စိတ်စွမ်းအင် မလုံလောက်မှု
Vol. 26 Ch. 358
" ရွှေယွဲ့ချီ ၊ နင်က အငယ်တစ်ယောက် လုပ်နေပြီးတော့ အကြီးအကဲတွေကို ပြန်အာခံရဲနေတယ်ပေါ့လေ ။ ဒီတစ်ခေါက် ငါ နင့်ကို သင်ခန်းစာပေးတဲ့ အနေနဲ့ပဲ လုပ်လိုက်တာ ။ နောက်တစ်ကြိမ်ဆိုရင် နင့်ကို အသေသတ်ပစ်မှာ "
အကြီးအကဲဟွာ လေသံမာမာဖြင့် ပြန်အော်၏။
ထိုသို့ ပြောနေစဥ်မှာပင် သူမကိုယ်မှ အရောင်အဝါကလည်း တိုးထွက်လာသည် ။ သူမကိုယ်ကိုလည်း မသေမျိုး စိတ်ဝိဥာဥ်တစ်ခုက ဝန်းရံထား၏။
နှုတ်ခမ်းထောင့်တွင် သွေးများ ပေနေသည့် ရွှေယွဲ့ချီက အကြီးအကဲဟွာ အား ဒေါသတကြီး ကြည့်လိုက်သည်။
အကြီးအကဲဟွာသည် ယောင်ချီ၏ နတ်ဘုရား သခင်မကြီး လက်အောက်ရှိ မသေမျိုး နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်ပါသည်။
သို့ဖြစ်ရာ သူမကဲ့သို့ နတ်ဘုရားမတစ်ဦးထက် ရာထူး ဂုဏ်ပုဒ် များစွာ သာပါ၏။
ယခင်ကဆိုလျှင် ယောင်ချီ၌ နတ်ဘုရား သခင်မကြီးလက်အောက်တွင် မသေမျိုး သုံးယောက် ရှိခဲ့ပြီး ထိုအထဲမှ တစ်ယောက်မှာ ရွှေယွဲ့ချီ အားကိုးအားထား ပြုရသော သူမ၏ ဆရာ ဖြစ်ပါသည်။
သို့သော် ထို မသေမျိုးက ကျင့်ကြံရာတွင် အမှားအယွင်း ဖြစ်သွားခဲ့ကာ ရူးသွပ်လုနီးပါး ဖြစ်သွားခဲ့ရပါ၏။ ထို့ကြောင့် လူမြင်ကွင်းသို့ ပြန်မထွက်သည်မှာ ကြာလေပြီ။
ထို့ကြောင့်လည်း ရွှေယွဲ့ချီမှာ ယင်၉ သွယ်ခန္ဓာကိုယ် ရှိထားသည့်တိုင် သူမ အောင်မြင်မှု မရခင် သူမကို ကျောထောက်နောက်ခံ ပေးမည့်သူ မရှိဘဲ ဖြစ်သွားခဲ့ရသည် ။ သို့ကြောင့်လည်း သူမ၏ လက်ရှိ ရာထူးဂုဏ်ပုဒ်က မတည်မငြိမ် ဖြစ်လာခဲ့ခြင်းပင် ။
အကြီးအကဲဟွာ၏ လက်အောက်တွင် ပါရမီရှင်များ များစွာ ရှိပြီး သူမ၏ နတ်ဘုရားမ ရာထူးကို မျက်စောင်းထိုး နေခဲ့ကြသည်မှာလည်း ကြာပြီ ဖြစ်၏။
အကျိုးဆက်အနေဖြင့် လွန်ခဲ့သော နှစ်များအတွင်း ရွှေယွဲ့ချီတစ်ယောက် အခက်အခဲများစွာ ကြုံခဲ့ရပါသည်။
ယနေ့တွင် အကြီးအကဲဟွာက ဖြစ်ပျက်သွားခဲ့သည့် ကိစ္စများကို အခွင့်ကောင်းယူကာ ရွှေယွဲ့ချီအား ဦးတည် ပစ်မှတ်ထားလာခြင်း ဖြစ်သည်။
