အခန်း (၁၀၇၅-၁၀၇၇)
Vol. 72 Ch. 1075-1077
အခန်း(၁၀၇၅)
မီးခိုးရောင်ဝတ် အမျိုးသားနှစ်ဦးကို လက်သီးဖြင့် ချေမှုန်းပြီးနောက်တွင် ကျန်းချန်သည် နောက်ထပ် လှိုင်းအသစ်များကို ရင်ဆိုင်ခဲ့ရသည်။
လှိုင်းအသစ် တစ်ခုတိုင်းတွင် မီးခိုးရောင်ဝတ် လူအရေအတွက်သည် နှစ်ဆတိုးလာခဲ့ပြီး သတ္တမမြောက်လှိုင်းတွင် လူလေးဆယ်ကျော် အထိ အရေအတွက် မြင့်တက်လာခဲ့၏။
ဤပြိုင်ဘက်များသည် သိုင်းသခင်နယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိသည်။
ထို့ကြောင့် ၎င်းတို့သည် သန်မာသော ရုပ်ပိုင်းဆိုင်ရာကို ပိုင်ဆိုင်ထားသည့် ကျန်းချန်အား မခြိမ်းခြောက်နိုင်ခဲ့ပေ။
ကျန်းချန်သည် ပြိုင်ဘက်များကြားတွင် လျင်မြန်စွာ ရွေ့လျားကာ တိကျသော လက်သီးချက်များဖြင့် ချေမှုန်းပစ်ခဲ့သည်။
နောက်ဆုံး လှိုင်းလုံးဖြစ်သည့် မီးခိုးရောင်ဝတ် လူလေးဆယ်ကျော်ကို အနိုင်ယူပြီးနောက်တွင် ခန်းမထဲကနေ အသံတစ်သံသည် ပဲ့တင်ထပ်လာခဲ့သည်။
"စမ်းသပ်သူ..သင်က ရွှယ်မင်ကျောင်းဆောင်ရဲ့ဒုတိယထပ်ကို အပြည့်အဝ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တဲ့ အတွက် ဝိညာဥ်ကျောက်တုံးတစ်ရာနဲ့ အကောင်းဆုံး ဘုရင်အဆင့် အမွေအနှစ် ဝူရွှယ်ခုံးမင်ရှန်းချွမ်ကို ရရှိပါတယ်"
ကျန်းချန်က ဆုလာဘ်များ ဖြစ်သည့် ဝိညာဥ်ကျောက်တုံး တစ်ရာနှင့် စာလိပ်တစ်လိပ်ကို သူ၏ သိုလှောင်လက်စွပ် ထဲသို့ အချိန်မဖြုန်းဘဲ အလျင်အမြန် သိမ်းဆည်းလိုက်သည်။
ထို့နောက်တွင် ခန်းမ၏ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်မှတဆင့် တတိယထပ်သို့ တက်သွားခဲ့၏။
တတိယထပ်သို့ ရောက်လာသောအခါတွင် ကျန်းချန်သည် ဒုတိယထပ်နှင့် တစ်ထပ်တည်း တူညီသောနေရာ တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင် ကျန်းချန်၏ ပြိုင်ဘက်မှာ မီးခိုးရောင်ဝတ် အမျိုးသား မဟုတ်ဘဲ လှံကို ကိုင်ထားသည့် ငွေရောင်သံချပ်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
သူ၏ပြိုင်ဘက်က နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူဖြစ်နေ၍ ကျန်းချန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ငွေရောင်သံချပ်ဝတ် အမျိုးသားသည် ချက်ချင်းဆိုသလို ကျန်းချန်ကို အားပြင်းသော ဘုရင့်စိတ်ဆန္ဒဖြင့် ဖိနှိပ်လိုက်သည်။
