အခန်း (၁၆၆၆-၁၆၇၀)
Vol. 67 Ch. 1666-1670
အပိုင်း (၁၆၆၆)
မည်သို့ပင် ဖြစ်နေစေကာမူ မီးငှက်အတွက် ကံကောင်းသွားသည်ဟု ပြောရမည်။ ချိန်းကြိုးရှစ်ချောင်း၏ ချုပ်နှောင်ထားခြင်း ခံရသည့်အတွက် မိုးကြိုးမီးတောက်သည် သူ့စိတ်ကြိုက် တိုက်ခိုက်နိုင်ခြင်း မရှိတော့ချေ။ သို့ပင်လျှင် မီးငှက်အနေဖြင့် အားကာယံမိုးကြိုးမီးတောက်ကို ပြိုင်ရုံလေးသာ ယှဉ်ပြိုင်နိုင်နေခဲ့သည်။
ရန်ကိုင် တိုက်ပွဲကွင်းပြင်နားသို့ ရောက်လာသည်နှင့် အာကာယံ မိုးကြိုးမီးတောက်၏ မျက်လုံးကြီးသည် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။
“နောက်ထပ် ပုရွက်ဆိတ်တစ်ကောင်။ ဒါပေမယ့် ဒီတစ်ကောင်က ပိုအရသာရှိမယ့်ပုံပဲ။ ဒီဘုရင်ရဲ့ အကြွင်းမဲ့စွမ်းအားအောက်မှာ ပျက်စီးလိုက်စမ်း”
ပြောပြီးသည်နှင့် အားကောင်းသော ဆွဲငင်အားတစ်ရပ် ရန်ကိုင်ပေါ်သို့ ကျဆင်းလာခဲ့လေသည်။ ရန်ကိုင်ကမူ အေးစက်စက် နှာခေါင်းရှုံ့လျက် သူ့စိတ်စွမ်းအင်ဖြင့် တန်ပြန် တိုက်ခိုက်လိုက်သည်။
ရန်ကိုင်အား လာရောက်စုပ်ယူနေသည့် စွမ်းအားလည်း ချက်ချင်း ပျက်စီးသွားခဲ့ရလေသည်။
“ဘာမဟုတ်တဲ့ ကောင်ကများ ဒီဘုရင်ကို ခုခံရဲတယ်။ သေလိုက်ပေတော့” အာကာယံမိုးကြိုးမီးတောက်သည် ရန်ကိုင်၏ လုပ်ရပ်ကြောင့် ဒေါသထွက်သွားသည့်အလား သူ့လက်တံ တစ်ချောင်းဖြင့် ရန်ကိုင်အား လှမ်းရိုက်လိုက်လေသည်။ မီးငှက်သည် စူးရှစွာ အော်မြည်လျက် ရန်ကိုင်ဆီသို့ တိုးဝင်လာနေသော လက်တံဆီ မီးတောက်များ မှုတ်ထုတ်လိုက်၏။
ရန်ကိုင်ကမူ နေရာတွင်သာ မလှုပ်မယှတ် ရပ်နေလျက် ပတ်ဝန်းကျင် အခြေအနေကို သေချာ စူးစမ်းနေခဲ့လေသည်။
လက်ရှိတွင် ထိုမိုးကြိုးမီးတောက်ကို ရင်ဆိုင်နိုင်မည့်နည်းလမ်း သူ့တွင် မရှိသေးချေ။ အောက်သို့ ရောက်လာသည်မှာ သူ့နာမ်ဝိဥာဉ်သာ ဖြစ်သည့်အတွက် သူတော်စင်ချီသုံးပြီး မီးငှက်အား မကူညီပေးနိုင်ချေ။ သူအသုံးပြုနိုင်သည့် အရာဆို၍ စိတ်စွမ်းအင်သာရှိသည်။
သို့သော် ရန်ကိုင်သည် ချက်ချင်းကြီး ပြေးဝင် မတိုက်ခိုက်သေးဘဲ တိုက်ပွဲသော အရင်သေချာ လေ့လာကြည့်နေခဲ့သည်။
မီးငှက်သည် ရန်ကိုင်အား အတိုက်ခိုက်မခံမှန်း သတိပြုမိသော် အာကာယံမိုကြိုးမီးတောက်သည် ရန်ကိုင်ကိုသာ အထူးအလေးပေး တိုက်ခိုက်တော့လေသည်။
ထို့ကြောင့် ရန်ကိုင် ရောက်လာသည်နှင့် တစ်ပြိုင်နက် မီးငှက်သည် ချက်ချင်း ခံစစ်ရောက်သွားတော့လေသည်။
အချိန်ကြာလာသည်နှင့် မီးငှက်၏ အရှိန်အဝါမှာ တစ်စထက်တစ်စ အားနည်းလာသော်ငြား အာကာယံမိုးကြိုးမီးတောက်မှာမူ ယခင်ကကဲ့သို့ အားကောင်းနေဆဲ။
“ဒီနေရာမှာ ဒီဘုရင်က အရှင်သခင်ပဲ။ မင်းတို့ ပုရွတ်ဆိတ်လေးတွေ ဒူးထောက်အရှုံးပေးလိုက်ပေတော့” အာကာယံမိုးကြိုးမီးတောက်က နောက်တစ်ကြိမ် ဟိန်းဟောက် အော်ပြောလိုက်သည်။
ထိုစဉ် ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပသွားခဲ့ပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောရင်း “လတ်စသတ်တော့ ဒီလိုကိုး”
ရန်ကိုင် ပျော်နေသည်ကိုမြင်သော် မီးငှက်၏ အားနည်းနေသော အရှိန်အဝါ တစ်ဖန်ပြန်လည် အားကောင်းလာပြီး အာကာယံ မိုးကြိုးမီးတောက်ဆီ နောက်တစ်ကြိမ် ပြေးဝင်လုံးပြန်လေသည်။
“မင်းရဲ့ လှည့်ကွက်ကို ငါသိသွားပြီ မီးတောက်ရဲ့။ သေဖို့သာ ပြင်ထားပေတော့” ပြောပြီးသည်နှင့် ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်၍ ရှေ့တည့်တည့်အား ပိုင်းချလိုက်သည်။
ချက်ချင်းဆိုသလို အာကာယံမိုးကြိုးမီးတောက် ပတ်လည်ရှိ ဟင်းလင်းပြင် တွန့်လိမ်ကုန်လေသည်။
ရန်ကိုင်၏ နာမ်ဝိဥာဉ်သည် သူတော်စင်ချီကို အသုံး မပြုနိုင်သော်ငြား လေဟာနယ်စွမ်းအားကိုတော့ အသုံးပြုနိုင်ပေ။
ရန်ကိုင်သည် လေဟာနယ်စွမ်းအားကိုသုံးပြီး အာကာယံ မိုးကြိုးမီးတောက်အား တစ်ခုသော နေရာနှင့် ပိုင်းခြားပစ်လိုက်ခြင်း ဖြစ်သည်။
အာကာယံမိုကြိုးမီးတောက်လည်း အံ့အားသင့်သွားခဲ့ပြီးနောက် ထိတ်လန့်မှုတို့ ၎င်း၏ မျက်လုံးကြီးထဲ အစားထိုး ဝင်ရောက်လာခဲ့လေသည်။ မိုးကြိုးမီးတောက်သည် ရန်ကိုင်မှ သူ့လှည့်ကွက်ကို သတိပြုမိသွားသည်နှင့် တစ်ပြိုင်နက် မီးငှက်ကို တိုက်ခိုက်မနေတော့ဘဲ ရန်ကိုင်ကိုသာ အသည်းအသန် တိုက်ခိုက်တော့လေသည်။
“ငါထင်ထားတဲ့အတိုင်းပါလား” ရန်ကိုင် ရယ်မောလိုက်ပြန်သည်။
ထို့နောက် တုန့်ဆိုင်းမနေတော့ဘဲ လေဟာနယ်စွမ်းအားကို သုံး၍ သူ့ရှေ့ရှိ ဟင်းလင်းပြင်ကို တစ်ချက်ပြီးတစ်ချက် ခုတ်ပိုင်းလိုက်၏။ အသက်ဆယ်ရှိုက်စာ ကြာပြီးနောက်တွင် မိုးကြိုးမီးတောက် ပတ်လည်၌ လှောင်အိမ်ကဲ့သို့သော အရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ထိုမမြင်နိုင်သော လှောင်အိမ်သည် မိုးကြိုးမီးတောက်အား ပြင်ပကမ္ဘာနှင့် မဆက်သွယ်နိုင်တော့အား ပိုင်းခြားထားလိုက်ပြီး မီးငှက်နှင့် မိုးကြိုးမီးတောက် နှစ်ခုစလုံးကို ပိတ်လှောင်လိုက်လေသည်။
လှောင်အိမ်သည် မီးငှက်အပေါ် အကျိုးသက်ရောက်မှု မရှိသော်ငြား အားကာယံမိုကြိုးမီးတောက် အပေါ်တွင်တော့ သေလောက်အောင်ကို အကျိုးသက်ရောက်မှု ရှိပေသည်။
ယခု အာကာယံမိုးကြိုးမီးတောက်သည် ပတ်ဝန်းကျင်မှ စွမ်းအင်များကို စုပ်ယူပြီး သူ့ကိုယ်သူ ပြန်လည် မကုသနိုင်တော့ပေ။
ရန်ကိုင်သည် တိုက်ပွဲကို အလကား ကြည့်နေခြင်း မဟုတ်ချေ။ တိုက်ပွဲကို စောင့်ကြည့်လေ့လာနေစဉ် အတောအတွင်း အာကာယံ မိုးကြိုးမီးတောက်နှင့် ဤပတ်ဝန်ကျင်းကြားတွင် ဆက်နွယ်မှု တစ်ခုခု ရှိလိမ့်မည်ဟု ထင်ခဲ့သည်။ အကြောင်းမှာ မိုးကြိုးမီးတောက် ရလိုက်သည့် ဒဏ်ရာအားလုံးသည် ခဏအတွင်း ပြန်လည် ကောင်းမွန်သွားသောကြောင့် ဖြစ်သည်။
မီးငှက်ကမူ ထိုကဲ့သို့ မကုသနိုင်ခဲ့ချေ။ ထို့ကြောင့် မီးငှက်၏ အရှိန်အဝါမှာ တဖြည်းဖြည်း အားနည်းလာခဲ့သော်လည်း မိုးကြိုးမီးတောက်မှာမူ အားကောင်းမြဲ အားကောင်းနေရခြင်း ဖြစ်သည်။
ရန်ကိုင်၏ လေဟာနယ်စွမ်းအားသည် မိုးကြိုးမီးတောက်အား ပတ်ဝန်းကျင်နှင့် အဆက်အသွယ် ဖြတ်တောက်ပစ်လိုက်ခြင်း ဖြစ်သည့်အတွက် မိုးကြိုးမီးတောက်သည် ပတ်ဝန်းကျင်မှ စွမ်းအားကို စုပ်ယူပြီး သူ့ကိုယ်သူ မကုသနိုင်တော့ချေ။
“အဲ့ကောင် သူ့ကိုယ်သူ ပြန်မကုနိုင်တော့ဘူး။ ငါတို့ အတူတူ တိုက်ခိုက်ကြမယ်” အော်ပြောလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်လည်း ရှေ့သို့ ပြေးဝင်သွားလေသည်။
“ပုရွတ်ဆိတ်တွေကများ ဒီဘုရင်ကို လာအံတုချင်နေတယ်။ ဒီနေရာရဲ့ စွမ်းအားမရှိရင်တောင် မင်းတို့ ငါ့ပြိုင်ဘက် မဟုတ်သေးဘူးကွ” မိုးကြိုးမီးတောက်က ပြန်၍ အော်ဟစ် ဟိန်းဟောက်လိုက်သည်။
“အဲ့ဒါဆိုလည်း ဘယ်သူ ပိုအားကောင်းလဲ ကြည့်ရတာပေါ့” ရန်ကိုင်က ကြမ်းကြုတ်စွာပြုံးလျက် “သုတ်သင်ခြင်းနတ်ဆိုး မျက်လုံး”
ရန်ကိုင်၏ ဘယ်ဘက်မျက်ဝန်းတစ်ခုလုံး ရွှေရောင် တလက်လက် တောက်ပလာခဲ့လေသည်။ ထိုရွှေရောင်မျက်လုံးဆီမှ အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး အာကာယံမိုးကြိုးမီးတောက်၏ တစ်လုံးတည်းသော မျက်လုံးဆီသို့ တိုးဝင်သွားလေသည်။
အလင်းတန်းနှင့် အတွေ့တွင် အာကာယုံမိုးကြိုးမီးတောက်၏ ခန္ဓာကိုယ် တစ်ခဏတာ အေးခဲသွားခဲသည်။ ထို့နောက် ဒဏ်ရာ ရသွားသည့်အလား ထအော်တော့လေသည်။ မိုးကြိုးမီးတောက်၏ ခန္ဓာကိုယ် ယိမ်းထိုးလာခဲ့ပြီး လက်တံများကိုလည်း ဝှေ့ရမ်းချင်သလို ဝှေ့ရမ်းပစ်တော့လေသည်။
ထိုစဉ် မီးငှက်သည် ရှေ့သို့ ပြေးတက်သွားပြီး ပါးစပ်အား အကျယ်ကြီးဟလျက် မိုးကြိုးမီးတောက်၏ ခန္ဓာကိုယ်ကို ကိုက်ချလိုက်သည်။ သန့်စင်သည့် စွမ်းအားတို့သည် မီးငှက်၏ ပါးစပ်မှတစ်ဆင့် ၎င်း၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့လေ၏။
တစ်ချိန်တည်းတွင် မိုးကြိုးမီးတောက်၏ အရှိန်အဝါမှာ သိသိသာသာ လျော့ကျသွားခဲ့လေသည်။
“ပုရွတ်ဆိတ်တွေ၊ ဒီဘုရင်ကို ဒေါသထွက်အောင် လုပ်ရဲတယ်။ မင်းတို့အားလုံး သေလိုက်ပေတော့” မိုးကြိုးမီးတောက်သည် ဒေါသတကြီး ဟိန်းဟောက်ရင်း ၎င်း၏ လက်တံများဖြင့် မီးငှက်အား ရစ်ပတ်လိုက်လေသည်။
တစ်ချိန်တည်းတွင် ၎င်း၏ တစ်လုံးတည်းသော မျက်လုံးဆီမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းတန်းသည် ရန်ကိုင်ဆီ ရွှေရောင်အလင်းတန်းကို တဖြည်းဖြည်း ပြန်လည် တွန်းထုတ်နေခဲ့လေသည်။
ထိုအလင်းတန်းသာ ရန်ကိုင်၏ နာမ်ဝိဥာဉ်ကို လာရောက် ထိမှန်လျှင် ရန်ကိုင်၏ နာမ်ဝိဥာဉ် လုံးဝ ပျက်စီးသွားရပေလိမ့်မည်။
“အဆုံးကြာမဲ့ပွင့်လန်းခြင်း” ရန်ကိုင်က ရေရွတ်လိုက်သည်။
သူ့ရွှေရောင်မျက်ဝန်းထဲဝယ်၊ ကြာဖူးတစ်ဖူး ရုတ်တရက် ပေါ်လာခဲ့သည်။ ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် ထိုကြားဖူးသည် ရန်ကိုင်၏ မျက်ဝန်းထဲမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး မိုးကြိုးမီးတောက်၏ အသိစိတ်ပင်လယ်ထဲတွင် ပြန်ပေါ်လာခဲ့သည်။
ထို့နောက် မိုးကြိုးမီးတောက်၏ ခန္ဓာကိုယ်ထဲရှိ စိတ်စွမ်းအင်များကို စုပ်ယူရင်း တဖြည်းဖြည်း ပွင့်လန်းလာခဲ့လေသည်။ ပွင့်လာသည်နှင့်အမျှ စိိတ်စွမ်းအင်များကို ပိုစုပ်ယူလာနေသဖြင့် ကြာဖူး တစ်ဝက်လောက် ပွင့်ပြီးချိန်မှာပဲ မိုးကြိုးမီးတောက်၏ ခန္ဓာကိုယ် စတင် တုန်ခါလာခဲ့လေသည်။
ရန်ကိုင်ကိုယ်တိုင်သည်လည်း ခေါင်းတဆစ်ဆစ် ထိုးကိုက်လာဖြင့် နာကျင်စွာ အော်ဟစ်မိလိုက်သည်။ မိုးကြိုးမီးတောက်နှင့် ရင်ဆိုင်ရန်အတွက် သူ့စိတ်စွမ်အင်အကုန်လုံးနီးပါးကို အသုံးပြု၍ ထိုကြာဖူးကို ဖန်တီးလိုက်ရသည်။ ထို့ကြောင့်ပဲ ကြာဖူး တစ်ဝက်လောက် ပွင့်ပြီးချိန်တွင် မိုးကြိုးမီးတောက် တုန်တုန်ရီရီ ဖြစ်လာရခြင်း ဖြစ်သည်။
