← Chapters

မြင့်မြတ်နယ်မြေများ၏ တုန့်ပြန်မှု

Vol. 26 Ch. 356

မြင့်မြတ်နယ်မြေများ၏ တုန့်ပြန်မှု

Vol. 26 Ch. 356

ပျောင်ပိုင်မြို့မှ လူများအားလုံး ကျင့်ကြံနေကြစဥ်တွင် ကျုံ့ကျိုးနှင့် တောင်ပိုင်းဒေသရှိ အဓိက အဖွဲ့ကြီးများ၌ အပြောင်းအလဲများ ဖြစ်နေပါ၏။

ကျုံ့ကျိုးဒေသ ၊ ကျန့်ဟွမ်တောင်၌ ...

အဓိက ခန်းမဆောင်ကြီးထဲတွင် စွေ့ကြွယ်တစ်ယောက် ဒူးတစ်ဖက် ထောက်နေပြီး နဖူးတွင်လည်း ဇောချွေးများ ပြန်နေသည်။

သူ့ရှေ့တွင်ကား ကျန့်ဟွမ်တောင်မှ မြောက်များစွာသော အကြီးအကဲများက သူ့အား ဒေါသတကြီး ကြည့်နေကြ၏။

" စွေ့ကြွယ် ၊ ချူကျန့်က ပျောင်ပိုင်မြို့အဖွဲ့ထဲ ဝင်သွားတယ် ဟုတ်လား ၊ ဒါ ဘာအဓိပ္ပါယ်လဲ "

အကြီးအကဲတစ်ယာက်က စွေ့ကြွယ်ကို ကြည့်ကာ ဒေါသတကြီး အော်လိုက်သည်။

" ဒါ ချူကျန့်ကိုယ်တိုင် ပြောသွားတဲ့စကားပါ အကြီးအကဲ ။ သူက ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုနဲ့ ရင်ဆိုင်တိုက်ခိုက်ချင်တယ်တဲ့ .. အဲ့ဒါကြောင့်မို့ ... '

စွေ့ကြွယ်က အသံတိုးတိုးဖြင့် ပြန်ပြော၏။

သို့သော် သူ့စကား မဆုံးခင်မှာပင် ..

" အဓိပ္ပါယ် မရှိတာတွေ "

ပိန်ပိန်ပါးပါး အဘိုးအိုတစ်ယောက်က ဒေါသတကြီး အော်ပြီး ရုတ်တရက် ထရပ်သည်။

" သူက အခုမှ ဘာမှ မသိသေးတဲ့  ကလေးဘဲ ရှိသေးတယ်လေ ။ အဲ့လို အဓိပ္ပါယ်မရှိတဲ့ စကားမျိုး လျှောက်ပြောတာ မဆန်းဘူး ။ ဒါကို မင်းက ဒီတိုင်း လွတ်ပေးလိုက်တာလား ။ ချူကျန့်က ဘယ်သူလဲ ဆိုတာကိုရော မင်း သိရဲ့လား ။ သူက ငါတို့ ကျန့်ဟွမ်တောင်မှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပါရမီ အထူးချွန်ဆုံးသူ တစ်ယောက်ပဲကွ ။ သူက နောက်ကျရင် ကျန့်ဟွမ်တောင်ရဲ့ ဧကရာဇ်ကြီး တစ်ပါး ဖြစ်လာနိုင်တဲ့သူပဲ "

" တကယ်လို့ သူက ထွက်သွားချင်တယ် ပြောလာရင်တောင် မင်းက သူ့ကို သတိမေ့သွားအောင် လုပ်ပြီး ငါတို့ဆီ ပြန်ပို့လိုက်ရမှာလေ ။ ပြီးတော့ မင်းရှေ့မှာတင် ငါတို့လူကို ဆွဲထုတ်ဖို့ ကြိုးစားခဲ့တဲ့ ပျောင်ပိုင်မြို့က လူတွေကိုရော မင်း ဘာလို့ မသတ်လိုက်ရတာလဲ ။ အဲ့လို သတ်လိုက်မှ ငါတို့ရဲ့ အာဏာကို ပြပြီးသွား ဖြစ်သွားမှာပေါ့ "

ထိုအဘိုးအို၏ စကားဆုံးသည်နှင့် ကျန်အကြီးအကဲများကလည်း ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။

သူတို့အမြင်တွင်လည်း မြောက်ပိုင်းဒေသမှ ဘာမဟုတ်သည့် အဖွဲ့တစ်ခုအား တစ်ချက်တည်းဖြင့် မဖျက်ဆီးနိုင်စရာ အကြောင်းမရှိဟု ထင်နေကြသည်။

