← Chapters

သွေးမက်မွန်ပင်

Vol. 162 Ch. 2425

သွေးမက်မွန်ပင်

Vol. 162 Ch. 2425

လန့်ဖုန်းမြို့တော်၊ မြို့တော်အရှင်၏ ဂေဟာတွင်..။

ခြံဝန်းတစ်ခုထဲရှိ အခန်းတစ်ခန်းထဲမှာ ဆူဇီမိုနှင့် လင်းလောက သူတို့၏ မျက်လုံးများကိုမှိတ်၍ အသီးသီးအနားယူနေကြ၏။

သို့သော်လည်း သူမသည် မအီမသာခံစားနေရသည့်အလား လင်းလော၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုတစ်စွန်းတစ်စရှိနေ၏။

သိပ်မကြာခင် ဆူဇီမိုက ရုတ်တရက် သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး ညင်သာစွာပြောလိုက်၏။

“တစ်ခုခုတော့လွဲနေတယ်... မြို့တော်အရှင်က ငါတို့အပေါ် ယဥ်ကျေးလွန်းရာကျနေသလိုပဲ”

လင်းလောကလည်း လှည့်ကြည့်ပြီး နားလည်သဘောပေါက်သွားပုံရ၏။

“ဟုတ်တယ်.. ကျွန်မက သူနဲ့အမှတ်မထင်တစ်ခါပဲ တွေ့ဖူးတာ... သူနဲ့ပတ်သက်ဆက်နွယ်မှုတစ်ခုခုရှိတယ်လို့ ကျွန်မအစ်ကိုပြောတာလည်း မကြားဖူးဘူး”

“အပြင်ထွက်ပြီး တစ်ချက်လောက်ကြည့်ရတာပေါ့”

ဆူဇီမိုက ပြော၍ မတ်တတ်ထရပ်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ လင်းလောကလည်း လျင်မြန်စွာလိုက်ပါလာသည်။

သူတို့နှစ်ယောက်က အခန်းအပြင်ဘက်သို့ လျှောက်လှမ်းထွက်လာသည့်ခဏမှာပင် ခြံဝန်း၏ အပြင်ဘက်အစပ်မှာ စောင့်ကြပ်နေသော ကျင့်ကြံသူများစွာရှိနေသည်ကို သူတို့က အာရုံခံမိလိုက်၏။

ခြံဝန်း၏ ဝင်ပေါက်ဝအရောက်မှာ ဆူဇီမိုသည် မလှမ်းမကမ်းတွင် ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထာသည့် အမျိုးသားတစ်ယောက်ကို တွေ့မြင်လိုက်သည်။

သူက သူတို့ကို ကျောပေးထားပြီး လက်နှစ်ဖက်ကိုပိုက်ထား၏။

ထိုသူက ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်၏။

အဲဒါသည် လန့်ဖုန်းမြို့တော်၏ ခေါင်းဆောင်တပ်မှူးများထဲမှတစ်ယောက်ဖြစ်သော ကျန့်ရွှမ်ယိုဖြစ်လေသည်။

“မင်းတို့နှစ်ယောက် ဘယ်သွားကြမလို့လဲ”

ကျန့်ရွှမ်ယိုက မေးလိုက်၏။

ဆူဇီမိုက တည်ငြိမ်နေသောအမူအရာဖြင့် သာမန်ကာလျှံကာပြန်​ဖြေလိုက်၏။

“ကျုပ်တို့တွေက လန့်ဖုန်းမြို့တော်ကို ပထမဆုံးအကြိမ်ရောက်တာဆိုတော့ လမ်းလေးဘာလေးထွက်လျှောက်မလို့”

“ဟုတ်တာပေါ့... မင်းတို့လျှောက်သင့်တာပေါ့”

ကျန့်ရွှမ်ယိုက မည်သည့်စကားမှထပ်မပြောဘဲ ခေါင်းညိတ်ပြလိုက်၏။

သို့သော်လည်း ဆူဇီမိုနှင့် လင်းလောသည် သိပ်ဝေးဝေးမလျှောက်ရသေးခင် ကျန့်ရွှမ်ယိုသည် အင်ပါယာတပ်ဖွဲ့စစ်သားတစ်အုပ်စုနှင့်အတူ သူတို့၏ နောက်ဘက်ကနေ ထပ်ကြပ်မကွာလိုက်ပါလာသည်ကို သူတို့က သတိထားမိလိုက်၏။