သို့သော်လည်း တန်သွားသည်ဟု ပြောရမည်။ ထို့အတွက်ကြောင့် မိုးကြိုးမီးတောက်လည်း ဒဏ်ရာရသွားခဲ့ရပေသည်။ မီးငှက်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ မိုးကြိုးမီးတောက်၏ ချုပ်နှောင်မှုအောက်မှ ရုန်းထွက်ပြီး ပန်းပဲမီးဖိုကို ဆင့်ခေါ်လိုက်၏။
မီးငှက်၏ ထိန်းချုပ်မှုနှင့်အတူ ပန်းပဲမီးဖိုသည် လျင်မြန်စွာ စတင် လည်ပတ်လာပြီး မီးဖိုပေါက်ဝမှ မှင်သက်ဖွယ်ရာ ဆွဲအားတစ်ရပ် ထွက်ပေါ်လာခဲ့သည်။
မိုးကြိုးမီးတောက်၏ မတည်မငြိမ် ဖြစ်နေသော ခန္ဓာကိုယ်သည် ထိုဆွဲအားကို လုံးဝ မခုခံနိုင်ခဲ့ဘဲ ဆွဲအားတစ်လျှောက် မျောပါသွားခဲ့လေသည်။
“မဟုတ်ဘူး” မိုးကြိုးမီးတောက်မှာ အသည်းအသန် ရုန်းကန် အော်ဟစ်နေခဲ့သော်လည်း အချည်းနှီးသည်သာ။ ရန်ကိုင်၏ တိုက်ခိုက်မှုကြောင့် သူ့ဝိဥာဉ် ဒဏ်ရာရသွားခဲ့သဖြင့် မီးငှက်၏ တိုက်ခိုက်မှုကို အပြည့်အဝ တန်ပြန်မတိုက်ခိုက်နိုင် ဖြစ်ခဲ့ရ၏။
ယူကြုံးမရဖြစ်စွာ အော်ဟစ်နေရင်းနှင့်မှ မိုးကြိုးမီးတောက်သည် ပန်းပဲမီးဖိုထဲသို့ ဆွဲခေါ်သွားခံလိုက်ရလေသည်။
မီးငှက်သည် ရန်ကိုင်အား တစ်ချက်ကြည့်လိုက်သည်။ ရန်ကိုင်သည် နားထင်ကို ပွတ်သပ်နေရင်းနှင့်မှ မီးငှက်အား လှမ်းခေါင်းညိတ်ပြလိုက်သည်။
မီးငှက်သည် ၎င်း၏ တောင်ပံများကို တဖျတ်ဖျတ်ခတ်၍ မီးတောက်ဘောလုံးတစ်ခုအသွင်သို့ ပြောင်းလျက် ပန်းပဲမီးဖိုနှင့်အတူ ချော်ရည်အတွင်းပိုင်းထသို့ ထိုးဆင်းသွားခဲ့၏။
တိုက်ပွဲသည် ဤမျှနှင့်ပင် အဆုံးမသတ်သေးချေ။
ပန်းပဲမီးဖိုထဲတွင် တိုက်ပွဲ ဆက်ဖြစ်ပေဦးမည်။ သို့သော် ယခုတစ်ကြိမ် တိုက်ပွဲနှင့်မတူသည်ကား မီးဖိုအတွင်းပိုင်းသည် မီးငှက်၏ ပိုင်နက်နယ်မြေ ဖြစ်သည့်အတွက် ယခုကဲ့သို့ အောက်စည်းမှ တိုက်ခိုက်နေရတော့မည် မဟုတ်ချေ။
လှည့်ပတ်ကြည့်လိုက်ပြီးနောက် သူဆက်နေရာ မလိုတော့သဖြင့် နာမ်ဝိဥာဉ်ကို ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပြန်ပို့လိုက်၏။ မျက်လုံး ပြန်ပွင့်လာသော် သူ့အား စိုရိမ်တကြီး ကြည့်နေသော ကျောက်တုံး ရုပ်သေးရုပ်ကို မြင်တွေ့လိုက်ရသည်။
ကျောက်တုံးရုပ်သေးရုပ် စိတ်ပူစရာမလိုကြောင်း ပြောလိုက်ပြီးနောက် ဆေးလုံးအချို့ကို ထုတ်သောက်၍ မျက်လုံးပိတ်ကာ အားပြန်ဖြည့်နေလိုက်လေသည်။
အချိန်သည် ဤသို့ဖြင့် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။
တဆစ်ဆစ် ကိုက်ခဲမှုသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့လေပြီ။ ခုနှစ်ရောင်ခြယ်ကြာပန်း၏ အကူအညီဖြင့် သူ့စိတ်စွမ်းအင်မှာလည်း အချိန်တိုအတွင်း ပြန်လည် ပြည့်တင်းလာခဲ့သည်။ ဤသို့ဖြင့် တစ်နေ့အတွင်း ရန်ကိုင်လုံးဝ ပြန်ကောင်းသွားခဲ့သည်။
ထိုတိုက်ပွဲအပြီးတွင် သူ့စိတ်စွမ်းအင်သည် ပိုမို တိုးတက်လာသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။
တစ်ခုသော အခိုက်အတန့်သို့ ရောက်သော် သူ့နောက်မှ သင်းပျံ့သည့် မွှေးရနံ့တို့ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်သည် လှည့်မကြည့်ခဲ့ဘဲ ပြုံးလျက်သာ ပြောလိုက်သည် “စီနီယာကို ဂုဏ်ယူပြုပါတယ်။ အခုဆို ရေခဲနှလုံးသားတောင်ကြားက လှိုင်းနီကြယ်တစ်ခုလုံးရဲ့ အုပ်စိုးသူဖြစ်လာခဲ့ပြီ”
လော့လီက ပြန်ပြောလိုက်သည် “ဒီဘုရင်မ ဘာမှ မအုပ်စိုးချင်ဘူး။ မီးတောက်ဂိုဏ်းကို ဖျက်စီးလိုက်ရတာ ငါတို့ ဂိုဏ်းနှစ်ဂိုဏ်းကြားက ရန်ငြိုးတွေကြောင့်ပဲ။ မီးတောက်ဂိုဏ်းသာ ဆက်ရှိနေသေးရင် ငါတို့ ရေခဲနှလုံးသားတောင်ကြားက လူတွေ အများကြီး သေနေရဦးမှာ”
“ဒါပေမယ့် အခုလို အောင်မြင်ရတာလည်း သခင်လေးရန်ရဲ့ ကျေးဇူးကြောင့်ပဲ။ သခင်လေးရန်သာ မိုးကြိုးမီးတောက်ကို ထိန်းပေးမထားခဲ့ရင် မီးတောက်ဂိုဏ်းကို ဒီလောက် လွယ်လွယ်နဲ့ သိမ်းနိုင်ခဲ့မှာ မဟုတ်ဘူး” လော့လီက ပြောလိုက်သည်။
“ကျုပ်တို့ အချင်းချင်း အပြန်အလှန် ကူညီကြတာပဲလေ။ စီနီယာ ကျေးဇူးတင်နေစရာ မလိုပါဘူး” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလျက် “ဒါနဲ့။ မီးတောက်ဂိုဏ်းက လူတွေရော”
“တန်ခိုးရှင်အဆင့် ရောက်နေတဲ့ လူတွေကိုတော့ သတ်ပစ်လိုက်တယ်။ အဲ့အောက်က လူတွေထဲမှ ရေခဲနှလုံးသား တောင်ကြားက တပည့်တွေကို သတ်ဖူးတဲ့ လူတွေကိုလည်း သတ်ပစ်လိုက်တယ်။ ကျန်တဲ့လူတွေကိုတော့ သူတို့ရဲ့ ကျင့်ကြံခြင်းကို ဖျက်စီးပြီး… လွှတ်ပေးလိုက်တယ်” လော့လီက ပြန်ပြောလိုက်သည်။
“စီနီယာက ကြင်နာတတ်တာပဲ”
“သခင်လေး ဘာပြောချင်နေလဲ ဒီဘုရင်မ သိတယ်” လော့လီက ပြုံးလျက် ပြောလိုက်၏။
“ဂျူနီယာ အဲ့လို မပြောရဲပါဘူး။ စီနီယာမှာ အခုလို လုပ်ရတဲ့ အကြောင်းအရင်း ရှိမှာပဲလေ။ ဂျူနီယာက ဘာလို့ မေးခွန်း ထုတ်နေရမှာလဲ” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။
လော့လီက ပြုံး၍ ပြန်ပြောလိုက်ပြန်၏ “သခင်လေးရန် ပြောချင်ရင် ပြောလိုက်ပါ၊ ဘာမှမဖြစ်ပါဘူး။ သခင်လေးရန် မလုပ်ရဲတဲ့ အရာလည်း ရှိလောက်မှာမှ မဟုတ်တာ။ ဒီဘုရင်မက မီးတောက်ဂိုဏ်း တစ်ဂိုဏ်းလုံးကို အမြတ်ဖြတ် သုတ်သင်ခဲ့ရင်… ကောင်းကင်က ဒီဘုရင်မကို ဒီအတိုင်း မထားလောက်ဘူး”
ရန်ကိုင် ခေါင်းသာ ညိတ်လိုက်ပြီဂ ဘာမှ ပြန်မပြောတော့ချေ။
ကျင့်ကြံသူများသည် သူတို့၏ စိတ်ဆန္ဒအလျောက်သာ ပြုမူကြသည်။ လော့လီသည် သတ်ဖြတ်ခြင်းကို နှစ်သက်သည့် လူတစ်ဦး မဟုတ်သည့်အတွက် မီးတောက်ဂိုဏ်း တစ်ဂိုဏ်းလုံးကို မသတ်ဖြတ်ခဲ့ချေ။ ထိုကဲ့သို့ သတ်ဖြတ်ခြင်းသည်လည်း သူမကဲ့သို့ လူတစ်ယောက်အတွက် သိပ်ပြီး မကောင်းလှပေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၆၇)
“သခင်လေးရန်၊ ကောင်းကင်မိုးကြိုးမီးတောက်ကော” လော့လီက မေးလိုက်သည်။
ရန်ကိုင်သည် သူ့အောက်ဘက်ရှိ ချော်ရည်များကို လက်ညိုးထိုးပြရင်း “အခုလောလောဆယ်တော့ အဲ့ထဲမှာပဲ ရှိသေးတယ်။ ဒါပေမယ့် အဲ့ကောင်ကြီး ဒီနေရာကနေ ထွက်သွားရဖို့ သိပ်မကြာလောက်တော့ဘူး”
လော့လီ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားခဲ့လေသည်။
မိုးကြိုးမီးတောက် မည်မျှ ကြောက်မက်ဖွယ်ကောင်းမှန်း လော့လီ ကောင်းကောင်းသိသည်။ သို့သော်လည်း ထိုကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုမျိုးကို အမြတ်ဖြတ် သုတ်သင်နိုင်သည့် နည်းလမ်းတစ်ခု ရန်ကိုင်တွင် ရှိနေသည့်ပုံပင်။
အစကမူ ရန်ကိုင်သည် မိုးကြိုးမီးတောက်ကို ထိန်းထားရုံသာ ထိန်းထားပြီး သူမရောက်လာမှသာ သူမနှင့်အတူ ပူးပေါင်းပြီး ထိုအရာကို ရှင်းထုတ်လိမ့်မည်ဟု လော့လီ ထင်ခဲ့သည်။ သို့သော် ရန်ကိုင်သည် ထိုအရာကို သူတစ်ယောက်တည်း ရှင်းပစ်လိမ့်မည်ဟု သူမ မည်ကဲ့သို့ ထင်ထားခဲ့ပါမည်နည်း။
ထို့ကြောင့်ပဲ ရန်ကိုင်ကို ကူညီပေးနိုင်ရန်အတွက် မီးတောက်ဂိုဏ်းသား အကြွင်းအကျန်များကို အလျင်အမြန် ရှင်းထုတ်ပြီး ရန်ကိုင်ဆီသို့ အမြန် ပြေးလာခဲ့ခြင်း ဖြစ်သည်။
“သခင်လေးရန်က တကယ် အံ့ဩဖို့ကောင်းတာပဲ။ ဒီဘုရင်မ တကယ်ကို အထင်ကြီးသွားပြီ” လော့လီက လေးစားစွာဖြင့် ပြောလိုက်သည်။ သူမကိုယ်တိုင် လှုပ်ရှားလျှင်ပင် ထိုမီးတောက်ကို ဖျက်စီးနိုင်လိမ့်မည် မဟုတ်သော်ငြား ရန်ကိုင်ကတော့ ထိုကဲ့သို့ လုပ်နိုင်ခဲ့ပေသည်။
“စီနီယာ ချီးမွမ်းလွန်းနေပါပြီ”
“ဒီကကိစ္စတွေ ပြီးသွားပြီဆိုတော့၊ ဒီဘုရင်မ ဒီမှာ ဆက်မနေတော့ဘူး။ သခင်လေး နောက်ပိုင်း အချိန်ရှိရင် ရေခဲနှလုံးသားတောင်ကြားဆီ လာခဲ့လေ။ ဒီဘုရင်မ ကောင်းကောင်း ဧည့်ခံပါ့မယ်”
“အခွင့်အရေးရရင် လာခဲ့တာပေါ့” ရန်ကိုင်က ပြန်ပြောလိုက်၏။
လော့လီသည် ခေါင်းညိတ်လိုက်ပြီး အလျင်အမြန် ထွက်ခွာသွားလေသည်။
လော့လီ ထွက်သွားပြီးနောက်တွင် နောက်ထပ် လူတစ်ယောက် ရန်ကိုင်ဆီသို့ ရောက်လာခဲ့သည်။ စုယန်ပင် ဖြစ်လေသည်။
ရန်ကိုင်သည် စုယန်ဘက်သို့ လှည့်၍ သူမ၏ လက်ကလေးကို အမြတ်တနိုး ဆုပ်ကိုင်လိုက်သည်။
စုယန်ကမူ ဘာမှမပြောဘဲ ရန်ကိုင်ပခုံးပေါ် ခေါင်းမှီရင်း ယဲ့ယဲ့လေး ပြုံးလျက်သာ မီးတောင်ဝထဲသို့ ငုံ့ကြည့်နေခဲ့သည်။
“ဂျူနီယာမောင်လေး၊ အခု ငါတို့ ဘာဆက်လုပ်ကြမှာလဲ” အချိန် အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက်တွင် စုယန်က မေးလိုက်လေသည်။
“အရိပ်ကြယ်ကို ပြန်မယ်လေ”
“အရိပ်ကြယ်။ အဲ့ဒါ ဘယ်ကြယ်လဲ”
“ဒီကနေ အရမ်းဝေးတဲ့ ကြယ်တစ်လုံးပေါ့။ ဒါပေမယ့် အခုလက်ရှိ ထုန်းရွှမ်လောကကြီးထက် အများကြီးသာတယ်။ အဲ့မှာ မိုးမြေနိယာမ ဖိနှိပ်မှုတွေရှိတယ် ဆိုပေမယ့် ထုန်းရွှမ်လောကကြီးမှာ နေရာတာထက်စာရင် အများကြီး ပိုကောင်းတယ်။ ငါအဲ့မှာ အထက်စကြာဝဠာဂိုဏ်းလို့ ခေါ်တဲ့ ဂိုဏ်းတစ်ဂိုဏ်းကိုတောင် တည်ထောင်ထားသေးတယ်”
ရန်ကိုင်သည် အရိပ်ကြယ်နှင့် ပက်သက်သော အကြောင်းအရာ မျိုးစုံကို ရှင်းပြလိုက်လေသည်။
အရိပ်ကြယ်သည် အလွန်ကိုမှ ကျယ်ပြောပြီး အံ့ဩစရာကောင်းသည့် အရာများစွာနှင့် ပြည့်နှက်နေပေသည်။ သို့သော်လည်း သူမအတွက် မည်သည့်နေရာသွားရသွားရ ကိစ္စမရှိချေ။ သူမ၏ ဂျူနီယာမောင်လေးနှင့် အတူ ရှိနေရလျှင်ကို အဆင်ပြေနေလေပြီ။
ထိုအခိုက်တွင် စုယန်ရင်ထဲ တစ်ခါမှ မခံစားဖူးသေည့် ကျေနပ်မှု တစ်မျိုးကို ခံစားလိုက်ရလေသည်။
မီးငှက်နှင့် မိုးကြိုးမီးတောက်ကြား တိုက်ပွဲသည် အတော်ကြာအောင်ကို ဆက်လက် ဖြစ်ပွားနေခဲ့သေးသည်။
ရန်ကိုင်နှင့် စုယန်သည် မီးတောင်ဘေးတွင် လဝက်ကြာအောင် ထိုင်စောင့်နေခဲ့သည့်တိုင် တိုက်ပွဲမှာ အဆုံးမသတ်နိုင်သေးချေ။
