← Chapters

နျိုထျဲ့ချူ၏ လက်တုန့်ပြန်ခြင်း

Vol. 26 Ch. 361

နျိုထျဲ့ချူ၏ လက်တုန့်ပြန်ခြင်း

Vol. 26 Ch. 361

ဗိမာန်တံခါးဝမှ လူကို ကြည့်ကာ လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

" အဲ့ဒါ သခင်မကြီး နျိုထျဲ့ချု မဟုတ်လား "

" ဟုတ်တယ် ၊ အဲ့ဒါ သခင်မကြီး နျိုထျဲ့ချုပဲ ။ ဒါပေမယ့် ဒီအရောင်အဝါက တစ်ခုခု ထူးခြားနေသလိုပဲ ။ ဘာလို့ အဲ့လောက် အစွမ်းထက်နေရတာပါလိမ့် "

" သူက အဆုံးအစမဲ့ အဆင့် ထိပ်ဆုံးကို ရောက်သွားခဲ့တာလား "

" မဟုတ်ဘူးကွ ၊ အဆုံးအစမဲ့အဆင့် မဟုတ်ဘူး ။ ဒါ ... ကောင်းကင်ဘုံ တံခါးဝအဆင့် ပဲဟေ့ .. ကောင်းကင်ဘုံ တံခါးဝအဆင့် "

" ဒါ .. တကယ်ကြီး ကောင်းကင်ဘုံ တံခါးဝ အဆင့်လား ။ ငါတို့ ပျောင်ပိုင်မြို့မှာ ကောင်းကင်ဘုံ တံခါးဝအဆင့်ကို ရောက်တဲ့သူ ရှိသွားပြီပေါ့ "

အာလုံးက ဝမ်းသာပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။

သူတို့ ပျောင်ပိုင်မြို့တွင် မိမိ၏ ကိုယ်ပိုင်အစွမ်းဖြင့် ကောင်းကင်ဘုံ တံခါးဝ အဆင့်သို့ ရောက်သွားနိုင်သူက ယခုမှ ပထမဆုံး ပေါ်လာခြင်း ဖြစ်ပါသည်။

ထို့ထက်ပို အရေးကြီးသည်မှာ နျိုထျဲ့ချူက သာမာန် ​ကောင်းကင်ဘုံ တံခါးဝအဆင့် ဟုတ်မနေခြင်းပင် ။

သူမသည် နတ်ဘုရားသားရဲတစ်ယောက် ဖြစ်သည့်အတွက် သူမ၏ သွေးအစွမ်းကလည်း အဆင့်တက်လာခဲ့၏။

ထို့အပြင် သူမက နဂါးအသွင်ပြောင်းနိုင်စွမ်းလည်း ရှိပါသေးသည်။

ထိုအရာများ အားလုံးကိုသာ ပေါင်းစပ်လိုက်ပါက ဤထျန်းယွမ် တစ်ကမ္ဘာလုံးရှိ ကောင်းကင်ဘုံ တံခါးဝအဆင့်  ကျင့်ကြံသူများထဲတွင် သူမနှင့် ယှဥ်နိုင်သူ အနည်းငယ်မျှသာ ရှိနိုင်ပါမည် ။

သို့ဖြစ်ရာ လူများ မပျော်ဘဲ မည်သို့ နေပါမည်နည်း ။

ထိုစဥ် နျိုထျဲ့ချူက လှစ်ခနဲ လှုပ်ရှားသွားပြီး လောထျန်းရှေ့ ရောက်လာကာ ဒူးတစ်ဖက် ထောက်လိုက်သည်။

" အကိုကြီးကို အရိုအသေ ပေးပါတယ် "

လောထျန်းက ခေါင်းညိတ်ပြပြီး ပြန်ပြောသည်။

" ပြန်ထပါ "

သို့သော် နျိုထျဲ့ချူက ပြန်မထသေးဘဲ စကားဆက်၏။

" အကိုကြီး ၊ ကျွန်မ တောင်းဆိုချင်တာ တစ်ခု ရှိတယ် "

လောထျန်းက သူမကို ကြည့်ကာ ပြန်မေးလိုက်သည်။

" လက်တုန့်ပြန်ချင်လို့လား .. "

နျိုထျဲ့ချူက ခေါင်းညိတ်ပြ၏။

" ဟုတ်ပါတယ် ။ အရင်ကတော့ ကျွန်မရဲ့ ရန်သူတွေက အရမ်းအစွမ်းထက်ပြီး ကျွန်မ အစွမ်းနိမ့်နေခဲ့တာမို့ ဘာမှ ပြန်မလုပ်နိုင်ဘဲ ရှက်ရှက်နဲ့ပဲ နေခဲ့ရပါတယ် "

