အခန်း (၁၇၅)
Vol. 13 Ch. 175
ဝတ္ထုတွေထဲမှာ ဟိတ်ဟန်မထုတ်ရဘဲ မျက်နှာကြည့် ဖြတ်ရိုက်ခံနေရတဲ့ ဇာတ်လိုက်ကို တွေ့ဖူးလို့လား? အခု ဝတ္ထုမှာ ယဲ့ဖန်းရဲ့ ဇာတ်လိုက်အနေနဲ့ ဘဝက တော်တော်လေး ဆိုးရွားနေပြီ။ သူ့ကို လုံခြုံရေးလေး ပေးဖြစ်ခိုင်းပြီး ပျော်ခိုင်း လိုက်သင့်တယ်မလား?
ယန်ရှောင်းရွှယ်ရဲ့ စကားကို လင်းဖေးဟန် ခေါင်းညိတ်ပြလိုက်သည်။
ဇာတ်လိုက်အကြောင်းက အများကြီး ပြောလို့ မကောင်းဘူး။ အရှေ့က ယန်ရှောင်းရွှယ်ကလဲ ဇာတ်လိုက်အရှိန်အဝါရဲ့ ဆွဲဆောင်မှုကို တစ်ခါ ခံထားရတဲ့သူပဲ။ ဘယ်လိုဆိုးတဲ့ ဆိုးကျိုးတွေ သက်ရောက်သွားမလဲ ဘယ်သူပြောနိုင်မှာလဲ? လုံခြုံတဲ့ဘက်ခြမ်းကပဲ ဆော့သင့်သည်လေ။
လင်းဖေးဟန် အပြုံးတစ်ခုနဲ့ပဲ အခု အခြေအနေကနေ ခြေတစ်လှမ်း ဆုတ်ပေးလိုက်သည်။
“ တစ်ကယ်တော့ ကျွန်တော် ဒီကိစ္စကို အကြမ်းဖျင်းပဲ နားလည်ခဲ့တာပါ။ အဆင်ပြေပါတယ်။ တစ်ကယ်လို့ မင်းမှာ ခံစားချက် ရှိနေတယ်ဆိုရင်တောင် ဒါက ထိန်းချုပ်လို့ရတဲ့ ကိစ္စမှ မဟုတ်တာပဲ။ ပြောရရင် ခံစားချက်ဆိုတဲ့အရာကလဲ ရှုတ်ထွေးတယ်လေ”
ယန်ရှောင်းရွှယ် ပျော်ရွှင်စွာပဲ တိုက်ရိုက် ပြောလာသည်။
“ စိတ်မပူပါနဲ့။ မစ္စတာလင်း ကျွန်မ သေချာပေါက် အလုပ်ကြိုးစားမှာပါ!”
ယန်ရှောင်းရွှယ် ခိုင်မာတဲ့ စကားတစ်လုံးမှ မပြောခဲ့ပေမဲ့ သူမရဲ့ တည်ကြည်နေတဲ့ မျက်လုံးနဲ့ မျက်နှာအမူအရာကနေ သူမရဲ့ ခံစားချက်ကို ဖော်ပြနေသည်။ ဒီကာလ အတွင်းမှာ သူမ သေချာပေါက် ယဲ့ဖန်းကို ကြွေတော့မှာ မဟုတ်ဘူး!
လင်းဖေးဟန် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်နားကို သွားလိုက်သည်။ အနည်းငယ် ပြုံးလိုက်ရင်း စိတ်ပါလက်ပါပြောလိုက်သည်။
“ ဘဝဆိုတာ အဘက်ဘက်ကနေ ပြည့်စုံဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုပေမဲ့ အရမ်းကြီး မပြည့်စုံတာမျိုးကျလဲ မကောင်းဘူး။ တစ်ခါတစ်လေကျ မဖြစ်မနေ ရွေးချယ်မှု လုပ်ရတာတွေရှိတယ်။ လူသားတွေရဲ့ လုပ်နိုင်စွမ်းက အကန့်သတ်မရှိဘူး။ ကျွန်တော် မင်းဆီကနေ အဆုံးမဲ့တဲ့ ဖြစ်နိုင်ချေတွေကို မြင်ရတယ်”
“ နောက်တစ်စက္ကန့်မှာ ဘာတွေ ဖြစ်သွားမလဲ ဘယ်သူမှ ကြိုမပြောနိုင်ဘူး!”