ခဏနေပြီး​နောက် ဆူဇီမိုက ရုတ်တရက်ရပ်တန့်ပြီး ကျန့်ရွှမ်ယိုဘက်သို့လှည့်ကာ ပြုံးပြလိုက်၏။

“ခေါင်းဆောင်တပ်မှူးကျန့်... ခင်ဗျားက အရေးကြီးတဲ့တာဝန်တစ်ခုကို ယူထားရမှာပဲ... ခင်ဗျားကျုပ်တို့ကို အရေးလုပ်နေစရာမလိုဘူး... ကျုပ်တို့နှစ်ယောက်က ဒီတိုင်း သာမန်ကာလျှံကာ လှည့်ပတ်ကြည့်ရုံပဲ”

ကျန့်ရွှမ်ယိုက ပြောလိုက်၏။

“မင်းတို့နှစ်ယောက်က ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရဲ့ ဧည့်သည်တော်တွေဖြစ်တယ်လို့ မြို့တော်အရှင်က မှာထားတယ်... မင်းတို့နှစ်ယောက်ကိုကာကွယ်ဖို့အတွက် တပ်ဖွဲ့တစ်စုကို ခေါ်သွားပြီး ဘာမှမဖြစ်စေနဲ့လို့ သူကမှာထားတယ်”

လင်းလောက ကြိတ်၍လှောင်ရယ်ပြီး ပြောလိုက်၏။

“လန့်ဖုန်းမြို့တော်ထဲမှာ ဘာအန္တရာယ်ရှိနိုင်မှာလဲ”

“ကံသေကံမ ဘယ်ပြောလို့ရမလဲ.. ပိုပိုလိုလိုပေါ့”

ကျန့်ရွှမ်ယိုက အမူအရာကင်းမဲ့စွာဖြင့် ​ပြောလိုက်၏။

အဲဒါက ကာကွယ်ခြင်းနှင့်မတူတော့ဘဲ သူတို့ကို မျက်စိဒေါက်ထောက်စောင့်ကြည့်နေခြင်းနှင့် ပို၍တူနေသည်။

သူတို့က နေရာမှာပင် အတိုက်အခံဖြစ်ကြမည်ဆိုလျှင်တောင် အဲဒါက အလကားပင်။

ကျန့်ရွှမ်ယိုသည် ပကတိအင်မော်တယ်တစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်က ပူးပေါင်းမည်ဆိုလျှင်တောင် သူ့ကို မယှဥ်နိုင်ပေ။

ဒါ့အပြင် သူ၏ နောက်မှာ အင်ပါယာတပ်ဖွဲ့စစ်သားတစ်အုပ်စုရှိနေသည်။

ဆူဇီမိုနှင့် လင်းလောသည် လန့်ဖုန်းမြို့တော်မှာ သာမန်ကာလျှံကာ တစ်ပတ်လှည့်ပတ်လိုက်၏။ ကျန့်ရွှမ်ယိုနှင့် အင်ပါယာတပ်ဖွဲ့စစ်သားတစ်အုပ်စုက ဘေးပတ်လည်မှာစောင့်ကြပ်နေခြင်းနှင့်အတူ မည်သူကမှ သူတို့နားသို့ မချဥ်းကပ်ရဲဘဲ ဝေးဝေးကနေရှောင်ကွင်းသွားကြ၏။

ဤကဲ့သို့သောအခြေအနေအောက်မှာ သူတို့နှစ်ယောက်သည် အေးအေးဆေးဆေးလမ်းလျှောက်ရခြင်း၏ စိတ်ခံစားချက်ကို မရရှိတော့ဘဲ ခြံဝန်းထဲသို့ စောလျင်စွာပြန်လည်ရောက်ရှိလာကြ၏။

“ကျန့်ရွှမ်ယိုက ဘာလုပ်ဖို့ကြိုးစားနေတာလဲ”

