အခန်း (၁၆၉၆-၁၇၀၀)
Vol. 68 Ch. 1696-1700
အပိုင်း (၁၆၉၆)
ကြယ်သခင်တစ်ပါး ဖြစ်လာပြီးနောက် ရန်ကိုင်အဖို့ အလောင်းဝိဥာဉ်မျိုးနွယ်စုဝင်များကို လိုက်သတ်ရသည်မှာ အလွန်ကိုမှ လွယ်ကူလာသည်။ သူ၏ သာမန်ကာလျှံကာ လက်ဝါးတစ်ချက်သည် အလောင်းဝိဥာဉ်အဖွဲ့တစ်ဖွဲ့ကို အမြစ်ဖြတ်ပစ်နိုင်သည်အထိ အားကောင်းလာခဲ့သည်။
နေ့တစ်ဝက်အတွင်း ရန်ကိုင်သည် အရိပ်ကြယ် တစ်ဝက်လောက်ကို ပတ်သွားပြီး အလောင်းဝိဥာဉ်မျိုးနွယ်များကို သတ်ဖြတ်ပစ်ခဲ့သည်။
သို့သော်ငြား ရန်ကိုင်သည် ဗြုန်းစားကြီး ပေါ်လာပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်ပြီးနောက် ဘာမပြောညာမပြောဘဲ ပြန်ထွက်သွားသဖြင့် လူသားကျင့်ကြံသူများ ဘာဖြစ်လို့ဖြစ်မှန်းမသိ ဖြစ်ကုန်ကြလေသည်။
အဆုံးမဲ့သမုဒ္ဒရာဘေးတွင် လူသားမျိုးနွယ်စု ကျင့်ကြံသူတစ်ဖွဲ့သည် အလောင်းဝိဥာဉ်မျိုးနွယ်စုဝင်များ လက်မှ ထွက်ပြေးနေခဲ့သည်။
လွန်ခဲ့သော နှစ်အတွင်း အလောင်းဝိဥာဉ်မျိုးနွယ်စု ကြီးကြီးမားမား ထိခိုက်ခဲ့ရသည်။ အားကောင်းသော အလောင်းဝိဥာဉ်အားလုံး ချင်းတုန်နှင့် အထက်စကြာဝဠာဂိုဏ်း၏ အကြီးအကဲများ ရှင်းပစ်သဖြင့် အသက်ပျောက်ကုန်ကြ၏။ သူတို့၏ ဂိုဏ်းချုပ် သေသွားပြီဟူသည့် သတင်းများလည်း ပျံ့နေခဲ့သည်။
လူသားမျိုးနွယ်စုကပါ တစ်ဖန်ပြန်လည် စည်းလုံးလာသည့် အတွက် အလောင်းဝိဥာဉ်မျိုးနွယ်စုများ စတင် ထွက်ပြေးရတော့၏။ လက်ကျန် အလောင်းဝိဥာဉ်များသည် အသက်ရှင်လိုရှင်ငြား အဆုံးမဲ့သမုဒ္ဒရာသို့ ထွက်ပြေးကြ၏။
သို့သော်လည်း အားလုံးသည် သူတို့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ချေ။ ချင်းတုန်နှင့် ရီရှီယွင်သည် အလောင်းဝိဥာဉ် မျိုးနွယ်စုဝင်များ ထွက်ပြေးနိုင်မည့် လမ်းပေါက်အားလုံးကို ပိတ်ဆို့ထားသဖြင့် အလောင်းဝိဥာဉ်မျိုးနွယ်စုဝင်များလည်း အဆုံးမဲ့သမုဒ္ဒရာဆီသို့ ထွက်မပြေးနိုင် ဖြစ်ခဲ့ရသည်။
လက်ရှိ အလောင်းဝိဥာဉ်ဂိုဏ်းသည် မီးစာကုန်ရေခမ်း ဖြစ်နေပြီ။ ထို့ကြောင့် တကွဲတပြား ဖြစ်နေသည့် ကျင့်ကြံသူများကိုသာ လိုက်ရှာပြီး သူတို့၏ ဒေါသကို ဖွင့်ထုတ်ရတော့သည်။
ဤလူသားကျင့်ကြံသူ ရှစ်ယောက်အဖွဲ့သည် အတော်လေး ကံဆိုးသည်ဟု ပြော၍ရသည်။ သူတို့ အတူလာခဲ့သည့် အဓိက အဖွဲ့ကြီးနှင့် လမ်းကွဲသွားပြီးနောက်တွင် သူတို့ထက် အရေအတွက် ပိုများသည့် အလောင်းဝိဥာဉ်မျိုးနွယ် အဖွဲ့တစ်ဖွဲ့နှင့် လာတိုး၏။ ထို့ကြောင့် အဓိကအဖွဲ့ဆီသို့သာ အသည်းအသန် ပြန်ပြေးရတော့သည်။ အလောင်းဝိဥာဉ်မျိုးနွယ်အဖွဲ့ကလည်း တောက်လျှောက် ဖိနှိပ်ခံလာရသဖြင့် အတော့်ကို ဒေါသထွက်နေခဲ့ရာ ထိုအဖွဲ့ကို မရမက လိုက်အမဲဖြတ်တော့၏။
လူသားကျင့်ကြံသူ ရှစ်ယောက်အဖွဲ့ကို ဦးဆောင်လာသည့်လူမှာ စွဲမက်ဖွယ်ကောင်းသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သို့ရာတွင် လက်ရှိအချိန်၌ သူမ၏ မျက်နှာတစ်ပြင်လုံး သွေးမရှိတော့မတတ် ဖြူလျော်နေခဲ့၏။ ပြေးနေရင်းဖြင့် ဆက်သွယ်ရေးမှော်ရတနာထဲသို့ ကောင်းကင်စိတ်အာရုံကို အဆက်မပြတ် ထည့်သွင်း၍ အကြီးအကဲများကို ဆက်သွယ်ရန် ကြိုးစားနေခဲ့သည်။
အော်သံတစ်သံကြားသဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အမျိုးသမီး တုန်ရီသွားခဲ့၏။
သူမတို့ အဖွဲ့ထဲမှ တစ်ယောက်ကို အလောင်းဝိဥာဉ်မျိုးနွယ်ဝင်များ ဖမ်းမိသွားခြင်း ဖြစ်သည်။ အလောင်းဝိဥာဉ်များသည် ထိုလူအား သူတို့၏ သွားများဖြင့် ဝိုင်းကာကိုက်ဖဲ့ စားသောက်နေကြ၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ထိုအမျိုးသမီး၏ ခန္ဓာကိုယ် တုန်ရီလာပြီး ဒူးပင် မခိုင်ချင် ဖြစ်လာခဲ့သည်။
ထိုလူကို စားသုံးပြီးနောက် အလောင်းဝိဥာဉ်အချို့သည် သူတို့ နောက်သို့ ဆက်လိုက်ပြန်လေသည်။ သို့သော်လည်း အလောင်းဝိဥာဉ်များမှာ သူမတို့ထက် ပိုအားကောင်းသည့်အလား သူမတို့အား တဖြည်းဖြည်း လိုက်မှီလာခဲ့လေသည်။
သူမ၏ ခန္ဓာကိုယ်လေး တစ်စစီ ကိုက်ဖဲ့ခံရပြီး အလောင်းဝိဥာဉ်၏ ဝမ်းဗိုက်ထဲသို့ ရောက်သွားရမည့် အကြောင်းကို တွေ့ရင်း အမျိုးသမီး အလွန်ကိုမှ ကြောက်လန့်လာခဲ့လေသည်။
ထိုကြောက်စိတ်ကြောင့် သူမ၏ သူတော်စင်ချီကိုပင် ကောင်းကောင်း မလှည့်ပတ်နိုင် ဖြစ်လာခဲ့လေသည်။ အလောင်းဝိဥာဉ်များ နီးကပ်လာသည်နှင့် သူတို့ဆီမှ ထွက်နေသည့် သွေးနံ့မှာလည်း ပို၍ စူးရှလာခဲ့သည်။
အမျိုးသမီးလည်း အလန့်တကြား ထအော်မိလိုက်လေသည်။
ထိုစဉ် သူမရှေ့၌ လူတစ်ယောက်ပေါ်လာပြီး သူမအား လှမ်း၍ ကူမပေးလိုက်၏။ လူငယ်လေး၏ သူလက်ကို ဝှေ့ရမ်းလိုက်ရာ သူမနောက်သို့ လိုက်နေသည့် အလောင်းဝိဥာဉ်များ တစ်ကောင်ပြီး တစ်ကောင် ပေါက်ကွဲထွက်ကုန်လေသည်။
သူမအား ခြေမခိုင်လက်မခိုင်ဖြစ်အောင် တုန်လှုပ်ချောက်ခြားစေခဲ့သော အလောင်းဝိဥာဉ်အုပ်ကြီးသည် ဤနည်းဖြင့် အပြတ်ရှင်းခံလိုက်ရ၏။
အမျိုးသမီးလည်း သူမရှေ့ရှိ လူငယ်လေးအား မယုံကြည်နိုင်စွာ ကြောင်ကြည့်နေမိလေသည် “ရန်ကိုင်လား”
ကြောက်စိတ်မပြေသေးသည့်အတွက် အသံမှာ တုန်ရီနေသေး၏။ အမျိုးသမီး၏ အသံကို ကြားမှပဲ သူမနှင့်အတူ ပါလာသည့် လူသား ကျင့်ကြံသူများ အသိပြန်ဝင်လာကြပြီး ချက်ချင်း ရန်ကိုင်အား စိတ်လှုပ်ရှားစွာ လှမ်းကြည့်လိုက်ကြသည်။
ရန်ကိုင် မည်သူမှန်း သူတို့ သိပေသည်။ အထက်စကြာဝဠာဂိုဏ်း၏ ဂိုဏ်းချုပ်ကိုယ်တိုင် ရောက်လာပြီ ဖြစ်သည့်အတွက် သူတို့အားလုံး အလောင်းဝိဥာဉ်များ စားခံရမည်ကို ကြောက်နေစရာ မလိုတော့ချေ။ သူတို့အားလုံး အသက်ရှင်နိုင်ပေပြီ။
“ယင်စုတျယ်လား” ရန်ကိုင်က မျက်မှောင်ကြုတ်၍ “နင်ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ။ နင့်ဆရာကော”
ထိုအမျိုးသီးသည် ဖန်သွေးရောင်ဂိုဏ်း၏ ယင်စုတျယ်မှလွဲ၍ အခြားလူ မဟုတ်ပါချေ။
ယင်စုတျယ်သည် ညို့ဓါတ်ကျင့်စဉ်ကို ကျင့်ကြံထားသူတစ်ဦး ဖြစ်သည်။ ထိုကျင့်စဉ်သည် လူသားကျင့်ကြံသူများအပေါ် အလုပ် ဖြစ်သော်ငြား အလောင်းဝိဥာဉ်များအပေါ်တွင်တော့ အလုပ် မဖြစ်ချေ။ ထို့ကြောင့် သူမ၏ ကျင့်ကြံခြင်းသည် တန်ခိုးရှင် ပထမအဆင့်သို့ ရောက်နေသည့်တိုင် အဆင့်နိမ့် အလောင်းဝိဥာဉ်များလက်မှ ထွက်ပြေးနေရခြင်း ဖြစ်ပေသည်။
သူမနေရာတွင် တန်ခိုးရှင်ပထမအဆင့်သို့ ရောက်နေသော အခြား လက်ရွေးစင်တစ်ဦးသာ ဖြစ်မည်ဆိုပါက ထိုအလောင်းဝိဥာဉ်များကို ပြန်လည် တိုက်ခိုက်နိုင်ပေလိမ့်မည်။
ယင်စုတျယ်က မဲ့ပြုံးပြုံးလျက် “ဆရာက အငူမြို့မှာပဲ”
ရန်ကိုင်လည်း ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ သူတို့ ရှိနေရာမှ မိုင်ထောင်နှင့်ချီအကွာရှိ မြို့တစ်မြို့တွင် ကျင့်ကြံသူပေါင်းများစွာ စုဝေးနေသည်ကို တွေ့ရှိလိုက်ရသည်။ ထိုမြို့သည် ယင်စုတျယ်ပြောသည့် အငူမြို့ ဖြစ်လောက်သည်။
“နင့်ဆရာနား မနေဘဲ ဘာလို့ ဒီကို ရောက်နေတာလဲ။ နင့်ဘာသာ ထွက်ပြေးလာတာလား” ရန်ကိုင်က သိပ်မကျေမနပ် ဖြစ်နေသည့် လေသံဖြင့် ပြောလိုက်သည်။
လူသားမျိုးနွယ်စုသည် အထက်စီးသို့ ပြန်ရောက်ပြီဖြစ်သော်ငြား ကိုယ့်ဘာသာတော့ တစ်ယောက်တည်း မလှုပ်ရှားသေးသင့်ပေး။
ထို့အပြင် ရန်ကိုင်သည် အစကတည်းက ယင်စုတျယ်ကို သိပ်ပြီး ကြည့်မရခြင်း ဖြစ်သည်။ သို့သော် သူမသည် အထက်စကြာဝဠာဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်နေပြီ ဖြစ်သည့်အတွက် ဂိုဏ်းချုပ်တစ်ယောက် အနေဖြင့် သူမအား ဆူပူရပေတော့မည်။
ယင်စုတျယ် ပြောစရာမဲ့သွားခဲ့သည်။
ရန်ကိုင် အားနည်းစဉ်က ရန်ကိုင်အာ သူမ အကောက်ကြံခဲ့၏။ သို့သော် ယခုမူ အားလုံး ပြောင်းလဲသွားခဲ့လေပြီ။ လက်ရှိ ရန်ကိုင်သည် တိမ်ယံထက်တွင် ရပ်နေသူတစ်ဦး ဖြစ်လျှင် သူမကမူ မြေကြီးထက်တွင်ရပ်လျက် သူ့အား မော့ကြည့်ရသည့်လူတစ်ဦး ဖြစ်နေခဲ့လေပြီ။
သူမ၏ စီနီယာအစ်မတိုက်ယွမ်ကိုပင် မနာလိုချင်မိသွားသည်။ လက်ရှိ ရန်ကိုင်၏ အဆင့်အတန်းကြောင့် သူမ၏ဆရာ ကုန်းအောင်ဖုသည် တိုက်ယွမ်ကို ပို၍ အလေးပေးလာခဲ့သည်။
“ထားလိုက်တော့” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်း၍ ပြောလိုက်၏။ ယင်စုတျယ်နောက်သို့ လိုက်လာသည့် ကျင့်ကြံသူများ အားလုံးသည် လူငယ်လေးအားလုံး ဖြစ်ကြသည်။ ထိုလူများသည် ယင်စုတျယ်၏ အလှကြောင့် သူမနောက်သို့ လိုက်လာကြခြင်း ဖြစ်သည်။
“နင်တို့ကို အကြီးအကဲကုန်းဆီ ပြန်ပို့ပေးမယ်” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်း၍ ယင်စုတျယ်တို့အား သူတော်စင်ချီဖြင့် ရစ်ပတ်လိုက်သည်။
ရန်ကိုင် မထင်မှတ်ထားသည်ကား ယင်စုတျယ်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ သူ့ရင်ခွင်ထဲသို့ ခုန်ဝင်လာပြီး သူလည်ပင်းအား သိုင်းဖက်လိုက်သည်။ သူမ၏ ရင်မို့မို့အစုံသည် သူ့ရင်ဘတ်အား ဖိကပ်ထားခဲ့သည်။
ရန်ကိုင်လည်း မဲ့ပြုံးပြုံးသာ ပြုံးလိုက်ပြီး ခေါင်းတရမ်းရမ်းဖြင့် အငူမြို့တော်ဆီသို့သာ ပျံသန်းသွားလေသည်။
မြို့ဆီသို့ ရောက်လာပြီးနောက် ရန်ကိုင်က ယင်စုတျယ်၏ ပခုံးကိုပုတ်လျက် ပြောလိုက်၏ “ငါတို့ ရောက်ပြီ”
ပြောပြီးသည့်နောက်တွင် သူမ ပြန်ပြောမည်ကို မစောင့်တော့ဘဲ ချက်ချင်း ပြန်ထွက်သွားခဲ့သည်။
ရန်ကိုင်မှ ရုတ်တရက်ကြီး လွှတ်ချသွားသဖြင့် ယင်စုတျယ် အလန့်တကြား ထအော်မိလိုက်၏။ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည့် အခါမှသာ အငူမြို့တော်သို့ သူမ ပြန်ရောက်နေကြောင်း တွေ့ရှိလိုက်ရလေသည်။
