တပ်ရင်းအမှတ်သုံးကို အုပ်ချုပ်ရခြင်း
Vol. 6 Ch. 524
" စစ်ဦးစီးမှူး တဲ့လား "
ရှင်းကုံကျစ်တာအိုဂိုဏ်းဆီသို့ သတင်းများပျံ့နှံ့သွားစဥ် လူအများစုမှာ အစပိုင်းတွင်စိတ်ပျက်သွားကြပြီး လျင်မြန်စွာပင် အလွန်အံ့အားသင့်သွားကြေလသည်။ ဖက်တီးကျန်းကြီးမှာ သူ၏စိတ်ဆန္ဒအမြုတေဖြစ်ပေါ်ခြင်း၌ အောင်မြင်ခဲ့ပြီး မိစ္ဆာနှိမ်နင်းရေးခန်းမ၏ အဆောင်မှူးမှ တပည့်အဖြစ်ခေါ်ဆောင်ခြင်းခံခဲ့ရသည်။ ထိုသတင်းရောက်ရှိလာသောအခါ သူက ကျင့်ကြံနေသည့်အချိန်ဖြစ်ပြီး ချက်ချင်းပင်စိတ်အားတက်ကြွသွားလေသည်။
" တော်လိုက်တဲ့ ရှောင်ချန်းလေး "
ထိုအတောအတွင်း မဟာတံတိုင်းရှိ စစ်တပ်ငါးတပ်မှာ အုတ်အုတ်ကျက်ကျက်ဖြစ်နေလေသည်။ အစောပိုင်းတုန်းက သူတို့သည် ပိုင်ရှောင်ချန်း၏တောင်းဆိုမှုကို ကြားခဲ့ရသော်လည်း ရာထူးတိုးမြှင့်ခြင်းကိုခွင့်ပြုသည့် မည်သည့်အတည်ပြုချက်ကိုမျှမမြင်ခဲ့ပေ။ သို့သော် ခဏအကြာပြီးနောက်တွင် ပိုင်ရှောင်ချန်းက အမှန်တကယ် စစ်ဦးစီးမှူး တစ်ယောက်ဖြစ်လာသည်ကို ပြသသည့် မှာကြားချက်ထွက်လာခဲ့သည်။
ပိုင်ရှောင်ချန်းက သူ၏သက်သေခံတံဆိပ်ပြားကိုကြည့်ရှုနေစဥ် ပျော်ရွှင်နေလေသည်။ “ ဟန်ပြ ” ဟူသောစကားလုံးက စစ်ဦးစီးမှူးဆိုသည့် သူ၏ရာထူးအဆင့် ရှေ့ မှ ပျောက်ကွယ်သွားခဲ့သည်။ သူသည် သူ့ကိုယ်သူလွန်စွာ ကျေနပ်နေကာ ကျယ်လောင်စွာရယ်မောလိုက်ပြီး ပြောလိုက်သည်။
" ဒီနေ့ကစပြီး ပိုင်ရှောင်ချန်းက စစ်ဦးစီးမှူး တစ်ယောက်ဖြစ်သွားပြီ"
ချိန်ဟဲ့ထျန်၊ ပိုင်လင်းနှင့် အခြား စစ်သေနာပတိချုပ် များမှာ အံ့အားသင့်သွားလေသည်။ အကြည့်များဖလှယ်ပြီးနောက် ပိုင်လင်း၏မျက်နှာပေါ်တွင် ထူးဆန်းသည့်အမူအယာပေါ်လာပြီး ချိန်ဟဲ့ထျန်က ဧရာမမျက်လုံးကြီးထဲရှိ စစ်မှန်သောဝိညာဥ်ကို ရှုံ့မဲ့၍ကြည့်လိုက်သည်။
ရှင်းလင်းစွာပင် ထိုရာထူးတိုးမြှင့်ခြင်းမှာ သန့်ရှင်း သောဝိညာဥ်၏ ပိုင်ရှောင်ချန်းအား ကျေးဇူးဆပ်တင်ကြောင်းပြသသည့် နည်းလမ်းဖြစ်လေသည်။ အမှန်တွင်လည်း ထိုမျှများပြားသော အမုန်းဝိညာဥ်များက သန့်ရှင်းသော ဝိညာဥ်အတွက် မကြုံစဖူး အသုံးဝင်လေသည်။
