← Chapters

လေထုကြီး ဖွင့်လှစ်ခြင်း

Vol. 26 Ch. 362

လေထုကြီး ဖွင့်လှစ်ခြင်း

Vol. 26 Ch. 362

" ကမ္ဘာသစ်တစ်ခု တည်ထောင်မယ် .. ဟုတ်လား ။ ဘယ်လိုတွေ လုပ်မလို့လဲ "

ပန်းလင်က လောထျန်းကို ကြည့်ကာ တအံ့တသြ မေးလာသည်။

လောထျန်းက အပြုံးဖြင့် ပြန်ပြော၏။

" ကျုပ် ပျောင်ပိုင်မြို့အတွက် လျှို့ဝှက်ဒေသတစ်ခု လုပ်မလို့ "

ထျန်းယွမ်တစ်ကမ္ဘာလုံးတွင် မဆိုထားဘိ ၊ မြောက်ပိုင်းဒေသမှ ယဲ့ဖုန်းနိုင်ငံ ကဲ့သို့ နိုင်ငံငယ်လေးတစ်ခုတွင်ပင် အဖွဲ့တိုင်းနီးပါး ကိုယ်ပိုင် လျှို့ဝှက်ဒေသများ ရှိကြပါသည်။ သူတို့၏ လျှို့ဝှက်ဒေသများက သေးငယ်သည့်တိုင် ရှိသည်ဟုမူ ပြော၍ ရပါသည်။

သို့သော် ပျောင်ပိုင်မြို့တွင်မူ လျှို့ဝှက်ဒေသ မရှိသေးရာ ..

အခြားသူများကို ပြောရန်ပင် ရှက်စရာကြီး မဟုတ်ပါလား ။

ပန်းလင်က ခေါင်းအသာညိတ်၏။

" အင်း ...  လျှို့ဝှက်ဒေသတစ်ခု ဖွင့်မယ်ဆို ဖွင့်လို့ရပါတယ် ။ လူငယ်တွေအတွက်  သူတို့အစွမ်းကို စမ်းသပ်စရာ နေရာတစ်ခုအဖြစ် သုံးလို့ရတာပေါ့။ သခင်လေးက လျှို့ဝှက်ဒေသကို ဘယ်လောက်ကြီးကြီး ဖွင့်ဖို့ စဥ်းစားထားတာလဲ "

လောထျန်းက ခေတ္တမျှ စဥ်းစားကာ ပြန်ဖြေသည်။

" အဲ့ဒါတော့ ကျုပ်လဲ မသိဘူးဗျ ။ ဒါပေမယ့် တခြား မြင့်မြတ်နယ်မြေတွေထက်တော့ သေးလို့ မဖြစ်ဘူးထင်တယ် ။ သေးနေရင် တခြားသူတွေကို ပြောပြတဲ့အခါ ပျောင်ပိုင်မြို့ မျက်နှာ ဘယ်နားသွားထားရမလဲ မသိဘဲ ဖြစ်သွားလိမ့်မယ် "

ပန်းလင် မျက်မှောင်ကြုံ့သွားပြီး ပြန်ပြော၏။

" သခင်လေးလောထျန်း ၊ အရမ်းကြီးတော့ ရည်မှန်းချက် မကြီးနဲ့ဦးနော် ။ တခြား မြင့်မြတ်နယ်မြေတွေရဲ့ လျှို့ဝှက်ဒေသတွေကိုက အရမ်း အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ တည်ထောင်ခဲ့ကြတာ ။ အဲ့နောက်ပိုင်းမှာလဲ နောက်မျိုးဆက်သစ်ထဲက အစွမ်းထက်တဲ့ သူတွေက နှစ်ထောင်ချီလောက် ဆက်တိုက် ပြုစုပျိုးထောင်လာပြီးမှ လျှို့ဝှက်ဒေသကြီး ဆိုပြီး ဖြစ်လာတာ ။ အခု သခင်လေးက အစွမ်းထက်တယ် ဆိုပေမယ့် ပျောင်ပိုင်မြို့ရဲ့ အခြေခံ အုတ်မြစ်က သိပ်ကောင်းတာ မဟုတ်ဘူးလေ "

