← Chapters

အခြေအနေကနေရုန်းထွက်ခြင်း

Vol. 162 Ch. 2419

အခြေအနေကနေရုန်းထွက်ခြင်း

Vol. 162 Ch. 2419

အနီးကပ်တိုက်ခိုက်ရည်မှာ အဆင့်-၉ ကောင်းကင်အင်မော်တယ်များပင်လျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ စွမ်းအားကို မခုခံနိုင်ပေ။

ဆူဇီမိုသည် အနာကွန်ဒါတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားပုံရ၏။

သူက မုတ်ဆိတ်နှင့် ဗလတောင့်တောင့်လူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်၏။

သူ၏ ခန္ဓာကိုယ်ထဲမှ ခွန်အားကို စိုက်ထုတ်ပြီး သူက ဆွဲလိမ်ဖျစ်ညှစ်လိုက်၏။

မုတ်ဆိတ်နှင့် ဗလတောင့်တောင့်လူ၏ မျက်လုံးက ပြူးကျယ်သွား၏။ အရိုးကျိုးသံတဖြောက်ဖြောက်က သူ၏ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာသည်။

ဖျောက်....

ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်က လုံးလုံးလျားလျားစုတ်ပြဲတွန့်လိမ်သွားပြီး သွေးမြူတစ်ခုက ပန်းထွက်လာ၏။

သူ၏ ကိုယ်တွင်းအင်္ဂါများက ကြေမွသွားပြီး သူ၏ သွေးချီက ယိုယွင်းပျက်စီးသွား၏။

သူ၏ အမြုတေစိတ်ဝိညာဥ်က ထိတ်လန့်တကြားအမူအရာဖြင့် သူ၏ ဦးခေါင်းထက်ကနေ ထွက်ခွာလာခဲ့၏။

ကောင်းကင်အင်မော်တယ်များအတွက် သူတို့၏ ခန္ဓာကိုယ်ကို စွန့်လွှတ်ရခြင်းက ပြောပလောက်စရာ မဟုတ်ပေ။ သူတို့၏ အမြုတေစိတ်ဝိညာဥ် တည်ရှိနေသရွေ့ သူတို့သည် သိပ်မကြာခင် သူတို့၏ ခန္ဓာကိုယ်များကို ပြန်လည်တည်ဆောက်ရန် သွေးကနေပြန်လည်မွေးဖွားခြင်းကို အသုံးချနိုင်၏။

သို့သော်လည်း ဆူဇီမိုသည် မုတ်ဆိတ်နှင့် ဗလတောင့်တောင့်အမျိုးသား၏ တုံ့ပြန်မှုကို မျှော်လင့်ထားပြီးသားဖြစ်၏။ သူက ထိုသူကို ဖိချေဖျစ်ညှစ်ပြီးနောက် ဓားချီများစွာ ပါဝင်သော သူ၏ လက်ဖဝါးကို ဆန့်ထုတ်ကာ လှောင်ချိုင့်တစ်ခုကို ဖြစ်ပေါ်လာစေ၏။

မုတ်ဆိတ်နှင့် ဗလတောင့်တောင့်အမျိုးသား၏ အမြုတေစိတ်ဝိညာဥ်က ထွက်ပြေးလာသည့်ခဏမှာပင် သူက ဆူဇီမို၏ ဓားချီလှောင်ချိုင့်ထဲမှာ ပိတ်မိသွား၏။

ဓားချီက အေးစက်နေသောစိတ်ဆန္ဒတစ်ခုနှင့်အတူ တစီစီမြည်နေ၏။ ဆူဇီမိုက အဲဒါကို စိတ်ဖြင့်စေညွှန်လိုက်သည်နှင့်အမျှ မုတ်ဆိတ်နှင့်ဗလတောင့်တောင့်အမျိုးသား၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံရပြီး သူက သေရပေလိမ့်မည်။

လူအုပ်ကြီးက တုန်လှုပ်သွားသောအမူအရာများနှင့်အတူ အလောတကြီး ချဲထွက်လိုက်ကြ၏။

ဤအစိမ်းရောင်ဝတ်စာပေသမားသည် လန့်ဖုန်းမြို့တော်မှာ အင်ပါယာစစ်တပ်ကို ပေါ်ပေါ်ထင်ထင်တိုက်ခိုက်ရဲလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။

