← Chapters

စွပ်စွဲခံရခြင်း

Vol. 162 Ch. 2417

စွပ်စွဲခံရခြင်း

Vol. 162 Ch. 2417

လင်းလောသည် အေးစက်နေ​သော ဓားအလင်းတစ်ခုနှင့်အတူ လူအုပ်ကြားထဲ ပြေးဝင်သွားပြီး ဘယ်သို့ညာသို့ လွှဲယမ်းခုတ်ပိုင်းနေ၏။ သူမ၏ လျှို့ဝှက်ဆန်းကြယ်သော ခြေနင်းကွက်ပေါ် မှီခိုရင်း ချိုးဖျက်တပ်ဖွဲ့ မိစ္ဆာဓားပြများထဲမှာ လူများစွာရှိသော်လည်း သူတို့က သူမကို လုံးဝ ထိခိုက်အောင် မလုပ်နိုင်ပေ။

၁၅မိနစ် မကြာခင် ခေါင်းဆောင်ကိုးယောက်ထဲမှ ထက်ဝက်ကျော်က သူမ၏ သတ်ဖြတ်ခြင်းခံရပြီး ပျက်ယွင်းနေသော အမူအရာများနှင့် ခေါင်းဆောင်သုံးယောက်သာလျှင် ကျန်ရစ်ကာ သူတို့က နောက်ဆုတ်ဖို့ကို စဉ်းစားလာကြပြီဖြစ်သည်။

လင်းလောသည် ထင်တိုင်းကြဲတိုက်ခိုက်၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စတင်နေခြင်း မဟုတ်ပေ။ ထိုအစား သူမသည် ချိုးဖျက်တပ်ဖွဲ့၏ ခေါင်းဆောင်ကိုးယောက်ကို အထူးတလည် ပစ်မှတ်ထားနေ၏။

ချိုးဖျက်တပ်ဖွဲ့ မိစ္ဆာဓားပြများသည် တိုက်ပွဲဖြစ်ပွားပြီးနောက် တစ်ဖွဲ့လုံးအနေဖြင့် ပျက်စီးထိခိုက်မှုများစွာ မရှိသော်လည်း ခေါင်းဆောင်ကိုးဦးက တစ်ဦးချင်း သတ်ဖြတ်ခံနေရခြင်းဖြင့် လိပ်ပြာလွင့်မတတ် ကြောက်လန့်လာကြပြီဖြစ်၏။

မုတ်ဆိတ်နှင့် ဗလတောင့်တောင့်အမျိုးသားသည် ဆူဇီမို၏ ဘက်ခြမ်းမှ ရုတ်ရုတ်သဲသဲ အခြေအနေကို သတိထားမိသွား၏။ ဆူဇီမိုကလည်း လျှောက်လှမ်းလာသည်ကို သူတွေ့မြင်သောအခါ သူ၏ အကြည့်က ပြတ်သားလာပြီး သူက လေးနက်စွာဖြင့် အမိန့်ပေးလိုက်၏။

“ဆုတ်ကြမယ်ဟေ့”

သူ့စကား မဆုံးသေးခင်မှာပင် အခြားသော ခေါင်းဆောင်နှစ်ယောက်က လှည့်ထွက်ပြေးလိုက်ကြပြီဖြစ်၏။

ကျန်ရှိနေသော ချိုးဖျက်တပ်ဖွဲ့ မိစ္ဆာဓားပြများသည် အရေအတွက် အားသာချက် ရှိနေသော်လည်း သူတို့၏ ခေါင်းဆောင်များ ထွက်ပြေးသွားသည်ကို တွေ့မြင်သောအခါ သူတို့ကလည်း ကြန့်ကြာမနေရဲတော့ဘဲ နောက်သို့ ဆုတ်ခွာလှည့်ထွက်လိုက်ကြ၏။

လင်းလောသည် သူမ၏ ဓားကို ကိုင်ဆွဲပြီး ထွက်ပြေးသွားသော မိစ္ဆာဓားပြများနောက်သို့ ပြေးလိုက်ခြင်းမရှိဘဲ ပြုံး၍သာ ကြည့်နေ၏။