နောက်ဆုံးတွင် ချိန်ဟဲ့ထျန်ကသက်ပြင်းချလိုက်ပြီး ထိုကိစ္စရပ်အား လိုအပ်သည်ထက်ပို၍ စိတ်မပူမိရန် ဆုံးဖြတ်ချက်ချလိုက်သည်။
" ပိုင်လင်း " သူကပြောလေသည်။
" ပိုင်ရှောင်ချန်းက အရေခွံဆုတ်တပ်သားတစ်ယောက်ဆိုတော့ မင်းရဲ့လက်ရှိစစ်ဦးစီးမှူးတွေထဲက တစ်ယောက်ကို အနားယူခိုင်းဖို့ စီစဥ်လိုက်တော့ "
ထို့နောက်သူက ခေါင်းတခါခါဖြင့် ထွက်သွားတော့သည်။
မျက်စိတမှိတ်အတွင်း ခုနှစ်ရက်တာ ကုန်လွန်သွားခဲ့သည်။ ထိုတစ်ချိန်လုံးတွင် မဟာတံတိုင်းမြို့တော်၌ ပိုင်ရှောင်ချန်း၏ ဝိညာဉ်များကိုအပ်နှံခြင်းနှင့် စစ်ဦးစီးမှူး အဖြစ် ရာထူးတိုးမြှင့်ခံရခြင်းအကြောင်းများကို ပြောဆိုနေကြသည်။ အမှန်မှာ ထိုကဲ့သို့သော အဖြစ်အပျက်များက ခုနစ်ရက်ထက်မက ဆက်လက်၍တည်မြဲနေလိမ့်မည်။
မရေမတွက်နိုင်သောကျင့်ကြံသူများက ဖြစ်ပျက်ခဲ့သည်များကို မနာလိုဖြစ်ခဲ့ကြသော်လည်း သူတို့၏နှလုံးသားများထဲတွင် မျှော်လင့်ချက်များဖြင့် စိတ်အားထက်သန်သွားသည်။ ရုတ်တရက် သူတို့၏အနာဂတ် ရည်မှန်းချက်များအတွက် မျှော်လင့်ချက်များစွာရှိကြောင်းခံစားမိသွားသည်။
ပိုင်ရှောင်ချန်းမှာ ထိုအချက်ကြောင့် လွန်စွာထင်ပေါ်ကျော်ကြားသွားလေသည်။ မဟာတံတိုင်းဒေသရှိ အဓိကမြို့ကြီးသုံးမြို့မှ လူတိုင်းက သူ၏အမည်ကို မသိကြသေးသော်လည်း ရာထူးအာဏာရှိသူတိုင်းက သူ၏အကြောင်းများကိုကြားသိခဲ့ရသည်။
လွန်ခဲ့သောခုနစ်ရက်တာအတွင်း အခြားအဖြစ်အပျက်တစ်ခုလည်း ဖြစ်ပွားခဲ့သည်။ ပိုင်ရှောင်ချန်း၏တပ်ရင်းတစ်စိတ်တစ်ပိုင်းဖြစ်သော တပ်ရင်းအမှတ်သုံး စစ်ဦးစီးမှူး အား ပိုင်လင်းက ရှင်းကုံကျစ်တာအိုဂိုဏ်းဆီသို့ပြန်ရန် စည်းရုံသိမ်းသွင်းလေသည်။
ထို စစ်ဦးစီးမှူး က ပိုင်ရှောင်ချန်းအား စိတ်မဆိုးပေ။ ထို့ထက် သူကအတော်ပင် ကျေးဇူးတင်သွားလေသည်။ သူကမဟာတံတိုင်းတွင် နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့ပြီး ဂိုဏ်းသို့ပြန်ရောက်သွားလျှင် သံမဏိသွေးကြောခန်းမဆောင်၏ အကြီးအကဲတစ်ဦးဖြစ်လာလိမ့်မည်။ သူစုဆောင်းထားခဲ့သည့် တိုက်ပွဲစွမ်းေဆာင်မှုရမှတ်အားလုံးအတွက်လည်း ဂိုဏ်းက ရက်ရက်ရောရော လျော်ကြေးပေးလိမ့်မည်။
