အစွမ်းထက် ရန်သူတစ်ယောက် လာနေပြီ
Vol. 26 Ch. 353
" ဘာကွ .. မင်းလို မြောက်ပိုင်းဒေသက ကောင်လေးတစ်ယောက်ကများ အဲ့လို ပြောရဲတယ်ပေါ့လေ .. ခွေးမျိုး &$##%& "
လောထျန်းစကားကို ကြားသည်နှင့် ဟုန်ဝေ့ ဒေါသတကြီး ဆဲရေးလိုက်သည်။
သို့သော် တဖက်မှ နျိုထျဲ့ချုကမူ လောထျန်းအမိန့်ကို ရပြီးသည်နှင့် လူသတ်အရိပ်အငွေ့များ ပြန်ထုတ်လွှတ်လိုက်၏။
ဝုန်း ..
သူမ၏ တင်းပုတ်ကိုလည်း ချက်ချင်းမြှောက်လိုက်ပြန်သည်။ သူမကိုယ်မှ အရောင်အဝါကလည်း ဝုန်းခနဲ တိုးလာ၏။
သူမ၏ တင်းပုတ်ပေါ်တွင်လည်း နဂါးအရိပ်တစ်ခု ရစ်နွယ်နေပြီး ၎င်းမှ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ထွက်နေသည်။
ထို့နောက်တွင်မူ ..
နျိုထျဲ့ချူက တင်းပုတ်ကို လွှဲလိုက်သည်နှင့် နဂါးအရိပ်က ကောင်းကင်ယံသို့ ထိုးတက်သွား၏။
ထို့နောက် ..
ဘုန်း ..
နဂါးအရိပ်နှင့် တင်ပုတ်ကြီးက တစ်ပြိုင်နက်တည်း ကျလာကာ ဟုန်ဝေ့အား ဖိခြေပစ်လိုက်တော့သည်။
ကျယ်လောင်သော အသံကြီးတစ်သံနှင့်အတူ ဟုန်ဝေ့၏ ခန္ဓာကိုယ် အမှုန့်ဖြစ်သွားပြီး .. အစအန မကျန် ပျောက်ကွယ်သွားရ၏။
အနီးနား ပတ်ဝန်းကျင် တစ်ခုလုံးလည်း ရုတ်ချည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
ထျန်းကူဟုန် မိသားစုမှ ပဖွဲ့ဝင်တစ်ယောက်ဖြစ်သည့် ဟုန်ဝေ့အား နျိုထျဲ့ချူက အမှန်တကယ် သတ်ပစ်လိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့်မထားခဲ့ပါ ။
ထိုသို့ သတ်လိုက်ခြင်းက ထျန်းကူဟုန် မိသားစုအား စစ်ကြေငြာလိုက်သည်နှင့် မခြားပေ ။
ရွှေယွဲ့ချီသည် ထိုတခဏ၌ အလွန်စိတ်ရှုပ်ထွေးနေဟန် တူ၏။
" သခင်လေး လောထျန်း ... သူ့ကို မသတ်ခဲ့သင့်ဘူး "
သူမ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ဘာဖြစ်လို့လဲ "
လောထျန်းက မထူးခြားဟန်ဖြင့်သာ ပြန်မေး၏။
" ထျန်းကူဟုန် မိသားစုက တည်ရှိလာတာ နှစ် ထောင်ပေါင်းများစွာ ကြာသွားခဲ့ပြီမို့ အခြေခံ အရမ်း ကောင်းတယ်ရှင့် ။ မြင့်မြတ်နယ်မြေ ဖြစ်တဲ့ ကျန့်ဟွမ်တောင်နဲ့ ကျွန်မတို့ ယောင်ချီကတောင် သူတို့နဲ့ မယှဥ်နိုင်ဘူး ။ အခု သခင်လေးက သူ့ကို သတ်လိုက်တော့ .. ပျောင်ပိုင်မြို့ကို အန္တာယ်ထဲကျအောင် ပို့လိုက်သလို ဖြစ်သွားတော့မှာပဲ "
လောထျန်းက ခေါင်းယမ်း၍ ပြန်ပြောသည်။
" သူ့ကို ကျုပ်က အရင် ရန်စခဲ့တာ မဟုတ်ဘူးလေ ။ သူက သေဖို့လမ်း ရှာနေမှတော့ ခုလို ဖြစ်သွားတာ ဘယ်တတ်နိုင်မလဲ ။ ပြီးတော့ ထျန်းကူဟုန် မိသားစုကရော ဘာဖြစ်လို့လဲ .. "
သူ ထိုသို့ ပြောနေရင်း ရုတ်တရက် စကားခဏရပ်ကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ ထို့နောက် အသံကျယ်ကြီးဖြင့် အော်ပြော၏။
