← Chapters

အခန်း (၁၀၆၉-၁၀၇၁)

Vol. 72 Ch. 1069-1071

အခန်း (၁၀၆၉-၁၀၇၁)

Vol. 72 Ch. 1069-1071

အခန်း(၁၀၆၉)

"ညီလေးကျန်းချန်.. နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်လာတဲ့ အတွက် ဂုဏ်ပြုပါတယ်"

ထိုအချိန်တွင် သူ၏ ဘေးနားရှိ ရှောင်ပိုင်ရီတို့ လူစုသည် ကျန်းချန်ကို ဂုဏ်ပြုရန် ရှေ့ထွက်လာခဲ့ကြသည်။

သူတို့၏ရှေ့မှ ကျန်းချန်ကို ကြည့်ရင်း ‌ရှောင်ပိုင်ရီတို့လူစု၏ မျက်နှာထက်တွင် အံ့အားသင့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ပြည့်နှက်နေခဲ့၏။

လွန်ခဲ့သည့် ခြောက်လလောက်ကို ပြန်တွေးကြည့်လျှင် ကျန်းချန်သည် ယန်ဒီမြို့ကို စရောက်ခါစ ဖြစ်ပြီး သိုင်းသခင်နယ်ပယ်အဆင့်ကို ထိုးဖောက်ကာစသာ ရှိသေးကာ ယန်ဒီမြို့၏ ထိပ်တန်းပါရမီရှင်များနှင့် မည်သို့မှ နှိုင်းယှဥ်၍ မရသေးပေ။

သို့သော်လည်း နှစ်ဝက်ပင် မကြာသေးသည့် အချိန်အတွင်းမှာပင် ကျန်းချန်သည် မည်သူမှ မထင်ထားလောက်သည် အထိ အဆက်မပြတ် တိုးတက်လာခဲ့သည်။

ယခုဆိုလျှင် ကျန်းချန်သည် သူတော်စင်မြို့တော် ငါးမြို့၏ ပါရမီရှင်အားလုံးကို ခြေဖဝါးအောက်သို့ နင်းခြေနိုင်သော အဆင့်ထိ တိုးတက်လာရုံသာမက လူငယ်မျိုးဆက်တွင် နတ်ဝိညာဥ်ဘုရင် အဆင့်ကို ပထမဆုံး ရောက်ရှိခဲ့သည့် ပုဂ္ဂိုလ်လည်း ဖြစ်လာခဲ့ချေပြီ။

နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်သည် ရှန်းဝူတိုက်ကြီးတွင် အင်အားကြီးမားသူများ စာရင်းထဲ ဝင်ရောက်လာပြီ ဟူသော လက္ခဏာတစ်ရပ် ဖြစ်သည်။

ထို့အပြင် ကျန်းချန်သည် အသက်နှစ်ဆယ်ဖြင့် နတ်ဝိညာဥ်ဘုရင်အဆင့် ဖြစ်လာခဲ့သူ ဖြစ်၏။

ဤကဲ့သို့ ကြောက်မက်ဖွယ် ပါရမီရှင်သည် ကျုံးကျိုးကုန်းမြေမှ သူတော်စင်မြို့တော် ငါးမြို့၏ နှစ်ထောင်ပေါင်း များစွာ သမိုင်းမှာပင် မရှိဖူးသလောက် ဖြစ်၏။

ကျန်းချန် ပြသနေသည့် ပါရမီသည် ယခင်က သူတော်စင်မြို့တော် ငါးမြို့၏ မျိုးဆက်များကို ဖိနှိပ်ခဲ့သော ရှောင်တုလီထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

"စီနီယာအစ်ကို ပိုင်ရီ.. ကျွန်တော် အင်ပါယာ အမွေအနှစ် နယ်မြေရဲ့ အမွေအနှစ် စမ်းသပ်ပွဲကို ပါဝင်ပြီး ရွှယ်မင်ကျောင်းဆောင်ရဲ့ ဒုတိယထပ်ကို ဝင်ရောက်ဖို့ စဥ်းစားထားတယ်.. စီနီယာအစ်ကိုတို့ ဒီမှာပဲ ဝိညာဥ်ကျောက်တုံးကို ဆက်လက် တူးနေမှာလား ဒါမှမဟုတ်ရင် ကျွန်တော်နဲ့အတူ လိုက်လာမှာလား"

