← Chapters

သံသယများ

Vol. 26 Ch. 357

သံသယများ

Vol. 26 Ch. 357

တောင်ပိုင်းဒေသ ၊ မဟာအလင်းတန်းဂိုဏ်း၌ ..

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ ဆိုးရွားတဲ့ ကိစ္စတစ်ခုတော့ ဖြစ်သွားခဲ့ပြီ ။ သခင်ကြီး ထျန်းလန် ရဲ့ စိတ်ဝိဥာဥ် ကျောက်ပြား ကျိုးသွားပြီဗျ "

မဟာအလင်းတန်းဂိုဏ်းမှ တပည့်တစ်ယောက်က ခန်းမဆောင်ထဲသို့ ဒရောသောပါး ပြေးဝင်လာသည်။

" ဘာပြောလိုက်တယ် "

ခန်းမဆောင်ထဲ ရှိနေသည့် လက်ထောက်ဂိုဏ်းချုပ်ကြီးက ထိုင်နေရာမှ ချက်ချင်း ထရပ်၏။

ခန်းမထဲ၌ ရှိနေကြသူ အကြီးအကဲများလည်း မျက်နှာထားများ အနည်းငယ် ပြောင်းသွားကြသည်။

" သခင်ကြီး ထျန်းလန်က မသေမျိုးအဆင့်ကို ရောက်ထားပြီးတဲ့ သူတစ်ယောက်လေ။ သူက ဘယ်လိုလုပ် သေနိုင်မှာလဲ ။ သူ့ကို ဘယ်သူ သတ်လိုက်တာလဲ "

အဘိုးအိုတစ်ယောက်က မျက်မှောင်ကြုံ့၍ လေသံမာမာဖြင့် မေးလာ၏။

" ကျုပ် သခင်ကြီး ထျန်းလန်ရဲ့ အစေခံတွေဆီကနေ ကြားတာတော့ သခင်ကြီးရဲ့ သားက အသတ်ခံလိုက်ရတယ်တဲ့ ။ အဲ့ဒါကြောင့်မို့ သခင်ကြီးထျန်းလန်က လက်တုန့်ပြန်ဖို့ ထွက်သွားတာလို့ ပြောတယ် ။ နောက်တော့ ... "

သူ့စကားကို ကြားသည်နှင့် အကြီးအကဲများ ချက်ချင်း သဘောပေါက်သွားကြသည်။

ရှန့်ထျန်းလန်က လက်တုန့်ပြန်ရန် အသွားတွင် အသတ်ခံလိုက်ရခြင်းပင် ။

သို့ဖြစ်ရာ ရှန့်ထျန်းလန် လက်တုန့်ပြန်လိုသည့် သူကို သိသည်နှင့် သူ့ကို သတ်လိုက်သော  တရားခံကိုလည်း သိသွားပေမည် ။

" သခင်ကြီး ထျန်းလန်ရဲ့ သားကို သတ်လိုက်တာက ဘယ်သူလဲ ။ စုံစမ်းစစ်ဆေးမှုတွေရော လုပ်ပြီးပြီလား "

အကြီးအကဲတစ်ယောက်က ချက်ချင်း ပြန်မေး၏။

တပည့်က မြန်မြန်ပင် ပြန်ဖြေသည်။

" စုံစမ်းမှုတွေ လုပ်ထားပါတယ် အကြီးအကဲ ။ သခင်လေး ရှန့်မင်ဆီက နောက်ဆုံးရတဲ့ သတင်းအရဆိုရင် သူ့ကို သတ်လိုက်တာ ပျောင်ပိုင်မြို့က လောထျန်း ပါ "

ထိုစကားကို ကြားသည်နှင့် ခန်းမတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွား၏။

အချိန်အတန်ငယ် ကြာပြီးမှသာ လက်ထောက်ဂိုဏ်းချုပ်ကြီးက မျက်မှောင်ကြုံ့၍ ပြောလာသည်။

" ဒီတစ်ခေါက်လဲ လောထျန်းပဲလား ။ သူက ကျုပ်တို့ဂိုဏ်းရဲ့ မသေမျိုး နှစ်ယောက်ကိုတောင် သတ်ပြီးသွားပြီ "