" အဲ့တော့ လျှို့ဝှက်ဒေသတစ်ခု ဖွင့်မယ် ဆိုရင်တောင် အရမ်းအကြီးကြီးတော့ ဖွင့်ရဦးမှာ မဟုတ်ဘူး ။ ဒဏ္ဍာရီကျော် ကမ္ဘာမျိုူစေ့ ရှိထားရင်တော့ တစ်မျိုးပေါ့ ... "

သို့သော် သူမ ထိုသို့ပြောနေရင်း ၎င်းမှာ မဖြစ်နိုင်ဟု တွေးမိကာ ​ခေါင်းယမ်းလိုက်သည်။

" ထားလိုက်ပါ ။ ဘယ်လိုပဲ ဖြစ်ဖြစ် လျှို့ဝှက်ဒေသ အကြီးကြီးဖွင့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး "

သို့သော် ထိုစဥ် .. လောထျန်းက သူ့လက်ကို ရုတ်တရက် ယမ်းလိုက်သည်။ သူ့လက်ထဲတွင် အမဲရောင် ပုလဲလုံးတစ်ခု ပေါ်လာ၏။

ထိုပုလဲလုံး ပေါ်လာသည်နှင့် ၎င်းမှ အစွမ်းထက်သော အရောင်အဝါတစ်ခု ထွက်လာသည်။

ပန်းလင်မှာ ၎င်းကို တစ်ချက်ကြည့်ရုံဖြင့်ပင် အံ့သြမှင်သက်သွား၏။

" အဲ့ဒါ ကမ္ဘာမျိုးစေ့လား .... ဒါကို ဘယ်လိုလုပ်ပြီး ရခဲ့တာလဲ "

သူမ တအံ့တသြ မေးလိုက်သည်။

" အဲ့ဒါလား .. ကျုပ် နဂါးသင်္ချိုင်းမြေထဲမှာ ရှိနေတုန်းက မတော်တဆ ရသွားခဲ့တာ "

လောထျန်းက ပြန်ဖြေသည်။

" နဂါးသင်္ချိုင်းမြေ ... နဂါးသင်္ချိုင်းမြေထဲမှာ ကမ္ဘာမျိုးစေ့ ရှိတာလား .. "

ပန်းလင် အံ့အားသင့်သွားရပြန်၏။

ထို့နောက် သူမ ရုတ်တရက် နဂါးဥကို ကြည့်လိုက်မိပြီး ကမ္ဘာမျိုးစေ့အား တစ်လှည့်ထပ်ကြည့်ကာ သင်္ကာမကင်း ဖြစ်သွားသည်။

" သခင်လေး လောထျန်း ၊ ဒီတစ်ခေါက် နဂါးသင်္ချိုင်းမြေကို သွားတာ အတွေ့အကြုံယူဖို့ သွားခဲ့တာလား ။ တခြားသူရဲ့ အိမ်ကို ဓားပြတိုက်ဖို့ သွားခဲ့တာလား "

သူမ ကြိုသိနေသည့်အလား မေးလိုက်သည်။

လောထျန်း ဤခရီးမှ ရခဲ့သော ပစ္စည်းများက အလွန်ကြောက်စရာကောင်းနေသည် မဟုတ်ပါလား ။

ထိုစကားကို ကြားသောအခါ လောထျန်းက အိုးတို့အမ်းတမ်း ပြုံး၍ ပြန်ပြော၏။

" ဘယ်လိုလုပ် တခြားသူ အိမ်ကို ဓားပြတိုက်ရမှာလဲဗျာ ။ အဲ့လို ယဥ်ကျေးမှုမရှိတဲ့ အပြုအမူမျိုး ကျုပ် ဘယ်လို လုပ်နိုင်မှာလဲ "

ပန်းလင် ဆွံ့အသွားတော့သည်။ သူမ စိတ်ထဲတွင်လည်း .. " နင်နဲ့ နင့်မိသားစုက အရင်က အဲ့လိုမျိုးတွေ အများကြီး လုပ်ထားခဲ့တာ မဟုတ်ဘူးလား။ ဓားပြအမျိုးတွေ " ဟု တွေးလိုက်ပါ၏။