အငူမြို့တော်သည် အတော်လေး ကြီးသော်ငြား လက်ရှိ အချိန်တွင် လူများဖြင့် ပြည့်နေခဲ့သည်။ ချင်းတုန်နှင့် ရီရှီယွင်တို့သည်လည်း အငူမြို့တော်တွင် ရောက်နေခဲ့သည်။ သူတို့အား သွားစကားပြောပြီးနောက် လက်ရှိ အခြေအနေကို နားလည်သွားခဲ့၏။
သူကြယ်အမြူတေကို သန့်စင်နေသည်မှာ အနည်းဆုံး တစ်နှစ်ထက်မက ကြာသွားခဲ့သည်။
ထိုနှစ်အတောအတွင်း အထက်စကြာဝဠာဂိုဏ်းနှင့် အရိပ်လခန်းမသည် အတူပူးပေါင်း၍ အရိပ်ကြယ်ပေါ်ရှိ အလောင်းဝိဥာဉ်များကို အမြစ်ပြတ် သုတ်သင်ခဲ့သည်။ လက်ကျန် အလောင်းဝိဥာဉ်များသည် အဆုံးမဲ့သမုဒ္ဒရာသို့ ထွက်ပြေးလာကြသဖြင့် သူတို့လည်း ဤဘက်သို့ လိုက်လာကြခြင်း ဖြစ်သည်။ သို့သော် သူတို့ဘက်မှ ပြေးပေါက်အားလုံးကို ပိတ်ဆို့ထားပြီးပြီ ဖြစ်သဖြင့် အလောင်းဝိဥာဉ်များသည် ပင်လယ်ဘက်သို့ ထွက်မပြေးနိုင်ကြတော့ဘဲ အငူမြို့တော်နှင့် မိုင်သုံးသောင်းအကွာရှိ တောင်ထဲတွင်သာ ပုန်းအောင်နိုင်ကြတော့၏။
ချင်းတုန်သည် ထိုတောင်ဆီသို့ ကိုယ်တိုင်သွားပြီး အလောင်းဝိဥာဉ်များကို ရှင်းပစ်ခဲ့သော်ငြား အချို့မှာ လုံးဝ ရှာမတွေ့အောင် ပုန်းအောင်းနေကြသဖြင့် အကုန်လုံးကို တစ်ချီတည်း အမြစ်မဖြတ်နိုင် ဖြစ်ခဲ့လေသည်။
အရိပ်ကြယ်ကြီးကတော့ ပြန်လည် ငြိမ်းချမ်းနေခဲ့လေပြီ။ လက်ကျန် အလောင်းဝိဥာဉ်အားလုံး၏ ရှစ်ဆယ်ရာခိုင်နှုန်းမှာ ဤတောင်ထဲတွင် ပုန်းအောင်းနေကြ၏။ ထိုအလောင်းဝိဥာဉ် အားလုံးကိုသာ ရှင်းပစ်လိုက်နိုင်ပြီဆိုလျှင် ဟိုတစ်ယောက် ဒီတစ်ယောက် ပြန့်ကျဲနေသော အလောင်းဝိဥာဉ်များအား ဘာမှ ဒီလောက် စိတ်ပူနေစရာ မလိုတော့ပေ။ ထိုအလောင်းဝိဥာဉ်များကို အနီးအနားတွင် ရှိနေသော ဂိုဏ်းအသီးသီးမှ အမဲလိုက်ကာ ရှင်းပစ်လျှင်ပင် ရပေသည်။
“အဲ့လိုဆိုရင်… “ရန်ကိုင်က ပြုံး၍ “ကျုပ်သွားလိုက်မယ်”
“မင်းမှာ နည်းလမ်းရှိလို့လား” ချင်းတုန်သည် ရန်ကိုင်အား အံ့အားသင့်နေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ ရန်ကိုင်နှင့် ပက်သက်၍ တစ်ခုခု ပြောင်းလဲသွားသည်ဟု ချင်းတုန် ခံစားနေရသော်ငြား ဘာပြောင်းလဲသွားမှန်း မပြောနိုင်ခဲ့ပေ။ ရန်ကိုင်၏ ကျင့်ကြံခြင်းသည် တန်ခိုးရှင်တတိယအဆင့်သာ ရှိသေးသော်ငြား သူ့ဆီမှ အလွန်အန္တရာယ်များသည့် ခံစားချက်ကို ရနေခဲ့သည်။
ယခုနေ ရန်ကိုင်နှင့် သွားတိုက်ခိုက်ပါက ရှုံးနိမ့်မည့်လူမှာ သူသာ ဖြစ်လိမ့်မည်ဟု ခံစားနေရသည်။
“အချိန်တန်ရင် သိရမှာပေါ့” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်သည်။
“ငါမင်းနဲ့လိုက်မယ်” ချင်းတုန်က အလျင်အမြန် ပြောလိုက်၏။
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီးနောက် ရုတ်တရက် ရီရှီယွင်ဘက်သို့ လှည့်၍ ပြောလိုက်၏ “အငူမြို့တော်မှာ ရှိနေတဲ့ လူတွေကို ပြန်ခိုင်းလိုက်တော့။ ဒီလောက် တိုက်လာတာ သူတို့လည်း ပင်ပန်းနေလောက်ပြီ။ ဒီမှာ ဆက်ပြီး အချိန် ဖြုန်းနေစရာ မလိုတော့ဘူး”
ရီရှီယွင် အနည်းငယ် အံ့အားသင့်သွားခဲ့သော်ငြား ဘာမှ ပြန်မပြောဘဲ ခေါင်းသာ ညိတ်လိုက်၏။
ရန်ကိုင်သည် ချင်းတုန်လက်ကို ဆွဲ၍ ရီရှီယွင်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။ ယခု တစ်ကြိမ်တွင်တော့ ရန်ကိုင် မည်ကဲ့သို့ လှုပ်ရှားသွားသလဲ ဆိုသည်ကို ရီရှီယွင် လုံးဝ မမြင်လိုက်ပေ။
ခဏကြာမျှ အတွေးနက်နေပြီးနောက် နားလည်သွားသည့်အလား ရုတ်တရက် ရယ်သွမ်းသွေး၍ ရေရွတ်လိုက် “လတ်စသတ်တော့ အဲ့လိုကိုး”
ထို့နောက် ချက်ချင်း မျက်နှာကို ပြန်တည်လိုက်ပြီး ဆက်သွယ်ရေး မှော်ရတနာကိုထုတ်၍ အားလုံးဆီ အမိန့်ထုတ်ပြန်လိုက်သည်။
မကြာမီ အငူမြို့တော်တွင် ရှိနေသော လူသား ကျင့်ကြံသူအားလုံး တောင်ပေါ်တွင် ရှိနေသည့် အလောင်းဝိဥာဉ်အားလုံး သုတ်သင်ခံလိုက်ရပြီ ဖြစ်သည့်အတွက် ကိုယ့်ဂိုဏ်းအသီးသီးသို့ ပြန်နိုင်ပြီဖြစ်ကြောင်း သတင်းရလိုက်ကြလေသည်။
လက်ကျန် အလောင်းဝိဥာဉ်များ မည်ကဲ့သို့ အသတ်ခံလိုက်ရသလဲ ဆိုသည်နှင့် ပက်သက်၍ မည်သူမှ မသိကြသော်ငြား အရိပ်ကြယ်ကြီး ယခင်အတိုင်း ပြန်ဖြစ်လာသည့်အတွက် အကုန်လုံး ဝမ်းသာပျော်ရွှင်ကြလေသည်။ ဤသို့ဖြင့် အငူမြို့တော်တွင် စုဝေးနေကြသော လူသားကျင့်ကြံသူအားလုံး သူတို့၏ ဂိုဏ်းအသီးသီးကိ ပြန်လည်တည်ထောင်ရန် ထွက်သွားကုန်ကြ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၉၇)
ဂိုဏ်းတစ်ဂိုဏ်းအား ပြန်လည်တည်ဆောက်ခြင်းသည် အလွန်ကိုမှ အချိန်ယူရသည်။ နှစ်ပေါင်းများစွာမှ နှစ်ရာဂဏန်း အထိ ကြာနိုင်သည်။ သို့သော်ငြား ယခုအချိန်၌ ဂိုဏ်းတိုင်းတွင် ရည်ရွယ်ချက်တစ်ခု ရှိလာခဲ့သည်။ အထက်စကြာဝဠာဂိုဏ်း သို့မဟုတ် အရိပ်လခန်းမနှင့် ကောင်းမွန်သော ဆက်ဆံရေး ထူထောင်ထားရန်ပင် ဖြစ်လေသည်။
အလောင်းဝိဥာဉ်များနှင့် တိုက်ပွဲအတွင်း အရိပ်လခန်းမနှင့် အထက်စကြာဝဠာဂိုဏ်းတို့သည် အလွန်ကိုမှ နာမည်ကျော်ကာ ဂုဏ်သတင်းကြီးမားလာခဲ့ကြသည်။ အလောင်းဝိဥာဉ်ဂိုဏ်းသည် အထက်စကြာဝဠာဂိုဏ်းနှင့် အရိပ်လခန်းမတို့အား ပို၍ နာမည်ကျော်သွားအောင် လုပ်ပေးလိုက်သည်ဟုပင် ပြော၍ရ၏။
ချင်းတုန်သည် ရန်ကိုင်အား မှင်သက်နေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ တန်ခိုးရှင်ဘုရင်အဆင့် ဖြစ်သည့်တိုင် ရန်ကိုင် သူ့အား ဤနေရာသို့ မည်ကဲ့သို့ ခေါ်လာသလဲ ဆိုသည်ကို ယခုထိ အဖြေမထုတ်နိုင်သေးချေ။
ခဏမျှ စဉ်းစားပြီးနောက် ချင်းတုန်သည် အလွန်ကိုမှ အံ့အားသင့်နေသည့် အမူအရာဖြင့် “မင်းအရိပ်ကြယ်ရဲ့ ကြယ်အမြူတေကို သန့်စင်လိုက်တာလား”
ကြယ်သခင် ဖြစ်လာမှသာလျှင် ရန်ကိုင် ယခုကဲ့သို့ လုပ်သလိုမျိုး လုပ်နိုင်ပေလိမ့်မည်။ လွန်ခဲ့သော တစ်ရက်ခန့်က ဖြစ်သွားသည့် အရိပ်ကြယ်၏ ပြောင်းလဲမှုများနှင့် နှိုင်းယှဉ် စဉ်းစားကြည့်လိုက်သော် သူ့ခန့်မှန်းချက် မှန်ကန်ကြောင်း ချင်းတုန် လုံးဝကို ယုံကြည်သွားခဲ့သည်။
“အကြီးအကဲချင်းက တကယ်ကို အမြင်စူးရှတာပဲ။ ဟုတ်တယ်။ ကျုပ်ကြယ်အမြူတေကို သန့်စင်လိုက်တာ” ရန်ကိုင်သည် မဖုံးမကွယ်ဘဲ အမှန်အတိုင်း ပြောပြလိုက်သည်။ ဤကဲ့သို့သော ကိစ္စမျိုးသည် ဖုံးကွယ်၍ရသည့် ကိစ္စမျိုး မဟုတ်သလို ချင်းတုန်သည်လည်း အပြင်လူတစ်ယောက် မဟုတ်ချေ။
ချင်းတုန် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေသည်။ ထို့နောက် သက်ပြင်းတစ်ချက်ချလျက် “မင်းက ငါ့ထက်တောင် ရှေ့တစ်လှမ်း ရောက်နေတာပါလား ရန်ကိုင်။ ငါလူငယ်တွေကို တကယ် လေးစားမိသွားပြီ”
“ကံကောင်းသွားလို့ပါ” ရန်ကိုင်က နှိမ့်ချ၍ ပြန်ပြောလိုက်၏။ သူအမှန်ကို ပြောနေခြင်း ဖြစ်ခြင်သည်။ ကြယ်အမြူတေကို သန့်စင်နိုင်ခဲ့သည်မှာ အမှန်တကယ်ကို ကံကောင်းသွားသည့် အတွက်ကြောင့် ဖြစ်သည်။ ယန်ယန်ကြောင့်သာ မဟုတ်လျှင် ကြယ်အမြူတေကို သန့်စင်နိုင်ရန်အတွက် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်သည်အထိ စောင့်ရပေလိမ့်ဦးမည်။ သို့သော် ယန်ယန်မှ ကြယ်အမြူတေကို နှစ်သောင်းနှင့်ချီအောင် ပိတ်လှောင်ထားသည့်အတွက် ထွက်သွားခွင့် ပေးလိုက်သည့်အခါ ကြယ်အမြူတေမှာ အလွန်ကိုမှ နာခံလိမ္မာနေခဲ့သည်။ ထို့ကြောင့် ကြယ်အမြူတေနှင့် အလွယ်တကူ ပေါင်းစပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
“အဲ့လိုဆိုမှတော့ ဒီလူအိုကြီး ထိုင်ပဲ ကြည့်တော့မယ်” ချင်းတုန်က ရယ်မော၍ ပြောလိုက်သည်။
ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ တောင်တစ်လုံးလုံးကို လွှမ်းခြုံလိုက်သည်။ အလောင်းဝိဥာဉ်များ ရှိနေသည့် နေရာကို အာရုံခံမိပြီးနောက်တွင် သူ့လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
သူ့လက်ကို မြှောက်လိုက်သည်နှင့် တစ်ပြိုင်နက် စစ်ဗုံ အလုံးတစ်ထောင် ပြိုင်တူ တီးခတ်နေသည့်အလား တောင်အတွင်းပိုင်းမှ တဝုန်းဝုန်း မြည်သံများ ထွက်ပေါ်လာ၏။
မိုင်တစ်သိန်းကျော် အကျယ်ရှိသော တောင်ကြီးသည် မြေပြင်ထက်မှ ကောင်းကင်ပေါ်သို့ တဖြည်းဖြည်း မြောက်တက်လာခဲ့သည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ချင်းတုန် သက်ပြင်းတစ်ချက် ရှိုက်မိလိုက်၏။ သူ့ရင်ထဲ ထိုကဲ့သို့သော စွမ်းအားမျိုးကိုလည်း လိုချင်တောင့်တလာမိသည်။
ဤသည်မှာ ကြယ်သခင်တစ်ပါး၏ စွမ်းအား ဖြစ်သည်။ အရိပ်ကြယ်ကြီး တစ်ခုလုံးအား စေလိုရာ စေပစ်နိုင်သည့် စွမ်းအားပင်…
အငူတောင်၏ ရုတ်တရက် ပြောင်းလဲမှုကြောင့် တောင်ထဲ၌ ပုန်းအောင်းနေသော အလောင်းဝိဥာဉ်များ အလန့်တကြား ဖြစ်ကုန်ကြလေသည်။ လေပေါ်သို့ ပျံတက်၍ ဘာတွေများ ဖြစ်နေသလဲ စစ်ဆေးရန် ကြိုးစားလိုက်သည့်အခါ တောင်တစ်ခုလုံးအား မမြင်နိုင်သည့် စွမ်းအားတစ်ရပ်မှ လွှမ်းခြုံထားကြောင့် တွေ့ရှိလိုက်ရသည်။ ထိုစွမ်းအားကြောင့် သူတို့အနေဖြင့် လေပေါ်သို့ မပျံနိုင်တော့သလို ပုန်းအောင်းနေသည့် မြေအောက်လှိုဏ်ဂူများထဲမှလည်း အပြင်သို့ မထွက်နိုင်တော့ချေ။
သူတို့ ပုန်းအောင်းနေသည့်နေရာသည် ထွက်ပေါက်မရှိသည့် လှောင်အိမ်ကြီးတစ်လုံးနှယ် ဖြစ်လာခဲ့လေပြီ။
ခဏအကြာတွင် အငူတောင်သည် မြေပြင်ထက်မှ ဆယ်မီတာ အကွာသို့ မြင့်တက်လာခဲ့၏။ ထိုအမြင်သို့ ရောက်သော် ရန်ကိုင်သည် သူ့လက်အား အောက်သို့ ရိုက်ချလိုက်လေသည်။ လေပေါ်မြောက်နေသည့် အငူတောင်သည်လည်း မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပြန်ပြုတ်ကျလေ၏။
ဘုန်း….
