← Chapters

အခန်း (၁၀၇၈-၁၀၈၀)

Vol. 72 Ch. 1078-1080

အခန်း (၁၀၇၈-၁၀၈၀)

Vol. 72 Ch. 1078-1080

အခန်း(၁၀၇၈)

ဖုန်းဝူချွယ်၏ မောက်မာသော စကားကိုကြားလျှင် လဲ့ရှင်းယန်နှင့် ဝူကျီယွင်တို့သည် ဒေါသထွက်သွားကြသည်။

"ဟားဟား.. မင်းတို့က လေလမ်းစဥ် ကျင့်ကြံသူတွေလို့ မပြောရဘူး.. လေလုံးထွားလှချည်လား.. ငါဝူကျီယွင်က မင်းတို့ ရှန်းဖုန်း မြို့တော်အနေနဲ့ ပကတိ အင်ပါယာ တစ်ပိုင်းရဲ့ သွေးအဆီအနှစ်ကို ငါတို့ရှေ့မှာ ဘယ်လို သိမ်းပိုက်မလဲ ဆိုတာ ကြည့်ချင်သေးတယ်"

ရှန်းဖုန်းမြို့တော်သည် ကျုံးကျိုးကုန်းမြေရှိ သူတော်စင်မြို့တော် ငါးမြို့တွင် မဟာအင်ပါယာ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် တစ်ခုတည်းသောမြို့ ဖြစ်သည်။

ထို့ကြောင့် ရှန်းဖုန်းမြို့သည် ခွန်အား အရာတွင်ဖြစ်စေ၊ သွေးစွမ်းအား အရာတွင်ဖြစ်စေ ကျန်သူတော်စင် မြို့တော် လေးမြို့ထက် ပို၍အားကောင်း၏။

သို့သော် ထိုသို့ ဖြစ်နေလျှင်ပင် ရှန်းဖုန်းမြို့တော်သည် သူတော်စင်မြို့တော် လေးမြို့ကို တစ်မြို့တည်း ယှဥ်ပြိုင်နိုင်လောက်သည် အထိ အားမကောင်းပေ။

သူတောာ်စင်မြို့တော် ငါးမြို့၏ နံပါတ်တစ် ပါရမီရှင် ဖုန်းချင်းရီ ဖြစ်နေလျှင်ပင် သူတော်စင်မြို့တော် လေးမြို့၏ ပါရမီရှင် အားလုံးကို တစ်ယောက်တည်း ချေမှုန်းနိုင်စွမ်း မရှိပေ။

"ဟားဟား.. မင်းတို့လောက်နဲ့များ ငါတို့ ရှန်းဖုန်းမြို့တော်နဲ့ ယှဥ်ပြိုင်ချင်တယ်ပေါ့လေ.. မင်းတို့က ဝိုင်ကောင်းကို မသောက်ချင်မှတော့ ငါ့ကို ယဥ်ကျေးမှုမရှိဘူးလို့ အပြစ်မတင်နဲ့တော့"

ဖုန်းဝူချွယ်က မထီမဲ့မြင် ရယ်မောလိုက်၏။

သူ၏ အေးစက်စက် အသံသည် ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

"မင်းတို့ကို ရွှယ်မင်ကျောင်းဆောင်ရဲ့ စတုတ္ထထပ်ကနေ ထွက်သွားဖို့ အသက်ဆယ်ရှိုက်စာ အချိန်ပေးမယ်.. မဟုတ်ရင်တော့ ဒီနေရာမှာ သေရမယ်"

ဖုန်းဝူချွယ်၏ စကားကိုကြားလျှင် သူတော်စင်မြို့တော်လေးမြို့မှ ပါရမီရှင်အားလုံး၏ မျက်နှာထက်တွင် ဒေါသ အရိပ်အယောင်များ ဖြစ်ပေါ်လာကြသည်။

