နန်းတော်ကိုးဆောင် လှပသိမ်မွေ့ခြေလှမ်းများ
Vol. 162 Ch. 2423
ကျန့်ရွှမ်ယိုသည် တိတ်တဆိတ် ထိတ်လန့်သွား၏။ မိန်းကလေးသည် နန်းတော်ကိုးဆောင် လှပသိမ်မွေ့ခြေလှမ်းများကို ယခုတင် ထုတ်ဖော်လိုက်သည်မှာ သိသာလေသည်။
ဤလှုပ်ရှားမှုနည်းစနစ်သည် ရှေးဟောင်းမဟာဧကရာဇ်တစ်ပါးထံကနေ ဆင်းသက်လာသည်ဟု ဆိုကြသည်။ ခြေလှမ်းတစ်လှမ်းချင်းစီကို သေသေချာချာ စေ့စေ့စပ်စပ် တွက်ချက်ထားပြီး ကောင်းကင်နှင့်မြေကြီး၏ လေးနက်သိမ်မွေ့မှုများ ပါဝင်နေ၏။
ဤလှုပ်ရှားမှုနည်းစနစ်မှာ မြန်ဆန်ခြင်းနှင့် ခြေလှမ်းကျဲခြင်း မရှိပေ။ သို့သော်လည်း အဲဒါသည် သေရေးရှင်ရေးကို ပွတ်ကာသီကာ ရှောင်တိမ်း၍ ဖြတ်ကျော်နိုင်သည်။
ဒါ့အပြင် အဲဒါကို ထုတ်ဖော်သည့်အခါ ထိုလှုပ်ရှားမှုနည်းစနစ်သည် နည်းနည်းလေးမှ ထိတ်ထိတ်ပျာပျာဖြစ်သည့်ပုံ ပေါ်မနေပေ။ ထိုအစား အဲဒါသည် ကြော့ရှင်းမှုနှင့်အတူ လွတ်လပ်ပေါ့ပါးခြင်း၏ ညက်ညောမှုကို ပိုင်ဆိုင်ထား၏။
ဤလှုပ်ရှားမှုနည်းစနစ်ကို ဖန်တီးခဲ့သည့် မဟာဧကရာဇ်က အမျိုးသမီးတစ်ဦးဖြစ်သည်ဟု ဒဏ္ဍာရီရှိလေသည်။
နန်းတော်ကိုးဆောင် လှပသိမ်မွေ့ခြေလှမ်းများသည် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့၏။ သို့သော်လည်း အဲဒါက ဒီဘက်မျိုးဆက်တွင် ကောင်းကင်ဘုံကမ္ဘာမှာ ပြန်လည်ပေါ်ထွက်လာပြီး အဲဒါကို အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ အင်မော်တယ်ဘုရင်မတစ်ပါးက တတ်မြောက်ထား၏။ တခြားမည်သူကမှ အဲဒါကို ကျင့်ကြံဖို့ အခွင့်အရေး မရပေ။
“အင်မော်တယ်ဘုရင်မ လင်းလုံနဲ့ မင်းက ဘယ်လိုပတ်သက်နေတာလဲ”
ကျန့်ရွှမ်ယိုက မျက်မှောင်ကြုတ်၍ မေးလိုက်၏။
“အဲဒါက ရှင့်အလုပ် မဟုတ်ပါဘူး”
လင်းလောက ယခုတင် သေဘေးကနေ လွတ်မြောက်လာပြီး ရင်တလှပ်လှပ် ခံစားနေရဆဲဖြစ်၏။ သူမက ဒေါသတကြီး ခွန်းတုံ့ပြန်လိုက်၏။
ကျန့်ရွှမ်ယိုက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်သော်လည်း သူက ထပ်မံ၍ တိုက်ခိုက်ရဲခြင်း မရှိပေ။
ဤအမျိုးသမီးသည် အင်မော်တယ်ဘုရင်မ လင်းလုံနှင့် ပတ်သက်နေမည်ဆိုလျှင် သူမ၏ အဆင့်အတန်းသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အတွင်းဂိုဏ်းတပည့်တစ်ယောက်ထက် ပို၍မြင့်မြတ်နေပေလိမ့်မည်။
