← Chapters

ရပါတယ် ဂျူနီယာညီလင်းရာ

Vol. 162 Ch. 2416

ရပါတယ် ဂျူနီယာညီလင်းရာ

Vol. 162 Ch. 2416

မိစ္ဆာဓားပြများက ရယ်မောနေစဉ် မဟူရာကြေးမုံဂိုဏ်းစစ်သင်္ဘော၏ အကာအရံအလွှာပေါ်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး အဲဒါက အချိန်မရွေး လဲပြိုကျသွားနိုင်၏။

“အခြေအနေမကောင်းတော့ဘူး”

လျန့်ယွီ၏ အမူအရာက ပျက်ယွင်းသွားပြီး သူက လင်းလောဘက်ကို လှည့်ကာ ခပ်တိုးတိုးပြောလိုက်၏။

“ချိုးဖျက်တပ်ဖွဲ့ မိစ္ဆာဓားပြတွေရဲ့ ခေါင်းဆောင်ကိုယ်တိုင် ပေါ်ထွက်လာတာပဲ… ငါတို့တော့ ဒီနေ့ မလွတ်မြောက်နိုင်တော့ဘူးနဲ့ တူတယ်”

“သူက အရမ်းကို စွမ်းအားကြီးမားလို့လား”

လင်းလောက ဘေးတိုက်တစ်ချက်ကြည့်ပြီး မေးလိုက်၏။

လျန့်ယွီက ခါးသီးစွာ ပြုံးလိုက်ပြီး သူ၏ အပြုံးက ငိုသည်ထက်ပင် ပို၍ အရုပ်ဆိုးနေသည်။

“ချိုးဖျက်တပ်ဖွဲ့က ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ နှစ်ပေါင်းများစွာ စိုးမိုးခြယ်လှယ်လာခဲ့တာ… သူတို့က မိစ္ဆာဓားပြတွေကြားထဲမှာ နာမည်အကြီးဆုံး အုပ်စုပဲ… ချိုးဖျက်တပ်ဖွဲ့မှာ ခေါင်းဆောင်ကိုးယောက် ရှိတယ်… သူတို့တွေ အားလုံးက အထွတ်အထိပ် အဆင့်-၉ ကောင်းကင်အင်မော်တယ်ပညာရှင်တွေပဲ”

“ချိုးဖျက်တပ်ဖွဲ့ ပထမခေါင်းဆောင်ရဲ့ တိုက်ခိုက်ရည်ခွန်အားက ပိုပြီးတော့ ကြောက်စရာကောင်းတယ်… သူက လူပေါင်း မရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့တယ်… သူက အရမ်းကို ကြမ်းတမ်းတယ်… သူ့ရဲ့ ခွန်အားက ကောင်းကင်အဆင့်သတ်မှတ်ချက်ထဲမှာ ဝင်နိုင်တယ်လို့ ပြောကြတယ်”

လင်းလောက လျန့်ယွီကို ကြည့်လိုက်၏။

“စီနီယာအစ်ကိုလျန့်… ရှင်ကလည်း ကောင်းကင်အဆင့်သတ်မှတ်ချက်ထဲကို ဝင်နိုင်တယ်မလား… ရှင်တို့နှစ်ယောက်စလုံးက ကောင်းကင်အဆင့်သတ်မှတ်ချက်ထဲကို ဝင်နိုင်တဲ့ ခွန်အားကို ပိုင်ဆိုင်ထားတယ်ဆိုမှတော့ ရှင်တို့ကြား တိုက်ခိုက်ရည်ခွန်အား ကွာဟချက်ကလည်း သိပ်ပြီးများမှာ မဟုတ်ဘူးမလား”

“အမ်း…”

လျန့်ယွီ၏ မျက်နှာက နီမြန်းသွားပြီး ညင်သာစွာ ချောင်းဟန့်ကာ အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။

“ငါ… ငါရဲ့ ခွန်အားက ကောင်းကင်အဆင့်သတ်မှတ်ချက်ထဲကို ဝင်ဖို့ နည်းနည်းတော့ လိုဦးမယ် ထင်တယ်”

အခြားတစ်ဖက်မှာ ချိုးဖျက်တပ်ဖွဲ့ မိစ္ဆာဓားပြများ၏ စစ်သင်္ဘောပေါ်တွင်….

