အခန်း (၁၇၄)
Vol. 13 Ch. 174
လင်းဖေးဟန် ပြုံးလိုက်သည်။ ဒီမိန်းကလေး မဆိုးဘူး။
သူမ ကျေးဇူးတွေတင်ပြီး အရမ်းယဥ်ကျေးမှု ပြနေလဲ သူ စိတ်ဆိုးမှာ မဟုတ်ဘူးဆိုပေမဲ့ အခုလို သက်သက်သာသာ ခံစားချက်ကို ရမှာတော့ မဟုတ်ဘူး။
လင်းဖေးဟန် ရှက်ရွံ့သလို ဟန်ဆောင်ရင်း ပြုံးလိုက်ကာ
“ ကျွန်တော်တည့်ကြီး ပြောမိသွားရင် စိတ်မရှိပါနဲ့။ ဒီလိုပါ၊ မနေ့က မစ္စလုက ထူးဆန်းတဲ့ လူငယ်ကောင်လေး တစ်ယောက်နဲ့ ဆုံခဲ့ပြီး အဲ့ဒီသူက မင်းနဲ့အဆက်အသွယ် ရှိနေတာကို တွေ့ခဲ့တယ်။ မစ္စလု စစ်ဆေး လိုက်တဲ့အချိန်မှာ အဲ့ဒီလူက အင်တာဗျူး မဖြေဘဲ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုကို တိုက်ရိုက်ဝင်ဖြေခဲ့တာကို တွေ့ခဲ့တယ်…”
လင်းဖေးဟန် ခဏ ရပ်လိုက်သည်။ ဒီမှာ နှစ်ထောင်ချီ သက်တမ်းရှိတဲ့ မြေခွေးအိုတွေ အများကြီးရှိတယ်။ ငါ စည်းမျဥ်စည်းကမ်းကို နားလည်ပါတယ်! လင်းဖေးဟန် အကြာကြီး ရပ်တန့်ပြီးမှ ဆက်ပြောလိုက်သည်။
“ မင်းရဲ့ အကြောင်းအရင်းကို ကျွန်တော် ပြောနေတာမဟုတ်ဘူး။ ပြောရရင် မင်းလဲ တတ်နိုင်တာမျိုး မဟုတ်ဘူးလေ။ ရာထူးကို သုံးပြီး မင်းရဲ့အနီးအနားက လူတွေကို အလုပ်ရအောင် မင်းလဲ လုပ်ချင်မှာပေါ့။ ဒီလို ကုမ္ပဏီကြီးမှာအခုလို ကိစ္စဆိုတာ နေ့စဥ်ဖြစ်ရပ်လိုမျိုး အဖြစ်များတဲ့အရာပဲ။ အကုန်လုံးကို လိုက်ဖမ်းဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမှမဟုတ်ဘူး။ အထက်လူတွေကလဲ ဒီတော့ မျက်ကွယ်ပြုပေးထားတယ်။ ဒါတွေက ပုံမှန်ပါပဲ”
လင်းဖေးဟန် စကားလမ်းကြောင်း ပြောင်းလိုက်ကာ
“ ဒါပေမဲ့ ငါနဲ့ လုရွှယ်ယင်နဲ့ စိတ်အပူဆုံး ကိစ္စက မင်းရဲ့ အလုပ်အကိုင်ကို သူ့ကြောင့်နဲ့ အနှောက်အယှက်ခံရမှာကိုပဲ”
“ နှောက်ယှက်ခံရမယ်?”