သို့သော် ထိုအချိန် .. ခန်းမအလယ်တွင် ရှိနေသော နတ်ဘုရား သခင်မကြီးက မျက်မှောင်အနည်းငယ် ကြုံ့၍ ပြောလာ၏။
" အကြီးအကဲဟွာ .. ဒါတော့ လွန်လွန်းနေပြီနော် "
စကားဆုံးသည်နှင့် ခန်းမထဲရှိ လေထုက ချက်ချင်း ပြောင်းလဲသွားသည်။
အကြီးအကဲဟွာမှာ ခေတ္တမျှ အံ့သြမှင်သက်နေသေးသော်လည်း အသိဝင်ဝင်လာချင်း ဦးညွှတ်အရိုအသေပေးပြီး ပြော၏။
" ကျွန်မ တောင်းပန်ပါတယ် သခင်မကြီး ။ ကျွန်မ ဒေါသထွက်လွန်းလို့ ခုလို လုပ်လိုက်မိတာပါ ။ ကျွန်မ တောင်းပန်ပါတယ် "
" ဒါပေမယ့် ကျွန်မ အခုလို လုပ်လိုက်တာကလဲ ယောင်ချီအတွက် စိတ်ပူသွားမိလို့ပါ ။ကျွန်မရဲ့ ကိုယ်ပိုင် မကျေနပ်ချက်ကြောင့် လုံးဝ မဟုတ်ပါဘူးရှင် ။ ကျေးဇူးပြုပြီး နားလည်ပေးပါ သခင်မကြီး "
ယောင်ချီ၏ နတ်ဘုရားသခင်မကြီးက မကျေနပ်သေးဟန်ဖြင့် ထပ်ပြောသည်။
" ဘယ်လိုပဲဖြစ်ဖြစ် ၊ ရွှေယွဲ့ချီဆိုတာ ငါတို့ ယောင်ချီရဲ့ နတ်ဘုရားမ တစ်ယောက်ပဲလေ ။ တကယ်လို့ သူ အမှားလုပ်ခဲ့တယ် ဆိုရင်တောင် အဲ့လို နာကျင်အောင် လုပ်လိုက်ဖို့ မကောင်းဘူး "
အကြီးအကဲဟွာက ခေါင်းငုံ့ပြီး ပြန်ပြော၏။
" ဟုတ်ကဲ့ ၊ ကျွန်မ မှားသွားတယ်ဆိုတာ သိပါတယ် "
ထိုသို့ ပြောနေသည့်တိုင် သူမစိတ်ထဲတွင်မူ မည်သို့သော စိုးရိမ်စိတ်မှ ရှိမနေပါချေ ။
ယောင်ချီ နတ်ဘုရား သခင်မကြီး၏ စကားများက ခက်ထန်မှု မရှိဘဲ သူမကိုလည်း တစ်စုံတစ်ရာ အပြစ်ပေးလိုဟန် မရှိသည်မှာ သိသာနေသည် မဟုတ်ပါလား ။
သူမ ထင်ထားသလိုပင် ယောင်ချီ နတ်ဘုရားသခင်မကြီး က ရွှေယွဲ့ချီဘက် လှည့်ကာ ပြောလာသည်။
" ရွှေယွဲ့ချီ ၊ နင်က မဟုတ်မမှန်တဲ့ သတင်းတွေ ပြောပြီး ငါတို့ ဂိုဏ်းကို လှောင်ပြောင်ဖို့ ကြိုးစားခဲ့တယ် ။ နင်ပြောခဲ့တဲ့ လောထျန်းမှာ အရှုပ်အထွေး ခန္ဓာကိုယ် ရှိပြီး ထျန်းလုံကို သတ်ခဲ့တယ် ဆိုတဲ့ စကားက ရယ်စရာ ကောင်းလွန်းနေတယ်။ အဲ့တော့ ကိုယ့်အမှားကိုယ် ပြန်ဆန်းစစ်ဖို့ ထျန်းဟဲ့မြစ် အောက်မှာ သုံးလတိတိ အပြစ်ပေးခံရမယ် ။ယောင်ချီ ညီလာခံ မတိုင်ခင် အပြင်ကို လုံးဝ မထွက်လာရဘူး "
