှင် စုယန်သည် ကျိန်းသေ ထိုင်ကြည့်နေလိမ့်မည် မဟုတ်ချေ။
ဤအရာသည် လက်ရှိ ရေခဲနှလုံးသားတောင်ကြားဘက်မှ မျှော်လင့်နိုင်သည့် အကောင်းဆုံးသော ရလဒ် ဖြစ်သည်။
“ဟုတ်တယ်၊ စုယန်။ နှင်းခဲကို ရလာတယ်ဆိုတော့ နင်ဆယ့်နှစ်လွှာကို ရောက်ခဲ့တယ်ပေါ့” လော့လီက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး စိုးရိမ်တကြီး မေးလိုက်၏။
“ဘယ်အလွှာထိ ရောက်ခဲ့လဲတော့ သေချာမသိဘူး။ ဒါပေမယ့် အောက်ဆုံးကိုတော့ ရောက်ခဲ့တယ်ထင်တာပဲ” စုယန်က ပြန်ပြောလိုက်၏။
“ဟုတ်တယ်။ အောက်ဆုံးက ဆယ်နှစ်လွှာပဲ”
လော့လီသည် နှစ်ပေါင်းများစွာ ကြိုးစားပန်းစား ကျင့်ကြံခဲ့သော်ငြား ရှစ်လွှာမြောက်သို့သာ ရောက်ခဲ့သည်။ သို့သော်ငြား စုယန်သည် ပထမတစ်ကြိမ်တည်းနှင့်တင် ဆယ့်နှစ်လွှာသို့ ရောက်ခဲ့၏။ နှစ်ဦးသားကွာခြားချက်မှာ အလွန်ကိုမှ ကြီးမားလွန်းပေသည်။
“အောက်ဆုံးကို ရောက်ခဲ့တုန်းက ဘိုးဘေးတည်ထောင်သူရဲ့ တန်ခိုးရှင်အဆီအနှစ်ကျောက်တုံးကို သမီး ရှာတွေ့ခဲ့လား” လော့လီက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
“တန်ခိုးရှင်အဆီအနှစ်ကျောက်တုံး” စုယန် မျက်မှောင်ကြုတ်သွားလေသည် “မတွေ့ခဲ့ဘူး။ အောက်ကို ရောက်တုန်းက အရမ်းအားကောင်းတဲ့ နယ်ပယ်စက်ကွင်း တစ်ခုနဲ့ ဒီနှင်းခဲဓါးကိုပဲ တွေ့ခဲ့တာ။ အခြားဘာမှ မတွေ့ခဲ့ဘူး”
“တကယ် မတွေ့ခဲ့တာလား” တစ်ခုခုကို စဉ်းစားမိသွားသည့် အလား လော့လီ၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့၏။ ခဏအကြာတွင် တောက်ပစွာပြုံးလျက် ရေရွတ်လိုက်လေသည် “ကြည့်ရတာ ကောလဟာလတွေ မှန်နေတဲ့ပုံပဲ”
နောက်ဆုံးတွင် အလွန်ကိုမှ စိတ်လှုပ်ရှားသွားသည့်အလား ထရယ်ေတော့လေသည်။
လော့လီပုံစံကိုကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး မယုံသင်္ကာဖြင့် မေးမြန်လိုက်လေသည် “စီနီယာ ဘာကို ပြောချင်နေတာလဲ”
“ငါတို့ ရေခဲနှလုံးသားတောင်ကြားရဲ့ ဘိုးဘေးတည်ထောင်သူက မသေလောက်သေးဘူး” လော့လီက ပြောလိုက်သည်။
ရန်ကိုင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေသည်။ စုယန်သည်လည်း သူ့မပါးစပ်ကို လက်ဖြင့် အလန့်တကြား လှမ်းအုပ်မိလိုက်သည်။
“ဒါပေမယ့် ဒါက ခန့်မှန်းချက် သက်သက်ပဲ ရှိသေးတယ်” လော့လီက ပြုံးလျက် “ဘိုးဘေးတည်ထောင်သူလို လူတစ်ယောက်က ဘယ်လိုလုပ်ပြီး အလွယ်တကူ သေနိုင်မှာလဲ။ ပြီးတော့ ငါတို့ ရေခဲနှလုံးသားတောင်ကြားရဲ့ သမိုင်းမှတ်တမ်း စာအုပ်တွေထဲမှာ နှင်းခဲကို ဆယ်နှစ်လွှာမြောက်မှာ ဘိုးဘေး တည်ထောင်သူ ထားခဲ့တဲ့အကြောင်းကိုပဲ ရေးထားခဲ့တာ။ သူသေသွားလား၊ အသက်ရှင်နေသေးလား ဆိုတဲ့အကြောင်းကို ဘာမှ ပြောမထားဘူး။ ဒါပေမယ့် ဘိုးဘေးတည်ထောင်သူရဲ့ တန်ခိုးရှင်အဆီအနှစ် ကျောက်တုံးက ဆယ်နှစ်လွှာမြောက်မှာ ရှိမနေဘူးဆိုတော့ သူအသက်ရှင်နေသေးတာ ဖြစ်လောက်တယ်”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၆၂)
ဘိုးဘေးတည်ထောင်သူ၏ လက်စွဲတော်ဓါးဖြစ်သော နှင်းခဲမှာ ကန်အောက်ခြေတွင် ရှိနေသော်လည်း တန်ခိုးရှင်အဆီအနှစ် ကျောက်တုံးမှာမူ ထိုနေရာတွင် ရှိမနေခဲ့ချေ။ ထိုအချက်သည် အလွန်ကိုမှ သံသယဝင်စရာ ကောင်းလှသည်။
သူမ မသေသေးသည်မှာလည်း ဖြစ်နိုင်လောက်ပေသည်။
သို့သော်ငြား လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာအတွင်း သူမအား မည်သူမှ မမြင်ဖူးခဲ့သဖြင့် ဘိုးဘေးတည်ထောင်သူ သေလား၊ ရှင်လား ဆိုသည်ကို လော့လီ မပြောနိုင် ဖြစ်နေခဲ့သည်။ သို့တိုင် ဤတစ်ချက်နှင့်ပင် လော့လီ အလွန်ကိုမှ စိတ်လှုပ်ရှားမိနေလေပြီ။
လော့လီသည် ရန်ကိုင်အား တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်း ချလိုက်လေသည်။
ရန်ကိုင်သာ ရေခဲနှလုံးသားတောင်ကြား၏ တပည့်တစ်ဦး ဖြစ်ခဲ့လျှင် ဂိုဏ်းအတွက် တကယ်ကို ကံကောင်းမှုကြီးတစ်ခု ဖြစ်လိမ့်မည်ဟု လော့လီ တွေးမိသွားသည်။
ရန်ကိုင် ပေါ်လာသည်မှာ သိပ်မကြာသေးသော်ငြား ထိုတိုတောင်းသော အချိန်အတွင်း အဖြစ်အပျက်များစွာ ဖြစ်ပျက်သွားခဲ့သည်။ ပထမဦးဆုံး အနေဖြင့် ချီဟွော့ သေသွားခဲ့သည်။ ဒုတိယအနေဖြင့် သူမ၏ ဒဏ်ရာများ ပြန်ကောင်းသွားပြီး တတိယအနေဖြင့် နှင်းခဲဓါး တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့၏။ စုယန် မြင်လိုက်သည်သာ အမှန် ဖြစ်ခဲ့မည် ဆိုလျှင် သူတို့၏ ဘိုးဘေးတည်ထောင်သူသည် ဤစကြာဝဠာထဲရှိ တစ်နေရာရာတွင် ရှိနေလောက်ပေသည်။
ကံမကောင်းစွာဖြင့် ရန်ကိုင်သည် ယောကျာ်းတစ်ဦး ဖြစ်နေသည့် အတွက် ရေခဲနှလုံးသားတောင်ကြားထဲ ဝင်၍မရချေ။ ထို့အပြင် ရန်ကိုင်သည် ရေခဲနှလုံးသားတောင်ကြားကို သိပ်ပြီး အမြင် ကြည့်သည့်လူတစ်ဦး မဟုတ်ပေ။
“စီနီယာ၊ မီးတောက်ဂိုဏ်းကို သွားကြတော့မလား” ရန်ကိုင်က ရုတ်တရက် ပြောလိုက်သည်။
“အင်း” လော့လီက ခေါင်းညိတ်လျက် “သွားကြရအောင်”
ပြောပြီးသည်နှင့် မီးတောက်ဂိုဏ်းရှိသည့်ဘက်သို့ စူးရှသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။
ယနေ့မှစ၍ လှိုင်းနီကြယ်သည် ရေခဲနှလုံးသားတောင်ကြား၏ လက်အောက်သို့ အပြည့်အဝ ကျရောက်ရတော့ပေမည်။
…..
ရက်အနည်းငယ် ကြာပြီးနောက်တွင် ရေခဲသန့်စင်ကျွန်းဆီမှ ကြယ်သင်္ဘောငါးစင်း ထွက်ခွာလာခဲ့သည်။ ထိုကြယ်သင်္ဘော ငါးစင်ထဲတွင် ရေခဲနှလုံးသားတောင်ကြား၏ လက်ရွေးစင် တပည့်သုံးထောင်ကျော် ပါဝင်လာပေသည်။
ရေခဲနှလုံးသားတောင်ကြားသည် လှိုင်းနီကြယ်၏ ထိပ်တန်း ဂိုဏ်းနှစ်ဂိုဏ်းအနက် တစ်ဂိုဏ်း ဖြစ်သည့်အတွက်ကြောင့် သူတို့တွင် ကြယ်သင်္ဘောများ ရှိသည်မှာ သဘာဝသာ ဖြစ်သည်။ သို့သော် ထိုကြယ်သင်္ဘောသည် သိပ်ပြီး အဆင့်မြင့်လှခြင်း မရှိဘဲ တစ်စီးသည်သာ တန်ခိုးရှင်အဆင့်မြင့် ကြယ်သင်္ဘောဖြစ်ပြီး ကျန်ကြယ်သင်္ဘော အားလုံးသည် တန်ခိုးရှင်အလယ်အလတ် အဆင့်များ ဖြစ်ကြပေသည်။
ဤအခြင်းအရာကို ထောက်ရှုကြည့်ပါက ကြယ်စီရင်စုထဲတွင်ပင် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောများ မည်မျှ ရှားပါးကြောင်း မြင်တွေ့နိုင်ပေသည်။
သင်္ဘောပေါ်တွင် လိုက်ပါလာကြသည့် တပည့်အားလုံးသည်လည်း မနှောင်းသောအချိန်အတွင်း တိုက်ပွဲအကြီးကြီး ဖြစ်တော့မည်ကို သိထားကြ၏။ ထို့ကြောင့် အကုန်လုံး၏ အမူအရာမှာ တည်ကြည် ခက်ထန်နေခဲ့ကြလေသည်။
မရေမတွက်နိုင်သော နှစ်ပေါင်းများစွာအတွင်း မီးတောက်ဂိုဏ်းနှင့် ရေခဲနှလုံးသားတောင်ကြားတို့ အကြား တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့ပြီး တပည့်ပေါင်းများစွာ သေဆုံးခဲ့သလို အဖမ်းခံခဲ့ရ၏။ သို့သော် ရေခဲနှလုံးသားတောင်ကြား၏ တပည့်အားလုံးများမှာ မိန်းကလေးများသာ ဖြစ်ကြသည့်အတွက် သူတို့သာ အသက်ရှင်လျက် အဖမ်းခံလိုက်ရသည့်အခါ သူတို့အား စောင့်ကြိုနေသည့် ကံကြမ္မာသည် သေသည်ထက်ပင် ပို၍ ဆိုးရွားသွားလေတော့သည်။
မဟာအကြီးအကဲကိုယ်တိုင် ရှေ့ဆုံးမှဦးဆောင်လျက် မီးတောက်ဂိုဏ်းကို တိုက်ခိုက်တော့မည်မှန်း သိလိုက်သည့် အချိန်တွင် တပည့်များသည် သူတို့ပါ ပါဝင်လိုကြောင်း လိုလိုလားလား တောင်းဆိုလာခဲ့သည်။ အကုန်လုံးသည် မီးတောက်ဂိုဏ်းအား အမြတ်ဖြတ်သုတ်သင်ခြင်း တိုက်ပွဲအတွက် အလွန်ကိုမှ စိတ်အားထက်သန်နေကြလေသည်။
ရက်အနည်းငယ် ကြာပြီးနောက်တွင် ကြယ်သင်္ဘော ငါးစင်းသည် မီးတောက်ဂိုဏ်း၏ ပိုင်နက်အဖျားသို့ ရောက်ရှိလာခဲ့လေသည်။
လော့လီသည် ရေခဲနှလုံးသားတောင်ကြား၏ ထိပ်တန်း အကြီးအကဲများကို ဦးဆောင်၍ ကြယ်သင်္ဘောထိပ်တွင် မတ်တပ်ရပ်နေခဲ့သည်။