အဲဒါထက် အင်ပါယာစစ်တပ်၏ အဆင့်-၉ ကောင်းကင်အင်မော်တယ်လက်ထောက်တပ်မှူးတစ်ယောက် ခုန်းဟန်က ဆူဇီမိုတိုက်ခိုက်မှုဖြင့် ချက်ချင်းပင်ထိခိုက်ဒဏ်ရာရရှိသွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။

လူတိုင်းကို တွေဝေရှုပ်ထွေးသွားစေသည့်အရာမှာ လူကြားထဲမှ ကြုံရာကျပန်းရပ်ကြည့်နေသူတစ်ယောက်က ဘာကြောင့် ဆူဇီမိုရဲ့ ဖိနှိမ်ခြင်းကိုခံလိုက်ရတာလဲ... သူ့ရဲ့အမြုတေစိတ်ဝိညာဥ်ကပင် ဖမ်းဆီးခံခဲ့ရပြီး သူ၏ အသက်က အန္တရာယ်ရှိလာခဲ့၏။

“ဘာတွေဖြစ်နေတာလဲ”

“ဒီကောင်လေးက ဆန့်ကျင်တိုက်ခိုက်ရဲတယ်ဆိုတော့ တကယ့်ကိုရဲတင်းတာပဲ”

“အဲဒီလူကလည်း အဆင့်-၉ ကောင်းကင်အင်မော်တယ်ဖြစ်တဲ့ပုံပဲ... သူက ဘာလို့ အဆင့်-၅ ကောင်းကင်အင်မော်တယ်တစ်ယောက်ရဲ့ ဒီလောက်ထိ ထုရိုက်ခြင်းကိုခံလိုက်ရတာလဲ”

“အာ.. အစိမ်းရောင်ဝတ်ကျင့်ကြံသူ ဖိနှိမ်ထားတဲ့သူကို ကြည့်ရတာ ရင်းနှီးနေသလို...”

ဘေးပတ်ဝန်းကျင်က ဆူညံပွက်လောရိုက်၍ ရုန်းရင်းဆန်ခတ်ဖြစ်နေ၏။

“အားလုံးပဲ... မလှုပ်ရှားကြပါနဲ့”

ဆူဇီမိုက မုတ်ဆိတ်နှင့် ဗလတောင့်တောင့်အမျိုးသား၏ အမြုတေစိတ်ဝိညာဥ်ကို ချုပ်နှောင်ထားပြီး ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုကာ ပြောလိုက်၏။

“ကျုပ်လက်ထဲကလူက အစစ်အမှန်မိစ္ဆာဓားပြပဲ... ဒါ့အပြင် သူက ချိုးဖျက်တပ်ဖွဲ့ မိစ္ဆာဓားပြတွေရဲ့ ပထမခေါင်းဆောင်ပဲ”

ဘေးပတ်ဝန်းကျင်မှာရှိသော ရုတ်ရုတ်သဲသဲအသံများက သိသိသာသာငြိမ်သက်သွားပြီးနောက် နောက်တစ်ဖန်ပေါက်ကွဲထွက်ပေါ်လာ၏။

“ကြည့်ရတာသူက ချိုးဖျက်တပ်ဖွဲ့မိစ္ဆာဓားပြတွေရဲ့ ပထမခေါင်းဆောင်ဆိုတာ တကယ်ပဲနဲ့တူတယ်”

“ချိုးဖျက်တပ်ဖွဲ့ မိစ္ဆာဓားပြတွေက ဘာလို့လန့်ဖုန်းမြို့တော်ထဲကို ရောက်နေကြတာလဲ”

ကျင့်ကြံသူများစွာက အသည်းအသန်ဆွေးနွေးပြောဆိုနေကြ၏။ မဟူရာကြေးမုံဂိုဏ်းမှ လူတိုင်းအပေါ် သူတို့၏ ယခင်မုန်းတီးမှုများက သိသိသာသာ လျော့ကျသွား၏။

“ဟမ်...”

