စစ်ဦးစီးမှူး အသစ်လား
Vol. 6 Ch. 526
စုန့်ချွဲက အေးစက်စက်ရယ်မောလိုက်ပြီး ဤအကြိမ်တွင် ပိုင်ရှောင်ချန်းကို ဆယ်ကြိမ်မက အနိုင်ယူနိုင်ပြီဟု ယုံကြည်နေတော့သည်။ သူ၏ခြေထောက်ဖြင့် နင်းခံထားရသော ပိုင်ရှောင်ချန်းမှာ သူ့အား သနားညှာတာပေးရန် တောင်းပန်နေသည့် ပုံရိပ်ကြီးကိုပင် သူက စိတ်ကူးယဥ်နေတော့သည်။
" မင်းကိုယ်မင်း ငါ့ဦးလေးဆိုပြီး ခေါ်ရဲတယ်ပေါ့။ အေး ဒီအချိန်တော့ မင်းငါ့ကို အဘိုးလို့ပြန်ခေါ်စေရမယ်ဟေ့။ "
သနားစဖွယ် အော်ဟစ်နေသည့် ပိုင်ရှောင်ချန်း၏ပုံရိပ်ကို တွေးတောမိလိုက်တိုင်း စုန့်ချွဲ၏ နှလုံးသားများမှာ နှစ်လိုဖွယ်ကောင်းသော နွေးထွေးမှုများနှင့် ပြည့်သွားရစမြဲပင်။
မဟာတံတိုင်းမြို့တော်ထဲရှိ ပိုင်ရှောင်ချန်း၏ စွန့်စားမှုများအကြောင်းကို သူ လုံးဝမကြားမိပေ။ ကမ္ဘာကြီးဆီမှ သုံးနှစ်တာတိတိ အဆက်ပြတ်နေပြီးနောက် သူက ပြောင်းလဲနေသော ကိစ္စရပ်များကို လုံးဝမသိပဲ မဟာတံတိုင်းဆီသို့သာ အပြေးလာခဲ့သည်။
စုန့်ချွဲမှာ ဝင့်ကြွားမှုများဖုံးလွှမ်းနေသည့် စိတ်နှလုံးဖြင့် မဟာတံတိုင်းဆီသို့ ရောက်ရှိသွားပြီး ဧရာမ မန္တန်အစီအရင်ဒိုင်းကာကြီး ကို ကြည့်လိုက်လေသည်။ သူနှင့်သူ၏အဖွဲ့မှာ ဒိုင်းကာအနားသို့မရောက်ခင် သတ်ဖြတ်လိုသောစိတ်များဖြင့် ပြည့်နှက်နေသည့် အေးစက်စက်အကြည့်များက သူတို့ကို ဝိုင်းကြည့်နေကြတော့သည်။
ထို့နောက် မဟာတံတိုင်းဆီမှ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။
" ဘယ်သူလဲ "
စုန့်ချွဲ၏ အမူအရာမှာ ပြောင်းလဲသွားပြီး သူ၏စိတ်နှလုံးထဲရှိ မာန်မာနကို ချုပ်တည်းကာ ရပ်တန့်လိုက်သည်။ မဟာတံတိုင်းအပြင်ဘက်တွင် သူမည်မျှပင် အံ့သြဖွယ်ကောင်းလောက်အောင် တော်နေစေကာမူ ယခုတွင် တံတိုင်းကြီးဆီသို့ပြန်ရောက်လာပြီဖြစ်၍ စိတ်ထင်တိုင်း မပြုမူရဲတော့ပေ။
စစ်တပ်ငါးတပ်ကို ရန်စနိုင်သည့် အရည်အချင်းမျိုး သူ့မှာ မရှိသည် မဟုတ်ပါလော။ သူ၏နောက်ဘက်တွင်ပါလာသည့် သူ၏အဖော်နှစ်ယောက်မှာလည်း ဖြူဆုတ်နေသည့်မျက်နှာများဖြင့် ရပ်တန့်လိုက်ကြသည်။
