တင်းပုတ်ကြီး ကခုန်ခြင်း
Vol. 26 Ch. 352
ဝုန်း ..
ထို့နောက်တွင်မူ နျိုထျဲ့ချူက ရှေ့သို့ ဝုန်းခနဲ တိုးဝင်သွားပြီး သူမလက်ထဲမှ တင်းပုတ်ကြီးကလည်း အနီရောင်ပြောင်းသွား၏။ ထို တင်းပုတ်တွင် နဂါးအရိပ်တစ်ခုလည်း ယှက်နွယ်နေသည်။
" သေစမ်း "
သူမ ကျယ်လောင်စွာ အော်ပြီး တင်းပုတ်ကြီးဖြင့် လွှဲရိုက်လိုက်တော့သည်။
၎င်းကို မြင်သောဟုန်ဝေ့ကလည်း လက်ဝါးဖြင့် ချက်ချင်း ပြန်ရိုက်၏။ တခဏအတွင်းမှာပင် သူ့လက်ဝါးအစွမ်းက တောင်ကြီးတစ်လုံးပမာ လေထုကို ခွင်း၍ ရှေ့တိုးသွားသည်။
သို့သော် .. နျိုထျဲ့ချူ၏ တင်းပုတ်နှင့် တွေ့သည့် အချိန်တွင်မူ ဟုန်ဝေ့၏ လက်ဝါးအစွမ်းက ချက်ချင်း ဖျက်ဆီးခံလိုက်ရ၏။
" အား ... "
နျိုထျဲ့ချူ၏ တင်းပုတ်မှ နဂါးအရိပ်ကလည်း အစွယ်တဝင့်ဝင့်ဖြင့် လက်သည်းချွန်များ ထုတ်ကာ ဟုန်ဝေ့အား လှမ်းကုတ်လိုက်သည်။
" ဟင် ... "
ဟုန်ဝေ့မှာ နျိုထျဲ့ချူက ဤမျှ အစွမ်းထက်နေလိမ့်မည်ဟု မျှော်လင့်မထားသဖြင့် အံ့အားသင့်သွား၏။
သို့သော် သူသည် ကောင်းကင်ဘုံ တံခါးဝအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အတွက် ခေတ္တမျှသာ ထိတ်လန့်နေပြီး မြန်မြန်ဆန်ဆန်ပင် ဟန်ချက် ပြန်ထိန်းလိုက်နိုင်ပါသည်။
" ဟမ့် .. မင်းက မင်းရဲ့ မှော်လက်နက်အားကိုးနဲ့ အဲ့လောက် စွာရဲနေတာပေါ့လေ ။ မင်းကို သတ်ပြီးတာနဲ့ အဲ့တင်းပုတ်က ငါ့အပိုင် ဖြစ်သွားတော့မှာကွ "
ဟုန်ဝေ့က အပြုံးဖြင့် ပြောလိုက်သည်။
နျိုထျဲ့ချူ၏ လက်ထဲမှ တင်းပုတ်မှာ အလွန်ထူးခြားသော လက်နက်တစ်ခု ဖြစ်သည်ကို သူ သတိထားမိပြီး ဖြစ်ပါသည်။
၎င်းက အမှန်တွင်လည်း နဂါးအသွင်ပြောင်းရေအိုင်ထဲမှ လောထျန်း ရခဲ့သည့် လက်နက်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ရာ ထူးခြားသော အရာတစ်ခု ဖြစ်ပါ၏။
ချွှင် ..
ဟုန်ဝေ့က လက်ယမ်းကာ လှံရှည်တစ်လက် ဆွဲထုတ်လိုက်သည်။ ချက်ချင်းမှာပင် နတ်ဆိုးအစွမ်းတစ်ခု တိုးထွက်လာ၏။
" အဲ့ဒါ .. ထျန်းကူဟုန် မိသားစုရဲ့ နတ်ဆိုးအစွမ်းလား "
" သူတို့မိသားစုရဲ့ ဘိုးဘေးက နတ်ဆိုးန္ဓာကိုယ် ကျင့်ကြံသူတစ်ယောက်ဆိုတာ ငါ ကြားဖူးပေမယ့် သူ့ရဲ့ မှော်လက်နက်ကပါ အဲ့လို ဖြစ်နေမယ်လို့ မထင်ခဲ့မိဘူး "
အားလုံး အံ့အားသင့်ကုန်ကြသည်။
ဟုန်ဝေ့က လှောင်ပြုံး ပြုံး၍ နျိုထျဲ့ချူအား လှံရှည်ဖြင့် လှမ်းထိုးလိုက်သည်။
တစ်ချိန်တည်းမှာပင် နျိုထျဲ့ချူကလည်း တင်းပုတ်ဖြင့် ပြန်တိုက်ခိုက်၏။
ချွှင် ..