ရန်ကိုင်နှင့် စုယန်သည်လည်း ထိုအဖွဲ့ထဲတွင် ရှိနေခဲ့၏။
“ဒါက မီးတောက်တောင်တန်းလား” ရန်ကိုင်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း မေးလိုက်၏။
တောင်တန်း တည်ရှိနေပုံသည် နဂါးတစ်ကောင် အိပ်စက် လဲလျောင်နေသည့်နှင့် ဆင်တူပေသည်။ အဓိက အချက်သည်ကား ဤတောင်တန်းများတွင် မီးဓါတ်စွမ်းအင် အလွန်ကိုမှ သိပ်သည်း ကြယ်ဝခြင်းဖြစ်သည်။ ပတ်ဝန်းကျင် အပူချိန်သည်ပင် အတော့်ကိုမှ ပူနွေးနေခဲ့၏။
“ဟုတ်တယ်။ မီးတောက်တောင်တန်းပဲ။ ဒီတောင်အောက်မှာ မီနဂါးချီကြောမီကြီး တစ်ခုရှိတယ်။ အဲ့ဒါကြောင့်ပဲ မီးတောက်ဂိုဏ်းကို ဒီမှာ တည်ထောင်ခဲ့တာ” ပင်းလုန်က ရှင်းပြလိုက်သည်။
“ဟန့်၊ ဒီနေ့ကစပြီး မီးတောက်ဂိုဏ်း လှိုင်းနီကြယ်မှာ ရှိတော့မှာ မဟုတ်ဘူး” ရန်ယွင်ထင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်၏။
စကားပြောပြီးသွားသည်နှင့် ရုတ်တရက် တစ်ခုခုကို သတိပြုမိလိုက်သည့်အလား တစ်ခုသော နေရာဆီသို့ လှမ်းကြည့်၍ သူမလက်ကို ဆန့်ထုတ်ကာ ဖမ်းဆုပ်လိုက်လေသည်။
ထိတ်လန့်တကြား အော်ဟစ်သံနှင့်အတူ မီးတောက်ဂိုဏ်း ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူတစ်ဦး တောအုပ်ထဲမှတစ်ဆင့် သင်္ဘောပေါ်သို့ ပါလာခဲ့လေသည်။
ထိုသက်လတ်ပိုင်းလူကြီး၏ ကျင့်ကြံခြင်းသည် သိပ်မြင့်မားခြင်း မရှိဘဲ တန်ခိုးရှင်ပထမအဆင့်သာ ရှိပေသေးသည်။ သင်္ဘော ကုန်းပတ်ပေါ်သို့ ရောက်သည်နှင့် သူ့မီးဓါတ်သူတော်စင်ချီသည် ရန်ယွင်ထင်၏ ဖိနှိပ်လိုက်ခြင်း ခံလိုက်ရသည်။ ပတ်ပတ်လည်၌ ဝိုင်းနေသော အလှလေးများကို မြင်လိုက်သည့်အခိုက် ထိုလူ အလိုလို တံတွေးတစ်လုတ် မျိုချမိလိုက်သည်။ ထို့နောက် လက်ရှိ အခြေအနေကို ချက်ချင်း နားလည်သွားပြီး အော်ပြောလိုက်လေ၏ “ရေခဲနှလုံးသားတောင်ကြားကလူတွေ၊ နင်တို့ ဘာလို့ ဒီနေရာကို လာတာလဲ။ ငါတို့ မီးတောက်ဂိုဏ်းနဲ့ စစ်ဖြစ်ချင်လို့ မီးတောက်တောင်တန်းကို ကျူးကျော်လာတာလား”
“စစ်ဖြစ်ဖို့” ရန်ယွင်ထင်က လှောင်ပြောင်လိုဟန်ဖြင့် “ငါတို့ ရေခဲနှလုံးသားတောင်ကြားက နင်တို့ မီးတောက်ဂိုဏ်းနဲ့ ဘယ်တုန်းက စစ်မဖြစ်ခဲ့လို့လဲ”
ထိုကျင့်ကြံသူ ပြောစရာစကား မဲ့သွားခဲ့သည်။
ရန်ယွင်ထင် ပြောသလိုပင် သူတို့ ဂိုဏ်းနှစ်ဂိုဏ်းသည် ဘယ်တော့မှ တည့်သည်ဟူ၍ မရှိဘဲ အမြဲတစေ စစ်ဖြစ်နေကြသည်။ သို့သော် တကယ့် စစ်ပွဲကြီးတော့ တစ်ခါမှ ဖြစ်ပွားခဲ့ခြင်း မရှိချေ။
“နင်တို့ ဘာလို့ ဒီကို ရောက်လာတာလဲ” သူ့ပိုင်နက် အတွင်းတွင် ဖြစ်သည့်အတွက် မီးတောက်ဂိုဏ်းသားသည် ပညာရှင်များစွာ၏ ဝိုင်းထားခြင်း ခံနေရသည့်တိုင် မေးခွန်း ပြန်မေးရဲခဲ့သေးသည်။
“ငါတို့ ဘာလို့ဒီကို ရောက်လာတာလဲ ဟုတ်လား” ရန်ယွင်ထင်က လှောင်ပြုံးပြုံးလျက် “နင်တို့ မီးတောက်ဂိုဏ်းကို ဖျက်စီးပစ်ဖို့လေ”
ထိုကျင့်ကြံသူမျက်နှာ ဖြူလျော်သွားပြီး ရန်ယွင်ထင်အား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေလိုက်၏။
“နင့်ကျင့်ကြံခြင်း သိပ်မဆိုးဘူးဆိုတော့ မီးတောက်ဂိုဏ်းမှာ နင့်အဆင့်အတန်းက အတော်လေး မြင့်လောက်မှာပေါ့၊ ဟုတ်တယ်မလား၊ သွား၊ နင့်ဂိုဏ်ဆီ ပြန်သွားပြီး ဝေချင်ကို ပြောလိုက်၊ သူ့ခေါင်းကို ငါရန်ယွင်ထင် လာယူမှာမို့လို့ လည်ပင်းကို ကြိုဆေးထားလို့”
“ရန်ယွင်ထင်” ထိုကျင့်ကြံသူ အလန့်တကြား ထအော်လေသည်။
ရေခဲနှလုံးသားတောင်ကြား၏ အကြီးအကဲချုပ် မည်သူလဲ သူသိပေသည်။ ထို့နောက် လှည့်ပတ်ကြည့်လိုက်သည့်အခိုက် ဤနေရာတွင် ရှိနေသည့် အမျိုးသမီးအားလုံးသည် သူ့ထက် ပိုအားကောင်းသည့် ကျင့်ကြံသူများဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။ ထို့ကြောင့် သွေးရူးသွေးတန်းဖြင့်သာ ပြန်အော်ပြောရတော့၏ “ငါတို့ မီးတောက်ဂိုဏ်းရဲ့ မဟာအကြီးအကဲက နင်တို့ကို ဒီအတိုင်းထားမှာ မဟုတ်ဘူး”
“အဲ့ခွေးအိုကြီး ချီဟွော့ကို ပြောချင်တာလား” ရန်ယွင်ထက် လှောင်ပြောင်လိုက်လေသည် “နင်မသိဘူးလား၊ ချီဟွော့ သေသွားပြီ ဆိုတာကိုလေ”
“မဟာအကြီးအကဲ သေသွားပြီ” ထိုကျင့်ကြံသူ မျက်လုံးပြူးသွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် “မ…ဖြစ်မနိုင်ဘူး၊ မဟာအကြီးအကဲက တန်ခိုးရှင်ဘုရင်အဆင့် တစ်ယောက်ပဲ။ နင်တို့ထဲက ဘယ်သူမှ သူ့ကို မသတ်နိုင်ဘူး”
“အဲ့လို့လား။ အဲ့ဒါဆို ဝေချင်ကို ကိုယ်တိုင် သွားမေးကြည့်လိုက်။ ဒီအကြီးအကဲ နင်နဲ့ လေကုန်ခံပြီး ပြောမနေချင်တော့ဘူး” ပြောပြီးသည်နှင့် ရန်ယွင်ထွင်သည် ထိုကူကယ်ရာမဲ့နေသည့် လူကို သင်္ဘောပေါ်မှ ပစ်ချလိုက်လေသည်။
လေထဲ ပြန်ရပ်လိုက်နိုင်သည်နှင့် တစ်ပြိုင်နက် သူ့နောက်မှ လိုက်လာနေသည့် ကြယ်သင်္ဘောငါးစီးကို လှည့်ကြည့်လှည့်ကြည့် လုပ်နေရင်း မီးတောက်ဂိုဏ်းဆီ အသည်းအသန် ပြန်ပြေးလေ၏။
“အင်း၊ သတိကြိုပေးလိုက်တာ ကောင်းတယ်။ မဟုတ်ရင် ငါ့ကို အားနည်းတဲ့လူကို အနိုင်ကျင့်တယ်ဆိုပြီး ပြောနေကြဦးမယ်” ပျောက်ကွယ်သွားသော မီးတောက်ဂိုဏ်းသားကို ကြည့်ရင်း လော့လီက ပြောလိုက်လေသည်။
လော့လီတို့ သွားနေသည့် အရှိန်သည် သိပ်မမြန်သော်ငြား ကြောက်မက်ဖွယ်ရာ ဖိအားတစ်ရပ်သည် မီးတောက်တောင်တန်း တစ်လျှောက် တဖြည်းဖြည်း ပြန့်နှံ့လာခဲ့လေသည်။
အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးနောက်တွင် မီးတောက်ဂိုဏ်း၏ ဠာနချုပ်တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်ကုန်တော့၏။
“ရေခဲနှလုံးသားတောင်ကြားက တကယ်ကြီး တိုက်ခိုက်လာတာလား”
“သူတို့ ဘယ်လိုတောင် လုပ်ရဲတာလဲ”
“အရင်နှစ်က ပေးခဲ့တဲ့ သင်ခန်းစာက မမှတ်သေးဘူးနဲ့ တူတယ်။ ကောင်းတယ်။ သူတို့ လာရဲမှတော့ နောက်တစ်ကြိမ် သင်ခန်းစာ ထပ်ပေးရတာပေါ့”
“ငါကြားတာတော့ ရေခဲနှလုံးသားတောင်ကြားရဲ့ ထိပ်တန်း အကြီးအကဲတွေ အကုန်လုံး အလှဂဟေးတွေချည်းပဲတဲ့။ သူတို့ထဲက တစ်ယောက်ယောက်ကိုသာ ဖမ်းမိလိုက်မယ် ဆိုရင်တော့ ဒီလူအိုကြီးတော့… ဂလု”
“အကြီးအကဲချီ၊ မင်းအသက်ကိုလည်း မင်းပြန်ကြည့်ပါဦးကွာ။ သင်္ချိုင်းကုန်း ခြေတစ်လှမ်း ရောက်နေတာကို တဏှာက ထနေချင်သေးတယ်”
“ဟျောင့်၊ ဒီလူအိုကြီးက အသက်ကြီးပေမယ့်၊ သန်တုန်း၊ စွမ်းတုန်းပဲကွ။ မိန်းမပျက်လေး နည်းနည်းလောက်နဲ့ ငါကျသွားမယ် ထင်နေတာလား”
“ဟုတ်တယ်။ အဲ့မိန်းမပျက်မတွေ အကုန်လုံး အကြီးအကဲချီရဲ့ စွမ်းအောက်မှာ ကျိန်းသေ အရှုံးပေးသွားကြရမှာ”
ရေခဲနှလုံးသားတောင်ကြား လာတိုက်ခိုက်နေသည်ကို ကြားသော်ငြား အကြီးအကဲတစ်သိုက်သည် နည်းနည်းလေးမှပင် စိုးရိမ်ပူပန်ခြင်းမရှိဘဲ သူတို့၏ အစွမ်းအစကိုပင် ကြွားလုံးထုတ်နေကြသေးသည်။ ထိုမိန်းမချောလေးများ မသေခင်၊ ထိုမိန်းမချောလေးများ၏ အဖြူရောင် ပိုသားပဝါအား ညစ်ထေးအောင် လုပ်နေချိန် ကြားနေရမည့် အော်သံလေးများကို စိတ်ကူးယဉ် ကြားယောင်ရင်း အကြီးအကဲများ စိတ်ဓါတ် တက်ကြွလာလေသည်။
“ဂိုဏ်းချုပ်။ ကျုပ်တို့ကို ချက်ချင်း တိုက်ခိုက်ခွင့်ပေးပါ။ ကျုပ်တို့ သူတို့နဲ့ ထိပ်တိုက် သွားတိုက်ခိုက်ချင်လို့ပါ” အကြီးအကဲများစွာတို့သည် ခန်းမအလယ်တွင် ထိုင်နေသော ဝေချင်အား တောင်းဆိုကြလေတော့သည်။
အကြီးအကဲများမှာ စိတ်ဓါတ်တက်ကြွနေကြသော်လည်း ဝေချင်မှာပင် မီးခဲဖင်ခုထိုင်နေရသည့်နှယ် အလွန်ကိုမှ စိုးရိမ်ပူပန်နေခဲ့လေသည်။
“ဂိုဏ်းချုပ်၊ ခင်ဗျား…” ဝေချင်၏ အပြုအမူကို မြင်သော် အကြီးအကဲများ မျက်မှောင်ကြုတ်သွားကြပြီး သင်္ကာမကင်း ဖြစ်ကုန်ကြလေသည်။
“ငါတို့ မီးတောက်ဂိုဏ်း ကပ်ဘေးဆိုက်တော့မယ်” ဝေချင် သက်ပြင်းချလိုက်၏။