" ဒါပေမယ့် အခုတော့ ကျွန်မ ပိုပြီး အစွမ်းထက်လာပြီမို့ လက်တုန့်ပြန်ချင်တဲ့ ဆန္ဒကို ထိန်းမရတော့ဘူး "

လောထျန်း မျက်မှောင်ကြုံ့သွားပြီး မေးသည်။

" မင်းတို့ ငါးရောင်ခြယ် နတ်နွားမျိုးနွယ်စုက ဘာတွေ ဖြစ်သွားခဲ့တာလဲ "

ထိုမေးခွန်းကို ကြားသည်နှင့် နျိုထျဲ့ချူ၏ မျက်လုံးများ နီရဲသွားကာ သူမ သိထားသမျှကို ပြောပြ၏။

သူမတို့ ငါးရောင်ခြယ် နတ်နွားမျိုးနွယ်စုမှာ ရှေးယခင်ကတည်းက တောင်ပိုင်းဒေသတွင် နေထိုင်လာခဲ့ကြပါသည်။

တောင်ပိုင်းဒေသမှ နတ်ဆိုးမျိုးနွယ်စု၏ ခေါင်းဆောင်မှာ ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်ဖြစ်သည့် နတ်ဆိုးသခင်ကြီး ယွမ်လင် ဖြစ်၏။

ငါးရောင်ခြယ် နတ်နွားမျိုးနွယ်စုကိုလည်း နတ်ဆိုးသခင်ကြီး ယွမ်လင်ကပင် ပိုင်ဆိုင်ခဲ့ပါသည်။

သူမတို့ မျိုးနွယ်စုမှာ အစပိုင်းတွင် ငြိမ်းငြိမ်းချမ်းချမ်းဖြင့်သာ နေထိုင်လာခဲ့ကြသည်။

သို့သော် နှစ်များစွာ အကြာကမူ ၊ ထျန်းကူဟုန် မိသားစုမှာ သခင်ကြီးတစ်ယောက်က နတ်ဆိုးသခင်ကြီး ယွမ်လင် ၏ ပိုင်နက်ထဲသို့အလည်အပတ် သွားရောက်ခဲ့၏။

ထိုသို့ အလည်ရောက်နေစဥ်အတွင်း ငါးရောင်ခြယ် နတ်နွားမျိုးနွယ်စုမှ ခေါင်းဆောင်နှင့် တွေ့သွားခဲ့ပါသည်။

သူတို့ နှစ်ဦးကြားတွင် မည်သို့ ဖြစ်ပျက်သွားခဲ့သည်ကိုမူ နျိုထျဲ့ချူ မသိပါချေ။

သို့သော် အတိုချုံ့ ပြောရလျှင် ငါး​ရောင်ခြယ်နတ်နွား မျိုးနွယ်စု ခေါင်းဆောင်ကြီးက ထျန်းကူဟုန် မိသားစုမှ သခင်ကြီးအား ဒေါသထွက်အောင် လုပ်သလို ဖြစ်သွားခဲ့ပြီး ထိုလူက ငါးခြောင်ခြယ်နတ်နွား မျိုးနွယ်စုမှ ကလေးငယ်ဆယ်ယောက်ကျော်ကို သူတို့ ခေါင်းဆောင်ကြီးရှေ့တွင်ပင် သတ်ပစ်ခဲ့သည်ဟု ဆိုသည်။

မျိုးနွယ်စု ခေါင်းဆောင်ကြီးကလည်း အလွန်ဒေါသထွက်သွားခဲ့ကာ ထိုသခင်ကြီး၏လက်တစ်ဖက်ကို ချိုးခဲ့၏။ ထိုသူကို ဝင်ကူရန် ကြိုးစားခဲ့သည့် မဟာအလင်းတန်းဂိုဏ်းမှ နတ်ဘုရားသားတော် တစ်ယောက်ကိုလည်း ဒဏ်ရာရသွားအောင် လုပ်ခဲ့သည်။

ထိုအချက်ကြောင့် အဓိက အဖွဲ့ကြီး နှစ်ခုဖြစ်သည့် ထျန်းကူဟုန် မိသားစုနှင့် မဟာအလင်းတန်းဂိုဏ်းက နတ်ဆိုးသခင်ကြီး ယွမ်လင်အား တစ်ပြိုင်နက်တည်း ဖိအားများ ပေးခဲ့ကြသည်။

