အခန်း (၁၆၉၁-၁၆၉၅)
Vol. 68 Ch. 1691-1695
အပိုင်း (၁၆၉၁)
ရန်ကိုင်၏ အစီအစဉ်ကို ချင်းတုန်လည်း သဘောတူ လက်ခံခဲ့ပေသည်။
စစ်သည်တစ်ထောင်၏ စိတ်ဓါတ်ကို ချိုးနှိမ်လိုလျှင် သူတို့၏ ခေါင်းဆောင် ဗိုလ်ချုပ်အား သတ်ပစ်ရမည်ဟူသော အဓိပ္ပါယ်ကို ချင်းတုန်လည်း နားလည်ပေသည်။ အလောင်းဝိဥာဉ်ဂိုဏ်းသည် အဆက်မပြတ် ကြီးထွားလာနေခဲ့ရာ ယခုဆိုလျှင် ၎င်းတို့ ဂိုဏ်းဝင် အဖွဲ့သား အရေအတွက်မှာ အလွန်ကိုမှ များပြားနေခဲ့လေပြီ။ ထိုလူအားလုံးကို ဤအတိုင်း သွားသတ်ပစ်ဖို့ရာ အတော့်ကိုမှ ခဲယဉ်းပေသည်။ ထို့ကြောင့် သူတို့၏ ဂိုဏ်းချုပ်အား အရင်ဦးစွာ သတ်ပစ်ခြင်းသည် ပို၍ ကောင်းပေသည်။
ချင်းတုန်သည်လည်း အရိပ်လခန်းမအား ထိန်းချုပ်ပြီးနိုင်သည့် အချိန်မှစ၍ အလောင်းဝိဥာဉ်ဂိုဏ်းအား အဆက်မပြတ် လေ့လာစစ်ဆေးနေခဲ့ပြီး စစ်ဆေးမှုအားလုံးသည် အဆုံးတွင် သင်္ချိုင်းတောင်ကြားကိုသာ ဦးတည်နေလေသည်။ ထိုနေရာသည် အလောင်းဝိဥာဉ်ဂိုဏ်း ကြီးထွားလာသည့် နေရာဆိုသည်မှာ သံသယ ရှိစရာ မလိုချေ။
အစကမူ အလောင်းဝိဥာဉ်ဂိုဏ်းအကြောင်း သိရအောင် သင်္ချိုင်းတောင်ကြားကို သွားစစ်ဆေးကြည့်လျှင် ကောင်းမည်လား စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ ယခု ရန်ကိုင်ကပါ ထိုနေရာသို့ သွားမည့်အကြောင်း ပြောလာသည့် အခါတွင်တော့ ချင်းတုန်လည်း တုန့်ဆိုင်းမနေတော့ချေ။ ချက်ချင်းပဲ ရန်ကိုင်နှင့်အတူ အထက်စကြာဝဠာဂိုဏ်းမှ သင်္ချိုင်းတောင်ကြားဆီသို့ ခရီး ထွက်လာခဲ့လေသည်။
ယခုတစ်ကြိမ်ခရီးတွင် ရန်ကိုင်သည် အခြား မည်သူ့ကိုမှ ခေါ်မလာခဲ့ဘဲ ချင်းတုန်ကိုသာ ခေါ်ဆောင်လာခဲ့ပေသည်။ စုယန်ကိုပင် ခေါ်မလာခဲ့ချေ။
ချင်းတုန်သည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေပြီ ဖြစ်သည့်အတွက် သူသွားသည့်နှုန်းမှာ အတော်လေးကိုမှ မြန်ပေသည်။ သို့ရာတွင် ရန်ကိုင်၏ ကျင့်ကြံခြင်းမှာ ချင်းတုန်လောက် မြင့်မားခြင်း မရှိသော်ငြား လေဟာနယ်တာအိုကို နားလည်ထားသည့်အတွက် သူ့အလျင်သည် ချင်းတုန်ထက်ပင် သိသိသာသာ ပိုမြန်နေလေသည်။
ဆယ်ရက်အတွင်း သင်္ချိုင်းတောင်ကြားဆီသို့ ရန်ကိုင်နှင့် ချင်းတုန်တို့ ရောက်လာခဲ့သည်။
ယန်ယန်နှင့်အတူ ဤနေရာသို့ လာခဲ့စဉ်က သင်္ချိုင်းတောင်ကြား၏ ယင်ချီသည် အတော့်ကိုမှ သိပ်သည်းလှသဖြင့် ဝင်လာသူတိုင်းကို စိတ်မသက်မသာ ဖြစ်စေသော်ငြား သည်းခံနိုင်သည့် အဆင့်တွင်တော့ ရှိနေပေသေးသည်။
သို့ရာတွင် ယခုမူ ဤနေရာသို့ ရောက်လာပြီးနောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင်နှင့် ချင်းတုန်တို့ နှစ်ဦးစလုံး မျက်မှောင်ကြုတ်မိသွားကြသည်။
လက်ရှိအချိန်တွင် သင်္ချိုင်းတောင်ကြားတစ်ခုလုံးကို အလွန် ထူထည်းထားသော မြူခိုးထုကြီးတစ်ခုမှ လွှမ်းခြုံထား၏။ ထိုမြူခိုးထုကြောင့် အထဲတွင် ဘာဖြစ်နေလဲ ဆိုသည်ကိုပင် လှမ်းမမြင်နိုင်တော့ချေ။ ထို့အပြင် ထိုမြူခိုးထုထဲတွင် အေးစက်သည့် ယင်ချီသာလျှင်မဟုတ်ဘဲ အဆိပ်ရှိသည့် အလောင်းချီတို့ပါ ကိန်းအောင်းနေလေသည်။
သက်ရှိူတစ်ယောက်သာ ဤနေရာသို့ ဝင်လာပါက အလောင်းချီ၏ တိုက်စားမှုဒဏ်ကြောင့် တစ်ခဏအတွင်း အလောင်းဝိဥာဉ်မျိုးနွယ် တစ်ဦး အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ လှုပ်ရှားသွားလာနေသော သိပ်သည်းလှသည့် အလောင်းချီ အရှိန်အဝါများစွာကို အာရုံခံမိလိုက်လေသည်။
ထိုအရှိန်အဝါများသည် အလောင်းဝိဥာဉ်မျိုးနွယ်စုဝင်များ ဖြစ်ကြပေသည်။
အပြင်ဖျားပိုင်းတွင်ပင် အလောင်းဝိဥာဉ် တစ်ထောင်လောက် ရှိနေခဲ့ရာ အတွင်းပိုင်းတွင်ဆိုလျှင် မည်မျှပင် များလိုက်မည်နည်း။
“လူခွဲသွားကြရအောင် ရန်ကိုင်၊ အလောင်းဝိဥာဉ်ဂိုဏ်းချုပ်ကို တွေ့ရင် ငါ့ကို ချက်ချင်း လှမ်းအကြောင်းကြားလိုက်။ ငါဟိုကောင်တွေကို သွားစမ်းကြည့်လိုက်ဦးမယ်” ထိုသို့ ပြောပြီးနောက် ချင်းတုန်သည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် မြူခိုးထုထဲသို့ တိုးဝင်သွားလေသည်။ သူ့အဟုန်ကြောင့် သူသွားသည့် လမ်းကြောင်း တစ်လျှောက် စွတ်ကြောင်းရာကြီး ကျန်ရစ်ခဲ့လေသည်။
ချင်းတုန်သည် သူ့နယ်ပယ်ကိုပါ တစ်ခါတည်း ဖြန့်ကျက်သွား၏။ နယ်ပယ်စက်ကွင်းအတွင်း ရှိနေသော လေပွေများသည် ဆယ်မိုင် အတွင်းတွင် ရှိနေသော အလောင်းဝိဥာဉ်များကို ဆွဲယူကာ တစ်စစီ ဖျက်စီးပစ်လေသည်။
ချင်းတုန်သည် ပုန်းလျှိုးကွယ်လျှိုး လုပ်ရန် မစဉ်းစားဘဲ ပေါ်ပေါ်ထင်ထင် ပြေးဝင်သွားခဲ့လေသည်။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် ပြုံးမိသွားခဲ့သည်။
ချင်းတုန်သည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေပြီ ဖြစ်သည့် အတွက် အရိပ်ကြယ်ပေါ်ရှိ မည်သူမှ သူ့ပြိုင်ဘက် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် ထိုကဲ့သို့ ရဲရဲတင်းတင်း လုပ်ရဲခြင်း ဖြစ်သည်။
ထိုသို့ လုပ်လိုက်သည့်အတွက် ကောင်းသည့် တစ်ချက် ရှိပေသည်။ အလောင်းဝိဥာဉ်အားလုံးသည် ချင်းတုန်ကို အာရုံစိုက်သွားမည် ဖြစ်သဖြင့် ရန်ကိုင်အဖို့ ဤနေရာသို့ အလောင်းဝိဥာဉ်များ သတိမပြုမိအောင် ဝင်ရောက်ရာတွင် ပို၍ လွယ်ကူသွားပေသည်။
ဤသည်မှာ သူတို့၏ အကြံအစဉ် ဖြစ်ပေသည်။
မူလက ဟိုတစ်စဒီတစ်စ ပြန့်ကျဲနေသော အလောင်းဝိဥာဉ်အားလုံး တစ်ခဏအတွင်း ချင်းတုန်၏ အပြတ်ရှင်းပစ်ခြင်း ခံလိုက်ရသည်။ တန်ခိုးရှင်ဘုရင်အဆင့် ဆိုသည့်အတိုင်းပင်။ ချင်းတုန်သည် ထိုနေရာတွင် ရပ်တန့်မနေဘဲ တောင်ကြား အတွင်းပိုင်းထဲသို့ ဆက်လက် ပျံသန်းသွားခဲ့လေသည်။
ချင်းတုန်သည် အလောင်းဝိဥာဉ်များအား အာရုံစိုက်အောင် လုပ်နေချိန် ရန်ကိုင်သည် သင်္ချိုင်းတောင်ကြားထဲသို့ မည်သည့် အလောင်းဝိဥာဉ်မှ သတိမပြုမိအောင် ခိုးဝင်သွားခဲ့သည်။
ထို့သော သူမှတ်မိသည့် လမ်းကြောင်းအတိုင်း သင်္ချိုင်းတောင်ကြား၏ အတွင်းပိုင်ဆီသို့ ဦးတည် သွားလိုက်၏။
အလောင်းဝိဥာဉ်ဂိုဏ်း၏ ဠာနချုပ်သည် မြေအောက်စမ်းချောင်း ရှိသည့်နေရာတွင် တည်ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင် အနေဖြင့် အလောင်းဝိဥာဉ်ဂိုဏ်းကို ဖျက်စီးပစ်လိုလျှင် ထိုအရာကို အရင်ဦးစွာ ဖျက်စီးရပေမည်။ မြေအောက်စမ်းချောင်းသာ ရှိနေလျှင် အလောင်းဝိဥာဉ်များက သူဘယ်လောက်ပင်သတ်သတ် အသစ်အသစ်သော အလောင်းဝိဥာဉ်များ ထပ်မံ ဖြစ်ပေါ်လာပေလိမ့်မည်။ ထိုအရာကိုမူ ဖျက်စီးလိုက်နိုင်လျှင်တော့ အလောင်းဝိဥာဉ်များသည် အမြစ်မရှိသည့် အပင်များ ဖြစ်ကုန်မည် ဖြစ်ကာ သူတို့အား ရှင်းပစ်ရသည်မှာလည်း ပို၍ လွယ်ကူသွားပေလိမ့်မည်။
တဝုန်းဝုန်းမြည်သံများနှင့် သူမကြားဖူးသည့် အသံများ အဆက်မပြတ် ထွက်ပေါ်လာနေခဲ့သည်။ ထိုအသံများသည် ချင်းတုန် တိုက်ခိုက်နေသည့် အလောင်းဝိဥာဉ်များ၏ အသံများ ဖြစ်ပေသည်။ တိုက်ပွဲအား ကိုယ်တိုင် မမြင်ရသော်ငြား ချင်းတုန်သည် တစ်ဖက်သတ် သတ်ဖြတ်ပွဲကို ဆင်နွှဲနေမှန်း ရန်ကိုင် ပြောနိုင်သည်။
နေ့ဝက်ကြာပြီးနောက် အလောင်းလိုဏ်ဂူဝင်ပေါက်ဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။
လမ်းတွင် အလောင်းဝိဥာဉ်အချို့ကို တွေ့ခဲ့သော်ငြား အားလုံးမှာ အားနည်းသူများသာ ဖြစ်ကြသဖြင့် ရန်ကိုင် အနေဖြင့် ထိုအလောင်းဝိဥာဉ်အားလုံးကို အလွယ်တကူ သတ်ပစ်နိုင်ခဲ့၏။
အလောင်းလိုဏ်ဂူဝင်ပေါက်သည် ပြောင်းလဲသွားခြင်း မရှိသလို ဖုံးကွယ်ထားခြင်းလည်း မရှိချေ။ ယခင်ကတော့ အားကောင်းသော အစီအရင်တစ်ခုဖြင့် ဖုံးကွယ်ထားခဲ့သည်။ သို့သော် ယန်ယန်မှ ထိုအစီအစဉ်ကို ဖျက်စီးလိုက်သဖြင့် ယခုအချိန်၌ လိုဏ်ဂူအား ဖုံးကွယ်ပေးနိုင်သည့်အရာ ဘာမှ မရှိတော့ချေ။
အလောင်းလိုဏ်ဂူ ဝင်ပေါက်ဆီမှ အလောင်းချီများ အပြင်သို့ အဆက်မပြတ် စိမ့်ထွက်နေခဲ့သည်။ ဤနေရာရှိ အလောင်းချီ သိပ်သည်းမှုသည် အခြားနေရာများထက် အများကြီး ပိုမို မြင့်မားပေသည်။ ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ အထဲအား တစ်ချက် စစ်ဆေးကြည့်ပြီးနောက်တွင် အထဲသို့ ခုန်ဝင်သွားလေသည်။
ပုံမှန်ဆိုလျှင် အလောင်းလိုဏ်ဂူသည် တိတ်ဆိတ်နေလေ့ ရှိသော်ငြား ချင်းတုန်မှ အပြင်ဘက်တွင် သောင်းကျန်းနေသည့် အတွက် အကူအညီပေးရန်အတွက် လိုဏ်ဂူထဲ၌ ရှိနေသော အလောင်းဝိဥာဉ်များသည် အပြင်သို့ အဆက်မပြတ် ပြေးထွက်နေကြလေသည်။
ရန်ကိုင်သည် အထဲသို့ ဝင်လာပြီးသည်နှင့် အနီးအနားရှိ ကျောက်တုံးခန်း တစ်ခုထဲတွင် ဝင်ပုန်းနေလိုက်သည်။
သူတို့သည် အလောင်းဝိဥာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကို သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည့်အတွက် ဂိုဏ်းချုပ်ဆိုသည့်လူကို မတွေ့ရသေးခင်အထိ သူ့ရှိနေကြောင်း အလောင်းဝိဥာဉ်များ သိသွား၍ မဖြစ်သေးပေ။
အလောင်းဝိဥာဉ်ဂိုဏ်းသားများသည် ရန်ကိုင် ရှိနေသည်ကို သတိမထားမိဘဲ သူ့နားမှ တစ်ဦးတစ်ဦး ဖြတ်သွားကြသည်။ အကုန်လုံး ထွက်သွားပြီးမှသာ ရန်ကိုင်သည် ပုန်းနေရာမှ ထွက်လာပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်၏။
စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင်၏ အမူအရာ အရုပ်ဆိုးသွားခဲ့သည်။