ကျန်းချန်ကလည်း ချက်ချင်းဆိုသလို ဘုရင့်စိတ်ဆန္ဒကို ထုတ်ဖော်ကာ ပြိုင်ဘက်၏ ဘုရင့်စိတ်ဆန္ဒနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။
သူ၏ လက်ရှိစွမ်းရည်ဖြင့်ဆိုလျှင် နတ်ဝိညာဥ်ဘုရင်အဆင့်၏ စတုတ္ထအဆင့်အောက်ရှိ ကျင့်ကြံသူ အနည်းငယ်မျှသာ သူ့ကိုခြိမ်းခြောက်နိုင်သည်။
အကယ်၍ သူသာ အပြည့်အဝ အားထုတ်ခဲ့မည်ဆိုလျှင် ပိုမို အားကောင်းသော ပြိုင်ဘက်များကိုပင် အနိုင်ယူစွမ်း ရှိပေသည်။
ကျန်းချန်က တုံ့ဆိုင်းမနေဘဲ သူ၏ သွေးနဂါးဓားဖြင့်ကောင်းကင်ပိုင်းဖြတ်ဓားသိုင်း၊ မဟာအဆင့် ဓားစိတ်ဆန္ဒနှင့် မီးလျှံတစ်သောင်း ကောင်းကင်လောင်ကျွမ်းသိုင်း စသည့် ကြောက်မက်ဖွယ်ကောင်းသော တိုက်ကွက်များကို ဆက်တိုက်ဆိုသလို ထုတ်ဖော်လိုက်သည်။
ထိုအခါ ငွေရောင်သံချပ်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ခုခံမှု အနည်းငယ်မျှပင် မပြုလုပ်နိုင်တော့ဘဲ ကျန်းချန်၏ တိုက်ခိုက်မှုအောက်တွင် လုံးဝ ချေမှုန်းခံခဲ့ရ၏။
အဆုံးသတ်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျန်းချန်၏ ဓားစိတ်ဆန္ဒဖြင့် နှစ်ပိုင်း ဖြတ်ခံလိုက်ရပြီး ခန်းမထဲကနေ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
မကြာခင်မှာပင် အသံတစ်သံသည် ထပ်မံ ထွက်ပေါ်လာခဲ့သည်။
"စမ်းသပ်သူ.. သင်က ရွှယ်မင်ကျောင်းဆောင်ရဲ့ တတိယထပ်ကို အပြည့်အဝ ဖြတ်ကျော်နိုင်ခဲ့တဲ့ အတွက် ဝိညာဥ်ကျောက်တုံး တစ်ထောင်နဲ့ အကောင်းဆုံး ဧကရာဇ်အဆင့် အမွေအနှစ်ဖြစ်တဲ့ မြေအောက်ကမ္ဘာဧကရာဇ်ဓားစည်းတံဆိပ်ကို ရရှိပါတယ်"
အခန်း(၁၀၇၅)ပြီး၏။
အခန်း(၁၀၇၆)
တတိယထပ်မှ ဆုလာဘ်ကို လက်ခံပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ရွှယ်မင်ကျောင်းဆောင်၏ စတုတ္ထထပ်သို့ တစ်ကိုယ်တော် ဝင်ရောက်လာခဲ့သည်။
စတုတ္ထထပ်သို့ ရောက်လာသောအခါတွင် ဤနေရာသည် ရွှယ်မင်ကျောင်းဆောင်မှ ပြောင်းလဲထားသည့် ထူးဆန်းသည့် နေရာတစ်ခု မဟုတ်ဘဲ အမှန်တကယ် ကြီးမားသော နန်းတော်ကြီး တစ်ခု ဖြစ်နေသည်ကို ကျန်းချန် တွေ့ရှိလိုက်ရသည်။
နန်းတော် ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ နန်းတော်၏ အတွင်းပိုင်းကနေ ကြောက်မက်ဖွယ်ကောင်းသော သွေးအရှိန်အဝါတစ်ခုသည် တိုက်ရိုက် ပျံ့နှံ့လာခဲ့၏။
