အခန်း (၁၇၈)
Vol. 13 Ch. 178
“ အား ကယ်ကြပါ!”
လင်းဖေးဟန် ကန်လိုက်တဲ့ပုံရိပ်က လှေကားမှ လိမ့်ဆင်းပြီး ပြုတ်ကျနေသည်။
သွားပြီ! ငါလူမှားကန်မိပြီ!
ဒါ လူသတ်သမားမဟုတ်ဘူး။
လူသတ်သမားက ဒီလောက်မညံ့နိုင်ဘူး။
လင်းဖေးဟန် အမြန်ထိုလူကို လက်မောင်းမှ အမြန်ဆွဲလိုက်ကာ ခါးမှဖမ်းထိန်းပြီး တစ်ဖက်ကို လှည့်ချလိုက်သည်။ သူတို့ နှစ်ယောက်လုံးလှေကားရဲ့ တစ်ဖက်ခြမ်းကို လိမ့်သွားကြသည်။
တစ်ချိန်ထဲမှာပဲ ရေကန်ထံ ကျောက်တုံးပြုတ်ကျသံတွေ ဆက်တိုက် သုံးကြိမ်ထွက်လာပြန်သည်။
သူတို့နှစ်ယောက်ရဲ့ဘေးကနေ ကပ်ပြီး နံရံတွေကို မှန်သွားတာ ကံကောင်းတာပဲ!
လင်းဖေးဟန် သေချာကြည့်လိုက်ချိန်မှာ သူ့အရှေ့ကသူက လင်းရှောင်ဝေ့မှန်း ရုတ်တရက် မှတ်မိသွားတော့သည်။
လင်းဖေးဟန် မျက်မှောင်ကြုတ်သွားကာ
“ မင်းဘာလို့ ဒီရောက်နေတာလဲ?”
ထိုအချိန်မှာ ပထမထပ်က သူတွေကတော့ ဆူညံသံတွေကြောင့် လန့်နေဆဲပဲ။ သူတို့ဆီကနေ အသံတွေလဲပိုပြီး ကျယ်လောင်စွာ ထွက်လာခဲ့တာမို့ လင်းဖေးဟန်လဲ စကားပြောရဲသွားသည်။ သူတို့ရဲ့ တည်နေရာကို ဖော်ထုတ်မိမှာ စိုးတာထက်က အခုက လူသတ်သမား အရှေ့ကိုရောက်လာဖို့ အချိန်ပိုင်းလောက်ပဲ လိုတော့သည်!
အခုအချိန်မှာ လင်းရှောင်ဝေ့ကို လင်းဖေးဟန် အနည်းငယ် စိတ်ပူနေဆဲပဲ။ လင်းရှောင်ဝေ့က ပြောရရင် သူ့ရဲ့ပြိုင်ဘက် တစ်ယောက်ပဲ။ လင်းရှောင်ဝေ့မှာ ဇာတ်လိုက်ရောင်ဝါ ရှိနေမလား ဘယ်သူ ပြောနိုင်မှာလဲ?
လင်းရှောင်ဝေ့က ဘာကိုမှ မဖြေကြားလာပေ။ ထိုအစား ပြူးကျယ်နေတဲ့ မျက်လုံးများနဲ့ တုန်ယင်ပြီးကြောက်လန့်ပြနေသည်။ အစောပိုင်းက အဖြစ်အပျက်ကနေ အခုထိ မရုန်းထွက်နိုင်သေးပုံနဲ့ တစ်ခုခုကို ဆက်တိုက် ရွတ်နေသည်..
“ကျိုးသွားပြီ.. ကျိုးသွားပြီ”
ဘေးမှာရှိနေတဲ့ ယန်ရှောင်းရွှယ် နောက်ဆုံးတွင် မနေနိုင်စွာ မေးတော့သည်။
“ နင်ဘာတွေ ကျိုးတယ်မကျိုးဘူး ရွတ်နေတာလဲ?”
“ငါ့ဂီတာကျိုးသွားပြီ!”