စွေ့ကြွယ်က အောင့်သက်သက်ပြုံး၍ ပြန်ပြော၏။

"  ကျုပ်လဲ အဲ့လိုပဲ လုပ်ချင်ခဲ့တာပါ အကြီးအကဲ ။ ဒါပေမယ့် သူတို့ဘက်မှာ နဂါးအသွင်ပြောင်းနိုင်ကြတဲ့ သားရဲသုံးယောက် ပါလာတယ်ဗျ ။ သူတို့ထဲက တစ်ယောက်ဆိုရင် ထျန်းကူဟုန် မိသားစုက ဟုန်ဝေ့ကိုတောင် သတ်ခဲ့တာ "

ထိုစကားကို ကြားသည်နှင့် ခန်းမဆောင်တစ်ခုလုံး ရုတ်ချည်း တိတ်သွားသည်။

" ထျန်းကူဟုန် မိသားစု .. ဟုတ်လား ။ ပျောင်ပိုင်မြို့က လူတွေက ထျန်းကူဟုန် မိသားစုက လူတစ်ယောက်ကို တကယ်ကြီး သတ်ခဲ့တယ်လို့ ပြောနေတာလား "

ခန်းမ ထောင့်တစ်ခုနားမှ တစ်ချိန်လုံး တိတ်နေခဲ့သော အဘိုးအိုတစ်ယောက်က ရုတ်တရက် မေးလာသည်။

ထိုသူကို မြင်လိုက်သည်နှင့် စွေ့ကြွယ်၏ မျက်လုံးထဲတွင် ကြောက်ရွံ့နေသည့် အရိပ်အယောင်အချို့ ပေါ်လာပြီး တလေးတစား ပြန်ပြော၏။

" မှန်ပါတယ် ။ ဒါတောင် သူတို့က သားရဲတစ်ယောက်တည်း သုံးပြီး တိုက်ခိုက်ခဲ့တာ ။ ဒါ့ကြောင့်မို့ ကျုပ် အဲ့သားရဲ သုံးယောက်နဲ့ မယှဥ်နိုင်ဘူးလို့ တွေးပြီး မတိုက်ခိုက်ခဲ့တာပါ "

အဘိုးအိုက ခေါင်းညိတ်သည်။

" ငါ သဘောပေါက်ပြီ "

အခြားသူများကလည်း သူ့ကိုကြည့်ကာ တလေးတစား ပြောလာ၏။

" အကြီးအကဲ ဟော် ၊ ဓားဧကရာဇ်ကြီးက တစ်ကိုယ်တည်း ကျင့်ကြံနေတာဆိုတော့ လက်ရှိ ကျန့်ဟွမ်တောင်မှာ သခင်ကြီးက သြဇာအကြီးဆုံးပဲလေ ။ ကျုပ်တို့ လူလွှတ်ပြီးတော့ ပျောင်ပိုင်မြို့ကို ဖျက်ဆီးပြီး ချူကျန့်ကို ပြန်ခေါ်လာ ခိုင်းလိုက်ရမလား "

အားလုံးက အဘိုးအိုအား သေချာ ကြည့်လိုက်ကြသည်။

သို့သော် အဘိုးအိုက လက်ကာပြ၍ ​ပြန်ပြော၏။

" အဲ့လို လုပ်ဖို့ မလိုဘူး "

မျှော်လင့်မထားသော စကားကြောင့် ကျန်အကြီးအကဲများ အံ့သြမှင်သက်သွားကြသည်။

ခပ်ဝဝနှင့် အကြီးအကဲတစ်ယောက်က ချက်ချင်း ပြန်မေး၏။

" အကြီးအကဲဟော် ၊ အဲ့ဒါ ဘယ်လို သဘောလဲဗျ ။ ချူကျန့်ကို ဒီတိုင်း လွှတ်ထားလိုက်တော့မှာလား "

အကြီးအကဲဟော်က ခေါင်းယမ်းပြီး ပြန်ပြောသည်။

" ဒီတိုင်း လွှတ်ထားလိုက်တာ မဟုတ်ဘူး ။ ဒီကိစ္စက ကျုပ်တို့ ထိန်းချုပ်နိုင်တဲ့ အစွမ်းထက် ပိုသွားပြီ "

" အဓိပ္ပါယ်က ... "