သို့သော် သူမ ထိုအကြောင်းကို စိတ်ထဲမှ ထုတ်ပြီး စကားဆက်လိုက်သည်။

" နဂါးသင်္ချိုင်းမြေကနေ ဒါတွေအပြင် တခြားဘာတွေ ရခဲ့သေးလဲ "

လောထျန်းက ခေတ္တမျှ စဥ်းစားကာ ပြန်ဖြေ၏။

" ဘာမှတော့ ထူးထုးခြားခြားကြီး မရှိပါဘူးဗျာ ။ မှော်လက်နက် ၄ ၊၅ ရာ လောက်ရယ် ၊ ကောင်းကင်ဘုံနဂါးရဲ့ သွေးတချို့ရယ် ၊ နဂါးသွေးအစစ် တစ်စက်ရယ် ၊ နဂါးကြေးခွံ တစ်ခုရယ် ၊ နဂါးအရိုးတွေရယ် ၊ နောက် .. နဂါးအမြုတေလုံး နည်းနည်းရယ် အဲ့ဒါပဲ "

ပန်းလင်မှာ သူ့စကားကို နားထောင်နေရင်း မျက်လုံး ပြူးသွားတော့သည်။

သူမသည် သွေးပင်အန်မတက်ခံစားးနေရ၏။

ထိုအရာများကပင် ကျုံ့ကျိုးဒေသမှ ထိပ်သီးဂိုဏ်းများနှင့် ယှဥ်၍ ရနေလေပြီ ။

" အိုး .. ဟုတ်သားပဲ ၊ ကျုပ်က နဂါးအရိုးတွေနဲ့ မှော်လက်နက်တွေအားလုံးကို ရောင်းပြီး စိတ်စွမ်းအင်ကျောက်တုံးတွေရယ် ၊ မသေမျိုးအဆင့် သိုင်းကျမ်းတွေရယ် နဲ့ လဲခဲ့သေးတယ် "

လောထျန်းက စကားဆက်သည်။

" ဒါ ... "

ပန်းလင် အလွန် အံ့အားသင့်သွားရပြန်၏။

အစောက ပျောင်ပိုင်မြို့၏ အခြေခံအုတ်မြစ်များ မကောင်းဟု သူမ ပြောခဲ့ပါသေးသည် ။

သို့သော် ... ယခုတွင်ကား ...

အစပိုင်းတွင် ပျောင်ပိုင်မြို့၌ သိုင်းပညာကျင့်စဥ်ကောင်းများ ရှားပါးပြီး ၊ အထူးသဖြင့် မသေမျိုးအဆင့် ကျင့်စဥ်များ လုံးဝ မရှိသေးသဖြင့် သူမ ထိုသို့ပြောခဲ့ခြင်း ဖြစ်ပါသည်။

ယခု လောထျန်း ခရီးမှ ရခဲ့သည့် ပစ္စည်းများမှာ ထိပ်တန်းအဆင့် မြင့်မြတ်နယ်မြေများလောက် မကောင်းသေးသည့်တိုင် ...

သိပ်မကွာလှတော့ပေ ။

" ဒါဆို .. အဲ့ဒါအကုန်ပဲလား ၊ ဘာထပ်ရှိသေးလဲ "

ပန်းလင်က မေးလိုက်သည်။

လောထျန်းက သူ့နဖူးသူ လက်ဖြင့် ပြန်ရိုက်ပြီး ပြောလာ၏။

" ဟာ .. ဟုတ်သားပဲ ၊ နောက်တစ်ခု ရှိသေးတယ် "

သူက ပြောပြောဆိုဆိုပင် ခြေသုံးချောင်းထောက် အရာတစ်ခုအား ထုတ်လိုက်သည်။

ပန်းလင်က ထိုအရာ သေးသေးလေးကို ကြည့်ကာ တအံ့တသြ မေး၏။

" အဲ့ဒါ ဘာကြီးလဲ "

လောထျန်းက ပြန်ပြောသည်။

" အဲ့ဒါ နဂါးကြီး ထျန်းလုံရဲ့ ရတနာတိုက်လေ ။ ကျုပ်ကြားတာတော့ ထျန်းလုံ တစ်ဘဝလုံး စုဆောင်းထားတဲ့ အဖိုးတန်ပစ္စည်းတွေအကုန် အဲ့ထဲမှာ ရှိတယ်တဲ့ "

