← Chapters

ကျင့်ကြံရာမှ ထွက်လာကြခြင်း

Vol. 26 Ch. 359

ကျင့်ကြံရာမှ ထွက်လာကြခြင်း

Vol. 26 Ch. 359

လောထျန်း ခေါင်းမော့ကြည့်လိုက်ရာ လောမိသားစု၏ ဒုတိယအကြီးအကဲက ဦးစွာ ထွက်လာသည်ကို တွေ့လိုက်ရသည်။

ဒုတိယအကြီးအကဲမှာ ဗိမာန်ထဲသို့ မဝင်ခင်က တုကျဲ့အဆင့်သို့ ရောက်ထားပြီး ဖြစ်ပါသည်။

ယခုတွင်မူ သူ့အရောင်အဝါက ချုပ်တည်းထားရဟန်တူကာ ကောင်းကင်ဘုံ အဆင့် ၈ သို့ ရောက်နေခဲ့ပြီ ဖြစ်၏။

" ဒုတိယအကြီးအကဲ ၊ နေ့တစ်ဝက်လောက်နဲ့တောင် အဲ့လောက် တိုးတက်မှုကြီး ရသွားခဲ့တာလား "

လောထျန်း အံ့အားသင့်သွားရသည်။

အချိန်နှင့်နေရာ ဗိမာန်၏ အကျိုးဆက်က ဤမျှ ကောင်းသတဲ့လား ။

" နေ့တစ်ဝက် .. ဟုတ်လား။ ကျုပ် အထဲမှာ ကျင့်ကြံနေတာ နှစ် ၅၀ တောင် ရှိသွားခဲ့ပြီဗျ "

ဒုတိယအကြီးကလည်း တအံ့တသြ ပြန်ပြော၏။

" ဘယ်လို .. "

လောထျန်းနှင့် ပန်းလင်တို့ နှစ်ယောက်လုံး အံ့အားသင့်ကုန်ကြသည်။

အပြင်တွင် နေ့တစ်ဝက်ခန့်သာ ရှိသေးသော်လည်း အထဲတွင် နှစ်ပေါင်း ၅၀ ကုန်သွားခဲ့သတဲ့လား ။

အချိန်နှင့် နေရာ ဗိမာန်၏ အချိန်ဆွဲဆန့်သည့် နှုန်းက သူ ထင်ထားသည်ထက်ပင် ပိုကောင်းနေခဲ့ပါသည်။

" နှစ်ငါးဆယ် အတွင်းမှာ တုကျဲ့ အဆင့် ၂ ကနေ ကောင်းကင်ဘုံ အဆင့် ၈ ကို ရောက်သွားတာ ဆိုတော့ တကယ်ကောင်းတာပဲ "

ပန်းလင်ကလည်း ခေါင်းညိတ်၍ ဆို၏။

ဒုတိယအကြီးအကဲက အပြုံးဖြင့် ပြန်ပြောလာသည်။

' သခင်မကြီး ပန်းလင် ၊ တကယ်ဆို ကျုပ်က ကျင့်ကြံခြင်းအဆင့် ပိုတက်ပြီး အဆုံးအစမဲ့ အဆင့်ကိုတောင် ရောက်အောင်လုပ်လို့ ရတယ်ဗျ "

" ဟင် ... အဲ့ဒါ ဘယ်လို အဓိပ္ပါယ်လဲ "

ပန်းလင် နားမရှင်း ဖြစ်သွား၏။

အဆုံးအစမဲ့ အဆင့်သိူ့ပင် ရောက်နိုင်သတဲ့လား ..