သူတို့သည် လင်းလောကို တွေ့မြင်သောအခါ လူများစွာ၏ မျက်လုံးများက ဝင်းလက်သွားကြသည်။

သူမသည် မဟူရာကြေးမုံဂိုဏ်း၏ လူအုပ်ကြားထဲမှာ မတ်တတ်ရပ်နေသော်လည်း သူမ၏ သွင်ပြင်ဟန်ပန်နှင့် ပုံပန်းသဏ္ဌာန်က သာမန်နှင့်မတူ ထူးခြားနေ၏။ သူမသည် ကျီးကန်းများကြားမှ ကြိုးကြာတစ်ကောင်နှင့် တူပြီး တစ်ချက်ကြည့်ရုံဖြင့် ထင်ရှားပေါ်လွင်နေ၏။

“ခေါင်းဆောင်… ဟိုမိန်းကလေးက ကြည့်ရတာ မဆိုးဘူး… ကျုပ် ခင်ဗျားအတွက် သူ့ကို နောက်ပြီးကျရင် ကိုယ်တိုင်ဖမ်းဆီးပေးမယ်”

အမျိုးသားတစ်ယောက်က မုတ်ဆိတ်နှင့် ဗလတောင့်တောင့်လူကို ပြုံး၍ကြည့်ကာ မျက်နှာချိုသွေးလိုက်၏။

“အင်း”

မုတ်ဆိတ်နှင့် ဗလတောင့်တောင့်အမျိုးသားက ခေါင်းညိတ်ပြလိုက်၏။

“ကြည့်စမ်း… သူ့ရဲ့ အသားအရေက ဘယ်လောက်တောင် နုနယ်လိုက်သလဲ… ခုနှစ်… မင်းက ကိုးရို့ကားယားနဲ့… သူ့ကို မထိခိုက်မိအောင်လည်း ဂရုစိုက်ဦး”

“မပူပါနဲ့ ခေါင်းဆောင်”

သတ္တမ​မြောက် ခေါင်းဆောင်က သူ၏ ရင်ဘတ်ကို ပုတ်ပြလိုက်၏။

“တခြားသူတွေကိုရော ဘယ်လိုလုပ်ရမလဲ”

နောက်ထပ်ခေါင်းဆောင်တစ်ယောက်က မေးလိုက်၏။

မုတ်ဆိတ်နှင့် ဗလတောင့်တောင့်အမျိုးသားက မဟူရာကြေးမုံဂိုဏ်း၏ စစ်သင်္ဘောကို တစ်ချက်ဝေ့ကြည့်ပြီး မှင်သေသေဖြင့် လက်ခါပြလိုက်၏။

ထိုခေါင်းဆောင်က နားလည်သဘောပေါက်သွား​ပြီး အဝေးကနေ လင်းလောကို လက်ညှိုးထိုးကာ အော်ပြောလိုက်၏။

“ အားလုံးပဲ နားထောင်ကြ… ဟိုအမျိုးသမီးက လွဲရင် ကျန်တဲ့လူတွေ အကုန်လုံးကို သတ်… ဘယ်သူမှ အသက်ရှင်လျက် မကျန်ခဲ့စေနဲ့”

ဘုန်း…

ထိုစဉ်မှာပင် မဟူရာကြေးမုံဂိုဏ်း စစ်သင်္ဘော၏ အကာအရံလွှာက ပျက်ပြယ်သွား၏။

စစ်သင်္ဘောပေါ်မှာ ရှိသော ဓားပြများက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ပြီး မျက်ထောင့်နီများနှင့်အတူ ရန်လိုခက်ထန်စွာဖြင့် ပြေးဝင်လာကြ၏။

မဟူရာကြေးမုံဂိုဏ်းမှ ကျင့်ကြံသူများက ဤအင်အားအစုအဖွဲ့ကို တွေ့မြင်သောအခါ သူတို့သည် ခုခံဖို့ပင် အာရုံမရကြတော့ပေ။ နှစ်ဦးနှစ်ဖက်က ထိတွေ့မိသည့် ခဏမှာပင် သူတို့က ခြေဦးတည့်ရာ ထွက်ပြေးပြီး ချက်ချင်းပင် ရှုံးနိမ့်သွားကြ၏။

