လူတွေဘယ်ရောက်ကုန်တာလဲ (၄)
Vol. 3 Ch. 137
ကျွန်မမြင်နေရတဲ့ အဖြစ်အပျက်တွေက အတုအယောင် ဖြစ်ပါစေလို့ ဆုတောင်းနေခဲ့ပေမဲ့ ဘာမှထူးခြားမလာခဲ့ဘူး။ အခုဖြစ်ပျက်နေတာတွေက အစစ်အမှန်တွေပါ။ ကျွန်မမျက်စိ ရှေ့မှာတင်ပဲ နက်ဆန်ပြောတဲ့ပျက်စီးခြင်းမြစ်ရေဆိုတဲ့ အရာက မြို့ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး မြို့ကြီးဟာဘယ်တုန်းကမှ မရှိခဲ့ဖူးသလိုမျိုး ပျောက်ကွယ်သွားခဲ့တယ်။
နက်ဆန်က ကျွန်မကိုပွေ့ချီထားပြီးတော့ ကောင်းကင်ပေါ်ကို ပျံတက်နေပေမဲ့ ကျွန်မသတိထားမိသလောက် ခရီးကရှေ့ကို မရောက်တော့ဘူး။ အဲဒီအစားရှိပြီးသားနေရာမှာတင်ပဲ တန့်နေတယ်။ ကောင်းကင်မှာ အနီရောင်လကြီးရှိနေပေမဲ့ အဲဒီလကြီးက ကျွန်မတို့နဲ့နီးကပ်နေပြီး လက်နဲ့လှမ်းထိလို့ ရလောက်အောင်ပဲ။ ထင်ထားတာထက် အရွယ်အစား ပိုသေးတယ်လို့လည်းထင်ရတယ်။
“နက်ဆန်... ဘာတွေဖြစ်နေတာလဲ။”
ကျွန်မက နားမလည်ဘဲမေးလိုက်တော့ နက်ဆန်က နှုတ်ခမ်းကို ဖိကိုက်ထားရင်းနဲ့ အခုလိုပြန်ဖြေတယ်။ “ငါပြောတာ မှတ်မိလား၊ ဒီနေရာက အတုအယောင်ဒိုင်မေးရှင်းတစ်ခုဆိုတာလေ။”
ကျွန်မ ခေါင်းညိတ်ပြလိုက်တယ်။ ကျွန်မက မေ့တတ်ပြီးတော့ တုံးအတယ်ဆိုပေမဲ့ လွန်ခဲ့တဲ့မိနစ်အနည်းငယ်ကမှ ပြောခဲ့တဲ့ ကိစ္စကိုတော့ မမှတ်မိဘဲ မနေပါဘူး။
“ဒီနေရာက မြို့က တကယ့်အစစ်နဲ့တူတယ်ဆိုပေမဲ့ ကောင်းကင်က ပြဇာတ်ကရင်သုံးတဲ့ ရေဆေးပန်းချီကားနဲ့အတူတူလိုပဲ။”
နက်ဆန်က ကောင်းကင်မှာရှိနေတဲ့ တချို့နေရာတွေကိုလိုက်ပြီး လက်ညိုးနဲ့ထိုး ညွန်ပြလိုက်တယ်။ တိမ်တွေက လုံးဝမလှုပ်ရှားဘဲ ရပ်နေပြီး အတုတွေမှန်းသိသာနေတယ်။ ကြယ်တာရာတွေနဲ့ လမင်းကြီးကလည်း အလားတူပဲဖြစ်ပြီး ဒီနေရာကြီးတစ်ခုလုံးက တုပပြုလုပ်ထားတာ။
“ငါတို့အခု ကောင်းကင်ပေါ်ကို ဆက်မတက်နိုင်တော့တာ။ ဒီနေရာ နယ်နိမိတ်ကုန်သွားလို့ပဲ။ ဒီဒိုင်မေးရှင်းအတုက သေတ္တာတစ်ခုပဲ။ သေတ္တာထဲကနေ ငါတို့မထွက်နိုင်ရင် ပျက်စီးခြင်းမြစ်ရေတွေနဲ့ ဆေးကြောခံရပြီး ငါတို့တွေအကုန်သေကုန်လိမ့်မယ်။”
နက်ဆန်က လေးနက်ပြီးတော့ စိုးရိမ်ပူပန်နေတဲ့ပုံစံနဲ့ ပြောတယ်။ မြစ်ရေက ပိုပိုပြီးတော့မြစ်တက်လာနေပြီ။ အခုဆိုရင်ကျွန်မတို့ ရှိနေတဲ့ကောင်းကင် အမြင့်ပိုင်းနဲ့တောင်မှ နီးကပ်လာနေပါပြီ။ နက်ဆန်ကတော့ ကောင်းကင်မှာရှိနေတဲ့ လမင်းကြီးကိုကြည့်ပြီး မဲ့လိုက်တယ်။
