သွေးကြီးနေသော စုန့်ချွဲ
Vol. 6 Ch. 525
" တကယ်လို့ ဒီလိုသာဆက်ဖြစ်နေခဲ့ရင် " ပိုင်ရှောင်ချန်းက တွေးတောနေမိသည်။
"တစ်နေ့မှာ သူတို့က နတ်ဝိညာဥ်တစ်ခုအထိ တိုးမြှင့်ပေးမလား ငါသိချင်လိုက်တာ "
ကြောက်မက်ဖွယ်ကောင်းသည့်အကျိုးဆက်များကို တစ်ခဏကြာ စဉ်းစားလိုက်ပြီးနောက် သူက ထိုအတွေးများကိုမြှုပ်နှံလိုက်ကာ မဟာတံတိုင်းအပြင်ဘက်သို့ ခြေတလှမ်းပင် မချရန် ဆုံးဖြတ်လိုက်သည်။
" အင်း၊ တကယ်လို့ အပြင်ကိုသွားရမယ်ဆိုရင်တောင် ငါရဲ့တပ်ရင်းတစ်ခုလုံးက လူတစ်သောင်းလုံးကို ငါနဲ့အတူခေါ်သွားရမယ်။ သူတို့သာ ပါလာရင် မြေရိုင်းဒေသက ဘာကောင်ကြီးနေနေ ငါ့ကို လာသတ်နိုင်မှာ မဟုတ်ဘူး။ ဒီကကျင့်ကြံသူတွေကြားမှာ သူလျှိုတချို့ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ ငါက မဟာတံတိုင်းမြို့တော်ရဲ့ အလယ်မှာနေတာလေ "
ထိုအကြောင်းပြချက်က သူ့အားအနည်းငယ်နှစ်သိမ့်မှုဖြစ်စေသည်။ သို့သော် လုံးဝတော့ မဟုတ်ချေ။
"ခဏလေး...။ ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံက ခုထိနိမ့်နေတုံးပဲ။ ငါက ရွှေအမြုတေအဆင့်ရဲ့မဟာစက်ဝန်းမှာပဲရှိသေးတယ်။ ငါအဆင့်တက်ချင်ရင် အနိမ့်ဆုံး သတ္တု၊ သစ်သား၊ ရေ၊ မီး နဲ့ မြေကြီးဆိုတဲ့ နတ်သားရဲဝိညာဉ် အစုံလိုက်ရှိဖို့လိုအပ်လိမ့်မယ် "
သူ့ထံတွင် တိုက်ပွဲစွမ်းဆောင်မှုရမှတ်အများအပြား ရှိနေဆဲဖြစ်သော်လည်း နတ်သားရဲဝိညာဥ်တစ်ခုဝယ်ယူနိုင်လောက်သည်အထိ လုံလောက်မှုမရှိချေ။
အကယ်၍သူ၏နတ်သားရဲဝိညာဥ်များကို ရောင်းလိုလျှင်လည်း ဂိုဏ်းသို့ပြန်ရောက်သည်အထိစောင့်ရပေဦးမည်။ မဟာတံတိုင်းတွင် နတ်သားရဲဝိညာဥ်များကိုထုတ်ယူခြင်းက အရဲစွန့်ရာရောက်လွန်းသည်။
" ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံကို တိုးမြှင့်လို့ရနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ငါ့ရဲ့ထာဝရအသက်ရှည်နည်း သိုင်းကိုတော့ သေချာပေါက် တိုးတက်အောင်လုပ်နိုင်တယ် "
ပိုင်ရှောင်ချန်းက တွေးတောနေရာမှ ရပ်တန့်လိုက်ပြီး ကျောက်စိမ်းပေလွှာကိုထုတ်ကာ သူ လိုအပ်သည့်ပစ္စည်းအချို့ကို ဖြည့်စွက်လိုက်ပြီး ဂရုစိုက်ရန် ကျောက်လုံဆီသို့လွှဲပြောင်းပေးလိုက်သည်။
ယခုတွင် ပိုင်ရှောင်ချန်းက စစ်ဦးစီးမှူး တစ်ယောက်ဖြစ်လာပြီး အထူးအခွင့်အရေးများစွာ ရရှိထားသည်။ သူကရိုးရှင်းသောတာဝန်များကို ခွင့်ပြုချက်မလိုပဲ တာဝန်ပေးနိုင်ရုံမျှမက ထောက်ပံ့ရေးပစ္စည်းများကိုလည်း တောင်းဆိုနိုင်သည်။
