အုပ်စုလိုက် ကျင့်ကြံခြင်း
Vol. 26 Ch. 355
ပျောင်ပိုင်မြို့တွင် ..
လောထျန်းတို့လူစု တည်နေရာရွှေ့ပြောင်းခြင်း အစီအမံမှ ထွက်လာသည်နှင့် ပျောင်ပိုင်တစ်မြို့လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
" သခင်လေး .. ဒီတစ်ခေါက် ခရီးကနေ ဘာတွေ ရခဲ့လဲ "
ပထမ အကြီးအကဲက လောထျန်းနားလေးသို့ အရင်ဆုံး ရောက်လာ၏။
" ဒီတစ်ခေါက် အများကြီး ရခဲ့တယ်ဗျ။ ပထမအကြီးအကဲ ၊ အားလုံးကို ကျုပ်ရဲ့ နေအိမ်မှာ စုကြဖို့ အကြောင်းကြားလိုက်ပါဦးဗျာ "
လောထျန်းက ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ သခင်လေး "
ပထမအကြီးအကဲက အမိန့်ရသည်နှင့် ချက်ချင်းပင် ထွက်ခွာသွား၏။
" ကဲ .. သွားကြစို့ "
လောထျန်းက ချူကျန့်ကို ကြည့်ကာ အပြုံးဖြင့် ဆိုလိုက်သည်။
ချူကျန့်မှာ ထိုအချိန်တွင် အံ့သြမှင်သက်လွန်း၍ ခေါင်းများပင် မူးဝေနေပါ၏။
ရှေ့မှ ပျောင်ပိုင်မြို့ကို ကြည့်ရင်းလည်း သူ မယုံနိုင် ဖြစ်နေသည်။
မြောက်ပိုင်းဒေသမှာ အေးပြီး ဘာမှ မရှိသည့် နေရာတစ်ခုဟုသာ အများ ပြောကြသည်ကို သူ ကြားခဲ့ဖူးပါသည်။
ထို့အပြင် ကျင့်ကြံခြင်းအတွက် အရင်းအမြစ်များလည်း ရှားပါးသည်ဟု ပြောကြပါသေး၏။
သို့သော် .. ယခု သူ့ရှေ့မှ မြင်ကွင်းမှာ ထိုစကားများနှင့် လုံးဝ ကွဲပြားနေဟန်ပင် ။
ပျောင်ပိုင်မြို့ထဲမှ စိတ်စွမ်းအင်များ သိပ်သည်းမှုက သူတို့ ကျန့်ဟွမ်တောင်ထက်ပင် ပိုသာလွန်နေပါသေးသည်။
ထို့နောက် သူ လောထျန်း၏ နေအိမ်သို့ ရောက်သည့် အချိန်တွင်လည်း ပို၍ပင် အံ့သြတုန်လှုပ်သွားရပြန်၏။
" ဗောဓိပင်ပါလား ... "
သူ လောထျန်းအိမ်ဝင်းထဲမှ ဗောဓိပင်ကို ကြည့်ကာ တအံ့တသြ ရေရွတ်လိုက်သည်။
" ဘာဖြစ်လို့လဲ သခင်လေး "
ထိုစဥ် အမျိုးသမီးတစ်ယောက်က သူ့ကို ကြည့်ကာ အပြုံးဖြင့် မေးလာ၏။
ချူကျန့်က အမျိုးသမီးကို လှည့်ကြည့်ရင်း တအံ့တသြ မေးလိုက်သည်။
" ဗောဓိပင်ကို ခြံဝင်းထဲမှာ အဲ့လိုကြီး စိုက်ထားတာလား .. "
" ဘာပြဿနာ ရှိလို့လဲ သခင်လေး .. "
အမျိုးသမီးက မေးခွန်းပြန်ထုတ်သည်။
ချူကျန့် မျက်မှောင်ကြုံ့ပြီး ပြန်ပြော၏။
" ဘာပြဿနာ ရှိလို့လဲ .. ဟုတ်လား ၊ ပြဿနာ အကြီးကြီး ရှိတာပေါ့ဗျာ ။ အဲ့လို မြင့်မြတ်တဲ့ သစ်ပင်မျိုးကို တားမြစ်နေရာ တစ်ခုမှာပဲ သေချာ ကိုးကွယ်ပြီး စိုက်ထားသင့်တာ မဟုတ်ဘူးလား "
အမျိုးသမီးက အံ့အားသင့်သွားဟန်ဖြင့် ပြန်မေးသည်။
" ဘာဖြစ်လို့လဲ .. ဘာလို့ တားမြ၀်နေရာမှာ စိုက်ရမှာလဲ "
ချူကျန့်က လျှို့ဝှက်ချက်တစ်ခုကို ပြောတော့မည့်ဟန် ချက်ချင်း ဖြစ်သွားသည်။
