← Chapters

မိစ္ဆာဝိဥာဥ် များ ကြားထဲ ကျသွားခြင်း

Vol. 26 Ch. 354

မိစ္ဆာဝိဥာဥ် များ ကြားထဲ ကျသွားခြင်း

Vol. 26 Ch. 354

လောထျန်း၏ စကားသံ ဆုံးသည်နှင့် ဝိဥာဥ်တစ်ရာကားချပ်လိပ်ထဲမှ မိစ္ဆာဝိဥာဥ်များ တစ်ကောင်ပြီးတစ်ကောင် အလွန်လျင်မြန်သော အရှိန်ဖြင့် ထွက်လာကြသည်။

ထို မိစ္ဆာဝိဥာဥ် တစ်ကောင်ချင်းစီမှာလည်း တောင်ငယ်တစ်ခုပမာ ကြီးမားကြပါသည်။

မိစ္ဆာဝိဥာဥ်များက အတန်းလိုက် ဖြစ်နေကာ နောက်ဆုံးမှ ပေါ်လာသူ အချို့ဆိုလျှင် မိုင် ၃၀ ၊ ၄၀ အကွာသို့ပင် ရောက်နေပါ၏။

ထိုအချိန် သူတို့နှင့် မနီးမဝေးသို့ ရောက်လာသည့် ရှန့်ထျန်းလန် မှာလည်း  လောထျန်း၏ ပုံရိပ်ကို ခပ်ရေးရေး တွေ့သွားသည်။

သူ ချက်ချင်းပင် ဒေါသူပုန် ထသွားကာ တစ်ကိုယ်လုံး လူသတ်အရိပ်အငွေ့များဖြင့် ပြည့်သွား၏။

" ကောင်လေး .. မင်းကို ငါ အပိုင်းပိုင်း ဖြစ်သွားအောင် လုပ်ပစ်မယ် "

သူ အံကြိတ်၍ ရေရွတ်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် ..

တောင်ကြီးတစ်ခုက သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး သူ့လမ်းကို ပိတ်ထား၏။

ရှန့်ထျန်းလန် လန့်သွားကာ ခပ်မြန်မြန် အရှိန်သတ်လိုက်သည်။

" ဘာတွေ ဖြစ်နေတာလဲ ။ တောင်က ဘာလို့ ရုတ်တရက်ကြီး ပေါ်လာရတာလဲ "

သူ အံ့အားသင့်သွားပြီး ခေါင်းမော့ကြည့်လိုက်၏။

ထိုအချိန်မှသာ သူ့ရှေ့တွင် ဧရာမ ကြေးခွံကြီးတစ်ခု ရှိနေသည်ကို သူ သတိထားမိသွားတော့သည်။

သူ တောင် ဟု ထင်နေခဲ့သည့် အရာမှာလည်း အမှန်တကယ်တွင် ဧရာမ သားရဲကြီးတစ်ကောင်၏ နောက်ကျော ဖြစ်နေမှန်း သိလိုက်ရ၏။

" မျိုးမစစ်ကောင်တွေ  .. မင်းတို့က ငါ သွားမယ့်လမ်းကို ပိတ်ထားရဲတယ်ပေါ့လေ "

ရှန့်ထျန်းလန် တစ်ယောက် ဒေါသ ပြန်ထွက်သွားရသည်။ သူ့လက်ထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု လက်သွားပြီး ရှေ့မှ သားရဲကြီးအား တိုက်ခိုက်လိုက်၏။

သူ့စိတ်ထဲတွင် ထိုတစ်ချက်တည်းဖြင့် သားရဲကြီး နှစ်ပိုင်းပြတ်သွားမည်ဟုသာ ထင်လိုက်သည်။

သို့သော် ..

ဝှစ် ..

သူ ခုတ်ဖြတ်လိုက်သည့်တိုင် သားရဲကြီးက နှစ်ပိုင်း ပြတ်မသွားခဲ့ပါ ။

ကြေးခွံတွင် အပေါ်ယံ အက်ကွဲရာလေးတစ်ခုသာ ဖြစ်သွား၏။

" ဟင် ... "

ရှန့်ထျန်းလန် အံ့သြမှင်သက်သွားရတော့သည် ။

ဘာတွေ ဖြစ်နေပါသနည်း။

သူသည် မသေမျိုးတစ်ယောက် ဖြစ်ပါသည်။ ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် မဟုတ်သည့်တိုင် သူ့အစွမ်းက အလွန်ကြောက်စရာကောင်းသည့် အထဲတွင် ပါဝင်ပါ၏။

သို့တိုင် .. သူ့တိုက်ခိုက်မှု​က တဖက်လူ၏ ကြေးခွံကို အနည်းငယ်လေး အက်ရာထင်သွားအောင်သာ လုပ်နိုင်ခဲ့သတဲ့လား ။

ထိုအချိန်မှာပင် ..