အားလုံး၏ နားစည်များကိုပင် နာသွားစေသည့် ကျယ်လောင်စူးရှသော အသံတစ်သံ ထွက်လာသည်။
ထို့နောက်တွင််မူ .. လူအုပ်၏ အံ့သြတုန်လှုပ်နေသည့် အကြည့်အောက်မှာပင် နျိုထျဲ့ချူတစ်ယောက် နောက်သို့ လွင့်ထွက်သွားတော့၏။
" အမေ .. "
" အမကြီး နျို .. "
နျိုဝူဖုန်းနှင့် ဘုရင်ကျင်းဖန်တို့နှစ်ယောက် အလွန်ထိတ်လန့်သွားကြသည်။
သို့သော် နျိုထျဲ့ချူက လေထဲတွင်ပင် ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်နိုင်သဖြင့် သူတို့ စိတ်သက်သာရာ ရပြီး သက်ပြင်း ကိုယ်စီ ချလိုက်ကြ၏။
သို့သော် .. သူတို့ရင်ထဲမှ စိုးရိမ်စိတ်ကမူ ပျောက်ကွယ်မသွားသေးပါချေ။
အဘယ့်ကြောင့်ဆိုသော် နျိုထျဲ့ချူ၏ နှုတ်ခမ်းထောင့်နှင့် လက်တို့တွင် သွေးများ ပေနေပြီး သူမ ဒဏ်ရာရထားမှန်း သိသာနေသောကြောင့် ဖြစ်သည်။
" မင်းက တော်တော်တော့ အစွမ်းထက်တာပဲကွ ။ ကောင်းကင်ဘုံအဆင့်မှာပဲ ရှိသေးတာတောင် ငါ့ရဲ့ မှော်လက်နက်ကို ထုတ်သုံးရအောင် လုပ်နိုင်တယ် ။ ငါးရောင်ခြယ်နတ်နွား မျိုးနွယ်ထဲမှာဆို မင်းက တော်တော်ကောင်းတယ်လို့ ပြောလို့ရတယ်ကွ ။ ဒါပေမယ့် .. ကံဆိုးတာက မင်းလဲ မင်းမျိုးနွယ်ဝင်တွေလို အနာဂါတ်မျိုးနဲ့ ကြုံရမှာ .. "
ဟုန်ဝေ့က လှောင်ပြုံးဖြင့် ဆိုလာသည်။
ထိုမြင်ကွင်းကို ကြည့်နေကြသော လူအုပ်မှာလည်း စိတ်ထဲမှ သက်ပြင်းကြိတ်ချလိုက်ကြ၏။
ယခု တိုက်ပွဲအခြေအနေကို ကြည့်ပါက နျိုထျဲ့ချူ ရှုံးနိမ့်ရန် သေချာနေလေပြီ ။
သို့သော် နျိုထျဲ့ချူက တည်တည်ငြိမ်ငြိမ်သာ ရှိနေပြီး ပြန်ပြောလာသည်။
" အဲ့တာ မင်းအထင်လေ "
သူမက ထိုသို့ ပြောပြီးနောက် လက်ထဲမှ တင်းပုတ်ကို လှုပ်ခါလိုက်သည်။
ဝုန်း ..