ကျောက်တုံးခန်းထဲတွင် သိပ်ဆည်းထားသော အကောင်းတိုင်း ရှိနေသည့် အလောင်းကောင်များစွာ ရှိနေခဲ့သည်။ အလောင်းချီများသည် ထိုအလောင်းကောင်းများထဲသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်နေခဲ့သည်။ အလောင်းချီများထဲ သိမ်းဆည်းထားသည့် ထိုအလောင်းကောင်များ၏ ခန္ဓာကိုယ်သည် အလောင်းဝိဥာဉ်မျိုးနွယ်ဝင်များ အဖြစ်သို့ တဖြည်းဖြည်းချင်း ပြောင်းလဲလာနေခဲ့လေသည်။
လူသား မဟုတ်တော့ဘဲ အလောင်းဝိဥာဉ်မျိုးနွယ်ဝင် အဖြစ်သို့ ပြောင်းလဲစပြုနေသည့် အလောင်းအချို့ပင် ရှိနေခဲ့သည်။ ထိုအလောင်းများကိုသာ အချိန်နည်းနည်းလောက် ထပ်ပေးလိုက်လျှင် အလောင်းဝိဥာဉ်မျိုးနွယ်ဝင်များ ကျိန်းသေ ဖြစ်လာပေလိမ့်မည်။
ဒီတော့ ဒါက အလောင်းဝိဥာဉ်မျိုးနွယ်တွေ ဖြစ်အောင် သူတို့ လုပ်တဲ့ နည်းပေါ့ ရန်ကိုင် ခေါင်းညိတ်လိုက်၏။
အလောင်းဝိဥာဉ်မျိုးနွယ်ဝင်များသည် လေထဲမှ ဗြုန်းစားကြီး ပေါ်လာခြင်း မဟုတ်ကြဘဲ သူတို့ သိမ်းပိုက်ရရှိသည့် အင်အားစုကြီးများမှ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ဖန်တီးထားခြင်း ဖြစ်ကြသည်။
သေဆုံးသွားသော အလောင်းကောင်များကို အလောင်းလိုဏ်ဂူသို့ ပြန်သယ်လာကြပြီး အလောင်းချီထဲ စိမ်ထားလိုက်ခြင်းဖြင့် အလောင်းဝိဥာဉ်မျိုးနွယ်ဝင်အဖြစ်သို့ ပြောင်းလဲကြ၏။
သို့သော်လည်း ထိုနည်းလမ်းသည် သိပ်မပြည့်စုံသေးချေ။ အခန်းထဲတွင် အလောင်းချီ အရှိန်အဝါ သိပ်မရှိသည့် မပြီးတစ်ဝက် ပြီးတစ်ဝက် အလောင်းများလည်း ရှိနေကြ၏။ ထိုအလောင်းများသည် အလောင်းဝိဥာဉ်မျိုးနွယ်ဝင်များ ဆက်ပြီး ဖြစ်လာနိုင်ကြတော့လိမ်မည် မဟုတ်ကြချေ။
အလောင်းဝိဥာဉ်တစ်ဦး၏ ခွန်အားသည် မသေခင်က သူ၏ ခွန်အားနှင့် တိုက်ခိုက်အချိုးကျပသည်။ အားကောင်းသည့် လူတစ်ယောက်အား အသွင်ပြောင်းခြင်းမှ ဖြစ်ပေါ်လာသည့် အလောင်းဝိဥာဉ်သည် အားနည်းသည့် လူတစ်ဦးအား အသွင်ပြောင်းခြင်းမှ ဖြစ်ပေါ်လာသော အလောင်းဝိဥာဉ်ထက် ပို၍ အားကောင်းနေပေလိမ့်မည်။ ထို့ကြောင့် ကောင်းကင်ကံကြမ္မာမြို့တွင် ဖန်ဖုန်းချီ ဆိုသည့်လူသည် ဖေးကျီတု၏ ခန္ဓာကိုယ်ကို လိုချင်နေခြင်း ဖြစ်သည်။
ဖေးကျီတုသည် အရိပ်ကြယ်ပေါ်ရှိ အားအကောင်းဆုံး ပညာရှင်များ အနက် တစ်ဦးအပါအဝင် ဖြစ်သည်ကိုး။
ဤကျောက်တုံးခန်းထဲတွင် သိုလှောင်ထားသည့် အလောင်းဝိဥာဉ်များ၏ ကျင့်ကြံခြင်းမျာ သိပ်မြင့်မားခြင်း မရှိဘဲ အကုန်လုံးသည် သူတော်စင်ဘုရင်အဆင့်အောက်သာ ရှိကြသေး၏။
ဤအလောင်းဝိဥာဉ်များသည် တိုက်ပွဲအတွင်း ပွန်းကောင်အဖြစ် အသုံးပြုခံရမည့် အလောင်းကောင်များ ဖြစ်ကြသည်။ အလောင်းဝိဥာဉ်ဂိုဏ်း စစ်တပ်၏ အားသာချက်မှာ အရေအတွက် အလွန် များပြားခြင်း ဖြစ်သည်။
သို့သော်ငြား ဤလိုဏ်ဂူထဲတွင် ကျောက်တုံးခန်းပေါင်းများစွာ ထပ်ရှိနေသေး၏။ အတွင်းပိုင်းနားသို့ ရောက်လေလေ၊ ထိုကျောက်တုံးခန်းမထဲရှိ အလောင်းဝိဥာဉ်များမှာလည်း ပို၍ အားကောင်းလာလေပင်။
ရန်ကိုင်သည် အတွင်းပိုင်းသို့ ဆက်ဝင်သွားလိုက်၏။
သူထင်ထားသည့် အတိုင်းပင် အတွင်းပိုင်းထဲ၌ ရှိနေသော ကျောက်တုံးခန်းများထဲရှိ အလောင်းဝိဥာဉ်များ၏ ကျင့်ကြံခြင်းမှာ အပြင်ဘက်တွင် ရှိနေသည့် အလောင်းဝိဥာဉ်များထက် ပိုပြီဂ မြင့်မားပေသည်။ အလောင်းဝိဥာဉ်များ၏ ကျင့်ကြံခြင်းမှာ သူတော်စင်နှင့် သူတော်စင်ဘုရင်အဆင့်မှ တန်ခိုးရှင်အဆင့်သို့ တဖြည်းဖြည်း ပြောင်းလဲလာနေခဲ့ကြ၏။
အရေအတွက်ကလည်း တဖြည်းဖြည်း နည်းလာပေသည်။
လုံးဝ အသွင်ပြောင်းပြီးသွားသည့် အလောင်းဝိဥာဉ်တစ်ဦး ကုန်းရုန်းထလာနေသည်ကိုပင် ရန်ကိုင် မြင်လိုက်သေးသည်။
ရန်ကိုင်သည် မည်သည့် ပြဿနာ မရှာဘဲ အတွင်းပိုင်းသို့သာ ဆက်၍ ဦးတည်သွားနေသည်။ နောက်ဆုံးတွင် ရတနာဂိုဒေါင် အပြင်ဘက်သို့ ရောက်လာခဲ့၏။ အပြင်ဘက်တွင် ရပ်နေစဉ် အတွင်းဘက်သို့ တစ်လှမ်းကြည့်ပြီးနောက် ယဲ့ယဲ့လေးပြုံးလျက် အထဲသို့ လျှောက်ဝင်သွားလေသည်။
ပထမအခန်းနှင့် ဒုတိယအခန်းထဲတွင် တန်ခိုးရှင်အဆင့် ကျင့်ကြံခြင်းအား ပိုင်ဆိုင်ထားကြသော အလောင်းဝိဥာဉ်များ တန်းစီရပ်နေကြသည်။ ရန်ကိုင် ဝင်လာသည်ကို မြင်သော်ငြား အလောင်းဝိဥာဉ်များသည် သူ့အား တိုက်ခိုက်ကြခြင်း မရှိဘဲ တရှီရှီ မြည်သံများသာ ပြုလုပ်နေကြသည်။ ရန်ကိုင်လမ်းကိုလည်း သွားမပိတ်ခဲ့ချေ။ ရန်ကိုင် အထဲသို့ ရောက်လာသည့် အခါမှသာ ဝင်ပေါက်ကို ချက်ချင်း ပိတ်လိုက်ကြသည်။
ရန်ကိုင်သည် တတိယအခန်းသို့ ဆက်လျှောက်ဝင်သွား၏။
တတိယအခန်းကမူ ပထမနှစ်ခန်းနှင့် လုံးဝကို ကွာသွား၏။ အခန်းအား ပြင်ဆင်ထားပုံမှာ အတော်လေးကို သပ်ရပ်၏။ ခမ်းနား၏။ အခန်းတစ်ခုလုံအား လက်သီးဆုပ်အရွယ် အလင်းကျောက်တုံးများစွာဖြင့် ဆင်ယင်တန်တာဆင်ထား၏။
အလယ်ဗဟိုတွင် သုံးမီတာအကျယ်ရှိသော ပူပေါင်း ပလုံစီ ထနေသည့် သုံးမီတာအကျယ်ရှိသော အဝါရောင် ရေကန်လေး တစ်ကန် ရှိနေခဲ့သည်။
ရန်ကိုင်သည် ရေကန်အား ခဏကြာအောင် စိုက်ကြည့်နေ၏။ ဤရေကန်သည် မြေအောက်စမ်းချောင်းဆိုသည့်အရာ ဖြစ်ပေါ်သည်။ ရေကန်ထဲရှိ ရေများမှာလည်း ရေမဟုတ်ဘဲ သိပ်သည်းသန့်စင်လှသည် မြေအောက်စွမ်းအင်များသာ ဖြစ်ကြသည်။ ထိုမြေအောက်စမ်းချောင်းဆီမှ ဟင်းလင်းပြင် စွမ်းအင်လှိုင်းအချို့ ဖြာထွက်နေသည်ကို ရန်ကိုင် အာရုံခံမိလိုက်၏။ ဘာကြောင့် ထိုကဲ့သို့ ဖြစ်နေရသလဲ စဉ်းတော့ စဉ်းစားမိသော်ငြား သိပ်တော့မချေ။
ခေါင်းခါရမ်းလိုက်ပြီးနောက် ရှေ့တည့်တည့်ရှိ ပုလ္လင်ပေါ်တွင် ထိုင်နေသောလူအား မော့ကြည့်လိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၉၂)
ထိုလူသည် ရိုးရှင်းသော အဝတ်အစားကို ဝတ်ဆင်လျက် ထိုင်ခုံပေါ်တွင် ထိုင်နေခဲ့သည်။ သို့သော်ငြား သူ့ပတ်လည်တွင် ကာရံထားသော အရံအတားကြောင့် သူ့ပုံရိပ်တစ်ခုလုံး ဝေဝါးနေခဲ့ရာ ကောင်းကင်စိတ်အာရုံကို သုံးကြည့်သည့်တိုင် ထိုလူ၏ မျက်နှာကို ရန်ကိုင် သေချာ မမြင်ရခဲ့ပေ။
သို့သော် ကြည့်နေရင်းမှ ထိုလူကို သူ့စိတ်ထဲ တစ်နေရာရာ၌ တွေ့ဖူးနေသလို ခံစားလိုက်ရ၏။ ဤလူသည် အလောင်းဝိဥာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဆိုသည့်လူ ဖြစ်လောက်၏။
သူအနည်းငယ် အတွေးများရသည်ကား အလောင်းဝိဥာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဆိုသည့်လူဆီမှ မည်သည့် အလောင်းချီကိုမှ မခံစားရခြင်းပင်။ ထိုလူသည် အလောင်းဝိဥာဉ်မျိုးနွယ်ဝင်တစ်ဦး မဟုတ်ချေ။
အလောင်းဝိဥာဉ်များကို ဖန်တီးခြင်းနှင့် ထိန်းချုပ်ရာတွင် ကျွမ်းကျင်ပြီး သူမနှင့် ယှဉ်ပြိုင်တိုက်ခိုက်သည်ဟု ယန်ယန် ပြောခဲ့သည့်လူသည် ဤလူ ဖြစ်လောက်သည်။
ထိုအကြောင်းကို စဉ်းစားနေစဉ်မှာပင် ထိုင်ခုံပေါ်၌ ထိုင်နေသည့် လူက ရုတ်တရက် ရယ်မောလျက် “မင်းဒီနေရာကို တကယ်ကြီး ရှာတွေ့သွားတာပဲ။ အလောင်းဝိဥာဉ်တွေ ရှိနေတဲ့ နေရာကိုတောင် တစ်ယောက်တည်း လာရဲတယ်ဆိုတော့ မင်းသတ္တိက မသေးဘူးပဲ”
ထိုလူ၏ အသံကို ကြားလိုက်သည့်အခါ ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး ထိုလူ မျက်နှာကို သေသေချာချာ စိုက်ကြည့်နေလိုက်သည်။
တစ်ဖက်လူသည် သူ့ရုပ်ရည်ကို ဆက်လက် ဖုံးကွယ်လိုဟန် မရတော့ဘဲ သူ့ခန္ဓာကိုယ်အား ကာရံထားသည့် အကာအကွယ်ကို ဖယ်ရှားလိုက်လေသည်။
“လူရီလား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။
အလောင်းဝိဥာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဆိုသည့်လူမှာ သူ့အား သတ်ရန် အကြိမ်ပေါင်းများစွာ ကြိုးပမ်းခဲ့သည့် တိမ်မီးတောက်တောင်ကြား၏ သခင်လေး လူရီဆိုသည့်လူ ဖြစ်နေခဲ့သည်။
ပထမတစ်ကြိမ်မှာ သဲမီးတောက်နယ်မြေအတွင်း ဖယောင်းနီရိုးတံကို ရယူရန်ကြိုးစားနေစဉ် လူရီသည် ရုတ်တရက် ပေါ်လာပြီး ရန်ကိုင်အား သတ်ဖြတ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သို့သော် ရန်ကိုင်၏ တန်ပြန်ခုခံတိုက်ခိုက်မှုကြောင့် လက်တစ်ဖက် ပြတ်သွားပြီး အသက်လုကာ ပြန်ထွက်ပြေးခဲ့ရသည်။
နောက်တစ်ကြိမ်တွင်၊ လူရီသည် ရှဲ့မိသားစုကို ထိန်းချုပ်၍ နဂါးလိုဏ်ဂူတောင်ကို တိုက်ခိုက်ရင် သူ့အား သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။
လူရီသူ့အား ဘာကြောင့် မုန်တီးနေရသလဲ ရန်ကိုင် နားမလည်နိုင်ခဲ့ပေ။
ယခင်ကတော့ လူရီသည် သူ့အား အခဲမကြေ ဖြစ်နေသည်ဟုသာ ထင်ခဲ့သည်။ ယခု… ယန်ယန် ပြောသည် အကြောင်းအရာများကို ဆက်စပ်ကြည့်လိုက်သည့် အခါမှသာ တစ်ခုခုကို ရန်ကိုင် စဉ်းစားမိသွားတော့သည်။
“ဒီခန္ဓာကိုယ်က အပိုင်စီးခံထားရတာဆိုတော့ ခင်ဗျားကို လူရီလို့ ဘယ်ခေါ်သင့်ပါတော့မလဲနော်” ရန်ကိုင်က နှုတ်ခမ်းကွေးလျက် ပြောလိုက်၏။
သူ့လျှို့ဝှက်ချက်ကို ရန်ကိုင် သိထားလိမ့်မည်ဟု မထင်ထားသဖြင့် လူရီ ကြောင်သွားခဲ့သည်။ ရန်ကိုင်အား အံ့အားသင့်နေဟန်ဖြင့် စိုက်ကြည့်နေပြီးနောက် ခေါင်းညိတ်၍ “မင်းမှန်တယ်။ ဒီဘုရင် မင်းကို အထင်သေးမိသွားတာပဲ”
“အဲ့လောက်လေးသိတာ ဘာမှမခက်ပါဘူး” ရန်ကိုင်က ရယ်သွမ်းသွေး၍ “ဝိဥာဉ်သန့်စင်ရေကန်ထဲက တန်ခိုးရှင် အဆီအနှစ် ကျောက်တုံးကို ကျုပ်ရလိုက်ကတည်းက ခင်ဗျား ကျုပ်ကို တောက်လျှောက် ပစ်မှတ်ထားနေတာ။ အဲ့တန်ခိုးရှင် အဆီအနှစ် ကျောက်တုံးက ခင်ဗျားဟာမလား”