“ခေါင်းဆောင်တပ်မှူးကျန့်… နောက်ပြန်လှည့်လာခဲ့”
ထိုစဉ်မှာပင် နောက်ထပ်အသံတစ်သံက ထွက်ပေါ်လာ၏။
သူက ထိုအသံကိုကြားသောအခါ ကျန့်ရွှမ်ယိုသည် ဆတ်ခနဲ တုန်ယင်သွား၏။ သူက ကြောက်ရွံ့ထိတ်လန့်သွားပုံရပြီး အသံထွက်ပေါ်လာရာဘက်သို့ အလောတကြီး ဒူးထောက်ချကာ ဦးညွှတ်လိုက်၏။
“မင်္ဂလာပါ မြို့တော်အရှင်”
မလှမ်းမကမ်း လေထဲမှာ ဧရာမကြိုးကြာတစ်ကောင်က ပျံသန်းလာ၏။ ၎င်း၏ ကျောပေါ်မှာ ဆံပင်ရှည်နှင့် အမျိုးသားတစ်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တတ်ရပ်နေ၏။ သူက ရုပ်ရည်ချောမောပြီး တစ်မူထူးခြားသော အော်ရာတစ်ခုကို ပိုင်ဆိုင်ထား၏။
သူ၏ ဆံပင် အဆင်တန်ဆာများက တစ်မူထူးခြားသည့်ပုံပေါ်ပြီး သူ၏ ရင်ဘတ်နှင့် ခါးမှာလည်း ကျောက်မျက်ရတနာတချို့ကို ဝတ်ဆင်ချိတ်ဆွဲထား၏။
ဆူဇီမိုက ထိုလူကို အကဲခတ်၍ ကြည့်လိုက်၏။
အမျိုးသားသည် အသက်မကြီးသေးသော်လည်း သူက မြို့တော်အရှင်ရာထူးကို ပိုင်ဆိုင်ထားခဲ့ပြီဖြစ်၏။
ဤလူသည် ပကတိအင်မော်တယ်တစ်ဦးဖြစ်သော်လည်း ကျင့်ကြံမှုနယ်ပယ်နှင့် အော်ရာမှာ သူသည် ကျန့်ရွှမ်ယိုထက် သိသိသာသာ ပိုမိုသာလွန်နေ၏။
ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေတစ်ခုလုံးမှာ အင်မော်တယ်မြို့တော် ငါးမြို့သာလျှင် ရှိလေသည်။
ဤလူသည် အင်မော်တယ်မြို့တော်တစ်မြို့၏ မြို့တော်အရှင်ဖြစ်လာပြီး ပကတိအင်မော်တယ်ပညာရှင်များကို ထိန်းချုပ်နိုင်ဖို့အတွက် ဘယ်လောက်တောင် အစွမ်းထက်သလဲ စဉ်းစားကြည့်နိုင်၏။
“သူက လန့်ဖုန်းမြို့တော်ရဲ့ မြို့တော်အရှင်စုန့်ရွှမ်ပဲ”
လင်းလောက ဆူဇီမိုထံ အသံတစ်ခု ပို့လွှတ်လိုက်၏။
ဆူဇီမိုက မေးလိုက်၏။
“မင်း သူနဲ့ သိလား”
လင်းလောက ပြောလိုက်၏။
“ကျွန်မတို့ တစ်ခါတွေ့ခဲ့ဖူးတယ်… သူက အရင်က ကျွန်မအစ်ကိုနဲ့ တိုက်ခိုက်ခဲ့ပြီး သူတို့က ညီတူမျှတူ ယှဉ်နိုင်ခဲ့ကြတယ်… လာမယ့် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေ တွေ့ဆုံပွဲမှာ ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်အတွက် သူက ကျွန်မအစ်ကိုရဲ့ ပြိုင်ဘက်တွေထဲက တစ်ယောက်လို့ ဆိုနိုင်တယ်”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