" ကျုပ်တို့ဘက်က အရင်ဆုံး လူလွှတ်ပြီး ပျောင်ပိုင်မြို့ကို အသေးစိတ် စစ်ဆေးခိုင်းခဲ့တာ ဆိုပေမယ့် ၊ လောထျန်းရဲ့ လုပ်ရပ်က လွန်နေပြီ "

" အမှန်ပဲ ၊ သူက ကျုပ်တို့ ဂိုဏ်းက မသေမျိုး နှစ်ယောက်ကိုတောင် ဆက်တိုက် သတ်ခဲ့တာ ။ ကြည့်ရတာ သူက ကျုပ်တို့ မဟာအလင်းတန်းဂိုဏ်းကို ပစ်မှတ်ထားနေတယ်နဲ့တူတယ် "

" ကျုပ် သူ့ကို အရင်က တစ်ခါမှလဲ မကြားဖူးဘူး ။ သူက အခုတလောမှ ဘာဖြစ်လို့ ရုတ်တရက်ကြီး ပေါ်လာရတာလဲ။ အဲ့ကောင်က တော်တော်လေးတော့ စိတ်ရှည်တာပဲ "

" သူက စိတ်ရှည်ရုံတင် မကဘူး ၊ သခင်ကြီး ထျန်းလန်ကို သတ်ဖို့လဲ အရင်တည်းက တိတ်တဆိတ် စီစဥ်ခဲ့တဲ့ပုံပဲ ။ အဲ့ဒါကြောင့်မို့ ကျုပ်တို့ ဘာမှ ကြိုပြီး မသိခဲ့ရတာ ဖြစ်နိုင်တယ် ။ သူက ဒီတစ်ခေါက်မှ သခင်ကြီး ထျန်းလန်ကို တိတ်တိတ်လေး မျှားခေါ်ထုတ်ပြီးတော့ သတ်လိုက်တာပဲ ဖြစ်မယ် ။ ဒီလူက တော်တော်လေးလဲ ဉာဏ်ကောင်းတယ် ပြောရမယ် "

အားလုံးက သူတို့ထင်ရာကို ပြောကာ ခေါင်းညိတ်လိုက်ကြသည်။

လက်ထောက်ဂိုဏ်းချုပ်ကြီးက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ဝင်ပြော၏။

" ဒါဆို ဒီကောင့်ကို ဘာလုပ်သင့်တယ်လို့ ထင်လဲ ၊ အားလုံးရဲ့ သဘောထားကိုလဲ ပြောကြပါဦး ။ သူ့ကို သတ်ဖို့ မသေမျိုးတစ်ယောက် ထပ်လွှတ်လိုက်ရမလား "

ပညာရှိဟန် တူသည့် အဘိုးအိုတစ်ယောက်က ခေါင်းယမ်း၍ ပြန်ပြောလာသည်။

" မဖြစ်ဘူးဗျ ။ သူက မသေမျိုးနှစ်ယောက်ကိုတောင် ဆက်တိုက် သတ်ခဲ့တာဆိုတော့ ကြည့်ရတာ သူက မသေမျိုးအဆင့် ရောက်ထားပြီးသား ဖြစ်ရမယ် ။ ပြီးတော့ သူ့မှာ ထူးခြားတဲ့ နည်းလမ်းတွေလဲ ရှိတဲ့ပုံပဲ ။ ကျုပ်တို့ဘက်က မသေမျိုးတစ်ယောက်ကိုသာ ထပ်လွှတ်လိုက်ရင် ကျားပါးစပ်ထဲကို ဆိတ်တွေ ပို့ပေးလိုက်သလို ဖြစ်သွားလိမ့်မယ် "

" ဒါဆို ... အကြီးအကဲ ဖန် ပြောတဲ့သဘောက .. "

လက်ထောက်ဂိုဏ်းချုပ်ကြီး မျက်မှောင်ကြုံ့သွားသည်။

အကြီးအကဲဖန်က ခေတ္တမျှ စဥ်းစားပြီးမှ ပြန်ပြော၏။

" ဂိုဏ်းချုပ်ကြီးကိုယ်တိုင် တိုက်ရိုက် ဝင်တိုက်ခိုက်လို့ ရမလား "

