← Chapters

ရန်သူ

Vol. 26 Ch. 351

ရန်သူ

Vol. 26 Ch. 351

" ဟင် .. ဒီလောက် နောက်ကျမှ ထွက်လာတဲ့သူ ရှိသေးတာလား "

အလင်းတန်းကို မြင်သည်နှင့် အားလုံး အံ့အားသင့်သွားကာ လှည့်ကြည့်လိုက်ကြသည်။

ထို့နောက်တွင်မူ စိတ်စွမ်းအင် အလင်းတန်းထဲမှ လောထျန်းတို့ လူစု ပေါ်လာ၏။

" အဲ့ဒါ လောထျန်းပဲ "

" လောထျန်းဆိုတာ ဘယ်သူလဲ "

" သူက ဟို လျှို့ဝှက်နဂါးကျောက်ပြားရှေ့မှာ ရွှေရောင်နဂါးအစွမ်းကို ထုတ်လွှတ်နိုင်ခဲ့တဲ့ မြောက်ပိုင်းက ပါရမီရှင်တစ်ယောက်လေ "

" မြောက်ပိုင်းက ပါရမီရှင် ဟုတ်လား .. "

ထိုနေရာတွင် ရှိနေသူများထဲ၌ လောထျန်းကို မသိသေးသူများလည်း ပါဝင်သဖြင့် အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။

ထိုစဥ် ချူကျန့်က လောထျန်းကို တွေ့သည်နှင့် ချက်ချင်း အော်ပြော၏။

" သခင်လေး လောထျန်း ၊ ကျုပ်ကို လာကူညီပေးပါဦး "

လောထျန်းမှာလည်း အပြင်သို့ ရောက်ရောက်ချင်း ချူကျန့်အသံကို ကြားလိုက်သဖြင့် မျက်လုံးများ အရောင်လက်သွားသည်။

" ဟေ့ .. ဒါ ငါ့နောက်လိုက်လေး မဟုတ်လား "

သူက ပြောပြောဆိုဆိုပင် ခြေဖျားထောက်ပြီး ပျံသန်းလာ၏။

" ချူကျန့် .. ဘာဖြစ်လို့လဲ "

သူအပြုံးဖြင့် မေးလိုက်သည်။

သို့သော် စကားဆုံးဆုံးချင်းမှာပင် တစ်စုံတစ်ခု လွဲနေသည်ကို သူ သတိထားမိသွား၏။

" ဟင် .. မင်းက ဘာဖြစ်လို့ ကြိုးချည်ခံထားရတာလဲ "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

သူ့အပေါ် သစ္စာရှိရန် သဘောတူထားသူတစ်ယောက်ကို မည်သူက ချုပ်နှောင်ထားရဲပါသနည်း။

ချူကျန့်က မြန်မြန်ပြန်ပြောသည်။

"  ကျုပ်ကို စိတ်မပူပါနဲ့ဗျာ ၊ လူတစ်ယောက်က ရွှေယွဲ့ချီကို ထိဖို့ ကြိုးစားနေတယ်ဗျ "

" ဘယ်လို .. ရွှေယွဲ့ချီ ဟုတ်လား "

လောထျန်း လန့်သွားကာ ရွှေယွဲ့ချီ ရှိရာဘက် လှမ်းကြည့်လိုက်၏။

ရွှေယွဲ့ချီမှာ အစောက ဒေါသနှင့် ကြောက်ရွံ့မှုတို့ ရောနေသည့် မျက်နှာလေး ဖြစ်နေသော်လည်း ..

လောထျန်း ပေါ်လာသည်နှင့် သူမမျက်နှာပေါ်မှ ကြောက်ရွံ့မှုများ လုံးဝ ပျောက်ကွယ်သွားတော့သည်။

ထိုအစား သူမ ရင်ထဲ၌ ဝမ်းနည်းမှုတို့သာ ကြီးစိုးလာ၏။

" လောထျန်း ၊ ဒီလူက ကျွန်မရဲ့ အသိစိတ်ပင်လယ်ထဲကို အတင်းဝင်ကြည့်ဖို့ ကြိုးစားနေတယ် "