ချိုးဖျက်တပ်ဖွဲ့၏ ဆဋ္ဌမခေါင်းဆောင်နှင့် သတ္တမခေါင်းဆောင်က လင်းလောနှင့် လျန့်ယွီ ရှိရာသို့ ပြေးဝင်လာကြ၏။

“မြန်မြန်ထွက်သွားတော့… လောလောဆယ် ငါ သူတို့ကို တားပေးထားမယ်”

လျန့်ယွီက လင်းလောဘက်ကို လှည့်ကာ အော်ပြောပြီး သူ၏ ခါးမှ ဓားကို ဆွဲထုတ်လိုက်၏။ သူက ရှေးဟောင်းကြေးမုံတစ်ချပ်ကို ဆင့်ခေါ်ပြီး ခေါင်းဆောင်နှစ်ယောက်ကို တားဆီးလိုက်၏။

“သွားစမ်းပါကွာ”

ခေါင်းဆောင်နှစ်ဦးက သူတို့၏ ခွန်အားကို တစ်ချိန်တည်းမှာ ထုတ်ဖော်ပြီး သူတို့၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ထွက်ပေါ်လာစေသည်။ လျန့်ယွီ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား​ပြီး သူက ခုခံဖို့အတွက် သူ၏ နည်းလမ်းများကို အလောတကြီး ထုတ်ဖော်လိုက်ရ၏။

သို့သော်လည်း လျန့်ယွီသည် နှစ်ယောက်တစ်ယောက် ရင်ဆိုင်ရသော အခြေအနေမှာ အနည်းငယ် နိမ့်ကျနေဆဲဖြစ်၏။ သူ၏ ဓားက ပြန်ကန်ထွက်လာပြီး သူက အဆက်မပြတ် နောက်ဆုတ်ရကာ ချက်ချင်းပင် အန္တရာယ်ကျရောက်လာခဲ့၏။

လင်းလောက သူမ၏ လက်ကို အနည်းငယ် ဆန့်ထုတ်လိုက်ပြီး လျန့်ယွီ၏ လက်ထဲမှာ ရှိသော ဓားက လှပစွာ ဝေ့ဝိုက်၍ သူမ၏ လက်ထဲသို့ ဆင်းသက်လာ၏။

သူမက သူမ၏ သရုပ်သကန်ကို ထုတ်ဖော်လိုစိတ် မရှိဘူးဆိုမှတော့ သူမသည် သူမ၏ ဓမ္မရတနာကို အသုံးပြုလိမ့်မည် မဟုတ်ပေ။

ရွှစ်….

ရုတ်တရက်ဆိုသလို ပုံရိပ်တစ်ခုက လျန့်ယွီနှင့် ခေါင်းဆောင်နှစ်ယောက်ကြား တိုးဝင်လာခဲ့၏။ ထိုပုံရိပ်က မိုးပျံမြွေနဂါးတစ်ကောင်ကဲ့သို့ ကြော့ရှင်းနေပြီး ဓားရှည်တစ်လက်ကို ကိုင်ဆွဲကာ အဆက်မပြတ် တိုက်ခိုက်လိုက်၏။

ဓားအလင်းက ရေမျက်နှာပြင်ကဲ့သို့ အဆက်မပြတ် ဝဲဂယက်များ ဖြာလက်သွား၏။

တချွင်ချွင် အသံများ ထွက်ပေါ်လာပြီးနောက် ထိတွေ့ရိုက်ခတ်သံက ယတိပြတ် ရပ်တန့်သွား၏။

လျန့်ယွီ၊ လင်းလောနှင့် ခေါင်းဆောင်နှစ်ယောက်က လေထဲမှာ ရပ်တန့်သွားကြသည်။

နောက်ခဏ၌ ခေါင်းဆောင်နှစ်ယောက်၏ အကြည့်များက မှေးမှိန်သွားပြီး သူ၏ အသက်ဓာတ်အားက လျော့ကျသွား၏။ တုန်လှုပ်စရာ​ကောင်းသော သွေးသံရဲရဲ ဒဏ်ရာတစ်ခုစီက သူတို့၏ နှာရောင်များပေါ်မှာ ပေါ်ထွက်လာ၏။