မဟာအလင်းတန်းဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးသည် ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်ဖြစ်ရာ သူကိုယ်တိုင် ဝင်ရောက် အရေးယူပါက လောထျန်းအား အလွယ်တကူ ဖမ်းဆီးနိုင်ပါလိမ့်မည်။

သို့သော် လက်ထောက်ဂိုဏ်းချုပ်ကြီးက ခေါင်းယမ်း၍ ပြောလာသည်။

" မဖြစ်ဘူးဗျ ၊ ကျုပ်တို့ ဂိုဏ်းချုပ်ကြီးက လောလောဆယ် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး "

" ဘာဖြစ်လို့လဲ "

အကြီးအကဲဖန် နားမလည်နိုင် ဖြစ်သွား၏။

လက်ထောက်ဂိုဏ်းချုပ်ကြီးက သက်ပြင်းချ၍ ဆိုသည်။

" ကျုပ်တို့ တောင်ပိုင်းဒေသမှာရှိတဲ့ အဓိက အဖွဲ့ကြီး သုံးခုက ကောင်းကင်ဘုံ ပျက်စီးခြင်း အပေါ်ကမ္ဘာ သုံးခုကို သစ္စာခံပြီး ထျန်းယွမ်ကမ္ဘာနဲ့ မဟာမိတ် ဖွဲ့ထားကြတာ အားလုံးလဲ အသိပဲလေ "

" ဒါပေမယ့် ကျုပ်တို့ သစ္စာခံကြတဲ့ ကမ္ဘာတွေကတော့ မတူကြဘူး။ ထျန်းကူဟုန် မိသားစုက ရှေးဟောင်းနတ်ဆိုးကမ္ဘာကို သစ္စာခံပြီးတော့ ယွမ်လင်နတ်ဆိုးသခင်ကြီးက ဝိဥာဥ်ကိုးသွယ် နတ်ဆိုးကမ္ဘာကို သစ္စာခံထားတယ် ။ ကျုပ်တို့ မဟာအလင်းတန်းဂိုဏ်းကတော့ ထျန်းမင်ကမ္ဘာကို သစ္စာခံထားတာ "

" အဲ့ကမ္ဘာသုံးခုမှာ အစွမ်းချင်း ယှဥ်ကြည့်ရင် ထျန်းမင်ကမ္ဘာက အစွမ်းအထက်ဆုံး ဆိုတာ မှန်တယ် ။ ဒါပေမယ့် .. တခြား ကမ္ဘာနှစ်ခုက ဒီ ထျန်းယွမ်ကမ္ဘာကို အရင်ရောက်လာပြီး ဒီကမ္ဘာကြီးကိုသာ အတင်း ဖျက်ဆီးလိုက်ရင် ထျန်းမင်ကမ္ဘာက သခင်ကြီးတွေ ဆင်းလာတဲ့အချိန်ကျ ဘာမှ ရသွားမှာ မဟုတ်ဘူး ။ အဲ့လိုသာ ဖြစ်သွားလို့ကတော့ ကျုပ်တို့ မဟာအလင်းတန်းဂိုဏ်းက ထျန်းမင်ကမ္ဘာရဲ့ အပြစ်ပေးတာကို ခံကြရမှာဗျ  "

" ဒါ့ကြောင့်မို့လို့ ဂိုဏ်းချုပ်ကြီးက ထျန်းမင်ကမ္ဘာ အရင်ဆုံးရောက်လာအောင် ကမ္ဘာတွေ ရွေ့လျားနေတဲ့ လမ်းကြောင်းကို ပြောင်းလဲပစ်ဖို့ သူ့အစွမ်းနဲ့ ကြိုးစားနေတာ "