တစ်ယောက်က နားမလည်နိုင်ဟန်ဖြင့် စကားစသည်။

အကြီးအကဲဟော်က သက်ပြင်းချကာ ဆက်ပြော၏။

" ပျောင်ပိုင်မြို့ဆိုတာ အဖွဲ့သေးသေးလေး တစ်ခုမို့ ဘာမှ စိတ်ပူစရာမရှိဘူး ။ ဒါပေမယ့် ဒီကိစ္စမှာ ထျန်းကူဟုန် မိသားစုလဲ ဝင်ပတ်သက်နေတာ ဆိုတော့ ကျုပ်တို့တွေ သတိထားပြီး ကိုင်တွယ်မှ ဖြစ်မယ် "

" ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုက ရောက်လာဖို့ သိပ်မလိုတော့ဘူးဆိုတာ မမေ့ကြနဲ့လေ ။ ပြီးတော့ ရောက်လာရင်လဲ ထျန်းကူဟုန် မိသားစုက မုန်တိုင်းတွေရဲ့ အလယ်မှာ ဖြစ်နေမှာဗျ ။ အဲ့တော့ ချူကျန့် တစ်ယောက်တည်း အတွက်နဲ့ ကျုပ်တို့ ဒီကိစ္စမှာ ဝင်ပါဖို့ မသင့်ဘူး "

သူ့စကား ဆုံးသည်နှင့် အားလုံး အသံတိတ်သွားကြသည်။

အချိန် အတန်ကြာသွားပြီး နောက်မှသာ ခန်းမအလယ်မှ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ရုတ်တရက် ပြောလာ၏။

" အကြီးအကဲဟော် ၊ ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုက အဲ့လောက် ကြောက်စရာ ကောင်းတာလားဗျ "

ခန်းမထဲမှ လူများအားလုံးက သူ့အား ထူးဆန်းသော အကြည့်ဖြင့် လှည့်ကြည့်လာကြ၏။

အကြီးအကဲဟော်က သက်ပြင်းချ၍ ပြန်ပြောသည်။

" မင်းက ငါတို့ထဲမှာ အငယ်ဆုံး ဖြစ်ပြီးတော့ ၈ ခုမြှောက် ကောင်းကင်ဘုံ ပျက်စီးခြင်းကိုပဲ ကြုံဖူးတာမို့ မင်း နားမလည်တာ မဆန်းဘူး ။  ကောင်းကင်ဘုံ ပျက်စီးခြင်းရဲ့ အပေါ်ပိုင်း ကမ္ဘာသုံးခုသာ ရောက်လာလို့ကတော့ ​ကောင်းကင်ဘုံ တံခါးဝ အဆင့်ရှိတဲ့ မင်း မပြောနဲ့ ၊ ကမ္ဘာပေါ်က မသေမျိုးတွေတောင် အချိန်မရွေး သေသွားနိုင်တယ်ကွ "

ကမ္ဘာပေါ်မှ မသေမျိုးသည်ပင် သေသွားနိုင်သတဲ့လား ..

သက်လတ်ပိုင်းအရွယ် လူကြီး၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။

သူ့စိတ်ထဲတွင် ကမ္ဘာပေါ်မှ မသေမျိုးများအား ပြိုင်ဘက်ကင်းသည့် အစွမ်းထက် ကျင့်ကြံသူကြီးများအဖြစ်သာ မှတ်ယူထားခဲ့ပါသည်။

သို့သော် .. ထိုသို့သော အစွမ်းထက် ကျင့်ကြံသူကြီးများပင်လျှင် ကောင်းကင်ဘုံ ပျက်စီးခြင်း အပေါ်ကမ္ဘာ သုံးခုနှင့် မယှဥ်နိုင်ဘူးတဲ့လား ။ 

ထိုစဥ် အကြီးအကဲဟော်က ရုပ်တရက် ထရပ်ပြီး ပြောလာ၏။

" ဓားဧကရာဇ်ကြီးက အမိန့်တစ်ခု ထုတ်ထားတယ် ။ ခုချိန်ကစပြီး ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခု ပြီးသွားတဲ့အထိ ကျန့်ဟွမ်တောင်ကို ပိတ်ထားမယ်တဲ့ ။ အားလုံးပြီးသွားတော့မှ ပျောင်ပိုင်မြို့ကို ဖျက်ဆီးလဲ နောက်မကျသေးပါဘူး "

" ချူကျန့်နဲ့ ပတ်သက်လို့ကတော့ ... အဲ့ မောက်မာတဲ့ ကလေးက သေချင်နေတယ် ဆိုရင် ကျုပ်တို့ဘက်ကလဲ တားနေဖို့ မလိုတော့ဘူး "

သူက ထိုသို့ ပြောပြီးသည်နှင့် နောက်လှည့်၍ ထွက်ခွာသွားလိုက်သည်။

အခန်းထဲတွင် ရှိနေသူများ အားလုံးကလည်း မတ်တပ်ရပ်၍ သူ့အား နှုတ်ဆက်လိုက်ကြ၏။

တောင်ပိုင်းဒေသ ၊ ထျန်းကူဟုန် မိသားစု၌ ..

