ကောင်းကင်အင်မော်တယ်ပိုင်ယု
Vol. 162 Ch. 2420
ခုန်းဟန်သည် လင်းလော၏ ဓားအောက်မှာ မည်သည့်ရွေးချယ်စရာမှ မရှိတော့ပေ။ တခြားသော အင်ပါယာစစ်သားများက ထိုသည်ကို တွေ့မြင်သောအခါ သူတို့က တွေဝေတုံ့ဆိုင်းသောအမူအရာများနှင့်အတူ တစ်ယောက်ပြီးတစ်ယောက် ရပ်တန့်သွားကြ၏။
“နင်က... လန့်ဖုန်းမြို့တော်မှာ ငါ့ကိုသတ်ရဲလို့လား”
ခုန်းဟန်က လှည့်မကြည့်ဘဲ အေးစက်စွာပြောလိုက်၏။
သူသည် လင်းလော၏ ခြိမ်းခြောက်ခြင်း ခံနေရသော်လည်း သူ၏ လေသံက တင်းမာနေဆဲဖြစ်ပြီး ပြန်လှန်ခြိမ်းခြောက်လိုက်၏။
“နင်မယုံရင် စမ်းကြည့်လိုက်လေ”
လင်းလောက သူနှင့်ငြင်းဆန်မနေဘဲ သာမန်ကာလျှံကာသာ ပြန်ပြေလိုက်၏။
တစ်ချိန်တည်းမှာပင် သူမက သူမလက်ထဲရှိဓားကို ရှေ့သို့အနည််ငယ် ဆန့်ထုတ်လိုက်၏။
ဓား၏ ထက်ရှသော ထိပ်ဖျားက ခုန်းဟန်၏ ဦးခေါင်းနောက်ဘက်ကို ချက်ချင်းပင်ထိုးဖောက်ပြီး သွေးများက စီးကျလာ၏။
ခုန်းဟန်က ရင်တစ်ချက်ထိတ်သွားပြီး ချက်ချင်းပင်အသာတကြည် နာခံကာ အသံတိတ်သွား၏။
ဆူဇီမိုက ခုန်းဟန်ကိုကြည့်ပြီး အသံကိုမြှင့်ကာ ပြောလိုက်သည်။
“လက်ထောက်တပ်မှူးခုန်းက ချိုးဖျက်တပ်ဖွဲ့မိစ္ဆာဓားပြတွေရဲ့ ပထမခေါင်းဆောင်ကို နှုတ်ပိတ်သတ်ဖြတ်ချင်ရအောင် ထိတ်လန့်နေတာလား... ခင်ဗျားက ဘာကိုစိုးရိမ်နေတာလဲ”
“နှုတ်ပိတ်ဖို့လား... ငါနားမလည်ဘူး”
ခုန်းဟန်က အေးစက်စွာပြောလိုက်၏။
“ငါ့ရဲ့တာဝန်က လန့်ဖုန်းမြို့တော်ကို စောင့်ရှောက်ဖို့ပဲ... မြို့တော်ထဲကို စိမ့်ဝင်ထိုးဖောက်လာတဲ့ မိစ္ဆာဓားပြတွေအားလုံးကို ငါက ရှင်းထုတ်ပစ်ရမှာပေါ့”
“အဲလိုလား”
ဆူဇီမိုက ရယ်မော၍ လှောင်ပြောင်ထေ့ငေါ့လိုက်၏။
“လက်ထောက်တပ်မှူးခုန်း... ခင်ဗျားက တော်တော် စွမ်းအားကြီးမားတာပဲ.. လူအုပ်ကြားထဲကသူ့ကို ကျုပ်မဖမ်းဆီးခင် ခင်ဗျားက ဒီလူ့ကို အရင်က ဘာလို့ရှာမတွေ့ခဲ့တာလဲ”
“ခင်ဗျားက ဒီပထမခေါင်းဆောင်နဲ့ အရှက်မရှိ ပူးပေါင်းကြံစဥ်မှုပြုလုပ်နေတာတော့ မဟုတ်ဘူးမလား”
ခုန်းဟန်၏ အမူအရာက ပျက်ယွင်းသွားပြီး သူက နှုတ်ဆိတ်နေ၏။
ထိုတိုက်ပွဲအပြီးမှာ ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများကလည်း တဖြည်းဖြည်းတည်ငြိမ်လာကြ၏။