ယန်ရှောင်းရွှယ် သတိလက်လွတ် သူမရဲ့နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ လင်းဖေးဟန် ဘာကိုဆိုလိုချင်လဲ သူမ သေချာ မသိဘူး။
ထိုအချိန်မှာ စားပွဲထိုးလေး ရောက်လာပြီး ဟင်းပွဲများ လာချပေးခဲ့သည်။
ဒါကိုမြင်တော့ လင်းဖေးဟန် စကားဆက် မပြောတော့ပေ။ ဒါက စားပွဲဝိုင်း ယဥ်ကျေးမှုပဲလေ။
လင်းဖေးဟန် ဒီကိစ္စကို ဆက်မပြောတော့ဘူး။ ယန်ရှောင်းရွှယ်ရဲ့ ဉာဏ်ရည်နဲ့ သူ ဘာကို ဆိုလိုချင်လဲ တစ်ဖြည်းဖြည်း သဘောပေါက် သွားမှာပဲ။
ငါ မပြောရင်တောင်မှ ဒါ ယန်ရှောင်းရွှယ်ရဲ့ ကိစ္စ ဖြစ်သွားပြီ။ သူမ လုကုမ္ပဏီမှာ ဆက် အလုပ်လုပ်ချင်သေးရင် သူမဘာသာ အဖြေရှာပြီး ကုမ္ပဏီအတွက် စိတ်ပြတ်မှုကို ပြပေးရမှာပေါ့။
ဒီတော့ ယန်ရှောင်းရွှယ်မှာ သေချာပေါက် ရွေးစရာ မရှိတော့ဘူး။
တစ်ခါတစ်လေ တိတ်ဆိတ်ခြင်းက ပွင့်ပွင့်လင်းလင်း ထုတ်ပြောတာထက် ပိုကောင်းသည်။ ဒါက စကားပြောခြင်းဆိုင်ရာ သီအိုရီပဲ။
ငါ တစ်ကယ်ကို ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောပစ်လိုက်လဲရတယ်။
ဒါပေမဲ့ လူသားတွေရဲ့ စိတ်ဆိုတာ မှန်းရ အခက်ဆုံးအရာပဲ။
အကယ်လို့ငါ့မှာ ရွေးစရာ ရှိခဲ့ရင် ငါအခုလို သူမကို ရွေးချယ်ခိုင်းမှာ မဟုတ်ဘူး။
လင်းဖေးဟန်ရဲ့ ဘဝပေးမိုတီက ဘာလဲ သိတယ်မလား!
လင်းဖေးဟန် ခပ်ဖွဖွ ပြုံးပြီ လက်တစ်ဖက်ကို ယမ်းလိုက်ကာ
“ ကဲဟုတ်ပြီ အရင် ညစာစားလိုက်ကြရအောင်။ ပြီးရင် လမ်းခဏလျှောက်ပြီး စကားပြောကြ မယ်လေ”
တရုတ်ရဲ့ အလေ့အထတွင် ညစာဝိုင်း၌ စီးပွားရေး အကြောင်း ဆွေးနွေးတတ်ပေမဲ့ အနောက်တိုင်း ယဥ်ကျေးမှုမှာတော့ ဒါမျိုး မရှိဘူး။
ဒါပေမဲ့ အခု အကြောင်းအရင်းကတော့ လင်းဖေးဟန် အနောက်တိုင်း ယဥ်ကျေးမှုကို အလေးထားလို့ဆိုတဲ့ ကြီးကြီးကျယ်ကျယ် အပြုအမူတွေကြောင့် မဟုတ်ပါဘူး။ လင်းဖေးဟန် ဒီတိုင်းပဲ ဟင်းတွေကို မြည်းကြည့်ချင်နေလို့ပင်။ဟင်းတွေလဲ မြည်းကြည့်ရင်း အပြင်ဘက်က လင်းရှောင်ဝေ့ရဲ့ နားထောင်ကောင်းလှတဲ့ သီချင်းသံမှာ ဇိမ်ခံချင်လို့ ဖြစ်သည်။
အပြင်ဘက်တွင် လင်းရှောင်ဝေ့ သီချင်း ဆက်ဆိုနေခဲ့ပေမဲ့ ‘တောင်ပိုင်းသူ’ တော့ မဟုတ်ပေ။
လင်းဖေးဟန် စိတ်ထဲမှ လင်းရှောင်ဝေ့ကို ချီးကျူးမိသည်။ ဘယ်သူမှ ကိုယ်တိုင် ရေးထားတဲ့ သီချင်း ဒါဇင်ကျော်လောက်နဲ့ ရှေ့မထွက်နိုင်ဘူးလေ။ အခုလို လက်ရာမြှောက်တဲ့ သီချင်းကို ရေးနိုင်တာကိုက အံ့အားသင့်ဖို့ ကောင်းလွန်နေပြီ။ လင်းရှောင်ဝေ့က ဖြေးဖြေးမှန်မှန်ဆိုတဲ့ ဆောင်ပုဒ်ကို နားလည်သေးသားပဲ။
ကြည့်ရတာ ငါတို့ လင်းမျိုးရိုး ရှိတဲ့သူတွေက ဗီဇမှာကိုက ဉာဏ်ကောင်းတာ ပါလာတာ ထင်တယ်။
လင်းဖေးဟန် လင်ကိုင်ပုဝါကို ချည်လိုက်သည်။ ထို့နောက်တွင် တစ်ဖက်က ခက်ရင်းနဲ့၊ တစ်ဖက်က ဓားကိုကိုင်ပြီး စိတ်ပါလက်ပါ စားသောက်ဖို့ လုပ်လိုက်သည်။.