“ဒီနေရာကနေထွက်ဖို့ တစ်ခုတည်းသော သဲလွန်စက ဒါများလား။”
ရုတ်တရက် နက်ဆန်ရဲ့အရိပ်တွေက ခွဲဖြာထွက်သွားပြီး နာတာရှာ ထွက်လာတယ်။ တခြားသူတွေလည်း ပြန်ကောင်းလာနေပြီမလို့ နာတာရှာပြန်ကောင်းလာပြီးထွက်လာတာ သိပ်တော့မထူးဆန်းဘူး။
နောက်တော့ သူက ကျွန်မကို နာတာရှာ လက်ထဲ ထည့်ပေးလိုက်တယ်။
“သူ့ကိုခဏစောင့်ကြည့်ပေးထား။”
နောက်တော့ နက်ဆန်က သူ့လက်ထဲက တံစဥ်ကိုလက်နှစ်ဖက်နဲ့ သေချာဆုပ်ကိုင်လိုက်ပြီးတော့ ကောင်းကင်ပေါ်မှာမျောနေတဲ့ လအတုကြီးကို ရွယ်လိုက်တယ်။
“မော်လီ၊ ဒါကြီးကို ဖျက်ဆီးပစ်ရအောင်။”
“ဟုတ်၊ သခင့်အမိန့်အတိုင်းပါပဲ။” မော်လီရဲ့လက်နက်ပုံစံက လရောင်အောက်မှာပဲ နက်ဆန်ရဲ့နတ်ဘုရားခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားတယ်။ ထက်ရှလွန်းတဲ့အမှောင်စွမ်းအင်တွေ ပေါ်ထွက်လာပြီးတဲ့နောက် နက်ဆန်က လမင်းကြီးကိုတိုက်ရိုက် ခုတ်ချလိုက်တယ်။
ဘုန်း....
ကျွန်မတို့ရှိနေတဲ့ လောကဒိုင်မေးရှင်းကြီးတစ်ခုလုံး တုန်ခါသွားတာ သတိထားမိလိုက်တယ်။ ဒါပေမဲ့လပေါ်မှာ အခြစ်ရာတောင် မထင်ခဲ့ဘူး။ နက်ဆန်က မျက်မှောင် ကြုတ်လိုက်တယ်။ နာတာရှာကတော့ သူ့ခြေဖျားကိုထိခါနီး ဖြစ်နေပြီဖြစ်တဲ့ မြစ်ရေကိုစိုးရိမ်စွာကြည့်ရင်း ခြေထောက်ကို နည်းနည်းကွေးထားလိုက်တယ်။
“သခင်၊ အချိန်မရှိတော့ဘူး။” နာတာရှာက ကျွန်မကိုပွေ့ချီထားရင်း နက်ဆန်ကိုလှမ်းသတိပေးတယ်။ နက်ဆန်က နောက်ထပ်ထပ်ပြီး ကြိုးစားကြည့်ပေမဲ့ လောကကြီးတစ်ခုလုံး တုန်ခါသွားတာကလွဲရင် ဘာမှမထူးခြားပါဘူး။
“နောက်တစ်ခုနဲ့ ပြောင်းစမ်းကြည့်မယ်။” နက်ဆန်က အခုလိုမျိုး ပြောလိုက်ပြီး ကျွန်မရှေ့မှာတင် မော်လီကို သူ့အရိပ်ထဲ ပြန်ထည့် ထားလိုက်တယ်။ နောက်တော့ ပါစီဗယ်ရဲ့ဆေဘာဓားရှည်က သူ့လက်ထဲရောက်လာပြီး လကိုထက်ပြီးခုတ်ပိုင်းဖို့ကြိုးစားတယ်။
သတိထားမိသလောက် ဖုတ်ကောင်ဘုရင်မ မော်လီရဲ့တံစဥ်နဲ့ တစ္ဆေဘုရင်နက်ဆန်ရဲ့ဆေဘာဓားက ထက်ရှမှုပိုင်းမှာအဆင့်တူ လောက်ပါပဲ။ ဒါပေမဲ့ မော်လီရဲ့တံစဥ်က ခွန်အားထုတ်ဖော်မှုမှာ ပိုကောင်းပြီး ပါစီဗယ်ဆေဘာကတော့ ပိုမြန်တယ်။
ရွှမ်း... ရွှမ်း... ရွှမ်း...