စုန့်ချွဲက လက်နှစ်ကိုရိုသေစွာယှက်လိုက်ပြီး အော်ပြောလိုက်သည်။
" ကျုပ် စုန့်ချွဲပါ။ ကျုပ် ရောင်းရင်းမိတ်ဆွေနှစ်ယောက်ကလည်း ဒီဂိုဏ်းရဲ့ ဂိုဏ်းသားတွေပါပဲ။ တံတိုင်းအပြင်ဘက်မှာ တာဝန်ထမ်းဆောင်ရာကနေ ပြန်လာတာဖြစ်ပြီး အခုတံတိုင်းထဲဝင်ချင်လို့ပါ။ "
စောစောက မဟာတံတိုင်းဆီမှ မေးခွန်းထုတ်လိုက်သူမှာ တာဝန်ကျနေသည့် ကျောက်လုံဖြစ်သည်။ သူသည် အရေခွံဆုတ်တပ်၏ အမှတ်သုံးတပ်ရင်းမှ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ပိုင်ရှောင်ချန်း၏ ကိုယ်ပိုင်အစောင့်အရှောက် တစ်ယောက်လည်း ဖြစ်သည်။ ယခုအချိန်တွင် ပိုင်ရှောင်ချန်းက တံခါးပိတ်ကျင့်ကြံနေသဖြင့် အမှတ်သုံးတပ်ရင်း၏ ကိစ္စရေးရာ အားလုံးနီးပါးကို သူနှင့် အခြား တပ်မှူးကြီး ဆယ်ယောက်က တာဝန်ယူထားသည်။
ကျောက်လုံက စုန့်ချွဲနှင့် သူ၏အဖော်များကို လှမ်းကြည့်လိုက်ပြီး တစ်ခဏအကြာတွင် သူ၏အကြည့်များမှာ ပျော့ပြောင်းသွားတော့သည်။ ပိုင်ရှောင်ချန်းမှာလည်း ဤလက်ရွေးစင်များနည်းတူ ထိုဂိုဏ်းဌာနချုပ်မှလာသည်ကို သူက သိထားသဖြင့် သူတို့အားလုံးမှာ အချင်းချင်း သိကျွမ်းနေကြလိမ့်မည်ဟု တွေးလိုက်သည်။ ထို့ကြောင့် သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး ထိုအုပ်စု၏ အမှတ်အသားဆွဲပြားများနှင့် ခရီးသွားလာခွင့်မှတ်တမ်းများကို စစ်ဆေးရန် သိမ်းဆည်းလိုက်သည်။
ကျောက်လုံက သူကိုယ်တိုင် ထိုအမှတ်အသားဆွဲပြားများကိုကြည့်၍ လျှို့ဝှက်ပညာတစ်ခု သုံးလိုက်သောအခါ သံသယဖြစ်စရာ မရှိကြောင်း သိလိုက်ရသည်။ ထို့နောက် မဟာတံတိုင်းဆီမှ ထွက်ခွာသူတိုင်း လိုအပ်သည့် ခရီးသွားလာခွင့် မှတ်တမ်းများဖြစ်သော ကျောက်စိမ်းပေလွှာများကို စစ်ဆေးလိုက်သည်။ ကျင့်ကြံသူတစ်ယောက် အပြင်သို့ထွက်တိုင်း တာဝန်ကျနေသည့် တပ်မှ တပ်သားများက ထို ခရီးသွားလာခွင့် မှတ်တမ်းများတွင် တံဆိပ်တုံး ထုနှိပ်ပေးရသည်။ ပြန်ရောက်လာသောအခါတွင်မူ မတူညီသော အခြားစစ်တပ်တစ်ခုမှ စစ်သားတစ်ယောက်သာ တာဝန်ကျနေပါက ထိုခွင့်ပြုချက်မှတ်တမ်းကို မူလ စစ်တပ်ဆီသို့ပြန်ပို့ကာ မှန်၊မမှန် စစ်ဆေးခိုင်းရသည်။