ကျန်းချန်က ပြုံး၍ မေးလိုက်သည်။

ရွှယ်မင်ကျောင်းဆောင်၏ ပထမထပ်တွင် သူတော်စင် ရွှယ်မင် ချန်ထားရစ်ခဲ့သည် အရင်းအမြစ်များစွာ ရှိသော်လည်း သူတော်စင်ရွှယ်မင်၏ အမွေအနှစ်များနှင့်မူ နှိုင်းယှဥ်၍ မရပေ။

ယခု ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အင်ပါယာ အမွေအနှစ်နယ်မြေတွင် မည်သူမှ သူ့ကို ယှဥ်နိုင်တော့မည် မဟုတ်ပေ။

ထို့ကြောင့် သူက သဘာဝကျစွာပင် အင်ပါယာ အမွေအနှစ်နယ်မြေ၏ အမွေအနှစ် စမ်းသပ်မှုကို ရင်ဆိုင်ရန် ရည်ရွယ်ထားခဲ့သည်။

ဝိညာဥ်သတ္တုမိုင်းတွင်းနှင့် ပတ်သက်၍မူ သူ့အနေဖြင့် ဤနေရာတွင် အမြဲတစေ ရှိနေစရာ မလိုဘဲ ကမ္ဘာမြေတုန်ဟီး ရွှေလူဝံကို ဤနေရာတွင် တူးဖော်ရန် ချန်ထားခဲ့ရုံသာ ဖြစ်သည်။

"ညီလေးကျန်းချန် ငါတို့တွေ အမွေအနှစ်စမ်းသပ်မှုဆီ မသွားတော့ဘူး.. ဒီမှာပဲ ဆက်နေပြီး ဝိညာဥ်ကျောက်တုံးတွေကို တူးဖော်ဖို့ စဥ်းစားထားတယ်"

ရှောင်ပိုင်ရီက ခေါင်းခါရမ်း၍ ပြောလိုက်သည်။

ရွှယ်မင်ကျောင်းဆောင်၏ ပကတိအင်ပါယာတစ်ပိုင်းမှ စီစဥ်ထားသော အမွေအနှစ် စမ်းသပ်မှုသည် အလွန်ပင် ခက်ခဲသည်။

သူ၏ ခွန်အားဖြင့်ဆိုလျှင် တတိယထပ်ကို ရောက်နိုင်မလားပင် မသေချာပေ။

ကျန်တပည့်များ အတွက်မူ ပြောနေစရာပင် မလိုတော့ချေ။

အမွေအနှစ် စမ်းသပ်မှုတွင် ပါဝင်ပြီး သူတော်စင်မြို့တော် ငါးမြို့၏ ထိပ်တန်းပါရမီရှင်များနှင့် ယှဥ်ပြိုင်နေမည့် အစား ဤနေရာတွင် ဝိညာဥ်ကျောက်တုံးကို တူးဖော်နေသည်ကသာ ပို၍ ကောင်းမွန်သော ရွေးချယ်မှုဖြစ်သည် မဟုတ်ပါလား။

"ဒါဆိုရင်လည်း ကမ္ဘာမြေတုန်ဟီး ရွှေလူဝံကို ဝိညာဥ်ကျောက်တုံး တူးဖော်ရာမှာ ကူညီဖို့ ထားခဲ့လိုက်မယ်.. နောက်မှပဲ အကိုတို့ ကျွန်တော့်ဝေစုကို ပြန်ပြီး မျှဝေပေးပေါ့"

"ဒါဆိုလည်း ညီလေးကျန်းချန်ကို ကျေးဇူးတင်ပါတယ်"

ရှောင်ပိုင်ရီက ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။

ကမ္ဘာမြေတုန်ဟီး ရွှေလူဝံသာ သူတို့နှင့်အတူ ရှိနေလျှင် မည်သည့် ခြိမ်းခြောက်မှုမျိုးကိုမဆို ကြောက်ရွံ့စရာ မလိုတော့ပေ။

ထို့အပြင် ဝိညာဥ်ကျောက်တုံး တူးဖော်သည့် အရှိန်အဟုန်ကလည်း များစွာ ပို၍ မြန်ဆန်လာလိမ့်မည် ဖြစ်၏။