စက္ကန့်ပိုင်းအတွင်းမှာတင် နက်ဆန်က ဓားချက်ပေါင်းရာချီကို ဖော်ထုတ်လိုက်တယ်။ လမင်းကြီးနေရာမှာသာ လူဆိုရင် အခုလောက်ဆို ဆူရှီအသားလွှာတွေအဖြစ် ပြောင်းနေလောက်ပြီ။ ဒါပေမဲ့ လမှာတော့ အခြစ်ရာတောင်ပေါ်မလာဘူး။
[အကျိုးမရှိသော ခုခံမှုများကို ထောက်လှမ်းရရှိ။ လက်ရှိပစ်မှတ် ခွန်အားအဆင့်ဖြင့် ပျက်စီးခြင်းမြစ်ရေနှင့် ဖန်တီးထားသည့် ဒိုင်မေးရှင်းကို ဖျက်ဆီးနိုင်ခြေရာခိုင်နှုန်း သုည။ မြစ်ရေက နောက်ငါးမိနစ်အတွင်း ပစ်မှတ်ကိုဖုံးလွှမ်းမိရန်ရှိ။ ကျရှုံးမှုကို လက်ခံပြီး ရုန်းကန်မနေရန် အကြံပေးလိုက်သည်။]
စက်ရုပ်ဆန်ဆန်မိန်းမတစ်ယောက်ရဲ့အသံက ထွက်ပေါ်လာ ခဲ့ပါတယ်။ နက်ဆန်ရဲ့မျက်နှာပေါ်မှာ ပိုပြီးစိုးရိမ်မှုတွေနဲ့ပြည့်လာ ခဲ့ပေမဲ့ ကျွန်မကိုချီထားတဲ့ နာတာရှာက ရုတ်တရက်ပြုံးလိုက်ပါပြီ။
“သခင်၊ ထူးဆန်းတယ်လို့မထင်ဘူးလား။ ဒီဟာမက တစ်ချိန်လုံး ငြိမ်သက်နေခဲ့ပြီး အခုကျမှ သခင့်ကိုစိတ်ပျက်စေမယ့်စကားတွေ ပြောနေတာလေ။ အားနည်းတဲ့သူတွေက သန်မာချင်ယောင် ဆောင်တတ်တယ်တဲ့။ သံသယဝင်စရာ မကောင်းဘူးလား။”
နက်ဆန်ကလည်း ချက်ဆိုရင် နားကွပ်ကမီးတောက်ပြီးသား။ သူက အရိပ်ထဲကနေပြီး ကျွန်မမြင်ဖူးနေကျ အပြာရောင်မီးအိမ်ကို ဆွဲထုတ်လိုက်ပြီ။ ဝိညာဥ်မီးတောက်ရဲ့အလင်းရောင်က ကျွန်မတို့ ဖောက်ခွဲဖို့ကြိုးစားနေတဲ့ လရဲ့မျက်နှာပြင်ပေါ်ကိုကျရောက်တော့ အက်ကွဲရာတွေနဲ့ပြည့်နေတာမြင်ရတယ်။ နောက်နည်းနည်းဆို ပျက်စီးသွားလောက်တယ်။
“နားလည်ပြီ... သူက မြစ်ရေတွေကိုသုံးပြီး ဒီနေရာပျက်စီးနေတာ မသိအောင်ဖုံးအုပ်ထားတာပဲ။ ဒါပေမဲ့ ငါ့မှာအမှန်ကိုသိနိုင်တဲ့ နည်းလမ်းတွေရှိနေတယ်။”