သူမအနေဖြင့် လန့်ဖုန်းမြို့သို့သွားရာ ဤခရီးစဉ်မှာ မလိုအပ်သော ပြဿနာများကို ရှာနေစရာ မလိုပေ။ လင်းလောသည် မဟူရာကြေးမုံဂိုဏ်း၏ စစ်သင်္ဘောပေါ်သို့ ပြန်လည်ရောက်ရှိလာပြီး နေရာမှာပင် မှင်တက်နေသော လျန့်ယွီထံ သူ၏ ဓားကို ပြန်ကမ်းပေးကာ ပြုံး၍ ပြောလိုက်၏။

“စီနီယာအစ်ကိုလျန့်… ရှင့်ရဲ့ ဓမ္မရတနာအတွက် ကျေးဇူးတင်ပါတယ်… ဒီဓားက တကယ်ထက်တာပဲ”

လျန့်ယွီက အလိုလိုလက်လှမ်း၍ ဓားကိုလက်ခံယူချင်၏။ သို့သော်လည်း သူက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူ၏ လက်က တုန်ယင်လာကာ ပြန်ရုတ်သိမ်းလိုက်၏။

သူက ရှက်ကိုးရှက်ကန်းဟန်ဖြင့် ပြုံးပြလိုက်၏။

“ဂျူ… ဂျူနီယာညီမဆူ… မင်း ဒီဓားကို သဘောကျတယ်ဆိုရင် ကျေးဇူးပြုပြီး အဲဒါကို ယူထားလိုက်ပါ”

လင်းလောက ပြုံး၍ လျန့်ယွီထံ ဓားကို ပြန်ကမ်းပေးလိုက်၏။ သူက တစ်ဖက်သို့လှည့်ပြီး ဆူဇီမိုထံ လျှောက်လှမ်းသွားရင်း ပြောလိုက်၏။

“စီနီယာအစ်ကိုတို့… တိုက်ပွဲနယ်မြေကို ရှင်းလင်းဖို့အတွက် ရှင့်တို့ကို ဒုက္ခပေးရတော့မှာပဲ”

“ရတာပေါ့”

လျန့်ယွီက အလောတကြီး ပြောလိုက်၏။

“ကျုပ် ခဏနေရင် တိုက်ပွဲနယ်မြေမှာ အကုန်လုံးကို ရှင်းလင်းသိမ်းဆည်းပြီး အဲဒါတွေကို ခင်ဗျားရဲ့အခန်းကို လာပို့ပေးပါ့မယ်… ဂျူနီယာညီမဆူ”

လင်းလောက ဆူဇီမိုနှင့်အတူ သူမ၏ အခန်းသို့ ပြန်သွားပြီး ခဏမျှ စဉ်းစားတွေးတောကာ ပြောလိုက်၏။

“အဲဒီ ချိုးဖျက်တပ်ဖွဲ့ မိစ္ဆာဓားပြတွေက မိစ္ဆာမဟာနယ်မြေက လာတာ မဟုတ်တဲ့ပုံပဲ”

“အင်း”

ဆူဇီမိုကလည်း ခေါင်းညိတ်ပြလိုက်၏။

“သူတို့ရဲ့ နည်းလမ်းတွေက ခက်ထန်ကြမ်းတမ်းပေမယ့် သူတို့ရဲ့ ကျင့်ကြံမှုနည်းစနစ်တွေနဲ့ လျှို့ဝှက်အတတ်တွေက အင်မော်တယ်ဂိုဏ်းတွေနဲ့ အတော်လေးတူတယ်”

လင်းလောက ပြောလိုက်၏။

“ထားလိုက်ပါ… နောက်ရက်အနည်းငယ်နေရင် ကျွန်မတို့တွေက လန့်ဖုန်းမြို့တော်ကို ရောက်တော့မှာပဲ… အဲဒီအချိန်ကျရင် ကျွန်မတို့က ပို့ဆောင်ရေးဝင်္ကပါကို အသက်သွင်းပြီး ထွက်သွားကြမယ်”

ခဏမျှ ရပ်တန့်ပြီးနောက် သူမက စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စနှင့်အတူ ညင်သာစွာ သက်ပြင်းချလိုက်၏။