ပေါက်ကွဲသံများစွာနှင့်အတူ မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့သည်။ တောင်တစ်ခုလုံး မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျလာသည့်အခိုက် အနီးအနား ပတ်လည်တွင် ရှိနေသော မိုးမြေစွမ်းအင်များသည် တူကြီး တစ်လက်အသွင်သို့ ပြောင်းလျက် တောင်တစ်ခုလုံးအား ရိုက်ချလာလေသည်။ အကျိုးဆက်အနေအဖြင့် တောင်ထဲတွင် ပိတ်မိနေသော အလောင်းဝိဥာဉ်အားလုံး တစ်စစီ ပေါက်ကွဲထွက်ကုန်ကြရ၏။
ဘုန်း… ဘုန်း… ဘုန်း…
အသံတိတ်သွားသည့် အခါမှသာ ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို ပြန်ဖြန့်ကျက်ကြည့်လိုက်လေသည်။ ယခုအခါတွင်တော့ တောင်ထဲတွင် မည်သည့် အလောင်းဝိဥာဉ်မှ ရှိမနေတော့ချေ။ ဤတောင်ထဲတွင် လာရောက် ပုန်းအောင်းနေသည့် အလောင်းဝိဥာဉ်အားလုံး သေဆုံးသွားခဲ့လေပြီ။
ချင်းတုန်သည် အချိန်အတော်ကြာသည်အထိ အသိ ပြန်မဝင်လာသေးပေ။ အဆုံးတွင်မှ သက်ပြင်းတစ်ချက်ချလျက် “နောက်ဆုံးတော့ ဒီကပ်ဘေးကြီး ပြီးဆုံးသွားပြီပေါ့”
“အလောင်းဝိဥာဉ်ဂိုဏ်းချုပ်ကို သတ်နိုင်တော့မှပဲ လုံးဝ စိတ်အေးလို့ရမှာ” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။
“အဲ့ကိစ္စကိုတော့ မင်းပဲ လုပ်လိုက်တော့။ မင်းသူ့ကို သတ်ပြီးတော့မှပဲ ငါမင်းကို ပြောတော့မယ်။ အခုတော့ ထားလိုက်ဦး”
ချင်းတုန် ဘာပြောချင်နေလဲ မသိသော်ငြား သူက မပြောချင်သေးမှဖြင့် ရန်ကိုင်လည်း မမေးမနေခဲ့ချေ။
ထို့နောက်တွင် ချင်းတုန်သည် ပြန်လည် ထူးထောင်ရေး ကိစ္စများကို စီစဉ်ဆောင်ရွက်ရန် အတွက် အရိပ်လခန်းမသို့ ပြန်သွားလေသည်။ ရန်ကိုင်ကမူ အင်းဆက်ဧကရာဇ်ကို အမြစ်ဖြတ် သုတ်သင်ပစ်ရန်အတွက် အဆုံးမဲ့သမုဒ္ဒရာတစ်လျှောက် သူ့အား လိုက်ရှာတော့သည်။
အလောင်းဝိဥာဉ်ဂိုဏ်း၏ အကြွင်းအကျန်များကို ရှင်းပစ်ရင်း အင်းဆက်ဧကရာဇ်ကို လိုက်လံ ရှာဖွေခဲ့သော်ငြား မည်သို့မှကို ရှာမတွေ့ခဲ့ချေ။
ထို့ကြောင့် ရန်ကိုင်သည် အဆုံးမဲ့သမုဒ္ဒရာ တစ်ခုတည်းကိုသာ အာရုံစိုက်ပြီး ရှာကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
အရိပ်ကြယ်ကြီးသည် အလွန်ကိုမှ ကြီးမားလှသည်။ ကုန်းမြေပေါ်တွင် အခြေတည်ထားသည့် အင်အားစုများနှင့် ပင်လယ်ဘက်သို့ အခြေတည်ထားသည့် အင်အားစုများမှာ သိပ်ပြီး အဆက်အသွယ် မရှိကြသဖြင့် အလောင်းဝိဥာဉ်ဂိုဏ်းသည် ကုန်းတွင်းပိုင်း တစ်ခုလုံးအား အကြောက်တရားတို့ဖြင့် ပြည့်နှက်သွားအောင် လုပ်နိုင်ခဲ့သော်ငြား ပင်လယ်ပိုင်းကိုမူ ဘာမှ သိပ်မလုပ်နိုင်ခဲ့ပေ။
ထို့ကြောင့်ပင် အလောင်းဝိဥာဉ်ဂိုဏ်းသည် ကုန်းတွင်းပိုင်း အင်အားစုများ၏ လိုက်လံသတ်ဖြတ်ခြင်း ခံရသည့်အခါ ပင်လယ်ပိုင်းသို့ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။
ဤနေရာသို့ ရန်ကိုင် ရောက်ခဲ့ဖူးပေသည်။ ဧကရာဇ်ဥယျာဉ်မှ ထွက်လာစဉ်က ဖြစ်၏။ သို့သော် ထိုစဉ်က အိမ်ပြန်ချင်စိတ်သာ များနေသည့်အတွက် ဘာမှသေချာ မစစ်ဆေးဖြစ်ခဲ့ချေ။
ပင်လယ်ပိုင်းရှိ အင်အားစုများထဲ လျှော့မတွက်သင့်သည့် အင်အားစုများလည်း ရှိပေသည်။ ထိုအင်အားစုများတွင် ဂိုဏ်းအား အုပ်ချုပ်နေကြသည့် တန်ခိုးရှင်တတိယအဆင့်များစွာ ရှိသည်။ သို့သော် ရန်ကိုင်သည် ကြယ်သခင်တစ်ပါး ဖြစ်လာပြီ ဖြစ်သဖြင့် ထိုအရာများကို ဂရုစိုက်နေစရာ မလိုတော့။
ရောင်နီကျွန်းသည် အဆုံးမဲ့သမုဒ္ဒရာ၏ အားအကောင်းဆုံး ဂိုဏ်းများအနက် တစ်ဂိုဏ်း အပါအဝင်ဖြစ်သော ပင်လယ်ကျောင်းတော်၏ ပိုင်နက်ထဲတွင် တည်ရှိသည်။
အဆုံးမဲသမုဒ္ဒရာတွင် နေသူများသည် ကြယ်ဧကရာဇ်တောင်၊ အထက်စကြာဝဠာဂိုဏ်းတို့ကို သိချင်မှ သိလိမ့်မည် ဖြစ်သော်ငြား ပင်လယ်ကျောင်းတော်ကိုတော့ လူတိုင်း သိကြပေသည်။
ပင်းလယ်ကျောင်းတော်၏ သက်တမ်းသည် မိုးကြိုးမုန်တိုင်းဂိုဏ်းနှင့် ကောင်းကင်တိုက်ပွဲအစည်းအရုံးတို့၏ သက်တမ်းအောက် နိမ့်ကျခြင်းမရှိချေ။ နှစ်ပေါင်းများစွာ တည်တံလာပြီး နောက်ပိုင်းတွင် ပင်လယ်ကျောင်းတော်သည် အဆုံးမဲ့သမုဒ္ဒရာ၏ တစ်ဝက်လောက်နီးပါးကို ပိုင်စိုးသည့် အင်အားစုကြီးတစ်ခု ဖြစ်လာခဲ့လေသည်။
သို့ရာတွင် အဆုံးသမုဒ္ဒရာရှိ ဂိုဏ်းများသည် ရေဓါတ်၊ ရေခဲဓါတ်များကိုသာ ကျင့်ကြံကြသည့်အတွက် ကုန်းပေါ်တွင် တိုက်ခိုက်လျှင် သူတို့၏ တိုက်ပွဲစွမ်းရည်မှာ သိသိသာသာ လျော့ကျသွားလေ့ရှိသည်။ ထို့ကြောင့် ကုန်းတွင်းပိုင်းနှင့် ပင်လယ်ဂိုဏ်များကြား မည်သည့် စစ်ပွဲမှ မဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယနေ့တွင် ရန်ကိုင်သည် ကမ်းခြေတစ်ခုမှ နောက်ကမ်းခြေ တစ်ခုသို့ မိုင်တစ်အကွာရှိသော ရောင်နီးကျွန်းသို့ ရောက်လာခဲ့၏။
အဆုံးမဲ့သမုဒ္ဒရာကြီး တစ်ခုလုံးကို ထည့်စဉ်းစားလျှင်ပင် ရောင်နီကျွန်းသည် အတော်လေးကြီးသည့် ကျွန်းတစ်ကျွန်း ဖြစ်ကာ ပင်လယ်ကျောင်းတော် ထိန်းချုပ်ထားသည့် ကျွန်းများထဲ ထိပ်ဆုံးဆယ်ကျွန်းထဲ ပါဝင်ပေသည်။
ရန်ကိုင်သည် ပေါ်ပေါ်ထင်ထင်ကြီး ရောက်လာခြင်း ဖြစ်သဖြင့် သူကျွန်းပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ပင်လယ်ကျောင်းတော် တပည့်များက သူ့အား သတိထားမိသွား၏။
ပင်လယ်ပိုင်းနှင့် ကုန်းတွင်းပိုင်း ဝတ်စားဆင်ယင်ပုံသည် လုံးဝ မတူကြသလို အသားအရောင်မှာလည်း လုံးဝကို ကွဲပြား၏။ ထို့ကြောင့် ရန်ကိုင် ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ပင်လယ်ကျောင်းတော်၏ လုံခြုံရေးအဖွဲ့မှာ သူ့အား ချက်ချင်း ဝိုင်းလိုက်ကြလေသည်။
ရောင်နီကျွန်းသည် လူတိုင်း ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်း ထွက်၍ရသည့် ကျွန်းတစ်ကျွန်း မဟုတ်ချေ။ ရောင်နီကျွန်းထဲသို့ ဝင်လိုလျှင် သတ်မှတ်ထားသည့် နေရာမှ ဝင်ရမည်ဖြစ်ကာ ဝင်ကြေး အနေဖြင့် သူတော်စင် သလင်းကျောက်များကိုလည်း ပေးဆောင်ရပေမည်။
ယခု ရန်ကိုင်၏ လုပ်ရပ်သည် ပင်လယ်ကျောင်းတော်ကို ရန်စလိုက်သည်နှင့် တူပေသည်။
ထို့ကြောင့် ပင်လယ်ကျောင်းတော်၏ တပည့်များမှာ အတော်လေး မျက်နှာခက်ထန်နေကြသည်။ ရန်ကိုင်မှာ အားကောင်းမှန်း သိသည့်တိုင် သူတို့၏ နောက်ခံကြောင့် ကြောက်လန့်သည့် အရိပ်အယောင် လုံးဝ မပြချေ။
ရန်ကိုင်မှာမူ ထိုတပည့်များနှင့် အချိန်ကုန် မခံချင်သည့်အတွက် ခြေတစ်လှမ်းလှမ်းကာ အားလုံး၏ မြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။
“အဲ့ကောင် ဘယ်ရောက်သွားတာလဲ” ကင်းလှည့်အဖွဲ့ ခေါင်းဆောင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ ပတ်ပတ်လည်ကို လှည့်ပတ် ရှာကြည့်လိုက်သော်ငြား ရန်ကိုင်၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့ခဲ့ချေ။ အခြားသူများသည်လည်း ပတ်ပတ်လည်ကို လိုက်ပတ်ရှာကြည့်ကြ၏။
ဤကဲ့သို့ ရုတ်တရက်ကြီး ပေါ်လာပြီး သူတို့ပင် ဘာဖြစ်လို့ ဖြစ်သွားမှန်းမသိဘဲ ထွက်သွားနိုင်ဖို့ရာ ပြိုင်ဘက်၏ ခွန်အားသည် အတော်လေး မြင့်မားနေမှ ရပေလိမ့်မည်။ ထိုအချက်ကို စဉ်းစားမိလိုက်သော် အကုန်လုံး အနည်းငယ် ကြောက်လန့်သွားကြ၏။
“မင်းတို့ လူခွဲပြီး သွားရှာနှင့်။ ငါကျွန်းသခင်ဆီ သွားပြီး သတင်းပို့လိုက်မယ်” ပြောပြီးသည့်နောက် ကင်းလှည့်အဖွဲ့၏ ခေါင်းဆောင်သည် ချက်ချင်း ထွက်သွားလေသည်။
အားကောင်းသည့် ကျင့်ကြံသူတစ်ဦး ရောင်နီကျွန်း၏ ရုတ်တရက်ကြီး ပေါ်လာသည့် ကိစ္စကို ကျွန်းသခင်ဆီ မဖြစ်မနေ အကြောင်းကြားရပေမည်။ ထိုလူ မည်သို့သော ရည်ရွယ်ချက်ကြောင့် ရောက်လာသည်ဖြစ်စေ၊ အကြောင်းကြားရမည့် တာဝန်မှာ သူတို့၏ တာဝန် ဖြစ်သည်။
ပင်လယ်ဘက်အား မျက်နှာမူနေသော ကျွန်းပေါ်ရှိ အိမ်တစ်လုံးရှေ့တွင် ရန်ကိုင် ပြန်ပေါ်လာခဲ့သည်။ ဤနေရာရှိ ရှုခင်းသည် အတော်လေး လှပေသည်။ ရှေ့ဘက်တွင် ပင်လယ်ရှိပြီး နောက်ဘက်တွင် ရောင်နီကျွန်းကြီး ရှိနေသည်။ ယခုကဲ့သို့သော နေဝင်ချိန်မျိုးတွင် နီရောင်သန်းနေသော နောက်ခံရှုခင်းသည် အလွန်ကိုမှ လှပလှသည်။
အဆင့်နိမ့်တပည့်များစွာသည် သစ်သားအိမ် အပြင်ဘက်၌ စောင့်နေကြသည်။ ရန်ကိုင် ရုတ်တရက်ကြီး ပေါ်လာသည်ကို မြင်သော် အကုန်လုံး ကြောင်သွားခဲ့ကြလေသည်။ သို့သော် အမိန့် တစ်ခုခုကို ရလိုက်သည့်အလား အကုန်လုံးသည် သူတို့၏ သူတော်စင်ချီကို လှည့်ပတ်၍ ရန်ကိုင်ဆီသို့ ပြေးဝင်လကြ၏။
သူတို့၏ အပြုအမူကို သတိပြုမိသော် ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။ သို့သော်လည်း အကြောင်းမရှိဘဲ လူမသတ်ချင်သဖြင့် လက်ကို ဆန့်ထုတ်၍ ဟင်းလင်းပြင်ကို ဆုပ်ကိုင်လိုက်၏။
အနီးအနားရှိ မိုးမြေစွမ်းအင်များသည် ကြိုအသွင်သို့ သိပ်သည်းလျက် ပြေးဝင်လာနေသော ကျင့်ကြံသူများကို လှုပ်မရအောင် ချုပ်နှောင်လိုက်လေသည်။
“ငါတောင် ရောက်လာနေပြီကို မင်းဘာလို့ ဆက်ပြီး ပုန်းနေချင်ရသေးတာလဲ။ ထွက်လာလိုက်တော့” ရန်ကိုင်သည် ဝါးအိမ်လေးဘက်သို့ လှည့်၍ အော်ဟစ်လိုက်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၉၈)
ခဏကြာ တိတ်ဆိတ်နေပြီးနောက် သစ်သားအိမ်လေးထဲမှ ခြေသံများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အသက်(၂၀)ခန့်သာ ရှိသေးသော လူငယ်လေးတစ်ဦး အပြင်သို့ ထွက်လာခဲ့သည်။ လူငယ်လေးသည် သူတော်စင်ဘုရင် တတိယအဆင့်သာ ရှိသေး၏။ အပြင်သို့ ရောက်လာသည်နှင့် ရန်ကိုင်အား မယုံလည်းမယုံနိုင်၊ မုန်းလည်း မုန်းတီးသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။