ထိုစကားကို ကြားလိုက်ချိန် လူရီ၏ မျက်နှာ ရုတ်တရက် ရှုံ့မဲ့လာပြီး နဖူးထက် သွေးကြောများ ထောင်တက်လာလျက် အော်ပြောလိုက်၏ “ဟုတ်တယ်။ တန်ခိုးရှင် အဆီအနှစ် ကျောက်တုံးက ငါ့ဟာပဲ။ မင်းအဲ့ဟာကို ဘယ်မှာ ထားလိုက်တာလဲ။ ငါဘာလို့ အဲ့ဒါကို အာရုံခံလို့ မရတော့တာလဲ”
ထိုအဖြစ်အပျက်ကြောင့် လူရီ အလွန်ကိုမှ ဒုက္ခရောက်ခဲ့ရ၏။ ရန်ကိုင်မှ သူ့တန်ခိုးရှင်အဆီအနှစ်ကျောက်တုံးကို ယူသွားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူ့ခွန်အား တစ်ဝက်လောက်ကို အလွယ်လေး ပြန်ရနိုင်ပေလိမ့်မည်။ အရိပ်ကြယ်၏ လောကနိယာမများကြောင့် တန်ခိုးရှင်အဆီအနှစ်ကျောက်တုံး အကူအညီဖြင့်ပင် တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်လိမ့်မည် မဟုတ်သော်ငြား အရိပ်ကြယ်ပေါ်၌ အားအကောင်းဆုံး တန်ခိုးရှင် အဆင့် ကျင့်ကြံသူတစ်ဦးတော့ ဖြစ်လာနိုင်ပေသည်။
ထို့နောက် နှစ်နည်းနည်းလောက် ထပ်ပြီး ကျင့်ကြံလိုက်လျှင် သူ့မူလ ကျင့်ကြံခြင်းကို ပြန်ရဖို့သည် အိမ်မက်သက်သက်တစ်ခု မဟုတ်တော့ချေ။ ထိုအခါ ကြယ်စီရင်ကြီး တစ်ခုလုံး သူ့လက်အောက်သို့ ကျရောက်လာပေလိမ့်မည်။
သို့ရာတွင် သူ့အစီအစဉ်တစ်ခုလုံး ရန်ကိုင်ကြောင့် ပျက်စီးသွားခဲ့ရသည်။
ယခုမူ သူ့တန်ခိုးရှင်အဆီအနှစ်ကျောက်တုံးကို ပြန်ရရန် မဆိုထားနှင့်၊ တန်ခိုးရှင်အဆီအနှစ် ကျောက်တုံး၏ အရှိန်အဝါကိုပင် မခံစားရတော့ချေ။ ထိုကျောက်တုံးသာ မရှိလျှင် ဤခန္ဓာကိုယ်ဖြင့် သူ့ယခင် ကျင့်ကြံခြင်းကို ပြန်ရရန် ကြိုးစားခြင်းသည် ကောင်းကင်တက်သည်ထက်ပင် ပို၍ ခက်ခဲပေလိမ့်မည်။
နှစ်ပေါင်းများစွာကြာသွားသည့်တိုင် တန်ခိုးရှင်တတိယ အဆင့်သို့သာ ရောက်သေးသည်မှာ အကောင်းဆုံး ဥပမာ ဖြစ်၏။
“အဲ့ဒါကို ကျုပ်စုပ်ယူလိုက်ပြီလေ” ရန်ကိုင်က သူ့ခေါင်းကို လက်ညိုးထိုးရင်း ပြုံးကာ ပြောလိုက်၏။
“မဖြစ်နိုင်ဘူး” လူရီ သွေးရူးသွေးတန်း ထငြင်း၏။ ရန်ကိုင်အား အထင်တသေးစိုက်ကြည့်ရင်း “မင်းခွန်အားနဲ့ ငါ့ရဲ့ တန်ခိုးရှင် အဆီအနှစ်ကျောက်တုံးကို ဘယ်လိုမှ စုပ်ယူနိုင်မှာ မဟုတ်ဘူး”
လူရီ၏ ခန္ဓာကိုယ်ကို အပိုင်သိမ်းထားသည့် ဝိဥာဉ်မှာ ကြယ်တာရာကောင်းကင်နှင့် အဆင့်တူတွင်ရှိသည့် ဝိဥာဉ် ဖြစ်သည်။ သူချန်ထားရစ်ခဲ့သည့် တန်ခိုးရှင်အဆီအနှစ် ကျောက်တုံးသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများပင် မဆင်မခြင် မစုပ်ယူရဲသည့် အရာတစ်ခု ဖြစ်သည်။
ရန်ကိုင်သည် သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်လေရာ ထိုအရာကို မည်ကဲ့သို့များ စုပ်ယူနိုင်မည်နည်း။
လူရီသည် ရန်ကိုင် ပေါက်တတ်ကရ လျှောက်ပြောနေသည်ဟုသာ ထင်နေခဲ့သည်။ သူ့တန်ခိုးရှင်အဆီအနှစ်ကျောက်တုံးကိုမူ ရန်ကိုင်မှ မစုပ်ယူသေးဘဲ တစ်နေရာရာတွင် ဝှက်ထားကာ သူ့အား လျှောက်လိမ်ပြောနေသည်ဟုသာ ထင်နေခဲ့သည်။
“ခင်ဗျားဘာသာ ယုံချင်ယုံ၊ မယုံချင်နေ” ရန်ကိုင်က ပြန်ပြောလိုက်၏။ အကြောင်းစုံကိုတော့ ရှင်းပြမနေခဲ့ချေ။ တကယ်တော့ တန်ခိုးရှင်အဆီအနှစ် ကျောက်တုံးကို စုပ်ယူသွားခဲ့သည်မှာ ဝိဥာဉ်ကြာပန်းဖြစ်ပြီး ရန်ကိုင်နှင့် ဘာမှ မသက်ဆိုင်ချေ။ မကြာသေးခင်က အဖြစ်အပျက်ကြောင့်သာ မဟုတ်လျှင် ထိုအရာသည် တန်ခိုးရှင်အဆီအနှစ်မှန်း ရန်ကိုင် သိဦးမည် မဟုတ်ချေ။
“မဟုတ်တာတွေ လာပြောမနေနဲ့။ ငါ့နေရာထဲ ဝင်လာမှတော့ ပြန်ထွက်သွားဖို့ မစဉ်းစားတော့နဲ့။ ငါသာ မင်းခန္ဓာကိုယ်ကို အပိုင်သိမ်းလိုက်ရင် တန်ခိုးရှင် အဆီအနှစ်ကျောက်တုံးလည်း ငါ့ဟာ ပြန်ဖြစ်မှာပဲ” လူရီက အေးစက်စက် အမူအရာဖြင့် ပြောလိုက်၏။
ရန်ကိုင်ကမူ ရယ်မောလျက် “ခင်ဗျားက သေတော့မှာကိုတောင် အရှက်မရှိ ကြွားနိုင်တုန်းပဲနော်”
ထိုစကားကို ကြားပြီး ရန်ကိုင်၏ အမူအရာကို မြင်လိုက်သည့် အခိုက် လူရီ မျက်မှောင်ကြုတ်သွားခဲ့လေသည်။
ချက်ချင်းဆိုသလို အလောင်းလိုဏ်ဂူတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာပြီး အလွန်ကိုမှ အားကောင်းလှသည့် အရှိန်အဝါတစ်ခု သက်ဆင်းလာခဲ့လေသည်။ ထိုအရှိန်အဝါသည် လူရီအား လှုပ်မရအောင် ချက်ချင်း ချုပ်နှောင်သွားခဲ့သည်။
ဘုန်း… ဘုန်း… ဘုန်း…
ရန်ကိုင်နှင့် လူရီတို့ ရပ်နေသည့် အခန်းမျက်နှာပြင် တစ်ခုလုံး အက်ကွဲသွားပြီး ထိုအပေါက်ဆီမှ ပုံရိပ်တစ်ခု ခုန်ဆင်းလာကာ လူရီအား လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။
လူရီ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ရှီအား ဖြန့်ကျက်၍ သူ့ကိုယ်သူ လွတ်မြောက်အောင် ကြိုးစားလိုက်၏။
သို့သော်လည်း ထိုလက်ဝါးရှေ့မှောက်တွင် သူ့ကြိုးစားမှုအားလုံး အချည်းနှီးသာ ဖြစ်ခဲ့ရလေသည်။
လက်ဝါးချက်ကြောင့် သူ့ရှီ အလွယ်တကူ ပျက်စီးသွားခဲ့ပြီး လူရီသည်လည်း တစ်ချက်သာ အော်ဟစ်လိုက်ရကာ သူ့တစ်ကိုယ်လုံး တစ်စစီ ပေါက်ကွဲထွက်သွားခဲ့လေသည်။
ချင်းတုန်သည် ရန်ကိုင် ဘေးနားသို့ ရောက်လာခဲ့ပြီး သင်္ကာမကင်း အမူအရာဖြင့် ရန်ကိုင်အား ကြည့်လိုက်သည်။
ရန်ကိုင်သည်လည်း မှင်သက်နေခဲ့လေ၏။
လူရီ ဤကဲ့သို့ သေသွားလိမ့်မည်ဟု နှစ်ယောက်စလုံး မထင်ထားခဲ့ပေ။
“အဲ့ဒါက အလောင်းဝိဥာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား” ချင်းတုန်က အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်၏။
ရန်ကိုင်က ခေါင်းညိတ်၍ “ဟုတ်တယ်။ သူပဲ”
“ဒီလူအိုကြီး သူ့ကို အထင်ကြီးမိသွားတာပဲ” ချင်းတုန်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်၏။ ဂိုဏ်းချုပ် ဆိုသူနှင့် မျက်နှာချင်းဆိုင် မတွေ့ခဲ့ရသော်ငြား သူ့လက်ဝါး တစ်ချက်တည်းဖြင့် သေသွားခဲ့သည်ကို ကြည့်လျှင် ဂိုဏ်းချုပ် ဆိုသည့်လူ သိပ်ပြီး အားမကောင်းမှန်း မြင်တွေ့နိုင်သည်။
ရန်ကိုင်ကမူ ဘာမှတော့ပြန်မပြောခဲ့။ သူ့စိတ်ထဲ တစ်ခုခု မှားယွင်းနေသလို ခံစားနေရ၏။ လူရီ ထိုမျှ အလွယ်တကူ သေသွားသည်မှာ အနည်းငယ် မသင်္ကာစရာကောင်းနေ၏။ ယန်ယန်ပင် သတိမထားမိအောင် ထွက်ပြေးနိုင်ခဲ့သော လူတစ်ယောက်သည် ဤမျှ လွယ်လွယ်ကူကူ သေသွားစရာ အကြောင်းမရှိချေ။
ချင်းတုန်သည် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တစ်ဦး ဖြစ်လျှင်ပင် လူရီသည် တကယ်ကို ဥာဏ်နီဥာဏ်နက်များသည့် လူတစ်ဦး ဖြစ်သည်။
ထိုသို့ စဉ်းစားပြီးနောက် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်လေသည်။
ရုတ်တရက် မှိန်ဖျော့ဖျော့ အရှိန်အဝါတစ်ခုသည် အလွန်ကိုမှ မြန်ဆန်သော အမြန်နှုန်းဖြင့် အပြင်သို့ ထွက်ပြေးနေသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရ၏။ ထိုအရှိန်အဝါသည် အလွန်ကိုမှ ပုန်းလျှိုးကွယ်လျှိုးဖြင့် ထွက်ပြေးနေခြင်း ဖြစ်သည်။
ထို့အပြင် ထိုထွက်ပြေးနေသော အရှိန်အဝါဆီမှ လေဟာနယ် စွမ်းအင်လှိုင်းတို့ ဖြာထွက်နေသေး၏။
“အကြီးအကဲချင်း” ချင်းတုန်အား လှမ်းအော်ခေါ်ပြီးနောက် ရန်ကိုင်သည် ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ဖန်တီးကာ ထိုထဲသို့ ခုန်ဝင်သွားလေသည်။
ရန်ကိုင် ဘာလုပ်ချင်နေမှန်း နားမလည်သော်ငြား ချင်းတုန်သည် ရန်ကိုင်နောက်သို့သာ လိုက်သွားခဲ့သည်။
သင်္ချိုင်းတောင်ကြား အပြင်ဘက်တွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အလောင်းဗိုလ်ချုပ်တစ်ဦး တင်ပလင်ခွေ ထိုင်နေခဲ့သည်။ ရုတ်တရက် အလောင်းဗိုလ်ချုပ်၏ ခန္ဓာကိုယ် တုန်ရီလာပြီး သူ့ကျင့်ကြံခြင်းမှာလည်း တန်ခိုးရှင်တတိယအဆင့် အထွဋ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက် ဖြည်းဖြည်းချင်း မျက်လုံး ဖွင့်လာ၏။ အမုန်းတရားတို့ ပြည့်နှက်နေလေသည့် လေသံဖြင့် အံကြိတ်၍ “ဘယ်လိုလုပ်ပြီး ဒီမှာ တန်ခိုးရှင်ဘုရင်အဆင့် ရှိနေရတာလဲ။ ခွေးအိုကြီးတော့ကွာ။ မှတ်ထားဦပေါ့။ နောက်ကျမှ ဆယ်ဆပြန်ပးဆပ်ခိုင်းမယ်”
“မင်းမှာ အဲ့အခွင့်အရေး မရှိတော့ဘူး” ရင်းနှီးနေသည့် အသံတစ်သံ သူ့နောက်ကျောဘက်မှ ထွက်ပေါ်လာခဲ့သည်။
အနက်ရောင်ဝတ်ရုံဝတ် အလောင်းဗိုလ်ချုပ် ထိတ်လန့်သွားပြီး အလျင်စလို နောက်သို့ လှည့်ကြည့်လိုက်ရာ ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး ရန်ကိုင်နှင့် ချင်းတုန်တို့ ထိုထဲမှ ထွက်လာသည်ကို တွေ့လိုက်ရလေသည်။
အလောင်းဗိုလ်ချုပ်သည် တစ်ချက်ကလေးပင် မစဉ်းစားတော့ဘဲ ချက်ချင်း ထွက်ပြေးတော့လေသည်။
“မင်းဘယ်ပြေးဖို့ လုပ်နေတာလဲ” ချင်းတုန်သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့နယ်ပယ်ကို ဖြန့်ကျက်လိုက်လေသည်။
ရန်ကိုင်ကမူ ဝင်ရောက် မတိုက်ခိုက်ဘဲ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍သာ အခြေအနေကို သေချာ စောင့်ကြည့်နေသည်။
အနက်ရောင်ဝတ်ရုံဝတ် လူကြီးသည် ယန်ယန်နှင့်အတူ သင်္ချိုင်းတောင်ကြားထဲဿို့ ဝင်သွားစဉ်က တွေ့ခဲ့သည့် အလောင်းဗိုလ်ချုပ်ကြီးများထဲမှ တစ်ဦး ဖြစ်ပေသည်။
အလောင်းဗိုလ်ချုပ်သည် တန်ခိုးရှင်တတိယအဆင့်တစ်ဦး ဖြစ်နေသော်ငြား ချင်းတုန်၏ ပြိုင်ဘက်တော့ မဟုတ်သေးပေ။
