← Chapters

ပူးပေါင်းတိုက်ခိုက်ကြခြင်း

Vol. 162 Ch. 2430

ပူးပေါင်းတိုက်ခိုက်ကြခြင်း

Vol. 162 Ch. 2430

လင်းလေက တဒင်္ဂရူးမိုက်စွာဖြင့် သဘောတူလိုက်မည်ကို လင်းလောက စိုးရိမ်ပူပန်သွား၏။ သူမက အလောတကြီးပြောလိုက်၏။

“မရဘူး... ကျွန်မမှာ တာအိုလက်တွဲဖော်တစ်ယောက်ရှိနေပြီ... အဲဒါသူပဲ”

သူမက သူမ၏ ဘေးမှာရှိသော ဆူဇီမိုကို ကြည့်လိုက်၏။

“ဒါက... ဘယ်လိုဟာသလဲ “

စုန့်ရွှမ်က လက်မခံနိုင်ဟန်ဖြင့် ရယ်မောလိုက်၏။

သူ၏ အတွေ့အကြုံအရ လင်းလောက အပျိုစင်တစ်ယောက်ဖြစ်နေသေးသည်ကို သူက ပြောနိုင်၏။

လင်းလောက ထပ်မံ၍ ခုခံပြောဆိုလိုက်၏။

“ကျွန်မတို့နှစ်ယောက်က ဘဝမှာအတူတူနေထိုင်ကြဖို့ ဆုံးဖြတ်ပြီးသွားကြပြီ”

“ကဲ တော်လောက်ပြီ”

လင်းလေက အော်ငေါက်လိုက်ပြီး ဆူဇီမိုကို စိုက်ကြည့်လိုက်၏။

ထို့နောက် သူက စုန့်ရွှမ်နှင့် အခြားသူများကို အေးစက်စွာကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“တိုက်ပွဲနိုင်ငံရဲ့ အရေးကိစ္စကို ငါတို့လင်းမိသားစုက ဖြေရှင်းလိုက်မယ်... ငါတို့က အပြင်လူတွေရဲ့အကူအညီမလိုဘူး.. ငါတို့က တစ်ယောက်ယောက်ရဲ့ အထောက်အပံ့ကိုရဖို့အတွက် လင်းလောကိုလည်း ထိုးထည့်ပေးမှာ မဟုတ်ဘူး”

“အဲဒီသုံးစားမရတဲ့ မင်းရဲ့ညီက ငါ့ညီမရဲ့ဖိနပ်ကိုသယ်ဖို့တောင် မတန်ဘူး”

ထိုအခိုက်အတန့်မှာ စုန့်ရွှမ်နှင့် အခြားသူများက သူတို့ကို အလွယ်တကူလွှတ်ပေးဖို့ စိတ်ကူးမရှိသည်ကို လင်းလေက ပြောနိုင်လေသည်။

မဟာမိတ်ဖွဲ့လက်ထပ်ပွဲဆိုသည်မှာ အကြောင်းပြချက်တစ်ခုမျှသာဖြစ်၏။

“အို... ဟုတ်လား”

သခင်လေးလန်ထျန်က မကောင်းဆိုးဝါးဆန်ဆန်ပြုံး၍ သရော်တော်တော်အမူအရာဖြင့် ပြောလိုက်၏။

“မင်းလေသံအရဆိုရင် မင်းက ညီကိုစုန့်ရဲ့ ညီကို သဘောမကျဘူးနဲ့တူတယ်... ဒီလိုလုပ်လေ မင်းညီမကို ငါနဲ့ပေးစားလိုက်ပါလား”

“မင်းညီမက ချစ်စရာလေးပဲ... သူသာ ငါ့လက်ထဲကိုရောက်လာရင် ငါကသေချာပေါက်တုန်နေအောင်ချစ်မှာ”

လူအုပ်ကြီးက ဟားတိုက်ရယ်မောလိုက်ကြ၏။

လင်းလော၏ မျက်နှာကလည်း ဒေါသဖြင့်နီမြန်းလာ၏။

အဲဒါသည် လင်းလေရှေ့မှာ သူမကို ကျီစယ်နေရုံမျှသာ မဟုတ်တော့ပေ။ အဲဒါက လင်းမိသားစုကို စော်ကားနေခြင်းဖြစ်သည်။