ချက်ချင်း ဆိုသလိုပင် သူမကိုယ်ထဲမှ အရောင်အဝါက လျင်မြန်စွာ တိုးလာ၏။
" ဟင် .. အဲ့လို တိုးလို့ ရသေးတယ်လား .. "
" ဒီ အရောင်အဝါက .. ကောင်းကင်ဘုံ အဆင့်ထက်တောင် ကျော်လွန်နေပြီ မဟုတ်ဘူးလား "
" အဲ့ဒါ ငါးရောင်ခြယ် နတ်နွားရဲ့ အစွမ်းလား "
လူအချို့က သူတို့ထင်ရာကို တီးတိုး ပြောလိုက်ကြသည်။
တဖက်မှ ဟုန်ဝေ့ကမူ လှောင်ပြုံးဖြင့် ပြော၏။
" ကြိုးစား မနေစမ်းပါနဲ့ကွာ ။ မင်းတို့ ငါးရောင်ခြယ်နတ်နွား မျိုးနွယ်စုအကြောင်းကို ငါ ကောင်းကောင်းကြီး သိပါတယ် ။ မင်းတို့ရဲ့ အသွင်အမှန်ကို ပြောင်းပြီး တိုက်ခိုက်ရင်တောင် ငါနဲ့ ယှဥ်ဖို့ မလုံလောက်ဘူး... "
သို့သော် သူ့စကား မဆုံးခင်မှာပင် ....
ဝုန်း ..
တဖက်မှ နျိုထျဲ့ချူက အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းပြီး သူ့ဆီသို့ တိုးဝင်လာသည်။
" သွားသေလိုက်တော့ "
နျိုထျဲ့ချု၏ ဒေါသတကြီး အော်သံကြီးနှင့်အတူ သူမတစ်ကိုယ်လုံးရှိ အရောင်အဝါများလည်း အစိုင်အခဲများပမာ စုစည်းသွားကာ နတ်ဘုရား အလင်းတန်း ငါးသွယ် လင်းလက်လာ၏။
ဘေးမှ ကြည့်လျှင် ဧရာမ နတ်ဘုရားနွားကြီးက ဟုန်ဝေ့ဆီသို့ ပြေးဝင်နေသယောင် ..
ဟုန်ဝေ့က ၎င်းကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်ပြီး သူ့လှံရှည်ဖြင့် နျိုထျဲ့ချူအား လှမ်း ထိုးလိုက်သည်။
" အခုတော့ ပွဲပြီးပြီ ပေါ့ကွာ .. "
သူ လှောင်ပြုံးဖြင့်ပင် ဆိုလိုက်သည်။
" သခင်လေး လောထျန်း ၊ သူ့ကို ဝင်မကူဘူးလား "
ထိုအချိန်၌ ရွှေယွဲ့ချီသည်ပင် မချင့်မရဲ အားမလိုအားမရဖြစ်ကာ ပြောလာ၏။
သို့သော်လောထျန်းက ခေါင်းယမ်း၍သာ ပြန်ပြောလိုက်သည်။
" ဝင်ကူဖို့ မလိုဘူး "
" အင် .. "
ရွှေယွဲ့ချီ အံ့သြမှင်သက်သွား၏။
သူမ အမြင်တွင်မူ နျိုထျဲ့ချူက ဟုန်ဝေ့ထက် ကျင့်ကြံခြင်းအဆင့် များစွာ နိမ့်ကျနေပြီး သူတို့ကြားမှ ကွာဟချက်ကလည်း ကြီးလွန်းသည်ဟု ထင်ပါသည်။
နျိုထျဲ့ချူတစ်ယောက် ထိုသို့ တိုးဝင်သွားခြင်းက သေဖို့လမ်းရှာသည်နှင့် တူနေသည်မဟုတ်ပါလား ။
သိူ့သော် ထိုအချိန်မှာပင် ..
ဝီ ...
နျိုထျဲ့ချူ၏ ကိုယ်ပေါ်၌ အပြောင်းအလဲများ စတင်ဖြစ်ပေါ်လာသည်။
သူမကိုယ်ပေါ်တွင် နဂါးမျိုးနွယ်၏ ထူးခြားသော အကွက်များ ပေါ်လာ၏။
ထိုအရာများ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူမ၏ အရောင်အဝါကလည်း ထပ်တိုးသွားပြန်သည်။
မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် သူမ၏ အရောင်အဝါက မယုံနိုင်စရာ အတိုင်းအတာသို့ ရောက်သွားပါ၏။
ဝေါင်း ..