အနက်ရောင်ဝတ်ရုံဝတ် လူကြီး၏ ခန္ဓာကိုယ် ပျက်စီးသွားသည်နှင့် အရှိန်အဝါတစ်ရပ်သည် ဟင်းလင်းပြင်ကို ခုန်ကျော်၍ မိုင်ပေါင်းများစွာအကွာသို့ ထွက်ပြေးသွားကြောင်း ရန်ကိုင် အာရုံခံမိလိုက်၏။
ချင်းတုန်သည် အနက်ရောင်ဝတ်ရုံဝတ် အလောင်းဗိုလ်ချုပ်ကို သတ်ပြီးသည်နှင့် ရန်ကိုင်ကို ကြည့်လိုက်၏။
ရန်ကိုင်သည် ဘာစကားမှ ပြောမနေဘဲ ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ဖန်တီး၍ ထိုထဲသို့ ထပ်ဝင်သွားပြန်သည်။
ဟင်းလင်းပြင် အက်ကွဲကြောင်းထဲမှ ထွက်လာပြီးနောက် မိုးပြာရောင်ဝတ်ရုံဝတ် အလောင်းဗိုလ်ချုပ် အလျင်စလို ထွက်ပြေးနေသည်ကို တွေ့ရှိလိုက်ရသည်။
ချင်းတုန် လှုပ်ရှားမည်ကိုပင် စောင့်မနေတော့ဘဲ ရန်ကိုင်သည် ရွှေရောင်သွေးမျှင်များကို ထုတ်လွှတ်၍ ရွှေရောင်မျှားတစ်ချောင်း ဖန်တီးလိုက်၏။ ထို့နောက် ထွက်ပြေးနေသည့် အလောင်းဗိုလ်ချုပ် တည့်တည့်သို့ လှမ်းပစ်ထည့်လိုက်သည်။
ရွှေရောင်မြှားသည် အလောင်းဗိုလ်ချုပ်၏ အလောင်းအမြူတေကို ဖျက်စီးပြီးနောက် ရန်ကိုင်ဆီသို့ ပြန်ရောက်လာခဲ့သည်။ သို့သော် ရန်ကိုင်သည် နည်းနည်းလေးမှ ပျော်မနေခဲ့ပေ။ မှုန်ကုတ်ကုတ် အမူအရာဖြင့်သာ ဟင်းလင်းပြင် အက်ကွဲကြောင်း နောက်တစ်ခု ဖန်တီးကာ ထိုထဲသို့ ထပ်မံ ခုန်ဝင်သွားပြန်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၉၃)
ငါးရက်ကြာပြီးနောက်… ရန်ကိုင်နှင့် ချင်းတုန်သည် မကြာသေးခင်ကမှ သေထားသည့် အလောင်းတစ်လောင်း ရှေ့၌ မှုန်ကုတ်ကုတ် အမူအရာဖြင့် ရပ်နေခဲ့သည်။
အလောင်းမှာ အလောင်းဝိဥာဉ်မျိုးနွယ်၏ အလောင်းမဟုတ်ဘဲ လူသာတစ်ဦး၏ အလောင်းဖြစ်သည်။ ထို့အပြင် ထိုလူသား၏ ကျင့်ကြံခြင်းမှာ တန်ခိုးရှင်ပထမအဆင့်သာ ရှိသည်။
ဤလူသည် အလောင်းဝိဥာဉ်ဂိုဏ်းချုပ် ဝင်စီးခဲ့သည့် (၂၇)ခုမြောက် ခန္ဓာကိုယ် ဖြစ်ပေသည်။
အလောင်းဝိဥာဉ်ဂိုဏ်းချုပ်သည် တစ်ကြိမ်ပြီးတစ်ကြိမ် အခြားသူများ၏ ခန္ဓာကိုယ် ဝင်စီးနေခဲ့သော်ငြား သူ့ဝိဥာဉ်မှာမူ လုံးဝ ထိခိုက်သွားခြင်း မရှိခဲ့ပေ။
ဤအဖြစ်အပျက်သည် ရန်ကိုင် နားလည်ထားသည်နှင့် လုံးဝကို လွဲချော်နေခဲ့သည်။ သူသိထားသလောက် ခန္ဓာကိုယ် ဝင်စီးခြင်းသည် အလွန်အန္တရာယ်များသည့် လုပ်ရပ်တစ်ခု ဖြစ်သည်။ ဝင်စီးသည့် ဝိဥာဉ် အနေဖြင့် ကာယကံရှင်၏ ဝိဥာဉ်ကို ဖိနှိပ်နိုင်ရန် လိုအပ်ပေသည်။ ထို့အတွက်ကြောင့် ခန္ဓာကိုယ် တစ်ခါ ဝင်စီးလျှင် စိတ်စွမ်းအင် အများကြီး အသုံးပြုရပေသည်။
ထို့ကြောင့် ခန္ဓာကိုယ်တစ်ခုကို ဝင်စီးပြီးပြီးချင်း နောက်ခန္ဓာကိုယ် တစ်ခုကို ထပ်ပြီး ဝင်စီးဖို့ရာ မဖြစ်နိုင်ပေ။
သို့ရာတွင် အလောင်းဝိဥာဉ်ဂိုဏ်းချုပ် ထိုမဖြစ်နိုင်သည့်အရာကို လုပ်ပြသွားခဲ့သည်။ ငါးရက်အတွင်း ခန္ဓာကိုယ် (၂၇)ခုကို ဝင်စီးသွားခဲ့သည်။
ရန်ကိုင်နှင့် ချင်းတုန်သည် အလောင်းဝိဥာဉ်ဂိုဏ်းချုပ်အား အကြိမ်တိုင်း လိုက်ဖမ်းနိုင်ခဲ့ပြီး သတ်ပစ်နိုင်ခဲ့သော်လည်း ခန္ဓာကိုယ် တစ်ခု ပျက်စီးသွားသည်နှင့် နောက်ခန္ဓာကိုယ် တစ်ခုကို ထပ်ဝင်စီးပြန်လေသည်။
ငါးရက်လုံးလုံး လိုက်ဖမ်းသည့်တိုင် အလောင်းဝိဥာဉ်ဂိုဏ်းချုပ်ကို မသတ်နိုင်ခဲ့ချေ။ ယခုမှပဲ သူတို့ မည်သို့သော ရန်သူနှင့် ရင်ဆိုင်နေရမှန်း ရန်ကိုင်နှင့် ချင်းတုန်တို့ နားလည်သွားခဲ့သည်။
သို့သော် ထိုသို့ လိုက်ဖမ်းနေရင်းမှ အချက်တစ်ချက်ကို ရန်ကိုင်တို့ ရှာတွေ့သွားခဲ့ရသည်။
အလောင်းဝိဥာဉ်ဂိုဏ်းချုပ်သည် လူတိုင်း၏ ခန္ဓာကိုယ်ကို ဝင်စီးနိုင်ခြင်း မဟုတ်ဘဲ နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက် ထည့်သွင်းထားသည့် လူများကိုသာ ဝင်စီးနိုင်ခြင်း ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
ရှဲ့မိသားစုမှ ရှဲ့လီသည် နဂါးလိုဏ်ဂူတောင်ကို တိုက်ခိုက်စဉ်က ရန်ကိုင်ကို သတ်ပစ်နိုင်ရန်အတွက် သူ့ကိုယ်သူ ဖောက်ခွဲခဲ့၏။ ထိုသို့ ဖောက်ခွဲ့ခဲ့ရခြင်းမှာ နှစ်တစ်သောင်းအဆိပ်မိစ္ဆာ အင်းဆက်၏ ထိန်းချုပ်မှုကြောင့် ဖြစ်ပေသည်။
ထိုအင်းဆက်သည် အလောင်းဝိဥာဉ်ဂိုဏ်းချုပ်မှ အခြားသူများကို ထိန်းချုပ်ရန် အသုံးပြုသည့် နည်းလမ်းဖြစ်သည်။ အင်းဆက် ထည့်သွင်းခံလိုက်ရသည့်လူသည် အလောင်းဝိဥာဉ်ဂိုဏ်းချုပ်ကို လုံးဝ နာခံတော့ပေလိမ့်မည်။
အလောင်းဝိဥာဉ်ဂိုဏ်းချုပ်သည် အမိန့်မနာခံသည့် လူများကို ထိုနည်းလမ်းသုံး၍ ကျွန်ပြုခဲ့သည့်ပုံပင်။ အရေးကြုံလျှင်လည်း ထိုလူများ၏ ခန္ဓာကိုယ်ကို ဝင်စီးကာ အန္တရာယ်မှ ထွက်ပြေး လွတ်မြောက်နိုင်ပေသည်။
နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက်သည်သာ အလောင်းဝိဥာဉ်ဂိုဏ်းချုပ်နှင့် အကွာအဝေးတစ်ခုအတွင်း ရှိနေလျှင် အလောင်းဝိဥာဉ်ဂိုဏ်းချုပ်၏ ဝိဥာဉ်သည် မည်သည့် ဟင်းလင်းပြင် ကန့်သတ်ချက်ကို ဂရုစိုက်နေစရာမလိုဘဲ အင်းဆက် ထည့်သွင်းထားသည့် လူ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ခုန်ဝင်သွားနိုင်ပေသည်။
ထို့အပြင် သူတို့ ထပ်မံ ရှာတွေ့ခဲ့ရသည်ကား အလောင်းဝိဥာဉ် ဂိုဏ်းချုပ်သည် အချိန်ကြာလာသည်နှင့် ပိုပို၍ အားနည်းသည့် လူများကို ဝင်စီးလာခြင်းပင်။
အစပိုင်းတွင် တန်ခိုးရှင်တတိယအဆင့်များကို ဝင်စီးခဲ့သော်ငြား နှစ်ရက်ကြာပြီးနောက်တွင် တန်ခိုးရှင်ဒုတိယအဆင့်များကိုသာ ဝင်စီးလာနိုင်ပြီး ယနေ့တွင် တန်ခိုးရှင် ပထမအဆင့်များကိုသာ ဝင်စီးနိုင်တော့လေသည်။
ထိုအချက်များအရ အလောင်းဝိဥာဉ်ဂိုဏ်းချုပ်၏ ခန္ဓာကိုယ် ဝင်စီးခြင်း နည်းလမ်းတွင်လည်း အားနည်းချက်များ ရှိနေခဲ့သည်။ အသုံးပြုဖန် များလာသည်နှင့် သူ့ဝိဥာဉ်လည်း ထိခိုက်လာသည့် ပုံပင်။
မည်သို့ပင်ဖြစ်စေကာမူ ရန်ကိုင်နှင့် ချင်းတုန်တို့ နှစ်ဦးစလုံးမှာ သူ့အား လိုက်ဖမ်းရင်း အတော်လေး ပင်ပန်းနေခဲ့ကြလေပြီ။
“ထပ်လိုက်မယ်။ ဒီကောင် တောက်လျှောက် ထွက်ပြေးနိုင်မယ်လို့ ငါမယုံဘူး” ချင်းတုန် အတော့်ကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေသည်။ သူသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလေပြီ။ တစ်နည်းအားဖြင့် သူသည် အရိပ်ကြယ်ပေါ်တွင် အားအကောင်းဆုံး ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။ သို့တိုင် တန်ခိုးရှင် တတိယအဆင့် ကျင့်ကြံဿူတစ်ဦးအား မသတ်နိုင်သဖြင့် အလွန်ကိုမှ ဒေါသထွက်နေခဲ့သည်။
ချင်းတုန် မသိသည်ကား အလောင်းဝိဥာဉ်ဂိုဏ်းချုပ်သည် တစ်ချိန်တစ်ခါက တန်ခိုးရှင်ဘုရင်အဆင့်ထက်ပင် ပိုမို မြင့်မားသော အဆင့်သို့ ရောက်ခဲ့သည် ဟူသည်ကိုပင်။
“သူ့ကို တွေ့ပြီလား” ချင်းတုန်က ရန်ကိုင်ဘက်သို့ လှည့်၍ မေးလိုက်၏။
ရက်အတော်ကြာအောင် လိုက်ဖမ်းပြီးနောက် အလောင်းဝိဥာဉ် ဂိုဏ်းချုပ်၏ နည်းလမ်းများ မည်မျှ ထူးဆန်းသလဲ ချင်းတုန် တွေ့ရှိသွားခဲ့ရသည်။ ရန်ကိုင်ကြောင့်သာ မဟုတ်လျှင် အလောင်းဝိဥာဉ်ဂိုဏ်းချုပ်ကို သူလုံးဝ သတ်နိုင်လိမ့်မည် မဟုတ်။
သူတစ်ယောက်တည်းသာ ဆိုလျှင် အလောင်းဝိဥာဉ်ဂိုဏ်းချုပ် ဝိဥာဉ် မည်သည့်နေရာသို့ ထွက်ပြေးသွားသလဲ ဆိုသည်ကို အဖြေရှာရင်းဖြင့်သာ အချိန်ကုန်သွားလိမ့်မည် ဖြစ်ကာ အလောင်းဝိဥာဉ်ဂိုဏ်းချုပ်ကို သတ်နိုင်လိမ့်မည် မဟုတ်ချေ။
တောအုပ်တစ်ခုအတွင်း လူငယ်တစ်ဦး အလျင်စလို ထွက်ပြေးနေခဲ့သည်။ ထိုလူငယ်သည် အသက်(၃၀)ခန့်သာ ရှိပြီး တန်ခိုးရှင်ပထမအဆင့်သို့ ရောက်နေခဲ့သည်။ သို့သော်ငြား သူ့မျက်နှာမှာ အတော်လေးကို မှုန်ကုန်ကုတ် ဖြစ်နေပြီး မျက်လုံးများမှာလည်း သွေးနီရောင် တောက်နေခဲ့သည်။
ထွက်ပြေးနေစဉ် အတောအတွင်း သူ့ကိုယ်သူ အတတ်နိုင်ဆုံး လုံခြုံအောင် ပုန်းကွယ်ရင်း ပတ်ဝန်းကျင်အား ကောင်းကင် စိတ်အာရုံဖြင့် အဆက်မပြတ် စစ်ဆေးနေခဲ့သည်။
မိုင်သုံးဆယ်ပတ်လည်အတွင်း မည်သည့် လှုပ်ရှားမှုမှ ရှိမနေခဲ့ပေ။
သို့ရာတွင် လူငယ်လေးမှာ ထိုအတွက်ကြောင့် နည်းနည်းလေးမှ စိတ်သက်သာရာ ရသွားခဲ့ခြင်း မရှိဘဲ ကြောက်မက်ဖွယ်ရာ တစ်ခုခု သူ့နောက်သို့ လိုက်နေသည့်အလား ဆက်၍သာ ပြေးနေခဲ့သည်။
ထိုနေရာတွင် ရှိစဉ်က သူသည် အလွန်ကျော်ကြားသာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပြီး အနည်းငယ်သည်သာ သူ့အား ရန်စရဲသည်။ သို့သော်ငြား ဤနေရာသို့ ရောက်လာပြီးသည့် အချိန်မှစ၍ သူ့ဘဝမှာ အလုံးစုံ ပြောင်းလဲသွားသော်လေသည်။ ပထမဦးစွာ ယန်ယန်၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ နှစ်တစ်ထောင်လောက်ကြာမှ ပြန်ကောင်းလာနိုင်ခဲ့ပြီး
ပြန်ကောင်းလာသည့် အခါတွင်လည်း တန်ခိုးရှင်တတိယ အဆင့်သာ ရှိသေးသော လူငယ်လေး၏ တစ်ယောက်၏ အမဲလိုက်ခြင်းကို ခံရပြန်သည်။
သူ့အထွဋ်အထိပ် အခြေအနေတွင်သာ ရှိမည်ဆိုလျှင် ထိုကဲ့သို့သော လူတစ်ယောက်ကို အကြည့်တစ်ချက်ဖြင့် တစ်စစီ ဖြစ်အောင် လုပ်ပစ်နိုင်သော်ငြား ယခုတွင်တော့ အသက်လု ပြေးနေရ၏။
တောင်ပေါ်မှာ ဆင်းလာပြီးနောက် ခွေးလိုက်သဖြင့် ပြေးနေရသည့် ကျားဘဝသို့ ရောက်နေသည့်နှယ် လူငယ်လေး ခံစားနေရသည်။
သူ၏ ခန္ဓာကိုယ်ဝင်စီးကာ ထွက်ပြေးသည့် နည်းလမ်းသည် ပြိုင်ဘက်ကင်း နည်းလမ်းတစ်ခု ဖြစ်ကာ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူပင် မည်သည့် သဲလွန်စမှ ရှာတွေ့လိမ့်မည် မဟုတ်ပေ။ သို့သော်ငြား ထိုကောင်စုတ် ရန်ကိုင်သည် လေဟာနယ်တာအိုကို ကျင့်ကြံထားသည့်လူ ဖြစ်နေခဲ့သည်။ ထို့ကြောင့်သာ မဟုတ်လျှင် မည်ကဲ့သို့များ ဤကဲ့သို့ အသက်လုကာ ထွက်ပြေးနေရမည်နည်း။