သူ၏ရာထူးဖြင့် အခွင့်အရေးမယူလိုသည့်အတွက် သူ့မှာရှိသည့်များပြားလှသော တိုက်ပွဲစွမ်းဆောင်မှုရမှတ်များကို စဥ်းစားလိုက်ကာ ကျောက်လုံအား လိုအပ်သည့်ပစ္စည်းများ ၀ယ်ရန် အရင်းအမြစ်များစွာပေးလိုက်သည်။
မကြာမီတွင် ကျောက်လုံက သူမှာလိုက်သည့်အဖိုးတန်ပစ္စည်းများနှင့် ပြန်ရောက်လာသည်။ ထို့နောက် ပိုင်ရှောင်ချန်းက တံခါးပိတ်ကျင့်ကြံတော့မည်ဖြစ်ကြောင်းကြေညာကာ သူ၏ထာဝရအသက်ရှည်နည်း သိုင်းပညာရပ်ကို စတင်၍ကျင့်ကြံတော့သည်။
" ဒီတစ်ကြိမ်တော့ ငါတွန့်ဆုတ်နေလို့မဖြစ်ဘူး။ ငါ့ရဲ့ထာဝရအသက်ရှည်နည်း သိုင်းပညာရပ်ကို တတိယအဆင့်ရဲ့ အထွတ်အထိပ်ထိ ရောက်အောင်လုပ်ရမယ် "
အသက်ပြင်းပြင်းရှုကာ သူက မြေဝိညာဥ်သစ်ဥတစ်ခုကို ဆွဲထုတ်လိုက်ပြီး ပါးစပ်ထဲသို့ဖျတ်ခနဲ ထည့်လိုက်သည်။ သစ်ဥထဲမှ သက်စောင့်အားများ သူ့ကိုယ်တွင်း စီးဆင်းသွားစဥ် သူက မျက်လုံးကိုမှိတ်ကာ သူ၏ထာဝရအသက်ရှည်နည်းသိုင်းပညာရပ်ကို စတင်ကျင့်ကြံတော့သည်။
ချက်ချင်းပင် ထိုသက်စောင့်အားများက အပူစီးကြောင်းများအဖြစ် အသွင်ပြောင်းသွားပြီး သူ၏ဦးခေါင်းဆီသို့ဦးတည်စီးဆင်းသွားကာ ထာဝရအရွတ်ကြောများအသွင် ပုံဖော်လာကြသည်။
သူ၏အလုပ်က အာရုံစူးစိုက်မှုနှင့် သမာဓိအား လိုအပ်ပြီး ကမူးရှူးထိုး လုပ်၍မရနိုင်ပေ။ ကျေးဇူးတင်ဖွယ်ကောင်းသည်က လိုအပ်သောအဖိုးတန်ပစ္စည်းများကို အလွယ်တကူရရှိရန် သူ့ထံတွင် တိုက်ပွဲစွမ်းဆောင်မှုရမှတ်အများအပြားရှိနေခဲ့သည်။ အချိန်များမှာ တရွေ့ရွေ့ကုန်ဆုံးသွားသည်။ မကြာမီ တစ်နှစ်ကုန်လွန်သွား၏။
ထိုနှစ်တွင် တိတ်တဆိတ်ကျင့်ကြံနေခြင်းဖြင့်သာ အချိန်များ ကုန်လွန်သွားခဲ့သည်။ ပိုင်ရှောင်ချန်းက အပြင်သို့ ထွက်သည်မှာ ရှားပါးလာလေရာ သူ၏ရာထူးတိုးခြင်းအကြောင်း ပြောသည့်စကားများမှာ တဖြည်းဖြည်းလျော့နည်းသွားသည်။
နောက်ထပ်နှစ်တစ်ဝက်ကုန်ဆုံးသွားပြီး ထိုစကားများမှာ ပို၍လျော့နည်းသွားသည်။ တစ်နေ့တွင် ပိုင်ရှောင်ချန်းက တင်ပျဥ်ခွေလျက် တရားထိုင်နေစဥ် ပြိုးပြိုးပြက်ပြက် လင်းလက်လာသည့်အလား သူ့မျက်လုံးများ ဖျတ်ခနဲ ပွင့်လာ၏။
သူက ဖြည်းညင်းစွာ အသက်ရှူလိုက်ရင်း လက်နှစ်ဖက်ဖြင့်မန္တန်လက်ကွက်ဖော်လိုက်ကာ လက်ကို ဝေ့ယမ်းလိုက်သည်။ ချက်ချင်းပင် သူ၏အရှေ့ဘက်တွင် ခင်းကျင်းထားသည့် အဖိုးတန်ပစ္စည်းများမှာ အမှုန်များအဖြစ် ပြောင်းလဲသွားလေသည်။
ထို့နောက် ထိုအမှုန်များကစုစည်းသွားပြီး သူ၏ပါးစပ်အတွင်းသို့ ပျံဝင်လာရာ သူက ချက်ချင်း စုပ်ယူလိုက်လေသည်။
အဆုံးအစမဲ့ များပြားလှသော သက်စောင့်အားများက သူ့ ခန္ဓာကိုယ်အတွင်း ထွက်ပေါ်လာရာ သူက သူ၏ဦးခေါင်းဆီသို့ ချက်ချင်းပင်ပို့ဆောင်လိုက်သည်။
