← Chapters

သရုပ်သကန်

Vol. 162 Ch. 2422

သရုပ်သကန်

Vol. 162 Ch. 2422

လမ်းမရှည်က တိတ်ဆိတ်ငြိမ်သက်သွားပြီး လူတိုင်းက ကောင်းကင်အင်မော်တယ်ပိုင်ယုကို သနားကရုဏာသက်စွာဖြင့် ကြည့်နေကြ၏။

စောစောက သူတို့ရှေ့မှ အဆင့် ၉ ကောင်းကင်အင်မော်တယ်သည် စိုးမိုးခြယ်လှယ်နေခဲ့ဆဲဖြစ်ပြီး လန့်ဖုန်းမြို့တော်၏ နံပါတ် ၁ ကောင်းကင်အင်မော်တယ်အဖြစ် မောက်မာခက်ထန်နေခဲ့၏။

သို့သော်လည်း တစ်ခဏအတွင်းမှာပင် သူသည် ဘဝနေဝင်ချိန်သို့ ရောက်ရှိနေသော အဘိုးကြီးအိုတစ်ယောက် ဖြစ်လာခဲ့သည်။ သူ၏ ထက်ရှမှုက ဆက်လက်၍ မကျန်ရှိတော့ဘဲ သူက လေထဲမှာ အသက်ဓာတ်ကင်းမဲ့နေသော အော်ရာတစ်ခုနှင့်အတူ စိတ်ပျက်ညှိုးငယ်စွာဖြင့် မတ်တတ်ရပ်နေ၏။

ကောင်းကင်အင်မော်တယ်ပိုင်ယုက မသေပေ။

သို့သော်လည်း သူသည် လန့်ဖုန်းမြို့တော်၏ နံပါတ် ၁ ကောင်းကင်အင်မော်တယ် ဆက်လက်၍ မဟုတ်တော့သလို သူက ကောင်းကင်အဆင့်သတ်မှတ်ချက်အတွက် တိုက်ခိုက်ဖို့လည်း အဆင့်မမီတော့ကြောင်း လူတိုင်းက သိရှိလိုက်ကြသည်။

ချက်ချင်းပင် ဤပြိုင်စံရှား၏ ဂုဏ်ကျက်သရေများ အားလုံးက ပျောက်ကွယ်သွား၏။

ဤကဲ့သို့သော ရိုက်ချက်တစ်ချက်သည် ကောင်းကင်အင်မော်တယ်ပိုင်ယုကို လုံးဝ လဲပြိုကျသွားစေနိုင်၏။

လူတိုင်းသည် တုန်လှုပ်နေသော အမူအရာများဖြင့် ဆူဇီမိုကို ကြည့်လိုက်ကြ၏။

နုနယ်ပုံရသော ဤစာပေသမား အဆင့် ၅ ကောင်းကင်အင်မော်တယ်သည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုမျှကိုသာ ထုတ်ဖော်ပြီး ကောင်းကင်အင်မော်တယ်ပိုင်ယုကို သူ၏ ပလ္လင်ပေါ်ကနေ ဆွဲချနိုင်ခဲ့သည်။

သူက ဘယ်သူလဲ…။

သူ၏ အစွမ်းအစနှင့် ပါရမီအရည်အချင်းအရ သူသည် အညတရတစ်ယောက် မဟုတ်လောက်ပေ။ သူတို့က သူ့ကို ဘာလို့မသိကြတာလဲ…။

လေထဲမှာ ဆူဇီမိုသည် တဒင်္ဂအခိုက်အတန့် ထုတ်ဖော်ခြင်းဖြစ်စဉ်ကို ပြန်လည်စဉ်းစားနေ၏။

ပုံမှန်အခြေအနေမှာဆိုလျှင် တဒင်္ဂအခိုက်အတန့်တစ်ခုတည်းက ကောင်းကင်အင်မော်တယ်ပိုင်ယုကို ခြိမ်းခြောက်ဖို့အတွက် မလုံလောက်ပေ။