ကျန်းချန်က ကမ္ဘာမြေတုန်ဟီး ရွှေလူဝံကို အမိန့်ပေးလိုက်ပြီးနောက်တွင် ရှောင်ပိုင်ရီတို့ လူစုကို နှုတ်ဆက်ကာ ‌ရှေးဟောင်းတွင်း ပေါ်သို့ ပြန်လည်၍ တက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ရွှယ်မင် ကျောင်းဆောင်၏ ပထမထပ်ရှိ လျှို့ဝှက်လိုဏ်ဂူ တစ်ခုတွင် ဖုန်းချင်းရီသည် မျက်လုံးများကို ခပ်တင်းတင်း မှိတ်ထားခဲ့ပြီး လိုဏ်ဂူအလယ်တွင် ခြေချိတ်၍ ထိုင်ကာ ငြိမ်သက်စွာဖြင့် ကျင့်ကြံနေခဲ့သည်။

ထိုခဏတွင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များစွာသည် ဖုန်းချင်းရီဆီသို့ အလွန် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် စုစည်းလာခဲ့သည်။

အဆုံးသတ်တွင် ဖုန်းချင်းရီက သူ၏ မှိတ်ထားသော မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။

ထိုအချိန်မှာပင် အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး လိုဏ်ဂူပေါ်ရှိ ကောင်းကင်တစ်ခွင်ကို ချက်ချင်းပင် လွှမ်းမိုးသွားခဲ့သည်။

"ဒါက နတ်ဝိညာဥ်ဘုရင် နယ်ပယ်ရဲ့ စွမ်းအားလား"

သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကျယ်ပြန့်သော အသက်စွမ်းအင်ပင်လယ်ကို ခံစားမိလျှင် ဖုန်းချင်းရီသည် တအံ့တသြ ရေရွတ်လိုက်သည်။

သူ၏ မျက်နှာထက်တွင် ဂုဏ်ယူဝင့်ကြွားသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ဝိညာဥ်သတ္တုမိုင်းတွင်း နယ်မြေမှ ထွက်လာပြီးနောက်တွင် ဖုန်းချင်းရီသည် ဆေးတောင်တစ်ခုသို့ ရောက်ရှိခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် သတ္တမအဆင့် ဖြစ်သည့် ဘုရင်အဆင့် ဆေးရည်ကို ရရှိခဲ့သည်။

ထိုဘုရင်အဆင့် ဆေးရည်ဖြင့် နတ်ဝိညာဥ်ဘုရင် နယ်ပယ်နှင့် ခြေတစ်လှမ်းသာ ဝေးကွာသော ဖုန်းချင်းရီသည် အဆုံးသတ်တွင် နောက်ဆုံးခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီး နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့၏။

အခန်း(၁၀၆၉)ပြီး၏။

အခန်း(၁၀၇၀)

သူတော်စင်မြို့တော်ငါးမြို့၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည့် ဖုန်းချင်းရီသည် လွန်ခဲ့သည့် သုံးနှစ်ကတည်းပင် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ဤသုံးနှစ်အတွင်း ဖုန်းချင်းရီ၏ ခွန်အားသည် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်အဆင့်၏ အကန့်အသတ် အဆုံးစွန်အထိကို ရောက်ရှိနေခဲ့သည်။

နှစ်ပေါင်းတစ်ရာတွင် တစ်ကြိမ်သာ ဖွင့်လှစ်သည့် အင်ပါယာအမွေအနှစ် နယ်မြေကို ဝင်ရောက်ရန် အတွက် ဖုန်းချင်းရီသည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို အတင်းအကြပ် ဖိနှိပ်ထားခဲ့ပြီး နတ်ဝိညာဥ်ဘုရင် အဆင့်ကို မတက်လှမ်းခဲ့ပေ။

သို့မဟုတ်လျှင် ဖုန်းချင်းရီသည် နတ်ဝိညာဥ်ဘုရင်အဆင့်ကို ထိုးဖောက်ပြီးသား ဖြစ်နေလောက်၏။