ခုန်းဟန်က တည်တံ့သော အမူအရာဖြင့် လှောင်ရယ်လိုက်၏။

“သူက... ချိုးဖျက်တပ်ဖွဲ့ မိစ္တာဓားပြတွေထဲက တစ်ယောက်ဆိုတော့ရော ဘာဖြစ်လဲ... မင်းကလည်း သူတို့နဲ့အတူတူ မဟုတ်ဘူးလို့ ငါတို့က ဘယ်လိုသိနိုင်မှာလဲ”

“အဲဒါအမှန်ပဲ”

နောက်ထပ်ကျင့်ကြံသူတစ်ယောက်က အော်ပြောလိုက်၏။

“မိစ္ဆာဓားပြတွေက ရက်စက်ကြမ်းတမ်းပြီးတော့ မကောင်းဆိုးဝါးဆန်တယ် မင်းတို့တွေက မင်းတို့ရဲ့အသက်ကိုကာကွယ်ဖို့အတွက် အချင်းချင်းပြန်မသတ်ဘူးလို့ ပြောနိုင်မလား”

“ဟဲဟဲ”

ဆူဇီမိုက စိတ်လက်ပေါ့ပါးသောအမူအရာတစ်ခုဖြင့် ရယ်မောလိုက်၏။

ခုန်းဟန်နှင့် အခြားသူများသည် သူတို့ကို ဘာကြောင့်တားဆီးခဲ့သလဲ သူကစဥ်းစားရမရဖြစ်နေခဲ့၏။

သူနှင့် လင်းလောသည် ကျောက််စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေသို့ ပြီးခဲ့သည့်ရက်အနည်းငယ်ကမှ ရောက်ရှိလာခဲ့၏။ လမ်းတစ်လျှောက်မှာ သူတို့သည် လန့်ဖုန်းမြို့တော်၏ အင်ပါယာစစ်တပ်ကို အတိုက်အခံပြုလုပ်ဖို့နေနေသာ မည်သူတစ်ဦးတစ်ယောက်နှင့်မျှ ထိတွေ့ဆက်ဆံမှုမရှိခဲ့ပေ။

သူတို့နှစ်ယောက်သည် ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှ တစ်ယောက်ယောက်နှင့် ရန်ငြိုးရန်စရှိထားမည်ဆိုလျှင် အဲဒါသည် လမ်းခရီးမှာ သူတို့ကြုံတွေ့ခဲ့ရသော မိစ္ဆာဓားပြများသာဖြစ်ပေလိမ့်မည်။

စောစောက ဆူဇီမို၏ အာရုံသတိစိတ်သည် လူအုပ်ကြားထဲမှ သန်မာသောရန်လိုစိတ်တစ်ခုကို ဖမ်းမိခဲ့၏။

သူသည် စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ပြီး ထိုလူကို ချက်ချင်းပင် ထောက်လှမ်းကာ အဲဒါသည် ချိုးဖျက်တပ်ဖွဲ့မိစ္ဆာဓားပြများ၏ ပထမခေါင်းဆောင်ဖြစ်သည်ဆိုတာကို သိရှိလိုက်ရသည်။

ဤလူသည် လန့်ဖုန်းမြို့တော်မှာပေါ်ထွက်လာသည့် တစ်ချိန်တည်းမှာပင် ဖုန်းဟန်နှင့်အင်ပါယာစစ်တပ်က သူတို့ကိုတားဆီးလာခြင်းက အရမ်းကိုတိုက်ဆိုင်လွန်းနေ၏။

ဆူဇီမိုသည် ဖြစ်နိုင်ခြေတစ်ခုကို အလျင်အမြန်စဥ်းစားမိသွား၏။

ထို့ကြောင့် သူသည် မုတ်ဆိတ်နှင့် ဗလတောင့်တောင့်လူကို ဖိနှိမ်ဖို့ မဆိုင်းမတွ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။

ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။

“ဒီကိစ္စက ရှင်းပါတယ်... ငါက သူ့ရဲ့ဝိညာဥ်ကို ရှာဖွေလိုက်တာနဲ့ အမှန်တရားက ပေါ်ထွက်လာလိမ့်မယ်”

မဟူရာကြေးမုံဂိုဏ်းမှ လူအုပ်စုသည် ချိုးဖျက်တပ်ဖွဲ့မိစ္ဆာဓားပြများနှင့် ယခင်က ကြီးမားစွာ ပဋိပက္ခဖြစ်ခဲ့၏။