ကျန်းချန်၏ ခန္ဓာကိုယ်ထဲရှိ နဂါးပြာသန္ဓေ သွေးစွမ်းအားပင် ထိုကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအား၏ ဖိနှိပ်မှုကို ခံခဲ့ရသည်။
ဤသည်မှာ နဂါးပြာ သန္ဓေခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးနောက်တွင် ပထမဆုံးအကြိမ် ဖိနှိပ်ခံရခြင်း ဖြစ်၏။
"ဒီလောက် ကြောက်ဖို့ကောင်းအောင် အစွမ်းထက်တဲ့ သွေးစွမ်းအားက ပကတိ အင်ပါယာတစ်ပိုင်းရဲ့ သွေးစွမ်းအားပဲ ဖြစ်မယ်ထင်တယ်"
ကျန်းချန်၏ မျက်လုံးများက အနည်းငယ် လင်းလက်သွားခဲ့သည်။
ရွှယ်မင်ကျောင်းဆောင်တွင် သူတော်စင်ရွှယ်မင် ချန်ထားရစ်ခဲ့သော သွေးအဆီအနှစ် ရှိသည်ဟု ဆိုကြသည်။
ကြည့်ရသည်မှာ သူတော်စင်ရွှယ်မင်၏ သွေးအဆီအနှစ်သည် ဤစတုတ္ထထပ်တွင် ရှိနေပုံရ၏။
ထိုအချိန်က သူတော်စင်ရွှယ်မင်သည် အင်ပါယာအဆင့်သို့တက်လှမ်းရန် အပြင်းအထန် ကျင့်ကြံခဲ့ပြီး အင်ပါယာအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်ခဲ့သည်။
၎င်း၏ သွေးအဆီအနှစ်သည် စစ်မှန်သော ပကတိအင်ပါယာသွေးအဆီအနှစ်နှင့် နှိုင်းယှဥ်၍ မရနိုင်လျှင်ပင် တန်ဖိုးဖြတ်၍ မရသော ရတနာတစ်ပါး ဖြစ်၏။
အကယ်၍ သူသာ ပကတိအင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ်တစ်စက်ကို ရရှိနိုင်လျှင် သူ၏ နဂါးပြာသန္ဓေခန္ဓာကိုယ်ကို ထပ်မံ ပြောင်းလဲစေနိုင်မည် ဖြစ်သည်။
ထိုအချိန်သို့ ရောက်လျှင် သူ၏ သွေးစွမ်းအားသည် အင်ပါယာ သွေးစွမ်းအားကို လုံးဝ ချေမှုန်းနိုင်ပြီး ဒဏ္ဍာရီလာ သန္ဓေနတ်ဘုရား ခန္ဓာကိုယ်ကိုပင် ယှဥ်နိုင်မည်ဟု ယုံကြည်မှုရှိခဲ့သည်။
ထို့ကြောင့် ကျန်းချန်သည် ပကတိအင်ပါယာ တစ်ပိုင်း၏ သွေးအဆီအနှစ်ကို ရရှိရန် မည်သည့် အတားအဆီးကို မဆို ရင်ဆိုင်မည်ဟု ဆုံးဖြတ်ချက် ချထားခဲ့သည်။
ကျန်းချန်က သွေးအရှိန်အဝါ ထွက်ပေါ်လာသည့် နေရာသို့ လျင်မြန်စွာ ရွေ့လျားသွားခဲ့သည်။
မကြာမီမှာပင် ကျန်းချန်သည် နန်းတော်၏ အနက်ရှိုင်းဆုံးနေရာရှိ ခန်းမတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ထိုခန်းမသည် ပေတစ်ထောင်ကျော် ရှည်လျားပြီး ခန်းမ၏ အလယ်တွင် ဆယ်ပေပတ်လည် ရေကန်တစ်ကန် ရှိ၏။
ထူးဆန်းသည်မှာ ရေကန်ထဲမှ ရေသည် သွေးရောင် ဖြစ်နေခြင်းပင်။
ထိုအချိန်တွင် ခန်းမထဲ၌ လူဆယ်ယောက်ကျော်သည် စုဝေးနေကြသည်။