"ဟမ့်.. မင်းတို့ ရှန်းဖုန်းမြို့တော်ရဲ့အစွမ်းကို ငါဝူကျီယွင် ကြည့်ချင်သေးတယ်.. ဖုန်းဝူချွယ်.. မင်းဘယ်နေရာကနေ သတ္တိရလာပြီး ဒီနေရာမှာ လေလုံးထွားနေတာလဲ"

ဝူကျီယွင်က ဒေါသတကြီး အော်ငေါက်လိုက်ပြီး အသက်စွမ်းအင်ကို စုစည်းထားသော လက်ဝါးရိုက်ချက်ဖြင့် ဖုန်းဝူချွယ်ကို တိုက်ခိုက်လိုက်သည်။

"ဝူကျီယွင်.. မင်းက ငါ့ဖုန်းဝူချွယ်ရဲ့ ရှေ့မှာ ဘာမှမဟုတ်တဲ့ပုရွက်ဆိတ်လေးပဲ.. နောက်ဆုတ်စမ်း"

တခဏအတွင်းမှာပင် ဘုရင့်စိတ်ဆန္ဒ တစ်ခုသည် ဖုန်းဝူချွယ်ကို ဗဟိုပြု၍ ခန်းမထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ဝူကျီယွင်သည် နာကျင်စွာ ညည်းညူလိုက်ပြီး ချက်ချင်းပင် ခြေဆယ်လှမ်းခန့် နောက်ဆုတ်လိုက်ရသည်။

သူ၏မျက်နှာက ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့၏။

သူက ထိတ်လန့်တကြားဖြင့် ဖုန်းဝူချွယ်ကို လှမ်းကြည့်လိုက်သည်။

"ဘုရင့်စိတ်ဆန္ဒပါလား.. မင်း.. မင်းလည်း ခြေလှမ်းတစ်ဝက်နတ်ဝိညာဥ်ဘုရင် အဆင့်ကို ရောက်သွားပြီလား"

ဖုန်းဝူချွယ်သည်လည်း ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ရှောင်ကျင့်ယွင်နှင့် တခြားသူများသည် အနည်းငယ် အံ့သြတုန်လှုပ်သွားကြသည်။

ရှန်းဖုန်းမြို့တော်က ပကတိ အင်ပါယာတစ်ပိုင်း ကျင့်ကြံသူ၏ သွေးအဆီအနှစ်ကို သိမ်းပိုက်ချင်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

ဖုန်းချင်းရီ တစ်ဦးတည်းကိုပင် ရင်ဆိုင်ရ ခက်ခဲနေခဲ့ရာ ယခုခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် ဖြစ်လာသည့် ဖုန်းဝူချွယ်နှင့် ပေါင်းစပ်လိုက်သောအခါတွင် ရှန်းဖုန်းမြို့၌ ဤကဲ့သို့ယုံကြည်မှု ရှိသည်မှာ သဘာဝကျသည် မဟုတ်ပါလော။

"ဖုန်းဝူချွယ်.. မင်းလည်း‌ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် ဖြစ်လာတာကိုး.. မင်းတို့ ရှန်းဖုန်းမြို့တော်က ဒီလောက်ထိ မောက်မာနေတာ အံ့သြစရာ မဟုတ်တော့ဘူးပဲ.. ဒါပေမဲ့ အင်ပါယာတစ်ပိုင်း ကျင့်ကြံသူရဲ့ သွေးအဆီအနှစ်ကို သိမ်းယူချင်တယ် ဆိုရင်တော့ ငါတို့ သဘောတူမတူ အရင်မေးကြည့်ရမယ်"

ရှောင်ကျင့်ယွင်၏ မျက်လုံးထဲတွင် ‌အေးစက်သော အလင်း‌ရောင်တစ်ခု လင်းလက်သွားခဲ့သည်။

"အားလုံးပဲ.. အတူတကွ တက်ပြီး ဒီကောင့်ကို ရှင်းပစ်လိုက်ရအောင်"

ရှန်းဖုန်းမြို့တော်တွင် သူတော်စင်မြို့တော်ငါးမြို့၏ နံပါတ်တစ်ပါရမီရှင် ဖုန်းချင်းရီ ရှိသည်။