လိမ္မာပါးနပ်မှုရှိသောမည်သူမဆို တစ်စုံတစ်ရာလွဲမှားနေသည်ကို ပြောနိုင်ကြသည်။
သို့သော်လည်း ဤကိစ္စက အရမ်းကိုကြောက်စရာကောင်းပြီး ကျင့်ကြံသူများစွာ၏ စဥ်းစားတွေးတောနိုင်စွမ်းထက် ကျော်လွန်နေပြီဖြစ်၏။
ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ မိစ္ဆာဓားပြများသည် လန့်ဖုန်းမြို့တော်၏ လက်ထောက်တပ်မှူးတစ်ယောက်နှင့် ပူးပေါင်းကြံစည်နေကြတာလား။
အဲဒါကို ခုန်းဟန်တစ်ယောက်တည်းက ပြုလုပ်တာလား.. ဒါမှမဟုတ် တခြားကျင့်ကြံသူတွေ ပါဝင်ပတ်သက်နေလား။ မြို့တော်ငါးမြို့နဲ့ နန်းမြင့်မျှော်စင် ၁၂ခုကရော အဲဒါကို တိတ်တဆိတ်ခွင့်ပြုပေးထားတာလား။
ဤကိစ္စက အမှန်ဆိုလျှင် ဤကဲ့သို့သောတစ်စုံတစ်ရာက မကြာသေးခင်ကမှ ဖြစ်ပွားလာတာလား သို့မဟုတ် ဟိုးအရင်ကတည်းက ဖြစ်နေခဲ့တာလား။
တစ်ယောက်ယောက်ကအဲဒါကို စဥ်းစားတွေးတောကြည့်မည်ဆိုလျှင် သူတို့က ကြက်သီးမွေးညင်းများထလာပေလိမ့်မည်။
ထိုစဥ်မှာပင် အဝေးကနေ အော်ဟစ်သံတစ်သံက ထွက်ပေါ်လာ၏။
ထို့နောက်ချက်ချင်းပင် အဖြူရောင်အလင်းတစ်ခုက တစ်ခဏချင်းမှာပင် သူတို့ရှေ့သို့ရောက်ရှိလာပြီး သူ၏ ပုံပန်းသဏ္ဌာန်က ထွက်ပေါ်လာ၏။
အဲဒါသည် လျှို့ဝှက်ဆန်းကြယ်သောအရောင်အဝါတစ်ခုဖြင့် တောက်ပနေသည့် အဖြူရောင်ငှက်မွေးဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ဖြစ်၏။ သူ့မှာ မောက်မာဝင့်ကြွားသော အမူအရာတစ်ခုရှိပြီး သူ၏ အော်ရာက စွမ်းအားကြီးမားနေ၏။
“ကောင်းကင်အင်မော်တယ်ပိုင်ယု”
“လက်စသတ်တော့ သူက ကောင်းကင်အင်မော်တယ်ပိုင်ယုပဲ... သူက လန့်ဖုန်းမြို့တော်ရဲ့ နံပါတ်တစ် ကောင်းကင်အင်မော်တယ်ဖြစ်တယ်လို့ ပြောကြတယ်”
“အဲဒါတင်မကဘူး... ကောင်းကင်အင်မော်တယ်ပိုင်ယုရဲ့ တိုက်ခိုက်ရည်ခွန်အားက ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးသုံးနေရာထဲမှာ သေချာပေါက်ရပ်တည်လိမ့်မယ်... သူက ဒီတစ်ခေါက်အင်မော်တယ်မက်မွန်စားသောက်ပွဲမှာ နံပါတ်တစ်နေရာကို ရယူဖို့တောင် အခွင့်အရေးရှိတယ်”
အံ့အားတသင့်ရေရွတ်ပြောဆိုသံများက လူအုပ်ကြားထဲမှာထွက်ပေါ်လာပြီး ကျင့်ကြံသူများစွာက အထင်းကြီးလေးစားစွာဖြင့် သူ့ကိုကြည့်နေကြ၏။