" ထျန်းကူဟုန် မိသားစုက လူတွေ ဒီမှာ ရှိနေကြသေးလား ၊ မရှိကြဘူးလားဆိုတာတော့ ကျုပ် မသိဘူး ။ ရှိရှိ ၊ မရှိရှိ အရေးလဲ မကြီးပါဘူးလေ ။ ခင်ဗျားတို့ကပဲ ထျန်းကူဟုန် မိသားစုကို ကျုပ်ကိုယ်စား သတင်းပို့လိုက်ကြပါ "
" ဒီ ဟုန်ဝေ့ ဆိုတဲ့သူက ကျုပ်ကြောင့် သေသွားရတာ ။ အဲ့တော့ လက်တုန့်ပြန်ချင်ရင် မြောက်ပိုင်းဒေသမှာ ရှိတဲ့ ပျောင်ပိုင်မြို့ကို လာပြီး ကျုပ်ကို လာရှာလို့ ရတယ် ။ ကျုပ်နာမည်က လောထျန်းလို့ ခေါ်တယ် ။ ဒါပေမယ့် ကျုပ် တစ်ခုတော့ ကြိုသတိပေးထားမယ် ။ ပျောင်ပိုင်မြို့ကို လာတာနဲ့ ထျန်းကူဟုန် မိသားစုကို ကျုပ်ကိုယ်တိုင် ဖျက်ဆီးချေမှုန်းပစ်မယ်လို့ ပြောလိုက်ပါ "
လောထျန်းစကားကို ကြားသည်နှင့် အားလုံး အသံတိတ်သွားကြပြီး သူ့အား တအံ့တသြ ကြည့်လိုက်ကြသည်။
တခဏကြာပြီးနောက်တွင်မူ အားလုံးဆီမှ တအံ့တသြ ရေရွတ်သံများ စီခနဲ ထွက်လာ၏။
" ဘုရားရေ .. ဒီ လောထျန်းဆိုတဲ့သူက ရူးများ သွားပြီလား ။ ဒါ ထျန်းကုဟုန် မိသားစုကို စစ်ကြေငြာလိုက်တာပဲ "
" ထျန်းကူဟုန် မိသားစုကိုတောင် ဖျက်ဆီးဦးမယ်တဲ့ ။ ဒါ .. မောက်မာလွန်းရာ ကျမနေဘူးလား ။ မြင့်မြတ်နယ်မြေ အဖွဲ့ကြီးတွေတောင် အဲ့လိုစကားမျိုး ပြောရဲကြတာ မဟုတ်ဘူးလေ "
" ဒီလူက .. ရူးသွားတာလား .. "
အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။
ထိုစဥ် ခပ်လှမ်းလှမ်းတွင် ရှိနေသော နျိုထျဲ့ချူမှာ တင်းပုတ်ကို ကိုင်လျက် တစ်ကိုယ်လုံး တုန်ယင်နေ၏။
" မျိုးနွယ်စုဝင်တို့ .. ဟုန် မိသားစု အဖွဲ့ဝင်တစ်ယောက်ကိုတော့ ငါ သတ်လိုက်နိုင်ပြီ ။ သူ့နောက်မှာ တခြားသူတွေလဲ အများကြီး ရှိသေးတယ် ... ငါ သူတို့ကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး "
သူမ တစ်ယောက်တည်း ကြိတ်တွေးကာ နဂါးအသွင်ပြောင်းခြင်းမှ သူမ၏ မူလပုံသို့ ပြောင်းပြီး လောထျန်းဆီသို့ ပြန်သွားလိုက်သည်။
" ကျွန်မ တောင်းပန်ပါတယ် အကိုကြီး "
သူမ လောထျန်းကို ကြည့်ကာ တီးတိုးပြော၏။
လောထျန်းက ခေါင်းယမ်းပြကာ ပြန်ပြောသည်။
" ကိစ္စမရှိဘူး ၊ သူတို့နဲ့က တစ်ချိန်မဟုတ် တစ်ချိန် ထိပ်တိုက် တွေ့ကြရမှာပဲ ။ ခုကတည်းက ပေါ်တင် ပွင့်ပွင့်လင်းလင်း ဖြစ်သွားတော့ ကောင်းတာပေါ့ ။ ဒါပေမယ့် .. ပြန်ရောက်ရင်တော့ ထျန်းကူဟုန် မိသားစုက ပေးလာမယ့် ဖိအားကို ရင်ဆိုင်နိုင်အောင် မင်းတို့အားလုံး ကြိုးကြိုးစားစား ကျင့်ကြံကြရမယ် "
" ဟုတ်ကဲ့ "
နျိုထျဲ့ချူက အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။
ပျောင်ပိုင်မြို့တွင် အဖိုးတန် အရင်းအမြစ်များ များစွာပင် ရှိထားပြီး သူမ ဤခရီးမှ ရခဲ့သည့် နဂါးအမြုတေလုံးလည်း ရှိထားသေးရာ ..