သူတစ်ဦးတည်း ဆိုလျှင်ပင် သူတော်စင်မြို့တော် ငါးမြို့တွင် မည်သူမှ သူ၏ ပြိုင်ဘက်မဟုတ်ပေ။

ယခု‌ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် ဖြစ်သည့် ဖုန်းဝူချွယ်နှင့် ပေါင်းစပ်လိုက်လျှင် ရှန်းဖုန်းမြို့၏ အင်အားသည် အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလာမည် ဖြစ်သည်။

ထို့ကြောင့် လက်ရှိအခြေအနေအတွက် အကောင်းဆုံး နည်းလမ်းမှာ ဖုန်းချင်းရီ ရောက်မလာခင် ဖုန်းဝူချွယ်ကို ရှင်းပစ်ရန် ဖြစ်၏။

ရှောင်ကျင့်ယွင်က ကျင့်ကြံသူများကို လှုံ့ဆော်လိုက်သည်။

ထို့နောက်တွင် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်၏ အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ကနေ အင်အားအပြည့်ဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။

မုန့်ရွှယ်ရွှယ်၊ ဝူကျီယွင်နှင့် လဲ့ရှန်းယန် တို့သည်လည်း ရှောင်ကျင့်ယွင်၏ အစီအစဥ်ကို နားလည်ပြီး အတူတူ တိုက်ခိုက်ရန် အတွက် ပူးပေါင်းလိုက်ကြသည်။

ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် အဆင့် ကျင့်ကြံသူနှစ်ဦးနှင့် သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူနှစ်ဦး တို့သည် တစ်ချိန်တည်းမှာပင် အစွမ်းထက်ဆုံး တိုက်ကွက်များကို ထုတ်ဖော်ကာ ဖုန်းဝူချွယ်ကို သတ်ဖြတ်ရန် ကြိုးစားခဲ့ကြသည်။

သို့သော်လည်း ထိုလေးဦး၏ တိုက်ခိုက်မှုက ဖုန်းဝူချွယ် အပေါ်သို့ ကျရောက်တော့မည့် ဆဲဆဲတွင် လေထုတွင် တုန်ခါမှုရုတ်တရက် ဖြစ်သွားခဲ့ပြီး အနက်ရောင်အရိပ် တစ်ခုသည် ဖုန်းဝူချွယ်၏ ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

မကြာမီမှာပင် ထိုအနက်ရောင်အရိပ်သည် လက်ဝါးရိုက်ချက်ကို ဖြည်းညင်းစွာ ထုတ်ဖော်လိုက်ရာ ရှောင်ကျင့်ယွင် အပါအဝင် လူလေးဦး၏ တိုက်ခိုက်မှုများသည် ချက်ချင်းဆိုသလို ရပ်တန့်သွားခဲ့သည်။

အခန်း(၁၀၇၈)ပြီး၏။

အခန်း(၁၀၇၉)

"ဖုန်းချင်းရီပါလား"

ဖုန်းဝူချွယ်၏ရှေ့တွင် ရုတ်တရက် ပေါ်လာသောပုံရိပ်ကို မြင်လိုက်ရလျှင် ရှောင်ကျင့်ယွင်တို့၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ဖုန်းချင်းရီသည် သူတော်စင်မြို့တော် ငါးမြို့၏ လူငယ်မျိုးဆက်ထဲတွင် နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်ပြီး ဒဏ္ဍာရီဆန်သော ဖြစ်တည်မှု တစ်ခုလည်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က သူတော်စင်မြို့တော်ငါးမြို့ သိုင်းပြိုင်ပွဲတွင် ဖုန်းချင်းရီသည် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့်၏ ခွန်အားဖြင့် ပါရမီရှင် အားလုံးကို လွှမ်းမိုးနိုင်ခဲ့သည်။