သို့သော်လည်း ရတနာသူတော်စင်နန်းတော်မှာ သူသည် ဆည်းဆာဗုံနှင့် အရုဏ်ဦးခေါင်းလောင်း၏ ဆေးကြောသန့်စင်မှုကို တွေ့ကြုံခံယူနိုင်ခဲ့သည်။

ဆည်းဆာဗုံသံသည် ဓမ္မတာအိုမှာ တဒင်္ဂအခိုက်အတန့်နှင့် ဇာစ်မြစ်တူညီသော တစ်စုံတစ်ရာဖြစ်လေသည်။

ထို့ကြောင့် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဆူဇီမိုသည် ဆည်းဆာဗုံသံကို တဒင်္ဂအခိုက်အတန့်ထဲ ထည့်သွင်းပေါင်းစည်းဖို့ ကြိုးစားနေခဲ့၏။

သို့သော်လည်း နတ်ဘုရားစွမ်းအားနှစ်ခု၏ ပေါင်းစည်းမှုက ပြီးပြည့်စုံမှု မရှိခဲ့ပေ။

တဒင်္ဂအခိုက်အတန့်၏ စွမ်းအား ဆင်းသက်လာပြီးမှသာ ဆည်းဆာဗုံသံက ထွက်ပေါ်လာ၏။

ထိုသို့ဆိုလျှင်တောင် နတ်ဘုရားစွမ်းအားနှစ်ခု၏ ပေါင်းစည်းမှုက အလွန်တရာ ကြောက်စရာကောင်းသော သေစေနိုင်စွမ်းအားတစ်ခုကို ထုတ်ဖော်ပေးနိုင်၏။

ကောင်းကင်အင်မော်တယ်ပိုင်ယုသည် တုံ့ပြန်ဖို့ အနည်းငယ် နှေးကွေးသွားခဲ့သည့်အခါ သူ၏ ဘဝသက်တမ်းက နှစ်ပေါင်းတစ်သိန်းကျော် လျော့ကျသွားခဲ့သည်။

သူက နတ်ဘုရားစွမ်းအားနှင့် လျှို့ဝှက်အတတ်တချို့ကို ဆက်တိုက်ထုတ်ဖော်ပြီးမှ တဒင်္ဂအခိုက်အတန့်၏ စွမ်းအားကို လုံးလုံးလျားလျား ချေဖျက်နိုင်ခဲ့၏။

တကယ်ဆို အဲဒါသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ အဆင့်သို့ပင် ရောက်ရှိလာနိုင်၏။

ထိုအချိန်ကျလျှင် ကောင်းကင်အင်မော်တယ်ပိုင်ယုက အန္တိမနတ်ဘုရားစွမ်းအား ဘယ်လောက်များများကို ထုတ်ဖော်သည်ဖြစ်စေ သူသည် တဒင်္ဂအခိုက်အတန့်၏ ရိုက်ခတ်မှုကို ခုခံနိုင်တော့မည် မဟုတ်ပေ။

လင်းလော၏ ဓားအောက်မှာ ရှိနေသော ခုန်းဟန်ကလည်း ရင်တလှပ်လှပ် ခံစားလာရ၏။

ထိုအန္တိမနတ်ဘုရားစွမ်းအားက သူ့အပေါ် ဆင်းသက်လာခဲ့မည်ဆိုလျှင် သူ့မှာ အသက်ဆယ်သက် ရှိမည်ဆိုလျှင်တောင် သူက သေရပေလိမ့်မည်။

ဆူဇီမိုက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။ အခြေအနေက ငြိမ်သက်လာသည်ကို တွေ့မြင်သောအခါ သူက ဓားပြခေါင်းဆောင်၏ အမြုတေစိတ်ဝိညာဉ်ကို သူ၏ သိုလှောင်အိတ်ထဲကနေ ဆွဲထုတ်လိုက်၏။

“ကျုပ်က ဒီလူ့ရဲ့ ဝိညာဉ်ကို ရှာဖွေပြမယ်… အမှန်တရားက အများရှေ့မှာ ပေါ်ထွက်လာလိမ့်မယ်… အားလုံးပဲ ခင်ဗျားတို့ကိုယ်တိုင် အဲဒါကိုကြည့်ကြ”