ထိုစကားကို ကြားလိုက်ချိန် အကြီးအကဲအားလုံး၏ အမူအရာ ပြောင်းလဲသွားလေသည်။
“ဂိုဏ်းချုပ် ဘာပြောချင်တာလဲ” အစောပိုင်းက စကားပြောခဲ့သည့် အကြီးအကဲတစ်ဦးက အလေးအနက် အမူအရာဖြင့် မေးလိုက်၏ “ရေခဲနှလုံးသားတောင်ကြားက အားကောင်းတယ်ဆိုပေမယ့် ကျုပ်တို့လည်း သူတို့လို အားကောင်းတာပဲ။ ပြီးတော့ အခုသူတို့ ရောက်နေတဲ့ နေရာက ကျုပ်တို့ ပိုင်နက်၊ သူတို့ကို အနိုင်ယူပြီး သူတို့အိမ်ကို ပြန်ပို့ပေးလိုက်ရင် ပြီးနေပြီပဲကို ဘာလို့ မီးတောက်ဂိုဏ်းက ကပ်ဘေးကျရမှာလဲ”
“ဘာလို့လဲဆိုတော့ မဟာအကြီးအကဲ သေသွားလို့ပဲ”
ထိုစကား ထွက်လာသည်နှင့် ခန်းမတစ်ခုလုံး တစ်မုဟုတ်ချည်း တိတ်ကျသွားခဲ့လေသည်။
အချိန်အတော် တိတ်ဆိတ်နေပြီးနောက်မှ အကြီးအကဲတစ်ဦးက တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလာလေသည် “ဂိုဏ်းချုပ် နောက်နေတာတော့ မဟုတ်ပါဘူးနော်”
“အခုလို အချိန်မျိုးမှ ငါက နောက်စရာလား” ဝေချင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်၏။
“ဒါပေမယ့်… မဟာအကြီးအကဲ ဘယ်လို သေသွားတာလဲ။ မဟာအကြီးအကဲက သူ့နေရာမှာ လူကြီးမင်းလော့ဟိုင်ကို ဧည့်ခံနေတာ မဟုတ်ဘူးလား”
ဝေချင်က နဖူးကိုပွတ်လျက် ရှင်းပြလိုက်လေသည် “လွန်ခဲ့တဲ့ လပိုင်းတုန်းက မဟာအကြီးအကဲနဲ့ လူကြီးမင်းလော့ဟိုင်တို့ ရေခဲနှလုံးသားတောင်ကြားဆီ ထွက်သွားတယ်။ အဲ့ကတည်းက အခုအချိန်ထိ သူတို့ ပြန်မရောက်လာသေးဘူး”
“အဲ့လိုဆိုရင်တောင် မဟာအကြီးအကဲသေသွားတယ်လို့ မဆိုလိုဘူးလေ” ပြောသာ ပြောလိုက်သော်ငြား သူတို့စကားပင် သူတို့ မယုံချင်ကြတော့ချေ။
မဟာအကြီးအကဲသာ မသေသွားခဲ့လျှင် ရေခဲနှလုံးသားတောင်ကြား ဘာကြောင့် သူတို့အား တိုက်ခိုက်လာရသနည်း။ မဟာအကြီးအကဲကကော ဘာကြောင့် မီးတောက်ဂိုဏ်းဆီ ပြန်မလာသေးသနည်း။
မဟာအကြီးအကဲသာ မသေသေးလျှင် ရေခဲနှလုံးသားတောင်ကြား သူတို့အား လာတိုက်ခိုက်ရဲလိမ့်မည် မဟုတ်ချေ။
“ရေခဲနှလုံးသားတောင်ကြားက လော့လီ မဟာအကြီးအကဲကို မသတ်နိုင်လောက်ဘူး။ ဖြစ်နိုင်တာက… လူကြီးမင်း လော့ဟိုင်များလား” တစ်ယောက်ယောက် အလန့်တကြား ပြောလိုက်၏။
လော့ဟိုင် တစ်ယောက်သည်သာ သူတို့၏ မဟာအကြီးအကဲကို သတ်နိုင်ပေသည်။ သို့သော်လည်း မဟာအကြီးအကဲနှင့် လူကြီးမင်း လော့ဟိုင်သည် ရင်းနှီးသူများ ဖြစ်ကြသည်။ ထို့အပြင် လူကြီးမင်း လော့ဟိုင် လှိုင်းနီကြယ်သို့ ရောက်လာသည့်အခါ မီးတောက်ဂိုဏ်း၌ပင် ဧည့်သည်အဖြစ် တစ်နှစ်ကျော်ကြာအောင် နေသွားသေးသည်။ ထိုသို့ဆိုလျှင် မဟာအကြီးအကဲကို လူကြီးမင်း လော့ဟိုင် ဘာကြောင့် သတ်ရသနည်း။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၆၃)
“လူကြီးမင်း လော့ဟိုင်လည်း မဟုတ်ဘူး” ဝေချင်းက ခေါင်းခါလျက် အတော်လေး စိတ်ဓါတ်ကျနေသည့် အမူအရာဖြင့် “လူကြီးမင်း လော့ဟိုင်လည်း သေသွားတယ်”
ခန်းမထဲ သက်ပြင်းရှိုက်သံများစွာ ထွက်ပေါ်လာခဲ့လေသည်။ အကုန်လုံးသည် ဝေချင်းအား မယုံကြည်နိုင်သည့် အကြည့်များဖြင့် စိုက်ကြည့်လာကြလေ၏။ ယခု ဝေချင်းပြောလိုက်သည့် စကားသည် မဟာအကြီးအကဲ သေသွားသည် ဆိုသော စကားထက်ပင် သူတို့အတွက် ပို၍ မယုံကြည်နိုင်စရာ ကောင်းနေခဲ့သည်။
“မယုံမရှိနဲ့၊ ဒီသတင်းကို တောင်စိမ်းကြယ်က လူတွေကို မေးပြီး အတည်ပြုပြီးသွားပြီ။ လွန်ခဲ့တဲ့ နှစ်လလောက်တုန်းက တောင်စိမ်းကြယ်မှာရှိတဲ့ လူကြီးမင်းလော့ဟိုင်ရဲ့ ရုပ်ထု ပြိုကျသွားတယ်တဲ့။ သူ့ဝိဥာဉ်အပိုင်းအစ ရှိနေတဲ့ ရုပ်ထု ပြိုကျသွားတယ်ဆိုတာ လူကြီးမင်း လော့ဟိုင် သေသွားတယ်လို့ ပြောလိုက်တာပဲ။ လူကြီးမင်း လော့ဟိုင် သေသွားတဲ့ အချိန်က ရေခဲနှလုံးသားတောင်ကြားကို သူတို့ ထွက်သွားတဲ့ အချိန်နဲ့ လုံးဝ ကွက်တိကြီး ဖြစ်နေတယ်”
“ရေခဲနှလုံးသားတောင်ကြားထဲမှာ မဟာအကြီးအကဲနဲ့ လူကြီးမင်း လော့ဟိုင်တို့ကို သတ်နိုင်တဲ့လူ ဘယ်သူရှိလို့လဲ”
“ဟုတ်သားပဲ၊ လွန်ခဲ့တဲ့ နှစ်လတုန်းက ရေခဲနှလုံးသား တောင်ကြားဘက်ကနေ ဖြာထွက်လာတဲ့ စွမ်းအင်လှိုင်းတွေက လူကြီးမင်းလော့ဟိုင်တို့ သေသွားတဲ့ ကိစ္စနဲ့များ ပက်သက်နေမလား မသိဘူး”
“ရေခဲနှလုံးသားတောင်ကြားရဲ့ ဘိုးဘေးများလား။ သူအခုထိ မသေသေးဘူးလို့ ပြောနေကြတာ ငါကြားတယ်”
“မဖြစ်နိုင်ဘူး။ ရေခဲနှလုံးသားတောင်ကြားကို တည်ထောင်ထားတာ နှစ်ပေါင်း သောင်းနဲ့ချီနေပြီ။ သူတို့ရဲ့ ဘိုးဘေး မသေသေးဘူး ဆိုရင်တောင် အရင်ကတည်းက ပေါ်မလာဘဲ ဘာလို့ အခုမှ ပေါ်လာရတာလဲ”
“အခုမှ ပြောနေလို့လည်း ဘာမှမထူးတော့ဘူး။ ရန်သူက ငါတို့ တံခါးဝရောက်နေပြီ။ အခု သူတို့ကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာကိုပဲ သေချာစဉ်းစားကြတော့”
“ဘယ်လိုရင်ဆိုင်ရမှာလဲ။ မဟာအကြီးအကဲမှ မရှိတော့တာကို သူတို့ဘက်က လော့လီကို ဘယ်သူက သွားတားမှာလဲ”
“သွေးကြောင်နေတာတွေ ရပ်လိုက်တော့။ လော့လီကိုယ်တိုင် ရောက်လာရင်တောင် ငါကတော့ ပြန်တိုက်ခိုက်ဦးမှာပဲ။ သေရမယ် ဆိုရင်တောင် အနည်းဆုံးတော့ သူ့ကို ဒဏ်ရာရအောင် လုပ်သွားမှာ”
……
မဟာအကြီးအကဲ သေသွားသည့်အကြောင်း ကြာပြီးနောက်တွင် အကြီးအကဲများအားလုံး ယခင်ကကဲ့သို့ ပေါ့ပေါ့ဆဆ မနေရဲကြတော့ဘဲ ရေခဲနှလုံးသားတောင်ကြား ကျူးကျော်လာသည့် ကိစ္စအား မည်ကဲ့သို့ ဟန့်တားရမလဲ ဆိုသည်ကို အလေးအနက်ထား ဆွေးနွေးကြတော့သည်။
ဝေချင်းကမူ တစ်ခွန်းမှ ဝင်မပြောဘဲ အကြီးအကဲများ ပြောနေသည်ကိုသာ နားထောင်နေခဲ့သည်။
အချိန်အတော်ကြာပြီးနောက်တွင် ဝေချင်းက လက်မြှောက်၍ အကုန်လုံးကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
“အားလုံး တိတ်ကြပေတော့” ဝေချင်းက ပြောလိုက်၏ “ရေခဲနှလုံးသားတောင်ကြား ကျူးကျော်လာတဲ့ကိစ္စက ငါတို့ သမိုင်းတစ်လျှောက် ကြုံရတဲ့ အဆိုးရွားဆုံး ကပ်ဘေးကြီးတစ်ခု ဖြစ်တယ်ဆိုပေမယ့် ဒီအခြေအနေကိုသာ ကောင်းကောင်း ကိုင်တွယ်နိုင်မယ်ဆိုရင် ငါတို့ ဒီကပ်ဘေးကနေ အသက်ရှင်လျက် လွတ်မြောက်ကောင်း လွတ်မြောက်နိုင်လိမ့်မယ်။ လော့လီက တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တစ်ယောက်ဆိုတာ ဟုတ်တယ်။ ဒါပေမယ့် သူတို့က လာတိုက်ခိုက်နေတဲ့လူဆိုတာ မမေ့နဲ့ဦး။ ငါတို့မှာ ဂိုဏ်းအကွာအကွယ် အစီအရင်ရှိတယ်။ ပြီးတော့ ငါကြားထားတာက လော့လီက ကျင့်ကြံရင်းနဲ့ ကျင့်ကြံခြင်း သွေဖယ်သွားလို့ အတွင်းဒဏ်ရာ ရသွားတယ်တဲ့။ ဒီတော့ ဒီတိုက်ပွဲမှာ သူပါလာတယ်ဆိုရင်တောင် သူ့ခွန်အား အပြည့်ကို ထုတ်သုံးနိုင်လောက်မှာ မဟုတ်ဘူး”
“ဟုတ်တယ်။ ဂိုဏ်းချုပ်ပြောတာ မှန်တယ်။ ငါတို့တွေက ခုခံတဲ့လူတွေ၊ သူတို့တွေက တိုက်ခိုက်တဲ့လူတွေ”
“ဟဲဟဲ… ငါတို့မှာ ဟိုဟာရှိတယ်ဆိုတာကိုလည်း မေ့မထားနဲ့ဦးလေ။ အဲ့ဒါကိုသာ လွတ်ပေးလိုက်ရင် လော့လီတောင် ပြန်ပြီး ဒုက္ခရောက်သွားနိုင်သေးတယ်” တစ်ယောက်ယောက်က ထူးထူးဆန်းဆန်း ရယ်မောရင်း ပြောလိုက်သည်။
ထိုလူအိုကြီး ဘာကို ပြောချင်နေလဲ နားလည်လိုက်သည်နှင့် အကုန်လုံး၏ အမူအရာ လေးနက်သွားခဲ့လေသည်။
ဝေချင်းသည်ပင် တည်ကြည်လေးနက်သွားခဲ့ပြီး ခဏတာ စဉ်းစားပြီးနောက် ပြန်ပြောလိုက်လေသည် “နောက်ဆုံး အခြေအနေ မရောက်သရွေ့ အဲ့ဒါကို လွှတ်ပေးလို့ မဖြစ်ဘူး။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ တပည့်တွေ အကုန်လုံးကို ရန်သူတွေကို တိုက်ခိုက်ဖို့ပြင်တော့။ ဒီနေ့ ငါတို့ သေရမယ် ဆိုရင်တောင် ပြန်ပြီး တိုက်ခိုက်ရမယ်”
“ဟုတ်တယ်။ တိုက်ခိုက်ရမယ်” အကြီးအကဲများအားလုံး ပြိုင်တူ အော်ဟစ်လိုက်ကြလေသည်။
…..