သူတော်စင်မြို့တော် ငါးမြို့၏ ပါရမီရှင်တပည့်များစွာ ထဲတွင် ဖုန်းချင်းရီ၏ တိုက်ကွက် သုံးကွက်ကိုပင် ခုခံနိုင်သူ တစ်ဦးမှမရှိခဲ့ပေ။

ယခုအခါတွင် ရှောင်ကျင့်ယွင်သည် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ဖြစ်လာခဲ့ပြီ ဖြစ်သော်လည်း သူ၏ နှလုံးသားထဲတွင် ဖုန်းချင်းရီကို ကြောက်ရွံ့နေဆဲ ဖြစ်၏။

လွန်ခဲ့သည့်နှစ်အနည်းငယ်ကပင် ဖုန်းချင်းရီသည် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့်ကို ရောက်ရှိနေခဲ့ပြီး အင်ပါယာ အမွေအနှစ်နယ်မြေထဲကို ဝင်ရောက်ခွင့်ရရန် အတွက်သာ နတ်ဝိညာဥ်ဘုရင် အဆင့်ကို မတက်လှမ်းဘဲ သူ၏ကျင့်ကြံခြင်း အဆင့်ကို သိုင်းသခင်နယ်ပယ် အဆင့်တွင် ဖိနှိပ်ထားခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင် ဖုန်းချင်းရီ၏ ခွန်အားသည် မည်မျှပင်ကြောက်မက်ဖွယ်ကောင်းသော အဆင့်ထိ ရောက်ရှိနေပြီလဲ ဆိုသည်ကို မည်သူမှ အတိအကျ မသိပေ။

သို့သော်လည်း လက်ဝါးရိုက်ချက် တစ်ချက်ထဲဖြင့် သူတို့လေးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ချေဖျက်နိုင်ပုံ ထောက်လျှင် ရှောင်ကျင့်ယွင်သည် အကြမ်းဖျင်း ခန့်မှန်းမိခဲ့သည်။

သူတို့က ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်နေလျှင်ပင် ဖုန်းချင်းရီ၏ ခွန်အားသည် သူတို့ထက် များစွာ မြင့်မားနေခဲ့၏။

ဖုန်းချင်းရီ၏ ပေါ့ပါးစွာ လှုပ်ရှားလိုက်သော တိုက်ကွက် တစ်ကွက်ကပင် သူတို့လေးဦး၏ တိုက်ခိုက်မှုကို အသာအယာဖြိုဖျက်နိုင်ခဲ့သည် မဟုတ်ပါလား။

"အင်ပါယာသားတော်ကို ကြိုဆိုပါတယ်"

ဖုန်းဝူချွယ်နှင့် ရှန်းဖုန်းမြို့တော်မှ တပည့်များသည် သူတို့ရှေ့တွင် မတ်တပ်ရပ်နေသော ဖုန်းချင်းရီကို တလေးတစားဦးညွတ်လိုက်ကြသည်။

ဖုန်းချင်းရီကို ရှန်းဖုန်းမြို့တော်မှ အင်ပါယာသားတော် အဖြစ်ဘွဲ့ပေးအပ်ထားခဲ့ပြီ ဖြစ်သည်။

ရှောင်ကျင့်ယွင်နှင့် တခြားသူများသည် ဖုန်းဝူချွယ်တို့၏ ဖုန်းချင်းရီအား ခေါ်ဝေါ်ပုံကို ကြားလျှင် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူတော်စင်မြို့တော် ငါးမြို့၏ အင်ပါယာအဆင့် ပါရမီရှင်အားလုံးကို သူတော်စင်မြို့တော်၏ အင်ပါယာသားတော်များအဖြစ် သတ်မှတ်နိုင်သည်။

သို့သော်လည်း သူတော်စင်မြို့တော်မှ တရားဝင်ဘွဲ့ ပေးအပ်မှသာ စစ်မှန်သော အင်ပါယာသားတော် ဖြစ်လာနိုင်မည် ဖြစ်သည်။