ထိုမှတ်ဉာဏ်က ပေါ်ထွက်လာသည်နှင့် အဲဒါသည် ဆူဇီမိုနှင့် အခြားသူများ၏ ရိုးသားမှုကို သက်သေပြပေးနိုင်ပေမည်။

သို့သော်လည်း ခုန်းဟန်၏ အမူအရာက ပြောင်းလဲသွား၏။

မုတ်ဆိတ်နှင့် ဗလတောင့်တောင့်အမျိုးသား၏ မှတ်ဉာဏ်များက ပေါ်ထွက်လာမည်ဆိုလျှင် အင်ပါယာစစ်တပ်သည် အင်မော်တယ်မြို့တော်မှာ ဓားပြများနှင့် ပူးပေါင်းကြံစည်ခဲ့သည့်ကိစ္စကလည်း ပေါ်ထွက်လာပေလိမ့်မည်။

အဲဒါသည် လန့်ဖန်မြို့တော်နှင့် မြို့တော်ငါးမြို့၊ နန်းမြင့်မျှော်စင် ၁၂ခု နှင့် ကျောက်စိမ်းမိုးကောင်းကင်နန်းတော်အပေါ်မှာပါ အလွန်တရာမကောင်းသည့်ရိုက်ခတ်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

ဖုန်းဟန်၏ သတ်ဖြတ်လိုစိတ်က ချက်ချင်းပင်အားကောင်းလာပြီး သူက ကြမ်းကြုတ်ခက်ထန်သောအကြည့်နှင့်အတူ အံကိုကြိတ်ကာ ပြောလိုက်၏။

“အားလုံးပဲနားထောင်ကြ... မဟူရာကြေးမုံဂိုဏ်းနဲ့ မိစ္တာဓားပြတွေက အတူပူးပေါင်းပြီး မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ လန့်ဖုန်းမြို့တော်ထဲကို စိမ့်ဝင်ထိုးဖောက်လာတယ်... သူတို့တွေက အင်မော်တယ်မြို့တော်ထဲမှာ အင်ပါယာစစ်တပ်ကိုတောင်မှ ပေါ်ပေါ်ထင်ထင်ဆန့်ကျင်တိုက်ခိုက်ရဲတယ်... ဒီပြစ်မှုက ခွင့်လွှတ်လို့မရဘူး ငါတို့က သနားညှာတာမှုမရှိဘဲ သူတို့ကိုသတ်ဖြတ်ရမယ်”

သူ၏ စစ်မိန့်သည် ဆူဇီမိုနှင့် အခြားသူများကို သတ်ဖြတ်ဖို့သာမက မုတ်ဆိတ်နှင့်ဗလတောင့်တောင့်လူကိုပါ နှုတ်ပိတ်ဖို့ဖြစ်၏။

ဆူဇီမိုသည် ခုန်းဟန်၏ တုံ့ပြန်မှုကို တွေ့မြင်သောအခါ သူ၏ ထင်မြင်ချက်က မမှားဘူးဆိုတာကို သိရှိလိုက်၏။

ချိုးဖျက်တပ်ဖွဲ့ မိစ္တာဓားပြများသည် လန့်ဖုန်းမြို့တော်မှာ အင်ပါယာစစ်တပ်နှင့်တကယ်ပင် ပူးပေါင်းကြံစည်နေခဲ့၏။

“လောင်ကျွမ်းကောင်းကင် ဆူပွက်ပင်လယ်”

“မိုးကောင်းကင်ခုတ်ချက်”

“သံမဏိမြင်းတပ်”

အန္တိမနတ်ဘုရားစွမ်းအားများက လမ်းမရှည်ထက်ကနေ တစ်ခုပြီးတစ်ခုပစ်လွင့်ထွက်ပေါ်လာပြီး ဓမ္မရတနာများစွာက ယှက်ဖြာသွား၏။