သို့ဆိုလျှင် ကောင်းကင်ဘုံအဆင့်၌ အဘယ့်ကြောင့် ဆက်ရှိနေရပါသနည်း ။

ဒုတိယအကြီးအကဲက လျှို့ဝှက်သည့် အပြုံးမျိုး ပြုံးကာ ပြန်ပြောသည်။

" ကျုပ် အထဲမှာ ရှိနေတဲ့အချိန် အများစုကို သခင်လေး သင်ပေးထားတဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဥ်ကိုပဲ လေ့ကျင့်နေခဲ့တာဗျ "

" ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဥ် ... အဲ့ဒါက ထိရောက်လို့လား "

ပန်းလင်က စိတ်ဝင်တစား ပြန်မေး၏။

ဒုတိယ အကြီးအကဲက ခေါင်းညိတ်ပြသည်။

" ဒါပေါ့ဗျ ၊ ဒီမှာကြည့် "

သူက ပြောပြောဆိုဆိုပင် သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

ဝုန်း ..

တခဏချင်းမှာပင် .. သူ့ကိုယ််မှ အစွမ်းထက် အရောင်အဝါတစ်ခု ထွက်ပေါ်လာ၏။

ဝီ ..

သူ့ကိုယ်ပေါ်တွင် မှိန်ဖျော့ဖျော့ ခရမ်းရောင် အလင်းတန်းတစ်ခုလည်း လင်းလက်လာပြီး ကြောက်မက်ဖွယ် ဖိအားတစ်ခုပါ တစ်ပါတည်း ထွက်ပေါ်လာသည်။

ထိုမျှမက ... သူ့ရုပ်သွင်မှာလည်း ပြန်လည်နုပျိုသွားကာ သူ့ရုပ်ရည် ပြာင်းလဲနေသည်ကို သာမာန်မျက်လုံးဖြင့်ပင် မြင်နေရပါ၏။ နောက်ဆုံးတွင်ကား အသက်သုံးဆယ်ခန့် အရွယ်တွင် သူ့ရုပ်ရည် ပြောင်းလဲမှု ရပ်တန့်သွားသည်။

လောထျန်းမှာ ၎င်းကို ကြည့်ရင်း အံ့အားသင့်နေသည်။

" အဲ့လို ... ဖြစ်နိုင်တယ်လား "

ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဥ်ကို ကျင့်ကြံရုံဖြင့် မိမိရုပ်သွင်ကို အသက်ငယ်ပိုသွားသယောင် လုပ်နိုင်သတဲ့လား ။

သူ့ဘေးတွင် ရှိနေသည့် ပန်းလင်မှာမူ ၎င်းကို အာရုံမစိုက်ဘဲ ဒုတိယအကြီးအကဲ၏ ကိုယ်မှ ထွက်နေသည့် ခရမ်းရောင် အလင်းတန်းကိုသာ အာရုံစိုက် ကြည့်နေ၏။

" ကြည့်ရတာ ခရမ်းရောင် အလင်းတန်းက ဒုတိယအကြီးအကဲရဲ့ ခန္ဓာကိုယ်ကို ကာကွယ်ပေးနေတဲ့ ပုံပဲ ။  ပြီးတော့ အသက်အစွမ်းလဲ အပြည့် ပါနေတာဆိုတော့ .. မဟုတ်မှလွဲရော ခရမ်းရောင်စက်ဝန်း ယွမ်ယင် ခန္ဓာကိုယ်များလား "

သူမ အသံတုန်တုန်ဖြင့် ပြောလာသည်။

" ဟင် .. အဲ့ဒါ ဘာကြီးလဲ "

လောထျန်းက ပြန်မေး၏။

ပန်းလင်က ပြန်ပြောသည်။

" အဲ့တာ အင်မတန် သန်မာပြီးတော့ ထူးခြားတဲ့ ခန္ဓာကိုယ်တစ်မျိုးပဲ သခင်လေး "

ထိုစကားကို ကြားသာအခါ လောထျန်း အနည်းငယ် အံ့အားသင့်သွားပြီး ထပ်မေး၏။

" ထူခြားတဲ့ ခန္ဓာကိုယ် ... ဘာတွေ ထူးခြားတာလဲ "