သူက မဟာတံတိုင်းကြီးအား ဆက်လက်မကာကွယ်နိုင်တော့သော်လည်း ဂိုဏ်းသို့ပြန်သွားခြင်းက သူ့အတွက်အကောင်းဆုံးရွေးချယ်မှုဖြစ်လေသည်။ သာမန်အားဖြင့်ပြောရလျှင် စစ်ဦးစီးမှူး များက အလွန်အရေးကြီးသောလူများဖြစ်ကြပြီး သူတို့ဆန္ဒရှိတိုင်း မဟာတံတိုင်းကြီးဆီမှ ထွက်ခွာနိုင်ခြင်းမရှိပေ။ တကယ်တမ်းတွင် အခြား စစ်ဦးစီးမှူး များက သူ့အား အနည်းငယ်မနာလိုသွားကြသည်။
ထွက်ခွာမသွားမီ သူကကျေးဇူးတင်ကြောင်းကို ဖော်ပြရန်နှင့် ပိုင်ရှောင်ချန်းအသုံးပြုနိုင်ရန် သူ၏ကိုယ်ပိုင်တပ်သားများကို လွှဲပြောင်းပေးရန် သူ့ဆီသို့ သွားလည်ခဲ့သည်။ ပိုင်ရှောင်ချန်းက ထိုအဘိုးအို၏ရိုးသားမှုအပေါ် အတော်လေးစိတ်လှုပ်ရှားသွားပြီး တပ်သားများကို မျှမျှတတဆက်ဆံပါမည်ဟု ထပ်ခါထပ်ခါအာမခံခဲ့လေသည်။
ထိုအဘိုးအိုက မဟာတံတိုင်းမှထွက်ခွာသွားပြီး ရက်အနည်းငယ်အကြာတွင် ပိုင်ရှောင်ချန်းက ထိုတာဝန်ကိုတရားဝင်လက်ဆင့်ကမ်းယူလိုက်သည်။ ယခုတွင် သူက အရေခွံဆုတ်တပ်ဖွဲ့၏ တပ်ရင်းအမှတ်သုံးမှ စစ်ဦးစီးမှူး ဖြစ်သွားခဲ့ပြီဖြစ်သည်။
တာဝန် ကျလာသည့်နေ့တွင် ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားမှုကြောင့်တုန်ယင်နေပြီး သူ၏တန်ခိုးအာဏာကို ဖော်ပြနေသော စစ်ဦးစီးမှူး သံချပ်ကာဝတ်စုံကို ဝတ်နေရင်း ခွပ်ရေးပြင်နေသည့် ကြက်ဖတစ်ကောင်အလား စိတ်ကြီးဝင်နေတော့သည်။ သံချပ်ကာဝတ်စုံတွင် မန္တန်အစီအရင်ထည့်သွင်းထားလေရာ ၎င်းကအသက်ဝင်သွားပြီး ချက်ချင်းပင် သူ၏တစ်ကိုယ်လုံး မှုန်ဝါးကာ ပုံပျက်သွားပြီးနောက် ပြင်းထန်လှသည့် ထိတ်လန့်အံ့သြဖွယ်စွမ်းအားများ တိုးဝင်လာလေသည်။
သူ၏ဆံပင်များ တဟူးဟူး လွင့်လာပြီး သူ့ရုပ်သွင် ပြန်လည်ပေါ်ထွက်လာသည်။ ထို့နောက် သူကကြေးမုံပြင်ကိုထုတ်လိုက်ကာ သူ့ကိုယ်သူဆန်းစစ်လိုက်သည်။