သို့သော် သူတို့၏ တံဆိပ်များမှာ အရေခွံဆုတ်တပ်၏ အမှတ်သုံးတပ်ရင်းမှ ဖြစ်သည်ကို ကျောက်လုံက ကြည့်လိုက်သည်နှင့် သိလိုက်သည်။ မတူညီသည့် တစ်ခုထဲသောအချက်မှာ ထိုတံဆိပ်များသည် ယခင် စစ်ဦးစီးမှူး လက်ထက်က ထုနှိပ်ပေးထားသည့် အချက်သာဖြစ်သည်။ စစ်တပ်ငါးတပ်၏ စည်းမျဥ်းများအရ အသစ်တစ်ယောက် တက်လာတိုင်း တံဆိပ်အသစ်များကို ဖန်တီးရသည်။
ကျောက်လုံက မော့ကြည့်ပြီး ဆိုလိုက်သည်။
" မင်းတို့ရဲ့ အမှတ်အသားဆွဲပြားတွေက အစစ်တွေပဲ။ ဒါပေမဲ့ ငါသတိတစ်ခုပေးရဦးမယ်။ မင်းတို့မြို့ထဲကို ဝင်တာနဲ့ မန္တန်အစီအရင်တွေက မင်းတို့ရဲ့ အမှတ်အသားဆွဲပြားတွေကို စစ်ဆေးဦးမှာ။ မင်းတို့ရဲ့ ပုံစံအစစ်အမှန်က ဆွဲပြားထဲက အချက်အလက်တွေနဲ့ မကိုက်ညီတာပဲ ြဖစ်ဖြစ်၊ မင်းတို့က အယောင်ဆောင်ထားတာပဲ ဖြစ်ဖြစ်၊ ဝိညာဥ်တစ်ကောင်ကောင် ပူးခံထားရတာပဲ ဖြစ်ဖြစ် ချက်ချင်း ဇီဝိန်ချုပ်သွားမှာနော်။ "
စုန့်ချွဲနှင့် သူ၏အဖော်များမှာ အနည်းငယ်အံ့အားသင့်သွားကြသော်လည်း အပြန်အလှန်ကြည့်လိုက်ကြပြီးနောက် ခေါင်းညိတ်ကာ ရှေ့ဆက်လိုက်ကြသည်။ အပြင်ထွက်ပြီးနောက် တံတိုင်းထဲသို့ပြန်ဝင်သည်မှာ သူတို့အတွက် ယခုသည် ပထမဆုံးအကြိမ်ဖြစ်နေသဖြင့် မစိုးရိမ်ပဲ မနေနိုင်ချေ။ တံတိုင်းပေါ်ရှိ သတ်ဖြတ်လိုသောအေးစက်စက် မျက်ဝန်းပေါင်းများစွာကာ သူတို့ကို ဝိုင်း၍ကြည့်နေကြသည် မဟုတ်ပါလော။
မကြာမီ သူတို့သည် မန္တန်အစီအရင်များကို ကျော်ဖြတ်လိုက်ကြတော့သည်။ တုန်ရီနေသည့် အခိုးအငွေ့များက သူတို့ကို စေ့စပ်စွာ စစ်ဆေးလိုက်ပြီးနောက် ပျောက်ကွယ်သွားသည်။ ထို့နောက် သူတို့က မဟာတံတိုင်း၏ အခြေသို့ရောက်နေကြောင်း သိလိုက်ရသည်။
စုန့်ချွဲမှာ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်ကာ တံတိုင်းထိပ်ရှိ လူရိပ်များကို မော့ကြည့်လိုက်ပြီး စစ်တပ်ငါးတပ်ထဲသို့ ဝင်ရောက်လိုစိတ်များ တဖွားဖွား ပေါ်ထွက်လာသည်။
တံတိုင်းအပြင်ဘက်တွင် သူဆောင်ရွက်ခဲ့သည့် ရင်သပ်ရှုမောဖွယ်ရာကိစ္စများစွာပြီးနောက် စစ်တပ်ငါးတပ်ထဲသို့ ဝင်ရသည်မှာ သူ၏အမြင်တွင် ဆိုးရွားသောရွေးချယ်မှုတစ်ခုမဟုတ်သည်သာမက အလွန်ခက်ခဲလှသော အရာကြီးတစ်ခုဟုလည်း မမြင်တော့ပေ။