နက်ဆန်က အားပိုတက်သွားတယ်။ ပြီးတော့ အက်ကွဲရာတွေရဲ့ တစ်ဖက်ကနေပြီးတော့ ရင်းနှီးနေတဲ့တစ်စုံတစ်ယောက်ရဲ့အသံကို ကျွန်မကြားနေရတယ်။
“ဒါလင်... ထပါတော့။ ကျွန်မကို ဒီထက်ပိုပြီးစိုးရိမ်ရအောင် မလုပ်ပါနဲ့။”
“မိုနီကာ...” ကျွန်မရေရွတ်လိုက်မိတယ်။
နာတာရှာက ခေါင်းညိတ်လိုက်ပြီးတော့ ကျွန်မကိုချီထားရင်းက နက်ဆန်နောက်ကိုပျံသွားလိုက်တယ်။ ရေမျက်နှာပြင်ကပိုပြီး တက်လာပြီမလို့ နှစ်ယောက်လုံး ရေနဲ့မထိအောင်ကြိုးစား နေကြရတယ်။
“သခင့်ကို ကျွန်မကူညီပေးမယ်။” နာတာရှာက သူ့ရဲ့လေစွမ်းအားနဲ့ နက်ဆန်ရဲ့အတောင်ပံကိုထောက်ပံပေးပြီး အပိုစွမ်းအားရနိုင်ဖို့ ကူညီပေးတယ်။ တစ်ချိန်တည်းမှာပဲ နက်ဆန့်အရိပ်ထဲကနေပြီး များပြားလှတဲ့ နွယ်လက်တံတွေထွက်လာတယ်။
“ကျွန်မလည်း ကူညီပေးမယ်။” ဒါကတော့ အိုလီရာနာပါ။
နက်ဆန်က ဓားကိုမြှောက်လိုက်တယ်။ အခုဆိုရင်သူ့အစေခံတွေ အားလုံးက သူ့ကိုထောက်ပံပေးထားတယ်။ နောက်တော့သူက စွမ်းအားကုန်သုံးပြီး အက်ကွဲကြောင်းတွေနဲ့ပြည့်နေတဲ့ လအတုကို ပိုင်းချလိုက်တော့တယ်။
ဂျိန်း....
လကြီးက ပေါက်ကွဲထွက်သွားပြီး အစိတ်အပိုင်းပေါင်းများစွာက လောကအနှံပြန့်ကျဲသွားတယ်။ အဲဲဒီနောက်မှာတော့ မြစ်ရေတွေ ပြန်ကျဆင်းသွားပြီး ဒိုင်မေးရှင်းအတုကြီးထဲက တည်ရှိမှုတွေ တဖြည်းဖြည်းမှေးမှိန်ကာ ပျောက်ကွယ်သွားတော့တယ်။
...
“ဝှါး....” အကြာကြီးအိပ်ခဲ့ရသလိုမျိုး ခံစားရပြီးနောက် ကျွန်မ မျက်လုံးကိုဖွင့်ကြည့်လိုက်မိတယ်။ ကျွန်မက စားသောက်ဆိုင် စားပွဲပေါ်မှာ မှောက်လျက်အိပ်နေခဲ့တာဖြစ်ပြီး နက်ဆန်လည်း အလားတူပါပဲ။
“နင်တို့နိုးလာကြပြီပေါ့။ တော်သေးတာပေါ့....”