အချိန်တော်တော်ကြာသည်အထိ သူ့ကိုယ်သူ ကြည့်ရှုနေပြီးနောက် သူက တဟားဟားရယ်မောလိုက်ကာ ပြောလိုက်လေသည်။
" မင်းဘာပြောမလဲ မှော်ကြေးမုံလေးရေ။ ငါဘယ်လိုနေလဲကွ "
လူလိမ်ညမုဆိုး၏ဝိညာဥ်မှာ မှန်ထဲတွင်ပေါ်လာပြီး သက်ပြင်းချလိုမှုကို ချုပ်ထိန်းထားလျက် မျက်နှာထက်တွင် ထိတ်လန့်အံ့သြသည့်အမူအယာဖြစ်ပေါ်စေလိုက်သည်။
ပိုင်ရှောင်ချန်းမှာလည်း သူ၏တုံ့ပြန်မှုကြောင့် အူမြူးကာဘဝင်ခိုက်နေတော့သည်။
အချိန်အတော်ကြာပြီးနောက် လူလိမ်ညမုဆိုးက ထိတ်လန့်အံ့သြသွားခြင်းမှ ပြန်လည်အသိဝင်သွားဟန် ပြုမူလိုက်ပြီး ပိုင်ရှောင်ချန်းအား မြှောက်ပင့်ပြောဆိုလေတော့သည်။
" ဘုရား၊ ဘုရား ဆရာက တကယ့်ကို အပြစ်ဆိုလို့ မြူတစ်မှုံမျှမထင် ယောက်ျားပီသ ချောမောခန့်ညားသလို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လည်းဖြစ်တဲ့ လက်ရွေးစင် ပိုင်ရှောင်ချန်းမှ ဟုတ်ပါလေစ။ ကျွန်တော့် နှလုံးသားထဲက ပိုင်ရှောင်ချန်းဆိုတာ နေမင်းကြီးထက်တောင် ကိုယ်ရောင်ကိုယ်ဝါ ထွန်းလင်းတောက်ပနေတဲ့ တပ်မှူးကြီးတစ်ယောက်ပါ "
ပိုင်ရှောင်ချန်းသည် ထိုစကားများကို လွန်စွာနှစ်ခြိုက်ကာ ရင်ထဲတွင် အပြုံးပန်းများ ဝေဆာပွင့်ဖူးနေပါသော်လည်း ခံစားချက်ကင်းမဲ့သည့်မျက်နှာဖြင့် ပြောလိုက်လေသည်။
" တော်လောက်ပြီ။ မြှောက်ပင့်မနေနဲ့တော့။ ပိုင်ရှောင်ချန်းက မြှောက်ပင့်ပြောဆိုတာကို ကြိုက်တဲ့လူစားမျိုးလို့ မင်းက ထင်နေတာလား။ သံချပ်ကာဝတ်စုံက ငါနဲ့လိုက်ဖက်ညီမှုရှိရဲ့လားလို့ မင်းရဲ့ထင်မြင်ချက်ကို သိချင်လို့ မေးတာကွ "
လူလိမ်ညမုဆိုးက တစ်ချက်ဝေ့ကြည့်လိုက်သည်။ အကယ်၍ သူက ပိုင်ရှောင်ချန်း မေးသည့်အတိုင်း မြှောက်ပင့်ပြောဆိုခြင်းမပြုဘဲ ရိုးရိုးသားသား ဖြေလိုက်လျှင် ပိုင်ရှောင်ချန်းက သူ့အား အပြစ်ပေးလိမ့်မည်ကို ကောင်းစွာသိလေသည်။
" ကျွန်တော်ကလည်း မျက်နှာလိုမျက်နှာရလုပ်ရတာကို မကြိုက်ပါဘူး "
လူလိမ်ညမုဆိုးကပြောလိုက်သည်။
" ဒီကမ္ဘာကြီးထဲက ဘယ်သူမှကြိုက်မှာမဟုတ်ဘူး "