သခင်လေးလန်ထျန်မှာ ကိုယ်လုပ်တော်များစွာရှိသည်ကို လူတိုင်းက သိရှိထား၏။ လင်းလောသည် မည်သို့ပင်ဆိုစေ အင်မော်တယ်ဘုရင်နှစ်ပါး၏ သမီးဖြစ်လေသည်။ သူမက ဤကဲ့သို့သောအခြေအနေသို့ ဘယ်လိုလုပ် ကျရောက်ခံနိုင်ပါ့မလဲ။

“လန်ထျန်..”

လင်းလေက သူ၏ ခေါင်းကိုအနည်းငယ်ငုံ့ပြီး ခပ်အုပ်အုပ်ခေါ်လိုက်၏။

“ဘာလို့လဲ”

သခင်လေးလန်ထျန်က ပြုံးပြလိုက်၏။

“မင်း က တော့ သေ ချင် နေ တာ ပဲ”

လင်းလေက သူ၏ ခေါင်းကို ရုတ်တရက်မော့ပြီး သူ၏ မျက်လုံးများက အဆုံးမဲ့သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်လာ၏။ သူက သူ့လက်ထဲရှိ မဟူရာဆန်းကြယ်တိုက်ပွဲလှံပုဆိန်ကို ကိုင်မြှောက်ပြီး လေထဲမှာ စက်ဝိုင်းခြမ်းသဏ္ဌာန် လွှဲယမ်းလိုက်၏။ သူက မလှမ်းမကမ်းမှာရှိသော သခင်လေးလန်ထျန်ကို ရက်ရက်စက်စက်ခုတ်ပိုင်းချလိုက်၏။

သခင်လေးလန်ထျန်က ပေါ့ပေါ့ပါးပါးရှိနေသည်ဟုထင်ရသော်လည်း သူက သတိထားနေခဲ့ပြီဖြစ်၏။ လင်းလေက လှုပ်ရှားမှုပြုလုပ်လိုက်သည့်ခဏမှာပင် သူကချက်ချင်းပင် တုံ့ပြန်ပြီး မြေပြင်ပေါ်မှာ ခြေဖျားထောက်ကာ နောက်သို့ဆုတ်ခွာသွား၏။

“ညီကိုလင်းက ပူပန်သောကများနေတာပဲ”

သခင်လေးလန်ထျန်က ရယ်မောပြောဆိုလိုက်၏။

လင်းလေက ဆက်လက်၍သည်းခံနေဦးမည်ဆိုလျှင် သူတို့က ထပ်မံ၍လွန်ကျူးပြောဆိုလာကြပေမည်။

ယနေ့မှာ ဤမောင်နှမနှစ်ယောက်ကို လန့်ဖုန်းမြို့တော်မှာ ထိန်းသိမ်းထားရန်အတွက် သူတို့ငါးယောက်သည် လင်းလေကို တိုက်ခိုက်လာရန် ဖိအားပေးနေခြင်းဖြစ်၏။

သခင်လေးလန်ထျန်က မဟူရာဆန်းကြယ် တိုက်ပွဲလှံပုဆိန်၏ ထက်ရှမှုကို ရှောင်လွှဲပြီး သူ၏ တာအိုသစ်သီးကို လှည့်ပတ်လိုက်၏။ သူ၏ ဦးခေါင်းနောက်ဘက်တွင် ရောင်လျှံစက်ဝန်းတစ်ခုပေါ်ထွက်လာပြီး သူ၏ လက်ထဲရှိ ငှက်မွေးယပ်တောင်က ပြန့်ကားသွား၏။

အစစ်အမှန်အမြုတေက ယပ်တောင်ကြောများပေါ်တွင် စုဝေးလာပြီး ဓားချီတစ်ခုအဖြစ်စုဖွဲ့ကာ လင်းလေထံသို့ ပစ်လွင့်သွား၏။