" ဘယ်လို ... "

ပန်းလင်တစ်ယောက် မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

သူမ လောထျန်းအား မယုံနိုင်စွာ ကြည့်ကာ အသံတုန်တုန်ဖြင့် ပြော၏။

" ဒါ .. ဒဏ္ဍာရီကျော် ထျန်းလုံ ရတနာတိုက်လို့ ပြောလိုက်တာလား .. "

လောထျန်းက ခေါင်းညိတ်ပြသည်။

" ဟုတ်တယ်လေ .. ဘာဖြစ်လို့လဲ "

ပန်းလင် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။

" ဘာဖြစ်လို့လဲ .. ဟုတ်လား ၊ ဖြစ်တာပေါ့ .. အကြီးကြီးကို ဖြစ်တာ ။ ကျွန်မကြားဖူးတဲ့ သတင်းအရဆိုရင် ထျန်းလုံရတနာတိုက်ထဲက ပစ္စည်းတွေက ထျန်းယွမ်ကမ္ဘာကြီးမှာရှိတဲ့ ထိပ်တန်း မြင့်မြတ်နယ်မြေထက်တောင် သာသေးတယ်တဲ့ ။ ဒီဟာနဲ့ဆို ပျောင်ပိုင်မြို့ရဲ့ တိုးတက်မှုကို စိုးရိမ်စရာ မလိုတော့ဘူးလေ "

လောထျန်းက သက်ပြင်းချသည်။

" ဒါပေမယ့် .. ကျုပ် ဒီရတနာတိုက်ကို ဖွင့်လို့ မရသေးဘူးဗျ "

" ဟင် .. ဘာဖြစ်လို့လဲ "

ပန်းလင် ပြန်မေးလိုက်သည်။

" နဂါးကြီး ထျန်းလုံက ဒီထဲမှာ ကန့်သတ်ချက်တွေ ထားထားခဲ့တာ ။ ကျုပ် အားသုံးပြီး ဖွင့်ရင်တော့ ဖွင့်လို့ ရနိုင်တယ် ။ ဒါပေမယ့် အဲ့ကျရင် အထဲက ရတနာတွေ ထိခိုက်ပျက်စီးသွားနိုင်တယ်လေ။ အဲ့ကျ ကျုပ်အတွက် အရှုံးဖြစ်သွားမှာပေါ့ "

လောထျန်း ပြန်ပြော၏။

" ဒါဆို အဲ့ဒါကို ဖွင့်ဖို့ ဘာတွေ လိုတာလဲ ။ ကျွန်မတို့တွေ ဘာလုပ်ကြမလဲ "

ပန်းလင်က ရတနာတိုက်ကို ကြည့်ကာ စိတ်မ​ကောင်း ဖြစ်နေဟန်ဖြင့် မေးသည်။

လောထျန်းက အေးအေးဆေးဆေး ပြန်ဖြေ၏။

" ကျုပ် ဒီအတားအဆီးကို သေချာစစ်ဆေးကြည့်ပြီးသွားပြီ။ ဒါကို ဖွင့်ဖို့ ဆို ကောင်းကင်ဘုံ နဂါးတစ်ကောင်ရဲ့ သွေး လိုအပ်တယ် ။ တစ်နည်း ပြောရရင်တော့ ဟို နဂါးဥထဲက ကာင်လေး အကောင်ပေါက်လာမှပဲ ဖွင့်လို့ရမှာ "

နဂါးကြီး ထျန်းလုံက .. လောထျန်းအနေဖြင့် ရတနာများကိုသာ ယူပြီး နဂါးဥအား အကောင်ပေါက်အောင် မလုပ်ပေးမည်က်ု စိုးရိမ်သဖြင့် ထိုကန့်သတ်ချက်မျိုး ထားထားခဲ့ဟန်ပင် ။ လောထျန်းမှာလည်း သူ့စိုးရိမ်မှုကို နားလည်ပါ၏။