ထိုအချိန်တွင် သူ၏ခေါင်းထဲရှိ ထာဝရအရွတ်ကြောများက ကိုးဆယ်ရာခိုင်နှုန်းကျော်သည်အထိ ရုပ်လုံးပေါ်လာခဲ့ပြီး အနည်းငယ်သာ ကျန်တော့သည်။ ၎င်းက အင်အားများစွာ သုံးကာ ဆောင့်ဖွင့်ရမည့် တံခါးကြီးတစ်ချပ်နှင့် တူနေသည်။
ပိုင်ရှောင်ချန်းက ထာဝရအသက်ရှည်နည်းသိုင်းပညာရပ်၏ တတိယအဆင့်ကို အောင်မြင်ရန် လုံးဝ အာရုံစိုက်နေသည်။ အပြင်ဘက်တွင် မွန်းတည့်ချိန်ဖြစ်ပြီး မဟာတံတိုင်းအပြင်ဘက်ရှိ ဒေသများတွင် ပူပြင်းသော ရောင်ခြည်တန်းလေးများ ကျဆင်းနေ၏။
အတန်ငယ်ဝေးသောနေရာတွင် အလုံးအထည် တူညီသော အနက်ရောင်အလင်းတန်းများက ကောင်းကင်ယံတွင် ထွန်းလင်းတောက်ပနေဆဲဖြစ်သည်ကို မြင်ရနိုင်သည်။ စစ်တပ်ငါးတပ်၏ကျင့်ကြံသူများက ၎င်းတို့ပေါ်ထွက်လာသည့် တစ်နှစ်ကျော်ကာလကတည်းက မြင်သားကျနေပြီဖြစ်သည်။ ၎င်း၏သတင်းအချက်အလက်များကို စုဆောင်းရန် လူများစွာ စေလွှတ်ခဲ့သော်လည်း အပြီးသတ်ဆုံးဖြတ်ချက်မချနိုင်သေးပေ။
သိသာထင်ရှားသည့် တစ်ခုတည်းသောအရာက ထိုရှေးဟောင်းသင်္ချိုင်းကြီးမှာ လွန်စွာ ကြီးမားပြီး အံ့သြဖွယ်ကောင်းသည့် သားရဲများ၏အရိုးစုများနှင့်ပြည့်နှက်နေကြောင်းသာဖြစ်သည်။ ထိုအရာများမှလွဲ၍ ၎င်းမှာ အခွံသက်သက်ဖြစ်သည်။
သို့သော်လည်း မြေရိုင်းသားများနှင့် မဟာတံတိုင်းတပ်ဖွဲ့စုများက ၎င်း၏လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန်ကြိုးစားရာ၌ အလျော့ပေးလိုစိတ်မရှိပေ။ သူတို့က သတင်းအချက်အလက်အသစ်များကို ရှာဖွေတွေ့ရှိရန် အမြဲကြိုးစားနေကြသည်။ ၎င်းကြောင့် ရှင်းကုံကျစ်တာအိုဂိုဏ်းက ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များအားလုံးကို ထိုနေရာအား အနည်းဆုံးတစ်ကြိမ် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် အမိန့်ထုတ်ခဲ့သည်။
ထို့ကြောင့် လွန်ခဲ့သောနှစ်များတွင် ကွဲပြားခြားနားသော လမ်းကြောင်းများဆီသို့ သွားနေခဲ့ကြသည့် လက်ရွေးစင်များအားလုံးမှာ မဟာတံတိုင်းမြို့တော်ဆီသို့ ဦးတည်လာနေကြသည်။
ပိုင်ရှောင်ချန်း တိတ်ဆိတ်စွာတရားထိုင်နေသည့် တစ်နှစ်ခွဲအတွင်း လူအများအပြားက မဟာတံတိုင်းမြို့တော်ကိုဖြတ်ပြီး ရှေးဟောင်းသင်္ချိုင်းကြီးအားစုံစမ်းရန် အပြင်ဘက်သို့ ထွက်ခဲ့ကြသည်။ ပိုင်ရှောင်ချန်းအတွက်မူ သံမဏိသွေးကြောခန်းမဆောင်မှသာ သူ့အားအမိန့်ပေးနိုင်ပြီး ပုံမှန်အားဖြင့် သူတို့က ထိုအရာများကို လုပ်ဆောင်ရန် သူ့အား အမိန့်ပေးလိမ့်မည်မဟုတ်ချေ။.