သို့သော် နတ်ဆိုးမျိုးနွယ်စု၏ ခေါင်းဆောင် သခင်ကြီး ယွမ်လင် ကမူ ငါးခြောင်ခြယ်နတ်နွား မျိုးနွယ်စုကို ကာကွယ်ပေးရန် အစောကတည်းက လုံးဝ ဆန္ဒမရှိခဲ့ပေ ။ သူသည် အဖွဲ့ကြီး နှစ်ခုအား ငါး​ရောင်ခြယ်နတ်နွား မျိုးနွယ်စုကို စိတ်ကြိုက် ကိုင်တွယ်ရန်သာ ပြောခဲ့၏။

ဤသို့ဖြင့် အဓိက အဖွဲ့ကြီး နှစ်ခုကလည်း သနားညှာတာမှု လုံးဝ မရှိဘဲ ငါး​ရောင်ခြယ်နတ်နွား မျိုးနွယ်စု တစ်ခုလုံးနီးပါး ပြောင်သွားအောင် အမဲလိုက်ခဲ့ကြသည်။

အများစုမှာ အသတ်ခံခဲ့ကြရပြီး အသတ်မခံရသူ အချို့ဆိုလျှင်လည်း ဖမ်းဆီးချုပ်နှောင် ခံရကာ ကျွန်များအဖြစ် ခိုင်းစေခံရသူများ ရှိသလို ရိုက်ပုတ်နှိပ်စက် ခံကြရသူများလည်း ရှိ၏။

ထိုစဥ်က နျိုထျဲ့ချူနှင့် သူမ၏ သားတို့မှာ ငယ်ရွယ်ကာ အစွမ်းနိမ့်ကြသေးပါသည်။

ထို့ကြောင့် ရန်သူများ၏ အာရုံစိုက်ခြင်းကို မခံခဲ့ရချေ ။ ထို့နောက်တွင်မူ သူမက အလစ်ကို စောင့်ပြီး သူမ၏ သား ၊ နျိုဝူဖုန်းနှင့်အတူ  တောင်ပိုင်းဒေသမှ ထွက်ပြေးလာကာ မြောက်ပိုင်းသို့ လာခဲ့ကြ၏။ ပြီးမှသာ သူမတို့ မြောက်ပိုင်းဒေသတွင် အခြေချ နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

" အရင်ကတော့ ကျွန်မအတွက် ဒီဘဝမှာ လက်တုန့်ပြန်နိုင်မယ့် အခွင့်အရေး မရှိတော့ဘူးလို့ပဲ တွေးထားခဲ့တာ ။ ဒါပေမယ့် အခုတော့ မျှော်လင့်ချက် ပြန်ရသွားခဲ့ပြီ ။ ဒီနေ့တော့  အကိုကြီးကို ကျွန်မအတွက် လက်တုန့်ပြန်ပေးဖို့ မတောင်းဆိုတော့ဘူး ။ အဲ့အစား ကျွန်မနဲ့ နျိုဝူဖုန်းတို့ နှစ်ယာက်ကိုပဲ သွားပြီး လက်တုန့်ပြန်ခွင့်ပေးပါလို့ တောင်းဆိုပါရစေ "

နျိုထျဲ့ချူက မီးပွင့်ထွက်တော့မလို မျက်လုံးများဖြင့် ပြောလိုက်သည် ။

လောထျန်းက စကားဆုံးအောင် နားထောင်ကာ ခေါင်းအသာ ညိတ်၏။

" ငါ သဘောပေါက်ပါတယ် ။ တကယ်လဲ အဲ့လိုပဲ ဖြစ်သင့်တယ်ဆိုတာလဲ လက်ခံတယ် ။ ဒါပေမယ့် မင်းရဲ့ လက်ရှိအစွမ်းနဲ့ မလုံလောက်သေးဘူးကွ "

နျိုထျဲ့ချူ အံကြိတ်လိုက်သည်။

" ကျွန်မ သိပါတယ် အကိုကြီး ။ ဒါ့ကြောင့်မို့ ကျွန်မတို့အတွက် အချိန်နဲ့နေရာ ဗိမာန်ကို နောက်ထပ် အကြိမ်နည်းနည်းလောက် ထပ်ဖွင့်ပေးလို့ ရမလား ။ အချိန်သာ ပေးမယ်ဆိုရင် ကျွန်မရဲ့ ကိုယ်ပိုင်အစွမ်းနဲ့ မသေမျိုးအဆင့်ကို ရောက်သွားနိုင်မယ်လို့ ကျွန်မ ယုံကြည်တယ် ။ အဲ့ကျရင် ... "

သူမက စကားဆက်မပြောဘဲ ရပ်လိုက်သည့်တိုင် မည်သည့်အဓိပ္ပါယ် ဆိုသည်ကို ထိုနေရာတွင် ရှိနေကြသော လူများအားလုံး နားလည်လိုက်ကြသည်။

အားလုံး ခေါင်းတဆတ်ဆတ် ညိတ်လိုက်ကြ၏။

အကယ်၍ သူမသာ ကိုယ်ပိုင်အစွမ်းဖြင့် မသေမျိုးအဆင့်သို့ ရောက်သွားနိုင်မည် ဆိုပါက ...