ဆူဇီမိုက ထိုသို့ပြောလိုက်ရင်း သူ၏ လက်ထဲရှိ အလင်းလုံးမှာ အနက်ရောင်မျဉ်းကြောင်းများ ပေါ်ထွက်လာပြီး မုတ်ဆိတ်နှင့် ဗလတောင့်တောင့်အမျိုးသား၏ အမြုတေစိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်သွား၏။

ခုန်းဟန်က စိုးရိမ်ထိတ်လန့်လာခဲ့၏။ မုတ်ဆိတ်နှင့် ဗလတောင့်တောင့်လူ၏ မှတ်ဉာဏ်များက ပေါ်ထွက်လာမည်ဆိုလျှင် အင်ပါယာစစ်တပ်၏ နာမည်ဂုဏ်သတင်းက ကြီးမားစွာ ရိုက်ခတ်ခံရပေလိမ့်မည်။

ထိုစဉ်မှာပင် သိပ်သည်းပြင်းထန်ကြီးမားသော စွမ်းပကားတစ်ခုက နက်မှောင်နေသော တိမ်စိုင်များကဲ့သို့ ဆင်းသက်လာပြီး လူတိုင်း၏ နှလုံးကို တုန်ခါသွားစေ၏။

“ဒီစွမ်းအားက…”

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

ပကတိအင်မော်တယ်ပညာရှင်တစ်ဦး…။

သူက တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ဆူဇီမိုသည် သူ့လက်ထဲမှာရှိသော အမြုတေစိတ်ဝိညာဉ်ကို အလိုလိုကြည့်လိုက်၏။

ထိုစွမ်းအား၏ ကျူးကျော်ဝင်ရောက်မှုကြောင့် မုတ်ဆိတ်နှင့် ဗလတောင့်တောင့်လူအပေါ် သူ၏ ဝိညာဉ်ရှာဖွေခြင်းက ကျရှုံးသွား၏။

ပြင်ပအင်အားတစ်စုံတစ်ရာဖြင့် နှောင့်ယှက်ခံရသည်ကို မပြောနှင့်၊ ပုံမှန်ဝိညာဉ်ရှာဖွေခြင်းဖြစ်စဉ်မှာပင် အမှားအယွင်းတစ်စုံတစ်ရာက ဖြစ်ပွားလာဖို့ လွယ်ကူလေသည်။

ဝိညာဉ်ရှာဖွေခြင်းက ကျရှုံးသွားသော်လည်း ဓားပြခေါင်းဆောင်၏ အမြုတေစိတ်ဝိညာဉ်က အားနည်း၍ သူ၏ အသက်ဓာတ်အားက မကျန်ရှိတော့သလောက်နီးပါးပင်။ သူက ဆက်လက်၍ ရှင်သန်နိုင်တော့မည် မဟုတ်ပေ။

နောက်ဆုံးမှာ ဤလူ၏ မှတ်ဉာဏ်ထဲရှိ လျှို့ဝှက်ချက်များကို ထုတ်ဖော်လို့ မရနိုင်တော့ပေ။

ရုတ်တရက်ဆိုသလို…

ဆူဇီမိုသည် ကြောက်စရာကောင်းသော ပညာရှင်တချို့၏ ပစ်မှတ်ထားခံလိုက်ရသည့်အလား ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာခဲ့၏။

မသိလိုက်မသိဘာသာနှင့်ပင် လေးလံသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်က ရောက်ရှိလာခဲ့ပြီးဖြစ်ပြီး အေးစက်နေသော အမူအရာနှင့် မှင်သေသေအကြည့်တစ်ခုနှင့်အတူ ဆူဇီမို၏ နောက်ဘက်မှာ မတ်တတ်ရပ်နေ၏။

“မင်္ဂလာပါ ခေါင်းဆောင်တပ်မှူးကျန့်”

ဘေးပတ်လည်မှာ ရှိသော အင်ပါယာစစ်သားများက တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ချပြီး သူတို့၏ ခေါင်းများကို ငုံ့ကာ နှုတ်ဆက်လိုက်ကြ၏။