နဂါးအော်သံ ခပ်တိုးတိုးကိုလည်း အနီးနားတွင် ရှိနေသူများ ကြားလိုက်ကြရသည်။
နျိုထျဲ့ချူအား ထပ်ကြည့်လိုက်သည့်အချိန်တွင်မူ သူမ အနောက်ဘက်၌ ငါးရောင်ခြယ် နတ်နွားကြီး၏ အရိပ်သာမက နဂါးအစစ်တစ်ကောင်၏ အရိပ်ပါ ရှိနေသည်ကို မြင်လိုက်ရတော့၏။
" ဘယ်လိုဖြစ်ပြီး ... "
ဟုန်ဝေ့မှာ ၎င်းကိုကြည့်ကာ အံ့သြတုန်လှုပ်သွားတော့သည်။
သူ မှတ်မိသလောက် ဆိုပါက ငါးရောင်ခြယ် နတ်နွားမျိုးနွယ်တွင် ထိုသို့သော မှော်အစွမ်းမျိုး ရှိမနေသင့်ပါချေ။
ယခု ဘာတွေ ဖြစ်နေပါသနည်း။
တစ်စုံတစ်ခု လွဲနေပြီဖြစ်ကြောင်း ဟုန်ဝေ့ သိသွားတော့သည်။ သို့သော် ထိုအချိန်တွင် နျိုထျဲ့ချုက သူ့ရှေ့သို့ပင် ရောက်နေခဲ့လေပြီ ။ သူ့အတွက် နောက်ဆုတ်ရန် နောက်ကျလွန်းသွားခဲ့ပြီ ဖြစ်သဖြင့် ခုခံကာကွယ်ရန်သာ ရှိပါတော့၏။
" ကောင်မ .. မင်းက သေချင်နေတာပဲ "
ဟုန်ဝေ့ အံကြိတ်ကာ လှံရှည်ကြီးဖြင့် သူ့ရှေ့မှ နျိုထျဲ့ချုအား ထိုးလိုက်သည်။
ဝုန်း ..
မြေကြီးပင် တုန်သွားစေသည့် အသံကျယ်ကြီးတစ်သံ ထွက်လာ၏။
တစ်ဖက်တွင် နတ်ဘုရားအလင်းတန်း ၅ သွယ် ခြံရံထားသည့် နဂါးအရိပ်တစ်ခုနှင့် .. ကျန်တစ်ဖက်မှ ကြောက်မက်ဖွယ် နတ်ဆိုးအစွမ်းတို့၏ တွေ့ဆုံမှုမှာ ကမ္ဘာကြီးအား နှစ်ခြမ်းခွဲပစ်လိုက်တော့မလိုပင် ဖြစ်နေပါသည်။
အားလုံးမှာ အသက်ပင် မရှူရဲကြဘဲ ထိုမြင်ကွင်းအား သေချာ စိုက်ကြည့်နေကြ၏။
ထိုအစွမ်းနှစ်ခုက လေထဲတွင် အချိန်အတန်ငယ်ကြာ ထိပ်တိုက် ရင်ဆိုင်တွေ့ပြီး နောက်တွင်မူ နဂါးအရိပ်က အသာစီး ရသွားတော့သည်။
ဝုန်း ..
