အခန်း (၁၈၀)
Vol. 13 Ch. 180
လင်းဖေးဟန် ကျိန်ပြောနိုင်သည်။ ဒီအချိန်မှာ ဒီစနစ်က သူ့ရဲ့ IQ ကို သက်သက်မဲ့ စော်ကား နေတာပဲ။
“ စိတ်မလှုပ်ရှားပါနဲ့ ပိုင်ရှင်ကလဲ။ အဲ့စကေးကို ဝယ်ပေးလို့မရပေမဲ့ သင် ဒီတစ်ခေါက် အန္တရာယ်ကနေ လွတ်မှာကိုတော့ ကျိန်းသေ အာမခံပေးနိုင်တယ်!”
လင်းဖေးဟန် အေးစက်စွာပြောလိုက်သည်။
“ မင်းကဘာတွေများ အာမခံပေးမလို့တုန်း? အရင်တစ်ခေါက်က မင်းပြောတော့ ငါက သေချာပေါက် အရွေးချယ်ခံရတဲ့သူဖြစ်ပြီး ဒုတိယလူရှိမှာ မဟုတ်ဘူးဆို? အခု ဘာလဲ? ငါ့အရင်ဘဝက သီချင်းက ဒီမှာပေါ်လာတယ်။ မင်းငါ့ကို လှည့်စားနေတယ်လို့ ငါ့မှာ နက်ရှိုင်းတဲ့ သံသယ ရှိနေတယ်နော်!”
စနစ်က တစ်စက္ကန့်လောက် ငြိမ်သက်သွားပြီး ကူကယ်ရာမဲ့စွာ ပြန်ဖြေလာသည်။
“ ပိုင်ရှင်ရေ သင်နဲ့စနစ်နဲ့က နှစ်ဦးနေထိုင် ရတဲ့အခြေအနေဆိုတာ သိသင့်တယ်။ စနစ်ရဲ့ အသက်နဲ့ကို အာမခံပြီးပြောတယ်။ သင်သေရင် စနစ်လဲ ပျောက်ကွယ်မဲ့ဟာကို!”
“ စနစ်က စက်ပစ္စည်းတစ်ခုဆိုပေမဲ့ အလိုအလျောက် အသိစိတ်တော့ရှိပါ သေးတယ်။ အလိုအလျောက် အသိစိတ် ရှိတဲ့စက်ကို စက်ပစ္စည်းလို့ သတ်မှတ်လို့ မရတော့ဘူး။ စနစ်မှာလဲ လူသားတွေလို ခံစားချက်ရှိတယ်။ စနစ်လဲ ထာဝရ ရှင်သန်ချင်တယ်။ ဒါထက် စနစ်က သင့်ထက်ကို သင့်ရဲ့လုံခြုံမှုကို ပိုစိတ်ပူပါသေးတယ်နော်။ ပြောရရင် သင် မသေမှ စနစ်ရှင်နိုင်မှာ။ ဒီတော့ စနစ်ရဲ့ အသက်နဲ့ကို အာမခံပေးနေတာပါ။ ဟုတ်ပြီလား?”
လင်းဖေးဟန် ရင်ထဲထိသွားသည်။ စနစ်က ဒီလောက်အများကြီးပြောသွားမယ် သူ မထင်ထားမိဘူး။
ပြီးတော့ ဒီတစ်ခေါက် စနစ်က တစ်ကယ့် ခံစားချက်အစစ်တွေကို မကွယ်ဝှက်ဘဲ ပြောသွားတာပဲ။
လင်းဖေးဟန် ရင်ထဲမှ ခံစားလို့မှ မရသေးဘူး။ ယဲ့ဖန်းက အရှေ့မှာပေါ်လာပြီး လင်းဖေးဟန်ကို မဲ့ရွဲ့ကာ ကြည့်လိုက်သည်။
လင်းဖေးဟန် စိတ်ဆုံးဖြတ်လိုက်ကာ ကိုယ့်ကိုယ်ကို ပြောလိုက်သည်။
“ သေကြတာပေါ့!”