“ညီမလေးလင်းလော… နင် ဒီကိုရောက်လာတာ ဘာလို့ ကြိုတင်သတင်းမပေးတာလဲ”
စုန့်ရွှမ်က ကြိုးကြာပေါ်မှာ မတ်တတ်ရပ်ပြီး သူက သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
“တော်သေးတာပေါ့… နင် ဘာမှမဖြစ်လို့… မဟုတ်ရင် ငါက နင့်အစ်ကိုနဲ့တွေ့တဲ့အခါ ဘယ်လိုရှင်းပြရမလဲ မသိတော့ဘူး”
သူက လင်းလောကို တစ်နည်းတစ်ဖုံ အပြစ်တင်ဟန်ဖြင့် ကြည့်နေသော်လည်း သူ၏ လေသံက ညင်သာ၍ ချော့မြှူနေသော ခံစားချက်တစ်ခုကို ပေးနေ၏။
လင်းလောကလည်း ချိုသာစွာ ပြုံးပြလိုက်၏။
“ကျွန်မတို့တွေက လန့်ဖုန်းမြို့တော်ကနေ သာမန်ကာလျှံကာ ဖြတ်သွားရုံပဲ… ဒီကနေ သိပ်မကြာခင် ထွက်သွားတော့မှာ… အဲ့ဒီမှာ အင်မော်တယ်မက်မွန်စားသောက်ပွဲ ရှိနေတော့ မြို့တော်ငါးမြို့က ပြိုင်စံရှားတွေကလည်း ဒီနေရာမှာ စုဝေးရောက်ရှိနေကြမှာပဲ… စီနီယာအစ်ကိုစုန့်… မြို့တော်အရှင်အနေနဲ့ ရှင်က အရမ်းကို အလုပ်များနေမှာပဲ… အဲဒါကြောင့် ကျွန်မက ရှင့်ကို အနှောင့်အယှက်မပေးတော့တာ…”
“ဒါပေမဲ့ ကျွန်မက မြို့ထဲကို ဝင်ရောက်လာတဲ့အချိန်မှာပဲ နားလည်မှုလွဲစရာကိစ္စတချို့ ပေါ်ထွက်လာလိမ့်မယ်လို့တော့ ထင်မထားခဲ့ဘူး… နောက်ဆုံးမှာတော့ စီနီယာအစ်ကိုစုန့်… ကျွန်မ ရှင့်ကို အနှောင့်အယှက်ပေးမိတုန်းပဲ”
လူသားဧကရာဇ်၏ သမီးအနေဖြင့် လင်းလောက ယဉ်ကျေးစွာဖြင့် ပြန်ပြောလိုက်၏။ သူမသည် စောစောက ပဋိပက္ခမှာ သေလုမတတ်ဖြစ်ခဲ့ရလျှင်တောင် သူမက ဤကိစ္စကို သာမန်ကာလျှံကာသာ ပြောဆိုပြီး ကိစ္စများကို ချဲ့ထွင်လိုစိတ် မရှိပေ။
စုန့်ရွှမ်၏ အကြည့်က ကျန့်ရွှမ်ယို၊ ခုန်းဟန်နှင့် အခြားသူများပေါ်သို့ ဆင်းသက်ရောက်ရှိသွား၏။ သူ၏ အမူအရာက တင်းမာလာပြီး သူက အော်ငေါက်လိုက်၏။
“မင်းတို့တွေ မင်းတို့ရဲ့အမှားကို သိကြပြီလား”
ခုန်းဟန်က သူ၏ ပါးစပ်ကို ဖွင့်ဟ၍ ငြင်းဆန်ပြောဆိုချင်၏။
တစ်ဖက်မှာတော့ ကျန့်ရွှမ်ယိုက အလွန်တရာပြတ်သားပြီး သူ၏ ခေါင်းကို ငုံ့ကာ ပြောလိုက်၏။
“ကျုပ်အမှားကို သိပါပြီ မြို့တော်အရှင်… ကျေးဇူးပြုပြီး ကျုပ်ကို အပြစ်ပေးပါ”
ခုန်းဟန်ကလည်း ခပ်မြန်မြန် ဒူးထောက်ချပြီး မည်သည့်အရာကိုမှ ပြောဆိုရဲခြင်း မရှိတော့ပေ။