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ကောင်းကင်အင်မော်တယ်ပိုင်ယုနှင့် ခုန်းဟန် နှစ်ယောက်စလုံးသည် အဆင့်-၉ ကောင်းကင်အင်မော်တယ်များဖြစ်ပြီး ကျင့်ကြံမှုနယ်ပယ်တူသော်လည်း ဆူဇီမိုကို ထိုသူပေးနေသည့်ဖိအားက ပို၍ပင်သိသိသာသာသန်မာနေ၏။
ရတနာသူတော်စင်နန်းတော်ထဲမှာ သူသည် မင်းသားတစ်ပါး၊ မင်းသမီးတစ်ပါးနှင့် ဆန့်ကျင်တိုက်ခိုက်ပြီး အသာစီးပင်ရယူနိုင်ခဲ့သည်မှာ ရတနာသူတော်စင်နန်းတော်၏ ကန့်သတ်မှုများကြောင့်လည်းဖြစ်၏။
ယင်ထျန်နှင့် လန်ချန်ချန်သည် အဆင့်-၇ ကောင်းကင်အင်မော်တယ်များသာဖြစ်ပြီး သူတို့ကို ထိပ်သီးကောင်းကင်အင်မော်တယ်ပညာရှင်များဟု မသတ်မှတ်နိုင်သောကြောင့်လည်းဖြစ်၏။
လန့်ဖုန်းမြို့တော်၏ နံပါတ်တစ်ကောင်းကင်အင်မော်တယ်ဟု ကျော်ကြားသော ဤကောင်းကင်အင်မော်တယ်က ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးသုံးယောက်ထဲမှာ ရပ်တည်နိုင်မည်ဆိုလျှင် သူသည် အဆင့်-၇ ကောင်းကင်အင်မော်တယ်များဖြစ်သော ယင်ထျန်နှင့် လန်ချန်ချန်ထက် ကိုင်တွယ်ရများစွာပိုမိုခက်ခဲပေလိမ့်မည်။
ကောင်းကင်အင်မော်တယ်ပိုင်ယုကို အဆင့်-၉ ကောင်းကင်အင်မော်တယ်များကြားမှာ ပြိုင်စံရှားနှင့် ပြန်ဝင်စားမွန်းစတားတစ်ယောက်ဟုဆိုနိုင်၏။
ယခုမှ ဆူဇီမိုသည် အဆင့်-၅ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်၏။
သူတို့ကြားမှာ အဆင့်လေးခုကွာဟနေပြီး ခွန်အားကွာဟချက်က ကြီးမား၍ ဖာထေးနိုင်ဖို့ မလွယ်ကူပေ။
“လက်စသတ်တော့... ဘာမဟုတ်တဲ့သူနှစ်ယောက်ပဲ”
ကောင်းကင်အင်မော်တယ်ပိုင်ယုသည် ဆူဇီမိုနှင့် လင်းလော၏ ကျင့်ကြံမှုနယ်ပယ်များကို တွေ့မြင်သောအခါ သူက လှောင်ရယ်လိုက်၏။
“လန့်ဖုန်းမြို့တော်က အားနည်းတယ်လို့ မင်းတို့နှစ်ယောက်က တကယ်ပဲ ထင်နေတာလား”
“အဆင့်-၅ ကောင်းကင်အင်မော်တယ်တစ်ယောက်နဲ့ အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်က မြို့တော်ထဲမှာ ဘယ်လိုတောင်ဆိုးဆိုးဝါးဝါးပြုမူနေတာလဲ”
“သေစမ်း”
ကောင်းကင်အင်မော်တယ်ပိုင်ယုက ဆူဇီမိုကို စကားပြောခွင့်မပေးဘဲ ချက်ချင်းပင်တိုက်ခိုက်လိုက်၏။
ဝှစ်... ဝှစ်...