သူ့ရင်ထဲတွင် အထင်သေးမှုများ ပြည့်နှက်နေသော်လည်း ၎င်းအားမြင်သာအောင်မပြသပေ။ ထိုအစား ပထမဦးဆုံးမေးခွန်းအားမဖြေမီ အမွှေးတိုင်တစ်တိုင်စာလောင်ကျွမ်းသည့်အချိန်ကုန်သည်အထိ ပိုင်ရှောင်ချန်းအား ဆက်လက်၍ ဖားလိုက်လေသည်။
" အဲဒီသံချပ်ကာဝတ်စုံက ဆရာ့အတွက်များ ရည်စူးပြီး လုပ်ထားသလား မှတ်တယ်။ လုံးဝကို ကွက်တိပဲ။ ဆရာ့ဆီကနေ ကိုယ်ရောင်ကိုယ်ဝါတွေ ထွက်ပေါ်နေရတာဟာ သံချပ်ကာကြောင့်မဟုတ်ဘူး။ တကယ်က အဲဒီသံချပ်ကာကို ဆရာဝတ်လိုက်လို့ပါ "
လူလိမ်ညမုဆိုး၏ မျက်နှာလိုမျက်နှာရစကားများကို နားထောင်ခြင်းက ပိုင်ရှောင်ချန်း၏အနှစ်သက်ဆုံးသော ဝါသနာထဲမှတစ်ခုဖြစ်ပြီး ထိုစကားများကို သူ အမှန်တကယ် သဘောကျသည်။ နောက်ဆုံးတွင် သူကချောင်းဟန့်လိုက်ပြီး ကြေးမုံပြင်လေးအတွင်းသို့ ဆေးလုံးအချို့ပစ်ပေးလိုက်ကာ သူ၏နေထိုင်ရာနေရာသို့ပြန်သွားလေသည်။
အပြင်ဘက်တွင် တပ်ရင်းအမှတ်သုံးမှ ကျင့်ကြံသူပေါင်းတစ်သောင်းမှာ သတိအနေအထားဖြင့်မတ်တတ်ရပ်နေကြသည်။ ပိုင်ရှောင်ချန်းပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျောက်လုံကရှေ့သို့ခြေတစ်လှမ်းလှမ်းကာ အော်လိုက်လေသည်။
"တပ်ရင်းအမှတ်သုံး..အလေးပြု"
ကျောက်လုံပြောပြီးပြီးချင်းတွင် ကျင့်ကြံသူတစ်သောင်းက လက်ကိုယှက်ကာ လေးလေးနက်နက်ဦးညွတ်လိုက်ကြသည်။
" စစ်ဦးစီးမှူး ကို အလေးပြုပါတယ် "
ထို့နောက် သူတို့၏ အသံများက မိုးခြိမ်းသံအလားကျယ်လောင်စွာ ပဲ့တင်ထပ်လျက် ထွက်ပေါ်လာလေသည်။
သူ၏အရှေ့တွင် လူပေါင်းတစ်သောင်းခန့် တန်းစီနေသည်ကို တွေ့မြင်ရခြင်းက ပိုင်ရှောင်ချန်းအား စိတ်တွင်းကြိတ်၍ သက်ပြင်းချသွားစေသည်။ သူက မဟာတံတိုင်းမြို့တော်ဆီသို့ သူကိုယ်တိုင်မည်သို့ရောက်ရှိလာခဲ့သည်နှင့် တပ်ခွဲမှူးအဆင့် မှ တပ်မှူးလေး၊ ထို့နောက် တပ်မှူးကြီး အဖြစ် အဆင့်တက်ခဲ့သည်များကို ပြန်ပြောင်းစဉ်းစားမိသွားသည်။ ယခုအခါ သူက အထွတ်အထိပ်ဖြစ်သော စစ်ဦးစီးမှူး တစ်ဦးဖြစ်နေပေပြီ။