ယခုအခါတွင်မူ သတ္တမအဆင့် ဘုရင်အဆင့်ဆေးရည်၏ အကူအညီဖြင့် ဖုန်းချင်းရီသည် နောက်ဆုံးခြေလှမ်းကို အလွယ်တကူ လှမ်းနိုင်ခဲ့ပြီး စစ်မှန်သည့် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့ချေပြီ။

ဖုန်းချင်းရီက လိုဏ်ဂူကနေ ဖြည်းညင်းစွာ အပြင်သို့ ထွက်လာခဲ့သည်။

ကမ္ဘာကြီးကို ကြည့်နေသည့် သူ၏ အကြည့်သည် လုံးဝ ပြောင်းလဲသွားခဲ့ပြီး ယုံကြည်မှုအပြည့် ဖြစ်နေခဲ့၏။

နတ်ဝိညာဥ်ဘုရင်အဆင့် နယ်ပယ်ကို မထိုးဖောက်ခင် ကတည်းကပင် ဖုန်းချင်းရီသည် သူတော်စင်မြို့တော် ငါးမြို့၏ ပါရမီရှင်အားလုံးကို နင်းချေနိုင်သည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။

ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် အဆင့် ဖြစ်သည့် ရှောင်ကျင့်ယွင်နှင့် မုန့်ရွှယ်ရွှယ် တို့သည် သူ့အတွက် ပြိုင်ဘက်အဖြစ် အဆင့်မီရုံမျှသာ ဖြစ်သည်။

ယခုအခါတွင် သူက နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်ခဲ့ပြီ ဖြစ်ရာ သူတော်စင်မြို့တော် ငါးမြို့တွင် မည်သူက သူနှင့် ယှဥ်နိုင်ပါအံ့နည်း။

"စီနီယာအစ်ကို နတ်ဝိညာဥ်ဘုရင် အဆင့်ကို ထိုးဖောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်"

လိုဏ်ဂူအပြင်ဘက်တွင် စောင့်ဆိုင်းနေသော ဖုန်းဟဲတို့ နှစ်ဦးသည် လိုဏ်ဂူထဲမှ ဖြည်းဖြည်းချင်း ထွက်လာသော ဖုန်းချင်းရီကို ကြည့်ကာ တလေးတစား ဂုဏ်ပြုလိုက်ကြသည်။

သူတို့၏ စီနီယာအစ်ကိုသည် အသက်နှစ်ဆယ့်ငါးနှစ်ပင် မပြည့်သေးဘဲ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့၏။

ဤစံချိန်သည် နှစ်ပေါင်းတစ်ရာ အတွင်း သူတော်စင်မြို့တော်ငါးမြို့၏ အကောင်းဆုံးစံချိန် ဖြစ်သည်။

ယန်ဒီမြို့မှ ကောင်းကင်လောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီပင်လျှင် အသက်နှစ်ဆယ့်ခြောက်နှစ်ကို ရောက်မှ နတ်ဝိညာဥ်ဘုရင် အဆင့်ကို ထိုးဖောက်နိုင်ခဲ့သည် မဟုတ်ပါလား။

လက်ရှိ ဖုန်းချင်းရီ ထုတ်ဖော်ခဲ့သည့် အလားအလာသည် ရှောင်တုလီ၏ အောက်တွင် လုံးဝမရှိပေ။

သိပ်မကြာမီမှာပင် ကမ္ဘာအနှံ့ နာမည်ကျော်ကြားသော နတ်သန္ဓေအင်ပါယာ တစ်ပါးသည် ရှန်းဖုန်းမြို့တွင် မွေးဖွားလာတော့မည် ဖြစ်သည်။

ဖုန်းဟဲသည် ဖုန်းချင်းရီက နတ်ဝိညာဥ်ဘုရင်အဆင့် နယ်ပယ်ကို မထိုးဖောက်ခင်ကတည်းကပင် ကျန်းချန်က နတ်ဝိညာဥ်ဘုရင်အဆင့်ကို ထိုးဖောက်နိုင်ခဲ့မှန်း မသိခဲ့ပေ။

အသက်နှစ်ဆယ်လောက်သာ ရှိသေးသည့် ကျန်းချန်က ဖုန်းချင်းရီထက်ပင် အရင်ဦးစွာ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို တက်လှမ်းခဲ့မှန်း သိလျှင် ဖုန်းဟဲသည် အံ့အားသင့်ကာ မျက်လုံးများ ပြူးကျယ်သွားမည်မှာ သေချာသလောက်ပင်။