သခင်လေးလန်ထျန်သည် ပေါ့ပေါ့ဆဆမပြုမူရဲဘဲ သူတိုက်ခိုက်သည့်အချိန်မှာ လုံးဝထိန်ချန်မှုမရှိပေ။ သူက တိုက်ခိုက်ဖို့အတွက် သူ၏ တာအိုသစ်သီးကို ချက်ချင်းပင်လှည့်ပတ်လိုက်၏။

လင်းလေက သူ၏ လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ပြီး မဟူရာဆန်းကြယ် တိုက်ပွဲလှံပုဆိန်က လှပသောစက်ဝန်းတစ်ခုကို ရေးဆွဲလိုက်၏။

ချွင်.. ချွင်... ချွင်...

မဟူရာဆန်းကြယ်တိုက်ပွဲလှံပုဆိန်သည် သခင်လေးလန်ထျန်ထုတ်ဖော်လိုက်သည့် ဓားချီများအားလုံးကို ပိတ်ဆို့တားဆီးပြီး ကြွပ်ဆတ်ဆတ်အသံတစ်သံ ထွက်ပေါ်လာ၏။

“မင်းက... လှုပ်ရှားကွက်ဘယ်လောက်များများကို ခံနိုင်ရည်ရှိမလဲ ကြည့်ရသေးတာပေါ့”

လင်းလေက အော်ငေါက်လိုက်ပြီး သူ၏ အော်ရာက သိပ်သည်းစုဖွဲ့လာ၏။ သူက ရှေ့သို့လျှောက်လှမ်းပြီး မဟူရာဆန်းကြယ်တိုက်ပွဲလှံပုဆိန်ကို ကိုင်မြှောက်လိုက်၏။ သူ၏ လှုပ်ရှားကွက်များက ဖြန့်ကြက်သွားပြီး သခင်လေးလန်ထျန်ကို ချက်ချင်းပင်လွှမ်းခြုံလာခဲ့၏။

မဟူရာဆန်းကြယ်တိုက်ပွဲလှံပုဆိန်သည် စွမ်းအားကြီးမား၍ သိပ်သည်းကျစ်လျစ်သော အစစ်အမှန်အမြုတေဖြင့် ပြည့်လျှမ်းနေပြီး မနှိုင်းယှဥ်သာအောင် ကြမ်းကြုတ်ခက်ထန်လေသည်။ ရိုက်ချက်တစ်ချက်ချင်းစီကနေ ထုတ်ဖော်လိုက်သောစွမ်းအားသည် အရမ်းကိုသန်မာပြီး လှံပုဆိန်ကို တစ်ချက်ဝေ့ယမ်းလိုက်တိုင်း ဘေးပတ်ဝန်းကျင်ရှိလေဟာနယ်က တွန့်လိမ်တုန်ခါသွားတတ်၏။

စိုးရိမ်ထိတ်လန့်မှုက သခင်လေးလန်ထျန်ကို လွှမ်းခြုံလာပြီး သူက ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိပေ။

လင်းလေတိုက်ခိုက်လိုက်သည့်ခဏမှာပင် သူကအသာစီးရရှိလာပြီး သခင်လေးလန်ထျန်ကို အသက်ရှုခွင့်ပင်မပေးဘဲ တရစပ်တိုက်ခိုက်နေ၏။

မဟူရာဆန်းကြယ် တိုက်ပွဲလှံပုဆိန်အောက်မှာ ရှောင်တိမ်းနိုင်သည့်နေရာလွတ်က ပို၍ကျဥ်းမြောင်းလာခဲ့၏။

လှုပ်ရှားကွက်ဆယ်ကွက်မပြည့်ခင် သခင်လေးလန်ထျန်သည် လင်းလေနှင့် ထိပ်တိုက်ရင်ဆိုင်ရဖို့ ဖိအားပေးခံလာရပြီဖြစ်၏။

သခင်လေးလန်ထျန်က ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ လက်က ထုံကျင်ကိုက်ခဲကာ အနည်းငယ်တုန်ခါသွား၏။

ဘုန်း ဘုန်း ဘုန်း...