ထိုသူများသည် သူ့အုပ်စုနှင့်သူ ရှိနေကြပြီး ခန်းမထဲတွင် အုပ်စုငါးစု အဖြစ် ခွဲခြားနိုင်၏။
ကျန်းချန်သည် ခန်းမထဲတွင် ရှိနေသော သူများနှင့် စိမ်းမနေပေ။
၎င်းတို့မှာ လင်ရှီမြို့တော်၏ နံပါတ်တစ် ပါရမီရှင် မုန့်ရွှယ်ရွှယ်၊ ထျန်းဝူမြို့တော်၏ နံပါတ်တစ် ပါရမီရှင် ဝူကျီယွင်၊ ကျင့်လဲ့မြို့တော်၏ နံပါတ်တစ် ပါရမီရှင် လဲ့ရှင်းယန်နှင့် သူတို့ ယန်ဒီမြို့တော်၏ နံပါတ်တစ် ပါရမီရှင် ရှောင်ကျင့်ယွင်တို့ ဖြစ်၏။
ရှန်းဖုန်းမြို့တော်၏ နံပါတ်တစ် ပါရမီရှင် ဖုန်းချင်းရီမှ လွဲ၍ ကျန်သူတော်စင်မြို့တော် လေးမြို့၏ အစွမ်းထက်ဆုံး ပါရမီရှင်များသည် ဤနေရာတွင် စုဝေးနေကြပြီ ဖြစ်သည်။
ထိုလေးဦးနှင့်အတူ အင်ပါယာအဆင့် ပါရမီရှင် အများအပြားသည်လည်း စုဝေးနေခဲ့ကြသည်။
အထူးသဖြင့် ယန်ဒီမြို့၏ အင်ပါယာအဆင့် ပါရမီရှင်ငါးဦးစလုံးသည် ရှောင်ပိုင်ရီမှ လွဲ၍ ဤနေရာတွင် စုဝေးနေခဲ့ကြပြီ ဖြစ်သည်။
ရှန်းဖုန်းမြို့တော် ဘက်ခြမ်းတွင်မူ ဖုန်းချင်းရီ ရောက်မလာသေးသော်လည်း အင်ပါယာအဆင့် ပါရမီရှင်ငါးဦး စုဝေးနေခဲ့ကြပြီ ဖြစ်သည်။
၎င်းတို့၏ ခွန်အားသည် ကျန်သူတော်စင်မြို့တော် လေးမြို့ထက် လုံးဝ မနိမ့်ကျပေ။
ဆိုရလျှင် သူတော်စင်မြို့တော် ငါးမြို့၏ ထိပ်တန်း ပါရမီရှင် ခြောက်ဆယ် ရာခိုင်နှုန်းနီးပါးသည် ဤနေရာတွင် စုဝေးနေကြ၏။
ကျန်းချန်က ပါရမီရှင်များကို အနည်းငယ် ဝေ့ကြည့်လိုက်ပြီးနောက်တွင် သူ၏ အကြည့်သည် သွေးကန်၏ အလယ်ဗဟိုသို့ ရောက်ရှိသွားခဲ့သည်။
သွေးကန်၏အလယ်ဗဟိုတွင် လက်မအရွယ်အစားခန့် ရှိသော ရွှေရောင်သွေးစက် တစ်စက်သည် လေထဲတွင် ဝဲပျံနေခဲ့၏။
ထိုရွှေရောင်သွေးစက်သည် စိတ်ကူးပင် မယဥ်နိုင်သော သွေးအရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။
ကျန်းချန်သည် ပေရာပေါင်းများစွာ အကွာအဝေးကပင် ရွှေရောင်သွေးစက် အတွင်းရှိ အရှိန်အဝါကို ခံစားနိုင်ခဲ့သည်။
ထိုအရှိန်အဝါက သတ္တဝါအားလုံးကို အပိုင်းပိုင်း ကြိတ်ချေပစ်တော့မတတ် ကြောက်မက်ဖွယ် ကောင်းသည်။
ကျန်းချန် ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် ခန်းမထဲရှိ လူတိုင်း၏ အကြည့်သည် သူ့ထံသို့ တညီတညွတ်တည်း ရောက်ရှိလာခဲ့သည်။
ရွှယ်မင်ကျောင်းဆောင်၏ စတုတ္ထထပ်သို့ ရောက်ရှိလာသော ကောင်လေးမှာ မည်သူနည်း။