ဖုန်းချင်းရီက ဖုန်းဟဲကို လေးနက်စွာကြည့်ရင်း မေးခွန်းထုတ်လိုက်သည်။

"ငါကျင့်ကြံနေတုန်း ရွှယ်မင်ကျောင်းဆောင်မှာ ဘာကိစ္စတွေဖြစ်ပျက်ခဲ့သေးလဲ"

"အခြေခံအားဖြင့်တော့ ဘာကိစ္စမှ ကြီးကြီးမားမားမဖြစ်ပါဘူး"

ဖုန်းဟဲက လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ ရွှယ်မင်ကျောင်းဆောင်ရဲ့ ဒုတိယထပ် ဝင်ပေါက်မှာတော့ အမွေအနှစ် စမ်းသပ်ပွဲမှာ ပါဖို့အတွက် တပည့်တွေ အများအပြား စုဝေးနေကြပြီ"

"အမွေအနှစ် စမ်းသပ်ပွဲလား"

ဖုန်းချင်းရီ၏ မျက်လုံးများက လင်းလက်သွားခဲ့သည်။

"ဒါဆို ငါတို့လည်း သွားကြစို့"

သူက ပေါ့ပါးစွာ ပြောလိုက်သည်။

"စီနီယာအစ်ကို ကျွန်တော်တို့ အမွေအနှစ် စမ်းသပ်ပွဲကို သွားမလို့လား.. ဝိညာဥ်သတ္တုမိုင်းတွင်းကိုရော ဂရုမစိုက်တော့ဘူးလား"

ဖုန်းဟဲက ဖုန်းချင်းရီကို မေးခွန်းထုတ်လိုက်သည်။

သူ၏ မျက်နှာပေါ်တွင် အလွန် မကျေမနပ် ဖြစ်နေသော အမူအရာ ဖြစ်ပေါ်နေခဲ့၏။

ဝိညာဥ်သတ္တုမိုင်းတွင်း နယ်​မြေတွင် ဖုန်းချင်းရီသည် ကျန်းချန်၏ လက်ထဲ၌ ဆုံးရှုံးမှု ကြီးကြီးမားမား ခံစားခဲ့ရသည်။

ထို့အပြင် ဖုန်းဟဲသည် သူ၏ကမ္ဘာမြေတုန်ဟီး ရွှေလူဝံကို ကျန်းချန်က သိမ်းပိုက်သွားသောကြောင့် သဘာဝကျစွာပင် ကျန်းချန်ကို အလွန်အမင်း မုန်းတီးနေခဲ့၏။

ထိုအချိန်ကစ၍ ဖုန်းဟဲသည် ဝူကျန့်ယန်ကို အဆက်အသွယ်ရရန် အဆက်မပြတ် ကြိုးစားနေခဲ့သည်။

အကြောင်းအရင်းမှာ ဝိညာဥ်သတ္တုမိုင်းတွင်းထဲကို ပြန်သွားပြီး ကျန်းချန်ကို လက်စားချေရန် အတွက် ဖြစ်၏။

သို့သော်လည်း ဝူကျန့်ယန်သည် အင်ပါယာ အမွေအနှစ် နယ်မြေထဲကနေ ပျောက်ကွယ်သွားသကဲ့သို့ပင်၊

၎င်းနှင့် ပတ်သက်၍ မည်သည့်သတင်းမှ မရရှိခဲ့ပေ။

"မစိုးရိမ်ပါနဲ့.. ငါဖုန်းချင်းရီရဲ့ ဘဝမှာ ဒီလို ရှုံးနိမ့်မှုမျိုးကို တစ်ခါမှ မခံစားခဲ့ရဖူးဘူး.. ဒီကိစ္စကို ဘယ်လိုလုပ်ပြီး အလွယ်တကူ မေ့ပစ်နိုင်မှာလဲ"