" အကြောင်းရင်း နှစ်ခု ရှိတယ်ဗျ ။ ပထမ တစ်ခုက ဗောဓိပင်ကို သေချာ ကြီးထွားလာအောင်လို့ ။ နောက်တစ်ခုက ဗောဓိပင် ထွက်ပြေးသွားမှာ စိုးရိမ်လို့ဗျ ။ ခင်ဗျား မသိသေးလို့ .. ဗောဓိပင်တွေက အင်မတန်မှကို မောက်မာခက်ထန်ကြတယ် ။ ကိုယ့်ဘက်ကသာ သေချာ သတိမထားရင် သူတို့ ပျောက်သွားနိုင်တယ်ဗျ "
သူ့စကားကို ကြားသောအခါ အမျိုးသမီးက တခစ်ခစ်ရယ်ပြီး ပြန်ပြော၏။
" စိတ်မပူပါနဲ့ရှင် ၊ ဒီ ဗောဓိပင်က ဘယ်မှ ထွက်မပြေးပါဘူး "
ချူကျန့် မျက်မှောင်ကြုံ့သွားပြီး ပြောလိုက်သည်။
" ခင်ဗျားက ဘယ်သူလဲ ၊ ဒီဗောဓိပင်က ထွက်မပြေးဘူးဆိုတာ ဘာလို့ အဲ့လောက် သေချာနေရတာလဲ "
အမျိုးသမီးက အပြုံးဖြင့် ပြန်ပြော၏။
" ကျွန်မက ဗောဓိပင်ရဲ့ စိတ်ဝိဥာဥ်ပါရှင် ၊ ကျွန်မ ဘယ်ကိုမှ ထွက်မပြေးပါဘူး "
ချူကျန့် : " ......... "
ထိုစဥ်မှာပင် အမျိုးသမီးက သူမ ဆံပင် လက်တစ်ဆုပ်စာခန့်ကို ဆွဲနှုတ်၍ ချူကျန့်အား ပေးလာသည်။
" ခုက ကျွန်မတို့ချင်း ပထမဆုံး တွေ့ဖူးကြတာဆိုတော့ ဒါတွေကို လက်ဆောင်လို့ သဘောထားပါ ။ နောက်ကျ သေချာ ကျင့်ကြံပြီး ပျောင်ပိုင်မြို့ကြီးအတွက် ကျွန်မတို့ အတူတူ ကြိုးစားအလုပ်လုပ်ကြတာပေါ့ "
အမျိုးသမီး စိတ်ဝိဥာဥ်က အပြုံးဖြင့် ဆိုသည်။
ချူကျန့်မှာ အံ့သြမှင်သက်ပြီး ခေတ္တမျှ စကားမဆိုနိုင် ဖြစ်နေ၏။ ထို့နောက်တွင်မူ အမျိုးသမီး၏ ဆံပင်များက ဗောဓိကိုင်းများနှင့် ဗောဓိရွက်များအဖြစ် ပြောင်းသွားသည်ကို သူ မြင်လိုက်ရသည်။
" ဒါ .... "
ချူကျန့်တစ်ယောက် အံ့သြမှင်သက်သွားရပြန်၏။
ဗောဓိကိုင်း နှင့် ဗောဓိရွက်တို့မှာ ကျုံ့ကျိုးဒေသရှိ မြင့်မြတ်နယ်မြေများတွင်ပင် အလွန်အဖိုးတန်သော ရတနာများ ဖြစ်ပါသည်။
သူငယ််ငယ်က သူ့ဆရာအား ယောင်ချီရေကန်ထဲမှ ဗောဓိရွက်တစ်ခု ယူပေးရန် တောင်းဆိုခဲ့ဖုးသည်မှ လွဲ၍ ထို့နောက်ပိုင်း ဗောဓိရွက် နှင့် ဗောဓိကိုင်းများကို ထပ်မတွေ့ခဲ့ရပါ။
သို့သော် ယခု ပျောင်ပိုင်မြို့သို့ ရောက်ရောက်ချင်းမှာပင် ဗောဓိရွက်နှင့် ဗောဓိကိုင်း များစွာကို လက်ခံရခဲ့သတဲ့လား ။
" ကျေးဇူးတင်ပါတယ် သခင်မကြီး "
ချူကျန့် ချက်ချင်း ဦးညွှတ် အရိုအသေ ပေးလိုက်သည်။
ထို့နောက်တွင်မူ ဗောဓိစိတ်ဝိဥာဥ်က ပျောက်ကွယ်သွား၏။
ဤသို့ဖြင့် မကြာခင်မှာပင် လောထျန်း၏ နေအိမ်ရှေ့၌ လူများစွာ စုဝေး ရောက်ရှိလာကြသည်။
" သခင်လေး ၊ မြို့ထဲက လူတွေအားလုံး ရောက်နေကြပြီ ။ သခင်လေး ဘာတွေများ ညွှန်ကြားချက် ပေးချင်လဲ "
ပထမအကြီးအကဲက ပြောသည်။
လောထျန်းက ခေါင်းညိတ်ပြီး စကားစ၏။
" ကျုပ် ဒီ ခရီးကနေ အဖိုးတန် ရတနာတစ်ခု ရခဲ့တယ် ။ ဒီရတနာက အားလုံးရဲ့ ကျင့်ကြံခြင်းအတွက် ကူညီပေးနိုင်လိမ့်မယ် "
" ရတနာ .. ဘယ်လို ရတနာလဲဗျ "
အားလုံး စိတ်ဝင်တစား ဖြစ်သွားကြသည်။
လောထျန်းက လက်တစ်ချက် ယမ်းလိုက်ရာ ...