ယဲ့ဖန်းရဲ့ မြှောက်နေတဲ့ လက်သီးကို ကြည့်ပြီး မျက်လုံးကို မှိတ်ချလိုက်တော့သည်။
ယဲ့ဖန်းရဲ့ ဒီလက်သီးချက်က သူ့ခေါင်းကို ပေါက်ထွက်သွားလောက်သည်!
“ဘန်း”
ကျယ်လောင်တဲ့ အသံနဲ့အတူ သစ်သားစ တစ်ချို့ပါ လွင့်ပျံလာပြီး လင်းဖေးဟန်ကို မျက်နှာကိုပါ လာမှန်လေသည်။ လင်းဖေးဟန်ရဲ့ မျက်နှာတွင် သွေးတစ်ချို့ ထွက်သွားသည်။
“ ဟီးစ် နာတာဟ!”
လင်းဖေးဟန် ချက်ချင်းပဲ မျက်လုံးပွင့်လိုက်ချိန်မှာ အံ့သြသွားသည်။
အစောပိုင်းက စားပွဲခုံမှာ မှောက်အိပ်နေတဲ့ သတ်လတ်ပိုင်းအရွယ်လူအိုက သူ့အရှေ့မှာ တိုက်ခိုက်မဲ့အနေအထားနဲ့ ရပ်နေပြီး ယဲ့ဖန်းကို သတိကြီးစွာ ကြည့်နေခဲ့သည်။
ဟုတ်တယ်၊ ဒီသတ်လတ်ပိုင်းအရွယ် လူက သူ့ကို ကယ်လိုက်တာပဲ။
“ ကျေးဇူးပါ” လင်းဖေးဟန် နူးညံ့စွာ ပြောလိုက်သည်။
“ ရပါတယ်။ ငါမလုပ်တာကြာတော့ ငါ့အရိုးတွေက နည်းနည်းတောင် ယားနေပြီ”
သတ်လတ်ပိုင်း လူအိုက ပြောရင်းနဲ့ ယဲ့ဖန်းကို ရန်လိုစွာကြည့်လိုက်သည်။
“ အကိုကြီး သတိထား..”
လင်းဖေးဟန်ရဲ့ စကားမဆုံးခင်မှာဘဲ သတ်လတ်ပိုင်းအရွယ် လူအိုက လျင်မြန်တဲ့ ဒေါသအရှိန်နဲ့ အရှေ့ကို ပြေးသွားလိုက်သည်။
ထိုလူက ကြိမ်းဝါးလိုက်သည်။
“ ငါ မားပါ့ ရဲ့ ဘဝမှာ အရွံမုန်းဆုံး သူတွေက မင်းလိုမျိုး အင်အားကြီးပြီး ညှာတာစိတ်မရှိ တဲ့ကောင်တွေပဲ!”
မားပါ့ အမည်ရှိလူအိုသည် ယဲ့ဖန်းရဲ့ ဝမ်းဗိုက်ကို ကန်ချလိုက်သည်။
ယဲ့ဖန်း အထင်သေးစွာပြုံးလိုက်ပြီး အေးစက်စွာပြောလိုက်သည်။
“ ဒါမင်းနဲ့ဘာမှ မဆိုင်ဘူး။ သေချင်မနေနဲ့!”