ဓားချီများက ဖြန့်ကြက်လာပြီး တိုက်ပွဲက ချက်ချင်းပင်စတင်လာခဲ့၏။

ဆူဇီမိုသည် အငိုက်ဖမ်းတိုက်ခိုက်ခဲ့သောကြောင့်သာ အနီးကပ်တိုက်ခိုက်ခြင်းမှာ ခုန်းဟန်ကို ထိခိုက်ဒဏ်ရာရရှိစေနိုင်ခဲ့ခြင်းဖြစ်၏။

တကယ်တမ်းမှာတော့... သူ၏ ကျင့်ကြံမှုသည် အဆင့်-၅ ကောင်းကင်အင်မော်တယ်တစ်ယောက်အဖြစ် တက်လှမ်းလာခါစသာဖြစ်သည်။

နတ်ဘုရားစွမ်းအားများနှင့် ထိပ်တိုင်ရင်ဆိုင်မည်ဆိုလျှင် သူသည် ဤမျှများပြားသော အဆင့်-၉ ကောင်းကင်အင်မော်တယ်များ၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံဆန့်ကျင်နိုင်မည် မဟုတ်ပေ။

ဒါ့အပြင် ဤနေရာက လန့်ဖုန်းမြို့တော်ဖြစ်၏။

သူက ဤနေရာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်မည်ဆိုလျှင် နောက်ပိုင်းအကျိုးဆက်များက စဥ်းစားကြည့်၍မရနိုင်အောင်ဖြစ်လာပေလိမ့်မည်။

သူနှင့် လင်း​လောအနေဖြင့် ထပ်မံထွက်ခွာဖို့က အလွန်တရာခဲယဥ်းသွားပေလိမ့်မည်။

ဆူဇီမိုသည် ဆန်းကြယ်တောင်ပံများ၊ မိုးကြိုးလေပြည်တောင်ပံများ၊ ကောင်းကင်ဘုံခြေလှမ်းနှင့်အခြားသော လှုပ်ရှားခြင်းနည်းစနစ်နှင့် လျှို့ဝှက်အတတ်များစွာကို ထုတ်ဖော်လိုက်၏။

တစ်ချိန်တည်းမှာပင် သူက သူ၏ ပင်ကိုနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီး သူ၏ ဧရာမရွှေငှက်တောင်ပံများကို ဖြန့်ကြက်လိုက်၏။

သူ၏ နောက်ဘက်မှာ ဧရာမတောင်ပံသုံးစုံက ပေါ်ထွက်လာ၏။ ဖျတ်ခနဲဆို သူက ရွှေရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲပြီး တိုက်ပွဲနယ်မြေကနေ ချက်ချင်းထွက်ခွာသွား၏။

ဤနေရာမှာ စုဝေးရောက်ရှိလာသော အင်ပါယာစစ်တပ်မှ စစ်သားများ၏ အရေအတွက်က တိုးလာပြီး သူတို့၏ တိုက်ခိုက်မှုများက သိပ်သည်းပြင်းထန်လာ၏။

ဆူဇီမိုသည် သူ၏ အံ့မခန်းအလျင်အဟုန်နှင့်အတူ တိုက်ပွဲနယ်မြေမှာ စိုးမိုးနိုင်သော်လည်း သူသည် လုံးလုံးလျားလျား မထိမခိုက်ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ပေ။

တစ်ခဏချင်းမှာပင် သူ၏ ခန္ဓာကိုယ်က နတ်ဘုရားစွမ်းအားနှင့် ဓမ္မရတနာတချို့ဖြင့် ထိခတ်ခံလိုက်ရ၏။

ကံကောင်းထောက်မစွာပင် သူ့မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာရှိထားပြီး သူ၏ စွမ်းအားကြီးမားသော ပြန်လည်ကုသနိုင်စွမ်းက သူ၏ ဒဏ်ရာများကို ရူးသွပ်စွာကုသပေးနေ၏။

လန့်ယွီအပါအဝင် မဟူရာကြေးမုံဂိုဏ်းမှလူတိုင်းသည် လမ်းမရှည်ထက်မှာ လှုပ်ရှားရဲခြင်းမရှိကြပေ။ သူတို့သည် ကြောက်ရွံ့မှုဖြင့် အသံတိတ်နေပြီး လန့်ဖုန်းမြို့တော်မှာ အင်ပါယာစစ်တပ်ကို တိုက်ခိုက်ရဲခြင်းမရှိပေ။