တစ်ခုသော အချိန်တွင် ပင်းလုန်သည် သိုလှောင်လက်စွပ်များစွာကို ယူကာ ရန်ကိုင်ဆီသို့ ရောက်လာခဲ့သည်။ ထိုသိုလှောင်လက်စွပ်များထဲ မီးတောက်ဂိုဏ်းမှ အကြီးအကဲများ ပိုင်ဆိုင်ခဲ့ကြသည့် လက်စွပ်များ ပါကြသလို ရတနာဂိုဒေါင်ထဲမှ ရတနာများကို ထည့်သိုလှောင်ထားသည့် လက်စွပ်များလည်း ပါဝင်ပေသည်။
ရေခဲနှလုံးသားတောင်ကြားအနေဖြင့် မီးတောက်ဂိုဏ်းအား တစ်ခါတည်း အမြတ်ပြတ် သုတ်သင်နိုင်ခဲ့ခြင်းမှာ ရန်ကိုင်၏ ကျေးဇူးကြောင့်လည်း ပါပေသည်။ ထို့ကြောင့် ရသမျှ ရတနာ အားလုံးကို အကုန်မယူဘဲ ရန်ကိုင်ကိုလည်း တစ်ဝက် ခွဲပေးခဲ့၏။
ရန်ကိုင်လည်း သိုလှောင်လက်စွပ်အားလုံးကို လက်ခံယူထားလိုက်လေသည်။
ယခု သောင်းနှင့်ချီသော သူ့မိတ်ဆွေများနှင့် မိသားစုဝင်များကို အရိပ်ကြယ်သို့ ခေါ်သွားရတော့မည် ဖြစ်သည့်အတွက်ကြောင့် အရင်းအမြစ်များစွာကို စတင် လိုအပ်လာခဲ့လေပြီ။ မီးတောက်ဂိုဏ်းမှ ရရှိသော အရင်းအမြစ်များသည် ထုန်းရွှမ်လောကကြီးမှ ရောက်လာသူများကို ဆယ်နှစ်၊ နှစ်နှစ်ဆယ်ခန့်လောက် အခက်အခဲမရှိ ထောက်ပံ့ပေးထားနိုင်ပေသည်။
ယခုဆိုလျှင် မီးတောက်တောင်တန်းသည် ပိုင်ရှင်မဲ့ ရတနာနယ်မြေကြီး တစ်ခုဖြစ်လာခဲ့လေပြီ။ ရေခဲနှလုံးသား တောင်ကြားသည် မီးတောက်ဂိုဏ်းတစ်ခုလုံးကို ရှင်းပစ်လိုက်နိုင်သော်ငြား သူတို့ ကျင့်ကြံသည့် ကျင့်စဉ်နှင့် ဤနေရာသည် ကိုက်ညီခြင်းမရှိသည့်အတွက် ဂိုဏ်းခွဲတစ်ခု ဤနေရာတွင် ထပ်မံ မဖွင့်လှစ်ခဲ့ချေ။
သို့သော်ငြား ရေခဲနှလုံးသားတောင်ကြား၏ လက်အောက်ခံ အင်အားစုများအနက် မီးဓါတ်ကျင့်စဉ်များကို ကျင့်ကြံကြသော ဂိုဏ်းများစွာ ရှိကြပေသည်။ ထိုဂိုဏ်းများသည် မီးတောက်ဂိုဏ်း ပျက်စီးသွားသည့်အခါ သူတို့၏ အင်အားစုများကို ဤနေရာသို့ ရွှေ့ပြောင်းလာခဲ့ကြပေသည်။
မီးငှက်အား ထိုင်စောင့်နေရင်း ရန်ကိုင်နှင့် စုယန်သည် လွန်ခဲ့သော နှစ်သုံးဆယ်အတွင်း သူတို့ ကြုံတွေ့ခဲ့သည့် အကြောင်းအရာများ အကြောင်း စမြုံ့ပြန်ကြလေသည်။
တစ်ခါတစ်ရံ တင်ပလင်ခွေထိုင်၍ ကျင့်ကြံကြသည့် အချိန်မျာလည်း ရှိကြသေးသည်။ သူတို့နှစ်ဦး အတူကျင့်ကြံသည့် အခါ သူတို့၏ ကျင့်ကြံနှုန်းမှာ တစ်ယောက်တည်း ကျင့်ကြံသည်ထက် အဆပေါင်းများစွာ ပိုမြန်ကြောင်း တွေ့ရှိလိုက်ရသည်။
ဤသို့ဖြင့် အချိန်တရွေ့ရွေ့ ကုန်ဆုံးနေခဲ့ရာ မကြာမီ နောက်ထပ် လဝက် ကုန်ဆုံးသွားခဲ့ပြန်လေသည်။
ယနေ့ ကျင့်စဉ်နေစဉ်အတောအတွင်း ရန်ကိုင်နှင့် စုယန်တို့ နှစ်ဦးစလုံး တစ်ခုခုကို သတိပြုမိလိုက်ကြပြီး ချက်ချင်း မျက်လုံး ဖွင့်၍ အောက်ဘက်သို့ ငုံ့ကြည့်လိုက်ကြလေသည်။
ဝုန်း… ဝုန်း… ဖြင့် ထထပေါက်နေသော ချော်ရည်များသည် ယခုဆိုလျှင် ပြန်လည် ငြိမ်သက်သွားကုန်ကြလေပြီ။ အောက်ဘက်မှ ဖြာထွက်လာနေသော ကြောက်မက်ဖွယ်ရာ အပူဓါတ်တို့မှာလည်း စတင် ပျောက်ကွယ်လာနေကြသည်။ အရည်ဖြစ်နေသော ချော်ရည်သည်ပင် တဖြည်းဖြည်း အစိုင်အခဲ ဖြစ်လာနေခဲ့သည်။
မီးတောင်အောက်ဘက်ရှိ တစ်ခုခုမှ အပူစွမ်းအင်များကို စုပ်ယူနေသည့်အတွက် မီးတောင်တွင်းရှိ အပူဓါတ်များ လျင်မြန်စွာ ပျောက်ကွယ်နေရခြင်း ဖြစ်လောက်ပေသည်။
နေ့တစ်ဝက်ကြာပြီးနောက်တွင် မီးတောင်တစ်ဝိုက်ရှိ အပူချိန်သည် သာမန်သေမျိုးတစ်ဦးပင် ဤနေရာတွင် လာနေ၍ရသည်အထိ ထိုးကျသွားခဲ့လေသည်။
ချော်ရည်များဆိုလျှင် အခဲတစ်ဝက်၊ အရည်တစ်ဝက် ဖြစ်နေခဲ့လေပြီ။ ရုတ်တရက် မီးတောင်အောက်ခြေတွင်းမှ သူရင်းနှီးနေသည့် အရှိန်အဝါတစ်ရပ်ကို ရန်ကိုင် အာရုံခံမိလိုက်၏။
ရွှစ်…
အလင်းတန်းတစ်ခု မီးတောင်အောက်တွင်းမှ ထိုးထွက်လာပြီး ၎င်း၏ ဆယ်မီတာမက ကျယ်ပြန့်သော တောင်ပံများကို ဖြန့်ကားချလိုက်သည်။ မီးငှက်၏ ကိုယ်ထည်တစ်ခုလုံးမှာလည်း အနီရောင်မီးတောက်၊ ခရမ်းရောင် လျှပ်ပန်းလျှပ်နွယ်များဖြင့် တလက်လက် တောက်ပနေခဲ့လေသည်။ မီးငှက်ဆီမှ ထွက်ပေါ်နေသော အရှိန်အဝါကို ခံစားမိလိုက်ချိန် ရန်ကိုင် အတော်လေး ထိတ်လန့်အံ့အားသင့်မိသွားခဲ့သည်။
လက်ရှိ မီးငှက်၏ စွမ်းအားသည် ယခင်ထက် ဆယ်ဆမကပင် ပိုမို မြင့်မားနေခဲ့လေပြီ။ ယခု မီးငှက်ဆီမှ သာမန် တန်ခိုးရှင်ဘုရင် အဆင့် ပညာရှင်တစ်ဦးနှင့် ယှဉ်နိုင်သော ဖိအားကို ရန်ကိုင် ခံစားမိနေခဲ့လေပြီ။
မီးငှက်သည် တန်ခိုးရှင်ဘုရင်အဆင့် တစ်ဦးနှင့် ယှဉ်နိုင်နေပြီလား။ ထိုသို့ တွေးလိုက်မိသည်နှင့် ရန်ကိုင် အလိုလို ပြုံးမိသွား၏။
မီးငှက်သည် ခေါင်းကိုမော့၍ စူးရှစွာ အော်ဟစ်မြည်တမ်းလိုက်ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း စတင် တွန့်လိမ်လာခဲ့ပြီး မှင်သက်ဖွယ်ရာ အသွင်သဏ္ဍာန်တစ်မျိုးသို့ ပြောင်းလဲသွားခဲ့လေသည်။
မကြာမီ မီးနီရောင်ဆံပင်နှင့် မိန်းမလှလေးတစ်ဦး ရန်ကိုင်ရှေ့တွင် ပေါ်လာခဲ့လေသည်။
ရန်ကိုင် ထပ်မံ မှင်သက်သွားခဲ့ပြန်လေသည်။
သူ့ရှေ့တွင် ပေါ်လာသည့် မိန်းမလှလေးမှာ အလွန်ကိုမှ ချောမောလှပေသည်။ မျက်နှာသွင်ပြင်မှာ လုံးဝကို ပြစ်ချက်မရှိအောင် လှပလှပြီး ကိုယ်လုံးကိုယ်ပေါက်မှာလည်း အပြစ်ဆိုရက်စရာမရှိအောင်ကို ပြည့်စုံလွန်းလှသည်။ ပတ္တမြားအောင် တလက်လက် တောက်နေသည့် ရွှန်းစိုနေသော နှုတ်ခမ်းအစုံမှာလည်း ပြေးနမ်းပါဟု ဖိတ်ခေါ်နေသလိုလို။
အသိသာဆုံးအချက်မှာ သူမ ဝတ်ဆင်ထားသည့် အလွန်ကိုမှ ဖော်ကြူးလှသော အဝတ်အစားများပင် ဖြစ်လေသည်။
ထိုမိန်းကလေးသည် သူမ၏ အဓိကနေရာများကိုသာ ဖုံးကွယ်ထားပြီး ပေါင်တံနှင့် ဝမ်းဗိုက်နေရာကို လှစ်ဟာထားသည့် မီးနီရောင် ကိုယ်ကြပ်ဝတ်စုံတစ်မျိုးကို ဝတ်ဆင်ထားခဲ့သည်။
ဆွဲမက်ဖွယ်ကောင်းလှသည့် လည်တိုင်၊ ချပ်ရပ်ပြီး အဆီအပိုမရှိသော ဝမ်းဗိုက်နှင့် ပေါင်တံဖြူဖြူလေးများကို အထင်းသား လှစ်ဟာထားခဲ့လေသည်။
ထိုအမျိုးသမီးကိုကြည့်ရင်း ရန်ကိုင် ခေါင်းကိုက်ချင်လာခဲ့သည်။
စုယန်သည်လည်း အလန့်တကြား ပါးစပ်ကို လက်ဖြင့် အုပ်မိလိုက်၏။ ထို့နောက် တစ်ခုခုကို တွေးမိသွားဟန်ရကာ ယဲ့ယဲ့လေးပြုံးလျက် ရန်ကိုင်အား အဓိပ္ပါယ်ပါပါ လှည့်ကြည့်လိုက်လေသည်။
“နင်… နင်… ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်လာတာလဲ” ရန်ကိုင်သည် အသွင်ပြောင်းသွားသည့် မီးငှက်ကို ကြည့်ရင်း အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်လေသည်။
“သခင့်ကို နှုတ်ဆက်ပါတယ်” မီးငှက်သည် ရန်ကိုင်အား ရုတ်တရက် ဦးညွှတ်လျက် ကျော့ရှင်းစွာ နှုတ်ဆက်လိုက်လေသည်။
ခပ်ဟော့ဟော့ သူမ၏ ခန္ဓာကိုယ်နှင့် ယှဉ်လိုက်လျှင် သူမ၏ လေသံနှင့် အမူအရာမှာ အေးစက်စက် ဖြစ်နေခဲ့သည်။
ထို့အပြင် သူမ၏ လေသံထဲ သတ်ဖြတ်လိုစိတ် တစ်မျိုးမျိုး ကိန်းအောင်းနေဟန်ရပြီး နီရဲရဲ မျက်ဝန်းအစုံမှာလည်း မီးတောက်များနှယ် လောင်ကျွမ်းတောက်လောင်နေခဲ့သည်။
သူမ၏ မျက်လုံးထဲကို လှမ်းကြည့်မိလိုက်သည့်အခိုက် အချိန် အကြာကြီး စိုက်ကြည့်မိလျှင် ဝိဥာဉ်ကိုပင် ပြာချပစ်နိုင်သော မီးကမ္ဘာကြီးတစ်ခုကို မြင်လိုက်ရသလို ခံစားလိုက်ရလေသည်။
“နင်… နင်စကားပြောနိုင်တာလား” ရန်ကိုင် ပို၍ ထိတ်လန့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေသည်။
မီးငှက်သည် ခေါင်းညိတ်လိုက်ပြီး ခဏမျှ စဉ်းစားပြီးနောက် ရှင်းပြလိုက်လေသည် “အဲ့ကောင်ကို ဝါးမျိုပြီးသွားတာနဲ့ စကားပြောနိုင်လာတာ။ ဘာလို့လဲ။ သခင် မကြိုက်လို့လား”
“ငါက မကြိုက်ရမှာလား” စုယန် သူ့အား စိတ်ဝင်တစား စိုက်ကြည့်နေသည်ကို မြင်သော် ရန်ကိုင် မျက်မှောင်ကြုတ်မိသွားလေ၏။
“သခင့်နောက်ကို လိုက်လာပြီးနောက်ပိုင်း သိလိုက်ရတာ ဒီလို ပုံစံမျိုးကို သခင် ကြိုက်တတ်တယ်ဆိုတာပဲ။ ဒါကြောင့်ပဲ သခင် ကြိုက်မယ်ထင်လို့ ဒီလိုပုံစံ ပြောင်းလိုက်တာ…”
“ပါးစပ်ပိတ်လိုက်တော့” ရန်ကိုင်က သွေးရူးသွေးတန်း ထအော်လေသည်။ ထို့နောက် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် စုယန်ဘက်သို့ လှည့်၍ ရှင်းပြလိုက်လေသည် “သူ မဟုတ်တာတွေ လျှောက်ပြောနေတာ။ တကယ် ပြောတာ။ စီနီယာအစ်မ၊ နင်ငါ့အကြောင်း သိတာပဲ၊ ဟုတ်တယ်မလား”
စုယန်က ယဲ့ယဲ့လေးပြုံးလျက် “သိတာပေါ့။ ဂျူနီယာမောင်လေး အကြောင်း မသိဘဲ ဘယ်နေမှာလဲ”
“ဒါဆို ကျွန်မပဲ အထင်မှားသွားတာလား” မီးငှက်သည် ခဏလောက် စဉ်းစားပြီးနောက် သူမ၏ အမှားကို တောင်းပန်လိုက်လေသည်။ ထို့နောက် စုယန်ဘက်သို့ လှည့်၍ အလေးအနက် အမူအရာဖြင့် ဦးညွှတ်လိုက် “သခင်မကို နှုတ်ဆက်ပါတယ်”
ဒါကိုတော့ မြင်တတ်သားပဲ ရန်ကိုင်က ချီးကျူးဟန်ဖြင့် ခေါင်းတညိတ်ညိတ် လုပ်လိုက်သည်။
စုယန်က နှုတ်ခမ်းလေးကွေးလျက် တခစ်ခစ် ရယ်မောရင်း မီးငှက်ဆီသို့ လမ်းလျှောက်သွားပြီး ပြောလိုက်လေသည် “အခုလို ယဉ်ကျေးနေစရာမလိုဘူး။ နင့်အခုပုံစံက သိပ်ပြီး အသက်ကြီးတဲ့ပုံ မပေါက်ဘူးဆိုတော့ အခုကနေစပြီး ငါတို့ ညီအစ်မတွေ လုပ်ကြရအောင်၊ ဂျူနီယာမောင်လေးနောက်ကို နင်အချိန် အကြာကြီး လိုက်ခဲ့တာဆိုတော့ အရင်နှစ်တွေတုန်းက သူဘာတွေလုပ်ခဲ့လဲ နင်ကောင်းကောင်းသိမှာပေါ့။ ငါတို့ အချိန်ရရင် အဲ့အကြောင်းတွေ ပြန်ပြောကြတာပေါ့”
“သခင်က သူ့ကိုယ်ရေးကိုယ်တာအကြောင်းတွေကို ကျွန်မ လျှောက်ပြောတာ သိပ်မကြိုက်ဘူး။ အထူးသဖြင့် အချို့ မိန်းကလေးတွေနဲ့ ပက်သက်တဲ့ အကြောင်းတွေပဲ” မီးငှက်က မျက်မှောင်ကြုတ်၍ အခက်တွေ့နေဟန်ဖြင့် ပြန်ပြောလိုက်၏။
ရန်ကိုင်မျက်နှာ ဒယ်အိုးဖင်နှယ် မည်းမှောင်သွားခဲ့လေသည်။
ယခင်က လိမ်လိမ်မာမာနှင့် သူ့စကားကို နာခံပြီး ဘာမှ စကားမပြောတတ်သည့် မီးငှက်သည် ပို၍ နှစ်လိုဖွယ်ကောင်းသလို ရန်ကိုင် ရုတ်တရက် ခံစားလာခဲ့ရသည်။
လက်ရှိမီးငှက်သည် အလွန်ကိုမှ အသိဥာဏ်မြင့်မားလာခဲ့သလို သူမ၏ ခွန်အားမှာလည်း အလွန်ကိုမှ မြင့်တက်လာခဲ့သည်။ သို့သော် တစ်ခုခုကို ဆုံးရှုံးသွားသလို သူဘာကြောင့် ခံစားနေရသနည်း။