အခုအချိန်မှာ ယန်ရှောင်းရွှယ်ရဲ့ နှလုံးသားထဲတွင် သံသယများစွာ ရှိနေသည်။ ဒါပေမဲ့ သူမရင်ထဲက ခံစားချက်တွေကို ဖိနှိပ်ရင်း စားဖို့ပြင်လိုက်သည်။
ဒီလိုနဲ့ စားပွဲဝိုင်းသည် ပြောစရာတို့ ယာယီ ပျောက်ဆုံးနေခဲ့သည်။
လူနှစ်ယောက်လုံးသည် အတွေးကိုယ်စီနဲ့ အလုပ်ရှုတ်နေကြသည်။
လင်းဖေးဟန်က ဒီကမ္ဘာရဲ့ နောက်ထပ် အပိုဇာတ်ဆောင်မင်းသားကို ဘယ်လို ဖြေရှင်းရမလဲ ကြံစည်နေသည်။ ဒီကောင့်ကို ယဲ့ဖန်းဘက်ကို ပြေးသွားခိုင်းခွင့် ပေးလိုက်လို့ မဖြစ်ဘူး။ အဲ့ဒီနှစ်ယောက်သာ ပူးပေါင်း လိုက်လို့ကတော့ ငါလေး အသက်ရှင် နိုင်ပါအုံးမလား?
ယန်ရှောင်းရွှယ်ကလဲ လင်းဖေးဟန်ရဲ့ စကားတွေကို ပြန်တွေးနေခဲ့သည်။
စားသောက်ရင်း တစ်ဝက်မှာမှ ယန်ရှောင်းရွှယ် သဘောပေါက်သွားသည်။ မစ္စတာလင်းက သူမနဲ့ ယဲ့ဖန်းနဲ့ ဒိတ်နေတယ်လို့ အထင် လွဲနေတာလား?
ယန်ရှောင်းရွှယ် သည်းမခံနိုင်စွာ လင်းဖေးဟန်ကို မေးလိုက်သည်။
“ မစ္စတာလင်းက ကျွန်မ အလုပ်ကနေ အနှောက်ယှက်ခံရပြီး အလုပ်မှာ အာရုံမစိုက်နိုင်မှာ စိုးရိမ်နေတာလား?”
ယန်ရှောင်းရွှယ်ရဲ့ ခေါင်းလေးစောင်းရင်း လင်းဖေးဟန်ရဲ့ မျက်နှာကိုစိုက်ကြည့်ပြီး နူးညံ့စွာ မေးခွန်းထုတ်လိုက်သည်။
လင်းဖေးဟန် စားနေတာကိုရပ်ပြီး လက်ကိုင်ပုဝါနဲ့ အရင်ပါးစပ်သုတ်လိုက်သည်။
ဒီအချိန်မှာ ငါက ဂျန်းတဲလ်မန်း ဆန်တဲ့ အပြုအမူတွေ ပြအုံးမှပေါ့။
လင်းဖေးဟန် ခေါင်းညိတ်လိုက်ပြီး
“ ဟုတ်တယ်၊ မင်း အနာဂတ်ကျရင် အရမ်းကို အလုပ်များနိုင်တယ်။ မင်း မကြာခဏ အလုပ်ခရီးသွားရနိုင်သလို နားချိန် တော်တော်လေး နည်းသွားနိုင်တယ်။ ဒီတော့ မင်း ပြင်ဆင်ထားနိုင်ဖို့ မျှော်လင့်တယ်”
လင်းဖေးဟန် သူမကို အာရုံစိုက်စေချင်တဲ့ ကိစ္စကို ယန်ရှောင်းရွှယ် ဖြည်းဖြည်းချင်း သဘော ပေါက်သွားသည်။ ယန်ရှောင်းရွှယ် မတတ်နိုင်စွာ အနည်းငယ် ရယ်ချင်သွားသည်။ အခုလို ကိစ္စလေးက မစ္စလုနဲ့ မစ္စတာလင်းကို အာရုံစိုက်အောင်လုပ်နိုင်မယ် မထင်ခဲ့ဘူး။ စိတ်ဝင်စားဖို့ ကောင်းသားပဲ။
ယန်ရှောင်းရွှယ် အမြန်ပြောလိုက်သည်။
“ မစ္စတာလင်း နားလည်မှု လွဲနေပြီထင်ပါတယ်။ ကျွန်မနဲ့ မနက်က တွေ့ခဲ့တဲ့ အဲ့ဒီလူနဲ့မှ ဘာဆက်ဆံရေးမှ မရှိပါဘူး။ အဲ့ဒါကကျွန်မတို့ရဲ့ လေးကြိမ်မြှောက် ဆုံဖူးခြင်းဆိုပေမဲ့ အတူကုန်ဆုံးခဲ့တဲ့ အချိန်က လေးနာရီတောင် မရှိသေးတာမို့ သာမာန် အသိ အဆင့်ပဲရှိတယ်”
အခုလို ပြောပြီးနောက်မှာ ယန်ရှောင်းရွှယ် ထပ်ပြီး စိတ်ပူသွားသည်။ သူမက စိတ်တိုင်းကျ အာဏာကို အလွဲသုံးစား လုပ်တယ်လို့ လင်းဖေးဟန် ထင်သွားလောက်လား?