လတ်တလောတွင် မဟာတံတိုင်း၏ အပြင်ဘက်တွင် ဝိညာဥ်ကျင့်ကြံသူများအဖြစ်အယောင်ဆောင်ထားသော လက်ရွေးစင်လူသုံးဦးပါ၀င်သည့် အဖွဲ့တစ်ဖွဲ့ရောက်နေသည်။ တစ်ဦးမှာ လှပသောမိန်းမပျိုလေးတစ်ဦးဖြစ်ပြီး တစ်ဦးမှာ အလယ်ပိုင်းအမြုတေအဆင့်ရှိ ပိန်လှီသောသက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်သည်။ တတိယတစ်ယောက်မှာ သူ့အနားသို့ ချည်းကပ်မလာဝံ့လောက်အောင် လူသတ်ငွေ့များဖြာထွက်နေပြီး ကြံ့ခိုင်သန်မာသော လူငယ်လေးတစ်ယောက်ဖြစ်သည်။
တချိန်တည်းမှာပင် သူနှင့်ပတ်သက်၍ လူများက သူ့ကို ယုံကြည်စိတ်ချပြီး သူ၏အမိန့်များကို တွေဝေတွန့်ဆုတ်မနေဘဲ လုပ်ဆောင်နိုင်စေမည့် ထူးခြားသော အငွေ့အသက်တစ်ခုရှိနေသည်။ သူ၏မျက်လုံးများမှာ ထူးထူးခြားခြားအေးစက်နေကာ တိုက်ခိုက်ရန်စောင့်စားနေသည့် ဓားအိမ်မှချွတ်ထားသော ဓားတစ်လက်နှင့် တူနေသည်။ မည်သူကမျှ သူ့ကို မတော်တဆ စိတ်အနှောင့်အယှက်ပေးလိုက်ရန်ပင် ဆန္ဒရှိမည်မဟုတ်သည့် လူစားမှန်း သိသာလှသည်။
သူ့ခန္ဓာကိုယ်တွင် အလွန်ဆိုးဝါးလှသည့်အမာရွတ်များကို တွေ့မြင်နိုင်ပြီး ၎င်းတို့က သူ၏ရုပ်ဆင်းအင်္ဂါအား လျော့ကျသွားစေမည့်အစား အမျိုးသမီးကျင့်ကြံသူများအား ပို၍ပင်ဆွဲဆောင်နိုင်စေသည်။
အကယ်၍ပိုင်ရှောင်ချန်းသာ ထိုနေရာတွင်ရှိနေပါက ထိုလူငယ်အားချက်ချင်းပင် မှတ်မိပေလိမ့်မည်။ သူကစုန့်ချွဲမှလွဲ၍ အခြားသူမဟုတ်ပေ။
ထိုသုံးယောက်အုပ်စုက မဟာတံတိုင်းကိုမြင်တွေ့လိုက်ရသည် နှင့်တပြိုင်နက် လှပသည့် မိန်းမပျိုက သက်ပြင်းချ၍ပြောလိုက်သည်။
" နောက်ဆုံးတော့ပြန်ရောက်ပြီ "
သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူမှာလည်း စိတ်လှုပ်ရှားနေသည်။
" ငါတို့ရဲ့ခရီးက သုံးနှစ်တောင်ကြာလိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ။ ညီလေးစုန့်၊ မင်းသာမရှိရင် ငါတို့ မြေရိုင်းဒေသမှာပဲ အဆုံးသတ်ပြီး အဲဒီမှာပဲအမြှုပ်ခံလိုက်ရမှာ "
သူက လွန်ခဲ့သောသုံးနှစ်တာကာလအတွင်း ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များကို ဘယ်တော့မှမေ့မည်မဟုတ်ပေ။ အစပိုင်းတွင် သူတို့အဖွဲ့က ဆယ်ဦးကျော် ရှိခဲ့သည်။ သို့သော်လည်း သူတို့၏ပထမဦးဆုံးတာ၀န်တွင် အလွန်အန္တရာယ်ရှိသောနေရာသို့ ရောက်ရှိသွားခဲ့ပြီး အကူအညီတောင်းခံစာများကိုလည်း မပေးပို့နိုင်ကြရာ အပြင်ဘက်တွင် ဖြစ်ပျက်နေသည့်သတင်းများနှင့် အဆက်အသွယ်ပြတ်သွားခဲ့ရသည်။