ရွှေယွဲ့ချီမှာ တစ်ခုခု ပြန်ပြောရန် ပြင်လိုက်သေးသော်လည်း နောက်ဆုံးတွင် မည်သည့်စကားမှ မဆိုဘဲ ခေါင်းငုံ့၍သာ သဘောတူလိုက်သည်။
" ဟုတ်ကဲ့ပါ "
လောထျန်း၏ လုပ်ရပ်များက လုံးဝ ယုံချင်စရာ မကောင်းသည်ကို သူမကိုယ်တိုင်လည်း သိထားပြီး ဖြစ်ပါသည်။
မျက်လုံးဖြင့် ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရခြင်းသာ မဟုတ်ပါက သူမသည်လည်း ယုံမိမည် မဟုတ်ပေ ။
သို့ဖြစ်ရာ လက်ရှိတွင် မည်သို့မှ ပြန်မပြောဘဲ နေခြင်းကသာ သာ၍ ကောင်းပါသည် ။ ယောင်ချီ ညီလာခံ ကျရောက်လာပါက အရာအားလုံး ရှင်းလင်းသွားပေလိမ့်မည် ။
သို့သော် အကြီးအကဲ ဟွာကမူ ထိုစကားကို ကြားချိန်တွင် မျက်နှာထား အနည်းငယ် ပြောင်းသွား၏။
သူမ၏ မူလအစီအစဥ်မှာ ယနေ့အဖြစ်အပျက်ကို အခွင့်ကောင်းယူပြီး ရွှေယွဲ့ချီ၏ နတ်ဘုရားမ ရာထူးကို အရယူရန် ဖြစ်ပါသည်။
သို့သော် မျှော်လင့်မထားစွာပင် ကိုယ့်အပြစ်ကိုယ် ပြန်ဆန်းစစ်ရန် အတွက်သာ တံခါးနောက်ကွယ်သို့ အပို့ခံရသတဲ့လား ။
ထို့ထက်ပို အရေးကြီးသည်မှာ ထျန်းဟဲ့ မြစ်အောက်ပိုင်း နေရာသည် စိတ်စွမ်းအင်သွေးကြောနှင့် နီးသဖြင့် စိတ်စွမ်းအင်များ အလွန်ပေါကြွယ်ဝခြင်း ဖြစ်၏။
ယခု ယောင်ချီ နတ်ဘုရားသခင်မကြီးက ရွှေယွဲ့ချီအား ထိုနေရာသို့ သွားပြီး အမှားကို ဆန်းစစ်ခိုင်းခြင်းမှာ အပြစ်ပေးသည်နှင့် မတူဘဲ ဆုချသည်နှင့်ပင် ပိုတူနေပါသည်။
အကြီးအကဲဟွာ မျက်မှောင်ကြုံ့လိုက်သည်။
" ကြည့်ရတာ ယောင်ချီက ဒီကလေးမရဲ့ ယင် ၉ သွယ် ခန္ဓာကိုယ်ကို တော်တော်ကြီး အလေးထားတုန်းပဲနဲ့တူတယ် ။ အဲ့တိုင်းဆို ဒီ ကလေးမလေး အရွယ်မရောက်လာခင် မြန်နိုင်သမျှ အမြန်ဆုံးရှင်းထုတ်ပစ်မှပဲ ဖြစ်မယ် ။ ဒီတိုင်း ဆက်လွှတ်ထားလို့ သူသာ ကျင့်ကြံခြင်းအဆင့်တွေ တက်သွားရင် ငါကိုယ်တိုင်တောင် သူနဲ့ ယှဥ်နိုင်တော့မှာ မဟုတ်ဘူး "
အကြီးအကဲဟွာမှာ ထိုတခဏတွင် ရွှေယွဲ့ချီအား သတ်ရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
" နတ်ဘုရား သခင်မကြီး ၊ ပျောင်ပိုင်မြို့ကို ပေးထားတဲ့ ဖိတ်စာကို ပြန်ရုတ်သိမ်းလိုက်ရမလား "
