ခမ်းနားထည်ဝါမှုပျောက်ကွယ်ခြင်း
Vol. 162 Ch. 2421
တိုက်ပွဲနယ်မြေမှာ ဆူဇီမိုသည် အချိန်မရွေးဖိနှိမ်ခံရနိုင်သည့်အလား လုံးဝစီးပိုးခြယ်လှယ်ခံနေရသည်။
ဆူဇီမို၏ အမူအရာက အေးစက်လာခဲ့၏။
တိုက်ပွဲ၏ ဤအဆင့်အရောက်မှာ သူသည် အရေးနိမ့်နေပြီး တစ်ချိန်လုံးနီးပါး ခုခံနေရ၏။ အဲဒါသည် သူ့မှာတန်ပြန်တိုက်ခိုက်ဖို့ မည်သည့်ဝှက်ဖဲမှ မရှိသောကြောင့် မဟုတ်ပေ။
သူတစ်ယောက်တည်းဆိုလျှင် သူသည် ရှေ့တိုးမလား သို့မဟုတ် နောက်ဆုတ်မလား မည်သည့်နောက်ဆံတင်းစရာမှ ရှိလိမ့်မည်မဟုတ်ပေ။ သို့သော် ယခုအခါ သူ့ဘေးတွင် လင်းလောရှိနေ၏။
သူတို့နှစ်ယောက်က ဤနေရာမှာ ပိတ်မိခြင်းဖြင့် သူက လင်းလောကို ဒုက္ခများစွာမရောက်စေလိုပေ။
အစကတော့ ဤပဋိပက္ခမှာ သူတို့သည် ကြိုးကြောင်းဆီလျော်သည့်ဘက်မှာ ရှိနေခဲ့ကြသည်။
သူက လန့်ဖုန်းမြို့တော်မှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်မည်ဆိုလျှင် ကိစ္စများကို ရှင်းပြဖို့ ခက်ခဲသွားပေတော့မည်။
ဤနေရာက ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေဖြစ်၏။ သူနှင့် လင်းလောသည် သူစိမ်းနယ်မြေကနေလာခဲ့ကြပြီး နောက်ပိုင်းအကျိုးဆက်များကို ထည့်တွက်ခြင်းမရှိဘဲ မဆင်မခြင်မပြုမူနိုင်ပေ။
လန့်ဖုန်းမြို့တော်ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် ပကတိအင်မော်တယ်များစွာရှိနေ၏။
သူတို့ထဲမှာ မည်သည့်တစ်ယောက်မဆို ကြိုတင်ခန့်မှန်း၍မရနိုင်သော နောက်ပိုင်းအကျိုးဆက်များကို ဖြစ်စေနိုင်လေသည်။
ဆူဇီမိုက သူ၏ မျက်လုံးကို မှေးကျဥ်းပြီး သူ့ကို တိုက်ခိုက်နေဆဲဖြစ်သည့် ကောင်းကင်အင်မော်တယ်ပိုင်ယုကို စိုက်ကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ပိုင်ယု... ချိုးဖျက်တပ်ဖွဲ့ပထမခေါင်းဆောင်ရဲ့ အမြုတေစိတ်ဝိညာဥ်က ငါ့လက်ထဲမှာရှိတယ်... ငါက သူ့ဝိညာဥ်ကိုရှာဖွေလိုက်တာနဲ့ အမှန်တရားကပေါ်ထွက်လာလိမ့်မယ်”
“ဟမ့်..”