လန့်ဖုန်းမြို့တော်၏ အင်ပါယာစစ်တပ်ရှိ ခေါင်းဆောင်တပ်မှူးများထဲမှ တစ်ယောက်… ကျန့်ရွှမ်ယို…။

ခုန်းဟန်က သရော်တော်တော် အမူအရာတစ်ခုနှင့်အတူ ဆူဇီမိုကို ကြည့်နေ၏။

သူ၏ ထင်မြင်ချက်အရ ဆူဇီမိုက သေလူတစ်ယောက်ဖြစ်နေလေပြီ။

“အင်မော်တယ်မြို့တော်ရဲ့ အမိန့်ကို ဖောက်ဖျက်ပြီး လမ်းမပေါ်မှာ အင်ပါယာစစ်သားတွေနဲ့ တိုက်ခိုက်တာကို ခွင့်လွှတ်လို့ မရဘူး”

ကျန့်ရွှမ်ယို၏ အကြည့်က အေးစက်လာပြီး သူက ဆူဇီမို၊ လင်းလောနှင့် မဟူရာကြေးမုံဂိုဏ်းမှ လူတိုင်းကို ဖြတ်ကြည့်ကာ သူ၏ အသံတွင် မည်သည့်စိတ်ခံစားချက်မှ မပါဝင်ပေ။

“ကျုပ်တို့တွေက ဘာမှမလုပ်ခဲ့ပါဘူး… ကျုပ်တို့တွေက အပြစ်ကင်းပါတယ်….”

ဖိအားဒဏ်ကို ခံနိုင်ရည်မရှိတော့ဘဲ မဟူရာကြေးမုံဂိုဏ်းမှ လူတိုင်းက မြေပြင်ပေါ်မှာ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကျပြီး သူတို့ မှားယွင်းကြောင်း အော်ဟစ်တောင်းပန်လိုက်ကြ၏။

လျန့်ယွီက ထိတ်လန့်တကြားဖြစ်လာပြီး အလောတကြီး ရှင်းပြလိုက်၏။

“ခေါင်းဆောင်တပ်မှူး… ဒါက နားလည်မှုလွဲတာပါ… အဲဒါက ကျုပ်တို့နဲ့ ဘာမှမဆိုင်ပါဘူး”

ထို့နောက် သူက တံတွေးကို အလျင်စလို မျိုချပြီး မလှမ်းမကမ်းမှာ ရှိသော ဆူဇီမိုနှင့် လင်းလောကို လက်ညှိုးထိုးပြလိုက်၏။

“အဲဒါကိုလုပ်တာ သူတို့တွေပဲ… သူတို့က အင်ပါယာစစ်တပ်နဲ့ တိုက်ခိုက်ခဲ့တာ… ကျုပ်တို့တွေထဲ ဘယ်သူကမှ တစ်ချိန်လုံး မတိုက်ခိုက်ခဲ့ဘူး”

ထိုစကားကိုကြားသောအခါ လင်းလောက နှုတ်ခမ်းစူလိုက်၏။

သူမသည် လျန့်ယွီ၏ တုံ့ပြန်မှုအပေါ် အထင်အမြင်သေးလေသည်။

သို့သော်လည်း ဤကဲ့သို့သော အခြေအနေအောက်မှာ သူ၏ အပြုအမူကို နားလည်လက်ခံ၍ ရနိုင်၏။

ကျန့်ရွှမ်ယိုမှာ မှင်သေသေ အမူအရာတစ်ခု ရှိနေပြီး သူက လှုပ်ရှားယိမ်းယိုင်သွားခြင်း မရှိပေ။

“သူတို့နှစ်ယောက်က ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ခဲ့ကြတယ်… မင်းတို့ မဟူရာကြေးမုံဂိုဏ်းကလည်း အတူတူ တာဝန်ခံရမှာပေါ့”

ထိုစဉ်မှာပင် ဆူဇီမိုက သူ၏ သိုလှောင်အိတ်ထဲကနေ ဂိုဏ်းတံဆိပ်ပြားတစ်ခုကို အေးအေးဆေးဆေး ထုတ်ယူပြီး သူ၏ ခါးမှာ ချိတ်ဆွဲလိုက်၏။