ထိုစဥ် အခြား အကြီးအကဲတစ်ယောက်က ရုတ်တရက် မေးလာ၏။
ယောင်ချီ နတ်ဘုရား သခင်မကြီးက ခေတ္တမျှ စဥ်းစားနေပြီး နောက်မှသာ ခေါင်းယမ်း၍ ပြန်ပြောသည်။
" အဲ့လိုလုပ်ဖို့ မလိုဘူး ။ နောက် သုံးလနေရင် ငါတို့ ယောင်ချီက ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုနဲ့ ရင်ဆိုင်ရမှာလေ ။ ပျောင်ပိုင်မြို့က သူတွေ လာကူနိုင်ရင် ငါတို့အတွက် ကောင်းတာပေါ့ "
" ရွှေယွဲ့ချီ ပြောသွားတာတွေက ချဲ့ကားလွန်းတယ်ဆိုတာ မှန်ပေမယ့် ၊ ငါ ထင်တာတော့ လောထျန်းက ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်နဲ့ မယှဥ်နိုင်ရင်တောင် သာမာန် မသေမျိုးတစ်ယောက်ရဲ့ အစွမ်းမျိုး ရှိလိမ့်မယ်နဲ့ တူတယ် "
ထိုစကားကို ကြားသောအခါ အားလုံး ခေါင်းညိတ်လိုက်ကြသော်လည်း အကြီးအကဲဟွာ တစ်ယောက်တည်းကသာ မျက်နှာပျက်သွားပြီး ပြန်ငြင်းချင်နေဟန် ရှိ၏။
သို့သော် ယောင်ချီ နတ်ဘုရား သခင်မကြီးက ပင်ပန်းနေဟန်ဖြင့် လက်သာ ယမ်းပြပြီး ပြောလာသည်။
" ကဲ .. ဒီနေ့အတွက်တော့ ဒီလောက်ပဲ ။ အားလုံးလဲ ပြန်ကြတော့လေ "
ထို့နောက် သူမ လှစ်ခနဲ ပျောက်ကွယ်သွားတော့သည်။
အားလုံးကလည်း ထွက်ခွာသွားသော သူတို့၏ နတ်ဘုရား သခင်မကြီးကို ကြည့်ကာ ဦးညွှတ် နှုတ်ဆက်လိုက်ကြ၏။
ထိုစဥ် အကြီးအကဲ ဟွာ မှာ ခေါင်းငုံ့ထားသည့်တိုင် သူမ၏ မျက်လုံးထဲတွင်ကား အေးစက်စက် အလင်းတန်းတစ်ခု လက်နေသည်။
" ပျောင်ပိုင်မြို့က လောထျန်း .. ဟမ့် .. ယောင်ချီကို လာရဲရင် လာခဲ့စမ်း ။ လာလို့ကတော့ မင်းကို ငါ သင်ခန်းစာ ကောင်းကောင်းကြီး ပေးဦးမယ် "
သူမ စိတ်ထဲမှ ရေရွတ်လိုက်သည်။
ထိုစဥ် မြောက်ပိုင်းဒေသ ၊ ပျောင်ပိုင်မြို့၌ ..
' ဟတ် ချိုး .. '
အချိန်နှင့်နေရာ ဗိမာန်ရှေ့တွင် ရှိနေသော လောထျန်းတစ်ယောက် ရုတ်တရက် နှာချေလိုက်သည်။
" ဟင် .. ငါ အအေးမိသွားတာများလား "
လောထျန်း တစ်ကိုယ်တည်း ရေရွတ်ကာ သူ့နဖူးသူ ပြန်စမ်းကြည့်လိုက်သည်။
“ကိုယ်လည်းမပူဘူးပဲ။ ဒါဆိုရင် ဘယ်ကရှော်တီမော်စကီလေးက ငါ့ကိုလွမ်းနေလဲမသိဘူး”
ထိုအချိန်မှာပင် ..