“ဒါနဲ့ ဂျူနီယာမောင်လေး၊ သူက အခု လူပုံယူလိုက်ပြီဆိုတော့ သူ့ကို ခေါ်ဖို့ နာမည် ပေးထားလား” စုယန်သည် ထိုအကြောင်းကို ဆက်ပြောမနေတော့ဘဲ ချက်ချင်းပဲ ခေါင်းစဉ် ပြောင်းလိုက်လေသည်။
ရန်ကိုင်က ခေါင်းခါ၍ မီးငှက်ဘက်သို့လှည့်ကာ မေးလိုက်သည် “နင်နာမည်လိုချင်လား”
မီးငှက်၏ မျက်ဝန်းများ တဖျက်ဖျက် တောက်ပလာပြီး အလျင်အမြန် ခေါင်းညိတ်လိုက်လေသည် “ကျေးဇူးပြုပြီး ကျွန်မကို နာမည်ပေးပေးပါ သခင်”
“အင်း၊ ဒါဆို အခုကစပြီး နင့်ကို လျို့ယန်လို့ခေါ်မယ်” ရန်ကိုင်သည် အများကြီး စဉ်းစားမနေဘဲ အလျင်အမြန် နာမည်တစ်ခု ပေးလိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၆၈)
တန်ခိုးရှင်ဘုရင်အဆင့် အနက်ရောင် ကြယ်သင်္ဘောသည် ကြယ်စီရင်စုထဲ အဟန့်အတားမရှိ ရွက်လွှင့်နေခဲ့သည်။ ထိုအချိန် အတောအတွင်း ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲတွင် အချိန် ဖြုန်းနေခဲ့လေသည်။
မကြာခင်အချိန်အတွင်း အရိပ်ကြယ်သည် ထုန်းရွှမ်လောကကြီးမှ ကျင့်ကြံသူများ၏ နေအိမ်အသစ် ဖြစ်လာပေတော့မည်။
ရန်ကိုင် လှိုင်းနီကြယ်မှ ထွက်လာခဲ့သည်မှာ တစ်နှစ်ခန့် ရှိနေခဲ့လေပြီ။ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောသည် ရန်ကိုင် ဆွဲပေးထားသော ကြယ်မြေပုံလမ်းကြောင်းအတိုင်း တောက်လျှောက် သွားနေခဲ့သည်။ သွားနေစဉ် အတောအတွင်း ရံဖန်ရံခါ ပြဿနာအချို့နှင့် ရင်ဆိုင်ကြုံတွေ့ရသော်လည်း ထိုပြဿနာအားလုံးကို သလင်းအမြှောက်များက ရှင်းပစ်သွားခဲ့ပေသည်။
ကမ္ဘာငယ်လေးထဲ၌၊ ရန်ကိုင်သည် ရှနင်းချန်အတူ ထုန်းရွှမ်လောကကြီးမှ ကျင့်ကြံသူများစွာအတွက် ဆေးလုံး များစွာကို ဖော်စပ်ပေးနေခဲ့ပေသည်။
မျိုးနွယ်စုသုံးခုမှ ကျင့်ကြံသူများ၏ စုပေါင်းခွန်အားမှာ အတော့်ကိုမှ တိုးတက်လာနေခဲ့လေကာ အတော်များများဆိုလျှင် တန်ခိုးရှင်ဘုရင် ဒုတိယ၊ တတိယအဆင့်များသို့ပင် ရောက်နေကုန်ကြလေပြီ။
ကျင့်ကြံခြင်းသည် အချိန်ယူစုဆောင်းရသည့် အရာတစ်မျိုးသည် ဖြစ်သည်။ ထုန်းရွှမ်လောကကြီးသည် အရိပ်ကြယ်နှင့် မတူချေ။ အရိပ်ကြယ်ပေါ်ရှိ ကျင့်ကြံသူများ တန်ခိုးရှင်ဘုရင်အဆင့်သို့ မချိုးဖျက်နိုင်ရခြင်းမှာ လောကနိယာမများ၏ ဖိနှိပ်မှုများကြောင့် ဖြစ်ပြီး မိုးမြေစွမ်းအင် မလုံလောက်သည့် အတွက်ကြောင့် မဟုတ်ချေ။ ထုန်းရွှမ်လောကကြီးမှ ကျင့်ကြံသူများ နောက်တစ်ဆင့်သို့ မချိုးဖျက်နိုင်ခြင်းမှာ လောကနိယာမများ၏ ဖိနှိပ်မှုကြောင့် မဟုတ်ဘဲ မိုးမြေစွမ်းအင် မလုံလောက်သည့် အတွက်ကြောင့် ဖြစ်နေခဲ့သည်။
ထို့ကြောင့် မိုးမြေစွမ်းအင် အများကြီး ပိုမို သိပ်သည်းသည့် ကမ္ဘာငယ်လေးထဲသို့ ရောက်လာသည့်အခါ အကုန်လုံး တစ်ယောက်ပြီး တစ်ယောက် အဆင့်ချိုးဖျက်ကုန်ကြလေတော့၏။
ထို့အပြင် ရန်ရှုကျုနှင့် အခြား တန်ခိုးရှင်အဆင့် ပညာရှင်များသည် ထုန်းရွှမ်လောကကြီးမှ ကျင့်ကြံသူများကို ကျင့်ကြံခြင်းအကြောင်း များစွာ လမ်းညွှန်ပြသပေးခဲ့သေးပေသည်။ ထို့ကြောင့် အကုန်လုံး လျင်လျင်မြန်မြန် တိုးတက်လာသည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။
ရန်ကိုင်သည် သူနှင့်ရင်းနှီးသော မိတ်ဆွေများနှင့် မိသားစုဝင်များကို သူကိုယ်တိုင် ဖော်စပ်ပေးထားသော အဆင့်မြင့် ဆေးလုံးများကို ပေးသောက်စေပြီး သူတို့၏ ခန္ဓာကိုယ်ကို ပိုမို အားကောင်းလာအောင် ကူညီပေးလေသည်။
အိမ်လေးတစ်လုံး၏ ဒုတိယထပ်တွင်၊ မိန်းမလှလေးတစ်ဦးသည် ဆံပင်ကို ကျောထက်ဖြန့်ကားချလျက် ပြတင်းပေါက်ပေါ် မေးတင်ရင်း လူငယ်လေးတစ်ဦးအား စိုက်ကြည့်နေခဲ့သည်။
“အစ်မချူ” ရုတ်တရက် အော်ခေါ်သံကြားသဖြင့် အမျိုးသမီးသည် နောက်သို့ လှည့်ကြည့်လိုက်ရာ အမွှာညီအစ်မနှစ်ဦး ဖြစ်ကြသော ဟူကျောင်းအာနှင့် ဟူမေးအာတို့ ရောက်နေကြောင်း တွေ့ရှိလိုက်ရလေသည်။
ဟူကျောင်းအာသည် ချူရီမန်အား တွေးတွေးဆဆဖြင့် ကြည့်လိုက်ပြီးနောက် ပြတင်းပေါက်ဆီ လှမ်းကြည့်လိုက်ရာ မြေကွက်လပ်ထဲတွင် ရပ်နေသော လူငယ်လေးတစ်ဦးကို မြင်လိုက်လေသည်။ ထိုအခါ သက်ပြင်းချလျက် “ကြည့်ရတာ ကျွန်မတို့ကြားက ကွာခြားချက်က တစ်နေ့နဲ့တစ်နေ့ ပိုပိုပြီး ကြီးမားလာနေတာပဲ။ ဒီတစ်သက် သူ့ကို မှီတောင် မှီနိုင်ပါတော့မလားတောင် မသိဘူး”
“ဟုတ်တယ်။ ငါလည်း အဲ့လိုပဲ ခံစားနေရတယ်။ ဘယ်လိုပဲ ကျင့်ကြံကျင့်ကြံ၊ သူ့ကို မှီမယ်ဆိုတာ မရှိဘူး။ ပိုပိုပြီးတော့ပဲ ဝေးသွားနေတယ်” ဟူမေးအာလည်း ဝင်ပြောလိုက်သည်။
ချူရီမန်က ပြုံးလျက် ပြန်ပြောလိုက်လေသည် “နင်တို့နှစ်ယောက် ဘာတွေ ဒီလောက် စိတ်ဓါတ်ကျနေတာလဲ။ နင်တို့ မညည်းတွားခင် ဒီက အစ်မကြီးကိုလည်း အရင် ပြန်လှည့်ကြည့်ပါဦး။ နင်တို့ကတောင် သူတော်စင်ဘုရင် ဒုတိယအဆင့်ကို ရောက်နေသေးတယ်။ ငါဆို အခုမှ သူတော်စင်ဘုရင်အဆင့်ကို ရောက်တာ”
“အဲ့လိုဆိုရင်တောင် သူက တန်ခိုးရှင်တတိယအဆင့်ကိုတောင် ရောက်နေပြီတဲ့” ဟူမေးအာ ဝမ်းနည်းစွာဖြင့် “အခု သူနဲ့ ကျင့်ကြံခြင်း ယှဉ်နိုင်တဲ့လူဆိုလို့ စုယန်နဲ့ ရှနင်းချန်ပဲ ရှိတော့တယ်။ ဒီအချိန်လေးအတွင်း ဒီလောက်ရောက်အောင် သူတို့ ဘယ်လိုတွေများ ကျင့်ကြံနေကြလဲမသိဘူး။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက ရှနင်းချန် တန်ခိုးရှင်ဒုတိယအဆင့်ကို ထပ်ချိုးဖျက်သွားတယ်တဲ့။ သူတို့ အကြောင်း တွေးရင် တကယ်ကို ရူးချင်လာတယ်”
“အဲ့ဒါက သူတို့ အရည်အချင်းပဲဟာကို။ ငါတို့ ပိုကြိုးစားနေဖို့ပဲ လိုတာ။ သူတို့ကို အမှီလိုက်ဖို့ မကြိုးစားနဲ့။ အရမ်းကြီး မကျန်ခဲ့အောင်ပဲ ကြိုးစား” ချူရီမန်က နှစ်သိမ့်ပေးလိုက်၏။
“ဒီလို ဖြစ်နေတာတောင် စိတ်ဓါတ်မကျဘဲ နေနိုင်တဲ့ အစ်မချူကိုတော့ တကယ် လေးစားသွားပြီ” ဟူကျောင်းအာက ချူရီမန်အား လေးစားတကြီး ကြည့်ရင်း ပြောလိုက်လေသည်။
ချူရီမန်က ပြုံးလျက် ပြောလိုက်လေသည် “ထုန်းရွှမ်လောကကြီးကို စွန့်ခွာပြီး သူနဲ့ လိုက်လာဖို့ ဆုံးဖြတ်လိုက်ကတည်းက ဒီလောက်တော့ လုပ်နိုင်ရမှာပေါ့။ ဒီလောက်လေးမှ မတောင့်ခံနိုင်ရင် ထုန်းရွှမ်လောကကြီးမှာပဲ နေခဲ့မှာပေါ့။ အဲ့မှာဆို ငါတို့က အရှင်သခင်တွေပဲ။ ဘယ်သူမှ ငါတို့ကို လာယှဉ်နိုင်တာ မဟုတ်ဘူး။ ဒါပေမယ့် အဲ့လိုနေရာကို စွန့်ခွာပြီး ဘာလို့ သူ့နောက် လိုက်လာခဲ့တာလဲ။ တိုးတက်ချင်လို့ မဟုတ်ဘူးလား။ တိုးတက်ချင်တယ် ဆိုမှတော့ ဘယ်လို အခက်အခဲနဲ့ပဲကြုံကြုံ ဆက်ပြီး ကြိုးစားနေမှ ဖြစ်မှာပေါ့၊ မဟုတ်ဘူးလား”
ဟူကျောင်းအာနှင့် ဟူမေးအာတို့ အချင်းချင်း ကြည့်လိုက်ပြီး အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်လိုက်ကြလေသည်။
“ကဲကဲ။။ အဲ့အကြောင်း မပြာနဲ့တော့။ ငါနဲ့လိုက်ခဲ့တော့။ အခုအချိန်က မျိုးနွယ်စုသုံးခုက လူငယ်တွေနဲ့ လက်ရည်ဖလှယ်ဖို့ အချိန်ပဲ။ ဒီလို အဆက်မပြတ် ပြိုင်ဆိုင်နေမှပဲ ငါတို့ တကယ် တိုးတက်လာနိုင်မှာ” ချူရီမန်က ထရပ်လိုက်ပြီး ညီအစ်နှစ်ဦးကို လက်ယပ်ခေါ်လိုက်လေသည်။
ဟူကျောင်းအာနှင့် ဟူမေးအာတို့ နှစ်ဦးစလုံး သူမနောက်သို့ အလျင်အမြန် လိုက်သွားကြလေသည်။
……
ကမ္ဘာငယ်လေးအတွင်း ရန်ကိုင် နေထိုင်ခဲ့သည့် နေ့ရက်များသည် အလွန်ကိုမှ ငြိမ်းချမ်းပေသည်။ ဤအတိုင်း ဆက်သွားနေခဲ့ရာ မကြာမီ နောက်ထပ်တစ်နှစ် ကုန်ဆုံးသွားခဲ့လေသည်။
တစ်နေ့တွင်၊ ရန်ကိုင်သည် စုယန်နှင့် လက်ဝါးချင်းကပ်လျက် ကျင့်ကြံနေစဉ်၊ ရုတ်တရက် မျက်လုံးပွင့်လာခဲ့လေသည်။
“ဘာဖြစ်လို့လဲ” စုယန်ကလည်း မျက်လုံးဖွင့်၍ မေးလိုက်၏။
“ရောက်ပြီနဲ့တူတယ်” ရန်ကိုင်က ပြုံးလျက် ပြောလိုက်သည်။
“ရောက်ပြီလား” စုယန်လည်း အံ့အားသင့်သွားခဲ့ပြီး “တော်တော်ဝေးတာပဲ”
“ဟုတ်တယ်။ အရိပ်ကြယ်က အတော်လေး ချောင်ကျတယ်။ ဒီတန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောကြောင့်သာ မဟုတ်ရင် ဒီကို လာလို့တောင် ရမှာမဟုတ်ဘူး။ သွားကြည့်ရအောင်”
“အင်း၊ နင်းချန်ကိုလည်း ခေါ်လိုက်ဦး”
ရှနင်းချန်ကိုပါ ခေါ်ပြီးနောက်တွင် ရန်ကိုင်တို့ သုံးယောက် ကြယ်သင်္ဘာပေါ်သို့ ထွက်လာခဲ့ကြသည်။
ကြယ်သင်္ဘောထဲသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် တပည့် တစ်ဦးက ရန်ကိုင်အား ချက်ချင်း လာတင်ပြလေသည် “ဂိုဏ်းချုပ်၊ အရိပ်ကြယ်ကို ပြန်ရောက်ပါပြီ”
ထိုတပည့်သည် အတော်လေး စိတ်လှုပ်ရှားနေခဲ့လေသည်။
ထုန်းရွှမ်လောကကြီးမှ ကျင့်ကြံသူများနှင့် မတူသည်ကား ထိုတပည့်သည် အရိပ်ကြယ်တွင် မွေးဖွားခဲ့သည် အရိပ်ကြယ်ဖွား ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ အရိပ်ကြယ်မှ ထွက်လာသည်မှာ ရှစ်နှစ်ခန့်လောက် ရှိနေပြီ ဖြစ်သည့်အတွက် ထိုတပည့် သူ့မွေးရပ်မြေကို လွမ်းနေသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။
“ဒါဆို ဆင်းကြတာပေါ့”
ထို့နောက်တွင် ကြယ်သင်္ဘောသည် ကျင့်ကြံရေးကြယ်ပေါ်သို့ စတင် ဆင်းသက်တော့လေသည်။ ဆယ့်ငါးမိနစ်အတွင်း ကြယ်သင်္ဘောသည် အရိပ်ကြယ်၏ လေထုထဲသို့ စတင် ဝင်ရောက်လာခဲ့လေသည်။
ရန်ကိုင်သည် ကြယ်သင်္ဘောအား ထိုနေရာတွင် ရပ်ခိုင်းလိုက်ပြီး စုယန်နှင့် ရှနင်းချန်ကို ခေါ်ကာ ကြယ်သင်္ဘောကို ကမ္ဘာငယ်လေးထဲသို့ ထည့်၍ ကြယ်လွန်းပျံကိုစီးကာ ခရီးဆက်ခဲ့၏။
တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောသည် အတော်လေးကိုမှ မြင်သာလွန်းသည်။ လောလောဆယ် အများအာရုံစိုက်မည်ကို မလိုလားသဖြင့် ရန်ကိုင်သည် ကြယ်သင်္ဘောကို သိမ်းပြီး ကြယ်လွန်းပျံဖြင့်သာ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။