ယန်ဒီမြို့တော်မှ ရှောင်ကျင့်ယွင်က လွဲ၍ ခန်းမရှိ အခြားသောသူတော်စင် မြို့တော်များမှ ပါရမီရှင်များသည် အံ့အားသင့်နေကြသည်။
သိထားရမည်မှာ ရွှယ်မင်ကျောင်းဆောင်၏ တတိယထပ်စမ်းသပ်မှုတွင် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရခြင်း ဖြစ်သည်။
ဤနာမည်မကြီးသော အညတရ ကောင်လေးတွင် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူကို သတ်ဖြတ်နိုင်သည့် စွမ်းအားမျိုး အဘယ်ကြောင့် ရှိနေရပါသနည်း။
အခန်း(၁၀၇၆)ပြီး၏။
အခန်း(၁၀၇၇)
သိုင်းသခင်နယ်ပယ် အဆင့်နှင့် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်သည် ကွဲပြားသောအဆင့်များ ဖြစ်ကြသည်။
နတ်ဝိညာဥ်ဘုရင်အဆင့်သို့ ရောက်လျှင် သိုင်းသခင်နယ်ပယ်အဆင့်ထက် အင်အား အဆမတန် ကြီးထွားလာရုံသာမက စိတ်ဝိညာဥ်ကိုပင် ဘုရင့်စိတ်ဆန္ဒအဖြစ် မြှင့်တင်စုစည်းထားနိုင်သည်။
အတွေးတစ်ချက်ဖြင့်ပင် သာမန် သိုင်းသခင်နယ်ပယ် ကျင့်ကြံသူများကို အလွယ်တကူ သတ်ဖြတ်နိုင်၏။
ဘုရင့်စိတ်ဆန္ဒ၏ အောက်တွင် သာမန် သိုင်းသခင်နယ်ပယ် ကျင့်ကြံသူများသည် ပုရွတ်ဆိတ်ကဲ့သို့ တည်ရှိမှုများသာ ဖြစ်သည်။
သာမန် နတ်ဝိညာဥ်ဘုရင်နယ်ပယ် ပထမအဆင့် ကျင့်ကြံသူဖြစ်လျှင်ပင် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူများ ရင်မဆိုင်နိုင်ပေ။
သူတော်စင်မြို့တော် ငါးမြို့၏ ထိပ်တန်း အင်ပါယာအဆင့် ပါရမီရှင်များသည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်နှင့် လက်ရည်တူ ရင်ဆိုင်နိုင်ကြသည်။
သို့သော်လည်း နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို သတ်ဖြတ်ရန်မှာ မဖြစ်နိုင်သလောက် ခက်ခဲ၏။
ဆိုရလျှင် အင်ပါယာအဆင့် ပါရမီရှင်များ ဖြစ်လျှင်ပင် နတ်ဝိညာဥ်ဘုရင်နယ်ပယ်အဆင့် ကျင့်ကြံသူကို သတ်ဖြတ်ရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။
တတိယထပ်ကို ထိုးဖောက်၍ ဤနေရာသို့ ရောက်လာနိုင်ပုံထောက်လျှင် ထိုကောင်လေး၏ အင်အားသည် အင်ပါယာအဆင့် ပါရမီရှင်များထက် နိမ့်ကျမှုမရှိဟု ဆိုလိုနေသည်မဟုတ်ပါလော။
သို့သော်လည်း သူတို့၏ မှတ်ဥာဏ်ထဲရှိ အင်ပါယာအဆင့်ပါရမီရှင်ထဲတွင် ထိုကောင်လေးနှင့် နီးစပ်သော ပုံပန်းသဏ္ဌာန် ရှိမနေခဲ့ပေ။
"လတ်စသတ်တော့ သူကိုး"
ကျန်းချန်ကို ကြည့်နေသည့် မုန့်ရွှယ်ရွှယ်၏ လှပသော မျက်ဝန်းလေးတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