လင်းလောက အခန်းထဲသို့ပြန်ရောက်လာသောအခါ သူမက ဒေါသထွက်နေပြီး ပြောလိုက်၏။

“သူက ငါတို့ကိုကာကွယ်နေတာ ဘယ်လိုလုပ်ဟုတ်တော့မှာလဲ... သူက ငါတို့ကိုမျက်စိဒေါက်ထောက်ကြည့်နေတာပဲ”

“အဲဒါက စုန့်ရွှမ်ရဲ့အကြံအစည်ဖြစ်လောက်တယ်”

ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်၍ အတန်ကြာအောင်အာရုံခံပြီးနောက် ဖြည်းဖြည်းချင်းပြောလိုက်၏။

“ဒီခြံဝန်းထဲမှာရှိနေတဲ့ ပကတိအင်မော်တယ်က ကျန့်ရွှမ်ယိုတစ်ယောက်တည်းမဟုတ်ဘူး... သူတို့က ဆယ်ယောက်ကျော်လောက်ရှိလိမ့်မယ်”

သူ၏ စိတ်ဝိညာဥ်အသိစိတ်သည် ပကတိအင်မော်တယ်များကို အာရုံမခံနိုင်သော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အာရုံငါးပါးက ထက်ရှပြီး သူ၏ အာရုံခံသတိစိတ်က ကြောက်စရာကောင်းလေသည်။ သူသည် စွမ်းအားကြီးမားသော ခပ်ဖျော့ဖျော့အော်ရာဆယ်ခုကျော်ကို ခပ်ရေးရေးဖမ်းမိနိုင်ဆဲဖြစ်၏။

“သူတို့က ဒီလောက်များတဲ့ ပကတိအင်မော်တယ်တွေကို ဘာလို့နေရာချပေးထားတာလဲ”

လင်းလောက တိတ်တဆိတ်ထိတ်လန့်သွားပြီး သုန်မှုန်တည်တံ့သောအမူအရာဖြင့် တီးတိုးရေရွတ်လိုက်၏။

“စုန့်ရွှမ်က ဘာလုပ်ဖို့ကြိုးစားနေတာလဲ”

ဆူဇီမိုက လေးနက်စွာ ပြောလိုက်၏။

“ပကတိအင်မော်တယ်ဆယ်ယောက်ကျော်က အနီးနားဝန်းကျင်မှာစောင့်ကြပ်နေတယ်... အဲဒါက ရိုးရိုးတန်းတန်းစောင့်ကြပ်နေတာ မဟုတ်လောက်တော့ဘူး... အဲဒါက ငါတို့ကို အကျဥ်းချထားတာနဲ့ပိုတူတယ်”

အကျဥ်းချထားခြင်း။

လင်းလော၏ အမူအရာက ပြောင်းလဲသွား၏။ သူမသည် တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား သူမ၏ သိုလှောင်အိတ်ထဲကနေ သတင်းပို့အဆောင်တစ်ခုကို အလောတကြီးထုတ်ယူကာ ပြောလိုက်၏။

“ငါက... ငါ့အစ်ကိုကို ဒီကိုမလာခဲ့ဖို့ သတင်းပို့ရမယ်”

လင်းလောသည် စုန့်ရွှမ်၏ အကြံအစည်ကို မသိရှိသော်လည်း တစ်စုံတစ်ရာလွဲမှားနေသည်ကို သူမက နားလည်သဘောပေါက်လာခဲ့ပြီဖြစ်ပြီး လင်းလေကို ဤနေရာသို့ မလာရောက်ရန် တားဆီးချင်၏။

“သတင်းပို့လို့ မရလောက်တော့ဘူးနဲ့တူတယ်”

ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“စုန့်ရွှမ်က ငါတို့ကို တကယ်ပဲအကျဥ်းချထားချင်တယ်ဆိုရင် သူက အပြင်လောကနဲ့ အဆက်အသွယ်ကိုလည်း ဖြတ်တောက်ထားမှာပဲ”

လင်းလောက ဓမ္မပညာရပ်တစ်ခုကို တိတ်တဆိတ်ထုတ်လွှတ်လိုက်၏။

သတင်းပို့အဆောင်ကို ဆုတ်ဖြဲပြီးနောက် အဆောင်ထဲမှာပါဝင်သော စာကြောင်းများက အလင်းလုံးတစ်ခုအသွင်ပြောင်းလဲသွား၏။