အရိပ်ကြယ်ပေါ်သို့ ရောက်ပြီး ဤကြယ်၏ သိပ်သည်းလှသော မိုးမြေစွမ်းအင်ကို ခံစားမိပြီးနောက် စုယန်နှင့် ရှနင်းချန်တို့ နှစ်ဦးစလုံး အတော်လေး အံ့အားသင့်သွားခဲ့ကြသည်။
“ဂျူနီယာမောင်လေး၊ အောက်က ဘာမြို့ကြီးလဲ။ အကြီးကြီးပဲ” ရှနင်းချန်က အနားရှိ မြို့တစ်မြို့ကို ညွှန်ပြရင်း မေးလိုက်သည်။
“ငါလည်း သေချာမသိဘူး” ရန်ကိုင်က ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ခေါင်းကုတ်လိုက်သည်။ အရိပ်ကြယ်ပေါ်တွင် အချိန် အတော်ကြာအောင် နေခဲ့သော်ငြား အရိပ်ကြယ်တစ်ခုလုံးသည် အတော်လေးကိုမှ ကြီးလှသဖြင့် တစ်ချက်ကြည့်ရုံဖြင့် မြို့တိုင်းကို သူမမှတ်မိချေ။
ထိုအခြင်းအရာကိုမြင်သော် ရှနင်းချန်သည် ပြုံးသာပြုံးလိုက်ပြီး ဘာမှထပ်မေးမနေတော့ချေ။
“အို…” သို့သော် မြို့အပြင်ဘက်ကို သေချာ စစ်ဆေးပြီးနောက် ရန်ကိုင်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ရယ်မောလျက် “အခုအဲ့မြို့ ဘာမြို့လဲ ငါမှတ်မိပြီ”
“ဘာမြို့လဲ”
“ကောင်းကင်ကံကြမ္မာမြို့တော်ပဲ” ရန်ကိုင်က အောက်ဘက်ကို လက်ညိုးပြလိုက်ပြီး “အဲ့ဘက်ကို ကြည့်လိုက်၊ တောင်လေးတစ်လုံးကို တွေ့လား။ ငါအရိပ်ကြယ်ပေါ်ကို ရောက်တုန်းက အဲ့နေရာမှာ အရင်ဆုံး အခြေချခဲ့တာ။ အဲ့တုန်းက အဲ့နေရာကို နဂါးလိုဏ်ဂူတောင်လို့ ခေါ်ကြတယ်။ ဒါပေမယ့် နောက်ပိုင်း အခြားလူတွေ ဝိုင်းတိုက်တာ ခံရလို့ ပြန်တိုက်ရင်း တောင်တစ်ခုလုံး ပျက်စီးသွားတော့ အခုလက်ရှိ အထက် စကြာဝဠာဂိုဏ်း ရှိနေတဲ့နေရာကို ပြောင်းလိုက်ရတာ”
စုယန်နှင့် ရှနင်းချန်တို့သည်လည်း ရန်ကိုင် ညွှန်ပြသည့် တောင်လေးဆီသို့ လှမ်းကြည့်လိုက်လေသည်။
“ဂျူနီယာမောင်လေးက ဒီနေရာနဲ့ တော်တော် ရေစက်ပါတာပဲနော်” စုယန်က ပြောလိုက်သည်။
အရိပ်ကြယ်ပေါ်သို့ ရန်ကိုင် ပထမဆုံးအကြိမ် ရောက်လာစဉ်က ဤနေရာသို့ ရောက်ခဲ့သည်။ ယခု အရိပ်ကြယ်မှ ထွက်သွားပြီး ပြန်လာသည့် အခါတွင်လည်း ဤနေရာသို့သာ အရင် ပြန်ရောက်လာခဲ့၏။
“ဟုတ်တယ်။ သွားကြမယ်။ အဲ့က မြို့သခင်နဲ့ငါနဲ့ တော်တော်လေး ရင်းနှီးတယ်။ အဲ့မြို့က ဟင်းလင်းပြင်အစီအရင်ကို သုံးပြီးတော့ပဲ သွားကြတာပေါ့” ရန်ကိုင်က ရှနင်းချန်၊ စုယန်တို့နှင့် အတူ အောက်သို့ ဆင်းသွားလိုက်လေသည်။
ကောင်းကင်ကံကြမ္မာမြို့တော်၏ မြို့သခင်မှာ ဖေးကျီတု ဖြစ်ပေသည်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီးနောက်၌ သူ့ကျင့်ကြံခြင်း လျှောကျသွားသည့် အတွက်ကြောင့် ရန်ကိုင်နောက်သို့ မလိုက်ခဲ့ဘဲ အရိပ်ကြယ်ပေါ်တွင် နေရစ်ခဲ့ခြင်း ဖြစ်ပေသည်။
ရှစ်နှစ်ခန့် ကြာပြီးနောက်တွင် ဖေးကျီတု၏ ကျင့်ကြံခြင်း မည်သည့် အဆင့်သို့များ ပြန်ရောက်နေမလဲ ရန်ကိုင် တွေးကြည့်မိလိုက်၏။
သွားနေရင်းနှင့်မှ မကြာမီတွင် အနီးအနားတစ်နေရာဆီမှ ပြင်းထန်သော စွမ်းအင်လှိုင်းတို့ ပေါက်ကွဲထွက်လာသည်ကို ရန်ကိုင်တို့ အာရုံခံမိလိုက်ကြသည်။
“ဂျူနီယာမောင်လေး၊ အဲ့ဘက်မှာ တစ်ယောက်ယောက် တိုက်ခိုက်နေတဲ့ပုံပဲ” စုယန်က လက်ညိုးထိုး ညွှန်ပြရင်း ပြောလိုက်သည်။
ရန်ကိုင်လည်း စုယန် ညွှန်ပြဘက်သို့ လှည့်ကြည့်လိုက်ပြီးနောက်၊ ချက်ချင်းကို ကြောင်သွားခဲ့လေသည်။
“ဘယ်လိုလုပ်ပြီး သူတို့ ဖြစ်နေတာလဲ”
တိုက်ပွဲဖြစ်နေသည့် နေရာသည် သူတို့နှင့် အတော်လေး ဝေးသော်ငြား တိုက်ခိုက်နေသည့်လူများကို ရန်ကိုင် အသေအချာ မြင်ရပေသည်။
တိုက်ခိုက်နေသည့်လူများမှာ အရိပ်လခန်းမ၏ ထိပ်တန်းတပည့် နှစ်ဦး ဖြစ်ကြသော ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ ဖြစ်ပေသည်။
နှစ်ဦးစလုံးသည် တန်ခိုးရှင်ပထမအဆင့်များသာ ဖြစ်ကြသော်ငြား သာမန် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများထက် အဆများစွာ ပိုမို အားကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်ကြပေသည်။
သို့သော်ငြား သူတို့၏ ရန်သူများမှာ သူတို့ထက်ပင် ပို၍ အားကောင်းနေပေသည်။
လက်ရှိတွင် သူတို့နှင့် တိုက်ခိုက်နေသည့်လူများမှာ တန်ခိုးရှင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးမှ ခေါင်ဆောင်သည် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ ထိုအဖွဲ့ထဲတွင် တန်ခိုးရှင်အဆင့် ဆယ်ယောက်ကျော် ပါဝင်ပေသည်။ ထိုကဲ့သို့သော အဖွဲ့တစ်ဖွဲ့၏ ဝိုင်းထားခြင်း ခံရသည့် အတွက် ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့မှာ လုံးဝ မလွတ်မြောက်နိုင် ဖြစ်နေခဲ့သည်။
သို့သော်လည်း ဝေကုချန်းတို့ တိုက်ခိုက်ခံနေရသည်ကို ကြည့်ရင်း ရန်ကိုင် လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့သည်။
တိုက်ပွဲ ဖြစ်နေသည့်နေရာမှာ အရိပ်လခန်းမ၏ စီမံကွပ်ကဲမှု အောက်တွင် ရှိသည့် ကောင်းကင်ကံကြမ္မာမြို့တော် အနီးတွင် ဖြစ်သည်။ ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့သည် အရိပ်လခန်းမ၏ အနာဂတ်ထောက်တိုင်းများ ဖြစ်ကြသည်။ ထိုကဲ့သို့ လူနှစ်ဦးကို အရိပ်လခန်းမအနီးတွင် မည်သူကများ တိုက်ခိုက်ရဲရသနည်း။
အရိပ်ကြယ်မှ သူထွက်သွားသည့် အချိန်အတောအတွင်း ဤနေရာ၌ အဖြစ်အပျက် အကြီးကြီးတစ်ခု ဖြစ်သွားခဲ့ပြီမှန်း ရန်ကိုင် ချက်ချင်း နားလည်သွားလိုက်သည်။
“နင်သူတို့ကို သိတာလား” စုယန်က မေးလိုက်သည်။
“ဟုတ်တယ်။ တစ်ချက်သွားကြည့်ရအောင်” ရန်ကိုင်က စုယန်နဲ့ ရှနင်းချန်တို့ကို ဦးဆောင်၍ တိုက်ပွဲ ဖြစ်နေသည့် နေရာဆီသို့ ပျံသန်းသွားလေသည်။
မိုင်တစ်ရာခန့်အကွာတွင်၊ ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့သည် တန်ခိုးရှင်အဆင့် ပညာရှင်ငါးဦးနှင့် တိုက်ခိုက်နေခဲ့သည်။
နှစ်ဦးစလုံးမှာ လက်ရွေးစင်များ ဖြစ်ကြသော်လည်း အရေအတွက် အလွန်ကိုမှ မမျှသည့်အတွက် တစ်ဖက်သတ် ဖိနှိပ်ခံနေခဲ့ရသည်။ ထို့အပြင် တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့ရသည့်အလား သူတို့၏ သူတော်စင်ချီ အရှိန်အဝါမှာ အတော့်ကိုမှ အားနည်းနေခဲ့သည်။
ဝေကုချန်း၏ ခေါင်းထက်တွင် ဝဲနေသော လခြမ်းပုံစံ မှော်ရတနာကို တစ်ဖက်ရန်သူများ လန့်နေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် တိုက်ပွဲမှာ အစောကြီးကတည်းက ပြီးနေလောက်ပေပြီ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၆၉)
ဝေကုချန်း၏ လခြမ်းကွေးပုံစံ မှော်ရတနာမှာ အလွန်ကိုမှ အားကောင်းသော်လည်း စွမ်းအားလည်း အလွန်စားပေသည်။ ထိုလခြမ်းကွေးပုံစံ မှော်ရတနာကို အသုံးပြုနိုင်ရန်အတွက် သူတော်စင်ချီများစွာကို ဝေကုချန်း အသုံးပြုခဲ့ရသည်။ ထို့ကြောင့် တိုက်ပွဲအတွင်းတွင် သူတော်စင်ချီကို ပြန်လည် ဖြည့်တင်းနိုင်ရန် အတွက် ဆေးလုံးများကိုလည်း သောက်သုံးနေခဲ့ရသည်။ သို့သော် ပြန်ပြည့်သည့်နှုန်းသည် ကုန်ဆုံးနေသည့်နှုန်းကို လိုက်မမှီနိုင် ဖြစ်နေခဲ့သည့်အတွက် ဝေကုချန်း၏ သူတော်စင်ချီ အရှိန်အဝါမှာ တဖြည်းဖြည်း အားနည်းလာနေခဲ့ရလေသည်။
ဝေကုချန်းတို့ကို ဝိုင်းရံထားသော တန်ခိုးရှင်အဆင့် ငါးဦးသည် သူ့တို့အား မဆင်မခြင် ပြေးဝင်မတိုက်ခိုက်ဘဲ ခမ်းလှမ်းလှမ်းမှ ခွာ၍သာ ဝေကုချန်းတို့အား တဖြည်းဖြည်း အားကုန်လာအောင် တွန်းအားပေးနေခဲ့သည်။
တိုက်ပွဲဖြစ်နေရာနှင့် မနီးမဝေးတွင် တစ်နေရာတွင် တန်ခိုးရှင် တတိယအဆင့်တစ်ဦး ရှိနေခဲ့သည်။ ထိုကျင့်ကြံသည် ဝေကုချန်းအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း လက်နောက်ပစ်၍ လှမ်းလှမ်းပြီး အော်ပြောနေခဲ့လေသည် “ဂိုဏ်းတူတူလေးဝေ၊ ငွေလကြေးမုံကို ပေးလိုက်တာနဲ့ မင်းတို့ကို အသက်ရှင်ခွင့်ပေးမယ်လို့ ငါပြောပြီးသွားပြီလေ။ မင်းဘာလို့ ဒီလောက်တောင် ခေါင်းမာချင်နေရဝါလဲ”
“ထွီ” ဝေကုချန်းက အထင်တသေးဖြင့် တံတွေးထွေးထုတ်လိုက်၏။ ထို့နောက် ရွံရှာစက်ဆုပ်သည့် အကြည့်ဖြင့် “ရှဲ့ချန်၊ ခင်ဗျားလို့ လူတစ်ယောက်ကို အရိပ်လခန်းမရဲ့ အကြီးအကဲတစ်ဦလို့ ခေါ်ခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုတောင် ပြန်သနားချင်မိလာပြီ။ ခင်ဗျားလို သေမှာကိုကြောက်လို့ အပြင်လူတွေနဲ့ ပူးပေါင်းပြီး ဂိုဏ်းကို ပြန်ဖျက်စီးတဲ့ ငကြောက်တစ်ကောင်က ဘယ်လိုများ အကြီးအကဲ တစ်ဦးဖြစ်လာလဲ မသိဘူး။ ဒါပေမယ့် ခင်ဗျား သူတို့နဲ့ ပူးပေါင်းသွားတယ် ဆိုရင်တောင် နောက်လိုက်ခွေး တစ်ကောင်ထက် ဘာမှပိုလာမှာ မဟုတ်ဘူး… ငွေလကြေးမုံကို လိုချင်တာလား၊ ကိုယ်တိုင်လာယူလိုက်လေ၊ အနောက်ကနေ ငကြောက်တစ်ယောက်လို ထိုင်အော်မနေနဲ့”
ရှဲ့ချန်မျက်နှာ ရုတ်ချည်း အေးစက်သွားခဲ့လေသည်။
သို့သော်လည်း ဝေကုချန်းတို့အား ပြေးဝင် မတိုက်ခိုက်ဘဲ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်း၍သာ ပြန်ပြောလိုက်လေသည် “တူလေးဝေ၊ မင်းက ပါရမီရှင်တစ်ယောက်ဆိုတာ မှန်တယ်။ ဒါပေမယ့် လူတော်တစ်ယောက်ဖြစ်ဖို့ ပါရမီကောင်းရုံနဲ့ မရဘူးကွ။ အခြေအနေ အချိန်အခါကိုလည်း နားလည်တတ်ရတယ်။ လူတော် တစ်ယောက် ဖြစ်ချင်ရင် အခြေအနေ အချိန်အခါကို လိုက်ပြီး ငြိမ်ခံသင့်ရင် ငြိမ်ခံတတ်ရတယ်ကွ။ အမြဲတမ်း မောက်မာနေလို့ မရဘူး။ အခု အရိပ်ကြယ်မှာ အုပ်စိုးသူတစ်ပါးပဲ ရှိတော့တယ်။ အရင်က အားကောင်းလှပါတယ်ဆိုတဲ့ ဂိုဏ်းတွေ အကုန်လုံး ဘာမှမဟုတ်တော့ဘူး။ ဒါပေမယ့် မင်းက ငယ်သေးတာဆိုတော့ ငါမင်းကို အပြစ်မတင်ဘူး။ ငွေလကြေးမုံကိုသာ ပေးလိုက်၊ ငါမင်းကို အသက်ရှင်ခွင့်ပေးမယ်။ မင်းငြင်းချင်လည်း ငြင်းလို့ရတယ်… ဒါပေမယ့် မင်းစဉ်းစားကြည့်ဖူးလား။ မင်းကိုယ်တိုင်က သေမှာကို မကြောက်ဘူး ဆိုပေမယ့် ရွှမ်းအာကကော။ သူက အခုမှ ငယ်ငယ်လေးပဲ ရှိသေးတာ။ သူ့ကိုပါ မင်းနဲ့အတူ တစ်ခါတည်း သေတွင်းထဲ ဆွဲခေါ်သွားချင်လို့လား”