ဖုန်းဟန်သည် မဟူရာကြေးမုံဂိုဏ်းမှလူတိုင်းကို အေးစက်စွာဖြင့်သာ စိုက်ကြည့်ပြီး သူတို့ကို လျစ်လျူရှုလိုက်၏။

သူ၏ ထင်မြင်ချက်အရ ဤလူများသည် အချိန်မရွေးဖိခြေသတ်ဖြတ်နိုင်သည့် ပုရွက်ဆိတ်များသာဖြစ်သည်။

ယခုအချိန်မှာ အရေးကြီးဆုံးအရာသည် ဒုက္ခအများဆုံးဖြစ်သော အစိမ်းရောင်ဝတ်စာပေသမားကို ရှင်းထုတ်ပစ်ဖို့ဖြစ်၏။

သို့သော်လည်း သူသည် လူတစ်ယောက်ကို လျစ်လျုရှုခဲ့မိ၏။

ဆူဇီမိုသည် လန့်ဖုန်းမြို့တော်ထဲမှ အင်ပါယာစစ်တပ်၏ တိုက်ခိုက်မှုများအားလုံးကို ဆွဲဆောင်ထား၏။ ခုန်းဟန်သည် ဆူဇီမို၏ ဘေးမှာ မတ်တတ်ရပ်နေခဲ့သော ငယ်ရွယ်သည့် မိန်းကလေးတစ်ယောက်ကို မေ့လျော့သွားခဲ့၏။

ဖုန်းဟန်က လေထဲမှာရှိသော ဆူဇီမိုကို စိုက်ကြည့်နေ၏။ သူက ထပ်မံ၍ တိုက်ခိုက်တော့မည့်ဆဲဆဲမှာပင် သူက သန်မာသော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။

“မဟန်တော့ဘူး”

ဖုန်းဟန်က ရင်ထဲမှာ ဆို့နင့်သွား၏။

သူက ထွက်ပြေးတော့မည့်ဆဲဆဲမှာပင် သူက ကြောရိုးတစ်လျှောက် ချမ်းစိမ့်သွား၏။

ထို့နောက် ချက်ချင်းပင် သူ၏ ဦးခေါင်းနောက်ဘက်မှ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။

“ရှင်မလှုပ်တာ ပိုကောင်းလိမ့်မယ်”

အေးစက်၍ စိတ်ခံစားချက်ကင်းမဲ့နေသော အသံတစ်သံက သူ၏ နားထဲမှာ ထွက်ပေါ်လာ၏။

လင်းလောသည် သူမ၏ လက်ထဲရှိ ဓားရှည်နှင့်အတူ ခုန်းဟန်၏ နောက်ဘက်မှာ မတ်တတ်ရပ်နေ၏။ ဓားဖျားက ခုန်းဟန်၏ ဦးခေါင်းနောက်နှင့်ထိနေပြီး သူမက အားအနည်းငယ်စိုက်လိုက်သည်နှင့် ထိုသူ၏ ဦးခေါင်းကို ထိုးဖောက်နိုင်၏။ အမြုတေစိတ်ဝိညာဥ်ကပင် ထွက်ပြေးလွတ်မြောက်ဖို့ အချိန်ရမည်မဟုတ်ပေ။

ဆူဇီမိုနှင့်လင်းလောသည် အဲဒါနှင့်ပတ်သက်၍မတိုင်ပင်ခဲ့သော်လည်း သူတို့မှာ ထူးခြားသည့်အချိတ်အဆက်တစ်ခုရှိနေ၏။

ဆူဇီမိုက ချိုးဖျက်တပ်ဖွဲ့ မိစ္ဆာဓားပြများ၏ ပထမခေါင်းဆောင်ကိုဖိနှိမ်ခဲ့၏။

လင်းလောကတော့... သူမသည် ခုန်းဟန်ကို ချက်ချင်းပင်ဖိနှိမ်လိုက်၏။

ထိုသူနှစ်ယောက်သည် သူတို့၏ လက်ထဲမှာ ရှိနေမည်ဆိုလျှင် သူတို့သည် လက်ရှိအခြေအနေကနေ ရုန်းထွက်၍ ရှင်သန်နိုင်ပေလိမ့်မည်။

All Chapters