ရေခဲနှလုံးသားတောင်ကြား၏ ကြယ်သင်္ဘောများသည် မီးတောက်တောင်တန်း၏ အတွင်းပိုင်းဆီသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်လာနေခဲ့သည်။
လမ်းတစ်လျှောက်တွင်၊ အစီအရင်များစွာမှ သူတို့အား တားဆီးရန် ကြိုးစားခဲ့သော်လည်း မည်သို့မှ မတားဆီးနိုင်ခဲ့ကြချေ။ ပေါ်လာသည့် အစီအရင်အားလုံးသည် သလင်းအမြှောက် တစ်ချက်နှင့်ပင် ပျက်စီးသွားကြလေကုန်သည်။
“ပင်းလုန်၊ နင်အရင်သွားပြီး ငါပြောတဲ့အတိုင်း ကြေညာလိုက်။ ငါတို့က မီးတောက်ဂိုဏ်းရဲ့ ခေါင်းဆောင်တွေကို အပြစ်ပေးဖို့ပဲ ရောက်လာတာ။ ငါတို့ မရောက်ခင် ထွက်သွားတဲ့ တပည့်တွေ အကုန်လုံးကို လွှတ်ပေးမယ်။ ဒါပေမယ့် ငါတို့ ရောက်လာတဲ့ အထိတောင် မထွက်သွားသေးဘူး ဆိုရင်တော့ ငါတို့ဘက်က လုံးဝ ညှာတာနေမှာ မဟုတ်ဘူးလို့” လော့လီက ရုတ်တရက် ပြောလိုက်၏။
“ဟုတ်ကဲ့” ပင်းလုန်သည် လက်သီးဆုပ်ပြီးနောက် ပျံသန်းထွက်သွားလေသည်။
မကြာမီ ပင်းလုန်သည် သူမ၏ ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လော့လီပြောသည့် စကားကို မီးတောက်ဂိုဏ်းတစ်ဂိုဏ်းလုံး ကြားသိအောင် ကြေညာလိုက်လေသည်။
ထိုသတင်းကို ကြားလိုက်သည့်အခိုက် မီးတောက်ဂိုဏ်း၏ အကြီးအကဲများအားလုံး ပင်းလုန်အား အရှက်မရှိသည့် မိန်းမပျက်မဆို၍ ကြိတ်ကာ ကျိန်ဆဲကြလေတော့သည်။
မီးတောက်ဂိုဏ်းတွင် တပည့်ပေါင်း သောင်းနှင့်ချီ ရှိသော်ငြား အရေးကြုံလာချိန်၊ ထိုတပည့်အားလုံးသည် ဂိုဏ်းအား ကာကွယ်ရင်း အသေခံသွားကြမည့် လူများ မဟုတ်ကြချေ။ ထို့အပြင် ပင်းလုန်သည် သူတို့၏ မဟာအကြီးအကဲ ချီဟွော့ သေသွားပြီ ဆိုသည့်အကြောင်းကိုပါ ထည့်ပြောသွားသဖြင့် မီးတောက်ဂိုဏ်းတပည့်များ ပို၍ ထိတ်လန့်သွားကုန်ကြလေ၏။
မကြာမီ အချို့တပည့်များ စတင် ထွက်ပြေးကြလေသည်။ သို့သော်လည်း အကြီးအကဲများမှ ရှာတွေ့သွားသည်နှင့် ထိုထွက်ပြေးရန် ကြိုးစားနေသည့် တပည့်များအားလုံး ဥပမာ အနေဖြင့် အသတ်ခံကြရကုန်လေသည်။
အကြီးအကဲများ၏ ရက်စက်သည့်နည်းလမ်းသာ ယာယီသာ အလုပ်ဖြစ်ခဲ့သည်။ အချိန်ကြာလာသည်နှင့် ထွက်ပြေးသည့် တပည့် အရေအတွက်မှာ ပိုပို၍ များပြားလာသဖြင့် အကြီးအကဲများ အားလုံးလည်း ဘာမှမတတ်နိုင် ဖြစ်ကုန်ကြရလေသည်။
အလင်းတန်းများစွာတို့သည့် မီးတောက်ဂိုဏ်၏ နေရာ အနှံ့အပြားမှ ထွက်ပေါ်လာကာ အဘက်ဘက်သို့ ပျံသန်း ထွက်ပြေးသွားကြလေသည်။
လော့လီသည် သူမ၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ မီးတောက်တောင်တန်း တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။
တန်ခိုးရှင်အဆင့်အောက် ကျင့်ကြံသူများကို ထွက်ပြေးခွင့် ပြုသော်လည်း မည်သည့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူကိုမှ လော့လီ ထွက်ပြေးခွင့် ပြုမည် မဟုတ်ချေ။
တန်ခိုးရှင်အဆင့်သို့ ရောက်ထားသည့် မည်သည့် မီးတောက်ဂိုဏ်းမှ ကျင့်ကြံသူ၏ လက်တွင်မဆို ရေခဲနှလုံးသား တောင်ကြားမှ တပည့်များစွာ၏ သွေးများ စွန်းထင်နေခဲ့သည်။ လော့လီ အနေဖြင့် သူမတို့ဂိုဏ်းမှ တပည့်များစွာအား သတ်ဖြတ်ထားသည့် လူများကို မည်သို့မှ လွှတ်ပေးလိမ့်မည် မဟုတ်ချေ။
မကြာမီ တန်ခိုးရှင်အဆင့်အောက် ကျင့်ကြံသူများသည်လည်း ထိုအဖြစ်အပျက်က်ို သတိပြုမိသွားကြသည်။ ထို့ကြောင့် သူတို့ ခေါင်းဆောင်များ၏ ခြိမ်းခြောက်စကားများကို လျစ်လျုရှု၍ အလျင်အမြန် စတင် ထွက်ပြေးကုန်ကြလေသည်။
ချက်ချင်းဆိုသလို မီးတောက်ဂိုဏ်းတစ်ခုလုံး ပရမ်းပတာ ဖြစ်ကုန်လေတော့သည်။
“စီနီယာလော့လီ၊ ကျုပ်အရင် သွားနှင့်တော့မယ်နော်” ရန်ကိုင်၏ အကြည့်သည် မီးတောက်တောင်တန်း၏ နောက်ဘက်တွင် ရှိနေသော တောင်တစ်လုံးဆီသို့ ရောက်သွားခဲ့သည်။
လော့လီသည် ရန်ကိုင် ဘာလုပ်ချင်နေမှန်း သိသဖြင့် တားဆီးမနေခဲ့ဘဲ သတိပေးစကားသာ ပြောလိုက်သည် “သတိထားဦး”
ရန်ကိုင်လည်း ခေါင်းညိတ်ပြလိုက်၏။
“ဂျူနီယာမောင်လေး၊ ငါပါလိုက်ရမလား” စုယန်က မေးလိုက်၏။
“မလိုဘူး။ စီနီယာလော့လီနဲ့ပဲ နေခဲ့နှင့်လိုက်” ပြောပြီးနောက်တွင် ရန်ကိုင်၏ပုံရိပ်သည် သင်္ဘောပေါ်မှ ရုတ်တရက် ပျောက်ကွယ်သွားပြီး မီတာတစ်ထောင် အကွာတွင် ပြန်ပေါ်လာခဲ့လေသည်။
လော့လီ၏ မျက်ဝန်းအစုံ မှေးစဉ်းသွားခဲ့၏။
ယခုမှပဲ လော့ဟိုင်လက်မှ ရန်ကိုင် မည်ကဲ့သို့ လွတ်မြောက်လာမှန်း သူမ နားလည်သွားတော့သည်။ ရန်ကိုင်သည် သူမဘေးနားတွင် ရှိသော်ငြား သူမည်ကဲ့သို့ လှုပ်ရှားသွားလိုက်သလဲ ဆိုသည်ကို သူမ လုံးဝ မမြင်နိုင်ခဲ့ချေ။
ထိုစွမ်းအားသည် လေဟာနယ်စွမ်းအားများလေလော။
လော့လီ စိတ်ဝင်စားသွားပြီး ရန်ကိုင်၏ လှုပ်ရှားမှုများကို ခဏမျှ သေချာ စောင့်ကြည့်လေ့လာနေလိုက်၏။ သို့သော်ငြား သူမ မည်သို့ပင် ကြိုးစားလေ့လာစေကာမူ ရန်ကိုင် မည်ကဲ့သို့ လှုပ်ရှားသွားလဲ ဆိုသည်ကို လုံးဝ မမြင်နိုင်ခဲ့ချေ။ ရန်ကိုင် တစ်ကိုယ်လုံး ရုတ်တရက် ဝေဝါးသွားပြီး နောက်တစ်နေရာ၌ ပြန်ပေါ်လာသည်ကိုသာ မြင်နေခဲ့ရသည်။
ကြည့်နေလည်း ဘာမှထူးမည် မဟုတ်သဖြင့် ကြည့်မနေတော့ဘဲ မီးတောက်ဂိုဏ်းဆီသို့သာ ပြန်အာရုံစိုက်လိုက်လေတော့သည်။
မီးတောက်တောင်တန်း၏ အတွင်းပိုင်းထဲတွင်၊ ချစ်ချစ်တောက် ပူပြင်းလှသည့် မီတာတစ်ထောင် အမြင့်ရှိသော တောင်တစ်တောင် ရှိနေခဲ့သည်။ တောင်အောက်ခြေမှနေ၍ မော့ကြည့်လိုက်မည် ဆိုပါက နီရဲတွတ်နေသည့် တောင်ထွတ်တစ်ခုကို လှမ်း၍ မြင်ရပေလိမ့်မည်။
ဤမီးတောင်ဆီမှ ဖြာထွက်နေသည့် စွမ်းအင်များထဲတွင် မီးဓါတ် စွမ်းအင်များသာမက မိုးကြိုးဓါတ်စွမ်းအင်များလည်း ကိန်းအောင်း ပါဝင်နေခဲ့လေသည်။ မီးတောင်ထဲတွင်ကား ဖိနှိပ်ထားခံရသည့် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်မျိုး ရှိနေခဲ့သည်။
“ဒါဖြစ်ရမယ်” တောင်ခြေသို့ ရောက်လာပြီးနောက်တွင် ရန်ကိုင်သည် အပေါ်သို့ မော့ကြည့်ရင်း ရေရွတ်လိုက်သည်။
ယခုတစ်ကြိမ်တွင် ရန်ကိုင်သည် တိုက်ပွဲတွင် ဝင်ပါမည် မဟုတ်ဘဲ မိုးကြိုးမီးတောက်နှင့်သာ တိုက်ခိုက်ပေမည်။
ဤမီးတောက်သည် လော့လီပင် ကြောက်ရွံ့ရသည့် မီးတောက်တစ်မျိုး ဖြစ်၏။ ကောလဟာလများအရ ဤမိုးကြိုးမီးတောက်သည် အသိဥာဏ်ရှိနေသော အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းသည့် မီးတောက်တစ်မျိုး ဖြစ်သည်။
ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ တောင်ထွတ်တစ်ခုလုံးကို အားကောင်းသော အစီအရင် တစ်ခုဖြင့် လွှမ်းခြုံထားကြောင့် တွေ့ရှိလိုက်ရသည်။
ရန်ကိုင်၏ အကြည့်သည် ကောင်းကင်ထက်ရှိ တစ်နေရာဆီသို့ ရောက်ရှိသွားလေပြီး ညစ်ကျယ်ကျယ်ပြုံးလျက် “ရောင်းရင်းတို့ နှစ်ယောက်၊ ထွက်လာမယ်ဆိုရင်လည်း ထွက်လာပါတော့လား။ ဘာလို့ လုံအောင် မပုန်းနိုင်ဘဲ ပုန်းချင်နေသေးတာလဲ”
ရန်ကိုင်၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် အေးစက်စက် နှာခေါင်းရှုံ့သံနှင့်အတူ လေထဲ ပုံရိပ်နှစ်ခု ထူးဆန်းစွာ ထွက်ပေါ်လာခဲ့သည်။
ပေါ်လာသည့် နှစ်ဦးသည် မုတ်ဆိတ်ဖြူကြီးများဖြင့် ဆံပင်ဖြူဖြူ အဖိုးကြီးနှစ်ဦး ဖြစ်သည်။ သို့သော် သူတို့၏ ကျင့်ကြံခြင်းမှာ တန်ခိုးရှင် တတိယအဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိနေပြီး အားကောင်းလှသည့် မီးဓါတ်စွမ်းအင်တို့မှာလည်း သူတို့ ခန္ဓာကိုယ်မှ ဖြာထွက်နေခဲ့ကြလေသည်။ ဘယ်ဘက် တစ်ယောက်သည် ပိန်ပိန်ပါးပါး ဖြစ်ပြီး ညာဘက် တစ်ယောက်တွင် နီညိုရောင်အသားအရေ ရှိ၏။
“ကောင်လေး၊ မင်းဘယ်သူလဲ” ပိန်ပိန်ပါးပါးနှင့် အကြီးအကဲက ရန်ကိုင်ကို စိုက်ကြည့်ရင်း အေးစက်စက် လေသံဖြင့် မေးလိုက်၏။
“စိတ်ပူမနေကြစမ်းပါနဲ့ဗျာ။ ကျုပ်က ဒီအာကာယံ မိုးကြိုးမီးတောက်ကို ယူဖို့ ရောက်လာရုံသက်သက်ပဲ။ အဆင်ပြေမယ်ဆိုရင် လူကြီးမင်းတို့နှစ်ယောက် ဒီက အစီအရင်ကို ဖွင့်ပေးလို့ရမလား မသိဘူး” ရန်ကိုင်က ပြုံးလျက် မေးလိုက်၏။