သူမ ငိုသံဖြင့် လှမ်းတိုင်လိုက်သည်။

သူမ၏ စကားသံကို ကြားသည်နှင့် အနီးနားတဝိုက်မှ လူငယ်များ ကြိတ်မနိုင် ခဲမရ ဖြစ်ကုန်ကြ၏။

ဘာတွေ ဖြစ်နေပါသနည်း ။

ထိုအသံ နှင့် ထိုလေသံက တစ်ခုခု မှားယွင်းနေသလို သူတို့ အဘယ့်ကြောင့် ခံစားနေရပါသနည်း ။

သူတို့၏ အေးစက်လှသော နတ်ဘုရားမလေးက ထို ခပ်ချောချော လူငယ်လေး၏ ဖြားယောင်းမှုကို ခံလိုက်ရပြီလား ။

တဖက်မှ လောထျန်းမှာမူ ထိုစကားကို ကြားသည်နှင့် မျက်မှောင်ကြုံ့သွားသည်။

လူတစ်ယောက်၏ အသိစိတ်ပင်လယ်ထဲသို့ အတင်းဝင်ရောက်ရှာဖွေရန် ကြိုးစားနေသတဲ့လား ။

သူသည် စိတ်ဝိဥာဥ်သခင်ကြီးတစ်ယောက်လည်း ဖြစ်ရာ ထိုစကား၏ အဓိပ္ပါယ်ကို ကောင်း​ကောင်းကြီး နားလည်ထားပါသည်။

သူ့ဘက်မှ အခြားသူများအား စစ်ဆေးကြည့်ခြင်းမှာ ပြဿနာမဟုတ်သော်လည်း ထိုလူက ရွှေယွဲ့ချီအား အဘယ့်ကြောင့် ထိုသို့ လုပ်ရဲနေပါသနည်း ။

ထိုလူက ဤမျှ ရဲတင်းနေသတဲ့လား။

ရွှေယွဲ့ချီသည် သူ့အတွက် အလွန်အဖိုးတန်သူတစ်ယောက် ဖြစ်ပါသည်။

သူမက သူ့အား မသေမျိုးကျင့်စဥ် ၇ ခု နဲ့ ယောင်ချီ၏ လျှို့ဝှက်ကျင့်စဥ် သုံးခုထဲမှ တစ်ခုကို ပေးရန် ကျန်နေသေးသည် မဟုတ်ပါလား ။

ထိုအကြောင်းများကိုသာ အခြားသူများ သိသွားပါက မည်သို့ ဖြစ်သွားပါမည်နည်း ။

ထိုသို့တွေးကာ သူ ချက်ချင်း ဒေါသထွက်သွားပြီး အော်မေးလိုက်သည်။

" ဘယ်သူလဲ ၊ မင်းရဲ့ အသိစိတ်ပင်လယ်ကို ဝင်ရှာချင်တဲ့သူက ဘယ်ကောင်လဲ ၊ ထွက်လာခဲ့စမ်း "

သူ့စကား ဆုံးသည်နှင့် လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်၏။ ရွှေယွဲ့ချီမှာလည်း မထိန်းနိုင်ဘဲ ငိုနေတော့သည်။

ထိုစဥ် ဟုန်ဝေ့က အေးစက်စက် ပြောလာသည်။

" ငါပဲကွ ၊ မင်းက ဘယ်သူလဲ "

လောထျန်းက ဟုန်ဝေ့အား အေးစက်စက် မျက်လုံးများဖြင့် လှည့်ကြည့်၏။

" ကျုပ်က မြောက်ပိုင်းဒေသ ၊ ပျောင်ပိုင်မြို့က လောထျန်းပဲ "

" မြောက်ပိုင်းဒေသက ဟုတ်လား .. "

သူ့စကားကို ကြားသည်နှင့် ဟုန်ဝေ့ အံ့အားသင့်သွားပြီး သူ့မျက်နှာတွင်လည်း အထင်သေးသည့် အရိပ်အငွေ့များ ပေါ်လာသည်။

" တကယ့် အမှိုက်ကောင်ပဲကွာ ။ မင်းလိုကောင်ကများ ငါ့ရှေ့မှာ ဟိတ်ကြီးဟန်ကြီး လာလုပ်ရဲနေတယ်ပေါ့လေ '