ဧရာမ တောင်ကြီးက ဖြည်းဖြည်းချင်း သူ့ဘက် လှည့်လာပြီး သူ့အာ စိုက်ကြည့်လာသည်။

ဂလု ..

ရှန့်ထျန်းလန် တစ်ယောက် တံတွေးကိုပင် ခက်ခက်ခဲခဲ မြိုချလိုက်ရ၏။

သူ ထိုသားရဲကြီး၏ မျက်လုံးကို တစ်ချက်ကြည့်ရုံဖြင့်ပင် သဘောပေါက်သွားခဲ့ရပါသည်။

၎င်းမှာ သာမာန် သားရဲ မဟုတ်ပါ  ...

မိစ္ဆာဝိဥာဥ် တစ်ကောင်ပင် ..

ထို့အပြင် ၎င်းမိစ္ဆာဝိဥာဥ် မှာ မသေမျိုးအဆင့်တွင် ရှိနေပါသေးသည်။

ဤထျန်းယွမ် ကမ္ဘာကြီးတွင် ကိုင်တွယ်ရန် အခက်ခဲဆုံး အရာများထဲမှ တစ်ခုဟုလည်း ပြော၍ ရပါ၏။

ထိုသို့သော အရာမျိုးကို သာမာန် နည်းလမ်းဖြင့် သတ်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက် နီးပါးပင် ။

အစွမ်းထက် ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိဥာဥ်အစွမ်း ၊ သို့မဟုတ် မသေမျိုးတစ်ယောက်၏ မသေမျိုးအစွမ်းကသာ ထိုသို့သော မိစ္ဆာဝိဥာဥ်အား သတ်နိုင်ပါသည်။

သို့သော် ထိုမျှနှင့် မရသေးပါ။ ကိုယ်တိုင်ကလည်း တဖက်မိစ္ဆာဝိဥာဥ်ထက် ပိုအစွမ်းထက်ရန် လိုပါသေး၏။

ယခု သူ့ရှေ့မှ မိစ္ဆာဝိဥာဥ်ကမူ မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ သူ့ထက်ပို အစွမ်းထက်နေဟန် တူသည်။

" ချီး .. ဒီလိုနေရာမျိုးမှာ အဲ့လောက်အစွမ်းထက်တဲ့ မိစ္ဆာဝိဥာဥ် ဘယ်တုန်းက ပေါ်လာတာလဲ ။ ငါလဲ ဘာမှ သတင်းမကြာမိပါဘူး ။ ဘယ်တတ်နိုင်မလဲ .. ဒီကောင်ကြီးကို ရိုးရိုးအစွမ်းနဲ့ တိုက်ခိုက်လို့လဲ မရဘူးဆိုတော့ .. ထွက်သွားတာပဲ ကောင်းလိမ့်မယ် "

ရှန့်ထျန်းလန်က ထိုသို့တွေးကာ နောက်ပြန်ဆုတ်လိုက်သည်။

သို့သော် .. သူ ခြေလှမ်းဆယ်လှမ်းကျော်မျှသာ ဆုတ်ပြီးသွားချိန်တွင် ရုတ်တရက် .. သူ့နောက်ကျောက အရာကြီးတစ်ခုနှင့် တိုက်မိသွား၏။

" ဟင် ..ဘာလဲ .. တောင်ကြီးလား .. ဘာလို့ ချက်ချင်း မပြားသွားရတာလဲ "

သူ ဒေါသထွက်သွားရပြန်သည်။

သူ ထွက်ပြေးရန် ပြင်နေစဥ်တွင် တောင်တစ်လုံးနှင့် ထပ်တိုးရလိမ့်မည်ဟု မည်သို့ ထင်ထားပါမည်နည်း။

တောင်အား ပြားချပ်သွားအောင် လုပ်ရန် သူ အစွမ်းများ ထုတ်သုံးလိုက်သည်။

သို့သော် .. သူ အစွမ်းများ ထုတ်လွှတ်ထားသည့်တိုင် သူ့နောက်မှ တောင်ကြီးက မတုန်မလှုပ် ရှိနေဆဲပင် ။

" ဟ ..  ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ "

ရှန့်ထျန်းလန် အံ့အားသင့်သွားပြန်သည်။

မသေမျိုးတစ်ယောက်၏ အစွမ်းဖြင့်ပင် ပျက်စီးမသွားသော တောင်က မည်သို့သော တောင်ပါနည်း။

ထို့နောက် သူ နောက်လှည့်ကြည့်လိုက်သည့် အချိန်တွင်မူ ... အံ့သြတုန်လှုပ်လွန်းသဖြင့် ဆံပင်မွေးများအားလုံးပင် ထောင်သွား၏။

သူ့အနောက်ဘက်တွင် အစောက မိစ္ဆာဝိဥာဥ်နှင့် အရွယ်အစားတူ ၊ အရောင်အဝါတူသည့် နောက်ထပ် မိစ္ဆာဝိဥာဥ်တစ်ကောင်  ထပ်ရှိနေပါသည်။

" မိစ္ဆာဝိဥာဥ် ... နှစ်ကောင်တောင် ... "

ရှန့်ထျန်းလန် အလွန်တုန်လှုပ်သွားရတော့သည်။

သို့သော် ထိုအချိန်မှာပင် သူ့ဘေးနားတဝိုက်မှ ဆူညံသံများ ကြားလိုက်ရပြန်၏။

သူ လှည့်ကြည့်လိုက်သည့် အချိန်တွင်ကား .. မြောက်များစွာသော မိစ္ဆာဝိဥာဥ်များက သူ့အား ခေါင်းငုံ့၍ ကြည့်နေကြသည်ကို မြင်လိုက်ရတော့သည်။

ထိုမိစ္ဆာဝိဥာဥ်များ အားလုံးမှာ ပထမ မိစ္ဆာဝိဥာဥ် နှစ်ကောင်နှင့် အရွယ်အစား ရော အရောင်အဝါပါ အတိမ်းမယိမ်း ရှိကြပြီး ၎င်းတို့၏ အစိမ်းရောင် မျက်လုံးကြီးများကမူ မထူးခြားဟန် ရှိနေကြသည်။

ထိုတခဏတွင် ရှန့်ထျန်းလန်တစ်ယောက် အလွန်အံ့သြမှင်သက်ကာ ပါးစပ်အဟောင်းသား ဖြစ်သွား၏။

မိစ္ဆာဝိဥာဥ် အသိုက်ထဲသို့ သူ မည်သို့ ရောက်လာရပါသနည်း ။

ထျန်းယွမ်ကမ္ဘာထဲတွင် ဤမျှ များပြားသော မိစ္ဆာဝိဥာဥ်များ ဘယ်က ပေါ်လာကြပါသနည်း ။

သူ ဤနေရာမှ အမြန်ဆုံး ထွက်သွားမှ ဖြစ်ပါမည် ။

သို့မဟုတ်ပါက .. သူ သေဆုံးသွားရနိုင်ပါ၏။

သူ ထို့သို့တွေးကာ မြန်မြန်လှည့်ပြီး ပြေးရန် ပြင်လိုက်သည်။

သို့သော် .. ထိုအချိန်မှာပင် ..

ဝုန်း ..

အစောက သူ ကြေးခွံ အက်သွားအောင် လုပ်ခဲ့သည့် မိစ္ဆာဝိဥာဥ်ကြီးက သူ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာ၏။

၎င်းမှာ ခန္ဓာကိုယ် ကြီးမားလှသည့်တိုင် မယုံနိုင်စရာ ကောင်းလောက်အောင်ပင် လျင်မြန်လှသည်။

" လယ်လိုဖြစ် .... "

ရှန့်ထျန်းလန်တစ်ယောက် အလွန်ကြောက်လန့် သွားပြီး ထွက်ပြေးရန် အသည်းအသန် ကြိုးစားလိုက်သည်။ သို့သော် ထိုစဥ်မှာပင် မိစ္ဆာဝိဥာဥ်ကြီးက သူ့ကို ကိုင်မြှောက်ကာ မြေကြီးနှင့် ရိုက်ချလိုက်၏။

ထို့နောက်တွင်ကား အနီးနားမှ မိစ္ဆာဝိဥာဥ် ၇ ၊ ၈ ကောင်လောက်ကလည်း မြေပြင်တွင် ရှိနေသည့် ရှန့်ထျန်းလန်အား တစ်ပြိုင်နက်တည်း ကန်ကြောက် ၊ ထိုးကြိတ်လိုက်ကြသည်။

သူတို့နားလေးတွင် ဖုန်မှုန့်လုံးကြီး ထလာ၏။

ထိုအချိန် လောထျန်းနားလေးတွင် ရှိနေသည့် ချူကျန့်မှာ ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။

" အဲ့ဒါ .. ဘာတွေလဲ "