ပန်းလင်က ပြန်ဖြေသည်။

" ဒီ ခရမ်းရောင်စက်ဝန်း ယွမ်ယင် ခန္ဓာကိုယ်က အစွမ်းကို ပိုတိုးစေတဲ့အပြင် နောက်ထပ် ထူးခြားတဲ့ လက္ခဏာ နှစ်ခုလဲ ရှိသေးတယ်။ ပထမ တစ်ခုက ဒီခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့သူက အသက်အစွမ်း ပြည့်ဝတဲ့အတွက်ကြောင့်မို့ သာမာန်ထက် နှစ်ဆ ပိုပြီး အသက်ရှည်ကြတယ် "

လောထျန်း ခေါင်းညိတ်လိုက်သည်။

အသက်ရှည်ရှည် နေနိုင်ခြင်းက ကျင့်ကြံခြင်းအဆင့်တက်ရန် အခွင့်ကောင်းများ များများပိုရခြင်း ဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်ရာ ကျင့်ကြံသူတိုင်းအတွက် ထိပ်တန်းအဆင့် ခန္ဓာကိုယ် အမျိုးအစားဟု ပြော၍ရပါသည်။

" ဒုတိယ လက္ခဏာကတော့ ဒဏ်ရာတွေ ပြန်ကုသနိုင်တဲ့ အစွမ်းပဲ ။ ဒီခန္ဓာကိုယ်မျိုး ရှိထားတဲ့ သူတွေရဲ့ ဒဏ်ရာကုသနိုင်စွမ်းက အင်မတန်ကို ကြောက်စရာကောင်းတာ ။ သူတို့ရဲ့ ခြေတွေ လက်တွေ ကျိုးသွားရင်တောင် ချက်ချင်းဆိုသလို ပြန်ကောင်းနိုင်တယ် ။ ခေါင်းအဖြတ်ခံရတယ် ဆိုရင်တောင် အချိန်ယူပြီး ကုသတာနဲ့ လုံးဝ ပြန်ကောင်းနိုင်တဲ့အပြင် ခေါင်းတလုံးပါ အသစ်ပြန်ထွက်လာမှာနော် "

ပန်းလင်က ဆက်ပြောသည်။

" မသေမျိုး ခန္ဓာကိုယ်ပေါ့ .. "

လောထျန်းက တအံ့တသြ ထပ်မေး၏။

ပန်းလင်က ခေါင်းယမ်း၍ ပြန်ပြောသည်။

" မသေမျိုးခန္ဓာကိုယ်တော့ မဟုတ်ဘူး ။ ဒါပေမယ့် ဆင်တူတာတွေတော့ ရှိတယ် "

လောထျန်းမှာ ပန်းလင်စကားကို နားထောင်ကာ အံ့သြပြီးရင်း အံ့သြနေသည်။

" အဲ့လောက်နဲ့တောင် ကြောက်စရာ ကောင်းနေပြီလေ ။ ဒုတိယအကြီးအကဲ ၊ ဘယ်လို ကျင့်ကြံလိုက်တာလဲဟင် "

ဒုတိယအကြီးအကဲမှာလည်း ပန်းလင်စကားကို နားထောင်ပြီးမှသာ သူ့ခန္ဓာကိုယ်က မည်မျှ အစွမ်းထက်သည်ကို သိလိုက်ရသဖြင့် အံ့အားသင့်နေ၏။ သူ လောထျန်းအမေးကို ခေါင်းကုတ်၍သာ ကြောင်အအ ပြုံး၍ ပြန်ဖြေသည်။

" ကျုပ်က သခင်လေး သင်ပေးထားတဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဥ်ကိုပဲ ဒီတိုင်း လေ့ကျင့်ခဲ့တာ "

သူတို့စကားကို များကို ဘေးနားရပ်ကာ နားထောင်နေသည့် ပန်းလင်တစ်ယောက် နှုတ်ခမ်းမဲ့သွားသည်။

ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဥ်ကို ကျင့်ကြံရုံဖြင့် ထူးခြားသော ခန္ဓာကိုယ်ကို ရခဲ့သတဲ့လား ။

လောမိသားစုဝင်များ အားလုံးက လူထူးဆန်းတွေလား ..