အင်ပါယာ အမွေအနှစ်နယ်မြေ ဖွင့်လှစ်စဥ်ကတည်းကပင် မုန့်ရွှယ်ရွှယ်သည် ယန်ဒီမြို့တော်မှ ကောင်လေးက ထူးခြားမှုရှိနေကြောင်း ခံစားမိခဲ့သည်။
ယခုအခါတွင် သူမ၏ ကြိုတင်ခံစားချက်များသည် မှန်ကန်နေကြောင်း သိသာထင်ရှားနေ၏။
သို့သော်လည်း သူမ မှတ်မိသလောက်ဆိုလျှင် ရွှယ်မင်တောင်တန်း၏ အပြင်ဘက်တွင် ဤကောင်လေးသည် သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူသာ ရှိသေးသည်။
ယခုအခါတွင် ရက်အနည်းငယ် အတွင်း ထိုကောင်လေး၏ ကျင့်ကြံခြင်းအဆင့်သည် သိုင်းသခင်နယ်ပယ် နဝမအဆင့်သို့အမှန်တကယ် တိုးတက်သွားခဲ့ပြီး နတ်ဝိညာဥ်ဘုရင် အဆင့်ကိုပင် သတ်ဖြတ်နိုင်သော အင်အားကို ပိုင်ဆိုင်လာခဲ့သည်။
မည်သူ့ကိုမှ တော်ရုံ အထင်မကြီးတတ်သော မုန့်ရွှယ်ရွှယ်ပင်လျှင်ပင် သူမ၏ စိတ်နှလုံးကနေ တုန်လှုပ်သွားခဲ့သည်။
သူမ၏ ထက်မြက်သော အာရုံခံစားမှုကနေ ကျန်းချန်ထံမှ အနည်းငယ် ခြိမ်းခြောက်မှုကိုပင် မရေမရာ ခံစားမိခဲ့သည်။
သူမ ဘေးရှိ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် ဖြစ်သည့် ရှောင်ကျင့်ယွင် ပင်လျှင် သူမကို ထိုသို့ ခံစားစေခဲ့ခြင်းမရှိပေ။
"ဟားဟား.. ဂျူနီယာညီလေး ကျန်းချန်.. မင်းလည်း ရွှယ်မင်ကျောင်းဆောင်ရဲ့ စတုတ္ထထပ်ကို ရောက်လာတာကိုး"
လူတိုင်းက ကျန်းချန်ကို မည်သူမည်ဝါမှန်း မရေမရာ ဖြစ်နေကြစဥ် ရှောင်ကျင့်ယွင်၏ မျက်လုံးများသည် လင်းလက်သွားခဲ့သည်။
သူက ပြုံးရွှင်သော အမူအရာဖြင့် ကျန်းချန်ကို နှုတ်ဆက်လိုက်သည်။
ကျန်းချန်သည် ယန်ဒီမြို့မှ ဖြစ်ရာ သူနှင့် တစ်ဖွဲ့တည်းသား ဖြစ်၏။
ယခုအခါတွင် သူတော်စင်မြို့တော် ငါးမြို့မှ အင်ပါယာအဆင့် ပါရမီရှင်များသည် ထိပ်တိုက် ဆုံတွေ့နေကြပြီ ဖြစ်ရာ သူ့အနေဖြင့် ရန်ငြိုးများကို ယာယီ ဘေးဖယ်ထားပြီး ကျန်းချန်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေသည် မဟုတ်ပါလား။
ယခုအခါတွင် ကျန်းချန်သည် ဘုရင့်စိတ်ဆန္ဒကို စုစည်းထားနိုင်သည့် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ခြေလှမ်းတစ်ဝက်နတ်ဝိညာဥ်ဘုရင်အဆင့် ဖြစ်သည့် သူနှင့်ကျန်းချန်သာ ပူးပေါင်းလိုက်မည်ဆိုလျှင် ရှန်းဖုန်းမြို့၏ နံပါတ်တစ် ပါရမီရှင်ဖြစ်သည့် ဖုန်းချင်းရီကို တိုက်ခိုက်နိုင်စွမ်း ရှိလာမည် ဖြစ်ပြီး အင်ပါယာတစ်ပိုင်း သွေးအဆီအနှစ်အတွက် ယှဥ်ပြိုင်နိုင်မည် မဟုတ်ပါလော။