“ရဲတင်းလိုက်တဲ့ ဂျူနီယာ” ပိန်ပိန်ပါးပါးနှင့် အကြီးအကဲ ဒေါသပုန် ထသွားခဲ့လေသည် “ငါတို့ မီးတောက်ဂိုဏ်းရဲ့ ထွတ်မြတ်ရတနာကို တပ်မက်ရဲတယ်လား။ မင်းအသက်ငယ်ပြီး ကျင့်ကြံခြင်းမြင့်နေလို့ ငါမင်းကို ဒီတစ်ကြိမ် ခွင့်လွှတ်ပေးလိုက်မယ်။ အေးအေးဆေးဆေး ပြန်ထွက်သွားလိုက်တော့”
လူအိုကြီးသည် ရန်ကိုင်သည် ပါရမီရှင်တစ်ဦး ဖြစ်မည်မှန်း သိလိုက်သည့်အတွက် တားမြစ်နယ်မြေကို ကျူးကျော်လာသည့်တိုင် ရန်ကိုင်အား ချက်ချင်း မသတ်ဖြတ်ခဲ့ချေ။
“အဖိုးက တကယ် ကြင်နာတာပဲနော်” ရန်ကိုင်က မျက်ခုံးပင့်လိုက်ပြီး ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။ ထို့နောက် ခြေတစ်လှမ်းလှမ်းလျက် “ကျုပ်ကို ခွင့်လွှတ်ပေးလိုက်မယ် ဆိုတာ ဘာကို ပြောတာလဲ”
ဘုန်း…
ရန်ကိုင်၏ ခြေထောက် မြေပြင်ပေါ်သို့ ကျသွားသည်နှင့် တစ်ပြိုင်နက် မြေပြင် ရုတ်တရက် အက်ကွဲသွားပြီး အက်ကွဲကြောင်း တစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ထိုအက်ကွဲကြောင်းထဲမှ ဖုံးကွယ်နေသော မီးတောက်စွမ်းအင်များ အမျှင်တန်းနှစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုမီးတောက်စွမ်းအင် အမျှင်တန်းနှစ်ခုသည် သားကောင်အား ချောင်းမြောင်းနေသည့် အဆိပ်ပြင်းသည့် မြွေနှစ်ကောင်နှယ် ရန်ကိုင်အား တိုက်ခိုက်ရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
“မင်းက အမြင်စူးရှသားပဲ ကောင်လေး၊ မင်းတွေ့သွားပြီ ဆိုမှတော့ ဘာမှပြောနေစရာ မလိုတော့ဘူးပေါ့။ မီးတောက်ဂိုဏ်းရဲ့ တားမြစ်နယ်မြေကို ဖြတ်ကျော်လာတဲ့အတွက် မင်းသေရမယ်” ရန်ကိုင် သူ့လှည့်ကွက်အား ဖောက်မြင်သွားသည်ကို မြင်သော် ပိန်ပိန်ပါးပါးနှင့် လူအိုကြီးသည် ဆက်ပြီး သူတော်ကောင်းယောင် ဆောင်မနေတော့ချေ။ ချက်ချင်းပဲ သူတော်စင်ချီကို အသက်သွင်းလိုက်ရာ အောက်ဘက်ရှိ မီးတောက်အမျှင်တန်း နှစ်ခုသည် မီးတောက်မြွေကြီးများအသွင်သို့ ပြောင်းလဲသွားပြီး ရန်ကိုင်ဆီသို့ ခုန်အုပ်လေတော့သည်။
“လှည့်ကွက်လေးတွေနဲ့များ လာကစားချင်သေးတယ်” ရန်ကိုင်က ရယ်မောလိုက်ပြီး နဂါးစိမ်းဓါးကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် ဓါးအား လက်တစ်ဖြင့် ဆုတ်ကိုင်၍ ဝှေ့ရမ်းချလိုက်လေ၏။ အစိမ်းရောင် ဓါးလှိုင်းတစ်လှိုင်း ထွက်ပေါ်လာပြီး တိုးဝင်လာနေသည့် မီးတောက်မြွေနှစ်ကောင်စလုံးကို နှစ်ပိုင်း ဖြတ်ချသွားခဲ့လေသည်။
အားကောင်းလိုက်တာ လူအိုကြီးနှစ်ဦးစလုံး တစ်ပြိုင်တည်း တွေးလိုက်ကြသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၆၄)
ရန်ကိုင်လက်ထဲမှ နဂါးဓါးသည် တောင်တစ်လုံးနှင့် တူသော ဖိအားတစ်မျိုးကို ထုတ်လွှတ်နေသဖြင့် လူအိုကြီး နှစ်ဦး၏ အမူအရာ ပြောင်းလဲသွားခဲ့ရလေသည်။
မိုးချိန်းသံတမျှ ကျယ်လောင်သည့် နဂါးဟိန်းသံတစ်သံ သူတို့နားထဲ ပဲ့တင်ထပ်သွားခဲ့၏။
“သူတို့ကို ရှင်းပြီးရင် လိုက်လာခဲ့။ ငါအရင် သွားနှင့်မယ်” ပြောပြီးသည်နှင့် ရန်ကိုင်သည် သူ့လက်ကို ဝှေ့ရမ်း၍ မီးငှက်နှင့် ကျောက်တုံးရုပ်သေးရုပ်တို့ကို စေလွှတ်လိုက်လေသည်။
ထိုသို့ပြောပြီးနောက်တွင် ရန်ကိုင်သည် လူအိုကြီး နှစ်ဦးအား တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ရှေ့သို့ တစ်လှမ်းလှမ်းလိုက်၏။
ရန်ကိုင်၏ ပုံရိပ် ရုတ်တရက် ပျောက်ကွယ်သွားပြီး တောင်ပေါ်သို့ သွားရာ လမ်းတစ်ဝက်တွင် ထူးထူးဆန်းဆန်း ပြန်ပေါ်လာခဲ့သည်။
“ရဲတင်းလိုက်တာ” ရန်ကိုင်၏ အထင်သေးသည့် လုပ်ရပ်သည် ခပ်ပိန်ပိန်နှင့် အကြီးအကဲအား အလွန် ဒေါသထွက်သွားစေခဲ့သည်။ အကြီးအကဲသည်လည်း ရန်ကိုင်နောက်သို့ ပြေးလိုက်ရန်အတွက် ပြင်လိုက်လေသည်။
သို့သော်လည်း ထိုစဉ် အနက်ရောင်တုတ်တစ်ချောင်းသည် တဝှီဝှီ မြည်သံပေးလျက် ကြောက်မက်ဖွယ်ရာ ဖိအားကို သယ်ဆောင်ရင်း သူ့ဆီသို့ တိုးဝင်လာခဲ့လေသည်။
အကြီးအကဲ၏ အမူအရာ ပြောင်းလဲသွားပြီး မီးတောက်များကို ထုတ်လွှတ်ရင်း လက်နှစ်ဖက်ကိုမြှောက်ကာ သူ့ကိုယ်သူ အလျင်စလို ကာကွယ်လိုက်သည်။
သို့သော်လည်း သူ့မီးတောက်အကာအကွယ်သည် ထိုတုတ်အား မည်သို့မှ မတားဆီးနိုင်ခဲ့ပေ။
မီးတောက်များ ပျက်စီးသွားပြီး အကြီးအကဲ၏ ခန္ဓာကိုယ်သည် ပုစွန်တစ်ကောင်နှယ် ကွေးတက်သွားကာ မီတာပေါင်းများစွာ အကွာသို့ လွင့်စင်ထွက်သွားခဲ့လေသည်။ မတ်တပ်ပြန်ရပ်လာချိန် အကြီးအကဲ၏ မျက်နှာ ဖြူလျော်နေပြီး သွေးစီးကြောင်း တစ်ခုသည်လည်း သူ့ပါးစပ်ထောင့်မှ စီးကျနေခဲ့သည်။
တစ်ချက်တည်းနှင့် အကြီးအကဲ ဒဏ်ရာရသွားခဲ့ရလေပြီ။
သူကို ဘာကများ တိုက်ခိုက်လိုက်သလဲဟု မော့ကြည့်လိုက်သည့် အခိုက် အနက်ရောင်တုတ်တစ်ချောင်းကို ပုခုံးပေါ်တွင် တင်လျက် သူ့အား သားကောင် တစ်ကောင်နှယ် စိုက်ကြည့်နေသော တစ်မီတာပင် အမြင့် မရှိသည့် ကျောက်တုံးလူသားလေး တစ်ကောင်ကို တွေ့လိုက်ရလေသည်။
အခြားတစ်ဖက်တွင်၊ အသားနီညိုရောင်နှင့် အကြီးအကဲသည်လည်း ငြိမ်ငြိမ်မနေရဘဲ မီးငှက်နှင့် ရင်ဆိုင်တိုက်ခိုက်နေခဲ့ရသည်။
“ဘာကြီးလဲဟ” ပိန်ပိန်နှင့် အကြီးအကဲ မှင်သက်နေခဲ့လေပြီ။
သူ့အပေါင်းအပါနှင့် တိုက်ခိုက်နေသော မီးငှက်သည် မှော်ရတနာ စိတ်ဝိဥာဉ် တစ်မျိုးမျိုး ဖြစ်လိမ့်မည်ဟု သူပြောနိုင်သော်ငြား သူ့ရှေ့ရှိ ကျောက်တုံးလူသားနှင့် ပက်သက်၍မူ မည်သည့် အကြောင်းအရာမှ သူ့ခေါင်းထဲ ပေါ်မလာခဲ့ချေ။
ထိုကောင်လေးဆီမှ မည်သည့် စွမ်းအင်လှိုင်းမှ ဖြာထွက်နေခြင်း မရှိသော်ငြား ၎င်း၏ ရိုက်ချက်တစ်ချက်ကို ခံစားဖူးသူတစ်ဦး ဖြစ်သည့်အလျောက် ထိုကျောက်တုံးလူသားလေးကို လုံးဝ အထင်သေး၍ မရမှန်း အကြီးအကဲ သိနေခဲ့သည်။
“အူးးးးးးး…” ကျောက်တုံးလူသားသည် ရုတ်တရက် ကောင်းကင်ပေါ်သို့ မော့၍ ဟိန်းဟောက်လိုက်ရင်း ရင်ဘတ်အား တိုက်ပွဲစည်ကြီးတစ်လုံးအား တီးသည့်နှယ် တဒုံးဒုံး ထုရိုက်လိုက်၏။
တစ်ချိန်တည်းတွင် တစ်မီတာပင် မပြည့်တတ်သော ကျောက်တုံးလူသားသည် မီတာပေါင်းများစွာ မြင့်မားသော ကျောက်ဘီးလူးကြီး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ထို့အပြင် ချစ်ချစ်တောက် ပူပြင်းလှသော ချော်ရည် အကာအကွယ် တစ်ခုသည်လည်း ကျောက်တုံးလူသား၏ ခန္ဓာကိုယ်ထက်တွင် ဖြစ်တည်လာခဲ့သည်။ ထိုအပူဓါတ်ကို ခံစားမိလိုက်သည့်အခိုက် လူအိုကြီး ရင်တဒုန်းဒုန်း ခုန်သွားခဲ့သည်။
ထို့နောက်တွင် ချော်ရည်ဘီလူကြီး၏ ခြေထောက်နှစ်ချောင်း ကွေးညွတ်သွားပြီး လေးကိုင်းမှ ပစ်လွှတ်လိုက်သည် မြှားတစ်ချောင်းနှယ် အကြီးအကဲဆီသို့ ခုန်ဝင်သွားလေသည်။ မြေပြင်တစ်ခုလုံး အက်ကြောင်းထသွားပြီး ကျင်းပေါက်ကြီး တစ်ခု ချော်ရည်ဘီလူး ရပ်နေသည့် နေရာတွင် ကျန်ရစ်ခဲ့လေသည်။
အနက်ရောင်တုတ်ကို ဝှေ့ရမ်းလျက် သူ့ဆီ ပြေးဝင်လာနေသော ချော်ရည်ဘီလူးကြီးကို မြင်သော် အကြီးအကဲသည် အလျင်အမြန် ရှောင်တိမ်းရန် ကြိုးစားလိုက်လေသည်။ သို့သော် အနက်ရောင် တုတ်မှာ ပို၍ မြန်နေသည့်အတွက် အကြီးအကဲလည်း လွတ်လွတ်ကျွတ်ကျွတ် မရှောင်လိုက်နိုင်ခဲ့ချေ။
တုတ်ရိုက်ချက် သူ့အား ပွတ်ထိသွားသည့် အခိုက်တွင် တစ်ကိုယ်လုံး ထုံတက်သွားပြီး သူတော်စင်ချီလည်း ပရမ်းပတာ ဖြစ်သွားသလို ခံစားလိုက်ရ၏။ ယခုမှပဲ သူနှင့် ထိုချော်ရည်ဘီလူးကြား မည်မျှ ကွာခြားချက်ကြီးမားကြောင်း ပိန်ပိန်နှင့် အကြီးအကဲ နားလည်သွားတော့သည်။
သို့သော်လည်း အသက်ပင် ကောင်းကောင်း မရှူနိုင်သေးခင်မှာပဲ နောက်ထပ် တုတ်ရိုက်ချက်တစ်ချက် ထပ်ဝင်လာပြန်လေသည်။
ယခုတစ်ကြိမ်တွင်မူ မရှောင်နိုင်တော့သည့်အတွက် သူတော်စင်ချီကို အရူးအမူး လှည့်ပတ်ရင်း ဒိုင်းကာတစ်ခုကို ထုတ်၍ သူ့ကိုယ်သူ ကာကွယ်လိုက်ရ၏။