သူတို့နှစ်ယောက်သည် လေထဲကနေ ကျဆင်းလာပြီး သူတို့၏ နှာရောင်က ဓားအလင်းဖြင့် ထိုးဖောက်ခံခဲ့ရ၏။ သူတို့၏ အမြုတေစိတ်ဝိညာဉ်များက ဖျက်ဆီးခံခဲ့ရပြီး သူတို့က သေဆုံးသွားကြပြီဖြစ်၏။

“ဟမ်”

စစ်သင်္ဘောပေါ်မှ မုတ်ဆိတ်နှင့် ဗလတောင့်တောင့်လူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး သူက အာရုံစိုက်၍ ကြည့်လိုက်၏။

ဤမိန်းကလေးက အဆင့် ၇ ကောင်းကင်အင်မော်တယ်တစ်ယောက်သာ ဖြစ်၏။ သို့သော်လည်း သူမ၏ ဓားနည်းစနစ်က ထက်ရှ၍ တစ်မူထူးခြားစွာ ပြောင်မြောက်နေ၏။ အသက်သုံးရှိုက်စာမှာ သူမသည် ချိုးဖျက်တပ်ဖွဲ့ ခေါင်းဆောင်နှစ်ယောက်ကို ဆက်တိုက်သတ်ဖြတ်ခဲ့၏။

မုတ်ဆိတ်နှင့် ဗလတောင့်တောင့်အမျိုးသားသည် အတွေ့အကြုံရှိ၍ ဗဟုသုတ ကြွယ်ဝသော်လည်း သူက ဤကဲ့သို့သော ကြောက်စရာကောင်းသည့် ဓားနည်းစနစ်တစ်ခုကို တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။

မဟူရာကြေးမုံဂိုဏ်း၏ လျန့်ယွီကလည်း နေရာမှာပင် မှင်တက်နေပြီး တစ္ဆေသရဲတစ်ကောင်ကို တွေ့မြင်နေရသည့်အလား လင်းလောကို ကြည့်နေ၏။

“ဆဋ္ဌမ… သတ္တမ…”

“ဘာတွေ ဖြစ်ကုန်တာလဲ”

ကျန်ရှိနေသော ခေါင်းဆောင်တချို့က တုန်လှုပ်သွားပြီး အော်ခေါ်လိုက်ကြ၏။

“ခေါင်းဆောင်… ကျုပ်တို့က ဒီအမျိုးသမီးကို အသက်ရှင်ခွင့် မပေးနိုင်တော့ဘူး… ကျုပ်တို့က ကျုပ်တို့ရဲ့ ညီအစ်ကိုတွေအတွက် လက်စားချေဖို့ သူ့ကို သတ်ရမယ်”

တတိယခေါင်းဆောင်က အံကိုကြိတ်ပြီး မုန်းတီးစွာ ပြောလိုက်၏။

“တတိယ… သတိထား”

တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်၏။

ဓားအလင်းတစ်ခုက ပေါ်ထွက်လာပြီး တတိယခေါင်းဆောင်၏ ဘေးမှာ ဖျပ်ခနဲလက်ကာ အဲဒါသည် ဘယ်တုန်းကမှ မပေါ်ထွက်ခဲ့သည့်အလား ပြန်လည်ပျောက်ကွယ်သွား၏။

နောက်ခဏ၌ တတိယခေါင်းဆောင်၏ ဦးခေါင်းတစ်ခုလုံးက သူ၏ လည်ပင်းကနေ တိကျသေသပ်စွာ ပြတ်ကျသွားပြီး သူ၏ အသိစိတ်က ဓားချီဖြင့် ကြေမွသွား၏။

ဓားပြခေါင်းဆောင်များက မပူးပေါင်းနိုင်ခင်မှာပင် လင်းလောက သူမ၏ ဓားနှင့်အတူ ချဉ်းကပ်ဝင်ရောက်လာခဲ့ပြီဖြစ်၏။