သူတော်စင်သားတော် အဖြစ် သတ်မှတ်ခံရသူသည် ထူးခြားသော ရာထူးအဆင့်ကို ပိုင်ဆိုင်ထားပြီး အကြီးအကဲများထက်ပင် အဆင့်မြင့်ကာ မြို့တော်၏ အနာဂတ် ခေါင်းဆောင်လည်း ဖြစ်သည်။

သူတော်စင်မြို့တော်ငါးမြို့၏ လူငယ်မျိုးဆက်များထဲတွင် ဖုန်းချင်းရီသည် အင်ပါယာ သားတော်ဘွဲ့ကို ရရှိသည့် ပထမဆုံးပုဂ္ဂိုလ် ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

"အားလုံးထကြပါ"

ဖုန်းချင်းရီက သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ချက်ချင်းဆိုသလို ရှောင်ကျင့်ယွင်တို့ လေးဦးကို ကြည့်လိုက်သည်။

သူ၏ ခနဲ့တဲ့တဲ့ လေသံသည် ခန်းမထဲတွင် ပျံ့နှံ့သွားခဲ့၏။

"ရှောင်ကျင့်ယွင်.. မင်းတို့လေးယောက်က သူတော်စင်မြို့တော် လေးမြို့ရဲ့ အစွမ်းအထက်ဆုံး ပါရမီရှင်တွေ ဖြစ်ပြီး ငါတို့ရှန်းဖုန်းမြို့တော်က တပည့်တစ်ယောက်ကို အနိုင်ကျင့်ဖို့ အတွက် အတူတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်.. မင်းတို့ ဒီလောက်တောင် အနိုင်ကျင့်ချင်မှတော့ ငါဖုန်းချင်းရီ မင်းတို့နဲ့ ကစားပေးမယ်"

ဖုန်းချင်းရီက အေးစက်စက် ရေရွတ်လိုက်သည်။

"ဖုန်းချင်းရီ.. မင်းတို့ ရှန်းဖုန်းမြို့တော်က အစွမ်းထက်တယ် ဆိုပေမဲ့ မင်းတစ်ယောက်တည်းနဲ့တော့ ပကတိ အင်ပါယာတစ်ပိုင်းရဲ့ သွေးအဆီအနှစ်ကို သိမ်းပိုက်နိုင်မယ် မထင်ဘူး"

"ဒါကတော့ မင်းစမ်းကြည့်ရင် သိပါလိမ့်မယ်"

ဖုန်းချင်းရီက မာနတစ်ခွဲသားဟန်ပန်ဖြင့် မတ်တပ် ရပ်နေခဲ့သည်။

သူက ရှောင်ကျင့်ယွင်ကို အထင်သေးစွာ ကြည့်လိုက်၏။

ထို့နောက်တွင် သူ၏ အာဏာရှင်ဆန်သော လေသံသည် ထပ်မံ ထွက်ပေါ်လာခဲ့သည်။

"မင်းတို့ကို နောက်ဆုံး အခွင့်အ‌ရေးပေးမယ်.. ငါ့လက်ထဲမှာ မသေချင်ဘူးဆိုရင် ရွှယ်မင်ကျောင်းဆောင်ရဲ့ စတုတ္ထထပ်ကနေ ချက်ချင်း ထွက်သွားကြပါ.. မင်းတို့အားလုံး ပူးပေါင်းပြီး ငါဖုန်းချင်းရီကို ရင်ဆိုင်နိုင်မယ်လို့ ထင်နေတာလား"

ဖုန်းချင်းရီက ရှောင်ကျင့်ယွင်တို့ လေးယောက်ကို အထင်သေးသော အမူအရာဖြင့် မဲ့ပြုံးပြုံးကာ ကြည့်လိုက်သည်။

ထိုကဲ့သို့ အကြည့်ခံလိုက်ရသဖြင့် ရှောင်ကျင့်ယွင်တို့သည် ရှက်ရွံ့ဒေါသများ ထွက်လာကြသည်။

