ကျုပ် အကောင်းဆုံးတော့ ကြိုးစားခဲ့တာပဲ
Vol. 26 Ch. 363
လောထျန်းက လက်ဖြင့် အစီအမံများ အဆက်မပြတ် လုပ်ပြီး စိတ်စွမ်းအင်များ ထုတ်လွှတ်လိုက်ရာ လေထုမှာလည်း ချက်ချင်းပင် ကြီးမားလာသည်။
ဤသို့ဖြင့် အချိန်တိုအတွင်းမှာပင် သူ ဖန်တီးထားသော လေထုက ပေတစ်ထောင်ခန့် အကျယ်အဝန်း ဖြစ်သွားခဲ့၏။
၎င်းကို ကြည့်ကာ လောထျန်း မျက်မှောင်ကြုံ့သွားရသည်။
" အဲ့လောက်တောင် နှေးတာလား ။ နတ်ဘုရားမြို့တော်နဲ့ နဂါးသင်္ချိုင်းမြေတို့ နဲ့များ ကွာပါ့ကွာ ။ အဲ့ လျှို့ဝှက်ဒေသတွေဆိုရင် ယဲ့ဖုန်းနိုင်ငံနဲ့တောင် အရွယ်အစားချင်း ယှဥ်လို့ရတယ် ။ အခု ငါ့မှာတော့ ပေတစ်ထောင်လောက်ပဲ ရှိသေးတာ ။ ကြည့်ရတာ .. ငါ ပညာရပ်အားလုံးမှာတော့ မကောင်းဘူးနဲ့ တူပါတယ် ။ လျှို့ဝှက်ဒေသ ဖွင့်တဲ့နေရာမှာ တခြားဟာတွေထက် တော်တော်ညံ့သေးတာပဲ "
လောထျန်း သက်ပြင်းရှည်ကြီး ချလိုက်သည်။
သို့သော် သူ စိတ်ပျက်သွားရသည့်တိုင် အားမလျှော့ပါချေ ။ ပို၍ပင် တက်ကြွလာပါသေး၏။
" ဘဝဆိုတာ အမြဲတမ်းတော့ မသာယာနိုင်ဘူးလေ ။ ငါ့မှာ ပါရမီ မရှိဘူးဆိုတော့ .. ကြိုးကြိုးစားစားပဲ လုပ်ရုံပေါ့ "
လောထျန်း ထိုသို့တွေးကာ ဆုံးဖြတ်ချက် ချလိုက်တော့သည်။
" အင်း .. ခုဟာက ဘာမှမရှိသေးဘဲ ပြောင်ကြီး ဖြစ်နေတော့ .. နည်းနည်း ရုပ်ဆိုးလွန်းနေတယ် "
သူ ဘေးပတ်လည်သို့ ဝေ့ဝဲကြည့်လိုက်ရာ သူ ဖွင့်ထားခဲ့သော လေထု၏ အစွန်နားလေးတွင် ဖုန်မှုန့်များ စုနေသည်ကို တွေ့သွားသည်။
" ဟင် .. အဲ့နားလေးမှာ မြေကြီးတွေ ရှိနေပါလား ။ အဲ့ဒါတွေကို စုပြီး တောင်တစ်လုံး အရင်လုပ်လိုက်မယ် "
သူ ထိုသို့တွေးကာ လက်ဆန့်ထုတ်ပြီး လေထုအပြင်ဘက်မှ ဖုန်မှုန့်နှင့် မြေမှုန့်များ အားလုံးကို ယူလိုက်သည်။ ထို့နောက် ၎င်းတို့အား ခပ်မြန်မြန် စုပုံထားလိုက်ရာ တခဏအကြာမှာပင် ဆယ်ပေခန့် အမြင့်ရှိသည့် တောင်တစ်လုံး ပေါ်လာ၏။
" အင်း .. စိတ်ဝင်စားစရာတော့ ကောင်းသားပဲ "
လောထျန်း ခေါင်းအသာ ညိတ်လိုက်သည်။
ထို့နောက် သူ ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်ရာ အပြင်ဘက် လေထုမတည်ငြိမ်မှုများကြားထဲ၌ အားကောင်းသော အစွမ်းတစ်ခု ရှိနေသည်ကို သတိထားမိသွား၏။
" ဟင် .. အဲ့ဒါ ဘာတွေလဲ "
လောထျန်း လန့်သွားပြီး ဆုံးဖြတ်ချက် မြန်မြန်ချလိုက်သည်။
ထို့နောက်တွင်ကား .. ဟင်းလင်းပြင်ထဲမှ တစ်ခုနှင့်တစ်ခု ရစ်ပတ်နေသည့် အဝါရောင်နှင့် အမဲရောင် အရောင်အဝါနှစ်ခု သူ့လက်ထဲ ရောက်လာ၏။
" ဒါ .. ဘာတွေလဲ "
လောထျန်း အံ့အား သင့်သွားရသည်။
ထိုစဥ်မှာပင် ရုတ်တရက် သူ့လက်ထဲမှ အရောင်အဝါနှစ်ခု ပျောက်ကွယ်သွား၏။
ဝုန်း ...