ဝီ ..
အချိန်နှင့်နေရာ ဗိမာန် ပေါ်လာပြီး ကောင်းကင်ယံအထက် မြင့်တက်လာသည်။
တခဏအတွင်းမှာပင် မသေမျိုး အရောင်အဝါတစ်ခုကလည်း အရပ်လေးမျက်နှာသို့ လွင့်ပျံ့လာ၏။
" ဒါ မှော်လက်နက် တစ်ခုလား .. "
" အရောင်အဝါက အစွမ်းထက်လိုက်တာ .. ဆူမီတောင်နဲ့တောင် တူသလိုပဲနော် .. "
" သခင်လေး ... အဲ့ဒါကို ဘယ်လို သုံးရတာလဲဗျ "
အားလုံး တစ်ယောက်တစ်ပေါက် မေးလိုက်ကြသည်။
ချူကျန့်သည်ပင် ၎င်းကို ကြည့်ကာ စိတ်ဝင်စားနေပါ၏။
လောထျန်းက အပြုံးဖြင့် ပြန်ပြောသည်။
" ဒါကို အချိန်နဲ့နေရာ ဗိမာန်လို့ ခေါ်တယ် ။ ဒီဟာက အချိန်သွားနှုန်းကို ပြောင်းလဲပစ်နိုင်တယ် ။ အတိုချုံ့ပြီး ပြောရရင်တော့ ဒီထဲမှာ တစ်နှစ်လောက် ကျင့်ကြံတာက အပြင်မှာ နာရီပိုင်းလောက်ပဲ ကြာနိုင်မှာ "
" ဘယ်လို .. တကယ်ကြီးလား .. "
" ဒါ .. ဘယ်လို ရတနာမျိုးလဲ .. "
" အချိန်ရဲ့ စည်းမျဥ်းကို တကယ်ကြီး ပြောင်းလဲပစ်နိုင်တာလား ။ တကယ်ကြီးလား .. "
အားလုံး အံ့သြတုန်လှုပ်ကုန်ကြသည်။
ချူကျန့်မှာလည်း မျက်လုံး ပြူးနေ၏။
အချိန်စည်းမျဥ်းကို ပြောင်းလဲနိုင်သတဲ့လား ...