“အစကတော့ ကျွန်မက ကျွန်မရဲ့ သရုပ်သကန်ကို ဖုံးကွယ်ပြီး ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ နေရာတစ်ခုရယူဖို့ အင်မော်တယ်မက်မွန် စားသောက်ပွဲမှာ ဝင်ပါမလို့ပဲ”

“ကျွန်မက ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးဆယ်နေရာထဲ ဝင်ရောက်နိုင်မယ်ဆိုရင် ဆုလာဘ်တွေကလည်း သေချာပေါက် မက်မောစရာကောင်းနေမှာပဲ… တကယ်ဆို ကျွန်မက နှစ်တစ်သောင်းတိုင်းမှာ တစ်ကြိမ်သီးတဲ့ အင်မော်တယ်မက်မွန်တွေကိုတောင်မှ မြည်းစမ်းခွင့်ရနိုင်တယ်”

ဆူဇီမိုက မေးလိုက်၏။

“ဒါဆို မင်း ဘာလို့ အဲဒီအကြံအစည်ကို လက်လျှော့လိုက်တာလဲ”

“အဖေ့ရဲ့ဒဏ်ရာတွေက အခုချိန်ထိ မသက်သာသေးဘူး… ကျွန်မက ဒွါရကိုးပေါက်ယန်ပြန်ရောက်ဆေးလုံးနဲ့ အသောကသစ်သီးကို တတ်နိုင်သမျှ မြန်မြန်ပြန်ယူသွားရမယ်”

ဆူဇီမိုသည် သူ၏ မျက်လုံးထဲရှိ ချီးကျူးလိုမှုဖြင့် ခေါင်းညိတ်လိုက်၏။

သူတို့နှစ်ယောက်က သူတို့၏ အခန်းများထဲမှာ ဆက်လက်၍ ကျင့်ကြံနေကြ၏။ ချိုးဖျက်တပ်ဖွဲ့ မိစ္ဆာဓားပြများ၏ ကြားဖြတ်တိုက်ခိုက်မှုသည် သူတို့အတွက် အသေးအဖွဲ့ ဖျော်ဖြေမှုတစ်ခုသာဖြစ်ပြီး သူတို့က အဲဒါကို စိတ်ထဲမှာ ထည့်မထားကြပေ။

ထိုဖြစ်ရပ်ပြီးနောက် မဟူရာကြေးမုံဂိုဏ်းမှ မည်သူကမှ သူတို့ကို မနှောင့်ယှက်ရဲတော့ပေ။

အစက ရင်းနှီးမှုတစ်ခုကို တည်ဆောက်လိုသော လျန့်ယွီပင်လျှင် လင်းလောကို ထပ်မံ၍ အနှောင့်အယှက် မပေးရဲတော့ပေ။

ရက်အနည်းငယ်ကြာအပြီး၌ လူတိုင်းက လန့်ဖုန်းမြို့တော်ကို ရောက်ရှိလာကြ၏။

စစ်သင်္ဘောပေါ်မှာ မတ်တတ်ရပ်ပြီး အဝေးကနေ အင်မော်တယ်မြို့တော်ကို ကြည့်နေစဉ် သူတို့သည် မြို့ရိုးက ဘေးတစ်ဖက်တစ်ချက်စီသို့ ဆန့်တန်းသွားသော အနက်ရောင်မျဉ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို တွေ့မြင်နိုင်၏။ အဲဒါက ကြည့်ရသည်မှာ အဆုံးမရှိဘဲ အင်မော်တယ်မြို့တော်က ဘယ်လောက်တောင် ကြီးမားသလဲ စဉ်းစားကြည့်နိုင်၏။

လင်းလောပြောပုံအရ ဤအင်မော်တယ်မြို့တော်ကို ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ အကြီးမားဆုံးအဖွဲ့အစည်းများထဲမှ တစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး နေရာအနှံ့အပြားမှာ ပကတိအင်မော်တယ်များအားလုံးကလည်း ဤနေရာမှာ စုဝေးနေကြ၏။

တကယ်ဆို ဤကဲ့သို့သော အင်မော်တယ်မြို့တော်တစ်မြို့က ဤကဲ့သို့သော ခမ်းနားထည်ဝါမှုကို တကယ်ပင် ပိုင်ဆိုင်သင့်၏။