တစ်ချိန်တည်းမှာပင် သူ ဖွင့်ထားခဲ့သည့် လေထုက ပိုတည်ငြိမ်ကာ ပိုလည်း အစွမ်းထက်လာသည်။
" ဟင် .. ဒီဟာက အဲ့လိုအစွမ်းမျိုး ရှိတာလား "
လောထျန်း၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားကြသည်။ ထို့နောက် သူ့စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်၍ အနီးတဝိုက် ဟင်းလင်းပြင်အား စစ်ဆေးကြည့်လိုက်၏။
ထိုစစ်ဆေးမှုမှာ သူ့အတွက် အပန်းကြီးလှသော အရာ မဟုတ်ပါချေ ။
ထို့နောက်တွင်ကား သူ ဖွင့်ထားသော လေထု၏ အပြင်ဘက်မှ မတည်မငြိမ် ဖြစ်နေသည့်ဟင်းလင်းပြင်ထဲတွင် အစောကကဲ့သို့ အမဲရောင်နှင့် အဝါရောင် အရာများ များစွာပင် ရှိနေသည်ကို တွေ့လိုက်သဖြင့် သူ အံ့အားသင့်သွားရပြန်သည်။
ထိုအရာများအပြင် ဟင်းလင်းပြင်ထဲ မျောလွင့်နေကြသည့် အခြား အစွမ်းထက်သော အရောင်အဝါများလည်း ရှိနေပါသေးသည်။
" အင်း .. ပန်းလင် ပြောတာတော့ အပြင်ဘက် ဟင်းလင်းပြင်ထဲက အရောင်အဝါကို စုပ်ယူပြီး လေထုကို တည်ငြိမ်အောင် လုပ်တဲ့နေရာမှာ သုံးလို့ရတယ်တဲ့ ။ သူက ဒါကို ရည်ရွယ်ပြီး ပြောတာထင်တယ် ။ ဟား ဟား .. ငါ နောက်ဆုံးတော့ နည်းနည်းလေး နားလည်လာပြီ "
၎င်းကို ကြည့်ကာ လောထျန်း စိတ်လှုပ်ရှားသွား၏။
" ကဲ .. အလုပ်စလိုက်ကြမယ် "
နည်းလမ်းရှာတွေ့သွားပြီဟု မှတ်ယူကာ လောထျန်း ချက်ချင်းပင် အလုပ်စလိုက်သည်။
ထို့နောက် သူ လေထုကို ဆက်ချဲ့လိုက်ပြီး ထိုသို့ လုပ်နေရင်းတွင်လည်း အပြင်ဘက် ဟင်းလင်းပြင်ထဲမှ ဖုန်မှုန့်များ ၊ မြေကြီးများ နှင့် အစွမ်းထက် အရောင်အဝါတို့ကို ယူကာ လေထုကို မွမ်းမံလိုက်ပါသေး၏။
သို့သော် သူ မသိလိုက်သည့် အချက်မှာ ..