သူ့အသံမှာလည်း တုန်ယင်နေ၏။

" အဲ့ဒါ မိစ္ဆာဝိဥာဥ် တွေလေ ။ ဝမ်ဟွန်းကွေ့ယီဂိုဏ်းက သက်ရှိစတ်ဝိဥာဥ်တွေ အများကြီး သုံးပြီး မိစ္ဆာဝိဥာဥ်မျိုးစေ့တွေကို ဖန်တီးခဲ့တာ ။ အဲ့နောက်မှ နဂါးမျိုးနွယ်ရဲ့ အကြွင်းအကျန် စိတ်ဝိဥာဥ်တွေကို သုံးပြီး ခုလို ထိပ်တန်းအဆင့် မိစ္ဆာဝိဥာဥ်တွေ ဖြစ်သွားအောင် လုပ်ခဲ့တာပဲ ။ ဒါပေမယ့် သူတို့က ခြေတစ်လှမ်း နောက်ကျသွားတော့ အားလုံးက ငါ့ရဲ့ သိမ်းသွင်းမှုအာက် ရောက်ပြီး ငါ့ရဲ့ ရုပ်သေးရုပ်လေးတွေ ဖြစ်သွားခဲ့ကြရတယ် "

လောထျန်းက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

" သခင်လေးရဲ့ ရုပ်သေးရုပ်တွေ ... အဲ့လောက် အများကြီး ... အဲ့လောက် အစွမ်းထက် ... "

ချူကျန့်မှာ အံ့သြလွန်း၍ စကားပင် သေချာ မပြောနိုင်ချေ။

ထို မိစ္ဆာဝိဥာဥ်များ အားလုံးကိုသာ လွှတ်လိုက်ပါက ဤထျန်းယွမ်ကမ္ဘာရှိ ဂိုဏ်းများ၏ ၉၀% ကိုပင် အပြောင်ရှင်းပစ်ရန် လုံလောက်ပါသည်။

သူသည် အစပိုင်းတွင် ကျန့်ဟွမ်တောင်၌သာ နေလာခဲ့သည့် သူ့အတွက် ပျောင်ပိုင်မြို့သို့ ပြောင်းလိုက်ခြင်းက အခက်အခဲများဖြင့် ပြည့်နေမည်ဟုသာ ထင်ထားခဲ့၏။

သို့သော် ကြည့်ရသည်မှာ ထိုသို့ ဟုတ်ဟန် မတူပေ ။

ပျောင်ပိုင်မြို့၏ အင်အားက သူတို့ ကျန့်ဟွမ်တောင်ထက်ပင် ပိုအစွမ်းထက်ဟန် ရှိပါသည်။

ထိုစဥ် .. ဟိန်းသံ တစ်ခုကို သူ ရုတ်တရက် ကြားလိုက်ရသည်။

သူ ခေါင်းလှည့်ကြည့်လိုက်ရာ ခပ်လှမ်းလှမ်းရှိ မိစ္ဆာဝိဥာဥ်အုပ်ဆီမှ ဖုန်မှုန့်လုံးကြီးများ တက်လာသည်ကို မြင်လိုက်ရ၏။

" ဟင် .. အဲ့နားမှာ ဘာတွေ ဖြစ်နေတာလဲ "

ချုကျန့် မေးလိုက်သည်။

သူ့ဘေးမှ လောထျန်းလည်း အံ့အားသင့်သွားပြီး ခေါင်းလှည့်ကြည့်၏။

" ဘာမှမဟုတ်လောက်ပါဘူး ။ ကြည့်ရတာ မိစ္ဆာဝိဥာဥ်က သေချာ မရပ်နိုင်ကြလို့ ဖြစ်သွားတာ ထင်တယ် "

ချူကျန့်တစ်ယောက် မျက်နှာကြီး မဲ့သွားသည်။

သေချာ မရပ်နိုင်ကြလို့တဲ့လား ။

ထိုမျှ အဆင့်ရှိသော မိစ္ဆာဝိဥာဥ်များက သေချာ မရပ်နိုင်သည်မှာ ဖြစ်နိုင်ပါရဲ့လား ။

" စောနတုန်းက အဲ့နားလေးကနေ လူသတ်အရိပ်အငွေ့တစ်ခုကို ကျုပ် အာရုံခံမိလိုက်တယ် ။ ဘာမတော်တဆ မှုမျိုးမှ မရှိလောက်ဘူး မဟုတ်လား "

သူ မျက်မှောင်ကြုံ့၍ မေးလိုက်သည်။

လောထျန်းက တအံ့တသြ ပြန်မေး၏။

" လူသတ်အရိပ်အငွေ့ .. ဟုတ်လား "