"ဖုန်းချင်းရီ.. မင်းငါတို့ကို အနိုင်ရမယ် ထင်နေတာလား.. ဒါဆိုရင်လည်း မင်းရဲ့ခွန်အားနဲ့ ငါတို့ကို ဘယ်လို ဖိနှိပ်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"

ရှောင်ကျင့်ယွင်၏ မျက်လုံးကနေ အနီရောင်မီးလျှံများ ထိုးထွက်လာခဲ့ပြီး ဆယ်ပေခန့် ရှည်လျားသည့် မီးနဂါး တစ်ကောင်အဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲကာ ဖုန်းချင်းရီကို ရင်ဆိုင်ရန် ထွက်ပေါ်လာခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ဝူကျီယွင်နှင့် လဲ့ရှင်းယန် တို့သည် သူတို့၏ အစွမ်းအထက်ဆုံး တိုက်ကွက်များကို ဖော်ထုတ်ခဲ့ကြသည်။

တစ်ခဏအတွင်းမှာပင် ပေထောင်ပေါင်းများစွာ ရှည်လျားကျယ်ပြန့်သော ခန်းမကြီးတွင် ကြောက်မက်ဖွယ် မီးလျှံများနှင့် မိုးကြိုးများသည် ပြည့်နှက်သွားခဲ့သည်။

"ဟမ့်.. ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့်ကိုတောင် မရောက်သေးတဲ့ နှစ်ယောက်က ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ"

ဖုန်းချင်းရီက နှာခေါင်းရှုံ့လိုက်ပြီး ‌အေးစက်စက် ရေရွတ်လိုက်သည်။

သူက ရိုးရှင်းသော လက်ဝါးရိုက်ချက်ဖြင့်ပင် ရှောင်ကျင့်ယွင်တို့ သုံးဦး၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။

"ပျက်စီးစမ်း"

ထိုခဏမှာပင် အပြာရောင်‌လေပြင်း သုံးခုသည် လေထဲတွင် ပေါက်ကွဲထွက်လာခဲ့ပြီး ရှောင်ကျင့်ယွင်တို့ သုံးဦး၏ တိုက်ခိုက်မှုများကို ဘာမှမကျန်ရှိတော့သည် အထိ အလွယ်တကူ ဖြိုဖျက်ပစ်လိုက်သည်။

အခန်း(၁၀၇၉)ပြီး၏။

အခန်း(၁၀၈၀)

"ဖူး.."

ဝူကျီယွင်နှင့် လဲ့ရှင်းယန်တို့သည် ပါးစပ်မှသွေးများ အန်ထွက်ကာ နောက်ပြန်လွင့်စင်သွားခဲ့သည်။

ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ဖြစ်သည့် ရှောင်ကျင့်ယွင်ပင် ဖုန်းချင်းရီ၏ တိုက်ခိုက်မှုအောက်တွင် ခြေဆယ်လှမ်းကျော် နောက်ဆုတ်သွားခဲ့ရပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။

"မင်း.. မင်းက နတ်ဝိညာဥ်ဘုရင်အဆင့် နယ်ပယ်ကို ထိုးဖောက်သွားပြီလား"

ရှောင်ကျင့်ယွင်က သူ၏ ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ် ဖြစ်နေသာ အသက်စွမ်းအင်ကို အတင်းအကြပ် ဖိနှိပ်ကာ ဖုန်းချင်းရီကို ကြည့်လိုက်သည်။

သူ၏အကြည့်တွင် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။

ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် အဆင့်သည် ဘုရင့်စိတ်ဆန္ဒကို ထုတ်လွှတ်နိုင်စွမ်းရှိသည်။

ထို့အပြင် ဝူကျီယွင်နှင့် လဲ့ရှင်းယန်တို့သည် သိုင်းသခင်နယ်ပယ် နဝမအဆင့် အထွတ်အထိပ် ဖြစ်သည့် အင်ပါယာအဆင့်ပါရမီရှင်များ ဖြစ်ကြသည်။