ထိုစကားကို ကြားလိုက်ချိန် ဝေကုချန်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့လေသည်။ တိုက်ခိုက်နေရင်း တုန်ရွှမ်းအား ဘက်သို့လည်း လှည့်ကြည့်မိလိုက်သည်။
ဝေကုချန်း၏ အကြည့်ကို သတိပြုမိသော် တုန်ရွှမ်းအာက ပြန်အော်ပြောလိုက်လေသည် “စီနီယာအစ်ကို၊ သူပြောတာတွေကို နားထောင်မနေနဲ့။ သူစီနီယာအစ်ကို တိုက်ပွဲကို အာရုံ မစိုက်နိုင်အောင် လုပ်နေတာ။ ကျွန်မ စီနီယာအစ်ကိုနဲ့ အတူ သေရမယ် ဆိုရင်တောင် ကျေနပ်တယ်။ ဘာမှမဖြစ်ဘူး။ ဒါပေမယ့် သူ့လက်ထဲကို ငွေလကြေးမုံ လုံးဝ ထည့်ပေးလို့ မဖြစ်ဘူး”
“ရွှမ်းအာ…”’ ဝေကုချန်းက ရေရွတ်လိုက်၏။
ထိုစဉ် ရှဲ့ချန်၏ မျက်ဝန်းထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး လက်ထိပ်တွင် သူတော်စင်ချီကို စုစည်းလျက် ဝေကုချန်းဆီသို့ လှမ်းပစ်လိုက်လေသည်။
ထိုအလင်းတန်းသည် ဝေကုချန်း သတိလျော့ပေါ့နေသည်ကို အခွင့်ကောင်းယူကာ ဝေကုချန်း၏ ရင်ဘတ်သို့ တိုးဝင်သွားလေ၏။ ထိုတိုက်ကွက်ကြောင့် ဝေကုချန်း နောက်သို့ လွင့်ထွက်သွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရလေသည်။
“စီနီယာအစ်ကို” တုန်းရွှမ်အား အလန့်တကြား ထအော်လေသည်။
ရှဲ့ချန်၏ ဝေကုချန်းတိုအား ကြမ်းကြုတ်စွာ စိုက်ကြည့်ရင်း အကျယ်ကြီး အော်ရယ်မောလိုက်လေသည် “ခွေးကောင်လေး၊ ဒါငါ့ကို လာအံတုတဲ့ အကျိုးကျေးဇူးပဲ။ အခု မင်းဘယ်လို ပြန်တိုက်ဦးမလဲ ကြည့်ရသေးတာပေါ့။ သူ့ကို သတ်ကြစမ်း”
“ခွေးကောင်” သူအလစ်ချောင်း တိုက်ခိုက်ခံလိုက်ရသည်ကို မြင်သော် ဝေကုချန်း ရှဲ့ချန်အား အော်ဆဲတော့လေသည်။ လက်ရှိတွင် ဝေကုချန်း၏ သူတော်စင်ချီမှာ ပရမ်းပတာ ဖြစ်နေသဖြင့် ငွေလကြေးမုံကို အသက် မသွင်းနိုင်တော့လေရာ ငွေလကြေးမုံမှာလည်း မှိန်ကျသွားခဲ့လေသည်။
တုန်းရွှမ်အားဆီသို့လည်း တန်ခိုးရှင်အဆင့် ကျင့်ကြံသူနှစ်ယောက် ပြေးဝင်သွားနေလေသည်။ သို့သော် တုန်းရွှမ်းအားသည် သေရမည်ကို ဂရုမစိုက်သည့်အလား၊ ဝေကုချန်းကိုသာ ပြုံး၍ ကြည့်လိုက်သည်။
ဝေကုချန်းသည် တုန်ရွှမ်းအားဆီသို့ လက်လှမ်းလိုက်၏။ တုန်ရွှမ်းအာသည်လည်း လက်ပြန်လှမ်းလိုက်လေ၏။
နှစ်ဦးသား၏ လက်ဝါးများ ပူးကပ်သွားခဲ့လေသည်။ တစ်ယောက်ကို တစ်ယောက် တင်းကြပ်စက် ပွေ့ဖက်လိုက်ပြီး မျက်လုံးပိတ်ကာ ရောက်လာတော့မည့်အရာကို စောင့်ကြိုနေလိုက်တော့သည်။
သို့သော်လည်း သူတို့ စောင့်မျှော်နေသည့်အရာသည် အချိန် အတော်ကြာသည်အထိတိုင် ရောက်မလာခဲ့ဘဲ အားကောင်းသော စွမ်းအင်လှိုင်းများနှင့် နာကျင်စွာ အော်ဟစ်သံတို့သာ ထွက်ပေါ်လာသဖြင့် ဝေကုချန်း မျက်လုံးမှောင်ကြုတ်သွားပြီး မယုံသင်္ကာဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ့အား ပြုံးပြနေသော ရင်းနှီးနေသည့် လူတစ်ယောက်ကို မြင်လိုက်ရလေသည်။
ထိုလူကို မြင်မြင်ချင်း ဝေကုချန်း မျက်လုံးပြူးသွားခဲ့လေသည်။ သူများ အမြင်တွေမှားနေသလား အထင်ဖြင့် မျက်လုံးကို လက်ဖြင့် ပွတ်၍ နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သော်ငြား ထိုလူကိုသာ မြင်နေရသဖြင့် ဝေကုချန်းက လှမ်းအော်မေးမိလိုက်လေ၏ “အစ်ကိုရန်လား”
သူ့ဘေးတွင် ရပ်နေသည့်လူသည် ရန်ကိုင်မှလွဲ၍ အခြားမ ဟုတ်ချေ။
ဝေကုချန်း ရင်ခုန်စိတ်လှုပ်ရှားလာခဲ့သည်။
ရန်ကိုင်သည် လွန်ခဲ့သော ရှစ်နှစ်ခန့်က တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောနှင့်အတူ အရိပ်ကြယ်မှ ထွက်ခွာသွားခဲ့သည်။ ထိုအကြောင်းကို ဖေးကျီတု ပြန်ပြောရင်းမှ သိခဲ့ရခြင်း ဖြစ်သည်။
ထိုစဉ်က ဖေးကျီတု၏ ကျင့်ကြံခြင်း လျှော့ကျသွားခဲ့သည့် အတွက်ကြောင့် ရန်ကိုင်တို့နှင့်အတူ လိုက်မသွားနိုင်ခဲ့ချေ။ ရန်ကိုင်တို့ ထွက်သွားသည့် ရှစ်နှစ်အတွင်း သူတို့နှင့် ပက်သက်သည့် ဘာသတင်းအစအနမှ မရခဲ့ချေ။ ထို့ကြောင့် သူတို့ ဘာတွေဖြစ်နေလဲ၊ ကြယ်စီရင်စုကြီးထဲ အောင်အောင်မြင်မြင် ရောက်သွားလား မည်သူမှ မသိရ။
သို့သော်လည်း ယနေ့၊ သူတို့ သေရတော့မည့် အချိန်တွင် ရန်ကိုင်သည် မှော်ဆန်ဆန် ပြန်ပေါ်လာပြီး သူတို့ အသက်ကို ကယ်ပေးသွားခဲ့သည်။
ရန်ကိုင် ပြန်ရောက်လာပြီဆိုတော့ အကြီးအကဲချင်းကော ဝေကုချန်းသည် လှည့်ပတ်ကြည့်လိုက်သော်လည်း ရန်ကိုင်နှင့်အတူ မိန်းမလှလေးနှစ်ဦးကိုသာ တွေ့ခဲ့ရပြီး အကြီးအကဲချင်းကိုတော့ မတွေ့ခဲ့ရချေ။
ဝေကုချန်း ရင်ထိတ်သွားခဲ့သည်။
“စိတ်ပူမနေနဲ့၊ အကြီးအကဲချင်း အဆင်ပြေတယ်” ဝေကုချန်း၏ အမူအရာကို မြင်သော် သူဘာကို စိတ်ပူနေမှန်း ရန်ကိုင် သိလိုက်သည်။ ထို့ကြောင့် စိတ်မပူရန် ပြောလိုက်ပြီးနောက် “မတွေ့ရတာ ရှစ်နှစ်တောင် ရှိနေပြီ။ ဒီရှစ်နှစ်အတွင်း… အစ်ကိုဝေ အတော်လေး အဆင်ပြေနေတဲ့ ပုံပဲနော်”
ရန်ကိုင်၏ ပြောင်ချော်ချော် လေသံကိုကြားသော် ဝေကုချန်း ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။ ထို့နောက် သွားပေါ်အောင် ပြုံးဖြီးလျက် “အစ်ကိုရန် ဒီဝေကို လာနောက်နေတာလား”
“ဘယ်က နောက်ရမှာလဲ”
“စီနီယာအစ်ကို… ကျွန်မကို လွှတ်ပေးတော့လေ” တုန်ရွှမ်းအားက တိုးတိုးလေး ပြောလိုက်သည်။
ထိုအခါမှပဲ သူတုန်ရွှမ်းအားကို ပွေ့ဖက်ထားနေသေးမှန်း ဝေကုချန်း သတိရသွားခဲ့လေသည်။
သို့သော်လည်း သစ်ခွနံ့တို့ သင်းထုံနေသည့် ကိုယ်သင်းရနံ့လေးတို့ စွဲကပ်နေသော ထိုပျော့အိအိ ခန္ဓာကိုယ်လေးကို လွှတ်ပေးဖို့ရာ တုန့်ဆိုင်းနေမိခဲ့သည်။
သူတို့နှစ်ဦး ချစ်ကြိုက်လာသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သော်လည်း တစ်ခါမှ ပူးပူးကပ်ကပ် မနေခဲ့ဖူးချေ။ ယခုကဲ့သို့ သေရတော့မည့် အခိုက်အတန့်နှင့် ကြုံရသည့် အခါမှသာ ရှက်ကြောက်စိတ်တို့ကို လွှင့်ပစ်လိုက်ပြီး စိတ်ထဲရှိသည့်အတိုင်း လုပ်ပစ်လိုက်ကြခြင်း ဖြစ်သည်။
တုန်ရွှမ်းအာကို လွှတ်ပေးပြီးနောက် ဝေကုချန်းက ခေါင်းညိတ်၍ “ရှက်စရာတွေတော့ ဖြစ်ကုန်ပါပြီ”
တုန်ရွှမ်းအာသည်လည်း ရှက်နေသည့်အတွက် ခေါင်းကိုသာ တောက်လျှောက် ငုံ့ထားခဲ့လေသည်။
စုယန်နှင့် ရှနင်းချန်တို့နှစ်ဦး အဓိပ္ပါယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
“ဘာရှက်စရာဖြစ်ရမှာလဲ။ အစ်ကိုဝေနဲ့ ညီမတုန်တို့ အချစ်ကို အခုလို ဖော်ပြနိုင်တာမျိုးက ဂုဏ်ယူစရာတောင် ဖြစ်ဦးမှာ” ရန်ကိုင်က ထိုသို့ ပြောလိုက်ပြီးနောက် ရုတ်တရက် ဘေးဘက်သို့ လှမ်းကြည့်၍ မေးလိုက်လေသည် “ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။ ငါထွက်သွားနေတုန်း အရိပ်လခန်းမမှာ ကိစ္စကြီးကြီးမားမား ဖြစ်သွားတာလား”
ထိုစကားကို ကြားသည့်အခါ ဝေကုချန်း၏မျက်နှာ အေးစက်သွားပြီး “အရိပ်လခန်းမတင် မဟုတ်ဘူး။ အရိပ်ကြယ် တစ်ခုလုံးပါ ဇောက်ထိုးမိုးမျှော် ဖြစ်သွားတာ။ အကုန်လုံးကိုတော့ အချိန်တိုအတွင်း ရှင်းပြလို့ရမှာမဟုတ်ဘူး။ ဒါပေမယ့် အခု မင်းမြင်နေတဲ့ အဲ့လူက အရင်တုန်းက ငါတို့ အရိပ်လခန်းမရဲ့ အကြီးအကဲတစ်ဦးပဲ။ ဒါပေမယ့် အခုတော့ ဂိုဏ်းကို သစ္စာဖောက်ပြီး ရန်သူတွေနဲ့ ပူးပေါင်းသွားပြီ။ ဂိုဏ်းချုပ်ကို သတ်ပြီး မြိုသခင်ဖေးကိုလည်း အကျဉ်းချထားသေးတယ်”
“မင်းတို့ဂိုဏ်ချုပ် သေသွားပြီလား၊ မြို့သခင်ဖေးလည်း အကျဉ်းထားခံရတယ်ပေါ့” ရန်ကိုင် ကြောင်သွားခဲ့လေသည်။
“ဟုတ်တယ်”
“ခွေးကောင်လေး၊ မင်းပါလား” ရှဲ့ချန်သည် ရန်ကိုင်အား မုန်းတီးစွာ စိုက်ကြည့်ရင်း ညစ်ကျယ်ကျယ်ပြုံးလျက် အော်ပြောလေသည် “ငါ့မှာတော့ မင်းကို တောက်လျှောက် လိုက်ရှာနေခဲ့တာ။ မင်းဘာသာ ငါ့ရှေ့ ပေါ်လာမယ်လို့ မထင်ထားဘူး။ ကောင်းတယ်။ ဒီနေ့ မင်းကိုသတ်ပြီး ငါ့ကလန်သားတွေအတွက် ပြန်ပြီး လက်စားချေပေးရတာပေါ့”
“ကျုပ်ခင်ဗျားကို သိလို့လား” ရန်ကိုင်က ထိုလူအား သံသအကြည့်ဖြင့် ကြည့်လျက် မေးလိုက်သည်။
ရှဲ့ချန်က ပြန်မေးလိုက်၏ “လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက မင်းကြောင့် သေသွားတဲ့ ရှဲ့လီနဲ့ ရှဲ့ဟုန်ဝမ်တို့ကို မှတ်မိသေးလား”
“ရှဲ့လီ၊ ရှဲ့ဟုန်ဝမ်” ရန်ကိုင်သည် ခဏမျှ မျက်မှောင်ကြုတ် စဉ်းစားနေပြီးနောက် “သဲမီးတောက်နယ်မြေထဲကို လူတွေ ခေါ်လာပြီး ကျုပ်ကို သတ်ဖို့လုပ်တဲ့ ဟိုကောင်လေးနဲ့ သူ့အဖေကို ပြောတာလား”
“ဟုတ်တယ်”
“ခင်ဗျားက သူတို့နဲ့ ဘယ်လို ပက်သက်တာလဲ”
“ရှဲ့လီက ငါ့အစ်ကို၊ ရှဲ့ဟုန်ဝမ်က ငါ့တူပဲ။ ဒီနေ့ သူတို့ကို သတ်ခဲ့တဲ့အတွက် မင်းပြန်သေရပြီသာမှတ်။ ခွေးကောင်လေး၊ မင်းဘာပြောချင်သေးလဲ” ရှဲ့ချန်သည် အံကြိတ်၍ ရန်ကိုင်အား မုန်းတီးစွာ စိုက်ကြည့်နေလေသည်။
ရန်ကိုင်က လှောင်ပြုံးပြုံး၍သာ “အဲ့နှစ်ယောက် သေသွားတာ၊ သူတို့ဘာသာ အသုံးမကျလို့ သေသွားတာလေ။ ဘာတွေ ကျုပ်ကို လာပြီး အပြစ်တင်နေတာလဲ”
“ခွေးကောင်လေး၊ ကောင်းပြီလေ။ မင်းက အဲ့လိုတွေးမှတော့ ဒီနေ့ မင်းသေရတာ မင်းသောက်သုံးမကျတာကြောင့်လို့ပဲ မှတ်လိုက်ပေါ့” ရှဲ့ချန်က သွေးရူးသွေးတန်း အော်ပြောလိုက်သည်။
သို့သော် ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့်သာ ခေါင်းခါရမ်း၍ “ခွေးအိုကြီး၊ ခင်ဗျား မှားနေပြီ။ ဒီနေ့ သေရမှာ ကျုပ်မဟုတ်ဘူး။ ခင်ဗျားပဲ”
ထိုစကားကို ကြားသည့်အခါ ရှဲ့ချန်သည် ပြက်လုံးတစ်ခုကို ကြားလိုက်သည့်အလား အော်ဟစ်ရယ်မောလျက် “ကောင်လေး၊ မင်းက လျှာအရိုးမရှိတိုင်း ပြောချင်ရာ လျှောက်ပြောတတ်တဲ့ ကောင်ပါလားကွ။ တော်ပြီ။ မင်းရဲ့ မဟုတ်တရုတ် စကားတွေကို ဒီလူအိုကြီး နားထောင်မနေတော့ဘူး”