“ဟ”
ယဲ့ဖန်း မားပါ့ရဲ့ ကန်ချက်ကို တားလိုက်ပေမဲ့ ဒီလောက်ထိ အားပြင်းမယ်လို့ သူ မထင်ထားမိဘူး။ သူ ခြေလှမ်းများစွာ အနောက်ဆုတ်သွားပြီး ခန္ဓာကိုယ် ဟန်ချက်ကို ပြန်ထိန်းလိုက်ရသည်။
“စိတ်ဝင်စားစရာပဲ”
ယဲ့ဖန်း ကိုယ်ကို တစ်ချက်ခါလိုက်သည်။ သူ့မျက်နှာပေါ်က အထင်သေးမှုတို့ ပျောက်သွားပြီး မားပါ့ရဲ့ လက်သီးဆီကို ပြေးလုံးတော့သည်။
လူနှစ်ယောက်က လုံးထွေးနေပြီး အချိန်နဲ့အမျှ စားပွဲခုံတွေ၊ ထိုင်ခုံတွေ၊ နံရံတွေ အားလုံး အပြင်းအထန် ကျိုးပဲ့နေတော့သည်။
လင်းဖေးဟန် မှင်သက်နေခဲ့သည်။
ဒီကမ္ဘာမှာ ဇာတ်လိုက်နဲ့ အခုလို လက်ရည်ယှဥ်ပြီး တိုက်နိုင်မဲ့သူ ရှိမယ် မထင်ထားမိဘူး။
ဒီမားပါ့က အရမ်း အရည်အချင်း ရှိတာပဲ။ သူသာ မားပါ့ရဲ့ ညီလေးဖြစ်လာရင် ဘာကိုမှ ကြောက်ဖို့မလိုတော့ဘူး။
လင်းဖေးဟန်ရဲ့ မျက်လုံးတွေ ပြောင်းသွားပြီး စိတ်လှုပ်ရှားသွားသည်။ ဒီ မားပါ့ကို သူကြည့်လေ ကြိုက်လေပဲ။
ဒါပေမဲ့ လူနှစ်ယောက်က ကြားက တိုက်ပွဲက အမြန်ပြောင်းလဲနေသည်။
စက္ကန့်အနည်းငယ်အတွင်းမှာကို ထိုနှစ်ယောက်က တိုက်ကွက်ခြောက်ဆယ်လောက် ထုတ်ပြီး နေပြီ။
မားပါ့ ဖြည်းဖြည်းချင်း အရေးမသာတဲ့ ဘက်ကို ကျလာပြီး အနောက်ဆုတ်နေရသည်။ ပုံမှန်အားဖြင့် ယဲ့ဖန်းက ငါးကွက်လောက် တိုက်ကွက်ထုတ်ပြီးချိန်မှ သူက တစ်ကွက်လောက်ပဲ ထုတ်နိုင်နေသည်။
ဒါပေမဲ့ ဇာတ်လိုက်နဲ့ ဒီလောက်အများကြီး တိုက်နိုင်နေတဲ့သူက သာမာန်လူ ဖြစ်ပါအုံးမလား?
“ စနစ် မားပါ့ရဲ့ အချက်အလက်တွေ စစ်ဆေးပေးပါ”
“ အဲ့ဒီအတွက် ပွိုင့်၁၀၀ လိုပါတယ်။ သင့်မှာမရှိပါဘူး။ ငွေနဲ့လဲလိုပါသလား?”
“အင်း”
“ လဲလှယ်မှုအောင်မြင်ပါသည်။ စနစ်မှ အချက်အလက်ကို ရှာဖွေနေပါသည်”
“ အမည်- မားပါ့
အသက်- ၄၁နှစ်
အလုပ်အကိုင်- အနားယူထားသော တပ်သားဟောင်း၊ နဂါးအဖွဲ့ရဲ့ ကပ္ပတိန်ဟောင်း
စကေး- အဘက်ဘက်ကိုအနီးကပ် တိုက်ခိုက်နိုင်သူ