သူတို့က ထိုအန္တရာယ်နယ်မြေတွင် လူ့ဘီလူးအုပ်ကြီးနှင့် ဝိညာဉ်ကျင့်ကြံသူများ၏ကြားထဲတွင် ပိတ်မိနေခဲ့သည်။ အဖွဲ့နှစ်ခုမှာ မြေရိုင်းဒေသနှင့် မဟာတံတိုင်းတို့မှ ဖြစ်သော်လည်း အစပိုင်းတွင် ရန်ပွဲမဖြစ်ခဲ့ပေ။ သို့သော်လည်း အချိန်များကုန်လွန်လာသည်နှင့်အမျှ အခြေအနေမှာ ပွင့်လင်းစွာတိုက်ခိုက်သည့်တိုက်ပွဲများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
စုန့်ချွဲက လာ၍ပူးပေါင်းကာ ထိုအခြေအနေကိုထိန်းချုပ်၍ သူတို့အားကာကွယ်စောင့်ရှောက်ပေးခဲ့သည်။ လူ့ဘီလူးများနှင့် ဝိညာဥ်ကျင့်ကြံသူများကို အနိုင်ယူ၍ သူကအဖွဲ့တစ်ခုလုံးအား ထိုပိတ်မိနေခြင်းမှ လွတ်မြောက်ရန်ကြိုးစားပေးခဲ့သည်။
သူ၏အဖော်နှစ်ဦးအနေဖြင့် သူတို့က ကြီးမားသောကပ်ဘေးမှလွတ်မြောက်နိုင်ပြီဟုခံစားခဲ့ရကာ သူတို့အား ကူညီခဲ့သည်များအတွက် စုန့်ချွဲအပေါ် လေးစားမှုနှင့်ကျေးဇူးတင်မှုများလည်း ဖြစ်ပေါ်လာသည်။
မိန်းမပျိုေလးက သူ့အားအားကျစွာကြည့်ကာပြောလိုက်သည်။
“ ဟုတ်တယ်၊ အစ်ကိုကြီးစုန့်။ အစ်ကိုကြီး လုပ်ဆောင်ခဲ့တာတွေ ကြည့်လိုက်ရင် ကြယ်တစ်စင်းလို ဂုဏ်အရှိန်အဝါ ကြီးမားလာမှာ သေချာတယ်။ တကယ်လို့အစ်ကိုကြီးသာ ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ ထိပ်တန်းကြယ်ပွင့်ဆယ်ယောက်အတွင်းဝင်သွားမယ်ဆိုရင်တောင် ကျွန်မ အံ့သြမိမှာမဟုတ်ဘူး။ တကယ်ဆို အစ်ကိုကြီးရဲ့လက်ရှိအတိုက်အခိုက်စွမ်းရည်ကို ထည့်သွင်းစဉ်းစားလို့ရှိရင် လက်ရှိထိပ်တန်းကြယ်ပွင့် ဆယ်ယောက်နဲ့ တိုက်ခိုက်ရင်တောင် အရည်အချင်းပြည့်မီတယ် "
စုန့်ချွဲက ခပ်ဖျော့ဖျော့ပြုံးကာ ဝင့်ကြွားခြင်းအလျဥ်းမရှိပေ။ မြေရိုင်းဒေသတွင်ကြုံတွေ့ခဲ့ရသည့် ခါးသီးလှသောသုံးနှစ်တာ ကာလက သူ့အား လုံးဝကွဲပြားသည့်လူတစ် ဦးအဖြစ် ပြောင်းလဲစေခဲ့သည်ဟု သူကယုံကြည်ခဲ့သည်။
သူ၏ ကျင့်ကြံခြင်းအခြေခံမှာလည်း တိုးတက်ခဲ့ပြီး လက်ရှိတွင် အမြုတေအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့အပြင် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့၏ လျှို့ဝှက်ဆန်းကြယ်သောမှော်သိုင်းများကြောင့် ယခုတွင် သူက အမြုတေအဆင့်၏ မဟာစက်ဝိုင်းရှိ ဝိညာဉ်ကျင့်ကြံသူတစ်ဦးကိုပင် သတ်ဖြတ်နိုင်သည့် လုံလောက်သော အတိုက်အခိုက် စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။