“ခင်ဗျား နားထောင်ထောင်၊ မထောင်ထောင် ဘယ်သူက ဂရုစိုက်နေမှာမို့လို့လဲ။ ခင်ဗျားကို ဘယ်သူမှ အတင်း နားထောင်မနေခိုင်းဘူး။ ဒါပေမယ့် အခုကိစ္စက အရိပ်လခန်းမရဲ့ ကိစ္စဆိုတော့ အကြီးအကဲချင်လက်ထဲ အပ်လိုက်တာပဲ ကောင်းပါတယ်” ရန်ကိုင်သည် ရှဲ့ချန်နှင့် စကား ဆက်ပြောမနေတော့ဘဲ ကမ္ဘာငယ်လေးထဲသို့ ကောင်းကင်စိတ်အာရုံ ပို့လွှတ်၍ ချင်းတုန်ကို ဆက်သွယ်လိုက်၏။
“အကြီးအကဲချင်း…” ထိုစကားကို ကြားသည့်အခါ ဝေကုချန်း ဝမ်းသာ၊ စိတ်လှုပ်ရှားလာပြီး ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရင်း မေးလိုက်လေသည် “အကြီးအကဲချင်း ဘယ်မှာလဲ”
“ဆရာလည်း ဒီရောက်နေတာလား” တုန်ရွှမ်းအာ အံ့အားသင်သွား၏။
“ဟုတ်တယ်” ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ သူ့ရှေ့တွင် ထူးဆန်းသော ဝဲကတော့တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
ဝဲကတော့ဆီသို့ လှမ်းကြည့်လိုက်ရာ ထိုဝဲကတော့အတွင်းမှ ပုံရိပ်တစ်ခု လမ်းလျှောက်ထွက်လာသည်ကို ဝေကုချန်းနှင့် ချင်းတုန်တို့ မြင်တွေ့လိုက်ရလေသည်။
“ဘာကြီးလဲ” ထူးဆန်းသော ဝဲကတော့ကြီးကို ကြည့်ရင်း ရှဲ့ချန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ချင်းတုန် ထိုထဲမှ မည်ကဲ့သို့ လမ်းလျှောက်ထွက်လာမှန်း သူမစဉ်းစားတတ်နိုင်အောင် ဖြစ်နေခဲ့သည်။
မကြာမီ ရှဲ့ချန်၏ အကြည့်သည် ချင်းတုန်ဆီသို့ ရောက်ရှိသွားခဲ့သည်။ တစ်ချိန်တည်းတွင် သူ့မျက်နှာထက် ကြောက်လန့်ရိပ်တို့ စတင် ထွက်ပေါ်လာခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၇၀)
ချင်းတုန်သည် အရိပ်လခန်းမတွင် နာမည်ကျော်ကြားသည့် အကြီးအကဲချုပ်တစ်ဦး ဖြစ်သည်။ ဂိုဏ်းချုပ်မှ တံခါးပိတ်ကျင်စဉ် ဝင်နေသည့် အချိန်အတောအတွင်း အရိပ်လခန်းမ၏ ဝေယျာဝစ္စ ကိစ္စအသီးသီးကို ဆောင်ရွက်ပေးခဲ့သူမှာ ချင်းတုန်သာ ဖြစ်သည်။
ထို့အပြင် ချင်းတုန်ကိုယ်တိုင်ကလည်း တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက် သူသည် အရိပ်လခန်းမထဲ၌ အတော့်ကိုမှ အာဏာကြီးသည်ဟု ပြော၍ရသည်။ ထို့ကြောင့် ရှဲ့ချန်သည် ချင်းတုန်အား တကယ်ကို ကြောက်လန့်ပေသည်။
ယခု ချင်းတုန် ပြန်ပေါ်လာသည်ကို မြင်သည့်အခိုက်တွင် ရှဲ့ချန် နောက်သို့ အလိုလို တစ်လှမ်းဆုတ်မိသွားသည်။ သို့သော်လည်း မကြာမီ နောက်ဆက်မဆုတ်တော့ဘဲ ချင်းတုန်အား ခက်ထန်သည့် အမူအရာဖြင့် ပြန်စိုက်ကြည့်လေသည်။
လွန်ခဲ့သော ဆယ်နှစ်ခန့်ကသာဆိုလျှင် သူသည် ချင်းတုန်၏ ပြိုင်ဘက် မဟုတ်လောက်မည် ဖြစ်သော်လည်း လက်ရှိသည် နဂို ဆယ်နှစ်က မဟုတ်တော့။ ယခင်ကဆိုလျှင် သူ့ကျင့်ကြံခြင်းသည် ချင်းတုန်အောက် တစ်ဆင့်နိမ့်ကျသည့်အတွက် ချင်းတုန်အား ကြောက်လန့်နေရမည် ဖြစ်သော်လည်း လက်ရှိ အချိန်တွင်မူ သူ့ကျင့်ကြံခြင်းသည်လည်း တန်ခိုးရှင်တတိယအဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။ ကျင့်ကြံခြင်းအဆင့် တူနေပြီ ဖြစ်လေရာ ချင်းတုန်အား ဘာကြောင့်များ ကြောက်နေစရာ လိုဦးမည်နည်း။
ရှဲ့ချန်စိတ်ထဲ ချင်းတုန်အား ကြောက်လန့်နေခြင်း မရှိတော့ဘဲ ချင်းတုန်နှင့်သာ ပြိုင်ဆိုင်ချင်လာမိသည်။
“အို၊ ငါတို့ အိမ်တောင် ပြန်ရောက်နေပြီလား” ဝဲကတော့ထဲမှ ထွက်လာပြီးနောက် အနီးအနားတွင် ရှိနေသော ကောင်းကင် ကံကြမ္မာ မြို့တော်ကို မြင်လိုက်သည့်အခိုက် ရယ်မောမိလိုက်ပြီး “ဟူး၊ ဟိုထဲမှာ နေရတာ တကယ် ပျင်းဖို့ကောင်းတယ်။ အခုမှပဲ လန်းဆန်းသွားတော့တယ်”
ကမ္ဘာငယ်လေးသည် ငြိမ်ချမ်းပြီး မိုးမြေစွမ်းအင် သိပ်သည်းကြွယ်ဝသော်ငြား ထိုထဲတွင် နေရသည်မှာ အနည်းငယ် မွန်းကြပ်သလို ဖြစ်နေပြီး သိပ်ပြီး နေလို့မကောင်းချေ။
ယခု အချိန်အတော်ကြာပြီးနောက် သူ့မွေးရပ်မြေဆီသို့ ပြန်ရောက်လာသည့်အတွက် ချင်းတုန် အတော်လေး မြူးနေ၏။
“ချန်အာနဲ့ ရွှမ်းအာတို့ပါလား။ မင်းတို့ကိုတောင် မတွေ့ရတာ အတော်လေး ကြာနေပြီပဲ။ မင်းတို့ ငါမရှိတုန်း ကြိုးစားထားကြတာပဲ။ မင်းတို့ နှစ်ယောက်စလုံး တန်ခိုးရှင် ဒုတိယအဆင့် ရောက်ဖို့ သိပ်မလိုတော့ဘူး။ နေပါဦး၊ မင်းတို့ ဘာလို့ ဒဏ်ရာရထားတာလဲ” ချင်းတုန် ရုတ်တရက် မျက်နှာ ပျက်သွားပြီး “မင်းတို့ကို ဘယ်သူ ဒဏ်ရာရအောင် လုပ်တာလဲ”
လက်ရှိ အခြေအနေအကြောင်းကို ချင်းတုန် မသိသေးချေ။
ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့သည် ချင်းတုန်အား ကြောင်ကြည့်နေမိ၏။ အချိန်အတော်ကြာသည်အထိတိုင် အသိ ပြန်မဝင်လာနိုင်ခဲ့ဘဲ နောက်ဆုံးကျမှသာ ချက်ချင်း ဒူးထောက်လိုက်ကြလေသည်။
“အကြီးအကဲချင်း ပေးအပ်ခဲ့တဲ့ အရိပ်လခန်းမကို ကာကွယ်ဖို့ တာဝန်ကို မကျေပြွန်နိုင်ခဲ့တဲ့ တပည့် တောင်းပန်ပါတယ်” ဝေကုချန်းသည် နဖူးနှင့် မြေကြီး ထိကပ်သွားအောင် ဦးညွှတ်၍ အော်ပြောလိုက်သည်။
“တပည့်လည်း အတူတူပါပဲ” တုန်ရွှမ်းအာကလည်း တရှုံ့ရှုံ့နှင့် ငိုကြွေးရင်း ပြောလိုက်လေသည်။
အားကောင်းသော ရန်သူများနှင့်လည်း ရင်ဆိုင်ရ၊ သေခြင်း တရားနှင့်လည်း အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသည့်တိုင် မျက်နှာတစ်ချက် မပျက်သွားသော စီနီယာ၊ ဂျူနီယာနှစ်ဦးသည် ချင်းတုန် ပြန်ရောက်လာသည်ကို မြင်သည်နှင့် သူတို့၏ မိဘကို တစ်ဖန် ပြန်တွေ့လိုက်ရသည့် ကလေးနှစ်ဦးနှယ် ချက်ချင်းကို အော်ဟစ်ငြီးတွားကြလေတော့သည်။
တစ်ခုခု မှားယွင်နေမှန်း သတိပြုမိလိုက်သည့်နောက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ ခပ်လှမ်းလှမ်းတွင် ရပ်နေသော ရှဲ့ချန်ကို သွားတွေ့လေသည်။ ရှဲ့ချန်ကို မြင်လိုက်သည့် အခိုက်တွင်မှာပင် ချင်းတုန် တစ်ခုခုကို သတိပြုမိသွားခဲ့သည်။ သူ့လက်ကို ဝှေ့ရမ်းလျက် ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ ပြန်မတ်တပ်ရပ်စေပြီးနောက်တွင် အလျင်အမြန် ပြောလိုက်လေသည် “အရင်ထပြီး ရှင်ပြဦး၊ အရိပ်လခန်းမမှာ ဘာတွေ ဖြစ်သွားတာလဲ”
ချင်းတုန် မျက်နှာမှာ တည်ငြိမ်နေသော်လည်း သူ့ရင်ထဲ အလွန်ကိုမှ မုန်တိုင်းထန်နေပြီမှန်း အကုန်လုံး နားလည်လိုက်၏။ မုန်တိုင်းမလာခင် လေငြိမ်နေခြင်းသာ ဖြစ်သည်။
“အရိပ်လခန်းမ… ကျဆုံးသွားပြီ အကြီးအကဲချင်း” ဝေကုချန်းက ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။
“ကျဆုံးသွားပြီ” ချင်းတုန် မျက်နှာပျက်သွားပြီး “ဘယ်သူ လုပ်တာလဲ။ သေချာရှင်းပြစမ်း”
ဝေကုချန်းသည်လည်း ချင်းတုန် မရှိသည့် နှစ်အတောအတွင်း အရိပ်လခန်းမ၌ ဖြစ်ပျက်သွားသည့် အကြောင်းအရာများကို သေချာ ရှင်းပြလိုက်လေသည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က၊ အရိပ်ကြယ် တစ်ခုလုံးကို ဇော်ထိုးမိုးမျှော် ဖြစ်သွားစေသည့် အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပျက်သွားခဲ့သည်။ အားကောင်းသော အင်အားစုအသစ်တစ်ခု ရုတ်တရက် ပေါ်လာပြီး အရိပ်ကြယ်ပေါ်တွင် ရှိနေသော ဂိုဏ်းအသီးသီးနှင့် မိသားစုဝင်များကို စတင် ဖိနှိပ်လေသည်။ သူတို့အား အညံ့မခံသည့် အင်အားစုတိုင်း ရက်ရက်စက်စက် သတ်ဖြတ်ခံရသည်။ အရိပ်ကြယ်တစ်ခုလုံး ချောက်ခြားဖွယ်ရာ အမှောင်တွင်းထဲ ကျရောက်သွားသည့်နှယ် ညတွင်းချင်း မြို့ပေါင်းများစွာ ဖျက်စီးခံရပြီး လူအယောက် သန်းနှင့်ချီကာ အသတ်ခံခဲ့သည်။
မကြာမီ ထိုအင်အားစုကြီးသည် အရိပ်လခန်းမဆီသို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့သည်။ ထိုအားကောင်းလှသော အင်အားစုနှင့် အတွေ့တွင် အရိပ်လခန်းမလည်း ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ချေ။
အရိပ်လခန်းမသည် ချင်းတုန် ရှိနေစဉ်ကတည်းက နှစ်ခြမ်း ကွဲနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ချင်းတုန် ရှိနေစဉ်က သူ့အား ကြောက်ကြသည့်အတွက် ကျန်တစ်ဖွဲ့သည် ပြောင်ပြောင်တင်တင် သူ့အား မဆန့်ကျင်ရဲကြချေ။ ချင်းတုန် မရှိတော့သည့်အချိန် ပြင်ပရန်သူကလည်း ဖိအားပေးလာသည့်အခါ အင်အားစု နှစ်ခုကြားမှ အနိုင်အရှုံးမှာ လုံးဝ ကွဲပြားသွားခဲ့ရလေသည်။
အဆုံးတွင် ရှဲ့ချန် ဦးဆောင်သည့် ဘက်ခြမ်းက နိုင်သွားခဲ့သည်။
ရှဲ့ချန်နှင့် သူ့နောက်လိုက်များသည် ဂိုဏ်းချုပ်နှင့် ဂိုဏ်း၏ အဓိက အကြီးအကဲများကို အလစ်ချောင်းသတ်ဖြတ်ခဲ့ကြသဖြင့် အရိပ်လခန်းမ အလွန်ကိုမှ အထိနာသွားခဲ့ရသည်။ ထိုညတွင်ပင် အရိပ်လခန်းမတစ်ခုလုံး ပိုင်ရှင် ပြောင်းလဲသွားခဲ့ပြီး ရှဲ့ချန်သည် ခန်းမသခင် အသစ်ဖြစ်လာခဲ့သည်။ ခန်းမသခင် ဖြစ်လာပြီးသည်နှင့် ရှဲ့ချန်သည် ထိုဆန်းကြယ်သော အင်အားစုဆီ ချက်ချင်း အညံ့ခံလိုက်လေသည်။
ချင်းတုန်ကို အားပေးထောက်ခံ့ခဲ့ကြသော စီနီယာကျင့်ကြံသူ အားလုံးနီးပါး အသတ်ခံလိုက်ရပြီး လက်ရွေးစင် အချို့သည်သာ အရိပ်လခန်းမမှ လွတ်မြောက်ခဲ့သည်။ ဖေးကျီတုသည်လည်း ကောင်းကင်ကံကြမ္မာမြို့တွင် အကျဉ်းချထားခံရလေသည်။
ယခုကဲ့သို့ ဖြစ်ပျက်တော့မည်မှန်း ကြိုသည့်နေသည့်အလား ခန်းမသခင်သည် ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ကို ဆင့်ခေါ်ပြီး ငွေလကြေးမုံကို ယူကာ အရိပ်လခန်းမမှ ထွက်ပြေးရန် အမိန့်ပေးခဲ့လေသည်။
လွန်ခဲ့သော နှစ်လအတွင်း ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့သည် အမြဲတမ်း ပုန်းရှောင်ပြေးလွှားနေခဲ့ကြသည်။
ယနေ့ သူတို့ ပေါ်လာရခြင်းမှာလည်း ဖေးကျီတုအား သတ်တော့မည်ဟု သတင်းကြားလိုက်သည့်အတွက် လာကယ်ရန် ထွက်လာကြခြင်း ဖြစ်သည်။
ထောင်ချောက်တစ်ခုမှန်း သိနေသော်လည်း ဖေးကျီတုအား ဤအတိုင်း အသေမခံနိုင်သည့်အတွက် ထွက်လာခဲ့ခြင်း ဖြစ်သည်။