ဘုန်း…
သို့ရာတွင် သူ့အားကိုးရာဖြစ်သော ဒိုင်းသည် အနက်ရောင် တုတ်ရိုက်ချက် တစ်ချက်ကိုပင် မခုခံနိုင်ခဲ့ဘဲ တစ်စစီ ဖြစ်သွားခဲ့ရလေသည်။
တုတ်ရိုက်ချက်သည် ထိုမျှနှင့်ပင် အားလျော့မသွားသေးဘဲ အကြီးအကဲဆီသို့ ဆက်လက် တိုးဝင်သွားခဲ့၏။ ရိုက်ချက် သူ့ရင်ဘတ်အား လာမှန်သည့်အခိုက်တွင် သူ့တစ်ကိုယ်လုံး အထက်အောက် ပြောင်းလှန်းလှန်လိုက်သည့်နှယ် ဗြောင်းဆန်သွားသလို ခံစားလိုက်ရသည်။
နံရိုးများ တစ်ချောင်ပြီးတစ်ချောင်း ကျိုးကြေကုန်ပြီး ရင်ဘတ်နှင့် ဝမ်းဗိုက်တစ်ခုလုံးမှာလည်း စုတ်ပြတ်သတ်ကုန်လေသည်။
သို့သော် တန်ခိုးရှင်တတိယအဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့် အတွက် အကြီးအကဲသည် ထိုမျှနှင့် မသေနိုင်သေးပေ။ အချိန်မှီ ဆေးလုံးများကိုသာ မှီဝဲသုံးစွဲနိုင်လျှင် ထိုဒဏ်ရာများသည် အလျင်အမြန် ပြန်ကောင်းလာပေလိမ့်မည်။
သို့သော် ရှောင်ရှောင်က သူ့အား မည်သို့ လွှတ်ပေးမည်နည်း။
သူ့ဆီသို့ နောက်တစ်ကြိမ် တိုးဝင်လာနေသော အနက်ရောင် တုတ်ကို ကြည့်ရင်း အကြီးအကဲခေါင်းထဲ အတွေးတစ်ခုသာ ရှိတော့လေ၏။
ဒါဘာကြီးလဲ …
ပိန်ပိန်နှင့် အကြီးအကဲ နောက်ဆုံး မြင်လိုက်ရသည်ကား သူ့အပေါင်းအပါကို မီးငှက်မှ အရှင်လတ်လတ် ဝါးမြိုနေသည်ကိုပင်။ ထို့နောက် သူ့မြင်ကွင်း တစ်ခုလုံး မှောင်အတိ ကျသွားခဲ့လေ၏။ တစ်စစီ ဖြစ်သွားသော ပိန်ပိန်နှင့် အကြီးအကဲဆီမှ မီးဘောလုံးတစ်လုံး ပျံထွက်လာခဲ့လေသည်။
မီးငှက်သည် ထိုမီးဘောလုံးဆီသို့ အမြန် ပြေးသွားပြီး အလျင်စလို မျိုချလိုက်ပြီးနောက် ကျေကျေနပ်နပ် အော်ဟစ် မြည်တမ်းလိုက်လေ၏။
ရန်ကိုင်သည် လေထဲတွင်ဝဲလျက် ချော်ရည်များဖြင့် ပြည့်နေသော မီးတောင်ပေါက်ဝထဲသို့ ငုံ့ကြည့်နေခဲ့သည်။
မီးတောင်ဆီမှ ဖြာထွက်နေသော အပူချိန်သည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများစွာအတွက်ပင် အလွန်ကိုမှ ပြင်းထန်လေသည်။ တန်ခိုးရှင်ဘုရင်အဆင့်အောက် ကျင့်ကြံသူများသာ ဤနေရာ၌ လာရပ်နေပါက တစ်ခါတည်း မီးလောင်ကျွမ်းပြီး အသက်ပျောက်သွားရပေလိမ့်မည်။
မီးငှက်သည် ကျောက်တုံးရုပ်သေးရုပ်ကို ၎င်းကိုယ်ပေါ်တွင် တင်ခေါ်လျက် ရန်ကိုင်ဘေးသို့ ပျံသန်း ရောက်ရှိလာခဲ့သည်။
“မင်းတို့နှစ်ကောင်က မြန်လှချည်လား” ရန်ကိုင်က ပြုံးဖြီးဖြီးလုပ်လိုက်သည်။
ကျောက်တုံးရုပ်သေးရုပ်သည် ရန်ကိုင် ဘာကို ပြောချင်နေမှန်း မသိသည့်အလား ခေါင်းကိုသာ ကုတ်ပြလိုက်ပြီး မီးငှက်ကမူ ဂုဏ်ယူစွာဖြင့် အော်ဟစ် မြည်ကြွေးလိုက်လေသည်။
“ရှောင်ရှောင်၊ ပြန်လာခဲ့တော့” ရန်ကိုင်သည် ကျောက်တုံးရုပ်သေးရုပ်ကို ကမ္ဘာငယ်လေးထဲသို့ ပြန်ခေါ်လိုက်ပြီး မီးငှက်ကိုသာ ချန်ထားရစ်ခဲ့တော့သည်။
မီးငှက်သည် စိတ်လှုပ်ရှားစွာ အော်ဟစ်မြည်တမ်းရင်း ရန်ကိုင်ဘေးတွင် လှည့်ပတ် ပျံသန်းနေခဲ့လေသည်။
၎င်း၏ အော်ဟစ်မြည်ကြွေးသံနှင့်အတူ မီးတောင်အတွင်းမှ တဒုန်းဒုန်း မြည်သံများ ထွက်ပေါ်လာခဲ့သည်။
“မင်းလည်း ခံစားမိတယ်မလား” ရန်ကိုင် မျက်လုံးမှေးစဉ်း၍ ညစ်ကျယ်ကျယ်ပြုံးရင်း အောက်သို့ ငုံ့ကြည့်လိုက်သည်။ မီးငှက်က အော်ဟစ်မြည်တမ်း၍ အတည်ပြုလိုက်လေသည်။
“မင်းအဲ့ဒါကို နိုင်လား” ရန်ကိုင်က ထပ်မေးလိုက်သည်။
မီးငှက်သည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပိုမို ကျယ်လောင်စွာ အော်ဟစ်မြည်ကြွေးလိုက်လေသည်။
“ကောင်းပြီလေ။ ဒါဆိုရင် မင်းပြန်လာမှာကို ငါစောင့်နေမယ်။ ဒါပေမယ့် မင်းသေချာစဉ်းစားနော်။ အခုတစ်ကြိမ်က မင်းအတွက် ပြန်လမ်းမရှိဘူး။ မင်းမနိုင်ရင် တစ်ခါတည်း သေသွားမှာ”
မီးငှက်သည် ကျယ်လောင်စွာ မြည်ကြွေးလိုက်ပြန်သည်။
“ကောင်းပြီ။ ငါနားလည်ပြီ… ကံကောင်းပါစေကွာ” ရန်ကိုင်သည် ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပဲ ပန်းပဲမီးဖိုကြီးကို ထုတ်ယူလိုက်၏။
ဤပန်းပဲမီးဖိုသည် မီးငှက်၏ အစစ်အမှန် ခန္ဓာကိုယ် ဖြစ်သည်။
ပန်းပဲမီးဖိုသာ ဖျက်စီးခံလိုက်ရလျှင် မီးငှက် လုံးဝ သေသွားရပေလိမ့်မည်။
မီးငှက်ကို စရရှိခဲ့သည့် အချိန်ကတည်းက ရန်ကိုင်သည် ဤပန်းပဲမီးဖိုကို တစ်ခါမှ ထုတ်မသုံးခဲ့ချေ။ မီးငှက်၏ လုံခြုံရေးကြောင့် ဖြစ်သလို သုံးစရာ မလိုသည့် အတွက်ကြောင့်လည်း ဖြစ်ပေသည်။
သို့သော်လည်း ယနေ့တွင် ဤပန်းပဲမီးဖိုကို သူထုတ်သုံးခဲ့ရလေပြီ။
အစစ်အမှန်ခန္ဓာကိုယ်နှင့် အတူ တိုက်ခိုက်ခြင်းဖြင့် မီးငှက်၏ ခွန်အားသည် ယခင်ထက် ပိုမို မြင့်မားလာပေလိမ့်မည်။ မီးငှက်သည် ပန်းပဲမီးဖိုကို တစ်ခါတည်း မျိုချပစ်လိုက်သည်။
ရန်ကိုင်သည်လည်း အလေးအနက် အမူအရာဖြင့် သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးကို အသက်သွင်းလိုက်လေသည်။ ရန်ကိုင်၏ မျက်လုံး ရွှေရောင်တလက်လက် တောက်ပလာခဲ့ပြီး ယခင်က သူမမြင်နိုင်ခဲ့သည့် အရာများကို စတင် မြင်ရလာတော့သည်။
သန့်စင်သော စွမ်းအင်စီးကြောင်းများသည် ချိန်းကြိုးများနှယ် တောင်တစ်တောင်လုံးကို အရပ် ရှစ်မျက်နှာမှ ရစ်ပတ်ထား၏။ ဤအစီအရင်သည် မီးတောင်ကိုသာ ချိတ်ပိတ်ထားရုံ မကဘဲ အထဲတွင် ရှိနေသော သက်ရှိကြီးကိုလည်း ချုပ်နှောင်ထားသေး၏။
တစ်ခဏမျှ လေ့လာကြည့်လိုက်ပြီးနောက်တွင် ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့ပြီး နဂါးစိမ်းဓါးကို ထုတ်၍ ထိုဓါးထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်လေသည်။
မိုးချိန်းသံတမျှ ကျယ်လောင်သည့် နဂါဟိန်းသံတစ်သံ ကောင်းကင်တစ်ခွင် မြည်ဟည်းသွားခဲ့လေသည်။
“သွားပေတော့” ရန်ကိုင်သည် နဂါစိမ်းဓါးအား ပစ်လွှတ်လိုက်၏။ နဂါးစိမ်းဓါးသည် အစိမ်းရောင်နဂါးအသွင်သို့ ပြောင်းလျက် အစီအရင်၏ တစ်နေရာဆီသို့ တိုးဝင်သွားလေသည်။
တောင်တစ်ခုလုံးအား လွှမ်းခြုံထားသည့် ချိန်းကြိုးရှစ်ချောင်း အနည်းငယ် တုန်ခါသွားပြီး အစီအရင်ထက်တွင် အပေါက်လေး တစ်ပေါက် ဖြစ်ပေါ်လာခဲ့သည်။
ချစ်ချစ်တောက် ပူပြင်းလှသည့် အရှိန်အဝါတစ်ခုသည် ထိုအပေါက်လေးဆီမှ အပြင်သို့ ဝုန်းခနဲ ပေါက်ကွဲထွက်လာခဲ့၏။
“ဝင်သွားပေတော့” ရန်ကိုင်က အော်ပြောလိုက်သည်။
မီးငှက်သည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် ထိုအပေါက်ထဲသို့ ဝင်သွားလေသည်။ ရန်ကိုင်သည်လည်း နောက်မှ လိုက်ဝင်သွားခဲ့သည်။
ချိန်းကြိုးရှစ်ချောင်း တုန်ခါသွားခဲ့ပြီး အပေါက်လေးသည် သူ့အလိုလို ပြန်ပိတ်သွားခဲ့လေသည်။
အစီအရင်အတွင်းသို့ ရောက်လာသည်နှင့် ရန်ကိုင်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး သူတော်စင်ချီကို အလျင်အမြန် လှည့်ပတ်လိုက်လေသည်။ ဤနေရာရှိ အပူချိန်သည် သူ့ခန္ဓာကိုယ် သက်သက်ဖြင့် ခုခံနိုင်ရန်အတွက် အလွန်ကိုမှ ပူလွန်းလှသည်။
မီးငှက်ကမူ မီးတောင်အောက်ခြေကိုသာ ကြည့်နေခဲ့သည်။
အတွင်းပိုင်းတစ်ခုလုံး ချော်ရည်များနှင့် ပြည့်နေခဲ့သည်။ ချော်ရည်များသည် ပြင်းထန်သော အပူဓါတ်ကို ထုတ်လွှတ်နေရုံသာမက အပြာရောင် လျှပ်စီးများသည်လည်း ထိုချော်ရည်များထဲ တဖျက်ဖျက် လက်နေခဲ့လေသည်။
မီးငှက်သည် ရုတ်တရက် ထိုချော်ရည်ထဲသို့ ထိုးဆင်းသွား၏။ ခဏအကြာတွင် မိုးချိန်းသံတမျှ ကျယ်လောင်သော အသံနှင့်အတူ ကြောက်မက်ဖွယ်ရာကောင်းသည့် ဖိအားတစ်ရပ် ထွက်ပေါ်လာခဲ့လေသည်။
“ဘာမဟုတ်တဲ့ မှော်ရတနာစိတ်ဝိဥာဉ်လေးကများ ဒီဘုရင်ကို လာစိန်ခေါ်ရဲတယ်။ မိုက်မဲတဲ့ကောင်၊ ငါ့စွမ်းအားအောက်မှာ ပျက်စီးလိုက်စမ်း”
ရန်ကိုင်၏ ခန္ဓာကိုယ် တုန်တက်သွားပြီး မီးတောင် အောက်ခြေသို့ အံ့ဩတကြီး ငုံ့ကြည့်လိုက်သည်။
ကောလဟာလများအတိုင်း ဤအာကာယံ မိုးကြိုးမီးတောက်တွင် အသိဥာဏ်ရှိနေခဲ့ပေသည်။ ထို့အပြင် ဤမီးတောက်၏ အသိဥာဏ်သည် မီးငှက်ထက်ပင် ပိုမို မြင့်မားနေသေးသည်။ မီးငှက်၏ အခြေအနေ သိပ်မဟန်တော့ချေ။