ကျန့်ရွှမ်ယို၏ အကြည့်က ထိုနေရာသို့ ရောက်ရှိသွားပြီး သူက မျက်မှောင်ကြုတ်လိုက်၏။

“ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်”

သူက တီးတိုးရေရွတ်လိုက်၏။

ကောင်းကင်အင်မော်တယ်ပညာရှင်တချို့သည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ အမှတ်အသားကို သိချင်မှ သိပေလိမ့်မည်။ သို့သော်လည်း ပကတိအင်မော်တယ်တစ်ယောက်နှင့် လန့်ဖုန်းမြို့တော်၏ ခေါင်းဆောင်တပ်မှူးတစ်ယောက်အနေဖြင့် သူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို သိလေသည်။

ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ကျုပ်က ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရဲ့ ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က ဆူဇီမိုပဲ… ဒါက တကယ်ကို နားလည်မှုလွဲခဲ့တာပဲ… လက်ထောက်တပ်မှူးခုံးက ကျုပ်တို့ကို မိစ္ဆာဓားပြတွေဆိုပြီး စွပ်စွဲပြောဆိုတိုက်ခိုက်ရာကနေ ပဋိပက္ခက စတင်ခဲ့တာပဲ”

“ကျုပ်နဲ့ ကောင်းကင်အင်မော်တယ်ပိုင်ယုကြား တိုက်ခိုက်မှုကို ကျင့်ကြံမှုနယ်ပယ်တူက ကျင့်ကြံသူတွေကြား လက်ရည်စမ်းမှုတစ်ခုလို့ ဆိုနိုင်တယ်… ပကတိအင်မော်တယ်ပညာရှင်တစ်ယောက်အနေနဲ့ ခင်ဗျားက ဒီကိစ္စမှာ ဝင်ပါမလို့လား ခေါင်းဆောင်တပ်မှူးကျန့်”

ကျန့်ရွှမ်ယိုက စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သည် ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ မရှိသော်လည်း အဲဒါသည် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်ပြီး နက်ရှိုင်းသော အခြေခံအုတ်မြစ်ရှိသည့် ကောင်းကင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်၏။

သူ့ရှေ့မှ အစိမ်းရောင်ဝတ် စာပေသမားသည် သူ၏ သရုပ်သကန်ကို ထုတ်ဖော်ပြသလိုက်ပြီး သူက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ အတွင်းဂိုဏ်းတပည့်တစ်ယောက် ဖြစ်လောက်၏။ သူက မိစ္ဆာဓားပြတစ်ယောက် မဖြစ်နိုင်ပေ။

ပကတိအင်မော်တယ်ပညာရှင်တစ်ဦးအနေဖြင့် သူသည် လုံလောက်သည့် အကြောင်းရင်းမရှိဘဲ လူတိုင်းရှေ့မှာ ဤလူ့ကို မတိုက်ခိုက်နိုင်ပေ။

မဟုတ်ပါက သူသည် မြောက်မြားလှစွာသော ပြစ်တင်ဝေဖန်ပြောဆိုမှုများကို သေချာပေါက် ရရှိပေလိမ့်မည်။

ကျန့်ရွှမ်ယိုက တိတ်တဆိတ် မချင့်မရဲဖြစ်လာခဲ့၏။ သူ အဲဒါကို စောစောကြိုသိခဲ့လျှင် သူသည် ဤကောင်လေးကို စကားပြောခွင့်မပေးဘဲ တစ်ခါတည်း သတ်ဖြတ်ခဲ့ပေလိမ့်မည်။

သူ၏ အကြည့်က မလှမ်းမကမ်းမှာ ရှိသော လင်းလောထံ ရွေ့လျားရောက်ရှိသွား၏။ သူ၏ စိတ်ထဲသို့ အတွေးတစ်ခု ဝင်ရောက်လာပြီး သူက အေးစက်စွာ ပြောလိုက်၏။