အဲဒါက လေဟာနယ်ထဲသို့ ဝင်ရောက်သွားရမည့်အစား အခန်းထဲမှာပဲ လွင့်မျောနေ၏။

သိပ်မကြာခင် သူတို့က ပျက်ပြယ်သွားလေသည်။

သတင်းပို့ခြင်းကျရှုံးသွားပြီးနောက် လင်းလောသည် သူမ၏ လက်သီးနှစ်ဖက်ကို အလိုလိုဆုပ်လိုက်၏။ သူမက စိုးရိမ်ပူပန်၍ ဘာလုပ်လို့ဘာကိုင်ရမည်မသိတော့ဘဲ ကူကယ်ရာမဲ့သောအမူအရာတစ်ခု သူမ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာ၏။

သတင်းပို့ခြင်းကို တားဆီးနိုင်ရန် ခြံဝန်းပတ်လည်မှာ ခင်းကျင်းထားသော ကန့်သတ်မှုအစီအရင်ဝင်္ကပါတချို့ရှိနေရပေမည်။

ဤကိစ္စကို ဖြေရှင်းနိုင်မည့်နည်းလမ်း မရှိတော့ပေ။ သူတို့က ခြံဝန်းထဲကနေ ထွက်ခွာမည်ဆိုလျှင်တောင် သူတို့ကို ကျန့်ရွှမ်ယိုနှင့် အခြားသောပကတိအင်မော်တယ်များက စောင့်ကြည့်နေပေလိမ့်မည်။

လင်းလောသည် သတင်းပို့အဆောင်တစ်ခုကို ပစ်ထုတ်နိုင်သည်ဆိုလျှင်တောင် အဲဒါက ဟန့်တားနှောက်ယှက်ခံရလိမ့်မည်ဖြစ်ပြီး သူမသည် သတင်းစကားတစ်ခုကို ပါးနိုင်တော့မည်မဟုတ်ပေ။

အခြားတစ်ဘက်မှာ ဆူဇီမိုက အတော်လေးတည်ငြိမ်နေ၏။

သူ၏ သိုလှောင်အိတ်ထဲမှာ သူ့အား ဂိုဏ်းချုပ်ပေးထားသည့် ပို့ဆောင်ရေးကျောက်စိမ်းတံဆိပ်ပြားတစ်ခုရှိနေ၏။ အဲဒါက သူ၏ လွတ်မြောက်ရာအစီအစဥ်ဖြစ်သည်။

ဤနေရာမှာရှိသော ပကတိအင်မော်တယ်များကို မပြောနှင့် စုန့်ရွှမ်ကိုယ်တိုင်ရှိနေမည်ဆိုလျှင်တောင် သူသည် ပို့ဆောင်းရေးကျောက်စိမ်းအဆောင်ကို ချိုးခြေလိုက်သည်နှင့် သူသည် လင်းလောနှင့်အတူ ဤနေရာကနေထွက်ခွာပြီး ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ပြန်သွားနိုင်ပေလိမ့်မည်။

ထိုအချိန်ကျလျှင် လင်းလောသည် အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေသို့ ပြန်သွားရန် တက္ကသိုလ်မှာရှိသော ပို့ဆောင်ရေးဝင်္ကပါကို အသုံးပြုနိုင်မည်ဖြစ်သည်။

ပို့ဆောင်ရေးကျောက်စိမ်းတံဆိပ်ပြားက အသက်ကယ်နည်းလမ်းတစ်ခုဖြစ်ပြီး သူသည် လုံးလုံးလျားလျားလိုအပ်မှုမရှိသရွေ့ အဲဒါကို ချက်ချင်း အသုံးပြုလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် ထိုအကြောင်း လင်းလောကိုပြော၍ နှစ်သိမ့်ပေးမည်ပြုစဥ်မှာပင် သူမက ရုတ်တရက်မတ်တတ်ထရပ်ပြီး ပြောလိုက်၏။

“အပြင်ဘက်ကိုထွက်ပြီး နောက်တစ်ခေါက်လောက်အကဲစမ်းကြည့်ရတာပေါ့... ငါတို့တွေက မြို့ထဲမှာရှိတဲ့ ပို့ဆောင်ရေးဝင်္ကပါဆီသွားချင်တယ်လို့ပြောမယ်... ကျန့်ရွှမ်ယိုက ဘယ်လိုတုံ့ပြန်လာမလဲကြည့်ရတာပေါ့”