" ပြီးခဲ့တဲ့ နှစ်လ လောက်တုန်းက သခင်ကြီး ရှန်းရှန့်က မြောက်ပိုင်းဒေသ ၊ နတ်ဘုရားမြို့တော်က အဘိုးကြီးရဲ့ စိတ်ဝိဥာဥ်အကြွင်းအကျန် ရှိနေတာကို သတိထားမိသွားပြီး တိုက်ခိုက်ခဲ့သေးတယ် ။ ဒါပေမယ့် အဲ့လို တိုက်ခိုက်လိုက်တဲ့ သိုင်းကွက်တစ်ခုက ထျန်းယွမ်ကမ္ဘာကြီးရဲ့ ကမ္ဘာပတ်လမ်းကို ပြောင်းလိုက်သလို ဖြစ်သွားပြီး ထျန်းမင်ကမ္ဘာ ရောက်လာမှာကို နှောင့်နှေးသွားအောင် လုပ်သလို ဖြစ်သွားခဲ့တယ် "

သူ့စကားကြောင့် အားလုံး အံ့သြတုန်လှုပ်သွားကုန်သည်။

" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ တစ်ကြိမ်တည်း တိုက်ခိုက်ရုံနဲ့ အဲ့လို ဖြစ်သွားခဲ့တာလား ... "

လက်ထောက်ဂိုဏ်းချုပ်ကြီးက နှာခေါင်းရှုံ့၏။

" ဘာလို့ အဲ့လို ဖြစ်သွားရတာလဲဆိုတော့ ထျန်းယွမ်ကမ္ဘာထဲမှာ နတ်ဘုရားကို တားဆီးဖို့ ကြိုးစားနေတဲ့ တခြားသူတွေ ရှိနေလို့ပဲ "

" အဲ့သူက ဘယ်သူလဲဗျ "

တစ်ယောက်က အံ့သြတကြီး မေးလာသည်။

လက်ထောက်ဂိုဏ်းချုပ်ကြီးက သက်ပြင်းချ၏။

" ကျုပ်လဲ မသိဘူးဗျ ။ ကျုပ်တို့ရဲ့ ရန်ဘက် အဖွဲ့တွေ ဖြစ်နိုင်သလို ၊ ထျန်းကူဟုန် မိသားစုနဲ့ နတ်ဆိုးသခင်ကြီး ယွမ်လင် တို့အဖွဲ့လဲ ဖြစ်နိုင်တာပဲ ။ ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုနဲ့ ပတ်သက်ပြီး ဘယ်ဘက်မှ မပါတဲ့ အဖွဲ့တွေကိုတောင် ဖယ်ထားလို့ မရဘူး ။ ထျန်းမင်ကမ္ဘာကို အရင် ရောက်လာစေချင်တဲ့သူက ကျုပ်တို့ကလွဲပြီး တခြားသူမှ မရှိတာ "

အားလုံး ခေါင်းညိတ်လိုက်ကြသည်။

အကြီးအကဲဖန်က မျက်မှောင်ကြုံ့၍ ပြောလာ၏။

" ဂိုဏ်းချုပ်ကြီးက တိုက်ခိုက်လို့ မရဘူးဆိုတော့ ... လောထျန်းကို သတ်ချင်ရင် ကျန်တဲ့ သခင်ကြီး သုံးယောက်လုံး တစ်ပြိုင်တည်း ဝင်တိုက်ခိုက်မှ ရလိမ့်မယ် "

သူ့စကားကို ကြားသည်နှင့် ခန်းမဆောင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

လက်ထောက်ဂိုဏ်းချုပ်ကြီးက မျက်မှောက်ကြုံ့၍ အချိန်အတန်ကြာ စဥ်းစားနေပြီးမှသာ ပြန်ပြောသည်။

" ကောင်းပါပြီ ။ ဒါဆိုရင် ကျုပ်ကိုယ်တိုင် သခင်ကြီး သုံးယောက်ကို အကြောင်းကြားပြီးတော့ လောထျန်းကို အတူတူ သတ်ကြဖို့ ပြောလိုက်မယ် "

အကြီးအကဲဖန်က အပြုံးဖြင့် ပြော၏။

" သခင်ကြီး သုံးယောက်သာ အတူတူ တိုက်ခိုက်ကြမယ်ဆိုရင် ဒီ ကိစ္စ မအောင်မြင်စရာ အကြောင်း လုံးဝ မရှိတော့ဘူး "

ကျုံ့ကျိုးဒေသ ၊ ယောင်ချီဂိုဏ်း၌ ...