အချိန်တိုအတွင်း သူမ ကျင့်ကြံခြင်း နောက်တစ်ဆင့် တက်နိုင်မည်ဟု ယုံကြည်မှု အပြည့်ရှိပါသည်။
ထိုအချိန်တွင် လောထျန်းက ခေါင်းလှည့်ပြီး ချူကျန့်ဘက် ကြည့်လိုက်သည်။
" ချူကျန့် ၊ မင်းရော ငါတို့ ပျောင်ပိုင်မြို့ရဲ့ အဖွဲ့ဝင် ဖြစ်ချင်လား "
သူ အပြုံးဖြင့် မေး၏။
မျှော်လင့်မထားသော စကားကြောင့် ချူကျန့်တစ်ယောက် အနည်းငယ် အံ့သြမှင်သက်သွားသည်။
သူ့ဘေးမှ စွေ့ကြွယ်ကမူ မျက်မှောင်ကြုံ့သွား၏။
" လောထျန်း ၊ ငါတို့ ကျန့်ဟွမ်တောင်ရဲ့ နတ်ဘုရားသားတော် တစ်ယောက်ကို ငါတို့ ရှေ့မှာတင် အဖွဲ့ဝင်အဖြစ် ခေါ်နေတာ ဘာသဘောလဲ ။ မင်းက ထျန်းကူဟုန် မိသားစုကို စိန်ခေါ်တာနဲ့တင် အားမရသေးဘဲ ငါတို့ ကျန့်ဟွမ်တောင်နဲ့ပါ ရန်သူတွေ ဖြစ်ချင်တာလား "
စွေ့ကြွယ်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
သူ့စကားကို ကြားသောအခါ လောထျန်းက လှောင်ပြုံး ပြုံးပြီး လှည့်ကြည့်၏။
" ခင်ဗျားကြီးက ခုနက ဟုန်ဝေ့နဲ့ ရင်ဆိုင်နေရတဲ့ အချိန်တုန်းကတော့ အဲ့လို မမောက်မာရဲဘဲနဲ့ အခု ကျုပ်ရှေ့မှာမှ လာပြီး ကြမ်းပြနေတယ်ပေါ့လေ ။ ကျုပ်ကို အနိုင်ကျင့်ဖို့ အဲ့လောက် လွယ်မယ်များ ထင်နေတာလား "
သူ့စကား ဆုံးသည့် အချိန်မှာပင် သူ့နောက်မှ နျိုထျဲ့ချူ ၊ နျိုဝူဖုန်း နှင့် ဘုရင်ကျင်းဖန်တို့ သုံးယောက်လုံး တစ်ပြိုင်နက်တည်း ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ကြပြီး စွေ့ကြွယ်အား ဝန်းရံထားလိုက်ကြသည်။
ဝုန်း .. ဝုန်း ... ဝုန်း ...