ထိုအုပ်စုက မန္တန်အစီအရင်များကို အခက်အခဲ မရှိ ကျော်ဖြတ်သွားနိုင်သည်ကို မြင်လိုက်သောအခါ ကျောက်လုံက မသိမသာပြုံးလိုက်ပြီး တံခါးဖွင့်ပေးရန် အမိန့်ပေးလိုက်သည်။ ထိုအဖွဲ့က တံခါးထဲသို့ ဝင်ရောက်သွားသောအခါ ကျောက်လုံက သူတို့ကို အခြားတဖက်တွင် စောင့်နေသည်။
ကျောက်လုံက လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်ပြီး ပြုံး၍ ဆိုလိုက်သည်။
“ ဒီလို စစ်ဆေးရတာတွေက လုပ်ထုံးလုပ်နည်းအရကြောင့်ပါ။ တာအိုရောင်းရင်းတို့ ဗွေမယူပါနဲ့။ "
အနည်းငယ်ကြာပြီးနောက် သူ၏အကြည့်မှာ ထိုအဖွဲ့ထဲမှ စွမ်းအားအကြီးဆုံးဖြစ်ပြီး သူ၏စစ်တပ်ထဲသို့ ထည့်သွင်းရန် အသင့်တော်ဆုံးဖြစ်သည့် စုန့်ချွဲပေါ်သို့ ရောက်သွားတော့သည်။
စုန့်ချွဲမှာလည်း ပြန်၍ ပြုံးပြလိုက်သည်။ ကျောက်လုံက သူ့အား သေချာအကဲခတ်နေသည်ကို သူက သိသဖြင့် ကျေနပ်နေတော့သည်။ ကျောက်လုံက ပုံမှန်တပ်သားတစ်ယောက်မဟုတ်သည်မှာ သိသာနေပြီး စုန့်ချွဲက ရိုသေလေးစားစွာဖြင့် လက်နှစ်ဖက်ဆုပ်ကာ ဖော်ဖော်ရွေရွေ ဆက်ဆံလိုက်လေသည်။ ခဏအကြာတွင် သူတို့မှာ နာမည်များပင် အပြန်အလှန် မိတ်ဆက်လိုက်ကြသည်။
ယခုတွင် သူတို့က တစ်ယောက်ကိုတစ်ယောက် ပိုမို သိသွားကြပြီ ဖြစ်သဖြင့် ကျောက်လုံက မေးလိုက်သည်။
" ညီလေး စုန့်ရေ။ အရေခွံဆုတ်တပ်ထဲ ဝင်ဖို့ မင်း စိတ်ဝင်စားလား။ "
" အမ် "
စုန့်ချွဲမှာ ထိုမေးခွန်းကြောင့် အလွန်အမင်း ကျေနပ်ပျော်ရွှင်သွားပါသော်လည်း သူ၏မျက်နှာပေါ်တွင် တွေဝေနေသည့် အမူအရာပေါ်လာစေရန် ဟန်ဆောင်လိုက်သည်။
ကျောက်လုံ၏ အမြင်တွင် စုန့်ချွဲသည် အရည်အချင်း ရှိသော လူတစ်ယောက်ဖြစ်၍ ပိုင်ရှောင်ချန်းအတွက် စုန့်ချွဲအား စစ်တပ်ထဲသို့ ဝင်စေချင်နေသည်။ သူက နွေးထွေးသော အမူအရာဖြင့် ဆက်ပြောလိုက်သည်။
" မပူပါနဲ့။ မင်း ချက်ချင်းဆုံးဖြတ်ချက်ချစရာ မလိုပါဘူး။ အချိန်ပေးပြီး သေချာစဥ်းစားပြီးမှ ငါ့ကို အဖြေပြန်ပေးပေါ့။ ဒါနဲ့ မင်းတို့သုံးယောက်စလုံး မင်းတို့ရဲ့ ခရီးသွားခွင့် မှတ်တမ်းတံဆိပ်တွေကို အသစ်ပြန်လုပ်ဖို့လိုသေးတယ်နော်။ "