လေဟာနယ်တာအိုကဲ့သို့ အလွန်ကျင့်ကြံရန် ခက်ခဲသော တာအိုကို အလွန်ကျွမ်းကျင်သည့် အဆင့်ထိရောက်အောင် ကျင့်ကြံထားနိုင်သည့် လူတစ်ဦး ဤနေရာတွင် ရှိနေသည်ဟု သူလုံးဝ မထင်ထားခဲ့ချေ။
စိတ်ထဲ မကျေမနပ် ငြီးတွားနေစဉ်မှာပင် ထူးဆန်းသော စွမ်းအားတစ်ရပ် သူ့အရှေ့ဘက်မှ ထွက်ပေါ်လာခဲ့သည်။
ယခုကဲ့သို့ တစ်ကြိမ်မက ဖြစ်ဖူးပြီးသွားပြီ ဖြစ်သဖြင့် ထိုအဖြစ်အပျက်နှင့် လူငယ်လေး မစိမ်းတော့ချေ။ ထို့ကြောင့် စွမ်းအင်လှိုင်းကို ခံစားမိလိုက်သည်နှင့် ဘာဖြစ်တော့မလဲ ချက်ချင်း နားလည်လိုက်သည်။
“ကောင်လေး၊ မင်းငါ့ကို တွန်းအားပေးလိုက်တာပဲ” လူငယ်လေးသည် ခက်ထန်သည့် အကြည့်အစုံဖြင့် စွမ်းအင်လှိုင်း ထွက်ပေါ်နေသည့် နေရာဆီသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်အလား ဆက်မပြေးတော့ဘဲ နေရာတွင်သာ ရပ်စောင့်နေလိုက်လေသည်။
ထူးဆန်းသော စွမ်းအင်လှိုင်းများသည် အချိန်ကြာလာသည်နှင့် ပိုမို သိသာလာခဲ့ပြီး မကြာမီ အနက်ရောင် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထိုအက်ကွဲကြောင်းထဲမှ လူနှစ်ယောက် ထွက်လာခဲ့သည်။ ရန်ကိုင်နှင့် ချင်းတုန်တို့ပင် ဖြစ်လေသည်။
ချင်းတုန်သည် အပြင်သို့ ရောက်သည်နှင့် လူငယ်လေးအား သူ့ကောင်းကင်စိတ်အာရုံဖြင့် ချက်ချင်း ပစ်မှတ်ထားလိုက်၏။ ဘာစကားမှ ပြောမနေတော့ဘဲ ချင်းတုန်သည် သူ့နယ်ပယ်ကို ဖြန့်ကျက်၍ လူငယ်လေးအား လေးဓါးသွားများဖြင့် ပြည့်နေသော မုန်တိုင်းများဖြင့် လွှမ်းခြုံပစ်လိုက်လေသည်။
လူငယ်လေး၏ ကျင့်ကြံခြင်းမှာ မြင့်မားခြင်းမရှိဘဲ တန်ခိုးရှင် ပထမအဆင့်သာ ရှိပေသည်။ ထို့ကြောင့် ချင်းတုန် အနေဖြင့် ကိုယ်တိုင် လှုပ်ရှားစရာပင် မလိုဘဲ သူ့နယ်ပယ်ဖြင့်ပင် ထိုလူငယ်လေးကို သတ်ပစ်နိုင်၏။
လူငယ်လေးကမူ အရူးအမူး အော်ရယ်လျက် “ပုရွတ်ဆိတ်တွေ၊ ဒီဘုရင်ရဲ့ အမျက်ဒေါသကို ခံယူလိုက်စမ်း”
ပြောပြီးသည်နှင့် ပါးစပ်ကိုဟကာ အစိမ်းရောင်အရာ တစ်ခုကို ထွေးထုတ်လိုက်၏။ ထိုအရာသည့် တွန့်လိမ်နေပြီးနောက်တွင် အစိမ်းရောင်ဓါးတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက် ဟင်းလင်းပြင်အား ပိုင်းဖြတ်ချလိုက်လေသည်။
ချင်းတုန် ဖြန့်ကျက်ထားသည့် နယ်ပယ်သည် ဓါးချက်နှင့်အတွေ့၌ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားလေသည်။
တစ်ချိန်တည်းတွင် ရန်ကိုင်နှင့် ချင်းတုန်တို့၏ အမူအရာလည်း ပြောင်းလဲသွားခဲ့သည်။ အစိမ်းရောင်ဓါးသည် သူတို့၏ မြင်ကွင်းမှ ထူးဆန်းစွာ ပျောက်ကွယ်သွားပြီး သူတို့၏ အသိစိတ်ပင်လယ်ထဲ၌ ပြန်ပေါ်လာကာ ထပ်မံ ခုတ်ပိုင်းချပြန်သည်။
ထိုဓါးချက်ကြောင့် ရန်ကိုင်နှင့် ချင်းတုန်တို့ နှစ်ဦးစလုံး သူတို့၏ အသိစိတ်ပင်လယ် နှစ်ပိုင်းပိုင်းခံလိုက်ရသလို ခံစားလိုက်ရ၏။ အသိစိတ်ပင်လယ်တစ်ခုလုံး လှိုင်းထန်လာကာ သူတို့၏ စိတ်စွမ်းအင်များလည်း အလျင်အမြန် လျော့ကျလာခဲ့လေသည်။
ချင်းတုန်နှင့် ရန်ကိုင်တို့ နှစ်ဦးစလုံး သူတို့၏ စိတ်စွမ်းအင် သုံးပုံတစ်ပုံမက လျော့ကျသွားသည်ဟု ခံစားမိလိုက်ကြ၏။
နှစ်ယောက်စလုံး သူတို့ခေါင်း ဟက်တက်ခွဲခံလိုက်ရသလို ခံစားလာရကာ မြင်ကွင်းများလည်း ဝေဝါးလာခဲ့လေသည်။ လူငယ်လေးတွင် ထိုကဲ့သို့ ဝှက်ဖဲတစ်ခု ရှိနေလိမ့်မည်ဟု နှစ်ယောက်စလုံး မထင်ထားခဲ့။ တစ်ဖက်လူမှ ထပ်မံ တိုက်ခိုက်လာမည်ကို စိုးရွံ့သဖြင့် သူတော်စင်ချီကို အလျင်အမြန် လှည့်ပတ်၍ သူတို့ကိုယ်သူတို့ ကာကွယ်လိုက်လေသည်။
ထိုတိုက်ခိုက်မှုကို ထုတ်လွှတ်ပြီးသည်နှင့် လူငယ်လေး၏ မျက်နှာ စက္ကူဖြူတစ်ရွက်နှယ် ဖြစ်လျော်သွားပြီး သူ့တစ်ကိုယ်လုံး ထိန်းမရအောင် တုန်ရီလာခဲ့သည်။ ရန်ကိုင်နှင့် ချင်းတုန်တို့ လှုပ်မရ ဖြစ်နေသည်ကို အခွင့်အရေးယူချင်သော်ငြား သူကိုယ်တိုင်လည်း အလွန်ကိုမှ အားနည်းသွားသလို ခံစားလိုက်ရ၏။
ကျယ်လောင်စွာ အော်ဟစ်ဆဲဆိုရင်း လူငယ်လေး၏ ခန္ဓာကိုယ် ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့လေသည်။
သို့သော်လည်း ဝိဥာဉ်တစ်ခု ပေါက်ကွဲမှုမှ ထွက်ပေါ်လာပြီး အစိမ်းရောင်ဓါးကို ရစ်ပတ်ကာ ဟင်းလင်းပြင်အက်ကွဲကြောင်း တစ်ခု ဖန်တီး၍ လေဟာနယ်ထဲသို့ ခုန်ဝင်သွားခဲ့လေသည်။
ရန်ကိုင်သည် လူငယ်လေး ထွက်ပြေးသွားသည့်ဘက်သို့ ခြေရာခံကြည့်ချင်သော်ငြား တစ်စုံတစ်ခုမှ သူ့ကောင်းကင် စိတ်အာရုံအား စူးစမ်းမရအောင် တားဆီးထားသည်ကို တွေ့ရှိလိုက်ရသည်။
ထိုစဉ် ခေါင်းတစ်ခုလုံး ဆိုးဆိုးရွားရွား ပြန်ကိုက်လာသဖြင့် နာကျင်စွာ အော်ဟစ်မိလိုက်ပြီး ဆေးပုလင်းတစ်ပုလင်းကို အလျင်အမြန် ထုတ်သောက်လိုက်ရ၏။ ချင်းတုန်ကိုလည်း ဆေးတစ်ဝက် ပေးလိုက်၏။ ဆေးသောက်ပြီးသည်နှင့် ချက်ချင်း တင်ပလင်ခွေထိုင်ကာ ဒဏ်ရာကို ပြန်လည် ကုစားလေသည်။
ထိုအခြင်းအရာကို မြင်သည်နှင့် ချင်းတုန်လည်း ရန်ကိုင် ပေးသည့်ဆေးကို သောက်ကာ ချက်ချင်း တင်ပလင်ခွေ ထိုင်ချလိုက်လေသည်။
တစ်ရက်ကြာပြီးနောက်မှ ရန်ကိုင် မျက်လုံး ပြန်ပွင့်လာခဲ့၏။ ယခုထိတိုင် သူ့စိတ်ထဲ အကြောက်မပြေသေး။
ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်းရှိသည့်တိုင် သူ့ဝိဥာဉ် ရသွားသည့် ဒဏ်ရာမှာ အလွန်ကိုမှ ပြင်းထန်လွန်းသဖြင့် ပြန်ကောင်းရန် အတော်လေး အချိန်ယူလိုက်ရသည်။
ချင်းတုန်ကတော့ ထိုကဲ့သို့မဟုတ်။ တန်ခိုးရှင်ဘုရင်အဆင့် ဖြစ်သော်ငြား ဝိဥာဉ်ဒဏ်ရာရသွားခြင်း ဖြစ်သဖြင့် ပြန်ကောင်းရန် အနည်းဆုံး နှစ်ဝက်လောက် အချိန်ယူရပေတော့မည်။
ရန်ကိုင်၏ အကြည့်ကို ခံစားမိလိုက်သည့်နောက် ချင်းတုန်သည် မျက်လုံးဖွင့်၍ မေးလိုက်လေသည် “သူလွတ်သွားလား”
ရန်ကိုင် ခေါင်းညိတ်လိုက်၏။
ချင်းတုန်က သက်ပြင်းအမောကြီးချလျက် “တကယ်ကို ကြောက်ဖို့ကောင်းတဲ့ ရန်သူပဲ။ တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်နေပြီမို့လို့ ငါ့ကိုယ်ငါ အရိပ်ကြယ်ပေါ်မှာ ပြိုင်ဘက်ကင်းပြီ ထင်နေတာ။ အခုလိုမျိုး ဆိုးဆိုးရွားရွား ခံရလိမ့်မယ်လို့ တစ်ခါမှ မထင်ထားဘူး။ ဒီကောင်သုံးသွားတာ ဘာမှော်ရတနာလဲ မသိဘူး။ တွေးမိလိုက်တာနဲ့ ကြောက်နေမိတုန်းပဲ”
ရန်ကိုင်က ခဏလောက် စဉ်းစားပြီးနောက် “ဧကရာဇ် မှော်ရတနာ ဖြစ်လောက်တယ်”
“ဧကရာဇ်မှော်ရတနာလား” ချင်းတုန် မျက်မှောင်ကြုတ်သွား၏။ တွေးတွေးဆဆဖြင့် ပတ်ဝန်းကျင်အား တစ်ချက် စစ်ဆေးကြည့်ပြီးနောက် ခေါင်းညိတ်၍ “မင်းပြောတာ ယုတ္တိရှိတယ်။ အဲ့မှော်ရတနာထဲမှာ ဧကရာဇ်ဖိအား နည်းနည်း ပါနေတယ်။ ဒါပေမယ့် အဲ့ဧကရာဇ်ဖိအားက ဧကရာဇ်ဥယျာဉ်က ထွက်လာတဲ့ ဧကရာဇ်ဖိအားနဲ့ သိပ်မတူဘူး”
ဧကရာဇ်ချင်းမှ မတူတာ၊ ဘယ်တူပါ့မလဲဟု ရန်ကိုင်သည် စိတ်ထဲတွင်သာ တွေးလိုက်ပြီး အပြင်တော့ ထုတ်မပြောခဲ့ပေ။
ရန်ကိုင်အား အလောင်းဝိဥာဉ်ဂိုဏ်းချုပ် ထွက်ပြေးသွားသည့် လမ်းကြောင်းအား ခြေရာခံမရအောင် တားဆီးခဲ့သည်မှာ ထိုဧကရာဇ်ဖိအား ဖြစ်ပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၉၄)
တစ်ကြိမ် မျက်ခြေပြတ်သွားပြီးနောက်တွင် အလောင်းဝိဥာဉ် ဂိုဏ်းချုပ်အားပြန်ရှာရန်မှာ အတော့်ကိုမှ ခဲယဉ်းသွားလေပြီ။
ယခုတစ်ကြိမ် အမဲလိုက်ခရီးစဉ်သည် အောင်မြင်ခြင်း မရှိခဲ့သော်ငြား ကျရှုံးသည်ဟု ပြော၍မရ။ အနည်းဆုံး အလောင်းဝိဥာဉ်ဂိုဏ်းချုပ်အား အချိန်တိုအတွင်း လူရှေ့သူရှေ့ ထွက်မလာနိုင်အောင်တော့ ဟန့်တားနိုင်ခဲ့ပေသည်။ အလောင်းဝိဥာဉ်ဂိုဏ်းချုပ်သည် ခန္ဓာကိုယ်များကို အကြိမ်ကြိမ် ဝင်စီးခဲ့ရသည့်အတွက် သူ့ဝိဥာဉ်ထိခိုက်ခဲ့ရသည်။ ထို့အပြင် သူနောက်ဆုံး အသုံးပြုသွားသည့် တိုက်ခိုက်မှုသည်လည်း သူ့အား ကြီးကြီးမားမား ထိခိုက်စေပေလိမ့်မည်။ ထို့ကြောင့်သာ မဟုတ်လျှင် ထိုတိုက်ကွက်ကို အစောကြီးတကည်းက ထုတ်သုံးခဲ့ပေလိမ့်မည်။
ချင်းတုန်လည်း ထိုအကြောင်း သိပေသည်။ ထို့ကြောင့် ရန်ကိုင်အား အလောင်းဝိဥာဉ်ဂိုဏ်းချုပ်အား ဆက်လိုက်ဖမ်းရန် မပြောတော့ပေ။ ထို့အစား “အလောင်းဝိဥာဉ်ဂိုဏ်းချုပ်ကို မဖမ်းမိလိုက်ပေမယ့် အလောင်းဝိဥာဉ်ဂိုဏ်းကိုတော့ ဒီအတိုင်း ထားလိုက်လို့ မဖြစ်ဘူး။ အလောင်းဝိဥာဉ်လိုဏ်ဂူကို အပြီး ဖျက်စီးပစ်ရမယ်။ အဲ့နားက ဖြတ်သွားတုန်းက အဲ့ထဲမှာ အလောင်းဝိဥာဉ်တွေ အများကြီး အိပ်နေတာ ငါတွေ့လိုက်တယ်”
“ကျုပ်လည်း အဲ့လိုပဲ တွေးနေတာ” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ခဏမျှ ဆွေးနွေးပြီးနောက်တွင် ရန်ကိုင်နှင့် ချင်းတုန်သည် သင်္ချိုင်းတောင်ကြားဆီသို့ ပြန်လည် ထွက်ခွာလာခဲ့လေသည်။
သုံးရက်ကြာပြီးနောက်တွင် သင်္ချိုင်းတောင်ကြားဆီသို့ ပြန်ရောက်လာခဲ့သည်။ ယခင်တစ်ခေါက်က ချင်းတုန် ဝင်သောင်းကျန်းခဲ့သော်ငြား အလောင်းဝိဥာဉ် အကုန်လုံးကို အပြတ် မရှင်းပစ်နိုင်ခဲ့ချေ။ သို့ရာတွင် သူတို့ အလောင်းဝိဥာဉ် ဂိုဏ်းချုပ်ကို လိုက်ဖမ်းနေစဉ် အတောအတွင်း လက်ကျန် အလောင်းဝိဥာဉ်အားလုံး ထွက်ပြေးသွားသည့်ပုံပင်။ သူတို့ ပြန်ရောက်လာသည့်အခါ အလောင်းဝိဥာဉ်တစ်ယောက်မှ မတွေ့ရတော့ဘဲ အလောင်းလိုဏ်ဂူထဲရှိ အပြည့်အဝ အသွင်မပြောင်းရသေးသည့် အလောင်းဝိဥာဉ် မဖြစ်တစ်ဝက်ဖြစ်တစ်ဝက်များကိုသာ တွေ့ရတော့သည်။