သူ ထိုသို့ လေထုကို ကြိုးစားပြီး တည်ဆောက်နေချိန်တွင် မဟာအလင်းတန်းဂိုဏ်းရှိ တားမြစ်နေရာ၌ .. လူတစ်ယောက်က အံ့သြတုန်လှုပ်နေဟန်ဖြင့် မျက်လုံးများ ဖွင့်လာခြင်းပင် ။
" ဘာတွေ ဖြစ်နေတာလဲ ။ ကမ္ဘာပတ်လမ်းကို ပြောင်းလဲအောင် ဘယ်သူက လုပ်နေတာလဲ "
မဟာအလင်းတန်းဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးက ထိုင်နေရာမှ ချက်ချင်း ထရပ်၏။
" ဟို ကျုံ့ကျိုးက ကောင်တွေရဲ့ လက်ချက်များလား ။ ဒါလဲ မဖြစ်နိုင်ပါဘူးလေ .. သူတို့မှာ အဲ့လိုလုပ်နိုင်တဲ့ အစွမ်းမျိုး မရှိနိုင်ဘူး ။ ထျန်းမင်ကမ္ဘာမှာ .. တစ်ခုခု ဖြစ်သွားလို့များလား "
" ဟုတ်တယ် ၊ ထျန်းမင်ကမ္ဘာက အစွမ်းထက်တဲ့ ကျင့်ကြံသူ တစ်ယောက်ယောက်ကြောင့်ပဲ ဖြစ်ရမယ် ။ သူက ငါ အခြေအနေ မဟန်တာကို သိသွားလို့ သူ့ဘက်က စပြီး လှုပ်ရှားလိုက်တာနဲ့တူတယ် ။ ဒါပေမယ့် .. ကမ္ဘာပတ်လမ်းကို ပြောင်းသွားစေတဲ့ ဒီ အစွမ်းက ကြောက်စရာ ကောင်းလိုက်တာ "
" ဟားဟား .. ကျုံ့ကျိုးက ကောင်တွေက ဒီအစွမ်းနဲ့ ယှဥ်တိုက်ဖို့တောင် ကြိုးစားခဲ့ကြတာပေါ့ ။ ဒီကောင်တွေက ကိုယ့်ကိုကိုယ် သေကြောင်း ကြံလိုက်ကြတာပဲ "
" ဟား ဟား .. ထျန်းမင်ကမ္ဘာသာ ရောက်လာရင်တော့ ဒီ ထျန်းယွမ်ကမ္ဘာက သေချာပေါက် ဖျက်ဆီးခံရပြီ ။ ဒါပေမယ့် ငါတို့ မဟာအလင်းတန်းဂိုဏ်းက ဦးဆောင်ပြီး လမ်းပြပေးမယ့်သူတွေဆိုတော့ ထျန်းယွမ်ကမ္ဘာမှာ တစ်သက်လုံး နေနိုင်သွားကြမှာပဲ "
" မဖြစ်သေးဘူး ၊ ထျန်းယွမ်ကမ္ဘာရဲ့ ကမ္ဘာပတ်လမ်းကို ပြောင်းဖို့ ဆက်ကြိုးစားမှ ဖြစ်မယ် ။ ဒါမှ ထျန်းမင်ကမ္ဘာက သခင်ကြီးတွေက ငါ ဘယ်လောက် ကြိုးစားအားထုတ်ထားတယ်ဆိုတာ သိကြမှာ "
သူ ထိုသို့တွေးကာ မျက်နှာကြီး တည်သွားသည်။
တဖက်ရှိ ပျောင်ပိုင်မြို့၌ ...
" ဆယ်ရက်ကျော်လောက် ကြာသွားခဲ့တာတောင် လောထျန်းက ခုထိ ထွက်မလာသေးပါလား ။ ကြည့်ရတာ လျှို့ဝှက်ဒေသတစ်ခု ဖွင့်ဖို့က သူ့အတွက် အဲ့လောက် မလွယ်ဘူးနဲ့တူတယ် "
ပန်းလင်က မြို့ပြင်တွင် စောင့်ကြပ်နေရင်း လောထျန်း ဝင်သွားခဲ့သည့် လေထုနေရာကို ကြည့်ကာ စိုးရိမ်စိတ်ဖြင့် ရေရွတ်လိုက်သည်။
" ဘယ်တတ်နိုင်မလဲလေ ။ ဒီတစ်ခေါက် အလုပ်မဖြစ်လို့ ရှိရင်တော့ ငါကိုယ်တိုင်ပဲ ဝင်လုပ်လိုက်မယ် ။ ငါက အရမ်းကောင်းတဲ့အထဲ မပါဘူး ဆိုပေမယ့် သာမာန် လျှို့ဝှက်ဒေသတစ်ခုတော့ အေးအေးဆေးဆေး လုပ်နိုင်တာပဲ "
သူမ ဆက်ပြောလိုက်သည်။
ထိုအချိန်မှာပင် ..
ဝုန်း ..