" မင်းတို့ရဲ့ လက်ရှိတံဆိပ်က ငါတို့ရဲ့ အမှတ်သုံး တပ်ရင်းကဆိုပေမဲ့ အခုက စစ်ဦးစီးမှူး အသစ် တစ်ယောက် ပြောင်းသွားပြီ။ မင်းတို့သုံးယောက်စလုံး မြို့စောင့်တပ်ဆီ လိုက်ခဲ့ပြီး မင်းတို့ရဲ့တံဆိပ်တုံးတွေကို အသစ်လုပ်ရမှာ။ "
" စစ်ဦးစီးမှူး အသစ်တစ်ယောက် ဟုတ်လား။ "
စုန့်ချွဲက အလန့်တကြား ရေရွတ်လိုက်သည်။ သူ၏ အဖော်နှစ်ယောက်မှာလည်း တစ်ယောက်ကိုတစ်ယောက် အထိတ်တလန့် ကြည့်နေကြသည်။ မဟာတံတိုင်းအကြောင်းကို သူတို့က ကောင်းကောင်း မသိပါသော်လည်း စစ်ဦးစီးမှူး များမှာ အလွန်အရေးပါသော လူများဖြစ်ကြသည်ကိုတော့ သိကြသဖြင့် ဤသို့ ရာထူးအပြောင်းအလဲမျိုးမှာ နေ့စဥ်နေ့တိုင်း ဖြစ်လေ့ဖြစ်ထ မရှိသော အရာတစ်ခုဖြစ်ကြောင်းကို သူတို့က သိသည်။
စုန့်ချွဲမှာ စိတ်လိုက်မာန်ပါ မလုပ်ရဲတော့ပေ။ သူက ကျောက်လုံနှင့် ပုံမှန်အတိုင်း စကားပြောရဲဆိုရဲရှိပါသော်လည်း စစ်ဦးစီးမှူး တစ်ယောက်ကို စိတ်ကွက်စေမည့်အရာလေးတစ်ခုပင် မလုပ်ရဲပေ။ မဟာတံတိုင်းကို အသက်ပေး၍ကာကွယ်နေကြသည့် စစ်တပ်ငါးတပ်၏ ကျင့်ကြံသူများမှာ ကြောက်စရာကောင်းသောလူများဖြစ်ကြောင်းကို သူကသိသည်။ သူတို့၏ စစ်ဦးစီးမှူး များမှာ ပို၍ပင်ကြောက်စရာကောင်းသည့် ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါစေနိုင်သည့် လူများဖြစ်ကြသည်။
စုန့်ချွဲမှာ သူ့ကိုယ်သူ လက်ရွေးစင်တစ်ယောက်ဟု သတ်မှတ်ထားပါသော်လည်း စစ်ဦးစီးမှူး တစ်ယောက်၏ ရှေ့တွင် သူသည် ပိုးကောင်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေမည်ဖြစ်သည်။ စစ်ဦးစီးမှူး တစ်ယောက်ဖြစ်ရခြင်းဆိုသော အတွေးတစ်ခုထဲနှင့်ပင် သူက သက်ပြင်းချနေမိတော့သည်။
" တစ်နေ့ကျရင် စုန့်ချွဲဆိုတဲ့ငါက အဲဒီလိုအဆင့်အတန်း မြင့်မားတဲ့ စစ်ဦးစီးမှူး ဆိုတဲ့နေရာကြီးကို ရောက်များရောက်နိုင်မလား မသိဘူး။ "