ကောင်းကင်အင်မော်တယ်ပိုင်ယုက လှောင်ရယ်လိုက်၏။
“အမှန်တရားကို ငါဂရုမစိုက်ဘူး... မင်းတို့နှစ်ယောက်က လန့်ဖုန်းမြို့တော်မှာ အင်ပါယာစစ်တပ်ကို ပေါ်ပေါ်ထင်ထင်ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့အတွက် သေသင့်သေထိုက်တယ်”
ကောင်းကင်အင်မော်တယ်ပိုင်ယုသည် တိုက်ခိုက်ခြင်းကိုရပ်တန့်ဖို့ စိတ်ကူးမရှိဘဲ ဆက်လက်၍ ဆဲရေးပြောဆိုနေ၏။
ဆူဇီမို၏ အမူအရာက သုန်မှုန်လာခဲ့သည်။
ပဋိပက္ခစတင်ဖြစ်ပွားချိန်မှ ယခုအချိန်ထိ သူနှင့် လင်းလောသည် တိုက်ခိုက်ခဲ့သော်လည်း သူတို့က သူတို့ကိုယ်သူတို့ ကောင်းကောင်းချုပ်တည်းထားခဲ့၏။
ဆူဇီမိုသည် ခုန်းဟန်ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့သော်လည်း သူက အခြေအနေအပေါ် အခွင့်အကောင်းယူကာ ဆက်လက်၍ လိုက်လံတိုက်ခိုက်ခဲ့ခြင်း မရှိပေ။
လင်းလောကလည်း ခုန်းဟန်ကို ထိန်းချုပ်ထားရုံမျှသာဖြစ်ပြီး ဘေးပတ်ဝန်းကျင်မှာ ရှိသော မည်သည့်အင်ပါယာစစ်သားကမှ မသေဆုံးခဲ့ပေ။
သို့သော် ယခုအခါ ကောင်းကင်အင်မော်တယ်ပိုင်ယု၏ ရန်လိုခက်ထန်မှုက ဆူဇီမိုကို စိတ်မရှည်နိုင်ဖြစ်လာစေခဲ့သည်။
“ဆက်ပြီးတော့ အတင့်မရဲနဲ့တော့”
“ဟားဟားဟား...”
ဆူဇီမို၏ စကားသည် ဘေးပတ်ဝန်းကျင်လူအုပ်ထဲမှာ ရယ်မောသံများကို ထွက်ပေါ်လာစေသည်။
“ငါနားကြားမှားသွားတာလား... ဒီအဆင့်-၅ ကောင်းကင်အင်မော်တယ်က ကောင်းကင်အင်မော်တယ်ပိုင်ယုကို တကယ်ပဲ ခြိမ်းခြောက်နေတာလား”
“သူက... ချောင်ပိတ်ရိုက်ခံရလို့ စိတ်လွတ်သွားတာဖြစ်ရမယ်... အဲဒါကြောင့် သူက ပေါက်တက်ကရတွေ လျှောက်ပြောနေတာပဲ”
အစက တင်းကျပ်လေးလံနေသောပတ်ဝန်းကျင်က သိသိသာသာပြေလျော့သွား၏။
လင်းလုံ၏ ဓားချက်အောက်မှာရှိနေသော ခုန်းဟန်ကလည်း လှောင်ရယ်၍ နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်၏။
“မင်းရဲ့ တာအိုလက်တွဲဖော်က ရဲတင်းရုံတင်မကဘူး... သူက စိတ်ကြီးဝင်နေတာပဲ သူက သေမင်းတံခါးဝကို ရောက်နေပြီဆိုတာတောင် တကယ်ကို မသိသေးဘူးပဲ”
“ကိုယ့်ကိုယ်ကိုသာ ဂရုစိုက်စမ်းပါ”
လင်းလော၏ လက်ထဲရှိဓားက တုန်ခါသွားပြီး သူမက အော်ငေါက်လိုက်၏။
တိုက်ပွဲနယ်မြေတွင်...။
ကောင်းကင်အင်မော်တယ်ပိုင်ယုသည် ဆူဇီမို၏ ခြိမ်းခြောက်စကားကိုကြားသောအခါ သူက ဟားတိုက်ရယ်မောလိုက်၏။
“ခွေးကောင်... ငါက အတင့်ရဲချင်တယ်ဆိုတော့ရော ဘာဖြစ်လဲ မင်းက ငါ့ကိုဘာလုပ်နိုင်မှာမို့လဲ”
ဆူဇီမို၏ အကြည့်က အေးစက်လာခဲ့သည်။
ရုတ်တရက် သူ၏ ခြေလှမ်းကိုရပ်တန့်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ရူးသွပ်စွာ လှည့်ပတ်လိုက်၏။ သူက လက်နှစ်ဖက်ဖြင့် နတ်ဘုရားစွမ်းအားများကို ဆင့်ခေါ်ပြီး ကောင်းကင်အင်မော်တယ်ပိုင်ယုထံ ထိုးညွှန်လိုက်၏။
တဒင်္ဂအခိုက်အတန့်...။
ဆူဇီမိုထံမှ စကားတစ်ခွန်းထွက်ပေါ်လာ၏။
ဖော်မပြတတ်သော နတ်ဘုရားစွမ်းအားတစ်ခုက ချက်ချင်းပင်ဆင်းသက်လာပြီး ကောင်းကင်အင်မော်တယ်ပိုင်ယုကို ရိုက်ခတ်သွား၏။
“ဟမ်...”