သူ၏ အဖြူရောင်ငှက်မွေးဝတ်စုံမှ ငှက်မွေးတောင်များက တစ်ခုပြီးတစ်ခုကွာကျလာပြီး ထောင်နှင့်ချီသောအဖြူရောင်အလင်းတန်းများအဖြစ် ပြောင်းလဲကာ ဆူဇီမိုကို လွှမ်းခြုံလာခဲ့၏။
အဖြူရောင်ငှက်မွေးများ၏ အလျင်အဟုန်က အလွန်တရာမြန်ဆန်ပြီး တဖျတ်ဖျတ်တလက်လက်အလင်းရောင်တစ်ခုနှင့်အတူ ကောင်းကင်တစ်ခွင် အုပ်မိုးလာခဲ့၏။
ဘေးပတ်ဝန်းကျင်မှာရှိသော ကျင့်ကြံသူများက တုန်လှုပ်သွားကြသည်။
“ကောင်းကင်အင်မော်တယ်ပိုင်ယုက သနားညှာတာမှုလုံးဝမပြဘူး... သူက အဲဒီအစိမ်းရောင်ဝတ်ကျင့်ကြံသူကို ချက်ချင်းသတ်ဖြတ်တော့မှာပဲ”
“အဲဒါက ကောင်းကင်အင်မော်တယ်ပိုင်ယုရဲ့ လျှို့ဝှက်အတတ်တွေထဲကတစ်ခုလို့ ငါကြားဖူးတယ်... အဖြူရောင် ငှက်မွေးတစ်တောင်ချင်းစီက ထိပ်သီးဓမ္မရတနာတစ်ခုနဲ့ ယှဥ်နိုင်တယ်... အခုလိုထောင်နဲ့ချီတဲ့ အဖြူရောင်ငှက်မွေးတွေကို တစ်ချိန်တည်းမှာထုတ်ဖော်လိုက်မယ်ဆိုရင်တော့ ပြောမနေနဲ့တော့”
“ဒီလျှို့ဝှက်အတတ်နဲ့ဆို အစိမ်းရောင်ဝတ်စာပေသမားက အရိုးတောင်ကျန်မှာမဟုတ်တော့ဘူး”
လူတိုင်းက ဆွေးနွေးနေစဥ်မှာပင် ဆူဇီမို၏ နောက်ကျောဘက်မှာ ဧရာမအဖြူရောင်ဆင်စွယ်ခြောက်ချောင်းက ရုတ်တရက်ပေါ်ထွက်လာပြီး လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားတစ်ခုကို ထုတ်ဖော်ပေးနေ၏။
ဆူဇီမို၏ အော်ရာကလည်း တလိပ်လိပ်ထိုးတက်လာ၏။
ထို့နောက်ချက်ချင်းပင် သူ၏ လက်ချောင်းနှစ်ချောင်းကို ပူးကပ်ပြီး ဓားကွက်တစ်ခုကိုဆင့်ခေါ်ကာ ရှေ့သို့ညင်သာစွာ ခုတ်ပိုင်းချလိုက်၏။
ဇီ.. ဇီ.. ဇီ ဇီ...