သို့ဖြစ်ရာ သူတို့သုံးဦး၏ အစွမ်းကုန် တိုက်ခိုက်မှုကို ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦးသည် အလွယ်တကူ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ဖုန်းချင်းရီသည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်ပြီး စစ်မှန်သော နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူဖြစ်လာခြင်းပင် ဖြစ်၏။

ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်နှင့် နတ်ဝိညာဥ်ဘုရင်အဆင့်သည် မျဥ်းတစ်ကြောင်းတည်းသာ ခြားနားသော်လည်း အဆများစွာ ကွာခြားသည်။

အကယ်၍သာ သာမန် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလျှင် ရှောင်ကျင့်ယွင်၏ ခွန်အားဖြင့် ကြောက်ရွံ့စရာမရှိပေ။

သို့သော်လည်း ဖုန်းချင်းရီသည် သူတော်စင်မြို့တော် ငါးမြို့၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ပြီး နတ်ဝိညာဥ်ဘုရင်အဆင့်ကို ထိုးဖောက်ခြင်းမပြုမီကပင် နတ်ဝိညာဥ်ဘုရင်နယ်ပယ် ပထမအဆင့် ကျင့်ကြံသူကိုပင် အနိုင်ယူနိုင်ခဲ့သည်။

ယခုအခါတွင် သူက နတ်ဝိညာဥ်ဘုရင်အဆင့် နယ်ပယ်ကို ထိုးဖောက်ပြီးပြီ ဖြစ်ရာ သူ၏ တိုက်ပွဲဝင်စွမ်းရည်သည် နတ်ဝိညာဥ်ဘုရင် နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူထက် မနိမ့်ကျနိုင်တော့ပေ။

ထိုအတွက်ကြောင့် သူတို့အားလုံး ပူးပေါင်း၍ တိုက်ခိုက်လျှင်ပင် ဖုန်းချင်းရီ၏ ပြိုင်ဘက် မဖြစ်နိုင်တော့ချေ။

"ဖုန်းချင်းရီကလည်း နတ်ဝိညာဥ်ဘုရင်နယ်ပယ် အဆင့်ကို ထိုးဖောက်သွားခဲ့တာပဲ"

ရှောင်ကျင့်ယွင်တို့ သုံးဦးကို ဖုန်းချင်းရီက အလွယ်တကူ အနိုင်ယူလိုက်သည်ကိုမြင်လျှင် ကျန်းချန်၏ မျက်လုံးများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

"ဖုန်းချင်းရီ.. နင်က နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်ပြီးပြီကိုး.. နင့်ရဲ့ ပါရမီက ကောင်းကင်လောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီထက်တောင် မနိမ့်ကျနိုင်ဘူးလို့ ငါထင်တယ်"

ထိုအချိန်မှာပင် ခန်းမထဲ၌ သာယာနာပျော်ဖွယ်ကောင်းသောအသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဖုန်းချင်းရီက အသံပိုင်ရှင်ဖြစ်သည့် အပြာရောင် ဂါဝန်ရှည်ကိုဝတ်ဆင်ထားသော ကမ္ဘာပေါ်ရှိ ပြိုင်ဘက်ကင်း အလှနတ်သမီးလေးကို ကြည့်ကာ ထီမထင်ဟန်ဖြင့် ပြောလိုက်သည်။

"မုန့်ရွှယ်ရွှယ်.. မင်းရဲ့ ခွန်အားက သူတို့ သုံးယောက်ထက် ပိုပြီးအားကောင်းတယ် ဆိုတာ ငါသိတယ်.. မင်းသာ နတ်ဝိညာဥ်ဘုရင်နယ်ပယ် အဆင့်ကို ထိုးဖောက်နိုင်ခဲ့ရင် ငါမင်းကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့ရလိမ့်မယ်.. ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ပကတိအင်ပါယာတစ်ပိုင်းရဲ့ သွေးအဆီအနှစ်ကို ငါနဲ့ယှဥ်လုဖို့ အတွက် မင်းမှာ အရည်အချင်း မပြည့်မီသေးဘူး"