နဂါးအသွင်ပြောင်းနိုင်သည့် နတ်ဘုရားသားရဲတစ်ကောင်က ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် ဖြစ်သွားလျှင် မည်မျှ အစွမ်းထက်သွားပါမည်နည်း ။

လက်တုန့်ပြန်ရန်အတွက်လည်း မျှော်လင့်ချက် ရှိသွားပေမည် ။

သို့သော် လောထျန်းကမူ ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုံ့သွားသည်။

" အချိန်နဲ့နေရာ ဗိမာန်ကို ထပ်ဖွင့်ဖို့ နောက်ထပ် တစ်နှစ်ခွဲလောက်ကို ကြာဦးမှာ "

သူ သက်ပြင်းချ၍ ဆိုလိုက်သည်။

" ဟင် .. ဘာဖြစ်လို့လဲ "

အားလုံး အံ့အားသင့်ကုန်ကြ၏။

လောထျန်းက သက်ပြင်းချပြီး အချိန်နှင့်နေရာ ဗိမာန်က  စိတ်စွမ်းအင်သွေးကြောကို ခမ်းခြောက်သွားအောင်  လုပ်မလို ဖြစ်သွားခဲ့သည့်အကြောင်းအား အတိုချုံ့  ရှင်းပြလိုက်သည်။

ထိုစကားကို ကြားသောအခါ အားလုံး စိတ်သက်သာရာ ရသွားကြဟန်လည်း ရှိသည်။

အလွန်အစွမ်းထက်သော အချိန်နှင့် နေရာ ဗိမာန်ကို စိတ်တိုင်းကျ သုံးနိုင်သည် ဆိုပါက ပြဿနာပင် မဟုတ်ပါလား ။

နျိုထျဲ့ချု၏ မျက်နှာပေါ်တွင်ကား စိတ်ပျက်နေသည့် အရိပ်အယောင် ပေါ်လာ၏။

၎င်းကို မြင်သောအခါ လောထျန်းက သူမ၏ ဦးချိုကို ပွတ်ပြီး နှစ်သိမ့်လိုက်သည်။

" စိတ်မပူပါနဲ့ ၊ ယောင်ချီ ညီလာခံ ပြီးသွားလို့ရှိရင် ဒီ စိတ်စွမ်းအင်ပြဿနာကို ဖြေရှင်းနိုင်မယ့်နည်းလမ်း ရှာပေးပါ့မယ် "

ထိုတခဏတွင် လောထျန်း စိတ်ဆုံးဖြတ်လိုက်တော့၏။ ယောင်ချီ ညီလာခံ ပြီးသွားပါက သူ တောင်ပိုင်းဒေသနှင့် ကျုံ့ကျိုးသို့ သွားလိုက်ပါမည် ။ အဆိုးဆုံး ဆိုလျှင်ပင် .. သူ ထိုဒေသများမှ အရှိန်ကျလာသည့် မြင့်မြတ်နယ်မြေအချို့ကို ဓားပြတိုက်ကာ သူတို့ထံမှ စိတ်စွမ်းအင်သွေးကြောအား ပျောင်ပိုင်မြို့သို့ ခေါ်လာရန်သာ ရှိပါတော့သည်။

သူ့စကားကို ကြားသောအခါ နျိုထျဲ့ချူ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သည့် အရိပ်အယောင်များ ပြန်ပေါ်လာ၏။ ထို့နောက် သူမ လောထျန်းအား သေသေချာချာ အရိုအသေပေးပြီး နျိုဝူဖုန်းကို ခေါ်ကာ ဆုမီတောင်သို့ ကျင့်ကြံရန် ထွက်ခွာသွားသည်။

ထို့နောက်တွင်မူ လောထျန်းက အားလုံးကို အိမ်ကိုယ်စီပြန်ပြီး အနားယူကြရန် ပြော၏။

အားလုံး ကျင့်ကြံခဲ့သည့် အချိန်က သူ ထင်ထားသည်ထက် ပိုကြာသွားခဲ့သည် မဟုတ်ပါလား ။

ဤသို့ဖြင့် အားလုံး ထွက်သွားကြပြီး နောက် ..