ရန်ကိုင်ကမူ ယဲ့ယဲ့လေးသာ ပြုံးနေပြီး လူငယ်လေးကတော့ စူးရဲစွာ ပြန်၍စိုက်ကြည့်နေခဲ့သည်။
“ငါ့ကို မင်းဘယ်လို ရှာတွေ့သွားတာလဲ” မအောင့်အည်းနိုင်တော့သည့်အဆုံး လူငယ်လေးက မေးလိုက်၏။ လက်ရှိ ရန်ကိုင်ဆီမှ အလွန်အားကောင်းသော ဖိအားကို ခံစားနေရသည်။ ထို့ကြောင့် ယခင်လို မတည်ငြိမ်နိုင်တော့ဘဲ “ငါဘာသဲလွန်စမှ မချန်ထားခဲ့တာ သေချာတယ်”
“ခင်ဗျားကို ရှာဖို့က တကယ်ကို မလွယ်တာ” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ခင်ဗျားရဲ့ အဆိပ်တစ်သောင်းမိစ္ဆာ အင်းဆက်ကြောင့်သာ မဟုတ်ရင် ခင်ဗျားကို ဘယ်တော့မှ ရှာတွေ့ခဲ့မှာ မဟုတ်ဘူး”
ပြောနေရင်း ရန်ကိုင်သည် သူချုပ်နှောင်ထားသည့် ကျင့်ကြံသူများကို လက်ညိုးထိုးပြလိုက်သည်။
နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက် ထည့်သွင်းထားခံရသည့် ကျင့်ကြံသူများကို ကြည့်ရင်း လူငယ်လေး၏ အမူအရာ သုန်မှုန်သွားခဲ့လေသည်။
သူ့လက်အောက်ငယ်သားများသည် သူပျက်စီးရမည့် လမ်းစ ဖြစ်လာလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
ထွက်ပြေးလာသည့် လမ်းတစ်လျှောက် သူအလွန်ကို သတိထားခဲ့ပေသည်။ နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက် ထည့်သွင်းထားသည့် လူများ၏ ကျင့်ကြံခြင်းမှာ သိပ်မြင့်မားခြင်း မရှိပေ။ ပုံမှန်ဆိုလျှင်တော့ မည်သူမှ ထိုလူများကို သတိပြုမိလိမ့်မည် မဟုတ်သော်ငြား ရန်ကိုင်ကတော့ ရှာတွေ့သွားခဲ့သေးသည်။
“အဲ့လိုဆိုရင်တောင် ဒီဘုရင်ကို သတ်ဖို့ လွယ်ဦးမှာ မဟုတ်ဘူး။ ဘာလို့ ပြေရာပြေကြောင်း အရင် မဆွေးနွေးတာလဲ” လူငယ်လေးက မေးမော့၍ မေးလိုက်သည်။
“စိတ်မဝင်စားဘူး” ရန်ကိုင်က ချက်ချင်း ခေါင်းခါလိုက်၏။
လူငယ်လေး အနည်းငယ် ကြောင်သွားခဲ့သည် “ငါကမ်းလှမ်းချက်ကိုတောင် နားမထောင်ရသေးဘဲ ဘယ်လိုလုပ်ပြီး စိတ်မဝင်စားဘူး ဖြစ်သွားတာလဲ။ မင်းနောင်တရမှာ မကြောက်ဘူးလား”
“နောင်တ လုံးဝ ရစရာအကြောင်း မရှိဘူး။ ဒီနေ့ ခင်ဗျား သေကိုသေရမယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။
လူငယ်လေးက နှာခေါင်းရှုံ့ရယ်မောလျက် ရန်ကိုင်အား ထီမထင်ဟန်ဖြင့် စိုက်ကြည့်လိုက်ရင်း “ကောင်စုတ်လေး၊ မင်းက တကယ် အကြွားသန်လှပါလားကွာ။ အရင်တစ်ခါက မင်းလက်က လွတ်အောင် ထွက်ပြေးသလိုမျိုး ငါအခုလည်း ထပ်ပြေးနိုင်တယ်။ ဒါပေမယ့် မင်းသာ ငါ့ကို လိုက်မနှောင့်ယှတ်တော့ဘူးဆိုရင် ငါမင်းတစ်ဘဝလုံး သုံးမကုန်နိုင်မယ့် အကျိုးအမြတ်တွေကို ပေးလို့ရတယ်”
“အင်းဆက်တွေကိုပဲ ထိန်းချုပ်တတ်တဲ့ ခင်ဗျားက ကျုပ်ကို ဘာပေးနိုင်မှာလဲ” ရန်ကိုင်က ပြန်၍ လှောင်ပြောင်လိုက်၏။
ယခုတစ်ကြိမ်တွင်တော့ လူငယ်လေး အမှန်တကယ်ကို အံ့အားသင့်သွားခဲ့လေသည်။ မျက်မှောင်ကြုတ်လျက် “မင်းငါ့အကြောင်း ဘယ်လိုသိတာလဲ”
“ဘယ်လိုသိသိ မသိသိ ခင်ဗျားအကြောင်း မပါဘူး။ ခင်ဗျား သေရမယ်ဆိုမှတော့ သေကိုသေရမယ်” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် အပိုစကားများ ထပ်မပြောတော့ဘဲ လက်ကို ဆန့်ထုတ်လိုက်၏။
“မင်းလုပ်ရဲလား” လူငယ်လေးသည် ရှောင်ရန်ပင် မကြိုးစားဘဲ သူတော်စင်ချီကို လှည့်ပတ်၍ ရန်ကိုင်ဆီသို့သာ ပြေးဝင်သွားခဲ့လေသည်။
သူ့လက်ရှိ ခွန်အားဖြင့် ရန်ကိုင်၏ ပြိုင်ဘက် မဖြစ်နိုင်မှန်း သိထားသည်။ ထို့ကြောင့် သူ့ကိုယ်သူ ဖောက်ခွဲ၍ ရန်ကိုင်အား ထိခိုက်အောင် လုပ်ရန် စဉ်းစားလိုက်လေသည်။ ပြီးမှသာ အခြား ခန္ဓာကိုယ်တစ်ခုစီ ဝင်စီးမည်ဖြစ်သည်။
ရန်ကိုင်ကမူ လှောင်ပြုံးပြုံးလျက်သာ သူ့လက်သီးကို ဖြည်းဖြည်းချင်း ဆုပ်လိုက်၏။
မိုးမြေစွမ်းအင်တို့ လျင်မြန်စွာ စုစည်းလာပြီး လူငယ်လေးကို လှုပ်မရအောင် ချုပ်နှောင်လိုက်လေသည်။ သူတော်စင်ချီကိုပါ ဖိနှိပ်လိုက်သဖြင့် လူငယ်လေးမှာ သူ့ကိုယ်သူ မဖောက်ခွဲနိုင် ဖြစ်သွားခဲ့ရသည်။
ယခုအခါမှပဲ လူငယ်လေး၏ မျက်လုံးထဲ ကြောက်ရွံ့ရိပ်တို့ စတင် ထွက်ပေါ်လာခဲ့လေသည် “မင်းဘယ်လိုလုပ်လိုက်တာလဲ”
ပြောပြီးသွားပြီးနောက် တစ်ခုခုကို စဉ်းစားမိသွားသည့် အလား မျက်လုံးပြူးမျက်ဆံပြူးဖြင့် အော်ပြောလိုက်လေသည် “ကြယ်စွမ်းအင်ကို ထိန်းချုပ်နိုင်တယ်ဆိုတော့ မင်း ကြယ်အမြူတေကို သန့်စင်လိုက်တာလား”
“အင်းဆက်ဧကရာဇ်ဆိုတဲ့ အတိုင်းပါလား။ ခင်ဗျားက တကယ် အမြင်စူးရှတာပဲ” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် လက်သီးကို ပို၍ တင်းတင်း ဆုပ်လိုက်လေသည်။
ဘုန်းဆိုသော မြည်သံနှင့်အတူ လူငယ်လေး၏ ခန္ဓာကိုယ် ပေါက်ကွဲသွားပြီး ဝိဥာဉ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။ ထိုဝိဥာဉ်သည် ချက်ချင်းပဲ ထွက်ပြေးရန် ကြိုးစားတော့သည်။
ယခင်တစ်ကြိမ်က ချင်းတုန်နှင့် ပူးပေါင်းခဲ့သည့်တိုင် အင်းဆက်ဧကရာဇ်ကို မသတ်ပစ်နိုင်ခဲ့ချေ။ သို့သော် သူသည် ယခင်က ရန်ကိုင် မဟုတ်တော့။ ကြယ်သခင်တစ်ဦး ဖြစ်နေခဲ့လေပြီ။ သို့ဖြစ်ရာ အင်းဆက်ဧကရာဇ် အနေဖြင့် မည်သို့မှ ထပ်လွတ်နိုင်တော့မည်နည်း။
အတွေးတစ်ချက်နှင့် ရန်ကိုင်သည် မီတာတစ်ရာပတ်လည် ဟင်းလင်းပြင်တစ်ခုလုံးကို ချိတ်ပိတ်လိုက်၏။ အင်းဆက်ဧကရာဇ်၏ ဝိဥာဉ်မျှပင် အားကောင်းပါစေ ဤမီတာတစ်ရာအတွင်းမှ ထွက်ပြေးနိုင်တော့မည် မဟုတ်ချေ။
အကြိမ်အနည်းငယ် ကြိုးစားပြီးနောက်တွင် ဆက်၍ ကြိုးစားကြည့်နေလည်း ဘာမှ ထူးလာမည်မဟုတ်မှန်း အင်းဆက် ဧကရာဇ်နားလည်လိုက်သည်။ ထို့ကြောင့် ဆက်မကြိုးစားတော့ဘဲ စိတ်စွမ်းအင်အား လူပုံစံအသွင်သို့သာ ပြန်ပြောင်းလိုက်လေ၏။
ရန်ကိုင်အား မမှိတ်မသုံ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် အော်ပြောလိုက်၏ “ငါ့အမှားငါဝန်ခံတယ်။ ပြော၊ ငါ့ကို လွှတ်ပေးဖို့ ငါဘာလုပ်ပေးရမလဲ”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ထိုနာမ်ဝိဥာဉ်ကို လှမ်းဖမ်းလိုက်လေသည်။
နှစ်ဦးသား ခွန်အားကွာခြားချက်မှာ အလွန်ကိုမှ ကြီးမားလှသဖြင့် အင်းဆက်ဧကရာဇ်၏ ဝိဥာဉ်၏ ရန်ကိုင်၏ လက်ထဲ အလွယ်တကူ ဖမ်းဆီးခြင်း ခံလိုက်ရလေသည်။
အသည်းအသန် ရုန်းကန်သည့်တိုင်း လုံးတ မလွတ်နိုင်ခဲ့ဘဲ သွေးရူးသွေးတန်းဖြင့်သာ အော်ဆဲနိုင်ခဲ့လေသည်။
ရန်ကိုင်မှ သူ့လက်ကို တင်းတင်း ဖျစ်ညစ်လိုက်သည့်အခါ အင်းဆက်ဧကရာဇ်၏ ဝိဥာဉ်သည် နောက်ဆုံး တစ်ကြိမ်သာ အော်ဟစ်လိုက်နိုင်ပြီး ဗလာနတ္ထိအဖြစ်သို့ အပြီးတိုင် ပျောက်ကွယ်သွားခဲ့လေသည်။
အင်းဆက်ဧကရာဇ်၏ဝိဥာဉ် ပျောက်ကွယ်သွားသည့် နေရာ၌ အစိမ်းရောင်ဆေးဘားတစ်ချောင်းနှင့် လက်ကောက်တစ်ကွင်း ကျကျန်ရစ်ခဲ့သည်။ ဆေးဘားသည် ရှိရင်းစွဲထက် အဆများစွာ ကျုံ့ဝင်သွားခဲ့ပြီး ရန်ကိုင် လက်ပေါ်သို့ လက်ကောက်နှင့်အတူ ပြုတ်ကျလာခဲ့လေသည်။
ထိုပစ္စည်းနှစ်ခုလုံးသည် ဧကရာဇ်ဖိအားကို ထုတ်လွှတ်နေ၏။ လက်ကောက်မှာ အနည်းဆုံး ပုံမှန်လက်ကောက်များနှင့် သိပ်ပြီး မကွသော်ငြား ဆေးဘားဓါးလေးကမူ ရန်ကိုင်၏ ကောင်းကင် စိတ်အာရုံကိုပင် ဖြတ်တောက်ပစ်နိုင်သည့် ထူးဆန်းသော စွမ်းအင် တစ်မျိုးကို ထုတ်လွှတ်နေခဲ့ပေသည်။
ထိုပစ္စည်း နှစ်မျိုးစလုံးမှာ ဧကရာဇ်မှော်ရတနာများ ဖြစ်ကြသည်။ လက်ရှိတွင် သူ့တွင့် မှော်ရတနာများ အလွန်များပြားစွာ ရှိနေသည့် အပြင်ကိုမှ သုတ်သင်ခြင်း မိုးကြိုးဓါတ်လုံးနှင့် ကမ္ဘာငယ်လေးဟူသော ဧကရာဇ်မှော်ရတနာ နှစ်ခုပင် ရှိနေသေးသည်။ သို့ဖြစ်လျက် ယခု ဧကရာဇ်မှော်ရတနာနှစ်ခု ထပ်၍ ရလိုက်ပြန်သည်။ ရန်ကိုင် မပျော်ဘဲ နေမည်လား။
ရတနာ အများကြီးရှိ၍ စိတ်ညစ်သွားသည့်လူ မည်သူ ရှိသနည်း။ အစိမ်းရောင်ဆေးဘာသည် ကောင်းကင်စိတ်အာရုံကို ဖြတ်တောက်နိုင်စွမ်းရှိသည်။ ယခင်တစ်ကြိမ်က အင်းဆက် ဧကရာဇ်သည် ဤဝိဥာဉ်ပိုင်းဖြတ်ဓါးကိုသုံး၍ ထွက်ပြေးသွားခြင်း ဖြစ်သည်။
လက်ကောက်လေး၏ အသုံးဝင်ပုံကိုတော့ ရန်ကိုင် မသိသေးပေ။
ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခိုက် လက်ကောက်ဝတ်အတွင်းပိုင်းအား စူးစမ်း၍ မရအောင် ကာကွယ်ထားသည့် အကာအရံတစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။
ထို့ကြောင့် လောလောဆယ် လက်လျှော့ထားရုံသာ တတ်နိုင်တော့၏။ သို့သော် စိတ်ဓါတ်ကျသွားခြင်းမရှိ။ ဧကရာဇ်တစ်ပါး၏ မှော်တရာကို ကာကွယ်ထားသည့် အကာအရံသည် မည်သို့များ ဖျက်စီးရ လွယ်ကူမည်နည်း။
လက်ကောက်ဝတ်၏ အသုံးဝင်ပုံကို နားမလည်သော်ငြား လက်ကောက်ဝတ်ဆီမှ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတစ်မျိုး ဖြာထွက်နေသည်ကို ခံစားမိနေသည်။
ခဏမျှ စစ်ဆေးကြည့်နေပြီးနောက် ထိုမှော်ရတနာ နှစ်ခုစလုံးကို သိမ်းထားလိုက်လေသည်။ သိမ်းပြီးပြီးချင်းမှာပင် အားကောင်းသော အရှိန်အဝါတစ်ခု သူ့ဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေသည်ကို သတိပြုမိလိုက်သည်။
ထိုအရှိန်အဝါမှာ ရောင်နီကျွန်းကို ကြီးကြပ်နေသည့် ခေါင်းဆာင်၏ အရှိန်အဝါ ဖြစ်ပေသည်။ ရန်ကိုင်သည် ချက်ချင်း မထွက်သွားသေးဘဲ ထိုခေါင်းဆောင်များကို ရပ်စောင့်နေလိုက်သည်။
ခဏအကြာတွင် လူထွားကြီးတစ်ဦး သူ့ရှေ့သို့ ရောက်လာ၏။ ထိုလူထွားကြီးသည် အကောင်းလည်း ကြီးသလို မျက်နှာမှာလည်း အတော်လေးကို ကြမ်းတမ်းခက်ထန်၏။ သာမန်လူသာ သူ့အကြည့်နှင့် ရင်ဆိုင်ရမည်ဆိုပါက ကြောက်လန့် တုန်လှုပ်သွားမည်သာ။