ခဏမျှရပ်တန့်ပြီးနောက် သူတို့နှစ်ယောက်က နောက်တစ်ဖန်တိုက်ခိုက်ဖလှယ်လိုက်ပြီး အန္တိမနတ်ဘုရားစွမ်းအားများက တစ်ခုပြီးတစ်ခု ပစ်လွင့်ထွက်ပေါ်ကာ ကြောက်စရာကောင်းသောတုန်ခါလှိုင်းများနှင့်အတူ လေထဲမှာထိတွေ့ရိုက်ခတ်သွား၏။

ပကတိအင်မော်တယ်များ၏ လက်ထဲမှာ တူညီသောအန္တိမနတ်ဘုရားစွမ်းအားများသည် ကောင်းကင်အင်မော်တယ်များထုတ်ဖော်သည်ထက် များစွာပိုမိုသန်မာနေ၏။

ဆူဇီမိုသည် ပကတိအင်မော်တယ်တစ်ဦးမဟုတ်သေးလည်း ဤတိုင်းဆက်သွားလျှင် သခင်လေးလန်ထျန်က သေချာပေါက်ရှုံးနိမ့်ရတော့မည်ကို သူကပြောနိုင်၏။

“ဟားဟားဟားဟား”

ထိုစဥ်မှာပင် ဟုန်ရှန်က ကျယ်လောင်စွာရယ်မောပြီး သူ၏ သိုလှောင်အိတ်ထဲကနေ ကြေးနီလှံတစ်လက်ကို ဆွဲထုတ်လိုက်၏။ သူက တစ်ချက်ခုန်ပြီး လေထဲသို့ရောက်ရှိသွား၏။

“ညီကိုလင်း.. မင်းက တော်တော်အစွမ်းထက်တာပဲ ငါက တိုက်ခိုက်ချင်စိတ်ကို ထိန်းမရတော့ဘူး... ငါလည်းစမ်းကြည့်မယ်”

ဟုန်ရှန်က သူ၏ သွေးချီကို လှည့်ပတ်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဖောင်းကားလာခဲ့၏။ သူ၏ အဝတ်က စုတ်ပြဲသွားပြီး အရည်ဖျော်ထားသော သတ္တုများဖြင့် ပုံသွင်းထားပုံရသည့်ခန္ဓာကိုယ်တစ်ခုက ထွက်ပေါ်လာပြီး သူ၏ ကြေးနီလှံကို ကိုင်မြှောက်ကာ လင်းလေထံသို့ ပစ်ထိုးလိုက်၏။

ထိုသည်ကို တွေ့မြင်သောအခါ လင်းလောက မနေနိုင်ဘဲ အော်ပြောလိုက်၏။

“ရှင်တို့တွေက အင်မော်တယ်မြို့တော်တွေက မြို့တော်အရှင်တွေပဲ... ရှင်တို့က နှစ်ယောက်တစ်ယောက်ဘယ်လိုတောင်တိုက်ခိုက်ရဲတာလဲ အရှက်မဲ့လိုက်တာ”

“ခလေးမ... နင်ပြောတာမှားနေတယ်”

နတ်မိမယ်နန်းယန်က ရယ်မောပြောဆိုလိုက်၏။

“နင့်ရဲ့အစ်ကိုက ပြဿနာရှာဖို့လာတယ်ဆိုတာ အသိသာကြီးပဲ... သူက အရင်ဆုံးတိုက်ခိုက်တယ်ဆိုမှတော့... ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရတော့ဘူး”

“ဒါက... ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲတစ်ပွဲမဟုတ်ဘူး... တစ်ယောက်တစ်ယောက်ချင်းပဲတိုက်ခိုက်ရမယ်လို့ ဘယ်သူကပြောလဲ”

ကူလျှိုက အေးစက်စွာပြောလိုက်၏။

လင်းလောက ဒေါသထွက်နေပြီး အော်ငေါက်လိုက်၏။

“နင်တို့တွေက စကားကိုလီဆယ်ပြီးပြောနေကြတာပဲ”

စုန့်ရွှမ်က သရော်ပြုံးပြုံးလိုက်၏။

သူက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ဝင့်ကြွားစွာဖြင့် ပြောလိုက်လေသည်။

“မိန်းကလေး... ငါနင့်ကို ဒီနေ့ သင်ခန်းစာတစ်ခုသင်ပေးမယ်.. ဒီလောကမှာ မှန်တယ်မှားတယ်ဆိုတဲ့အရာက မရှိဘူး”

“ငါက... လုံလောက်အောင်သန်မာမယ်ဆိုရင် ငါက အရာရာတိုင်းကို ထိန်းချုပ်နိုင်တယ် အမှားအမှန်ကိုဆုံးဖြတ်မယ့်သူက ငါပဲဖြစ်လိမ့်မယ်”

ဘုန်း...