လောထျန်းက ပြောပြောဆိုဆိုပင် စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်ပြီး ထိုနေရာ အနီးတဝိုက်အား စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူ ခေါင်းယမ်း၍ ပြန်ပြော၏။

" စိတ်မပူပါနဲ့ .. အဲ့နားလေးမှာ ဘာသက်ရှိ အရိပ်အယောင်မှ မတွေ့ဘူး "

" ပြီးတော့ သူတို့ကိုလဲ ငါ သေချာ အမိန့်ပေးထားသေးတယ် ။ ငါ့ဆီက အမိန့်ရမှ ၊ ဒါမှ မဟုတ်ရင်လဲ အတိုက်ခိုက် ခံရမှ ပြန်ပြီး တုန့်ပြန်ရမယ်လို့ ငါ သေချာကို ပြောထားတာ "

" သာမာန်လူတစ်ယောက်က သူတို့ကို ဒီတိုင်းကြီး တိုက်ခိုက်ရဲတဲ့အထိတော့ မတုံးလောက်ပါဘူး ။ အဲ့တော့ ဘာမတော်တဆ မှုမျိုးမှ မရှိနိုင်လောက်ဘူး ၊ စိတ်မပူနဲ့ "

ထိုစကားကို ကြားမှသာ ချူကျန့် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

" တော်သေးတာပေါ့ "

လောထျန်းက ပြုံးလိုက်ပြီး လက်ဖျောက်တစ်ချက်တီး၍ မိစ္ဆာဝိဥာဥ်များအား ဝိဥာဥ်တစ်ရာ ကားချပ်အတွင်း ပြန်ထည့်၏။

ထို့နောက် သူ ရုတ်တရက် ချူကျန့်ဘက်လှည့်ကာ မေးသည်။

" ချူကျန့် ၊ မင်းက ကျန့်ဟွမ်တောင်က ဆိုတော့ ကမ္ဘာပေါ်က မသေမျိုးတွေကို မြင်ဖူးမှာပဲ ။ ငါ့ ရုပ်သေးရုပ်တွေက အဲ့ဒီ ကမ္ဘာပေါ်က မသေမျိုးတွေနဲ့ ယှဥ်ရင် ဘယ်လိုနေမယ်လို့ ထင်လဲ "

ချူကျန့် အံ့အားသင့်သွားပြီး ခေတ္တမျှ စဥ်းစားကာ ပြန်ဖြေသည်။

" ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းနေတော့ အဲ့လို အဆင့်မျိုးက အရာတွေကို သေချာတော့ နားမလည်ဘူးဗျ ။ ဒါပေမယ့် .. ကျုပ် ခန့်မှန်းရရင်တော့ သခင်လေးရဲ့ ရုပ်သေးတွေက သာမာန်မသေမျိုးတွေနဲ့ အေးအေးဆေးဆေး ယှဥ်နိုင်လောက်တယ် ။ ဒါပေမယ့် ကမ္ဘာပေါ်က မသေမျိုးအစစ်တွေနဲ့ ယှဥ်နိုင်ဖို့တော့ မလုံလောက်သေးဘူး "

သူ့စကားကို ကြားသောအခါ လောထျန်း သက်ပြင်းချလိုက်သည်။

" ငါလဲ အဲ့လိုပဲ ထင်တာ .. ။ အင်း ..ဒီတိုင်းဆို အစွမ်းက မလုံလောက်သေးဘူးနဲ့တူတယ် ။ ငါတို့အစွမ်းကို ခုထက် အများကြီး ပိုတိုးအောင် လုပ်မှ ဖြစ်မယ် "

ထိုသို့ ပြောပြီးနောက်တွင်မူ သူ အားလုံးကို လက်ယမ်း၍ အချက်ပြပြီး ခရီးဆက်လိုက်ကြ၏။

သူတို့လူစု ထွက်သွားသည့် နေရာနှင့် ခပ်လှမ်းလှမ်းတွင်ကား ရှန့်ထျန်းလန်၏ အလောင်းက မြေပြင်တွင် ဆန့်ဆန့်ကြီး ကျန်နေရစ်ခဲ့သည်။

သို့သော် .. မိစ္ဆာဝိဥာဥ်များ၏ ရက်ရက်စက်စက် တိုက်ခိုက်မှုကို ခံထားရသည့်အတွက် သူ့မိသားစုကိုယ်တိုင် လာကြည့်လျှင်ပင် သူ့ကို မှတ်မိနိုင်ကြမည် မဟုတ်ပေ ။

All Chapters