သူမက အဆင့် ၇ ကောင်းကင်အင်မော်တယ်တစ်ဦး ဖြစ်သော်လည်း သူမသည် လူသားဧကရာဇ်နှင့် နတ်မိမယ်လင်းလုံ၏ သမီးဖြစ်၏။ သူမက အလွန်တရာ ပါရမီအရည်အချင်းရှိပြီး စွမ်းအားကြီးမားသော တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားလေသည်။ တကယ်ဆို သူမသည် သူမထက် ကျင့်ကြံမှုနယ်ပယ်နှစ်ခု ပိုမြင့်သော အဆင့် ၉ ကောင်းကင်အင်မော်တယ်များကိုပင် သတ်ဖြတ်နိုင်၏။

မိစ္ဆာဓားပြတချို့က ရှေ့သို့ ပြေးဝင်လာပြီး လင်းလောကို တားဆီးချင်သော်လည်း သူတို့သည် သူမ၏ ဓားချက်ဖြင့် ခုတ်ပိုင်းခံလိုက်ရ၏။

လင်းလောက ထိုနေရာသည် ရန်သူ၏ ပိုင်နက်နယ်မြေဖြစ်သည်ကို မသိရှိသည့်အလား တစ်ဖက် စစ်သင်္ဘောပေါ်သို့ ခုန်တက်လာခဲ့၏။

“ဂျူ… ဂျူနီယာညီလင်း… ဘာ… ဘာတွေဖြစ်နေတာလဲ… ဂျူနီယာညီမဆူက… ဘာလို့..”

လျန့်ယွီက မလှမ်းမကမ်းမှာ ရှိသော ဆူဇီမိုကို ကြည့်ပြီး တုန်ယင်နေသော အသံဖြင့် မေးလိုက်၏။

ဆူဇီမိုက မည်သည့်စကားမှ မဆိုဘဲ ပြုံးရုံသာ ပြုံးပြနေ၏။

ထိုအခိုက်အတန့်မှာ မိစ္ဆာဓားပြ ခြောက်ယောက်က ဆူဇီမိုထံသို့ ပြေးဝင်လာကြပြီဖြစ်၏။ သူတို့က အဆင့် ၉ ကောင်းကင်အင်မော်တယ်များ မဟုတ်သော်လည်း သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက ဆူဇီမို၏ အထက်မှာ ရှိနေ၏။

လျန့်ယွီက အကူအညီပေးရန် ဝင်ရောက်ဖို့ ပြင်လိုက်၏။ သို့သော်လည်း ပြန်တွေးကြည့်ရင်း သူက သူ၏ လှုပ်ရှားမှုကို ရပ်တန့်ကာ ဘာမှ မပြုလုပ်တော့ပေ။

အစကတည်းက သူသည် ဆူဇီမိုကို ရည်းစာလုဖက်အဖြစ် ရှုမြင်ထားခဲ့သည်။ ဆူဇီမိုက မိစ္ဆာဓားပြများ၏ လက်ချက်ဖြင့် သေဆုံးသွားမည်ဆိုလျှင် အဲဒါက သူ့အတွက် ပို၍ အခန့်သင့်လေသည်။

“ဂျူနီယာညီလင်း… သတိထားဦး”

ထိုသို့အတွေးဖြင့် လျန့်ယွီက ဟန်ဆောင်အော်ဟစ် သတိပေးလိုက်သော်လည်း သူက လုံးဝ လှုပ်ရှားခြင်း မရှိပေ။

သို့သော်လည်း သူ့စကား မဆုံးသေးခင်မှာပင် သူက အရမ်းကို တုန်လှုပ်စရာကောင်းသည့် မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရ၏။

ဘန်း… ဘန်း… ဘန်း…

ဖောက်… ဖောက်… ဖောက်….