ပကတိအင်မော်တယ်ပညာရှင်များ၏ အရေအတွက်မှာ လန့်ဖုန်းမြို့တော်သည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်နှင့် မဟာကျင်းအင်မော်တယ်နိုင်ငံကဲ့သို့ ကောင်းကင်အဆင့် ဂိုဏ်းများနှင့် အဖွဲ့အစည်းများထက်ပင် များစွာ ပိုမိုသာလွန်နေ၏။

ဥပမာအားဖြင့် ကောင်းကင်အင်မော်တယ်ပညာရှင်များက လန့်ဖုန်းမြို့တော်မှာ ဘာမှ မဟုတ်ပေ။

ဒါ့အပြင် အခြားသော အင်မော်တယ်မြို့တော်များမှ ပြိုင်စံရှားများနှင့် ပညာရှင်များသည် နှစ်တစ်သောင်းတိုင်းမှာ တစ်ကြိမ်ကျင်းပသော အင်မော်တယ်မက်မွန်စားသောက်ပွဲမှာ စုဝေးနေကြပေလိမ့်မည်။

မဟူရာကြေးမုံဂိုဏ်းမှ လူအုပ်စုသည် လန့်ဖုန်းမြို့တော်မှာ အရမ်းကို သာမန်ဆန်ပြီး အခြားသူများအနေဖြင့် သူတို့ကို သတိထားမိဖို့ မလွယ်ကူပေ။

သို့သော်လည်း သူတို့က လန့်ဖုန်းမြို့တော်ထဲသို့ ဝင်ရောက်လာသည့် ခဏမှာပင် ပစ်မှတ်ထားခံနေရဆဲဖြစ်၏။

မဟူရာကြေးမုံဂိုဏ်းမှ လူတိုင်းအနေဖြင့် လန့်ဖုန်းမြို့တော်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်၏။ သူတို့သည် မြို့တော်၏ မြင့်မြတ်ထည်ဝါသော မြင်ကွင်းများ၊ လူစုလူဝေးများနှင့် ကျယ်ပြန့်သော လမ်းမများကို တွေ့မြင်သောအခါ သူတို့က အလွန်တရာ စိတ်လှုပ်ရှား၍ သိချင်စိတ် ပြင်းပြနေကြ၏။

လမ်းမ၏ တစ်ဖက်တစ်ချက်စီမှာ မရေမတွက်နိုင်သော တစ်မူထူးခြားသည့် ရတနာများကို ခင်းကျင်းပြသထားသည့် ဆိုင်ခန်းများ ရှိနေပြီး လူတိုင်းက မျက်စိများ ကျိန်းစပ်နေကြ၏။

ဆူဇီမိုနှင့် လင်းလောကသာလျှင် မည်သည့်အရာကိုမှ စိတ်မဝင်စားသည့်အလား သူတို့၏ အမူအရာများက တည်ငြိမ်နေ၏။

လင်းလောသည် မြင့်မြတ်သော နောက်ခံတစ်ခုကနေ လာပြီး သူမ၏ မိဘများက အင်မော်တယ်နိုင်ငံတစ်နိုင်ငံကို အုပ်စိုးလေသည်။ သူမသည် ဤကဲ့သို့သော ပတ်ဝန်းကျင်နှင့် စိမ်းသက်မနေဘဲ စိတ်ဝင်စားမှု မရှိပေ။ သို့​သော်လည်း ဆူဇီမိုက တခြားတစ်စုံတစ်ရာကို တွေးမိနေ၏။

သူတို့အုပ်စုက ပစ်မှတ်ထားခံလာရသည်ကို သူက သတိထားမိလာပြီဖြစ်၏။

သူ၏ ကျင့်ကြံမှုနယ်ပယ်က မမြင့်မားသော်လည်း သူ၏ အာရုံခံသတိစိတ်က သန်မာပြီး လူထူထပ်သော ဤလမ်းထဲမှာ ခပ်ဖျော့ဖျော့ ရန်လိုစိတ်တစ်ခုက ဘေးပတ်ဝန်းကျင်မှာ ချောင်းမြောင်းနေသည်ကို သူက ဖမ်းမိနိုင်ဆဲဖြစ်၏။