ထိုစဥ် လောထျန်းက ဒုတိယအကြီးအကဲအား မနာလိုအားကျသည့် မျက်နှာဖြင့် ကြည့်နေရင်း ဆို၏။

" ခရမ်းရောင်စက်ဝန်း ယွမ်ယင်ခန္ဓာကိုယ်တဲ့လား .... အားကျလိုက်တာဗျာ "

ပန်းလင် ဆက်သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး ဝင်ပြောလိုက်သည်။

" သခင်လေးရဲ့ ခန္ဓာကိုယ်က သူ့ထက်တောင် အများကြီး ပိုကောင်းသေးတာလေ ။ ဘာတွေ အားကျနေတာလဲ "

လောထျန်း ကြောင်သွားပြီး အိုးတို့အမ်းတမ်း အပြုံးဖြင့် ပြန်ပြော၏။

" အဲ့ဒါလဲ ဟုတ်သားပဲ .. "

ထိုအချိန်မှာပင် ..

ဝုန်း ..

အချိန်နှင့်နေရာ ဗိမာန် အဝင်ဝ၌ အစွမ်းထက် အရောင်အဝါတစ်ခု ထွက်ပေါ်လာပြန်သည်။

" ဟား ဟား ..သခင်လေးရေ ၊ ကျုပ် ထွက်လာပြီ "

ဤတစ်ကြိမ် ထွက်လာသူမှာ ပထမအကြီးအကဲပင် ။

သူ့ကိုယ်မှ အရောင်အဝါ တစ်ခုလည်း တိုးထွက်နေပါ၏။

သူ ဘာမှ မလုပ်ဘဲ ရပ်နေသည့်တိုင် သူ့အရောင်အဝါက ပင်လယ်ကြီးတစ်ခုလို ကျယ်ပြောပြီး အဆုံးအစမဲ့နေသယောင် ရှိပါသည်။

ဘေးမှ ကြည့်နေသာ ပန်းလင်မှာ မနေနိုင်ဘဲ အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ရသည်။

" တော်တော်အစွမ်းထက်တဲ့ စိတ်စွမ်းအင်ပါလား .. ။ ပထမအကြီးအကဲ ၊ ဘယ်ကျင့်ကြံခြင်းအဆင့်ကို ရောက်သွားပြီလဲ "

ပထမအကြီးအကဲက ခပ်မြန်မြန် ပြန်ဖြေသည်။

" သခင်မကြီး ပန်းလင် ၊ ကျုပ်က အဆုံးအစမဲ့ အဆင့် ၁ ကို ရောက်သွားပြီဗျ "

" အဆုံးအစမဲ့ အဆင့် ၁ .. ဟုတ်လား "

ပန်းလင် အံ့သြတုန်လှုပ်သွားဟန် တူ၏။

" ဘာဖြစ်လို့လဲဗျ .. ဘာပြဿနာများ ရှိလို့လဲ "

ပထမ အကြီးအကဲက စိုးရိမ်တကြီး ပြန်မေးသည်။

ပန်းလင်က သက်ပြင်းချ၍ ​ဆို၏။

" ရှင့်ကိုယ်ထဲက စိတ်စွမ်းအင်က အဆုံးအစမဲ့ အဆင့် ၉ က လူတစ်ယောက်လောက် နီးနီးကို ကောင်းနေတယ်။ ပထမအကြီးအကဲ ဘာတွေ ကျင့်ကြံခဲ့တာလဲ "

ပထမအကြီးအကဲက အိုးတို့အတ ပြန်ဖြေသည်။

" ကျုပ်က ခန္ဓာကိုယ် ကျင့်စဥ်ကို သဘောကျတဲ့ ဒုတိယအကြီးအကဲလောက် မကောင်းသလို ဓားသိုင်းမှာ ပါရမီထူးချွန်တဲ့ မိသားစု ခေါင်းဆောင်ကြီးလောက်လဲ မကောင်းဘူးဗျ ။ ကျုပ် စိတ်ဝိဥာဥ် ပုလဲလုံးတွေ မြိုထားတဲ့အတွက် ကျင့်ကြံခြင်းနဲ့ ပတ်သက်လို့ တချို့တဝက် နားလည်ပေမယ့် ကျုပ်ရဲ့ ပါရမီကတော့ သာမာန်လောက်ပဲ ရှိတာ "