ထိုသို့သောအတွေးများကြောင့် သူက အနည်းငယ် စိတ်ဓာတ်ကျသွားရပါသော်လည်း အကောင်းဘက်မှကြိုးစား၍ ကြည့်ပြီး စစ်ဦးစီးမှူး တစ်ယောက် ဖြစ်ရလောက်အောင် စွမ်းအားမကြီးသေးသည့်တိုင် သူ၏မျိုးဆက်ထဲရှိ လူတိုင်းထက် များစွာ သာလွန်နေသည်ဟု မှတ်ယူလိုက်လေသည်။ ပိုင်ရှောင်ချန်းကို တွေ့သည်နှင့် ခြေထောက်ဖြင့်နင်းခြေနိုင်မည့် အခွင့်အရေးကြီးကိုလည်း သူ စောင့်မျှော်နေတော့သည်။ ထိုအချိန်ရောက်လျှင် ပိုင်ရှောင်ချန်းအား စစ်မှန်သော လက်ရွေးစင်တစ်ယောက်မှာ မည်သို့မည်ဖုံရှိကြောင်းကို သူက ပြသရန် ကြံစည်ထားသည်။
ထိုအတွေးများကြောင့် သူ၏နှလုံးသားထဲတွင် ကျေနပ်မှုပန်းများ ပွင့်လန်းနေပြီး သူ၏ ခရီးသွားခွင့် မှတ်တမ်းနှင့်ပတ်သတ်သည့်ကိစ္စများကို ပြီးစီးအောင် လုပ်ကာ ပိုင်ရှောင်ချန်းကို သွား၍ရှာချင်နေတော့သည်။
သူနှင့်သူ၏အဖော်များက ကျောက်လုံကို ချက်ချင်းပင်ခေါင်းညိတ်ပြလိုက်ပြီး ခဏအကြာတွင် သူတို့သုံးယောက်က အမှတ်သုံးတပ်ရင်း၏ မြို့စောင့်တပ်ဆီသို့ ဦးတည်သွားကြတော့သည်။
လမ်းတစ်လျှောက်တွင် စုန့်ချွဲမှာ စစ်ဦးစီးမှူး အကြောင်းကို အသေးစိတ် မေးမြန်းရန်တွေးလိုက်ပါေသာ်လည်း မမေးရန်သာ ဆုံးဖြတ်လိုက်သည်။ သူက သူ၏ အမျိုးသမီးအဖော်ကိုသာ အဓိပ္ပါယ်ပါပါ ကြည့်လိုက်လေသည်။ သူတို့နှစ်ယောက်မှာ အလုပ်အတူတွဲလုပ်နေသည်မှာ ကြာမြင့်လှပြီဖြစ်၍ သူမက ချက်ချင်းပင် အရိပ်အကဲကို နားလည်သွားပြီး မေးခွန်းအချို့ကို သူမကိုယ်တိုင် မေးမြန်းလိုက်တော့သည်။
" စစ်ဦးစီးမှူး အသစ်က ဘယ်သူများလဲရှင့်။ " သူမက မေးလိုက်သည်။
" မင်းတို့ မသိကြဘူးလား။ "
ကျောက်လုံ အံ့သြသွားသည်။ ထို့နောက် သူကရယ်မောကာ ဆက်ပြောလိုက်သည်။
" ကဲပါ။ အဲဒီအကြောင်း ငါ သိပ်မပြောချင်ဘူး။ မင်းတို့နဲ့ အဲဒီ စစ်ဦးစီးမှူး တို့က အချင်းချင်းတောင် သိရင်သိနေလောက်တယ်။ "
ထိုသို့ဆိုလိုက်သောအခါ ထိုအကြောင်းပြောဆိုနေသည့် စကားဝိုင်းကြီးမှာ ပြီးဆုံးသွားတော့သည်။ စုန့်ချွဲနှင့် သူ၏အဖော်များမှာ သိလိုစိတ်များ ပို၍ပြင်းထန်လာတော့သည်။
စုန့်ချွဲနှင့် သူ၏အဖော်များက တံဆိပ်တုံးအသစ်များ လုပ်နေကြစဥ် ပိုင်ရှောင်ချန်းမှာ ကျင့်ကြံရာတွင် အရေးကြီးသော ကဏ္ဍသို့ ရောက်ရှိနေပြီဖြစ်သည်။ တန်ဖိုးကြီး ပစ္စည်းများအားလုံးကို စုပ်ယူလိုက်ပြီးနောက် သူ၏မျက်ဝန်းများမှာ ပြတ်သားမှုများဖြင့် လင်းလက်သွားပြီး သူ၏ ချီလမ်းကြောင်းများထဲတွင် စွမ်းအင်များစွာ စီးဆင်းနေကြသည်ကို ခံစားလိုက်ရသဖြင့် သူက အံကြိတ်လိုက်တော့သည်။