ကောင်းကင်အင်မော်တယ်ပိုင်ယုက သုန်မှုန်နေသောအမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
အချိန်နတ်ဘုရားစွမ်းအားလား။
ပါရမီ၊ တိုက်ခိုက်ရည်ခွန်အား သို့မဟုတ် အသိပညာမှာ လန့်ဖုန်းမြို့တော်၏ နံပါတ်တစ်ကောင်းကင်အင်မော်တယ်က အခြားသူများထက် သေချာပေါက်သာလွန်လေသည်။
ဆူဇီမို၏ အန္တိမနတ်ဘုရားစွမ်းအားထွက်ပေါ်လာပြီးနောက် ကောင်းကင်အင်မော်တယ်ပိုင်ယုသည် တဒင်္ဂအခိုက်အတန့်မှာ ပါဝင်နေသောစွမ်းအားကို အာရုံခံမိနေ၏။
သူက ပေါ့ပေါ့ဆဆမပြုမူရဲပေ။
အချိန်နတ်ဘုရားစွမ်းအားများအားလုံးသည် အလွန်တရာစွမ်းအားကြီးမားပြီး လျှော့တွက်၍မရနိုင်ပေ။
“ငှက်မွေးအင်မော်တယ်တက်လှမ်းခြင်း”
ကောင်းကင်အင်မော်တယ်ပိုင်ယုက မဆိုင်းမတွညဆုံးဖြတ်ချက်တစ်ခုချပြီး သူ၏ ဝှက်ဖဲကို ထုတ်ဖော်လိုက်၏။
အဖြူရောင်ငှက်မွေးတောင်များက သူ၏ ခန္ဓာကိုယ်ကနေ တစ်ခုပြီးတစ်ခု ကွာကျလာပြီး သူ၏ ဘေးပတ်လည်မှာ စုဝေးလှည့်ပတ်နေသည့် အင်မော်တယ်ချီစီးကြောင်းများအဖြစ် အသွင်ပြောင်းလဲသွား၏။
သူတို့သည် သူ့ကို အပေါ်သို့ ခေါ်ယူသွားချင်နေသည့်အလားပင်။
ပုံမှန်အားဖြင့်ဆိုလျှင် တဒင်္ဂအခိုက်အတန့်သည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုသာဖြစ်သည်။
ငှက်မွေးအင်မော်တယ်တက်လှမ်းခြင်းအပါအဝင် အန္တိမနတ်ဘုရားစွမ်းအားအများစုသည် အထဲမှာပါဝင်သော အချိန်စွမ်းအားကို ခုခံချေဖျက်ဖို့လုံလောက်လေသည်။ သို့သော်လည်း တဒင်္ဂအခိုက်အတန့်နှင့် ငှက်မွေးအင်မော်တယ်တက်လှမ်းခြင်းက ထိတွေ့ရိုက်ခတ်မိစဥ်မှာပင် ထူးဆန်းသောဗုံသံက ကောင်းကင်အင်မော်တယ်ပိုင်ယု၏ နားထဲမှာထွက်ပေါ်လာ၏။
ဗုံသံက တုန်လှုပ်စရာကောင်းခြင်း သို့မဟုတ် ကျယ်လောင်ခြင်းမရှိပေ။ ထိုအစား ထိုအသံက ရှည်ကြာနေပုံရ၏။ တကယ်ဆို ၎င်းမှာ ဘဝနေဝင်ချိန်နှင့် အသက်ဓာတ်ကင်းမဲ့ခြင်း၏ အငွေ့အသက်တစ်ခုပင်ရှိနေ၏။
“ဒါက..”
ကောင်းကင်အင်မော်တယ်ပိုင်ယုက ခဏမျှမှင်တက်သွား၏။
ထို့နောက်ချက်ချင်းပင် သူ၏ ဘဝသက်တမ်းက အံ့မခန်းအလျင်အဟုန်ဖြင့် လျင်မြန်စွာလျော့ကျလာသည်ကို သူက ခံစားမိလိုက်၏။
ကောင်းကင်အင်မော်တယ်ပိုင်ယု၏ မျက်လုံးထဲမှာ အဆုံးမဲ့ကြောက်ရွံ့မှုသာလျှင်ရှိတော့သည်။
ဘုန်း... ဘုန်း.. ဘုန်း...