လင်းဖေးဟန်ရဲ့ လေသံက စတင်တည်ငြိမ်သွားသည်။ သူ့ရဲ့ စကားတွေက ယန်ရှောင်းရွှယ်ကိုကော၊ အပြင်ဘက်မှာ ရှိတဲ့ လူတွေကိုပါ မြင်ပြီးပြောနေခဲ့သည်။
ဘာလို့ဆို ပထမထပ်က စားသောက်ဆိုင်မှာ စားသောက်နေတဲ့ ယဲ့ဖန်းကို မြင်သွားလို့လေ။
ယဲ့ဖန်း ရှိတဲ့နေရာမှာ တစ်ခုခုတော့ ဖြစ်တော့မှာပဲ။ လင်းဖေးဟန် တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။
လင်းဖေးဟန် ဖုန်းထုတ်ကာ အားသောင်နဲ့ ဝမ်တကုံကို မက်ဆေ့ လှမ်းပို့လိုက်သည်။ ထို့နောက်မှာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ အခွင့်အရေးရရင် မင်း ကျွန်တော်နဲ့ အတူ တစ်ခန်းထဲမှာထိုင်ပြီး အစည်းအဝေး လုပ်ရဖို့ မျှော်လင့်ပါတယ်”
လင်းဖေးဟန်ရဲ့ အသံက မကျယ်ပေမဲ့ မနက်ခင်းနဲ့ ညနေခင်းအလှကြားမှာ တီးခတ်သွားတဲ့ သာယာတဲ့ သံစဥ်တစ်ခု လိုမျိုး ယန်ရှောင်းရွှယ်ရဲ့ နှလုံးသားထဲထိ စီးဝင်သွား ခဲ့သည်!
ဟုတ်တယ်၊ ဘဝဆိုတာ ပြီးပြည့်စုံတာ မရှိဘူး။ ထာဝရ ပျော်ရွှင်ရတယ်ဆိုတာ ပိုတောင် မရှိဘူး။ ပျော်ရွှင်မှု တစ်ခုဆီအတွက် ပိုများတဲ့ ဒုက္ခတွေပဲရှိပြီး ထာဝရ ဆိုတဲ့ စကားလုံးက မတည်ရှိတဲ့အရာပဲ။
ဘဝဆိုတာ အမြဲနောင်တတွေပဲ ချန်ပေးတယ်။
ဒါပေမဲ့ ဘဝမှာအရေးကြီးဆုံးက ရည်မှန်းချက်ပဲ။ ငါတို့ဘာအတွက် ရှင်သန်နေလဲ ငါတို့သိဖို့လိုတယ်။
ဘဝရဲ့ အဓိပ္ပါယ်က ဘာလဲ?
ရှင်သန်ဖို့ အသက်ရှင်နေတာလားငါတို့က?
ဒါမှမဟုတ် အသက်ရှင်ဖို့အတွက် ရှင်သန်နေရတာလား?
မင်း ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့မှပဲ မင်းရဲ့ အချိန်တွေ၊ ခုနှစ်တွေကို မဖြုန်းတီးခဲ့ပါဘူးလို့ မင်း ရဲရဲကြီးပြောရဲမှာ!