ဤနေရာသို့ မရောက်လာခင် အာကာယံမိုးကြိုးမီးတောက် ဤမျှ အားကောင်းလိမ့်မည်မှန်း မသိခဲ့ချေ။ အများဆုံးမှ မီးငှက်နှင့် အဆင့်တူလောက်သာ ရှိလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော်ငြား ယခု မြင်ရသလောက် ထိုမီးတောက်သည် မီးငှက်ထက်ပင် ပို၍ အားကောင်းနေခဲ့လေသည်။
မီးတောင်အောက်ခြေအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် မီးတောင်ဂိုဏ်းအတွင်းတွင် ရှိနေသော မိုးမြေစွမ်းအင်များ မတည်မငြိမ် ဖြစ်လာကုန်ကြရလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၆၅)
လော့လီဦးဆောင်သည့် ကြယ်သင်္ဘောသည် သလင်းအမြှောက်များကို ပစ်လွှတ်ရင်း ရပ်တန့်မရသော အဟုန်ဖြင့် ရှေ့သို့ ဆက်လက် ဦးတည်နေကြသည်။
ကြယ်သင်္ဘော၏ အရှေ့ဘက်စူးစူး၊ မီတာတစ်ထောင်အောက်ခြေ အကွာတွင်ရှိသော မြေကွက်လပ်တစ်ခုတွင် ဝေချင် ဦးဆောင်သည့် မီးတောက်ဂိုဏ်း၏ အကြီးအကဲများ စုဝေးနေခဲ့ကြသည်။ အကုန်လုံးသည် အပေါ်သို့ စိုက်ကြည့်ရင်း မျက်စိပျက် မျက်နှာပျက် ဖြစ်နေကြလေသည်။
ရေခဲနှလုံးသားတောင်ကြားအဖွဲ့နှင့် မီးတောက်ဂိုဏ်းတို့ အဖွဲ့ကြားတွင် အနီရောင်အကာအရံတစ်ခု ခြားထားခဲ့သည်။
ဤအကာအရံသည် မီးတောက်ဂိုဏ်း၏ ဂိုဏ်းအကာအကွယ် အစီအရင် ဖြစ်ပေသည်။ ဤအစီအရင်သာ ပျက်စီးသွားခဲ့မည် ဆိုလျှင် မီးတောက်ဂိုဏ်းတစ်ဂိုဏ်း ရေခဲနှလုံးသားတောင်ကြား သနားပေးမှ ချမ်းသာရာရမည့် ဘဝမျိုး ရောက်သွားပေလိမ့်မည်။
အကာအရံမှတစ်ဆင့် တစ်ယောက်ကိုတစ်ယောက် ခဏကြာအောင် စိုက်ကြည့်နေပြီးသည့်နောက်တွင် ဝေချင်းက အော်ပြောလိုက်လေသည် “စီနီယာလော့လီ၊ ရေခဲနှလုံးသား တောင်ကြားက မီးတောက်ဂိုဏ်းကို တကယ် တိုက်ခိုက်မယ် ဆိုတာ လုံးဝ သေချာသွားပြီလား”
“သေချာတယ်” လော့လီက မဆိုင်းမတွ ပြန်ဖြေလိုက်သည်။
ဝေချင်းက ရယ်မောလိုက်သည် “စီနီယာလော့လီ ကိုယ်တိုင်တောင် လှုပ်ရှားရတာဆိုတော့ ကျုပ်တို့ မီးတောက်ဂိုဏ်းအတွက် ကျုပ်တကယ်ကို ဂုဏ်ယူမိတယ်။ ဒါပေမယ့် ကျုပ်တို့ မီးတောက်ဂိုဏ်းကို မဟာအကြီးအကဲ မရှိတော့လို့ဆိုပြီး လုပ်ချင်တိုင်း လုပ်လို့ ရမယ် ထင်နေရင်တော့ စီနီယာ မှားသွားမှာပေါ့။ စီနီယာ ကျုပ်တို့အားလုံးကို သတ်ချင်တယ် ဆိုရင် စီနီယာလည်း တစ်ခုခု ပြန်ပေးဆပ်ဖို့ ပြင်ဆင်ထားရလိမ့်မယ်။ ဒါကြောင့် နှစ်ဖက်စလုံး နောင်တမရခင် စီနီယာကို ပြန်ဆုတ်ဖို့ ဂျူနီယာ အကြံပေးချင်တယ်”
“နင်ဒီဘုရင်မကို လာခြိမ်းခြောက်နေတာလား” လော့လီသည် ဓါးတစ်ချောင်းနှယ် စူးရှသော အကြည့်ဖြင့် စိုက်ကြည့်လိုက်ရာ အကာအရံ အတွင်းတွင် ရှိနေသော အကြီးအကဲများအားလုံး ကတုန်ကရီ ဖြစ်သွားကုန်ကြလေသည်။
ရင်ထဲ ထိတ်လန့်သွားမိသော်ငြား ဝေချင်းသည် ရဲဆေးတင်လျက် လက်သီးဆုပ်၍ ပြန်အော်ပြောလိုက်လေသည် “စီနီယာကို ဂျူနီယာ ဘယ်လိုလုပ်ပြီး ခြိမ်းခြောက်ရဲမှာလဲ။ ဒါပေမယ့် ဒီဝေချင်းက ဂိုဏ်းချုပ်တစ်ယောက်ဆိုတော့ ဂိုဏ်းသားတွေရဲ့ အသက်ကို ငဲ့တွက်ရဦးမယ်လေ။ စီနီယာလို တန်ခိုးရှင်ဘုရင် အဆင့်ကို ယှဉ်နိုင်တဲ့လူ တစ်ယောက်မှ မရှိဘူးဆိုတာ မှန်တယ်။ ဒါပေမယ့် စီနီယာမီးတောက်ဂိုဏ်းကို ဖျက်စီးချင်တယ် ဆိုရင်တော့ စီနီယာထင်သလောက် မလွယ်ဘူးဆိုတာ သိထားသင့်တယ်”
“နင်ဘာကိုအားကိုးနေလဲ ဒီဘုရင်မ မသိဘူး ထင်နေတာလား” လော့လီက ရုတ်တရက် ပြုံးလျက် “အမှန်အတိုင်း ပြောရရင် အဲ့ဒါက တကယ်ကို ရင်ဆိုင်ဖို့ခက်တာ။ ဖြစ်နိုင်ရင် ဒီဘုရင်မ ကိုယ်တိုင်တောင် အဲ့ဒါနဲ့ လုံးဝ ရင်မဆိုင်ချင်ဘူး”
“စီနီယာနားလည်ရင် အားလုံး ဆွေးနွေးလို့ရတယ်” ဝေချင်၏ မျက်နှာ အနည်းငယ် တောက်ပသွားခဲ့လေသည်။
သို့သော်ငြား လော့လီက ပြုံး၍ပင် ဆက်၍ ပြောလိုက်လေ၏ “ဒါပေမယ့် ဒီဘုရင်မ တာဝန်က နင်တို့ကို ရင်ဆိုင်ဖို့ပဲ။ အဲ့ဒါကို အခြား တစ်ယောက်က တာဝန်ယူလိမ့်မယ်။ ဒီဘုရင်မ အားနည်းတဲ့လူတွေကို အနိုင်မကျင့်ချင်ဘူး။ နင်တို့ရဲ့ ကျင့်ကြံခြင်းကို ဖျက်စီးပစ်လိုက်။ အဲ့ဒါဆို ဒီဘုရင်မ နင်တို့ကို အသက်ရှင်ဖို့ အခွင့်အရေးပေးမယ်”
ဝေချင်းမျက်နှာ ဒေါသကြောင့် ရှုံ့မဲ့သွားခဲ့ပြီး ပြန်ပြောတော့မည် အပြု သူ့အသိစိတ်ပင်လယ်တစ်ခုလုံး လှိုင်းထန်လာပြီး ကြောက်မက်ဖွယ်ရာ ဖိအားတစ်ရပ်သည် တစ်ခုသောဘက်ဆီမှ ဖြာထွက်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် အသံ တစ်သံလည်း ထွက်ပေါ်လာခဲ့သည်။
“ဘာမဟုတ်တဲ့ မှော်ရတနာစိတ်ဝိဥာဉ်ကများ ဒီဘုရင်မကို လာပြီး စိန်ခေါ်ရဲတယ်။ မိုက်မဲတဲ့ကောင်၊ ဒီဘုရင်ရဲ့ စွမ်းအားအောက်မှာ ပျက်စီးလိုက်စမ်း”
ထိုအသံ ဆုံးသွားသည်နှင့် မီးတောက်ဂိုဏ်း၏ အတွင်းပိုင်း၍ ရှိနေသော နေရာဆီမှ အားကောင်းသော စွမ်းအင်လှိုင်းတို့ တစ်လှိုင်းပြီးတစ်လှိုင်း ဖြာထွက်လာခဲ့လေသည်။
မီးတောက်ဂိုဏ်း၏ ထိပ်တန်းအကြီးအကဲအားလုံး ထိတ်လန့်သွားပြီး တိုက်ပွဲ ဖြစ်နေရာ အရပ်ဆီသို့ လှမ်း၍ ကြည့်လိုက်ကြလေသည်။
“ဘယ်သူ အာကာယံမိုးကြိုးမီးတောက်ကို သွားရန်စရဲတာလဲ” မီးတောက်ဂိုဏ်းမှ အကြီးအကဲတစ်ဦးက ထိတ်လန့်တကြား ဆိုလိုက်သည်။
“စတောင် စနေပြီလား” လော့လီ မျက်လုံးမှေဂစဉ်းသွား၏။
ရန်ကိုင် ဤမျှ မြန်လိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။ ထိုအရာနှင့် တိုက်ခိုက်ဖို့ရာ ရန်ကိုင် အတော်လေး အချိန်ယူရဦးလိမ့်မည်ဟု ထင်ထားခဲ့သော်ငြား သူမ မီးတောက်ဂိုဏ်း၏ ဠာနချုပ်ရှေ့သို့ ရောက်သည်နှင့် ရန်ကိုင်သည်လည်း ထိုအရာကြီးနှင့် တိုက်ပွဲ စလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“နင်တို့မှာ အသက်ဆယ်ရှိုက်စာ အချိန်ရမယ်နော်။ ဒီဘုရင်မ ပြောတဲ့အတိုင်းလုပ်ရင် နင်တို့အသက်ကို ချမ်းသာပေးမယ်။ အဲ့လိုမှ မဟုတ်လို့ ဒီဘုရင်မကိုယ်တိုင် အကာအရံကို ဖျက်စီးရမယ် ဆိုရင်တော့ နင်တို့ တစ်ယောက်မှ အသက်မရှင်ဘူးမှတ်” ပြောပြီးသည်နှင့် လော့လီသည် အကုန်လုံးအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။
ဂိုဏ်းနှစ်ဂိုဏ်းကြားရှိ ရန်ကြွေးမှာ အလွန်ကိုမှ ကြီးမားလွန်းသဖြင့် လော့လီအနေဖြင့် ထိုလူများကို မည်သို့မှ ဤအတိုင်း မလွှတ်ပေးလိုက်နိုင်ချေ။
အာကာယံမိုကြိုးမီးတောက်ဆီမှ ထွက်ပေါ်လာနေသော စွမ်းအင်လှိုင်းများကို ခံစားမိလိုက်သည့် အခိုက်တွင်ပဲ သူ့နောက်ဆုံး ဝှက်ဖဲအား အားကိုး၍ ရတော့မည် မဟုတ်မှန်း ဝေချင်း နားလည်လိုက်သည်။ သို့သော်လည်း သူ့ကျင့်ကြံခြင်းကိုလည်း မည်သို့မှ မဖျက်စီးပစ်နိုင်ချေ။
ဤကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်းသုံးရာလုံးလုံး ကြိုးစားခဲ့ရရုံမက အခက်အခဲပေါင်း မြောက်များစွာကိုလည်း ကျော်ဖြတ်ခဲ့ရသေးသည်။ သူ့နောက်ဆုံး ပစ်မှတ်ဖြစ်သော တန်ခိုရှင်ဘုရင်အဆင့် ဟူသည့် ပန်းတိုင်ကိုပင် မရောက်သေးချေ။ ဤမျှ ကျားကုတ်ကျားခဲ ကြိုးစားပြီးမှ ရရှိလာခဲ့သော သူ့ကျင့်ကြံခြင်းကို မည်ကဲ့သို့ ဤအတိုင်း ဖျက်စီးလိုက်နိုင်မည်နည်း။
အရှက်ကွဲခံပြီး သူ့ကျင့်ကြံခြင်းကို ဖျက်စီးမည့်အစား အသေခံပြီး တိုက်ခိုက်သည်ကပင် ပိုကောင်းပေဦးမည်။
“တိုက်ခိုက်ဖို့ပြင်ကြတော့” ဝေချင်းက အော်ပြောလိုက်၏။
မီးတောက်ဂိုဏ်း အကြီးအကဲအားလုံးလည်း တိုက်ခိုက်ရန် စိတ်ကူးထားကြသည်။ ဂိုဏ်းနှစ်ဂိုဏ်းကြားရှိ ကြီးမားသော ရန်ကြွေးကြောင့် သူတို့ဘက်က မည်သို့ တောင်းပန်နေပါစေ တစ်ဖက်ရန်သူသည် သူတို့အား လုံးဝ ခွင့်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဝေချင်းမှ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် အကြီးအကဲအားလုံး သူတို့၏ မှော်ရတနာ အသီးသီးကို ထုတ်ကာ ကြယ်သင်္ဘောများကို တိုက်ခိုက်လိုက်ကြလေသည်။