" ဘာပြောတယ် ၊ လောထျန်းဆိုတဲ့ကောင်က တကယ်ကြီး အဲ့လို ပြောခဲ့တာလား "

ထျန်းကူဟုန် မိသားစု၏ အကြီးအကဲတစ်ယောက်က လူသတ်အရိပ်အငွေ့တို့ ပြည့်နေသော မျက်နှာဖြင့် ဒေါသတကြီး အော်လိုက်သည်။

ဟုန်ဝေ့ သေဆုံးသွားရသည့် သတင်းကို သူ့မိသားစု၏ အဖွဲ့ဝင်များထံမှ ကြားခဲ့ရလေပြီ။

" ဟုတ်ပါတယ် အကြီးအကဲ ။ ကျုပ် ပြောသွားတဲ့ စကားတိုင်းက အမှန်တွေပါ "

မိသားစုဝင်တစ်ယောက်က အသံတုန်တုန်ဖြင့် ပြန်ပြောသည်။

သူ့စကားကို ကြားသည်နှင့် အကြီးအကဲ၏ မျက်လုံးများ ရဲရဲနီသွား၏။ ထို့နောက် သူ အသံကျယ်ကြီးဖြင့် အော်လိုက်သည်။

" လာကြဦးဟေ့ ၊ အခုချက်ချင်း ရှေးဟောင်း အစောင့်အဖွဲ့က လူ ၃ ထောင်ကို စုလိုက် ။ ငါ မြောက်ပိုင်းဒေသ တစ်ခုလုံးကို အပြောင်ရှင်းချင်တယ် "

ထိုစကားကို ကြားသည်နှင့် အားလုံး အံ့သြတုန်လှုပ်ကုန်ကြ၏။

သူတို့၏ အကြီးအကဲက မြောက်ပိုင်းဒေသ တစ်ခုလုံးကို သတ်ပစ်ချင်သတဲ့လား ။

" အကြီးအကဲ ၊ အဲ့လို လုပ်လို့ မဖြစ်ဘူးနော် "

ထိုစဥ် ဘေးနားတွင် ရှိနေသူတစ်ယောက်က ရုတ်တရက် အကြံပေးစကား ဆိုလာသည်။

" အကြီးအကဲ မေ့သွားပြီလားဗျ ။ လွန်ခဲ့တဲ့ သုံးရက်က ကျုပ်တို့တွေ မြို့သုံးမြို့ကို အပြောင်ရှင်းခဲ့တုန်းက သွမ့်ချမ်ချိုးကို ဒေါသထွက်အောင် လုပ်သလို ဖြစ်သွားခဲ့တယ်လေ ။ သူက ကျုပ်တို့ ဟုန်မိသားစုက လူတွေ တောင်ပိုင်းဒေသ အပြင်ကို ခြေချတာနဲ့ အားလုံးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတာဗျ "

" အခု အကြီးအကဲ ကသာ မြောက်ပိုင်းဒေသ တစ်ခုလုံးကို ရှင်းဖို့ ခြေလှမ်းကြီးကြီး လှမ်းလိုက်ရင် ဟို အရူးကြီး သိသွားနိုင်တယ် ။ အဲ့ကျ ကိုယ့်ကိုကိုယ် သေကြောင်းကြံသလို ဖြစ်မသွားနိုင်ဘူးလားဗျာ "

ဘေးမှလူက တီးတိုးပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ အကြီးအကဲ နှုတ်ခမ်းမဲ့သွားပြီး လှောင်ပြုံးဖြင့် ပြန်ပြော၏။

" သွမ့်ချမ်ချိုးက အဲ့လို ခြိမ်းခြောက်တော့ရော .. ဘာအရေးလဲ ။ ငါတို့ ထျန်းကူဟုန် မိသားစုက သူ့ကို ကြောက်ရမှာလား "

သူက ထိုသို့သာ ခပ်တင်းတင်း ပြောလိုက်သည့်တိုင် သူ့အသံထဲတွင် ကြောက်ရွံ့မှု အရိပ်အငွေ့ တစ်စွန်းတစ ပါဝင်နေသည်ကို အားလုံး ရိပ်မိလိုက်ကြသည်။