လင်းဖေးဟန် ချွေးတွေစီးကျလာသည်။ သူ လင်းရှောင်ဝေ့ကို အားပါပါ ကန်ချလိုက်သည်။
“ တော်တော့၊ အဲ့ဒါက ဂီတာလေးပဲ။ အခု စိတ်ပူသင့်တာ မင်းရဲ့အသက်ကွ၊ ဂီတာ မဟုတ်ဘူး”
လင်းဖေးဟန်ရဲ့ စကားကိုကြားတော့ လင်းရှောင်ဝေ့ အသိပြန်ဝင်လာသည်။
လင်းရှောင်ဝေ့ တည်ငြိမ်အောင်ချက်ချင်း စိတ်ထိန်းလိုက်ပြီး ဂီတာကို ဘေးကို လွှင့်ပစ်လိုက်သည်။
“ ဟုတ်တယ်။ ငါသေလို့မရဘူး။ ငါ မသေသေးသရွေ့ ဂီတာထပ်ဝယ်လို့ရတယ်”
ယန်ရှောင်းရွှယ် အနည်းငယ် သိချင်လာသည်။ အခုလို သေဖို့ကြည့် ရွတ်နေတဲ့ ထူးဆန်းတဲ့ သူမျိုး သူမ မမြင်ဖူးဘူး။
ယန်ရှောင်းရွှယ် မေးလိုက်တော့သည်။
“ နင်သေရမှာ ဒီလောက်ကြောက်လား?”
“ ဒါပေါ့သေရမှာ ကြောက်တာပေါ့။ ငါသေသွားရင် ငါ့အဖေကို ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး။ ငါ့မှာနိုင်ငံခြားကို ဆပ်ရမဲ့အကြွေးတွေ အများကြီးလဲ ရှိသေးတယ်။ ငါသေလို့ မရဘူး။ ငါ အလုပ်ကြိုးစားရမယ်”
လင်းဖေးဟန် ချက်ချင်း မျက်မှောင်ကြုတ် သွားသည်။ လင်းရှောင်ဝေ့ကို သတ်ချင်နေခဲ့တဲ့ အစောပိုင်းက လင်းဖေးဟန်ရဲ့ စိတ်ဆန္ဒတို့က လင်းရှောင်ဝေ့ရဲ့ ပြင်းပြတဲ့ စိတ်ဓာတ်ကြောင့် ယိုင်နဲ့သွားပြီ။ လင်းရှောင်ဝေ့ရဲ့ အားနည်းချက်က သူ့အဖေပဲ။ သူ ဒီအချက်ကို ဆုတ်ကိုင်နိုင်နေသရွေ့ လင်းရှောင်းဝေ့ သူ့အနောက်ကို စိတ်ပါလက်ပါ လိုက်လာအောင် လုပ်နိုင်မှာပဲ။ လင်းဖေးဟန်ချက်ချင်းပဲ မေးလိုက်သည်။
“ မင်းဘာလို့ အပေါ်ကို တက်ပြေးတာလဲ? အောက်ကလူတွေနဲ့ အတူနေတာက ပိုပြီး မလုံခြုံဘူးလား?”
“ ဒုတိယထပ်မှာ အပေါက်တစ်ခုရှိတယ်။ ငါထွက်ပြေးလို့ရတယ်။ ငါရှင်မှဖြစ်မယ်။ အောက်ထပ်ကလုံခြုံတယ်ဆိုပေမဲ့ ငါသေဖို့ ထိုင်မစောင့်နိုင်ဘူး။ ငါ့ရဲ့အသက်ကို သူများလက်ထဲဘယ်တော့မှ မပေးဘူး”
ယန်ရှောင်းရွှယ် ထပ်မေးလိုက်သည်။
“ ဒါဆိုဘာလို့အောက်ထပ်ကသူတွေကိုပါ လွတ်အောင် အတူခေါ်မသွားတာလဲ?”
လင်းရှောင်ဝေ့ မဲ့လိုက်ကာ
“ အောက်ကလူတွေအားလုံးကို ခေါ်သွားရင် ဝန်ကြီးသွားပြီ။ လေထွက်ပေါက်ကနေ တစ်ကြိမ်မှာတစ်ယောက်ပဲ ထွက်လို့ရတယ်။ လူဆိုတာ တစ်ကိုယ်ကောင်းဆန်တဲ့ အမျိုးတွေ။ ငါသာ ပြောပြလိုက်ရင် တစ်ယောက်ပြီးတစ်ယောက် လွတ်မြောက်ဖို့ အပြေးသွားကြလိမ့်မယ်။ ငါအရင်ဆုံး ထွက်နိုင်မှာမဟုတ်ဘူး။ ဒီလိုဆို ငါ အခွင့်အရေးကို ဆုံးရှုံးပြီးငါ့အသက် အန္တာရယ်က ပိုမြင့်တက်လာမယ်”
လင်းဖေးဟန် ပိုပြီးအံ့သြသွားသည်။ ဒီ လင်းရှောင်ဝေ့က စည်းမရှိတဲ့ကောင်ပဲ။ အင်း အဲ့ဒီထပ်ပိုတဲ့ မြေခွေးတစ်ကောင်ဆို ပိုမှန်တယ်။
ဒီလို ဇရိုက်လက္ခဏာတွေက ကိစ္စကြီးတွေကို လုပ်ဆောင်ရမဲ့လူတွေမှာ ရှိသင့်တဲ့အရာတွေပဲ။
ကမ္ဘာကြီးငါ့ကို သစ္စာဖောက်တာ ခံရမဲ့အစား ငါကအရင် ကမ္ဘာကြီးကို သစ္စာဖောက်ဖို့ သင်ယူလိုက်မှာပေါ့။ တစ်ကယ်ကို ဇာတ်လိုက်ဆန်တယ်!