သူ ထိုသို့ပြောကာ လောထျန်းအား တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် .. သူ ခေါင်းမော့ကြည့်လိုက်ချိန်တွင်မူ လက်တွင် ဥတစ်လုံး ကိုင်ထားသည့် လောထျန်းကို တွေ့သွားကာ အံ့သြမှင်သက်သွား၏။

" အဲ့ဒါ .. နဂါးဥလား "

သူ ချက်ချင်း ရိပ်မိသွားပြီး မေးလိုက်သည်။

လောထျန်း၏ လက်ထဲတွင် နဂါးဥ အစစ် ရှိနေသတဲ့လား ။

ဘေးပတ်ဝန်းကျင်မှ လူများမှာလည်း ထိုအချိန်မှသာ လောထျန်းလက်ထဲမှ နဂါးဥကို သတိထားမိသွားကြ၏။

" နဂါးဥ ဟုတ်လား .. အဲ့ဒါ တကယ်ကြီး နဂါးဥ အစစ်လား ။ ငါ စောနက အဲ့ဒါကို တွေ့တုန်းက ဒီတိုင်း ထူးခြားတဲ့ မှော်လက်နက်တစ်ခုလို့ပဲ ထင်ခဲ့တာ "

" သူက နဂါးသင်္ချိုင်းမြေထဲမှာ နဂါးဥအစစ်ကို တကယ်ကြီး ရှာတွေ့ခဲ့တာပေါ့ "

" ဝိုး .. နဂါးသင်္ချိုင်းမြေထဲက နဂါးဥဆိုတော့ တကယ့် နဂါးသွေးအစစ်နဲ့ နဂါးတစ်ကောင် ဖြစ်မှာပဲ ။ ဒါ တော်တော်အဖိုးတန်တယ်ကွ "

" အဖိုးတန်ရုံ ဘယ်ကမလဲ ၊ တန်ဖိုးဖြတ်လို့တောင် မရဘူး "

အားလုံး စိတ်လှုပ်ရှားသွားကာ တီးတိုးပြောလိုက်ကြသည်။

တဖက်မှ ဟုန်ဝေ့၏ မျက်လုံးထဲတွင်လည်း ပျော်ရွှင်နေသည့် အရိပ်အယောင် တစ်စွန်းတစ ပေါ်လာပြီး အပြုံးဖြင့် ပြော၏။

" ​ကောင်လေး ၊ ငါ့ကို အဲ့နဂါးဥ ပေးရင် မင်းအသက်ကို ချမ်းသာပေးမယ် "

သူက ပြောပြောဆိုဆိုပင် လက်တစ်ဖက် ဆန့်ထုတ်ပြီး နဂါးဥကို ယူရန် လက်လှမ်းလိုက်သည်။

သို့သော် လောထျန်း၏ မျက်လုံးထဲတွင်မူ အေးစက်စက် အဘင်းတန်းများ ဖျတ်ခနဲ လက်သွား၏။

" ခင်ဗျားကြီးက ကိုယ့်ကိုကိုယ် ဘာထင်နေတာလဲ ။ ကျုပ်အသက်ကိုတောင် ချမ်းသာပေးဦးမယ် .. ဟုတ်လား "

သူ့စကားကြောင့် ဟုန်ဝေ့ မျက်မှောင်ကြုံ့သွားပြီး သူ့မျက်လုံးထဲတွင်လည်း လူသတ်အရိပ်အငွေ့များ ပေါ်လာသည်။

" ဟား ဟား .. ကောင်လေး ၊ မင်းက ငါ မျက်နှာပေးနေတာကို မလိုချင်မှတော့လဲ ငါ့ဘက်က မင်းအသက်ကိုရော ၊ မင်းလက်ထဲက နဂါးဥကိုရော ယူရုံပေါ့ကွာ "

သူ ထိုသို့ပြောကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။

တဖက်မှ လောထျန်း၏ မျက်လုံးထဲတွင် အေးစက်စက် အငွေ့အသက်များ ပြည့်သွားပြီး သူ့အရောင်အဝါကလည်း မတည်မငြိမ် စဖြစ်လာ၏။

ထိုအချိန်မှာပင် ..