သွမ့်ချမ်ချိုးသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး  ဓားသမားတစ်ယောက် ဖြစ်ပြီး ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်လည်း ဖြစ်ရာ သူတို့ အကြီးအကဲက ထိုသို့ ကြောက်စိတ် ဖြစ်နေသည်မှာ မဆန်းပါချေ ။

ထို့ထက်ပို အရေးကြီးသည်မှာ ထို သွမ့်ချမ်ချိုးက တစ်ကိုယ်တော် သိုင်းသမားတစ်ယောက် ဖြစ်ပြီး မိတ်ဆွေ ၊ မိသားစုလည်း မရှိသဖြင့် သူ့ကို လက်တုန့်ပြန် ချောက်ချရန် ခက်ခဲခြင်းပင် ။

ယခင် .. မဟာအလင်းတန်းဂိုဏ်းက ကျုံ့ကျိုးဒေသ၌ အင်အားတိုးချဲ့ရန် ကြိုးစားခဲ့စဥ်တွင်ပင် သွမ့်ချမ်ချိုးကို ဒေါသထွက်အောင် လုပ်လိုက်သလို ဖြစ်သွားခဲ့ပြီး သူက ကျုံ့ကျိုးဒေသရှိ မဟာအလင်းတန်းဂိုဏ်းမှ အဖွဲ့များအားလုံးကို သတ်ပစ်ခဲ့သေးပါ၏။

သူက တောင်ပိုင်းဒေသရှိ မဟာအလင်းတန်းဂိုဏ်း၏ ဌာနချုပ်ကိုပင် ဖျက်ဆီးရန် ကြိုးစားခဲ့သေးသည်။

နောက်ဆုံးတွင်မူ မဟာအလင်းတန်းဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးကိုယ်တိုင် သူနှင့် ရက်တစ်ထောင်ကျော်ကြာ တိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲက မကျေမလည် ပြီးသွားခဲ့သည်။

ထို့နောက်တွင်ကား မဟာအလင်းတန်းဂိုဏ်းဘက်မှ ကျုံ့ကျိုးဒေသတွင် ဝင်ရောက်စွက်ဖက်ခြင်းများ သိပ်မရှိတော့ပေ ။ သူတို့ဘက်မှ ကျုံ့ကျိုးသို့ အလုပ်ကိစ္စဖြင့် တစ်ခါတစ်ရံ လူများ စေလွှတ်တတ်သည့်တိုင် ယခင်လို ပေါ်ပေါ်ထင်ထင် မမောက်မာရဲတော့ဘဲ လျှို့ဝှက် တိတ်တဆိတ်သာ သွားကြပါတော့သည်။

ဟုန်မိသားစု၏ အကြီးအကဲတစ်ယောက်သာ ဖြစ်သောသူက ထိုသို့သော လူမျိုးကို မည်သို့ ရန်စရဲပါမည်နည်း။

" အကြီးအကဲ ၊ ကောင်းကင်ဘုံ ပျက်စီးခြင်း ၃ ခု ရောက်လာရင် ကျုပ်တို့ ထျန်းကူဟုန် မိသားစုက ထျန်းယွမ်ကမ္ဘာကြီးရဲ့ အရှင်သခင်တွေ ဖြစ်လာလိမ့်မယ်လို့ ဘိုးဘေးက ပြောထားသေးတယ်လေ ။ အဲ့ကျရင် ပျောင်ပိုင်မြို့ကို ဖျက်ဆီးဖို့လဲ ပိုလွယ်သွားမှာပဲ ။ အဲ့တော့ ဘာလို့ လောနေဦးမှာလဲဗျာ "

ဟုန်မိသားစုဝင်က သတိကြီးစွာထား၍ နားချလိုက်သည်။

အကြီးအကဲက မျက်လုံးမှိတ်၍ ခေတ္တမျှ စဥ်းစားနေပြီးမှသာ ပြော၏။

" ​ကောင်းပြီလေ ၊ ဒါဆို မင်းပြောသလိုပဲ လုပ်ပြီး ပျောင်ပိုင်မြို့ကို ခဏ လွှတ်ထားလိုက်ကြတာပေါ့ ။ ဒါပေမယ့် ကောင်းကင်ဘုံ ပျက်စီးခြင်း ၃ ခု ကျလာပြီး သခင်ကြီး ရောက်လာရင်တော့ မြောက်ပိုင်းဒေသ တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်။ လောထျန်းဆိုတဲ့ မျိုးမစစ်ကောင်ကိုလဲ အပိုင်းပိုင်း ဖြစ်သွားအောင် လုပ်ပစ်မယ် "

All Chapters