“ခန်းမသခင် သေသွားပြီလား။ ဖေးအိုကြီးလည်း အကျဉ်း ချထားခံရတာလား” ချင်းတုန် မျက်နှာတစ်ပြင်လည်း တိမ်မည်းများ အုံ့ဆိုင်းလာသည့်နှယ် မည်းမှောင်သွားခဲ့သည်။
“အထက်စကြာဝဠာဂိုဏ်းကော” ရန်ကိုင်က ဝင်မေးလိုက်လေသည် “အရိပ်လခန်းမ ဒုက္ခရောက်နေတာကို အထက်စကြာဝဠာဂိုဏ်းက ဝင်မကူညီပေးဘူးလား”
အထက်စကြာဝဠာဂိုဏ်းသာ ဘာမှမလုပ်ဘဲ ရပ်ကြည့်နေခဲ့လျှင် ရန်ကိုင် အတော်လေး စိတ်ပျက်နေမိပေလိမ့်မည်။
သူဒုက္ခရောက်စဉ်က ချင်းတုန်နှင့် ဖေးကျီတုသည် သူ့အား အမြဲ ကူညီပေးခဲ့သည်။ ဖေးကျီတု၏ ကျင့်ကြံခြင်း လျော့ကျသွားရခြင်းမှာလည်း ရန်ကိုင်နှင့် ပက်သက်နေပေသည်။
သို့သော်ငြား သေချာ စဉ်းစားကြည့်လိုက်ပြန်သည့် အခါတွင်လည်း အထက်စကြာဝဠာဂိုဏ်း တစ်ခုလုံးကို ရီရှီယွင်မှ အုပ်ချုပ်နေရာ သူမသာ အရိပ်လခန်းမ ဒုက္ခရောက်နေမှန်းသာ သိခဲ့ပါက ဘာမှ မကူညီဘဲ ရပ်ကြည့်နေလိမ့်မည် မဟုတ်ချေ။
“အထက်စကြာဝဠာဂိုဏ်းလည်း ကူညီပေးတယ်။ အရိပ်လခန်မးက လွတ်သွားတဲ့ တပည့်တွေ အထက်စကြဝဠာဂိုဏ်းမှာ သွားပုန်းနေတာ။ ပြီးတော့ ကူညီပေးဖို့ဆိုပြီး တန်ခိုးရှင်တတိယ အဆင့် ပညာရှင်တွေ အများကြီးကိုလည်း အကြီးအကဲချုပ် ပို့ပေးလိုက်သေးတယ်။ ဒါပေမယ့်…”
“ဒါပေမယ့် ဘာဖြစ်လဲ”
“သူတို့လည်း မနိုင်ဘူး ဒါကြောင့် နည်းနည်း သေသွားပြီးတာနဲ့ ပြန်ဆုတ်သွားရော”
“ဘယ်လို” ရန်ကိုင် လုံးဝကို ထိတ်လန့်သွားခဲ့လေသည်။
ချင်းတုန်သည်ပင် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
အထက်စကြဝဠာဂိုဏ်းမှ စေလွှတ်လိုက်သည့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများသည် ကြယ်ဧကရာဇ်တောင်မှား ပညာရှင်များ ဖြစ်ကြပေသည်။ ထိုလူများသည် အရိပ်ကြယ်ပေါ်တွင် အားအကောင်းဆုံး ကျင့်ကြံသူများ ဖြစ်ကြလေရာ တစ်ဖက် အင်အားစု မည်မျှ အားကောင်းနေ၍များ သူတို့ထဲမှ လူအချို့ပင် ပြန်ဆုတ်ချိန်မရဘဲ သေသွားခဲ့ရသနည်း။
အရိပ်လခန်းမတွင် ထိုသို့သော စွမ်းအားမရှိချေ။
“အလောင်းဝိဥာဉ်ဂိုဏ်းတော်ဘက်က အရမ်း လူများလွန်းတယ်။ ဖွတ်သပ်လို့ကို မကုန်နိုင်အောင်ပဲ။ ပြီးတော့ သူတို့ဘက်မှာ တန်ခိုးရှင်ဘုရင်အဆင့် လေးဦး ရှိနေသေးတယ်။ အထက် စကြာဝဠာဂိုဏ်းက စေလွှတ်လိုက်တဲ့ ပညာရှင်တွေကို သတ်သွားတာလည်း အဲ့တန်ခိုးရှင်ဘုရင်အဆင့် လေးဦးထဲက တစ်ဦးပဲ” ဝေကုချန်းက ရှင်းပြလိုက်သည်။
အလောင်းဝိဥာဉ်ဂိုဏ်းတော်သည် အသစ်ထွက်ပေါ်လာသည့် အင်အားစုအသစ်၏ နာမည် ဖြစ်ပေသည်။
“မဖြစ်နိုင်ဘူး” ချင်းတုန်က ယတိပြတ် ငြင်းဆိုလိုက်သည်။
ရန်ကိုင်သည်လည်း အင်အားသင့်နေခဲ့သည်။
အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင်ဘုရင်အဆင့် ပေါ်လာသည်လည်း။ ထို့အပြင် တစ်ဦးတည်းပင် မဟုတ်၊ လေးဦးပင်။ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။
လောကကြီးမှ ဖိနှိပ်ထားလေရာ မည်သူကများ တန်ခိုးရှင်ဘုရင် အဆင့်သို့ ချိုးဖျက်တက်ရောက်နိုင်မည်နည်း။ ထို့ကြောင့်သာ မဟုတ်လျှင် ချင်းတုန်နှင့် အခြားသူများ ရန်ကိုင် နောက်သို့ အလုပ်ရှုပ်ခံပြီး လိုက်ခဲ့မည် မဟုတ်ချေ။
ယခု ဝေကုချန်းမှ အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူလေးဦး ပေါ်လာသည်ဟု ပြောနေသည်မှာ သိပ်ပြီး လက်ခံချင်စရာမကောင်းချေ။
“တပည့်လည်း ကောလဟာလတွေတစ်ဆင့် သိထားတာဆိုတော့ တကယ် ဟုတ်မဟုတ်တော့ သေချာမသိဘူး” ဝေကုချန်းက ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး ပြောလိုက်လေသည် “အကြီးအကဲချုပ်ရီ ဆိုရင်တော့ သိလောက်တယ်”
“ဘာလို့လဲ” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။
“အကြီးအကဲချုပ်ကိုယ်တိုင်တောင် အဲ့လေးဦးထဲက နှစ်ဦးနဲ့တွေ့ပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားလို့ အထက်စကြာဝဠာဂိုဏ်းဆီ ပြန်ဆုတ်သွားရသေးတယ်”
ရီရှီယွင် ဒဏ်ရာရသွားသည်လား။
သတင်းဆိုးပင်။
သို့သော် ရန်ကိုင်နှင့် ချင်းတုန်တို့ နှစ်ဦးစလုံး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဝေကုချန်း ပြောသည့် ထိုသတင်းမှ အကြောင်းအရာအချို့ကို သူတို့ ဖမ်းဆုပ်မိလိုက်ကြသည်။
တန်ခိုးရှင်ဘုရင်အဆင့်လေးဦး ရှိသည်ဆိုသော ကောလဟာလမှာ အမှားကြီး ဖြစ်သည်။ သူတို့သာ တကယ့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသာ ဖြစ်ခဲ့ပါက ရီရှီယွင် ပြန်ဆုတ်ချိန်ပင် မရှိဘဲ တိုက်ပွဲ ဖြစ်သည့်နေရာတွင်ပင် တစ်ခါတည်း သေသွားရပေလိမ့်မည်။ တန်ခိုးရှင်ဘုရင်အဆင့် တစ်ဦးတည်းနှင့်ပင် ရီရှီယွင်ကို အသာလေး သတ်နိုင်လေရာ နှစ်ယောက်ပေါင်း ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။
သို့သော်ငြား နှစ်ယောက် ရင်ဆိုင်ခဲ့ရသည့်တိုင် ရီရှီယွင်သည် ဒဏ်ရာ ကြီးကြီးမားမားသာ ရသွားခဲ့ပြီး အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။
ကံမကောင်းစွာဖြင့် ရန်သူ၏ ခွန်အားကိုလည်း သွားအထင်သေး၍ မရချေ။ ရီရှီယွင်သည် တန်ခိုးရှင်တတိယအဆင့်၏ အကန့်အသတ်သို့ ရောက်နေသူတစ်ဦး ဖြစ်သည်။ သူမသာ အရိပ်ကြယ်မှ မထွက်ခွာသေးချင်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူမကိုယ်တိုင်သည်လည်း တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦဂ ဖြစ်နေလောက်ပေပြီ။ ရီရှီယွင်ကိုပင် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရအောင် လုပ်နိုင်သည်ကို ကြည့်လျှင် သူမအား တိုက်ခိုက်သွားသည့် လူနှစ်ဦးမှာလည်း သူမနှင့် အဆင့်တူတွင် မရှိလျှင် သူမထက်ပင် ပိုအားကောင်းနိုင်ပေသည်။
ထိုအလောင်းဝိဥာဉ်ဂိုဏ်းတော်ကကော ဘာကြီးနည်း။ ယခုမှသာ ဘာကြောင့် ကိုယ်ထင် ပြလာကြသနည်း။
“အထက်စကြာဝဠာဂိုစ်းကိုတော့ အစ်ကိုရန် စိတ်ပူနေစရာ မလိုဘူး။ အခုလောလောဆယ် အရိပ်ကြယ်တစ်ခုလုံးမှာ အဲ့တစ်နေရာမှာပဲ လုံခြုံတော့တာ။ ကျန်တဲ့ နေရာတွေ အကုန်လုံး ဘယ်နေရာမှာမှ မလုံခြုံတော့ဘူး။ အထက်စကြဝဠာဂိုဏ်းကို ပတ်ပတ်လည်ကနေ ဝိုင်းထားပေမယ့် ဘယ်သူမှ အဲ့နေရာကို မတိုက်ခိုက်နိုင်သေးဘူး” ဝေကုချန်းက ပြောလိုက်သည်။
“ငါသိတယ်”
အထက်စကြာဝဠာဂိုဏ်း၏ လုံခြုံရေးကို ရန်ကိုင် စိတ်မပူချေ။ အထက်စကြဝဠာဂိုဏ်းအား ဧကရာဖ်မှော်ရတနာတစ်ခုဖြစ်သော နေသုံးစင်းမီးလက်စွပ်များမှာ ဝိုင်းရံထားလေရာ တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် လာတိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။
“အညံ့မခံချင်တဲ့ လူတွေအကုန်လုံး အထက်စကြာဝဠာဂိုဏ်းဆီ ထွက်ပြေးကြပေမယ့်လည်း…” ဝေကုချန်းက သက်ပြင်းချလိုက်၏။
သူနှင့် တုန်ရွှမ်းအာသည်လည်း အစပိုင်းတွင် အထက်စကြာဝဠာဂိုဏ်း၌ သွားပုန်းရန် လုပ်ခဲ့သော်လည်း အထက် စကြာဝဠာဂိုဏ်း တစ်ဂိုဏ်းလုံးကို ရန်သူများမှ ပတ်ပတ်လည် ဝိုင်းထားသဖြင့် ထိုနေရာသို့ မသွားနိုင်ခဲ့ဘဲ အပြင်ဘက်တွင်သာ ပတ်ပုန်းနေခဲ့ရသည်။
“မင်တို့ စကားပြောတာ ပြီးပြီလား” ရုတ်တရက် အေးစက်စက် အသံတစ်သံ ထွက်လာခဲ့သည်။
ရှဲ့ချန်ပင်…
ရှဲ့ချန်ပင် ချင်းတုန်တို့ စကားပြောနေသည်ကို ကြည့်သာ ကြည့်နေပြီး တစ်ချက်ကလေးမှ ဝင်မရှုပ်ခဲ့ချေ။ တိုက်လည်း မတိုက်ခိုက်ခဲ့ချေ။ ဝေကုချန်း ပြောပြနေသည်ကို ဇိမ်ပြေနပြေဖြင့်သာ ရပ်ကြည့်နေခဲ့သည်။
ချင်းတုန်သည် ရှဲ့ချန်အား ဓါးတစ်စင်းနှယ် ထက်ရှသည့် အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
ချင်းတုန်၏ အကြည့်ကို မြင်လိုက်ချိန် ရှဲ့ချန် ရင်တုန်သွားခဲ့၏။ သို့သော် သူ့စိတ်ကို ချက်ချင်း ပြန်ငြိမ်အောင် လုပ်လိုက်ပြီး လှောင်ပြုံးပြုံးလျက် “အကြီးအကဲချုပ် မတွေ့ရတာတောင် ကြာပြီနော်”
“ရှဲ့ချန်” ချင်းတုန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် “အရင်တုန်းက ငါအရမ်း ကြင်နာခဲ့လွန်းသွားတယ်နဲ့ တူတယ်နော်။ အဲ့တုန်းက ငါတို့အကုန်လုံးက တစ်ဂိုဏ်းတည်းသားတွေပဲဆိုပြီး မင်းတို့ ရှဲ့မိသားစု ပုန်ကန်တုန်းက လွှတ်ပေးခဲ့လိုက်တာ။ ဒါပေမယ့် အဲ့လို လွှတ်ပေးလိုက်လို့ အခုလိုတွေ ဖြစ်လာမယ်လို့ ဘယ်သူ ထင်ထားခဲ့မှာလဲ။ ငါမင်းတို့ကို တကယ် မလွှတ်ပေးလိုက်သင့်ဘူး”
“ဟားဟားဟား” ရှဲ့ချန်က ရူးသွပ်စွာ ရယ်မောလျက် “ချင်းတုန်၊ ခင်ဗျားက သေရတော့မှာကိုတောင် ပေါက်တိပေါက်ရှာတွေ ပြောနေနိုင်သေးတယ်။ ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေတာလဲ။ အရင်တုန်းက ခင်ဗျားကို ကျုပ်ကြောက်ခဲ့တာ မှန်တယ်။ ဒါပေမယ့် အခုတော့ မတူတော့ဘူး။ ဒီလူအိုကြီး ကိုယ်တိုင်ကလည်း တန်ခိုးရှင် တတိယအဆင့်ကို ရောက်နေပြီကွ။ မင်းငါ့ပြိုင်ဘက် မဟုတ်တော့ဘူး။ ချင်တုန်း၊ မင်အရင်တုန်းက ဂိုဏ်းအတွက် လုပ်ပေးခဲ့တာတွေကို ထောက်ထားပြီး ငါမင်းကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ အလောင်းဝိဥာဉ်ဂိုဏ်းတော်ကို အညံ့ခံလိုက်။ ဒါဆို မင်းရဲ့ အကြီးအကဲချုပ်ရာထူးကို ပြန်ပေးပြီး အရင်အတိုင်း ဆက်နေခိုင်းမယ်”
ချင်းတုန်သည် သနားစရာ ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသည့်နှယ် ရှဲ့ချန်အား ထူးမခြားနားဟန်ဖြင့်သာ စိုက်ကြည့်နေခဲ့သည်။
ရန်ကိုင်သည်လည်း ရှဲ့ချန် ပြောနေသည်ကို နားထောင်ရင်း ပြုံးစိပြုံးစိ ဖြစ်နေခဲ့သည်။
ရှဲ့ချန်သည် တန်ခိုးရှင်တတိယအဆင့်သို့ မနှစ်တစ်နှစ်က ရောက်လာခြင်း ဖြစ်သော်လည်း တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေသော ချင်းတုန်ကို သွားစိန်ခေါ်နေသည်။ ထိုလူသည် သေခြင်းတရာကို တကယ် မသိသည့်လူ ဖြစ်သည်။