ဝုန်း ..

အနီးနား ပတ်ဝန်းကျင် လေထုတစ်ခုလုံး စတင်တုန်ခါလာသည်။

" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "

" လေထုကြီး မတည်မငြိမ် ဖြစ်နေပြီဟေ့ ။ မှော်လက်နက်ကို ဘယ်သူ သုံးလိုက်တာလဲ "

" အသက်ဆက်မရှင်ကြတော့ဘူးလား ၊ မှော်လက်နက်ကို မြန်မြန်သိမ်းလေ ။ မဟုတ်ရင် ငါတို့အားလုံး ဒုက္ခရောက်ကုန်ကြလိမ့်မယ် "

အားလုံး ကြောက်လန့်တကြားဖြင့် ကျယ်လောင်စွာ အော်လိုက်ကြသည်။

ဤနေရာမှ ကောင်းကင်ဘုံနှင့် မြေကြီး၏ စည်းမျဥ်းများမှာ ကြီးစွာ ထိခိုက်ထားသဖြင့် မသေမျိုးအစွမ်းကို လုံးဝ မခံနိုင်ပါချေ။

ထိုမြင်ကွင်းကို ကြည့်ရင်း လောထျန်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။

အစောက တုန်ခါမှုမှာ သူ့ကြောင့် ဖြစ်သွားခဲ့ရခြင်းပင် ။

သူ့ကိုယ်ထဲမှ စိတ်စွမ်းအင် စုစည်းမှုက များလွန်းနေပြီး မသေမျိုး အရောင်အဝါထက်ပင် ပိုကြောက်စရာ ကောင်းနေပါသည်။

သို့ဖြစ်ရာ  ပုံမှန်ဆိုလျှင် ၎င်းကို သူ့ခန္ဓာကိုယ်ထဲတွင်သာ ထားခြင်းက ပြဿနာ မရှိပေ။

သို့သော် .. ယခုချိန် သူ အနည်းငယ်သာ ထပ်လှုပ်ရှားလိုက်ပါက ဤလေထုက ခံနိုင်မည် မဟုတ်ပါ။

ယခုလို အခြေအနေမျိုးတွင် သူ မည်သို့ တိုက်ခိုက်ရပါမည်နည်း ။

" ဟမ့် .. ကောင်လေး ၊ သေဖို့သာ ပြင်တော့ "

ထိုစဥ် တဖက်မှ ဟုန်ဝေ့က အေးစက်စက် နှာခေါင်းရှုံ့ပြီး တိုက်ခိုက်ရန် ပြင်လိုက်ပြန်၏။

ထိုစဥ်မှာပင် လောထျန်းနောက်မှ နျိုထျဲ့ချူက ရှေ့သို့ ခြေတစ်လှမ်း တိုးလာသည်။

" အကိုကြီး ၊ ကြက်တစ်ကောင်ကို သတ်ဖို့ ဓားကြီးကြီး ဘာလို့ ထုတ်သုံးနေမှာလဲ ။ အဲ့အဖိုးကြီးကို ကျွန်မအတွက်ပဲ ထားလိုက်ပါ "

သူမ ဆို၏။

ထိုစကားကို ကြားသောအခါ လောထျန်း အံ့အားသင့်သွားပြီး ခေါင်းလှည့်၍ နျိုထျဲ့ချူအား ကြည့်လိုက်သည်။

" ကောင်းပြီ ၊ သတိထားပါ "

" စိတ်မပူပါနဲ့ အကိုကြီး "

နျိုထျဲ့ချူက ထိုသို့ပြန်ပြောကာ ဟုန်ဝေ့ရှေ့သို့ လျှောက်သွား၏။

" ကောင်လေး ၊ မင်းအဘွား ထျဲ့ချုက မင်းကို တိုက်ခိုက်ဖို့ ရောက်နေပြီ "