ဓားချီအလင်းတန်းများက ကျယ်ပြန့်စွာပြန့်ကားသွားသော အဖြူရောင်အလင်းတစ်ခုအဖြစ် ထွက်ပေါ်လာ၏။
လောကမှာရှိသောအပူချိန်က အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုနှင့်အတူ ထိုးဆင်းသွား၏။
လန့်ဖုန်းမြို့တော်၏ ကောင်းကင်ထက်မှာ မရေမတွက်နိုင်သောကြယ်များက ပေါ်ထွက်လာပြီး ကသောင်းကနင်းလမ်းကြောင်းများနှင့် မဆက်မပြတ်လှုပ်ရှားလာ၏။
ကောင်းကင်၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာသည့်အခါ ကြယ်များသည် နဂိုနေရာကနေရွေ့လျားကုန်ပေလိမ့်မည်။
ထောင်နှင့်ချီသော ကောင်းကင်သတ်ဖြတ်ခြင်းဓားချီများက ပစ်လွင့်ထွက်ပေါ်လာပြီး ဝင်ရောက်လာသော ငှက်မွေးဖြူများ၏ အင်မော်တယ်အလင်းဖြင့် ထိတွေ့ရိုက်ခတ်သွား၏။ တချွင်ချွင်အသံများက ထွက်ပေါ်၍ မီးပွားများက စင်ထွက်သွား၏။
“ဘယ်လောက်တောင်စွမ်းအားကြီးမားတဲ့ ဓားပညာရပ်လဲ”
“ဒီလိုမျိုး ကြမ်းကြုတ်ခက်ထန်တဲ့ စိတ်ဆန္ဒတစ်ခုကတော့... တကယ့်ကိုအံ့မခန်းပဲ”
“အဲဒါ..အဲဒါက... ဒဏ္ဍာရီလာ ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်လား”
ထိုစကားသံထွက်ပေါ်လာသည့်ခဏမှာပင် လူအုပ်ကြီးက ခဏမျှငြိမ်သက်သွားပြီးနောက် ပို၍ပင်ကျယ်လောင်စွာ ဆူညံပေါက်ကွဲထွက်လာ၏။
“အမှန်ပေါ့... ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်ကပဲ ဒီလိုမျိုးစွမ်းပကားမျိုးကို ဖော်ဆောင်နိုင်လိမ့်မယ်”
“အဲဒီလူရဲ့နောက်ခံကဘာလဲ... သူက ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်ကိုတောင် တတ်မြောက်ထားတယ်ဆိုတော့... သူက အဆင့်-၅ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ ဒါပေမဲ့ သူက ကောင်းကင်အင်မော်တယ်ပိုင်ယုရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်နေတယ်”
လေထဲတွင်...။
ဆူဇီမိုသည် အစွမ်ခြောက်ချောင်းနတ်ဆင်ခွန်အားကို ထုတ်ဖော်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်ထဲရှိ အမြုတေချီနှင့်ခွန်အားက ဆပွားတိုးလာပြီး သူက အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အဆင့်ထိ ရောက်ရှိလာခဲ့၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အမြုတေချီက ကြွယ်ဝသန့်စင်ပြီး သူအနေဖြင့် အဆင့်နှစ်ဆင့်ကျော်ပြီး တိုက်ခိုက်ဖို့က ပြဿနာတစ်ရပ်မဟုတ်ပေ။
သို့သော်လည်း သူနှင့် ကောင်းကင်အင်မော်တယ်ပိုင်ယုကြား ခွန်အားကွာဟချက်တစ်ခု ရှိနေဆဲဖြစ်၏။
ကံကောင်းထောက်မစွာပင် ထိုကွာဟချက်ကို ဖာထေးဖို့အတွက် သူ့မှာကောင်းကင်သတ်ဖြတ်ခြင်းဓားချီလို စွမ်းအားကြီးမားသော လျှို့ဝှက်အတတ်တစ်ခုရှိနေပြီး သူက ကောင်းကင်အင်မော်တယ်ပိုင်ယု၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့၏။
“ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်လား”