သို့သော်လည်း ဆူဇီမိုက သူတို့၏ သရုပ်သကန်များကို မဆုံးဖြတ်နိုင်ပေ။

ပြောရလျှင် သူနှင့် လင်းလောသည် ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေသို့ ရောက်ရှိလာခါစဖြစ်ပြီး လန့်ဖုန်းမြို့တော်သို့လည်း ယခုမှ ဝင်ရောက်လာခြင်းဖြစ်၏။ သူတို့သည် ဤနယ်မြေမှာရှိသော မည်သူနှင့်မှ သိကျွမ်းခြင်းမရှိဘဲ သူတို့အနေဖြင့် သန်မာသော ရန်သူများကို ဆွဲဆောင်မိစရာ အကြောင်းမရှိပေ။

ထိုရန်သူများသည် သူတို့ကို ပစ်မှတ်ထားခြင်း မဟုတ်ဘဲ မဟူရာကြေးမုံဂိုဏ်းကို ပစ်မှတ်ထားခြင်း ဖြစ်နေမလား။

“ငါတို့နောက်ကို နောက်ယောင်ခံလိုက်နေတယ်”

ဆူဇီမိုသည် လင်းလောကို သတိပေးဖို့အတွက် စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ဟင် ဟုတ်လား”

လင်းလောက အနည်းငယ် မှင်တက်သွား၏။

လန့်ဖုန်းမြို့တော်မှ လူများက ဝင်ထွက်သွားလာနေပြီး စိတ်ဝိညာဉ်အသိစိတ်များက ရောထွေးနေ၏။ သူတို့က သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို ထုတ်ဖော်မည်ဆိုလျှင်တောင် တစ်စုံတစ်ရာကို ထောက်လှမ်းနိုင်ဖို့ မလွယ်ကူပေ။

ထို့ကြောင့် သူမသည် အဲဒါကို လုံးဝ သတိမထားမိခဲ့ပေ။ ဆူဇီမို သူမကို သတိပေးသည့်အခါမှသာ သူမသည် တည်တံ့သော အမူအရာတစ်ခုနှင့်အတူ တဖြည်းဖြည်း သတိထားလာခဲ့၏။

ထိုစဉ်မှာပင် ရှေ့မလှမ်းမကမ်းမှ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အင်မော်တယ်စစ်သားတစ်ဖွဲ့က ခြေလှမ်းကျဲကြီးများနှင့်အတူ မဟူရာကြေးမုံဂိုဏ်းမှ လူများ ရှိရာဘက်သို့ လျှောက်လှမ်းလာ၏။ သူတို့က ရန်လိုခက်ထန်နေသည်မှာ သိသာလေသည်။

ဆူဇီမိုက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ပြီး မျက်မှောင်ကြုတ်လိုက်၏။

အင်မော်တယ်စစ်သားများ အားလုံးသည် အဆင့် ၉ ကောင်းကင်အင်မော်တယ်များ ဖြစ်ပြီး သူတို့က ခိုင်မာသော သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ထားကြ၏။ သူတို့သည် ယခင် လမ်းမှာ ကြုံတွေ့ခဲ့ရသော ချိုးဖျက်တပ်ဖွဲ့ မိစ္ဆာဓားပြများထက် ကိုင်တွယ်ရ ပိုမိုခက်ခဲမည်မှာ သိသာနေ၏။

“အဲဒါက လန့်ဖုန်းမြို့တော်ရဲ့ အင်ပါယာစစ်တပ် အစောင့်တပ်သားတွေပဲ”

“ဟိုလူက လက်ထောက်တပ်မှူးခုံးဟန်မလား”

“အင်ပါယာစစ်တပ် ထွက်ပေါ်လာအောင် ဘာဖြစ်ခဲ့လို့လဲ… အဲဒီလူတွေကတော့ ထိခိုက်ခံစားရတော့မှာပဲ… ခုံးဟန်က ရက်စက်ကြမ်းကြုတ်တယ်လို့ ငါကြားဖူးတယ်… သူ့ရဲ့ လက်ထဲကို ကျရောက်သွားတဲ့ ဘယ်သူမဆို သေတာထက် ဆိုးတဲ့ ကံကြမ္မာနဲ့ ကြုံတွေ့ရတာပဲ”