ယန်ရှောင်းရွှယ်သည် လုကုမ္ပဏီတွင် ကောလိပ်မှ ဘွဲ့ရတည်းက အလုပ်ဝင် ခဲ့သည်။ သူမရဲ့ အကောင်းဆုံး ငယ်ရွယ်မှုတွေကို ကုမ္ပဏီမှာ ပေးဆပ် ထားခဲ့သည်။ ဒီတော့ သူမ တစ်ကယ်လိုချင်ခဲ့တဲ့ အရာကဘာလဲ?
ယန်ရှောင်းရွှယ်ရဲ့ လက်သီးတွေ တင်းကျပ်သွားသလို လေသံသည်လဲ တည်ငြိမ်သွားသည်။ ဒီတစ်ကြိမ် သူမ အလုပ်ကြိုးစားရမယ်လို့ ဆုံးဖြတ်လိုက်သည်။ ယန်ရှောင်းရွှယ် ပြောလာသည်။
“ သူဋ္ဌေးလင်း ကျွန်မက ကြိုးစားရမှာကို မကြောက်ဘူး။ ပြီးတော့ ကျွန်မ ဝမ်းနည်းရမှာလဲ မဟုတ်ဘူး”
“ ကျွန်မ အလုပ်ကြိုးစားမှာပါ!”
လင်းဖေးဟန် တစ်ခုခု ပြန်ပြောမလို့ လုပ်ချိန်မှာပဲ အပြင်ဘက်ကနေ ‘ဘန်း’ ဆိုတဲ့ အသံကိုကြားလိုက်ရပြီး စားသောက်ဆိုင် တစ်ခုလုံးရဲ့ မီးတွေ ပျက်ကျသွားသည်။
အဲ့ဒါ သေနတ်သံပဲ! မကောင်းတော့ဘူး၊ အန္တာရာယ်ရှိတယ်!
လင်းဖေးဟန် အနည်းငယ် လန့်သွားသည်။ အကြောင်းမရှိလဲ သေနတ်သံမကြားရဘူး ဆိုတာ သူကောင်းကောင်းသိသည်။ ပြဿနာ တစ်ခုခု ရှိနေတာပဲ။
တစ်ဖက်လူက မိန်းဘုတ်ခုံကို အတိအကျရှာပြီး တစ်ချက်ထဲနဲ့ ပစ်လိုက်နိုင်တယ်ဆိုတော့ ဒီအလုပ်တွေနဲ့ ရင်းနီးနေကျ လူလို့ ဆိုလိုတာပဲ။ တစ်ဖက်လူက လုပ်ကြံသူ ဖြစ်နိုင်တယ်!
ဒါပေမဲ့ ဒီလူက ငါ့ကိုသတ်ဖို့လာတာလား? ယဲ့ဖန်းကို သတ်ဖို့လာတာလား?
အသိအသာကို ယဲ့ဖန်းကို လာသတ်နိုင်ချေက မမြင့်ဘူး။
တစ်ဖက်က ဘယ်သူပဲ ဖြစ်ဖြစ် ယဲ့ဖန်းဆိုတာ ကံတရားရဲ့သားတော်ပဲ။ သူ့ရဲ့ လုပ်နိုင်စွမ်းက မြင့်တယ်။ သူ အန္တာရာယ် ကြုံရရင်တောင် လုံခြုံစွာ လွတ်သွားနိုင်ချေက ပိုလို့တောင် မြင့်သေးတယ်။
ငါက မတူဘူး။ ငါက ဇာတ်လိုက်ဆီမှာ အသတ်ခံရမဲ့ ကံကြမ္မာနဲ့ကောင်ပဲ။ ဒီတစ်ကြိမ်မှာ ငါ့ရဲ့သေနိုင်ချေက မြင့်တယ်!
ထိုအချိန်မှာ အပြင်ဘက်က လူတွေက မတုံ့ပြန်ကြသေးပေ။ အစောပိုင်းက အသံက ဖျူးစ် ပေါက်ကွဲပြီး ထွက်လာတဲ့အသံလို့ပဲ ထင်နေကြသည်။
“ ဘာလို့ မီးမလာတော့တာလဲ?”