လောထျန်းက ရုတ်တရက် သူ့နဖူးသူ လက်ဝါးဖြင့် ပြန်ရိုက်လိုက်သည်။

" ဟာ...ငါ တစ်ခု မေ့သွားတယ်ကွာ "

သူ့ဘေးနားမှ ပန်းလင်က တအံ့တသြ မေး၏။

" ဘာဖြစ်လို့လဲ သခင်လေး "

လောထျန်းက မျက်မှောင်ကြုံ့၍ ပြန်ပြောသည်။

" ဗိမာန် ဖွင့်တုန်းက နဂါးဥကို အထဲမှာ တစ်ခါတည်း ထည့်လိုက်ရမှာ ။ အဲ့လိုဆို ခုချိန် အကောင်ပေါက်ရင် ပေါက်နေလောက်ပြီ "

ထိုစကားကို ကြားသောအခါ ပန်းလင်က ခေါင်းယမ်း၍ ပြောလာ၏။

" မပေါက်လောက်သေးဘူး သခင်လေးရဲ့ "

" ဟင် .. ဘာဖြစ်လို့လဲ "

လောထျန်း အံ့အားသင့်သွားရသည်။

ပန်းလင်က ရှင်းပြ၏။

" ဒီ နဂါးဥက နဂါးကြီး ထျန်းလုံ သေသွားပြီးကတည်းက အချိန်နဲ့နေရာ ဗိမာန်ထဲကို ရောက်နေတာဆိုတော့ နှစ်တွေ သောင်းချီပြီးတော့တောင် ကြာသွားခဲ့ပြီလေ ။အဲ့လောက်အကြာကြီး နေတာတောင် အကောင်မပေါက်တာ နှစ်ငါးဆယ်တည်းနဲ့ ဘယ်လို ပေါက်မှာလဲ "

ထိုအချိန်မှသာ လောထျန်း လန့်သွားတော့သည်။

" ဟုတ်သားပဲ ။ ဒါဆို တကယ်လို့ ဒီ နဂါးဥကသာ အကောင်မပေါက်နိုင်ဘူးဆိုရင် ကျုပ် ဘာဆက်လုပ်ရမလဲ "

ပန်းလင်က မျက်မှောင်ကြုံ့ပြီး ပြန်ပြော၏။

" ကျွန်မ နဂါးမျိုးနွယ်အကြောင်း နည်းနည်းတော့ သိတယ် ။ ပုံမှန်ဆိုရင်တော့ နဂါးဥကနေ အကောင်ပေါက်ဖို့  ထူးခြားတဲ့ အခွင့်ကောင်းမျိုးတွေ လိုအပ်တယ် "

" ထူးခြားတဲ့ အခွင့်ကောင်းတွေ ..ဟုတ်လား ။ ဥပမာလေး ပြောပြပါဦး "

လောထျန်း မေးလိုက်သည်။

" ဥပမာ ပြောရရင် စိတ်စွမ်းအင်သွေးကြောတို့လို စိတ်စွမ်းအင် ကြွယ်ဝတဲ့ဟာတွေ ၊ ဒါမှမဟုတ် တခြား သဘာဝ ရတနာတွေပေါ့ ။ ဒါမှမဟုတ် မိခင်နဂါးရဲ့ အငွေ့အသက် တို့ ... ။ အကောင်ပေါက်ဖို့ လိုအပ်တဲ့ အကြောင်းရင်းတွေတော့ အများကြီး ရှိတတ်တယ် ။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ အထဲက နဂါးက အစွမ်းထက်လေလေ ၊ အကောင်ပေါက်ဖို့ ပိုခက်လေလေပဲ "

" ကျွန်မ သခင်လေးရဲ့ နဂါးဥကို မြင်ပြီးသွားပြီ ။  ခုထိ အကောင်မပေါက်သေးတာတောင် အဲ့ဥကနေ ထွက်နေတဲ့ ဖိအားက ကြောက်စရာကောင်းလွန်းလို့ ကျွန်မတောင် ကြောက်ရတဲ့အထိပဲ။ ဒီနဂါးဥကိုသာ အကောင်ပေါက်စေချင်ရင် ကောင်းကင်ဘုံ တုန်ခါသွားလောက်တဲ့ အခွင့်ကောင်းမျိုး လိုမယ်နဲ့တူတယ် "

ပန်းလင်၏ စကားဆုံးအောင် နားထောင်ပြီးသွားသောအခါ လောထျန်းက ခေါင်းညိတ်၍ ဆို၏။

" ကောင်းပြီဗျာ  ၊ ဒါဆို .. ကျုပ် ကမ္ဘာသစ်တစ်ခု တည်ထောင်မယ် "

All Chapters