ဇာတ်ကြောင်း တိုးတက်မှုဆက်တင်- လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က တည်ထောင်ခဲ့တဲ့ နဂါးအဖွဲ့က ထိပ်သီးလျှို့ဝှက်ချက်ပဲ။ အဲ့ဒါက မူလက ကမ္ဘာ့ရဲ့ထိပ်သီး လူသတ်သမားဂိုဏ်း သွေးဝိညာဥ်ကို ဖမ်းဖို့တည်ထောင်ထားတာ ဖြစ်တယ်။ အော်ပရေးရှင်းတစ်ခုမှာ မားပါ့ကို သွေးဝိညာဥ်ဂိုဏ်းက ဖမ်းမိသွားတယ်။ ဖုန်းမင်ကျင်းရဲ့ နှိပ်စက်မှုတွေကနေ သူ့အသက်ကို မနည်းကယ်ခဲ့ရပြီး ခန္ဓာကိုယ်ပိုင်း ကြီးမားတဲ့ ထိခိုက်မှုများကြောင့် အလုပ်ကနေ အနားယူလိုက်ရတယ်။ ဒီလိုနဲ့ နဂါးအဖွဲ့ ပျက်သွားတယ်
ဝေဖန်ချက်- လုပ်ဆောင်ချက်အားလုံးရဲ့ ညွှန်ပြမှုက ကြယ်လေးဆင့် အထက်မှာ ရှိတယ်။ အစပိုင်းတော့ မကြီးထွားသေးတဲ့ ဇာတ်လိုက်နဲ့ ဒီလူက ယှဥ်ပြီးတိုက်ခိုက် နိုင်သေးတယ်။
စနစ်မှ အသိပေးချက်- အနားယူပြီးနောက်မှာ မားပါ့ရဲ့ စိတ်နေစိတ်ထားက တော်တော်လေး ပြောင်းသွားတာမို့ သူ့ကို သိမ်းသွင်းချင်ရင် သင် ဂရုတစိုက် လုပ်ဆောင်မှတော့ ဖြစ်မယ်။
အလွန့်အလွန် အန္တာရယ်ရှိတယ်။ အလွန့်အလွန် အန္တာရယ်ရှိပါတယ်။ အလွန့်အလွန်ကို အန္တာရယ်ရှိပါတယ်နော်!
အရေးကြီးကိစ္စမို့ သုံးကြိမ်သုံးခါ ပြောပေးပြီးသွားပြီ!!!”
လင်းဖေးဟန် ခါးသက်စွာ ပြုံးလိုက်သည်။ ယဲ့ဖန်းနဲ့ တိုက်ခိုက်နေတဲ့ မားပါ့ကိုကြည့်ရင်း သူ နားလည်သွားသည်။
ဒီ မားပါ့က ကမ္ဘာကြီးက သူ့အတွက် ချန်ပေးထားတဲ့ သိမ်သွင်းလို့ရနိုင်တဲ့သူ သေချာပေါက် မဟုတ်ဘူး။ ယဲ့ဖန်းအတွက် ဖန်တီးပေးထားတဲ့ ညီငယ်တစ်ယောက်ပဲ ဖြစ်ရမယ်။
ပြောရရင် ယဲ့ဖန်းအတွက် နတ်ဘုရားဘက်က လက်ဆောင်ပဲ!
ယဲ့ဖန်း ဘာလို့ ဒီရောက်နေလဲ လင်းဖေးဟန် သဘောပေါက်သွားသည်။ အမှောင်ထဲကနေ လှုပ်ရှားနေတဲ့ အနှေးဇာတ်ကွက်ပဲ။ ယဲ့ဖန်းကို အနောက်တိုင်းစားသောက်ဆိုင်ကို လာခိုင်းပြီး အဆုံးမှာ မားပါ့ကို သိမ်းသွင်းနိုင်အောင် ဇာတ်ကြောင်းက ပံ့ပိုးပေးနေတာပဲ။
များစွာတဲ့ ဇာတ်ကြောင်းတွေက မူရင်းဇာတ်ကွက်ကနေ လွဲချော်ခဲ့ပေမဲ့ ဒီဇာတ်ကြောင်းက နဂိုတည်းကလိုမျိုး မတွေ့တွေ့အောင် ဖန်တီးပေးသွားပြန်သည်။
သေချာတယ်၊ နတ်ဘုရားက ငါ့ကို အငြိုးကြီးကြီး မုန်းနေတာဖြစ်ရမယ်။ ငါ့ကို တော်တော် သေစေချင်နေပါ့လား!
ဒါပေမဲ့ ဒီလိုဆိုးရိုး ရှိတယ်မလား? ယောက်ျားဆိုတာ သဘာဝကို အနိုင်ယူနိုင်တယ်!