စစ်ဦးစီးမှူး တစ်ဦးဖြစ်လာရန် မည်မျှအလုပ်လုပ်ခဲ့ရကြောင်း စဉ်းစားမိရုံမျှဖြင့် သူက မနားတမ်းသက်ပြင်းချမိနေတော့သည်။
နောက်ဆုံးတွင် သူကလက်ကိုဝေ့ယမ်းကာပြောလိုက်သည်။
" ကောင်းပြီဟေ့...လမ်းခဏလျှောက်ကြဦးစို့ "
ထို့နောက် သူ၏ယခင် လူပေါင်းတစ်ထောင်ရှိသည့်တပ်ရင်းက သူ၏ကိုယ်ပိုင်ကိုယ်ရံတော်အဖြစ် ဆောင်ရွက်ရန် ရှေ့သို့တိုးလာကြသည်။ တချိန်တည်းမှာပင် သူ၏အမိန့်အောက်ရှိ တပ်မှူးကြီး ဆယ်ဦးမှာလည်း ရှေ့သို့ထွက်လာသည်။
သူတို့က လေထဲသို့ပျံသန်းသွားစဉ် ကျန်တပ်ဖွဲ့ဝင်များက လမ်းကြောင်းကိုရှင်းလင်းရန်နှင့် မည်သူမျှနီးကပ်လာခြင်း မရှိစေရန်လူချင်းချဲလိုက်ကြသည်။
ပိုင်ရှောင်ချန်းက အလွန်အံ့သြကာ စိတ်ဓာတ်တက်ကြွလာပြီး သူ၏ကြိုးစားအားထုတ်မှုအားလုံးမှာ အကျိုးဖြစ်ထွန်းခဲ့သဖြင့် အလွန်ကျေနပ်နေမိသည်။ သူက လူတိုင်းသူ့ကိုကြည့်နိုင်ရန် ဖြည်းဖြည်းမှန်မှန်လမ်းလျှောက်နေပြီး သူ၏တပ်မှူးကြီးများနှင့်အချိန်ယူကာ စကားပြောနေခဲ့သည်။ သူနှင့်စကားစမြည်ပြောဆိုရာတွင် သူတို့က သတိကြီးစွာထားနေခြင်းက သူ့အားလွန်စွာစိတ်ကျေနပ်စေသည်။
သူမြို့ထဲသို့စီတန်းလှည့်လည်နေသည်ကို လူအများအပြား သတိပြုမိကြသည်။ တချိန်က သူသည် တပ်မှူးကြီးတစ်ဦးအနေဖြင့် ထိုသို့လုပ်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင်မူ သူက စစ်ဦးစီးမှူး တစ်ဦးဖြစ်နေပြီဖြစ်သည်။
ပိုင်ရှောင်ချန်းက အရေခွံဆုတ်တပ်၏ တပ်ရင်းအမှတ်သုံးတွင် စစ်ဦးစီးမှူး တစ်ဦးအဖြစ်တာ၀န်ထမ်းဆောင်နေသော သတင်းက မြေရိုင်းဒေသတွင် သတင်းကြီးဖြစ်နေသည်။ သူနှင့်ပတ်သက်သည့် စစ်ရေးအရ တန်ဖိုးရှိသောသတင်းက ယေဘုယျအားဖြင့် ထိုဒေသတွင် အလွန်အရေးကြီးလှသည်။ သူ၏ပေါက်ကွဲစေသောဆေးပေါင်းဖိုများ၊ သူ၏ဝိညာဥ်စုစည်းဖြင်းဆေးလုံးများ၊ သူလုပ်သမျှအရာအားလုံးက သူတို့အားထိခိုက်နာကျင်စေသည်။
ထိုသတင်းများက သခင်မဟုန်ချိန်၏ ရွက်ဖျင်တဲရှိရာသို့ရောက်လာသောအခါ ကျောက်စိမ်းပေလွှာကို ဖြန့်ကာ သတင်းအစီရင်ခံစာကို ကြည့်လိုက်လေသည်။