"ပကတိအင်ပါယာ တစ်ပိုင်းရဲ့ သွေးအဆီအနှစ်က စစ်ပွဲတစ်ခုကို ကျိန်းသေဖြစ်စေမှာပဲ.. ဒါ့အပြင် နတ်ဝိညာဥ်ဘုရင်အဆင့်နယ်ပယ်ကို ထိုးဖောက်ခဲ့တဲ့ ရှင်က ဘယ်လောက်ထိ အစွမ်းထက်လဲ ဆိုတာ ကျွန်မ စမ်းကြည့်ချင်သေးတယ်"

မုန့်ရွှယ်ရွှယ်က စကားဆုံးသည်နှင့် အလွန် ကြောက်မက်ဖွယ်ကောင်းသော ဘုရင့်စိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သည်။

မုန့်ရွှယ်ရွှယ်ထံမှ ထွက်ပေါ်လာသော ဘုရင့်စိတ်ဆန္ဒကို ခံစားမိလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။

လင်ရှီမြို့သည် ဝိညာဥ်လမ်းစဥ်ကို လေ့ကျင့်ရာတွင် သူတော်စင်မြို့တော် လေးမြို့ထဲတွင် အကောင်းမွန်ဆုံးဖြစ်သည် ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်မှုရှိပေသည်။

ဆိုရလျှင် မုန့်ရွှယ်ရွှယ်သည် နတ်ဝိညာဥ်ဘုရင်နယ်ပယ်အဆင့်ကို မထိုးဖောက်ရသေးလျှင်ပင် သူမ၏ ဝိညာဥ်စွမ်းအားသည် နတ်ဝိညာဥ်ဘုရင် နယ်ပယ် တတိယအဆင့်နှင့် ယှဥ်နိုင်နေပြီ ဖြစ်သည်။

မုန့်ရွှယ်ရွှယ်သည် အင်ပါယာလင်၏ သွေး မပါဝင်သည့် အင်ပါယာလင်၏ မျိုးဆက် မဟုတ်ဟု ဆိုကြသည်။

သို့တိုင် သူမသည် လင်ရှီမြို့တော်၏ ပါရမီရှင် များစွာကို ကျော်ဖြတ်နိုင်ခဲ့ပြီး သူမ၏ဝိညာဥ်ကို ဤအဆင့်ထိ လေ့ကျင့်နိုင်ခဲ့သည်။

"ဝိညာဥ်လမ်းစဥ်ကို ကျင့်ကြံတဲ့ ဒီအမျိုးသမီးရဲ့ပါရမီက တကယ်ကို ထူးခြားတာပဲ"

ကျန်းချန်က သူ၏မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်သည်။

"ကောင်လေး မင်းဘာသိလို့လဲ.. ဒီကောင်မလေးက ဝိညာဥ်အင်ပါယာရဲ့ သွေးမျိုးဆက် မဟုတ်ပေမဲ့ ကောင်းကင်ဝိညာဥ် ခန္ဓာကိုယ် ပိုင်ရှင်ပဲ.. ငါတို့ခေတ်တုန်းကတောင် ဒီလို ခန္ဓာကိုယ်မျိုးက လူတစ်သန်းတစ်ယောက်ပဲ ရှိတယ်.. ဒီခန္ဓာကိုယ်ရဲ့ ပိုင်ရှင်တွေက အင်ပါယာနယ်ပယ်အဆင့်က ကျင့်ကြံသူတွေရဲ့ သွေးစွမ်းအားထက် လုံးဝ မနိမ့်ကျဘူး"

ထိုအချိန်တွင် သွေးမြစ်သည် ကျန်းချန်၏ စိတ်ထဲကနေ ရုတ်တရက် ပြောလိုက်သည်။

"ကောင်းကင်ဝိညာဥ်ခန္ဓာကိုယ် ဟုတ်လား"

ကျန်းချန်က အံ့သြတုန်လှုပ်သွားခဲ့သည်။

အခန်း(၁၀၈၀)ပြီး၏။

All Chapters