" ရွှေယွဲ့ချီ ၊ မင်း ဘာစကားတွေ ပြောနေလဲဆိုတာ ကိုယ့်ကိုကိုယ်ရော သိရဲ့လား "

တုတ်ကောက်တစ်ခုကို မှီ၍ရပ်နေသော ယောင်ချီမှ အဘွားအိုတစ်ဦးက ရှေ့မှ ရွှေယွဲ့ချီကို ကြည့်ကာ မျက်နှာထား တင်းတင်းဖြင့် ​ပြောလာသည်။

" နဂါးကြီး ထျန်းလုံက မြောက်ပိုင်းဒေသက လောထျန်းဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ သတ်တာကို ခံခဲ့ရတယ် ၊ ဟုတ်လား "

ထိုစကားကို ပြောနေစဥ်အတွင်း အဘွားအို၏ မျက်နှာကြီးမှာလည်း ရှုံ့မဲ့နေ၏။

" ဟုတ်ပါတယ် အကြီးအကဲဟွာ .. "

ရွှေယွဲ့ချီက လေသံတိုးတိုးဖြင့် ပြန်ပြောသည်။

သူမ ယောင်ချီသို့ ပြန်ရောက်ရောက်ချင်းမှာပင် သူမတို့ ဂိုဏ်း၏ ထိပ်သီးပိုင်း ခေါင်းဆောင်များက သူမကို ဆင့်ခေါ်ကာ မေးခွန်းထုတ်နေကြခြင်း ဖြစ်ပါသည်။

နဂါးသင်္ချိုင်းမြေတွင် နဂါးကြီး ထျန်းလုံ ပေါ်လာသည် ဆိုသောသတင်းက တောမီးပမာ ပျံ့နှံ့နေခဲ့ပြီး ဖြစ်ရာ ယောင်ချီသို့လည်း သတင်းရောက်ထားခဲ့ပြီ ဖြစ်၏။

ထိုအဖြစ်အပျက်တွင် ရွှေယွဲ့ချီက မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူတစ်ဦးဖြစ်ရာ သူမအား ယခုကဲ့သို့ မေးမြန်းစစ်ဆေးနေကြသည်မှာ မဆန်းပေ ။

သူမကလည်း အကြီးအကဲများအား ကွယ်ဝှက်မထားဘဲ အဖြစ်ပျက် အားလုံးနီးပါးကို မမှန်တိုင်း ပြောခဲ့ပါသည်။

သို့သော် အကြီးအကဲဟွာက လှောင်ပြုံးဖြင့် ပြောလာ၏။

" ရွှေယွဲ့ချီ .. နင် ဦးနှောက်မှ ကောင်းသေးရဲ့လား။ နင်က ငါတို့အားလုံးကို အရူးလို့များ ထင်နေတာလား ..ဟမ် ။ ဘာလဲ အရှုပ်အထွေး ခန္ဓာကိုယ် .. နင့်ခေါင်းကပဲ အရှုပ်အထွေးတွေနဲ့ ပြည့်နေတာလို့ ငါထင်တယ် "

ရွှေယွဲ့ချီ အံ့သြမှင်သက်သွားရသည်။

" အကြီးအကဲဟွာ ၊ ကျွန်မ မလိမ်ပါဘူးရှင် ... "

အကြီးအကဲဟွာက အေးစက်စက် နှာခေါင်းရှုံ့၏။

" ရွှေယွဲ့ချီ ၊ နင် နဂါးသင်္ချိုင်းမြေအပြင်မှာ ရောက်နေတဲ့အချိန် ထျန်းကူဟုန် မိသားစုရဲ့ ခြိမ်းခြောက်တာကိုလဲ ခံခဲ့ရသေးတယ်လို့ ငါ ကြားတယ် ။ အဲ့ချိန်မှာ လောထျန်းက သူ့ရဲ့သားရဲ သုံးကောင်နဲ့ နင့်ကို ကယ်ခိုင်းခဲ့တာဆို "