လူကြီး၏ မျက်နှာထက်တွင် မေးစေ့မှ မျက်ခုံးအထိ ဆန့်တန်းနေသော အမာရွတ်ရှည်ကြီးတစ်ခု ရှိနေခဲ့သည်။
ရောက်လာပြီး သွေးသံတရဲရဲ မြင်ကွင်းကိုမြင်သော် ဒေါသထွက်သွားပြီး “ခွေးကောင်လေး၊ မင်းဘယ်လိုတောင် ငါတို့ ရောင်နီကျွန်းမှာ လာသောင်းကျန်းရဲတာလဲ”
ပြောပြီးသည်နှင့် ရန်ကိုင်ဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။
ဤလူသည် တန်ခိုးရှင်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည်။ သူ့လက်ဝါးချက်ကြောင့် ဟင်းလင်းပြင်ပင် ချိုင့်ဝင်သွားရာ အဆင့်တူ ကျင့်ကြံသူတစ်ယောက်သာ ထိုလက်ဝါးချက် အထိခံလိုက်ရမည်ဆိုပါက အရိုးသွင်သွင် ကျိုးသွားပေလိမ့်မည်။
ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် မျက်မှောင်ကြုတ်သွား၏။ အခြေအနေကို ဘာမှ မမေးမစမ်းဘဲ ဗြုန်းစားကြီး တိုက်ခိုက်လာသည့်အပေါ် ရန်ကိုင် စိတ်ထဲ မကျေမနပ် ဖြစ်မိသွားသော်ငြား သူကိုယ်တိုင်သည်သာ တစ်ဖက်လူ၏ ကျွန်းပေါ် မဖိတ်ခေါ်ဘဲ ရောက်လာခြင်း ဖြစ်ကြောင်းကို ပြန်သတိရလိုက်သည်။ ထို့ကြောင့် တစ်ဖက်လူ၏ အပြုအမူအပေါ် အရမ်းကြီး စိတ်ထဲ ထားမနေတော့ဘဲ လက်တစ်ချက် ဝှေ့ရမ်း၍ လူထွားကြီး၏ လက်ဝါးချက်ကို ချေဖျက်လိုက်လေသည်။ ရန်ကိုင်၏ လက်ဝါးချက်သည် ထိုမျှနှင့်ပင် မရပ်တန့်သေးဘဲ လူထွားကြီးကိုပါ သွားရောက် ထိမှန်သဖြင့် လူထွားကြီးလည်း နောက်ပြန် လွင့်ထွက်သွားရ၏
လဲကျရာမှ ပြန်ကုန်းထာလာပြီးနောက် ရန်ကိုင်သည် သူ့ထက် ပိုမိုအားကောင်းသည့် ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်းကို သိလိုက်ရပြီးသည့်အတွက် လူထွားကြီးလည်း တစ်စွတ်ထိုး မလုပ်ရဲတော့ပေ။ ထို့ကြောင့် အရင်ဆုံး စတင်မေးမြန်းလိုက်သည် “ဒီက လူငယ်လေးရဲ့ နာမည်ကို သိလို့ရမလား”
ရန်ကိုင်က ပြုံး၍ လက်သီးဆုပ်ကာ “အထက်စကြာဝဠာဂိုဏ်းက ရန်ကိုင်ပါ”
“အထက်စကြာဝဠာဂိုဏ်း…” လူကြီးက ခဏမျှ စဉ်းစားပြီးနောက် အံ့အားသင့်နေသည့် လေသံဖြင့် “အထက်စကြာဝဠာဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရန်ကိုင်လား”
သူသည် အဆုံးမဲ့သမုဒ္ဒရာတွင် နေနေသူတစ်ဦး ဖြစ်သော်ငြား အထက်စကြာဝဠာဂိုဏ်းနှင့် ရန်ကိုင် အကြောင်းကိုတော့ ကြားဖူးပေသည်။ အထက်စကြာဝဠာဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဤမျှ အားကောင်းလိမ့်မည်ဟုလည်း မထင်ထားခဲ့ပေ။
“ခင်ဗျားက…” ရန်ကိုင်က မေးလိုက်သည်။
လူထွားကြီးသည် တစ်ချက် မျက်မှောင်ကြုတ်သွားသော်ငြား ပြန်၍တော့ ဖြေလိုက်သေးသည် “ရောင်နီကျွန်းရဲ့ ကျွန်းသခင် ဖန်ကျန်း”
“ဒီတော့ ကျွန်းသခင်ဖန်ပေါ့။ တွေ့ရတာ ဝမ်းသာပါတယ်” ရန်ကိုင်က လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။
ဖန်ကျန်းသည် ရန်ကိုင်၏ ပြိုင်ဘက် မဟုတ်သော်ငြား ပင်လယ်ကျောင်းတော် မျက်နှာမပျက်စေရန်အတွက် အလျင်အမြန် မေးလိုက်ပေသည် “ဂိုဏ်းချုပ်ရန်ရဲ့ အထက်စကြာဝဠာဂိုဏ်းနဲ့ ကျုပ်တို့ ပင်လယ်ကျောင်းတော်ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး။ အဲ့ဒါကို ဂိုဏ်းချုပ်ရန်က ရောင်နီကျွန်းဆီလာပြီး ဘာလို့ ကျုပ်တပည့်တွေကို လာသတ်ရတာလဲ”
ကျွန်းသခင် တစ်ယောက်အနေဖြင့် လုပ်သင့် လုပ်ထိုက်သည်ကို လုပ်ရပေမည်။ ယခု သူစောင့်ကြပ်နေသည့် ကျွန်းပေါ်တွင် တစ်ယောက်ယောက် သေသွားခဲ့သည်။ သူ့အနေဖြင့် မည်သို့မှ ရပ်ကြည့်နေ၍ မဖြစ်ချေ။ ရပ်ကြည့်နေလျှင် သူ့ဂုဏ်းသတင်းနှင့် ဂိုဏ်းရဲ့ အချုပ်အခြာအာဏာကို လာရောက် ထိခိုက်နိုင်ပေသည်။
ရန်ကိုင်က ခဏမျှ စဉ်းစားပြီးနောက် “ဒီရန် အခုလိုမျိုး လုပ်လိုက်ရလို့ ကျွန်းသခင်ဖန်ကို တောင်းပန်ပါတယ်။ ဒါပေမယ့် ဒီလူက သေမှကိုဖြစ်မှာ။ ဒီလူကို သတ်ဖို့အတွက်ကို ဒီရန် ဒီကို လာခဲ့တာ”
“ဂိုဏ်းချုပ်ရန် ပိုပြီး ရှင်းရှင်းလင်းလင်း ပြောပြပေးလို့ ရမလား”
“ရတယ်လေ” ရန်ကိုင်က ပြုံးလျက် ဖန်ကျန်းအား အကြောင်းစုံကို ရှင်းပြလိုက်လေသည်။
သို့သော်ငြား ရန်ကိုင်၏ ရှင်းပြချက်ကို ဖန်ကျန်း အပြည့်အဝ မယုံကြည်ခဲ့။ ရန်ကိုင်သည် သူ့အပြစ်မဟုတ်လေရအောင် အကြောင်းပြချက် ပေးနေသည်ဟု ယုံကြည်မိလေသည်။
သူပြောသည်အား ဖန်ကျန်း မယုံသည်ကိုမြင်သော် ရန်ကိုင်က ပြုံး၍ “ဒါတွေကို မြင်ပြီးသွားရင်း ကျွန်သခင်ဖန် ယုံလာမှာပါ”
ပြောပြီးသည်နှင့် ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်၍ ချုပ်နှောင်ထားသည့် ကျင့်ကြံသူအား သူ့ဆီသို့ ဆွဲခေါ်လိုက်၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၉၉)
ထိုလူများသည် နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက်၏ ထိန်းချုပ်ခြင်း ခံနေရသည့်လူများ ဖြစ်သည့်အတွက် ရန်ကိုင်သည် ထိုလူများကို မသတ်တော့ဘဲ ဖမ်း၍သာ ချုပ်နှောင်ထားလိုက်သည်။
ရန်ကိုင်မှ သူ့လက်ကို ဝှေ့ရမ်းလိုက်သည့်အခါ ထိုလူများသည် အလွန်ပြင်းထန်သော နာကျင်မှုဝေဒနာကို ခံစားလိုက်ရသည့်နှယ် တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်လာပြီး မျက်နှာများ ရှုံ့မဲ့လာသည်။ ထို့နောက် ပါးစပ်ထဲမှ အမြုံ့တစီစီထွက်ကာ မေ့လဲသွားကြလေ၏။ ကံကောင်းစွာဖြင့် အကုန်လုံးမှာ အသက်ရှူနေကြသေးသည့် အတွက် အသက်အန္တရာယ် မရှိကြသေးပေ။
ဖန်ကျန်းသည် ရန်ကိုင် လုပ်နေသည်ကို ရပ်လျက် သေချာ စိုက်ကြည့်နေခဲ့သည်။
မကြာမီ တကျွီကျွီ မြည်သံနှင့်အတူ အလင်းတန်းအချို့သည် လဲကျသွားသော ကျင့်ကြံသူများ၏ ပါးစပ်ထဲမှ ပျံထွက်လာလေ၏။
ရန်ကိုင်သည် ပျံထွက်လာသော အလင်းတန်းများကို လက်ဖြင့် ဆတ်ခနဲ ဖမ်းယူလိုက်ကာ ဖန်ကျန်းဘက်သို့ လှည့်၍ သူ့လက်ကို ဖြန့်ပြလိုက်၏။
ရန်ကိုင်၏ လက်ဝါးပေါ်တွင် လက်သည်းအရွယ်ခန့်ရှိသည့် နီကြင့်ကြင့်အရောင် လောက်ကောင်ကဲ့သို့ အကောင်များ ရွစိရွစိဖြင့် ဟိုသွားဒီသွား လုပ်နေခဲ့သည်။
ဖန်ကျန်းသည် ထိုကောင်များကို ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် တံတွေးတစ်လုတ် မျိုချလျက် မေးလိုက်၏ “ဒါတွေက နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက်တွေလား”
ဤကဲ့သို့ အင်းဆက်မျိုးကို သူ့တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မမြင်ဖူးသော်ငြား ထိုအင်းဆက်များဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါအရ ထိုအင်းဆက်များသည် အလွန်ကိုမှ အန္တရာယ်များသည် အင်းဆက်များဖြစ်မှန်း သူပြောနိုင်ပေသည်။
“ခင်ဗျား ကိုယ်ထဲကိုသာ ဒီအင်းဆက် ဝင်သွားရင် ခင်ဗျားလည်း အင်းဆက်ပိုင်ရှင်ရဲ့ ရုပ်သေးရုပ် ဖြစ်သွားမှာပဲ” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ရှင်းပြလိုက်သည်။
“အနီးကပ် ကြည့်ကြည့်လို့ရမလား” ဖန်ကျန်းသည် နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက်ကို စိတ်ဝင်စားမိသွားသည်။ ထိုအင်းဆက်များမှာ အန္တရာယ်များသော်ငြား သူသာ ထိုအင်းဆက်များကို ထိန်းချုပ်နိုင်မည်ဆိုပါက အားကောင်းသော နည်းစနစ်တစ်ခုကို လက်ဝယ်ပိုင်ဆိုင်ထားသလို ဖြစ်လာပေလိမ့်မည်။
ရန်ကိုင်အား ဖန်ကျန်းအား ပြုံးကြည့်လျက် ပြောလိုက်သည် “ဒီကောင်တွေ ကျွန်းသခင်ဖန်ရဲ့ အသိစိတ်ပင်လယ်ထဲ ဝင်သွားမှာကို မကြောက်ရင်တော့ ကြည့်ကြည့်ပေါ့”
ရန်ကိုင် စကားကို ကြားသည့်အခါ ဖန်ကျန်းမျက်နှာ ဖြူလျော်သွားပြီး တုန့်ဆိုင်းတွေဝေသွားခဲ့လေသည်။ ခဏမျှ စဉ်းစားနေပြီးနောက်တွင် ခေါင်းခါလျက် “ထားလိုက်တော့။ ဒီကောင်တွေကို ထိန်းနိုင်မယ်လို့ ကျုပ်မထင်ဘူး။ ဂိုဏ်းချုပ်ရန်ပဲ ကိုင်တွယ်လိုက်တော့”
ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးလျက် သူ့လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ရာ သူ့လက်ဝါးထက်၍ ရုန်းကန်လှုပ်ရှားနေသော နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက်အားလုံး အငွေ့ပျံသွားလေ၏။
အစောပိုင်းက အဖြစ်အပျက်သည် သဘောထားလွဲမှားမှု တစ်ခုသာ ဖြစ်ကြောင်း သိရှိနားလည်သွားပြီးနောက် ဖန်ကျန်းသည် ရန်ကိုင်အပေါ် ပို၍ ဖော်ဖော်ရွေရွေ ရှိလာခဲ့သည်။ ရန်ကိုင်၏ ခွန်အားကို ကြောက်နေသည့် အတွက်ကြောင့်လည်း ပါပေသည်ပေါ့။ အဆုံးမဲ့သမုဒ္ဒရာထဲ ရန်ကိုင်အား ယှဉ်တုနိုင်သည့် ပညာရှင်မှ မရှိလေပဲ။
ဖန်ကျန်းသည် ရန်ကိုင်အား သူ့နေအိမ်ဆီသို့ ဖိတ်ခေါ်ခဲ့သည်။
ရန်ကိုင်လည်း ဖန်ကျန်းနှင့် ဆွေးနွေးစရာကိစ္စအချို့ ရှိနေသည့် အတွက် ဖန်ကျန်း၏ ဖိတ်ခေါ်မှုကို မငြင်းဆိုခဲ့ပေ။
ကျွန်းသခင်ဖြစ်သော ဖန်ကျန်းသည် ကျွန်း၏ အကောင်းဆုံး ဆိုသည့်နေရာတွင် ခမ်းနားသည့် စံအိမ်တစ်လုံး တည်ဆောက်ကာ နေနေ၏။ စံအိမ်ထဲသို့ ဝင်လာပြီးနောက်တွင် ဖန်ကျန်းသည် ရန်ကိုင်အတွက် စားတော်ပွဲတစ်ခု ပြင်ဆင်ပေးရန် အစေခံများကို အမိန့်ပေးလိုက်သည်။
ရန်ကိုင်တို့နှင့်အတူ ကျွန်းပေါ်တွင် ရှိနေသော တန်ခိုးရှင် အဆင့် ကျင့်ကြံသူတစ်အုပ်လည်း လိုက်ပါလာကြသည်။
ကုန်းတွင်းပိုင်းတွင် ဖြစ်ပျက်နေသည့် အလောင်းဝိဥာဉ်ဂိုဏ်း၏ ကျူးကျော်မှုကို ပင်လယ်ကျောင်းတော်လည်း ကြားပေသည်။ သို့သော် ထိုဂယက်သည် အဆုံးမဲ့သမုဒ္ဒရာသို့ ပျံ့နှံ့လာခြင်း မရှိသည့် အတွက် ပင်လယ်ကျောင်းတော်လည်း ထိုဂယက်နှင့် ပက်သက်သည့် အကြောင်းစုံကို မသိရချေ။