“ ဘာဖြစ်သွားတာလဲ?”
“ ဆိုင်ရှင်? စားပွဲထိုး? မင်းတို့ အလုပ်ကို ဘယ်လိုလုပ်နေတာလဲ?”
သေနတ်ဆိုတာ သာမာန်ပြည်သူနဲ့ အလှမ်းဝေးတဲ့ အရာပဲ။ အလွန်ဆုံးရှိမှ ရုပ်ရှင်ထဲမှာ မြင်ဖူးရုံပဲ ရှိကြမှာ။ သေနတ်သံဆိုတာ သာမာန် မီးပွင့်တဲ့ အသံနဲ့ အတူတူပဲဆိုတော့ တစ်ခါမှ သေနတ်သံ အစစ်ကို မကြားဖူးတဲ့သူတွေအနေနဲ့ တွေးမိကြမှာ မဟုတ်ဘူး။
ဒါပေမဲ့ အမြန်တုံ့ပြန်နိုင်ကြပြီး အော်ဟစ် နေတဲ့ လူတစ်ချို့လဲ ရှိသည်။
“ ဘုရားရေ သေနတ်ပစ်တာပဲ! အမြန် အောက်ငုံ့ကြ!”
သေနတ်သံကို ကြားကြားရချင်းက လူတွေက ဘာမှသိပ်မဖြစ်သေးဘူး။ ထိုလူရဲ့ စကားအဆုံးမှာ ကြောက်တတ်တဲ့ လူတွေရဲ့ အော်ဟစ်သံတွေ ထွက်ပေါ်လာပြီး တိတ်ဆိတ်နေတဲ့ လူအုပ်သည် လုံးဝ ဝရုန်းသုန်းကား ဖြစ်ကုန်သည်။ အကုန်လုံးက ထွက်ပေါက်ဘက်ကို အလန့်တကြား ပြေးကြတော့သည်။
အခန်းတစ်ခုလုံး အလွန်မှောင်မဲနေတာကြောင့် ယန်ရှောင်းရွှယ်ရဲ့ ပုံရိပ်ကို လင်းဖေးဟန် ဝေဝါးဝါးပဲ မြင်နိုင်သည်။ နေရာ အတိအကျကို သိနိုင်ဖို့ မလွယ်ကူလှဘူး။
ယန်ရှောင်းရွှယ်ရဲ့ လေသံသည် ကြောက်လန့်ပြီး စိတ်လှုပ်ရှားနေကာ သူမ တုန်ယင်စွာ မေးလာသည်။
“ ဘာဖြစ်နေတာလဲ? မစ္စတာလင်း”
ယန်ရှောင်းရွှယ်ရဲ့ အသံနောက်ကို လင်းဖေးဟန် လိုက်ရှာလိုက်သည်။ ယန်ရှောင်းရွှယ်ကို တန်းပြီး သူ့ရဲ့ လက်မောင်းထဲ သွင်းလိုက်သည်။
ယန်ရှောင်းရွှယ်ရဲ့ကိုယ်က ချက်ချင်းပဲ တုန်သွားပြီး တစ်ကိုယ်လုံး တောင့်တင်သွားသည်။ သူမရဲ့ အသက်ရှုသံပင် အလွန်မြန်လာသည်။
“ သူဋ္ဌေးလင်း.. ရှင်.. ရှင်”
လင်းဖေးဟန် ယန်ရှောင်းရွှယ်ကို ဖြတ်ပြောလိုက်သည်။
“ ရှူး စကားမပြောနဲ့။ သေနတ်သံကြားလိုက်တယ်။ တစ်ယောက်ယောက် ကျွန်တော့်ကို သတ်ဖို့ လူသတ်သမားငှားထားတယ်လို့ သံသယ ရှိနေတယ်”
ထိုစကားကိုကြားတော့ ယန်ရှောင်းရွှယ် အလွန်အမင်း ကြောက်လန့်ပြီး တုန်ယင်သွားသည်။
“ သူတို့က သူဋ္ဌေးလင်းကို ဘာလို့သတ်ချင် နေတာလဲ?”