တခဏအကြာတွင်ကား .. နတ်ဆိုးအစွမ်း ပျောက်ကွယ်သွားကာ ဟုန်ဝေ့တစ်ယောက် နောက်သို့ လွင့်ထွက်သွား၏။
သူ လေထဲ၌ ရှိနေစဥ်မှာပင် ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။
" ဟင် .. ဟုန်ဝေ့က ရှုံးသွားခဲ့တာလား .. "
" ဘယ်လို ... ကောင်းကင်ဘုံ တံခါးဝအဆင့်က လူတစ်ယောက်က ကောင်းကင်ဘုံအဆင့်က သူရဲ့ အနိုင်ယူတာကို ခံလိုက်ရတာလား ၊ နောက်နေတာများလားကွာ "
အားလုံးမှာ သူတို့ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်သွားကြ၏။
ထိုစဥ်မှာပင် ကောင်းကင်ယံမှ နတ်ဆိုးအစွမ်း လုံးဝ ပျောက်ကွယ်သွားကာ နတ်ဘုရားအလင်းတန်း ငါးသွယ်မှာလည်း တဖြည်းဖြည်း မှိန်ဖျော့လာသည်။
ထို့နောက်တွင်ကား လေထဲတွင် မတ်မတ် ရပ်နေသည့် နျိုထျဲ့ချူကို မြင်လိုက်ရတော့၏။
အားလုံးမှာ သူမကို ကြည့်ကာ အံ့သြမှင်သက်သွားကုန်ကြသည်။
ထို့နောက် .. သူမတစ်ကိုယ်လုံးကို ဖုံးလွှမ်းနေသည့် လျှို့ဝှက်နဂါးအကွက်များနှင့် လှပသော နဂါးကြေးခွံတို့ကိုပါ လူများ မြင်လိုက်ရတော့သည်။
" နဂါးအသွင်ပြောင်းခြင်း .. နဂါးအသွင်ပြောင်းခြင်းပဲဟေ့ .. "
လူအုပ်ထဲမှ တစ်ယောက်က အခြေအနေကို နားလည်သွားဟန်ဖြင့် အလန့်တကြား အော်ပြောလာသည်။
" ဘယ်လို .. သူက နဂါးတစ်ကောင်အဖြစ်ကို တကယ်ကြီး ပြောင်းသွားခဲ့တာလား .. "
" နတ်ဘုရားသားရဲတစ်ကောင်က နဂါးအဖြစ် အသွင်ပြောင်းသွားတာလား ။ ဒီခေတ်မှာ အဲ့လိုအရာမျိုး တကယ်ကြီး ရှိနေတယ်ပေါ့ ။ သူ ဟုန်ဝေ့ကို အနိုင်ရသွားတာ မထူးဆန်းတော့ပါဘူးကွာ "
လူအချို့က ချီးကျူးစကား ဆိုလိုက်ကြသည်။အချို့ကမူ နားမလည်နိုင် ဖြစ်နေဟန်ဖြင့် မေးကြ၏။
" နဂါးအသွင်ပြောင်းခြင်း ဆိုတာ ဘာလဲ .. "
လူတစ်ယာက်က ချက်ချင်း ရှင်းပြသည်။
" အဲ့ဒါ ထူးခြားတဲ့ ခန္ဓာကိုယ် တစ်ခုပဲကွ ၊ အင်မတန်လဲ အစွမ်းထက်တယ် ။ ဒါပေမယ့် သူ အဲ့လို နဂါးအသွင်ပြောင်းနိုင်ရင်တောင် ကောင်းကင်ဘုံ တံခါးဝအဆင့်က လူထက်တော့ ပိုအစွမ်းထက်မနေသင့်ဘူးလေ ။ ကြည့်ရတာ သူ့မှာ တခြားလျှို့ဝှက်ချက်တွေ ရှိသေးတယ်နဲ့ တူတယ် "
လူကြီးတစ်စု ခေါင်းညိတ်လိုက်ကြသည်။
နျိုထျဲ့ချုက အလွန်ထူးခြားသော သားရဲတစ်ကောင် ဖြစ်ရမည်ဟုလည်း သူတို့ တွေးလိုက်ကြ၏။
အချို့သူများ ဆိုလျှင် နျိုထျဲ့ချုအား တိတ်တဆိတ် ချောင်ခိုတိိုက်ခိုက်ပြီး လေ့လာရန်အတွက် ဖမ်းခေါ်သွားရန်ပင် တွေးလိုက်ကြသည်။
သို့သော် ထိုအချိန်တွင် နျိုထျဲ့ချူကမူ လူများ မည်သို့ တွေးထင်မည်ကို လုံးဝ ဂရုစိုက်မနေပါချေ။