“မင်းတို့တွေက အခုလို နောင်တရလာတာ ကောင်းတယ်”
စုန့်ရွှမ်က ညင်သာစွာ ခေါင်းညိတ်လိုက်၏။
“ကံကောင်းလို့ပေါ့ ညီမလင်းလောက ထိခိုက်မှု မရှိလို့.. ဒီကိစ္စက ဆိုးဆိုးရွားရွားဖြစ်မသွားဘူး.. မဟုတ်ရင်တော့ မင်းတို့ရဲ့အသက်တွေနဲ့ ပြန်ပေးဆပ်မယ်ဆိုရင်တောင် အဲ့ဒါက လုံလောက်မှာ မဟုတ်ဘူး”
“စီနီယာအစ်ကိုစုန့်.. အဲ့လောက်ထိ အတည်အတံ့ကြီးပြောစရာ မလိုပါဘူး”
လင်းလောက ညင်သာစွာ ပြုံးပြလိုက်၏။
ဆူဇီမိုက မည်သည့်စကားမှ မဆိုဘဲ ဘေးကနေ အေးစက်စွာ စောင့်ကြည့်နေသည်။
လန့်ဖုန်းမြို့တော်၏ မြို့တော်အရှင်သည် တည်ကြည်လေးနက်စွာဖြင့် ပြောဆိုနေသော်လည်း တကယ်တမ်းမှာတော့ သူသည် ဤကိစ္စကို အလေးအနက်ထားခြင်း မရှိဘဲ သူတို့ကို ပေါ့ပေါ့ပါးပါးပင် လွှတ်ပေးလိုက်သည်။
မဟူရာကြေးမုံဂိုဏ်းမှ လူတိုင်းကလည်း ကြောင်အ,မှင်တက်နေကြ၏။
ဤအချိန်အတောအတွင်း သူတို့သည် စဉ်းစားကြည့်၍ မရနိုင်သော အနိမ့်အမြင့် အတက်အကျများကို တွေ့ကြုံခံစားခဲ့ရသည်။
လျန့်ယွီက နောက်ဆုံးမှာ ဆူဇီမိုနှင့် လင်းလောအပေါ် ချည်နှောင်မှုကို ဖြတ်တောက်ဖို့ ဆုံးဖြတ်ချက်ချခဲ့၏။ ယခု တစ်ခဏချင်းမှာပင် သူတို့နှစ်ယောက်သည် လန့်ဖုန်းမြို့တော်မှ မြို့တော်အရှင်၏ ဧည့်သည်တော်များ ဖြစ်လာကြပုံရသည်။
စုန့်ရွှမ်က တစ်ချက်ဝေ့ကြည့်လိုက်ပြီး မလှမ်းမကမ်းတွင် မျှော်လင့်ချက်ကုန်ဆုံးနေသော ကောင်းကင်အင်မော်တယ်ပိုင်ယုကို တွေ့မြင်သွားကာ အလိုလိုမျက်မှောင်ကြုတ်လိုက်၏။
သူသည် ထိုလူကို မမှတ်မိနိုင်လုနီးပါးပင်။
“သူ ဘာဖြစ်သွားတာလဲ”
စုန့်ရွှမ်က လေးနက်သောအသံဖြင့် မေးလိုက်၏။
လန့်ဖုန်းမြို့တော်၏ နံပါတ်တစ် ကောင်းကင်အင်မော်တယ်အနေဖြင့် ကောင်းကင်အင်မော်တယ်ပိုင်ယုသည် သူ မြင့်မြင့်မားမား သတ်မှတ်ထားသော တစ်စုံတစ်ယောက်လည်းဖြစ်ပြီး ဤတစ်ခေါက် ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးသုံးနေရာအတွက် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ အခွင့်အရေးရှိသူဖြစ်၏။
အမှားအယွင်း တစ်စုံတစ်ရာမရှိလျှင် သူသည် ပကတိဧကနယ်ပယ်သို့ တက်လှမ်းကာ သေချာပေါက် ပကတိအင်မော်တယ်တစ်ယောက် ဖြစ်လာနိုင်ပေလိမ့်မည်။