မိုနီကာရဲ့ဖျော့တော့တော့ စကားသံကိုကြားရတဲ့အတွက် ကျွန်မ မော့ကြည့်လိုက်တော့ တစ်ကိုယ်လုံးကနေ အဖြူရောင်အမှုန့်တွေ ဖြာထွက်နေတဲ့ မိုနီကာကို ကျွန်မမြင်လိုက်ရတယ်။ သူ့ဆံပင်တွေက ပြာမှုန့်တွေအဖြစ်ပြောင်းနေပြီး ခန္ဓာကိုယ်ကလည်း ပျောက်ကွယ် သွားတော့မလိုပဲ။ ဒါပေမဲ့ သူ့လက်သည်းတွေကတော့ အန္တရာယ်ရှိစွာနဲ့ တောက်ပနေပြီး အယ်မာဆိုတဲ့အမျိုးသမီးကို လိုက်လံကုပ်ဖဲ့တိုက်ခိုက်နေတယ်။
“ပစ်မှတ်ကိုဖြေရှင်းရန်စီမံချက်ကျရှုံး။ ပင်မစွမ်းအင်ဗဟိုချက် အပြင်းအထန်ထိခိုက်။ အရေးပေါ်ပိတ်ချမှုစတင်။”
အယ်မာနောက် အခန်းထောင့်မှာရှိနေခဲ့တဲ့ အီဂျစ်အဝတ်အစားနဲ့ မိန်းကလေးကတော့ စက်ရုပ်ဆန်ဆန်စကားတွေကိုပြောပြီး သူ့မျက်လုံးတွေက မှေးမှိန်သွားတယ်။ နောက်တော့သက်မဲ့ လူသားတစ်ယောက်လိုမျိုး မြေပြင်ကိုသာစိုက်ကြည့်ပြီးတော့ လှုပ်ရှားမနေတော့ဘူး။
နက်ဆန်ကတော့ နိုးလာလာချင်းပဲ အယ်မာကိုဝင်ရောက် တိုက်ခိုက်လိုက်တယ်။
“မိုနီကာ ရပ်လိုက်တော့...” သူ့ကိုကြည့်ရတာ မိုနီကာအတွက် သိပ်ကိုစိုးရိမ်နေသလိုပဲ။ မနာလိုဖြစ်မိပေမဲ့ သူ့ကြောင့်သာ မဟုတ်ရင် ကျွန်မတို့တွေသေနေလောက်ပြီမှန်း ကျွန်မ သတိထားမိတယ်။
“ဒါလင်... ကျွန်မအတွက်က နောက်ကျသွားပါပြီ။ ဒီခန္ဓာကိုယ်က ပျက်စီးနေခဲ့ပြီ။”
တကယ်လည်း မိုနီကာရဲ့ခန္ဓာကိုယ်က ပြာမှုန့်တွေအဖြစ်ကို လျင်လျင်မြန်မြန်ပြောင်းနေတဲ့အတွက် လုံးဝပျောက်သွားဖို့ အချိန်ဘယ်လောက်မှမလိုတော့မှန်း ကျွန်မသိပါတယ်။ ဒါပေမဲ့ နက်ဆန်က လက်လျှော့ဖို့ငြင်းဆန်နေတယ်။
“အိုလီရာနာ... နင့်အသက်စွမ်းအင်တွေ သူ့ကိုပေးလိုက်။”
နက်ဆန့်ရဲ့အရိပ်ထဲကနေ တစ်နှစ်အရွယ်လောက်ပဲရှိဦးမယ့် အိုလီရာနာကထွက်လာပြီး နွယ်လက်တံတွေနဲ့ မိုနီကာကို ထောက်ပံပေးလိုက်တယ်။ အဲဒီနောက်တော့ မိုနီကာရဲ့ အခြေအနေက အနည်းငယ်တည်ငြိမ်သွားပြီးတော့ ပြာအဖြစ်ပြောင်းနေတာလည်း ရပ်တန့်သွားတယ်။ ဒါပေမဲ့အားအလွန် နည်းနေတဲ့အခြေအနေမှာ ရှိနေပါတယ်။
“သခင်... ကျွန်မစွမ်းအားက သူ့ကိုတစ်ခဏတာပဲ ကူညီပေးနိုင်မှာ။”အိုလီရာနာက စိုးရိမ်ပူပန်စွာနဲ့ ပြောလိုက်တယ်။
“ငါသိတယ်....”