ထိုသို့သော အောင်မြင်မှုက အမှန်ပင်ဂုဏ်ယူထိုက်သည်။ သူက မဟာတံတိုင်းထဲသို့ဝင်ပြီး ကမ္ဘာမြို့တော်သို့ပြန်သွားလျှင် မည်သို့ဖြစ်နေမည်ကို မြင်ယောင်ကြည့်နေမိသည်။ ထိုအချိန်တွင် သူက လက်ရွေးစင်များအနက် အထူးချွန်ဆုံးထဲမှတစ်ဦးဖြစ်နေလိမ့်မည်။
" ကံကြမ္မာက ဖေးမပေးနေရင်တောင် ဘယ်သူမှ ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး "
နောက်ထပ်ဂုဏ်ယူဖွယ်ရာ အကြောင်းအရင်းတစ်ခုက သူသည် မြေရိုင်းဒေသတွင် ရှိခဲ့သောသုံးနှစ်တာကာလအတွင်း တာဝန်သုံးခုသာပြီးမြောက်ခဲ့သည် မဟုတ်ဘဲ ခုနှစ်ခုအောင်မြင်ခဲ့သည်။ သူက အန္တရာယ်ကြားထဲမှ ထိုတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူကကျင့်ကြံသူများနှင့် မြေရိုင်းသားများကို စည်းလုံးစေခဲ့သောကြောင့် မြေရိုင်းဒေသရှိလူများနှင့်လည်း အဖိုးတန်သည့်အချိတ်အဆက်များပြုလုပ်နိုင်ခဲ့သည်။
သူက နတ်သားရဲဝိညာဥ်တစ်ကောင်ကို မရရှိခဲ့သော်လည်း သူ့ထံတွင် ယင်ယန်ဝိညာဥ်အဆင့် ဝိညာဥ်ပေါင်း သုံးရာကျော်ကိုရရှိခဲ့ပြီး ဝိညာဥ်တစ်ခုချင်းစီကို များပြားသည့်အကျိုးအမြတ်ရရှိအောင် ရောင်းချနိုင်သည်။
အားလုံးတွင်အရေးအကြီးဆုံးမှာ သူက နတ်သားရဲဝိညာဉ်၏တည်နေရာနှင့် ပတ်သက်၍ သဲလွန်စအချို့ကိုဖော်ထုတ်နိုင်ခဲ့သည်။ သူ၏အဖော်နှစ်ဦးပင် ထိုအရာအားမသိကြပေ။ သူသာလျှင်သိလေသည်။
သူ၏ လက်ရှိအစီအစဉ်မှာ ပထမဆုံးငါးနှစ်တာ၀န်ကို အပြီးသတ်ကာ သူ၏ကျင့်ကြံခြင်းကို တိုးတက်အောင်လုပ်ပြီး မြေရိုင်းဒေသအား စူးစမ်းလေ့လာရန်ဖြစ်သည်။ နောက်ဆုံးငါးနှစ်တွင် အမြုတေအဆင့်၏မဟာစက်ဝန်းဆီသို့ ရောက်ရှိရန် လုပ်ဆောင်ခြင်းနှင့် နတ်သားရဲဝိညာဥ်တစ်ခုကိုရှာဖွေခြင်းကို ပြုလုပ်မည် ဖြစ်သည်။
" တိုက်ပွဲမှာ ငါ့အောင်မြင်မှုတွေနဲ့ ငါ ထမ်းဆောင်ခဲ့တဲ့ တာဝန်တွေကို စဉ်းစားလိုက်ရင် ငါ့ထက်သာတဲ့လူကို ရှာဖွေရတာက ဖီးနစ်ငှက်မွှေး ဒါမှမဟုတ် ချီလင်းရဲ့ ဦးချိုကို ရှာရတာထက်တောင် ပိုလွယ်နေဦးမယ်။ အဟမ်း..။ အရင်နှစ်တွေတုံးက ငါကြားခဲ့တာတော့ ပိုင်ရှောင်ချန်းက မဟာတံတိုင်းမြို့တော်မှာ သမားတော်တစ်ယောက် လုပ်နေတယ်ဆိုပဲ "