"အားလုံးပဲ ငါတို့ဒီမှာ မလှုပ်မယှက် ရပ်နေတာက မဟုတ်သေးဘူး"
ထိုအချိန်တွင် ရုပ်ရည်ချောမောပြီး ငွေရောင်ဆံပင်ကို ပိုင်ဆိုင်ထားသော ရှန်းဖုန်းမြို့တော်မှ တပည့်တစ်ယောက်သည် ရုတ်တရက် ပြောလိုက်သည်။
ထိုငွေရောင်ဆံပင်နှင့် လူငယ်သည် ရှန်းဖုန်းမြို့တွင် ဖုန်းချင်းရီ ပြီးလျှင် ဒုတိယနေရာတွင် ရှိသည့် အင်ပါယာအဆင့် ပါရမီရှင်တစ်ဦး ဖြစ်သည်။
"ပကတိ အင်ပါယာတစ်ပိုင်းရဲ့ သွေးအဆီအနှစ်က တစ်စက်ပဲရှိတာ ဆိုတော့ ငါတို့ ရှန်းဖုန်းမြို့တော်ရဲ့ အပိုင်လို့ပဲ သတ်မှတ်လိုက်တော့မယ်"
"မင်းတို့ ရှန်းဖုန်းမြို့တော် ပိုင်တယ်လို့ ပြောတာနဲ့ပဲ သွေးအဆီအနှစ်က မင်းတို့အပိုင် ဖြစ်သွားရောလား"
ရှောင်ကျင့်ယွင်က အေးစက်စက် ပြုံး၍ ပြောလိုက်သည်။
"မင်းသိထားရမှာက ဖုန်းချင်းရီလည်း ဒီကို ရောက်မလာသေးဘူး.. အကယ်၍ သူရှိခဲ့ရင်တောင် မင်းတို့ ရှန်းဖုန်းမြို့ကို အင်ပါယာတစ်ပိုင်း သွေးအဆီအနှစ် အလွယ်တကူပေးမှာ မဟုတ်ဘူး.."
ပကတိ အင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ်သည် အင်အားကြီးမားသော အင်ပါယာ သွေးစွမ်းအားကို ပိုင်ဆိုင်ထားသူများ အတွက် အိပ်မက်ဆန်သည့် အရာတစ်ခု ဖြစ်သည်။
၎င်းအဆီအနှစ်ကိုသာ စုပ်ယူနိုင်လျှင် သူတို့၏ သွေးစွမ်းအားသည် ထပ်မံ နိုးထလာနိုင်မည် ဖြစ်ပြီး သွေးစွမ်းအားသည် အနည်းဆုံး ကြယ်တစ်ပွင့် သို့မဟုတ် ကြယ်နှစ်ပွင့် ထပ်မံ တိုးမြင့်လာမည် ဖြစ်၏။
သို့ဖြစ်ရာ သူတို့က မည်ကဲ့သို့ လက်လျှော့နိုင်ပါမည်နည်း။
"ရှောင်ကျင့်ယွင် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် ဖြစ်လာတာနဲ့ပဲ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းတယ်လို့ ထင်မနေနဲ့"
ဖုန်းဝူချွယ်က ရှောင်ကျင့်ယွင်ကို ထီမထင်ဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"မင်းတို့အားလုံးကို ငါမျက်နှာသာ ပေးထားပြီးပြီ.. ငါတို့ ရှန်းဖုန်းမြို့တော်ကို ပြဿနာရှာဖို့ မကြိုးစားပါနဲ့.. မင်းတို့ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဒီပကတိအင်ပါယာတစ်ပိုင်းရဲ့ သွေးအဆီအနှစ်က ငါတို့ ရှန်းဖုန်းမြို့တော်ရဲ့ အပိုင်ပဲ"
အခန်း(၁၀၇၇)ပြီး၏။