တုန်ခါနေသည့် အခိုးအငွေ့များမှာ ကြောက်မက်ဖွယ် လှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲသွားပြီး သူ၏ဦးခေါင်းအပေါ်ထိမြင့်တက်သွားကာ ကောင်းကင်ရေနဂါးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားပြီး သူ၏ဦးခေါင်းထဲရှိ နောက်ဆုံး ချီလမ်းကြောင်းထဲသို့ ဖောက်ဝင်သွားတော့သည်။
ဂျုန်းဂျုန်းဂျုန်း..
သူ၏ စိတ်ထဲတွင်ရိုက်ခတ်နေသည့် အသံကျယ်ကြီးများကို ပိုင်ရှောင်ချန်းမှ လွဲ၍ အခြားလူများ မကြားနိုင်ပေ။ တချိန်ထဲမှာပင် သူသည် ပြင်းထန်စွာတုန်ရီလာပြီး သူ၏နားထဲတွင် အက်ကွဲသံများကိုပင် ကြားနေရတော့သည်။
အားကောင်းလှသော သက်စောင့်အားကြီးကြောင့် တံခါးတစ်ချပ် ပွင့်သွားသည့်အလား ခံစားလိုက်ရပြီး ပိုင်ရှောင်ချန်းမှာ အော်ဟစ်ကာ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သည်။ ချက်ချင်းပင် တန်ဖိုးကြီးပစ္စည်းများ ကျေမွသွားကြပြီး သူ၏ပါးစပ်ထဲသို့ စုပ်ယူခံလိုက်ရတော့သည်။
သူ၏ဦးခေါင်းထဲရှိ နောက်ဆုံးချီလမ်းကြောင်း ပျက်စီးသွားသောအခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် သက်စောင်အားများ လွတ်လပ်စွာ စီးဆင်းနေပြီး တောင်တစ်လုံးကဲ့သို့ အင်အားကြီးတစ်ခုခုက သူ့အားချုပ်နှောင်ဖိနှက်နေသည့်အလား သူ ခံစားလိုက်ရတော့သည်။ ထိုခံစားချက်ကြီးမှာ အလွန် ဆိုးရွားလွန်းလှပေသည်။
တစ်စုံတစ်ခုက သူ့ကို အပြီးတိုင် ချုပ်နှောင်ထားသည့်အလား ခံစားနေရသည်။ ဤသို့သောဖိအားကြီးကို ယခင်က တစ်ခါမျှပင် မကြုံဖူးသော်လည်း ယခုတွင်မူ သူ၏အသိစိတ်ကို လွှမ်းမိုးထားပြီဖြစ်သည်။ ထို့အပြင် ယခင်က ထာဝရအရေပြားနှင့် ထာဝရကောင်းကင်ဘုရင်တို့ကို ကျင့်ကြံစဥ်ခဲ့က သူ နှစ်ကြိမ်တိတိ ခံစားခဲ့ရသည့် အရာမျိုးနှင့် ဆင်တူနေသည်။
ဤအချိန်တွင်မူ သူသည်..... တတိယအချုပ်အနှောင်နှင့် တွေ့ဆုံသွားပြီဖြစ်သည်။