လင်းလောသည် ဤကိစ္စကို မယုံကြည်နိုင်သေးဘဲ မျှော်လင့်ချက်ထားနေသေး၏။

“ကောင်းပြီလေ”

ဆူဇီမိုက ခေါင်းညိတ်ပြပြီး လင်းလောနှင့်အတူ အခန်းထဲကနေထွက်ခွာကာ ခြံဝန်း၏ ဝင်ပေါက်ဝသို့ ရောက်ရှိလာ၏။

မလှမ်းအကမ်းမှာ ကျမ့်ရွှမ်ယိုက အေးစက်စက်အမူအရာတစ်ခုနှင့်အတူ သူတို့ကိုချက်ချင်းပင် ကြိုဆိုလိုက်၏။

“မင်းတို့နှစ်​ယောက် ဘယ်သွားကြမလို့လဲ”

“မြို့ထဲမှာ ပို့ဆောင်ရေးဝင်္ကပါက ဘယ်နေရာမှာလဲ”

လင်းလောက ပြောင်ပြောင်တင်းတင်းပင် မေးလိုက်၏။

ကျန့်ရွှမ်ယို၏ မျက်လုံးထဲတွင် ထူးဆန်းသောအကြည့်တစ်ခု ပေါ်ထွက်လာပြီးနောက် အဲဒါက လျင်မြန်စွာပျောက်ကွယ်ကာ သူကမှင်သေသေဖြင့်ပြောလိုက်၏။

“အခုက အင်မော်တယ်မက်မွန်စားသောက်ပွဲကျင်းပတော့မယ့်အချိန်ပဲ... ထူးခြားတဲ့ဒီပွဲတော်ကြောင့် မြို့ထဲမှာရှိတဲ့ပို့ဆောင်ရေးဝင်္ကပါကို ယာယီပိတ်ထားတယ်... အဲဒါကိုအသုံးပြုလို့ မရသေးဘူး”

ထိုနေရာအရောက်တွင် လင်းလောက ဆက်လက်၍ သံသယမရှိတော့ပေ။

သူတို့သည် စုန့်ရွှမ်၏ အိမ်တော်မှာ ဖမ်းဆီးခံထားရပြီဖြစ်၏။

ကျန့်ရွှမ်ယိုက ​ပြောလိုက်၏။

“အင်မော်တယ်မက်မွန်စားသောက်ပွဲမှာ ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေရဲ့ နှစ်တစ်သိန်းတိုင်းတစ်ကြိမ်ကျင်းပတဲ့ ကောင်းကင်အဆင့်သတ်မှတ်ချက် ယှဥ်ပြိုင်မှုက ပြင်းထန်းကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ခုဖြစ်လိမ့်မယ်... မင်းတို့နှစ်ယောက်က စိတ်ဝင်စားမယ်ဆိုရင် ငါမင်းတို့ကို လိုက်ပြပေးမယ်”

“စိတ်မဝင်စားဘူး”

လင်းလောက အေးစက်စွာပြန်ပြောလိုက်၏။

“သွားကြမယ်”

ထိုသို့ပြောရင်း ဆူဇီမိုနှင့် လင်းလောသည် သူတို့၏ အခန်းများရှိရာသို့ ပြန်လှည့်လာကြ၏။

ကျန့်ရွှမ်ယိုက သရော်တော်တော်အမူအရာတစ်ခုနှင့်အတူ သူတို့နှစ်ယောက်၏ နောက်ကျောကို ကြည့်ကာ မျက်ခုံးအနည်းငယ်ပင့်၍ လှမ်းပြောလိုက်၏။

“မင်းတို့နှစ်ယောက်က အင်မော်တယ်မက်မွန်စားသောက်ပွဲကို စိတ်မဝင်စားဘူးဆိုရင် မင်းတို့တွေက သွေးမက်မွန်စားသောက်ပွဲကို တက်ရောက်လို့ရတယ်လို့လဲ မြို့တော်အရှင်က မှာထားတယ်”