ဒီလိုစိတ်ဓာတ်မျိုးရှိမှတော့ ဒီကမ္ဘာက မင်းကို အရန်ဇာတ်လိုက်မင်းသားအဖြစ် ရွေးတာ မအံ့သြတော့ပါဘူးလေ။
လှေကားပေါ်ကို တက်လာတဲ့ခြေသံက ပိုနီးကပ်လာတာမို့ လင်းဖေးဟန် ချက်ချင်း ပြောလိုက်သည်။
“ ညီကိုငါမင်းကို တောင်းဆိုချင်တာ ရှိတယ်။ ဒီမှာအရမ်းကို အခြေအနေတွေ ဆိုးနေတာမို့ ငါ့ရဲ့အလုပ်သမားလေးကိုတော့ မင်း ခေါ်သွား ပေးနိုင်မလား?”
လင်းရှောင်ဝေ့က ရက်ရောစွာ ရင်ဘက်ကို ပုတ်ပြလာရင်း ပြောလိုက်သည်။
“ စိတ်မပူနဲ့။ ငါဂရုစိုက်လိုက်မယ်။ ငါ့နာမည်က လင်းရှောင်ဝေ့ပဲ။ တစ်ခါတစ်လေ Douyinမှာ live လွှင့်တတ်တယ်။ အခုလိုတွေ့တာ ကံတရားပဲ။ အကယ်လို့ douyinထဲ ဝင်ဖြစ်ရင် ငါ့ရဲ့ဗီဒီယိုတွေကို ကြယ်ပေးဖို့ မမေ့နဲ့”
လင်းရှောင်ဝေ့ သူ့အတွက် ပရိတ်သတ်ဆွယ်ဖို့လဲ မမေ့ပေ။ ထို့နောက်မှာ စကားပြောင်းကာ ထပ်ပြောလာသည်။
“ ညီကို မင်းကကော မသွားဘူးလား? စိတ်မပူပါနဲ့ ငါ လူတစ်အုပ်လုံးကို ထွက်အောင် လုပ်လို့မရပေမဲ့ နှစ်ယောက်ကိုတော့ လွတ်အောင် လုပ်ပေးနိုင်ပါတယ်။ ငါတို့ ဒီနေရာကနေ အတူ ထွက်သွားလို့ရတယ်”
ထိုစကားကိုကြားတာနဲ့ ယန်ရှောင်းရွှယ်က လင်းဖေးဟန်ရဲ့ လက်မောင်းကို အမြန်ဆွဲပြီး မေးလိုက်သည်။
“ ကျွန်မပဲ မသွားဘူး။ ကျွန်မပဲသွားရင် မစ္စတာလင်း ဘယ်လိုလုပ်မလဲ?”
လင်းဖေးဟန် ပြုံးလိုက်ကာ
“ သူတို့ငါ့ကို သတ်ချင်ကြတာ။ ငါလိုက်လာရင် မင်းတို့ပိုဒုက္ခများမယ်။ အဲ့ဒီအစား မင်းတို့ အပြင်ထွက်ပြီး ရဲတိုင်ပေး။ ဒါပိုပြီး မျှော်လင့်ချက်ရှိတယ်”
“ စိတ်မပူနဲ့ သူတို့ငါ့ကိုသတ်နိုင်ဖို့ မလွယ်ဘူး။ ရဲတွေမလာခင်ထိ ငါရအောင် အချိန်ဆွဲထားမယ်”
“ မြန်မြန်သွားတော့ လာနေပြီ!”