သူမ ရှေ့ရှိ လေထုက ပြင်းထန်စွာ တုန်ခါလာသည်။
ထို့နောက်တွင်မူ သူမရှေ့တွင် လောထျန်း ပေါ်လာ၏။
" ဟင် .. သခင်လေး လောထျန်း ၊ ဘာတွေ ဖြစ်သွားခဲ့တာလဲ "
သူ့ကို ကြည့်ကာ ပန်းလင် အံ့အားသင့်သွားရသည်။
သူမ လောထျန်းကို စသိခဲ့သည့် အချိန်မှစ၍ သူ ယခုလောက် ပင်ပန်းနွမ်းနယ်နေသည့် ပုံမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပါ ။
" ကျုပ် ဘာမှ မဖြစ်ပါဘူးဗျာ ၊ အဆင်ပြေပါတယ် ။ ဒါပေမယ့် လျှို့ဝှက်ဒေသတစ်ခု ဖွင့်ရတာ တော်တော်ကြီးကို ခက်တာပဲဗျ ။ ဟိုဘီလူးကြီးတွေက ဘယ်လို လုပ်ခဲ့ကြလဲ မသိတော့ပါဘူး "
လောထျန်းက လက်ကာပြကာ ပြန်ပြောသည်။
၎င်းကို မြင်သောအခါ ပန်းလင် အနည်းငယ် စိတ်ဓာတ်ကျနေဟန် ဖြစ်သွား၏။
" ဘယ်တတ်နိုင်မလဲလေ ၊ ပညာရပ် အသစ်တစ်ခုကို သင်ယူတဲ့အခါ အချိန်တော့ ပေးရတတ်တာပဲ ။ ပြီးတော့ ကိုယ် ပါရမီပါတဲ့ ပညာရပ်နဲ့ မပါတဲ့ ပညာရပ်တွေလဲ ရှိသေးတယ် ။ သခင်လေးက ပါရမီရှင်တစ်ယောက် ဆိုပေမယ့် အရာအားလုံးကိုတော့ ဘယ်ကျွမ်းကျင်နိုင်ပါ့မလဲ ၊ ဟုတ်တယ်မလား "
ထို့နောက် သူမ စကားခနရပ်ပြီးမှ မေးလိုက်သည်။
" အခု လေထုဖွင့်ထားတာ ဘယ်လို အခြေအနေ ရှိလဲ "
လောထျန်းက သက်ပြင်းချ၏။
" သေသေချာချာ ကြိုးစားပြီး နောက်ဆုံးတော့ ပြီးသွားပါပြီဗျာ ။ ကျုပ် လုပ်ထားတာ အရမ်းတော့ မကြီးဘူး ဆိုပေမယ့် လုံလောက်မယ်လို့တော့ ထင်တာပဲ "
ပန်းလင်စိတ်ထဲ တွေးလိုက်သည်။
" လုံလောက်တယ် တဲ့လား .. ၊ အင်း .. ဆယ်ပေ အကျယ်အဝန်းလောက်ပဲ ဖြစ်မှာပါလေ ။ ဆယ်ရက်လောက်အတွင်းမှာ ဆယ်ပေလောက် ရှိတဲ့ တည်ငြိမ်တဲ့ လေထုတစ်ခု ဖွင့်နိုင်တာဆိုတော့ အရမ်းကောင်းတယ်လို့ ပြောလို့မရပေမယ့် လက်ခံနိုင်စရာတော့ ရှိပါတယ် "
" ကဲ .. ဒါဆို ဝင်ကြည့်ကြစို့လေ ။ တစ်ခုခု လွဲနေတာ ရှိရင်လဲ ကျွန်မ ပြင်ပေးမယ် "
ပန်းလင်က အပြုံးဖြင့် ဆိုလိုက်သည်။
" ကောင်းပါပြီဗျာ "
လောထျန်းက ခေါင်းညိတ်ပြီး သူမကိုခေါ်ကာ လေထု လျှောက်လမ်းထဲ ဝင်လိုက်သည်။
ထို့နောက် .. ဖွင့်ထားသော လေထုထဲ ရောက်သည့်အချိန်တွင်မူ ပန်းလင်တစ်ယောက် အံ့သြမှင်သက်သွားတော့၏။
" ဟင် ... "
သူမ မျက်စိရှ့မှ လေထုမှာ အဆုံးသတ်ပင် ပျောက်နေပါသည်။
" အခု ဘယ်ကို ရောက်နေတာလဲ ... "
ပန်းလင်က ခေါင်းလှည့်ကာ သူမဘေးမှ လောထျန်းအား တအံ့တသြ ကြည့်လိုက်သည်။ သူမ ခေါင်းထဲတွင်လည်း အတွေးတစ်ခု ဝင်လာ၏။
" ကျုပ် ဖွင့်ထားတဲ့ လေထုထဲကို ရောက်နေတာလေ ။ သိပ်မကြီးဘူး ဆိုပေမယ့် ကျုပ် အကောင်းဆုံးတော့ ကြိုးစားခဲ့တာပဲဗျာ "
လောထျန်းက စိတ်ပျက်လက်ပျက် ဖြစ်နေဟန်ဖြင့် ပြန်ပြောသည်။
ပန်းလင်က ဘေးပတ်လည်သို့ လှည့်ကြည့်လိုက်ပြီးနောက် လောထျန်းကို တစ်လှည့် ထပ်ကြည့်၍ မေး၏။
" ဒီ လေထုက ဘယ်လောက် ကျယ်လဲ "
လောထျန်းက ခေတ္တမျှ စဥ်းစားကာ ပြန်ဖြေသည်။
" အင်း .. အကျယ်အဝန်းကတော့ ပတ်ပတ်လည် မိုင် ၂ ထောင်လောက် ရှိမယ် ။ အမြင့်ကတော့ မိုင် ၅၀၀ လောက် ရှိမယ်ဗျ "
ထို့နောက် သူ ပန်းလင်အား အပြစ်ရှိသလို ခံစားနေရသည့် မျက်နှာလေးဖြင့် ရုတ်တရက် ကြည့်ကာ မေးလာ၏။
" အဲ့လောက်နဲ့ လုံလောက်နိုင်မလား ... "
ဂလု ..