ဖုန်းချင်းရီက အေးစက်စက် ပြောလိုက်သည်။

"ပကတိအင်ပါယာတစ်ပိုင်းရဲ့ အမွေအနှစ် စမ်းသပ်ပွဲမှာ အရင် ပါဝင်ကြတာပေါ့.. အင်ပါယာအမွေအနှစ် နယ်မြေ မပိတ်သရွေ့ ယန်ဒီမြို့က ကောင်လေးတွေက ငါ့ရဲ့ လက်ထဲကနေ ဘယ်လိုမှ မလွတ်မြောက်စေရဘူး"

ဤနှစ်များတစ်လျှောက်တွင် ကျန်းချန်ဆိုသော လူငယ်သည် သူဖုန်းချင်းရီကို ဤမျှအထိ အရှက်ခွဲခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

သို့ဖြစ်ရာ ဖုန်းချင်းရီသည် ကျန်းချန်ကို မည်ကဲ့သို့ လွှတ်ပေးနိုင်ပါမည်နည်း။

ဆိုရလျှင် ကျန်းချန်တို့ လူစုသည် မရေမတွက်နိုင်သော ကျင့်ကြံသူများကို ရူးသွပ်သွားစေလောက်သည့် ဝိညာဥ်သတ္တုမိုင်းတွင်းမှ ဝိညာဥ်ကျောက်တုံးများကို သိမ်းပိုက်ထားခဲ့သည်။

ထိုဝိညာဥ်သတ္တုမိုင်းတွင်း နယ်မြေသည် ကျင့်ကြံသူ၏ အသက်စွမ်းအားကို ပိတ်ပင်ထားသော နယ်မြေ ဖြစ်၏။

သူက နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်ခဲ့လျှင်ပင် ထိုနေရာတွင် ကျန်းချန်ကို ရင်ဆိုင်ရန် မလွယ်ကူပေ။

သို့သော် ကျန်းချန်တို့လူစု ဝိညာဥ်သတ္တုမိုင်းတွင်းမှ ထွက်လာလျှင်မူ သူ၏ ရှေ့တွင် ပုရွတ်ဆိတ်လေးလို တည်ရှိမှု ဖြစ်သွားပေလိမ့်မည်။

ထိုအချိန်သို့ရောက်လျှင် သူက ကျန်းချန်တို့ လူစုကို အလွယ်တကူ သတ်ပစ်ပြီး ကျန်းချန်ဆီကနေ အရာအားလုံးကို ပြန်လည်ရယူမည် ဖြစ်၏။

အခန်း(၁၀၇၀)ပြီး၏။

အခန်း(၁၀၇၁)

ဝိညာဥ်သတ္တုမိုင်းတွင်းမှ ထွက်လာပြီးနောက် ကျန်းချန်သည် ရွှယ်မင်ကျောင်းဆောင်၏ ပထမထပ် အလယ်ဗဟိုရှိ ကွင်းပြင်သို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့သည်။

ကွင်းပြင်၏ အလယ်ဗဟိုတွင် ထူးခြားပြီး ရှေးကျသောပုံသဏ္ဌာန်ရှိပြီး မှိန်ပျပျ ငွေရောင်အလင်းများ စီးဆင်းနေသော ဂိတ်တံခါးတစ်ခု ရှိသည်။

ထိုဂိတ်တံခါးသည် ရွှယ်မင်ကျောင်းဆောင်၏ ဒုတိယထပ်ဝင်ပေါက် ဖြစ်၏။

ယခုအချိန်တွင် ထိုဂိတ်တံခါး ပတ်ဝန်းကျင်၌ သူတော်စင်မြို့တော် ငါးမြို့မှ ပါရမီရှင် တပည့်များစွာသည် စုဝေး၍ ရှိနေကြသည်။

"စီနီယာအစ်ကို အင်ပါယာအမွေအနှစ် နယ်မြေရဲ့ အမွေအနှစ်စမ်းသပ်မှုက အရမ်းခက်ခဲတာပဲ.. ကျွန်တော် ဒုတိယအဆင့်ကိုတောင် မကျော်နိုင်ခဲ့ဘူး"

သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်ရှိ ကျင့်လဲ့မြို့မှ တပည့်တစ်ဦးက ပြောလိုက်သည်။