" ဒါဆို အရင်ရက်က ဘာတွေဖြစ်ခဲ့တာလဲ"
သူမကပြောလိုက်သည်။
" ပိုင်ရှောင်ချန်းက ဝိညာဥ်တွေကို တိုက်ပွဲစွမ်းဆောင်မှုရမှတ်တွေနဲ့ လဲပစ်လိုက်ပြီး စစ်ဦးစီးမှူး တစ်ဦးအဖြစ် အဆင့်တက်သွားတာလား "
သူမ၏အရှေ့တွင် ဒူးထောက်နေသူမှာ မီးခိုးရောင်၀တ်ရုံကိုဝတ်ထားသည့် အောက်လမ်းဆရာတစ်ယောက်ဖြစ်ကာ သူ၏ကျင့်ကြံခြင်းအခြေခံ အငွေ့အသက်များအရ ယင်ယန်ဝိညာဥ်အဆင့် တွင်ဖြစ်ကြောင်းပြသနေသည်။
" ကျွန်တော်တို့ရဲ့သူလျှိုတွေဆီက သတင်းအရတော့.. " သူကပြောလေသည်။
" ကျောက်စိမ်းပေလွှာထဲမှာပါတဲ့အတိုင်း ဖြစ်ခဲ့တာပါ။ ပိုပြီးတိတိကျကျပြောရရင် ပိုင်ရှောင်ချန်းက ဝိညာဥ်ပေါင်း ၁,၀၀၀,၀၀၀,၀၀၀ ကျော်ကို အပ်နှံခဲ့တာပါ "
အောက်လမ်းဆရာကပင် သူပြောခဲ့သည့်အရေအတွက်ကို မယုံနိုင်အောင် ဖြစ်နေသည်။
" ၁,၀၀၀,၀၀၀,၀၀၀ "
သခင်မ ဟုန်ချိန်၏ မျက်လုံးများထဲတွင် အေးစက်သည့်အရောက်များတောက်ပနေပြီး တီးတိုးရေရွတ်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူမကလက်ကိုဝေ့ယမ်းလိုက်သည်။
" ပိုင်ရှောင်ချန်းကို သေမိန့်ကျစာရင်းမှာ နံပါတ်ငါးနေရာထားလိုက်။ သူ့ခေါင်းအတွက် ဆုကြေးကိုလည်း နတ်သားရဲဝိညာဥ်နှစ်ကောင်အဖြစ်တိုးမြှင့်လိုက် "
" ဟုတ်ကဲ့ပါသခင်မ "
အောက်လမ်းဆရာက လေးပင်စွာခေါင်းညိတ်၍ ပြောလိုက်သည်။ ထို့နောက် သူက ထွက်သွားလေသည်။
မကြာမီ ပိုင်ရှောင်ချန်းမှာ မြေရိုင်းဒေသ၏ သေမိန့်ကျစာရင်းတွင် နံပါတ်ငါးနေရာရောက်သွားကြောင်းနှင့် သူ့အား သတ်လျှင်ရမည့်ဆုကြေးမှာ နတ်သားရဲဝိညာဥ်နှစ်ကောင်အဖြစ်တိုးမြှင့်ထားကြောင်း သတင်းများ မဟာတံတိုင်းဆီသို့ပျံ့နှံ့လာသည်။ ပိုင်ရှောင်ချန်းမှာ ထိုသတင်းများကိုကြားလိုက်ရသောအခါ လွန်စွာထိတ်လန့်တုန်လှုပ်သွားလေသည်။
" ရက်စက်လိုက်ကြတာကွာ "
သူက တွေးနေမိသည်။ မြေရိုင်းဒေသမှလူများက သူ၏သေဆုံးခြင်းကိုမြင်ရရန်အတွက် နတ်သားရဲဝိညာဥ်နှစ်ကောင်ကို ပေးရန်စိတ်အားထက်သန်နေကြသည်အထိ သူ့အားအလွန်အမင်းမုန်းတီးနေသည်ကို သူမယုံနိုင်အောင် ဖြစ်နေတော့သည်။