" ဒါ့ကြောင့်မို့ ကျုပ်က စိတ်စွမ်းအင်ပင်လယ်ကိုပဲ ပိုတိုးအောင် လုပ်ပြီး စိတ်စွမ်းအင်တွေ စုဆောင်းနေခဲ့တာ ။ ကျုပ်က ဘယ်လိုတွေးလိုက်လဲဆိုတော့ တခြားသူတွေက စိတ်စွမ်းအင် အမှတ် ၁ မှတ်လောက်နဲ့ လက်ဝါးသိုင်းတစ်ခု သုံးနိုင်တဲ့ အချိန်မှာ ကျုပ်က စိတ်စွမ်းအင်အမှတ် ၃ မှတ်လောက် သုံးနေရတာလေ ။ အဲ့တော့ တခြားသူတွေက အမြင့်ဆုံး စိတ်စွမ်းအင်အမှတ် ၁၀ မှတ် ရှိတယ်ဆို .. ကျုပ်က သူတို့နဲ့ ယှဥ်နိုင်အောင် စိတ်စွမ်းအင် အမှတ် ၃၀ ရှိနေရမှ ရမှာ "

" ဒါ့ကြောင့်မို့ ကျုပ်က စိတ်စွမ်းအင်တွေကို အကောင်းဆုံး ကြိုးစားပြီး စုစည်းခဲ့တာပဲ ။ အစွမ်းထက်မှလဲ အံ့သြစရာတွေကို လုပ်နိုင်မှာ မဟုတ်လားဗျ ။ သခင်မကြီး ပန်းလင် .. သခင်မကြီးက အသိပညာ ကြွယ်ဝပြီး အတွေ့အကြုံလဲ များတာဆိုတော့ .. အခု ကျုပ်ရဲ့ လက်ရှိ အခြေအနေကို ဘယ်လိုထင်လဲ "

ပထမအကြီးအကဲက ပန်းလင်အား အကြံဉာဏ်တောင်းခံသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ပန်းလင်တစ်ယောက် နှုတ်ခမ်းမဲ့သွားပြီး ပြောလာ၏။

" အကြီးအကဲ ပြောတဲ့အတိုင်း ပြောရမယ် ဆိုရင်တော့ သာမာန် အဆုံးအစမဲ့ အဆင့် ၁ က ကျင့်ကြံသူတစ်ယောက်မှာ စိတ်စွမ်းအင်အမှတ် ၁၀ မှတ် ရှိတယ်ဆိုရင် .. ရှင့်ဆီမှာက အခု စိတ်စွမ်းအင် အမှတ် ၇၀၀ ကျော်လောက် ရှိနေပြီ ... "

ထိုစကားကို ကြားသောအခါ ပထမ အကြီးအကဲ အံ့အားသင့်သွားပြီး ချက်ချင်း ဝမ်းပမ်းတသာ ပြောသည်။

" အဲ့လိုလား ... ဒါဆို ကျုပ် တခြားသူတွေထက် အစွမ်းမနိမ့်တော့ဘူးပေါ့ "

ပန်းလင် မျက်နှာကြီး ညိုသွားသည်။

တခြားသူတွေထက် အစွမ်းမနိမ့်တော့ဘူး တဲ့လား ။

ထိုစိတ်စွမ်းအင် ပမာဏနှင့် ဆိုပါက လူများကို လက်ဖြင့် ဖိပြီး သတ်ရန်ပင် လုံလောက်နေလေပြီ ။

" လူထူးဆန်း အရူးကြီးတွေ .. သူတို့အားလုံး လူထူးဆန်းတွေချည်းပဲ ။ အရမ်းကောင်းတဲ့ ကျင့်စဥ်မျိုး ရှိနေတယ် ဆိုရင်တောင် .. ဒါကြီးကတော့ လွန်လွန်းတယ် .. "