“ဒီနှစ်တွေထဲမှာ မြို့တော်အရှင်က မူကွဲသွေးမက်မွန်ပင်တစ်ပင်ကို ဒုက္ခသုက္ခခံပြီးတော့ ပြုစုပျိုးထောင်ထားတယ်... အဲဒီသစ်သီးက ရင့်မှည့်တော့မှာ... မင်းတို့နှစ်ယောက်က စိတ်ဝင်စားမယ်ဆိုရင် ငါက မင်းတို့တွေကိုတစ်ချက်ကြည့်ဖို့ခေါ်သွားပေးမယ်... အုဲဒါကရှားရှားပါးပါး အခွင့်အလမ်းတစ်ခုပဲ”

“ဟမ့်..”

လင်းလောက အေးစက်စွာနှစ်တစ်ချက်မှုတ်ပြီး ရှေ့သို့ဆက်လျှောက်သွား၏။

သူမက မချင့်မရဲ ဖြစ်နေပြီး သူမ၏ အစ်ကိုကို စိုးရိမ်ပူပန်နေ၏။ သူမသည် မက်မွန်ပင်တစ်ပင်ကိုကြည့်ဖို့ ဘယ်လိုလုပ်စိတ်အာရုံရနိုင်ပါ့မလဲ။

သို့သော်လည်း ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး မျက်မှောင်ကြုတ်လိုက်၏။ သူက တဖြည်းဖြည်း သူ၏ ခြေလှမ်းကိုရပ်တန့်ပြီး သူ၏ မျက်လုံးကို မှေးကျဥ်းလိုက်၏။ သူ၏ အမူအရာက တည်တံ့လာပြီး သူက တစ်စုံတစ်ရာကို စဥ်းစားတွေးတောနေသည်မှာ သိသာလေသည်။

“ဘာဖြစ်လို့လဲ”

ဆူဇီမို၏ ထူးဆန်းသောအမူအရာကို တွေ့မြင်သောအခါ လင်းလောက အလိုလိုမေးလိုက်၏။

ဆူဇီမိုက သူမကို လျစ်လျူရှုပြီး ဖြည်းဖြည်းချင်း လှည့်လိုက်၏။ သူက မလှမ်းမကမ်းမှာရှိသော ကျန့်ရွှမ်ယိုကိုကြည့်ကာ မေးလိုက်၏။

“ခေါင်းဆောင်တပ်မှူးကျန့်... စောစောကခင်ဗျားပြောတဲ့ သွေးမက်မွန်ပင်က ဘယ်လိုမျိုးလဲ”

ကျန့်ရွှမ်ယိုက အဲဒါနှင့်ပတ်သက်၍ များစွာစဥ်စားတွေးတောနေခြင်းမရှိပေ။

“ဒီအင်မော်တယ်မက်မွန်ပင်ရဲ့ပျိုးပင်က အစကတည်းက ထိပ်တန်းအဆင့်ပစ္စည်းတစ်ခုပဲ... မြို့တော်အရှင်က အဲဒါကို လူပုံစံမက်မွန်စိတ်ဝိညာဥ်တစ်ခုရဲ့သွေးနဲ့ အားဖြည့်ပေးပြီးတဲ့နောက် အင်မော်တယ်မက်မွန်ပင်က ပကတိအသွင်ပြောင်းလဲမှုတစ်ရပ်ကို ဖြတ်ကျော်ပြီး ဗီဇကွဲတစ်ခုအဖြစ် ပြောင်းလဲသွားတယ်”

“အဲဒီသွေးမက်မွန်ပင်က ကောင်းကင်ဘုံကမ္ဘာနဲ့ အထက်ဘုံလောကတစ်ခုလုံးမှာတောင် တစ်ပင်တည်းရှိတယ်လို့ပြောမယ်ဆိုရင် ချဲ့ကားရာကျမှာမဟုတ်ဘူး”

ကျန့်ရွှမ်ယိုက သူ၏ ခေါင်းကိုအနည်းငယ်မော့ပြီး ဝင့်ကြွားစွာပြောလိုက်၏။

ဆူဇီမို၏ အမူအရာက တဖြည်းဖြည်း သုန်မှုန်တည်တံ့လာသည်ကို သူက သတိမထားမိပေ။

All Chapters