နက်ဆန်က ပိုပြီးတော့ အယ်မာကိုပြင်းပြင်းထန်ထန် တိုက်ခိုက် လိုက်တယ်။ အပြင်လောကမှာက မနက်ပိုင်းဖြစ်နေတယ်ဆိုပေမဲ့ ပါစီဗယ်ရဲ့မြူတွေက စားသောက်ဆိုင်တစ်ခုလုံးကို ဖုံးလွှမ်းပြီး နေရောင်ကျမလာအောင် တားဆီးထားလိုက်တယ်။ နောက်တော့ နက်ဆန့်ကျောနောက်မှာ လေဓားတွေပေါ်လာပြီး အယ်မာ ထွက်ပြေးနိုင်မယ့်လမ်းအားလုံးကို ပိတ်ထားလိုက်တယ်။
“မင်းကများ... ငါ့မိတ်ဆွေတွေကို ထိခိုက်အောင်လုပ်ရဲတယ်။”
“မကောင်းတော့ဘူး....” အယ်မာက တိုက်ပွဲရှုံးသွားပြီမှန်း သူ့ကိုယ်သူရိပ်မိပုံပေါ်တယ်။ အဲဒီမိန်းမက ဆက်တိုက်ဖို့ မကြိုးစားတော့ဘဲ ကျွန်မတို့ရှေ့မှာတင် အနီရောင်ကျောက်ပါတဲ့ လည်ဆွဲတစ်ခုကိုထုတ်ပြီး ချိုးပစ်လိုက်တယ်။ နောက်တော့ လည်ဆွဲကနေ အနီရောင်စွမ်းအင်တွေထွက်လာပြီး အယ်မာကို ဖုံးလွှမ်းသွားတယ်။ နောက်တော့ သူကနက်ဆန်နောက်ကို ခဏပြန်ဆုတ်သွားရလောက်တဲ့အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးတော့ အီဂျစ်ဝတ်စုံနဲ့မိန်းကလေးလက်ကိုဆွဲကာ စားသောက်ဆိုင်ထဲကနေ ပြေးထွက်သွားတယ်။
“ထွက်ပြေးသွားတာလား။”နက်ဆန်က လက်နက်တွေကို ပြန်သိမ်းတယ်။ သူကဆက်ပြီး လိုက်ဖို့အတွက် စဥ်းစား မထားပါဘူး။ အဲဒီအစား သူကမိုနီကာရဲ့အခြေအနေကို ကြည့်လိုက်တယ်။ အများကြီးတည်ငြိမ်နေပြီဆိုပေမဲ့ ဆိုးဝါးနေတဲ့အခြေအနေကိုတော့ ဖုံးကွယ်လို့မရပါဘူး။
“မင်း လင်ဘိုဘုံကိုပြန်မှဖြစ်မယ် မိုနီကာ...”
နက်ဆန်က ပြောလိုက်ပေမဲ့ မိုနီကာက ခေါင်းခါပါတယ်။ “အဲဒီမှာ ဆိုရင်တောင် ကျွန်မပြဿနာကို ဖြေရှင်းနိုင်မယ့်နည်းလမ်း မရှိဘူး။ ကျွန်မက တခြားသူတွေရဲ့အသက်စွမ်းအင်ကို မစုပ်ယူနိုင်တော့တာကြောင့်လေ။”
မိုနီကာက သေတော့မယ့်ဆဲဆဲဖြစ်နေပေမဲ့ အပြုံးကမပျက်ဘူး။ သူက ကျွန်မကိုကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ မျက်ရည်တွေ ဝိုင်းလာခဲ့တယ်။
“ကျွန်မတိုက်ပွဲက မစခင်ကတည်းက ရှုံးခဲ့ပြီးသားဆိုတာ ကျွန်မ သိပါတယ်။ ဒီနေ့မနက် ရှင်သူ့ကိုဖက်လိုက်တော့ ကျွန်မဘယ်လိုမှ မနေနိုင်ဘဲ ဒီနေရာကနေ ထွက်ပြေးခဲ့မိတဲ့အထိပဲ။”
ဒီတော့မှ ကျွန်မတို့မနက်စာစားနေတုန်း သူခဏပျောက်သွားတာကို သတိပြန်ရလာတယ်။ ဒါကြောင့်လည်းသူက ကျွန်မတို့ဝိညာဥ်တွေ ဒိုင်မေးရှင်းအတုထဲ ပိတ်မိနေတုန်း အပြင်မှာကျန်နေရစ်ခဲ့ပြီး ကျွန်မတို့ခန္ဓာကိုယ်တွေကို ကာကွယ်ပေးလိုက်နိုင်တာ။
မိုနီကာက နက်ဆန်ကိုချစ်နေတဲ့အတွက် ကျွန်မရင်ထဲမှာ ပြိုင်ဘက်တစ်ယောက်လို ခံစားလာခဲ့မိတယ်ဆိုပေမဲ့ အခုလို မြင်ကွင်းမျိုးကို မြင်ရချိန်မှာတော့ ကျွန်မစိတ်မကောင်း ဖြစ်လာပြီး မေးလိုက်မိတယ်။
“တခြားသူတွေရဲ့အသက်စွမ်းအင်ကို ရှင်စုပ်ယူလို့မရဘူးဆိုပေမဲ့ နက်ဆန်ရဲ့အသက်စွမ်းအင်ဆိုရင်ရော။”
“အဲဒါဆိုရင်တော့ ဖြစ်နိုင်မယ်ထင်တယ်။” မိုနီကာက နက်ဆန်ကို ကြည့်လိုက်တယ်။ နက်ဆန်ကတော့ ကျွန်မကိုကြည့်လိုက်ပြီး...