မြင့်မားသောပုံရိပ်က ခန်းမထဲရှိမြေပြင်ပေါ်သို့ ပြင်းထန်စွာကျဆင်းသွားပြီး ကြီးမားသောတွင်းချိုင့်တစ်ခုကို ဖြစ်ပေါ်စေကာ ဖုန်များက တထောင်းထောင်းထသွား၏။

ယခုတင်ရှေ့သို့ပြေးဝင်သွားသော ဟုန်ရှန်က လင်းလေ၏ လှံပုဆိန်ရိုက်ချက်ဖြင့် လွင့်စင်ထွက်လာခဲ့၏။

သူက ဖုန်မှုန့်များကြားကနေ ကျုံးထလာပြီး သူ၏ လည်ပင်းကို ခါယမ်းကာ တဖြောက်ဖြောက်အသံများ ထွက်ပေါ်လာစေ၏။

ဟုန်ရှန်၏ လည်ပင်းပေါ်မှာ သွေးကြောစိမ်းများက ဖောင်းကြွလာပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာများက လျင်မြန်စွာသက်သာပျောက်ကင်းလာ၏။ သူက ပို၍ပင်စိတ်လှုပ်ရှားတက်ကြွသောအမူအရာဖြင့် လင်းလေကို စိုက်ကြည့်ပြီး အော်ပြောလိုက်၏။

“နောက်တစ်ခေါက်ပေါ့”

“အထင်ကြီးစရာပဲ”

ကူလျှိုက အေးစက်စွာ နှာတစ်ချက်မှုတ်ပြီး လေထဲသို့ခုန်တက်လိုက်၏။

အေးစက်စက်ဓားတစ်လက်က သူ၏ ဘေးပတ်လည်မှာလှည့်ပတ်နေပြီး သူက လင်းလေထံ ခုန်ဝင်သွား၏။

“ငါလည်းပျော်စရာရှာချင်တာပေါ့ ငါ့ကိုလည်းချန်မထားခဲ့နဲ့လေ”

နတ်မိမယ်နန်းယန်ကလည်း ရယ်မော၍ တစ်ချိန်တည်းမှာ ဝင်ရောက်တိုက်ခိုက်လိုက်၏။

တစ်ခဏချင်းမှာပင် မြို့တော်အရှင်ငါးဦးထဲမှ လေးဦးက တိုက်ပွဲမှာ ပါဝင်ပူးပေါင်းလာကြ၏။

“နင်တို့တွေ...”

လင်းလောက လက်သီးနှစ်ဖက်ကိုဆုပ်ပြီး ​ဒေါသတကြီးစိုက်ကြည့်နေ၏။

“လာခဲ့လေ”

လေထဲမှာ လင်းလေက အော်ငေါက်လိုက်ပြီး သူ၏ အနက်ရောင်ဆံပင်က ရူးသွပ်စွာကခုန်နေကာ သူ၏ သွေးချီကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်လိုက်၏။ ဆူနာမီသံထွက်ပေါ်လာပြီးနောက် နဂါးဟိန်းသံ ၉သံက နေရာတစ်ခွင်ပဲ့တင်ထပ်သွား၏။

ဂါး... ဂါး.. ဂါး...