ဆူဇီမိုက မထိမခိုက်ရှိနေသည်ကို ကောင်းကင်အင်မော်တယ်ပိုင်ယု တွေ့မြင်သောအခါ သူက ဒေါသထွက်မသွားပေ။ ထိုအစား သူ၏ မျက်လုံးက ဝင်းလက်သွားပြီး အော်ပြောလိုက်၏။
“ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်က မင်းရဲ့လက်ထဲမှာ တကယ့်ကို နွံနစ်နေတဲ့ပုလဲလုံးတစ်လုံးဖြစ်နေတာပဲ... မင်းလိုမျိုး အဆင့်-၅ ကောင်းကင်အင်မော်တယ်တစ်ယောက်က ဒီလိုမျိုး ဓားပညာရပ်တစ်ခုနဲ့ ဘယ်ထိုက်တန်ပါ့မလဲ”
ကောင်းကင်အင်မော်တယ်ပိုင်ယုက ကျေနပ်သဘောကျနေ၏။
သူ၏ မျက်လုံးထဲမှာ ဆူဇီမိုသည် သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာသည့် အခွင့်အရေးတစ်ခုဖြစ်သည်။ သူသည် ဆူဇီမိုကိုသတ်ဖြတ်ပြီး ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်ကို ရရှိနိုင်သည်နှင့်အမျှ သူသည် အဲဒါကိုကျင့်ကြံဖို့အခွင့်အလမ်းကိုချိန်ဆနိုင်မည်ဖြစ်၏။
အင်မော်တယ်မက်မွန်စားသောက်ပွဲမှာ သူသည် ကျင့်ကြံမှုအဆင့်တူခြင်းမှာ လူတိုင်းကိုဖယ်ရှားရှင်းလင်းပြီး ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာကို သေချာပေါက်ရောက်ရှိနိုင်တော့မည်ဖြစ်သည်။
“သေစမ်း”
ကောင်းကင်အင်မော်တယ်ပိုင်ယုက နောက်တစ်ဖန်စိတ်လှုပ်ရှားစွာ တိုက်ခိုက်လိုက်၏။
ဤတစ်ခေါက်မှာ သူ၏ တိုက်ခိုက်မှုများက ပို၍ပင်ကြမ်းကြုတ်ခက်ထန်လာ၏။ နတ်ဘုရားစွမ်းအားများ၊ လျှို့ဝှက်အတတ်များ၊ အင်မော်တယ်ပညာရပ်များနှင့် ဓမ္မရတနာများက မုန်တိုင်းတစ်ခုကဲ့သို့ တရစပ်ထွက်ပေါ်လာ၏။
လင်းလောက ထိုသည်ကို တွေ့မြင်သောအခါ သူမက အနည်းငယ်စိတ်ညစ်ညူးလာခဲ့သည်။ သူမ၏ ဓားကို တင်းကျပ်စွာဆုပ်ကိုင်ပြီး သူမက ခုန်းဟန်ကို ခြိမ်းခြောက်လိုက်၏။
“သူ့ကိုရပ်တန့်ဖို့ မြန်မြန်အမိန့်ပေးလိုက် မဟုတ်ရင် ငါနင့်ကိုသတ်မယ်”
“ဟီးဟီး”
ခုန်းဟန်က ထူးဆန်းစွာ ရယ်မောလိုက်၏။
“မိန်းကလေး... ကောင်းကင်အင်မော်တယ်ပိုင်ယုက လန့်ဖုန်းမြို့တော်ရဲ့ နံပါတ်တစ်ကောင်းကင်အင်မော်တယ်... ငါက လက်ထောက်တပ်မှူးတစ်ယောက်ပဲ ငါက သူ့ကိုအမိန့်ပေးဖို့ ဘယ်လိုလုပ် အဆင့်မီပါ့မလဲ”
“နင်က... နင့်ရဲ့တာအိုလက်တွဲဖော်ကို စိုးရိမ်နေတယ်ဆိုရင် ငါ့ကိုလွှတ်ပေးလိုက်... နင်က သူနဲ့ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် နင်တို့တွေက ကောင်းကင်အင်မော်တယ်ပိုင်ယုရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ချင်ခုခံနိုင်လိမ့်မယ်”
“ပါးစပ်ကိုပိတ်ထား”
လင်းလောက အော်ငေါက်လိုက်၏။
ခုန်းဟန်ကို ဖိနှိမ်ထားခြင်းသည် ဘေးပတ်လည်မှာရှိသော အင်ပါယာစစ်တပ်ကို ဖိနှိမ်ထားခြင်းနှင့်တူလေသည်။ လင်းလောသည် ဤလူကို အလွယ်တကူလွှတ်ပေးလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း အခြားတစ်ဘက်မှာ ဆူဇီမိုသည် ပိုင်ယု၏ တိုက်ခိုက်မှုများကို တောင့်မခံနိုင်တော့မည့်ပုံရှိနေပြီး အခြေအနေက ဆိုးရွားလာနေသည်။