ပန်းလင်မှာ မည်သို့ ပြန်ပြောရမည် မသိတော့ဘဲ တံတွေးကိုသာ ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။
သူမသည် အစောကတည်းက ဆယ်ပေအကျယ်အဝန်းလောက်ကိုသာ ရည်ရွယ် ပြောခဲ့ခြင်း ဖြစ်ပြီး ...
လောထျန်း အနေဖြင့် ဆယ်ပေခန့် ကျယ်သော လေထုတစ်ခု ဖွင့်နိုင်လျှင်ပင် လုံလောက်ပြီဟု တွေးထားခဲ့ပါသည်။
သို့သော် ..လောထျန်းက ယခုလို ကြီးမားသော လေထုကြီး တစ်ခု ဖွင့်နေလိမ့်မည်ဟု သူမ မည်သို့ ထင်မိပါမည်နည်း ။
လောထျန်းက လျှို့ဝှက်ဒေသ ဖွင့်ရာတွင် သိပ်မကောင်း ဆိုသည့် သူမ၏ မူလအတွေးမှာလည်း မှားယွင်းနေခဲ့လေပြီ ။
ထိုလူက ဤပညာရပ်တွင်လည်း ဘီလူးတစ်ကောင် ဖြစ်နေဆဲပင် ။
သူ့လုပ်နိုင်စွမ်းက သူမ ထင်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့နေပြီဖြစ်သည် ။
သူမ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဥ်မှာပင် ခပ်လှမ်းလှမ်းတွင် ရှိနေသော ပေထောင်ချီ အမြင့်ရှိသည့် တောင်ကြီးတစ်လုံးကို တွေ့သွား၏။ ၎င်းကို သူမ ရင်းနှီးနေသကဲ့သို့လည်း ခံစားလိုက်ရသည်။
" ခဏ ... သခင်လေး အဲ့တောင်ကို ဘယ်လို လုပ်ခဲ့တာလဲ "
ပန်းလင် ရုတ်တရက် မေးလိုက်သည်။
" အဲ့ဒါလား .. လေထုအပြင်ဘက်က မတည်မငြိမ် ဖြစ်နေတဲ့ ဟင်းလင်းပြင်ထဲကနေ ကျုပ် ဆွဲယူပြီးလုပ်ထားတာ "
လောထျန်း ပြန်ပြောသည်။
သို့သော် သူ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားဟန်ဖြင့် အလန့်တကြား ထပ်ပြောလာ၏။
" အဲ့လို ယူလို့ မရဘူးလားဟင် ။ ဒါဆို ကျုပ် အခု လွင့်ပစ်လိုက်မယ် "
သုက ပြောပြောဆိုဆိုပင် လှုပ်ရှားရန် ပြင်လိုက်သည်။
" မလုပ်နဲ့ ... "
ပန်းလင်က အသည်းအသန် အော်ပြီး တား၏။
" အဲ့ဒါတွေကို ပစ်လို့မရဘူး ။ ဖုန်မှုန့်လေး တစ်မှုန့်တောင် လွင့်ပစ်လို့ မဖြစ်ဘူး ။ အဲ့ဒါတွေ အကုန်လုံးက အဖိုးတန် ရတနာတွေ "
သူမ အသံကျယ်ကြီးဖြင့် အော်လိုက်သည်။