လင်းလေ၏ ပတ်လည်မှာ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး အသက်ဝင်နေသောနတ်နဂါး၉ကောင်က ဖြစ်ပေါ်လာ၏။ သူတို့၏ လက်သည်းများက ထက်ရှနေပြီး သူတို့၏ ဦးခေါင်းများက ကြောက်မက်ဖွယ်ရာကောင်းနေ၏။

သူတို့က ရန်လိုခက်ထန်နေပြီး သူတို့၏ စွမ်းပကားများက တရုန်းရုန်းထကြွနေ၏။

ဆူဇီမိုသည် နဂါး၉ကောင် မျိုးဆက်သွေးနယ်မြေကို လင်းလောထုတ်ဖော်ခဲ့သည်ကို တစ်ခါတွေ့မြင်ခဲ့ဖူး၏။

သို့သော်လည်း သူတို့က တူညီသော မျိုးဆက်သွေးနယ်မြေများပင်ဖြစ်သော်လည်း လင်းလေ၏ ရုန်းကန်ပေါက်ကွဲအားက လင်းလောထက် များစွာပိုမိုသန်မာသည်မှာ သိသာလေသည်။

လင်းလေ၏ သွေးချီနှင့်ကိုယ်ကာယက အလွန်တရာသန်မာပြီး သူ၏ အနီးကပ်တိုက်ခိုက်ရည်ခွန်အားက တစ်မူထူးခြားစွာ ကြမ်းကြုတ်ခက်ထန်နေ၏။

သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ပြီးနောက် လင်းလေသည် နောက်ထပ်အန္တိမနတ်ဘုရားစွမ်းအား ခေါင်းသုံးလုံးလက်ခြောက်ဖက်ကို ထုတ်ဖော်လိုက်၏။ သူ၏ တိုက်ခိုက်ရည်ခွန်အားက ဆပွားတိုးလာပြီး သူက မြို့တော်အရှင်လေးဦးနှင့် ဆန့်ကျင်တိုက်ခိုက်လိုက်၏။

ဘုန်း.. ဘုန်း... ဝုန်း...

မြို့တော်အရှင်လေးဦးကလည်း သူတို့၏ မျိုးဆက်သွေးနယ်မြေများကိုထုတ်ဖော်လိုက်ကြ၏။

“မြို့တော်အရှင်ရာထူးများကို ရယူထားနိုင်သောသူတို့ကို ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ အသန်မာဆုံး ပကတိအင်မော်တယ်တချို့ဟု ဆိုနိုင်လေသည်။

သူတို့အားလုံးက မျိုးဆက်သွေးနယ်မြေများကို ကျင့်ကြံထားကြသည်။

ချက်ချင်းပင်မတူညီသော မျိုးဆက်သွေးနယ်မြေတချို့က အလွန်တရာကြောက်စရာကောင်းသောပုံစံဖြင့် ထိတွေ့ရိုက်ခတ်သွားကြ၏။

လင်း​လေသည် လေးယောက်တစ်ယောက်တိုက်ခိုက်နေရသော်လည်း သူက လုံးဝအရေးနိမ့်ခြင်းမရှိဘဲ ပိုမိုကြမ်းတမ်းသည်ထက်ကြမ်းတမ်းစွာ တိုက်ခိုက်လာခဲ့၏။

သို့သော်လည်း မြို့တော်အရှင် လေးဦး၏ ဝန်းရံပိတ်ဆို့မှုမှာ လင်းလေအနေဖြင့် သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ချိုးဖျက်ဖို့ကလည်း အလွန်တရာခဲယဥ်းနေ၏။

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

လင်းလေသည် အရေးနိမ့်ခြင်းမရှိဘဲ မျှခြေကိုထိန်းထားနိုင်သည်ဟုထင်ရသော်လည်း တကယ်တမ်းမှာတော့ လက်ရှိအခြေအနေသည် သူ့အတွက် အလွန်တရာ အခွင့်မသာဖြစ်လာခဲ့၏။

ယခုအချိန်မှာ မြို့တော်အရှင်လေးဦးကသာ ပူးပေါင်းရသေး၏။ စုန့်ရွှမ် သို့မဟုတ် အခြားသောပကတိအက်မော်တယ်များက တိုက်ပွဲမှာဝင်ပါလာမည်ဆိုလျှင် လင်းလေသည် သေချာပေါက်တောင့်ခံနိုင်တော့မည်မဟုတ်ဘဲ သူက ရှုံးနိမ့်ရပေတော့မည်။

All Chapters