“မင်းက ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က တပည့်တစ်ယောက်ဆိုမှတော့ ငါ မင်းကို လောလောဆယ် သည်းခံပေးလိုက်မယ်… ဒါပေမဲ့ ဒီအမျိုးသမီးက ငါတို့ အင်မော်တယ်မြို့တော်က လက်ထောက်တပ်မှူးတစ်ယောက်ကို ဓားစာခံလုပ်ခဲ့တဲ့အတွက် သေရမယ်”

“သူကလည်း တက္ကသိုလ်က တပည့်တစ်ယောက်ပဲ”

လင်းလောက သူမ၏ သရုပ်သကန်ကို ထုတ်ဖော်လိုစိတ် မရှိကြောင်း ဆူဇီမိုက သိထားပြီး အလောတကြီးပြောလိုက်၏။

“ဟုတ်လား”

ကျန့်ရွှမ်ယိုက လှောင်ရယ်လိုက်၏။

“အဲဒါဆို နင့်ရဲ့တံဆိပ်ပြား ငါ့ကိုပြ”

လင်းလောက အကျပ်တွေ့သွား၏။

သူမမှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ဂိုဏ်းတံဆိပ်ပြားတစ်ခု ဘယ်လိုလုပ်ရှိနိုင်ပါ့မလဲ။

သူမက တုံ့ဆိုင်းနေစဉ်မှာပင် ကျန့်ရွှမ်ယို၏ သတ်ဖြတ်လိုစိတ်က တလိပ်လိပ်ထိုးတက်လာပြီး သူက လင်းလောဘေးသို့ ချက်ချင်းပင် ရောက်ရှိလာကာ အော်ငေါက်လိုက်၏။

“ခွေးမ… သေစမ်း”

ရွှစ်…

ကျန့်ရွှမ်ယိုက တိုက်ခိုက်လိုက်ပြီး သူ၏ ဆေဘာက ဖျတ်ခနဲလက်ကာ ချက်ချင်းပင် ရောက်ရှိလာ၏။

အဲဒါသည် အံ့မခန်းအမြန်နှုန်းဖြင့် ဝင်ရောက်လာသော ပကတိအင်မော်တယ်ပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုဖြစ်၏။ ဆူဇီမိုပင်လျှင် အဲဒါကို တုံ့ပြန်နိုင်မည် မဟုတ်ပေ။

ရုတ်တရက်ဆိုသလို….

လင်းလောက ဘေးတစ်ဖက်သို့ ခြေလှမ်းပြီး သူမ၏ ခြေဖဝါးအောက်မှာ လျှို့ဝှက်ဆန်းကြယ်သော လေးထောင့်အင်းကွက်ကိုးခုက ပေါ်ထွက်လာပုံရကာ ထိုခုတ်ချက်ကို ပွတ်ကာသီကာ ရှောင်တိမ်းလိုက်၏

ဆေဘာအလင်းနှင့်အတူ တွဲဖက်၍ အနက်ရောင်ဆံသားတချို့က ဖြည်းဖြည်းချင်း ကျဆင်းလာ၏။

ဆံပင်တစ်မျှင်၏ ဗျက်အကျယ်သည် သေခြင်းရှင်ခြင်းကြား ကွာဟချက်ဖြစ်သည့်အလားပင်။

လင်းလောက သေဘေးကနေ လွတ်မြောက်လာပြီးနောက် အရမ်းကို ကြောက်လန့်သွား၏။

အဲဒါသည် ပကတိအင်မော်တယ်ပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုဖြစ်ပြီး ချောင်းမြောင်းတိုက်ခိုက်ခြင်းနှင့် ပိုတူလေသည်။ သူမ၏အမေ သူမအား သင်ပေးထားခဲ့သည့် ထိုခြေနင်းကွက်ကြောင့် မဟုတ်လျှင် သူမက ယခုအချိန်မှာ အလောင်းတစ်လောင်းဖြစ်နေပေလိမ့်မည်။

ကျန့်ရွှမ်ယို၏ ခုတ်ချက်က ကျဆင်းသွားပြီးနောက် သူက ဆက်လက်၍ လိုက်လံမတိုက်ခိုက်တော့ပေ။ ထိုအစား သူက လင်းလော၏ ခြေထောက်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။

“အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက လင်းမိသားစုလား”

All Chapters