သူက သူ့ဘဝသက်တမ်း ကုန်ဆုံးလုနီးပါးဖြစ်သော ဤအခြေအနေထိ ဘယ်လိုလုပ်ပြီး ကျရောက်သွားတာလဲ။
“အဲဒါ သူပေါ့”
လက်ထောက်တပ်မှူး ခုန်းဟန်က ရှေ့သို့ အလောတကြီးထွက်ပြီး မလှမ်းမကမ်းမှာ ရှိသော ဆူဇီမိုကို လက်ညှိုးထိုးပြလိုက်၏။
“တာအိုရောင်းရင်းပိုင်ယုကို ဒီလောက်အတိုင်းအတာထိ ထိခိုက်ဒဏ်ရာ ရရှိသွားအောင် လုပ်ခဲ့တဲ့သူက သူပဲ”
စုန့်ရွှမ်က တည်ငြိမ်နေသော အမူအရာဖြင့် ဆူဇီမိုကို ကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။
“လက်စသတ်တော့ မင်းက ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က တပည့်တစ်ယောက်ပဲ… ဘယ်လောက်အစွမ်းထက်လိုက်သလဲ”
ဆူဇီမိုအပေါ် သူ၏ စိတ်နေသဘောထားသည် လင်းလောအပေါ်မှာနှင့် သိသိသာသာ ကွာခြားနေ၏။ သူ၏ လေသံက ပို၍အေးစက်လာခဲ့သည်။
“မြို့တော်အရှင်… ဒီကိစ္စက…”
ခုန်းဟန်က အကဲစမ်းလိုသော ပုံစံဖြင့် စကားစကြည့်လိုက်၏။
အခြေအနေက ပြောင်းလဲလာသည်ကို အာရုံခံမိသွားပြီး လင်းလောက အလောတကြီး ပြောလိုက်၏။
“စောစောတုန်းက ဆူဇီမိုက ကောင်းကင်အင်မော်တယ်ပိုင်ယုနှင့် မျှမျှတတ တိုက်ခိုက်ခဲ့တယ်… ဘယ်သူကမှ ကြားဝင်စွက်ဖက်ခဲ့တာ မရှိဘူး”
“အင်း”
စုန့်ရွှမ်က ခေါင်းညိတ်ပြီး ပြောလိုက်၏။
“အဲ့ဒါက မျှတတဲ့ တိုက်ပွဲတစ်ခုဆိုမှတော့ အခြားသူတွေကို မယှဉ်နိုင်ခဲ့တာက ပိုင်ယုရဲ့အမှားပဲ။ သူ ဒီလိုပုံစံနဲ့ အဆုံးသတ်သွားရတာ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရတော့ဘူး”
သူ၏ အဆင့်အတန်းအရ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ တပည့်တစ်ယောက်က သူ့အတွက် ဘာမှမဟုတ်ပေ။ သူက ထိုသူကို သတ်ဖြတ်မည်ဆိုလျှင်တောင် ပြဿနာများစွာတက်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း သူက လူတိုင်း၏ ရှေ့မှာ အကြောင်းရင်းတစ်စုံတစ်ရာ မရှိဘဲ အဆင့် ၅ ကောင်းကင်အင်မော်တယ်တစ်ယောက်ကို တိုက်ခိုက်မည်ဆိုလျှင် ပြစ်တင်ဝေဖန်ပြောဆိုမှုများကို သေချာပေါက် ရရှိလာပေလိမ့်မည်။
“မင်းတို့နှစ်ယောက် ငါ့နောက်က လိုက်ခဲ့ကြ”
စုန့်ရွှမ်က လက်ယပ်ခေါ်လိုက်၏။
လင်းလောက ဆူဇီမိုကို ကြည့်ပြီး ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