ထိုသို့သော အရာမျိုးမှာ ကျုံ့ကျိုးမှ မြင့်မြတ်နယ်မြေများတွင်ပင် မရှိပေ .. ။
ဤကမ္ဘာကြီးတွင် ထိုသို့သော အရာမျိုး အမှန်တကယ် ရှိပါသည်လား ။
" သခင်လေး ၊ ဒီဟာက အချိန်ကို ဘယ်လောက်ကြာကြာ ဆွဲဆန့်နိုင်တာလဲ "
ပထမ အကြီးအကဲက မေးလာသည်။
လောထျန်းက ခေါင်းယမ်းပြီး ပြန်ပြော၏။
" ကျုပ်လဲ မသိဘူးဗျ ။ အမှန်တိုင်း ပြောရရင် ကျုပ်လဲ ဒါကို တစ်ခါမှ မသုံးဖူးသေးဘူး ။ ကျုပ် အားလုံးကို ခေါ်လိုက်ရတဲ့ အကြောင်းရင်းကလဲ ဒီကိစ္စကြောင့်ပဲ "
ထို့နောက် သူ အားလုံးကို တစ်ချက်ဝေ့ကြည့်ကာ စကားဆက်သည်။
" အားလုံး နားထောင်ကြပါ ။ ကျုပ်တို့ ထျန်းယွမ်ကမ္ဘာကြီးက သိပ်မကြာခင် ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုနဲ့ ကြုံရလိမ့်မယ် ။ ကျုပ်တို့ ပျောင်ပိုင်မြို့ကလဲ ဒီကိစ္စမှာ ဝင်ပါရမှာပဲ "
" အဲ့ကျရင် ရင်ဆိုင်ရမယ့် ရန်သူတွေက ခု ထျန်းယွမ်ကမ္ဘာက လူတွေထက် အများကြီး ပိုအစွမ်းထက်ကြတယ် ။ အဲ့တော့ ဒီ ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုနဲ့ ရင်ဆိုင်နိုင်ဖို့ဆိုရင် ကျုပ်တို့တွေ အစွမ်းထက်အောင် အသင့်ပြင်ထားကြရမယ်ဗျ "
ထို့နောက် လောထျန်းက ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခု အကြောင်းနှင့် ပတ်သက်၍ သူသိသမျှ လုံးဝ မကွယ်ဝှက်ဘဲ ပြောပြလိုက်သည်။
ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုမှ ရန်သူများက မည်မျှ အစွမ်းထက်ကြသည်ကိုပါ သူ သေချာ ပြောပြလိုက်၏။
သူ့စကားကို နားထောင်ပြီးနောက် အားလုံး တိတ်သွားကြသည်။
မကြာသေးခင်က ပျောင်ပိုင်မြို့တွင် အရင်းအမြစ်များ အလွန်ပေါများလာချိန်မှစ၍ သူတို့အားလုံး အစွမ်းများ အလွန်တိုးလာခဲ့ကြပါ၏။
ယခုဆိုလျှင် သူတို့က ဖုန့်လင်းဒေသ၌ အစွမ်းအထက်ဆုံး အဖွဲ့တစ်ခုပင် ဖြစ်နေလေပြီ ။
မြောက်ပိုင်းဒေသ တစ်ခုလုံးနှင့် ယှဥ်ကြည့်ပါကလည်း.. လောထျန်းကို ခဏဖယ်ထားလိုက်လျှင်ပင် သူတို့ ပျောင်ပိုင်မြို့က ထိပ်ဆုံး အဖွဲ့စာရင်းထဲ ပါနေပြီ ဖြစ်သည်။
ထို့ကြောင့်လည်း ပျောင်ပိုင်မြို့မှ လူများက အနည်းငယ် မောက်မာလာခဲ့ကြပါ၏။ သူတို့မြို့က မြင့်မြတ်နယ်တစ်ခု ဖြစ်လာမည်ဟု တွေးထင်ကာ အပူပင်မဲ့ နေရလိမ့်မည်ဟုလည်း မှတ်ယူထားခဲ့ကြသည်။
သို့သော် လောထျန်း၏ စကားများကို နားထောင်ပြီး နောက်တွင်ကား .. သူတို့ အမြင်ကျဥ်းသွားခဲ့ပြီဖြစ်ကြောင်း အားလုံး သိလိုက်ကြတော့၏။
" ကျုပ်က ဒီ ကောင်းကင်ဘုံပျက်စီးခြင်း ၉ ခုကြောင့် ပျောင်ပိုင်မြို့ကို မထိခိုက်စေချင်သလို မြို့သူမြို့သား တစ်ယောက်ကိုမှလဲ မသေစေချင်ဘူး ။ ဒါပေမယ့် ဒါတွေကို ကျုပ်တစ်ယောက်တည်းတော့ ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူးဗျ "
" ဒီတော့ အားလုံးရဲ့ အစွမ်း တိုးတက်လာကြဖို့ လိုတယ် ။ ဒါ့ကြောင့်မို့ ကျုပ်က ဒီ အချိန်နဲ့နေရာ ဗိမာန်ကို ဖွင့်ပြီး အားလုံးကို ကျင့်ကြံခိုင်းမယ်လို့ တွေးထားတယ် "
" ဒါပေမယ့် ကျုပ် အတင်းကြီးတော့ ဖိအားမပေးပါဘူး ။ အထဲဝင်ပြီး ကျင့်ကြံမယ် ၊ မကျင့်ကြံဘူး ဆိုတာက ကိုယ့်ဆုံးဖြတ်ချက် အပေါ်ဘဲ မူတည်တယ် "
လောထျန်း၏ စကားဆုံးသည်နှင့် အားလုံး စိတ်လှုပ်ရှားသွားကြသည်။
" သခင်လေး ၊ ကျုပ်တို့ အထဲဝင်ပြီး ကျင့်ကြံမယ်ဗျာ '
" ဟုတ်တယ် ၊ ကျုပ်တို့ သခင်လေးကိုပဲ အမြဲအားကိုးနေလို့ မဖြစ်ဘူးလေ ။ သခင်လေး သယ်ထားရတဲ့ တာဝန်တွေကို ကျုပ်တို့လဲ ခွဲဝေယူမှ ဖြစ်မှာ "
" အမှန်ပဲ သခင်လေး ။ ကျုပ်လဲ ဗိမာန်ထဲ ဝင်ပြီး ကျင့်ကြံမယ်ဗျာ ။ ကျုပ်ရဲ့ ကျင့်ကြံခြင်း အဆင့်ကြီး ၃ ခု မတက်မချင်း ပြန်မထွက်ဘူး "
" ဟုတ်တယ်၊ ကျုပ်တို့တွေ ပိုအစွမ်းထက်လာဖို့ လိုတယ် ။ အချိန်ကျလို့ ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုလာရင် အားလုံးကို အပြောင်ရှင်းပစ်ကြမယ်ဗျာ "
အားလုံး စိတ်လှုပ်ရှားစွာ အော်ပြောလာကြသည်။
ချူကျန့်မှာလည်း အားလုံးကို ကြည့်ကာ အနည်းငယ် ဝမ်းသာ ဝမ်းနည်း ခံစားလိုက်ရသည်။
ဤ ပျောင်ပိုင်မြို့က သူတို့ ကျန့်ဟွမ်တောင်ထက်ပင် ပိုစည်းလုံးပြီး စိတ်အားထက်သန်မှုလည်း ပိုရှိကြပါသည်။
သူ ပျောင်ပိုင်မြို့သို့ လာရန် ရွေးချယ်လိုက်ခြင်းက မှန်ကန်သည့် ဆုံးဖြတ်ချက်ပင် ။
ထိုစဥ် လောထျန်းက အပြုံးဖြင့် ပြန်ပြော၏။
" ကောင်းတယ်ဗျာ ။ ဒါဆို အားလုံး ခဏစောင့်ကြပါ ၊ ကျုပ် အချိန်နဲ့နေရာ ဗိမာန်ကို ဖွင့်လိုက်မယ် "
သူက ပြောပြောဆိုဆိုပင် လက်ဖျောက်တစ်ချက် တီးလိုက်သည်။
ဝုန်း ..
သူ့အနောက်ဘက်တွင် အသွင်ပြောင်းထားသော သဘာဝ စိတ်စွမ်းအင်သွေးကြော ချက်ချင်း ပေါ်လာ၏။
" ဒီအတောအတွင်းမှာ အများကြီး ကြိုးစားပြီး ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ။ အခု ဒီဟာထဲကို စိတ်စွမ်းအင်တွေ ပို့လွှတ်ပြီး ဗိမာန် ပွင့်လာအောင် ကူညီပေးပါဦး "
လောထျန်းက စိတ်စွမ်းအင်သွေးကြောကို ကြည့်ကာ ဆိုလိုက်သည်။
သဘာဝ စိတ်စွမ်းအင်သွေးကြောကလည်း ခေါင်းညိတ်ပြီး ပါးစပ်ကြီးဟ၍ လေများ မှုတ်ထုတ်လိူက်၏။
ဝုန်း ..
တခဏချင်းမှာပင် အသန့်စင်ဆုံးသော စိတ်စွမ်းအင်များ အချိန်နဲ့နေရာ ဗိမာန်ထဲသို့ စီးဝင်သွားတော့သည်။
အချိန်နှင့်နေရာ ဗိမာန်ဆီမှ မသေမျိုး အလင်းတန်းများလည်း ချက်ချင်း လင်းလက်လာ၏။
၎င်းကို မြင်သောအခါ လောထျန်းက အားလုံးဘက်လှည့်၍ ပြောလိုက်သည်။
" ကဲ .. ကျင့်ကြံချင်တဲ့သူတွေ အချိန်နဲ့နေရာ ဗိမာန်ထဲကို အခု ဝင်လို့ ရပါပြီ "
" ဟုတ်ကဲ့ပါ သခင်လေး "
အားလုံး ဝမ်းသာအားရ အော်ကာ အချိန်နှင့်နေရာ ဗိမာန်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြတော့သည်။