ဝီ ...
ကောင်းကင်ယံမှ ပိန်ပိနိပါးပါး နဂါးအရိပ်တစ်ခု ဆင်းသက်လာပြီး လောထျန်းအား ဒေါသတကြီး ကြည့်လာ၏။
" ဟင် .. မင်းက ဘယ်သူလဲ "
၎င်းကို ကြည့်ကာ လောထျန်း အံ့အားသင့်သွားရသည်။
ထိုအရာက ပျောင်ပိုင်မြို့တွင် ဘယ်အချိန် ပေါ်လာခဲ့ပါသနည်း။
ထိုစဥ် ပန်းလင်က လောထျန်းနောက်တွင် ပေါ်လာပြီး ပြော၏။
" အဲ့ဒါ သဘာဝ စိတ်စွမ်းအင် သွေးကြောပဲ "
လောထျန်း ခေတ္တမျှ စကားမဆိုနိုင်ဘဲ အံ့သြမှင်သက်သွားသည်။ ထို့နောက်မှ သူ ပြော၏။
" စိတ်စွမ်းအင် သွေးကြော .. ဟုတ်လား ။ သူက ဘယ်တုန်းက အဲ့လို ဖြစ်သွားတာလဲ "
ယခင် ပျောင်ပိုင်မြို့မှ စိတ်စွမ်းအင် သွေးကြောမှာ ဧရာမ နဂါးကြီးတစ်ကောင်အသွင် ရှိကာ အံ့သြဖွယ် ကောင်းလှပါသည်။
ယခု သူ့ရှေ့မှ နဂါးအရိပ်ကမူ ..
အရိုးနှင့် အရေသာ ရှိပြီး နေမကောင်းသည့် မြွေတစ်ကောင်နှင့်ပင် တူနေပါ၏။
" သူ့ဆီက စိတ်စွမ်းအင်တွေ အများကြီး စုပ်ယူခံလိုက်ရလို့ အဲ့လို ဖြစ်သွားတာ "
ပန်းလင်က ဆိုလာသည်။
ထို့နောက် သူမက နဂါးအရိပ်ဘေးသို့ ပျံသန်းသွားပြီး ၎င်းကို လက်ဖြင့် ငြင်ငြင်သာသာပွတ်၍ ပြော၏။
" သခင်လေးရဲ့ ဗိမာန်က ဘယ်လိုအမျိုးအစားကြီးလဲ ။ ခဏလေးနဲ့တောင် သူ့ရဲ့ စိတ်စွမ်းအင် တစ်ဝက်ကို စုပ်ယူသွားတာ ။ ဒီတိုင်းသာ ဆက်သွားရင် စိတ်စွမ်းအင်သွေးကြောက နောက် ၂ နှစ်အတွင်း သူ့ မူလအခြေအနေကို ပြန်ရောက်နိုင်မှာ မဟုတ်ဘူး "
လောထျန်း လန့်သွားသည်။
" အဲ့လောက်ကို ကြောက်စရာ ကောင်းတာလား "
သူ စိတ်စွမ်းအင် သွေးကြောအား လှည့်ကြည့်လိုက်သည့် အချိန်တွင်လည်း ၎င်းက ခေါင်းညိတ်ပြနေသည်ကို မြင်လိုက်ရ၏။
၎င်းကို ကြည့်ကာ လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။
" စိတ်စွမ်းအင်သွေးကြောရဲ့ တစ်ဝက်က အချိန်နဲ့နေရာ ဗိမာန်ကို တစ်ရက်လောက်ပဲ အသက်သွင်းပေးဖို့ လုံလောက်မှာ ။ ဒီဟာက အစွမ်းထက်ပေမယ့် စိတ်စွမ်းအင် စုပ်ယူတဲ့နှုန်းကလဲ တကယ် ကြောက်စရာကြီးပါလား .. "