ယခု သူတို့၏ သရုပ်သကန်များက ပေါက်ကြားသွားခဲ့ပြီဖြစ်ပြီး သူတို့အနေဖြင့် တိတ်တဆိတ် ပြုမူလှုပ်ရှားနေစရာ မလိုတော့ပေ။
ဖျတ်ခနဲဆို သူတို့နှစ်ယောက်က လေထဲသို့ ပျံတက်ပြီး ဧရာမကြိုးကြာ၏ ကျောပေါ်သို့ ရောက်ရှိလာကြ၏။
စုန့်ရွှမ်က သူ၏ ခြေထောက်ကို ညင်သာစွာ ဖိလိုက်ပြီး ကြိုးကြာက ၎င်း၏ တောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ ရှေ့သို့ပျံသန်းသွား၏။
တစ်ခဏအတွင်းမှာပင် အဲ့ဒါက အလင်းစက်တစ်ခုအသွင် ပြောင်းလဲသွားပြီး လူတိုင်း၏ မြင်ကွင်းကနေ ပျောက်ကွယ်သွား၏။
ကိစ္စများ ပြေလည်သွားပြီးနောက် ဘေးပတ်ဝန်းကျင်မှာရှိသည့် ကျင့်ကြံသူများကလည်း တဖြည်းဖြည်း လူစုခွဲထွက်ခွာသွားကြသည်။
လျန့်ယွီက စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်၏။
သူသည် စောစောက ဆူဇီမို၊ လင်းလောတို့နှင့် ချည်နှောင်မှုကို မဖြတ်တောက်ခဲ့လျှင် သူသည် ယခုအချိန်မှာ လန့်ဖုန်းမြို့တော်၏ မြို့တော်အရှင်နှင့်အတူ အတူသွားလာဖို့ အခွင့်အရေးကို ရကောင်းရနိုင်ပေလိမ့်မည်။
ထိုစဉ်မှာပင် အစက သူတို့ကို ဝိုင်းပတ်ထားသော အင်ပါယာစစ်တပ်က နောက်တစ်ဖန်ချဉ်းကပ်လာပြီး သူတို့ကို ခုန်းဟန်က ဦးဆောင်လာသည်။
လျန့်ယွီက ရင်တစ်ချက်ထိတ်သွားပြီး အလောတကြီး မေးလိုက်၏။
“လက်ထောက်တပ်မှူး ခုန်းဟန်… ခင်ဗျား… ခင်ဗျားတို့ ဘာလုပ်နေတာလဲ… အဲဒါက နားလည်မှုလွဲခဲ့တဲ့ ကိစ္စတစ်ခုပဲ… ကျုပ်တို့တွေက မိစ္ဆာဓားပြတွေ မဟုတ်ဘူးလေ”
“ဟမ်”
ခုန်းဟန်က လှောင်ရယ်လိုက်၏။
“နားလည်မှုလွဲတာက ဟိုနှစ်ယောက်နဲ့ပဲ… ဒါပေမဲ့ မင်းတို့တွေကတော့ မတူဘူး… သူတို့ကို ဖမ်းဆီးပြီးတော့ မြေအောက်အကျဉ်းထောင်ထဲကို ခေါ်လာခဲ့… သူတို့ကို ငါကိုယ်တိုင် စစ်ဆေးမေးမြန်းမယ်”
ဤတစ်ခေါက်မှာ သူသည် မျိုသိပ်ထားရသော အမျက်ဒေါသများဖြင့် ပြည့်နှက်နေပြီး လင်းလော၏ လက်ထဲမှာ သူက သေလုမတတ်ဖြစ်ခဲ့ရ၏။ သူသည် မကျေမချမ်းဖြစ်နေခဲ့ပြီး အဲ့ဒါကို ဖွင့်ထုတ်စရာနေရာ မရှိခဲ့ပေ။
ဒါ့အပြင် သူတို့သည် မိစ္ဆာဓားပြများနှင့် ပူးပေါင်းကြံစည်နေသည်ဆိုတာကို မဟူရာကြေးမုံဂိုဏ်းမှ လူတိုင်းက ခန့်မှန်းမိသွားလောက်ပြီဖြစ်၏။ သူက သူတို့ကို ဒီတိုင်း လွှတ်ပေးလိုက်စရာ အကြောင်းမရှိပေ။