ထိုစကားကို ကြားသောအခါ ပန်းလင်က ရတနာတိုက်အား စိုက်ကြည့်ပြီး တံတွေးမျိုချ၍ ပြောလာသည်။

" အဲ့လိုဆိုရင်တော့ .. ဒီနဂါးဥကို အကောင်ပေါက်လာအောင် မဖြစ်မနေ လုပ်ရမယ် ။ ထျန်းလုံရဲ့ မျိုးဆက်ကို အသေခံလိုက်လို့ မဖြစ်ဘူးလေ "

" ကဲ .. လာ ၊ လျှို့ဝှက်ဒေသ ဖွင့်ဖို့ နေရာ လိုက်ရှာရအောင် ။ ကျွန်မမှာ ရှိသမျှ အစွမ်းကုန်သုံးပြီး သခင်လေးကို ကူညီပေးမယ် "

လောထျန်းက ဝမ်းသာအားရ ပြန်ပြော၏။

" ကျုပ် ဖွင့်ဖို့နေရာတော့ စဥ်းစားထားပြီးသွားပြီ ။ ပျောင်ပိုင်မြို့ရဲ့ မြောက်ပိုင်းမှာ ဖွင့်မယ်လေ "

" ကောင်းပြီ .. ဒါဆို သွားကြစို့ "

ပန်းလင်မှာ ထိုသို့ ပြောပြီးနောက် လောထျန်းကိုပင် မစောင့်နိုင်ဘဲ ပျောင်ပိုင်မြို့ မြောက်ပိုင်းသို့ ဦးဆောင် ထွက်လာခဲ့လိုက်သည်။

" ဒီ ကမ္ဘာမျိုးစေ့ကို ဘယ်လို သုံးရတာလဲဗျ "

လောထျန်းက မေးလာ၏။

" အဲ့ဒါက ရှင်းပါတယ် ။ သခင်လေးရဲ့ စိတ်စွမ်းအင်တွေကို မျိုးစေ့ထဲ ပို့လွှတ်ပြီး မျိုးစေ့ကနေ အရောင်လက်လာတာ စောင့်ရုံပဲ "

ပန်းလင်က ပြန်ဖြေသည်။

လောထျန်းက ခေါင်းညိတ်ပြီး ကမ္ဘာမျိုးစေ့ဆီသို့ လက်ညိုးညွှန်လိုက်၏။

ဝီ ...

ချက်ချင်း ဆိုသလိုပင် ကမ္ဘာမျိုးစေ့ပေါ်၌ ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး မျိုးစေ့က သေးငယ်သော နေလုံးတစ်ခုအဖြစ် ပြောင်းသွားတော့သည်။

" အဲ့လိုလား .. "

လောထျန်းမှာ နေလုံးမှ ထွက်နေသည့် စူးရှသော နေရောင်ကြောင့် မျက်လုံးများပင် ကျိန်းသွားပြီး ပန်းလင်ဘက် ခေါင်းလွှဲလိုက်ရ၏။

ဘေးတွင် ရပ်နေသည့် ပန်းလင်မှာလည်း ၎င်းကို ကြည့်ကာ အလွန်အံ့အားသင့်နေဟန် တူသည်။

သဘာဝ စိတ်ဝိဥာဥ်တစ်ယောက် ဖြစ်သည့် သူမသည် ကမ္ဘာမျိုးစေ့မှ လျှို့ဝှက်ဒေသတစ်ခု တည်ထောင်သည်ကို ယခင်ကလည်း မြင်ဖူးခဲ့ပြီး ဖြစ်ပါသည်။

သို့သော် သူမ မှတ်မိသလောက် ဆိုရပါက .. အစွမ်းထက်သော မသေမျိုးတစ်ယောက်အဖို့ပင် ပထမဆုံး အဆင့်ဖြစ်သည့် ကမ္ဘာမျိုးစေ့အား အရောင်လက်လာအောင် လုပ်ရန် အချိန်ကြာကြာ ယူကြရပါ၏။

ထို့ထက်ပို အရေးကြီးသည်မှာ သူတို့ လုပ်ပြီးသွားလျှင်ပင် ကမ္ဘာမျိုးစေ့မှ မှိန်ဖျော့ဖျော့ အလင်းတန်းသာ လင်းတတ်ခြင်း ဖြစ်ပါသည်။