မိစ္ဆာဓားပြ ခြောက်ဦးက ဆူဇီမို၏ ရှေ့သို့ ရောက်ရှိလာကာစမှာပင် သူတို့သည် သူတို့၏ လက်နက်များ၊ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို မထုတ်ဖော်နိုင်ခင် ဆူဇီမိုက တိုက်ခိုက်လိုက်ပြီဖြစ်၏။

နုနယ်ပုံရသော စာပေသမားက တိုက်ခိုက်လိုက်သည့် ခဏမှာပင် သူ၏ တိုက်ခိုက်မှုများက သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုနှင့်အတူ မိစ္ဆာဓားပြ ခြောက်ဦးကို ထိမှန်သွား၏။

တရိပ်ရိပ် တဖျတ်တဖျတ် တိုက်ခိုက်မှုများ အပြီး၌ မိစ္ဆာဓားပြ ခြောက်ဦးက နေရာမှာပင် သေဆုံးသွား၏။

ခန္ဓာကိုယ်တချို့က ကြေမွနေပြီး ဦးခေါင်းတချို့က ဖိခြေခံထားရ၏။

သူတို့ထဲမှ တချို့သည် အလောင်းပင် မကျန်ဘဲ အသားပျော့ဖတ်များ ဖြစ်နေ၏။

လျန့်ယွီက ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူ၏ မျက်လုံးနှစ်ဖက်က တုန်လှုပ်စွာဖြင့် ပြူးကျယ်သွား၏။

သူပင်လျှင် မိစ္ဆာဓားပြ ခြောက်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုနှင့် ကြုံတွေ့ရပါက အားထုတ်မှုတချို့ ပြုလုပ်ရပေလိမ့်မည်။ သို့သော်လည်း ဤနုနယ်ပုံရသော စာပေသမားက အသက်တစ်ရှိုက်စာပင် အချိန်မယူခဲ့ပေ။

အနီးကပ်တိုက်ခိုက်ရည်မှာ မင်းသားနှင့် မင်းသမီးပင်လျှင် ဆူဇီမို၏ တိုက်ခိုက်မှုများကို မခုခံနိုင်ဘူးဆိုပါက ဤမိစ္ဆာဓားပြ ခြောက်ဦးက ဘာများ လုပ်နိုင်မှာလဲ။

ထိုစဉ်မှာပင် ဆူဇီမိုက လျန့်ယွီ၏ ဘေးသို့ ရောက်ရှိလာပြီး သူ၏ လက်ဖဝါးကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်၏။

ဟာ….

နုနယ်၍ အားနည်းပုံရသော လက်ဖဝါးကို ကြည့်ပြီး လျန့်ယွီသည် အသက်ရှုကျပ်လာသည့်အလား မကြုံစဖူး ဖိအားတစ်ရပ်ကို ခံစားလာရ၏။ သူ၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူက လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

သူက ရှင်းပြချင်သော်လည်း ဘာကြောင့်ရယ်မသိ သူက စကားမပြောနိုင်ပေ။

သူက သူ၏ ပြင်းထန်သော နှလုံးခုန်သံကိုသာ ပြန်ကြားနေရ၏။

လက်ဖဝါးက ညင်သာစွာ ဆင်းသက်လာခဲ့၏။

အဲဒီမှာ တုန်လှုပ်စရာကောင်းသော မည်သည့် နတ်ဘုရားစွမ်းအား သို့မဟုတ် မည်သည့် သေစေနိုင်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒမှ မပါဝင်သော်လည်း လျန့်ယွီသည် ငရဲဂိတ်တံခါးကနေ ဖြတ်လျှောက်ရသည့်အလား ခံစားနေရ၏။

ဆူဇီမိုက လျန့်ယွီ၏ ပခုံးကို ညင်သာစွာ ပုတ်ပြီး ပြုံးစစဖြင့် ပြောလိုက်၏။

“စောစောက သတိပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုလျန့်”

“ရ… ရပါတယ်… ဂျူနီယာညီလင်းရာ”

လျန့်ယွီ၏ မျက်နှာက ​ဖြူဖတ်ဖြူရော်ဖြစ်နေပြီး သူ၏ အသံကို မထိန်းချုပ်နိုင်ဘဲ တုန်ယင်စွာ ထွက်ပေါ်လာ၏။

လျန့်ယွီ၏ စကားသံ မထွက်ပေါ်ခင်မှာပင် ဆူဇီမိုက လှည့်ထွက်သွားခဲ့ပြီဖြစ်၏။

All Chapters