သူ၏မျက်နှာက ဖြူဖျော့နေခဲ့ပြီး ခါးသီးသော အပြုံးတစ်ခုက မျက်နှာထက်တွင် ရှိနေခဲ့သည်။

ဤကျင်လဲ့မြို့မှ တပည့်သည် အင်ပါယာအမွေအနှစ်စမ်းသပ်မှုတွင် ပါဝင်ခဲ့ပြီး ဒုတိယအဆင့်ကို မအောင်မြင်ခဲ့သည်မှာ ထင်ရှားနေ၏။

"ဟားဟား.. ပကတိအင်ပါယာတစ်ပိုင်းရဲ့ အမွေအနှစ်စမ်းသပ်မှုက ထူးခြားပြီး ငါတို့ရဲ့အဆင့်နဲ့ ရပ်ကြည့်ရုံပဲ တတ်နိုင်တယ်လို့ အစောကတည်းက ငါပြောပြီးသားပဲ.. မင်း မယုံတာတော့ ငါလည်း မတတ်နိုင်ဘူး.. ရွှယ်မင်ကျောင်းဆောင်ရဲ့ ဒုတိယစစ်ဆေးမှုကို အောင်မြင်ဖို့ဆိုရင် အနည်းဆုံး သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ခွန်အားလိုအပ်တယ်.. ဒါမှပဲ အောင်မြင်နိုင်ခြေ ရှိတယ်"

ကျင့်လဲ့မြို့မှ နောက်ထပ် တပည့်တစ်ဦးက လှောင်ရယ်၍ ပြောလိုက်သည်။

သူက ချက်ချင်းဆိုသလိုပင် သူ၏ နံဘေးရှိ ခြေချိတ်၍ ထိုင်နေသော အပြာရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်လိုက်သည်။

"ငါတို့တွေထဲမှာ စီနီယာအစ်ကို လဲ့ထျန်းဖန်း တစ်ယောက်ပဲ ဒုတိယအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တယ်"

ထိုအပြာရောင်လူငယ်သည် တခြားလူ မဟုတ်ပေ။

လုရွှေကန်တွင် ကျန်းချန်နဲ့ တွေ့ဆုံခဲ့ဖူးသည့် လဲ့ထျန်းဖန်းပင် ဖြစ်သည်။

"ကံတရားက ငါ့ဘက်မှာ ရှိသွားလို့ပါ"

လဲ့ထျန်းဖန်းက မျက်လုံးကို ဖွင့်လိုက်ပြီး ခါးသီးစွာပြုံး၍ ခေါင်းကို ခါရမ်းလိုက်သည်။

ပကတိအင်ပါယာတစ်ပိုင်း၏ အမွေအနှစ် စမ်းသပ်မှုသည် သူထင်ထားသည်ထက်ပင် ပိုမို ခက်ခဲ၏။

သူ၏ သတ္တမအဆင့် နှောင်းပိုင်းခွန်အားဖြင့်ပင် ဒုတိယအဆင့်ကို အသည်းအသန် ကြိုးစားပြီးမှသာ အောင်မြင်ခဲ့သည်။

ထို့ကြောင့် နောက်တစ်ဆင့်ကို ထပ်မံကြိုးစားရန် သူ့တွင် သတ္တိမရှိတော့ပေ။

သူတော်စင်မြို့တော် ငါးမြို့၏ အင်ပါယာအဆင့် ပါရမီရှင်များသာ ရွှယ်မင်ကျောင်းဆောင်၏ တတိယထပ်ကို ထိုးဖောက်ရန် အရည်အချင်းရှိသည်ဟု သူထင်မြင်ခဲ့သည်။

စတုတ္ထထပ်နှင့် ပဉ္စမထပ်များ အတွက်မူ လဲ့ထျန်းဖန်းသည် တွေးပင် မတွေးဝံ့ပေ။

ဤနှစ်ထောင်ပေါင်းများစွာ အတွင်း သူတော်စင်မြို့တော် ငါးမြို့တွင် မည်သူမှ ပဉ္စမထပ်၏ အဓိက အမွေအနှစ်ကို မရရှိနိုင်သည့် အကြောင်းအရင်းအား အဆုံးသတ်တွင် သူနားလည်သွားခဲ့သည်။

ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် သုံးဦးပင်လျှင် ပဉ္စမအဆင့် စမ်းသပ်မှုကို မ‌အောင်မြင်နိုင်ဟု သူထင်ခဲ့သည်။