သူမက အော်ပြောလိုက်သည်။

သူမ စကားဆုံးသည်နှင့် လူအုပ်ဆီမှ ရယ်သံကျယ်ကြီး ရုတ်ချည်း ထွက်လာ၏။

သူ့ကိုယ်သူ ဟုန်ဝေ့၏ အဘွားဟု ခေါ်နေသတဲ့လား ။

ဟုန်ဝေ့အတွက် မည်မျှ အရှက်ရစရာ ကောင်းသည့် ကိစ္စကြီးပါနည်း ။

မျှော်လင့်ထားသလိုပင် .. ဟုန်ဝေ့ ချက်ချင်း ဒေါသထွက်သွားကာ ပြန်အော်ပြောလာသည်။

" မျိုးမစစ်ကောင်မ ၊ မင်းက သေချင်နေမှတော့လဲ မင်းဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ် "

သူက ထိုသို့ပြောပြီး ကောင်းကင်ဘုံ တံခါးဝအဆင့် ဖိအားများ ဝန်းရံထားသော လက်ကြီးဖြင့် နျိုထျဲ့ချူအား ဖမ်းဆုပ်ရန် လှမ်းလိူက်သည်။

" ထွက်သွားစမ်း "

နျိုထျဲ့ချူကလည်း ဒေါသတကြီး အော်ပြီး သူမလက်ထဲမှ တင်းပုတ်ကြီးကို အားရပါးရ ရမ်းလိုက်၏။

ဘုန်း ..

အသံကျယ်ကြီး အသံနှင့်အတူ ဟုန်ဝေ့၏ လက်ဝါးမှာ နျိုထျဲ့ချူ၏ တင်းပုတ်လက်ချက်​ဖြင့် ကျိုးသွားတော့သည်။

" ဟင် .. ဘယ်လိုဖြစ်ပြီး "

၎င်းကို မြင်သောအခါ ဟုန်ဝေ့တစ်ယောက် အံ့သြမှင်သက်သွား၏။

သူ့ရှေ့မှ နျိုထျဲ့ချူမှာ ချုပ်တည်းထားရဟန်တူသည့် အရောင်အဝါရှိပြီး ကောင်းကင်ဘုံအဆင့် ကျင့်ကြံခြင်းသာ ရှိသေးကြောင်း သိသာပါသည်။ ၎င်းမှာ သူ့ထက် ကျင့်ကြံခြင်း အဆင့် ၂ ခု ပိုနိမ့်ပါ၏။

ပုံမှန်ဆိုလျှင် သူ သုံးခဲ့သည့် အစွမ်းက တဖက်လူအား အသားစအဖြစ် ဖိခြေရန်ပင် လုံလောက်ပါသည်။

သို့သော် .. ယခု သူမက သူ့သိုင်းကွက်ကို မည်သို့ တားလိုက်နိုင်ပါသနည်း ။

သူ မနေနိုင်ဘဲ နျိုထျဲ့ချူ၏ မျက်နှာအား သေချာစိုက်ကြည့်လိုက်သည်။

သို့သော် .... တခဏအကြာတွင်မူ သူ အံ့အားသင့်သွားရ၏။

" မင်းက .. ငါးရောင်ခြယ် နတ်နွားလား .. "

သူ မယုံနိုင်စွာ မေးလိုက်သည်။

" ဟင် .. မင်းက သိနေတယ်ပေါ့ "

နျိုထျဲ့ချူမှာလည်း တစ်ဖက်လူက အကြည့်တစ်ချက်တည်းဖြင့် သူမ မည်သူမှန်း သိသွားမည်ဟု မျှော်လင့်မထားသဖြင့် အံ့အားသင့်သွား၏။

ထိုစဥ် ဟုန်ဝေ့က အသံကျယ်ကြီးဖြင့် အော်ရယ်လာသည်။

" စိတ်ဝင်စားစရာ ကောင်းသားပဲ ။ အဲ့မျိုးနွယ်စုထဲမှာ ပိုက်ကွန်ထဲက ထွက်ပြေးသွားနိုင်ကြတဲ့ သူတချို့ ရှိနေမယ်လို့ ငါ ထင်တောင် ထင်မထားခဲ့ဘူး ။ သိပ်ကောင်းတယ်ကွာ ၊ သိပ်ကောင်းတယ် ။ ဒီနေ့တော့ မင်းကို ငါ ဖမ်းရတော့မှာပေါ့ ။ မိသားစု ခေါင်းဆောင်လဲ တော်တော် ဝမ်းသာသွားမှာပဲ "

" မိသားစုခေါင်းဆောင် ... မင်းက ဘယ်သူလဲ "

ထိုစကားလုံးများကို ကြားသောအခါ နျိုထျဲ့ချူ အံ့အားသင့်သွားပြီး ဟုန်ဝေ့အား စိုက်ကြည့်၍ မေးလိုက်သည်။

ဟုန်ဝေ့က အပြုံးဖြင့် ပြန်ပြော၏။

" ငါလား .. ငါက ထျန်းကူဟုန် မိသားစုက ဟုန်ဝေ့ ပဲ "

ဝုန်း ...