သူတို့သုံးယောက်လုံး ချက်ချင်းပင် နဂါးအဖြစ် အသွင်ပြောင်းလိုက်ကြသဖြင့် ကြောက်မက်ဖွယ်အရောင်အဝါ သုံးခုက ကောင်းကင်ယံသို့ တမဟုတ်ချင်း ထိုးတက်သွား၏။
ထိုမြင်ကွင်းကို ကြည့်ကာ အနီးနားတဝိုက်မှ လူများအားလုံး အံ့သြတုန်လှုပ်သွားကြပြန်သည်။
" နဂါးအသွင်ပြောင်းခြင်းတွေပါလား ... သုံးယောက်လုံး နဂါးအသွင် ပြောင်းနိုင်ကြတာပေါ့ ။ ဒါ .. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
" ပြီးတော့ .. သူတို့ သုံးယောက်လုံးကလဲ နတ်ဘုရား သားရဲတွေ "
" ပျောင်ပိုင်မြို့ရဲ့ နောက်ခံက အဲ့လောက် ကောင်းတာလား "
အစောပိုင်းတွင် ပျောင်ပိုင်မြို့အား မေးခွန်းထုတ်နေခဲ့ကြသူများမှာလည်း .. ယခု သူတို့ ရင်ထဲမှ သံသယများ ပျောက်ကွယ်သွားကြတော့သည်။
စွေ့ကြွယ်မှာလည်း သူ့ရှေ့တွင် နဂါးအသွင် ပြောင်းထားကြသည့် သားရဲ သုံးယောက်ကို ကြည့်ကာ အလွန်ပင် အံ့သြတုန်လှုပ်နေ၏။
အစောက တိုက်ပွဲကို သူ သေချာကြီး မြင်ခဲ့ရပါသည်။
အမှန်တိုင်း ဆိုရပါက နျိုထျဲ့ချူနှင့် ရင်ဆိုင်တိုက်ခိုက်ရလျှင်ပင် သူ နိုင်ဖို့ မသေချာပါချေ။
ယခု နောက်ထပ်နှစ်ယောက် ထပ်တိုးလာရာ .. သူ ရှုံးမည်မှာ သေချာနေလေပြီ ။
သူ မနေနိုင်ဘဲ နောက်ဆုတ်လိုက်ရ၏။
ထိုအချိန်တွင် ချူကျန့်က ရုတ်တရက် ပြောလာသည်။
" သခင်လေး လောထျန်း ၊ ကျုပ် သခင်လေးနဲ့အတူ ပျောင်ပိုင်မြို့ကို လိုက်ခဲ့မယ် "
" ဘယ်လို .. "
စွေ့ကြွယ် ပို၍ပင် အံ့သြတုန်လှုပ်သွားရတော့သည်။
ကျန်လူများမှာလည်း သူ့နည်းတူပင် အံ့သြတုန်လှုပ်သွားကုန်၏။
ကျန့်ဟွမ်တောင်၏ နတ်ဘုရားသားတော် တစ်ယောက်က အဖွဲ့ပြောင်းနေသတဲ့လား ။
ဤကိစ္စမှာ ပေါ့သေးသေး မဟုတ်ပါ ။
ချူကျန့်က အေးအေးဆေးဆေး ဆက်ပြောသည်။
" ကျုပ် ဒီလို သူရဲဘောကြောင်တဲ့ ဂိုဏ်းမျိုးမှာ ထပ်မနေချင်တော့ဘူး ။ ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခု ရောက်လာရင် သခင်လေး လောထျန်း ဘာလုပ်မလဲ ဆိုတာကိုပဲ ကျုပ် မေးချင်တယ် "
လောထျန်းက မထူးခြားဟန်ဖြင့် ပြန်ပြော၏။
" ဘာများ လုပ်ရဦးမှာလဲ .. သူတို့ဘက်က ဦးနှောက်မဲ့တဲ့ လုပ်ရပ်မျိုး လုပ်လာတာနဲ့ အားလုံးကို သတ်ပစ်လိုက်ဖို့ပဲ ရှိတာပေါ့ "
ထိုစကားကို ကြားသောအခါ ချူကျန့် ပြုံးလိုက်သည်။
" ကောင်းပါပြီ ၊ ဒါဆို ကျုပ် ပျောင်ပိုင်မြို့ကို လိုက်ခဲ့ဖို့ ဆန္ဒရှိပါတယ် "
လောထျန်းမှာ ချူကျန့်ကို လေးစားအထင်ကြီးသွား၏။
လက်ရှိ ထျန်းယွမ်ကမ္ဘာတွင် ချူကျန့်ကဲ့သို့ အစွမ်းထက်သော ပါရမီရှင်များ များစွာ မရှိလှပါ။
ချူကျန့်က စွေ့ကြွယ်ဘက် လှည့်ပြီး ပြောသည်။