ဖန်ကျန်း ရန်ကိုင်အား သူ့နေအိမ်သို့ ဖိတ်ခေါ်ရခြင်းမှာ ရန်ကိုင်၏ ခွန်အားကို လေးစားသည့်အတွက် သူနှင့် မိတ်ဆွေ ဖွဲ့လိုသည့် အတွက်ကြောင့် ဖြစ်သလို ကုန်းတွင်းပိုင်း အခြေအနေကို မေးမြန်းလိုသည့် အတွက်ကြောင့်လည်း ပါပေသည်။
ရန်ကိုင်လည်း ဘာမှဖုံးကွယ်မနေဘဲ ရှင်းပြပေးလိုက်၏။
အလောင်းဝိဥာဉ်ဂိုဏ်းတစ်ခုလုံး ရှင်းပစ်ခံလိုက်ရပြီ ဖြစ်ကြောင်း ကြားသိလိုက်ရချိန် စံအိမ်ထဲတွင် ရှိနေသည့် လူအားလုံး အံ့အားသင့်သွားခဲ့သည်။ ချင်းတုန်သည် တန်ခိုးရှင် ဘုရင်အဆင့်သို့ ချိုးဖျက်သွားပြီ ဖြစ်ကြောင်းကိုပါ ကြားသိလိုက်ရသည့်နောက်တွင် ဖန်ကျန်းနှင့် အခြားသူများ၏ မျက်စိပျက်မျက်နှာပျက် ဖြစ်ကာ ဖင်ဂနာမငြိမ် ဖြစ်လာကြ၏။
တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ အရိပ်ကြယ်ပေါ်၌ မပေါ်လာခဲ့သည်မှာ နှစ်ပေါင်း တစ်သောင်းမက ရှိနေခဲ့လေပြီ။ ထို့ကြောင့် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တစ်ယောက် မည်မျှ အားကောင်းမည်လဲ ဖန်ကျန်းတို့ မခန့်မှန်းတတ်ကြ။ သူတို့ တကယ် စိတ်ပူနေသည်မှာ ချင်းတုန်သည် သူ၏ တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံခြင်းကို အားကိုးလျက် အဆုံးမဲ့သမုဒ္ဒရာအား ကျူးကျော်လာမည့် အရေးကိုပင်။
ပင်လယ်ကျောင်းတော်သည် အဆုံးမဲ့သမုဒ္ဒရာတွင် အရှင်သခင် တစ်ပါး ဖြစ်သလို ၎င်းတို့၏ လက်ဝယ်တွင် တန်ခိုးရှင် အဆင့် ပညာရှင်များစွာ ရှိနေသော်ငြား တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးအား ရင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိချေ။
ထိုလူများ ဘာကို စိုးရိမ်နေသလဲ ရန်ကိုင် မြင်ပေသည်။ သို့သော် ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မဟုတ်ဟုတော့ သွား၍ ပြောပြမနေခဲ့။
ချင်းတုန်တွင် အဆုံးမဲ့သမုဒ္ဒရာကို ကျူးကျော်လိုသည့် ဆန္ဒရှိလျှင်ပင် အဆုံးမဲ့သမုဒ္ဒရာတစ်ခုလုံးကို သူ့လက်အောက်သို့ သိမ်းသွင်းနိုင်လိမ့်မည် မဟုတ်ချေ။ အရိပ်လခန်းမတွင် အဆုံးမဲ့ သမုဒ္ဒရာတစ်ခုလုံးကို သိမ်းပိုက်နိုင်သည့်ခွန်အား ရှိမနေခဲ့ပေ။ ဖန်ကျန်းနှင့် အခြားသူများ အပို စိုးရိမ်နေခြင်းသာ။
“ကျွန်းသခင်ဖန်ကို ကျုပ်တောင်းဆိုစရာတစ်ခုရှိတယ်။ ကျွန်းသခင်ဖန် ဖြည့်ဆည်းပေးမယ်လို့ မျှော်လင့်ပါတယ်” သုံးခွက်လောက် သောက်ပြီးနောက် ရန်ကိုင်က ရုတ်တရက် ပြောလိုက်လေသည်။
“ဂိုဏ်းချုပ်ရန် ဘာများ ပြောချင်လို့လဲ” ဖန်ကျန်းသည် မျက်ခုံးပင့်၍ ရန်ကိုင်အား ကြည့်လိုက်သည်။
“ခင်ဗျားတို့ ပင်လယ်ကျောင်းတော်ရဲ့ ကျောင်းသခင်နဲ့ တွေ့ချင်လို့” ရန်ကိုင်က ဝိုင်အား မော့သောက်လိုက်ပြီးနောက် ပြုံးလျက် ပြောလိုက်သည်။
ရန်ကိုင် စကားကို ကြားသည့်အခါ ဖန်ကျန်း ကြောင်သွားခဲ့လေသည် “ဂိုဏ်းချုပ်ရန် ကျောင်းသခင်နဲ့ ဘာလို့ တွေ့ချင်တာလဲ”
ရန်ကိုင်သည် ကျောင်းသခင်နှင့် တွေ့နိုင်သည်အထိ အဆင့်အတန်း မြင့်မားသလို ခွန်အားလည်း မြင့်မားသည့် လူတစ်ဦး ဖြစ်သော်ငြား သူ့ရည်ရွယ်ချက်ကိုတော့ မေးမြန်းကြည့်ရပေဦးမည်။
အခြားသူများလည်း ရန်ကိုင်ကို ကြည့်လာခဲ့သည်။
“နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိမယ့် ကိစ္စအတွက်ပါပဲ” ရန်ကိုင်က ပြုံးလျက် “ခင်ဗျားတို့ အဆုံးမဲ့သမုဒ္ဒရာက ပစ္စည်းတွေနဲ့ ကုန်းတွင်းပိုင်းက ပစ္စည်းတွေကို အလဲအလှယ် လုပ်ချင်လို့။ ကျွန်းသခင်ဖန်လည်း သိတာပဲ။ ပတ်ဝန်းကျင် မတူတော့ ဒီမှာ ထွက်တဲ့ တွင်းထွက်ပစ္စည်းတွေက ဟိုဘက်မှာ မထွက်ဘူး။ အဲ့အတိုင်းပဲ ဟိုဘက်မှာ ထွက်တဲ့ ပစ္စည်းတွေကလည်း ဒီမှာ မထွက်ပြန်ဘူး။ ဒီတော့ ဒီက ပစ္စည်းတွေကို ဟိုမှာ လိုချင်ရင် ဈေးကြီးပေးဝယ်ရတယ်။ ဒါပေမယ့် ကျုပ်တို့သာ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဖန်တီးနိုင်မယ် ဆိုရင် ဂိုဏ်းနှစ်ဂိုဏ်းစလုံးအတွက် တကယ်ကို အကျိုးများသွားမှာ”
ဤအကြောင်းကို ဆွေးနွေးချင်သည့်အတွက် အင်းဆက် ဧကရာဇ်ကို သတ်ပြီးပြီးချင်း ရန်ကိုင် ထွက်မသွားသေးခြင်း ဖြစ်သည်။
အထက်စကြာဝဠာဂိုဏ်းသည် ယခင်ကကဲ့သို့ ဂိုဏ်းသား နည်းနည်းလေးသာရှိသည့် ဂိုဏ်းတစ်ဂိုဏ်း မဟုတ်တော့ချေ။ ထုန်းရွှမ်လောကကြီးမှ ကျင့်ကြံသူများကို ခေါ်လာပြီးနောက်တွင် အထက်စကြာဝဠာဂိုဏ်း၏ ဂိုဏ်းသား အရေအတွက်မှာ ကြောက်မခန်းလိလိ မြင့်မားလာခဲ့သည်။ ဂိုဏ်း၏ နေ့စဉ် အသုံးစရိတ်မှာလည်း အလွန်ကိုမှ မြင့်မားလာခဲ့သည်။ ဂိုဏ်း၏ ဂိုဒေါင်ထဲ၌ သိုလှောင်ထားသည့် ပစ္စည်းများစွာ ရှိသေးသော်ငြား ထိုပစ္စည်းများကို ဖြည့်တင်းခြင်းမရှိဘဲ တောက်လျှောက်ကြီးသာ ဆက်၍ သုံးစွဲနေခဲ့မည်လျှင် နှစ်အနည်းငယ်အတွင်း ဂိုဏ်း၏ ဂိုဒေါင်တစ်ခုလုံး ပြောင်တလင်း ခါသွားပေလိမ့်မည်။
သို့သော် အရင်းအမြစ်များကို ဝယ်ဖို့ကျပြန်သည့် အခါတွင်မူ… ကုန်းတွင်းပိုင်းရှိ အင်အားစုများသည် အလောင်းဝိဥာဉ်ဂိုဏ်း၏ တိုက်ခိုက်မှုမှ နာလည်ပြန်ထခါစ ဖြစ်သည့်အတွက် သူတို့တွင်လည်း အရင်းအမြစ်များ ရှားပါနေခဲ့သည်။
ထို့ကြောင့် ရန်ကိုင်သည် အရင်းအမြစ် ပေါများသည့် နေရာဖြစ်သည့် အဆုံးမဲ့သမုဒ္ဒရာဘက်ဆီသို့ လမ်းကြောင်း လှည့်လာခဲ့ခြင်း ဖြစ်သည်။ သူသာ အဆုံးမဲ့သမုဒ္ဒရာနှင့် အောင်အောင်မြင်မြင် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု တည်ဆောက်နိုင်ခဲ့လျှင် ထိုကိစ္စများကို စိုးရိမ်နေစရာ လိုတော့မည် မဟုတ်ချေ။
လက်ရှိတွင် သူသည် ကြယ်သခင်တစ်ပါး ဖြစ်နေပြီ ဖြစ်သည့်အတွက် အရိပ်ကြယ်အနှံ့ စိတ်ကြိုက်သွားလာနိုင်သလို ပင်လယ်ကျောင်းတော်ကိုလည်း အကြွင်းမဲ့ခွန်အားဖြင့် ဖိနှိပ်ချုပ်ချယ်ပစ်နိုင်သော်ငြား သူ့စိတ်ထဲ ကြီးနိုင်ငယ်ညင်း မလုပ်ချင်ပေ။
စစ်မျက်နှာ ဖွင့်မည့်အစား ကုန်းတွင်းဂိုဏ်းနှင့် ပင်လယ်ဂိုဏ်းများ နှစ်ဖက် အပြန်အလှန် အကျိုးရှိမည့် လမ်းကြောင်း တစ်ခုကိုသာ ဖန်တီးချင်သည်။
အရိပ်ကြယ်၏ သခင်ဖြစ်နေပြီ ဖြစ်သည့်အတွက် ကြယ်ကြီး တစ်ခုလုံး၏ ကောင်းကျိုးကို မျှော်တွေးကာ လုပ်ရတော့ပေမည်။
ရန်ကိုင်၏ ကမ်းလှမ်းချက်ကို ကြားသည့်အခါ ဖန်ကျန်း၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။ သို့သော်ငြား ချက်ချင်းပဲ ပြန်၍ မှိန်ကျသွားခဲ့ပြီး “အခုလိုမျိုး လာကမ်းလှမ်းတာ ဂိုဏ်းချုပ်ရန် ပထမဆုံး မဟုတ်ဘူး။ ပင်လယ်ကျောင်းတော်က လူတွေတောင် အဲ့လိုလုပ်ချင်နေတာ။ ဒါပေမယ့် ကုန်းတွင်းပိုင်းနဲ့ ပင်လယ်ပိုင်းကို ဆက်သွယ်ပြီး ကုန်သွယ်ဖို့က အရမ်း ခက်ခဲလွန်းတယ်။ ကုန်သွယ်ရေး လမ်းကြောင်း တစ်ခု တည်ဆောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး”
သို့သော်ငြား ရန်ကိုင်က ပြုံးလျက် “အဲ့ကိစ္စတွေကိုတော့ ကျုပ်တာဝန်ပဲထားလိုက်”
ဖန်ကျန်းက စိတ်လှုပ်ရှားသွားသည့် အမူအရာဖြင့် “ဂိုဏ်းချုပ်ရန်မှာ နည်းလမ်းရှိတာလား”
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါ ဖန်ကျန်းက ဝါလုံးကွဲအော်ရယ်မောလျက် “ဂိုဏ်းချုပ်ရန်မှာ နည်းလမ်းရှိတယ်ဆိုရင် ဆွေးနွေးလို့ရသွားပြီ။ ဒါပေမယ့် ဒီလိုကိစ္စကြီးတွေကို ကျုပ်တာဝန်ခံလို့ မရဘူး။ ဆွေးနွေးချင်ရင် ကျောင်းသခင်နဲ့ သွားဆွေးနွေးမှပဲ ရလိမ့်မယ်”
“ကျုပ်သိတယ်။ အဲ့ဒါကြောင့်မို့ ကျွန်းသခင်ဖန်ကို ကျောင်းသခင်နဲ့ တွေ့ဖို့ စီစဉ်ပေးလို့ ရမလားလို့ ပြောတာ”
ဖန်ကျန်းက သူ့ဝိုင်ခွက်ကိုမြှောက်၍ “အဲ့လိုဆိုရင်တော့ ဒီကိစ္စကြီး အောင်မြင်ပါစေဗျာ။ နောက်ပိုင်းကျရင်လည်း ဂိုဏ်းချုပ်ရန် ကျုပ်ကို စောင့်ရှောက်ပေးပါဦးနော်”
ဤကိစ္စသာ ဆွေးနွေးအောင်မြင်သွားခဲ့လျှင် ဖန်ကျန်း အကျိုးကျေးဇူး အများကြီး ရပေလိမ့်မည်။ အများကြီး မဟုတ်လျှင်ပင် အနည်းဆုံးတော့ သူ့ရာထူး ပိုမြင့်လာပေလိမ့်မည်။
ညသန်းခေါင်ယံအချိန်တွင် စားသောက်ပွဲ ပြီးဆုံးသွားခဲ့သည်။ ရန်ကိုင်အတွက် ချောချောလှလှ အစေခံမလေးများနှင့် ခမ်းနားသော ခြံဝန်တစ်ခုအား ရန်ကိုင်အတွက် ပြင်ဆင်ပေးထားခဲ့ပေသည်။ ရန်ကိုင်ကမူ ခြံဝန်းထဲသို့ ရောက်သည်နှင့် ထိုမိန်းကလေးများကို ထွက်သွားပေးရန် ချက်ချင်း တောင်းဆိုလိုက်သည်။ မိန်းကလေးများမှာ လာပြီးမှ ပြန်ထွက်သွားရသဖြင့် ရှက်ရှက်ဖြင့် နှုတ်ခမ်းဆူကာ ထွက်သွားကြလေသည်။
သူကမ်းလှမ်းသည့် အစီအစဉ်သည် နှစ်ဖက်စလုံးအတွက် အကျိုးရှိမည်ဖြစ်သည်။ ပင်လယ်ကျောင်းတော်ကလည်းက ယခု အစီအစဉ်ကို ယခင်ကတည်းက အကောင်အထည် ဖော်လိုနေခြင်း ဖြစ်သည့်အတွက် လုပ်ရကိုင်ရ လွယ်ကူမည်ဟု ထင်ခဲ့သည်။ သို့သော်ငြား သုံးရက်ကြာပြီးသည့်တိုင် ပင်လယ်ကျောင်းတော်၏ အကြီးအကဲများဆီမှ ပြန်စာ ရောက်မလာသဖြင့် ရန်ကိုင် အတော့်ကိုမှ နားမလည်နိုင် ဖြစ်သွားခဲ့ရလေသည်။
အဆုံးမဲ့သမုဒ္ဒရာကြီးသည် အလွန်ကိုမှ ကျယ်ပြန့်သဖြင့် ပင်လယ်ကျောင်းတော်၏ ဠာနချုပ်ဆီသို့ သွားရသည်မှာ အတော်လေး ဝေးသည့် ခရီး ဖြစ်သော်ငြား ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သည့်အတွက် သူတို့တွင် ဟင်းလင်းပြင် အစီအရင်များ ကျိန်းသေ ရှိပေလိမ့်မည်။ ပင်လယ်ကျောင်းတော်က အကြီးအကဲများသာ လာချင်လျှင် ရောင်နီကျွန်းသို့ နေ့တစ်ဝက် အတွင်း အရောက်လာနိုင်ပေသည်။
သုံးရက်ပင်လျှင် ကြာနေခြင်းမှာ တစ်ဖက်လူသည် သူပြောသည်ကို မယုံခြင်း ဟုတ်လျှင်ဟုတ်၊ မဟုတ်လျှင် စိတ်မဝင်စားသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