“မင်းဘာတွေ လျှောက်လုပ်နေတာလဲ။”လို့သာ မေးလိုက်တယ်။ ကျွန်မကတော့ ပခုံးတွန့်ပြလိုက်ပြီး...
“သူက ရှင့်ကိုကယ်ဖို့ သူ့အသက်ဓာတ်တွေအများကြီး သုံးထားတာမဟုတ်လား။ ရှင်လည်းနည်းနည်းတော့ ပြန်ပေးသင့်တယ်မဟုတ်ဘူးလား။ ပြီးတော့ နတ်တစ်ပိုင်းအနေနဲ့ ရှင်ပိုင်ဆိုင်ထားတဲ့အသက်ဓာတ်က သာမန်ထက်များလောက်တယ် မဟုတ်လား။”
“ကောင်းပြီလေ။” နက်ဆန်က လက်ခံလိုက်တယ်။ နောက်တော့ မိုနီကာက နက်ဆန့်ခေါင်းကိုလက်နဲ့ဆုပ်ကိုင်ပြီး မျက်နှာချင်း အပ်လိုက်ပါတယ်။ နက်ဆန့်ပါးစပ်ကနေ အဖြူရောင်အခိုးအငွေ့ တချို့ထွက်လာပြီး မိုနီကာရဲ့နှုတ်ခမ်းထဲစိမ့်ဝက်တယ်။ သူတို့က နမ်းမိကြလုမတတ်နီးကပ်နေတာမြင်ရတော့ ကျွန်မရင်ထဲ မရိုးမရွဖြစ်လာရော... ဒါပေမဲ့... ကျွန်မနဲ့နက်ဆန်က ဘာမှမဟုတ်သေးဘူးဆိုတဲ့ အဖြစ်မှန်ကိုပြန်တွေးမိတဲ့အခါမှာတော့။
“မိုနီကာ... ငါလည်းသူ့ကိုချစ်တယ်၊ နင်လည်းသူ့ကိုချစ်တယ်။ ဒီတော့ဘာလို့ တရားမျှမျှတတ သူ့အချစ်အတွက် ငါတို့တွေ မတိုက်ခိုက်နိုင်ဘဲ နေရမှာလဲ။ နက်ဆန်က ငါတို့နှစ်ယောက်ထဲက တစ်ယောက်ကိုမရွေးခင်အထိတော့ သူ့အနားမှာနင့်ကို နေခွင့် ပေးထားလိုက်မယ်။”
ဒီအတွေးနဲ့အတူ ကျွန်မရဲ့ဒေါသတွေကို ပြန်ထိန်းချုပ်ထားလိုက် ပါတယ်။
နက်ဆန်ဆီကနေ အသက်ဓာတ်တချို့ပြန်ရပြီးနောက်မှာတော့ မိုနီကာရဲ့အခြေအနေက အများကြီးပိုတည်ငြိမ်သွားပြီး ဆံပင်တချို့တောင် ပြန်ပြီးတော့ ခရမ်းရောင်ဖြစ်လာတယ်။ နောက်တော့သူက လှဲလျောင်းနေရင်းက ကျွန်မကိုကြည့်ပြီး
“နောက်ဆုံးတော့ နင်က ဒါလင်ကို ငါနဲ့အတူမျှဝေခံစားဖို့ လက်ခံလိုက်ပြီပေါ့လေ။”
“ဘာမျှဝေခံစားတာလဲ... အထင်လွဲစရာစကားတွေ မပြောနဲ့ဟဲ့။” ဟောကြည့်၊ နည်းနည်းလေးနေပြန်ကောင်းတာနဲ့ သောက်မြင် ကပ်စရာတွေ ပြောတော့တာပဲ။