လင်းဖေးဟန် ခါးသက်စွာ ပြုံးလိုက်ကာ
“ တစ်ခါတစ်လေ ပိုက်ဆံချမ်းသာတဲ့ သူတွေက ကိုယ့်ကိုယ်ကို မထိန်းနိုင်ကြဘူး။ လူတစ်ချို့ကို စိတ်တိုအောင်ဆွမိနိုင်တယ်။ ဒါက ရှောင်လွှဲလို့ မရတဲ့အရာတွေပဲ!”
“ သူဋ္ဌေးလင်း ရဲခေါ်လိုက်ရအောင်!”
ယန်ရှောင်းရွှယ် ဖုန်းထုတ်လိုက်ပေမဲ့ လင်းဖေးဟန်ဆီကနေ လုယူခံလိုက်ရသည်။
“ မင်း ဖုန်းဖွင့်လိုက်လို့ မဖြစ်ဘူး။ တစ်နေရာလုံးက မှောင်မဲနေတာ။ ဖုန်းဖွင့်လိုက်တာနဲ့ ကိုယ့်ရဲ့နေရာကို ဖော်ထုတ်မိသလို ဖြစ်သွားမယ်။ ဒီ လူသတ်သမားက အမှောင်ထဲမှာ ပစ်မှတ်ကို သတ်ဖို့ လေ့ကျင့်ထားတဲ့ပုံပဲ။ ဖုန်းကို ချထားလိုက်။ ဝင်ပေါက်ကိုလဲ ပိတ်ထားတယ်ဆိုတော့ သူတို့က အမှောင်ထုနဲ့ ကျင့်သားရနေတဲ့သူတွေပဲ ဖြစ်ရမယ်”
ယန်ရှောင်းရွှယ် မေးလိုက်သည်။
“ လင်း.. မစ္စတာလင်း ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ?”
လင်းဖေးဟန် တိုးတိုးလေး ပြောလိုက်သည်။
“ အခု ရွေးစရာနှစ်ခုပေးမယ်။ တစ်ခုက ဒီမှာနေခဲ့။ လူသတ်သမားရှာနေတဲ့သူက ကျွန်တော်ပဲ။ မင်းသူ့ကို ဒေါသထွက်အောင် မလုပ်သရွေ့ သူမင်းကို ထိခိုက်အောင် လုပ်မှာမဟုတ်ဘူး။ ကျွန်တော် လူသတ်သမားနဲ့ ရင်ဆိုင်နေတုန်းမှာ မင်း အခွင့်အရေးရှာပြီး အပြင်ထွက်လို့ရတာနဲ့ ရဲကိုခေါ်လိုက်။ စိတ်မပူပါနဲ့။ ကျွန်တော့်ရဲ့ သက်တော်စောင့် နှစ်ယောက်ကို ဆက်သွယ်ထားပြီးပြီ။ သူတို့ အခုဆို ရောက်နေလောက်သင့်ပြီ။ မင်း သူတို့နဲ့ တွေ့တာနဲ့ မင်း လုံခြုံသွားမှာ”
“ ဒါမှမဟုတ် ဒုတိယတစ်ခုက မင်းနဲ့ ကျွန်တော်နဲ့ အတူသွားမယ်။ ဒါပေမဲ့ လုံးဝခွဲလိုက်လို့မရဘူးနော်။ သေရင်တောင် နှစ်ယောက်လုံးသေနိုင်တယ်။ ဒီတစ်ခုက အန္တာရာယ်များတယ်။ မင်း ကိုယ့်ဘာသာ ဆုံးဖြတ်ပါ!”