ကောင်းကင်အင်မော်တယ်ပိုင်ယုက ထိုလျှို့ဝှက်အတတ်အပြီး၌ နောက်ထပ်အန္တိမနတ်ဘုရားစွမ်းတစ်ခုကို ထုတ်ဖော်လိုက်၏။
သူက အဆောင်တစ်ခုကိုချိုးချေပြီး အသံပိုင်းလျို့ဝှက်အတတ်တစ်ခုကိုလည်း ထုတ်ဖော်လိုက်၏။
ထိုအခိုက်အတန့်မှာ ကောင်းကင်အင်မော်တယ်ပိုင်ယုသည် သူ၏ ဝှက်ဖဲများအားလုံးနီးပါးကို ထုတ်ဖော်နေသည်။
ဘေးပတ်ဝန်းကျင်မှာရှိသော ကျင့်ကြံသူများက ကောင်းကင်အင်မော်တယ်ပိုင်ယုကို ကြည့်ရင်း အံ့အားသင့်မှင်တက်နေကြ၏။ သူက နေရာမှာပင်မတ်တတ်ရပ်နေပြီး ကြီးမားသောတုန်လှုပ်ဖွယ်ရာတစ်ခုကို တွေ့ကြုံခံစားရခြင်းကနေ ရူးသွပ်သွားသည့်အလား ဝှက်ဖဲများစွာကို ထုတ်ဖော်နေ၏။
သို့သော်မကြာခင် ကျင့်ကြံသူများစွာ၏ အကြည့်များက ပြောင်းလဲသွားကြ၏။
လေထဲမှာ ကောင်းကင်အင်မော်တယ်ပိုင်ယုက သည်းထန်စွာမောဟိုက်နေ၏။ သူ၏ မျက်လုံးထဲရှိ ထိတ်လန့်မှုနှင့် သူ့မျက်နှာပေါ်ရှိကြောက်စိတ်မွှန်ခြင်းက လျော့ကျမသွားပေ။
အန္တိမနတ်ဘုရားစွမ်းအားများ၏ စွမ်းအားက နောက်ဆုံးမှာ ပျက်ပြယ်သွား၏။
လျှို့ဝှက်ဆန်းကြယ်သောဗုံသံကလည်း လုံးလုံးလျားလျား ပျောက်ကွယ်သွား၏။
“အကျပ်အတည်းကို ဖြေရှင်းလိုက်နိုင်ပြီလား”
ကောင်းကင်အင်မော်တယ်ပိုင်ယုသည် သေဘေးမှလွတ်မြောက်လာခြင်းကနေ ဝမ်းသာပျော်ရွှင်မှုကို ခံစားလိုက်ရ၏။
သူသည် စောစောက တုံ့ပြန်မှုအနည်းငယ်နှေးကွေးသွားလျှင် သူက ယခုအချိန်မှာ အလောင်းတစ်လောင်းဖြစ်နေလောက်ပြီကို သူက သိလေသည်။
ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ နတ်ဘုရားစွမ်းအားတစ်ခုလဲ။
သူသည် အဲဒါကို ချေဖျက်ဖို့အတွက် နတ်ဘုရားစွမ်းအားများစွာကို ထုတ်ဖော်ခဲ့ရ၏။
ကောင်းကင်အင်မော်တယ်ပိုင်ယု၏ နှလုံးက အေးစက်သွားပြီး သူက ခေါင်းကိုအလိုလိုမော့ကာ ဆူဇီမိုကို ကြည့်လိုက်၏။
ထူးဆန်းစွာပင် အစိမ်းရောင်ဝတ်စာပေသမားက သူ့ကို ဆက်လက်၍တိုက်ခိုက်ခြင်းမရှိတော့ပေ။ ထိုအစား သူက လက်နှစ်ဖက်ကိုနောက်ပစ်ပြီး မတ်တတ်ရပ်ကာ သူ့ကို မှင်သေသေဖြင့် ပြန်ကြည့်နေ၏။
“ဟီးဟီး”
ကောင်းကင်အင်မော်တယ်ပိုင်ယုက အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။
“အဲဒါက မင်းရဲ့နောက်ဆုံးဝှက်ဖဲမလား... ကံဆိုးစွာနဲ့ပဲ အဲဒါကို ငါကခုခံလိုက်နိုင်တယ်”
“မင်းမှာရှိတာ ဒါအကုန်ပဲဆိုရင် မင်းကသေရတော့မယ်”
ကောင်းကင်အင်မော်တယ်ပိုင်ယုက နောက်တစ်ဖန် တက်ကြွလာပြီး တင်းမာခက်ထန်စွာပြောလိုက်၏။