လင်းဖေးဟန် ထိုနှစ်ယောက်ကို အဝေးတွန်း လိုက်သည်။
ထိုနှစ်ယောက် ထွက်သွားတာနဲ့ လင်းဖေးဟန်ရဲ့ အနားမှာ သေနတ်ပစ်သံတွေ ထပ်ပေါ် လာတော့သည်။ တစ်ဖက်လူက သေချာ ပစ်နေတာလား ဒါမှမဟုတ် တစ်ကယ်ပဲ သေနတ်ပစ်စကေးက ဆိုးရွားနေတာလား တော့မသိဘူး။ ကျည်ဆံတွေက နံရံကိုပဲ မှန်သွားသည်။
လင်းဖေးဟန် ဖုန်းမီးဖွင့်ပြီး လှေကားပေါ်ကို ပင့်ပြီးပစ်လိုက်သည်။ အလင်းတစ်ချက် မြင်လိုက်ရသည်။
Puff! Puff! Puff!.
ဖုန်း အောက်ကိုပြုတ်ကျသွားတာနဲ့ လင်းဖေးဟန် လှေကားရဲ့ လမ်းကို မြင်လိုက်ရသည်။
ဖုန်းမီး မှိတ်သွားတာနဲ့ လင်းဖေးဟန် ချက်ချင်းပဲ လှေကားအောက်ကို ခုန်ဆင်းလိုက်သည်။ အောက်ထပ်က သူတွေ အားလုံး အံ့သြကုန်ကြသည်။
ထိုအချိန်မှာ လင်းဖေးဟန်ကို ယဲ့ဖန်းလဲ မြင်သွားပြီး သူ့ရဲ့မျက်လုံးတွေ ချက်ချင်းပဲ လက်သွားသည်။ ရန်သူတွေ အချင်းချင်း တွေ့ရင် သေချာပေါက် ရန်လိုကြမှာပေါ့။
ဟွမ်လောင်ပက အံံ့သြစွာ ရွတ်လာသည်။
“ အကိုကြီးယဲ့ ဒါ လင်းဖေးဟန်ပဲ”
အစောပိုင်းက အလင်းရောင်ကြောင့် အမှောင်ထုကို ကျင့်သားရနေပြီးသား လင်းဖေးဟန်ရဲ့ မျက်လုံးတွေ ထပ်ပြီးမှောင်မဲ သွားရပြန်သည်။
ဟွမ်လောင်ပရဲ့ လက်ထဲမှာ သေနတ် တစ်လက် ရှိနေတာကို လင်းဖေးဟန် ကောင်းကောင်း မှတ်မိသည်။ အောက်ထပ်ကို ခုန်ဆင်းပြီးတာနဲ့ လင်းဖေးဟန် သူ့ရဲ့မှတ်ဉာဏ်ကိုပဲ အားကိုးပြီး လွတ်လမ်းဆက်ရှာရတော့မည်။
ဟွမ်လောင်ပရဲ့ အော်သံကြားတာနဲ့ လင်းဖေးဟန် အမြန် ဟွမ်လောင်ပ ကို ပိတ်ရပ်လိုက်သည်။ အပြေးသွားပြီး ဒေါသတကြီး လေသံနဲ့
“ သေနတ်ပေး!”
“ လင်းဖေးဟန် ကျန်တဲ့သူတွေ မင်းကို ကြောက်ချင်ကြောက်မယ်။ ဒါပေမဲ့ငါ… အား!”
ဟွမ်လောင်ပ ပြောလို့ မပြီးခင်မှာဘဲ လင်းဖေးဟန် ဟွမ်လောင်ပရဲ့ လက်ကောက်ဝတ်ကနေ ဖမ်းချုပ်လိုက်သည်။
လက်ကောက်ဝတ်ရဲ့ နာကျင်မှုကြောင့် ဟွမ်လောင်ပ အလိုအလျောက် လက်ထဲက သေနတ်ကို လွှတ်ချလိုက်မိပြီး သေနတ်က လင်းဖေးဟန်ရဲ့ လက်ထဲကို တန်းရောက်သွား တော့သည်။
လင်းဖေးဟန် ဟွမ်လောင်ပကို အခွင့်အရေး ထပ်မပေးချေ။ ကြောက်မက်ဖွယ် အရှိန်နဲ့ ဟွမ်လောင်ပရဲ့ ရင်ဘတ်တည့်တည့်ကို အားနဲ့ ကန်ချလိုက်သည်။ ချက်ချင်းပဲ ဟွမ်လောင်ပ လေပေါ်မြှောက်သွားပြီး စားပွဲနဲ့ အရှိန်ပြင်းပြင်း ဝင်ဆောင့်မိတော့သည်။