" သခင်ကြီး စွေ့ ၊ ကျန့်ဟွမ်တောင်ကို ပြန်ရောက်ရင် ဂိုဏ်းချုပ်ကြီးကို ကျုပ်ကိုယ်စား တောင်းပန်ပေးပါဗျာ ။ တစ်နေ့ .. ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခု ပြီးဆုံးသွားရင် ကျုပ် ကျန့်ဟွမ်တောင်ကို ပြန်လာခဲ့ပါ့မယ် "
" နတ်ဘုရား သားတော်လေး .. "
စွေ့ကြွယ်မှာ တစ်ခုခု ပြောချင်ဟန်ရှိကာ ချူကျန့်အား အရောင်လက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သေးသော်လည်း .. မည်သည့်စကားမှ ထပ်မဆိုတော့ပါ။
" သွားကြစို့ ၊ ဒီကနေ တည်နေရာရွှေ့ပြောင်းသွားလို့လဲ မရဘူးဆိုတော့ မြန်မြန်သွားကြရအောင် "
ထိုစဥ် လောထျန်းက ပြောလိုက်သည်။
ထို့နောက် သူ ရွှေယွဲ့ချီအား လှည့်ကြည့်ပြီး ပြော၏။
" ဒီနေ့ ကျုပ်တို့ကြားမှာ ဖြစ်ခဲ့တဲ့ အဖြစ်ပျက်ကို မမေ့ပါနဲ့ "
ရွှေယွဲ့ချီက ခေတ္တမျှ အံ့သြမှင်သက်နေပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
" ကျွန်မ မမေ့ပါဘူး "
ထိုအချိန် အနီးနားတွင် ရှိနေသော လူငယ်တစ်စုမှာ စိတ်မသက်မသာ ဖြစ်သွားကြရပြန်၏။
" ရွှေယွဲ့ချီက အဲ့ကောင်ရဲ့ အမြတ်ထုတ်တာကို ခံလိုက်ရတာပဲ နေမယ် "
" မုန်းစရာ ကောင်းလိုက်တာ ။ ငါက သူ့ထက် ဘာများ နိမ့်ကျနေလို့လဲကွာ ။ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ရယ် ၊ ရုပ်ရည် ရယ် ၊ မိသားစု နောက်ခံလေးရယ် နိမ့်ကျတာကလွဲလို့ ငါက တခြား ဘာတွေများ သူ့ထက် နိမ့်ကျနေလို့လဲ "
ထိုလူငယ်များ၏ ရင်ထဲတွင်လည်း လောထျန်းအပေါ် မုန်းတီးစိတ်များ ဖြစ်ကုန်ကြသည်။
ထိုအချိန်တွင် လောထျန်းတို့ လူစုကမူ နေရာမှ ထွက်ခွာသွားခဲ့ကြလေပြီ ။
တစ်ချိန်တည်းမှာပင် ... အရှေ့ပိုင်းဒေသ နယ်စပ်နား၌ လူတစ်ယောက်က အလွန်လျင်မြန်သော အရှိန်ဖြင့် ဒုန်းစိုင်း၍ လာနေ၏။
ထိုလူ၏ အရောင်အဝါမှာ အလွန်ကြောက်မက်ဖွယ် ကောင်းနေပြီး သူ သွားနေသည့် လမ်းတလျှောက်မှ တောင်များ ၊ မြို့ ရွာများ ၊ မြစ်များ အားလုံးပင် ပြားချပ်ကုန်သဖြင့် လူပေါင်း မရေမတွက်နိုင်အောင်ပင် သေကြေကြရကုန်သည်။
ထိုအချိန်တွင် လူတချို့မှာ သူ့ကို တားရန် ကြိုးစားခဲ့ကြသေးသော်လည်း ထိုလူနား မကပ်နိုင်ခင်မှာပင် သူ့ ကိုယ်မှ စိတ်စွမ်းအင်ကြောင့် အားလုံး သေဆုံးသွားခဲ့ကြရသည်။
ထိုလူမှာ မဟာအလင်းတန်းဂိုဏ်းရှိ မသေမျိုး ၅ ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး ရှန့်မင်၏ အဖေ ၊ရှန့်ထျန်းလန် ပင် ။
" ကောင်လေး .. မင်းက ငါ့သားကို သတ်ရဲတယ်ပေါ့လေ ။ မင်းကိုငါ အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်မယ်ကွ "
သူက ပျံသန်းနေရင်းလည်း ဒေါသတကြီး အော်နေ၏။
အခြားတစ်ဖက်တွင် .....