ငါဇာတ်ကြောင်း ပြောင်းလိုက်တဲ့အတွက် ဇာတ်ကြောင်းတိုးတက်မှုလဲ သွေဖယ်သွားခဲ့တယ်။
အစပိုင်းက ဒါက ယဲ့ဖန်းအတွက် သူ့ရဲ့ ညီငယ်ကို လက်အောက်သွင်းနိုင်မဲ့ ဇာတ်ကြောင်းပဲ။ ဒါပေမဲ့ ငါက ရုတ်တရက် ဒီမှာပေါ်လာဖို့ ဖြစ်လာရပြီး ငါ့ကိုသတ်ဖို့ လူသတ်သမားကလဲ ငှားထားကြပြန်သေးတော့ ဒီလိုနဲ့ မားပါ့က ငါ့ကိုကူညီပေးရင် ငါ့ခံစစ်က လူတစ်ယောက် ဖြစ်လာခဲ့တယ်။
ဒါကို တစ်ကယ် ကောင်းကျိုးလို့ ပြောရမယ်။ အဆိုးထဲက အကောင်းပေါ့!
လင်းဖေးဟန် ခါးသက်စွာ ပြုံးလိုက်ကာ တွေးနေတာကို ရပ်လိုက်တော့သည်။ သူ လှေကားရဲ့ အနောက်မှာ ဝင်ပုန်းလိုက်သည်။ ထိုအချိန်မှာ လူအုပ်က လုံးထွေးနေကြတုန်းပဲ။ သူတို့တွေက အပေါ်ထပ်က လူသတ်သမားကို တားထားနိုင်သေးသည်။
လူသတ်သမား ပေါ်လာရဲသရွေ့ လင်းဖေးဟန် တစ်ချက်ထဲနဲ့ ပစ်လိုက်နိုင်ဖို့ ယုံကြည်ချက်ရှိသည်။ သူ့ရဲ့ ထူးချွန်လှတဲ့ သေနတ်ပစ် အရည်အချင်းကြောင့်တော့ ဟုတ်မနေဘူး။ စနစ်ကနေ သူ့ရဲ့ အမြင်အာရုံကော၊ တုံ့ပြန်စွမ်းနဲ့ တစ်ခြား အရာတွေမှာပါ မြှင့်တင်ပေးထားလို့ ဖြစ်သည်။
လှေကားက ကျည်းတာမို့ အများဆုံးအနေနဲ့ လူနှစ်ယောက်ပဲ ဘေးချင်းယှဥ်ရပ်နိုင်သည်။ လင်းဖေးဟန်ရဲ့ အရည်အချင်းက အရမ်း ဆိုးရွားနေခဲ့ရင်တောင် မိုးပေါ်တော့ ထောင်မသွားဘူးမလား? ဒါပေမဲ့ တစ်ဖက်လူရဲ့ လှေကားအောက်ကို ဆင်းလာနိုင်ချေက အရမ်းနည်းသည်။ ထိုသူ သေချင်နေရင်တော့ တစ်မျိုးပေါ့။
ဒါမှမဟုတ် သူတို့တည်နေရာကို ဂရုမစိုက်ဘဲ လှေကားကနေ တန်းခုန်ဆင်းပစ်လိုက်လို့ တော့ရသည်။
ဒါပေမဲ့ အခုအခြေအနေအရ တစ်ဖက်လူက လှေကားအောက်မဆင်းရဲတာ သက်သေပြ ပြီးသွားပြီ။ အခုက ပိတ်နေတဲ့ အခြေအနေပဲ။ ရန်သူ မလှုပ်ရှားရင် ငါလဲ မလှုပ်ရှားဘူး! လင်းဖေးဟန် ရူးမိုက်စွာ သေနတ်တစ်လက်နဲ့ ပြေးမတက်သွားဘဲ လှေကားကို ဂရုတစိုက် စိုက်ကြည့်နေခဲ့သည်။ သူက နေရာကိုပဲ လုံခြုံအောင် စောင့်ကြည့်ဖို့ လိုတာလေ။ စွန့်စားပြီး ထွက်တိုက်ဖို့ မလိုဘူး!