ချင်းတုန် အလောင်းလိုဏ်ဂူအား မဖျက်စီးပစ်ခင် ရန်ကိုင်သည် မြေအောက်စမ်းချောင်းဆီ တစ်ချက် ပြန်သွားပြီး ထိုစမ်းချောင်းကို ဖျက်စီးပစ်နိုင်မည့် နည်းလမ်းရှိမရှိ သွားရှာကြည့်သည်။ ဖျက်သာ ဖျက်စီးပစ်နိုင်မည်ဆိုလျှင် အလောင်းဝိဥာဉ်များ ဆက်လက် ရှိလာနိုင်တော့လိမ့်မည် မဟုတ်ချေ။ ထိုအခါ အရိပ်ကြယ်ပေါ်ရှိ လက်ရှိ အလောင်းဝိဥာဉ်အားလုံးကို ဖျက်စီးပစ်လိုက်သည်နှင့် အလောင်းဝိဥာဉ်အားလုံးကို ရှင်းပစ်လိုက်နိုင်ပေလိမ့်မည်။
သို့သော်ငြား မြေအောက်စမ်းချောင်းအား ဖျက်စီးပစ်နိုင်မည့် နည်းလမ်းအား ရှာမတွေ့ခဲ့ချေ။ မြေအောက်စမ်းချောင်းကို ဖျက်စီးပစ်လိုလျှင် နည်းလမ်းတစ်ခုသာ ရှိသည်။ စမ်းချောင်းထဲသို့ ဝင်ပြီး အထဲနှင့်အပြင် ဆက်သွယ်နေသည့် လမ်းကြောင်းအားလုံးကို ဖြတ်တောက်ပစ်ရန်ပင်။
သို့သော် ထိုအထိတော့ ရန်ကိုင် မစွန့်စားရဲပေ။ ထို့ကြောင့် ချင်းတုန်နှင့် ပူးပေါင်း၍ မြေအောက်စမ်းခေါင်းကို ယာယီသာ ချိတ်ပိတ်ပစ်ခဲ့သည်။
ဆယ်ရက်ကြာပြီးနောက်နှင့် ရန်ကိုင်နှင့် ချင်းတုန်တို့ အထက်စကြာဝဠာဂိုဏ်းဆီသို့ ပြန်ရောက်လာခဲ့သည်။
ဘာတွေဖြစ်ပျက်ခဲ့သလဲ ဆိုသည်ကို အကြီးအကဲချုပ်နှင့် အခြား ခေါင်းဆောင်များကို ပြန်ပြောပြလိုက်သည့်နောက် ရီရှီယွင်ပင် အလွန် ထိတ်လန့်သွားခဲ့လေသည်။ ဤလောကကြီးတွင် ခန္ဓာကိုယ်များကို တောက်လျှောက် ဝင်စီးနိုင်သည့် နည်းလမ်းတစ်ခု ရှိနေလိမ့်မည်ဟု သူမလည်း မထင်ထားခဲ့ပေ။
အခြား အကြီးအကဲများသည်လည်း သက်ပြင်းချလိုက်သည်။
“ဒီတော့ အဲ့အလောင်းဝိဥာဉ်ဂိုဏ်းချုပ်က မသေနိုင်ဘူးပေါ့၊ ဟုတ်လား ဂိုဏ်းချုပ်” ရီရှီယွင် မျက်မှောင်ကြုတ်သွားခဲ့သည်။
“အဲ့လိုတော့လည်း မဟုတ်သေးဘူး။ ခန္ဓာကိုယ် ဝင်စီးတာက သူ့ကိုလည်း ထိခိုက်စေတယ်။ သူဝင်စီးသွားတဲ့ လူတွေကို ကြည့်လိုက်ရင် သိသာတယ်။ တကယ့် ပြဿနာက သူ့ကို ဘယ်လို ပြန်ရှာရမလဲ ဆိုတာပဲ” ရန်ကိုင် သက်ပြင်းချလိုက်သည်။
ရီရှီယွင်က ခေါင်းညိတ်၍ “အလောင်းဝိဥာဉ်ဂိုဏ်းချုပ်ကို မသတ်လိုက်နိုင်ဘူး ဆိုပေမယ့် မြေအောက်စမ်းချောင်းကို ချိတ်ပိတ်လိုက်နိုင်တာဆိုတော့ အလောင်းဝိဥာဉ်တွေ ထပ်ပြီး တိုးလာတော့မှာ မဟုတ်ဘူး။ အခုအချိန်က တန်ပြန် တိုက်ခိုက်ဖို့ အကောင်းဆုံး အချိန်ပဲ”
ရန်ကိုင်က ပြုံး၍ “အကြီးအကဲချုပ် ဘယ်လိုလုပ်ချင်လဲ”
“အခုအချိန်ကို အခွင့်ကောင်းယူမယ်” ရီရှီယွင်က အလျင်အမြန် ပြောပြလိုက်သည် “အရင်နှစ်နှစ်တုန်းက အရိပ်ကြယ်ကြီး လုံးဝ ဒုက္ခရောက်ခဲ့ရတဲ့ အကြောင်းအရင်းက အလောင်းဝိဥာဉ်ဂိုဏ်းက ဗြုန်းစားကြီး ရုတ်တရက် ပေါ်လာတာရယ်။ သူတို့ရဲ့ နည်းလမ်းတွေနဲ့ မရင်းနှီးတာရယ်ကြောင့်ပဲ။ နောက်တစ်ချက်က အကုန်လုံးက စုပေါင်းပြီး မတိုက်ကြဘဲ တစ်ကွဲတစ်ပြားစီ တိုက်နေလို့လည်း ပါတာပေါ့။ အဲ့ဒါကြောင့် ဘယ်အင်အားစုမှ သူတို့ကို မတွန်းလှန်နိုင်ခဲ့တာ။ ဒါပေမယ့် အခုတော့ မတူတော့ဘူး။ ဂိုဏ်းချုပ်လည်း ပြန်ရောက်လာပြီ။ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောလည်း ရှိနေတယ်။ အကြီးအကဲချင်းကလည်း တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်သွားပြီဆိုတော့ ဂိုဏ်းချုပ်နဲ့ အကြီးအကဲချင်းသာ ဦးဆောင်မယ်ဆိုရင် အရိပ်ကြယ်ကြီး တစ်ခုလုံးကို စုစည်းပြီး အလောင်းဝိဥာဉ်ဂိုဏ်းကို ပြန်ပြီး တိုက်ခိုက်လို့ ရလောက်တယ်”
“ငါဘက်က အဆင်ပြေတယ်။ အရိပ်ကြယ်က ငါ့အိမ်။ ဒီနေရာကို ကာကွယ်ရမှာပဲ ငါ့တာဝန်ပဲ” ချင်းတုန်က ချက်ချင်း ပြန်ပြောလိုက်၏။
ရီရှီယွင်သည် ရန်ကိုင်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။
“ကျုပ်လည်း အဆင်ပြေတယ်” ရန်ကိုင်က ရယ်သွမ်းသွေး၍ “အစီအစဉ်ကိုတော့ အကြီးအကဲချင်းနဲ့ အကြီးအကဲချုပ်ပဲ ဆွဲလိုက်။ ဂိုဏ်းမှာ ရှိတဲ့ လူတွေနဲ့ အရင်းအမြစ်တွေကို အကြီးအကဲတို့ပဲ သင့်တော်သလို စီစဉ်လိုက်။ ကျုပ်လည်း ကျုပ်တတ်နိုင်သလောက် ကူညီပေးမယ်”
“ဂိုဏ်းချုပ်က ရှောင်ထွက်ဦးမယ်ပေါ့။ ကောင်းပြီလေ။ ကျွန်မတို့ပဲ တာဝန်ယူရမှာပေါ့” ရီရှီယွင်သည် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်၏။
ထို့နောက် အရိပ်ကြယ်ပေါ်ရှိ လက်ကျန် ပညာရှင်များအား မည်ကဲ့သို့ စည်းရုံးမလဲ စတင် ဆွေနွေးကြလေသည်။
တကယ်တော့ အရိပ်ကြယ်ပေါ်ရှိ လူများကို စည်းရုံးဖို့ရာ သိပ်မခက်ချေ။ လက်ရှိ အချိန်၌ အထက်စကြာဝဠာဂိုဏ်း၏ ဂုဏ်သတင်းသည် အလွန်ကို မြင့်မားနေသည်။ ချင်းတုန်သည် တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်နေပြီ ဖြစ်သဖြင့်အတွက် သူသာ ပါးစပ်ဟလိုက်သည်နှင့် အကုန်လုံး ကျိန်းသေ စည်းစည်းရုံးရုံး ဖြစ်သွားကြပေလိမ့်မည်။
ချင်းတုန်နှင့် ရန်ကိုင်တို့သာ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောကို ဦးစီးပြီး တိုက်ခိုက်မည်ဆိုပါက အလောင်းဝိဥာဉ်ဂိုဏ်း ဝန်းရံထားသည့် အင်အားစုများကို ကယ်တင်ရန် မခက်တော့ချေ။ အချိန်ကြာလာသည်နှင့် သူတို့ဘက်မှ တဖြည်းဖြည်း အားသာလာမည်ဖြစ်ကာ အရိပ်ကြယ်တစ်ခုလုံးကို ပြန်လည် သိမ်းပိုက်နိုင်ပေလိမ့်မည်။
ရီရှီယွင်သည် အလောင်းဝိဥာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်အား ရန်ကိုင်နှင့် ချင်းတုန်မှ ပူးပေါင်းပြီး သတ်ပစ်လိုက်ပြီဟု သတင်းလွှင့်ရန်ပင် စီစဉ်ထားပေသေးသည်။
ထိုသတင်းမှာ အမှန်မဟုတ်သော်ငြား မည်သူမှ မယုံသင်္ကာ မဖြစ်ခဲ့ကြချေ။ လက်ရှိ အချိန်တွင် အလောင်းဝိဥာဉ်ဂိုဏ်းချုပ်သည် ရန်ကိုင်နှင့် ချင်းတုန်တို့ မတွေ့မိအောင် ပုန်းရှောင်နေရသဖြင့် သူ့သေတွင်း သူတူးသည့် လုပ်ရပ်မျိုး လုပ်လိမ့်မည် မဟုတ်ပေ။
ထိုသတင်းသည် အလောင်းဝိဥာဉ်မျိုးနွယ်ဝင်များ တိုက်ပွဲဝင်လိုစိတ်ကို အကြီးအကျယ် လျော့ကျသွားစေခဲ့ရာ တိုက်ပွဲ အခြေအနေသည် လူသားတို့ဘက်သို့ တစ်ဖန်ပြန်လည် အလေးသာလာခဲ့လေသည်။
ရန်ကိုင်ကမူ အခြားသူများ ဆွေးနွေးတိုင်ပင်နေကြစဉ် ယန်ယန်ဆီ နောက်တစ်ကြိမ် သွားလည်ပတ်လေသည်။
“တကယ်ကြီး အင်းဆက်ဧကရာဇ် ဖြစ်နေတာပါလား” ရန်ကိုင်သည် ယန်ယန်၏ အသိစိတ်ပင်လယ်ထဲတွင် ယန်ယန်နှင့် မျက်နှာချင်းဆိုင်၍ ထိုင်နေခဲ့သည် “အဲ့နှစ်တစ်သောင်း အဆိပ်မိစ္ဆာ အင်းဆက်ဆိုတာ သူ့ရဲ့ လက်သုံးတော်အင်းဆက်တစ်မျိုးပဲ။ ဝိဥာဉ်ခွဲဆေးဘားဆိုတာလည်း သူ့ရဲ့ မှော်ရတနာပဲ။ အဲ့တိုက်ပွဲမှာ သူတကယ်ကြီး မသေသွားဘဲ နေလိမ့်မယ်လို့ ငါတစ်ခါမှ မထင်ထားဘူး။ ငါပေါ့လျော့သွားတယ်”
“ဒီတော့ သူက အင်းဆက်ဧကရာဇ်ပေါ့” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။ သူ့ကျင့်ကြံတဲ့လမ်းစဉ်က အင်းဆက်တွေကို ထိန်းချုပ်တဲ့လမ်းစဉ်မျိုး။ အင်းဆက်တိုင်းကို သူ့ဝိဥာဉ်နဲ့ ချိန်ဆက်ထားတော့ အင်းဆက်တစ်ကောင်ဆီကနေ အခြား တစ်ကောင်ဆီ ခုန်ကူးပြီး ခန္ဓာကိုယ်ဝင်စီးနိုင်တာ။ နှစ်တစ်သောင်း အဆိပ်မိစ္ဆာအင်းဆက်က ရှေးဟောင်းအင်းဆက်တစ်မျိုး ဆိုပေမယ့် ဘာမှဒီလောက် မဟုတ်ဘူး။ အဲ့အင်းဆက်က အခြားသူတွေကို ထိန်းချုပ်ဖို့ပဲ သုံးနိုင်တာ။ သူ့လက်ထဲမှာ အဲ့ထက် ပိုအားကောင်းတဲ့ နည်းလမ်းတွေ ရှိသေးတယ်။ အဲ့နည်းလမ်းတွေနဲ့ ဆိုရင် ကြယ်စီရင်းစုကြီးတစ်ခုလုံးကို ဗြောင်းသတ်သွားအောင် လုပ်ပစ်လို့ရတယ်”
ယန်ယန်သည် အရိပ်ကြယ်တင် မဟုတ်ဘဲ ကြယ်စီရင်စုကြီး တစ်ခုလုံးနှင့်ပါ ချီ၍ ပြောလာသည်ကိုကြားသော် ရန်ကိုင် တုန်ရီသွားခဲ့လေသည်။
သို့သော် ယန်ယန်က ပြုံး၍ “အရမ်းကြီးလည်း စိုးရိမ်နေစရာတော့ မလိုဘူး။ အချို့အင်းဆက်တွေကို ထိန်းချုပ်နိုင်ဖို့ သူ့ကျင့်ကြံခြင်းလည်း မြင့်နေမှရမှာ။ အခု သူ့ကျင့်ကြံခြင်းက တန်ခိုးရှင်တတိယအဆင့်ပဲ ရှိသေးတာဆိုတော့ အင်းဆက် အများကြီးကို ထိန်းချုပ်နိုင်ဦးမှာ မဟုတ်သေးဘူး။ နှစ်တစ်သောင်း အဆိပ်မိစ္ဆာအင်းဆက်တွေကိုတောင် အခုလို သုံးလိုက်လို့ သူတော်တော်လေး ဘေးထွက်ဆိုးကျိုးတွေ ခံစားနေရလောက်ပြီ။ ဒါကြောင့် နောက်နှစ်အနည်းငယ် အတွင်းတော့ သူပြန်ပေါ်လာဦးမှာ မဟုတ်သေးဘူး”
“သူအသက်ရှင်နေသရွေ့ အရိပ်ကြယ်ကြီး ဘယ်တော့မှ အေးချမ်းမှာ မဟုတ်ဘူး”
အင်းဆက်ဧကရာဇ်သည် ယန်ယန်အဆင့်ရှိ ပညာရှင်တစ်ဦး ဖြစ်သဖြင့် ထိုအင်းဆက်ဧကရာဇ်ကို ရန်ကိုင် အတော်လေး လန့်နေသည်။
ယန်ယန်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည် “နင်သူ့ကို သတ်နိုင်အောင် ငါကူညီပေးလို့ရတယ်”
“ဘယ်လို၊ ဘယ်လိုနည်းလမ်းနဲ့လဲ” ရန်ကိုင်က သူမအား မော့ကြည့်လိုက်သည်။
ယန်ယန်သည် ဘာမှပြောမနေဘဲ ဟင်းလင်းပြင်အား ဖမ်းဆုပ်လိုက်သည်။
သူမလက်ဝါးကို ပြန်ဖြန့်လိုက်ချိန် ရောင်စုံအလင်းလေးတစ်လုံး ထွက်လာခဲ့သည်။ ထို့နောက် ထိုအလင်းလုံးကို ရန်ကိုင်၏ နဖူးထဲသို့ ဖိချလိုက်လေသည်။
ယန်ယန်သည် ဖြည်းဖြည်းချင်းသာ လှုပ်ရှားလိုက်ခြင်းသာ ဖြစ်သော်ငြား ရန်ကိုင်မှာမူ အလင်းလုံး သူ့နာမ်ဝိဥာဉ်ထဲသို့ ဝင်သွားပြီးနောက်မှသာ ပြန်အသိဝင်လာနိုင်ခဲ့သည်။ အသိ ဝင်လာပြီးသည်နှင့် ချက်ချင်း လှမ်းမေးလိုက်၏ “အဲ့ဒါဘာကြီးလဲ”
ယန်ယန်က ပြုံးလျက် “သန့်စင်လိုက်။ နင်ပြီးရင် သိလိမ့်မယ်”