သို့သော်ငြား ရန်ကိုင်သည် အလျင် မလိုနေသေးသည့် အတွက်ကြောင့် ဘာဆက်ဖြစ်မလဲ ဆိုသည်ကို စိတ်ရှည်ရှည်ဖြင့်သာ ဆက်စောင့်နေခဲ့သည်။ အလောင်းဝိဥာဉ် ဂိုဏ်းတော်ကို အမြစ်ဖြတ် ရှင်းလင်းပြီးသွားပြီ ဖြစ်သဖြင့် ဘာမှ သိပ်ပြီး စိတ်ပူနေစရာ မလိုတော့ချေ။ ဂိုဏ်းကိစ္စများကို ရီရှီယွင်မှ ကိုင်တွယ် ဖြေရှင်းသွားလေိမ့်မည်။
ထို့ကြောင့် ရန်ကိုင်သည် စောင့်ဆိုင်းနေရင်း ကြယ်သခင် ဖြစ်လာခြင်း၏ အကျိုးကျေးဇူးများကို သေချာ လေ့လာတော့၏။
ကြယ်သခင် ဖြစ်လာပြီးနောက်တွင် သူ့တွင်သာ သူတော်စင်ချီနှင့် စိတ်စွမ်းအင် အလုံလောက်ရှိမည် ဆိုပါက သွားချင်သည့် နေရာသို့ မျက်စိတစ်မှိတ်အတွင်း ရောက်အောင် သွားနိုင်၏။ သို့သော် ထိုသို့ သွားလေသွားလေ သူ့ခန္ဓာကိုယ်ကို ဝန်ပိလေပင်။ မည်သို့ပင် ဝန်ပိစေကာမူ မိုင်သောင်းနှင့်ချီ ဝေးကွာသော ခရီးအား ခုန်ကျော်သွားရခြင်းသည် ကြယ်သခင် တစ်ပါးအတွက် ဘာမှ အပန်းမကြီးသည့် ကိစ္စတစ်ရပ် ဖြစ်သည်။
ထို့အပြင် ယခင်ကထက် ပို၍ မြန်မြန် ကျင့်ကြံနိုင်လာ၏။ မိုးမြေစွမ်းအင်များသည် သူ့ကိုယ်ထဲသို့ မယုံကြည်နိုင်စရာ အမြန်နှုန်းဖြင့် လွတ်လပ်စွာ စီးဝင်နေသည့်အတွက် ရန်ကိုင်၏ ကျင့်ကြံခြင်းသည် လျင်မြန်စွာ တိုးတက်လာနေတော့သည်။
တိုက်ပွဲများတွင်လည်း အရိပ်ကြယ်ကြီး၏ မိုးမြေစွမ်းအင်ကို ထိန်းချုပ်၍ ရန်သူများကို တိုက်ခိုက်နိုင်ပေသေးသည်။
သို့သော်ငြား ရန်ကိုင်အား စိတ်ပူစေသည်မှာ မမြင်နိုင်သည့် စွမ်းအားတစ်ရပ်ပင်။ ထိုစွမ်းအားသည် အရိပ်ကြယ်ကြီး တစ်ခုလုံးကို ဧရာမစည်းတံဆိပ် တစ်ခုနှယ် လွှမ်းခြုံထား၏။ ထိုစည်းခတ်ထားသည့် အတွက်ကြောင့်သာ အရိပ်ကြယ်မှ ကျင့်ကြံသူများ တန်ခိုးရှင်ဘုရင်အဆင့်သို့ မတက်လှမ်းနိုင်ကြခြင်း ဖြစ်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၀၀)
ထိုမမြင်နိုင်သည့် အချုပ်အနှောင်များသည် အရိပ်ကြယ်ပေါ်ရှိ ကျင့်ကြံသူများအား တန်ခိုးရှင်ဘုရင်အဆင့်နှင့် ပက်သက်နေသော သဘောတရားများကို မဖမ်းဆုပ်နိုင်အောင် တားဆီးထားသည့် အရိပ်ကြယ်၏ လောကနိယာမများ ဖြစ်ပေသည်။ ရန်ကိုင်သည် ကြယ်သခင်တစ်ပါး ဖြစ်လာသော်ငြား ထိုလောကနိယာမများ အပေါ် ဘာမှမလုပ်နိုင်သေးချေ။ သူ့ကိုယ်သူ လောကနိယာမများမှ ရုန်းထွက်ရန် ကြိုးစားကြည့်သော်လည်း အချည်းနှီးသာ။
ထို့ကြောင့် သက်ပြင်းအရှည်ကြီးချလျက် ထိုကိစ္စအပေါ် အချိန် ဆက်မဖြုန်းတော့ချေ။ ဤအချုပ်အနှောင်သည် ကျင့်ကြံသူများအား တန်ခိုးရှင်ဘုရင်အဆင့်သို့ မတက်နိုင်အောင် တားဆီးထားသော်လည်း ကျင့်ကြံသူများအား ဘေးဒုက္ခဖြစ်စေခြင်း မရှိချေ။ သို့ဖြစ်သည့် အတွက်ကြောင့် ရန်ကိုင်လည်း အရမ်းကြီး စိတ်စနိးစနောင့် ဖြစ်မနေတော့။
ဤသို့ဖြင့် နောက်တစ်ရက် ကုန်လွန်သွားခဲ့သော်ငြား ပင်လယ်ကျောင်းတော်မှ မည်သည့် ပြန်စာမှ ရောက်မလာသေးပေ။
စောင့်ရသည်မှာ အတော်လေး ကြာနေပြီ ဖြစ်သည့်အတွက် ရန်ကိုင် စတင်ပြီး စိတ်မရှည် ဖြစ်လာခဲ့သည်။ ပင်လယ်ကျောင်းတော်၏ ဠာနချုပ်ဆီသို့ ကိုယ်တိုင်ပဲ သွားလိုက်လျှင် ကောင်းမလား စဉ်းစားနေစဉ်မှာပဲ ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေ၏။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်အခါ ရောင်နီကျွန်းနှင့် မိုင်ထောင်နှင့်ချီအကွာ၌၊ မီတာထောင်နှင့်ချီ မြင့်မားသော လှိုင်းလုံးကြီးတစ်လုံးသည် ရောင်နီကျွန်းဆီသို့ လာနေသည်ကို တွေ့ရှိလိုက်ရသည်။ ထိုလှိုင်းပေါ်တွင်မူ ရာနှင့်ချီသော လူအုပ်ကြီး ရှိနေခဲ့လေသည်။
ထိုရာနှင့်ချီသော လူအုပ်ကြီးထဲတွင် အမျိုးသမီးများကော၊ အမျိုးသားများပါ ရှိနေကြသည်။ အမျိုးသားများသည် တုတ်ခိုင် ထွားကြိုင်းသည့် လူထွားကြီးများ ဖြစ်ကြပြီး အမျိုးသမီးမှာမူ အလွန်ကိုမှ လှပသော အလှပိုင်ရှင်များ ဖြစ်ကြသည်။ အချို့မှာ အပြစ်ကင်းစင်သည့် နတ်သမီးလေးများနှယ် လှပနေချိန် အချို့မှာ အလွန်ကိုမှ စွဲမက်ဖွယ်ကောင်းနေကာ အကုန်လုံးသည် အလှ ကိုယ်စီဖြင့် လှပနေကြသည်။
ထို့အပြင် တစ်ဖွဲ့လုံးသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။ အစကမူ ထိုလူအုပ်ကြီးသည် ပင်လယ်ကျောင်းတော်မှ ဖြစ်သည်ဟု ထင်ခဲ့သော်လည်း သေချာ ကြည့်ကြည့်လိုက်သည့်အခါမှ မဟုတ်မှန်း တွေ့ရှိလိုက်ရသည်။ ထိုလူများသည် လူများ မဟုတ်ကြချေ။
သေချာ ပြန်စဉ်းစားသည့်နောက်တွင် အကြောင်းအရာ တစ်ခုကို ရန်ကိုင် ပြန်စဉ်းစားမိသွားသည်။ အဆုံးမဲ့သမုဒ္ဒရာ၌ လူသားမျိုးနွယ်စုတွင် မဟုတ်ဘဲ ပင်လယ်ကလန်မျိုးနွယ်စု ဟူသော မျိုးနွယ်စုလည်း နေထိုင်ကြသည် ဟူသောအချက်ပင်။
ပင်လယ်ကလန် ဟူသော မျိုးနွယ်စုထဲတွင် အမျိုးမျိုးသော ပင်လယ်မျိုးနွယ်စုဝင်များ ပါဝင်နေပေသည်။ ထိုမျိုးနွယ်စုသည် မွေးရာပါ ရေဓါတ်စွမ်းအင် ပညာရပ်များဖြင့် မွေးဖွားလာကြပြီး ပင်လယ်အောက်တွင် နေထိုင်ကြကာ လူသားများနှင့် ဆင်တူသော ရုပ်ရည်များကို ပိုင်ဆိုင်ကြ၏။
သို့ရာတွင် ပင်လယ်ကလန် မျိုးနွယ်စုဝင်များသည် လူသားများနှင့် သိပ်ပြီး အဆက်အသွယ် မလုပ်သည့်အတွက် ကုန်းတွင်းပိုင်းမှ ကျင့်ကြံသူများသည် ပင်လယ်ကလန် မျိုးနွယ်စုမှ တစ်ယောက်လောက်ကိုပင် မမြင်ဖူးကြချေ။ အဆုံးမဲ့သမုဒ္ဒရာမှ ကျင့်ကြံသူများပင် ပင်လယ်ကလန် မျိုးနွယ်စုဝင်များနှင့် သိပ်ပြီး အဆက်အသွယ် မရှိကြ။
သေချာကြည့်နေပြီးနောက် ထိုအဖွဲ့ထဲတွင် မျိုးနွယ်စု ငါးခုလောက် ပါဝင်လာသည်ကို တွေ့ရှိလိုက်ရသည်။ အချို့သည် ကြေးခွံလူသားများ ဖြစ်ကြပြီး အချို့တွင်မူ အမြီးအဖျားပိုင်း၌ ချွန်ထွက်နေသော ဆူးချွန်များ ရှိကြသည့် ပင်လယ်မျိုးနွယ်ဝင်များ ဖြစ်ကြသည်။ အချို့တွင်မူ ဂဏန်း လက်မကဲ့သို့သော လက်မများ ရှိနေကြပေသည်။
ယခုအကြိမ်သည် ပင်လယ်ကလန်မှ မျိုးနွယ်စုဝင်များကို ရန်ကိုင် ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ ထိုလူများ ဘာကြောင့် ရောင်နီကျွန်းဆီသို့ လာနေမှန်း ရန်ကိုင် မသိချေ။ ရန်ကိုင်မှ ထိုအဖွဲ့အား အချိန်အတော်ကြာသည်အထိ စိုက်ကြည့်နေသည့်အခါ၊ အဖွဲ့၏ ခေါင်းဆောင် ဖြစ်ဟန်တူသူက တစ်ခုခုကို သတိပြုမိသွားသည့် အလား ကောင်းကင်ပေါ်သို့ ဟိုကြည့်ဒီကြည့်ဖြင့် မော့ကြည့်လာလေသည်။
ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင် ယဲ့ယဲ့လေး ပြုံးလိုက်ပြီး သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်လေသည်။
သူ့အတွက်တော့ အရိပ်ကြယ်ပေါ်ရှိ မည်သူမှ အရေး စိုက်စရာမဟုတ်ချေ။ ထိုရာနှင့်ချီသော ပင်လယ်ကလန် မျိုးနွယ်စု အဖွဲ့ကြီးသည် အခြားသူများအတွက်တော့ အလွန် အားကောင်းမည် ဖြစ်သော်လည်း ရန်ကိုင် အတွက်တော့ ဘာမှ မဟုတ်ချေ။
လှိုင်းပေါ်တွင် ရှိနေသော ပင်လယ်ကလန်မျိုးနွယ်စုမှ လူထွားကြီးသည် ကောင်းကင်ပေါ်သို့သာ သင်္ကာမကင်း အမူအရာဖြင့် မော့ကြည့်နေသည်။
“ရှန်းအောင်၊ ဘာဖြစ်လို့လဲ” လုံးကြီးပေါက်လှ ခန္ဓာကိုယ်နှင့် အဖော်အချွတ် များလွန်းသည့် အဝတ်အစားကို ဝတ်ဆင်ထားသည့် အမျိုးသမီးက မျက်မှောင်ကြုတ်၍ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်လေသည်။
ရှန်းအောင်က ဖြည်းဖြည်းချင်း ခေါင်းခါလျက် “တစ်ယောက်ယောက် ငါတို့ကို ကြည့်နေတယ်လို့ ခံစားလိုက်ရလို့။ ငါအထင်မှားတာပဲ နေမှာပါ”
အမျိုးသမီး ကြောင်သွားခဲ့သည်။ ရှန်းအောင် မည်မျှ သန်မာသလဲ သူမ သိပေသည်။ ပင်လယ်ကလန်၏ ပင်လယ်နန်ဘုရား နန်းတော်၏ ခေါင်းဆောင်များအနက် တစ်ဦး အပါအဝင် ဖြစ်သည့်အလျောက် ရှန်းအောင်သည် အရိပ်ကြယ်၏ အားအကောင်းဆုံး ပညာရှင်များအနက် တစ်ဦးအပါအဝင် ဖြစ်သည်ဟု ပြော၍ရသည်။ ထို့ကြောင့် သူအထင် မှားသည်မှာ သိပ်တော့ မဖြစ်နိုင်လှ။
သို့သော်လည်း ရှန်းအောင်က ထိုကဲ့သို့ ပြောနေသဖြင့် အမျိုးသမီးလည်း ဘာမှ ဆက်ပြောမနေတော့ဘဲ မျက်မှောင်ကြုတ်၍သာ ပြောလိုက်လေသည် “ဒီတစ်ကြိမ် ကိစ္စက နည်းနည်းတော့ လက်ပေါက်ကပ်လိမ့်မယ်။ မင်းသမီးက ရောင်နီကျွန်းနားမှာ ပျောက်သွားတာမို့လို့ လူသားတွေ ပြန်ပေးဆွဲသွားတာ ဖြစ်နိုင်ချေများတယ်ဆိုပေမယ့် သူတို့က ဝန်မခံဘူးဆိုရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ”
ရှန်းအောင်က အေးစက်စက် အမူအရာဖြင့် “ဝန်မခံရင် သူတို့ရဲ့ ရောင်နှီကျွန်းကို မြေလှန်ပစ်လိုက်ရုံပေါ့။ ဒီကောင်တွေက အဆုံးမဲ့သမုဒ္ဒရာထဲက ထွက်သွားသင့်တာ ကြာနေပြီ။ ဒီနေရာက အစကတည်းက ငါတို့ ပိုင်နက်ပဲ ဖြစ်သင့်တာ”
“ဟူး…” အမျိုးသမီး သက်ပြင်းအရှည်ကြီး ချလိုက်သည်။ ရောင်းနီကျွန်းဆီသို့ လှမ်းကြည့်နေရင်း မင်းသမီးလေးအား လူသားများမှ ပြန်ပေးဆွဲသွားခြင်း ဖြစ်ပါစေဟုသာ ဆုတောင်းနေမိလေသည်။ မဟုတ်လျှင် မင်းသမီးလေးအား မည်သည့် နေရာတွင် သွားရှာရတော့မည်မှန်း သိတော့မည် မဟုတ်ချေ။ ယခုတစ်ကြိမ် လူအများကြီး ခေါ်လာသည်မှာ တစ်ဖက်လူအား ဖိအားပေးရန်အတွက် ဖြစ်သလို လုပ်မိလုပ်ရာ လုပ်လိုက်ခြင်းလည်း ဖြစ်သည်။ အကယ်၍ လူသားများဘက်မှ သူတို့၏ မင်းသမီးလေးကို ပြန်ပေး မဆွဲထားပါဟု ငြင်းဆိုလာလျှင် ပင်လယ်ကျောင်းတော်၏ ခွန်အားအရ ပင်လယ်နတ်ဘုရားနန်းတော် အနေဖြင် သူတို့နှင့် အလွယ်တကူ စစ်ဖြစ်ရဲလိမ့်မည် မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေကာမူ ရှန်းအောင်သည် မင်းသမီးလေးကို လူသားများမှ ပြန်ပေးဆွဲသွားသည်ဟု တထစ်ချ ယူဆထားသည့် ပုံပင်။ ထို့ကြောင့် ယခုတစ်ကြိမ် ကိစ္စသည် ပြေရာပြေကြောင်း ဆွေးနွေးဖို့ရာ အတော်လေး ခက်ခဲပေလိမ့်မည်။ မင်းသမီးလေးကို ရှာမတွေ့လျှင် ပင်လယ်သမုဒ္ဒရာ၏ မဟာအင်အားစုနှစ်ခုကြား တိုက်ပွဲမီးစများ လောင်မြိုက်လာပေလိမ့်မည်။