သူတို့ ပျောင်ပိုင်မြို့မှ စိတ်စွမ်းအင်သွေးကြောသည် ထိပ်တန်းအဆင့်ဖြစ်ကြောင်း လောထျန်း သိထားပြီး ဖြစ်ပါသည်။
ထိုမျှ အဆင့်ရှိသည့် စိတ်စွမ်းအင် သွေးကြော သည်ပင် ဗိမာန်၏ စိတ်စွမ်းအင် စုပ်ယူမှု ပမာဏကို ကြာရှည်စွာ တောင့်မခံနိုင်ပါချေ ။
ထို မှော်လက်နက်က နဂါးကြီး ထျန်းလုံ၏ လက်ထဲတွင် နှစ်ပေါင်းများစွာကြာ ရှိနေခဲ့သည့်တိုင် ထျန်းလုံက ၎င်းအား အကြိမ်အနည်းငယ် သုံးရန်ပင် လက်တွန့်နေခဲ့သည်မှာ မထူးဆန်းတော့ပါ။
ထိုအချက်ကြောင့်လည်း လောထျန်း ပို၍ စိတ်ညစ်သွားရသည်။
အစပိုင်းတွင် သူသည် ပျောင်ပိုင်မြို့သို့ ရောက်ပြီးနောက် စိတ်စွမ်းအင်သွေးကြော၏ စိတ်စွမ်းအင်များကို သုံးကာ ကျင့်ကြံခြင်း အဆင့်တက်မည်ဟု တွေးထားခဲ့ပါ၏။
သို့သော် .. လက်ရှိအခြေအနေကို ကြည့်ခြင်းအားဖြင့် သူသာ ကျင့်ကြံခြင်းအဆင့် တက်လိုက်ပါက စိတ်စွမ်းအင်သွေးကြောမှာ မခံနိုင်ဘဲ သေဆုံးသွားနိုင်ဟန် တူပါသည်။
" ကြည့်ရတာ ငါ ကျင့်ကြံခြင်းအဆင့်တက်ဖို့ တခြားနေရာတစ်ခု ရှာမှ ဖြစ်မယ်နဲ့တူတယ် "
လောထျန်း သက်ပြင်းချလိုက်သည်။
ထို့နောက် သူ စိတ်စွမ်းအင်သွေးကြောဘက် လှည့်ကာ ပြောလိုက်၏။
" ကဲ .. ဒါဆို မင်းရဲ့ ခန္ဓာကိုယ်ထဲကို ပြန်ပြီး အားပြန်ပြည့်အောင် လုပ်လိုက်ဦး ။စိတ်စွမ်းအင်ရေလှိုင်းကိုလဲ နောက်တစ်နှစ်ခွဲလောက်အထိ မလုပ်သေးနဲ့ဦး "
သူ့စကား ဆုံးပြီးနောက်တွင်မူ စိတ်စွမ်းအင်သွေးကြောက ခေါင်းညိတ်ပြီး ပျောင်ပိုင်မြို့ မြေအောက်ထဲ ပြန်ဝင်သွားရှာသည်။
လောထျန်းက အချိန်နှင့်နေရာ ဗိမာန်ရှေ့တွင်ပင် ဆက်နေကာ အားလုံး ကျင့်ကြံပြီး ပြန်ထွက်အလာကို စောင့်နေလိုက်သည်။
ဤသို့ဖြင့် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ညနေစောင်းအချိန်တွင် အချိန်နှင့်နေရာဗိမာန် တံခါး ပွင့်လာတော့၏။
ဝုန်း ..
တံခါးပွင့်လာသည်နှင့် အတွင်းဘက်မှ အစွမ်းထက် အရောင်အဝါတစ်ခုချက်ချင်း တိုးထွက်လာသည်။
" ကျင့်ကြံခြင်းအဆင့် တက်သွားခဲ့ပြီ သခင်လေးရေ ။ ကျုပ် ကျင့်ကြံခြင်း အဆင့်တက်သွားခဲ့ပြီဗျ "
အသံတစ်သံလည်း ထွက်လာ၏။