“သေလိုက်ပေတော့” လော့လီ၏ မျက်နှာ အေးစက်သွားပြီး သူမ ရှေ့တည့်တည့်ရှိ လေဟာနယ်ကို လက်ဖြင့် တောက်လိုက်၏။
သူမ လုပ်သွားသည်မှာ အလွန်ကိုမှ ရိုးရှင်းလှသည်။ ဟင်းလင်းပြင်ကို အသာလေး တောက်လိုက်ရုံပင်။ အခြား မည်သည့် သိုင်းပညာရပ်ကိုမှ ထုတ်မသုံးသွားခဲ့ချေ။ သို့သော် ထိုသို့ တောက်လိုက်သည်နှင့် တစ်ပြိုင်နက် သလင်းကျောက်နှယ် ကြည်လင်သော နှင်းပွင့်လေးတစ်ပွင့် ဖြစ်ပေါ်လာခဲ့လေသည်။
မျက်တောင်တစ်ခတ်အတွင်း ထိုနှင်းပွင့်လေးသည် ကောင်းကင် တစ်ခုလုံးကို လွှမ်းခြုံလုမတတ် ကြီးမားလာခဲ့လေသည်။
အကုန်လုံးအား အရိုခဲမတတ် အေးစက်လွန်းလှသော အအေးဓါတ် တစ်မျိုးလည်း ဖြာထွက်လာခဲ့လေ၏။
“အဆုံးမဲ့ရေခဲစည်းတံဆိပ်” ပင်းလုန်၊ ရန်ယွင်ထင်နှင့် အခြားသော အကြီးအကဲများအားလုံး ပြိုင်တူ အော်ဟစ်လိုက်ကြသည်။ အကုန်လုံး၏ ခန္ဓာကိုယ်မှ သူတော်စင်ချီစီးကြောင်းများ ထွက်ပေါ်လာကြပြီး ဟင်းလင်းပြင်ထဲသို့ စီးဝင်သွားကြလေသည်။
မကြာမီ နှင်းများ ကျလာခဲ့လေသည်။
သို့သော်ငြား ထိုနှင်းပွင့်လေးများနှင့် ထိလိုက်မိသည့်အခိုက်တွင် မီးတောက်အကာအရံ၏ မျက်နှာပြင်ထက် အပေါက်များ တစ်ပေါက်ပြီးတစ်ပေါက် ဖြစ်ပေါ်လာကြလေသည်။
အကြီးအကဲများ ရပ်နေကြသည့် မြေကွက်လပ်သည်လည်း စတင် အေးခဲလာခဲ့သည်။
အားနည်းသော တပည့်များမှာ ချက်ချင်းကို ရေခဲရုပ်ထုများ ဖြစ်ကုန်ကြသည်။
ထိုအခြင်းအရာကိုကြည့်ရင်း မီးတောက်ဂိုဏ်း ဤတစ်ကြိမ် လုံးဝ အဆုံးသတ်ပြီမှန်း ဝေချင်း နားလည်လိုက်လေသည်။
လော့လီကိုယ်တိုင် လှုပ်ရှားမှတော့ သူတို့ မည်ကဲ့သို့ ခုခံနိုင်ပါတော့မည်နည်း။ အစကမူ မိုးကြိုးမီးတောက်အပေါ် အားကိုးချင်ခဲ့သော်လည်း ထိုမိုးကြိုးမီးတောက်သည် အခြားလူ တစ်ဦးနှင့် အလုပ်ရှုပ်နေခဲ့လေသဖြင့် အားကိုး၍ မရတော့ပေ။
ထို့အပြင် လော့လီ၏ အရှိန်အဝါကို ကြည့်ရသလောက် သူမ ဒဏ်ရာရထားသည့်ပုံ နည်းနည်းလေးမှ မပေါ်ချေ။
မီးတောက်ဂိုဏ်း တကယ်ကြီး အဆုံးသတ်ရတော့မှာလား
……
ရန်ကိုင်သည် ချော်ရည်ထဲမှ ထိုးထွက်နေသော ကျောက်ဆောင် တစ်ခုပေါ်တွင် ဆင်းလိုက်သည်။ ထိုကျောက်ဆောင်သည်ပင် အလွန်ကိုမှ ပူပြင်းလှသဖြင့် သူ့အသား မလောင်သွားအောင် သူတော်စင်ချီဖြင့် အသည်းအသန် ကာကွယ်ထားရသည်။
မီးငှက်နှင့် အာကာယံမိုးကြိုးမီးတောက်တို့ တိုက်ခိုက်နေသည့် အတွက် ချော်ရည်များသည်လည်း မငြိမ်မသက် ဖြစ်နေခဲ့သည်။ လက်ရှိ တိုက်ပွဲအခြေအနေအရ နှစ်ဦးသား လက်ရည်တူနေဟန် ထင်ရသော်ငြား မီးငှက်၏ ပိုင်ရှင်ဖြစ်သည်အညီ မီးငှက် အောက်စည်းသို့ ရောက်နေမှန်း ရန်ကိုင် ပြောနိုင်သည်။
မီးငှက်နှင့် အာကာယံမိုးကြိုးမီးတောက်တို့ မွေးဖွားလာသည့် ပုံစံဟာလည်း မတူညီကြပေ။
မီးငှက်သည် မြေအဆုတ်မီးတောက်ကန်ထဲတွင် နှစ်ပေါင်းများစွာ တည်ရှိလာခဲ့ပြီးနောက်မှ မှော်ရတနာစိတ်ဝိဥာဉ်အဖြစ် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။
အာကာယံမိုကြိုးမီးတောက်မှာမူ ဤကမ္ဘာကြီး ဖြစ်ပေါ်လာသည့် အချိန်မှစ၍ ဖြစ်ပေါ်လာခဲ့သော မွေးရာပါ ဖြစ်တည်မှုတစ်ခု ဖြစ်သည်။
နောက်ခံအရကော၊ ခွန်အားအရတွင်ပါ မီးငှက်သည် အာကာယံမိုးကြိုးမီးတောက်အောက် နိမ့်ကျပေသည်။ ထို့ကြောင့် ပန်းပဲမီးဖို၏ အကူအညီရှိသည့်တိုင် မီးငှက်သည် တဖြည်းဖြည်း ဖိနှိပ်ခံနေခဲ့ရသည်။
မီးငှက် အကူအညီ လိုနေလေပြီ။
ရန်ကိုင်သည် တင်ပလင်ခွေ ထိုင်ချလိုက်ပြီး ရှောင်ရှောင်ကို သူ့အား ကာကွယ်ပေးရန် ပြောပြီးနောက် မျက်လုံးပိတ်ကာ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။
ရန်ကိုင်နှင့် ဆင်တူသော ပုံရိပ်ယောင် အရိပ်တစ်ခုသည် ရန်ကိုင်၏ နဖူးရှေ့တည့်တည့်တွင် ဖြစ်ပေါ်လာခဲ့လေသည်။
သို့သော် ထိုပုံရိပ်တွင် ရုပ်ခန္ဓာ မရှိချေ။ ယခု ပေါ်လာသည့် ပုံရိပ်ယောင်အရိပ်သည် ရန်ကိုင်၏ နာမ်ဝိဥာဉ် ဖြစ်ပေသည်။
ရန်ကိုင်၏ နာမ်ဝိဥာဉ်သည် ချက်ချင်း ချော်ရည်ကန်ထဲသို့ ထိုးဆင်သွားလေသည်။
ပုံမှန်အားဖြင့်ဆိုလျှင် မည်သူမဆို ဤကဲ့သို့သော ပတ်ဝန်းကျင်၌ သူတို့၏ နာမ်ဝိဥာဉ်ကို မထုတ်လွှတ်သင့်ချေ။ ချော်ရည်ဆီမှ ထွက်ပေါ်နေသော အပူချိန်သည် နာမ်ဝိဥာဉ်ကို အလွယ်တကူ ထိခိုက်အောင် လုပ်နိုင်ပေသည်။
သို့သော်လည်း ရန်ကိုင်အတွက်မူ ထိုကဲ့သို့ မဟုတ်တော့ချေ။ ရန်ကိုင်သည် တေဇောဓါတ် အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားသည့်အတွက် သူ့စိတ်စွမ်းအင်၊ ဝိဥာဉ်စွမ်းအင်သည် ဤချော်ရည်ကန်ဆီမှ ဖြာထွက်နေသော စွမ်းအင်နှင့် တူပေသည်။
ထို့ကြောင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများပင် ဝင်ရန် ကြောက်ရွံ့သော ချော်ရည်ကန်သည် ရန်ကိုင်၏ နာမ်ဝိဥာဉ်ကို ဘာမှ မလုပ်နိုင်ခြင်း ဖြစ်သည်။
ဘာမှ မကြိုးစားလိုက်ရဘဲနှင့် ရန်ကိုင်၏ နာမ်ဝိဥာဉ်သည် မီးတောင်အောက်ခြေသို့ အလွယ်တကူ ရောက်လာခဲ့သည်။ အောက်သို့ ဆင်းလာသည်နှင့် အပူချိန်မှာ ပိုပို၍ ပြင်းထန်လာခဲ့သည်။ အောက်ဆုံးသို့ ရောက်လာပြီးနောက်တွင် တိုက်ပွဲကွင်းပြင်တစ်ခုကို ရန်ကိုင် မြင်တွေ့လိုက်ရလေသည်။
မီးငှက်သည် ၎င်း၏ တောင်ပံများကို ဖြန့်ကျက်ရင်း အနီရောင်နှင့် ခရမ်းရောင်တို့ ရောစပ်နေသော အရိပ်တစ်ခုအား တိုက်ခိုက်နေခဲ့သည်။
ထိုအရိပ်သည် အကြမ်းဖျင်းအားဖြင့် လူပုံစံနှင့် တူသည်ဟု ပြော၍ရသည်။ သို့သော် ၎င်းတွင် ခြေလက်များမရှိဘဲ ခြေလက်များ နေရာတွင် လက်တံရှည်များ ရှိနေခဲ့သည်။
မျက်စိနှစ်လုံး ရှိရမည့်နေရာတွင်လည်း ဧရာမမျက်လုံးကြီး တစ်လုံးသား ရှိနေခဲ့လေသည်။
အာကာယံမိုကြိုးမီးတောက်ပင်…
အာကာယံမိုးကြိုးမီးတောက်၏ အစစ်အမှန် ခန္ဓာကိုယ်ကို မြင်ပြီးနောက် ရန်ကိုင် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ သို့သော်ငြား သူထင်ထားခဲ့သကဲ့သို့ပင် ထိုမီးတောက်၏ အဖျက်စွမ်းအားသည် အလွန်ကိုမှ ကြောက်မက်ဖွယ် ကောင်းလွန်းပေသည်။
၎င်း၏ လက်တံများသည် မိုးသီးမိုးပေါက်များနှယ် မီးငှက်ပေါ်သို့ တစ်ချက်ပြီးတစ်ချက် ကျဆင်းလာနေခဲ့သည်။ ၎င်း၏ ရိုက်ချက် တစ်ချက် ခံလိုက်ရတိုင်း မီးငှက် ခန္ဓာကိုယ်ပေါ်ရှိ အရောင်မှာ အနည်းငယ် ဖျော့ကျသွားလေသည်။ ထိုလက်တံများသည် မီးငှက်၏ ခန္ဓာကိုယ်နှင့် ထိတွေ့သွားတိုင်း မီးငှက်ဆီမှ စွမ်းအားများကို စုပ်ယူသွားသလိုပင်။
မီးငှက်သည်လည်း နည်းနည်းလေးမှ ကြောက်လန့်သွားခြင်း မရှိဘဲ အခွင့်အရေးရတိုင်း အာကာယံမိုးကြိုးမီးတောက်ဆီသို့ ပြေးဝင်သွားပြီး ကိုက်ခဲလျက် ၎င်း၏ မီးတောက် အဆီအနှစ်များကို ပြန်စုပ်ယူလေသည်။
ထိုသက်ရှိနှစ်ကောင်သည် တစ်ကောင်ကိုတစ်ယောက် သားကောင်အဖြစ် ပစ်မှတ်ထားရင်း တိုက်ခိုက်နေကြသည်။
သို့သော်လည်း အာကာယံမိုးကြိုးမီးတောက်၏ ကျောဘက်တွင် ၎င်း၏ ပြေးမရအောင် ချုပ်နှောင်ထားသော ချိန်းကြိုးရှစ်ချောင်း ရှိနေသည်ကို ရန်ကိုင် တွေ့လိုက်ရ၏။
ထိုချိန်းကြိုးရှစ်ချောင်းဆီမှ တောင်တစ်လုံးအား လွှမ်းခြုံထားသော အစီအရင်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါတစ်မျိုးကို ရန်ကိုင် ခံစားမိနေခဲ့သည်။ ထိုချိန်းကြိုးရှစ်ကြိုးကြောင့် အာကာယံ မိုးကြိုးမီးတောက် စိတ်ရှိတိုင်း မတိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့်သာ မဟုတ်လျှင် မီးငှက်အနေဖြင့် ထိုမီးတောက်၏ ပြိုင်ဘက် လုံးဝ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
ထိုချိန်းကြိုးများသာ ရှိမနေခဲ့လျှင် အာကာယံမိုးကြိုးမီးတောက် မည်မျှပင် အားကောင်းလိုက်လိမ့်မည်နည်းဟု ရန်ကိုင် တွေးမိသွား၏။ တန်ခိုးရှင်ဒုတိယအဆင့်လား၊ သို့မဟုတ် တန်ခိုးရှင်တတိယအဆင့်လား။
မည်ကဲ့သို့သော ပညာရှင်ကများ ဤမီးတောက်အား ဤနေရာတွင် ချုပ်နှောင်နိုင်ခဲ့ရသနည်း။