' ထျန်းကူဟုန် မိသားစု ' ဆိုသော အမည်ကို ကြားလိုက်ရသည်နှင့် နျိုထျဲ့ချူ၏ ရင်ဘတ်ထဲ၌ မိုးကြိုးတစ်စင်း ပစ်ခတ်သွားသကဲ့သို့ပင် ခံစားလိုက်ရသည်။

သူမ ဖြစ်သွားသည့် မျက်နှာထားကို ကြည့်ကာ ဟုန်ဝေ့က ဂုဏ်ယူနေဟန်ဖြင့် ပြောလာ၏

" ဘာဖြစ်လို့လဲ ၊ အခုတော့ မှတ်မိသွားပြီလား ။ ဟား ဟား .. မင်းတို့ ငါးရောင်ခြယ် နတ်နွား မျိုးနွယ်စုက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲကွ ။ မင်းတို့က အဲ့လောက် အစွမ်းမထက်ကြပေမယ့် တခြားသူတွေထက် ပို ဒေါသကြီးပြီး ခေါင်းမာကြတယ် "

" မင်းတို့က တောင်ပိုင်းဒေသမှာ ရှိတုန်းကလဲ မဟာအလင်းတန်းဂိုဏ်းရဲ့ နတ်ဆိုးသခင်ကြီး ယွမ်လင် ကိုရော ၊ ငါတို့ ထျန်းကူဟုန် မိသားစုကိုရော စော်ကားခဲ့သေးတယ် ။ ဒါပေမယ့် .. ရလဒ်အနေနဲ့ မင်းတို့ မျိုးနွယ်စုတစ်ခုလုံး ဖျက်ဆီးခံခဲ့ရတယ် မဟုတ်ဘူးလား "

" ဒါနဲ့ စကားဆက်စပ်မိလို့ ပြောရဦးမယ် ။ မင်းတို့ ငါးရောင်ခြယ် နတ်နွားမျိုးနွယ်စုရဲ့ အသားက တကယ်ကို နူးညံ့ပြီး ချိုနေတာပဲကွ ။ အဲ့အချိန် မင်းတို့ မျိုးနွယ်စုကို အပြောင်ရှင်းခဲ့တုန်းကဆိုရင် ငါတို့ စားသောက်ပွဲကြီး အားရပါးရ ကျင်းပခဲ့ကြတာ ။ ငါတစ်ယောက်တည်းနဲ့ မင်းတို့ မျိုးနွယ်စုဝင်တွေ အကောင်တစ်ရာ လောက်ကို စားတာတောင် စားလို့ကို မဝပါဘူးကွာ ။ အခု ပြောရင်းနဲ့တောင် သွားရေ ကျလာပြီ ။ ဒါပေမယ့် .. မင်းကိုတော့ ဖမ်းခေါ်သွားပြီး ငါတို့ မိသားစုရဲ့ အခိုင်းအစေ အဖြစ်နဲ့ပဲ အတူနေခိုင်းမှာပါ ။ ငါကိုယ်တိုင် မစားပါဘူး "

ဟုန်ဝေ့က ထိုသို့ပြောကာ လှောင်ပြုံး ပြုံးလိုက်သည်။

ထိုအချိန်တွင် နျိုထျဲ့ချူ၏ တင်းပုတ်ကို ဆုပ်ကိုင်ထားသောလက်မှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လွန်း၍ သွေးများပင် စီးကျလာ၏။

" မင်း က သေ ဖို့ ပဲ တန် တယ် "

သူမ တစ်လုံးချင်း ​အေးစက်စက် ပြောလိုက်သည်။

All Chapters