ယန်ယန် ပြောလို့ ပြီးသွားသည်နှင့် တစ်ပြိုင်နက် သူ့နာမ်ဝိဥာဉ်ထဲ ကြမ်းတမ်းသည့် အရှိန်အဝါတစ်ရပ် ပေါက်ကွဲထွက်လာသည်ကို ခံစားမိလိုက်သည်။ ထိုပေါက်ကွဲအားကြောင့် သူ့နာမ်ဝိဥာဉ် ပေါက်ကွဲထွက်သွားပြီး မူလ ခန္ဓာကိုယ်ဆီသို့ ပြန်ရောက်သွားလေ၏။
ချက်ချင်းဆိုသလို ရန်ကိုင် မျက်လုံးပွင့်လာခဲ့လေသည်။ သို့သော် သူရှိနေရမည့် အိမ်လေးထဲတွင် ရှိမနေခဲ့ဘဲ ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်ထဲသို့ ရောက်နေသည်ကိုသာ တွေ့ရှိလိုက်ရသည်။ ပတ်ဝန်းကျင် တစ်ခုလုံးသည်လည်း ပိန်းပိန်းပိတ်အောင် မှောင်မိုက်နေကာ မည်သည့် အလင်းရောင်မှ ထွက်ပေါ်နေခြင်း မရှိခဲ့ပေ။
ဘာတွေဖြစ်လို့ ဖြစ်နေမှန်း မသိသဖြင့် ရန်ကိုင် ကြောင်သွားခဲ့၏။ သို့သော်လည်း ဂယောင်ချောက်ခြား ဖြစ်မသွားခဲ့ဘဲ စိတ်ကို တည်တည်ငြိမ်ငြိမ်ထား၍ ပတ်ဝန်းကျင်ကို စတင် စစ်ဆေးလေသည်။
မကြာမီ ဘာဆိုဘာမှမရှိသော ဟင်းလင်းပြင်ကြီးထဲ စွမ်းအင်စအချို့ ထွက်ပေါ်လာခဲ့လေသည်။ ထိုစွမ်းအင်စများ တဖြည်းဖြည်း စုစည်းလာပြီးနောက် စွမ်းအင်လုံးကြီးတစ်ခု ဖြည်းဖြည်းချင်း စတင် ဖြစ်တည်လာသည်။
မခန့်မှန်းနိုင်လောက်အောင် ရှည်လျားကြာညောင်းပြီးနောက် ဧရာမကြယ်ကြီးတစ်လုံး ရန်ကိုင်ရှေ့ ဖြစ်ပေါ်လာခဲ့သည်။ ထိုကြယ်တွင် မည်သည့် အသက်စွမ်းအင်မှ ရှိမနေခဲ့ပေ။
ထိုကြယ်ကြီးကို သူအနည်းငယ် ရင်းနှီးနေသလို ရန်ကိုင် ခံစားလိုက်ရသည်။
“အရိပ်ကြယ်လား” ထိုကြယ်သည် သူလက်ရှိ ရှိနေသည့် အရိပ်ကြယ်နှင့် အရွယ်အစားရော၊ ပုံသဏ္ဏာချင်း အတူတူ ဖြစ်ကာ အသက်စွမ်းအင်း ရှိခြင်းမရှိခြင်းသာ ကွာခြားသွားသည်။
“ငါနားလည်ပြီ” ယန်ယန် သူ့ခေါင်းထဲသို့ ဘာကို ထည့်လိုက်လဲ ယခုမှပဲ နားလည်သွားတော့သည်။ ချက်ချင်းပဲ ရရှိလာသည့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်အောင် ကြိုးစားတော့၏။
အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့၏။ အချိန်အတိုင်းအတာ တစ်ခု ကြာညောင်းပြီးနောက်တွင် သက်ရှိ အရိပ်အယောင်များ အရိပ်ကြယ်ပေါ်တွင် စတင် ဖြစ်တည်လာသည်။ သစ်ပင်ပန်းပင်များ စတင် ပွင့်လန်းလာသဖြင့် လွင်တီးခေါင်မြေ ဖြစ်သော အရိပ်ကြယ်ဖြစ်သည် စတင် စိမ်းလန်းစိုပြေလာခဲ့၏။ မကြာမီ အသွေးအသားရှိသည့် သက်ရှိများ ပေါက်ဖွားလာ၏။
ဤသို့ဖြင့် မျိုးနွယ်စုအသစ်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာလေသည်။ သို့ရာတွင် အချိန်၏ တိုက်စားခြင်းကိုမူ မည်သူမှ မတောင့်ခံနိုင်ခဲ့။ အမျိုးမျိုးသော အဖွဲ့အစည်းများ ဖြစ်ပေါ်လာသလို ပျောက်ကွယ်လည်း သွားကြသည်။
ရန်ကိုင်သည် ခေတ်တစ်ခတ်ပြီးတစ်ခေတ် ကုန်ဆုံးနေသည်ကို သူကိုယ်တိုင် မြင်တွေ့နေရသည်။ အရားအားလုံး၏ ဖြစ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ပျက်သုဉ်းမှုတို့ကို သူကိုယ်တိုင် မြင်တွေ့နေရ၏။ ကြည့်နေရင်းများလာသော် ထိုခေတ်အချိန်အခါဆီသို့ သူကိုယ်တိုင် ရောက်သွားသလို ခံစားလာရလေသည်။
အချိန်ကြာလာသော် အရိပ်ကြယ်ကြီးသည် သူကိုယ်တိုင် ဖြစ်လာသလို ခံစားလာရတော့၏။
ကြယ်သခင်…
ကြယ်သခင်တစ်ဦးသား ထိုကဲ့သို့သော ခံစားမှုမျိုးကို ခံစားနိုင်ပေသည်။
ဤအဆင့်သည် ကြယ်အရင်းအမြစ်ကို သန့်စင်ရာတွင် ကြုံတွေ့ရသည့် ဖြစ်စဉ်တစ်ခုဖြစ်ပြီး ထိုဖြစ်စဉ်ကို ဖြတ်ကျော်ပြီးမှ ကြယ်သခင်တစ်ဦး ဖြစ်လာနိုင်ပေလိမ့်မည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၉၅)
မျက်လုံး ပြန်ပွင့်လာသည့် အချိန်တွင် ထူးဆန်းသည့် ခံစားချက် တစ်ခုကို ရန်ကိုင် ရနေသည်။ အရိပ်ကြယ်ကြီး တစ်ခုလုံးသည် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဖြစ်လာသည့်အလား… အရိပ်ကြယ်၏ မည်သည့် ကုန်းမြေ အစိတ်အပိုင်းကိုမဆို သူခံစားမိနေသည်။ လွင်တီးခေါင်မြေ ဖြစ်နေသည့် အပိုင်လား၊ စိမ်းလန်းစိုပြေသည့် အပိုင်းလား… အကုန်လုံးကို သူခံစားမိ၏။
ဆန္ဒရှိလျှင် အရိပ်ကြယ်၏ မည်သည့်နေရာမဆို အလွယ်တကူ သွားလာနိုင်လာသည်။ အရိပ်ကြယ်ကြီး တစ်ခုလုံးကို မုန်တိုင်း ထန်စေချင်လား၊ လှိုင်းထန်စေချင်လား၊ ငလျင် လှုပ်စေချင်လား… သူအကုန် လုပ်နိုင်သည်။
လက်သီးကို တင်းတင်းဆုပ်လိုက်သည့်အခါ လောကကြီး တစ်ခုလုံးသည်ပါ သူနှင့်အတူ လိုက်ပါ တုန်ခါသွားသလို ရန်ကိုင် ခံစားလိုက်ရသည်။
ထိုစဉ် ကုဋေကုဋာနှင့်ချီသော သက်ရှိများသည် ဘာများ ဖြစ်ကြသလဲဟု တွေးလျက် ကောင်းကင်ပေါ်သို့ မော့ကြည့်ကြ၏။
ရန်ကိုင် ကြယ်သခင် ဖြစ်လာသည့် အချိန်တွင် အရိပ်ကြယ်သည် မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့သည်။ ပြောင်းလဲမှုမှာ မသိသာသဖြင့် ပညာရှင်အချို့သာ သတိပြုမိကြပြီး အခြားသူ အားလုံးမှာတော့ သတိမမူမိကြဆဲ။
ယခုအချိန်မှစ၍ အရိပ်ကြယ်၏ ကံကြမ္မာသည် ရန်ကိုင်၏ ကံကြမ္မာနှင့် တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားပေတော့မည်။ ရန်ကိုင် တိုးတက်အားကောင်းလာလျှင် အရိပ်ကြယ်သည်လည်း ပိုမို တိုးတက်လာပေလိမ့်မည်။
သူ့ကိုယ်သူ ပြန်စစ်ဆေးကြည့်လိုက်သည့် အခိုက်တွင် သူ့ဒန်တန်ထဲ၌ အရိပ်ကြယ်နှင့် ဆင်တူသော အလုံးလေးတစ်လုံး ရှိနေခဲ့လေသည်။ အလုံးလေးသည် သူ့ဒန်တန်ထဲတွင် ဝဲလျက် မနှေးမမြန်သော အရှိန်ဖြင့် လည်ပတ်နေခဲ့လေသည်။
ကြယ်အမြူတေ
ကြယ်သခင် ဖြစ်လာလိုလျှင် ကြယ်အမြူတေကို ဦးစွာ သန့်စင်ရမည်။ ယန်ယန် သူ့ကိုယ်ထဲသို့ ထည့်လိုက်သည်မှာ အရိပ်ကြယ်၏ ကြယ်အမြူတေ ဖြစ်ပေသည်။
ထိုကြယ် တစ်ကြိမ် လှည့်ပတ်သွားတိုင် စွမ်းအင်တစ်မျိုးမှ သူ့ခန္ဓာကိုယ်အား ပိုမို အားကောင်းလာအောင် အားဖြည့်ပေးနေသည်ကို ခံစားမိ၏။
ဤအရာသည် ကြယ်သခင်ဖြစ်ခြင်း၏ အကျိုးပင်။
ရန်ကိုင် အလွန်ကိုမှ အလွန်ကိုမှ စိတ်လှုပ်ရှားပျော်ရွှင်မိသွားသလို သံသယများစွာတို့သည်လည်း သူ့စိတ်ထဲ တစ်ချိန်တည်း ထွက်ပေါ်လာခဲ့သည်။
သူတကယ်ကြီး အရိပ်ကြယ်၏ ကြယ်သခင် ဖြစ်လာခဲ့ပြီလား… ဤကြယ်ကြီး တစ်ခုလုံး၏ အရှင်သခင်လေ…
ထိုအမှန်တရားကို ရန်ကိုင် သိပ်ပြီး လက်မခံနိုင် ဖြစ်နေခဲ့သည်။ သူ့စီနီယာမမလေး ကြယ်သခင်ဖြစ်လာသည်မှာ ကံကြောင့်ဟု ပြောလျှင်မမှား။ ထုန်းရွှမ်လောကကြီးသည် သင်္ချိုင်းကုန်း ခြေတစ်ဖက် လှမ်းနေသည့် အဖိုးအိုကြီး တစ်ယောက်နှယ် သေခါနီးဆဲဆဲ ဖြစ်နေသည့်အတွက် ရှနင်းချန်ဆီမှ အကူအညီ ရယူလိုသည့် အနေဖြင့် သူမအား ကြယ်အမြူတေကို သန့်စင်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။
သို့သော် အရိပ်ကြယ်ကတော့ အကောင်းကြီး ရှိသေးသည်။ ဤနေရာရှိ မိုးမြေစွမ်းအင်များသည် ကျင့်ကြံသူများအား တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်မရအောင် တားဆီးနေသော်ငြား ကြယ်ကြီးမှာတော့ အသက်စွမ်းအင်တို့ဖြင့် ပြည့်ဝနေဆဲ။ ထုန်းရွှမ်လောကကြီးသည် သေခါနီးဆဲဆဲ အဖိုးကြီးတစ်ဦး ဆိုပါက အရိပ်ကြယ်သည် အသက်စွမ်းအင်တို့ဖြင့် ပြည့်နေသော လူငယ်လေး တစ်ယောက်သာ ဖြစ်သေးသည်။
ကြယ်တစ်လုံး၏ ကြယ်အမြူတေကို သန့်စင်ရန်အတွက် ကျင့်ကြံသူ တစ်ဦးသည် တန်ခိုးရှင်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေရမည်။ ထို့ကြောင့်ပင် တန်ခိုးရှင်ဒုတိယအဆင့်ဖြင့် ကြယ်အမြူတေကို သန့်စင်နိုင်ခဲ့သော လော့ဟိုင်သည် ကြယ်စီရင်စုထဲတွင် အလွန်ကိုမှ ကျော်ကြားနေရခြင်း ဖြစ်သည်။
ရန်ကိုင် ဘာကို တွေးနေသလဲ ဆိုသည်ကို နားလည်သည့်အလား ယန်ယန်က ရှင်းပြလိုက်လေသည် “ဒီကြယ်အရင်းအမြစ်ကို ငါဖမ်းလှောင်ပိတ်ထားတာ နှစ်တစ်သောင်းလောက် ရှိနေပြီ။ အခုမှ ပြန်လွှတ်ပေးလိုက်တာ။ ဒါပေမယ့် သူလွတ်မြောက်ဖို့ဆိုရင် နင်နဲ့ ပူးပေါင်းမှ ရမှာ။ မဟုတ်ရင် ငါက သူ့ကို ဆက်ပြီး ချုပ်ထားဦးမှာ ဆိုတော့ နင်နဲ့ လိုလိုလားလား ပူးပေါင်းလိုက်တာပဲ”
ရန်ကိုင် ကြောင်သွားခဲ့လေသည်။
ယန်ယန်က ရယ်သွမ်းသွေးလျက် “စိတ်မပူနဲ့။ အရင်က ဒီကြယ်အမြူတေက တော်တော်လေး ဆိုတာ။ သိပ်ပြီး လိမ္မာတာ မဟုတ်ဘူး။ ဒါကြောင့် ငါသူ့ကို သင်ခန်းစာ ပေးချင်တာနဲ့ ဖမ်းချုပ်ထားလိုက်တာ”
ကြယ်အမြူတေအား သူအလွယ်တကူ သန့်စင်လိုက်နိုင်ရခြင်း၏ နောက်ကွယ်မှ အကြောင်းပြချက်ကို နားလည်လိုက်သော် ရန်ကိုင် ခါးသက်စွာ ပြုံးမိလိုက်လေသည်။ နှစ်တစ်ထောင် အကျဉ်းချခံရပြီးနောက်မှ ပြန်လွတ်လာသည့်လူသည် မည်သို့များ သောင်းကျန်းရဲဦးမည်နည်း။ ကြယ်အမြူတေသည် အသိဥာဏ် မရှိသော်ငြား သူတို့တွင် မသိစိတ်ဆိုသည့် အာရုံတစ်မျိုးရှိသည်။ ထို့ကြောင့် သူနှင့်အတူတူ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။
ကြယ်သခင် ဖြစ်လာပြီးနောက်… ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ ကောင်းကင်စိတ်အာရုံသည် သူနေနေသည့်နေရာကို ဗဟိုပြု၍ ဒီရေလှိုင်းနှယ် အဘက်ဘက်သို့ ပျံ့နှံ့သွားခဲ့သည်။
နေရာပေါင်းစုံတွင် ဖြစ်ပွားနေသော တိုက်ပွဲများကို သူ့ကိုယ်ပိုင် မျက်စိဖြင့် မြင်နေရသလို ရန်ကိုင် မြင်လိုက်ရသည်။ သို့သော်ငြား သူ့အသိစိတ်ပင်လယ်ထဲရှိ စိတ်စွမ်းအင်မှာလည်း ကြောက်မခန်းလိလိ အမြန်နှုန်းဖြင့် လျော့ကျလာခဲ့လေသည်။