ပန်းလင် ခေါင်းယမ်းလိုက်သည်။

ထို့နောက်တွင်မူ အချိန်နှင့်နေရာ ဗိမာန်အတွင်းမှ လူများ တစ်ယောက်ပြီးတစ်ယောက် ထပ်ထွက်လာကြ၏။

သို့သော် ထိုလူများမှာ လောမိသားစုမှ လူငယ်အချို့နှင့် ပျောင်ပိုင်မြို့ထဲမှ လူငယ်များ ဖြစ်ပါသည်။

ထိုလူငယ် အများစုမှာ ဗိမာန်ထဲမှ ထွက်လာချိန်၌ ထုံရွှယ်အဆင့် ၊ သို့မဟုတ် ကွေ့ရှအဆင့်သို့ ရောက်နေခဲ့ကြပြီ ဖြစ်သည်။

သို့ဖြစ်ရာ ရှေ့မှ အကြီးအကဲ နှစ်ယောက်နှင့် ယှဥ်လျှင် သူတို့ကို သာမာနိဟုသာ ထင်ရပါ၏။

သို့သော် ၎င်းမှာ လောထျန်းတို့၏ အမြင်သာ ဖြစ်ပါသည်။

ထိုလူငယ်များအား ​ပျောင်ပိုင်မြို့ပြင်တွင်သာ ထားလိုက်ပါက အမြင်များ လုံးဝ ကွဲသွားပေမည် ။

ထိုလူငယ်အုပ်ထဲမှ မည်သူမဆို ယဲ့ဖုန်းနိုင်ငံတွင် ကိုယ်ပိုင် ဂိုဏ်းတစ်ခု တည်ထောင်နိုင်စွမ်း ရှိနေကြလေပြီ ။

ထိုလူငယ်အုပ် ထွက်လာပြီး မကြာခင်မှာပင် နောက်လူတစ်ယောက် ထပ်ထွက်လာကာ ဆူညံသံများ ပြန်ထွက်ပေါ်လာ၏။

ဝုန်း ..

ထိုလူ အချိန်နှင့်နေရာဗိမာန်အပြင်သို့ ခြေချလိုက်သည်နှင့် ကောင်းကင်ယံ၌ မိုးကြိုး တိမ်တိုက်များ လိမ့်တက်လာသည်။

" ဟင် .. ကောင်းကင်ဘု ပျက်စီးခြင်းကို ကျော်ဖြတ်တော့မှာပါလား "

အားလုံး အသိဝင်သွားကြသည်။

သို့သော် မည်သူကမျှ ဤမျှ ဂရုမစိုက်လှပါချေ။

ဗိမာန်ထဲတွင် တုကျဲ့အဆင့်သို့ ရောက်ခါနီးလူများ များစွာပင် ရှိနေရာ အကြီးအကဲတစ်ယောက်ယောက်က အပြင်ထွက်လာသည်နှင့် တုကျဲ့အဆင့် ရောက်သွားခြင်းက မထူးဆန်းလှပါ။

သို့သော် .. အချိန်နှင့်နေရာဗိမာန် တံခါးဝ၌ ပေါ်လာသူကို မြင်လိုက်ရသည့် အချိန်တွင်မူ အားလုံး အံ့သြမှင်သက်သွားကုန်၏။

" ဟင် .. လောရှောင်ရှောင်းပါလား ။ သူက ... တုကျဲ့အဆင့်ကိုတောင် ရောက်တော့မှာလား .. "

" သူက ငါ့ထက်တောင် အသက်ငယ်သေးတယ်လေ ။ ငါက ခုမှ ကွေ့ရှအဆင့်ပဲ ရောက်သေးတာ .. သူက တုကျဲ့အဆင့်ကိုတောင် ရောက်တော့မှာတဲ့လား "

အားလုံး ရင်ထဲ မမျှတ သလိုလည်း ခံစားလိုက်ကြရပါသည်။

All Chapters