ထိုသို့ဆိုလျှင်တောင် သူ၏ ခန္ဓာကိုယ်မှာ တစ်စုံတစ်ရာလွဲမှားနေသည်ကို သူကခံစားမိနေ၏။
ဆူဇီမိုက သူ့မျက်လုံးထဲရှိ လှောင်ပြောင်သရော်လိုသောအကြည့်နှင့်အတူ မလှုပ်မယှက်ရှိနေဆဲဖြစ်သည်။
ကောင်းကင်အင်မော်တယ်ပိုင်ယုက ရင်ထဲမှာ နင့်ခနဲဖြစ်သွား၏။
ရုတ်တရက် လူတိုင်းသည် အာစေးမိသွားသည့်အလား သူ၏ ဘေးပတ်ဝန်းကျင်က တစ်မူထူးခြားစွာတိတ်ဆိတ်ငြိမ်သက်နေသည်ကို သူက သတိထားမိလာ၏။
သူက အလိုလိုလှည့်ပတ်ကြည့်ရှုလိုက်၏။
ဘေးပတ်ဝန်းကျင်ရှိ မြောက်မြားစွာသော ကျင့်ကြံသူများသည် ထူးဆန်းသောအကြည့်များနှင့် သူ့ကိုကြည့်နေကြသည်။ အဲဒါက သနားနေတာလား သို့မဟုတ် ကြောက်နေကြတာလား။
ကောင်းကင်အင်မော်တယ်ပိုင်ယုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး သူ၏ သွေးချီက ယခင်ကထက် များစွာပိုမိုအားနည်းသွားသည်ကို ရုတ်တရက်နားလည်သိရှိလိုက်၏။
အစကတော့.. သူသည် စောစောကတိုက်ပွဲမှာ စွမ်းအင်များစွာသုံးစွဲခဲ့ရသောကြောင့် မောပန်းနေခြင်းဖြစ်မည်ဟု တွေးထင်ခဲ့၏။ သို့သော် ယခုအခါ တစ်စုံတစ်ရာက လွဲမှားနေပုံရသည်။
ညင်သာသော လေပြည်တစ်ချက်တိုက်ခိုက်သွားပြီး ကောင်းကင်အင်မော်တယ်ပိုင်ယု၏ နဖူးပေါ်မှ ဆံစရှည်တစ်မျှင်က သူ၏ မျက်လုံးကို ညင်သာစွာပွတ်တိုက်သွားသည်။
အဲဒါက မီးခိုးဖြူရောင်ဆံစတစ်မျှင်ဖြစ်လေသည်။
ကောင်းကင်အင်မော်တယ်ပိုင်ယုက သူ၏ လက်ကိုငုံ့ကြည့်လိုက်၏။
သူ့လက်ပေါ်ရှိအရေပြားက ဆက်လက်၍နုနယ်ချောမွေ့နေခြင်း မရှိတော့ပေ။ ထိုအစား အဲဒါကကြမ်းတမ်း၍ ညိုမည်းနေပြီး အိုမင်းနေသော အရေးအကြောင်းများဖြင့် ပြည့်နှက်နေသည်။
“ငါ့ရဲ့ဘဝသက်တမ်းက..”
ကောင်းကင်အင်မော်တယ်ပိုင်ယုက မျက်လုံးပြူးကျယ်၍ တီးတိုးရေရွတ်လိုက်၏။
သူ၏ အသက်သည် အစက နှစ်တစ်သိန်းငါးသောင်းဖြစ်ပြီး ဘဝသက်တမ်းနှစ်သုံးသိန်းရှိသော ကောင်းကင်အင်မော်တယ်တစ်ယောက်အတွက် သူ၏အရွယ်ကောင်းမှာရှိနေခဲ့သည်။
သို့သော်ယခု သူ့မှာအသက်ရှင်ဖို့အတွက် နှစ်နှစ်သောင်းသာလျှင် ကျန်တော့သည်။
ချက်ချင်းပင် သူ၏ ခမ်းနားထည်ဝါမှုက ပျောက်ကွယ်သွား၏။
ယခုအချိန်မှာ လေထဲမှာမတ်တတ်ရပ်နေသောသူသည် လန့်ဖုန်းမြို့တော်၏ နံပါတ်တစ်ကောင်းကင်အင်မော်တယ် ဆက်လက်၍ မဟုတ်တော့ပေ။ သူက သူ့ဘဝ၏ နေဝင်ချိန်နှစ်များကိုရောက်ရှိနေသည့် အဖိုးအိုတစ်ယောက် ဖြစ်လာခဲ့သည်။