သူမ ဟုန်ဝေ့ရှေ့သို့ ပျံသန်းသွားလိုက်သည်။
လက်ရှိတွင် ဟုန်ဝေ့မှာ တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ပေနေပါ၏။ သူ့လက်တစ်ဖက်လည်း ကျိုးနေပြီဖြစ်ကာ သူ့အသွင်မှာ ဆိုးဆိုးရွားရွား ခံစားနေရဟန် တူသည်။
နျိုထျဲ့ချု အနားကပ်လာသည်ကို မြင်သောအခါတွင်မူ သူ ကြောက်လန့် တုန်လှုပ်သွား၏။
" ငါ အရှုံးပေးပါတယ်ကွာ .. ။ ငါ့ကိုသာ သွားခွင့်ပေးရင် ငါ ချက်ချင်း ထွက်သွားပါ့မယ် "
သူ ဒရောသောပါး ပြောလိုက်သည်။ သူ့မျက်နှာတွင်လည်း ယခင်ကကဲ့သို့ မောက်မာနေဟန် အလျဥ်းမရှိတော့ပေ ။
သို့သော် နျိုထျဲ့ချု၏ မျက်လုံးများကမူ အေးစက်နေကာ သူမလက်ထဲမှ တင်းပုတ်ကို ထပ်မြှောက်လိုက်သည်။
ထိုမြင်ကွင်းကို ကြည့်ကာ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြပြန်၏။
သူမက ဟုန်ဝေ့ကို သတ်ရန် ပြင်နေသည်လား ..
၎င်းကို မြင်သောအခါ ဟုန်ဝေ့၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုဖြင့် ပြည့်သွားပြီး ပြောလာသည်။
" မင်း ငါ့ကို သတ်လို့ မရဘူး ။ သတ်လို့ကတော့ မင်းကို ငါတို့ ထျန်းကူဟုန် မိသားစုက လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူးကွ ။ မင်းက လောထျန်းရဲ့ လက်အာက်ငယ်သား မဟုတ်လား ။ မင်းကိုယ်မင်း စိတ်မပူရင်တောင် လောထျန်းကို မင်းနဲ့တစ်ပါတည်း မြေမြှုပ်ခံစေချင်လို့လား "
ထိုစကားကြောင့် တစ်ကိုယ်လုံး လူသတ်အရိပ်အငွေ့ဖြင့် ပြည့်နေသည့် နျိုထျဲ့ချူတစ်ယောက် ရုတ်တရက် မှင်သက်မိသွား၏။
လက်ရှိတွင် သူမတို့ မျိုးနွယ်စုအတွက် လက်တုန့်ပြန်ချင်နေသော်လည်း .. ၎င်းက လောထျန်းနှင့် ပျောင်ပိုင်မြို့ကို ထိခိုက်သွားစေနိုင်ပါသည်။
သူမလုပ်ရပ်က လောထျန်းအား အန္တရာယ်ပေးရာ ကျသွားပါမည်လား ။
ထိုတခဏတွင် သူမ ခေါင်းလှည့်ပြီး လောထျန်းရှိသည့်ဘက် လှမ်းကြည့်လိုက်သည်။ သူမ အသွင်မှာလည်း ခွင့်ပြုချက် တစ်စုံတရာ တောင်းနေဟန် ရှိပါ၏။
ဟုန်ဝေ့က ၎င်းကို မြင်သောအခါ နျိုထျဲ့ချူ၏ အားနည်းချက်ကို တွေ့သွားပြီအထင်ဖြင့် လောထျန်းဘက် လှမ်းအော်ပြောသည်။
' လောထျန်း ၊ ဒီ နွားမရူးကြီးကို မြန်မြန်ပြန်ခေါ်ထားစမ်း ။ မဟုတ်လို့ရတော့ ရလာမယ့်အကျိုးဆက်ကို မင်း ခံနိုင်မှာ မဟုတ်ဘူး "
အားလုံးကလည်း လောထျန်းအား လှမ်းကြည့်လိုက်ကြသည်။
သို့သော် .. ထိုစဥ်တွင် လောထျန်းက ပျင်းပျင်းရိရိ အကြောဆန့်ပြီး ပြောလာ၏။
" ငါ့ကို ဘာလို့ ကြည့်နေတာလဲ ၊ သူ့ကို အသေသတ်လိုက်တော့လေ "