“လမ်းဖယ်… လမ်းဖယ်”

အင်မော်တယ်စစ်သားတချို့က အော်ပြောလိုက်ပြီး ဘေးပတ်ဝန်းကျင်မှာ ရှိသော ကျင့်ကြံသူများက စိုးရိမ်ပူပန်နေသော အမူအရာများဖြင့် သူတို့ကို ရှောင်တိမ်းလိုက်ကြ၏။

ရွှစ်… ရွှစ်… ရွှစ်…

ထိုစဉ်မှာပင် လမ်းမကြီး၏ တစ်ဖက်တစ်ချက်စီမှာရှိသော အဆောက်အအုံများ၊ ထောင့်ချိုးများနှင့် လမ်းသွယ်များမှာ ပုံရိပ်များက တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာ၏။ သူတို့က စိတ်ဝိညာဉ်အလင်းဖြင့် တောက်ပနေသော ဧရာမမြားပစ်စက်များကို ကိုင်စွဲထားပြီး မြားများကို ဆွဲတင်ကာ ဆူဇီမိုနှင့် အခြားသူများကို ချိန်ရွယ်ထားကြ၏။

မဟူရာကြေးမုံဂိုဏ်းမှ လူများ၏ အမူအရာများက ပြောင်းလဲသွားပြီး သူတို့က ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာခဲ့၏။

ဆူဇီမိုပင်လျှင် အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလာရ၏။

မြားများက စိတ်ဝိညာဉ်အလင်းဖြင့် တောက်ပနေပြီး သူတို့ကို ဓမ္မရတနာများအဖြစ် အထူးတလည် သွန်းလုပ်ထားသည်မှာ သိသာနေ၏။ မည်သည့်မြားပစ်စက်တစ်ခုမဆို အန္တိမနတ်ဘုရားစွမ်းအားတစ်ခုထက် အားမနည်းပေ။

“ဘာတွေဖြစ်နေတာလဲ”

လျန့်ယွီက ရှေ့သို့ အလောတကြီး တက်လှမ်းပြီး ဘေးပတ်လည်မှာရှိသော အင်မော်တယ်စစ်သားများကို ကြိုးစား၍ ပြုံးပြလိုက်၏။

“အဆင့်မြင့်အင်မော်တယ်တယ်တို့… နားလည်မှုတစ်ခုခု လွဲနေတာလား”

“နားလည်မှုလွဲတယ် ဟုတ်လား”

ဦးဆောင်လာသော အမျိုးသားက လှောင်ရယ်လိုက်ပြီး သူ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်နှင့်အတူ သူ၏အကြည့်က ဆူဇီမိုနှင့် လင်းလောအပေါ် ခဏမျှ ရစ်ဝဲနေ၏။

ဤလူက သုံးထောင့်ချွန်း မျက်လုံးများနှင့် လင်းယုန်နှာခေါင်းနှင့်အတူ ပိန်ပိန်ပါးပါးဖြစ်၏။ သူ၏ နာမည်က ခုံးဟန်ဖြစ်ပြီး သူသည် လန့်ဖုန်းမြို့တော်၏ လက်ထောက်တပ်မှူးတစ်ယောက်ဖြစ်၏။

ခုံးဟန်က တည်တံ့စွာ ပြောလိုက်၏။

“မင်းတို့တွေက ထင်တိုင်းကြဲ သတ်ဖြတ်ဖို့အတွက် အင်မော်တယ်မက်မွန် စားသောက်ပွဲကို တက်ရောက်တဲ့ ကျင့်ကြံသူတွေအဖြစ် ဟန်ဆောင်လာတဲ့ မိစ္ဆာဓားပြတွေဖြစ်တယ်လို့ ငါသံသယရှိတယ်… အဲဒါက ခွင့်လွှတ်လို့ မရတဲ့ ပြစ်မှုပဲ”

သူ၏ စကားလုံးများက ရုတ်ရုတ်သဲသဲ​ ဖြစ်သွားစေ၏။

All Chapters