နာရီများစွာ ကြာပြီးနောက် လောထျန်းတို့လူစု အရှေ့ပိုင်းဒေသ အပြင်သို့ ရောက်လာခဲ့ကြသည်။
" ကဲ .. ဒီနားက လေထုကတော့ တည်ငြိမ်သွားပြီ ။ ငါ့အတွက် အချုပ်အနှောင်တွေ မရှိတော့ဘူး "
အနီးနားရှိ လေထုက တည်ငြိမ်နေသည်ကို ခံစားမိမှသာ လောထျန်း စိတ်သက်သာရာ ရသွားပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။
နဂါးသင်္ချိုင်းမြေ၏ အပြင်ဘက်တွင် ရှိနေခဲ့စဥ်၌ သူ အားအနည်းငယ် သုံးမိပြီး လေထုကြီး ပြိုကွဲသွားမည်ကို အလွန် စိုးရိမ်နေခဲ့ရပါ၏။
ယခုတွင်ကား စိတ်အေးလက်အေး နေ၍ ရလေပြီ ။
ထိုအချိန်တွင် ချုကျန့်က သိချင်စိတ်ဖြင့် ရုတ်တရက် မေးလာသည်။
" ဒါနဲ့ သခင်လေး လောထျန်း ၊ နဂါးသင်္ချိုင်းမြေကနေ သခင်လေး ဘာရတနာတွေ ရခဲ့လဲ "
လောထျန်းက အပြုံးဖြင့် ပြန်ဖြေ၏။
" ရခဲ့တာတော့ အများကြီးပဲ "
ချူကျန့်က မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ထပ်မေးသည်။
" ဟင် .. ဒါဆို အသုံးအဝင်ဆုံးက ဘာဖြစ်မယ်လို့ ထင်လဲ "
လောထျန်းက ခေတ္တမျှ စဥ်းစား၏။
" အသုံးအဝင်ဆုံးလား .... အင်း .. အသုံးအဝင်က ဒါ ဖြစ်မယ်ထင်တယ် "
သူက ပြောပြောဆိုဆိုပင် ဘာမှ မထူးခြားဟန်ဖြင့် ဝိဥာဥ်တစ်ရာ ကားချပ်လိပ်အား ခေါ်ယူလိုက်သည်။
" လောလောဆယ်မှာတော့ ဒီဟာက အသုံးအဝင်ဆုံးပဲ "
" ဟင် .. အဲ့ဒါ ဘာလဲဗျ "
ချူကျန့် နားမလည်နိုင် ဖြစ်သွား၏။
လောထျန်းက တစ်ချက်ရယ်ကာ ပြန်ပြောသည်။
" ဒီဟာက တကယ်ကို ကောင်းတယ် ။ သတိထားနော် "
သူ ထိုသို့ ပြောကာ ကားချပ်လိပ်အား ဖွင့်လိုက်သည်။
ထိုစဥ် .. သူတို့နှင့် မိုင်ရာချီ ဝေးသော တစ်နေရာ၌ .. ရှန့်ထျန်းလန် တစ်ယောက် မျက်မှောင်ကြုံ့နေ၏။
" ဒါ ငါ့သားကို သတ်သွားခဲ့တဲ့ ကောင်ရဲ့ အရောင်အဝါပဲ ၊ မှားစရာ အကြောင်း မရှိဘူး ။ ကောင်လေး မင်းသေရမယ် "
သူ ဒေါသတကြီး အော်ပြီး လောထျန်း ရှိရာဘက်သို့ လူသတ်အရိပ်အငွေ့ အပြည့်ဖြင့် ပြေးဝင်လာသည်။
ထိုစဥ် အခြားတစ်ဖက်၌ ..
" ဝိဥာဥ်တစ်ရာ ကားချပ် .. ပွင့်စေ "
လောထျန်းက ကျယ်လောင်စွာ အော်လိုက်သည်။