လောထျန်း ကဲ့သို့ အရောင်တောက်ပြီး လင်းလက်လွန်းသော ကမ္ဘာမျိုးစေ့ကို သူမ မမြင်ဖူးခဲ့ပါ။

" အင်း .. အဲ့လောက်ဆို ရလောက်ပါပြီ ။ အခု သခင်လေးကို လျှို့ဝှက်နည်းလမ်းတစ်ခု သင်ပေးမယ် ။ ပြီးရင် အဲ့နည်းကို သုံးပြီးတော့ ဟင်းလင်းပြင်ကို ဖွင့် ၊ ပြီးရင် အထဲဝင်ပြီး တည်ငြိမ်တဲ့ လေထုကြီးတစ်ခုကို ဖွင့်ရမှာ ။ ဒီအဆင့်က အင်မတန် အန္တရာယ်များသလို အင်မတန်လဲ ခက်ခဲတယ် ။ ဒီတော့ မလောဘဲနဲ့ လေထုကို တည်ငြိမ်အောင် ဂရုစိုက်ပါ။ လေထု မတည်ငြိမ်ထားရင် နောက်ပိုင်းမှာ လျှို့ဝှက်ဒေသလဲ ပြိုကျသွားနိုင်တယ် "

ပန်းလင်က ထိုသို့ပြောကာ လောထျန်းအား လျှို့ဝှက်နည်းလမ်းကို သင်ပေးလိုက်သည်။

သို့သော် ဟင်းလင်းပြင်ထဲသို့ ဝင်နိုင်သည့်အချိန်မှာ အကန့်အသတ် ရှိသဖြင့် အသေးစိတ် အချက်များကိုမူ ပန်းလင် မပြောပြလိုက်ပါ။

ထို့အပြင် သူမ ပြောခဲ့သည့် တည်ငြိမ်သော လေထု၏ အရွယ်အစားမှာ ဆယ်ပေလောက် အရွယ်အစားကိုသာ ရည်ညွှန်းကြောင်းကိုလည်း ထည့်မပြောမိလိုက်ချေ။

ထို့နောက်တွင်မူ လောထျန်းက ခေါင်းအသာညိတ်ပြီး ပန်းလင်၏ ညွှန်ကြားချက်အတိုင်း ဟင်းလင်းပြင်ကို ဖွင့်ကာ အထဲသို့ ဝင်သွား၏။

လောထျန်း အထဲရောက်သည်နှင့် ဟင်းလင်းပြင် မတည်ငြိမ်မှုများနှင့် လေလှိုင်းကြီးများ သူ့ဆီသို့ အလုံးလိုက် အရင်းလိုက် လိမ့်ဝင်လာကြသည်။ သို့သော်  သူက အားလုံးကို လစ်လျူရှုထားကာ ပန်းလင်ပြောခဲ့သည့် နည်းအတိုင်း လေထုကို တည်ငြိမ်အောင် လုပ်လိုက်၏။

ထို့နောက်တွင်မူ သူ လက်နှစ်ဖက်ဖြင့် အစီအမံများ လုပ်လိုက်ရာ စိတ်စွမ်းအင်များ တခဏချင်း ပေါများလာပြီး  မတည်မငြိမ် ဖြစ်နေသော လေထုကို ဖယ်ရှား၍ လေထုအသစ်တစ်ခု စတင် ထွက်ပေါ်လာသည်။

" ပန်းလင် ပြောတာတော့ လေထုက ကြီးပြီး တည်ငြိမ်ရမယ်တဲ့ ။ ငါ အခုလုပ်ထားတဲ့ လေထုက ဆယ်ပေကျော်လောက်ပဲ ရှိဦးမှာ ။ဟူး .. လျှို့ဝှက်ဒေသတစ်ခု ဖွင့်ရတာလဲ တကယ်မလွယ်တဲ့ အလုပ်ပါလား ။ အချိန်ယူပြီး သေချာလုပ်ရုံပဲပေါ့ .. "

လောထျန်းက ထိုသို့ ရေရွတ်ကာ လေထုကို ထပ်ချဲ့လိုက်သည်။

All Chapters