ရွှေယွဲ့ချီ ခေါင်းညိတ်ပြလိုက်သည်။

" ဟုတ်ပါတယ် .. "

အကြီးအကဲဟွာ၏ မျက်နှာကြီး ပိုသုန်မှုန်သွား၏။

" ဒါ့ကြောင့်မို့ နင်က သူ့ကို ကျေးဇူးသိတတ်တဲ့အနေနဲ့ ဒီကိုလာပြီး သူ့အကြောင်းတွေကို လျှောက်ကြွားနေတာ မဟုတ်လား။ လောထျန်းကို အစွမ်းထက်တယ်လို့ လျှောက်ပြောပြီးတော့ သူ့အတွက် သိဒ္ဓိဝင် ဆေးကို ယူပေးချင်နေတာပေါ့လေ "

ရွှေယွဲ့ချီ ချက်ချင်း ခေါင်းမော့လာပြီး အကြီးအကဲဟွာအား တအံ့တသြ ကြည့်လိုက်သည်။

" အကြီးအကဲဟွာ ၊ ကျွန်မ မလိမ် ... "

သို့သော် အကြီးအကဲဟွာက သူမစကားကို ဆုံးအောင် နားမထောင်ဘဲ လက်ကာပြ၏။ ထို့နောက် သူမက ခန်းမအလယ်တွင် ရှိနေသော အလွန်လှပပြီး ကျက်သရေရှိသည့် အမျိုးသမီးတစ်ယောက်ဆီသို့ လျှောက်သွားကာ ပြောသည်။

" နတ်ဘုရား သခင်မကြီး ၊ ဒီကိစ္စက ရှင်းပါတယ် ။ ရွှေယွဲ့ချီက ဟို လောထျန်းဆိုတဲ့ ကောင်လေးရဲ့ ပြုစားတာကို ခံခဲ့ရပြီးတော့ သူနဲ့ ပေါင်းပြီး ကျွန်မတို့ ယောင်ချီက သိဒ္ဓိဝင်ဆေး နဲ့ သိုင်းကျင့်စဥ်တွေကို ခိုးဖို့ ကြိုးစားနေတာပဲ "

" အဲ့တော့ ရွှေယွဲ့ချီကို နတ်ဘုရားမဆိုတဲ့ ရာထူးကနေ ဖယ်ရှားပြီး ထျန်းဟဲ့မြစ် အောက်မှာ ချူပ်နှောင် အကျဥ်းချထားဖို့ အကြံပြုချင်တယ် ။ ပြီးတော့ မြောက်ပိုင်းဒေသကို လူလွှတ်ပြီး လောထျန်းဆိုတဲ့ သူကိုလဲ ဖမ်းခေါ်လာခိုင်းရမယ် ။ ပြီးရင် အဲ့ကောင်လေးကိုပါ စစ်ဆေးမေးမြန်းရမယ် "

အဘွားအို၏ စကားကို နားထောင်ရင်း ရွှေယွဲ့ချီ အံ့သြမှင်သက်နေ၏။

အကြီးအကဲဟွာနှင့် သူမ၏ ဆရာတို့မှာ ယခင်ကတည်းက မသင့်မြတ်ကြသည်ကို သူမ သိထားပြီး ဖြစ်ပါသည်။

သို့သော် အကြီးအကဲဟွာက သူမလို အငယ်တစ်ယောက်ကို ယခုလို လုပ်ရလောက်သည်အထိ ရက်စက်မည်ဟုမူ ထင်မထားခဲ့ပေ ။

" အကြီးအကဲဟွာ .. ကျွန်မကို ချောက်ချနေတာလား "

ရွှေယွဲ့ချီ ဒေါသတကြီး ပြောလိုက်တော့သည်။

အကြီးအကဲဟွာက ချက်ချင်း ခေါင်းလှည့်ပြီး သူမကို စိုက်ကြည့်လာ၏။

အု ..

ရွှေယွဲ့ချီတစ်ယောက် ချက်ချင်း သွေးအန်သွားရသည်။

All Chapters