"စီနီယာအစ်ကို ထျန်းဖန်းက ဒုတိယထပ်ကို အောင်မြင်ခဲ့တယ်ဆိုတော့ ဘယ်လို ဆုလာဘ်တွေရခဲ့လဲ သိပါရစေ"

ထိုအချိန်တွင် မအောင်မြင်ခဲ့သည့် လူငယ်သည် သိချင်စိတ်ဖြင့် မေးခွန်းထုတ်လိုက်သည်။

ထိုလူငယ်၏ စကားကိုကြားလျှင် တခြားသော တပည့်အားလုံးသည် လဲ့ထျန်းဖန်းကို တညီတညွတ်တည်း ကြည့်လိုက်ကြ၏။

"ဝိညာဥ်ကျောက်တုံး ဆယ်တုံးရခဲ့တယ်"

သူရရှိခဲ့သော ဆုလာဘ်အကြောင်းကို ပြောနေစဥ် လဲ့ထျန်းဖန်း၏ မျက်နှာထက်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ဝိညာဥ်ကျောက်တုံး ဆယ်တုံး ဟုတ်လား.. ပကတိအင်ပါယာ တစ်ပိုင်းရဲ့ အမွေအနှစ်စမ်းသပ်မှု ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. ဒီဆုလာဘ်က တန်ဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်ပဲ"

ကျင့်လဲ့မြို့မှ တပည့် အနည်းငယ်က တအံ့တသြ ရေရွတ်လိုက်ကြသည်။

ဝိညာဥ်ကျောက်တုံးသည် ကျင့်ကြံရာတွင် အကောင်းဆုံး အသုံးပြုနိုင်သည့် ရတနာ ဖြစ်သည်။

ယခုအခါတွင် ရှန်းဝူတိုက်ကြီး၌ ဝိညာဥ်သတ္တုမိုင်းတွင်းများသည် ဒဏ္ဍာရီလာ ဖြစ်တည်မှုတစ်ခု ဖြစ်လာခဲ့ပြီး ဝိညာဥ်ကျောက်တုံးများသည် အလွန်ပင် ရှားပါးသွားခဲ့သည်။

ထိုကြောင့် ဝိညာဥ်ကျောက်တုံး ဆယ်တုံး၏ တန်ဖိုးသည် အဖိုးမဖြတ်နိုင်ဟု ဆို၍ပင်ရ၏။

သူတို့လို သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူများကို မပြောနှင့်၊ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူများစွာ အတွက်ပင် ဝိညာဥ်ကျောက်တုံး ဆယ်တုံး ဟူသော ပမာဏသည် အလွန် ကြွယ်ဝသော ပမာဏ ဖြစ်သည်။

"သူတော်စင်ရွှယ်မင် ချန်ထားခဲ့တဲ့ အမွေအနှစ် စမ်းသပ်ပွဲရဲ့ ဆုလာဘ်တွေက အဖိုးမဖြတ်နိုင်အောင် ကြွယ်ဝတယ်.. ငါရရှိခဲ့တဲ့ဆုလာဘ်က အဲဒီထဲမှာ အနိမ့်ဆုံးပဲ"

လဲ့ထျန်းဖန်းက ညည်းညူလိုက်သည်။

သူက ဒုတိယထပ်ကို အောင်မြင်ခဲ့သော်လည်း ရွှယ်မင်ကျောင်းဆောင်သည် သူ့ကို အမှတ်ခြောက်ဆယ်သာ ပေးခဲ့၍ အောင်မှတ်ကပ်၍သာ ထိုအဆင့်ကို ကျော်လွှားနိုင်ခဲ့သည်။

"စီနီယာအကိုလဲ့က အမွေအနှစ်စမ်းသပ်မှုနဲ့ ပတ်သက်ပြီး ကောင်းကောင်း သိထားပုံရတယ်.. အမွေအနှစ်စမ်းသပ်မှုနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို နည်းနည်းပါးပါး ပြောပြပေးလို့ရမလား"

လဲ့ထျန်းဖန်းတို့ လူစု စကားပြောနေစဥ်မှာပင် လူငယ်တစ်ဦး၏ တောင်းဆိုလိုက်သော စကားသံသည် သူတို့၏ နားထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

အခန်း(၁၀၇၁)ပြီး၏။

All Chapters