လှိုင်းလုံးကြီးသည် ရောင်နီကျွန်းဆီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
လှိုင်းလုံးကြီးသည် ရောင်နီကျွန်းနှင့် မိုင်တစ်ထောင်ခန့်သာ ကွာတော့သည့်အချိန်တွင်မူ ဖန်ကျန်းနှင့် အခြား အကြီးအကဲများ တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်ကြပြီး သူတို့၏ နေအိမ်မှ အလျင်အမြန် ပြေးထွက်လာခဲ့ကြလေသည်။
ခဏအကြာတွင် ဖန်ကျန်း၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည် “အဲ့ပင်လယ်ကလန်က ခွေးကောင်တွေ ငါ့ရောင်နီကျွန်းကို တကယ်ကြီး တိုက်ခိုက်ရဲတယ်လား။ အကာအကွယ် အစီအရင်တွေကို အမြန် အသက်သွင်းလိုက်ကြစမ်း”
ဖန်ကျန်းမှ အမိန့်ပေးလိုက်သည်နှင့် တဒေါင်ဒေါင် မြည်သံများ ထွက်ပေါ်လာပြီး ကြည်လင်သည့် အကာအရံတစ်ခုသည် ကျွန်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။ ထို့နောက်တွင် ကျွန်းပေါ်ရှိ ကျင့်ကြံသူအားလုံးသည် ဖန်ကျန်းသို့ ရောက်လာပြီး အလေးအနက်အမူအရာဖြင့် ပင်လယ်ကလန် မျိုးနွယ်စုဝင်များ ရောက်လာမည်ကို စောင့်ဆိုင်းနေလိုက်ကြလေသည်။
ဘာတွေဖြစ်နေမှန်း မသိသော်ငြား သိချင်သဖြင့် ရန်ကိုင်လည်း နားနေရာမှ အပြင်သို့ ထွက်လာခဲ့လေသည်။
“ပင်လယ်ကလန်ကကောင်တွေ ပြဿနာ လာရှာတာ ဂိုဏ်းချုပ်ရန်ရေ။ စိတ်မပူနဲ့၊ ဂိုဏ်းချုပ်ရန် ဒီကောင်တွေကို ကျုပ်ကြည့်ရှင်းလိုက်မယ်” ဖန်ကျန်းက ပြောလိုက်သည်။ ရန်ကိုင်သည် သူတို့နှင့် ကုန်သွယ်ရေးလမ်းကြောင်း လာရောက် ကမ်းလှမ်းသူတစ်ဦး ဖြစ်သည့်အတွက် ရန်ကိုင်၏ လုံခြုံရေးသည် သူ့အတွက် အတော်လေး အရေးပါသည်။ ရန်ကိုင်သာ တစ်ခုခု ဖြစ်သွားခဲ့လျှင် သူအပြစ်ပေးခံရနိုင်ပေသည်။
“စိတ်မပူနဲ့၊ ကျွန်းသခင်ဖန်၊ ကျုပ်ဒီအတိုင်း ကြည့်ရုံပဲ လာကြည့်တာ” ရန်ကိုင်က ရယ်သွမ်းသွေး၍ ပြန်ပြောလိုက်သည်။
ရန်ကိုင် ထိုကဲ့သို့ ပြောလာသည်ကိုကြားသော် ဖန်ကျန်းလည်း ဘာမှ ဆက်ပြောမနေခဲ့ချေ။ တကယ်တော့ ရန်ကိုင်သည် သူ့ထက်ပင် ပို၍ အားကောင်းသည့်လူတစ်ယောက် မဟုတ်လော။
“ပင်လယ်ကလန်ကလူတွေ ဘာလို့ ဒီလောက် ဒေါသ ထွက်နေတာလဲ။ ခင်ဗျားတို့ သူတို့ကို သွားရန်စထားလို့လား” ရန်ကိုင်က မေးကြည့်လိုက်သည်။
ဖန်ကျန်းက ခေါင်းခါ၍ “ကျုပ်လည်း မသိဘူး။ ဒါပေမယ့် ဒီကောင်တွေနဲ့ ကျုပ်တို့နဲ့က အစကတည်းက မတည့်တာ။ မျိုးနွယ်စု နှစ်ခုက မတူတော့ အချင်းများတာတွေ ဘာတွေတော့ ရှိတာပေါ့။ ဒါပေမယ့် ဒီနေ့လိုမျိုးတော့ တစ်ခါမှ မဖြစ်ဖူးဘူး။ ပြီးတော့ ကျုပ်တို့ ပင်လယ်ကျောင်းတော်နဲ့ ပင်လယ်နတ်ဘုရားနန်းတော်နဲ့ကလည်း ငြိမ်းချမ်းရေး သဘောတူညီချက် လုပ်ထားပြီးသား”
ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့၏ “ပင်လယ်နတ်ဘုရား နန်းတော်မှာလည်း ပင်လယ်နဲ့ဆိုင်တဲ့ အရင်းအမြစ်တွေ အများကြီး ရှိလောက်မှာပဲနော်”
လက်ရှိတွင် ဖန်ကျန်းသည် သူတို့ဆီသို့ ဦးတည်လာနေသော ပင်လယ်ကလန်မှ ပညာရှင်များကိုသာ အာရုံစိုက်နေသဖြင့် ရန်ကိုင်၏ စကားကို သေချာ စဉ်းစားမနေခဲ့ဘဲ ခေါင်းညိတ်၍သာ “ဟုတ်တယ်။ သူတိုက အရင်းအမြစ်တွေကို ကျုပ်တို့ထက်တောင် ပိုပြီး စုနိုင်သေးတယ်။ ကျုပ်တို့ သွားမရှာနိုင်တဲ့ ပင်လယ် အနက်ပိုင်းက အရင်းအမြစ်တွေကိုတောင် သူတို့က အလွယ်လေး ရှာနိုင်တယ်”
ပြောပြီးပြီးချင်းမှာပဲ ဖန်ကျန်းသည် အသိပြန်ဝင်လာပြီး ရန်ကိုင်ဆီသို့ လှည့်ကြည့်လိုက်ရာ ရန်ကိုင် ပျော်ရွှင်စွာ ပြုံးနေသည်ကို မြင်တွေ့လိုက်ရလေသည်။ ရန်ကိုင် ဘာကို စဉ်းစားနေသလဲ ဆိုသည်ကို နားလည်လိုက်သည်နှင့် ဖန်ကျန်းက အလျင်အမြန်ပဲ ပြောလိုက်လေသည် “ဂိုဏ်းချုပ်ရန်၊ ကျုပ်တို့နဲ့ သူတို့က မျိုးနွယ်စုချင်း တူတာ မဟုတ်ဘူးနော်။ ပြီးတော့ ပင်လယ်ကလန်မျိုးနွယ်စုက ကောင်တွေက အရမ်း မောက်မာတဲ့ ကောင်တွေ၊ ကျုပ်တို့ လူသားမျိုးနွယ်စုတွေကို မျက်လုံးထဲ ထည့်တာ မဟုတ်ဘူး။ ဂိုဏ်းချုပ်ရန်က ကုန်းတွင်းပိုင်းက လာတာ ဆိုတော့ သူတို့အကြောင်းကို မသိလောက်ဘူး။ ဒါပေမယ့် ကျုပ်တို့က ဒီကောင်တွေက တစ်ချိန်လုံး ဆက်ဆံလာတာ ဆိုတော့ ဒီကောင်တွေအကြောင်း ကောင်းကောင်းသိတယ်”
“အခုလို သတိပေးတဲ့အတွက် ကျွန်းသခင်ဖန်းကို ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်က ပြန်ပြောလိုက်၏။
ရန်ကိုင် ဤနေရာတွင် စောင့်နေသည်မှာ ရက်ပေါင်းများစွာ ကြာနေခဲ့ပြီ ဖြစ်သော်ငြား ဠာနချုပ်မှ တစ်ယောက်မှ ရောက်မလာသေးပေ။ ဤကဲ့သို့ လျစ်လျုရှုခံရသည့်အပေါ် မည်သူမဆို ဒေါသထွက်ပေလိမ့်မည်။ ရန်ကိုင်ကဲ့သို့ ကုန်းတွင်းပိုင်း အင်အားစုများ၏ ခေါင်းဆောင်ဖြစ်သည့် ဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။ သို့ရာတွင် ပင်လယ်ကျောင်းတော်သည် အဆုံးမဲ့သမုဒ္ဒရာ၏ ခေါင်းဆောင် ဖြစ်သည့်အတွက် ရန်ကိုင် အနေဖြင့် မကြိုက်သော်ငြား အောင့်ကာအည်း၍ နမ်းရသည် ဟူသော အလုပ်မျိုး လုပ်နေရသည်။ သို့သော် ပင်လယ်ကျောင်းတော်ထက်ပင် အရင်းအမြစ် ပိုမို စုံစုံလင်လင်ရှိသော ပင်လယ်ကလန် မျိုးနွယ်စုကို မြင်လိုက်ချိန် ရန်ကိုင်သည် သူတို့ကို ပစ်ပယ်၍ ပင်လယ်ကလန် မျိုးနွယ်စုနှင့် ဆက်သွယ်ရေးလမ်းကြောင်း အစပျိုးချင်လာပြီမှန်း ဖန်ကျန်း နားလည်လိုက်သည်။
ရန်ကိုင်သာ ပင်လယ်ကလန်နှင့် ဆွေးနွေးနိုင်ခဲ့ပါက ပင်လယ်ကျောင်းတော်ကို ဂရုစိုက်နေစရာ လိုတော့လိမ့်မည် မဟုတ်ပေ။
အကျိုးဆက်အနေဖြင့် ဖန်ကျန်းသည်လည်း ရာထူး တက်နိုင်တော့မည် မဟုတ်ဘဲ ကျွန်းသခင် ရာထူးတွင်သာ ဆက်၍ သောင်တင်နေပေတော့မည်။ ကျွန်းသခင်ရာထူးသည် သိပ်၍ မဆိုးလှသော်ငြား ပင်လယ်ကျောင်းတော်ရှိ ရာထူးကြီးများနှင့် ယှဉ်လိုက်သည့်အခါတွင်တော့ လိုအပ်နေပေသေးသည်။
ရန်ကိုင် သူ့စကားအား နားထဲ မထည့်သည်ကိုမြင်သော် ဖန်ကျန်း ဒေါသထွက်ချင်မိသွားသည်။ ရန်ကိုင်ကို ဒေါသထွက်ခြင်း မဟုတ်ဘဲ ယခုအချိန်ထိတိုင် လူမလွှတ်သေးသော ပင်လယ်ကျောင်းတော်ကို ဒေါသထွက်ခြင်း ဖြစ်သည်။
သို့ရာတွင် လက်ရှိအချိန်၌ ထိုအကြောင်းကို ဆွေးနွေးနေရန် အချိန်မရှိ။ လှိုင်းလုံးကြီးသည် ရန်ကိုင်နှင့် စကားပြောနေစဉ် အချိန်အတွင်း ရောင်နီကျွန်းနှင့် မိုင်းအနည်းငယ်ခန့်အကွာသို့ ရောက်လာနေခဲ့လေပြီ။
ဘုန်း… ဘုန်း… ဘုန်း…
လှိုင်းလုံးကြီး၏ ရိုက်ခတ်ခြင်း ခံရသော်ငြား အကာအရံသည် ဘာမှ ဖြစ်မသွားခဲ့။ အချိန်အတော်ကြာသွားသည့် အခါမှသာ ထိုလှိုင်းလုံးကြီး ပျောက်ကွယ်သွားခဲ့လေသည်။
ဖန်ကျန်းသည် ကောင်းကင်ပေါ်သို့ မော့ကြည့်၍ ဒေါသတကြီး အော်ပြောလိုက်လေသည် “ရှန်းအောင်၊ ဒါဘာသဘောလဲ။ ငါတို့ ပင်လယ်ကျောင်းတော်နဲ့ စစ်ဖြစ်ချင်နေတာလား”
“မင်းသာ ပြန်ပေးဆွဲထားတဲ့ ငါတို့ ကလန်သားကို ပြန်ပေးလိုက်။ မဟုတ်ရင် မင်းရဲ့ ရောင်နီကျွန်း တစ်ခုလုံးကို အထက်အောက်ပြောင်းပြန် လှန်ပစ်မှာ” ရှန်းအောင်က ဒေါသတကြီး ပြန်အော်ပြောလေသည်။
ရှန်းအောင်စကားကို ကြားသည့်အခိုက် ဖန်ကျန်း ကြောင်သွားပြီး ချက်ချင်း ပြန်ပေးလိုက်လေသည် “မင်းဘာတွေ လာပြောနေတာလဲ”
ရှန်းအောင် ဘယ်သူ့ကို ပြောလို့ပြောနေမှန်း မသိသဖြင့် ဖန်ကျန်းလည်း ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။
“မသိချင်ယောင် လာဆောင်မနေနဲ့။ ငါမင်းတို့ကို လက်ဖက်ရည် တစ်ခွက်စာ အချိန်ပေးမယ်။ အဲ့အချိန်တွင်းမှ ငါတို့ ကလန်သားကို ပြန်မပေးဘူး ဆိုရင်တော့ မင်းတို့ သေပြီသာမှတ်” ရှန်းအောင်သည် စကားပြောနေရန်ကိုပင် စိတ်မဝင်စားတော့ဘဲ ရောက်သည်နှင့် လက်သီးလက်မောင်းတန်းကာ ရာဇသံ တန်းပေးတော့လေသည်။ သူရှာနေသည့်လူသည် ရောင်နီကျွန်း၌ ရှိနေမည်ဟု တထစ်ချ ယုံကြည်နေသည့်ပုံပင်။
ရှန်းအောင်သည် သူတို့အား အသားလွတ်ကြီး လာရောက် ပြစ်တင်ပြောဆို တိုက်ခိုက်မည်ဟု ပြောနေသည်ကို မြင်သော် ဖန်ကျန်းမျက်နှာ အေးစက်သွားခဲ့လေသည် “မင်းဘယ်သူ့ကို ပြောနေလဲတော့ ငါလည်းမသိဘူး။ ဒါပေမယ့် သိရင်တောင် မင်းဆီ လုံးဝ ပြန်ပေးမှာ မဟုတ်ဘူး”
ဖန်ကျန်းသည် ရောင်နီကျွန်း၏ ကျွန်းသခင်ဖြစ်သလို တန်ခိုးရှင် တတိယအဆင့် ပညာရှင်တစ်ဦးလည်း ဖြစ်သည်။ ရှန်းအောင်မှ ဘာမဆိုင်ညာမဆိုင် သူ့အား အလကားသက်သက် အပြစ်ရှာနေသည်ကို ဖန်ကျန်းအနေဖြင့် မည်ကဲ့သို့များ ငြိမ်ခံနေနိုင်မည်နည်း။
“ကောင်းပြီလေ၊ မင်းက ခေါင်းမာနေမှတော့ ငါ့ကို ရက်စက်လို့ဆိုပြီးတော့ လာအပြစ်မတင်နဲ့ပေါ့” ရှန်းအောင်သည် သူ့လက်ကို မြှောက်၍ အားလုံးကို တိုက်ခိုက်ရန် အမိန့်ပေးတော့မည်အပြု သူ့ဘေးနားတွင် ရပ်နေသော အမျိုးသမီးက ရုတ်တရက် သူ့လက်အား ဖမ်းဆွဲထားလိုက်၏ “နေဦး”
ရှန်အောင်း မျက်နှာ အနည်းငယ် မဲ့သွားခဲ့သော်ငြား ဘာမှတော့ ပြန်ပြောမနေဘဲ ရပ်လျက်သာ အောက်ဘက်ရှိ လူအုပ်ကြီးကို အထင်တသေး ငုံ့ကြည့်နေခဲ့လေသည်။
လူအုပ်ကြီးကို ငုံ့ကြည့်နေရင်းမှန်း ရန်ကိုင်ဆီသို့ အရောက်၌ ရှန်းအောင် မျက်လုံး မှေးစဉ်းသွားခဲ့သည်။ ပြုံးလျက် ရပ်နေသော ရန်ကိုင်သည် ဘာမှကြောက်စရာမကောင်းသည့် လူတစ်ယောက်ဟု ထင်မှတ်ရသည်။ သို့သော်ငြား ထိုပုံစံကကိုပင် သူ့အား အလွန်အမင်း စိတ်မသက်မသာ ဖြစ်စေနေခဲ့၏။