သူ့ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ချိန် သူ့အသိစိတ် ပင်လယ်သည် သုံးပုံတစ်ပုံတိတိ လျော့ကျသွားသည်ကို တွေ့ရှိလိုက်ရ၏။ သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်မှာ အသက် ငါးရှိုက်စာသာ ရှိပေသေးသည်။
ဆိုလိုသည်ကား သူ့အနေဖြင့် အရိပ်ကြယ်ကြီး တစ်ခုလုံးကို အသက် ဆယ့်ငါးရှိုက်စာသာ စောင့်ကြည့်နိုင်မည်ဖြစ်ပြီး ထို့နောက်တွင် သူ့အသိစိတ်ပင်လယ်တစ်ခုလုံး လုံးဝ ခမ်းခြောက်သွားပေလိမ့်မည်။ ထိုအချက်ကို နားလည်လိုက်သည့် အခါ ရန်ကိုင် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
ရန်ကိုင်သည် တန်ခိုးရှင်တတိယအဆင့်သာ ရှိသေးသော်ငြား သူ့စိတ်စွမ်းအင်သည် သာမန် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများနှင့် ယှဉ်နိုင်ပေသည်။ ထို့အပြင် ဝိဥာဉ်ကြာပန်း ကဲ့သို့သော ရတနာတစ်မျိုးကိုလည်း ပိုင်ဆိုင်ထားသေး၏။ ထိုသို့ဖြစ်နေလေရာ သူ့စိတ်စွမ်းအင် ဤမျှ မြန်မြန် ကုန်သွားစရာ အကြောင်း မရှိချေ။
ကြယ်သခင်တစ်ဦး ဖြစ်လာသည့်တိုင် လုံလောက်သည့် ခွန်အား မရှိသေးသရွေ့ စိတ်ရှိတိုင်း မလှုပ်ရှားနိုင်သေးသည့်ပုံပင်။
သို့သော် လောလောဆယ်အတွက်တော့ လုံလောက်ပေသည်။
“ငါပြဿနာအချို့ သွားရှင်းလိုက်ဦးမယ်။ နင့်ကို နောက်မှ ပြန်လာတွေ့မယ်” ပြောပြီးသည့်နောက် ယန်ယန် ဘာမှ ပြန်မပြောနိုင်သေးခင်မှာပဲ ရန်ကိုင်၏ပုံရိပ် ပျောက်ကွယ်သွား၏။
အထက်စကြာဝဠာဂိုဏ်းမှ မိုင်တစ်သိန်းအကွာခန့်တွင်၊ အလောင်းဝိဥာဉ်ဂိုဏ်းမှ တပည့်တစ်ဖွဲ့သည် လူသား ကျင့်ကြံသူများကို တိုက်ခိုက်နေခဲ့ကြသည်။
အထက်စကြာဝဠာဂိုဏ်းနှင့် အရိပ်လခန်းမတို့ ပူးပေါင်းလိုက်သည့် အချိန်မှစ၍ အရိပ်ကြယ်တစ်ခုလုံးသည် အလောင်းဝိဥာဉ်ဂိုဏ်းအား တဖြည်းဖြည်း ပြန်လည် တွန်းလှန်နိုင်လာသည်။
ရီရှီယွင်နှင့် ချင်းတုန်တို့၏ ဦးဆောင်မှုအောက်တွင် အလောင်းဝိဥာဉ်ဂိုဏ်းသည် နောက်ပြန်ဆုတ်အောင် တဖြည်းဖြည်း တွန်းအားပေးခံလာရသည်။ လူသား ကျင့်ကြံသူများသည်လည်း ဆုံးရှုံးသွားသော သူတို့၏ နယ်မြေများကို တဖြည်းဖြည်း ပြန်လည် သိမ်းပိုက်ရရှိနိုင်လာခဲ့သည်။
ယခုအချိန်တွင် ရှစ်ဆယ်ရာခိုင်းနှုန်းမကာသော မူလနေရာများကို လူသား ကျင့်ကြံသူများ ပြန်လည် သိမ်းပိုက်နိုင်ခဲ့လေပြီ။ အကုန်လုံး ဖြေးဖြေးနှင့်မှန်မှန် ရှေ့ဆက်သွားနေသည်။ လူသား ကျင့်ကြံသူများသည် ပြန်လည် သိမ်းပိုက်ရရှိပြီးသော နေရာများကို စောင့်ကြပ်ရန်အတွက် အချို့ကို အစောင့်အဖြစ် ထားရစ်ခဲ့ပြီး ကျန်လူများသည် အလောင်းဝိဥာဉ်ဂိုဏ်းသားကို ဆက်၍ တွန်းလှန်တိုက်ခိုက်ကြသည်။
ယခင်က အလောင်းဝိဥာဉ်များက လူသားကျင့်ကြံသူများကို ဝိုင်းရံ တိုက်ခိုက်ခဲ့ကြသူများ ဖြစ်ကြသော်ငြား ယခုမူ လူသားများကသာ အလောင်းဝိဥာဉ်များကို ဝိုင်းရံတိုက်ခိုက်သည့်လူများ ဖြစ်လာကြ၏။
အလောင်းဝိဥာဉ်များသည် အရေအတွက် နည်းလာသော်ငြား ချောင်ပိတ်ရိုက်ခံရသည့် သားရဲများနှယ် အသေအကြေ ပြန်လည် တိုက်ခိုက်သည့်အတွက် လူသားကျင့်ကြံသူများအဖို့ အတော်လေး အန္တရာယ်များခဲ့သည်။ ပိုဆိုးသည်ကား အလောင်းဝိဥာဉ်မျိုးနွယ်ဝင်များသည် သေပြီးသား လူများမှ ဖြစ်လာခြင်း ဖြစ်ရာ နာကျင်မှုကို မသိကြ။ သူတို့၏ ခန္ဓာကိုယ်မှာလည်း အလွန်ကိုမှ မာကျောလှသည်။ အလောင်း အမြူတေကို ဖျက်စီးပစ်နိုင်မှသာ သူတို့အား သတ်ပစ်နိုင်မည် ဖြစ်သည့်အတွက် အဆင့်တူချင်းဆိုလျှင် အလောင်းဝိဥာဉ်များသည် ပို၍ အားသာချက် ရှိပေသည်။
လူပေါင်းတစ်ထောင်လောက်သည် တောင်ကြားလေး တစ်ခုထဲတွင် ပုန်းအောင်းနေကြသော အလောင်းဝိဥာဉ်မျိုးနွယ်စုဝင်များကို ဝိုင်းထားကြသည်။ သို့သော် ပြေးဝင်တိုက်ခိုက်ခြင်း မပြုကြဘဲ ခပ်ခွာခွာ နေ၍သာ တစ်ဖက်လူကို အားကောင်းကုန် လုပ်နေ၏။
အလောင်းဝိဥာဉ်မျိုးနွယ်စုဝင်များသည်သည် တစ်ဖက်လူ ဘာကြံနေသလဲ ဆိုသည်ကို နားလည်ပေသည်။ ထို့ကြောင့် ရပ်စောင့်မနေကြဘဲ ဝိုင်းထားသည့် လူအုပ်ကြီးကို ဖောက်ထွက်ရန် အကြိမ်ကြိမ် ကြိုးစားကြည့်သည်။ ထိုသို့ ကြိုးစားနေစဉ်အတွင်း အသေအကြေများခဲ့သော်ငြား လူသား ကျင့်ကြံသူများစွာ၏ အသက်ကိုလည်း ချွေယူနိုင်ခဲ့ပေသည်။
နှစ်ဖက်စလုံးသည် မျှခြေအခြေအနေတွင် ရှိနေခဲ့လေသည်။ အလောင်းဝိဥာဉ်မျိုးနွယ်ဝင်များသည် အနှေးနဲ့အမြန်ဆိုသလို သေရတော့မည်မှန်း သိထားကြသည့်အတွက် သူတို့၏ တိုက်ခိုက်မှုများမှာ ပိုပို၍ ကြမ်းတမ်းရက်စက်လာခဲ့သည်။
တိုက်ပွဲအခြေအနေ မတိုးသာမဆုတ်သာ ဖြစ်နေချိန်မှာပဲ လူငယ်လေး တစ်ဦးသည် တောင်ကြားပေါ်၌ ရုတ်တရက် ပေါ်လာခဲ့သည်။
လူငယ်လေးသည် တောင်ကြားထဲသို့ တစ်ချက် ငုံ့ကြည့်လိုက်ပြီး အောက်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
သူ့လက်ဝါးကို အောက်သို့ ရိုက်ချလိုက်သည်နှင့် ပတ်ပတ်လည်ရှိ မိုးမြေစွမ်းအင်များ လက်ဝါးဆီသို့ စုဝေးလာပြီး ဧရာမလက်ဝါးကြီး တစ်ခု အဖြစ်သို့ သိပ်သည်းသွားကာ တောင်ကြားထဲသို့ တိုးဝင်သွားလေသည်။
လက်ဝါးကြီးသည် ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားပြီး တောင်ကြားတစ်ခုလုံးအား မိုးကြိုးပစ်ချသည့်နှယ် ရိုက်ချလိုက်၏။
ဘုန်း… ဘုန်း… ဘုန်း…
မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့ရာ လူသား ကျင့်ကြံသူများစွာတို့ ခြေခိုင်ခိုင် မရပ်နိုင် ဖြစ်နိုင်ကုန်ကြ၏။ ထို့နောက်တွင် သူတို့ မြင်လိုက်ရသည့် အရာကြောင့် အကုန်လုံး အံ့အားသင့်သွားကုန်ကြလေသည်။
သူတို့အား လက်ရည်တူ ပြန်လည် ယှည်တိုက်နေသော အလောင်းဝိဥာဉ်အဖွဲ့သည် လက်ဝါးချက်နှင့် အတွေ့တွင် ဘာမှပင် ပြန်မလုပ်နိုင်ဘဲ ညက်ညက်ကြေကုန်ကြလေသည်။
ရန်သူ၏ ကိုးဆယ့်ကိုး ရာခိုင်နှုန်းလောက် တစ်မုဟုတ်ချည်း သေသွားပြီး အနည်းငယ်သည်သာ ကံကောင်းပြီး လွတ်သွားခဲ့၏။ သို့သော်ငြား အသက်ရှင်ကျန်ရစ်သူများမှာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရနေကြပြီး မတ်တပ်ရပ်ရန်ပင် အနိုင်နိုင် ဖြစ်နေကြသည်။
လူငယ်လေးသည် ထိုနေရာတွင် လောကကြီး တစ်ခုလုံးအား ထိန်းချုပ်နိုင်သည့် ရှေးဟောင်းနတ်ဘုရား တစ်ပါးနှယ် ရပ်နေခဲ့သည်။
လက်ဝါးချက်ကို ရိုက်ထုတ်လိုက်ပြီးနောက် လူငယ်လေးသည် ထိုနေရာတွင် မည်သည့်အခါကမှ ပေါ်မလာသည့်အလား ပြန်လည် ပျောက်ကွယ်သွားခဲ့လေသည်။
သို့သော်လည်း တောင်ကြားတစ်လျှောက် ထင်ကျန်ရစ်သော လက်ဝါးရာကြီးသည် သူတို့ မြင်လိုက်ရသည်မှာ ပုံရိပ်ယောင်တစ်ခု မဟုတ်ကြောင်း သက်သေပြနေခဲ့သည်။
“အဲ့လူဘယ်သူလဲ”
“အရိပ်လခန်းမက အကြီးအကဲချင်းများ ဖြစ်နေမလားမသိဘူး။ အကြီးအကဲချင်းက တန်ခိုးရှင်ဘုရင်အဆင့် ရောက်နေပြီဆိုတော့ သူပဲ အဲ့လိုလုပ်နိုင်လောက်တယ်။ ဒါမှမဟုတ် အရိပ်ကြယ်မှာ နောက်ထပ် တန်ခိုးရှင်ဘုရင်အဆင့်တစ်ဦး ထပ်ရှိနေတာလား”
“မဟုတ်ဘူး။ အကြီးအကဲချင်းက အဲ့လောက် မငယ်ဘူး။ ပြီးတော့ အကြီးအကဲချင်း တိုက်ခိုက်တာကိုလည်း ငါတွေ့ဖူးတယ်။ ဒါပေမယ့် ဒီလက်ဝါးချက်က အကြီးအကဲချင်းရဲ့ တိုက်ကွက်တွေထက် အများကြီး ပိုအားကောင်းတယ်”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ အရိပ်ကြယ်မှာ အကြီးအကဲချင်းထက် ပိုသန်မာတဲ့လူ ရှိနေတယ်လို့ မင်းပြောချင်နေတာလား”
“အဲ့လူ ဘယ်သူလဲငါသိတယ်။ အထက်စကြာဝဠာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရန်ကိုင်ပဲ။ သူနဂါးလိုဏ်ဂူတောင်မှာ နေတုန်းက ငါသူ့ကို တစ်ကြိမ် တွေ့ဖူးတယ်”
“အထက်စကြာဝဠာဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား”
အကုန်လုံး ကောလဟာလတွေက အမှန်ပါလားဟု အလိုလို တွေးမိလိုက်ကြသည်။ အထက်စကြာဝဠာဂိုဏ်းသည် အကြောင်းအရင်း မရှိဘဲ အရိပ်ကြယ်၏ နံပါတ်တစ်ဂိုဏ်း ဖြစ်လာခြင်း မဟုတ်ချေ။ သူတို့တွင် ဤကဲ့သို့သော ပညာရှင်တစ်ဦး ရှိနေမှဖြင့် ဂိုဏ်းလည်း မည်ကဲ့သို့များ မတိုးတက်ဘဲ နေတော့မည်နည်း။
“စကားပြောတာ တော်လောက်ပြီ။ မင်းတို့ စကားဆက်ပြောနေရင် ဟိုကောင်တွေ အကုန် ထွက်ပြေးကုန်ကြလိမ့်မယ် ”
စကားပြောနေသည့် လူများလည်း ချက်ချင်း ရပ်လိုက်ကြပြီး ချက်ချင်း ထွက်ပြေးသွားသည့် အလောင်းဝိဥာဉ်မျိုးနွယ်ဝင်များ နောက်သို့ ပြေးလိုက်ကြလေတော့သည်။
အသက်ရှင်ကျန်ရစ်သည့် အလောင်းဝိဥာဉ်မျိုးနွယ်စုဝင်များသည် လက်ဝါးချက်အောက်တွင် ဘာကြောင့် တစ်ခါတည်း အသက် မပျောက်သွားရသလဲဟု ငြီးတွားနေခဲ့ကြသည်။ သူတို့သာ တစ်ခါတည်း သေသွားခဲ့လျှင် ယခုကဲ့သို့ ဆက်၍ ပြေးနေစရာ မလိုတော့ချေ။
သူတို့နောက်အား လိုက်လာသည့် ရန်သူများကို ကြည့်ရင်း အလောင်းဝိဥာဉ်မျိုးနွယ်စုဝင်များ အတော်လေး တုန်လှုပ်ချောက်ခြားသွားခဲ့ကြသည်။
ကြယ်သခင်တစ်ပါး ဖြစ်လာပြီးနောက် ရန်ကိုင် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။
တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များ ကြယ်အမြူတေကို သန့်စင်ပြီး ကြယ်သခင်တစ်ပါး ဖြစ်လာချင်သည်မှာလည်း အထူးအဆန်း မဟုတ်တော့။ ကြယ်သခင်ဖြစ်လာသည်နှင့် အတွေးတစ်ချက်ဖြင့် ထိုကြယ်ပေါ်ရှိ နေရာအနှံ့ကို သွားလို့ ရသည်ကိုး။ ထို့အပြင် ကြယ်အမြူတေ၏ အထောက်အပံ့လည်း ရပေဦးမည်။ မည်သူကများ ထိုကဲ့သို့ စွမ်းအားမျိုး မလိုချင်ဘဲ နေမည်နည်း။