ယန်ရှောင်းရွှယ် ချက်ချင်းပဲ ထပ်ရှင်းပြလိုက်သည်။
“ ဒီလိုပါ။ ကျွန်မမနေ့က အလုပ်လာတဲ့ အချိန်မှာ မတော်တဆ လူလိမ်မှုတစ်ခုကို ကြုံခဲ့ရတယ်။ ဒါပေမဲ့ ဒီရက်ပိုင်း ကုမ္ပဏီက အလုပ်တွေများနေတော့ နောက်ကျလို့ မဖြစ်တာနဲ့ ပြဿနာနည်းအောင်လုပ်ပြီး ပိုက်ဆံပေးလိုက်လဲ ကိစ္စကြီးတွေကို ရှောင်နိုင်တာပေါ့လို့ တွေးပြီးပေးဖို့ လုပ်ခဲ့တယ်။မထင်ထားစွာနဲ့ ပိုက်ဆံ ပေးတော့မဲ့ အချိန်မှာပဲ လူငယ်တစ်ယောက်က အရှေ့ထွက်လာပြီး လူလိမ်ကောင်ကို ပညာ ပေးခဲ့တယ်”
“ နောက်တော့ ကျွန်မတို့ ဖုန်းနံပါတ် လဲလိုက်ကြတယ်။ ညနေပိုင်းကျရင် ကျွန်မက ကျေးဇူးတင်တဲ့အနေနဲ့ ညစာလိုက်ကျွေးဖို့ စီစဥ်ထားခဲ့တာပေါ့။ ဒါပေမဲ့ ကုမ္ပဏီကို ရောက်တာနဲ့ အဲ့ဒီလူနဲ့ ထပ်ဆုံရမယ် မထင်ခဲ့မိဘူး”
ထို့နောက်မှာ ယန်ရှောင်းရွှယ် အနည်းငယ် ရှက်ရွံ့စွာ ဆက်ပြောလိုက်သည်။
“ ပြောရရင် ကျွန်မ သတိမထားမိလိုက်တာပါ။ အဲ့ဒီလူကို လုံခြုံရေးခန့်အပ်ရေး အခန်းမှာ တွေ့လိုက်ပြီး သူက ကျွန်မကို ကူညီခဲ့တဲ့ သူလဲဖြစ်တယ်။ ပြီးသူက ပညာအရည်အချင်း ကြောင့်လေးနဲ့ အခက်တွေ့နေခဲ့တာကို မြင်တော့… ကျွန်မ လုပ်ထုံးလုပ်နည်းတွေကို မျက်ကွယ်ပြုပြီး ကျွန်မရဲ့ ရာထူးကိုသုံးပြီး အင်တာဗျူးတဲ့သူတွေကို သီးသန့်ဆက်သွယ် ခဲ့ပါတယ်။ အဲ့ဒီလူကို ပညာအရည်အချင်း စစ်ဆေးမှုပိုင်းကို ကျော်ပေးဖို့တောင်းဆိုခဲ့တယ်”
နားထောင်ပြီးနောက်မှာ ယဲ့ဖန်းနဲ့ ယန်ရှောင်းရွှယ်က အချိန်အကြာကြီး ရင်းနီးမှုရှိခဲ့ပြီး ယဲ့ဖန်းရဲ့ အစီအစဥ်ချထားမှုတွေ မဟုတ်တာကို လင်းဖေးဟန် သဘောပေါက် သွားသည်။ တိုက်ဆိုင်မှုကြောင့်သာ ယဲ့ဖန်းနဲ့ ယန်ရှောင်းရွှယ်နဲ့ တွေ့သွားကြတာပဲ။
ယဲ့ဖန်း ဒီနေရာကို လုံခြုံရေးလျှောက်ဖို့ လာခဲ့မှတော့ သာမာန် ပညာအရည်အချင်း ကန့်သတ်ချက်လောက်က ယဲ့ဖန်းအတွက် ပြဿနာတစ်ခု ဖြစ်လာမှာလဲ မဟုတ်ပါဘူးလေ။
မဟုတ်တောင် ဒီကမ္ဘာရဲ့ ဇာတ်လိုက်ကျော်ကြီးက လုံခြုံရေး ဖြစ်ချင်တာကိုက တော်တော်လွန်နေပြီ။ လုံခြုံရေး အဆင့်အတွက်ပါ အငြင်းခံရမယ် ဆိုရင်တော့ ဟာသကြီးဖြစ်သွားမှာပဲ မလား?